www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 19, 2015

ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းလုပ်ကိုင်သူများကို ဧရာဝတီမြစ် လင်းပိုင်ထိန်းသိမ်းရေး နယ်မြေ၌ ပြန်လည်တွေ့ရှိနေ


မန္တလေး ၊ ၁၉-၆-၂၀၁၅
ယမန်နှစ်
ဘက်ထရီ ရှော့ခ်တိုက် ရာမှ
သေဆုံးခဲ့ရသည့်
တစ်နှစ်သား ဧရာဝတီလင်းပိုင်
ရေလုပ်သားများ ငါးသယံဇာတ ဖမ်းဆီးခြင်း လုပ်ငန်းတွင် မျိုးသုဉ်းစေသည့် ငါးဖမ်းနည်းများ ဖြစ်သော ဘက်ထရီ ရှော့ခ်တိုက် ဖမ်းဆီးခြင်း၊ ပေါက်ကွဲ စေတတ်သော ပစ္စည်းများ အသုံးပြုပြီး ဗုံးခွဲ ဖမ်းဆီးခြင်း များကို ငါးလုပ်ငန်း ဦးစီးဌာန များက ပိတ်ပင်တားဆီး အရေးယူလျက် ရှိသည်။

မန္တလေးတိုင်း ဒေသကြီး ဧရာဝတီမြစ် အတွင်း၌ ငါးဗုံးခွဲ ဖမ်းဆီးခြင်းနှင့် ဘက်ထရီ ရှော့ခ်တိုက် ဖမ်းဆီးခြင်းများ လျော့နည်း သွားခဲ့ရာမှ ယခုအခါ ဧရာဝတီမြစ် အတွင်း လင်းပိုင် ထိန်းသိမ်းရေး နယ်မြေ အတွင်း၌ ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးခြင်း လုပ်ကိုင်သူ များကို ပြန်လည်တွေ့ရှိ လာကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

''ကျွန်တော်တို့ ဘက်ထရီ ရှော့ခ်တိုက်တဲ့ ကိစ္စတွေကို မပြုလုပ်ဖို့ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက် ပါတယ်။ စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။ နောက်ဆုံး ဖမ်းဆီးပြီး သက်သေခံ ပစ္စည်းတွေ သိမ်းဆည်းတဲ့ လုပ်ငန်းတွေ လုပ်ဆောင် ပါတယ်။ ဒီလို ဆောင်ရွက်လို့ ဘက်ထရီ ရှော့ခ်တိုက် တာတွေ နည်းပါးသွားတယ်။ ဒါပေမဲ့ အခု ပြန်တွေ့ နေပြန်ပါပြီ။ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေမှာ လှေခုနစ်စီး၊ ရှစ်စီး၊ အုပ်စုလိုက်
နှစ်စုလောက် တွေ့တယ်။ ကျွန်တော်တို့ မြင်ရင် ထွက်ပြေး သွားတယ် '' ဟု မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးမှုသည် လွယ်ကူသော နည်းလမ်းဖြင့် ငါးရလွယ် သောကြောင့် ရေလုပ်သား အချို့မှ ဆက်လက် လုပ်ကိုင်လျက် ရှိကြောင်း၊ သို့သော် တစ်ဖက်တွင် ဘက်ထရီ ရှော့ခ်တိုက် မှုကြောင့် ဆိုးကျိုးများစွာ ရှိကြောင်း၊ ငါးအပြင် အခြားသော ရေသယံဇာတများ များစွာ ထိခိုက် ပျက်စီး ဆုံးရှုံးကြောင်း၊ ထို့ပြင် လူတို့၏ အသက်အန္တရာယ် ကိုပါ ထိခိုက် နိုင်သဖြင့် ဆောင်ရွက်ရန် မသင့်လျော်ဘဲ ရိုးရာငါးဖမ်း ပစ္စည်းများ
အသုံးပြု၍သာ ငါးဖမ်း သင့်ကြောင်း သိရသည်။ (၁၈ဝ)

#Yadanarpondaily

ကလေးတွေကို ဆင်ခြင်တုံတရားနဲ့ ဆုံးမပါ


ကလေးတွေကို ဆင်ခြင်တုံတရားနဲ့ ဆုံးမပါ

ကြယ်စင်စိုး (မန္တလေး)

မကြာခဏ ဆိုသလို နေ့စဉ် သတင်းစာ တွေထဲမှာ လူပျောက် ကြော်ငြာ တွေကို မြင်တွေ့ နေရတယ်။ လူပျောက် ကြော်ငြာတွေကို ကြည့်လိုက်တဲ့ အခါမှာ အမျိုးအစား စုံလင်သလို ပျောက်ကြတဲ့ အကြောင်းအရာ ကလဲ စုံလင်လှတယ်။ တချို့က အသက် ခပ်ကြီးကြီး အရွယ်တွေ၊ တချို့က လူပျို၊ အပျို အရွယ်တွေ၊ တချို့က ကျောင်းသား၊ ကျောင်းသူ အရွယ်လေး တွေပဲဖြစ်တယ်။

ပျောက်ကြရတဲ့ အကြောင်းအရာ တွေကလဲ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြဘူး။ တချို့က စိတ်ရောဂါကြောင့် မျက်စိလည် လမ်းမှားပြီး ပျောက်ကြတာတွေ ရှိသလို၊ တချို့ ကျပြန်တော့ မိဘဖြစ်သူ၊ အုပ်ထိန်းသူ လူကြီးသူမ တွေနဲ့ စိတ်ဆိုး စိတ်ကောက်ပြီး အိမ်ကို ပြန်မလာ ကြတော့ဘဲ ပျောက်သွား ကြတာတွေလဲ ရှိနေတတ် ကြတယ်။ စိတ်ရောဂါ ချို့ယွင်းမှုကြောင့် ပျောက်သွား ကြတဲ့ လူပျောက် ကြော်ငြာချက်တွေ မျက်စိလည် လမ်းမှားကာ သက်ဆိုင်ရာ အိမ်ကို ပြန်မလာ တတ်ကြတော့လို့ ပျောက်သွားကြတဲ့ လူပျောက် ကြော်ငြာချက် တွေနဲ့ ပတ်သက်ပြီး ဘာမှ စိတ်ထဲမှာ ထွေထွေထူးထူး မဖြစ်ပေါ်မိ ပေမယ့် မိဘ ဖြစ်သူတွေနဲ့ စိတ်ဆိုး စိတ်ကောက်ပြီး အိမ်ကို ပြန်မလာ ကြတော့ဘဲ ပျောက်သွားတာ ဆိုတဲ့ ကြော်ငြာလေး တွေကို တွေ့လိုက်ရ ချိန်မှာတော့ ခေါင်းထဲမှာ အတွေးလေးတွေ တစ်ဆက်တည်း ရောက်ရှိ လာခဲ့တယ်။

နည်းပညာတွေ တိုးတက်လာတဲ့ ဒီဘက်ပိုင်း တွေမှာ အဲဒီလို အဖြစ်အပျက် လေးတွေ အများအပြား ရှိလာခဲ့တယ်။ အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူ လေးတွေ၊ လူပျို၊ အပျို အရွယ်လေးတွေ ပျောက်တာလေး တွေကို ဖေ့စ်ဘွတ်ခ်လို့ ခေါ်တဲ့ အင်တာနက် စာမျက်နှာ တွေထက်မှာလဲ အတွေ့များ လာရတာ ဖြစ်တယ်။ တချို့က ကျောင်းသွားရင်း အိမ်ကို ပြန်မလာကြ တော့ဘဲ ပျောက်သွား ကြသလို တချို့က မိဘတွေနဲ့ စိတ်ဆိုးပြီး သဘောထားချင်း မတိုက်ဆိုင်လို့ အိမ်ကို အသိမပေးဘဲ ထွက်သွား ကြတာ ဖြစ်တယ်။

'လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ' ဆိုတဲ့အတိုင်း မိဘဆိုတာ သား၊ သမီး တွေရဲ့လက်အဦးဆုံး ဆရာတွေပါပဲ။ လက်ဦးဆရာ ဖြစ်တဲ့ မိဘဖြစ်သူ တွေဟာ သား၊ သမီးတွေ အပေါ်မှာ ဆိုဆုံးမရမယ့် တာဝန်ဝတ္တရား ကတော့ ရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီလို ဆိုဆုံးမတဲ့ နေရာမှာ နည်းလမ်းတကျ၊ အသိရှိရှိ နဲ့ ဆိုဆုံးမတတ် ဖို့က သိပ် အရေးကြီးတယ်။

မိဘဖြစ်သူ တွေက သား၊ သမီးတွေကို ဆိုဆုံးမတဲ့ နေရာမှာ တချို့က နှုတ်နဲ့ဆုံးမတာတွေ ရှိသလို တချို့လက်နဲ့ ဆိုဆုံးမတာတွေ ကိုလဲ တွေ့ရတတ်တယ်။ တချို့က သား၊ သမီး တွေကို ဆုံးမတဲ့ နေရာမှာ လူကြားသူကြား ရိုက်နှက် ဆုံးမလေ့ ရှိကြသလို တချို့ကလဲ နှုတ်ကနေ သား၊ သမီးတွေ အပေါ်မှာ နင်ပဲငဆ မကြားဝံ့ မနာသာ စကားလုံးတွေနဲ့ ဆုံးမတတ်ကြ ပါတယ်။ မိဘတိုင်း ကတော့ ဘယ် မိဘတိုင်း မဆို အပြစ်လုပ်တဲ့ ကိုယ့်သား၊ သမီးကို လိမ္မာရေးခြား ရှိလာအောင်၊ မဖြစ်သင့်တာ မဖြစ်ရ လေအောင်ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ဆိုဆုံးမ ကြတာပဲ ဖြစ်တယ်။ လမ်းမှားကို မရောက်မိအောင် ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ဆိုဆုံးမ ကြတာ ဖြစ်တယ်။

အရှက်အကြောက် ကြီးတတ်တဲ့ ကလေး တစ်ယောက်ဟာ လူကြား သူကြားမှာ အထူးသဖြင့် သူငယ်ချင်း အပေါင်းအသင်း တွေကြားမှာ မိဘတွေရဲ့ အဆူအပူ အကြိမ်းအမောင်း ခံရတာကို ရှက်စိတ် လွန်ကဲပြီး မပြုလုပ် သင့်တာတွေကို ပြုလုပ်လေ့ ရှိကြတယ်။ တချို့လူကြီး သူမတွေ ကျပြန်တော့လဲ သူတို့ကို မော်မကြည့်ရဲ အောင်ကို အရိုက်အနှက် အထုအထောင်း နဲ့ဆိုဆုံးမလေ့ ရှိကြတယ်။ လူငယ်ဆိုတဲ့ သဘောက အရာရာကို စူးစမ်းလိုစိတ် ရှိကြပြီး အတတ်ဆန်း လေးတွေကိုလဲ တီထွင်ကြံဆဖို့ ဆန္ဒပြင်းပြ ကြတယ်။ လူကြီးသူမ တွေက မလုပ်နဲ့ဆိုတဲ့ အရာကို ပိုပြီးတော့ လုပ်ဆောင်လို ကြတယ်။ အဲဒီတော့ ဒီနေ့လူငယ် တော်တော် များများရဲ့အပြုအမူကို မိဘတွေက သဘော မတွေ့တာ ကတော့ မဆန်းတော့ ပါဘူး။

အဲဒီလို နေ့စဉ်နဲ့အမျှ သား၊ သမီးတွေကို ဆိုဆုံးမတဲ့ အခါမှာ ပညာရှိ ဆန်ဆန်၊ လူကြီးလူကောင်း ဆန်ဆန်နဲ့ ပြောဆိုဆုံးမ တတ်ဖို့က သိပ်အရေးကြီး ပါတယ်။ လူကြား သူကြားမှာ ဆူပူငေါက်ငမ်းတဲ့ အဆုံးအမ မျိုးကို ရှောင်ရှားသင့် သလို ရိုက်နှက် ဆုံးမတဲ့ အပြုအမူ မျိုးကိုလဲ ရှောင်သင့်တယ်။ အထူးသဖြင့် မိဘတွေ အနေနဲ့ သား၊ သမီးတွေရဲ့ စရိုက်ကို ကြိုတင်သိရှိ နားလည်နိုင်ဖို့ အရေးကြီးတယ်။ ကိုယ့်သား၊ သမီးကို ဘယ်လိုပုံစံ မျိုးနဲ့ ဆိုဆုံးမရင် နားလည် သဘောပေါက် နိုင်မလဲဆိုတာ ကို ကြိုတင် သိထား သင့်တယ်။

ကလေးတွေဟာ ငယ်ရွယ်စဉ် အချိန်မှာ အမှတ် သည်းခြေလဲ ကြီးမားတတ်ကြ သလို အစွဲအလမ်း အငြိုးအတေး လဲ ကြီးမား တတ်ကြတယ်။ ကလေးတွေကို ဆုံးမတဲ့အခါမှာ နားလည် သဘောပေါက် စေနိုင်တဲ့ စကားလုံးမျိုးကို ရှာကြံကာ ပြောဆိုဆုံးမ သင့်ပြီး သူတို့စိတ်မှာ နာကြည်း စေနိုင်မယ့် စကားလုံးမျိုးကို မသုံးမိဖို့ လိုအပ်ပါတယ်။ ကိုယ်က ဆုံးမလိုက်တဲ့ စကား တစ်ခွန်းဟာ ကလေးအတွက် နာကြည်းဖွယ်ရာ စကားမျိုး မဖြစ်ပါ စေနဲ့။

နောက်တစ်ချက်က ရိုက်နှက် ဆုံးမတဲ့ နည်းလမ်း ဟာလဲ ကလေးတွေ အတွက် ဆုံးမစရာ နည်းလမ်းကောင်း တစ်ရပ်လဲ မဟုတ်ပါဘူး။ အရိုက်အနှက် ခံရပါများတဲ့ ကလေး တစ်ယောက်ဟာ အမြဲတမ်း အကြောက်တရား နဲ့ချည်းပဲ ရှင်သန် ရတတ်တယ်။ ကိုယ်က ရိုက်နှက်ပြီး ဆိုဆုံးမတဲ့ အတွက်ကြောင့် အရာရာ တိုင်းမှာ အကြောက် တရားက ကြီးစိုး နေတတ်ပြီး ဘယ်နေရာမှ လူတော မတိုးရဲတဲ့ အဖြစ်မျိုး တွေနဲ့ ကြုံတွေ့ ရတတ်တယ်။

အထူးသဖြင့် မိဘဖြစ်သူ အုပ်ထိန်းသူတွေ အနေနဲ့ မိမိတို့ရဲ့ သား၊ သမီးတွေကို လက်လွတ် စပယ်၊ စိတ်လိုက်မာန်ပါ မဆုံးမမိဖို့ သိပ်ကို လိုအပ်တယ်။ မိဘတွေရဲ့ အဆုံးအမကို ခံရပါများတဲ့ ကလေး တစ်ယောက်ဟာ အိမ်မှာ မနေချင် လောက်အောင် မိဘတွေ့နဲ့ မျက်နှာချင်း မဆိုင်ချင် လောက်အောင်ထိ လူကြီးတွေ အပေါ်မှာ စိတ်နာသွား တတ်လေ့ ရှိတယ်။ အဲဒီတော့ မိဘတွေနဲ့ မျက်နှာချင်း မဆိုင်ချင် တော့တဲ့အဆုံး အိမ်မှာ မနေချင် တော့ဘဲ လွတ်ရာ ကျွတ်ရာကို ထွက်ခွာသွား တတ်ကြတယ်။ စာရေးသူတို့ ရပ်ကွက်ထဲက ဆယ်တန်း ကျောင်းသား တစ်ယောက်ဟာ အဲဒီလိုပဲ အရိုက်အနှက် အားကြီးတဲ့ မိဘတွေ အပေါ်မှာ အကြောက်တရား အားကြီးပြီး အိမ်ကနေ ထွက်ပြေး သွားခဲ့တာ မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ ရဖူးတယ်။ ဒီနေ့ချိန် ထိအောင် အဲဒီ ကလေးဟာ မိဘတွေနဲ့လဲ အဆက်အသွယ် မလုပ်ခဲ့သလို ဘယ်မှာနေပြီး ဘာတွေ လုပ်နေသလဲ ဆိုတာကိုလဲ ရေရေရာရာ မသိရတော့ဘူး။

အဲဒီလို မိဘဖြစ်သူ အုပ်ထိန်းသူ တို့ရဲ့ သား၊ သမီးတွေ အပေါ်မှာ နည်းလမ်းတကျ ဆိုဆုံးမမှု မရှိတာတွေ၊ အရိုက်အနှက် အထုအထောင်း မျိုးနဲ့ ဆိုဆုံးမတတ် တာတွေကြောင့် ဒီနေ့အချိန်မှာ လူပျောက် တာတွေကို မကြာခဏ ဆိုသလို ကြားသိ မြင်တွေ့နေခဲ့ ရတာဖြစ်တယ်။ သဘာဝ အတိုင်း ပျောက်တာ မဟုတ်ဘဲ အများစုသော ကလေးတွေဟာ လူကြီး သူမတွေရဲ့ ဆိုဆုံးမမှုကို ရှက်စိတ်မွှန်ပြီး အိမ်က ထွက်ပြေးလို့ ပျောက်ကြတာနဲ့ လူကြီးသူမတွေ အပေါ်မှာ အကြောက် တရားတွေ အားကြီး လွန်းလို့ ပျောက်သွား ရတာတို့ ဖြစ်တယ်။ အဲဒီတော့ မိဘတွေ၊ အုပ်ထိန်းသူတွေ အနေနဲ့ ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး မိမိတို့ သား၊ သမီးတွေကို ပြောဆိုဆုံးမ သင့်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပါတယ်။

#Yadanarpondaily

ပုဂံရှေးဟောင်းဘုရားများ ရေရှည်တည်တံ့ရန် ဇူလိုင် ၁ ရက်မှစ၍ ပုဂံ သရပါတံတားမှ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းခွင့် တားမြစ်မည်



ညောင်ဦး ၊ ၁၉-၆-၂၀၁၅

ပုဂံရှိ ရှေးဟောင်း ဘုရားများ ရေရှည် တည်တံ့ရေး အတွက် ဇူလိုင်လ ၁ ရက်မှ စတင်ကာ ပုဂံ သရပါတခါး မှ မော်တော်ယာဉ် ကြီးများ ဖြတ်သန်းခွင့်ကို တားမြစ်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန မှ သိရသည်။

ထိုသို့ ဖြတ်သန်းခွင့် ကန့်သတ် လိုက်သော်လည်း မော်တော်ယာဉ် ကြီးများ ပုဂံမြို့ဟောင်း အတွင်းသို့ သွားလာနိုင်မည့် လမ်းတစ်ခု ပေးထားမည် ဖြစ်၍ အဆိုပါ ယာဉ်ကြီးများမှာ ပုဂံ ရှေးဟောင်း ပြတိုက်ရှေ့ လမ်းမှ မြို့ဟောင်းသို့ ၀င်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပုဂံ ရှေးဟောင်း ပြတိုက်ရှေ့ လမ်းမှ ပုဂံမြို့သစ် ၊ ဇက်ဆိပ်ဘက် သို့ ဖြတ်သန်း သွားလာနိုင်ကြောင်း သိရသည်။ ထို့အပြင် ဘုရားများကြားရှိ မြေလမ်းများကို မော်တော်ယာဉ်ကြီး များ ၊ ထော်လာဂျီများ အသုံးပြုခွင့် မပေးတော့ဘဲ ကားသေးများ ၊ လိုက်ထရပ်များ ၊ မြင်းလှည်း များသာ သွားလာခွင့်ပြု တော့မည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် ပုဂံ ရှေးဟောင်း ဘုရားများ ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေနှင့် ပတ်သက်၍ ရေရှည်တည်တံ့ ခိုင်မြဲရန်မှာ ပြည်သူများ အားလုံးတွင် တာဝန်ရှိပြီး အားလုံး ပူးပေါင်း ပါဝင်ထိန်းသိမ်း ကြရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ခရီးသွားဒေသ တစ်ခုဖြစ်သော ပုဂံရှေးဟောင်း ယဉ်ကျေးမှုမြို့တော် ကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နိုင်ရန် ယူနက်စကို နှင့် ရှေးဟောင်း သုတေသန ဦးစီးဌာန တို့မှ ပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

နေနေ

#Themyawadydaily

မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား


ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB အဖွဲ့မှ တပ်ကြပ် ရာဇတ် ကို လက်နက်ခဲယမ်း များနှင့်အတူ တွေ့ရစဉ်

နေပြည်တော် ၊ ၁၉-၆-၂၀၁၅

မောင်တောမြို့နယ်၊ ရေတွင်းကျွန်းချောင်း ကျေးရွာအနီး ရှိ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဇွန် ၁၇ ရက် နံနက် ၆ နာရီခွဲတွင် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး တစ်လျှောက် လှည့်ကင်း ဆောင်ရွက်လျက် ရှိစဉ် နတ်မြစ်၏ မြန်မာနိုင်ငံပိုင် ရေနယ်နိမိတ် အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ Border Guard of Bangladesh (BGB) ယူနီဖောင်း ဝတ်ဆင်ထားသူ တစ်ဦး အရပ်ဝတ် ဝတ်ဆင်ထားသူ နှစ်ဦး စုစုပေါင်း သုံးဦးပါဝင်သော လှေတစ်စင်း ဝင်ရောက် လာသည်ကို တွေ့ရှိရသဖြင့် သွားရောက် မေးမြန်း စစ်ဆေးရာ လှေပေါ်မှ လက်နက်ငယ် နှစ်လက်ဖြင့် ကိုးချက်ခန့် စတင် ပစ်ခတ်ခဲ့သည်။

ထိုသို့စတင် ပစ်ခတ်သဖြင့် မြန်မာနိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့မှ ပြန်လည် ပစ်ခတ် ဖမ်းဆီးခဲ့ရာ BGB ယူနီဖောင်း ဝတ်ဆင်ထားသူ တစ်ဦးကို အမ် (၂၂) သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု ၊ ကျည် ၂၁ တောင့်နှင့် အတူ ဖမ်းဆီးရမိ ခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။ ဖြစ်စဉ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။

ဖမ်းဆီးရမိ BGB ယူနီဖောင်း ဝတ်ဆင်ထား သူအား ပဏာမ စစ်ဆေးမေးမြန်း ချက်အရ ၄င်းမှာ No(42) BGB တပ်ရင်း ကွပ်ကဲမှုအောက် ဒုံဒုံမျှာစခန်းမှ ကိုယ်ပိုင်အမှတ် BGB-6048 တပ်ကြပ် ရာဇတ် ဖြစ်ကြောင်း၊ထွက်ပြေးသွားသူ နှစ်ဦးမှာ တပ်သား ဘီဖလော နှင့် တပ်သား ဘယ်လာ တို့ဖြစ်ကြောင်း၊ ၄င်းဦးစီး BGB တပ်ဖွဲ့ဝင် သုံးဦးသည် စက်လှေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း နတ်မြစ်အတွင်း လှည့်ကင်းတာဝန် ထမ်းဆောင်ချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ လှေနှစ်စင်း လှော်ခတ်သွားမှုကို တွေ့ရှိရသဖြင့် လိုက်လံ ဖမ်းဆီးစဉ် မြန်မာနိုင်ငံပိုင် နယ်နိမိတ် အတွင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုသို့ ရောက်ရှိချိန် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် တွေ့ဆုံခဲ့ပြီး အဖမ်းခံ ရမည်ကို ကြောက်လန့်သဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးရန် ဟန့်တားသည့် သဘောဖြင့် စတင်ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေသခံအချို့၏ ဖော်ထုတ်ချက် အရ ၂ဝ၁၅ ခုနှစ်အတွင်း စက်လှေပေါ်တွင် BGB ဝတ်စုံနှင့် လက်နက်များ ကိုင်ဆောင်ထားသူ များသည် မြန်မာနိုင်ငံ ရေနယ်နိမိတ် အတွင်း ငါးဖမ်းလျက် ရှိသော ဒေသခံများထံမှ ငါးဖမ်းပိုက်များ ၊ ငါးများ ၊ လောင်းလှေများကို ခြိမ်းခြောက် ယူဆောင်ခြင်းများ နှစ်ကြိမ်ပြုလုပ် ခဲ့ကြောင်း နှင့် အဆိုပါ ဖြစ်စဉ်များတွင် ဒေသခံ များ၏ မျက်မြင် သက်သေအရ ယခု ဖမ်းဆီးရမိသည့် BGB မှ တပ်ကြပ် ရာဇတ် ပါဝင်ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီး ရမိသည့် BGB မှ တပ်ကြပ် ရာဇတ် ကို ငါးခူရကျေးရွာ ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ၌ ခေတ္တ ထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

အစိမ်းရောင်စီးပွားရေး



အစိမ်းရောင်စီးပွားရေး

လူတို့၏ ပယောဂကြောင့် ရာသီဥတု ဖောက်ပြန်ပြီး မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ တောမီး လောင်ကျွမ်းခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်ခြင်းနှင့် မုန်တိုင်းများ ကျရောက်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက် လာသည်ကို သိရှိ လာသည်နှင့် အမျှ ထို ဘေးအန္တရာယ် များ လျော့ပါး သွားစေရန် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး ယိုယွင်းမှု နည်းပါးစေသည့် အစိမ်းရောင် စီးပွားရေး ပြောင်းလဲ လုပ်ကိုင်ရန် ကမ္ဘာ့နိုင်ငံ အသီးသီးက ကြိုးပမ်း ဆောင်ရွက် နေကြပြီ ဖြစ်သည်။

အစိမ်းရောင် စီးပွားရေး (Green Economy) ဆိုသည်မှာ မည်သည့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သည် ဖြစ်စေ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး ယိုယွင်းမှု မရှိအောင် လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ကမ္ဘာမြေ၌ လေထု၊ ရေထု၊ မြေထု မပျက်စီးအောင် ဆောင်ရွက်ခြင်း သည် အစိမ်းရောင် စီးပွားရေး ဖြစ်သည်။

စက်မှု ထွန်းကားသော မျက်မှောက်ခေတ် တွင် စက်ရုံ၊ အလုပ်ရုံများ၊ မော်တော်ကား၊ သင်္ဘော၊ လေယာဉ်ပျံ တို့မှ ထုတ်လွှတ်သော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်း တို့ကြောင့် ကမ္ဘာ့လေထု ညစ်ညမ်းလာပြီး ပူနွေးလာသည်။ ထို့အတူ စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ဓာတုဗေဒ ဓာတ်ကြွင်း ပစ္စည်းများ၊ ပလတ်စတစ် အမှိုက်များ၊ ရေစီးအတွင်း မျောပါကာ ပင်လယ်အတွင်း ရောက်၍ ပင်လယ် သမုဒ္ဒရာရေထု ညစ်ညမ်းမှု ဖြစ်ကာ ရေနေ သတ္တဝါများ အစာကွင်းဆက် ဂေဟစနစ် ပျက်စီး လာသည်။

ထို့အတူ သစ်များ အလွန်အကျွံ ခုတ်ယူခြင်း၊ ဓာတ်သတ္တုများ အဆမတန် တူးယူခြင်း များကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများ ကျရောက်ခြင်း စသည့် မမျှော်မှန်း နိုင်သည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက် စေနိုင်သည်။ ထို သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှု လျော့ပါး သက်သာစေရန် လုပ်ဆောင် နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အစိမ်းရောင် စီးပွားရေး အကောင် အထည်ဖော် ခြင်းဖြစ်သည်။

ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အစိမ်းရောင် စီးပွားရေး ဖော်ဆောင် ရာတွင် လူတစ်ဦးချင်း စီကစ၍ မိမိတို့ လုပ်ဆောင် နိုင်သည့် စွမ်းအင် ချွေတာခြင်း၊ ရေ ချွေတာခြင်း၊ သဘာဝ သယံဇာတများ ချွေတာ သုံးစွဲခြင်း၊ ပစ္စည်းများ ပြန်လည် အသုံးပြုခြင်း၊ ရေ၊ လေ၊ မြေ မညစ်ညမ်း အောင် စွန့်ပစ် ပစ္စည်းများကို သတိထား ဆောင်ရွက်ခြင်း စသည်တို့ဖြင့် သယံဇာတ သုံးစွဲရာတွင် ကြာရှည် တည်တံ့အောင် စဉ်းစား သုံးစွဲကြ ရမည် ဖြစ်သည်။ ထိုသို့ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကိုယ်စီ လုပ်ကိုင်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ လူတိုင်းလူတိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလေးထား ဆောင်ရွက်ခြင်း၊ သစ်တော သစ်ပင်များ တစ်နှစ်ထက် တစ်နှစ် ရှင်သန် ကြီးထွားအောင် စိုက်ပျိုးပြုစု ပျိုးထောင်ခြင်း၊ ဓာတုပစ္စည်း နှင့်  စွန့်ပစ် အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်း၊ သစ်ပင်ခုတ်၊ တောမီးရှို့ခြင်းတို့ လျှော့ချခြင်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက် သွားကြခြင်းဖြင့် အစိမ်းရောင် စီးပွားရေး (Green Economy)ကို လုပ်ကိုင်၍ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း သွားကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

မြ၀တီနေ့စဉ်သတင်းစာ (၁၉-၆-၂၀၁၅) သောကြာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၉-၆-၂၀၁၅) သောကြာနေ့
Download Links

Thursday, June 18, 2015

ရွာငံမြို့နယ် တွင် နောက်ထပ် ပြဒါးလင်းဂူအသစ် တစ်ခု ထပ်မံတွေ့ရှိ



ရွာငံ ၊ ၁၈-၆-၂၀၁၅

ဇွန် ၁ ရက်တွင် ယဉ်ကျေးမှု  တက္ကသိုလ် နိုင်ငံတကာ အနုပညာ သမိုင်းဘာသာရပ် သင်ကြားခဲ့ ဖူးသော ဆရာ ဦးစိုးမိုးနိုင် ၏ ပြောကြားချက် အရ ရှမ်းပြည်နယ် (တောင်ပိုင်း)  ရွာငံမြို့နယ် ပိုင် မြစ်သားနယ်စပ် ဝမ်းတွင်းမြို့နယ် အရှေ့ဘက် တောင်ကြောတွင် နောက်ထပ် ပြဒါးလင်းဂူ အသစ်တစ်ခု ထပ်မံတွေ့ရှိ ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂူအသစ်ကို မြစ်သားမြို့နယ် မိုင်းမော ကျေးရွာအုပ်စု တောတွင်းရွာမှ ကိုဝင်းဘို က ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အံ့သြဖွယ် ကောင်းသော လက်ဝါးပုံ ကျောက်နံရံ ပန်းချီ ထပ်မံ တွေ့ရှိခဲ့ကြောင်း၊ အမှတ်(၁) ပြဒါးလင်းဂူ ကဲ့သို့ ပုစွန်လုံးပုံ၊ လိပ်ပုံ၊ လှံပုံနှင့် ဆင်ရုပ်ကြီးပုံ တို့ကို တွေ့ရှိခဲ့ ရကြောင်း၊ ဆင်ရုပ်ပုံ၏ နှာမောင်း၊ နားရွက်တို့မှာ အထူး ထင်ရှားကြောင်း၊ ဆွဲသားပုံမှာ မျဉ်းတစ်ကြောင်း တည်း မဟုတ်ဘဲ နှစ်ကြောင်း ထပ်ဆွဲထားခြင်း ဖြစ်ကြောင်း၊ ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ လည်း သတင်းပို့ ထားကြောင်း ကိုဝင်းဘို က ပြောပြ၍ သိရသည်။

''ဒီလို ပြဒါးလင်းဂူမျိုး က နှစ် လုံးတည်း ရှိတာမဟုတ်ပါဘူး။ သေးသေးမွှားမွှား လေးတွေလဲ ရှိပါတယ်။ ဒါကြောင့် ပြဒါးလင်းဂူစု လို့ မြစ်သားမြို့နယ် မှတ်တမ်းမှာ ရေးထားတာ ဖြစ်တယ် ။ ဒီနယ်မှာ သမိုင်းခြေရာ တွေကတော့ ရှာဖွေလေ တွေ့ရှိလေ ပေါ့ဗျာ '' ဟု ဒေသခံ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

ရွှေရည်ဦး (မြစ်သား)

#Yadanarpondaily

Anti-smuggling efforts directed in Taninthayi waters


The clampdown is set to launch in the territorial water of Taninthayi Region in mid-June.

Yangon June 18

Anti-smuggling mobile teams and maritime police will spearhead a clampdown on smuggling in the territorial waters of Taninthayi Region, said Anti-Smuggling Central Committee.

The clampdown is set to launch in mid-June on smugglers of any goods within Taninthayi Region’s waters.

An official from Anti-Smuggling Central Committee said: “We will conduct anti-smuggling campaign on a wider scale. We also have specific plan targeting places in Kachin and Shan states where illegal logging is rampant. Three anti- smuggling mobiles teams are assigned on the main routes to China.”

The latest plan is intended to curb with smuggling across the border with Thailand. The antismuggling mobile teams seized around 6 billion USD in smuggled gems and jade, wood, and other consumer products. Gems and jade accounted for around 4 billion USD of the total.

In cooperation with anti-smuggling mobile teams, Customs Department is also seizing smuggled goods airports and ports. The anti-smuggling mobile teams seized nearly 30,000 million kyats in smuggled goods from July 2014 to the fi rst week of March 2015.

There were a total of 5,006 cases of smuggling during the period and 1,847 cases took place on the Muse route to China.

Lin Thu

#Themyawadydaily

အိန္ဒိယနိုင်ငံမှ နာမည်ကြီး Mahindra မော်တော်ယာဉ်ကုမ္ပဏီမှ ရန်ကုန်မြို့၌ ရင်းနှီးမြှုပ်နှံမည်



ရန်ကုန် ၊ ၁၈-၆-၂၀၁၅

အိန္ဒိယနိုင်ငံမှ အကြီးဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Mahindra မော်တော်ယာဉ် ကုမ္ပဏီမှ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်ခြင်းနှင့် မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံ တည်ထောင်ကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် သွားမည် ဖြစ်ကြောင်း Mahindra မော်တော်ယာဉ် ကုမ္ပဏီ မြန်မာနိုင်ငံ ကိုယ်စားလှယ် ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''အခုဆိုရင် အိန္ဒိယနိုင်ငံ ထုတ် TATA ကားတွေကို မြန်မာနိုင်ငံ ပြည်သူတွေက သဘောကျပြီး အသုံးပြုမှု များကြတယ်။ TATA ကားကုမ္ပဏီက မြန်မာနိုင်ငံမှာ အောင်လည်း အောင်မြင်တယ်။ ဒီလိုပဲ Mahindra မော်တော်ယာဉ် ကုမ္ပဏီက ထုတ်တဲ့ ကားတွေ ကလည်း အရည်အသွေး ပြည့်မီတာကြောင့် မြန်မာနိုင်ငံက လူတွေကြိုက်ပြီး အသုံးပြုမှု များမယ်လို့ မျှော်လင့် ထားပါတယ်''ဟု ၄င်းက ဆက်လက် ပြောသည်။

Mahindra မော်တော်ယာဉ် ကုမ္ပဏီသည် ယခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ အချိန်နှစ်နှစ်တာ ကာလအတွင်း မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံကိုလည်း အပြီး တည်ဆောက် သွားမည်ဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှ ထုတ်လုပ်သော မော်တော်ယာဉ် များကို ပြည်တွင်း၌ ရောင်းချမည့် အပြင် မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သို့ တင်ပို့ ရောင်းချ သွားမည်ဖြစ်သည်။ Mahindra မော်တော်ယာဉ်  ထုတ်လုပ်သည့် စက်ရုံကို ပဲခူးမြို့၌ တည်ထောင် သွားမည်ဖြစ်ပြီး မော်တော်ယာဉ် အရောင်း ပြခန်းကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် သွားမည် ဖြစ်သည်။

ပဲခူးမြို့၌ ဖွင့်လှစ်မည့် Mahindra မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံမှ ၄င်း ကုမ္ပဏီ၏ နာမည်ကြီး မော်တော်ယာဉ် အမျိုးအစား နှစ်မျိုးဖြစ်သည့် Scorpio နှင့် XUV 500 တို့ကို အဓိက ထုတ်လုပ် ရောင်းချ သွားမည်ဖြစ်ပြီး မော်တော်ယာဉ် အရောင်းပြခန်း၌ Xylo နှင့် Bolero အမျိုးအစား မော်တော်ယာဉ် များကို အဓိကထား ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

Mahindra ကားကုမ္ပဏီမှ ထုတ်သည့် မော်တော်ယာဉ် များကို အိန္ဒိယနိုင်ငံ၌ အလတ်တန်းစား အဆင့်ရှိ သူများ အသုံးပြုမှု များကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

ကိုရီးယားငလျင် ကို ဘယ်လို ကာကွယ်ကြမလဲ



ကိုရီးယားငလျင် ကို ဘယ်လို ကာကွယ်ကြမလဲ

နှောင်း

ကိုရီးယားငလျင် လို့ ကျွန်မကတော့ ဒီလိုပဲ နာမည်တပ် လိုက်ချင်ပါတယ်။ ဒီငလျင်က တသိမ့်သိမ့်နဲ့ နေ့စဉ်မပြတ် လှုပ်ခတ်နေတဲ့ ငလျင်ပါ။ လူတွေ အလွန်ကြိုက်တဲ့ ငလျင်ပေါ့။ ဒါပေမဲ့ သူ့ရဲ့ အရှိန်က မသေးဘူး။ ဒီငလျင်ရဲ့လှုပ်ခတ်မှု အောက်မှာ ကျွန်မတို့ ယဉ်ကျေးမှုတွေ အတုံးအရုံး ပြိုလဲကျ ကုန်တယ်။ ကိုရီးယား ဇာတ်ကားတွေကို ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ရုပ်မြင်သံကြား လိုင်းပေါင်းစုံက လွှင့်နေကြတယ်။ ကလေး၊လူကြီး၊ လူငယ်၊ လူလတ် မကျန် ကြည့်ကြတယ်။ ဒီလို ကြည့်လာတဲ့ သက်တမ်း၊ လွှင့်လာတဲ့ သက်တမ်းကလဲ ၁ဝ နှစ်ကျော် ကြာပြီဆိုတော့ ယဉ်ကျေးမှု တွေလဲ ရောထွေး၊ သူ့ ယဉ်ကျေးမှုကို ကိုယ့် ယဉ်ကျေးမှု အလား လက်ခံကျင့်သုံး နေကြပါပြီ။ တကယ်တော့ ရုပ်ရှင်ဆိုတာ ပြည်သူကို အလွှမ်းမိုး နိုင်ဆုံး အရာတစ်ခုပါ။ ရုပ်ရှင်မင်းသား၊ ရုပ်ရှင် မင်းသမီး ဝတ်သမျှကို အပြင်မှာ လိုက်ဝတ်တတ် ကြတယ်။ ရုပ်ရှင်ထဲက မင်းသား၊ မင်းသမီးရဲ့ နေပုံထိုင်ပုံ၊ အပြုအမူ၊ အပြောအဆို၊ အဝတ်အစား၊ အကုန်လုံးကို လိုက်လုပ်တတ် ကြတယ်။ အခုနောက်ပိုင်း လွှင့်နေတဲ့ ကိုရီးယား ဇာတ်ကား တော်တော် များများမှာ လူမှုရေး ဖောက်ပြန် တာတွေကို ဇာတ်အိမ် တည်ပြီး ရိုက်ထားတာ တွေ့ရတယ်။

အခုလွှင့်နေတဲ့ ဇာတ်လမ်း တစ်ပုဒ်ရှိ ပါတယ်။ ဇာတ်လမ်းထဲမှာ ပညာတော်သင် သွားတဲ့ မင်းသမီးက နိုင်ငံခြားမှာ လက်မထပ်ဘဲ ကလေး တစ်ယောက် ရခဲ့ပါတယ်။ သူနိုင်ငံကို ပြန်လာတဲ့  အချိန် မင်းသားနဲ့ တွေ့ပြီး မင်းသားက ကလေးအမေ မင်းသမီးကို တမ်းတမ်းစွဲ ကြိုက်ပါတယ်။ ကလေး အဖေကို လူဆိုးဖြစ်အောင် ဇာတ်အိမ် တည်ပြီး လူပျို မင်းသားနဲ့ ကလေး တစ်ယောက်အမေ မင်းသမီးကို ခုမှပဲ အချစ်စစ် တွေ့တာလိုလို နဲ့ လူငယ်တွေ အတုယူ မှားအောင် ရိုက်ပြထားတယ်။ မြန်မာ့ ယဉ်ကျေးမှု နဲ့ သိပ်ကို ဆန့်ကျင် နေတယ်။ လူငယ်တွေရဲ့ စိတ်မှာ အတွေးမှားတွေ ဝင်သွား နိုင်တယ်။ တချို့ ဇာတ်လမ်းတွေ ပိုဆိုး ပါသေးတယ်။ ဇနီး မောင်နှံနှစ်ယောက် ယောက်ျားကလဲ တခြားမိန်းမ နဲ့ ဖောက်ပြန်၊ မိန်းမကလဲ တခြား ယောက်ျားနဲ့ ဖောက်ပြန်၊ ဖောက်ပြန် နေတဲ့သူတွေ ကလဲ အိမ်ထောင်ရှိတဲ့ သူတွေ၊ သိပ်ကို ကြောက်စရာ ကောင်းတဲ့ ဇာတ်လမ်း တွေပါ။ ဒီလို ဇာတ်လမ်းတွေကို ကြည့်ရင်း ကြီးပြင်းလာ ရတဲ့ လူငယ်တွေ အတွက် လူမှုရေး ဖောက်ပြန် တာတွေဟာ မဆန်းတဲ့ ကိစ္စတွေလို့ ထင်မြင် ယူဆ သွားနိုင်ပါတယ်။

အခုဆိုရင် ကလေးတွေဟာ စာဖတ်အား အလွန်နည်း သွားပြီး ကွန်ပျူတာ၊ အင်တာနက်၊ တီဗွီ ဇာတ်လမ်းတွဲ တွေနဲ့ပဲ အားလပ်ချိန်ကို ကုန်ဆုံး နေကြတာ တွေ့မြင်ရတယ်။ ကလေး သဘာဝ အတုမြင် အတတ်သင် တတ်တဲ့ အရွယ်မှာ မမြင်သင့်တာ တွေမြင်ပြီး မတတ်သင့် တာတွေ တတ်သွားမှာ စိုးရိမ်ရတယ်။ အင်တာနက်ကို သွားပိတ်လို့ မရသလို လွှင့်နေတဲ့ ဇာတ်လမ်းတွဲ တွေကိုလဲ မကြည့်နဲ့လို့ ပိတ်ပင်ဖို့ မလွယ်ပါဘူး။ ဒီ အခြေအနေမှာ ကျွန်မတို့ မိဘ၊ ဆရာတွေ အကောင်းဆုံး လုပ်ပေးနိုင်မယ့် နည်းလမ်းကတော့ ကလေးတွေကို စာဖတ်ဖြစ် လာအောင် ဘေးကနေ ဝိုင်းဝန်း ကြိုးစား ပေးဖို့ပါပဲ။ စာအုပ်ကောင်း တစ်အုပ်ဟာ ဆရာကောင်း တစ်ယောက်နဲ့ ညီမျှပါတယ်။ ကလေးအရွယ် ဖတ်ရှုဖို့ ကောင်းမွန်တဲ့ စာအုပ်တွေ အများအပြားကို ဈေးကွက်မှာ တွေ့မြင် နေရတယ်။ ဝယ်ယူ ဖတ်ရှုတဲ့သူ အရေအတွက် ကတော့ အလွန်ကို နည်းပါး လွန်းတယ်။ စာအုပ်ရဲ့ မာတိကာကို ကြည့်လိုက်ရင် စာအုပ် ဖြန့်ချိတဲ့ အရေအတွက် အုပ်ရေ ၅ဝဝ၊ အလွန်ဆုံးမှ ၁ဝဝဝ သာ ရှိတာကို တွေ့ရတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကလေး အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အဆပေါင်း များစွာ နည်းပါး ပါတယ်။

ကလေးတွေ အတွက် လေးစား အားကျရတဲ့ လူပုဂ္ဂိုလ်တွေ၊ ဇာတ်ကောင်တွေ ရှိသင့်ပါတယ်။ ဒီ ဇာတ်ကောင်တွေ အကြောင်းကို စာအုပ်တွေက တစ်ဆင့် ကလေးတွေ တွေ့ရှိ နိုင်တယ်။ ဗုဒ္ဓဝင်နဲ့ ပတ်သက်တဲ့ ကလေးဖတ် ရုပ်ပြ စာအုပ်တွေ၊ ငါးပါးသီလ အကြောင်း၊ ငရဲအကြောင်း၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ် တွေအကြောင်း ကလေးဖတ် ပညာပေး ရုပ်ပြ စာအုပ်တွေ အများကြီး ရှိပါတယ်။ ဒီစာအုပ် တွေကို ဖတ်မိတဲ့ ကလေး တစ်ယောက်ဟာ ဗုဒ္ဓမြတ်စွာ အပေါ်မှာ ရိုသေ ကိုင်းညွတ်တဲ့ စိတ်တွေဖြစ် ပေါ်လာမယ်။ ကိုယ်ကျင့်တရား ကောင်းမွန်မှု နဲ့ ပတ်သက်တဲ့ စိတ်ထားတွေ ကိန်းဝပ် လာနိုင်တယ်။ ကလေး သဘာဝ သူတို့ အားကျတဲ့ ဇာတ်ကောင်တွေ အတိုင်း လိုက်လံပြုမူ တတ်တာ ဖြစ်လို့ ဘုရားလောင်းရဲ့ စိတ်ထားတွေ ကလေးရင်ထဲ ထည့်ပေး နိုင်ခဲ့ရင် ဒါဟာ ဆရာ၊ မိဘတွေ အတွက် အကောင်းဆုံး အမွေပေးမှု တစ်ခုပါပဲ။ ဗိုလ်ချုပ် အောင်ဆန်းကို အားကျတဲ့ ကလေး တစ်ယောက်က ဗိုလ်ချုပ်ရဲ့ အမူအကျင့် တွေကို အတုယူမယ်။ စိတ်ဓာတ်ကို အတုယူမယ်။ ဒါဟာ ကလေးရဲ့ စိတ်ထဲမှာ ဗိုလ်ချုပ်ရဲ့ ဝိညာဉ် ကိန်းဝပ်သွား တာပါပဲ။ မာသာထရီဇာ ကို အားကျတဲ့ ကလေး တစ်ယောက်က ပရဟိတ စိတ်ဓာတ်တွေ ကိန်းဝပ် လာမယ်။ အများအကျိုး အတွက် လုပ်ချင် လာမယ်။ ပေါ်လီယာနာ စာအုပ်ကို ဖတ်မိလို့ ပေါ်လီယာနာ ကို အားကျသွားတဲ့ ကလေး တစ်ယောက်က ရင်ထဲမှာ အကောင်းမြင် တတ်တဲ့ စိတ်တွေ ကိန်းဝပ် လာပါလိမ့်မယ်။

စာဖတ်ခြင်းကို အလေ့အကျင့် တစ်ခုအနေနဲ့ အစဉ်အမြဲ ကျင့်သုံးသွားရင် ကောင်မွန်တဲ့ အလေ့အကျင့် ကောင်းတစ်ခု ဖြစ်လာနိုင်တယ်။ ကျွန်မတို့ အနေနဲ့ ကလေး တစ်ယောက် စာဖတ်ဖြစ် လာအောင် စွမ်းဆောင် ပေးနိုင်ဖို့ပဲ လိုတယ်။ ပထမပိုင်း မှာတော့ မိဘ၊ ဆရာသမား တွေက ကောင်းမွန်တဲ့ စာပေတွေ ဖတ်မိစေဖို့ ရွေးချယ်ပေး ရမယ်။ နောက်ပိုင်း မှာတော့ မိဘက ရွေးချယ်ပေးစရာ မလိုဘဲ စာအုပ်စာပေတွေ ဖတ်ရင်း ရလာတဲ့ အသိ ဉာဏ်နဲ့ ကလေးတွေ ကိုယ်တိုင် ရွေးချယ်သွား ပါလိမ့်မယ်။ ကလေး တစ်ယောက်ကို အချိန်ပြည့် အနီးကပ် လိုက်ပါ စောင့်ရှောက်ဖို့ က မလွယ်ကူ ပါဘူး။ ကလေးတွေကို တကယ် အပြည့်အဝ လိုက်လံ စောင့်ရှောက် ပေးနိုင်တာက သူတို့ရဲ့ ကိုယ်ပိုင် အသိဉာဏ် ပါပဲ။ သုတစာပေ တွေက လူတစ်ယောက်ရဲ့ အသိဉာဏ်ကို အဆင့်မြှင့်တင် ပေးပြီး ရသစာပေ တွေကတော့ နှလုံးသား နူးညံ့ သိမ်မွေ့မှုနဲ့ ကိုယ်ကျင့်တရား ဖြောင့်မတ် ခိုင်မာမှုကို ဦးတည် ပါတယ်။ စာဖတ်တဲ့သူဟာ စာမဖတ်တဲ့ သူထက် အမြဲတမ်း ခေါင်းတစ်လုံး ပိုမြင့်ပါတယ်။ အနာဂတ် ကာလမှာ အသိဉာဏ် မြင့်မားပြီး နူးညံ့သိမ်မွေ့တဲ့ လူ့အဖွဲ့အစည်း တစ်ခုကို ပုံဖော်နိုင်ဖို့ အတွက် မိဘနဲ့ဆရာ ပူးပေါင်းပြီး ကျွန်မတို့ရဲ့ မျိုးဆက်သစ် လူငယ်တွေကို ခေါင်းတစ်လုံး ပိုမြင့်အောင် ဆောင်ရွက်ကြ ရအောင်၊ ဒီလို ဆောင်ရွက် နိုင်ကြရင် လူငယ်တွေဟာ ထိုးဖောက် ဝင်ရောက် လာတဲ့ နိုင်ငံခြား ယဉ်ကျေးမှု တွေကို အလိုလို ရှောင်ကွင်း တတ်လာမှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါတယ်။

#Yadanarpondaily

သိပ္ပံပညာရှင် ၆ ဦး မီးတောင်ဟောင်းကြီးထဲ၌ အင်္ဂါဂြိုဟ်ကဲ့သို့ စမ်းသပ်နေထိုင် ခဲ့ရာမှ ပြင်ပကမ္ဘာ သို့ အောင်မြင်စွာ ထွက်ရှိလာ


Six scientists exit the dome on the slopes of dormant volcano Mauna Loa, Hawaii, on Saturday

ဝါရှင်တန် ၊ ၁၈-၆-၂၀၁၅

အင်္ဂါဂြိုဟ်တွင် တွေ့ကြုံ နေထိုင် ရသည့် အခြေအနေ များနှင့် ကျွမ်းဝင်စေရန် အတွက် အထူး ပြုလုပ်ထားသော လိပ်ခုံးသဏ္ဌာန် သံထည် အဆောက်အအုံ အတွင်း သိပံ္ပပညာရှင် ခြောက်ဦးကို ထည့်သွင်း၍ ဟာဝိုင်ယီ ကျွန်းရှိ Mauna Loa မီးတောင် ဟောင်းကြီး ထိပ်ဝတွင် ချထားခဲ့သည်။ မီးတောင်ဟောင်း ကြီးသည် ပေပေါင်း ၈ဝဝဝ ကျော် (၂၄ဝဝမီတာ) အမြင့်ရှိသည်။ အဆိုပါ မီးတောင်ဟောင်းကြီး ထိပ်ဝရှိ အဆောက်အအုံ အတွင်း သိပံ္ပပညာရှင် ခြောက်ဦး တို့သည် ရှစ်လခန့် အတူနေထိုင် ခဲ့ကြပြီး စနေနေ့ က ပြင်ပကမ္ဘာသို့ အောင်မြင်စွာဖြင့် ပြန်ထွက် လာခဲ့ကြခြင်း ဖြစ်သည်။

၎င်း အဆောက်အအုံ အတွင်း နေထိုင်စဉ် အင်္ဂါဂြိုဟ်တွင် နေထိုင်ကြရမည့် အတွေ့အကြုံ ရယူရေး အတွက် အာကာသ ဝတ်စုံများကိုသာ ဝတ်ဆင် နေထိုင်ခဲ့ ကြသည်။ အမေရိကန် အစိုးရ၏ နာဆာ (NASA)အဖွဲ့ကြီးက သိပံ္ပပညာရှင် ခြောက်ဦးဖြစ်ပြီး အဆောက်အအုံတွင် နေထိုင်စဉ် ၄င်းတို့၏ အစစ အရာရာ လှုပ်ရှားမှုများကို အဆောက်အအုံတွင် တပ်ဆင်ထားသော ကင်မရာများမှ တစ်ဆင့် ပြင်ပကမ္ဘာရှိ နာဆာ အရာရှိများက ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ရှစ်လတာ နေထိုင်စဉ် ကာလအတွင်း အဆောက်အအုံကြီး တစ်ခုလုံးကို ပြင်ပကမ္ဘာနှင့် အဆက်အစပ်မရှိ စေရန် ပိတ်ထားသည်။ လက်တွေ့ အင်္ဂါဂြိုဟ်ကြီး ပေါ်တွင် နေထိုင်ကြပြီး အခြေအနေများ အတိုင်း စမ်းသပ်ခဲ့ ကြသည်။

ပြတင်းပေါက်များ တပ်ဆင်ထား သော်လည်း မီးတောင်ဟောင်း ကြီး၏ အတွင်း ရောက်နေ၍ ကြည့်လိုက်သည့် နေရာတိုင်း ချော်ကျောက်သား များကိုသာ မြင်တွေ့ခဲ့ကြ ကြောင်း ဟာဝိုင်ယီ တက္ကသိုလ်မှ ပါမောက္ခ ကင်းဘင်စတက်ဒ် က ပြောပြသည်။

၎င်းတို့သည် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သူ များဖြစ်ကြရာ ကြီးကျယ်သော ပြဿနာ တစ်စုံတစ်ရာ ကိုမျှ ရှစ်လတာ နေထိုင်စဉ် အတွင်း မဖြစ်ပွား ခဲ့ကြကြောင်း၊ ကိုယ်စိတ် တည်ငြိမ်စေရန် ယောဂ ကျင့်စဉ်များ၊ အားကစား လေ့ကျင့်မှုများ ပြုခဲ့ကြောင်း သိရသည်။ စတုရန်းပေ ၁ဝဝဝ ခန့် ကျယ်ဝန်းပြီး အချင်း ၃၆ ပေရှိသော ၄င်းလိပ်ခုံး သံထည် အဆောက်အအုံ ကြီးသည် အထပ် နှစ်ထပ်ဖြင့် ဖွဲ့စည်း တည်ဆောက် ပေးထားပြီး လျှပ်စစ် ဓာတ်အားကို ဆိုလာပြား များမှတစ်ဆင့် ထုတ်ယူ အသုံးပြု ခဲ့သည်။

သိပံ္ပပညာရှင် ခြောက်ဦးသည် ပြင်ပကမ္ဘာသို့ ရောက်ရှိလျှင် ချက်ချင်းဆိုသလို ၄င်းတို့ စားသောက် လိုသော အစားအစာများကို အားပါးတရ စားသောက်ခဲ့ ကြသည်။ ''ရှစ်လတာ စမ်းသပ်မှုအတွင်း မှာ ရေကို လုံးဝမသုံးရလို့ အခု ပြင်ပကမ္ဘာ ရောက်လာ ချိန်မှာ ရေကိုကြာကြာ သုံးစွဲ ရတာ၊ နေရောင် အောက်မှာ နေရတာက အံ့သြစရာ ဖြစ်နေပါတယ်။ ဝိညာဉ် တစ်ကောင်လို ခံစား နေရပါတယ်''ဟု သိပံ္ပပညာရှင် တစ်ဦးဖြစ်သော ဂျိုလင်ဒန် က ပြောပြသည်။

Scientists leave isolation dome after eight months simulating life on Mars

#Yadanarpondaily

နတ်မတောင် အမျိုးသားဥယျာဉ် ခရီးစဉ်ကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားလာ


NATMA Taung National Park

ရန်ကုန် ၊ ၁၈-၆-၂၀၁၅

အာဆီယံ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်သော ချင်းပြည်နယ် တောင်ပိုင်းရှိ နတ်မတောင် အမျိုးသား ဥယျာဉ်သည် ယခင်နှစ် များက အနီးပတ်ဝန်းကျင် ဒေသများမှ ဒေသခံ အများစုသာ လာရောက် လည်ပတ်သော နေရာတစ်ခု ဖြစ်သော်လည်း ယခုနှစ်များတွင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ခရီးသွား ဧည့်သည်များ သာမက နိုင်ငံခြား ခရီးသွား ဧည့်သည်များပါ လာရောက် လေ့လာ လည်ပတ်မှု ပိုမိုမြင့်တက် လာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နတ်မတောင်သည် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၁ဝ၅ဝဝ ခန့်တွင်ရှိပြီး အကျယ်အဝန်း ၁၇၆၃ဝဝ ဧကနီးပါး ရှိကာ တောင် အနီးတစ်ဝိုက် ၌ ကန်ပက်လက်မြို့၊ မင်းတပ်မြို့နှင့် မတူပီမြို့တို့ တည်ရှိကြောင်း၊ ထို တောင်ပေါ်မှ ချင်းပြည်နယ်၏ သဘာဝ အလှများကို ကြည့်ရှုခံစား နိုင်သလို မြန်မာ- အိန္ဒိယ နယ်စပ်ဒေသ များနှင့် ဘင်္ဂလား ပင်လယ်အော် တို့ကိုလည်း မြင်တွေ့ နိုင်ကြောင်း နှင့် တောင်ခြေမှ တောင်ပေါ်သို့ တက်ရာတွင် ခြေကျင် တက်ရောက်ပါက တစ်နာရီခွဲခန့် အချိန်ယူ တက်ရပြီး တောင်ပတ်လမ်း များမှတစ်ဆင့် မော်တော်ယာဉ် အသေးများ၊ ဆိုင်ကယ်များဖြင့် တက်ရောက်ပါက မိနစ် ၃ဝ ခန့် အချိန်ယူ၍ တက်ရကြောင်း သိရသည်။

ထို့အပြင် နတ်မတောင်ပေါ် ၌ စေတီတစ်ဆူ၊ ဘုရားဆင်းတုတော် တစ်ဆူနှင့် ဇရပ်တစ်ဆောင် တို့ရှိပြီး တောင်တက်လမ်း တစ်လျှောက်၌လည်း တောင်ဇလပ်ပင်များ ပေါက်ရောက် နေကြောင်း သိရသည်။

အဆိုပါ နတ်မတောင် အမျိုးသား ဥယျာဉ် ကို ၁၉၆၃ ခုနှစ်တွင် ကြိုးဝိုင်းသစ်တော တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမျိုးသား ဥယျာဉ်တစ်ခု ဖြစ်လာစေရန် အဆိုပြုခဲ့သည်။ ထို့နောက် ၂ဝ၁ဝ ပြည့်နှစ်တွင် နတ်မတောင် အမျိုးသား ဥယျာဉ်အဖြစ် အတည်ပြု သတ်မှတ် ခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ် တွင် အာဆီယံ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အမျိုးသား ဥယျာဉ် တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

မြန်မာ- ထိုင်း ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်အသုံးပြု၍ ယခုလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မှု များပြားလျက်ရှိ



ရန်ကုန် ၊ ၁၈-၆-၂ဝ၁၅

မြန်မာ- ထိုင်း ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်အသုံးပြု၍ ပြည်တွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်မှုမှာ ယခုလအတွင်း ပိုမိုများပြား နေကြောင်း မြဝတီ နယ်စပ်စခန်းမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဘက်မှ နေ့ချင်းပြန် ခရီးသွားလာ နေသူများ အဆင်ပြေစေရန် ယာယီ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် (TBP) TEMPORARY BORDER PASS ဖြင့် ၆ ညအိပ်၊ ၇ ရက် ခရီးသွားလာခွင့် နှင့် BORDER PASS စာအုပ်ဖြင့် သွားလာသူများ ကို ၁၃ ညအိပ်၊ ၁၄ ရက် ခရီးသွားလာ ခွင့်ပြုခဲ့ရာမှ ပြည်တွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်သူ ဦးရေ နေ့စဉ်များပြား လာကြောင်း၊ သွားလာသူများတွင် ဈေးရောင်းသူ များနှင့် ကုန်သည်များ အများဆုံး သွားရောက်လျက် ရှိနေကြောင်း သိရသည်။

ထို့အပြင် မြဝတီ- မဲဆောက် ချစ်ကြည်ရေး တံတားအား ယခုအခါ အချိန်တိုးမြှင့် ဖွင့်လှစ်ပေး ထားခြင်းကြောင့် နယ်စပ်ကုန်စည် ပို့ဆောင်ရေးနှင့် ခရီးသွား ဝင်ရောက်မှု ကိုလည်း ပိုမိုတိုးတက် လာစေကြောင်း၊ မြဝတီ- မဲဆောက် ချစ်ကြည်ရေး တံတားအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေး ခဲ့ရာမှ ယခုအခါ နံနက် ၅ နာရီမှ ည ၈ နာရီအထိ တိုးမြှင့် ပေးခဲ့ကြောင်း၊ ထို့ကြောင့် နေ့ချင်းပြန် အလုပ်သွားရောက် လုပ်ကိုင်သူ များလည်း အဆင်ပြေ လာကြောင်း၊ ထိုင်းနိုင်ငံရောက် ပြည်ပ ခရီးသွားများ အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ခရီးကြုံ လာရောက် ရာတွင်လည်း ပိုမို အဆင်ပြေ လာသည့်အတွက် နယ်စပ် ခရီးသွား လုပ်ငန်းများ တိုးတက်လာကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင် ဦးဆောင်သည့် အဖွဲ့နှင့် ထိုင်းနိုင်ငံဘက်မှ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့တို့သည် ယခုနှစ် ဇွန် ၂ ရက်က မြဝတီမြို့ရှိ အေးချမ်းဖြိုး ရိပ်သာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်းတွင် ခရီးသွားများ အပြန်အလှန် သွားရောက်မှု တိုးတက်လာ ကြောင်း၊ သွားလာရေး လွယ်ကူစေရန် လမ်းပန်း ဆက်သွယ်ရေး များကိုလည်း ကောင်းမွန်အောင် လုပ်ဆောင် ပေးထားပြီး အာဆီယံ လမ်းကြောင်းရှိ လမ်းမကြီးကိုလည်း အဆင့်မြှင့်တင် တိုးချဲ့ခြင်းများ ဆောင်ရွက် ပေးထားကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

အရောင်းအဝယ် အေးနေသော ကျောက်ဈေးကွက်



ရန်ကုန် ၊ ၁၈-၆-၂ဝ၁၅

ရန်ကုန်မြို့ရှိ ကျောက်မျက် ရတနာ ဈေးကွက်၌ လက်ရှိတွင် ရွှေဈေးမှာ တစ်နေ့ထက် တစ်နေ့ ပိုမိုမြင့်တက် နေသော်လည်း ၄င်းနှင့်အတူ တွဲဖက် ဝတ်ဆင်သော ကျောက်မျက် ရတနာများ၏ ဈေးကွက်မှာ အေးစက်နေကြောင်း သိရသည်။

''အခုချိန်မှာ ကျောက်မျက် ရတနာတွေက ဘယ်ကျောက်မှ အရောင်းအဝယ် သိပ်မရှိပါဘူး။ ရွှေထည်နဲ့ တွဲပြီး ပြုလုပ်ထားတဲ့ ကျောက်ကလေး တစ်လုံး ပြုတ်သွားလို့ ပြန်တပ်ဖို့ ဝယ်ယူတာက လွဲပြီး အရောင်းအဝယ် မရှိသလောက်ကို အေးနေပါတယ်။ ဈေးဦး မပေါက်တဲ့ ရက်တွေလည်း ရှိပြီး ဆိုင်သိမ်းခါနီးတဲ့ အချိန်ရောက်မှ အနည်းငယ် လောက် ရောင်းရတဲ့ နေ့တွေလည်း ရှိပါတယ်။ အရင်လို အရောင်းအဝယ် မသွက်ပါဘူး'' ဟု ကျောက်များ သီးသန့် ရောင်းဝယ်နေသော ဒေါ်သန်းသန်းအေး က ပြောသည်။

ယခုအချိန်တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ကျောက်ဈေးကွက် များပင် အရောင်းအဝယ် အေးစက် နေခြင်းကြောင့် ရန်ကုန်မြို့ရှိ ဈေးကွက် များမှာလည်း ရောင်းဝယ်မှု နည်းပါးကာ အေးစက် နေကြောင်း သိရသည်။ ရွှေဈေးများ တရိပ်ရိပ် တက်လာပြီး ကျောက်မျက် ဈေးကွက် မှာ ယခု မေလဆန်းပိုင်းမှ စတင်၍ အရောင်းအဝယ် ပါးခဲ့ကြောင်း သိရသည်။

ထိုအထဲမှ စိန်နှင့် ကျောက်စိမ်း ရတနာများသာ အရောင်းအဝယ် ရှိနေပြီး တခြားကျောက် အမျိုးအစား များမှာ ဝယ်ယူမှု နည်းပါး နေကြောင်း သိရသည်။

အဆိုပါ ကျောက်များကို ဝယ်ယူမှု နည်းပါး နေသော်လည်း တနိုင်းဒေသမှ ထွက်ရှိသော ပယင်းကျောက်များ ကို တရုတ် နိုင်ငံသား များက အဓိက ဝယ်ယူ ကြိုက်နှစ်သက်ပြီး ဝယ်လို အားများကာ ဈေးနှုန်း များသည်
၎င်းပယင်းကျောက် အတွင်း ဝင်ရောက် သေဆုံးလျက် ရှိသော အင်းဆက်ပိုး ကောင်များ၏ ပုံစံပေါ် မူတည်၍ ဈေးနှုန်းမြင့်မား နေကြောင်း သိရသည်။

ယင်းကျောက်များကို အရိုင်းတုံး သာမက အချောတုံးနှင့် တခြားပုံစံစုံ လုပ်ထား သမျှလည်း အရောင်းသွက်လျက် ရှိကြောင်း သိရသည်။

သီရိ

#Themyawadydaily

အင်တာနက် အခွင့်အရေး


အင်တာနက် အခွင့်အရေး

အင်တာနက်နှင့် အခြားသော ဒစ်ဂျစ်တယ် နည်းပညာရပ် များသည် စတင် ပေါ်ထွန်းလာသည့် အချိန်မှစ၍ ဆယ်စုနှစ် များစွာအတွင်း ကမ္ဘာလုံးဆိုင်ရာ ဖော်ညွှန်း ပြောဆိုသော အခြေအနေကို တော်လှန် ပြောင်းလဲ လာခဲ့ပြီး လူ့အခွင့်အရေး ကာကွယ်မှု အပါအဝင် အခြားသော လူမှုရေးဆိုင်ရာ အကျိုးရလဒ်များ အတွက် အဓိက ယန္တရားတစ်ခု ဖြစ်လာသည်။

ကမ္ဘာတစ်လွှားမှ သန်းထောင်ချီ ရှိသော လူများကို ပြောရေးဆိုခွင့် ဟူသော အသံတစ်ခု ပေးအပ်ရာတွင် အင်တာနက်၏ ပြောင်းလဲ နိုင်စွမ်းရှိသော သဘာဝအရ ၄င်းတို့၏ သတင်း အချက်အလက် လက်လှမ်းမီ ရရှိနိုင်မှု စွမ်းရည်ကို သိသာစွာ တိုးမြင့် လာစေခြင်းနှင့် သတင်းရေးသား တင်ပြခြင်း တို့ပါ တိုးမြှင့် လာခဲ့သည်။

၂ဝ၁၁ ခုနှစ်တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ အထူး ပြဋ္ဌာန်းချက်များ ပူးတွဲ ကြေညာချက် ၌ နိုင်ငံများသည် အင်တာနက် အသုံးပြုခွင့်ကို တိုးမြှင့် ပေးရမည် ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားပြီး ''လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုင်ရာ အခွင့်အရေး များကို ထိရောက်စွာ ပေးအပ်ခြင်းဖြင့် နိုင်ငံအများတွင် လူသားအားလုံး အင်တာနက် အသုံးပြုခွင့် ကို တိုးမြှင့်ပေးရန် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်တစ်ရပ် ကို အပ်နှင်းသည် '' ဟု တင်ပြ ထားသည်။

အင်တာနက် အသုံးပြုခွင့် သည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော်အတွင်း ခုန်ပျံကျော်လွှား တိုးပွားသော်လည်း လူသားအားလုံး တန်းတူညီမျှစွာ အသုံးပြုခွင့် ရနိုင်ရန်မှာ စိန်ခေါ်မှု တစ်ခု ရှိနေဆဲပင် ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေး သမဂ္ဂ (International Telecommunication Union) အရ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ပျမ်းမျှ အင်တာနက် အသုံးပြုမှု နှုန်းမှာ ၂ဝ၁၃ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ၃၁ ရာခိုင်နှုန်းသာ ရှိသည်။

အင်တာနက်၏ အခြား အရေးကြီးသော ကိစ္စတစ်ရပ်မှာ ကွန်ရက်၏ ကြားနေမူ ဝါဒ ဖြစ်သည်။ အနိမ့်ဆုံး အဖြစ် အင်တာနက် အသွားအလာတွင် ခွဲခြား ဆက်ဆံမှုကို ဖယ်ထုတ် ထားသည်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ အထူး ပြဋ္ဌာန်းချက် များမှ ၂ဝ၁၁ ခုနှစ် ပူးတွဲ ကြေညာချက် တွင် ''အင်တာနက်မှ သတင်း အချက်အလက် နှင့် အသွားအလာ၏ အသုံးပြုမှုတွင် စက်ကိရိယာ၊ ပါဝင်သည့် အကြောင်းအရာ၊ ရေးသားသူ၊ အရင်းအမြစ် နှင့် ပါဝင်သည့် အကြောင်းအရာ ၏ ရည်ရွယ်ချက် ဝန်ဆောင်မှု (သို့မဟုတ်) လုပ်ဆောင်ချက် တို့အပေါ် မူတည်၍ ခွဲခြား ဆက်ဆံခြင်း မပြုရ '' ဟု ဖော်ပြ ထားသည်။

သို့ဖြစ်ရာ အင်တာနက် အသုံးပြုမှု မြင့်မား လာခြင်းသည် တည်ထောင် ထားသော မူပိုင်ခွင့်နှင့် ဉာဏ ပစ္စည်းဆိုင်ရာ ပိုင်ဆိုင်မှုကို ကာကွယ်သည့် စနစ်အတွက် အရေးပါ လာသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အင်တာနက် သည် များပြားလှသော တီထွင် ဖန်တီးမှုနှင့် အနု ပညာ ပုံစံသစ်များ မွေးဖွားလာရန် ကူညီပံ့ပိုး ပေးမှုတစ်ရပ် ဖြစ်သည်ဟု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၂၄)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၂၄)
Download Links

မြ၀တီနေ့စဉ်သတင်းစာ (၁၈-၆-၂၀၁၅) ကြာသပတေးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၈-၆-၂၀၁၅) ကြာသပတေးနေ့
Download Links

Wednesday, June 17, 2015

အရှေ့အလယ်ပိုင်း စစ်မီးလျှံများကြောင့် လှေစီးဒုက္ခသည် ပြဿနာနှင့် ရင်ဆိုင်နေရသည့် ဥရောပတိုက်



အရှေ့အလယ်ပိုင်း စစ်မီးလျှံများကြောင့် လှေစီးဒုက္ခသည် ပြဿနာနှင့် ရင်ဆိုင်နေရသည့် ဥရောပတိုက်

ရှိန်းထက် ( IN'D )

အရှေ့ အလယ်ပိုင်း ၏ စစ်မီးလျှံ များကြောင့် မြေထဲ ပင်လယ်ကို ဖြတ်ကျော်၍ ထွက်ပြေးလာသူ အရေအတွက် သည် ခန့်မှန်း ထားသည်ထက် တစ်နေ့တခြား ပိုမိုများပြား လာလျက် ရှိသည်။ မေ ၇ ရက် စနေနေ့က အီတလီသို့ လှေစီး  ဒုက္ခသည် ၅၆ဝ ဦး ရောက်ရှိ လာခဲ့ပြီး မေ ၈ ရက် တနင်္ဂနွေနေ့ တွင် လူပေါင်း ၁၂ဝဝ ထပ်မံ ရောက်လာခဲ့ ပြန်သည်။ ထို့အပြင် လူပေါင်း ၃၁ဝ ကိုလည်း ပင်လယ်ထဲမှ အလွတ် ကယ်တင်ခဲ့ ရကာ ဇွန် ၈ ရက်အထိ ပင်လယ်ထဲ၌ မျောနေသူ များအား အလွတ်ကယ်တင် ခဲ့ရကာ ၆ဝဝဝ ဦးခန့် ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ် ငါးလတာ စစ်တမ်းတွင် ရွှေ့ပြောင်း လုပ်သား ဦးရေသည် ၂ဝ၁၄ ခုနှစ် ကထက် ၁ဝ ရာခိုင်နှုန်း ခန့် မြင့်တက် လာခဲ့သည်။

ထွက်ပြေးလာသူ များထဲတွင် ကလေးများ၊ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီး များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တချို့လည်း ပါဝင် လာကြသည်။ ထို့ကြောင့် ထိုလူများအား ရေရှည် ထိန်းသိမ်းထား ရမည့် အနေအထား တွင်ရှိနေသည်။ ဥရောပ သမဂ္ဂ၏ စည်းမျည်း စည်းကမ်းမှာ ဥရောပ နိုင်ငံ တစ်နိုင်ငံသို့ ရောက်ရှိလာသော မည်သည့် ဒုက္ခသည်ကို မဆို ကိုးလအတွင်း အလုပ်အကိုင် ရှာဖွေ ပေးသည်။ ထို အတောအတွင်း ဒုက္ခသည် များကို လုံခြုံအောင် နိုင်ငံ တစ်နိုင်ငံချင်း စီက ခွဲတမ်းဖြင့် စောင့်ရှောက် ပေးရသည်။ သို့သော်လည်း ယခု ရောက်ရှိလာသော ကလေးများ၊ သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင် များသည် ဥရောပ နိုင်ငံများကို ဒုက္ခပေး တော့သည်။

ထို့ကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးနေသည့် ကြားထဲမှ ဥရောပ တိုက်သားများမှာ အလုပ်လက်မဲ့ ဖြစ်နေသည့်အပြင် ယခုအခါ ဒုက္ခသည်များ ထပ်ရောက် လာသည့်အတွက် အိမ်ရှင် ဥရောပ နိုင်ငံသားများ အဖို့ ရွှေ့ပြောင်း ဒုက္ခသည် များကို လက်မခံချင် ကြတော့ပေ။

ထို့အပြင် ဒုက္ခသည်များမှာ ရရာ အလုပ်ကို မည်သည့်လစာ နှင့်မဆို လုပ်ကိုင် နိုင်သော ကြောင့် လုပ်သား ဈေးကွက်လည်း ပျက်သွား နိုင်သေးသည်။ ထို့ကြောင့် ဥရောပသမဂ္ဂ သည် အဆိုပါ ပြဿနာ အတွက် အစဉ်အမြဲ ခေါင်းခဲလျက် ရှိသည်။ ထိုအထဲတွင် အီတလီ နိုင်ငံသည် ဒုက္ခသည် ပြဿနာကို အဆိုးရွားဆုံး ကြုံတွေ့ရသော နိုင်ငံဖြစ်သည်။ အရှေ့ အလယ်ပိုင်းမှ မြေထဲ ပင်လယ်၏ ဥရောပတိုက် မျဉ်းတွင် အီတလီသည် အရှေ့ဘက် အကျဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေသော ကြောင့်ပင် ဖြစ်သည်။

၂ဝ၁၄ ခုနှစ်တုန်းက ဥရောပသို့ ရောက်ရှိ လာသည့် ရွှေ့ပြောင်း လုပ်သား ဦးရေ ၁၇ဝဝဝဝ ရှိရာ အီတလီသို့ ၁၁၆၄၃၅ ဦးခန့် ဦးတည်ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် လူဦးရေ ၂ဝဝဝဝဝ ခန့် ရှိ လာနိုင်သည် ဟု လည်း ခန့်မှန်းခြေ စာရင်း ထုတ်ပြန် ထား သည်။ သို့သော် ခန့်မှန်းထား သည့် အရေအတွက် သည် အရှေ့ အလယ်ပိုင်း စစ်ပွဲများအပေါ် မူတည်ပြီး ကျော်လွန် သွားနိုင် သေးသည်။ ထို့ကြောင့် အီတလီ အား ပြောင်းရွှေ့ လုပ်သား စစ်ပွဲကြား က နိုင်ငံဟုပင် နိုင်ငံတကာ က တင်စားခေါ်ဝေါ် နေကြသည်။

ဇွန်လ အစောပိုင်း စစ်တမ်းများအရ ဥရောပသို့ ရောက်ရှိလာသည့် လှေစီးဒုက္ခသည် အရေအတွက် ၁ဝဝဝဝဝ ကျော်ခန့် ရှိသွားပြီ ဖြစ်ပြီး အီတလီတွင် ၅၄ဝဝဝ၊ ဂရိတွင် ၄၈ဝဝဝ၊ စပိန်တွင် ၉၂ဝ နှင့် မော်လ်တာတွင် ၉၁ ဦး အသီးသီး ရောက်ရှိနေခဲ့ ကြသည်။ ထို အရေအတွက် သည် ၂ဝ၁၃ ခုနှစ် တစ်နှစ်တာလုံး အတွက် ရောက်ရှိလာသည့် အရေအတွက် နှင့် နှိုင်းယှဉ်ပါက ငါးလတည်း နှင့်ပင် လိုက်မီရုံ မျှမက ပိုတောင် ပိုနေသေးသည်။ ၂ဝ၁၃ ခုနှစ်အတွင်း ဥရောပသို့ ရောက်ရှိ လာသူမှာ ၆ဝဝဝဝ ခန့်သာ ရှိသောကြောင့် ဖြစ်သည်။

ဥရောပသို့ ဒုက္ခသည်များ အဓိက ပို့လွှတ်နေသော နိုင်ငံမှာ ဆီးရီးယား နှင့် အီရတ်တို့ ဖြစ်သည်။ ဆီးရီးယား၌ အာဆတ် အစိုးရအား ပုန်ကန်သည့် သူပုန်များက အာဏာရရန် တိုက်ခိုက် နေချိန်တွင် အစ္စလာမ်မစ် နိုင်ငံတော် ISIS ဝင်ရောက် လာသောကြောင့် အဆိုပါနိုင်ငံမှ လူပေါင်း လေးသန်းနီးပါး ခန့် ထွက်ပြေးခဲ့ ရသည်။ တစ်ခါ အီရတ် တွင်လည်း ISIS တို့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ခြင်း ကြောင့် လူပေါင်းသိန်း နှင့်ချီ၍ ထွက်ပြေး ခဲ့ရသည်။ ထိုသူများသည် ဥရောပသို့ ပြောင်းရွှေ့ လာသူများ အရေအတွက် တိုးလာခြင်း၏ အဓိက အကြောင်းအရင်း များ ဖြစ်သည်။

ဥရောပသို့ လှေစီးထွက်ပြေးသူ အများစုသည် နိုင်ငံနှစ်ခုကို ရွေးချယ် အသုံးပြုသည်။ လစ်ဗျားနှင့် တူရကီတို့ ဖြစ်သည်။ ထိုအထဲ ကမှ အများစုသည် လစ်ဗျားကို ရွေးချယ်ကြသည်။ ၂ဝ၁၄ ခုနှစ် ထုတ်ပြန်ချက် အရ လူပေါင်း ၁ဝဝဝဝဝ ကျော်သည် လစ်ဗျားမှ တစ်ဆင့် သွားရောက်ကြပြီး ၅ဝဝဝဝ ကျော်မှာ တူရကီမှ တစ်ဆင့် သွားသည်ဟု ဆိုသည်။

ဥရောပသို့ သွားချင်သူ များသည် လစ်ဗျား မှတစ်ဆင့် ပွဲစားများအား ဒေါ်လာငွေ ထောင်နှင့် ချီပေးကာ လူ ၁ဝဝ ဆံ့သည့် လှေကို လူ ၁၅ဝ၊ ၂ဝဝ စီး၍ မြေထဲ ပင်လယ် ကိုဖြတ်ကြသည်။ ထို့ကြောင့် မြေထဲပင်လယ် ထဲတွင် သေဆုံးသူ အရေအတွက် သည် ကြောက်ခမန်း လိလိ တိုးလာသည်။ ၂ဝ၁၄ ခုနှစ်က မြေထဲပင်လယ် ထဲတွင် သေဆုံးသူ အရေအတွက် ၃၅ဝဝ ခန့်ရှိခဲ့ကာ ၂ဝ၁၅ ခုနှစ် ဇွန် ၁ဝ ရက်အထိ ၁၈၆၅ ခန့် ရှိသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းလုပ်သား အကူအညီ ပေးရေးအဖွဲ့ (IOM) ထုတ်ပြန် ကြေညာချက် တွင် ဖော်ပြခဲ့သည်။

ထို့အပြင် ၂ဝ၁၄ ခုနှစ် မြေထဲပင်လယ် ကို ဖြတ်သန်းခဲ့သည့် လှေစီးဒုက္ခသည် အရေအတွက်သည် ၂၁၉ဝဝဝ ခန့် ရှိခဲ့ကြောင်း ဆိုခဲ့သည်။ ဥရောပသို့ ရောက်ရှိလာသူ များမှာလည်း ၁၇ဝဝဝဝ ကျော်အထိ ရှိခဲ့သည်။ ထိုအထဲတွင် ဒုက္ခသည် ပြဿနာကို အများဆုံး ခံစားရသော အီတလီသည် ဘဏ္ဍာရေး ပြဿနာနှင့် ကြုံတွေ့ ခဲ့ရသောကြောင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ က ဒုက္ခသည် ကယ်ဆယ်သည့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ကာ မည်သည့် ရွှေ့ပြောင်းလှေမျှ အီတလီ ရေပိုင်နက်သို့ မဝင်နိုင် စေရန် မိုင် ၃ဝ ပတ်လည် ကင်းလှည့် စေခဲ့ သေးသည်။ သို့သော်လည်း ကယ်ဆယ်ရေး အတွက် ရန်ပုံငွေကို အမေရိကန် ဒေါ်လာ သန်း ၁၂ဝ အထိ ထောက်ပံ့မှု သုံးဆ တိုးပေးခဲ့ သောကြောင့် အစီအစဉ်ကို ပြန်လည် စတင်ခဲ့သည်။

ဥရောပသို့ လှေစီးပြောင်းပြေး လာသူများမှာ ဆီးရီးယား၊ အီရတ်၊ အီရီထရီယာ၊ မာလီ၊ နိုင်ဂျီးရီးယား၊ ဂမ်ဘီယာ၊ ပါလက်စတိုင်း နှင့် ဆိုမာလီနိုင်ငံ တို့မှဖြစ်သည်။ ထို နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှု ပြဿနာများသည် ဥရောပတိုက်သို့ တိုက်ရိုက် ရောက်ရှိ သွားခဲ့သည်။

ဥရောပသို့ ရွှေ့ပြောင်းလာသူ အရေအတွက် များပြားလာခြင်းနှင့် အတူ နိုင်ငံရေး ခိုလုံခွင့် တောင်းခံသူ များလည်း စံချိန်တင် မြင့်တက် လာခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံရေး ခိုလုံခွင့် တောင်းခံသူ ၄၃၅၁၉ဝ ဦး ရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် ၆၂၆ဝ၆၅ ဦး အထိ နှစ်သိန်းနီးပါး မြင့်တက် လာခဲ့သော ကြောင့် နိုင်ငံရေး ခိုလုံခွင့် တောင်းခံမှုသည် ၁၉၉၂ ခုနှစ် နောက်ပိုင်းတွင် အမြင့်မားဆုံး စံချိန်သို့ ရောက်ရှိ ခဲ့သည်။

ထို့ကြောင့် ၂ဝ၁၅ ခုနှစ်သည် ၂ဝ၁၄ ခုနှစ်ကဲ့သို့ စစ်မီးလျှံ အတောက်လောင်ဆုံး နှစ်တစ်နှစ် ဖြစ်သောကြောင့် ဥရောပ အတွက် လှေစီးထွက်ပြေး လာသူများ အရေးတွင် အဘက်ဘက် က အကျပ်အတည်း ထပ်ဖြစ် လာဦးမည့် နှစ်တစ်နှစ် ဖြစ်မည်မှာ ကျိန်းသေ နေကြောင်း တင်ပြလိုက်ရ ပါသည်။

#Themyawadydaily

ဒေါ်လာဈေး အတက်အကျကြောင့် ဆေးဝါးတင်သွင်းမှု ခေတ္တရပ်ဆိုင်းထား



ရန်ကုန် ၊ ၁၇-၆-၂၀၁၅

ယခုရက်ပိုင်း အတွင်း အမေရိကန် ဒေါ်လာ ဈေးအတက်အကျ များကြောင့် ပြည်တွင်း ဆေးဝါးဈေးကွက် ရှိ ဆေးဆိုင်များနှင့် ဆေးဝါး တင်သွင်းသူ တချို့မှာ တင်သွင်းဝယ်ယူ ရောင်းချမှု ခေတ္တရပ်ဆိုင်း ထားကြောင်း သိရသည်။

ပြည်တွင်း၌ အသုံးပြု နေသော ဆေးဝါး အများစုမှာ ပြည်ပ သွင်းကုန်များ ဖြစ်သည့် အတွက် ဒေါ်လာဈေး မတည်ငြိမ်မှု များသည် သွင်းကုန်ပစ္စည်း များပေါ်တွင် အကျိုး သက်ရောက်မှု များစွာရှိသည်။ သွင်းကုန် ဖြစ်သည့် ဆေးဝါးများနှင့် စားသောက်ကုန် များကို အားထားပြီး တင်သွင်း ရောင်းချ နေသူများ အနေဖြင့် ယခု ရက်ပိုင်းတွင် အရောင်းပိတ် ထားခြင်း၊ တင်သွင်းမှု ရပ်နား ထားခြင်းများ ရှိနေကြောင်း သိရသည်။

ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှု များတွင် တင်သွင်းရန် ညှိနှိုင်းပြီးသည့် ကုမ္ပဏီများနှင့် ဆက်လက် တင်သွင်း နေသူများ ရှိသကဲ့သို့ ပြည်ပမှ ဆေးများ မှာယူတင်သွင်း ခြင်းကို ရပ်နားထားပြီး လက်ကျန် ဆေးဝါးများ ကိုသာ ထုတ်ရောင်း နေသူများလည်း ရှိသည်။ တချို့ ဆေးဝါးများမှာ ဈေးကွက်၌ ပစ္စည်းပြတ်လု နီးပါးရှိနေပြီး လက်လီ လက်ကား ဆေးဝါး အရောင်းဆိုင် များ၌လည်း အရောင်းအဝယ် ပါးနေကြောင်း သိရသည်။

ယခုရက်ပိုင်း ပြည်ပမှ တင်သွင်း လာသည့် ဆေးဝါးများတွင် အနိမ့်ဆုံး ဈေးနှုန်း ခုနစ်ကျပ်မှ အမြင့်ဆုံး ငွေကျပ် ၂ဝ ခန့်အထိ ဈေးတက်နေပြီး ပြည်တွင်းထုတ် တိုင်းရင်း ဆေးဝါး တချို့မှာလည်း အနိမ့်ဆုံး ငွေကျပ် ၅ဝ မှ ၁ဝဝ အထိ ဈေးနှုန်း မြင့်တက် နေကြောင်း သိရသည်။ ရန်ကုန်မြို့၌ ဆေးဝါး တင်သွင်းခွင့် ရရှိထားသည့် ကုမ္ပဏီကြီးနှင့် အလတ်စား ကုမ္ပဏီ ပေါင်း ၅ဝ ခန့် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ပင်လယ် ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ် ကုန်သွယ်မှု လမ်းကြောင်း နှစ်ခုဖြင့် ကုန်သွယ်လျက် ရှိပြီး ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှာ စားသုံးဆီ နှင့် စက်သုံးဆီ၊ ဆေးဝါး ကဲ့သို့သော ကုန်စည်များကို တင်သွင်းမှု များပြီး နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် မြဝတီ နယ်စပ် ကုန်သွယ်ရေးမှ စားသောက်ကုန် မျိုးစုံနှင့် လူသုံးကုန် ပစ္စည်းများကို တင်သွင်းမှု များကြောင်း သိရသည်။

လင်းသူ

#Themyawadydaily

ပင်လယ်ရေကြောင်းမှ ကုန်စည်ရောင်းဝယ် သယ်ယူပို့ဆောင်ရာတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဝင်ရောက် ဆောင်ရွက်လျက်ရှိ




ရန်ကုန် ၊ ၁၇-၆-၂ဝ၁၅

ကမ္ဘာ့နိုင်ငံ များ၏ ရေကြောင်းဖြင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှုမှ သယ်ယူပို့ဆောင် နိုင်သော တန်ချိန်မှာ ၈ ရာခိုင်နှုန်းသော ပမာဏကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အားလုံးမှ ပင်လယ်ကူး သင်္ဘောပေါင်း သုံးထောင်ကျော် က ပင်လယ်တွင်း၌ သယ်ယူ ပို့ဆောင်လျက် ရှိကြောင်း သိရသည်။

''ရန်ကုန်ဆိပ်ကမ်းမှာ ဝင်ရောက် ဆိုက်ကပ်နေတဲ့ သင်္ဘောပေါင်း ၂ဝဝ၀ ကျော် ရှိတယ်။ အဲဒီအထဲမှာ နိုင်ငံခြားက သင်္ဘောလိုင်း ၁၄ လိုင်း ဝင်ပြေး နေတယ်။ ဒီ ၁၄ လိုင်း ဝင်ပြေးတဲ့ အထဲမှာ မြန်မာက ကုန်ပစ္စည်း သယ်ဆောင်နိုင်တဲ့ ပမာဏက ၁၃ ရာခိုင်နှုန်းပဲ ရနေတယ် ၊ လက်ရှိမှာ နိုင်ငံခြား သင်္ဘောတွေ မြန်မာ့ကုန်စည် သယ်ယူ ပို့ဆောင်နိုင်မှု တွေမှာ ပိုမိုဆောင်ရွက် နိုင်တဲ့အတွက် ရေကြောင်း ကုန်သွယ်မှုနဲ့ ပတ်သက်လို့ အာဆီယံ စီးပွားရေး အသိုက်အဝန်း လုပ်ရမယ်။ AEC မှာ မြန်မာနိုင်ငံ အနေနဲ့ ပင်လယ်ကူး သင်္ဘောတွေနဲ့ ပတ်သက်တဲ့ ကန့်သက်ချက်တွေ၊ ဥပဒေတွေ ပြဋ္ဌာန်းထားတာ မရှိလို့ အခက်အခဲတွေ ဖြစ်လာ နိုင်ပါတယ်'' ဟု သင်္ဘော လုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ ဆောင်ရွက်နေသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

၂ဝ၁၆ ခုနှစ်တွင် စတင် လာနိုင်မည့် AEC သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ အချင်းချင်း ဆက်ဆံမှုများ ပြုလုပ်ရာ တွင်သာ တူညီမှုရှိပြီး အခက်အခဲများ မဖြစ်ပေါ် စေရန် လူမှုရေး၊ စီးပွားရေး အစရှိသည့် အခန်းကဏ္ဍများ တွင် တန်းတူ အခွင့်အလမ်းများ ပေးခြင်းကို ဆိုလိုသည်။ ဥပမာ- အာဆီယံနိုင်ငံ များ၌ နေထိုင်သူ နိုင်ငံသားများ မည်သည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံကို မဆို သွားရောက် ကြရာတွင် ဗီဇာ သတ်မှတ်ချက်များ မလိုဘဲ လွတ်လပ်စွာ သွားလာနိုင်ပြီး ကုန်စည်များ သယ်ယူ ပို့ဆောင် ရာတွင်လည်း လွတ်လပ်စွာ ကုန်စည် စီးဆင်း ဆောင်ရွက်နိုင်ခွင့် အချက်များအား ပူးပေါင်း လုပ်ဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။

ပင်လယ် ရေကြောင်းမှ ကုန်စည် ရောင်းဝယ်တင်ပို့မှု သည် ရှေးနှစ်ပေါင်း များစွာကပင် လုပ်ဆောင်ခဲ့သော အဓိက စီးပွားရေးတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ယင်းနေရာ တွင် တခြား အာဆီယံ နိုင်ငံများမှ သင်္ဘောလုပ်ငန်း အများအပြား ဝင်ရောက် လာကြပြီး မိမိနိုင်ငံ၏ စီးပွားရေး အကျိုးစီးပွား အား ထိခိုက်နိုင်မည့် အခွင့်အလမ်း များကို အကာအကွယ် ပြုနိုင်ရန် ယခုအချိန်တွင် တိကျ သော နိုင်ငံပိုင် အကျိုးစီးပွား များကို ကာကွယ်သည့် ဥပဒေများကို အမြန်ဆုံး အကောင် အထည်ဖော် ပြဋ္ဌာန်းပေး နိုင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

နိုင်ငံခြားခရီးသွားဧည့်သည်များ သတင်းရယူနိုင်ရန် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် သတင်းအချက်အလက် စင်တာများ ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၇-၆-၂၀၁၅

မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ပေါင်း များစွာရှိသည့် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာတွင် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အကြောင်းကို လေ့လာ သတင်းရယူ နိုင်ရန် ၂ဝ၁၅ ခုနှစ် နှစ်လယ် ပိုင်းတွင် သတင်း အချက်အလက် စင်တာများကို ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ပုဂံ ဟိုတယ်ဇုန် ဧည့်လမ်းညွှန် အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချို က ပြောသည်။

''ပုဂံမှာ သတင်း အချက်အလက် စင်တာနှစ်ခု ဖွင့်လှစ် သွားမှာပါ။ ပုဂံမြို့ဟောင်း နဲ့ မြို့သစ်မှာ တစ်ခုစီ ဖွင့်လှစ် သွားမှာပါ။ ဒီ စင်တာတွေ ကနေ ပုဂံနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အနေနဲ့ အချိန်မရွေး သီးသန့် စုံစမ်းမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်.. '' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ သတင်း အချက်အလက် စင်တာကို ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် ဖွင့်လှစ်မည် ဖြစ်သည်။

ပုဂံမြို့သစ်တွင် ဖွင့်လှစ်မည့် သတင်း အချက်အလက် စင်တာအတွက် ဖွင့်လှစ်ခွင့် လျှောက်ထားမှုမှာ လွယ်ကူ သော်လည်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် သတင်း အချက်အလက် စင်တာ ဖွင့်လှစ်ရာတွင် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖြစ်သည့်အတွက် နယ်မြေနှင့် ပတ်သက်၍ ထိခိုက် ပျက်စီးမှု မရှိစေရေး ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ် နေရကြောင်း သိရသည်။

ထို့အပြင် ညောင်ဦး တွင်လည်း သတင်း အချက်အလက် စင်တာ တစ်ခုကို ဖွင့်လှစ် သွားမည် ဖြစ်သည်။ JICA သည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သည့် အကူအညီ များကို ရေရှည် စီမံကိန်းဖြင့် ကူညီပေး သွားရန် စီစဉ်ထားကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

ဒေသအတွင်း ဧည့်လမ်းညွှန် သင်တန်း၌ ဘာသာရပ် ၄၀ ကျော်သင်ကြားပေး

 

ရန်ကုန် ၊ ၁၇-၆-၂၀၁၅

နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုနှုန်း များပြားသည့် ဒေသအတွင်းရှိ ဒေသခံများအား ဧည့်လမ်းညွှန် သင်တန်းများ ပို့ချရာတွင် ဘာသာရပ် ၄ဝ ကျော်ကို သင်ကြားပို့ချ ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း မှ သိရသည်။

အဆိုပါ သင်တန်းပို့ချ ခဲ့သော မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ တောင်ကြီး၊ လွိုင်ကော်၊ လားရှိုး၊ စစ်တွေ၊ ပြည်၊ ဘားအံ၊ မိုးကုတ် စသည့် ဒေသတို့၌ သင်တန်းသား ဦးရေ ၁၁၈၈ ဦးအထိ သင်တန်းများ ပို့ချပေးနိုင် ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒေသတွင်း ဧည့်လမ်းညွှန် သင်တန်း များတွင် Bird Watching နှင့် ပတ်သက်သည့် ဘာသာရပ်များ၊ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဘာသာရပ်များ၊ ယဉ်ကျေးမှု (ရှေးဟောင်း နယ်မြေများ)၊ တိုင်းရင်းသား ဒေသများ၏ ရိုးရာဓလေ့ ထုံးတမ်းများ၊ ဂီတနှင့် သမိုင်းဆိုင်ရာ အချက်အလက်များ၊ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ အချက်အလက်များ အစရှိသည့် ခရီးသွား လုပ်ငန်းနှင့် ပတ်သက်သော ဘာသာရပ် ၄ဝ ကျော်ကို သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ၄ ဒသမ ၅ သန်းရှိမည် ဟု ခန့်မှန်း ထားကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

#Themyawadydaily

The oldest and longest teak bridge




The oldest and longest teak bridge

= Nadi Nain =

One of the past capitals of ancient Myanmar Amarapura sits in the country’s central arid zone just 11 kilometres south of Mandalay. Founded by King Bodawpaya in 1783, the city served as the seat of throne until 1857, when the nation moved its royal administrative power to Mandalay.

What remain of the former royal city today are the ruins of the city gate, parts of the palace, and the tombs of olden day rulers. Additionally, a large number of religious buildings are still standing in the area. And of them Kyauktawgyi Pagoda and Maha Gandayon monastery are popular.

But a visit to Amarapura will not entirely complete without a walk over the world's longest teak bridge spanning an old lake in the area. One of the main tourist hotspots of Myanmar U Bein Bridge is an ancient bridge crossing Taungthaman Lake near Amarapura for many years till now. Historical records say that the 0.74 mile (1.2-kilometre) overpass was built about 170 years ago and is believed to be the oldest and longest teakwood bridge in the world. When the capital of Inwa monarchy moved to Amarapura, Mayor U Bein collected the teak pillars of the dismantled palace that would be left behind. The mayor and his team of engineers and workers erected the bridge with those teak pillars as the main columns of the facility. So the bridge is named after the mayor who organized the bridge project. He and his men started the erection work in 1849 and finished in 1851. It is said that the Myanmar engineers used traditional methods of scaling and measuring in erecting the bridge; and that they made scale by counting the footsteps.

The crossing and the lake in combination create one of the best sites for local and foreign photographers as the world’s longest teak footbridge gently curves 1300 yards across the shallow water body. During the summer times the dried-up parts of the lake bed are turned into green patches of seasonal vegetable plantations. So the bridge passes high over these vegetable farms and a shrinking lake with lower water level during the dry season. But when the monsoon comes, the lake grows bigger again turning all the lowlands of the area into a large single water body. Its surface level so high that water laps just below the fl oor planks. As the bridge is very old some of the 1086 poles supporting the facility have been replaced with concrete columns. Floods during the rainy season coupled with stagnant waters caused by fish breeding in the lake have gradually damaged these pillars. Gladly, the Department of Archaeology, National Museum and Library of the Ministry of Culture has renovation and conservation plans for the long-term existence of the bridge which still is largely intact till now.

Apart from its virtue as a visitor paradise, the bridge also serves as the central part of the community as hundreds of local commuters including Buddhist monks are walking to and fro on it daily and on the surface of the lake under it are fishermen doing their routine job. The best view of the bridge comes at sunset, and the best photo shot of the facility can be taken from a boat paddling in the lake. But a great time to visit the world’s longest and oldest teak bridge is just after sunrise when hundreds of villagers and monks commuting back and forth across it.

#Themyawadydaily

ပျူမြို့ဟောင်း နှင့် အလုပ်အကိုင် အခွင့်အရေး



ပျူမြို့ဟောင်း နှင့် အလုပ်အကိုင် အခွင့်အရေး

ဗိဿနိုးမြို့ဟောင်း သည် အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၂ မိနစ် ၄၆ စက္ကန့်နှင့် မြောက် လတ္တီတွဒ် ၂၉ ဒီဂရီ ၁ဝ မိနစ် ၁၄ စက္ကန့်အတွင်း တည်ရှိပြီး တောင်တွင်းကြီးမြို့ မှ အနောက် တောင်ဘက် ၁၈ ကီလိုမီတာ အကွာ ကုက္ကိုခွ ကျေးရွာ၏ မြောက်ဘက်တွင် တည်ရှိသည်။ အုတ်မြို့ရိုးနှင့် ရေကျုံးပတ်လည် ကာရံထားသော မြို့ဟောင်း၏ အကျယ်အဝန်းသည် ဧက ၂၄၂ဝ ရှိသည်။ မြို့ဟောင်း၏ အနောက် မြောက်ဘက်တွင် အင်းရွာကြီး ကျေးရွာ၊ အရှေ့မြောက်ဘက်မြို့ရိုး အပြင်ဘက်တွင် ရွှေရောင်တော် စေတီ တည်ရှိသည်။

ဗိဿနိုးမြို့ဟောင်း နှင့် ပတ်ဝန်းကျင် ရှိ ဧရိယာ ၂၂၉၄ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော လွင်ပြင်သည် မြောက်ဘက်တွင် ဆဒုံချောင်း၊ တောင်ဘက်တွင် ရန်ပယ်ချောင်း နှင့် အနောက်ဘက်တွင် ယင်းချောင်း နှစ်ခု ပေါင်းဆုံရာမှ ပေါ်ပေါက်လာသော လွင်ပြင်ရှိသည်။ မြို့တွင်း၊ မြို့ပြင် တွင် ရှေးဟောင်း အဆောက်အအုံများ ပျံ့နှံ့ တည်ရှိပြီး စတုရန်းပုံ အုတ်မြို့ရိုး ၏ အနား သုံးဖက်ကို မြောက်ဘက်၊ အရှေ့ဘက် နှင့် တောင်ဘက် တို့တွင် ထင်ရှားစွာ တွေ့ရသည်။ အနောက်ဘက်တွင် မူ မြို့ရိုး မတွေ့ရှိ ရတော့ဘဲ အင်းကြီးကန်ဖြင့် မြို့နယ် နယ်နိမိတ်ကို ပိုင်းခြားထားသည်။

ဗိဿနိုးမြို့ဟောင်း အပါအဝင် ဟန်လင်း၊ သရေခေတ္တရာ ပျူရှေးဟောင်းမြို့ တို့သည် ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး အမျိုးအစား(၂)၊ (၃)၊ (၄) တို့ဖြင့် ပြည့်စုံကြောင်း  အထောက်အထား တင်ပြနိုင်ခဲ့၍ ၂ဝ၁၄ ခုနှစ် ဇွန် ၂၂ ရက်က ပြုလုပ်ခဲ့သော (၃၈) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီ ညီလာခံက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဒေသများ အဖြစ် သတ်မှတ်ခဲ့သည်။

ထိုသို့ ပျူမြို့ဟောင်း များကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ ရသည့်အတွက် ဒေသခံ ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းများ ဖွံ့ဖြိုး တိုးတက်မှုများ ရရှိလာခြင်း၊ အမွေအနှစ် ဒေသများ စနစ်တကျ ဘက်စုံဖွံ့ဖြိုး တိုးတက်လာခြင်း၊ ဘုရားဖူးနှင့် သုတေသနပြု လေ့လာလိုသူများ တိုးပွားလာခြင်း၊ နိုင်ငံတကာ၏ စိတ်ဝင်စားမှု ပိုမိုရရှိ လာပြီး ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ပိုမိုများပြား လာခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ အတွက် နိုင်ငံတကာမှ ပညာရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် သုတေသန လုပ်ငန်းများ စနစ်တကျ ကာကွယ် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက် လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ခံစားရမည် ဖြစ်သည်။

သို့ဖြစ်ရာ ဂုဏ်ယူ မြတ်နိုးဖွယ် ရှေးဟောင်း အမွေအနှစ်၊ ပျူမြို့ဟောင်း များ၏ ရှေးဟောင်း အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်ရာတွင် ထားရှိရမည့် စံနှုန်းများ အတိုင်း လိုက်နာ ဆောင်ရွက်ရေး နှင့် ဖြစ်ထွန်းလာမည့် ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ရယူနိုင်ရေးကို ပြည်သူများ အနေဖြင့် အချိန်နှင့် တစ်ပြေးညီ အကျိုးရှိစွာ ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

မြ၀တီနေ့စဉ်သတင်းစာ (၁၇-၆-၂၀၁၅) ဗုဒ္ဓဟူးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၇-၆-၂၀၁၅) ဗုဒ္ဓဟူးနေ့
Download Links

Tuesday, June 16, 2015

ပြဒါးလင်းဂူ ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် လေ့လာမှုများ ပြုလုပ်



ရွာငံ ၊ ၁၆-၆-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ရှိ ကျောက်ခေတ် နံရံဆေးရေး ပန်းချီများနှင့် ကျောက်ခေတ် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိရာ ပြဒါးလင်းဂူကို ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် ယမန်နေ့က သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။

ပြဒါးလင်းဂူ သည် မြန်မာ့ ပထမဆုံး ကျောက်ခေတ် ပန်းချီများ တွေ့ရှိရာ ဂူတစ်လုံးဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် ဘူမိဗေဒ ပညာရှင် တစ်ဦးက စတင် တွေ့ရှိခဲ့ကာ ၁၉၆၈ ခုနှစ်တွင် ရှေးဟောင်း သုတေသန အဖွဲ့များ၊ တက္ကသိုလ်မှ ဘူမိဗေဒ ပညာရှင်များ နှင့် သတ္တဗေဒ ပညာရှင်များက လေ့လာမှုများ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။

ပြဒါးလင်းဂူနှင့် ပတ်သက်၍ ဘူမိဗေဒ ပညာရှင်များက ဆက်စပ်ဂူများကို ဂူအမှတ်(၁)နှင့် ဂူအမှတ်(၂) ဟူ၍ နှစ်ပိုင်းခွဲခြား ထားပြီး ဂူအမှတ် (၂)မှာ ဂူအမှတ်(၁) ထက် ပိုကြီးသော ဂူဖြစ်သည်။ သုတေသီ များက ပြဒါးလင်းဂူ အတွင်း လေ့လာခဲ့ရာ ဂူအတွင်းပိုင်း မျက်နှာပြင်များ ပေါ်တွင် ရေးဆွဲထားသည့် အနီရင့်ရောင် လူသားတို့၏ လက်ဝါးရာများ၊ နွားငယ် ရုပ်ပုံများ၊ နေထွက်သည့် ပုံများ ၊ တိရစ္ဆာန် တို့၏ အရိုး အပိုင်းအစများ၊ မီးသွေးခဲများ၊ ခရုခွံများနှင့် ကျောက် လက်နက်များ ကိုပါ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိခဲ့သော တိရစ္ဆာန် အရိုး အပိုင်းအစများ၊ မီးသွေးခဲများကို နယူးဇီလန် နိုင်ငံရှိ Necular Scientific Research Institute သို့ပို့၍ Carbom Dating နည်းအရ စမ်းသပ် စစ်ဆေးခဲ့ရာ ကျောက်ခေတ်သစ် ကာလမှ ဂူတစ်ခု ဖြစ်ကြောင်းနှင့် ပြဒါးလင်းဂူ၏ သက်တမ်းမှာ နှစ်ပေါင်း ၁၃ဝဝဝ ရှိပြီဖြစ်ကြောင်း သိရသည်။(၄၄၇)

#Themyawadydaily

လျှပ်စစ်ရထားအတွက် လိုအပ်သည့် လျှပ်စစ်ကြိုးသွယ်တန်းရန် စိုက်ထူမည့်တိုင်များ ဂျပန်နိုင်ငံ အကူအညီဖြင့် စိုက်ထူမည်



ရန်ကုန် ။ ၁၆-၆-၂၀၁၅

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထား အနေဖြင့် ရန်ကုန်မြို့ ကမ်းနားလမ်း၌ ပြေးဆွဲရန် စီစဉ်ထားသည့် လျှပ်စစ်ရထား အတွက် လိုအပ်သော လျှပ်စစ်ကြိုး သွယ်တန်းရန် စိုက်ထူမည့် တိုင်များကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ယင်း ရထားလမ်းပိုင်း၌ စက်တင်ဘာ လ တွင် အပြီးစိုက်ထူ သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား မြို့ပြဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

''လျှပ်စစ်ရထား ကို ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြေးဆွဲမှာ ဖြစ်လို့ ရထားပြေးဆွဲ တဲ့အခါ အဓိက လိုအပ်တဲ့ ဓာတ်တိုင်တွေကို ဂျပန် နိုင်ငံက နည်းပညာရှင် တွေက စိုက်ထူသွားမှာပါ။ အဲဒီလို စိုက်ထူဖို့အတွက် ဂျပန်နိုင်ငံ မှ ပညာရှင်တွေက မြေတိုင်းတာ တာတွေ လုပ်ဆောင် နေပါပြီ'' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ လုပ်ငန်းကို ဇူလိုင်လတွင် စတင် ဆောင်ရွက် သွားမည်ဖြစ်ပြီး လျှပ်စစ်ရထား လမ်းပိုင်းဖြစ်သည့် ပန်းဆိုးတန်းမှ ထော်လီကွေ့ ရထားလမ်းပိုင်း အထိ ဓာတ်တိုင် ၁ဝဝ ခန့် စိုက်ထူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ ဓာတ်တိုင်စိုက်ထူ ရာတွင် ခေတ်မီ နည်းပညာ များကို အသုံးပြုပြီး စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် ကူညီရာတွင် ဓာတ်တိုင်များ စိုက်ထူသည့် လုပ်ငန်း အပါအဝင် တခြားကဏ္ဍ များကိုလည်း ပါဝင်ကူညီမှု ပေးနိုင်ရန် စီစဉ်ထားကြောင်း၊ ဓာတ်တိုင်များ စိုက်ထူရာတွင် ပြည်တွင်းရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား သည် ရန်ကုန် မြို့တွင်းရှိ အဓိက နေရာများ၌ လျှပ်စစ်ရထား ပြေးဆွဲမှုများကို အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

ရုံးခန်းများနှင့် ဈေးဝယ်စင်တာများ ပါဝင်မည့် Sule Square လာမည့်နှစ်တွင် ပြီးစီးမည်



ရန်ကုန် ၊ ၁၆-၆-၂၀၁၅

ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်း၌ ဆောက်လုပ် နေသော ရုံးခန်းများနှင့် ဈေးဝယ်စင်တာ များပါဝင်မည့် Sule Square Mall & Office Tower ကို ၂ဝ၁၆ ခုနှစ် အတွင်း ပြီးစီးနိုင် စေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း Sule Shangri - La Yangon မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ှ့Shangri - La မှ Office Tower များ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အဆင့်အတန်းမြင့် အဆောက်အအုံ များကိုသာ ဆောက်လုပ်လေ့ ရှိပြီး အဆိုပါ Sule Square Mall & Office Tower သည်လည်း Grade A အဆင့်ရှိ အဆောက်အအုံ အမျိုးအစားပင် ဖြစ်ကြောင်းနှင့် ယင်း အဆောက်အအုံ၌ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် လုံခြုံရေး စနစ်များကို နိုင်ငံတကာရှိ အဆင့်မြင့် အဆောက်အအုံ များတွင် ပါရှိသည့် အတိုင်း ထည့်သွင်း တပ်ဆင်ကာ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

Sule Square Mall & Office Tower ၌ ငှားရမ်းနိုင်မည့် ဧရိယာသည် ၃၆ဝဝ စတုရန်းမီတာ ခန့် ရှိမည်ဖြစ်ပြီး ရုံးခန်း နေရာများ၊ အရောင်းဆိုင်များ၊ အဆင့်အတန်းမြင့် စူပါမားကက်များ၊ ရုံးခန်းများ အတွက် အထောက်အကူ ပြုဆိုင်ခန်းများ၊ စားသောက်ဆိုင်များ နှင့် ကျယ်ဝန်းသော ကားရပ်နားရန် နေရာများလည်း ပါဝင်မည် ဖြစ်သည်။

Sule Square Mall & Office Tower အဆောက်အအုံကို ၂ဝ၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ် နိုင်မည်ဖြစ်ပြီး ယင်း အဆောက်အအုံ သည် ရန်ကုန်မြို့ မြို့လယ်ပိုင်းတွင် ဘက်ပေါင်းစုံ ပေါင်းစည်း ထားသည့် ဝန်ဆောင်မှုများ နှင့်အတူ အဓိကကျသော အဆောက်အအုံ တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

ကမ္ဘာပေါ်ရှိ သွားရောက်လည်ပတ်ရန် အကောင်းဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာ၌ ရပ်တည်နေ



ရန်ကုန် ၊ ၁၆-၆-၂ဝ၁၅

အမေရိကန် နိုင်ငံရှိ ခရီးသွား လုပ်ငန်း အေဂျင်စီများတွင် ကောက်ယူခဲ့သည့် စစ်တမ်းများ အရ ကမ္ဘာပေါ်ရှိ သွားရောက် လည်ပတ်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် နှစ်နှစ် ဆက်တိုက် ထိပ်ဆုံးနေရာ၌ ရပ်တည် နေကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အမေရိကန် ခရီးသွား အော်ပရေတာ အသင်း အနေဖြင့် အဆိုပါ စစ်တမ်းကို ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ခရီးသည်များ စိတ်ဝင်စားမှု အရှိဆုံး ခရီးစဉ် ဒေသများနှင့် ခရီးစဉ် ရောင်းချမှု အများဆုံး နိုင်ငံများ စာရင်းကို တစ်နှစ်ပတ်လုံး ကောက်ယူခဲ့ခြင်း ဖြစ်ရာ ယခုနှစ် တွင်လည်း မြန်မာနိုင်ငံ သည် ထိပ်ဆုံးမှ ရပ်တည် နေကြောင်း သိရသည်။

''အမေရိကန် နိုင်ငံတစ်ဝန်း က ခရီးသွား အေဂျင်စီတွေကို စစ်တမ်း ကောက်ယူခဲ့တဲ့ အခါ ခရီးသည်တွေ သွားဖို့ စိတ်ဝင်စားမှု အများဆုံးနဲ့ ခရီးစဉ် ရောင်းချမှု အများဆုံးထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာ နှစ်နှစ် ဆက်တိုက် ရပ်တည် နေပါတယ်'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ (World Travel & Tourism Council) မှ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ဝ ကို လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍမှာ ဖွံ့ဖြိုးလာပြီး လာမည့်နှစ် များတွင် ပိုမိုတိုးတက် လာနိုင်ဖွယ် ရှိကြောင်း သုံးသပ်ဖော်ပြ ထားသည်။

ခရီးသွား လုပ်ငန်းမှ နိုင်ငံတော် GDP သို့ တိုက်ရိုက်ဝင်ငွေ စီးဆင်းမှု အခြေအနေတွင် မြန်မာနိုင်ငံသည် ၂ဝ၁၃ ခုနှစ်တွင် အဆင့် (၁ဝ၄) ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် အဆင့် (၉၆) သို့ တိုးတက် ရောက်ရှိ ခဲ့ကြောင်း၊ နိုင်ငံတော် GDP သို့ စုစုပေါင်းဝင်ငွေ စီးဆင်းနိုင်မှု အခြေအနေတွင် မြန်မာနိုင်ငံ သည် ၂ဝ၁၃ ခုနှစ်တွင် အဆင့် (၁၁၁) ရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် အဆင့် (၉၉) သို့ မြင့်တက် လာခဲ့ကြောင်း သိရသည်။

ခရီးသွား လုပ်ငန်းမှ တိုက်ရိုက် အလုပ်အကိုင် ရရှိမှုတွင် မြန်မာနိုင်ငံ သည် ၂ဝ၁၃ ခုနှစ်တွင် အဆင့် (၄ဝ) တွင်ရှိနေခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် အဆင့် (၃၁) သို့ ရောက်ရှိခဲ့ကာ စုစုပေါင်း အလုပ်အကိုင် ရရှိမှုသည် ၂ဝ၁၃ ခုနှစ်တွင် အဆင့် (၃၈) ရှိရာမှ ၂ဝ၁၄ ခုနှစ်တွင် အဆင့် (၃၅) သို့ မြင့်တက် လာခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် ၂ ဒသမ ဝ၄ သန်းကျော်သာ ဝင်ရောက် ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်တွင် ၃ ဒသမ ဝ၈ သန်း ဝင်ရောက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ ၁ဝ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းမှ နိုင်ငံ၏ GDP ၊ အလုပ်အကိုင် ရရှိမှုနှင့် ခရီးသွား လုပ်ငန်း ထုတ်ကုန်များမှ ရရှိသည့် ဝင်ငွေများသည် ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း ကမ္ဘာ့ခရီးသွား လုပ်ငန်း ကောင်စီ ၏ သုံးသပ်ချက်များ အရ သိရသည်။ (၄၄၇)

#Themyawadydaily

အော်ဂဲနစ် စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ကျယ်ပြန့် လာစေရန် နိုင်ငံတော်မှ အကူအညီပေးမည်



ရန်ကုန် ဇွန် ၁၅

မြန်မာနိုင်ငံ၌ အော်ဂဲနစ် နည်းပညာ အသုံးပြု စိုက်ပျိုးရေး လုပ်ငန်းများကို နေပြည်တော်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် စသည့် ဒေသများ၌ အများအပြား လုပ်ကိုင် လာကြပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိ သော မြို့ကြီးများ၌ ဖွင့်လှစ်ထားသော Super Market များတွင်လည်း အော်ဂဲနစ် စိုက်ပျိုးရေး ထွက်ကုန် အသီးအနှံ များကို သီးသန့် အရောင်း ကောင်တာများဖြင့် ပြသထားကာ ရောင်းချ လာကြကြောင်း သိရသည်။

ထိုသို့ အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြ ရာ၌ ဓာတုဗေဒ ဆိုင်ရာ နည်းပညာများ၊ အပင် ကြီးထွား ဆေးများ၊ ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာ များကို အသုံးပြုခြင်း မရှိဘဲ သဘာဝမှ ရသော မြေသြဇာများ၊ အော်ဂဲနစ် နည်းပညာ များကိုသာ အသုံးပြု စိုက်ပျိုးရန် လိုအပ်ပြီး အဆိုပါ စိုက်ပျိုးရေး ခြံများမှ ထွက်ရှိသော အသီးအနှံ များကို နိုင်ငံတော် အသိအမှတ်ပြု အော်ဂဲနစ် စိုက်ပျိုးရေး ထွက်ကုန် အမှတ်တံဆိပ် ဖြင့် ရောင်းချခွင့် ရရှိစေရန် သက်ဆိုင်ရာမှ စစ်ဆေး စမ်းသပ်မှု ခံယူကာ သတ်မှတ်ထားသော စံချိန်စံညွှန်း များနှင့် အနည်းဆုံး ၉၅ ရာခိုင်နှုန်း နီးပါး ကိုက်ညီမှု ရှိရမည်ဖြစ်သည်။

ထိုသို့ စစ်ဆေးမှု အောင်မြင်ပြီး အရည်အသွေး ကောင်းမွန်သော အော်ဂဲနစ် စိုက်ပျိုးရေး ထွက်ကုန် အသီးအနှံ များကို ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ ရောက်ရှိ နိုင်စေရန် နိုင်ငံတော် အစိုးရမှ ကူညီဆောင်
ရွက် သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အော်ဂဲနစ် နည်းပညာကို အသုံးပြုကာ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် လာခြင်းသည် ပတ်ဝန်းကျင် ထိခိုက်မှုကို နည်းပါး စေသလို စားသုံးသူ၏ ကျန်းမာရေး ကိုလည်း များစွာ အထောက်အကူ ပြုကြောင်း၊ သို့သော် အရည်အသွေး ကောင်းမွန်ပြီး ရာနှုန်းပြည့် စစ်မှန်သော အော်ဂဲနစ် စိုက်ပျိုးရေး ထွက်ကုန် အသီးအနှံ ဖြစ်ရန်မှာ နည်းပညာများ လိုအပ်သလို ကုန်ကျစရိတ် လည်း မြင့်မားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ




နေပြည်တော် ၊ ၁၆-၆-၂၀၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၁/ ၄၈) နေ စိုင်းလျန် ၏ နေအိမ်ကို ဇွန် ၁၃ ရက် နေ့လယ် ၁၁ နာရီခွဲခန့်တွင် တပ်မတော် စစ်ကြောင်းနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ဝင်ရောက်ရှာဖွေရာ စိုင်းလျန်၏ ဇနီးဖြစ်သူ နန်းကိန်မွန်း၊ တူဖြစ်သူ စိုင်းအန်ခမ်း တို့နှင့်အတူ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝ၇၆၄ ပြား (ဒေသတန်ဖိုး ကျပ် ၅၁၉ ဒသမ ၁သိန်းခန့် ) ၊ ဘိန်းဖြူ ၁၃ ဂရမ်ခန့် (ဒေသတန်ဖိုး ၂ ဒသမ ဝ၈ သိန်း)၊ စိတ်ကြွ ဆေးမှုန့် ၆၂ ဒသမ ၅ဝ၃ ကီလိုခန့် (ဒေသတန်ဖိုး ကျပ် ၁၅၆၂၅ ဒသမ ၇၅ သိန်း)၊ ကဖင်းဂရမ် ၂၅ဝ ခန့် (ဒေသတန်ဖိုး ကျပ် ၁၈၇၅ဝ) စုစုပေါင်း တန်ဖိုးကျပ် သိန်းပေါင်း ၁၆၁၄၇ ဒသမ ၁၂ သိန်းရှိ မူးယစ်ဆေးဝါး မျိုးစုံကို သိမ်းဆည်း ရမိခဲ့သည်။

ထို့အပြင် မူးယစ်ဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုသော အလျား ၁၅ လက်မ၊ အနံ ၁၅ လက်မ ၊ အမြင့် ၂၈ လက်မရှိ မော်တာ တပ်ဆင်ထားသည့် ဆေးပြားရိုက်စက် တစ်လုံး၊ CHAMP တံဆိပ်ပါ အလျား ၁၄လက်မခွဲ၊ အနံ ၁၅ လက်မခွဲ၊ အမြင့် လက်မ ၃ဝ ရှိ ဇလားပါမွှေစက် တစ်လုံး ၊ ဆေးပြား ရိုက်နှိပ်ရာတွင် အသုံးပြုသည့် WY စာတန်းပါ သံမှို ၂၂ ချောင်း၊ တံဆိပ်မပါ ၄၅ ချောင်း၊ အောက်ခံတုံး ၁၈ တုံးနှင့် ဆက်စပ် ပစ္စည်းများ၊ ယာဉ် အမှတ် 2D 1313 မီးခိုးရောင် တိုယိုတာ လင်ခရူဇာ ပရာဒို ယာဉ်ငယ် တစ်စီး ၊ နယ်စပ် ဖြတ်သန်းခွင့် စာအုပ် နှစ်အုပ် တို့ကိုလည်း သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိ ပြစ်မှုကျူးလွန်သူ များကို ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များကို ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

ဆီးဂိမ်းနှင့် မြန်မာ့စိတ်ဓာတ်


 
ဆီးဂိမ်းနှင့် မြန်မာ့စိတ်ဓာတ်

(၂၈)ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို ဇွန် ၁၅ ရက် မြန်မာ စံတော်ချိန် ည ၇နာရီတွင် စင်ကာပူနိုင်ငံ အမျိုးသား အားကစားကွင်း ၌ ကျင်းပရာ မြန်မာအသင်း နှင့် ထိုင်းအသင်း တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ ကြသည်။

မြန်မာအသင်း အနေဖြင့် အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဓာတ်၊ အားကစား စိတ်ဓာတ် အပြည့်ဖြင့် ပြိုင်ဘက် ထိုင်းအသင်းကို ယှဉ်ပြိုင် ကစားခဲ့ရာ ပထမပိုင်း ၄၅ မိနစ်တွင် ဂိုးမရှိ သရေဖြင့် ကစားနိုင် ခဲ့သည်။ ဒုတိယပိုင်း ၄၅ မိနစ်ကို ဆက်လက် ကစားရာ ပွဲချိန် ၅၃ မိနစ်တွင် ထိုင်းအသင်းက ဦးဆောင်ဂိုး သွင်းခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ထိုင်းအသင်းက သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူး သွားသည်။

ထိုသို့ မြန်မာအသင်း သုံးဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့သော်လည်း မြန်မာအသင်း၏ အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဓာတ် ၊ အားကစား စိတ်ဓာတ် အပြည့်ဖြင့် နောက်ဆုံး အချိန်ထိ ရေကုန်ရေခန်း ကြိုးစား ကစားသွားမှုသည် မြန်မာပြည်သူများ သာမက ကမ္ဘာအရပ်ရပ်မှ ကြည့်ရှုသူ များ၏ စိတ်တွင် အမှတ်ထင်ထင် ရှိစေမည့်၊ ဂုဏ်ယူဖွယ် မှတ်တမ်းတင် ရမည့် ကြိုးစား အားထုတ်မှုနှင့် စိတ်ဓာတ် ဖြစ်သည်။

မြန်မာအသင်းသည် နိုင်ငံ့ဂုဏ်ဆောင် နိုင်ရန် ၊ ပြည်သူတို့၏ ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်၊ အောင်မြင်မှုရရန် ကြိုးစား အားထုတ် ခဲ့သည်ကို ကျေနပ်ဖွယ် တွေ့မြင်ရသည်။ ထို့အတူ မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ မြန်မာပြည်သူ တို့၏ မျိုးချစ်စိတ်ဓာတ် ၊ အားကစားစိတ်ဓာတ် ပြည်ပရောက် မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ် ၊ အားကစားစိတ်ဓာတ် အပြည့်ဖြင့် အားပေးမှု သည်လည်း ကမ္ဘာ့ အလယ်တွင် ဂုဏ်ယူဖွယ် စိတ်ဓာတ်အဖြစ် မြင်တွေ့ ခံစားရသည်။ ဗိုလ်လုပွဲတွင် စင်ကာပူ အမျိုးသား အားကစားကွင်း ၌ မြန်မာလူမျိုးတို့ ကွင်းတစ်ဝက်ကျော် အားပေး နေသကဲ့သို့ ရုပ်မြင်သံကြားမှ မြန်မာပြည်သူ တစ်ရပ်လုံးက စိတ်အား ထက်သန်စွာ ၊ စည်းကမ်းရှိစွာ ၊ အားပေးနေကြ သည်မှာလည်း ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

သို့ဖြစ်ရာ (၂၈)ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ တွင် မြန်မာအသင်း အနေဖြင့် ငွေဆုဖြင့်သာ ကျေနပ် ခဲ့ရသော်လည်း မြန်မာအသင်း နှင့် မြန်မာလူမျိုး တို့၏ မျိုးချစ်စိတ် ၊ တိုင်းချစ် ပြည်ချစ်စိတ်၊အားကစားစိတ် နှင့် စည်းလုံး ညီညွတ်၍ စည်းကမ်းရှိစွာ အားပေးမှု တို့ကို ဖော်ပြနိုင်ခဲ့၍ မြန်မာနိုင်ငံ အတွက် ဂုဏ်သိက္ခာ တက်သည့် မော်ကွန်းတစ်ရပ် ကို ရေးထိုးနိုင်ခဲ့၍ မြန်မာအသင်း နှင့် မြန်မာပြည်သူ ၊ ပြည်သားများအား ရတနာပုံ က ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )





 
#Yadanarpondaily

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၃၉)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၃၉)
Download Links

မြ၀တီနေ့စဉ်သတင်းစာ (၁၆-၆-၂၀၁၅) အင်္ဂါနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၆-၆-၂၀၁၅) အင်္ဂါနေ့
Download Links

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger