www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 31, 2014

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်


ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံအတွင်း ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း စသည့် တိုင်းရင်းသား သွေးချင်း မျိုးနွယ်ပေါင်း တစ်ရာကျော် စုပေါင်း လက်တွဲ နေထိုင် လာခဲ့သည် မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံအတွင်း ရှိ တိုင်းရင်းသား သွေးချင်း တို့သည် ယဉ်ကျေးမှု ၊ ဘာသာစကား ၊ ဓလေ့ ထုံးတမ်းများ ကွဲပြား ခြားနားမှု ရှိသော်လည်း သနား ကြင်နာခြင်း ၊ ရိုးသား ဖြောင့်မတ်ခြင်း ၊ ကူညီ ရိုင်းပင်း လိုစိတ် ရှိခြင်းနှင့် ခွင့်လွှတ် သည်းခံစိတ် ရှိခြင်း စသည့် တူညီသော သဘော သဘာဝများ ရှိ၍ စိတ်တူ ကိုယ်တူ ကြည်ဖြူစွာ အတူတကွ နေထိုင် လာခဲ့ ကြသည်။

ပြည်ထောင်စုကြီး အတွင်း တိုင်းရင်းသား သွေးချင်း အပေါင်းသည် စုပေါင်း လက်တွဲ နေထိုင်ကာ သမိုင်းစဉ် တစ်လျှောက် ပြည်ထောင်စုကြီး တည်တံ့ရန် ၊ လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ မဆုံးရှုံးရန် အတူ လက်တွဲ ဆောင်ရွက်ခဲ့ ကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသည် ရေမြေ တောတောင် စသည့် အဖိုး ထိုက်တန်သော သဘာဝ အရင်းအမြစ် သယံဇာတ များကို ပိုင်ဆိုင် ထားသည်မှာ ရှေး နှစ်ပေါင်း များစွာက ပင်ဖြစ်သည်။ တန်ဖိုးမဖြတ် နိုင်သည့် သဘာဝ အရင်းအမြစ် များကို အမှီပြုပြီး သမိုင်းစဉ် တစ်လျှောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အတူ လက်တွဲ၍ လူမှုစီးပွား ဘဝ တိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ တိုင်းရင်းသား သွေးချင်းတို့ အနေဖြင့် မည်သည့် နေရာ ၊ မည်သည့် ဒေသတွင် နေထိုင်သည် ဟု မခွဲခြားဘဲ ခိုင်မြဲသည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် နေထိုင် လာခဲ့ ကြသည်မှာ ယနေ့ အချိန်အခါ ၌ လူမျိုး တစ်မျိုး နေရာ တစ်နေရာစီ ခွဲခြား ပြသ၍ မရတော့ဘဲ တစ်သားတည်း ဖြစ်တည်လျက် ရှိနေပြီ ဖြစ်သည်။

ယခုအခါ နိုင်ငံတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ နိုင်ငံတော် အတွင်း စည်းလုံး ညီညွတ်မှုကို အခြေခံ၍ တည်ငြိမ် အေးချမ်းမှုကို တည်ဆောက်လျက် ရှိသည်။ စည်းလုံး ညီညွတ်မှု နှင့် တည်ငြိမ် အေးချမ်းမှု မှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုများ သီးပွင့်လာပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား အပေါင်း လူမှုစီးပွားဘဝ တိုးတက် မြင့်မား လာစေရန် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း တည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုး တိုးတက် လာစေရန် ၊ လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ မဆုံးရှုံး စေရန် ၊ ပြည်ထောင်စုကြီး အရှည် တည်တံ့ စေရန် တိုင်းရင်းသား သွေးချင်း အပေါင်းက သမိုင်းစဉ်လာ ရှိသည်နှင့် အညီ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( ၃၁-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

တိကျသော အဓိကရည်မှန်းချက် နှင့် ဥပဒေစည်းမျဉ်း


တိကျသော အဓိကရည်မှန်းချက် နှင့် ဥပဒေစည်းမျဉ်း

အယ်ဒီတာ့အာဘော်
( ၃၁-၁-၂၀၁၄ )

မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဒုတိယ အကြိမ် ဖိုရမ်ကို ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက် အထိ နေပြည်တော် ၌ ကျင်းပခဲ့သည်။ " တိုးတက်မှု အရှိန်မြှင့်ရေး အားလုံး ပါဝင် ပူးပေါင်း မြှင့်တင်ပေး " ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ဖိုရမ်သို့ မြန်မာနိုင်ငံ အစိုးရ ၊ ပြည်ထောင်စု လွှတ်တော် ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက် ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း ၊ ပုဂ္ဂလိက တို့မှ ကိုယ်စားလှယ် များနှင့် ပညာရှင်များ တက်ရောက်၍ မြန်မာနိုင်ငံ အစိုးရနှင့် ဖွံ့ဖြိုးမှု မိတ်ဖက် များသည် အနာဂတ် အောင်မြင်မှု အတွက် မဟာ ဗျူဟာများ ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၊ မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် နှင့် အကူအညီများ ထိရောက်မှု ရှိရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးပွဲ ရလဒ်များ နှင့် ရှေ့ လုပ်ငန်းစဉ် များကို ပူးတွဲ ထုတ်ပြန် ခဲ့သည်။

ပူးတွဲ ထုတ်ပြန်ချက် တွင် '' မြန်မာနိုင်ငံ ၏ အသွင် ကူးပြောင်းရေး ကို ပုံဖော်ရာတွင် အားနည်း ထိခိုက် လွယ်ဆုံး လူများ အပါအဝင် နိုင်ငံသား အားလုံး ပါဝင်နိုင်ပြီး အကျိုး ကျေးဇူးများ ခံစားနိုင်လျှင် မြန်မာနိုင်ငံ တွင် ဖွံ့ဖြိုးမှု အကူအညီ များသည် အထိရောက်ဆုံး ဖြစ်မည် ဖြစ်ပါသည် ''ဟု မြန်မာ ပြည်သူ အပေါင်း တို့အား တိုက်တွန်းထား ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ သည် နိုင်ငံတကာ ဆက်ဆံရေးတွင် ကျင့်သုံး နေသော နိုင်ငံခြား ရေးဝါဒမှာ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေး ဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ် မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူများကို စောင့်ထိန်းသည် ဟု ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၄၁ တွင် ပြဋ္ဌာန်း ထားသည့် အတိုင်း နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က လိုက်နာလျက် ရှိသည်။

နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်း တည်ဆောက် ထားပြီး စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးကာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး ကို ညင်သာစွာ ကူးပြောင်း နိုင်ခဲ့သည်။ အသွင် ကူးပြောင်းမှု တိုင်းတွင် အားလုံး ပါဝင် ဆောင်ရွက် နိုင်သော အရေးပါသည့် ပူးပေါင်း ဆောင်ရွက်မှု ၊ ပွင့်လင်း ထင်သာမြင်သာ ရှိမှု၊ တာဝန်ယူမှု များ တိုးတက် ဆောင်ရွက်လျက် ရှိရာ နိုင်ငံရေး ပါတီ ၆၇ ပါတီကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ နှင့်အညီ ဖွဲ့စည်းခွင့် ပြုခဲ့ပြီး ဖြစ်သည်။ စီးပွားရေး အသွင် ကူးပြောင်းရေး အတွက် ကုန်သွယ်ရေး ၊ ရင်းနှီး မြှုပ်နှံမှု နှင့်ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် အဟန့်အတား ဖြစ်စေသည့် ဥပဒေ ၊ စည်းမျဉ်း စည်းကမ်း များကို ဖြေလျှော့ ပေးလျက် ရှိသည်။ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း များမှာ ပြည်သူကို တိုက်ရိုက် အကျိုးပြုမည့် လျှပ်စစ်မီး ရရှိရေး ၊ သောက်သုံးရေ ရရှိရေး ၊ စိုက်ပျိုးရေး ကဏ္ဍ တိုးတက်ရေး ၊ အလုပ်အကိုင် ရရှိရေး ၊ ခရီးသွား လုပ်ငန်း တိုးတက်ရေး ၊ ငွေရေး ကြေးရေး လုပ်ငန်း ၊ ကုန်သွယ်ရေး နှင့် ရင်းနှီး မြှုပ်နှံမှု တိုးတက်ရေး လုပ်ငန်းများကို ဦးစားပေး အစီအစဉ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်သည်။

တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ တိကျသော အဓိက ရည်မှန်းချက်မှာ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားသည့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး ဖြစ်သည်။ နိုင်ငံသစ် တည်ဆောက်ရေး နှင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ် နယ်ပယ် အသီးသီး၌ ပါဝင် ဆောင်ရွက်နေ သူတို့သည် သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုက်နာ ရမည့်ဥပဒေ စည်းမျဉ်းများ နှင့် အညီ ထိရောက်စွာ ဆောင်ရွက် ကြခြင်းဖြင့် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် တတိယ အကြိမ် ဖိုရမ်တွင် မြန်မာတို့ မျက်နှာပန်း လှမည် ဖြစ်ပေသည်။   ။

(၂၁)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင် နှီးနှောဖလှယ်ပွဲ ကျင်းပမည်


နေပြည်တော် ၊ ၃၁-၁-၂၀၁၄

(၂၁) ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ် တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်- ၅ဝဝ) ၊ ဆင်ဖြူရှင် ခန်းမ၌ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ၊ ၁၃ ၊ ၁၄ ရက်များတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲတွင် သုတေသန စာတမ်း ၃၂ စောင် ၊ သုတေသန လုပ်ဆောင်ချက် ပိုစတာ ၃၂ စောင် ၊ Main Symposium သုံးခု၊ Mini Symposium ကိုးခု၊ Special Talk ငါးခု ၊ Clinicopathological Conference တစ်ခု ၊ Clinical Session တစ်ခုတို့ကို ပြည်တွင်း ပြည်ပမှ သုတေသီများ ၊ ကျန်းမာရေး ဝန်ကြီးဌာန မှ သုတေသီများ နှင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူ ၊ ဆေးမှူး ၊ သူနာပြုများ က ဖတ်ကြား တင်သွင်း ဆွေးနွေး ကြမည် ဖြစ်သည်။

ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ သို့ တက်ရောက် လိုပါက တပ်မတော် ဆေးတက္ကသိုလ် ၊ စာပေဌာန ဖုန်း- ဝ၃၁- ၃၅ဝ၆၂ ၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး (ခုတင်- ၁ဝဝဝ) ဖုန်း- ဝ၃၁- ၃၅၂၄၇ ၊ အမှတ်(၂) တပ်မတော် ဆေးရုံ (ခုတင်- ၅ဝဝ) ဖုန်း- ဝ၃၁- ၃၁၂၇၇ ၊ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်- ၅ဝဝ) ဖုန်း- ဝ၃၁- ၃၅၂၇ဝ တို့တွင် ၂-၂-၂ဝ၁၄ ရက်မှ ၄-၂-၂ဝ၁၄ ရက်အထိ မှတ်ပုံတင် စာရင်းပေးသွင်း နိုင်ကြောင်း အသိပေး ထားသည်။

နှီးနှောဖလှယ်ပွဲ သို့ ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူများ ၊ ဆေးမှူးများ ၊ သူနာပြု အရာရှိများ ၊ သူနာပြုများ နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စိတ်ပါဝင်စား သူများလည်း တက်ရောက် နိုင်ပါကြောင်း သိရှိနိုင်ရေး ဖော်ပြ  ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အိုင်တီအင်ဂျင်နီယာများကို အိန္ဒိယနိုင်ငံတါင် သင်တန်းတက်ရောက်ရန် စီစဉ်ထား



ရန်ကုန် ၊ ၃၁-၁-၂၀၁၄

မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လုပ်ငန်းရှင် များနှင့် အိုင်တီ အင်ဂျင်နီယာ များကို အိန္ဒိယနိုင်ငံ တွင် သင်တန်းများ ပို့ချသွားရန် ကုလသမဂ္ဂ ၏ အာရှ - ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေး ၊ လူမှုရေး ကော်မရှင်က စီစဉ် ထားကြောင်း သိရသည်။

ထို့သို့ လက်တွေ့သင်တန်းများ ပို့ချရာတွင် မြန်မာနိုင်ငံ မှ နည်းပညာ အင်ဂျင်နီယာ များနှင့် စွန့်ဦး တီထွင် လုပ်ငန်းရှင်၂၅ ဦးကို အိန္ဒိယနိုင်ငံ သို့ ဖိတ်ခေါ်မည် ဖြစ်ပြီး သင်တန်း ကာလမှာ ၁၂ ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ 

ထိုအစီအစဉ် သည် မြန်မာ နိုင်ငံ၏ နည်းပညာ ကဏ္ဍ အဆင့် မြှင့်တင်ရန် အတွက် ကုလသမဂ္ဂ ၏ အာရှ - ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေး ၊ လူမှုရေး ကော်မရှင်က သတင်းနှင့် နည်းပညာ စွမ်းအင် မြှင့်တင်ရေး အစီအစဉ်အရ အကောင် အထည် ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း အစီအစဉ်ကို အိန္ဒိယနိုင်ငံ အစိုးရ ၊ မြန်မာနိုင်ငံ အစိုးရနှင့် အိန္ဒိယနိုင်ငံ အခြေစိုက် ထိပ်တန်း နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် ESCAP နှင့် Infosys တို့ပူးပေါင်း ဆောင်ရွက် ကြခြင်းဖြစ်ပြီး အဆိုပါ ပူးတွဲ အစီအစဉ် အတွက် အမေရိကန် ဒေါ်လာ တစ်သန်း သုံးစွဲမည်ဖြစ် ကြောင်းလည်း သိရသည်။

နည်းပညာ သင်တန်းကို လာမည့် သီတင်းပတ် အတွင်း အိန္ဒိယ နိုင်ငံ မိုက်ဆူးရ်မြို့ တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး ESCAP နှင့် Infosys နည်းပညာ ကုမ္ပဏီများမှ ကျွမ်းကျင် အရာရှိများက သင်တန်း ပို့ချ သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

အဆိုပါ အစီအစဉ် အရ မြန်မာ အစိုးရက စီစဉ်နေသည့် e-Government ဖော်ဆောင်ရေး တွင် အထောက်အပံ့ ဖြစ်စေရန် နှင့် မြန်မာ နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ မည့် နည်းပညာ ကုမ္ပဏီကြီးများ တွင် အလုပ်အကိုင် အခွင့်အလမ်း များ ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ပြီး နိုင်ငံတကာမှ အတွေ့အကြုံ များ ၊ နည်းပညာများ နှင့် ကမ္ဘာ့ စီးပွားရေး အခြေအနေ အရပ်ရပ် ကိုလည်း လေ့လာ နိုင်မည် ဖြစ်ကြောင်း ၄င်း ထုတ်ပြန်ချက် တွင် ဖော်ပြထား ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၄) သောကြာနေ့



Download Links



ဒုချီးရားတန်း ကျေးရွာ၌ မီးလောင်ခဲ့မှု တမင်ဖန်တီး လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု မြေပြင်ဖော်ထုတ် တွေ့ရှိချက်များအရ သိရှိရ


အိမ်အမှတ်(၅၆) အဒူဘော်ရှော နေအိမ်ခေါင်မိုး ပေါ်တွင် 
မီးရှို့ရန် ပြင်ဆင်ထားသည့် ကောက်ရိုးထုံးအား တွေ့ရစဉ်
နေပြည်တော် ၊ ၃၁-၁-၂၀၁၄

မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ကျေးရွာ ၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ် ခန့်က မီးလောင်မှုနှင့် ပတ်သက်၍ ကနဦး ရရှိသည့် သတင်းအား ဇန်နဝါရီ ၂၉ ရက်က ရုပ်မြင်သံကြား သတင်းများတွင် ထုတ်လွှင့်ခဲ့ပြီး ဇန်နဝါရီ ၃ဝ ရက်နေ့ နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ယနေ့တွင် အဆိုပါ သတင်းဆက် အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနမှ ရရှိသော သတင်းများ အရ ၄င်းရွာမှ ဘင်္ဂါလီများ ကသာ တမင်ဖန်တီး လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ထုတ် ရရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မီးစတင် လောင်ကျွမ်းရာ ထွက်ပြေး သွားသည်ကို မြင်တွေ့ခဲ့ ရကြောင်း သိရသည်။

နေအိမ်များ ထူထပ်ခြင်း ၊ သက်ငယ်မိုး ၊ ဝါးထရံကာ နေအိမ်များသာ ဖြစ်ခြင်းကြောင့် အဏ္ဏဝါ ဆလာမ် နေအိမ် အပါအဝင် ဘေးပတ် ဝန်းကျင်ရှိ နေအိမ် လေးလုံးအား မီးကူးစက် လောင်ကျွမ်း ခဲ့ကြောင်း ၊ ည ၉ နာရီခွဲ ခန့်တွင် ခရိုင်ဥပဒေ အရာရှိ ဦးမြင့်သန်း ၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် မီးသတ်ကား တစ်စီးတို့ ရောက်ရှိပြီး ဝိုင်းဝန်း မီးငြှိမ်းသတ် ခဲ့ကြသဖြင့် ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် မီးညွန့်ကျိုးသွား ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းသွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အစီရင်ခံစာ အရ သိရှိရသည်။

မီးလောင်ကျွမ်း မှုကြောင့် ဓနိမိုး ၊ ထရံကာ အိမ်ကြီးလေးလုံး ၊ အိမ်သေး ၁၂ လုံး စုစုပေါင်း နေအိမ် ၁၆ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး လူ ၊ တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု ၊ သေဆုံးမှု မရှိခဲ့ကြောင်း ၊ မီးရှို့မှု ဖြစ်စဉ်အား ဒုချီးရားတန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူ က တရားလို ပြုလုပ်ကာ လူနေအိမ် ၁၆ လုံးအား မီးရှို့သွားခဲ့သူ ဘင်္ဂါလီ လူမျိုးများအား ဥပဒေအရ စုံစမ်း ဖော်ထုတ် အရေးယူ ဆောင်ရွက် ပေးရန် တိုင်ကြား သဖြင့် ဇန်နဝါရီ ၂၉ ရက်တွင် မောင်တော ရဲစခန်း၌ အမှုဖွင့် အရေးယူ ထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အား ဆက်သွယ် မေးမြန်းရာ '' ဇန်နဝါရီ ၂၉ ရက် နံနက် ၁၁ နာရီ လောက်မှာ ဒုချီးရားတန်း အနောက်ကျေးရွာ မီးလောင်ပြင်ကို မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း နဲ့ တာဝန်ရှိ သူတွေရယ် ခရိုင် မြေစာရင်း ဦးစီးမှူး ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့တွေ အပါအဝင် တစ်အိမ်ချင်း လိုက်လံ ကြည့်ရှု စစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်တဲ့ နေအိမ်တွေရဲ့ မျက်မြင် အနေအထား အရတော့ အဒူဘော်ရှော ရဲ့ အိမ်အမှတ် (၅၆)အိမ်ခေါင်မိုး ပေါ်မှာ ကောက်ရိုးထုံး တွေပစ်တင် ထားတာကို တွေ့ရတယ်။ နောက်အဲ့ ဒီပတ်ဝန်းကျင် မှာရှိတဲ့ မာမက်ဟာရှိန်း ရဲ့ အိမ်အမှတ် (၅၄) နေအိမ်ထဲမှာ ထင်းတွေ စုပုံထား တာကို တွေ့ရတယ်လို့ သတင်းပို့ ပါတယ်။ အိမ်ထဲမှာ ထင်းတွေ့တယ် ဆိုတာက မီးဖိုထဲမှာ တွေ့ရတာမျိုး
မဟုတ်ဘဲ အိမ်အတွင်း ထဲမှာ မီးရှို့ထားတဲ့ ထင်းတွေကို မသင်္ကာဖွယ် တွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှို့မီး ဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလို ပဲ ယူဆပါတယ်။ ပြစ်မှု ကျူးလွန်သူ တွေကို စုံစမ်း ဖော်ထုတ်ပြီး အမှုဖွင့် အရေးယူ ဆောင်ရွက် သွားဖို့ ဆုံးဖြတ် ခဲ့ပါတယ်'' ဟု ပြောပြခဲ့သည်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း နှင့် အဖွဲ့သည် ကျေးရွာအတွင်း နေထိုင်ကြသော ရွာသူရွာသား များအား မိမိတို့နေအိမ် အတွင်း ပုံမှန် နေထိုင်ကြရန် နှင့် စိုးရိမ်မှု မရှိကြရန် လိုက်လံ ပြောကြားခဲ့ရာ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှ ညနေ ၅ နာရီခွဲအထိ ဒုချီးရားတန်း အနောက်ရွာမှ အမျိုးသမီး ၂ဝ ၊ အမျိုးသား ၂၂ ဦး စုစုပေါင်း ၄၂ ဦး ပြန်လည် ရောက်ရှိ နေပြီဖြစ်သည်။

ဗိုလ်မှူးကြီး ထိန်လင်းက ''ကျွန်တော်တို့ ဒီနေ့မှာလည်း ခရီးစဉ် တစ်ခုနဲ့ ဒုချီးရားတန်း အလယ်ရွာကို ရောက်ခဲ့ ပါတယ်။ လူတွေ ပြန်နေထိုင် နေတာကို တွေ့ခဲ့ ပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ပြောရရင် အခုလို လုပ်ကြံထားတဲ့ ဖြစ်စဉ်မျိုးကို စစ်တွေမှာ ပဋိပက္ခ ဖြစ်တုန်းကလည်း အလားတူ တွေ့ခဲ့ဖူး ပါတယ်။ ဒါက တမင်ဖန်တီး လုပ်ဆောင် ထားတာလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ် ... '' ဟုလည်း ထည့်သွင်း ပြောပြခဲ့သည်။

မီးရှို့မှုဖြစ်စဉ် နှင့် ပတ်သက်၍ အခင်း ဖြစ်ရပ်တွင် တွေ့မြင် ရသော အနေအထားများ အရ လည်းကောင်း ၊ တစ်ချိန်တည်းတွင် အင်တာနက် နှင့် နိုင်ငံတကာ မီဒီယာ အချို့၌ ဒုချီးရားတန်းရွာ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးတုတ်များဖြင့် မီးရှို့လျက် ရှိသည်ဟု မမှန်သတင်းများ အချိန်ကိုက် လွှင့်တင်ခြင်းများ ကြောင့် လည်းကောင်း ယခုဖြစ်စဉ် မှာ ရည်ရွယ်ချက် ရှိရှိဖြင့် တမင်ဖန်တီး လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည် ဟု သုံးသပ် ဖော်ထုတ် ရရှိကြောင်ြး ဖင့်လည်း ပြည်ထဲရေး ဝန်ကြီးဌာန က ရရှိသည့် သတင်းများတွင် ဖော်ပြထားသည်။

Thursday, January 30, 2014

စက်လေးပါး ပီသုံးလုံး နှင့် ဘ၀အောင်မြင်မှု


စက်လေးပါး ပီသုံးလုံး နှင့် ဘ၀အောင်မြင်မှု

အယ်ဒီတာ့အာဘော် 
( ၃၀-၁-၂၀၁၄ )

ဤလောက၌ ဥစ္စာစီးပွား ကြီးပွားချမ်းသာ စေသော အကြောင်း တရား များမှာ ဥစ္စာစီးပွား ကြီးပွား စေနိုင်သော အရပ်၌ နေရခြင်း (ပတိ ရူပဒေသဝါသ) ၊ ရှေးက ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း (ပုဗ္ဗေစ ကတပုညတာ) ၊ ပညာရှိ သူတော်ကောင်း တို့ကို အမှီပြု ရခြင်း (သပ္ပုရိသူ ပနိဿယ) တစ်နည်း အားဖြင့် မိတ်ကောင်း ဆွေကောင်း အမှီအခိုကောင်း ရှိခြင်း ၊ မိမိကိုယ်စိတ် နှလုံးကို အကောင်းဆုံး စောင့်ရှောက် ထိန်းသိမ်းခြင်း (အတ္တ သမာပဏီဓိ) ဟူ၍ လေးမျိုး ရှိသည်ကို စာပေကျမ်းဂန် များ၌ စက်လေးပါး ဟု ဖော်ပြထားသည်။

အသက်မွေးမှု စင်ကြယ်သော လုပ်ငန်းဌာန များတွင် တာဝန် ထမ်းဆောင် နေကြသူ အားလုံး ဥစ္စာစီးပွား ကြီးပွား စေနိုင်သော အရပ်၌ နေရသူများ ဖြစ်သည်ဟု မဆိုနိုင် သော်ငြား မိမိလုပ်ငန်းနှင့် သက်ဆိုင်သော အမြင်ရှိပြီး တာဝန် ကျေပွန်မှု အတွက် လက်တွေ့ ဆောင်ရွက်နိုင် ရမည် ( Vision , Mission , Action ) တာဝန် ကျေပွန်မှု အတွက် အားကြိုး မာန်တက် ဆောင်ရွက်ခြင်း ၊ လုပ်ငန်း ကျွမ်းကျင်မှုကို စေတနာနှင့် ပေါင်းစပ် ဆောင်ရွက်ခြင်း ၊ အချင်းချင်း ညှိနှိုင်း၍ လုပ်ငန်း အောင်မြင် တိုးတက်ရေး တီထွင် ကြံဆခြင်း တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက် နေရမည် ဖြစ်သည်။

ကုန်ထုတ် လုပ်ငန်း ဖြစ်စေ ၊ ဝန်ဆောင်မှု လုပ်ငန်း ဖြစ်စေ ၊ စည်းစနစ် ရှိသော လုပ်ငန်းကြီး လုပ်ငန်းငယ် တိုင်း၌ လုပ်ငန်းမူဝါဒ ၊ လုပ်ငန်း အခြေခံ သဘောတရား နှင့် လုပ်ငန်းစဉ် ( Policy , Principle and Procedure ) များ တိကျစွာ သတ်မှတ်ထားပြီး ခိုင်ခိုင်မြဲမြဲ စွဲကိုင် ထားကြသည်။ ပညာရှင် များ၏ အဆိုအရ လုပ်ငန်းတိုင်း ပီသုံးလုံး ရှိရမည်ဟု ယူဆကြသည်။ အပြိုင်အဆိုင် များသော ခေတ်သစ်တွင် ဆန်းသစ် တီထွင်မှု လိုအပ်လာချိန် မြေစမ်း ခရမ်းပျိုးသည့် ကာလတို အတွင်း မူလ အခြေခံ သဘောတရား များကို ဖြေလျှော့ ပေးရသည့် သဘာဝ ရှိမည် ဖြစ်သော်လည်း လုပ်ငန်း အရှိန်ရ လာချိန်တွင် မူလ အခြေခံ သဘောတရား များအား လျစ်လျူ မရှုသင့်ပေ။ လုပ်ငန်းတစ်ခု သည် မူလ အခြေခံ သဘောတရား များနှင့် လွတ်ကင်း နေသော် လုပ်ငန်း တာဝန်အပေါ် အလေးအနက် မထားသူများ အတွက် အခွင့်ကောင်း ဖြစ်ကာ လုပ်ငန်း အရည်အသွေး ကျဆင်း သွားမည် ဖြစ်သည်။

ပြော၍ မနာခံသူ ငါးဦးတွင် သဒ္ဓါတရား မရှိသူကို ရှိရန်ပြော၍ မနာခံ ၊ အကြားအမြင် မရှိသူကို ရှိရန်ပြော၍ မနာခံ ၊ ပေးကမ်း စွန့်ကြဲခြင်း မရှိသူကို ပေးရန် ပြော၍ မနာခံ ၊ ပညာမဲ့သူကို ပညာရှိအောင် ပြော၍ မနာခံ ၊ သီလ မရှိသူကို သီလစောင့်ရန် ပြော၍ မနာခံသူ တို့ပါဝင်ကြောင်း ပညာ ရှိများ ညွှန်ပြခဲ့ ကြသည်။ 

ဤ သဘာဝအရ လုပ်ငန်း တာဝန်အပေါ် အလေးအနက် မထားသူကို အလေးအနက် ထားရန် ပြောသော်လည်း ထူးမခြားနား အခြေအနေ မျိုး တွေ့နိုင်သည်။ ပုံပျက်နေသော လောကကို ပြုပြင်သူ အဖြစ်မခံလို ၍ မိုးခါးရေ သောက်ခြင်း သည် မိမိလုပ်ငန်း တာဝန် မကျေပွန်ရာ ကျပေမည်။ စီးပွားရေး လုပ်ငန်း အားလုံးတို့ အတွက် ဈေးကွက်ကို စားသုံးသူ ( Customer ) က အဆုံးအဖြတ် ပေးခြင်းကြောင့် စားသုံးသူ တို့အား လျစ်လျူရှုခြင်း ဟုလည်း ဆိုနိုင်သည်။

ကြီးပွား ချမ်းသာစေသော အကြောင်းတရား လေးပါး တို့တွင် မိမိ ကိုယ်စိတ် နှလုံးကို အကောင်းဆုံး စောင့်ရှောက် ထိန်းသိမ်းခြင်း သည် အခြေခံ အကျဆုံး ဖြစ်သည်။ ကိုယ်စိတ်နှလုံး အကောင်းဆုံး စောင့်ထိန်းသူ တစ်ဦးအဖို့ ကြီးပွား စေနိုင်သော အရပ်၌ နေရခြင်း ၊ မိတ်ကောင်း ဆွေကောင်း အမှီအခိုကောင်း ရှိခြင်းတို့ ပြည့်စုံနေမည် ဖြစ်သည့်အပြင် မိမိ လုပ်ငန်းနှင့် သက်ဆိုင်သော မူဝါဒ ၊ အခြေခံ သဘောတရား နှင့် လုပ်ငန်း စဉ် တို့ကိုလည်း ခိုင်ခိုင်မြဲမြဲ ကိုင်စွဲထားနိုင် ခြင်းတို့ကြောင့် ဘဝ အောင်မြင်မှု ပန်းတိုင်သို့ မလွဲမသွေ ရောက်ရှိ နိုင်မည် ဖြစ်ပေသည်။ ။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၅)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၅)

( ၃၀-၁-၂၀၁၄ ရက် ကြာသပတေးနေ့ အပတ်စဉ်ထုတ် )

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁-၂၀၁၄) ကြာသပတေးနေ့



Download Links



ရွှေချိန်တွယ်မှု စနစ်ကို ကမ္ဘာသုံး ယူနစ်ပြောင်းလဲရန် တိုက်တွန်း



ရန်ကုန် ၊ ၃၀-၁-၂၀၁၄

မြန်မာနိုင်ငံ အတွင်း ရောင်းဝယ် ဖောက်ကားလျက် ရှိသော ရွှေများကို ချိန်တွယ်ရာတွင် ကျပ် ၊ ပဲ ၊ ရွေး ယူနစ်များဖြင့် အသုံးပြုခြင်း အစား ကမ္ဘာသုံး ယူနစ် ဖြစ်သော ဂရမ် သို့ ပြောင်းလဲရန် နှိုးဆော် တိုက်တွန်းလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့် ၏ ပြောကြားချက် အရ သိရသည်။

'' ကျပ်၊ ပဲ၊ ရွေး စနစ်ကို သုံးနေတာ ကျွန်တော်တို့ နိုင်ငံ တစ်နိုင်ငံပဲ ရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဒီစနစ်ကို ဖျက်သိမ်းပြီး ကမ္ဘာသုံး ဂရမ်ယူနစ်ကို ပြောင်းလဲဖို့ အတွက် အချိန်တန် နေပါပြီ။ ဘာလို့လဲ ဆိုတော့ လာမယ့် ၂ဝ၁၅ မှာ အာဆီယံ ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့်နဲ့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု တွေ တစ်ဟုန်ထိုး ဝင်ရောက် လာမယ့်အခါမှာ ဒီကမ္ဘာသုံး ဂရမ်ကိုပဲ အသုံးချရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လုပ်ငန်းရှင် အသင်းဝင် အစည်းအဝေးပွဲ တွေမှာရော ၊ စီးပွားရေး ဟောပြောပွဲ တွေနဲ့ တခြား နေရာတွေမှာ အလျဉ်းသင့် သလို ကမ္ဘာသုံး ဂရမ်စနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ တိုက်တွန်း နေပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၏ ရွှေအရည်အသွေး များကိုလည်း နိုင်ငံတကာမှ လက်ခံနိုင်မည့် စံနှုန်းကို ရရှိအောင် ရွှေလုပ်ငန်းရှင် များက ကြိုးပမ်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ၊ သို့မှသာ ကမ္ဘာနှင့် ယှဉ်၍ ရောင်းဝယ်မှု ပြုရန် လွယ်ကူနိုင်မှာ ဖြစ်ပြီး ယင်း ကမ္ဘာသုံး ယူနစ် ဂရမ် အချိန်အတွယ်ကို မကြာမီ ဖြစ်မြောက်အောင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ပြည်ပပညာရှင်များ ပါဝင်သော မြေငလျင်လေ့လာမှု ရခိုင်ပြည်နယ် မာန်အောင်ကျွန်း ပတ်ဝန်းကျင်တွင် လုပ်ဆောင်မည်


ရန်ကုန် ၊ ၃၀-၁-၂၀၁၄

ပြည်ပမှ ပညာရှင်များ နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ် ရှိ မာန်အောင်ကျွန်း ပတ်ဝန်းကျင်တွင် မြေငလျင် ဆိုင်ရာ ကွင်းဆင်း လေ့လာမှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကွင်းဆင်း လေ့လာမှုသည် မာန်အောင်ကျွန်း နေရာအနီးတွင် အိန္ဒိယ ပြတ်ရွေ့ကြော နှင့် မြန်မာနိုင်ငံ ပြတ်ရွေ့ကြော မြေဆီလွှာ နှစ်ထပ် ထိတွေ့သော နေရာတစ်ခု ရှိကြောင်း ၊ ၂ဝ၁၃ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော အင်ဒိုနီးရှား နိုင်ငံ မြေငလျင်ကြော နှင့် ဆက်စပ်မှု ရှိနေကြောင်း ၊ ယင်းဖြစ်ပွား ချိန်တွင် မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်း ကိုလည်း ရိုက်ခတ်မှု ရှိခဲ့ပြီး မာန်အောင်ကျွန်း ၊ ရမ်းဗြဲကျွန်း များတွင် ရေအောက် မီးတောင်များ ပေါက်ကွဲခြင်း ၊ ရွှံ့မီးတောင်များ ဖြစ်ပေါ်မှု အခြေအနေများ ရှိခဲ့ကြောင်း သိရသည်။

'' တခြားကျွန်း တွေမှာလဲ လေ့လာမှုပြု လုပ်ပြီးပါပြီ ၊ ကျန်ရှိနေတဲ့ ဆက်စပ်ကျွန်း တွေမှာ လေ့လာဖို့ လုပ်နေတာပါ။ ကြိုတင် ခန့်မှန်းနိုင်မှု နဲ့ ပြင်ဆင်မှုတွေ အဓိက လုပ်ဆောင် နိုင်အောင်ပါ။ ဒါကိုလဲ ပြည်ပပညာရှင် တွေနဲ့ ပူးပေါင်း လုပ်ပါမယ် ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ယင်း ကွင်းဆင်း လေ့လာမှု အဖွဲ့တွင် စင်ကာပူနိုင်ငံ အခြေစိုက် နိုင်ငံတကာ တက္ကသိုလ်မြေ ကမ္ဘာ့ လေ့လာရေး ဌာနမှ ပညာရှင်များ ၊ အမေရိကန် နှင့် ထိုင်ဝမ်တို့မှ ပညာရှင်များ အပါအဝင် ပြည်ပ ပညာရှင် ခြောက်ဦး ၊ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ၊ မိုးလေဝသဌာန နှင့် တက္ကသိုလ် တစ်ခုမှ ပညာရှင် အပါအဝင် လေးဦး စုစုပေါင်း ပညာရှင် ၁ဝ ဦး ပူးပေါင်း ကွင်းဆင်း လေ့လာမှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသ၌ ၂ဝ၁ဝ ပြည့်နှစ်တွင် ရမ်းဗြဲကျွန်း ကမ်းခြေ ၊ ၂ဝ၁၁ ခုနှစ်တွင် ရမ်းဗြဲကျွန်း နှင့် မာန်အောင်ကျွန်း ကမ်းခြေ ၊ ၂ဝ၁၂ ခုနှစ်တွင် ရမ်းဗြဲကျွန်း အနီးရှိ နေရာများ ၊ ၂ဝ၁၃ ခုနှစ်တွင် ရမ်းဗြဲကျွန်း အနီးရှိ ကျွန်းများနှင့် ရွှံ့မီးတောင် များကို လေ့လာပြီး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - တရုတ် နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဂိတ်ကို နိုင်ငံတကာ အဆင့်တိုးမြှင့်မည်



ရန်ကုန် ၊ ၃၀-၁-၂၀၁၄

မြန်မာ - တရုတ် နယ်စပ် ဝင်-ထွက်ပေါက် ဂိတ်များကို နိုင်ငံတကာ အဆင့် သွားလာနိုင်သော ဝင်-ထွက်ပေါက်ဂိတ် အဖြစ် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ လုပ်ဆောင်မှုသည် နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်မှု တိုးတက် လာစေရေး အတွက် နယ်စပ်ဂိတ် များကို နိုင်ငံတကာ အဆင့်၌ တိုးမြှင့်ရခြင်း ဖြစ်သည်။ လက်ရှိတွင်လည်း ဝင်ထွက် သွားလာမှု များသော ထိုင်းနိုင်ငံ နယ်စပ် တစ်လျှောက်ရှိ နယ်စပ်ဂိတ်များ ကို နိုင်ငံတကာ အဆင့်မြှင့်တင် လုပ်ဆောင် ခြင်းကြောင့် နိုင်ငံခြားသား ခရီးသွားများ နေ့စဉ် ဝင်ထွက်မှု များလာ နေကြောင်း သိရသည်။ ယင်းအတွက် တရုတ်နိုင်ငံ နယ်စပ် ဂိတ်များကို တိုးမြှင့်ရန် စီစဉ်လာခြင်း ဖြစ်ကြောင်း သိရသည်။

'' နယ်စပ်ဂိတ်တွေ တိုးမြှင့် လာပြီဆိုရင် လုံခြုံရေး စနစ်တွေပါ ကောင်းမှ ရမှာပါ။ ဒီအတွက်လဲ ပြင်ဆင် လုပ်ဆောင်လျက် ရှိနေပါတယ်။ ဒါကိုလဲ အချိန်နဲ့ တစ်ပြေးညီ သတင်း ပေးပို့တဲ့ စနစ်တွေ ကောင်းဖို့လဲ လုပ်မယ်။ ပြီးရင် နိုင်ငံတကာ ဝင်-ထွက် ပေါက်ဂိတ် အဖြစ် ဖွင့်လှစ် နိုင်အောင်လဲ စီစဉ်မယ် ... '' ဟု၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

လာမည့် ဘဏ္ဍာရေးနှစ် အတွင်း GMS, ASEAN, BIMSTEC, CAMES အစရှိသည့် အဖွဲ့အစည်းများ နှင့် လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်း ၊ အပြည်ပြည် ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ် ဝင်-ထွက် ပေါက်ဂိတ်များကို တိုင်းဒေသကြီး ၊ ပြည်နယ် ဦးစီးဌာနမှူးရုံး ၊ ရုံးချုပ် တို့နှင့် ဆက်သွယ် နိုင်သည့် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ပြီး အချိန်နှင့် တစ်ပြေးညီ သတင်းပို့စနစ် တည်ဆောက်မည် ဖြစ်ကြောင်း ၊ နယ်စပ်ဒေသ ဝင်-ထွက် သွားလာမှုတွင် ထိန်းချုပ်ရေး ကွန်ရက်စနစ် ပါဝင်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နှစ်အတွင်း နယ်စပ် ဝင်ပေါက် တချို့ကို နိုင်ငံတကာ ဝင်-ထွက်ပေါက် အဖြစ် တိုးမြှင့်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံခြား ခရီးသွား ဦးရေ တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာ အဆင့် ဖြစ်လာပါက မြန်မာနိုင်ငံ အတွင်း တရားဝင် ခွင့်ပြုထားသည့် နေရာ ဒေသတိုင်းကို ဝင်ထွက် သွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံ နှင့် ချုပ်ဆို ထားသည့် ဝင်-ထွက်ပေါက် စာချုပ်ကိုလည်း ပြင်ဆင် ချုပ်ဆို သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Wednesday, January 29, 2014

ကျေးလက်ဒေသဖွံ့ဖြိုးရေး အလေးထား


ကျေးလက်ဒေသဖွံ့ဖြိုးရေး အလေးထား

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်ပြီး ကျေးလက်နေ ပြည်သူများ အနေဖြင့် လယ်ယာမြေ စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင် ဆောင်ရွက် ကြသည်။ ထို့ပြင် လယ်ယာမြေ လုပ်ငန်းများနှင့် အတူ သားငါး မွေးမြူရေး လုပ်ငန်းများ ကိုလည်း တွဲဖက် လုပ်ကိုင်လျက် ရှိကြသည်။

ထို့ကြောင့် နိုင်ငံတော် အနေဖြင့် ကျေးလက်နေ ပြည်သူများ လူမှုဘဝ ဖူလုံရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး ဆိုင်ရာ အစီအစဉ် များကို အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိသည်။ ထိုသို့ ဆောင်ရွက် ရာတွင် ကျေးလက်ဒေသ များ၌ စီးပွားရေး အခွင့်အလမ်း များ ပိုမို ဖြစ်ထွန်းရန် ဆောင်ရွက် ခြင်းဖြင့် ကျေးလက် ပြည်သူများ၏ ဆင်းရဲ နွမ်းပါးမှု လျော့ကျရေးကို ဦးတည် ဆောင်ရွက်ရန် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ သည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံ ဖြစ်သည်နှင့် အညီ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက် ကြသော ကျေးလက်နေ တောင်သူ လယ်သမား များ၏ လယ်ယာ သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ၊ ပြောင်းလဲ လာသည့် ရာသီဥတုကို ရင်ဆိုင် ကျော်လွှားပြီး စားနပ်ရိက္ခာ ဖူလုံမှု ရရှိရေး ၊ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေ တိုးတက်ရရှိရေး တို့အတွက် အလေးထား ဆောင်ရွက် ကြရမည် ဖြစ်သည်။

ကမ္ဘာတစ်ခွင် ပြောင်းလဲ နေသော ရာသီဥတု ကိုကြည့်ပြီး မြန်မာနိုင်ငံ ၏ လယ်ယာ သားငါးကဏ္ဍ တိုးတက်အောင် စွမ်းဆောင် ကြရမည် ဖြစ်သည်။ ထိုသို့ စွမ်းဆောင် ရာတွင် ဆွေးနွေးပွဲ များ၌ ဆွေးနွေး အကြံပြုရုံ မျှမက လက်တွေ့ ကျကျ ဆောင်ရွက် နိုင်သည့် နည်းလမ်းများကို စီးပွားရေး ပညာရှင်များ ၊ အသင်းအဖွဲ့များ ၊ ဌာနဆိုင်ရာ များက ဝိုင်းဝန်း၍ လက်တွေ့ အကောင် အထည်ဖော် ကြရမည် ဖြစ်သည်။

ထိုမျှ သာမက ကုန်ထုတ်လုပ်မှု စရိတ် မြင့်မားခြင်း ၊ ထုတ်လုပ်နိုင်မှု ပမာဏနှင့် အရည်အသွေး ကြောင့် ရသင့် သလောက် မရကြသည့် ဝင်ငွေ အကျိုးအမြတ် လျော့နည်းခြင်း ၊ လူဦးရေ တိုးတက်မှု နှုန်းနှင့် အတူ စားဝတ်နေရေး စရိတ် မြင့်မားမှု တို့သည်လည်း ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်တွင် ထည့်သွင်း စဉ်းစား ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ခေတ်မီသော နိုင်ငံတော် သစ်ကြီးကို ဝိုင်းဝန်း တည်ဆောက် ရာတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု သည် အဓိက ကျသောကြောင့် ကျေးလက်ဒေသ ကုန်ထုတ် လုပ်ရေး လုပ်ငန်းများ ၊ စီးပွားရေး လုပ်ငန်းများ တိုးတက်အောင် အားသာချက် ၊ အားနည်းချက် နှင့် စိန်ခေါ်မှု မျိုးစုံတို့ကို မျက်ခြည် မပြတ် ကြည့်ရှုပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး ကို အကောင် အထည်ဖော် အလေးထား ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( ၂၉-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

တောင်ပံ မစုံတဲ့ငှက်


တောင်ပံ မစုံတဲ့ငှက်

သားတို့အမေ ၊ ကွယ်ခဲ့လေမှ
အဖေကျန်ခဲ့ ၊ အားလည်းယဲ့မိ
ပြာလဲ့မိုးယံ ၊ တက်မည်ကြံလည်း
တောင်ပံတစ်ဖက်တည်း ၊ ပျံဝဲဖို့ခက်
ငှက်ငယ်ပုံသို့ ဘ၀ချို့။

ပြုတ်ခဲ့တောင်ပံ ၊ တစ်ဖက်ကျန်ဖြင့်
ငှက်မာန်ကိုသွင်း ၊ ချွေးကိုရင်း၍
ထမင်းနပ်မှန် ၊ စားနိုင်ရန်တွက်
ရုန်းကန်လုပ်ကျွေး ၊ ဘ၀ပေးတည့်
ကြွေးသစ်ချခဲ့ပါသကား။

ရင်သွေးမျက်ရှု ၊ ရွှေနှယ်ဥသို့
ပုလုကွေးရွယ် ၊ ငယ်ကတည်းက
ချစ်ခဲ့ရသည်
အပျိုလူပျို ၊ ဖြစ်ပြီဆိုတော့
ကိုင်းကိုစုံကန် ၊ ငှက်နှယ်ပျံကြ
တောင်ပံတစ်စုံ ၊ မပြည့်စုံလည်း
စုပြုံနေပြီး ၊ ဖေ့မျက်မည်းကို
မညည်းမညူ ၊ ကျွေးခဲ့သူတည့်
တစ်လှည့်ကျွေးဟောင်း ၊ ဆပ်ခဲ့ကောင်းဟု
ငဲ့စောင်းတစ်ပြန် ၊ ကြည့်ကောင်းတန်ဟု
တစ်ရံအတိတ် ၊ တွေးရင်းထိတ်ရှင့်
မည်းချိပ်ညဥ့်ယံ ၊ ယောက်ယက်ဆန်ခဲ့
ပြန်ရက်နီးပါပြီတကား။  ။

အောင်ဆန်းသိန်း (ပခုက္ကူ)

( ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ငွေတာရီမဂ္ဂဇင်း ပါ ကဗျာကဏ္ဍမှ )


တစ်မျိုးသားလုံး သာယာဝပြောသော ဘ၀ကို ဖော်ဆောင်


တစ်မျိုးသားလုံး သာယာဝပြောသော ဘ၀ကို ဖော်ဆောင်

အယ်ဒီတာ့အာဘော်
( ၂၉-၁-၂၀၁၄ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ကျင်းပသည့် အများပြည်သူ နှင့် ပုဂ္ဂလိက ဆိုင်ရာ သက်ဆိုင်သူ အားလုံး ပါဝင်သည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု စားပွဲဝိုင်း ဆွေးနွေး ပွဲကို ဇန်နဝါရီ ၂၆ ရက်တွင် နေပြည်တော် ဟိုတယ်ဇုန် ရှိ သင်္ဂဟ ဟိုတယ် ၌ ကျင်းပ ခဲ့သည်။

စားပွဲဝိုင်း ဆွေးနွေးပွဲ သို့ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ရောက် ဆွေးနွေးရာ၌ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု အတွက် Public, Private, Partnership (PPP) ၏ အခန်းကဏ္ဍ သည် အရေးကြီးကြောင်း ၊ ပုဂ္ဂလိက ကဏ္ဍ၏ ပါဝင်မှုကို လိုက်၍ (PPP) ပုံစံ အမျိုးမျိုး ဖြစ်နိုင်ကြောင်း ၊ လက်ရှိ အနေအထား တွင် အခြေခံ အဆောက်အအုံ စီမံကိန်း အမျိုးမျိုးကို ဘီအိုတီ စနစ်ဖြင့် အကောင် အထည်ဖော် လျက်ရှိကြောင်း ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ အတွက် ကဏ္ဍအလိုက် ၊ အဆင့်အလိုက် စိန်ခေါ်မှုများ ရှိနိုင်ကြောင်း ၊ သို့ရာတွင် ယင်း စိန်ခေါ်မှု များကို ခိုင်မာသည့် နိုင်ငံရေး ဆန္ဒဖြင့် ကျော်လွှား သွားနိုင်မည် ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေး ခဲ့သည်။

ခိုင်မာသည့် နိုင်ငံရေး ဆန္ဒဟူသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး အတွင်း သမိုင်း အဆက်ဆက် အေးအတူ ပူအမျှ အတူတကွ နေထိုင် ခဲ့ကြသော တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး သာယာ ဝပြောသော ဘဝကို ဖန်တီးလိုစိတ် ရှိခြင်းပင် ဖြစ်သည်။ နိုင်ငံရေးသည် နိုင်ငံ တစ်နိုင်ငံနှင့် စပ်ဆိုင်သော အရေးကိစ္စ များဟု မြန်မာ အဘိဓာန် က အဓိပ္ပာယ် ဖွင့်ဆို ထားသည်။ နိုင်ငံ တစ်နိုင်ငံနှင့် စပ်ဆိုင်သော အရေးကိစ္စ များသည် နိုင်ငံသား တို့နှင့် စပ်ဆိုင်သော အရေးကိစ္စ များပင် ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နှင့် စပ်ဆိုင်သော အရေးကိစ္စ များသည် တိုင်းရင်းသား ပြည်သူသန်း ၆ဝ နှင့် စပ်ဆိုင်သော အရေးကိစ္စ များပင် ဖြစ်သည်။ နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ် အောင်ဆန်း မကွယ်လွန်မီ က ပြောခဲ့သော စကားမှာ '' ရဲဘော်က နိုင်ငံရေးကို မေ့ထားသော် လည်း နိုင်ငံရေးက ရဲဘော်ကို ပစ်မထားဘူး ''ဟု မိန့်ကြား ခဲ့ရာ နိုင်ငံရေး ဆိုသည်မှာ နိုင်ငံသား တစ်ဦးချင်းစီ ၏ အရေးကိစ္စတို့ ပေါင်းစည်း ထားသော တစ်မျိုးသားလုံး အရေးကိစ္စ များကို နိုင်ငံရေးဟု ခေါ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသား နှင့် နိုင်ငံရေးသည် တစ်ပေါင်းတည်း ဖြစ်သည်။

နိုင်ငံတော် အစိုးရက ဆောင်ရွက်နေသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် နိုင်ငံရေး ၊ စီးပွားရေး ၊ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲခဲ့ပြီး စတုတ္ထ အဆင့် ပြုပြင် ပြောင်းလဲရေး အဖြစ် ပုဂ္ဂလိက ကဏ္ဍ မြှင့်တင်ရေးကို ဆောင်ရွက် ခဲ့သည်။ နိုင်ငံတော် ၏ ဂျီဒီပီ ဖွံ့ဖြိုး တိုးတက်မှုသည် ၂ဝ၁၂ - ၂ဝ၁၃ ဘဏ္ဍာရေးနှစ် တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာရေးနှစ် တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့က ခန့်မှန်းထား သဖြင့် တိုးတက်မှု အရှိန် တဖြည်းဖြည်း မြင့်တက် လာမည် ဖြစ်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း များတွင် တွေ့ကြုံရမည့် စိန်ခေါ်မှု များကို ခိုင်မာသည့် နိုင်ငံရေးဆန္ဒ တစ်နည်းအားဖြင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး သာယာ ဝပြောသော ဘဝကို ဖော်ဆောင် လိုသည့် စိတ်ကောင်း စေတနာဖြင့် လွှတ်တော် ၊ နိုင်ငံတော် အစိုးရ ၊ တပ်မတော်တို့ နှင့် လက်တွဲ၍ နိုင်ငံသား အားလုံး ကျရာကဏ္ဍ မှာ ပါဝင် ထမ်းဆောင် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။    ။

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁-၂၀၁၄) ဗုဒ္ဓဟူးနေ့



Download Links




Tuesday, January 28, 2014

မြင့်တက်လာသည့် ပညာရေး ဆက်လက်ထိန်းသိမ်း ဖော်ဆောင်


မြင့်တက်လာသည့် ပညာရေး ဆက်လက်ထိန်းသိမ်း ဖော်ဆောင်

နိုင်ငံ တစ်နိုင်ငံ၏ ပညာရေး အခြေခံ ကောင်းမှ ခိုင်မာသည့် ဒီမိုကရေစီ စနစ် အကောင် အထည်ဖော် နိုင်မည် ဖြစ်သည့် အတွက် ပညာရေး ဖွံ့ဖြိုး တိုးတက်မှုသည် အဓိက အခြေခံ အကျဆုံး လိုအပ်ချက် ဖြစ်၍ နိုင်ငံတော်မှ ပညာရေး အခြေခံ ကောင်းများ ဖြစ်ပေါ်လာရေး စီစဉ် ဆောင်ရွက် ပေးလျက် ရှိသည်။

နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူ့ စွမ်းအားဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်သည်။ အရည်အချင်း ပြည့်ဝသည့် ခေါင်းဆောင် ကောင်းများ ဖြစ်ပေါ် လာရန်မှာ ပညာရေးသည် အရေးကြီးသည်။ ပညာကို လည်းကောင်း ၊ ဘဝကို လည်းကောင်း ထိန်းကျောင်း ပေးသည့် အတွက် စာသင်ကျောင်း ဟု ခေါ်ဆိုရာ ဆရာ ၊ ဆရာမ များသည် မိမိတို့၏ တပည့်များကို မိမိတို့၏ ရင်၌ဖြစ်သော သားကဲ့သို့ ဗလငါးတန် ပြည့်စုံ ဖွံ့ဖြိုးရန် သင်ကြား ပေးကြရမည် ဖြစ်သည်။

ပြည်သူတို့ ဗလငါးတန် ပြည့်စုံခြင်းသည် ဆင်းရဲခြင်းကို တိုက်ဖျက် နိုင်သည့် နိုင်ငံတော်သစ် တည်ဆောက် နိုင်သည့် ခွန်အား ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်မှ ပညာရေး ဘတ်ဂျက်များ တိုးမြှင့် ပေးလျက်ရှိပြီး ကျောင်းအဆင့် မြှင့်တင်ပေးခြင်း ၊ လိုအပ်သည့် ကျောင်းဆောင် ၊ လိုအပ်သည့် ဆရာ ၊ ဆရာမ အင်အားများ ဖြည့်ဆည်း ပေးလျက် ရှိသည်။

ဤသို့ ပညာရေး အခြေခံ ကောင်းများ ဖြစ်ထွန်း လာရေး ဆောင်ရွက် ပေးခြင်းဖြင့် မျိုးဆက်သစ်များ တစ်ဆင့်ပြီး တစ်ဆင့် စွမ်းရည် မြင့်တက်လာပြီး လူသားစွမ်းရည် မြင့်မားသည့် ဂုဏ်ယူဖွယ်ရာ မျိုးဆက်ကို ထူထောင် နိုင်မည် ဖြစ်သည်။

ကမ္ဘာ့ အလယ်တွင် မြန်မာနိုင်ငံ နှင့် နိုင်ငံသားတို့ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နိုင်ရန် ပညာရေး အခြေခံ ခိုင်မာရန် လိုသည်။ နိုင်ငံတော်က ပညာရေးကို အားပေး သကဲ့သို့ ပြည်သူများ ကလည်း တက်ကြွစွာ ပါဝင်အားဖြည့် ဆောင်ရွက်သည့် အတွက် ပညာရေး အသီးအပွင့်များ ပိုမို ဖြစ်ထွန်း လာသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတော်သစ် ခိုင်မာစွာ ဖြစ်ပေါ် လာရေးအတွက် တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်လာသည့် ပညာရေး အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်း၍ ပြည်သူအင်အား အပြည့် အဝဖြင့် တက်ကြွစွာ ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။ 

( ၂၈-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

ပျော်စရာစုံညီ တို့တိုင်းပြည်


ပျော်စရာစုံညီ တို့တိုင်းပြည်
----------------

တို့များနေသည် . . . 
မြန်မာပြည်တွင် ၊ ချင်း ကချင် နှင့်
ကရင် ကယား ၊ တူစိတ်ထားဖြင့်
ရှမ်း နှင့် ဗမာ ရခိုင်ပါ၏။

မနောပွဲတော် ၊ တူပျော်ပျော်မို့
မော်ကြွားဝင့်ဝင့် ၊ ထူးတင့်ပေဟန်
ကဟန်ငြိမ့်ညောင်း ၊ စုပေါင်းအက
ခညောင်းပေစွ ကချင်အလှ။

တောင်ကွဲစေတီ ၊ ငွေတောင်ပြည်မှ
ချစ်ကြည်စိတ်ထား ၊ တို့ကယား၏
ဖားစည်ပွဲတော် ၊ မြို့လွိုင်ကော်မှာ
ပျော်ရွှင်ဆင်နွှဲ လှဂုဏ်အင်။

ဖားစည်သံလွှမ်း ၊ တောမြိုင်တန်းမှာ
စံမြန်းဌာနေ ၊ ကရင်မြေတွင်
ဇွဲကပင်နှင့် ၊ ဒုံးယိမ်းဆင့်၍
မြူးဝင့်လှပ ၊ ရွှင်ပျော်ကြ။

ချင်းတို့နေပြည် ၊ နောက်မြောက်ဆီမှာ
ခွာဒိုပွဲတော် ၊ တူနွှဲပျော်ကြ
အလှစုထား ၊ မြို့ဟားခါးမှာ
တို့များချင်းတို့ ပျော်မွေ့ကြွား။

မွန်တို့ဌာနီ ၊ ရွှေမြိုင်ပြည်မှာ
ချစ်ကြည်လျှမ်းပ ၊ ရိုးရာကနှင့်
ဗုဒ္ဓဘာသာ ၊ မွန်တို့စာသည်
ချိန်ကြာညောင်းလည်း ကောင်းနေဆဲပင်။

ဗမာရိုးရာ ၊ ဗုံသံသာနှင့်
သုံးဖြာလှပ ၊ ဆိုးတီးကနှင့်
ဂီတသဘင် ၊ ဆိုင်းဝိုင်းလွင်ခဲ့
သစ်လွင်နေဆဲ ရိုးရာပွဲ။

မြန်ပြည် နောက်တံခါး ၊ စောင့်ကြပ်ထားသည့်
တို့များရခိုင် ၊ မနောလှိုင်စွာ
ယှဉ်ပြိုင်ဆင်နွှဲ ၊ ကျင်ပွဲတော်မှာ
ပျော်စရာများ ရခိုင်သား။

နောင်ဗိန်နောင်မြည် ၊ တို့ရှမ်းပြည်မှာ
စည်သံမောင်းသံ ၊ ကိန္နရာဟန်နှင့်
ကဟန်ရွှင်လန်း ၊ တို့များရှမ်းဟု
ခမ်းနားပေစွ ဓားသိုင်းလှ၏

မြန်မာပြည်သား ၊ သွေးချင်းများ၏
ငွားငွားစွင့်စွင့် ၊ ဂုဏ်ရှိန်တင့်သည့်
မြင့်မြတ်စိတ်ထား ၊ အလှများကား
နှစ်များကြာရှည် တည်ပါစေ
တို့များမြန်ပြေ (ပြည်) သာပါစေ
တိုင်းရင်းသားတို့ ပျော်ပါစေ။  ။

( ဘုန်းမောင်ဝင်း - ဖျာပုံ )

( ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလထုတ် မြ၀တီရသစုံမဂ္ဂဇင်းပါ ကဗျာကဏ္ဍမှ )


မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၁၇)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၁၇)

( ၂၈-၁-၂၀၁၄ ရက် အင်္ဂါနေ့ အပတ်စဉ်ထုတ် )

Download Links




အာကာသဟင်းလင်းပြင် မှ စီးဆင်းသံများ သတိထား


အာကာသဟင်းလင်းပြင် မှ စီးဆင်းသံများ သတိထား

အယ်ဒီတာ့အာဘော်
( ၂၈-၁-၂၀၁၄ )

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်မှစ၍ နည်းပညာများ ပြောင်းလဲခဲ့ရာမှ ၂၁ ရာစုသို့ ရောက်သော် သတင်း ပြန်ကြားရေး နည်းပညာများ အရှိန်အဟုန်ဖြင့် ပြောင်းလဲ တိုးတက် လာခဲ့သည်။ အမေရိကန် ပြည်ထောင်စု မှ ကဗျာ ဆရာမကြီး ပါမောက္ခ မာရာအင်ဂလို ဆိုသူက ၂၁ ရာစုတွင် အရာဝတ္ထု ပစ္စည်းများ အပြောင်းအလဲ မြန်သော်လည်း လူသားတို့ သဏ္ဌာန်မှာ လောဘ ၊ ဒေါသ ၊ မောဟများ ဖုံးလွှမ်းနေပြီး အတ္တ ၊ အမုန်းတရား နှင့် သစ္စာမဲ့မှု များဖြင့် ပြည့်နှက် နေခြင်းကြောင့် လူတို့၏ စိတ်စေတသိတ် ပြောင်းလဲဦးမည် မဟုတ်ပါ။ လူတို့၏ တာဝန်သည် အတွေ့အကြုံ မှ ဘဝသစ္စာကို ဖော်ထုတ်၍ လောကသို့ ကောင်းကျိုး ပြုရန်သာ ဖြစ်ပြီး ဘဝသစ္စာ ရှာဖွေ ကြရာ၌ အချက်အလက် (င်္ခေအျ) သက်သက်ကိုသာ ဖော်ထုတ်ပေးရန် မဟုတ်ဘဲ ဆင်ခြင်တုံ တရားနှင့် ပေါင်းစပ် ပေးရမည်ဟု ရေးသား ခဲ့သည်။

သတင်း ပြန်ကြားရေး နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက် လာခြင်းကြောင့် နိုင်ငံတကာ ရေးရာ အဖြာဖြာ တို့ကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်သည်။ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်ရေစီးကြောင်း နှင့်အတူ ပွင့်လင်း မြင်သာမှု ၊ သတင်း လွတ်လပ်ခွင့်တို့ စီးမျော ပါလာကြရာ လူပုဂ္ဂိုလ် ဆိုင်ရာ များအား လိုအပ်သည်ထက် ပိုမိုဖွင့်ချ နေကြသည်။ အကြောင်းအရာ တစ်ခုကို အခြေခံ၍ မမှန်သော သတင်းများ ရောထွေးကာ အင်တာနက် ဝက်ဘ်ဆိုက် ကွန်ရက်များ မှ တစ်ဆင့် ပုံကြီးချဲ့ သတင်းလွှင့် နေကြသည်။ ဤ အကြောင်းများ ကြောင့် ပုံနှိပ် ထုတ်ဝေသူများ ၊ ရေဒီယို အသံလွှင့် သူများ ၊ ရုပ်မြင်သံကြား ထုတ်လွှင့်သူများ နှင့် ပရိသတ် တို့ကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ် စေခဲ့သည်။

သတင်းပေးသူ နှင့် သတင်းရေးသူ တို့သည် သတင်းဆိုသော အဓိပ္ပာယ် နှင့် သတင်း လွတ်လပ်ခွင့် ဆိုသော အဓိပ္ပာယ် တို့ကို ဂဃနဏ မသိကြခြင်း မှာ မီဒီယာ လောက အတွက် ကြီးမားသော အခက်အခဲ ဖြစ်သည်။ သတင်းတစ်ပုဒ် အတွက် အနည်းဆုံး လိုအပ်ချက်မှာ အစွဲကင်း၍ စာဖတ်သူ အတွက် အကျိုးရှိ စေသော အသိအမြင် တစ်မျိုးမျိုး ကို ထိထိမိမိ ပေးနိုင်စွမ်း ရှိရမည် ဖြစ်သည်။ ထို့ကြောင့် သတင်းစာ အချို့က ပွဲသတင်းများကို အခါ အားလျော်စွာ ဖော်ပြပေး ပါမည်ဟု နယ်သတင်းထောက် များအား ကြိုတင် အသိပေး ကြသည်။ ဘယ်သူဆို သည်ထက် ဘာကြောင့် ၊ ဘယ်လို ဆိုသည်တို့ကို ပြည့်စုံစွာ ဖော်ပြနိုင်ခြင်း သည် စာဖတ် ပရိသတ် အတွက်  ပို၍ အကျိုးရှိ စေမည် ဖြစ်သည်။

မီဒီယာ လွတ်လပ်ခွင့် အကြောင်း ပြောကြမည် ဆိုသော် မီဒီယာတွင် ရေးသား ထုတ်လွှင့်သော စာလုံး အဓိပ္ပာယ် နှင့် ဝါကျတို့၏ အဓိပ္ပာယ် အတိမ်အနက် ကို ဦးစွာ သိရှိ နားလည်ရန် လိုအပ်သည်။ သတင်းစာ လွတ်လပ်ခွင့် နှင့် ဖွားဖက်တော် မှာ တာဝန်ယူမှု ဖြစ်သည်။ တာဝန်ယူမှု အတွက် ခြေခြေမြစ်မြစ် သိထားရမည့် အချက်များမှာ လွတ်လပ်မှု အတွက် မည်သူက အဆုံးအဖြတ် ပေးမည်၊ အဆုံးအဖြတ် ပေးသူတို့သည် ပုဂ္ဂိုလ်စွဲ ၊ ဝါဒစွဲ ၊ ဘာသာစွဲ စသည့် ဘက်လိုက်မှု ကင်းပါ၏လော ၊ အဓိပ္ပာယ် ကောက်ယူရာ တွင် ဝိဝါဒ ကွဲပြားမှု ရှိနိုင်သော ဝေါဟာရ များအား ပရိသတ် ၏ အတွေးအမြင် မလွဲမှားစေရန် တာဝန်ယူ နိုင်ပါမည်လော ၊ စာတစ်ပုဒ်လုံး အတွက် တာဝန်မယူ နိုင်ဘဲ တစ်စိတ် တစ်ဒေသ ကိုသာ တာဝန်ယူ မည်လော ၊ အလားတူ စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီကြောင်း တာဝန်ယူ နိုင်ပါမည်လော စသည့် မေးခွန်းပေါင်း မြောက်မြားစွာ ရှိသည်။ ဤအကြောင်း များကြောင့် မိမိရေးသော စာမူအတွက် မိမိ တာဝန်ယူပါသည် ဆိုစကားကို အလွယ် မပြောမိစေရန် သတိပြု ရမည် ဖြစ်သည်။

ယခင်က လှုပ်ရှားမှု ပုံရိပ်များအား ရုပ်မြင်သံကြား စနစ်ဖြင့်သာ ရိုက်ကူး ထုတ်လွှင့် နိုင်ခဲ့သော်လည်း ယနေ့ အချိန်တွင် ဆဲလ်ဖုန်း နှင့် မိုဘိုင်းလ် ကိရိယာများ အသုံးပြု၍ ဂြိုဟ်တု ဆက်သွယ်ရေး စနစ်ဖြင့် ချိတ်ဆက် အသုံးပြု နေကြခြင်းကြောင့် ¤င်းကိရိယာ အသုံးပြု သူတို့သည် မီဒီယာ ကျင့်ဝတ်ကို လိုက်နာ ရမည် ဖြစ်သည်။ နိုင်ငံတကာတွင် MP3 အသုံးပြု သူများကို မီဒီယာ စာရင်းဝင် အဖြစ် သတ်မှတ် ထားကြသည်။

သို့ဖြစ်၍ မီဒီယာ တို့သည် သတင်းရေးသား ထုတ်လွှင့် ကြရာ၌ အထင်ကို မဖော်ပြဘဲ အမြင်ကိုသာ ဖော်ပြကြရ မည်ဖြစ်သည့် အပြင် ကြားနေသူ (Neutral) အဖြစ်သာ ရပ်တည်ကာ ကိုယ်တိုင် ပါဝင်လှုပ်ရှားသူ မဖြစ်စေရန် အထူး သတိထား ကြရမည် ဖြစ်ပါကြောင်း။   ။

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁-၂၀၁၄) အင်္ဂါနေ့



Download Links



မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၄
၁၃၇၅ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်
( ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက် )

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့် ရရှိရေး အတွက် ဆောင်ရွက် ရသည့် လုပ်ငန်းစဉ် များကို အများ ပြည်သူတို့ ရှင်းလင်းစွာ သိရှိနိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၅၆ ၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။

၁။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့် ရရှိရေးအတွက် အဆိုပြုချက်များ တင်ပြရာတွင် ငွေကြေး ကုန်ကျမှု များပြားကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိရာ ရင်းနှီးမြှုပ်နှံ သူများနှင့် ကမကထ ပြုသူများ အနေဖြင့် ကော်မရှင်က ဆောင်ရွက်သည့် ခွင့်ပြုမိန့် ထုတ်ပေးခြင်း နှင့် သက်ဆိုင်သော လုပ်ငန်းစဉ် များကို ပွင့်လင်း မြင်သာစွာ သိရှိရန် လိုအပ်လျက် ရှိသည်။

၂။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့် ရရှိရေးအတွက် ဆောင်ရွက်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  • (က) သတ်မှတ်ထားသော အဆိုပြုချက် ပုံစံတွင် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကမကထ ပြုသူက ရေးသား ဖြည့်သွင်းပြီး ပြည့်စုံသော အဆိုပြုချက် ပြုစုရခြင်း။
  • (ခ) အဆိုပြုချက်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး အဖွဲ့သို့ သော် လည်းကောင်း ၊ ရန်ကုန် (ရုံးခွဲ) သို့သော် လည်းကောင်း သွားရောက် တင်ပြရခြင်း နှင့် တင်ပြလာသော အဆိုပြုချက်ကို ကော်မရှင်ရုံး အဖွဲ့ ဝန်ထမ်းများက စာရွက်စာတမ်း ပြည့်စုံမှု ရှိ- မရှိ စိစစ် လက်ခံခြင်း။
  • (ဂ) ပြည့်စံသော အဆိုပြုချက် ကို နေပြည်တော် ၌ အပတ်စဉ် ကျင်းပသည့် အဆိုပြုချက် စိစစ်ရေးအဖွဲ့ ( Proposal Assessment Team ) အစည်းအဝေး သို့ တင်ပြ ဆွေးနွေးခြင်း။
  • (ဃ) အဆိုပြုချက် စိစစ်ရေးအဖွဲ့ (Proposal Assessment Team ) အစည်းအဝေးက အတည်ပြုလျှင် အဆိုပြုချက် ကို လက်ခံကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း အဆိုပြုချက် တင်သွင်းသူထံ သို့ အကြောင်း ပြန်ကြားခြင်း။
  • (င) လက်ခံပြီးသည့် အဆိုပြုချက် နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သဘောထား နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း။
  • (စ) သဘောထား မှတ်ချက်များ ပြည့်စုံပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ အဆိုပြုချက် ကို တင်ပြ ဆွေးနွေးခြင်း နှင့် အဆိုပါ အစည်းအဝေး သို့ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကမကထ ပြုသူကို ဖိတ်ကြား၍ တက်ရောက် ဆွေးနွေး တင်ပြခွင့် ပြုခြင်း။
  • (ဆ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး က ခွင့်ပြုကြောင်း ဆုံးဖြတ်လျှင် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကမကထ ပြုသူထံ ခွင့်ပြုမိန့် ထုတ်ပေးခြင်း။

၃။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့် ရရှိရေးအတွက် အပိုဒ် ၂ ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံ သူနှင့် ကမကထ ပြုသူတို့သည် ဝန်ဆောင်ခ နှင့် အခြား အခကြေးငွေများ ပေးဆောင်ရန် မလိုအပ်ကြောင်း ဖော်ပြအပ် ပါသည်။

၎။ ဤအမိန့် ကြော်ငြာစာပါ ကိစ္စနှင့် စပ်လျဉ်း၍ အသေးစိတ် သိရှိ လိုပါက အောက်ပါ တယ်လီဖုန်း နံပါတ်များ ကို ဆက်သွယ် မေးမြန်း နိုင်ပါသည်-

ညွှန်ကြားရေးမှူးချုပ် ဝ၆၇-၄ဝ၆၁၂၁
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဝ၆၇-၄ဝ၆၃၄၂
ညွှန်ကြားရေးမှူး ( နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဌာန) ဝ၆၇-၄ဝ၆၃၃၄
ညွှန်ကြားရေးမှူး(မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဌာန) ဝ၆၇-၄ဝ၆၁၃၉

(၀င်းရှိန်)
ဥက္ကဋ္ဌ

မြန်မာ - တောင်ကိုရီးယား ဒေသဆိုင်ရာ သတင်းဌာန ရန်ကုန်တက္ကသိုလ်၌ ထားရှိ



ရန်ကုန် ၊ ၂၈-၁-၂၀၁၄

ယခုနှစ်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ် အတွင်း၌ ကျောင်းသား ကျောင်းသူများ ဗဟုသုတ တိုးပွားစေရန် အတွက် တောင်ကိုရီးယား နိုင်ငံ ဟန်ယန်း တက္ကသိုလ် နှင့် ပူးပေါင်း၍ မြန်မာ - တောင်ကိုရီးယား ဒေသဆိုင်ရာ သတင်းဌာန တစ်ခု ဖွင့်လှစ် ထားကြောင်း သိရသည်။ အဆိုပါ ဌာနတွင် ကျောင်းသား ကျောင်းသူများ စာပေများ လေ့လာ ရုံသာမက သိရှိလိုသော ဘာသာရပ် များကို Downloads ဆွဲနိုင်ရန် ကွန်ပျူတာများ ကိုပါ ထားရှိ ပေးထားပြီး အင်တာနက် အသုံးပြုနိုင် ရန်ပါ စီစဉ် ပေးထားကြောင်း သိရသည်။

" ဒီ စင်တာကို တောင်ကိုရီးယား နိုင်ငံ ဟန်ယန်း တက္ကသိုလ် နဲ့ ဆရာမတို့ Anthropology Department တို့နဲ့ ပူးပေါင်းပြီး ဖွင့်ထားတာပါ ၊ Sponsored ကတော့ KOICA ကပါ ၊ နှစ်နှစ်စာအုပ် နဲ့ပါ ၊ ဒီစင်တာ လေးမှာ ကျောင်းသား ကျောင်းသူတွေ အတွက် အင်တာနက် အခမဲ့ သုံးရမယ် ၊ စာအုပ်တွေလည်း ဖတ်ဖို့ အများကြီး ရှိတယ် ၊ ဆရာမတို့ Anthropology က ကွင်းဆင်း ထားတဲ့ စာအုပ်တွေ ၊ တခြား Development တွေ အများကြီး ရှိပါတယ် ၊ ကျောင်းသားတွေ အနေနဲ့ ကျောင်းသားကတ် ပြရုံနဲ့ ကွန်ပျူတာ သုံးလို့ ရမယ် ၊ ကွန်ပျူတာ ကို စာနဲ့ ပတ်သက်တာ တွေကို လေ့လာဖို့ ပြောထားတယ် ၊ တခြား ကျောင်းသား ဟောင်းတွေ အနေနဲ့ လေ့လာချင်ရင် မှတ်ပုံတင် ပြရင် လေ့လာလို့ ရပါတယ် ... " ဟု တာဝန်ရှိသူ ဆရာမ တစ်ဦးက ပြောပြ ခဲ့သည်။ အဆိုပါ LKC ကို University of Yangon နှင့် Honyon University တို့ ပူးပေါင်းပြီး " Twell Let Myar " ဟု အမည် ပေးထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ၏ စိုက်ပျိုးရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ ဘဏ်နှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာနှင့် အကူအညီများရရှိရေး ရင်းနှီးစွာဆွေးနွေး



ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း 
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Dr. Jim Yong Kim အား လက်ခံ တွေ့ဆုံစဉ်
နေပြည်တော် ၊ ၂၈-၁-၂၀၁၄

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Dr. Jim Yong Kim နှင့် အဖွဲ့အား ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအောင်သောင်း ၊ ဦးစိုးသာ ၊ ဦးမောင်မောင်သိမ်း ၊ ဦးလှမြင့်ဦး ၊ ကော်မရှင် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အောင်မြင် စေရေး အတွက် ကမ္ဘာ့ဘဏ်မှ အကူအညီများ တိုးတက် ရရှိရေး ၊ လူမှုဘ၀ မြင့်မားရေး နှင့် စက်မှုကဏ္ဍ တိုးတက်ရေး အတွက် လိုအပ်သော အကူအညီများ ရရှိရေး ၊ လျှပ်စစ်ကဏ္ဍ ၊ ဆက်သွယ်ရေး နှင့် ICT ကဏ္ဍ ၊ ကုန်းလမ်း ပို့ဆောင်ရေး ၊ ရေကြောင်း ပို့ဆောင်ရေး နှင့် လေကြောင်း ပို့ဆောင်ရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး ၊ စိုက်ပျိုးရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ ဘဏ်နှင့် ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နည်းပညာ နှင့် အကူအညီများ ရရှိရေး တို့နှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ကြကြောင်း သိရှိရသည်။ 

Monday, January 27, 2014

၂၀၁၃ ခုနှစ် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေ လက်တွေ့ဖော်ဆောင်


၂၀၁၃ ခုနှစ် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေ လက်တွေ့ဖော်ဆောင်

အယ်ဒီတာ့အာဘော်
( ၂၇-၁-၂၀၁၄ )

ကမ္ဘာ့ နိုင်ငံများသည်  ကုလသမဂ္ဂ ထောင်စုနှစ်သစ် ရည်မှန်းချက်များ အောင်မြင်စွာ ဖော်ဆောင် နိုင်ရေး ကြိုးပမ်း နေချိန်နှင့် တစ်ပြိုင်တည်း တွင် မိမိတို့ နိုင်ငံ၏ စီးပွားရေး အင်အား တောင့်တင်း ခိုင်မာရေး ကိုပါ ကြိုးပမ်း နေကြရသည်။ 

စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများ ( G 20 ) အဖွဲ့ဝင် အီတလီနိုင်ငံ သည် လွန်ခဲ့သော ဆယ်စုနှစ်မှ စ၍ စီးပွားရေး တိုးတက်မှုနှုန်း အနှေးကွေးဆုံး နိုင်ငံ ဖြစ်လာခဲ့ပြီး နိုင်ငံသား များ၏ အလုပ် လက်မဲ့နှုန်း မြင့်တက် လာခဲ့သည်။ အစိုးရ အသုံးစရိတ် များကိုလည်း လျှော့ချခဲ့ ရသည်။ ၂ဝ၁၃ ခုနှစ်အတွင်း နိုင်ငံတော် ဘတ်ဂျက် အတွက် လိုငွေသည် ဂျီဒီပီ ၏   ၃ ဒသမ သုည ရာခိုင်နှုန်း ရှိခဲ့သည်။ တွေ့ကြုံ နေရသော စီးပွားရေး အကျပ်အတည်း ကို ဖြေရှင်းနိုင်ရန် နိုင်ငံအတွင်း ရှိ သမိုင်း အမွေအနှစ် နေရာများကို ရောင်းချရန် စီစဉ်လျက် ရှိကြောင်း Press TV ထုတ်ပြန် ကြေညာချက် အရ သိရသည်။ ရောင်းချမည့် သမိုင်း အမွေအနှစ် များတွင် မီလန်မြို့ အနီးရှိ ၁၈ ရာစုခေတ်က တည်ဆောက် ခဲ့သော ဗီလာမီရာ ဘယ်ကို နန်းတော်နှင့် ရောမမြို့မှ ၂၇ မိုင် ကွာဝေးသော ဘရာစီယာနိုမြို့ ရှိ အော်စီနီ အော်ဒက်စကော်ချီ ရှေးဟောင်း အဆောက်အအုံ အပါအဝင် စုစုပေါင်း သမိုင်း အမွေအနှစ် ၅ဝ ကျော်ကို အီတလီ အစိုးရက ရောင်းချရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 

ယနေ့ ကမ္ဘာ့နိုင်ငံ များ၏ စီးပွားရေး အခြေအနေ သည် ဖွံ့ဖြိုးပြီး နိုင်ငံများ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများ ၊ ဖွံ့ဖြိုးစ နိုင်ငံများနှင့် ဖွံ့ဖြိုးမှု နောက်ကျ နေသော နိုင်ငံများ အားလုံးက စိုးရိမ် နေကြရသည့် အခြေအနေ ရှိသည်။ ဖွံ့ဖြိုးမှု နောက်ကျ နေသော မြန်မာနိုင်ငံ သည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် ကာလတို ၊ ကာလရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၃ ခုနှစ် မြန်မာ အထူး စီးပွားရေးဇုန် ဥပဒေကို ၂ဝ၁၄ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၁)အဖြစ် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ပြဋ္ဌာန်း ခဲ့သည်။ 

၂ဝ၁၃ ခုနှစ် မြန်မာ အထူး စီးပွားရေးဇုန် ဥပဒေကို အခန်း(၁၈)ခန်းဖြင့် ပြဋ္ဌာန်း ထားရာ အခန်း(၂) ပါ ရည်ရွယ်ချက် (၆)ရပ်မှာ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ၊ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ရည်ရွယ်ကြောင်း တွေ့ရသည်။ ရင်းနှီးမြှုပ်နှံသူ ၏ တာဝန်နှင့် ကင်းလွတ်ခွင့် များကို အခန်း (၇၊ ၈၊ ၉၊ ၁ဝ) တို့တွင် ပြဋ္ဌာန်း ထားပြီး အလုပ်သမား ရေးရာ ကိစ္စများကို အခန်း(၁၆) တွင် ပြဋ္ဌာန်း ထားသည်ကို တိကျစွာ လိုက်နာ ကြပါက အလုပ်ရှင် နှင့် အလုပ်သမား ပြဿနာ မရှိစေရန် ကြိုတင် သတ်မှတ်ချက်များ ဖြစ်သည်။ အထူး စီးပွားရေးဇုန် များ ဖွံ့ဖြိုးရေးသည် ရင်းနှီးမြှုပ်နှံသူ နှင့် လုပ်သားများ အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အပြင် နိုင်ငံတော် အတွက်ပါ အကျိုးရှိသော ကဏ္ဍဖြစ်သည်။  ဤသို့ သုံးဦး သုံးဖလှယ် အကျိုးစီးပွား ဆောင်သော လုပ်ငန်းများ အတွက် နမူနာ ယူဖွယ် တစ်ခုမှာ အင်းဝခေတ် စာဆို ရှင်မဟာ ရဋ္ဌသာရ ဖွဲ့ဆိုခဲ့သော သံဝရပျို့တွင် '' ပျားလူးမြက်ကို ၊ နေ့ရက် ရှည်လျား ၊  စားစများသော် ၊ ကပ်လှာယှဉ်လွယ် ၊ သမင်နှယ်သို့ ''ဟူ၍ ဖြစ်သည်။ လေကဲ့သို့ လျင်မြန်သော ဝါတာမိဂ သမင် သည် လူကိုမြင်သော် တောတွင်းသို့ ပြေး၍ ခုနစ်ရက် ပုန်းနေလေ့ ရှိသော်လည်း ထိုသမင် သည်ပင် ပျားရည်လူးသော မြက်ကို စားရဖန် များသော် ယဉ်ပါးလာပြီး လူအနားသို့ ကပ်လာ တတ်ကြောင်း ဥပမာ တင်စား ဖွဲ့ဆိုခဲ့ခြင်း ဖြစ်သည်။ 

သို့ဖြစ်၍ ၂ဝ၁၃ ခုနှစ် မြန်မာ အထူး စီးပွားရေးဇုန် များ ဖွံ့ဖြိုးရေး အတွက် သက်ဆိုင်သူ အားလုံး တို့သည် ပြဋ္ဌာန်း ထားသော ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက် ကြကာ အတ္တနှင့် ပရမျှတ စွာဖြင့် ချိုမြိန်သော အကျိုးခံစား နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။    ။

ဘယ်သူ့အပြစ်လဲ


ဘယ်သူ့အပြစ်လဲ

ဒီနေ့ ကျွန်မဆီကို မိန်းကလေး တစ်ဦး ရောက်လာသည်။ စာသင်ခန်းထဲ စာသင် နေချိန်မို့ ဘယ်သူ ဘယ်ဝါမသိ။ ဧည့်သည် ရောက်နေတယ် ဟု လာပြောသဖြင့် ခဏစောင့်ရန် သာ ပြောထား လိုက်သည်။ စာသင်ချိန် ပြီးလို့ ထွက်လာသည့် အခါ ပိန်ပိန်ပါးပါး မိန်းကလေး တစ်ဦးနှင့် အသက်လတ်ပိုင်း လောက်ရှိမည့် အမျိုးသမီး တစ်ဦး ထိုင်နေသည်။ မိန်းကလေး က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်သည်။

'' ဆရာမ...သမီးကို မှတ်မိလား '' ဟုမေးရာ မိန်းကလေး အမေးကို မဖြေခင် ကျွန်မအတွေး ဝင်လာမိသည်။ ယခင်က ကျွန်မတို့ အိမ်ဘေး ဝင်းထဲရှိ တန်းလျားတွင် နေသွားသည်။ ယနေ့ခေတ် တွင် တန်းလျား ဆိုသော အခေါ်အဝေါ် မကြားရ သလောက် တန်းလျားနှင့် နေရသော လူ့အဖွဲ့အစည်း မရှိသလောက် ရှားပါးသွားပြီ မဟုတ်ပါလား။ သို့သော် ယခု ကျွန်မ မြင်နေရသည်က ကိုယ်နှင့် အနီးလေး မှာပင် ခြံဝင်း တစ်ခုထဲတွင် တန်းလျား ဆောက်ပြီး မိသားစု ရှစ်ဦးမျှ နေထိုင် ကြသည်။

ကလေးများဖြင့် ပျော်စရာ ကောင်းသလောက် ရှုပ်ထွေး လှသော ဘဝတွေက ငြီးငွေ့ဖွယ် ကောင်းလှသည်။ အဆိုပါ ဘဝလေးများ ထဲမှ ကြိုးစား နေကြသူများ ကိုမြင်လျှင် အားပေး ချင်စိတ်များ ဖြစ်မိသည်။ တတ်နိုင် သလောက် အဆိုပါ ဝင်းထဲမှ ကလေးများ၏ ကျောင်းစရိတ်ကို ထောက်ပံ့ပေးရန် မိသားစုနှင့် တိုင်ပင်ခဲ့သည်။

ကျွန်မတို့နှင့် မနီးမဝေးတွင် ဖောင်တော်ဦး ပရဟိတ ပညာသင်ကျောင်း ရှိသဖြင့် ကလေးများ အားလုံး ထိုကျောင်းတွင် ပညာသင်ကြား ကြသည်။ ထို့ကြောင့် ပညာရေး စရိတ် ထောက်ပံ့ ရသည်မှာ ဝန်မကြီး လှပေ။ သူငယ်တန်း မှ တက္ကသိုလ် ဝင်တန်း အထိ ကလေးများ ၏ဘဝ မြင့်မားရေး သည်သာ ကျွန်မ၏ ဆန္ဒဖြစ်သည်။ ယခု မိန်းကလေးမှာ မနှစ်က တက္ကသိုလ် ဝင်တန်း ဖြေထားသူ ဖြစ်သည်။ စာမေးပွဲ ဖြေရန် ကျောင်းမှာ သင်တာနှင့် မလုံလောက်။ ကျူရှင်တက်မှ ဖြစ်မည်။ နှစ်ချင်းပေါက် အောင်စေ ချင်သည်လို့ သူမ၏ အမေ လာပြောသော အခါ ကျွန်မအသိ ကျူရှင်တွင် အပ်ပေးရန် စီစဉ်ခဲ့သည်။ ဒါပေမဲ့ သူတို့နှင့် ရင်းနှီးသည့် ဆရာမထံ တွင်သာ တက်ချင်သည် ဟု ပြောသဖြင့် ကျူရှင်လခ ကိုသာ ပေးခဲ့ရသည်။ မိန်းကလေး ကံမကောင်း ရှာပါ။

'' မှတ်မိပါတယ် သမီး။ ဒါနဲ့ အခု သမီး ဘာလုပ်နေလဲ ''ဟု မေးရာ သူ့မိခင်က '' အဲဒါပဲ ပြောမလို့ ဆရာမရေ အခု အကြီးမ ကလဲ ကျောင်း ဆက်မတက် တော့ဘဲ ဈေးချိုထဲမှာ အလုပ်လုပ် နေတယ်။ အငယ်ကောင် ကလဲ ခြောက်တန်း ရောက်ပြီ။ သူကလဲ စာမေးပွဲ မဖြေချင် တော့ဘူး။ အလုပ်ပဲ လုပ်မယ်တဲ့။ အဲဒါ ဆရာမဆီ အလုပ် တောင်းမလို့။ သူများ ဆီမှာဆို ဆယ်တန်း မအောင်တော့ အောက်ကျတယ်။ သူကလဲ ဈေးချိုထဲမှာ ဈေးရောင်းတဲ့ အလုပ် မလုပ်ချင် ဘူးတဲ့ '' ဟု ပြောပြသည်။

သူမ၏ စိတ်ဓာတ်ကို ကျွန်မကြိုက် မိသည်။ အတော် များများက ကျောင်းဆက် မတက်ဘဲ ဈေးချိုတွင် ဈေးရောင်းသည့် အလုပ်ကို အလွယ် တကူပင် လုပ်ကြသည်။ တစ်လ ငွေကျပ် လေးသောင်း လောက်သာ ရသော်လည်း နံနက် ၉ နာရီမှ ညနေ ၄ နာရီထိဆိုတော့ အလုပ်ချိန် အရဆိုလျှင် အခြား အလုပ် များထက် သက်သာသည်။

'' သမီးက ဈေးမရောင်း ချင်ဘူး ဆိုရင်တော့ ခက်ပြီ။ ဆရာမ ဆီမှာ လောလောဆယ် တော့ အလုပ်ပေး ရင်လဲ စာရေး ကိရိယာဆိုင် အတွက်ပဲ နေရာပေး လို့ရမယ်။ ပြီးတော့ သမီးက အခြားပညာလဲ ဘာမှ မတတ်သေးဘူး မဟုတ်လား။ အလုပ်လုပ် တယ်ဆိုတာ ကတော့ သူများ အလုပ် ဆိုကတည်းက အောက်ကျ တယ်လို့ တွက်လို့ မရဘူး။ ကိုယ်က လုပ်အား ပေးတယ်။ ကိုယ့်လုပ်အား နဲ့ ထိုက်တန်တဲ့ လုပ်ခ လစာကို သူများက ပေးတယ်။ ဒီလိုပဲ မှတ်ရမှာပေါ့''။

''အဲဒီလိုလဲ မဟုတ်ပါဘူး ဆရာမရယ်။ ဆရာမ ဆီမှာဆို သမီးလုပ် နိုင်ပါတယ်။ အလုပ်လုပ်ရင်း ကွန်ပျူတာလဲ သင်ချင်ပါတယ် သမီးကြိုးစား မှာပါ''။

မိန်းကလေး အသံမှာ အားတက်သရော ရှိလှသည်။ ကိုယ့်ဆီ အားကိုးတကြီး နှင့် လာသည်မို့ ငြင်းဆန်ရမှာ ကျွန်မ ဝန်လေးသည်မှာ အမှန်ပင်။ အဖေနှင့် အမေကရော ဘာလုပ်သလဲ မေးရာ မိခင်ဖြစ်သူက '' ကျွန်မက ဘာမှ မလုပ်နိုင် ပါဘူး ဆရာမရယ်။ အစာအိမ် ရောဂါရှိတော့ အအေးမိလဲ မခံနိုင်ဘူး အိမ်မှာပဲ။ သူ့အဖေကလဲ အခု ကျန်းမာရေး သိပ် မကောင်းဘူး။ တစ်ခါတလေ ပန်းရန် အလုပ်တော့ ထွက်လုပ် ပါတယ်'' ဟု ပင်ပြောပြ သည်။

ကျွန်မ အလွန်အံ့သြ သွားသည်။ အဖေနှင့် အမေ အလုပ်မလုပ် ပါဘဲ သမီးတစ်ယောက် ၏ လုပ်စာဖြင့် ဘယ်လို နေထိုင် ကြသလဲ။ ဒီလိုနှင့်ကျွန်မဆိုင်မှာ ထိုမိန်းကလေး အလုပ်လုပ် ဖြစ်ခဲ့သည်။ သို့သော် တစ်လပဲ ကြာသည်။ နောက်လ ရောက်တော့ မိန်းကလေးမှာ အလုပ် မဆင်းတော့ပါ။ နောက်မှ သိရသည်မှာ ပြင်ဦးလွင်က စားသောက်ဆိုင် တစ်ခုမှာ တစ်လလျှင် ရှစ်သောင်း နှင့် သွားလုပ်သည်။ စားရိတ်ငြိမ်း ဆိုတော့ မိသားစု အတွက် ပိုအဆင်ပြေ သည်။ အသက် ၄ဝ ပင် မပြည့်သေးသော သူမ၏ မိဘနှစ်ပါးမှာ ယခုအထိ အသောက် အစားမပျက် ၊ အလုပ် ဗလာကျင်းနှင့် နေနေသည်ကို တွေ့ရသည်။ ကျွန်မ ဘာမှမပြောလို တော့ပါ။ မျက်လွှာသာ အသာချလို့ စိတ်ထဲမှ
ဆိုမိသည်။

သြော်...ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဆိုသည်ထက် ကံမဲ့သူ ရှာသမျှ ကံကြီးသူ ခံစားဆိုတာ ဒါကိုပြောတာ ပါလား။ သို့သော် သူတို့မှာ ဉာဏ်ရှိသည့် အလျောက် ကြိုးစား ကြသည့် အထဲတွင် မပါပါ။ ကံကိုသာ ရိုးမယ်ဖွဲ့ နေကြသည် မဟုတ်ပါလား။

မဒါလေး

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၁-၂၀၁၄) တနင်္လာနေ့



Download Links


မြ၀တီနေ့စဉ်သတင်းစာ (၂၆-၁-၂၀၁၄) တနင်္ဂနွေနေ့
Download Link = Mediafire

မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ပထမအကြိမ် ကဗျာ ၊ ဆောင်းပါး ၊ ၀တ္ထုတို စာမူပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ



ရန်ကုန် ၊ ၂၇-၁-၂၀၁၄

မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ပထမအကြိမ် ကဗျာ ၊ ဆောင်းပါး ၊ ဝတ္ထုတို စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာ အသင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က နိုင်ငံ တစ်နိုင်ငံတွင် ဘာသာစကား ၊ စာပေနှင့် ယဉ်ကျေးမှု တို့သည် ထိုနိုင်ငံ၏ နယ်နိမိတ် ၊ နိုင်ငံတော် အလံ ၊ သုံးစွဲသော ငွေကြေးတို့ ကဲ့သို့ နိုင်ငံ၏ အမျိုးသားရေး အမှတ် လက္ခဏာများ ဖြစ်ပါကြောင်း ၊ ဤလုပ်ငန်း များကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည့် မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ဆောင်ရွက်ချက် များအား ဂုဏ်ယူ ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌ စည်သူ ဦးတင်လှိုင် ( လယ်တွင်းသား စောချစ်) က နှုတ်ခွန်းဆက် စကားနှင့် နိုင်ငံ အကျိုးပြု စာပေများ ပေါ်ထွန်းလာရေး ဆောင်ရွက် သွားမည့် အစီအစဉ် များကို ရှင်းလင်း
တင်ပြသည်။

ဆက်လက်၍ ကဗျာ ၊ ဆောင်းပါး ၊ ဝတ္ထုတို စာမူပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် ( မြင်းမူ မောင်နိုင်မိုး ) က ပြိုင်ပွဲ ကျင်းပရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် က ကဗျာပြိုင်ပွဲ တွင် ပထမဆုရ ဇော်မျိုးဟန် (ငါးသိုင်းချောင်း) အား ဆုပေးအပ် ချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ စည်သူ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်) ၊ ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကျော်ဝင်း ( မနုဿ ကျော်ဝင်း ) နှင့် ဒုတိယ ဥက္ကဋ္ဌ(၂) ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) တို့က ကဗျာ ၊ ဆောင်းပါး ၊ ၀တ္ထုတို စာမူပြိုင်ပွဲတွင် ဆုရရှိကြ သူများအား ဆုများပေး အပ်ချီးမြှင့် ကြသည်။

အခမ်းအနား အပြီးတွင် ပြည်ထောင်စု ၀န်ကြီး နှင့် တာဝန်ရှိ သူများ ၊ ဆုရရှိကြ သူများသည် စုပေါင်း၍ မှတ်တမ်း ဓာတ်ပုံ ရိုက်သည်။

မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ပထမအကြိမ် ကဗျာပြိုင်ပွဲ တွင် ပထမဆု ဇော်မျိုးဟန် (ငါးသိုင်းချောင်း) ၊ ဒုတိယဆု ဒေါက်တာ မင်းလဲ့ရီ ၊ တတိယဆု အဖျောက်မြေ မောင်ဆွေမွန် ၊ အထူးဆု(၁) မောင်လွန်းမြိုင် (ပင်လယ်ဘူး) ၊ အထူးဆု(၂) မြေလတ် မင်းလွင် တို့ ရရှိကြသည်။

ဆောင်းပါး ပြိုင်ပွဲတွင် ပထမဆု ရွှေငယ်ဝိုင်း (ကြို့ပင်ကောက်) ၊ ဒုတိယဆု နေမင်းသူရိန် ၊ တတိယဆု မောင်ချိုဝေ၊ အထူးဆု (၁)ခိုင် (မိတ္ထီလာ) ၊ အထူးဆု(၂) ပန်းမြိုင်လယ် စိန်ဝင်း တို့ ရရှိကြပြီး ဝတ္ထုတို ပြိုင်ပွဲတွင် ပထမဆု မောင်အင်း (ဥက္ကံ)၊ ဒုတိယဆု ပန်းမြိုင်လယ် စိန်ဝင်း ၊ တတိယဆု ကောင်းကင်မေ (စီးပွားရေး တက္ကသိုလ်)၊ အထူးဆု(၁) မောင်နီမှိုင်း (ကျောက်တန်း) ၊ အထူးဆု(၂) သွဲ့ထားညို (သက္ကလ) တို့ ရရှိကြသည်။

Friday, January 24, 2014

ပညာရေးမြှင့်တင်မှု လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်


ပညာရေးမြှင့်တင်မှု လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်

ပညာရေး ကဏ္ဍ၌ ပညာရေး အဆင့် မြှင့်တင်ခြင်း သည် ဒီမိုကရေစီ လူ့ဘောင် တည်ဆောက်ရေး တွင် အရေး အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကို စာတတ်သူများ ၊ အသိပညာ အတတ်ပညာ ကြွယ်ဝသူများ နှင့်သာ အောင်မြင်စွာ တည်ဆောက် ရယူနိုင်သည်။

ပညာရေး မြှင့်တင်မှု လုပ်ငန်းစဉ်သည် အနာဂတ် အတွက် ရင်းနှီး မြှုပ်နှံခြင်း ပင်ဖြစ်သည်။ ပညာရေး မြှင့်တင်မှု လုပ်ငန်းစဉ် လိုအပ်ရခြင်းမှာ မျက်မှောက်ခေတ် အခြေအနေ နှင့် အနာဂတ် အလားအလာ များအပေါ် မူတည်၍ ပညာရည် မြှင့်တင် ပေးခြင်းဖြစ်ရာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံ တစ်နိုင်ငံ တည်ဆောက်ရာ၌ အရေးကြီးသော လုပ်ငန်းစဉ် ဖြစ်သည်။ ထိုသို့ ထူထောင်ရာ၌ လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက် နေသည့် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အခြေအနေ သစ်များနှင့် ကိုက်ညီမှု ရှိရမည် ဖြစ်သည်။ ပညာရေး နယ်ပယ်မှာ ကျယ်ဝန်း နက်ရှိုင်းလှ သဖြင့် အခြေခံမှ စ၍ ပျိုးထောင် နိုင်စေရန် အတွက် ကလေးငယ်များ အားလုံး အခြေခံ ပညာ သင်ကြား နိုင်အောင် ကျောင်းသား ဗဟိုပြု သင်ကြားမှု စနစ်ဖြစ်အောင် ၊ အခြေခံ ပညာရေး စနစ်ပြုပြင် ပြောင်းလဲအောင် ပညာရေး နယ်ပယ်တွင် ပါဝင် ပတ်သက်သူ အားလုံး ကြိုးပမ်း အားထုတ်လျက် ရှိသည်။

ထိုနည်းတူ ပညာရေး အဆင့် မြှင့်တင်မှုတွင် အရေးပါသည့် ပုဂ္ဂလိက စာသင်ကျောင်းများ အများအပြား ပေါ်ထွန်း လာအောင် အားပေး ကူညီလျက် ရှိပြီး လိုအပ်သည့် ပုဂ္ဂလိကကျောင်း ဥပဒေ ကိုလည်း ပြဋ္ဌာန်း ပေးခဲ့ပြီး ဖြစ်သည်။

နိုင်ငံတော်၏ ပညာရေး ရည်မှန်းချက် အောင်မြင် စေရန်အတွက် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ နှင့် အံဝင်ခွင်ကျ ဖြစ်ရန်လည်း လိုသည်။ မျိုးဆက်သစ် လူငယ်များသည် အနာဂတ် အတွက် မျှော်လင့်ချက် ဖြစ်သကဲ့သို့ အနာဂတ် သည်လည်း မျိုးဆက်သစ်များ အတွက် အားထားရာ နေရာတစ်ခု ဖြစ်ရမည် ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်သည်။ ထို့ကြောင့် နိုင်ငံ ဖွံ့ဖြိုးရေး ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်း များအတွက် အာမခံချက် ရရှိရေး တို့အတွက် ပညာရေး အဆင့်မြှင့်တင်မှု ကို ထည့်သွင်း မျှော်မှန်း ဆောင်ရွက်လျက် ရှိသည်။ လာမည့် ဘတ်ဂျက်တွင်လည်း ပညာရေး ကဏ္ဍအတွက် ဘဏ္ဍာငွေ ခွဲဝေမှုကို တိုးမြှင့် သတ်မှတ် လျာထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အတွင်းမှ တက္ကသိုလ်များ နှင့် အမေရိကန်နိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊ ကိုရီးယားနိုင်ငံ ၊ စင်ကာပူနိုင်ငံ တို့မှ တက္ကသိုလ်များ ပညာရေး ပူးပေါင်း ဆက်သွယ် ဆောင်ရွက် မှုအတွက် ညှိနှိုင်း အကောင် အထည်ဖော် လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ ပညာရေး နယ်ပယ်မှ ပါဝင် ပတ်သက်သူ များနှင့် ကျောင်းသား ၊ ကျောင်းသူများ အနေဖြင့် အနာဂတ် နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်၏
ပညာရေး မြှင့်တင်မှု လုပ်ငန်းစဉ် များတွင် ပါဝင်ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( ၂၄-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

မြေမအား ရေမရှား လူမနား တစ်သီးစား မှ နှစ်သီးစား


မြေမအား ရေမရှား လူမနား တစ်သီးစား မှ နှစ်သီးစား

အယ်ဒီတာ့အာဘော်
( ၂၄-၁-၂၀၁၄ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် စိုက်ပျိုးရေး ကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်၍ စက်မှုနိုင်ငံ ထူထောင်ရေး ကြိုးပမ်း ဆောင်ရွက်ရာ တွင် စိုက်ပျိုးရေး အတွက် ရေရရှိရေး စီမံကိန်းများ တွင် ဆည်မြောင်း တာတမံများမှ ရေသွယ်မှု စိုက်ပျိုးခြင်း ၊ မြေအောက် ရေဖြင့် စိုက်ပျိုးခြင်း ၊ မြစ်ရေတင် စီမံကိန်းများမှ ရေသွယ် စိုက်ပျိုးခြင်း တို့ကို အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်လျက် ရှိသည်။

မိုးနည်းရပ်ဝန်း ဒေသဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် ခရိုင် ဆားလင်းကြီး မြို့နယ်တွင် ညောင်ပင်ကြီး လျှပ်စစ် မြစ်ရေတင် စီမံကိန်းကို ၂ဝဝ၈ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး အကျိုးပြု ဧကတိုးချဲ့ရေး အတွက် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှစ၍ ရေပေး မြောင်းများ ပြုပြင်သည့် လုပ်ငန်းများကို ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန က ဆောင်ရွက် နေပြီဖြစ်သည်။ ချင်းတွင်းမြစ်မှ ရေကို စက်ဖြင့် စုပ်တင်၍ ဆားလင်းကြီး မြို့နယ် လက်ပံ တောင်း တောင်ဒေသ အပါအဝင် ကျေးရွာများအား သောက်သုံးရေ နှင့် စိုက်ပျိုးမြေ ဧက ၁၂ဝဝ ခန့်သို့ စိုက်ပျိုးရေ ပေးဝေ နိုင်ရေး ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်တွင် အပြီး တည်ဆောက်ရန် မျှော်မှန်း ဆောင်ရွက်လျက် ရှိသည်။

ညောင်ပင်ကြီး လျှပ်စစ် မြစ်ရေတင် စီမံကိန်းသည် ဆားလင်းကြီး မြို့နယ် ကျောက်မျက်ရွာ ရေတင်စက်ရုံ မှ အမြင့်ပေ ၅၂ ပေရှိ ပင်မ ရေတင်စခန်း သို့ ဆက်လက် တင်ပို့နိုင်ရန် ဆောင်ရွက် နေခြင်း ဖြစ်သည်။ ရေသောက် ဧရိယာ အတွင်းမှ စိုက်ပျိုးမြေ များတွင် သီးထပ် ၊ သီးညှပ် စိုက်ပျိုး၍ သီးနှံထွက်ကုန် ပိုမို ထုတ်လုပ်နိုင်ပြီး ဒေသခံများ တစ်ဦးချင်း ဝင်ငွေ တိုးတက် ရရှိစေမည် ဖြစ်သည်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဒေသဝမ်းစာ ဖူလုံစေမည့် အပြင် စိမ်းလန်း စိုပြည်ရေး အတွက်ပါ အထောက် အကူပြု နိုင်မည် ဖြစ်သည်။ ညောင်ပင်ကြီး လျှပ်စစ် မြစ်ရေတင် စီမံကိန်း မှ ရေပေးဝေ နိုင်မည့် ပမာဏသည် စပါး စိုက်ဧက ၁၂ဝဝ နှင့် အခြားသီးနှံ စိုက်ဧက ၈၈ဝဝ ဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ဧက စုစုပေါင်း ဧက ၁ဝဝဝဝ ဖြစ်သည်။ လက်ပံတောင်း တောင်ဒေသ သည် ယခင်က မိုးသီးနှံ အဖြစ် နှမ်းစိုက်ပျိုး ကြပြီး ဆောင်းသီးနှံ အဖြစ် ကုလားပဲ ကိုသာ စိုက်ပျိုးခဲ့ကြ သော်လည်း ညောင်ပင်ကြီး မြစ်ရေတင် စီမံကိန်းမှ ရေသွယ်မြောင်း များကို ၂ဝ၁၄ ခုနှစ် မတ်လတွင် တည်ဆောက် ပြီးစီးပါက နွေနှမ်းကိုပါ စိုက်ပျိုး နိုင်မည် ဖြစ်သည်။

၂ဝ၁၃ - ၂ဝ၁၄ သီးနှံ စိုက်ပျိုးရာသီတွင် မကွေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ရှိ သူကောင်းတည် မြစ်ရေတင် စီမံကိန်းကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ ယခင်က စပါးစိုက်ရန် အတွက်သာ ရေပေးဝေ နိုင်ခဲ့သော်လည်း ယခုအချိန်တွင် မြစ်ရေတင် စီမံကိန်းမှ ရေသွယ်၍ ဆောင်းမြေပဲ စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းကြောင်း သိရသည်။

သို့ဖြစ်၍ စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော် အစိုးရက မြစ်ရေတင် စီမံကိန်းများ အဆင့်မြှင့်တင် ပေးလျက်ရှိရာ တောင်သူများ အပိုင်းကလည်း မြေမအား ၊ ရေမရှား ၊ လူမနား စိုက်ပျိုး၍ တစ်သီးစားမှ နှစ်သီးစားရရှိကာ ကျေးလက်ဒေသ လူမှုစီးပွားဘဝ တိုးတက် မြင့်မားရေး ကြိုးစား ကြရမည် ဖြစ်ပေသည်။ ။

စနိုက်ပါ အဝေးကြည့်မှန်ပြောင်း ၊ ချပ်ဝတ်တန်ဆာများ နှင့် အကောက်ခွန်မဲ့ စည်သွပ်ဘူးများ သိမ်းဆည်းရမိ



ကျိုင်းတုံ ၊ ၂၄-၁-၂၀၁၄

ပူးပေါင်းအဖွဲ့ များသည် ယမန်နေ့ နံနက် ၁၁ နာရီခွဲ ခန့်တွင် မိုင်းလားမြို့ မှ ကျိုင်းတုံမြို့ သို့ ထွက်ခွာလာသော နီဆန်း ၆ ဘီးယာဉ် တစ်စီးကို ရှာဖွေရာ စနိုက်ပါ အဝေးကြည့် မှန်ပြောင်းများ ၊ ချပ်ဝတ်တန်ဆာ များ ၊ အကောက်ခွန်မဲ့ စည်သွပ် အသားဘူးများ ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်အတွင်းမှ အလျား ၁၁ ဒသမ ၈ လက်မ ၊ ပြောင်းဝ အချင်း ၁ ဒသမ ၅ လက်မရှိ စနိုက်ပါ အဝေးကြည့် မှန်ပြောင်း အလက် (၂၅၀) ၊ သေနတ်နှင့် အဝေးကြည့် မှန်ပြောင်း ဆက်စပ်ရာတွင် အသုံးပြုသည့် ပစ္စည်းဘူး (၂၅၀) ၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အသုံးပြုသော ကျည်အိမ် နှင့် ဗုံးသီးများ ထည့်သည့်အိတ် များနှင့် ချပ်ဝတ်တန်ဆာ အစုံ (၅၀၀) ၊ အကောက်ခွန်မဲ့ စည်သွပ် အသားဘူး (၁၆၅၆) ဘူးတို့ကို သိမ်းဆည်း ရမိ ခဲ့ကြောင်း ၊ ယဉ်ပေါ် ပါရှိသူများ ဖြစ်သည့် ကျိုင်းတုံမြို့နေ ယာဉ်မောင်း စိုင်းဆမ်အွန် ၃၄ နှစ် နှင့် ယာဉ်နောက်လိုက် အေးထွန်း ၄၀ နှစ် တို့နှစ်ဦးအား ယာဉ်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်း ထားပြီး ဥပဒေအရ အရေးယူ ဆောင်ရွက် နိုင်ရေးအတွက် စီစဉ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 


ဆေးပညာဘွဲ့ရ ဆရာဝန်အမျိုးသမီး ဗိုလ်လောင်းသင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပ



ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် 
ဆေးပညာဘွဲ့ရ ဆရာဝန် အမျိုးသမီး ဗိုလ်လောင်းသင်တန်း
အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနား တွင် အမှာစကား ပြောကြားစဉ် နှင့်
စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်စဉ်

ရန်ကုန် ၊ ၂၄-၁-၂၀၁၄

ဆေးပညာဘွဲ့ရ ဆရာဝန် အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ မှော်ဘီ တပ်နယ် ၊ ဗဟိုဆေးတပ် ၌ ကျင်းပ ပြုလုပ်ရာ အဆိုပါ အခမ်းအနား သို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးမြင့်သိန်း ၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဖုန်းမြင့် ၊ တပ်မှူးများ ၊ တပ်မတော် အရာရှိကြီးများ ၊ သင်တန်းဆင်း ဗိုလ်လောင်း များ၏ မိဘများ ၊ ဖိတ်ကြား ထားသော ဧည့်သည်တော် များ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် က သင်တန်းဆင်း ဗိုလ်လောင်း များအား ပြန်တမ်းဝင် အရာရှိ ခန့်အပ်လွှာများ ပေးအပ်ပြီး အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းဆင်း ဗိုလ်လောင်း များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသူ ဗိုလ်လောင်း ၁၅ ဦး တက်ရောက်၍ သင်တန်း ကာလမှာ ရက်သတ္တပတ် လေးပတ် ကြာမြင့်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ်သတင်းစာ (၂၄-၁-၂၀၁၄) သောကြာနေ့



Download Links



Thursday, January 23, 2014

ကြောင်းကျိုး ၊ ကောင်းဆိုး ခွဲခြားသုံးသပ်


ကြောင်းကျိုး ၊ ကောင်းဆိုး ခွဲခြားသုံးသပ်

အတတ်ပညာ ၊ နည်းပညာများ တိုးတက် လာသော ဂလိုဘယ်လ် လိုက်ဇေးရှင်း ခေတ်ကြီးတွင် ကမ္ဘာကြီးသည် ရွာကြီး တစ်ရွာဟု ဆိုရ လောက်အောင် နည်းပညာ များ၏ စွမ်းပကား ကြောင့် တစ်နေရာ နှင့် တစ်နေရာ လွယ်ကူ လျင်မြန်စွာ ရောက်ရှိနိုင်ပြီး တစ်နေရာမှ အကြောင်းအရာ ၊ တစ်နိုင်ငံမှ အကြောင်းအရာ တို့ကို တစ်နေရာက ချက်ချင်း သိရှိနိုင်ပြီ ဖြစ်သည်။

ဂလိုဘယ်လ် လိုက်ဇေးရှင်း ခေတ်ကြီး၏ အကျိုး ကျေးဇူးကြောင့် တိုးတက်သည့် နေရာမှ မတိုးတက်သည့် နေရာများသို့ အသိအမြင်များ လွယ်ကူ လျင်မြန်စွာ ကူးပြောင်း ရောက်ရှိ သွားသည်။ ထိုသို့ လျင်မြန် လွယ်ကူစွာ ရောက်ရှိရာတွင် ကောင်းသော အသိအမြင်များ ၊ ကောင်းသော နည်းပညာ များ ရောက်ရှိရန် လိုပေသည်။

ယနေ့ ကျေးလက်ဒေသ များသည် ယခင်နှင့် မတူ များစွာ တိုးတက် ပြောင်းလဲ လာသည်မှာ နည်းပညာခေတ် နှင့် ပွင့်လင်း မြင်သာမှု၏ အကျိုးကျေးဇူး များကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျေးလက် ဒေသများသည် ယခင်က ကဲ့သို့ မဟုတ်ဘဲ ဖွံ့ဖြိုး တိုးတက်မှု များကြောင့် မြို့ပြများ နည်းတူ လူမှုဘဝ အသုံးအဆောင် များ ပြည့်စုံလာ ပေသည်။

လျှပ်စစ်မီး မရရှိသည့် ကျေးလက် ဒေသများပင် အင်ဂျင်မီးစက် ၊ ဇီဝဓာတ်ငွေ့သုံး မီးစက် ၊ ဆိုလာစနစ် တို့ဖြင့် မီးရရှိနေပြီ ဖြစ်သောကြောင့် ဗီဒီယို ပြစက်များ ၊ ဂြိုဟ်တု စလောင်းများ ထိုမှ တစ်ဆင့် တယ်လီဖုန်း ၊ အင်တာနက် ကွန်ရက် ဆက်သွယ်မှု များဖြင့် အသိအမြင် ဗဟုသုတများ ကြွယ်ဝလာပြီ ဖြစ်ပေသည်။

၎င်း အခြေအနေ များသည် တိုးတက် လာသော သဘောဆောင် သဖြင့် ယေဘုယျ အားဖြင့် ကောင်းမွန် လှပေသည်ဟု သုံးသပ် နိုင်သော်လည်း ယနေ့ လူငယ်များ အနေဖြင့် အဆိုပါ နည်းပညာ များမှ ကောင်းသော အသိအမြင်များကို မရယူဘဲ အမြင် မတင့်တယ်သော ၊ ညစ်ညမ်းသော လွဲမှားသည့် အသိအမြင်များ ကို ရယူပါက မဖြစ်သင့် မဖြစ်ထိုက်သည့် အမှုကိစ္စများ တိုးပွား လာမည်ကို စိုးရိမ်ရဖွယ် ရှိပေသည်။

မျက်မှောက် ကာလတွင် ထိုနည်းပညာ များ၏ အကျိုး ကျေးဇူးကြောင့် ကောင်းသော အသိအမြင် ကြွယ်ဝမှုများ ရရှိနိုင်သကဲ့သို့ ကျေးလက် ဒေသနေ လူငယ် လူရွယ်တို့၏ အဖြူထည် ဘဝလေး များမှာ လွဲမှားသော အသိအမြင် များကြောင့် အရောင်များဖြင့် ညစ်ညမ်းသွား စေနိုင်သည်။ မဖွယ်မရာ ၊ မလျော်ကန်မှု များလည်း ကြုံတွေ့ လာနိုင်မည် ဖြစ်ပေသည်။

သို့ဖြစ်ရာ ဂလိုဘယ်လ် လိုက်ဇေးရှင်း ခေတ်ကြီးတွင် နည်းပညာများ တိုးတက် ထွန်းကား လာသည်ကို ကြိုဆိုရမည် ဖြစ်သည်။ သို့သော် အကောင်းအဆိုး အကြောင်းအကျိုး တို့ကို ခွဲခြားသုံးသပ် နိုင်မည့် ဆင်ခြင်တုံ တရားများ တိုးပွားအောင် ဝိုင်းဝန်း ကြိုးပမ်း အားထုတ်ကြရန် လိုအပ် ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( ၂၃-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

အရည်အသွေး ပြည့်မီသော အိုင်အိုဒင်းဆား စားသုံးရေး အလျင်မပြတ် ကြပ်မတ်ပေး


အရည်အသွေး ပြည့်မီသော အိုင်အိုဒင်းဆား စားသုံးရေး အလျင်မပြတ် ကြပ်မတ်ပေး

အယ်ဒီတာ့အာဘော်
( ၂၃-၁-၂၀၁၄ )

မြန်မာနိုင်ငံတွင် အိုင်အိုဒင်း ချို့တဲ့မှု ကာကွယ်ရေး လုပ်ငန်းများကို ၁၉၆၇ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အမျိုးသား ကျန်းမာရေး ကော်မတီ အစည်းအဝေး ၌ တစ်နိုင်ငံလုံး အိုင်အိုဒင်းဆား စားသုံးရေး နည်းဗျူဟာ ချမှတ်၍ အိုင်အိုဒင်း ချို့တဲ့မှု ကာကွယ်ရေးမှ အိုင်အိုဒင်း ချို့တဲ့မှု ပပျောက်ရေး သို့ ရည်မှန်း ဆောင်ရွက် ခဲ့သည်။

အိုင်အိုဒင်း ချို့တဲ့မှု ပပျောက်ရေး စီမံချက် အကောင် အထည်ဖော် ရာတွင် အဓိက ကျသော အရည် အသွေးပြည့် အိုင်အိုဒင်းဆား ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းကို သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ဆား နှင့် အဏ္ဏဝါ ဓာတုပစ္စည်း ထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေး လုပ်ငန်းက တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ ဆား အက်ဥပဒေကို ပြင်ဆင် တိုးချဲ့ ပြဋ္ဌာန်းခဲ့ပြီး ဆား ထုတ်လုပ်သူများ ၊ ဆား ကြိတ်ခွဲသူများ နှင့် ပူးပေါင်း၍ တစ်နိုင်ငံလုံး စားသုံးရန် လိုအပ်သော အိုင်အိုဒင်းဆား ပမာဏကို ၂ဝဝဝ ပြည့်နှစ်မှ စ၍ ပြည့်မီအောင် ထုတ်လုပ် နိုင်ခဲ့သည်။ ပိုတက်ဆီယမ် အိုင်အိုဒိုက် (KIO3) အလျင်မီအောင် ဝယ်ယူ ရရှိရေး အတွက် ယူနီဆက် (UNICEF) ၏ ကူညီ ပံ့ပိုးမှုဖြင့် စီစဉ် ထားရှိပြီး လုပ်ငန်း လည်ပတ်ရေး ရန်ပုံငွေ စနစ်တစ်ရပ် ကိုလည်း ခိုင်မာစွာ ထားရှိပြီး ဖြစ်သည်။ အိုင်အိုဒင်းဆား ထုတ်လုပ်သည့် နည်းစနစ် မှာ ကြိတ်ပြီး ဆားချောများ တွင် သတ်မှတ် ထားသော ပိုတက်ဆီယမ် အိုင်အိုဒိုက် (KIO3) ဖြည့်ပေးခြင်း ဖြစ်သည်။

အိုင်အိုဒင်းဆား အရည်အသွေး ပြည့်မီရေး မှာ ထုတ်လုပ်မှု ၊ သိုလှောင်မှု ၊ သယ်ယူ ပို့ဆောင်မှု ၊ လက်ကား ရောင်းချမှု ၊ လက်လီ ရောင်းချမှု အဆင့်ဆင့် တို့တွင် အရည်အသွေး ပြည့်မီမှသာ စားသုံးသူများ အတွက် အရည်အသွေး ပြည့်မီသော အိုင်အိုဒင်းဆား စားသုံးနိုင်မည် ဖြစ်သည်။ အိုင်အိုဒင်းဆား ထုတ်လုပ် ၊ တင်သွင်း ၊ သိုလှောင် ရောင်းချခြင်း တို့တွင် အိုင်အိုဒင်း ပါဝင်ရမည့် စံနှုန်းများ သတ်မှတ် ထားရာ ထုတ်လုပ်သူ / စက်ရုံအဆင့် တွင် အိုင်အိုဒင်း ဓာတ် ၄ဝ မှ ၆ဝ PPm ၊ လက်ကား ရောင်းဝယ်/ သိုလှောင် အဆင့်တွင် ၃ဝ PPm ၊ လက်လီ ဝယ်ရောင်း အဆင့်တွင် ၁၅ PPm နှင့် စားသုံးသူ အိမ်ထောင်စု အဆင့်တွင် ၁၅ PPm အသီးသီး ပါဝင်ရမည် ဖြစ်သည်။ PPm သည် အပုံ တစ်သန်းတွင် ပါဝင်ရမည့် အပုံ အရေအတွက် ဖြစ်ကြောင်း သိရသည်။

အိုင်အိုဒင်းဆား လက်လီ ရောင်းချသူ များသည် စားသုံးသူများ နှင့် တိုက်ရိုက် ထိတွေ့ ရသူများ ဖြစ်သည်။ မိမိတို့ ရောင်းချနေသော အိုင်အိုဒင်းဆား အရည်အသွေး ကို မိမိတို့ ကိုယ်တိုင် စမ်းသပ် စစ်ဆေးခြင်း နှင့် စားသုံးသူ များအား အိုင်အိုဒင်းဆား စားသုံးခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေး သုခကို ပညာပေးခြင်း များ ဆောင်ရွက် ကြရမည် ဖြစ်သည်။ စားသုံးသူများ ကလည်း အရည်အသွေး ပြည့်မီသော အိုင်အိုဒင်းဆား ကို ဝယ်ယူ စားသုံး ကြမှသာ အိုင်အိုဒင်း ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ရောဂါများ ကင်းဝေး နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး အာဏာပိုင် အဖွဲ့က ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ အထိ ပြုစုထားသော စာရင်းများ အရ ဒေသအလိုက် အိုင်အိုဒင်းဆား အရည်အသွေး စစ်ဆေးသည့် ဓာတ်ခွဲခန်း ရှိသောမြို့နယ် ၁ဝ၉ မြို့နယ် ရှိကြောင်း တွေ့ရသည်။

သို့ဖြစ်၍ ပြည်သူများ အရည်အသွေး ပြည့်မီသော အိုင်အိုဒင်းဆား စားသုံးနိုင်ရေး ထုတ်လုပ် ၊ သယ်ယူ ၊ ရောင်းချ သည့် လုပ်ငန်း အဆင့်ဆင့် တို့တွင် စစ်ဆေး ကြပ်မတ်မှု အလျင်မပြတ် ဆောင်ရွက် ပေးကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။    ။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄)

( ၂၃-၁-၂၀၁၄ ရက် ကြာသပတေးနေ့ အပတ်စဉ်ထုတ် )

Download Links
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger