www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 31, 2019

ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များ၌ သွားလာမှု အဆင်ပြေစေရန် စက်ကိရိယာများ တပ်ဆင်၍ နှစ်နှစ်ကြာခန့် စမ်းသပ်မှုများ လုပ်ဆောင်မည်

ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များ၌ သွားလာမှု အဆင်ပြေစေရန် စက်ကိရိယာများ တပ်ဆင်၍ နှစ်နှစ်ကြာခန့် စမ်းသပ်မှုများ လုပ်ဆောင်မည်
-
မုံရွာ   ဇန်နဝါရီ   ၃ဝ 
-
ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြေးဆွဲလျက်ရှိသောခရီးသည်တင် ရေယာဉ်များနှင့်ကုန်တင်ရေယာဉ်များချင်းတွင်းမြစ်၏ ရေနည်းကာလများဖြစ်သော ဆောင်းရာသီနှင့် နွေရာသီတို့တွင် သွားလာမှု အဆင်ပြေစေရန် စက်ကိရိယာများ တပ်ဆင်ကာ နှစ်နှစ်ကြာခန့် စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရေလမ်းသတ်မှတ်ရေး) လက်ထောက် ညွှန်ကြားရေးမှူး   ဦးတင်အောင်ထွန်း ထံမှသိရသည်။ 
-
ချင်းတွင်းမြစ်ရေနည်းကာလတွင်သွားလာမှုအဆင်ပြေစေရန် ကုန်တင်ရေယာဉ်နှင့်လူစီးအမြန်ရေယာဉ်များ၌ တပ်ဆင်ပေးမည့် စက်ကိရိယာများမှာ  လက်ရှိရေအနက်ကို သိနိုင်သော ကိရိယာ၊ မိုးလေဝသအခြေအနေကို သိနိုင်သောကိရိယာ၊ ရေယာဉ်များ၌ခရီးသည် သို့မဟုတ် ကုန်စည်တင်ဆောင်ထားသည့် အလေးချိန်ကို သိနိုင်သော ကိရိယာ၊ ရေယာဉ်အန္တရာယ် တစ်ခုခုဖြစ်ချိန်တွင် အလိုအလျောက်အသံမြည်သော  ကိရိယာနှင့်  အကောင်းဆုံး ရေလမ်းကြောင်းကို ရွေးချယ်ပေးသော ကိရိယာများ ပါဝင်မည်ဖြစ်သည်။ 
-
အဆိုပါ စက်ကိရိယာများကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရေယာဉ်နှစ်စင်းကို လည်းကောင်း၊ မတ်လအတွင်း ရေယာဉ်သုံးစင်းကို လည်းကောင်း ကုန်တင်ရေယာဉ်နှင့်လူစီးအမြန်ရေယာဉ်များတွင်လာရောက်တပ်ဆင်ပေးကာ ရေနည်းကာလ နှစ်နှစ်ကြာ စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ''ချင်းတွင်းမြစ်အောက်ပိုင်းနဲ့ အထက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲပြီး အကူအညီပေးမယ်လို့သိရပါတယ်။ အခုပထမဦးဆုံး အနေနဲ့  ရေကြောင်းကျပ်မှု အများဆုံးဖြစ်နေတဲ့ ချင်းတွင်းမြစ် အထက်ပိုင်း မော်လိုက်မြို့ကနေ ခန္တီးမြို့အထိ ရေလမ်းကြောင်းကို စတင်တပ်ဆင်စမ်းသပ်သွားမယ်လို့သိရပါတယ်'' ဟု စစ်ကိုင်းတိုင်း ဒေသကြီး  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး) လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်ကိရိယာများကို ရေယာဉ်များ၌ တပ်ဆင်ပြီး  ရေရှည် အသုံးပြုနိုင်ရန် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီနှင့် နယ်သာလန်နိုင်ငံမှ ပညာရှင်များ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်

ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်
-
ဆားလင်းကြီး ဇန်နဝါရီ ၃ဝ 
-
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ အခြေခံပညာ အထက်တန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား  ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ ကျောင်းရှိ  ပန်းမြတ်သဇင် ခန်းမ၌ ကျင်းပသည်။ 
-
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ယင်းမာပင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးမှူး ဦးသိန်းထူးအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြား  ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ 
-
ဆက်လက်၍   တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။ အဆိုပါပေးအပ်ပွဲတွင်ဆားလင်းကြီး အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၉၃ ဦးအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံ၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်

ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံ၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်
-
ကန့်ဘလူ  ဇန်နဝါရီ  ၃ဝ 
-
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဌာနမှ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲမှုပိုမိုအားကောင်းစေရန် လျှပ်စစ် ဓာတ် အားဖြန့်ဖြူးရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနမှ သိရသည်။ 
-
ထိုသို့ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံတွင် သဖန်းဆိပ်နှင့် ငှက်ပျောတိုင်းအဝင် Switch Bay (2 Bays) အဆင့်မြှင့်တင်ခြင်း၊ 10 MVA ထရန်စဖော်မာ Switch Bay အသစ်ဓာတ်အားလွှတ်ခြင်းနှင့် 33 KV ကျွန်းလှအထွက်လိုင်း ပြောင်းရွှေ့ခြင်း လုပ်ငန်းများကို မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးအောင်သူမြင့် ကြီးကြပ်၍ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ 
-
ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံမှ 5 MVA ထရန်စဖော်မာ အစား 10 MVA ထရန်စဖော်မာဖြင့်  အစားထိုး လဲလှယ်ခြင်းနှင့် 33 KV Switch Bay(1)Set တည်ဆောက်ခြင်း လုပ်ငန်းများကို ADB အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် 200 KVA ထရန်စဖော်မာ ငါးလုံးကို ကန့်ဘလူမြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်၌ ၂ဝ၁၈ ခုနှစ် မေလကတည်ဆောက်ပြီးစီးခဲ့သည်။ 
-
ထို့ပြင် ဓာတ်အားပြတ်ဧရိယာ လျော့နည်းရေးအတွက် အလိုအလျောက် ဓာတ်အားဖြတ် ခလုတ် 11 KV Auto Recloser သုံးလုံး၊ 33 KV Sectionalizer တစ်လုံး၊ Fault Passage Indicator သုံးလုံးတပ်ဆင်ပြီးစီးခဲ့ပြီး အဆိုပါခေတ်မီလိုင်း ကာကွယ်ပစ္စည်းများ တပ်ဆင်ခြင်းဖြင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားပါက ဖြစ်ပွားသည့် အပိုင်းကို ချက်ချင်း သိရှိနိုင်ပြီး ကျန်ဧရိယာများအား ဆက်လက်ဓာတ်အား ဖြန့်ဖြူးပေးထားနိုင်ကြောင်း သိရသည်။ 
-
ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံတွင် 10 MVA ထရန်စဖော်မာ အစားထိုးလဲလှယ်ခြင်း၊  33 KV Switch Bay(1)Set တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါကကန့်ဘလူမြို့နယ်အတွင်း လက်ရှိလျှပ်စစ် သုံးစွဲသူများနှင့် ထပ်မံတိုးချဲ့ တည်ဆောက်မည့် ကျေးရွာများသို့ ဓာတ်အားနိုင်နင်းစွာ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

နွေစပါး လယ်ကွင်းများ၌ ဘဲမွေးမြူသူများ များပြားလာ

-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် နွေစပါး စိုက်ပျိုးရန် ထွန်ယက်ခြင်း လုပ်ငန်းများစတင်လုပ်ကိုင်နေပြီဖြစ်ရာ စပါးစိုက်ကွင်းများအတွင်း ရွှေ့ပြောင်း ဘဲမွေးမြူသူ များလာကြောင်း သိရသည်။ နွေစပါးစိုက်ပျိုးရန် နတ်တော်လနှင့် နွေစပါး ရိတ်သိမ်းချိန် ကဆုန်လတို့တွင် မန္တလေး၊ ရွှေဘို၊ ပဲခူး၊ မိတ္ထီလာ၊ သာစည် အစရှိသည့်မြို့နယ်တို့မှ ရွှေ့ပြောင်း ဘဲမွေးမြူသူများ ရောက်ရှိမွေးမြူကြပြီး အချိန်ကာလအားဖြင့် တစ်လကြာခန့် နေထိုင်မွေးမြူကြကြောင်း သိရသည်။ 
-
''ကျွန်တော်က အကောင်ရေ ၃၄ဝဝ မွေးထားပါတယ်။ ဥနှုန်းက တစ်နေ့ကို ၂၄ဝဝလုံး ပျမ်းမျှဥတယ်။ စိုက်ပျိုးချိန်ကတော့ ကွင်းနဲ့ရေရဖို့အဓိကပါ။ ဘဲတွေကို အစာကျွေးတဲ့အခါ တစ်နေ့ကို ပုစွန်ဖွဲအိတ် သုံးလုံး၊  ပွိုင့် ခြောက်လုံး၊ ဆန်လတ်လေးလုံး ကျွေးတယ်။ အစာဖိုးတစ်ရက် နှစ်သိန်းကုန်တာပေါ့။ ဘဲကျောင်းဖို့ လုပ်သားလေးယောက် ငှားထားပါတယ်။ လုပ်အားခက တစ်ယောက်ကို စရိတ်ငြိမ်း ငွေကျပ် တစ်သိန်း ပေးရပါတယ်။  ရိတ်သိမ်းချိန်ဆိုရင်တော့ အစာဖိုး မကုန်ဘူးပေါ့''ဟု ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်မှ ဘဲမွေးမြူသူ ဦးမင်းနိုင်က ပြောသည်။ ''ထိုင်းစပ် အကောင်ပေါက်ကတစ်ကောင်ကို ငွေကျပ် ၆၅ဝ၊ ၇ဝဝ၊ ထိုင်းအစစ် အကောင်ပေါက်က တစ်ကောင်ကို ငွေကျပ် ၁၅ဝဝ ပေးရပြီး မြဝတီက တစ်ဆင့် သယ်တာပါ။ လေးလခွဲ၊ ငါးလ ဥခါနီးဆိုရင် တစ်ကောင်ကိုငွေကျပ်၄၅ဝဝ ကျတယ်။ ဥ   ဥဖို့တစ်နှစ်ခွဲအထိထားပြီးရင်  ပြန်ရောင်းပါတယ်။ တရုတ်အဝယ်လိုက်တော့ ဥနှုန်းကျသွားတဲ့ အကောင်တွေဆိုရင် တစ်ကောင်ကို ၃၅ဝဝ လောက်ပြန်ရပါတယ်''ဟု သာစည်မြို့နယ်မှ ဘဲမွေးသူ ဦးခင်မောင်ဦးက ပြောသည်။ 
-
အဆိုပါလယ်ကွင်းများရှိ လယ်သမားများက လယ်များ အတွင်း ပိုးသတ်ဆေး ပက်မည်ဆိုပါက ဘဲမွေးသူများကိုကြိုတင်ပြောကြားလေ့ရှိကြောင်း၊ ဘဲချေးမှတစ်ဆင့်လယ်မြေအတွက် မြေသြဇာရရှိကြောင်း၊ ဘဲများအား  လွှတ်ကျောင်းခြင်းအားဖြင့် သမန်းနှိုးရာ ရကြောင်း စသည့် အကျိုးကျေးဇူးများကြောင့် လယ်သမားများက ဘဲမွေးသူများလာရောက်ရန်အလိုရှိကြောင်းသိရသည်။ ဘဲဥရောင်းရန် တစ်ကတ်လျှင် အလုံး  ၃ဝ ပါရှိ၍ ၁ဝ ကတ်တွဲ တစ်တွဲအလုံး ၃ဝဝတွင် ၁၃ ပိဿာအထက် ရရှိပါက ဈေးကောင်းရရှိကြောင်းနှင့်   ဘဲမွေးမြူသူများသည် ဘဲကျောင်းကွင်း၊ ရေနှင့်သဘာဝ အစာများရရှိရန် မြန်မာနိုင်ငံ အနှံ့အပြားရှိ လယ်ကွင်းများ၊   ဆည်ကန်များတွင် လှည့်လည်ရွှေ့ပြောင်း မွေးမြူတတ်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် နိုင်ငံတကာ ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းနိုင်ရန် ဆောင်ရွက်လျက်ရှိ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် နိုင်ငံတကာ ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းနိုင်ရန် ဆောင်ရွက်လျက်ရှိ
-
ရန်ကုန်  ဇန်နဝါရီ  ၃ဝ
-
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးလျက်ရှိသော Yan-gon Aerodrome Company Limited (YACL) သည် တရုတ်နိုင်ငံသို့ ဈေးကွက်သစ်များချဲ့ထွင်နိုင်ရန်ကြိုးပမ်းလျက်ရှိသည့်အပြင် နိုင်ငံတကာ ခရီးစဉ်သစ်များကိုလည်း တိုးချဲ့ပျံသန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း YACL ၏  COO Mr. Jose Angeja ထံမှ သိရသည်။
-
'' YACL က တရုတ်နိုင်ငံ ဈေးကွက်ကိုပိုမိုတိုးချဲ့နိုင်ပြီး မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ယဉ်ကျေးမှုနဲ့ စီးပွားရေးဖလှယ်နိုင်ဖို့  အခွင့်အလမ်းသစ်တွေ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေနိုင်ငံတကာခရီးစဉ်သစ်တွေဆက်လက်တိုးချဲ့ပျံသန်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။တခြားဈေးကွက်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံဈေးကွက်တွေကိုလည်း တိုးချဲ့ပျံသန်းသွားဖို့ ရှိပါတယ်'' ဟု  Mr.Jose Angeja က ပြောသည်။ YACL အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ခရီးသည်များနှင့် လေ ကြောင်းလိုင်းများအတွက် အရည်အသွေးမြင့် ခရီးသွားဝန်ဆောင်မှုများ ပေးနိုင်ရန် အဆင့် မြှင့်တင်လျက်ရှိသည်။
-
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်အရောင်းဆိုင် ၄၇ ဆိုင်ရှိကာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း  ၃၂  လိုင်းနှင့်  အပြည်ပြည်ဆိုင်ရာ ခရီးစဉ်  ၃ဝ အား ဝန်ဆောင်မှုပေးလျက်ရှိရာ၂ဝ၁၈  ခုနှစ်တွင်  ခရီးသည်ပေါင်း ၆ ဒသမ ဝ၃၅ သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။
-
YACL က မြန်မာနိုင်ငံ၏ အဓိက ဝင်ထွက်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂ဝ၁၅ ခုနှစ် အောက်တိုဘာ  ၃ ရက်တွင် စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး  လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများကို  နေ့စဉ်နှင့်အမျှ  အကောင်းမွန်ဆုံး ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

လက်ဖြင့် ထုလုပ်သော ပန်းပုရုပ်များကို ပိုမိုနှစ်သက်၍ ပန်းပုထုသည့်စက် အသုံးနည်း နေသေး

လက်ဖြင့် ထုလုပ်သော ပန်းပုရုပ်များကို ပိုမိုနှစ်သက်၍ ပန်းပုထုသည့်စက် အသုံးနည်း နေသေး
-
ရန်ကုန် ဇန်နဝါရီ ၃ဝ 
-
ပြည်တွင်း၌ ပန်းပုရုပ်များကို လက်ဖြင့် ထုလုပ်သောလက်ရာများ ပိုမိုနှစ်သက်ကြသည့်အတွက် ပန်းပုထုလုပ်သည့် စက်များအသုံးနည်းနေသေးကြောင်း IPENTUM TECHNOLOGY Co.,Ltd.မှ Marketing Manager ဒေါ်အေးမြတ်မွန်ထံမှ သိရသည်။ ''ဒီစက်တွေက ပန်းပုလည်းထုလို့ရတယ်။ Furniture အပိုင်းမှာဆိုရင် ပန်းကနုတ်လေးတွေ ဖော်ကြတယ်။ အဲဒီပန်းက နုတ်လေး တွေကိုလည်း ဒီစက်နဲ့ပဲ ထွင်းလို့ရတယ်။ ဒီစက်တွေက မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ကိုးနှစ်လောက် ကတည်းကဝင်ပြီး သုံးနှစ်လောက်ပဲ မြန်မာနိုင်ငံမှာ ခေတ်စားပြီးတော့ အခုအသုံးနည်းသွားတယ်'' ဟု ဒေါ်အေးမြတ်မွန်ကပြောသည်။ 
-
အဆိုပါစက်များကို မကွေး၊ စစ်ကိုင်းနှင့် မုံရွာစသည့် မြို့နယ်တို့၌ ဖြန့်ဖြူးထားပြီး DK1325 ဟုခေါ်သည့် စက်အမျိုးအစား များစွာရှိကြောင်း သိရသည်။ ''စက်ချင်းကမတူဘူး။ ပန်းပုက ပန်းပုသတ်သတ်၊ Furnitureက သတ်သတ်။ အခုနောက်ပိုင်း Furniture က ခေတ်စား လာတဲ့အတွက် Furniture ဆိုင်တွေ အဝယ်များတယ်။ ပန်းပုက သိပ်ခေတ်မစားသေးဘူး။ Handmade တွေကပိုပြီးများ နေသေးတဲ့အတွက် Furniture ပိုင်းကို သွားတဲ့စက်ဆိုရင် ငွေကျပ် ၂၂၅ သိန်း၊ Furniture ရော ပန်းပုပါတွဲတဲ့စက်က ငွေကျပ် ၁၇၈ သိန်း၊ ပန်းပုပဲသီးသန့်ဆိုရင် ငွေကျပ် ၃၁၈ သိန်း ဈေးရှိတယ်'' ဟု ဒေါ်အေးမြတ်မွန်က ပြောသည်။ 
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

ဆီထွက် သီးနှံပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်း သီးနှံများ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး ဆောင်ရွက်

ဆီထွက် သီးနှံပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်း သီးနှံများ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး ဆောင်ရွက်
-
သံတောင်ကြီး ဇန်နဝါရီ ၃ဝ 
-
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ၂ဝ၁၈-၂ဝ၁၉ ခုနှစ် အချိန်လွန် မိုးရွာသွန်းမှုကြောင့် တောင်သူများ စိုက်ပျိုးထားသော ဆောင်းသီးနှံ ဆီထွက်ပဲမျိုးစုံနှင့်အစေ့ထုတ်ပြောင်း သီးနှံများတွင် ပိုးမွှားရောဂါ ကျရောက်မှု ရှိ၊ မရှိ ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ 
-
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးလင်းအောင်နှင့် ဝန်ထမ်းများက သံတောင်ကြီး မြို့နယ်အတွင်းရှိ ရွာကြီးကျေးရွာအုပ်စု၊ ပျားစခန်းစီပင်ကလေးကျေးရွာအုပ်စု၊ မိုင် ၂ဝ သပြေညွန့် ကျေးရွာအုပ်စုနှင့် ခဲချောင်းကျေးရွာတို့သို့ သွားရောက်၍ သီးနှံဖျက် ပိုးငမြှောင်တောင်နှင့် အခြားဖျက်ပိုး ကျရောက်မှု ရှိ၊ မရှိ မှတ်တမ်းကောက်ယူကြသည်။ 
-
ထို့နောက် တောင်သူများနှင့် တွေ့ဆုံကာ ငမြှောင်တောင် သီးနှံဖျက်ပိုးနှင့် ပတ်သက်သည်များကို နည်းပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

အခြေခံ စက်ချုပ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ

အခြေခံ စက်ချုပ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ
-
မြိတ် ဇန်နဝါရီ ၃ဝ 
-
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ကဟန်းကျေးရွာအုပ်စု တောင်ဖီလာကျေးရွာ အောင်ရတနာ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံဆောင်၌ယနေ့နံနက်ပိုင်းတွင်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ အခြေခံစက်ချုပ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။ 
-
အခမ်းအနားတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံစက်ချုပ်ပညာ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရေးအတွက် အခြေခံစက်ချုပ်ပညာ သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 
-
ထို့နောက် မြိတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်း သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံစက်ချုပ်ပညာသင်တန်းဆင်း လက်မှတ်များနှင့် ပထမ၊ ဒုတိယ၊တတိယဆုတို့ ပေးအပ်သည်။ ယင်းနောက် သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာအခြေခံစက်ချုပ်ပညာ သင်တန်းတက်ရောက် သင်ကြားနိုင်ခြင်းအတွက် ကျေးဇူးတင် စကားများ ပြန်လည် ပြောကြားပေးသည်။ 
-
အဆိုပါ စက်ချုပ်ပညာ သင်တန်းကို မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ နည်းပြဆရာမ နှစ်ဦးက ကဟန်းကျေးရွာ အုပ်စုအတွင်းရှိ ကဟန်းကျေးရွာ၊ တောင်ဖီလာ ကျေးရွာနှင့် သက္ကထီး ကျေးရွာသုံးရွာတို့မှ အမျိုးသမီး ငယ်သင်တန်းသူ ၁၅ ဦးအား အင်္ကျီ၊ လုံချည်၊ ဘောင်းဘီ၊ ထဘီ၊ ဂါဝန်၊ စကပ် အစရှိသည့် အခြေခံစက်ချုပ် နည်းပညာရပ်များကို နှစ်လကြာဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မောင်တောမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား မရသေးသည့် ကြိမ်ချောင်း ကျေးရွာအပါ ကျေးရွာ ၁၇ ရွာကို လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်

မောင်တောမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား မရသေးသည့် ကြိမ်ချောင်း ကျေးရွာအပါ ကျေးရွာ ၁၇ ရွာကို လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်
-
မောင်တော ဇန်နဝါရီ ၃ဝ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အား မရသေးသည့် ကြိမ်ချောင်းကျေးရွာအပါအဝင်  ကျေးရွာ၁၇ ရွာကို လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိစေရန် ယခုနှစ်လယ်ပိုင်းအတွင်း ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
-
လက်ရှိတွင် မောင်တောမြို့ လျှပ်စစ်ဓာတ်အားခွဲစက်ရုံသည်ရသေ့တောင်-ဘူးသီးတောင်-မောင်တောတို့ကို ဆက်သွယ်သည့် လျှပ်စစ်ဓာတ်အားလိုင်းဖြစ်ပြီး မောင်တောမြို့ပေါ် ရပ်ကွက်များနှင့် မောင်တောမြို့မှ ၁ဝ မိုင်ပတ်လည်ရှိ ကျေးရွာပေါင်း ၁၅ ရွာကို၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က စတင်ပြီး လျှပ်စစ်ဓာတ်အား ၂၄ နာရီ ဖြန့်ဖြူးပေးသည်။ ယခုအခါတွင် လျှပ်စစ်ဓာတ်အား ရရှိရန်ကျန်ရှိနေသည့် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာနှင့် ကြိမ်ချောင်းမှ ၄၂ မိုင်အတွင်း ကျေးရွာ ၁၆ ရွာကို လျှပ်စစ်မီးရရှိရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အားကိုလည်း မောင်တောမှတစ်ဆင့် ကြိမ်ချောင်းသို့ သယ်ယူမည်ဖြစ်သည်။ 
-
ကြိမ်ချောင်းကျေးရွာ အပါအဝင် စုစုပေါင်း ကျေးရွာ ၁၇ ရွာကို လျှပ်စစ်ဓတ်အား ဖြန့်ဖြူးပေးနိုင်ရန် အတွက် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် ဓာတ်အားခွဲစက်ရုံ တည်ဆောက်လျက်ရှိသည့်အပြင် လျှပ်စစ်ဓာတ်အား သယ်ယူမည့် လမ်းတစ်လျှောက်တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထိုလုပ်ငန်းများ ပြီးစီးပါက အိမ်ထောင်စု ၂၈၂၇ စု လူဦးရေ ၂၂ဝဝဝ ကျော်အတွက် လျှပ်စစ်ဓာတ်အား ၂၄ နာရီ သုံးစွဲနိုင် မည်ဖြစ်သည်။ 
-
ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား မရသေးသည့် ကြိမ်ချောင်းကျေးရွာ အပါအဝင် ကျေးရွာ ၁၇ ရွာကို လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရေး အတွက် ဆောင်ရွက်ရာတွင် ကုန်ကျမှုများကို ဂျပန်နိုင်ငံမှ ချေးငွေဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ကို တိုင်းရင်းသား ဘာသာ ၅၅ မျိုးဖြင့် ထုတ်ဝေပေးမည်

-
ရန်ကုန်  ဇန်နဝါရီ   ၃ဝ 
-
တောင်ပေါ်/မြေပြန့်ဒေသများအထိ ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း အသိပညာ တိုးတက်မြင့်မားလာစေရန် ''ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ'' စာအုပ်ကို တိုင်းရင်းသားဘာသာ  ၅၅ မျိုးဖြင့် ဘာသာပြန် ဆိုပြီး  မတ်လတွင် ထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ သိရသည်။ 
-
''လက်ရှိ တစ်နိုင်ငံလုံးမှာ ကျန်းမာရေး အသိပညာပေးနေတဲ့ အဖွဲ့တွေရှိတယ်။ ဒီအဖွဲ့တွေ အားလုံးကို စံပြုစရာ၊ ကိုးကားစရာ မှန်ကန်တဲ့သတင်းအချက်အလက်ရရှိစေဖို့ဖြစ်ပါတယ်။ ဒီစာအုပ်မှာအခန်း(၁၅)ခန်း ပါတယ်။  တစ်ခန်းချင်းအလိုက်သက်ဆိုင်ရာ ပရိုဂရမ် မန်နေဂျာတွေဆီကနေ သတင်းအချက်အလက်တွေ ရယူပြီး  ပြည်သူလူထု နားလည်မယ့် ပုံစံမျိုးနဲ့ရေးပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် ဆေးတက္ကသိုလ် အဆင့်ဆင့် အတည်ပြုချက် ရယူထားတာပါ။ဒီစာအုပ်က ဝန်ကြီးဌာန နှစ်ခုရဲ့ကြိုးစားအားထုတ်မှုပါ။ ရေးလို့ရတဲ့ တိုင်းရင်းသားဘာသာ ၅၅ မျိုးစလုံးကဘာသာပြန်ပြီးထုတ်သွားမှာပါ။လာမယ့်မတ်လထက်နောက်မကျဘဲ ပြီးစီးအောင် ကြိုးစားနေပါတယ်''ဟု ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးကပြောသည်။
-
ထိုကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ကို သက်ဆိုင်ရာဘာသာရပ်အလိုက် စာပေယဉ်ကျေးမှု အဖွဲ့များက ဘာသာပြန်ဆိုမှုသည် ၅၅ ဘာသာအထိ ဘာသာပြန်သွားမည်ဖြစ်သည်။ယခုအခါတွင် ဂုန်ရှမ်း/ ကိုးကန့်(ရှမ်း)၊ ကယား၊ အရှို(ချင်း)၊  မကူရီနာဂ၊ လီဆူး၊ အာခါ (ရှမ်း)၊ တိုင်းလျန်း၊ ဇိုမီး(ချင်း)၊ ဇိုင်ဝါး(ချင်း)နှင့် အခြားဘာသာ နှစ်မျိုး အပါအဝင် ဘာသာ ၁၂ မျိုးပြီးစီးနေပြီဖြစ်သည်။ အားလုံးကို မတ်လထက်နောက်မကျဘဲ ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုစာအုပ်သည် ဒေသအလိုက် လိုအပ်သော ကျန်းမာရေးဆိုင်ရာအသိပညာပေးလမ်းညွှန်စာအုပ်အဖြစ် ပေါ်ထွက်လာမည်ဖြစ်ပြီး ကျန်းမာရေး ပညာပေး ရုပ်/သံရိုက်ကူးမှုနှင့် အသံထုတ်လွှင့်မှုအပိုင်း၊ ကျန်းမာရေးအသိပညာပေးမှုများတွင်  အထောက်အကူပြုမည် ဖြစ်ကြောင်းကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ သိရသည်။
-
ထိုစာအုပ်တွင် မွေးကင်းစကလေး ကျန်းမာဖွံ့ဖြိုးရေး၊ကာကွယ်ဆေးထိုး လုပ်ငန်း၊အာဟာရဖွံ့ဖြိုးရေး၊  ကျောင်းကျန်းမာရေး၊   ဆယ်ကျော်သက်လူငယ် ကျန်းမာဖွံ့ဖြိုးရေး၊ မိခင်နှင့် မျိုးဆက်ပြန့်ပွားကျန်းမာရေး၊ ကူးစက်နိုင်သော ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများ၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများ၊ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု၊ သဘာဝဘေးအန္တရာယ်၊ အထွေထွေ/ တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ စံပြုအချက် အလက်များ၊  အားကစားနှင့် ကာပညာသိပ္ပံ အချက်အလက်များ၊  အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများကိုကဏ္ဍအလိုက် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။ ထိုအချက်အလက်များကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးက စိစစ်အတည်ပြုပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကုလသမဂ္ဂ   ကလေးများ ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဖြန့်ချိထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မိတ္ထီလာမြို့၊ ရုံးတောလေးကျေးရွာ အနီး၌ ဗုံးသီးဟောင်းသုံးလုံး တွေ့ရှိ

မိတ္ထီလာမြို့၊ ရုံးတောလေးကျေးရွာ အနီး၌ ဗုံးသီးဟောင်းသုံးလုံး တွေ့ရှိ
-
နေပြည်တော် ဇန်နဝါရီ ၃ဝ
-
မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့၊ သဲကုန်းကျေးရွာနေ ဦးသိန်းထွေးသည် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ၄င်း၏စိုက်ခင်းသို့ သွားရောက်စဉ် ရုံးတောလေး ကျေးရွာအနီးရှိ မိတ္ထီလာ-သာစည်ရထားသံလမ်းဘေး ချုံဘေး၌ ဗုံးသီးဟောင်းသုံးလုံး တွေ့ရှိ၍ မိတ္ထီလာမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလျား ၁၂ လက်မ၊ လုံးပတ် ၉ လက်မခန့်ရှိ ဗုံးသီးဟောင်းသုံးလုံးကို တွေ့ရှိခဲ့သည်။
-
အဆိုပါ ဗုံးသီးဟောင်းများအား နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော် ဇန်နဝါရီ ၃ဝ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ဦးထန်ဆိုင်လင်း၏ နေအိမ်အား ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ကသတင်းအရဝင်ရောက်ရှာဖွေရာ ၄င်း၏ နေအိမ်၌ ငှားရမ်းနေထိုင်သည့် အောင်ကျော်(ဘ) ဦးအိုက်ခေါင်နှင့် မစိန်ပွင့်(ဘ) ဦးစိန္ဒာတို့ နှစ်ဦးအား ဘိန်းဖြူ ၈ဝ ဂရမ်နှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၉ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ သူများအား ကျောက်မဲမြို့မ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ သန့်ရှင်းရေး ဆောင်ရွက်

မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ သန့်ရှင်းရေး ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်အတွင်း/အပြင် သန့်ရှင်းသာယာမှု ရှိစေရေး အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် မှော်ဘီတပ်နယ်မှ တပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ -
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရပ်စောက်မြို့နယ်၊ ဇလဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရပ်စောက်မြို့နယ်၊ ဇလဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဇလဲကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ သာသနာ့ဝိပုလ္လဇလဲ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၁၁၉ ဦးတို့ကို သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာ၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ရေချမ်းပြင်ကျောင်းတိုက်၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် သုံးပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၁ဝဝ ဦးတို့ကို ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ပန်းတောင်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပန်းတောင်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   ဇန်နဝါရီ  ၃ဝ 
-
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က တောင်ဘို့ကြီးကျေးရွာရှိ ဓမ္မသုခ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၅၂ ဦး တို့ကို အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီးဆေးရုံတက်ရောက်ကုသရန်လိုအပ်သော ဒေသခံ ပြည်သူငါးဦးကို ဥသျှစ်ပင်မြို့ရှိ   တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 
-
ထို့ပြင် ဆေးကုသရေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သွေးတိုးရောဂါအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ကျန်းမာရေးအသိ ပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။       
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ပေးသည်။ 
-
ဦးစွာ ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ များနှင့်  ကျောင်းသား၊  ကျောင်းသူများကို ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများနှင့် သွားနှင့် ခံတွင်းရောဂါတို့အကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက် ပေးသည်။ 
-
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းများ ဆောင်ရွက် ပေးပြီး ဆရာ၊ ဆရာမ ၉၁ ဦးနှင့် ကျောင်းသား၊  ကျောင်းသူ ၂၇၂၃ ဦးတို့ကို ကလေးရောဂါ၊  သွားနှင့် ခံတွင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊  အထွေထွေရောဂါတို့နှင့်ပတ်သက်၍  လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ တိုက်ပွဲရှောင် ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည် ပို့ဆောင်

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ တိုက်ပွဲရှောင် ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည် ပို့ဆောင်
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအုပ်စု၊ နန်ဆန်ယန် ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်သား များက ဇန်နဝါရီ ၂ဝ ရက်မှ ၂၆ ရက်ထိ ကျေးရွာအတွင်းရှိ နေအိမ်များ၊ စာသင်ကျောင်းများ၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများနှင့်ပတ်ဝန်းကျင်တစ်ဝိုက်အား သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခြင်း၊ ရေတွင်း၊ ရေကန်များတွင် သန့်ရှင်း သောသောက်သုံးရေ ရရှိစေရေး ဆောင်ရွက် ပေးခြင်းနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့သည်။
-
အဆိုပါတိုက်ပွဲရှောင်ပြည်သူများအား ယနေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များလိုက်ပါ၍ ၎င်းတို့ခေတ္တတည်းခို နေထိုင်လျက်ရှိသည့် မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာ ရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကသီဒြယ်ဘုရားကျောင်းနှင့်  ဝိုင်းမော်မြို့၊ စိန်ဂျိုးဇက်ဘုရားကျောင်း တို့မှ အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၁ဝ၅ ဦးနှင့် အိမ်ထောင်ပရိဘောဂ ပစ္စည်းများအား တပ်မတော် မော်တော်ယာဉ်များဖြင့် ၎င်းတို့ ကျေးရွာသို့ ပြန်လည် ပို့ဆောင်ပေးသည်။
-
-
ထို့ပြင်  နန်ဆန်ယန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တိုက်ပွဲရှောင် ပြည်သူများအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ကျေးရွာပြန်လည် ထူထောင်ရေးအတွက် တိုက်ပွဲရှောင် ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ အိမ်ထောင်စုဝင် အသီးသီးက လက်ခံရယူပြီး တိုက်ပွဲရှောင်ပြည်သူများ ကိုယ်စား ရပ်မိ ရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
-
ယင်းတိုက်ပွဲရှောင် ပြည်သူများအား တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ စိန်ပေါလ်ဘုရားကျောင်း၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ဆေးကုသရေး အဖွဲ့သည်ယနေ့တွင် ထန်းပင်ကုန်းကြီးကျေးရွာ၌ အခြေပြု၍ နယ်လှည့်ဆေး အဖွဲ့(၁)သည် ပင်းရွာရှိ လောကမာရဇိန်ရန်ဦး နှိမ်စေတီတော်မြတ်ကြီးနှင့် မြို့လယ်ရွှေဂူစေတီ ပရိဝုဏ်အတွင်း၌ လည်းကောင်း၊ နယ် လှည့်ဆေးအဖွဲ့(၂)သည် ဖလန်းတောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ဒေသခံပြည်သူစုစုပေါင်း  ၁၂၄၅ ဦးတို့ကိုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၈၆ ဦး၊ ခွဲစိတ်ရောဂါ ၁၃၃ ဦး၊ ကလေးရောဂါ ၉၁ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅၉ ဦး၊ အရိုးရောဂါ ၇ဝ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိ ရောဂါ ၃၁၇ ဦး၊ သွားရောဂါ ၁၂၉ ဦးနှင့် အထွေထွေရောဂါ ၁၁၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့ အနက် မျက်စိခွဲစိတ်လူနာ ၁၆ ဦး၊ သွားနုတ်သွားဖာလူနာ ၆၉ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ၁၃ ဦးတို့ကို ရွေ့လျားခွဲစိတ် ကုသယာဉ်များဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး သည်။ 
-
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၅ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲယာဉ် တို့ဖြင့်   ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၅၅ ဦးကို မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

ထိုင်းဘုရင့် တပ်မတော်ကြည်းတပ် ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

ထိုင်းဘုရင့် တပ်မတော်ကြည်းတပ် ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်နှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ စစ်သံမှူးများနှင့်  တာဝန်ရှိသူများက  လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။ 
-
အဆိုပါထိုင်းဘုရင့် တပ်မတော်ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာ ယူ-၁၉ အမျိုး သမီး အသင်း ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရ

မြန်မာ ယူ-၁၉ အမျိုး သမီး အသင်း ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရ
-
ရန်ကုန်   ဇန်နဝါရီ  ၃ဝ 
-
၂ဝ၁၉ အာရှခြေစစ်ပွဲများအတွက် လေ့ကျင့် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ယူ-၁၆ အမျိုးသမီး အသင်းသည် ယနေ့နံနက်ပိုင်းတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ  ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းက ၆ ဂိုး ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိသည်။ နှစ်သင်းစလုံး  အမာခံကစားသမားအစုံ အလင်ဖြင့် ပွဲထွက်ခဲ့ပြီး ယူ-၁၉ အသင်းက ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
-
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၄ မိနစ်မှာပင် စန်းသော်သော်က အဖွင့်ဂိုး စတင်သွင်းယူခဲ့သည်။ ပွဲအစတွင် ယူ-၁၆ အသင်း ကစားကွက်တည်မရသေးဘဲ ၁ဝ မိနစ်တွင် လင်းမြင့်မိုရ်က ယူ-၁၉ အသင်းအတွက် ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့သည်။ ၂၇ မိနစ်တွင် မြတ်နိုးခင်က ယူ-၁၆ အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်း သော်လည်း  ယူ-၁၉ အသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် မိနစ် ၃ဝ တွင် နွယ်နီဝင်းနှင့် ၃၆ မိနစ်တွင် မိုးမိုး သန်းတို့က ဂိုးများထပ်မံသွင်းယူသောကြောင့် ပထမပိုင်းအပြီးတွင် ယူ-၁၉ အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းအစတွင် ယူ-၁၆ အသင်းက တိုက်စစ်အားမြှင့်ကာ   ပိုဖိကစားနိုင်ခဲ့ပြီး ၄၆ မိနစ်တွင်  ဝင်းဝင်းက  ဒုတိယ ချေပဂိုး သွင်းယူခဲ့သည်။  
-
ယင်းနောက်ပိုင်း၌  ယူ-၁၉ အသင်းက ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ၇၄ မိနစ်တွင် မိုးမိုးသန်း၊ ၈၅ မိနစ်တွင် နွယ်နီဝင်း (ပယ်နယ်တီ)တို့က  ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ယူ-၁၆ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၂ ရက်တွင် ခြေစမ်းပွဲထပ်မံ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ အိန္ဒိယ သမ္မတ နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့မှ သံအမတ်ခန့်အပ်လွှာများ သီးခြားစီ ပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ အိန္ဒိယ သမ္မတ နိုင်ငံနှင့်  ဟန်ဂေရီနိုင်ငံတို့မှ သံအမတ်ခန့်အပ်လွှာများ သီးခြားစီ ပေးအပ်
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားသည် ယနေ့ နံနက် ၁ဝ နာရီတွင်  နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌   ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။ 
-
အလားတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ  ဟန်ဂေရီနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဆေးလ်ဗက် စတာဘတ်စ်သည် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ် တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
-
-
အဆိုပါသံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားများသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင် တို့ တက်ရောက်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ
-
နေပြည်တော်၊ ဇန်န၀ါရီ - ၃၀ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။ 
-
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး  ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှစစ်တိုင်းမှူးများ၊ အရာရှိကြီးများ၊ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်စစ်သံမှူး Senior Colonel Apichart Choopavang  တို့တက်ရောက်ကြသည်။
-
-
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ ဖြစ်သည်သာမက အိမ်နီးချင်း နိုင်ငံများ ဖြစ်ခြင်းကြောင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာမှုရှိရန် လိုအပ်ကြောင်းဦးစွာ ပြောကြားပြီး နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ခိုင်မြဲသော ဆက်ဆံရေး ရရှိထားသည့် အခြေအနေများ၊ ဆက်လက်၍ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲအောင် ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် စိတ်တူကိုယ်တူ ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်၏ ထုတ်ပြန်ချက်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် လမ်းဖွင့်ဖိတ်ခေါ် ထားသည့် အခြေအနေများ၊  မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးတွင် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ယဉ်ကျေးမှုဆိုင်ရာများ ဖလှယ်ခြင်းနှင့် အားကစားနှင့် ဆေးဘက်ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအားအပြန်အလှန် ဆွေးနွေးကြသည်။ 
-
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင် များနှင့်အတူစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ချစ်ကြည်ရေး ခရီးစဉ်လာရောက်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ချစ်ကြည်ရေး ခရီးစဉ်လာရောက်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံ
-
နေပြည်တော်၊ ဇန် - ၃၀ 
-
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်သည်။ ဦးစွာ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာ ဇေယျာသီရိဗိမာန်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြိုဆိုနှုတ်ဆက်သည်။
-
ဦးစွာ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာ ဇေယျာသီရိဗိမာန်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြိုဆိုနှုတ်ဆက်သည်။
-

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်  General Apirat Kongsompong တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက် အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ တပ်မတော် အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြသည်။
-

-
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူုး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး  ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှစစ်တိုင်းမှူးများ၊ အရာရှိကြီးများ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်စစ်သံမှူးတို့ တက်ရောက်ကြသည်။ ၎င်းနောက် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong က ဇေယျာသီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
-
ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည်ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ်General Apirat Kongsompong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။
-
ထိုသို့ တွေ့ဆုံရာတွင် ကြာရှည်စွာ ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုများကို စဉ်ဆက်မပြတ် ပိုမိုတိုးတက် ခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတစ်လျှောက်တွင် မူးယစ် ဆေးဝါးများနှင့်မူးယစ်ဆေးဝါးများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ  တားဆီး နှိမ်နင်းနိုင်ရေးအတွက် သတင်းအချက်အလက်များ ဖလှယ်ရေး၊ လူကုန်ကူးမှုများအား ပူးပေါင်းတားဆီး ဆောင်ရွက်နိုင်ရေး၊တပ်မတော်နှစ်ရပ်ကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့အား ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။ တွေ့ဆုံပွဲ အပြီးတွင်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် တို့သည် အထိမ်းအမှတ်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။
-
ညပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ  Aureum Place Hotel  ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ ညစာမသုံးဆောင်မီတွင်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်တို့က နှုတ်ခွန်းဆက်စကားများ အပြန်အလှန် ပြောကြားကြပြီး အဖွဲ့ဝင်များနှင့်အတူ ညစာသုံးဆောင်ကြသည်။ 
-
ညစာ သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတ အဖွဲ့မှ နှစ်နိုင်ငံတေး သီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။ ညစာသုံးဆောင် အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြ ဖျော်ဖြေကြသော မြ၀တီတေးဂီတ အဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီး ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၃၁- ၁- ၂၀၁၉)


တနာပုံနေ့စဉ်သတင်းစာ (၃၁- ၁- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၉)

-
 Download Links

Wednesday, January 30, 2019

လန်ချန်း- မဲခေါင်ဒေသ တွင်းရှိ အနုပညာရှင် လူငယ်များ ရိုးရာ ပန်းချီ ရေးဆွဲခြင်းနှင့် လက်မှုပညာ အရုပ်များ ဖန်တီး ပြုလုပ်ခြင်း အစီအစဉ်များဆောင်ရွက်

လန်ချန်း- မဲခေါင်ဒေသ တွင်းရှိ အနုပညာရှင် လူငယ်များ ရိုးရာ ပန်းချီ ရေးဆွဲခြင်းနှင့်  လက်မှုပညာ အရုပ်များ ဖန်တီး ပြုလုပ်ခြင်း အစီအစဉ်များဆောင်ရွက်
-
မန္တလေး   ဇန်နဝါရီ   ၂၉ 
-
မန္တလေးမြို့၌ ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက် အထိ ကျင်းပလျက်ရှိသည့် လန်ချန်း - မဲခေါင်ဒေသတွင်းရှိ အနု ပညာရှင် လူငယ်များတွေ့ဆုံပွဲ သို့ရောက်ရှိနေကြသည့် ဒေသတွင်း အဖွဲ့ဝင်ခြောက်နိုင်ငံမှအနုပညာရှင် လူငယ်များသည်ယနေ့တွင် ရိုးရာပန်းချီရေးဆွဲခြင်း၊  လက်မှုပညာ အရုပ်များဖန်တီးပြုလုပ်ခြင်းနှင့်  အမျိုး သား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)သို့ သွားရောက် လေ့လာခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။ 
-
အဆိုပါ အနုပညာရှင် လူငယ်များအဖွဲ့သည် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း  ရိုးရာပန်းချီရေးဆွဲခြင်း၊ လက်မှုပညာအရုပ်များဖန်တီးပြုလုပ်ခြင်းနှင့်   စုပေါင်း သီချင်း  ရေးသား စပ်ဆိုကာ  အက လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြပြီး ပိတ်ချင်းမြောင် ရေတံခွန်ကိုလည်း သွားရောက် လေ့လာကြသည်။ 
-
ညနေပိုင်းတွင် လူငယ်အနုပညာရှင်များ အဖွဲ့သည် မန္တလေးမြို့ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့ သွားရောက်လေ့လာရာ တက္ကသိုလ်နှင့် ပတ်သက်၍ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာက ရှင်းလင်း ပြောကြားသည်။ 
-
ထို့နောက် လူငယ်အနုပညာရှင်များ အဖွဲ့သည် အနုပညာ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု လေ့လာကာ အမှတ်တရ သစ်ပင်စိုက်ပျိုး ကြသည်။ ညပိုင်းတွင် လန်ချန်း-မဲခေါင်ဒေသတွင်းရှိ အနုပညာရှင် လူငယ်များသည်  မန္တလေးမြို့ရှိ ကန်တော်ကြီးဥယျာဉ်တွင် မီးပုံးပျံလွှတ်တင်ခြင်းနှင့်  ရိုးရာကစားနည်း အစီအစဉ်များကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြကြောင်း   သိရသည်။
-
မင်းထက်အောင် (မန်းကိုယ်ပွား) 
-
#မြ၀တီနေ့စဉ်သတင်းစာ

မိတ္ထီလာမြို့နယ် ကူတော်ကျေးရွာ၌ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်

မိတ္ထီလာမြို့နယ် ကူတော်ကျေးရွာ၌ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်
-
မိတ္ထီလာ  ဇန်နဝါရီ  ၂၉
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်    ကူတော်ကျေးရွာ၌ အမှတ်(၁၅၇) အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ မုခ်ဦးရှေ့၌ ကျင်းပသည်။
-
ရှေးဦးစွာ အခမ်းအနားကို  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန် ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
-
ဆက်လက်၍  မြို့နယ်ပညာရေးမှူးက အမှတ် (၁၅၇)ကူတော် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန်းချိုထံ ကျောင်း အဆင့်တိုးမြှင့်ခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ပြီး  ကျောင်းအုပ် ဆရာမကြီးက မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများအား ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အလံများ ပေးအပ်သည်။
-
အဆိုပါ ကူတော်ကျေးရွာ အမှတ်(၁၅၇) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကူတော်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ ၁၅ဝ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ လက်စွဲစာအုပ် မိတ်ဆက်ခြင်းနှင့် ဆွေးနွေးပွဲ ကျင်းပ

မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ လက်စွဲစာအုပ် မိတ်ဆက်ခြင်းနှင့် ဆွေးနွေးပွဲ ကျင်းပ
-
မြစ်ကြီးနား  ဇန်နဝါရီ  ၂၉ 
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ City Park Royal ၌ ယနေ့နံနက် ၈ နာရီခွဲတွင် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ လက်စွဲစာအုပ် မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားကျင်းပသည်။ ရှေးဦးစွာ ကချင်ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး တရားစွဲအမှုလိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းကမျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ လက်စွဲစာအုပ်ကို ရှင်းလင်းတင်ပြသည်။ 
-
ဆက်လက်၍ တက်ရောက်လာကြသူများက မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ အကြောင်းကို အဖွဲ့များခွဲ၍  ဝိုင်းဝန်း ဆွေးနွေးကြသည်။ 
-
အဆိုပါမျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ လက်စွဲစာအုပ်တွင် မျှတသော တရားစီရင်ရေးစံနှုန်းများနှင့် တရားဥပဒေ စိုးမိုးရေးမူများ၊ ရာဇဝတ် တရားစီရင်ရေး ဆိုင်ရာ မျှတသောတရားစီရင်ရေးစံနှုန်းများ၊ တရားစီရင်ရာတွင် ကျင့်သုံးရမည့် မျှတသော တရားစီရင်ရေး စံနှုန်းများနှင့် အမျိုးသမီး အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှုပေးခြင်းစသည့် ခေါင်းစဉ်များ ပါဝင်ပြီးတရားစီရင်ရေးစံနှုန်းများ ဖြစ်သည့် လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ တန်းတူညီမျှမှုတို့ကို အထောက်အကူဖြစ်စေရန် အတွက် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊တည်ဆဲပြည်တွင်း ဥပဒေပြဋ္ဌာန်းချက်များ၊ တရားရုံး ဆုံးဖြတ်ချက်များကို အခြေခံထားကာ အပြည်ပြည်ဆိုင်ရာ Fair Trial Standard စံနှုန်းများနှင့် ကိုက်ညီမှုရှိအောင် ပြုစုထားပြီး ယင်းစံနှုန်းများကို ဥပဒေအရာရှိများ လေ့လာသိရှိနိုင်ရန်နှင့် ပြည်သူများ၏ ဥပဒေဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်၍ ၎င်းစာအုပ်အား ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ငွေတောင်ဆည်မှ နွေစပါးဧက ၁၆ဝဝ ကျော် ရေပေးဝေမည်

ငွေတောင်ဆည်မှ နွေစပါးဧက ၁၆ဝဝ ကျော် ရေပေးဝေမည်
-
ဒီးမော့ဆို  ဇန်နဝါရီ  ၂၉ 
-
ကယားပြည်နယ်  ဒီးမော့ဆိုမြို့နယ်၌ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နွေစပါး ၃၂၅၈ ဧက စိုက်ပျိုးနိုင်ရန် လျာထား ဆောင်ရွက်လျက်ရှိ ပြီး ငွေတောင်ဆည်မှ နွေစပါးဧက ၁၆ဝဝ ကျော်ကို စိုက်ပျိုးရေ ပေးဝေမည် ဖြစ်ကြောင်း သိရသည်။ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ် ဒီးမော့ဆိုမြို့နယ်၌ ကျေးရွာအုပ်စု ၁၂ အုပ်စုမှ ငွေတောင် ဆည်အပါအဝင် အခြားဆည်၊ ကန် ရှစ်ခုမှ ပေးဝေသော ရေဖြင့် နွေစပါး ၂၈၇၃ ဧက နှင့် သဘာဝရေ၊ ချောင်း/မြောင်း၊ ရေစုပ် ရေတင်စနစ်မှ ပေးဝေသော ရေဖြင့် နွေစပါး ၃၈၅ ဧက စုစုပေါင်း နွေစပါး ၃၂၅၈ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက် ရှိကြောင်း၊  ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ဒီးမော့ဆို မြို့နယ်၌ နွေစပါး ၃၁၇၈ ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ 
-
နွေစပါး စိုက်ပျိုးချိန်တွင် ငွေတောင်ဆည်မှ နွေစပါးဧက ၁၆ဝဝ ကျော် ရေပေးဝေနိုင်ရန် လျာထားသော်လည်း ဒေသခံ တောင်သူများက ငွေတောင်ဆည်မှ ရေပိုမိုပေးဝေပေးရန်၊ နွေစပါးပိုမိုစိုက်ပျိုးနိုင်ရန် လိုလားလျက် ရှိကြောင်း သိရသည်။     
-
ရီရယ်(ဒီးမော့ဆို)
-
#မြ၀တီနေ့စဉ်သတင်းစာ

ပရဆေးဆိုင်များ၌ အစားအသောက်တွင် မသုံးသင့်သည့် ခွင့်မပြုဆိုးဆေးများ ရောနှောရောင်းချခြင်း မပြုရန် ပညာပေးကာလ သတ်မှတ်နိုင်ရေး ဆောင်ရွက်

ပရဆေးဆိုင်များ၌ အစားအသောက်တွင် မသုံးသင့်သည့် ခွင့်မပြုဆိုးဆေးများ ရောနှောရောင်းချခြင်း မပြုရန် ပညာပေးကာလ သတ်မှတ်နိုင်ရေး ဆောင်ရွက်
-
ရန်ကုန် ဇန်နဝါရီ ၂၉ 
-
ပြည်တွင်းရှိ ပရဆေးဆိုင်များ၌ ခွင့်မပြု ဆိုးဆေးများ ရောနှော ရောင်းချခြင်း မပြုရန် ပညာပေးကာလကို သုံးလ သို့မဟုတ် ခြောက်လ သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
-
လက်ရှိ အစားအသောက်များတွင် အများဆုံး အသုံးပြုနေသည့် ခွင့်မပြုဆိုးဆေးများကို ပရဆေးဆိုင်များ၌ ရောင်းချနေပြီး ဆိုးဆေးရောင်းချသော ဈေးဆိုင်များကို စစ်ဆေးခဲ့၍ ခေါ်ယူတွေ့ဆုံကာဆိုးဆေး၏ ဆိုးကျိုးနှင့် လုပ်ငန်းရှင်၏ ကျင့်ဝတ်များ၊ စားသုံးသူ၏ ရသင့် ရပိုင်ခွင့်များအကြောင်းကို ပထမအကြိမ် အနေဖြင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ''ပညာပေးကာလကို သုံးလ ဒါမှမဟုတ်ခြောက်လသတ်မှတ်မယ်။ ပညာပေးကာလအပြီးမှာ စစ်ဆေးတွေ့ရှိရင်တော့ အရေးယူမယ်။ အစားအစာအတွက်ဆိုရင် အစားအစာဆိုးဆေးပဲ ရောင်းရမယ်။ ဓာတုဆိုးဆေး အတွက်ဆိုရင်လည်း ဓာတုဆိုးဆေးပဲ ရောင်းရမယ်။ အဲဒီလိုမှ မဟုတ်ရင် ဥပဒေအရ အရေးယူမယ်။ အစားအစာကို ဆိုးတဲ့ ဆေးနဲ့ဓာတု ဆိုးဆေးနဲ့မတူဘူး။ ရောမရောင်းရဘူးဆိုတဲ့ စီမံချက်တွေရှိလာမယ်'' ဟု ၄င်းကပြောသည်။
-
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ ခွင့်မပြုဆိုးဆေးများကို စစ်ဆေးရာတွင် ရန်ကုန်မြို့ပင်ရင်းဆိုင်ကြီးများ ရှိသည့် သိမ်ကြီးဈေး( A)၊ (B)ရုံ၊ ပုဇွန်တောင်ဈေး စသည့်ဈေးတို့၌ စစ်ဆေးပြီး ပညာပေးကာလတွင် သတ်မှတ်ချက်များကို မလိုက်နာသည့် ဈေးဆိုင်များအား စစ်ဆေးတွေ့ရှိပါက ပစ္စည်းများ သိမ်းဆည်းလျက်ရှိသည်။ 
-
ခွင့်မပြုသည့် ဆိုးဆေးများ အများဆုံး တွေ့ရှိသည့် အစားအသောက်များမှာ လက်ဖက်၊ ချင်းနှပ်၊ ပုစွန်ခြောက်၊ ပုစွန်ချဉ်၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ စိမ်းစားငါးပိ၊ မျှစ်၊ အသားတု၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆော့ဖ်များနှင့် အချိုရည် အမျိုးမျိုးတို့ ဖြစ်ကြောင်း သိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

ရေနံချောင်းမြို့၌ ငွေကျပ် ၉၉၂ ဒသမ ၆၉ သန်းဖြင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်မှု ပြီးစီး

ရေနံချောင်းမြို့၌ ငွေကျပ် ၉၉၂ ဒသမ ၆၉ သန်းဖြင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်မှု ပြီးစီး
-
ရေနံချောင်း ဇန်နဝါရီ ၂၉ 
-
ဆောက်လုပ်ရေး ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ခွင့်ပြုရန် ပုံငွေဖြင့် ရေနံချောင်းမြို့၌ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 
-
ထို့ပြင်၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ် မှစတင်၍ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် ဝန်ထမ်း အိမ်ရာများတွင် နေထိုင်ရေး အခက်အခဲရှိသော ဝန်ထမ်းများကို နေရာချထား ပေးနိုင်ခဲ့သည်။ ယင်းအပြင်၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လည်း မကွေးနှင့် ဂန့်ဂေါမြို့တို့၌ ရှစ်ခန်းတွဲခြောက်ထပ် ဝန်ထမ်းအိမ်ရာ တစ်လုံးစီ တည်ဆောက်သွားရန်တင်ဒါအောင်မြင်သောကုမ္ပဏီများနှင့် လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုပြီး အကောင်အထည်ဖော် တည်ဆောက် လျက်ရှိကြောင်း သိရသည်။ 
-
အဆိုပါ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံ ငွေကျပ် ၉၉၂ ဒသမ ၆၉ သန်းဖြင့် လျှပ်စစ်မီး ခြံစည်းရိုးလမ်း အပါအဝင် ရှစ်ခန်းတွဲခြောက်ထပ်အာရ်စီ အဆောက်အအုံကို Civil Tech ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ 
-
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အများပြည်သူတို့ အတွက် တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့် အရောင်းအိမ်ရာများ အပြင် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဝန်ထမ်းများ အတွက် ဝန်ထမ်းအိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတို့ကို စဉ်ဆက်မပြတ် နှစ်စဉ် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။ 
-
ဆန်းညွန့်
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ အဓိက လမ်းမကြီးများ၌ ယာဉ်ရပ်နား ကန့်သတ်ဇုန်များ ထားရှိ၍ SMART CARD စနစ်ဖြင့် ယာဉ်ရပ်နားခ ကောက်ခံရန် တင်ဒါခေါ်ယူ

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ အဓိက လမ်းမကြီးများ၌ ယာဉ်ရပ်နား ကန့်သတ်ဇုန်များ ထားရှိ၍ Smart Card စနစ်ဖြင့် ယာဉ်ရပ်နားခ ကောက်ခံရန် တင်ဒါခေါ်ယူ
-
ရန်ကုန် ဇန်နဝါရီ ၂၉ 
-
ရန်ကုန်မြို့တွင်းခြောက် မြို့နယ်ရှိ အဓိက လမ်းမကြီးများ၌ ယာဉ်ရပ်နား ကန့်သတ်ဇုန် များထားရှိကာ Smart Card စနစ်ဖြင့် ယာဉ်ရပ်နားခ ကောက်ခံရန် တင်ဒါ ခေါ်ယူထားကြောင်း ရန်ကုန်မြို့တော် 
စည်ပင်သာယာရေး ကော်မတီ တင်ဒါကော်မတီမှ သိရသည်။ 
-
အဆိုပါ လုပ်ငန်းအား လုပ်ကိုင်လိုသော ကုမ္ပဏီများ အနေဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် စိတ်ဝင်စားမှု ဖော်ပြခြင်း (EOI) အဆိုပြုလွှာ တင်သွင်းရမည် ဖြစ်သည်။ ရန်ကုန်မြို့ တွင်းခြောက်မြို့နယ်ရှိ အဓိကလမ်းမကြီးများ၌ ယာဉ်ရပ်နား ကန့်သတ်ဇုန်များ ထားရှိ၍ Smart Card စနစ်ဖြင့် ကားပါကင် လုပ်ဆောင်မည်ဖြစ်ပြီး ယင်းကတ်စနစ်ဖြင့်သာ ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်သည်။ ယခင်ကစက္ကူဖြတ်ပိုင်းများ အသုံးပြု၍ ယာဉ်ရပ်နားခ ကောက်ခံခဲ့ပြီး ယခုအခါတွင် ကတ်စနစ် အသုံးပြုမည် ဖြစ်သည်။ ယင်းကဲ့သို့ ကောက်ခံခြင်းကို ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းက စတင်နိုင်ရန် စီစဉ်ခဲ့သော်လည်းယခုအချိန်မှစ၍ တင်ဒါခေါ်ယူခြင်းဖြစ်သည်။ 
-
၂ဝ၁၈ ခုနှစ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ Smart Card စနစ် ကားပါကင်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် TMH Telecom Public Co.,Ltd. တို့ တွေ့ဆုံ ဆွေးနွေးသည်။ Smart Card စနစ်ဖြင့် ကားပါကင် ဆောင်ရွက်ပြီးပါက ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့ခြင်း နှင့်အတူ စနစ်တကျ ယာဉ်ရပ်နားမှုကိုစီမံခန့်ခွဲနိုင်မည် ဖြစ်ပြီး သတ်မှတ်နေရာများအတွင်း ယာဉ်ရပ်နား နိုင်ရန်လည်း သတ်မှတ်နိုင်မည် ဖြစ်သည်။ 
-
လက်ရှိတင်ဒါခေါ်ယူမှုတွင် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများ လာရောက် တင်သွင်းနိုင်ပြီး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရွေးချယ်မည် ဖြစ်သည်။ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌အခပေးယာဉ် ရပ်နားရန်အတွက် နေရာများ သတ်မှတ်ရန် ယခင်က စီစဉ်ဖူးသော်လည်း တင်ဒါခေါ်ယူသော ကုမ္ပဏီများက ပေးသည့် တင်ဒါဈေးနှုန်း နည်းပါးသဖြင့် ယင်းစနစ်ကိုရပ်တန့်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ Smart Card စနစ်ဖြင့် ကတ်စနစ်ဖြင့် ကောက်ခံမှုကို ပြန်လည် ဆောင်ရွက်ခြင်းဖြစ်သည်။ 
-
လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ မော်တော်ယာဉ်များ ရပ်နားနိုင်မည့် ကားပါကင်များကိုလည်း တည်ဆောက်ထားပြီး ယင်းနေရာများ၌ ယာဉ်ရပ်နားမှု နည်းပါးကြောင်းသိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရေးအသင်း အပြန်အလှန် ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

-
နေပြည်တော် ဇန်နဝါရီ ၂၉ 
-
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
-
တွေ့ဆုံစဉ် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ချစ်ကြည်ရေးအသင်း အပြန်အလှန် ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ် မောတောင်မြို့ သွားရာလမ်း ထုံခါ-မောတောင်လမ်းပိုင်း ဆောင်ရွက်နေမှု ၉၃ ရာခိုင်နှုန်း ပြီးစီး

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ် မောတောင်မြို့ သွားရာလမ်း ထုံခါ-မောတောင်လမ်းပိုင်း ဆောင်ရွက်နေမှု ၉၃ ရာခိုင်နှုန်း ပြီးစီး
-
တနင်္သာရီ  ဇန်နဝါရီ  ၂၉  
-
ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်က ဆောင်ရွက်လျက် ရှိသော တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အတွင်းရှိ  မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ် မောတောင်မြို့သွား လမ်းအပိုင်းဖြစ်သည့် ထုံခါ-မောတောင်လမ်း အပိုင်းလုပ်ငန်းဆောင်ရွက်နေမှုမှာ ယခုအခါ ၉၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 
-
''ထုံခါ-မောတောင်   လမ်းအပိုင်းကို ကျွန်တော်တို့ ကုမ္ပဏီက တာဝန်ယူပြီး BOT စနစ်နဲ့ ၂ဝ၁၃ ခုနှစ်ကစပြီး ဖောက်လုပ်တာပါ။  လမ်းအရှည်က ၄၈ မိုင် ၆ ဖာလုံ၊ အကျယ် ၂၄ ပေ ရှိပါတယ်။ အရင်ကသစ်ထုတ်တဲ့ လမ်းကျဉ်းလေးကနေပြီးတော့ နယ်စပ်ဂိတ်ဖြစ်နိုင်တဲ့ လမ်းအဖြစ်  ဆောင်ရွက်နေတာ အခုဆိုရင် ဒီလမ်းက ၉၃ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။အချောသပ်ရမယ့် အပိုင်းအနေနဲ့ကျန်ပါသေးတယ်။ ဖေဖော်ဝါရီလအတွင်း အားလုံး ပြီးစီးလိမ့်မယ်လို့  ခန့်မှန်းထားပါတယ်။ ဒီလမ်းပြီးသွားရင် BOT စနစ်နဲ့ လုပ်ထားတာကြောင့် တိုးဂိတ်နှစ်ခု ဆောက်လုပ်မှာဖြစ်ပြီး တိုးဂိတ်အမှတ်(၁)ကတော့ မြိတ်ကနေလာရင် ထုံခါလမ်းဆုံအလွန် ချောင်းနှစ်ပေါက် တံတားအနီး တစ်ခုနဲ့  တိုးဂိတ်အမှတ်(၂)ကတော့ မောတောင်မြို့ အမှတ်(၁)ရပ်ကွက် တံတားအနီးမှာ တစ်ခုဆောက်လုပ်သွားပါမယ်။ ဒီလမ်းပြီးသွားရင် ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ ဒီလမ်းမကြီးကနေတစ်ဆင့်  ထိုင်းနိုင်ငံရဲ့ အဓိက ငါးဈေးကွက် မဟာချိုင်ကို ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့နိုင်မှာဖြစ်ပါတယ်။  နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမယ်။လမ်းပြီးသွားရင်တရားဝင်ဂိတ်အဖြစ် ထိုင်းနိုင်ငံနဲ့ လုပ်မယ့် ဝင်ပေါက်၊ ထွက်ပေါက်အနေနဲ့  နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခုကို ကျွန်တော်တို့က အမြဲတမ်းဂိတ် အနေနဲ့ ဖွင့်ဖို့ကြိုးစားနေပါတယ်''ဟု   မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ မောတောင်-ထုံခါလမ်းစီမံကိန်း ဒါရိုက်တာ ဦးသန်းလွင် ကပြောသည်။ 
-
အဆိုပါလမ်းပိုင်းမှာ  မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးအတွက်အဓိကကျသည့်လမ်းဖြစ်သောကြောင့် ထုံခါကျေးရွာမှ မောတောင်မြို့အထိ ၄၈ မိုင် ၆ ဖာလုံကို မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ တာဝန်ယူကာ ထိုင်းနိုင်ငံက ပညာရှင်များနှင့် လမ်းခင်းသည့် အပိုင်းများကိုပူးတွဲ လုပ်ဆောင်နေခြင်းဖြစ်သည်။ 
-
မိုးတွင်းကာလတွင်  မောတောင်ငယ် တောင်ကြောတစ်လျှောက်  မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသောကြောင့်  တောင်ကြော တစ်လျှောက်တွင် ကွန်ကရစ်လမ်း ခင်းထားကြောင်းနှင့် မြိတ်မြို့မှ ၁၂၃ မိုင် ကွာဝေးသည့် မြန်မာ-ထိုင်းနယ်စပ်  မောတောင်မြို့သို့ သုံးနာရီကြာ ခရီးဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခြင်းသည် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း လွဲမှား နေခြင်းကြောင့် ကန့်ကွက်ခဲ့ခြင်းဖြစ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခြင်းသည် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း လွဲမှား နေခြင်းကြောင့် ကန့်ကွက်ခဲ့ခြင်းဖြစ်
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အရေးကြီး အဆိုတစ်ရပ်  တင်သွင်းထားကြောင်းလွှတ်တော်အစည်းအဝေး ခေတ္တ နားပြီး ပြန်လည်ကျင်းပချိန်၌  ကြားဖြတ် ကြေညာခဲ့သည်။
-
ယင်းအဆိုမှာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး လုပ်ငန်း များကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကိုသင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုဖြစ်သည်ဟု နာယက ကပြောသည်။
-
ယင်းအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ယခုလို ကော်မတီတစ်ရပ် ဖွဲ့စည်းရန် တင်သွင်းခြင်းသည် ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်း လွဲမှားနေခြင်းကြောင့် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ''ကော်မတီဖွဲ့တဲ့အတွက် လုပ်ထုံးလုပ်နည်းတွေ မညီလို့  ကန့်ကွက်ရတာပါ။ အဲဒါကြောင့် လုပ်ထုံးလုပ်နည်းနဲ့လုပ်စေချင်လို့ ထောက်ပြတာဖြစ်ပါတယ်။ ပုဒ်မနံပါတ်တွေနဲ့ ပတ်သက်လို့ကတော့ လက်ရှိ သီးခြား ပြောစရာမရှိပါဘူး။ ပြင်ဆင်ချက် တင်ပြလာတော့မှသာ ဝိုင်းဝန်း ဆွေးနွေးသွားမှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
-
ထို့ပြင် ''အခု ကန့်ကွက်နေတယ်ဆိုတာဟာ အဆိုတင်တာကို ကန့်ကွက်တာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲနဲ့ ဥပဒေမူကြမ်း  တင်ရမယ့်ကိစ္စကို မတင်ဘဲနဲ့ ကော်မတီစဖွဲ့လို့ လုပ်ထုံးလုပ်နည်းနဲ့လွဲနေတာကို ပြောတာဖြစ်ပါတယ်။ တပ်မတော်ဘက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကန့်ကွက်ဖို့ မရှိပါဘူး။  ပြင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ လက်ခံပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့ပဲ တင်ပြတာ၊ တောင်းဆို တာဖြစ်ပါတယ်'' ဟု မီဒီယာများအား ဖြေကြားခဲ့သည်။
-
အဆိုပါ အရေးကြီးအဆိုကို  လွှတ်တော်အစည်းအဝေး၏  ပုံမှန်အစီအစဉ်များ အပြီးတွင် တင်သွင်းရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကကန့်ကွက်ခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲများသောကြောင့် အဆိုကို လွှတ်တော်တွင် လက်ခံ ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်နာယက က ကြေညာသည်။
-
လွှတ်တော်အစည်းအဝေး အပြီးတွင် ကန့်ကွက်ခဲ့သည့် အကြောင်းနှင့် စပ်လျဉ်း၍ ဗိုလ်မှူးချုပ်မောင်မောင်က  မီဒီယာများကို ဖြေကြားခဲ့ရာတွင် ''ကျွန်တော်တို့က ဥပဒေအတိုင်း လုပ်ပါလို့ပြောတာပါ။ ဥပဒေကို ကျော်လွန်ပြီး လုပ်နေပြီးတော့  အဆိုကို  မဲခွဲဆုံးဖြတ်ကာ အဆိုအတည်ဖြစ်ကြောင်း လုပ်သွားတာ၊ မဲခွဲဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ပါဘူးလို့ ပြောတာပါ။ ပြောရဲ့သားနဲ့ ဆက်လုပ်တဲ့အတွက်လုံးဝ သဘောမတူတဲ့အတွက် မတ်တတ်ရပ် ကန့်ကွက်ခဲ့ခြင်း ဖြစ်ပါတယ်'' ဟု ပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့်  ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ  ၂၉
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ အမြင့်ကျွန်းရွာဦးကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်နှစ်ပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၁၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊အရိုး/အကြော ရောဂါ၊ ကလေးရောဂါ၊အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး နှလုံးခုန်နှုန်း စစ်ဆေးပေးခြင်းနှင့် သွေးဖောက် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
-
-
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို စစ်တွေတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံ တိုင်းရင်းသား ပြည်သူများအတွက်စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ရွာဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒကအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တောင်ကြီးမြို့နယ်၊ တောင်နီစံပြကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တောင်ကြီးမြို့နယ်၊ တောင်နီစံပြကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်နီစံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ညောင်ရံပရိယတ္တိစာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၄၉ ဦးတို့ကို သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ အရိုး/အကြောရောဂါ၊အရေပြားရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍   လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ ထုံနွယ်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ ထုံနွယ်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ ထုံနွယ်ကျေးရွာရှိ သံဃာတော်များနှင့်  ဒေသခံပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ  မေတ္တာဦးကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်နှစ်ပါးနှင့် ဒေသခံ ပြည်သူ ၂၂ဝ ဦးတို့ကို အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ကလေးရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး နှလုံးခုန်နှုန်း စစ်ဆေးပေးခြင်းနှင့် ဆီးချို၊သွေးချို စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရခိုင်ပြည်နယ်၊ နတ်မြစ်အတွင်း၌ ငွေကျပ်သိန်းပေါင်း ၆ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်၊ နတ်မြစ်အတွင်း၌ ငွေကျပ်သိန်းပေါင်း ၆ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၈ ရက် နံနက်၇ နာရီ ၃၅ မိနစ်ခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၆ ဒသမ ၅ မိုင်ခန့်အကွာသို့ အရောက်၌ အမည်မရှိ လက်ခတ်လှေ တစ်စင်းအားတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ လှေပေါ်၌ WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၂၂၅ဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၆ဝဝဝကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မောင်တောမြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အားကစားသမား များအား ဂုဏ်ပြု

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အားကစားသမား များအား ဂုဏ်ပြု
-
နေပြည်တော် ဇန်နဝါရီ ၂၉ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအားကစားသမားများအား ဂုဏ်ပြုဆုပေးပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်သည်။ 
-
အဆိုပါ ဂုဏ်ပြုဆုပေးပွဲသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အရာရှိ၊ စစ်သည်များ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြပြီး တိုင်းမှူးကဂုဏ်ပြုအမှာစကား ပြောကြားကာ အားကစား အမျိုးအစားအလိုက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအားကစားသမားများအား ဂုဏ်ပြုဆု ရရှိကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ 
-
ထို့နောက် အားကစားသမား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ  ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ဆေးကုသ ရေးအဖွဲ့သည် ယနေ့တွင်  ထန်းပင်ကုန်းကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ အခြေပြု၍ နယ်လှည့်ဆေးအဖွဲ့(၁)သည် ဆီဆုံကုန်းကျေးရွာရှိဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း၊ နယ်လှည့် ဆေးအဖွဲ့(၂)သည်ပန်းတော့ကျင်းကျေးရွာ၌ လည်းကောင်း ဒေသခံပြည်သူ စုစုပေါင်း ၁၃၆၄ ဦးတို့ကို  ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၃၃၆ ဦး၊ ခွဲစိတ်ရောဂါ ၁၄ဝဦး၊ ကလေးရောဂါ ၁၂၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၇၃ ဦး၊ အရိုးရောဂါ ၈၅ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၇၅ ဦး၊ မျက်စိ ရောဂါ ၂၆ဝ ဦး၊ သွားရောဂါ ၁၃၈ ဦးနှင့် အထွေထွေရောဂါ  ၁၃၄  ဦးတို့ကို  လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးပြီး ၎င်းတို့အနက်  မျက်စိခွဲစိတ် လူနာ၂ဝဦး၊ သွားနုတ်သွားဖာ လူနာ ၆၁ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၅ ဦးတို့ ကို ရွေ့လျားခွဲ စိတ်ကုသ ယာဉ်များဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၂ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ  ၅၂  ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၇၆ ဦးတို့ကို ရွေ့လျားဓာတ် မှန်ရိုက်ယာဉ်၊  ရွေ့လျားဓာတ်ခွဲယာဉ်တို့ဖြင့် ရောဂါ ရှာ ဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဒေသခံ ပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများ အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger