www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label တည်ဆောက်ရေး. Show all posts
Showing posts with label တည်ဆောက်ရေး. Show all posts

Wednesday, August 15, 2018

ညောင်ရွှေမြို့နယ် မိုင်းသောက်ကျွန်းမျော ဧက ၉၀ ပေါ်တွင် ဟိုတယ်တည်ဆောက်မည်ကို ဒေသခံများကန့်ကွက်



ညောင်ရွှေ ၁၅-၈-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် မိုင်းသောက်ဒေသတွင် Myanmar Naing Group ကုမ္ပဏီက ဟိုတယ်တည်ဆောက်မည်ကို ကန့်ကွက်ရန် သြဂုတ် ၁၃ ရက်က မိုင်းသောက်ပထမ စာသင်တိုက်၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

မိုင်းသောက်ရှိ သဘာဝကျွန်း ရိုင်းတောများကို ထိန်းသိမ်းကာကွယ်ရန် အင်းသူ၊ အင်းသားများက အသိပညာပေးမှုများ ပြုလုပ်ကာ Myanmar Naing Group ကုမ္ပဏီက ဟိုတယ်တည်ဆောက်မည်ကို လက်မှတ် ကောက်ကန့်ကွက် ကြကြောင်း သိရသည်။

"အဓိကရည်ရွယ်ချက်က Myanmar Naing Group က ဧက ၉ဝ မှာ ဟိုတယ်ဆောက်ဖို့ ကိစ္စကို ကန့်ကွက်ဖို့ဖြစ်ပါတယ်။ လက်မှတ် ထိုးကန့်ကွက်လွှာ တွေကိုလဲ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ လွှတ်တော်၊ ကော်မတီတွေထံ တင်ပြနိုင်ဖို့ လုပ်တာပါ"ဟု အင်းလေး အရပ်ဘက် လူမှု အဖွဲ့အစည်းကွန်ရက် အလုပ်အမှုဆောင် မခင်စိုးဝင်းက ပြောပြသည်။

ယင်းကုမ္ပဏီက မိုင်းသောက်ကျွန်းမျော ရိုင်းဧက ၉ဝတွင် ဟိုတယ်တည်ဆောက် ခွင့်ပြုရန် ဌာနဆိုင်ရာကို တောင်းဆို လာသည့်အတွက် ဌာနဆိုင်ရာက ဒေသခံများကန့်ကွက်နိုင်ကြောင်း ဒေသခံများကိုအသိပေး အကြောင်းကြား လာ၍ ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဟိုတယ်တည်ဆောက်ရန် ကုမ္ပဏီများဘက်က ဒေသခံတချို့ကို မက်လုံးပေးပြီး ထောက်ခံခိုင်းခြင်း များလည်းရှိကြောင်း၊ ထိုသို့ပြုလုပ်သည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူသင့်ကြောင်း လူထုတွေ့ဆုံပွဲမှ သိရသည်။

လူထုတွေ့ဆုံပွဲတွင် ဒေသခံဦးရေ ၅ဝဝ ကျော်၏ ကန့်ကွက်ချက် လက်မှတ်များ ကောက်ခံရရှိထားပြီး သက်ဆိုင်ရာ အသီးသီးကို တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။ မိုင်းသောက် ကျွန်းမျောရိုင်းဧက ၉ဝ ကို Myanmar Naing Group ကုမ္ပဏီက ဟိုတယ်တည်ဆောက်ရန် စီမံကိန်းကို ဒေသခံများက လက်မှတ်ထိုးကန့်ကွက်မှု နှစ်ကြိမ်၊ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ကန့်ကွက်မှု တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 24, 2018

မတူပီခရိုင်တွင် အသေးစားလေယာဉ်ကွင်း ငယ်ကို ၂၀၂၀ ပြည့်နှစ်အတွင်း တည်ဆောက်မှု ပြီးစီးနိုင်ရေး ဆောင်ရွက်မည်



မတူပီ ၂၄-၇-၂ဝ၁၈

ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာရေး ကြန့်ကြာမှု နည်းပါးစေရန်၊ အရေးကြီးသော အသက်ကယ်ဆယ်ရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် တို့ကိုရည်ရွယ်၍ မတူပီခရိုင် လိုင်လင်းပီမြို့တွင် တည်ဆောက်မည့် အသေးစားလေယာဉ် ကွင်းငယ်ကို ၂ဝ၂ဝပြည့်နှစ်အတွင်း တည်ဆောက်မှု ပြီးစီးနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

Mission Aviation Fellowship-MAF (မြန်မာ) အမည်ရှိ NGO အဖွဲ့အစည်းနှင့် ကျန်းမာခြင်းနှင့် မျှော်လင့်ခြင်း (မြန်မာ) တို့ပူးပေါင်း၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ချင်းပြည်နယ် လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းတစ်ခု တည်ဆောက် ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်ကွင်းငယ်ကို အစိုးရ၏ ဘတ်ဂျက်ဖြင့် တည်ဆောက်မည် မဟုတ်ဘဲ စီမံကိန်း အကောင်အထည် ဖော်နိုင်ရန်အတွက် အလှူငွေ ကောက်ခံရရှိမှု အပေါ်မူတည်၍ အရှိန်အဟုန် မြှင့်တင်တည်ဆောက် မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြောပြ၍ သိရသည်။

အဆိုပါ လေယာဉ်ကွင်း တည်ဆောက်မှုအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ဒသမ၂သန်းဖြစ်ကြောင်း၊ ၂ဝ၁၇ခုနှစ် ဇူလိုင်လက လေယာဉ်ကွင်းငယ် တည်ဆောက်ခွင့်ရရှိခဲ့ရာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄ဝဝဝ ကျော်တွင် တည်ရှိနေသော လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းငယ်ကို အရှည်မီတာ ၈ဝဝ ထိ ပြုလုပ်သွားမည် ဖြစ်ပြီး ၂ဝ၂ဝပြည့်နှစ် မေလတွင် လေယာဉ်စတင်ပျံသန်း ပြေးဆွဲနိုင်မည်ဖြစ်ကာ နိုဝင်ဘာလတွင်လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းများ စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

#Themyawadydaily

Monday, May 21, 2018

ကျိုးကျခဲ့သည့် ကြိုးတံတား အစားထိုး တည်ဆောက်သည့် မြောင်းမြတံတားသစ် တည်ဆောက်မှု ၂ဝ ရာခိုင်နှုန်းပြီးစီး



မြောင်းမြ ၂၁-၅-၂ဝ၁၈

ကျိုးကျခဲ့သည့် မြောင်းမြကြိုးတံတား နေရာတွင် အစားထိုး တည်ဆောက်နေသော မြောင်းမြမြစ်ကူး တံတားသစ် တည်ဆောက်ရေး လုပ်ငန်းများ ၂ဝ ရာခိုင်နှုန်းထိပြီးစီး နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မြောင်းမြကြိုးတံတား ကျိုးကျခဲ့ပြီးနောက် မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်များကို လမ်းပန်းဆက်သွယ်ရေး ကုန်စည်ပို့ဆောင်ရေး အခက်အခဲကာလ ကြာရှည်မဖြစ်ပေါ် စေရန်အတွက် မြောင်းမြမြစ်ကူး တံတားသစ်ကို တစ်နှစ်အတွင်း ပြီးစီးနိုင်မည့် Steel Truss Type အမျိုးအစားဖြင့် ၂ဝ၁၉ခုနှစ် ဧပြီလတွင် ပြီးစီးနိုင်ရန် ဆောက်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ ၂ဝ ရာခိုင်နှုန်းထိပြီးစီး နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပြသည်။

"ချဉ်းကပ်တံတား ယက်မတွေကိုတော့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှာရှိတဲ့ I&H ကုမ္ပဏီစက်ရုံမှာ ကြိုတင်သွန်းလောင်း ဖို့မှာထားပြီး သြဂုတ်လ ကုန်မှာရရှိမှာဖြစ်တယ်။ လက်ရှိအခြေအနေမှာ လုပ်ငန်းအားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ ၂ဝ၁၉ ခုနှစ် ဧပြီလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းးက ဆက်လက် ပြောပြသည်။

တံတားတည်ဆောက် ရေးလုပ်ငန်းစဉ်အရ ပင်မတံတား အုတ်မြစ်လုပ်ငန်းမှာ Bored Pile စုစုပေါင်း အလုံး ၄ဝ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ယခု ၂၃လုံးဆောင်ရွက် ပြီးစီးနေပြီးကျန် Bored Pile များနှင့် ကမ်းနှစ်ဖက်ရှိ ချဉ်းကပ်တံတားတိုင်များ မေလကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း ပင်မတံတားတိုင် လေးတိုင်၏ Cap Shaft လုပ်ငန်းများလည်း ဇွန်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

#Themyawadydaily 

Tuesday, February 27, 2018

မုံရွာမြို့လေးကျွန်းစကြာ ဗုဒ္ဓရုပ်ပွားတော်ကြီး ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအပြီး တည်ဆောက်မည်



မုံရွာ ၂၇-၂-၂ဝ၁၈

မုံရွာမြို့နယ် ဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ငွေကျပ်သိန်း သုံးသောင်းကျော် အကုန်အကျခံကာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မုံရွာမြို့ မဟာဗောဓိ တထောင်ကျောင်းတိုက် စာချဝန်ဆောင်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလထံမှ သိရသည်။

လေးကျွန်းစကြာ ထိုင်တော်မူ ရုပ်ပွားတော်ကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ခတ္တကန်တောင်ရွာ မဟာဗောဓိတထောင် သာသနာ့နယ်မြေ ဗန္ဓဝတောင်ကုန်း၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၆ ရက်မှစ၍ မြေသန့်ပရိတ်များ ရွတ်ဖတ်၍ ရုပ်ပွားတော် ဖြစ်မြောက်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက် လာခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ထိပြီးစီးနေပြီး ကုန်ကျငွေနှုန်းဖြင့် တွက်လျှင် စတင်ဆောင်ရွက်ချိန်မှစ၍ ယနေ့ထိ ငွေကျပ်သိန်းပေါင်း ၂၃၇ဝဝထိ ကုန်ကျနေပြီး စုစုပေါင်း ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော်ထိ အသုံးပြုကာ လာမည့်နှစ် ဖေဖော်ဝါရီလပိုင်းတွင် အပြီးဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

"ဒီထိုင်တော်မူ ရုပ်ပွားတော်ကို ဘုရားဖူးသူတွေ အမြန်ဖူးမြော်နိုင်အောင် အင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်။ လာမယ့်နှစ် တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီ) ဆရာတော်ကြီးရဲ့မွေးနေ့မှာ ရွှေသင်္ကန်းကပ်တာတွေ၊ အနေကဇာ တင်တာတွေ အပြီးဆောင်ရွက် သွားမှာပါ။ လက်ရှိ ကုန်ကျထားတဲ့ငွေနဲ့ ဆက်လက် ကုန်မယ့်ငွေ လျာထားချက်နဲ့ပေါင်းရင် ငွေကျပ်သိန်းပေါင်း သုံးသောင်းခွဲလောက် ကုန်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်"ဟု ဆရာတော်က မြွက်ကြားသည်။

ဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူ ဘုရားကြီး၏ ဥာဏ်တော်အမြင့်နှင့် အတိုင်းအတာမှာ ဘုရားဥာဏ်တော်အမြင့် (ပလ္လင်ပါ)၂၃၄ပေ၊ ရုပ်ပွားတော် အမြင့် ၂ဝ၇ပေ၊ ပလ္လင်တော်အမြင့် ၂၇ပေ၊ ပလ္လင်တော်အလျား ပေ၂၄ဝ၊ ပလ္လင်တော်အနံ ၁၃၂ပေ ၇ လက်မ၊ ဒူးတော်အကျယ်ပေ ၁၆ဝ၊ ပခုံးတော်အကျယ် ၁ဝ၄ပေ၊ လက်မောင်းတော်အရှည် တံတောင်ဆစ်ထိ ပေ ၆ဝ၊ တံတောင်ဆစ်မှ လက်ကောက်ဝတ်ထိ ပေ ၆ဝ၊ လက်ဖဝါးတော်အရှည် ပေ၄ဝ၊ ခြေဖဝါးတော်အရှည်ပေ ၄ဝ၊ ခြေချောင်းတော်အရှည် ရှစ်ပေ၊ မျက်နှာတော် အထက်အောက် ပေ ၄ဝ၊ မျက်လုံး တော်တစ်လုံး ၁ဝပေ၊ ပါးစပ်တော် ၁၃ပေ၊ နှာခေါင်းတော်အရှည် ၁၅ ပေ၊ နားရွက်တော်အရှည် ၃၄ပေ၊သင်းကျစ်တော် အထက်အောက် ခြောက်ပေ၊ ဥဏ္ဏလုံမွေးရှင်တော်ငါးပေ၊ သျှောင်တော်အမြင့် ၁၃ပေ၊ သျှောင်တော်အချင်း ၂၄ပေ အတိုင်းအရှည်ရှိကြောင်း၊ ရုပ်ပွားတော်ကြီး အမြန်ပြီးမြောက်ရန် လှူဒါန်းလိုသူများ အနေဖြင့် ဖုန်း ဝ၉-၂၅၉၂၄၄၄၅၂သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, January 10, 2018

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အစိုးရတင်ဒါအောင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအား အာမခံပစ္စည်းမယူဘဲ ချေးငွေထုတ်ပေး



ရန်ကုန် ၁ဝ-၁-၂​​ဝ၁၈

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) က အစိုးရတင်ဒါ အောင်ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို အာမခံ ပစ္စည်းမယူဘဲ ချေးငွေထုတ်ပေး နေကြောင်းအဆိုပါ ဘဏ်၏သတင်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက် သတင်းများအရ သိရသည်။

အစိုးရတင်ဒါ အောင်မြင်သော ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို အာမခံပစ္စည်းမယူဘဲ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှ Project အလိုက် ချေးငွေများထုတ်ချေး ပေးနေခြင်းဖြစ်ကြောင်း၊ ယခုအခါ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဘဏ်မှ JICA ၏ SME ချေးငွေရရှိပါက ခွင့်ပြုထုတ်ချေးပေး နိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါချေးငွေများကို အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍနှင့် ဆောက်လုပ်ရေး ကဏ္ဍတို့အတွက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ထုတ်ချေးပေးရာတွင် လယ်ယာကဏ္ဍအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် (CHDB)၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းကဏ္ဍအတွက် မြန်မာ့စီးပွားရေးဘဏ် (CHDB) နှင့် ဆောက်လုပ်ရေး ကဏ္ဍအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) များမှတစ်ဆင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ချေး ပေးရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှ ဆောက်လုပ်ရေး ကဏ္ဍအတွက် အစိုးရတင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များကို အာမခံပစ္စည်းမယူဘဲ ချေးငွေထုတ်ပေးနေကြောင်း သိရသည်။

#Yadanarpondaily

Tuesday, December 12, 2017

ဗောဓိတထောင်လေးကျွန်းစကြာထိုင်တော်မူဘုရားကြီး ၇၅ရာခိုင်နှုန်းပြီးစီး



မုံရွာ ၁၂-၁၂-၂၀၁၇

မဟာဗောဓိတထောင် လေးကျွန်းစကြာထိုင်တော်မူ ဘုရားကြီးကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ခတ္တကန်(တောင်ရွာ) အနီးရှိ ဗန္ဒဝတောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်ရန် တည်ဆောက်လျက်ရှိပြီး လက်ရှိတွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဗောဓိတထောင်ကျောင်းတိုက်မှ သိရသည်။

မဟာဗောဓိတထောင် လေးကျွန်းစကြာထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပခဲ့ပြီး တည်ထားခဲ့ရာ ယခုလက်ရှိအချိန်တွင် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်ပြီး ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အလုံးစုံပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဗောဓိတထောင်ကျောင်းတိုက်မှ သံဃာ့ဝန်ဆောင် ဆရာတော်ဘဒ္ဒန္တကုံသလက မြွက်ကြားသည်။

"အခုကြာပလ္လင် ရှေ့ပိုင်းနဲ့ထောင့်တွေ ကတော့ပြီးပြီ။ နောက်ပိုင်းလေးတွေ ကျန်ဦးမယ်။ ဦးခေါင်းတော်လဲ အပေါ်ကသျှောင်တော်ကြီး (ဆံတော်အလုံးကြီး) တင်ရဦးမယ်။ ပြီးစီးမှုရာခိုင်နှုန်း အနေနဲ့ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းလောက် ပြီးစီးပြီ။ မှန်းတာကတော့ ၂ဝ၁၈ခုနှစ် ဖေဖော်ဝါရီလပိုင်းလောက် မှန်းတာပေါ့။ အဲမှာ ဆေးသုတ် အပြီးအစီးတော့ မဖြစ်နိုင်တော့ဘူး။ ဦးခေါင်းတော်နဲ့ ကြာပလ္လင်အပြီး လောက်တော့ဖြစ်နိုင်မယ်။ အားလုံးအပြီးအစီးဆို နောက်နှစ် နှစ်ကုန်ပိုင်း လောက်မှပြီးမယ်"ဟု ဆရာတော်က မြွက်ကြားသည်။

လက်ရှိတွင် မဟာဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူဘုရားကြီး ဦးခေါင်းတော် တပ်ဆင်ရန်အတွက် သံဖလက်ပြားများ၊ မျက်နှာတော်ပိုင်း တပ်ဆင်ခြင်း၊ ဖိုက်ဘာဦးခေါင်း တော်တပ်ဆင်ရန် အတွက်မျက်လုံးတော်၊ နှုတ်ခမ်းတော်၊ နှာခေါင်းတော်၊ နားတော်၊ ဆံလုံးတော်၊ ဦးခေါင်းတော်အစိတ်အပိုင်း များတပ်ဆင်နေကြောင်း သိရသည်။

မဟာဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူဘုရားကြီးမှာ ဥာဏ်တော်အမြင့် ၂၃၄ ပေ၊ ဒူးခွင်တော်အကျယ် တောင်မြောက် ၁၆၅ပေ၊ တင်ပါးတော်နှင့် ရှေ့ဒူးခွင် ၁၁၁ပေ၊ တင်ပါးတော်အကျယ် ပေ၆ဝ၊ အထပ်ပေါင်း ၁၂ထပ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, October 11, 2017

မန္တလေး ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ယာဉ်ရပ်နားစခန်းကို နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်းအဖြစ် ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်


မန္တလေး ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ယာဉ်ရပ်နားစခန်းကို တွေ့ရစဉ်။

မန္တလေး ၁၁-၁၀-၂၀၁၇

မန္တလေး ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ယာဉ်ရပ်နားစခန်းကို နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်းအဖြစ် ၂ဝ၂ဝပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် ရေးထိုးခြင်းကို ယနေ့ညနေ ၃ နာရီက မန္တလေးမြို့တော် စည်ပင်သာယာခန်းမ၌ စည်ပင်သာယာအဖွဲ့နှင့် M-development Corporation (Myanmar) Co.,Ltd တို့ လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ၂ဝ၂ဝပြည့်နှစ်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး နိုင်ငံတကာလေဆိပ်ကဲ့သို့ အဆင့်မီခရီးသည် နားနေခန်းများ၊ လက်မှတ်အရောင်း ကောင်တာများ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်ခြင်းကို အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ရင်းနှီးတည်ဆောက် သွားမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း အပြီးတည်ဆောက်သွားရန် ကုမ္ပဏီဘက်က သဘောတူညီထားကြောင်း သိရသည်။

ယာဉ်ရပ်နားစခန်း စီမံကိန်းသည် နောင်အခါတွင် မန္တလေးမြို့အတွက် အထင်ကရနေရာ တစ်ခုဖြစ်လာမည်ဖြစ်ကာ တည်ဆောက်ဆဲ ကာလတွင် မူလဆိုင်ခန်းရှင်များ၊ ကားဂိတ်ပိုင်ရှင်များအတွက် အခက်အခဲ အချို့ရှိနိုင် သော်လည်း စည်ပင်သာယာရေး ကော်မတီက အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တည်ဆောက်ရေး လုပ်ငန်းများကို စည်ပင်သာယာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တည်ဆောက်သွားရန် ကုမ္ပဏီကလုပ်ဆောင်သွားမည်ဟု သဘောတူညီထားကြောင်း သိရသည်။

ယနေ့ပြုလုပ်သော လက်မှတ်ရေးထိုးခြင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနှင့် ကုမ္ပဏီဘက်မှ MD ဦးသောင်းထိုက်လင်းတို့က လက်မှတ်ရေးထိုးခဲ့ကြ
ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, September 25, 2017

မြို့သာစက်မှုဥယျာဉ် မြို့တော်ဂေါက်ကွင်းကို ကမ္ဘာ့အဆင့်မီ တည်ဆောက်၍ Golf Tourism တစ်ခု ဖော်ဆောင်သွားမည်


မြို့သာစက်မှုဥယျာဉ် မြို့တော်ဂေါက်ကွင်း ကမ္ဘာ့အဆင့်မီတည်ဆောက်ရေး လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်။


မြို့သာ ၂၅-၉-၂၀၁၇

မြို့သာစက်မှု ဥယျာဉ်မြို့တော်တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ဂေါက်ကွင်းကို ကမ္ဘာ့အဆင့်မီ ဂေါက်ကွင်းအဖြစ် တည်ဆောက်၍ နိုင်ငံတကာမှ လာရောက်ကစားနိုင်သော  Golf Tourism  တစ်ခုတည်ဆောက်သွားမည်ဟု မြို့သာစက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောပြ၍ သိရသည်။

လက်ရှိတွင် နိုင်ငံခြားသားပညာရှင်များ ဦးဆောင်၍ တည်ဆောက်နေသော ဂေါက်ကွင်းသည် ကမ္ဘာပေါ်တွင် တွေ့မြင်ရန်မလွယ်ကူသော အကျယ်အဝန်းနှင့် သဘာဝအနေအထားများရှိနေပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းများတွင်တစ်ကွင်း အပါအဝင်ဖြစ်လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။ လတ်တလောစက်မှု ဥယျာဉ်မြို့တော်အတွင်းသို့ ဝင်ရောက်လာသော လုပ်ငန်းများမှာ ခုနစ်ခုခန့်ရှိလာပြီး အလုပ်အကိုင်ရရှိမှုမှာ တစ်ထောင်ဝန်းကျင်ခန့် ရှိလာပြီ ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောပြသည်။ သို့သော်ဂေါက်ကွင်းတစ်ခု တည်ဆောက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ရှိဒေသခံ တောင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း တစ်ရပ်လည်း ပေါ်ပေါက်လာစေကြောင်း သိရသည်။ အဘယ့်ကြောင့်ဆိုသော် ဂေါက်ကွင်းတည်ဆောက်ရေး လုပ်ငန်းများသည် တောင်သူများနှင့် နီးစပ်သောလုပ်ငန်းများ ဖြစ်သဖြင့် မြက်စိုက်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မြေရှင်းခြင်း စသည်တို့ကိုဦးစွာ လုပ်ကိုင်စေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"သာမန်ဂေါက်ကွင်း ဆိုရင်လဲ ဒီနေရာမှာ ဘယ်သူမှ လာကစားမှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတကာက အထင်ကြီးစေမယ့် ဂေါက်ကွင်းတစ်ခုကို တည်ဆောက်နေ ခြင်းဖြစ်ပါတယ်"ဟု ဦးအောင်ဝင်းခိုင်က ပြောပြသည်။

ယခုတည်ဆောက်နေသော ဂေါက်ကွင်းသည် နိုင်ငံတကာရှိ ဂေါက်ကွင်းများနှင့် မတူညီဘဲ စိုက်ပျိုးသောမြက်ကိုလည်း အမေရိကန်နိုင်ငံမှ တိုက်ရိုက်မှာယူ တင်သွင်း၍ စနစ်တကျ ပြန်လည်စိုက်ပျိုး ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မြက်မျိုး Zeson သည်ရေခဲခြောက်ဖြင့် သယ်ယူရခြင်းဖြစ်ပြီး နိုင်ငံတကာမှ လာရောက်ကစားနိုင်သည့် အခြေအနေမျိုးဖြစ်စေရန် ဖန်တီးလျက်ရှိကြောင်း သိရသည်။ အာဆီယံနိုင်ငံများရှိ ဂေါက်ကွင်းများသည် ကျင်းပေါင်း ခြောက်ကျင်းနှင့် ခုနစ်ကျင်းကြားသာ ရှိသော်လည်း ယခုဂေါက်ကွင်းသည် ကျင်းပေါင်း ၁၈ ကျင်းရှိကြောင်း သိရသည်။ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျင်းတစ်ကျင်းသာရှိပြီး ယခုဂေါက်ကွင်း၏ အခြေအနေကို ကမ္ဘာ့ဂေါက် မဂ္ဂဇင်းကြီးဖြစ်သော Golf Digist ကိုဖိတ်ကြား၍ မြန်မာ့ဂေါက်ကွင်း အကြောင်းရေးသား စေမည်ဟု သိရသည်။ ထိုမှတစ်ဆင့် ဂေါက်သီးအားကစား သမားများကို သိရှိစေမည်ဖြစ်ကြောင်း သိရသည်။

ဂေါက်သီးအားကစားနှင့် ပတ်သက်ပါက ကမ္ဘာပေါ်တွင် ဂေါက်သီးရိုက်ခြင်းကို နိုင်ငံအနှံ့လှည့်လည်၍ ဂေါက်ရိုက်လျက်ရှိသော အားကစားသမားများရှိပြီး ၎င်းတို့ကိုဖိတ်ခေါ် ဂေါက်ရိုက်ခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။ ဆောင်းရာသီကာလတွင် ကိုရီးယား၊ရုရှားနိုင်ငံမှ ဂေါက်သီးအားကစား သမားများမှာ ဂေါက်ရိုက်နိုင်ခြင်းမရှိဘဲ အချို့မှာထိုင်းနိုင်ငံသို့ သွားရောက်ကစားလေ့ရှိကြောင်း သိရသည်။

"ထိုင်းမှာဆိုရင် ပြီးခဲ့တဲ့နှစ်က ဂေါက်သီး ကစားသမားခြောက်သိန်းကျော်ဟာ လပေါင်းများစွာနေထိုင်ပြီး ဂေါက်ရိုက်ခဲ့ကြတယ်"ဟု ဦးအောင်ဝင်းခိုင်က ပြောပြသည်။အဆိုပါ အားကစားသမား ခြောက်သိန်းမှာ စီးပွားရေးအတွက် မဟုတ်ဘဲ ဂေါက်ရိုက်ရန်အတွက်သာ လာရောက်သော ကိုရီးယားလူမျိုးများ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများမှ ဒေသခံများနှင့် ကုမ္ပဏီများ ဝင်ငွေတိုးတက်ရရှိခဲ့ပြီး အလားအလာ ကောင်းသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ ယခုဂေါက်ကွင်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးကွင်း တစ်ကွင်းဖြစ်သည်နှင့်အညီ လုံလောက်သော အရည်အသွေးများပြည့်ဝရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လာမည့်ခရီးသွားကာလတွင် မြန်မာတစ်နိုင်ငံလုံးတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆိုင်ရာလှုပ်ရှားမှုများ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအလိုက် ဦးဆောင်မှု ပြုလုပ်၍ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။ ထိုအချိန်တွင် ဂေါက်ကွင်းအား မိတ်ဆက်ခြင်းနှင့် ဂေါက်ရိုက်ပြိုင်ပွဲများ ပြုလုပ်သွားရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း သဘောတူညီမှုများ ရရှိပြီးဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအတွက် ပြည်တွင်းပြည်ပမှ sponser များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂေါက်ကွင်းအတွင်း မြက်စိုက်ခြင်း၊ မြေရှင်းခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် မြက်ခင်းဒီဇိုင်း ဖော်ခြင်းများအတွက် နိုင်ငံခြားပညာရှင် များဦးဆောင်ကာ ဒေသခံလုပ်သား ၄ဝဝ နီးပါး ဝင်ရောက်လုပ်ကိုင် လျက်ရှိကြောင်းသိရသည်။

#Yadanarpondaily

Monday, September 18, 2017

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်စေမည့် ချင်းတွင်းမြစ်ကူး တံတား(ဟုမ္မလင်း) တံတားသံပေါင်များ စတင်တပ်ဆင်နေ



ဟုမ္မလင်း ၁၈-၉-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ကာ ဒေသကုန်စည် စီးဆင်းမှု၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည့် ချင်းတွင်း မြစ်ကူးတံတား (ဟုမ္မလင်း) ကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တမူး-အောင်ဇေယျကက်သာ-ဟုမ္မလင်းလမ်းပေါ်တွင် ချင်းတွင်းမြစ်ကိုဖြတ်ကူး၍ ဆောက်လုပ်လျက်ရှိရာ လက်ရှိအချိန်တွင် တံတားသံပေါင်များ စတင်တပ်ဆင် နေပြီဖြစ်ကြောင်း တံတားအထူးအဖွဲ့(၂)ထံမှ သိရသည်။

ချင်းတွင်းတံတား (ဟုမ္မလင်း) ကို ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကက်သာကျေးရွာတို့ကို ချိတ်ဆက်ပြီး ဆောက်လုပ်လျက်ရှိရာ တံတားအမျိုးအစားမှာ အုတ်မြစ်အနေဖြင့်သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်ဖြစ်ပြီး ကိုယ်ထည်အနေဖြင့် သံကူကွန်ကရစ် ကမ်းကပ်ခုံနှင့် ကိုယ်ထည်ဖြစ်ကာ တံတားအပေါ်ထည်မှာ ပင်မတံတား သံမဏိသံပေါင် အမျိုးအစားဖြစ်သည်။ ချဉ်းကပ်တံတား R.C Girder နှင့် သံကူကွန်ကရစ်ကြမ်းခင်း၊ လက်ရန်း အမျိုးအစားဖြစ်သည်။တံတားခန်း ဖွင့်အကျယ်အနေဖြင့် မီတာ ၂ဝ ၁၂ခန်း၊ မီတာ ၁၂ဝ လေးခန်းနှင့် မီတာ ၆ဝ နှစ်ခန်း စုစုပေါင်း ၁၈ ခန်းပါရှိမည်ဖြစ်သည်။ တံတား၏ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်ပြီး တံတားကင်းလွတ်အမြင့်မှာ ၁၂ မီတာနှင့် တံတားကင်းလွတ် အကျယ် ၁ဝ၅ မီတာတို့ အသီးသီးပါရှိမည် ဖြစ်ကာ တံတားအရှည်မှာ ၈၄၂ မီတာ (၂၇၆၂ဒသမ၆) ပေနှင့် တံတားအကျယ် ၁ဝဒသမ၂ မီတာ (၃၃ဒသမ၅)ပေရှိမည်ဖြစ်ပြီး ယာဉ်သွားလမ်း အကျယ်မှာ ၈ ဒသမ ၅ မီတာ (၂၈ပေ) နှစ်လမ်းသွား၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေတို့ အသီးသီးပါရှိမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

မြန်မာနိုင်ငံအတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေ



နေပြည်တော် ၁၈-၉-၂၀၁၇

မြန်မာနိုင်ငံအတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းတာဝန်ကြီး (၈) ရပ်ချမှတ်ဆောင်ရွက် နေသည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနသတင်းများအရ သိရသည်။

ထိုသို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဘယ်လ်ဂျီယံနိုင်ငံ H SEB nv Engineering Co.,Ltd နှင့်ပူးပေါင်း၍ ဧရာဝတီမြစ်ပြုပြင် ထိန်းသိမ်းခြင်းနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်ဘက်စုံ သုံးတာတမံနိမ့်များ တည်ဆောက်နိုင်ရေး ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်း၊ နယ်သာလန်နိုင်ငံနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ရေအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံစီမံခန့်ခွဲရေး လုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်း၊ ကိုရီးယားသမ္မတနိုင်ငံ ISAN Cooperation နှင့်ပူးပေါင်း၍ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံ Constructionpolicy Bureau, Ministry of Land, Infrastructure and Teansport နှင့်ပူးပေါင်း၍ ဧရာဝတီမြစ် အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသ ရေအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပင်မစီမံချက် ဆိုင်ရာလေ့လာခြင်းလုပ်ငန်း၊ ကိုရီးယားသမ္မတနိုင်ငံ ISAN Cooperation နှင့်ပူးပေါင်း၍ ဧရာဝတီမြစ်အထက်ပိုင်း မန္တလေးမြို့အနီး ဧရာဝတီမြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာခြင်းလုပ်ငန်း၊ ChengFong Construction Service Company နှင့်ပူးပေါင်း၍ ပဲခူးမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ် မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်း၊ ကမ္ဘာဘဏ်နှင့်ပူးပေါင်း၍ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း၊Stockholm Environment Institute-Asia နှင့် ပူးပေါင်း၍ ချင်းတွင်းမြစ်အောက် ပိုင်းဖွံ့ဖြိုးတိုးတက် လေ့လာခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

ကမ္ဘာလုံးဆိုင်ရာ ညီလာခံ၌ မြန်မာ့အိမ်ရာနှင့် ဆောက်လုပ်ရေးကဏ္ဍကို ဆွေးနွေးမည်



ရန်ကုန် ၁၈-၉-၂၀၁၇

မြန်မာ့အိမ်ရာနှင့် ဆောက်လုပ်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာညီလာခံ၌ ဝင်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''ကျွန်တော်တို့အနေနဲ့ International Housing Association မှာ ဝင်ရောက်ခဲ့တာ မကြာသေးပါဘူး။ အခုလိုဝင်ရောက်ပြီး ပြီဆိုတော့ ခြောက်လပတ်ညီလာခံမှာ ပထမအကြိမ် သွားရောက် ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒီမှာ မြန်မာ့အိမ်ရာနဲ့ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

ယင်းညီလာခံကို နိုဝင်ဘာ ၅ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်ပြီး ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားပြု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင်ခုနစ်ဦး တက်ရောက်ကြမည် ဖြစ်သည်။

အဆိုပါညီလာခံတွင် အိမ်ရာနှင့် ဆောက်လုပ်ရေးကဏ္ဍနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများ၊ စိန်ခေါ်ချက်များ၊ မြန်မာ့အိမ်ရာနှင့် ဆောက်လုပ်ရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာမှ ဆောင်ရွက်နေမှုနှင့် အကြံဥာဏ်များ ကို ညှိနှိုင်းဆွေးနွေးမည် ဖြစ်သည်။

လက်ရှိတွင် ပြည်သူများ နေထိုင်မှုအဆင် ပြေစေရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာများ ဖော်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

Friday, September 15, 2017

၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်-သန်လျင် အမှတ် (၃) တံတား ထပ်မံတည်ဆောက်မည်



ရန်ကုန် ၁၅-၉-၂၀၁၇

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်သန်လျင် အမှတ် (၃) တံတားကို ဂျပန်နိုင်ငံ အစိုးရချေးငွေဖြင့် ထပ်မံတည်ဆောက် ပေးမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းထံမှ သိရသည်။

ရန်ကုန်-သန်လျင် အမှတ် (၃) တံတားအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဂျပန်နိုင်ငံအစိုးရ ချေးငွေငွေကျပ် ၃၂၃ ဒသမ ၂ဝ၅ သန်း အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်ပြီး ယခုအမှတ် (၁) တံတားအနီး ပဲခူးမြစ်အောက်ဘက် ၁၂၅ မီတာခန့်အကွာတွင် တည်ဆောက်မည်ဖြစ်သည်။ တံတားအရှည်သည် ၁၉၂၈ မီတာ (၆၄၂၆ ပေ) ကျော်ရှည်လျားမည်ဖြစ်ပြီး အကျယ် ၂၄ မီတာ (ပေ၈ဝ) ရှိမည်ဖြစ်ကာ လေးလမ်းသွား တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။

ရန်ကုန်-သန်လျင် အမှတ် (၁) တံတားသည် မော်တော်ယာဉ် အသုံးပြုမှုများပြား လာသဖြင့် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာပြီး တံတား၏ ကြံ့ခိုင်မှုအခြေအနေ များကိုပါထိခိုက်စေ၍ တံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင်၌ သီလဝါအထူး စီးပွားရေးဇုန်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရန် လိုအပ်ပြီး လက်ရှိတွင် ရန်ကုန်-သန်လျင် အမှတ် (၁) တံတားတွင် ယာဉ်ကြောပိတ်ဆို့ မှုများဖြစ်ပွားနေ၍ ခရီးစဉ်များနှောင့်နှေး ကြန့်ကြာမှုများရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, June 8, 2017

ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းကို ဧရာဝတီတိုင်း ဒေသကြီး၌ တည်ဆောက်မည်


ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းပုံစံငယ်ကို တွေ့ရစဉ်။

ငပုတော ၈-၆-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီးပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နယ်ခွဲ နံ့သာပုကျေးရွာအုပ်စု၌ ကမ်းလွန်ရေနံ လုပ်ကွက်များအတွက် ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းကို ငွေကျပ် ၅ဝ ဘီလီယံအကုန် အကျခံကာ ယခုနှစ်တွင် တည်ဆောက်သွား မည်ဖြစ်ကြောင်း MPRL E & P Pte ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ငန်းများအတွက် ဖွံ့ဖြိုးရေးအဆင့်နှင့် ထုတ်လုပ်ရေးအဆင့်တို့ ဆောင်ရွက်ရာတွင် ယင်းလုပ်ငန်းများကို ပံ့ပိုးနိုင်သည့် Offshore Supply Base လိုအပ် သောကြောင့် ယခုကဲ့သို့ အခြေစိုက်စခန်းများ တည်ဆောက်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယင်းစခန်းကြောင့် နိုင်ငံတော်အစိုးရ၊ ကမ်းလွန်ရေနံ ရှာဖွေတူးဖော်ရေး အော်ပရေတာကုမ္ပဏီ ကြီးများအနေဖြင့် အချိန်နှင့် ကုန်ကျစရိတ်များ သက်သာစေ မည်ဖြစ်ကြောင်း သိရသည်။

ယင်းကမ်းလွန် ထောက်ပံ့ရေး အခြေစိုက်စခန်းကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC) က ရင်းနှီးမြှုပ်နှံခွင့် ကာလနှစ် ၃ဝ လုပ်ကိုင် ခွင့်ပြုထားပြီး စီမံကိန်း၏ ပထမ၁ဝ နှစ်တာ ကာလအတွင်း နိုင်ငံတော်က ငွေကျပ် ၂၅ ဘီလီယံကျော်ရ ရှိနိုင်မည်ဟု မျှော်မှန်းထားသည်။ ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်ရန် ဇွန်လမှ နိုဝင်ဘာလအတွင်း မြေနေရာရှင်းလင်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ESIA အပါအဝင် Front End Engineering လုပ်ငန်း ဆိုင်ရာများကို လေ့လာဆန်းစစ်မှု ပြုလုပ်မည်ဖြစ်ကာ ဒီဇင်ဘာလမှစတင်၍ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလများအလိုက် ဆောင်ရွက် သွားမည်ဖြစ်သည်။

ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းကို MPRL E & P Pte ကုမ္ပဏီ၏အဖွဲ့ဝင် ကုမ္ပဏီ Myint & Associates Offshore Supply Base ကုမ္ပဏီပိုင် မြေဧက ၃ဝပေါ်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, June 1, 2017

မြောင်းမြမြို့၌ နှစ် ၁ဝဝ အာမခံသံကူကွန်ကရစ် မြစ်ကူးတံတားအသစ် တည်ဆောက်မည်


မြောင်းမြကြိုးတံတား အားတွေ့ရစဉ်။

မြောင်းမြ ၁-၆-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ နှစ် ၁ဝဝ အာမခံသံကူကွန်ကရစ် မြစ်ကူးတံတား အသစ်ကိုယခုနှစ် ဘတ်ဂျက်တွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ 

မြောင်းမြမြို့မှ ရန်ကုန်- မြောင်းမြ လပွတ္တာလမ်းပေါ်ရှိ မြောင်းမြကြိုးတံတားသည် လက်ရှိခံနိုင်ဝန် အားနည်းကာ ကြံ့ခိုင်မှုအားနည်း လာသည့်အတွက် သံကူကွန်ကရစ် တံတားတည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ပြီး တံတားကို ဂျပန်နည်းပညာ အကူအညီဖြင့် တည်ဆောက်မည် ဖြစ်သည်။ တည်ဆောက်မှု ပုံစံဒီဇိုင်းအရ နှစ် ၁ဝဝ အာမခံသက်တမ်းရှိမည် ဖြစ်သည်။

''ဟိုတုန်းက အင်ဂျင်နီယာတွေ ဆောက်ခဲ့တဲ့ တံတားပါ။ ဒီတံတားကို အခုနည်းပညာသစ်နဲ့ တည်ဆောက်သွားမှာပါ'' ဟု တံတားဦးစီး ဌာနအင်ဂျင်နီယာချုပ် ဦးကျော်လင်းက ပြောသည်။ 

၁၉၉၆ ခုနှစ်မှ စတင်ခဲ့သည့် မြောင်းမြကြိုးတံတားသည် ဧရာဝတီတိုင်းဒေသကြီး၌ ပထမဆုံး တည်ဆောက်ခဲ့သည့် ကြိုးတံတားဖြစ်သည်။ ၂ဝဝ၈ ခုနှစ်နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် လပွတ္တာမြို့နယ် သို့ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ တန်ပိုများစွာသယ်ယူ ဖြတ်သန်းခဲ့သောကြောင့် တံတားကြံ့ခိုင်မှု ကျဆင်းခဲ့ရာမူလ ယာဉ်တစ်စီး ခွင့်ပြုတန်ချိန် တန် ၆ဝ ခွင့်ပြုခဲ့ရာမှ ခံနိုင်ဝန်ကျဆင်းခဲ့ သဖြင့်တန်ချိန် ၂ဝ အထိလျှော့ချ ခဲ့ရသည်။ယခု အခါ တန်ချိန် ၆ဝ ခံနိုင်မည့် နှစ်လမ်းသွား တံတားသစ်တစ်စင်းကို တည်ဆောက်မည် ဖြစ်သည်။

အဆိုပါတံတား တည်ဆောက်ရာတွင် မလွတ်ကင်းသည့် မြေနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေပြီး အသုံးပြုမည့် လယ်မြေများ အတွက်လည်း သင့်လျော်သည့် လျော်ကြေးကို ပေးမည်ဖြစ်သည်။

တံတားအသစ်ကို မြောင်းမြဘက်ကမ်းမှ ယခင်ကြိုးတံတားနှင့် ကပ်လျက် ဘယ်ဘက်ခြမ်းတွင် တည်ဆောက်ရန် စီစဉ်ထားပြီး လက်ရှိတွင်အသေးစိတ် တွက်ချက်မှုများ ဆောင်ရွက်နေကာ ငွေကျပ် ၆ ဘီလီယံထက် မနည်းကုန်ကျ မည်ဖြစ်သည်။

#Themyawadydaily

Tuesday, February 14, 2017

ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဆောက်လုပ်ရေး ပစ္စည်းတန်ဖိုးနှင့် လုပ်သားစရိတ် ကြီးမြင့်မှုများ တွေ့ကြုံနေရ



ရန်ကုန် ၊ ၁၄-၂-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင် လည်ပတ်လာပြီ ဖြစ်သော်လည်း ဆောက်လုပ်ရေး ပစ္စည်းတန်ဖိုး နှင့် လုပ်သားစရိတ် ကြီးမြင့်မှုများ တွေ့ကြုံ နေရကြောင်း ပြည်သာယာ ဆောက်လုပ်ရေး ၏ လိုင်စင်ရ ကန်ထရိုက်တာ ဦးမင်းဇော်ဦး ထံမှ သိရသည်။

''ဒီကာလကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်စတယ် ဆိုပေမယ့် အရောင်းအဝယ်က ပုံမှန်ပဲရှိတယ်။ နောက်တစ်ခုက အရင်နှစ်တွေ ကလို လုံးချင်းအိမ် ဆောက်ပြီးတော့ ရောင်းတဲ့ ဝယ်ရောင်း သမားတွေ တက်မလာ တော့ဘူး။ ဒီတော့ လုပ်ငန်းပိုင်းတွေက အေးတယ်။ နောက်တစ်ခုက အိမ်ဆောက်ပစ္စည်း ဈေးက ပုံမှန်ဆိုပေမယ့် အခုပြဿနာ ဖြစ်တာက အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ အတွက် နေ့စားခတွေ မြင့်တက်လာတယ်။ 

အဲဒီတော့ အဆောက်အအုံ ဆောက်လုပ်တဲ့ အခါ ပစ္စည်းဖိုးနဲ့ လက်ခက အတူတူလောက် ဖြစ်နေတဲ့ အတွက် လုံးချင်းဆောက်တဲ့ သူတွေနဲ့ အိမ်အကြီးစား ပြင်ဆင်တဲ့သူတွေ အခက်အခဲ တွေ့နေကြတယ်'' ဟု ဦးမင်းဇော်ဦး က ပြောသည်။

ထို့ပြင် ဒဂုံ (မြောက်ပိုင်း) မြို့နယ် အပါအဝင် မြို့သစ်များနှင့် မြို့တွင်း မဟုတ်သော ပြင်ပမြို့နယ်များ၌ လုံးချင်းအိမ်များ နှင့် တိုက်ခန်းများ အကြီးစား ပြင်ဆင်ခြင်း၊ အသစ် တည်ဆောက်ခြင်းများ စတင်နေကြ သော်လည်း အိမ်ရှင်၊ ကန်ထရိုက်နှင့် အင်ဂျင် နီယာ များကြား ဆောက်လုပ်ရေး ပစ္စည်း စရိတ်နှင့် အလုပ်သမားစရိတ် ထပ်တူကျနေ မှုကြောင့် အလုပ် မတွင်ကျယ်ကြောင်း လိုင်စင်ရ ကန်ထရိုက်တာ ဦးမောင်ထွေး က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ ဆောက်လုပ်ရေး လုပ်ငန်း၌ တစ်ရက် လုပ်အားခ အဖြစ် အထွေထွေ လုပ်သား တစ်ဦးအတွက် ငွေကျပ် ၅ဝဝဝ၊ သံလက်ကိုင် (ပန်းရန်အကူ) တစ်ဦးအတွက် ငွေကျပ် ၇ဝဝဝ၊ ပန်းရန်ဆရာ တစ်ဦးအတွက် ငွေကျပ် တစ်သောင်းနှုန်း နှင့် ဆောက်လုပ်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးအတွက် ငွေကျပ် သုံးသောင်း ဝန်းကျင် ပေးချေရကြောင်း သိရသည်။ ယခုကာလတွင် ဆောက်လုပ်ရေး ပစ္စည်းများ ခေတ်မီလာမှု၊ သစ်အစား သံနှင့် ဂျီအိုင်သတ္တုများ သုံးစွဲလာ မှုကြောင့် လုပ်ငန်းခွင်တွင် ခန့်မှန်း တွက်ချက် ထားသည့် အတိုင်းသာ ကုန်ကျမှုများရှိ လာခြင်းမှာ အားသာမှု ဖြစ်ပြီး အုတ်မြစ်ချကာ သံတိုင်များဖြင့် တည်ဆောက် ခြင်းကြောင့် အချိန်လျင်မြန် လာကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Friday, December 23, 2016

သံလွင်တံတား (ချောင်းဆုံ) ဒီဇင်ဘာလ တတိယအပတ်တွင် ၇၅ ရာခိုင်နှုန်းပြီးစီး



မော်လမြိုင် ၊ ၂၃-၁၂-၂၀၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်မှုမှာ ဒီဇင်ဘာလ တတိယအပတ်တွင် လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သော်လည်း သံပေါင် တပ်ဆင်ခြင်း လုပ်ငန်းမှာ သတ်မှတ်ရက်ထက် ကြန့်ကြာ နေကြောင်း သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေး စီမံကိန်းမှ သိရှိရသည်။

“သံပေါင် တပ်ဆင်ခြင်း လုပ်ငန်းက သတ်မှတ်ရက်ထက် အချိန်နည်းနည်း ပိုကြာတဲ့ အပေါ်မှာ သတ်မှတ်ကာလ အမီ ပြီးချင်လည်း ပြီးနိုင်သလို အချိန်နည်းနည်း စွန်းရင်လည်း စွန်းနိုင်ပါတယ်။” ဟု သံလွင်တံတား(ချောင်းဆုံ) တည်ဆောက်ရေး စီမံကိန်း တာဝန်ခံ ဦးသိန်းမြင့်မွန် က ပြောသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား တည်ဆောက်ရေး အဖွဲ့အနေဖြင့် သံပေါင် တပ်ဆင်ခြင်း လုပ်ငန်း အမျိုးအစား နှစ်ခုအနက် လွန်းထိုးသည့် စနစ်ဖြင့် သံပေါင် တပ်ဆင်ခြင်းကြောင့် ယင်းစနစ်သည် ကုန်ကျစရိတ် သက်သာသည့် အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် မြန်မာပြည်၌ ပထမဦးဆုံး ဆောက်လုပ်သည့် စနစ်တစ်ခုလည်း ဖြစ်ကာ ၂၀၁၇ မတ်လ အကုန်တွင် တံတားပြီးစီးရန် လျာထားကြောင်း သိရသည်။

“ရန်ကုန်မှာ ခုံးကျော် တံတားတွေ တခြားခုံးပါတဲ့ တံတားတွေ တည်ဆောက်တဲ့ အခါမှာ သမရိုးကျ ငြမ်းပေါ်က တပ်ဆင်တဲ့စနစ်နဲ့ တည်ဆောက်တယ်။ ချောင်းဆုံတံတား တည်ဆောက်တဲ့ နေရာမှာ မြေပြင် အနေအထား အပေါ် မူတည်ပြီး ကရိန်းတွေ ဝင်ထွက်လို့ မရတဲ့အပိုင်းတွေ ရှိတယ်။ ဒါကြောင့် လွန်းထိုးစနစ်ကို အသုံးပြုရခြင်း ဖြစ်တယ်။”ဟု ဦးသိန်းမြင့်မွန် က ပြောသည်။

တံတားသံပေါင် များကို ဂျပန် နည်းပညာဖြင့် ဂျပန်-မြန်မာ ပူးပေါင်းကုမ္ပဏီ နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် တို့ ပူးပေါင်း၍ မြန်မာပြည်၌ ထုတ်လုပ်ခြင်း ဖြစ်ကာ တံတား တည်ဆောက်မှု နည်းပညာနှင့် ဒီဇိုင်းပိုင်းသည် မြန်မာ အင်ဂျင်နီယာ များ၏ လက်ရာဖြစ်ကြောင်း သိရသည်။

အဆိုပါ သံလွင်တံတား (ချောင်းဆုံ) ကို ပြည်ထောင်စု အစိုးရရန်ပုံငွေဖြင့် ငွေကျပ် ၅၉၈၀၀ သန်း အကုန်ကျခံ  တည်ဆောက်နေခြင်း ဖြစ်ကာ ချောင်ဆုံ-မော်လမြိုင် ခရီးစဉ်ကို နေ့စဉ် အနည်းဆုံး လူဦးရေ ၂၀၀၀ ဝန်းကျင် သွားလာ နေကြောင်း သိရသည်။

“ဒီတံတားက ကျွန်တော်တို့ ချောင်းဆုံမြို့ဒေသခံတွေရဲ့ အိမ်မက်ပါပဲ။ ဒီတံတား တည်ဆောက်တဲ့ အစိတ်အပိုင်း တစ်ခုပြီးတိုင်း ကျွန်တော်တို့ အိမ်မက်တွေ အကောင်အထည် ဖော်လာနိုင်တယ်လို့ မြင်မိတယ်။”ဟု ချောင်းဆုံ ဒေသခံ ဦးတင်ဝင်းအောင် က ပြောသည်။ မော်လမြိုင်မြို့မှ  ချောင်းဆုံမြို့နယ် သို့ သွယ်တန်းထားသည့် သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး တံတား အမျိုးအစားမှာ သံမဏိသံပေါင် ခုံးတံတား အမျိုးအစား ဖြစ်ကာ တံတားအရှည်မှာ ၁၅၈၆ မီတာ၊ အကျယ်မှာ ၈ ဒသမ ၅ မီတာ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Friday, December 2, 2016

ကွတ်ခိုင်မြို့နယ်ရှိ စွန်လုံတံတားကို ပြုပြင်ရန် ယာယီဘေလီတံတားအား စတင် တည်ဆောက်နေ



ကွတ်ခိုင် ၊ ၂-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုမှ ဖျက်ဆီးခြင်း ခံရသည့် စွန်လုံတံတားကို ပြုပြင်ရန် ယာယီဘေလီ တံတားအား ယမန်နေ့ ညနေပိုင်းမှ စတင်၍ တည်ဆောက် နေကြောင်း သိရသည်။

ခိုမုန်းရွာနှင့် နမ့်အွမ်ရွာကြား ရှိ စွန်လုံတံတားမှာ နိုဝင်ဘာ ၃ဝ ရက် နံနက်ပိုင်း က ဖျက်ဆီးခံခဲ့ ရခြင်းဖြစ်ပြီး အဆိုပါတံတား ပြန်လည်ပြုပြင်ရေး အတွက် ယင်းတံတားနှင့် ဘေးချင်း ယှဉ်လျက်တွင် ယာယီဘေလီ တံတားကို ယမန်နေ့ ညနေပိုင်းက စတင်တည်ဆောက် နေခြင်းဖြစ်သည်။

''စွန်လုံတံတားကို ပြင်ဖို့အတွက် ခရီးသွားတွေ ခရီးကြန့်ကြာမှု မရှိစေဘဲ သွားလို့ရအောင် ယာယီ ဘေလီတံတားကို မနေ့ညနေ ၃ နာရီ လောက်ကစပြီး တည်ဆောက် နေပါတယ်။ သိန်းနီတံတား ကိုပြင်ဖို့လဲ ပစ္စည်းတွေ ချထားပါပြီ'' ဟု အိုရီရမ်တယ် ဟိုက်ဝေးကုမ္ပဏီမှ လားရှိုးမြို့ စီမံကိန်း မန်နေဂျာ ဦးမျိုးအောင် က ပြောပြသည်။

တံတားပြုပြင် နေစဉ်တွင် ယာဉ်မောင်းများ အနေဖြင့်လည်း စည်းကမ်း လိုက်နာစွာ မောင်းနှင်ကြ စေလိုပြီး လက်ရှိတွင် သိန်းနီ တံတားအား ကားကြီးများကို ဖြတ်သန်းခွင့် မပြုကြောင်း၊ တိုင်တန်း ပြောဆိုမှုများကြောင့် ခွင့်ပြုထား ရကြောင်း သိရသည်။

''ကားကြီး ယာဉ်မောင်းဆရာ တွေကို တောင်းပန်ချင် ပါတယ်။ ဖြစ်သွားပြီဆိုရင် ပြန်ပြင်ဖို့ အချိန်ပေးရမှာ ဖြစ်လို့ တံတားကို မဖြတ်ဖို့ မေတ္တာရပ်ခံ တာပါ။ အခုနေ တံတားကိုပြင်ရင် အချိန်ကြာမှ သုံးလေးရက်ပါ။ အားလုံးပြိုကျ သွားမှဆိုရင် အစကနေ ပြန်လုပ်ရမှာပါ။ ယာဉ်မောင်းတွေ၊ ကုန်သည်တွေ၊ ခရီးသွား ပြည်သူတွေ အားလုံး စည်းကမ်း လိုက်နာခြင်းဖြင့် ကူညီပေးကြပါ လို့ ပြောချင်ပါတယ် '' ဟု ယာဉ်မောင်း ဦးအောင်နိုင်ကျော် က ပြောပြသည်။

ထို့ပြင် နိုဝင်ဘာ ၂ဝ ရက်က ပေါက်ကွဲခဲ့သည့် သိန်းနီမြို့ရှိ နမ္မတူတံတား ကို ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည် ပြုပြင်မည်ဖြစ်ကာ တံတားပြုပြင်စဉ် တွင်လည်း ခရီးသွားယာဉ်များ တစ်စီးချင်းသာ ဖြတ်သန်းသွားလာ ရမည်ဖြစ်ကြောင်း စီမံကိန်း မန်နေဂျာက ဆက်လက် ပြောပြသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

Monday, November 7, 2016

ကျိုက်ထီးရိုးစေတီတော် ကေဘယ်လ်ကား စီမံကိန်းတွင် ခုတ်လှဲခဲ့သည့် သစ်ပင်များအတွက် အစားထိုး ပြန်လည်စိုက်ပျိုး



မော်လမြိုင် ၊ ၇-၁၁-၂၀၁၆

ကျိုက်ထီးရိုး စေတီတော် ရသေ့တောင် စခန်းမှ ရင်ပြင်တော် အနီးထိ ကောင်းကင် ကေဘယ်လ်ကား ပြေးဆွဲရေး စီမံကိန်း ဆောင်ရွက်လျက် ရှိနေပြီး စီမံကိန်းနှင့် မလွတ်ကင်း၍ ခုတ်လှဲခဲ့သည့် သစ်ပင်များ အတွက် အစားထိုး သစ်ပင်များ ပြန်လည်စိုက်ပျိုး ပေးလျက် ရှိနေကြောင်း ကေဘယ်လ်ကား ပြေးဆွဲရေး လုပ်ငန်း အထူးအကြံပေး အဖွဲ့ဝင် ဦးအောင်သန်း ထံမှ သိရသည်။

အဆိုပါစီမံကိန်းနှင့် မလွတ်ကင်းသည့် သစ်ပင်များကို ခုတ်လှဲခဲ့ရပြီး အစားထိုး ပြန်လည်စိုက်ပျိုး ပေးခြင်းကို သစ်တောဦးစီး ဌာန၏ ကြီးကြပ်မှုဖြင့် သစ်ပင်မျိုးစုံ စိုက်ခင်း တစ်ဧကလျှင် အပင်ရေ ၁၂၅ဝ ကို အစားထိုး
စိုက်ပျိုးခဲ့ကြောင်း၊ ထပ်မံပြီး ငါးဧကပြည့် သည်အထိ စိုက်ပျိုးပေး သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ကျိုက်ထီးရိုး စေတီတော် ပတ်ဝန်းကျင်တွင် လုပ်ဆောင်သော အဆိုပါ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကေဘယ်လ်ကား စီမံကိန်းပြီးစီး ပါက ကျိုက်ထီးရိုး စေတီတော်သို့ လာရောက် ဖူးမြော်သော ဘုရားဖူးများ အနေဖြင့် အလွယ်တကူ တက်ရောက်ဖူးမြော် နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ကေဘယ်လ်ကြိုး တပ်ဆင်တဲ့ လမ်းတစ်လျှောက်မှာ မလွတ်ကင်းတဲ့ သစ်ပင်တွေရှိတယ်။ ဒီသစ်ပင်တွေကို ခုတ်လှဲတယ်။ ဒီအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ပြန်ပြီး အစားထိုး စိုက်ပေးတယ်။ အခုကတော့ စိုက်ပျိုးပေး နေတုန်းပါ။ သစ်ပင် စိုက်ပျိုးပေးတဲ့ နေရာမှာ သစ်တောဦးစီး ဌာနရဲ့ ကြီးကြပ်မှုနဲ့ လုပ်နေတာပါ'' ဟု ၄င်းက ပြောသည်။

ယင်း ကေဘယ်လ်ကား စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ၃၃/၁၁ ကေဗွီအေ တပ်ဆင် အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီး ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုး စေတီမူလ ၁၁ ကေဗွီအေ ဓာတ်အားခွဲရုံမှ ဓာတ်တိုင်နှင့် ကြိုးများ လဲလှယ်ကာ ပူးတွဲအသုံးပြုမည် ဖြစ်ကြောင်း၊ ရသေ့တောင်မှ ကျိုက်ထီးရိုးရင်ပြင် တော်အနီးအထိ ပေ ၃၂၅ဝ ကို တာဝါတိုင် ၁၁ တိုင်ဖြင့် ပေ ၂ဝ နှင့်ပေ ၄ဝ အမြင့်ပေါ်တွင် ပြေးဆွဲမည့် ကောင်းကင်ကြိုး ပေါ်တွင် ကေဘယ်လ်ကား တွဲရေ ၄၄ တွဲရှိမည် ဖြစ်ကြောင်း၊ တစ်တွဲလျှင် လူဦးရေ ရှစ်ဦးလိုက်ပါ စီးနင်းနိုင်ပြီး ခန့်မှန်း ကြာမြင့်ချိန် ၁ဝ မိနစ်ခန့်ရှိမည် ဖြစ်ကာ လူအနည်း အများပေါ် မူတည်၍ အချိန်ကို ထိန်းညှိပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကေဘယ်လ်ကား ပြေးဆွဲရေး စီမံကိန်းတစ်ခု လုံး အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာသန်း ၂ဝ ဖြစ်ပြီး စီမံကိန်းအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကျိုက်ထီးရိုး တောရိုင်း ဘေးမဲ့တော နယ်မြေ အတွင်းရှိ ငါးဧကကို နှစ် ၅ဝ ငှားရမ်း  အသုံးပြုခွင့် ရရှိထားကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Friday, October 7, 2016

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ဆောင်သစ်နှစ်ခု ဖွင့်လှစ်ပြီးနောက် ပြည်ပလေကြောင်းလိုင်း ၂၉ ခုဆင်းသက်



ရန်ကုန် ၊ ၇-၁၀-၂၀၁၆

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ဆောင်သစ် နှစ်ခု ဖွင့်လှစ်ပြီးနောက် ပြည်ပ လေကြောင်းလိုင်း ၂၉ ခု ဆင်းသက် အသုံးပြုလျက် ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြီးတန်း အရာရှိ တစ်ဦးထံမှ သိရသည်။

အဆိုပါ တိုးချဲ့ဆောင်သစ် နှစ်ခုဖြစ်သည့် Terminal 1 ၌ ပြည်ပ လေကြောင်းလိုင်း ၁၃ ခုနှင့် Terminal 2 ၌ ပြည်ပ လေကြောင်းလိုင်း ၁၆ ခုဆင်းသက် အသုံးပြု နေပြီဖြစ်ကြောင်း၊ ယင်းလေဆိပ် တိုးချဲ့ဆောင်သစ် များကို ပြည်ပ ခရီးသွားများ နှင့် ပြည်တွင်း ခရီးသွားများ အသုံးပြုမှု များပြားလာသည့် အတွက် တိုးချဲ့ဖွင့်လှစ် ထားခြင်းဖြစ်ပြီး နိုင်ငံတကာ လေကြောင်း လိုင်းများ ဆင်းသက် အသုံးပြုရာတွင် အဆင်ပြေ စေရန်လည်း ပါဝင်ကြောင်း၊ ယင်း အဆောက်အအုံ သစ်ကို မတ် ၁၂ ရက် က စတင်ဖွင့်လှစ် ခဲ့သော်လည်း မတ် ၂ဝ ရက်မှသာ နိုင်ငံပိုင် မြန်မာ အမျိုးသား လေကြောင်းလိုင်း ခရီးစဉ်များတွင် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု နောက်ပိုင်းတွင် ပြည်ပ လေကြောင်းလိုင်း များပါ ဆင်းသက် အသုံးပြုနေပြီ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်မှ စတင်၍ ဝင်ရောက်လာသော ပြည်ပ လေကြောင်းလိုင်း များဖြစ်သည့် Emirates Airline နှင့် Hongkong Express စရိတ်နည်း လေကြောင်းလိုင်း သစ်တို့သည် Terminal 1 ၌ ဆင်းသက်၍ ခရီးစဉ်များ ပျံသန်းလျက် ရှိသည်။ အဆိုပါတိုးချဲ့ ဆောင်သစ် Terminal 1 သည် အလျားမီတာ ၂၄ဝ၊ အကျယ် ၉၇ ဒသမ ၇ မီတာရှိ RC & Steel Building ဖြစ်ပြီး Basement အပါအဝင် ငါးထပ် အဆောက်အအုံ ဖြစ်သည်။
ယာဉ်ရပ်နားရာ နေရာမှ ဝင်ရောက် ထွက်ခွာနိုင်မည့် အလျား ၁ဝ၁ မီတာ၊ အမြင့် ၂၄ ဒသမ ၄၈ မီတာရှိ Sky Kink နှင့် ဆက်သွယ် ဆောက်လုပ် ထားသည်။ ယင်းနောက် Terminal 2 ကို ဆက်လက် တည်ဆောက်ခဲ့ပြီး ယခုအခါ တိုးချဲ့ဆောင်သစ် နှစ်ခုစလုံး အသုံးပြု နေပြီ ဖြစ်သည်။

ယင်း အဆောက်အအုံ အသစ်များကို Yangon Aerodrome Services ကုမ္ပဏီ က တာဝန်ယူ တည်ဆောက်ပေး ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, September 19, 2016

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းက ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ရေယာဉ်သစ် ၅၀၀ ကျော် တည်ဆောက်ပေးနိုင်ခဲ့



နေပြည်တော် ၊ ၁၉-၉-၂၀၁၆

မြန်မာ့သင်္ဘောကျင်း လုပ်ငန်းက ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် ထိ ရေယာဉ်သစ် ၅၀၀ ကျော် တည်ဆောက်ပေး နိုင်ခဲ့ပြီး ရေယာဉ် ၁၅၀၀ ကျော်ကို ပြင်ဆင်ပေးနိုင် ခဲ့ကာ ကော်ပိုရေးရှင်း ဥပဒေ ထွက်ရှိလာသည့် အခါ ကော်ပိုရေးရှင်း အသွင် ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာ့သင်္ဘောကျင်း လုပ်ငန်းသည် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန က ချမှတ်သည့် မူဝါဒ ရည်မှန်းချက် လုပ်ငန်းစဉ်နှင့် အညီ ရေယာဉ်တည်ဆောက် ခြင်းနှင့် ရေယာဉ်ပြင်ဆင်ခြင်း လုပ်ငန်းများကို အပြည်ပြည် ဆိုင်ရာ Classification အဖွဲ့အစည်း များတွင် စစ်ဆေးမှုကို ခံယူပြီး ဆောင်ရွက်နေသော နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းတစ်ခု ဖြစ်ကာ ၁၉၇၀ ပြည့်နှစ်မှစ၍ နိုင်ငံပိုင် သင်္ဘောကျင်း တစ်ခုအဖြစ် စတင်ဖွဲ့စည်း ထူထောင်ခဲ့သည်။

၁၉၇၆ ခုနှစ်မှစ၍ စီးပွားရေးဆန်ဆန် စတင်ဆောင်ရွက် ခဲ့ပြီး အဓိက စီးပွားရေးလုပ်ငန်း အဖြစ် ရေယာဉ် တည်ဆောက်ရေး နှင့် ရေယာဉ် ပြင်ဆင်ရေး လုပ်ငန်းများတွင်  ပြည်တွင်းပြည်ပ ရေယာဉ်များကို လက်ခံ ဆောင်ရွက်ပေးလျက် ရှိသည်။

ယခင်က လျှောလမ်းသုံး လွန်းကျင်းဖြစ်ပြီး တန်ချိန် ၂၀၀၀ ထိ ရေယာဉ်များသာ တည်ဆောက် ပြင်ဆင်နိုင်ရာမှ ၂၀၀၅ ခုနှစ်မှစ၍ တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်း တည်ဆောက်ရန် ရန်ကုန်မြစ်အတွင်း ၀င်ရောက် နိုင်သည့် ရေယာဉ်ကြီး များကို လွန်းတင်ပြင်ဆင် ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းအနေဖြင့် ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် အထိ ရေယာဉ်သစ် ၅၀၀ ကျော် တည်ဆောက်ပေးနိုင် ခဲ့ပြီး ရေယာဉ် ၁၅၀၀ ကျော်ကို ပြင်ဆင်ပေး နိုင်ခဲ့ကာ ကော်ပိုရေးရှင်း ဥပဒေ ထွက်လာသောအခါ ကော်ပိုရေးရှင်း အသွင် ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger