www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 17, 2015

အရှေ့အလယ်ပိုင်း စစ်မီးလျှံများကြောင့် လှေစီးဒုက္ခသည် ပြဿနာနှင့် ရင်ဆိုင်နေရသည့် ဥရောပတိုက်



အရှေ့အလယ်ပိုင်း စစ်မီးလျှံများကြောင့် လှေစီးဒုက္ခသည် ပြဿနာနှင့် ရင်ဆိုင်နေရသည့် ဥရောပတိုက်

ရှိန်းထက် ( IN'D )

အရှေ့ အလယ်ပိုင်း ၏ စစ်မီးလျှံ များကြောင့် မြေထဲ ပင်လယ်ကို ဖြတ်ကျော်၍ ထွက်ပြေးလာသူ အရေအတွက် သည် ခန့်မှန်း ထားသည်ထက် တစ်နေ့တခြား ပိုမိုများပြား လာလျက် ရှိသည်။ မေ ၇ ရက် စနေနေ့က အီတလီသို့ လှေစီး  ဒုက္ခသည် ၅၆ဝ ဦး ရောက်ရှိ လာခဲ့ပြီး မေ ၈ ရက် တနင်္ဂနွေနေ့ တွင် လူပေါင်း ၁၂ဝဝ ထပ်မံ ရောက်လာခဲ့ ပြန်သည်။ ထို့အပြင် လူပေါင်း ၃၁ဝ ကိုလည်း ပင်လယ်ထဲမှ အလွတ် ကယ်တင်ခဲ့ ရကာ ဇွန် ၈ ရက်အထိ ပင်လယ်ထဲ၌ မျောနေသူ များအား အလွတ်ကယ်တင် ခဲ့ရကာ ၆ဝဝဝ ဦးခန့် ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ် ငါးလတာ စစ်တမ်းတွင် ရွှေ့ပြောင်း လုပ်သား ဦးရေသည် ၂ဝ၁၄ ခုနှစ် ကထက် ၁ဝ ရာခိုင်နှုန်း ခန့် မြင့်တက် လာခဲ့သည်။

ထွက်ပြေးလာသူ များထဲတွင် ကလေးများ၊ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီး များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တချို့လည်း ပါဝင် လာကြသည်။ ထို့ကြောင့် ထိုလူများအား ရေရှည် ထိန်းသိမ်းထား ရမည့် အနေအထား တွင်ရှိနေသည်။ ဥရောပ သမဂ္ဂ၏ စည်းမျည်း စည်းကမ်းမှာ ဥရောပ နိုင်ငံ တစ်နိုင်ငံသို့ ရောက်ရှိလာသော မည်သည့် ဒုက္ခသည်ကို မဆို ကိုးလအတွင်း အလုပ်အကိုင် ရှာဖွေ ပေးသည်။ ထို အတောအတွင်း ဒုက္ခသည် များကို လုံခြုံအောင် နိုင်ငံ တစ်နိုင်ငံချင်း စီက ခွဲတမ်းဖြင့် စောင့်ရှောက် ပေးရသည်။ သို့သော်လည်း ယခု ရောက်ရှိလာသော ကလေးများ၊ သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင် များသည် ဥရောပ နိုင်ငံများကို ဒုက္ခပေး တော့သည်။

ထို့ကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးနေသည့် ကြားထဲမှ ဥရောပ တိုက်သားများမှာ အလုပ်လက်မဲ့ ဖြစ်နေသည့်အပြင် ယခုအခါ ဒုက္ခသည်များ ထပ်ရောက် လာသည့်အတွက် အိမ်ရှင် ဥရောပ နိုင်ငံသားများ အဖို့ ရွှေ့ပြောင်း ဒုက္ခသည် များကို လက်မခံချင် ကြတော့ပေ။

ထို့အပြင် ဒုက္ခသည်များမှာ ရရာ အလုပ်ကို မည်သည့်လစာ နှင့်မဆို လုပ်ကိုင် နိုင်သော ကြောင့် လုပ်သား ဈေးကွက်လည်း ပျက်သွား နိုင်သေးသည်။ ထို့ကြောင့် ဥရောပသမဂ္ဂ သည် အဆိုပါ ပြဿနာ အတွက် အစဉ်အမြဲ ခေါင်းခဲလျက် ရှိသည်။ ထိုအထဲတွင် အီတလီ နိုင်ငံသည် ဒုက္ခသည် ပြဿနာကို အဆိုးရွားဆုံး ကြုံတွေ့ရသော နိုင်ငံဖြစ်သည်။ အရှေ့ အလယ်ပိုင်းမှ မြေထဲ ပင်လယ်၏ ဥရောပတိုက် မျဉ်းတွင် အီတလီသည် အရှေ့ဘက် အကျဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေသော ကြောင့်ပင် ဖြစ်သည်။

၂ဝ၁၄ ခုနှစ်တုန်းက ဥရောပသို့ ရောက်ရှိ လာသည့် ရွှေ့ပြောင်း လုပ်သား ဦးရေ ၁၇ဝဝဝဝ ရှိရာ အီတလီသို့ ၁၁၆၄၃၅ ဦးခန့် ဦးတည်ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် လူဦးရေ ၂ဝဝဝဝဝ ခန့် ရှိ လာနိုင်သည် ဟု လည်း ခန့်မှန်းခြေ စာရင်း ထုတ်ပြန် ထား သည်။ သို့သော် ခန့်မှန်းထား သည့် အရေအတွက် သည် အရှေ့ အလယ်ပိုင်း စစ်ပွဲများအပေါ် မူတည်ပြီး ကျော်လွန် သွားနိုင် သေးသည်။ ထို့ကြောင့် အီတလီ အား ပြောင်းရွှေ့ လုပ်သား စစ်ပွဲကြား က နိုင်ငံဟုပင် နိုင်ငံတကာ က တင်စားခေါ်ဝေါ် နေကြသည်။

ဇွန်လ အစောပိုင်း စစ်တမ်းများအရ ဥရောပသို့ ရောက်ရှိလာသည့် လှေစီးဒုက္ခသည် အရေအတွက် ၁ဝဝဝဝဝ ကျော်ခန့် ရှိသွားပြီ ဖြစ်ပြီး အီတလီတွင် ၅၄ဝဝဝ၊ ဂရိတွင် ၄၈ဝဝဝ၊ စပိန်တွင် ၉၂ဝ နှင့် မော်လ်တာတွင် ၉၁ ဦး အသီးသီး ရောက်ရှိနေခဲ့ ကြသည်။ ထို အရေအတွက် သည် ၂ဝ၁၃ ခုနှစ် တစ်နှစ်တာလုံး အတွက် ရောက်ရှိလာသည့် အရေအတွက် နှင့် နှိုင်းယှဉ်ပါက ငါးလတည်း နှင့်ပင် လိုက်မီရုံ မျှမက ပိုတောင် ပိုနေသေးသည်။ ၂ဝ၁၃ ခုနှစ်အတွင်း ဥရောပသို့ ရောက်ရှိ လာသူမှာ ၆ဝဝဝဝ ခန့်သာ ရှိသောကြောင့် ဖြစ်သည်။

ဥရောပသို့ ဒုက္ခသည်များ အဓိက ပို့လွှတ်နေသော နိုင်ငံမှာ ဆီးရီးယား နှင့် အီရတ်တို့ ဖြစ်သည်။ ဆီးရီးယား၌ အာဆတ် အစိုးရအား ပုန်ကန်သည့် သူပုန်များက အာဏာရရန် တိုက်ခိုက် နေချိန်တွင် အစ္စလာမ်မစ် နိုင်ငံတော် ISIS ဝင်ရောက် လာသောကြောင့် အဆိုပါနိုင်ငံမှ လူပေါင်း လေးသန်းနီးပါး ခန့် ထွက်ပြေးခဲ့ ရသည်။ တစ်ခါ အီရတ် တွင်လည်း ISIS တို့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ခြင်း ကြောင့် လူပေါင်းသိန်း နှင့်ချီ၍ ထွက်ပြေး ခဲ့ရသည်။ ထိုသူများသည် ဥရောပသို့ ပြောင်းရွှေ့ လာသူများ အရေအတွက် တိုးလာခြင်း၏ အဓိက အကြောင်းအရင်း များ ဖြစ်သည်။

ဥရောပသို့ လှေစီးထွက်ပြေးသူ အများစုသည် နိုင်ငံနှစ်ခုကို ရွေးချယ် အသုံးပြုသည်။ လစ်ဗျားနှင့် တူရကီတို့ ဖြစ်သည်။ ထိုအထဲ ကမှ အများစုသည် လစ်ဗျားကို ရွေးချယ်ကြသည်။ ၂ဝ၁၄ ခုနှစ် ထုတ်ပြန်ချက် အရ လူပေါင်း ၁ဝဝဝဝဝ ကျော်သည် လစ်ဗျားမှ တစ်ဆင့် သွားရောက်ကြပြီး ၅ဝဝဝဝ ကျော်မှာ တူရကီမှ တစ်ဆင့် သွားသည်ဟု ဆိုသည်။

ဥရောပသို့ သွားချင်သူ များသည် လစ်ဗျား မှတစ်ဆင့် ပွဲစားများအား ဒေါ်လာငွေ ထောင်နှင့် ချီပေးကာ လူ ၁ဝဝ ဆံ့သည့် လှေကို လူ ၁၅ဝ၊ ၂ဝဝ စီး၍ မြေထဲ ပင်လယ် ကိုဖြတ်ကြသည်။ ထို့ကြောင့် မြေထဲပင်လယ် ထဲတွင် သေဆုံးသူ အရေအတွက် သည် ကြောက်ခမန်း လိလိ တိုးလာသည်။ ၂ဝ၁၄ ခုနှစ်က မြေထဲပင်လယ် ထဲတွင် သေဆုံးသူ အရေအတွက် ၃၅ဝဝ ခန့်ရှိခဲ့ကာ ၂ဝ၁၅ ခုနှစ် ဇွန် ၁ဝ ရက်အထိ ၁၈၆၅ ခန့် ရှိသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းလုပ်သား အကူအညီ ပေးရေးအဖွဲ့ (IOM) ထုတ်ပြန် ကြေညာချက် တွင် ဖော်ပြခဲ့သည်။

ထို့အပြင် ၂ဝ၁၄ ခုနှစ် မြေထဲပင်လယ် ကို ဖြတ်သန်းခဲ့သည့် လှေစီးဒုက္ခသည် အရေအတွက်သည် ၂၁၉ဝဝဝ ခန့် ရှိခဲ့ကြောင်း ဆိုခဲ့သည်။ ဥရောပသို့ ရောက်ရှိလာသူ များမှာလည်း ၁၇ဝဝဝဝ ကျော်အထိ ရှိခဲ့သည်။ ထိုအထဲတွင် ဒုက္ခသည် ပြဿနာကို အများဆုံး ခံစားရသော အီတလီသည် ဘဏ္ဍာရေး ပြဿနာနှင့် ကြုံတွေ့ ခဲ့ရသောကြောင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ က ဒုက္ခသည် ကယ်ဆယ်သည့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ကာ မည်သည့် ရွှေ့ပြောင်းလှေမျှ အီတလီ ရေပိုင်နက်သို့ မဝင်နိုင် စေရန် မိုင် ၃ဝ ပတ်လည် ကင်းလှည့် စေခဲ့ သေးသည်။ သို့သော်လည်း ကယ်ဆယ်ရေး အတွက် ရန်ပုံငွေကို အမေရိကန် ဒေါ်လာ သန်း ၁၂ဝ အထိ ထောက်ပံ့မှု သုံးဆ တိုးပေးခဲ့ သောကြောင့် အစီအစဉ်ကို ပြန်လည် စတင်ခဲ့သည်။

ဥရောပသို့ လှေစီးပြောင်းပြေး လာသူများမှာ ဆီးရီးယား၊ အီရတ်၊ အီရီထရီယာ၊ မာလီ၊ နိုင်ဂျီးရီးယား၊ ဂမ်ဘီယာ၊ ပါလက်စတိုင်း နှင့် ဆိုမာလီနိုင်ငံ တို့မှဖြစ်သည်။ ထို နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှု ပြဿနာများသည် ဥရောပတိုက်သို့ တိုက်ရိုက် ရောက်ရှိ သွားခဲ့သည်။

ဥရောပသို့ ရွှေ့ပြောင်းလာသူ အရေအတွက် များပြားလာခြင်းနှင့် အတူ နိုင်ငံရေး ခိုလုံခွင့် တောင်းခံသူ များလည်း စံချိန်တင် မြင့်တက် လာခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံရေး ခိုလုံခွင့် တောင်းခံသူ ၄၃၅၁၉ဝ ဦး ရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် ၆၂၆ဝ၆၅ ဦး အထိ နှစ်သိန်းနီးပါး မြင့်တက် လာခဲ့သော ကြောင့် နိုင်ငံရေး ခိုလုံခွင့် တောင်းခံမှုသည် ၁၉၉၂ ခုနှစ် နောက်ပိုင်းတွင် အမြင့်မားဆုံး စံချိန်သို့ ရောက်ရှိ ခဲ့သည်။

ထို့ကြောင့် ၂ဝ၁၅ ခုနှစ်သည် ၂ဝ၁၄ ခုနှစ်ကဲ့သို့ စစ်မီးလျှံ အတောက်လောင်ဆုံး နှစ်တစ်နှစ် ဖြစ်သောကြောင့် ဥရောပ အတွက် လှေစီးထွက်ပြေး လာသူများ အရေးတွင် အဘက်ဘက် က အကျပ်အတည်း ထပ်ဖြစ် လာဦးမည့် နှစ်တစ်နှစ် ဖြစ်မည်မှာ ကျိန်းသေ နေကြောင်း တင်ပြလိုက်ရ ပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger