www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 31, 2016

နေ့လယ်စာစားပြီး တစ်ရေးအိပ်သင့် မအိပ်သင့်



ကြည်လွင်မြင့် (မုဒြာ)

နေ့လယ်စာ စားပြီးတိုင်း လူကြီးများတွင် အိပ်ချင်၊ ငိုက်မျဉ်းလေ့ ရှိကြသည်။ အဆီအအိမ့်နှင့် အချိုအစားများလျှင် လူကြီးများ သာမက လူငယ်များတွင်ပါ အိပ်ချင်စိတ် ဖြစ်လေ့ရှိသည်။ ဤသို့ ဖြစ်ရခြင်းမှာ စားထားသော အစာများသဖြင့် အစာအိမ်မှ အစာမခြေနိုင်ဘဲ အစာမကြေ သဖြင့် ဖြစ်ရခြင်း ဖြစ်သည်။

လူကြီးများတွင် အသက်ကြီး လာသောအခါ ပါစကဝမ်းမီး ခေါ် အစာခြေရည် ထွက်ခြင်းမှာ အားနည်းသွား သဖြင့် ငယ်စဉ်က တစ်နာရီနှင့် အစာကြေလျှင် ကြီးလာသောအခါ နှစ်နာရီခန့် ကြာမှသာ အစာကြေ နိုင်သည်။

ကြေညက်ခဲသော အစာ ကောက်ညှင်း၊ ဆန်ကြမ်း စသည်စားလျှင် ပို၍ဆိုးသည်။ အသက်ကြီးသူ များကို အေးသောထမင်း၊ ဆန်ကြမ်း၊ ထမင်းကြမ်းများ မကျွေးသင့်ပါ။ အစာကြေညက် လွယ်သော ဆန်မျိုးကို ချက်ပြီး ပူပူနွေးနွေးကျွေးလျှင် အစာကြေ နိုင်သည်။

လူကြီးများအတွက် နေ့လယ်စာ ထမင်းစားပြီးလျှင် တစ်ရေး အိပ်စက်ခြင်းသည် အစာကို ကြေစေပြီး ခွန်အားကို တိုးစေသည်။ ပင်ပန်းနွမ်းနယ်မှု များကို လျော့ပါးစေသည်။ စိတ်ကို လန်းဆန်းစေသည်။ အကြောအခြင်များ ကို လျော့ပါးစေသည် ဟု ရှေးက အာယုဗ္ဗေဒ သိမ်ဖြူဆေး သိပ္ပံဆရာတော်ကြီး က အမိန့်ရှိခဲ့ ဖူးသည်။

နေ့လယ်စာစားပြီး အားရှိအောင်၊ အစာကြေအောင် အိပ်စက်ခြင်းသည် ကောင်းပါသည်။ သို့သော် နာရီဝက်၊ တစ်နာရီခန့်သာ အိပ်စက်သင့်သည်။ ထို့ထက်ပို၍ ညနေစောင်းသည် အထိ အိပ်စက်လျှင် ဖျားနာတတ်သည်။ စိတ်လက် မကြည်ဘဲ ပို၍ပင် ဆိုးတတ်သည်။ ညနေအထိ အိပ်လျှင် ဝမ်းချုပ်တတ်သည်။ စမြင်းခံ တတ်သည်။ လူကြီးများတွင် ဝမ်းချုပ် စမြင်းခံလျှင် အညောင်းအကိုက် ရောဂါ ဖြစ်တတ်သည်။

နေ့လယ်ခင်း အိပ်လျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ မလို၊ မှေးစက်ရုံမျှသာ ဖြစ်သင့်သည်။ ခေါင်းအုံး ခပ်မြင့်မြင့်ဖြင့် ဇက်ကို မတ်မတ်ထားပြီး အိပ်ပါ။ ဘေးတစောင်း ခွေခေါက် မအိပ်သင့်ပါ။ ပက်လက် အနေအထား ဖြင့်အိပ်လျှင် အစာအိမ်မှ အစာခြေရည် နှင့်ခြေပြီး အစာများ အောက်ဘက် အူသိမ်အူမ များသို့ စီးဆင်းရန် လွယ်ကူသည်။ တစ်ဖက်သို့ စောင်းအိပ်လျှင် အူသိမ် ဦးပိုင်းတွင် အစာလမ်းကြောင်း ပိတ်ဆို့ပြီး လေနာ ဖြစ်တတ်သည်။

အစာအိမ်၏ အထွက်တွင် အူသိမ်ဦးပိုင်းဟု ခေါ်သော အကောက်ကလေး ရှိသည်။ ခန္ဓာဗေဒ ဘာသာတွင် Duodenum ဟု ခေါ်သည်။ အစာအိမ်ကြီးနှင့် အာဟာရကို စုပ်ယူမည့် အူသေးများ (Small Intestine) ကို ဆက်သွယ်ပေးသော နေရာဖြစ်သည်။ ထိုနေရာတွင်ပင် သည်းခြေအိတ်မှ ထွက်သော အစာခြေရည် နှင့် ပန်ကရိယ Pancreas မှထွက်သော အစာခြေရည်ကို နှစ်မျိုး ပေါင်းစပ်ပြီး အဆီခဲပါသော အစာနှင့် အချိုဓာတ် တို့ကို အစာခြေပေးသည်။ ထိုအကောက် ကလေးသည် အစာခြေမှုတွင် အရေးကြီးသော အင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။

ထမင်းစားပြီး ခွေခေါက်အိပ်လေ့ ရှိသူများ၊ အဆီဖတ်၊ အဆီခဲများ လွန်ကဲစွာ စားသုံးသူများနှင့် အပူအစပ်၊ အရက်သေစာ သောက်စားမှု လွန်ကဲသူများတွင် အစာအိမ် သာမက အူသိမ်ဦးပိုင်း Duodenum တွင်ပါ အနာ ဖြစ်နိုင်သည်။ အနာဖြစ်လိုက် ဆေးကုလိုက်နှင့် ကြာလျှင် အနာဖေး တက်ပြီး အနာရွတ်များ ကြောင့် အူသိမ်ဦးပိုင်း ထွက်လမ်း ကျဉ်းမြောင်းပြီး ပိတ်ဆို့သွားသော အခါ ခွဲစိတ်ကုသရ သည်အထိ ဖြစ်နိုင်သည်။

အစာအိမ်နာ၊ အူသိမ်နာ ဖြစ်ဖူးသူများသည် အစာစားလျှင်လည်း ဗိုက်နာ၊ အစာစားချိန် မစားရလျှင်လည်း ဗိုက်နာလေ့ရှိသည်။ အစာကို တဝမစားဘဲ လျှော့စားသင့်သည်။ နည်းနည်းချင်းနှင့် အကြိမ်များများ စားပေးလျှင် အစာခြေနိုင်သည်။ တစ်နေ့ ထမင်းနှစ်နပ် စားမည့်အစား သုံးကြိမ်၊ လေးကြိမ် နည်းနည်းချင်း စားလျှင် ပိုကောင်းသည်။ အစာအိမ်ရောဂါကို အစာစား နည်းစနစ် ပြောင်းပြီး ကုသနိုင်သည်။ ဆေးမလိုပါ။ အပူအစပ်နှင့် အကြော်အလှော်၊ အကင်များသည် အစာအိမ်နာ ရှိသူနှင့် လုံးဝမသင့်ပါ။ အရက်နှင့် ဆိုဒါ အပြင် ဂက်စ်ဖြင့် ဖိထားသော ဖောက်လိုက်လျှင် အမြှုပ်ထွက်သည့် အချိုရည်၊ သံဘူးများကိုပါ ရှောင်သင့်သည်။ ၄င်းတို့သည် အစာအိမ်နာကို ခေတ္တမျှ သက်သာစေ သော်လည်း အစာအိမ်ကို ရောင်စေပြီး အစာခြေရည်ကို ဓာတ်ပျက်စေနိုင်သောကြောင့်ဖြစ်သည်။ အစာစားပြီး လျှင် ငြိမ်ငြိမ် ထိုင်နေခြင်းနှင့် လှုပ်ရှားနေခြင်း တို့တွင် လှုပ်ရှား နေခြင်းက ပို၍ အစာကြေ စေနိုင်သည်။

ကြေသောအစာကို အူသိမ်ဦးပိုင်းမှ အောက်ပိုင်းသို့ လျင်မြန်စွာ သက်ဆင်း စေနိုင်သည်။ လူငယ် လူလတ်ပိုင်း များတွင် အစာစားပြီးလျှင် ထိုင်မနေဘဲ လှုပ်ရှား သွားလာမှု ပြုလုပ်ခြင်း သည်သာ အကောင်းဆုံး ဖြစ်သည်။ သွေးလှည့်ပတ်မှု အားကောင်း၊ အစာခြေ အားကောင်းသည့် အရွယ်တွင် နေ့လယ် အိပ်စက်ခြင်းသည် အကျိုးမရှိပါ။

လူငယ်၊ လူလတ်များနှင့် အသက် ၅၅ နှစ် ကျော်လာသော လူကြီးပိုင်းများ အစာခြေရည် ထုတ်နိုင်အား မတူပါ။ အာယုဗ္ဗေဒ ဆေးပညာ အလိုအရလည်း ''ဝမ်းမီး'' အားမတူကြ တော့ပါ။ လူငယ်များတွင် ဝမ်းမီးအား ကောင်းနေသဖြင့် စားသမျှ ကြေနိုင်သည်။ လူကြီးများတွင် ဝမ်းမီးအား နည်းလာပြီး အစာမကြေနိုင် သဖြင့် နေ့လယ် ထမင်းစားပြီးလျှင် အိပ်ငိုက်ခြင်း ဖြစ်သည်။

တက်စာများ ဖြစ်သော ဆူးပုပ်ကြီး၊ ပဲကြီး၊ တညင်းသီး၊ ငါးသလောက်၊ မျှစ်ချဉ်၊ ငါးဥများ၊ ငါးချဉ်၊ ပုစွန်ချဉ်၊ တမာချဉ်၊ ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး၊ ခွေးတောက်ရွက်၊ ငါးပိကောင်၊ ငံပြာရည်ချက် စသည် များ စားပြီးသော အခါတွင်လည်း အိပ်ချင် ငိုက်မျဉ်းချင် ခြင်းဖြစ်သည်။ ထိုကဲ့သို့ တက်စာနှင့် နေ့လယ်စာစား ပြီးလျှင် ခေတ္တ အိပ်စက်ခြင်းဖြင့် အတက် သက်သာပြီး လူလည်းလန်းဆန်း သွားစေနိုင်သည်။ သွေးတိုးရောဂါ ရှိသူ များလည်း နေ့လယ်တွင် အနားယူ အိပ်စက်ခြင်းဖြင့် သွေးပေါင် Blood Pressure တက်ခြင်းကို သက်သာ စေနိုင်ကြောင်း တွေ့ရှိရသည်။

ငယ်စဉ်က ဘုန်းတော်ကြီး ကျောင်းတွင် နေခဲ့ဖူး ပါသည်။ ကျောင်း ဆရာတော်ကြီး သည် နေ့လယ်ဆွမ်း စားပြီးနောက် တစ်ရေးအိပ် ကျိန်းစက်လေ့ ရှိသည်ကို အမှတ်ရမိ ပါသည်။ ဘုန်းကြီးများ သည် လူများကဲ့သို့ ညနေစာ စားလေ့ မရှိသဖြင့် နေ့ဆွမ်းကို အဝစား (ဘုန်းပေး) လေ့ ရှိကြသဖြင့် အစာကြေခဲခြင်း ဖြစ်သည်။ ဆွမ်းစားပြီး အချိုပွဲများ ကပ်လေ့ရှိကြရာ ပို၍ အစာကြေ ခဲသည်။ အစာမကြေလျှင် လေဖြတ် နိုင်သဖြင့် ညနေချိန်တွင် ထန်းလျက်နှင့် ဖျော်သော မန်ကျည်း ဖျော်ရည်၊ ဥသျှစ်သီး ဖျော်ရည်၊ သစ်သီးဖျော်ရည် များ ကပ်ပေးခြင်းဖြင့် ဆရာတော်ကြီး များကို လေရောဂါမှ ကင်းဝေး စေနိုင်မည် ဖြစ်သည်။

ဝမ်းသက်လွယ်သူ များသည် နေ့လယ်စာ စားပြီးလျှင် ရေနွေးကြမ်း သောက်ပေးလျှင် အစာကြေပြီး ဝမ်းမှန်စေသည်။ ဝမ်းချုပ်တတ်သူ များမှာ နေ့လယ်စာစား ပြီးလျှင် သစ်သီးဖျော်ရည် တစ်ခုခု သောက်ပေးလျှင် ဝမ်းမှန် စေနိုင်သည်။ ငှက်ပျောသီး ဖီးကြမ်း၊ ရှောက်သီးဖျော်ရည် သောက်ပေးလျှင်လည်း ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်း ဘေးမှ ကင်းဝေးနိုင်ပါသည်။ နေ့လယ်စာနှင့် ညနေစာများ စားလျှင် မိမိစားသော အစာတွင် ပါဝင်သည့်အရာကို လိုက်၍ ဆင်ခြင်သင့် သည်မှာ ဥပမာ-ချဉ်ပေါင်ဟင်း၊ ပဲဟင်းစသော ဝမ်းသက်စေသော အစာများပါလျှင် ထမင်းစားပြီး သောအခါ ရေနွေးကြမ်း အဖန်ရည် သောက်သင့်သည်။ ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ကောက်ညှင်း၊ တညင်းသီး၊ ဒံပေါက်၊ အုန်းထမင်း စသည်များ စားပြီးလျှင် အစာကြေစေရန် ရှောက်သီးဖျော်ရည်၊ သံပရာဖျော်ရည်၊ လိမ္မော်၊ ကမ္ဗလာသီး ဖျော်ရည်များ သောက်သုံးသင့် ပါသည်။ အစာပိတ် သောက်မည့် အရည်ကို အပူအအေး သင့်ရာ ရွေးချယ်နိုင်လျှင် အစာအိမ်ကို မထိခိုက်ဘဲ အစာကြေစေပြီး ဝမ်းမှန်စေနိုင်မည် ဖြစ်သည်။

နေ့လယ်စာစားပြီး တစ်ရေး အိပ်ခြင်းသည် လူငယ်များအတွက် မသင့်လျော် သော်လည်း သက်ကြီးဝါကြီး၊ ဘုန်းကြီးရဟန်းများ၊ လူအိုများ သာမက ကျန်းမာရေး ချို့တဲ့ နေမကောင်းသူ၊ သွားလာလှုပ်ရှားမှု မပြုနိုင်သူများတွင် ကောင်းသော အပြုအမူ ဖြစ်ပါသည်။ တစ်မှေး၊ တစ်ရေး အိပ်စက်ခြင်းသည် တခြား အာရုံထွေပြားမှု မရှိတော့သဖြင့် ခန္ဓာကိုယ်၏ အပူဓာတ် မှန်သမျှသည် ဝမ်းမီးသို့ အားဖြည့်ပေးကာ အစာခြေအား ကောင်းစေနိုင်သည်။

ဝမ်းမီး ကောင်းသဖြင့် ခြေသော အစာသည် ဝမ်းမချုပ်၊ စမြင်းမဖြစ်စေဘဲ နောက်တစ်ကြိမ် ဆာလောင်ခြင်းကို အားပေးသဖြင့် နောက်တစ်နေ့ တွင်လည်း စားကောင်းလာမည် ဖြစ်ပါကြောင်း ရိုးရာ ဆေးပညာ အမြင်ရှုထောင့်မှ လေ့လာမိသမျှ တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

၂၀၂၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ပပျောက်ရေးဦးတည် ဆောင်ရွက်မည် ဖြစ်သောကြောင့် မြို့နယ်ဆေးရုံ တိုက်နယ်ဆေးရုံများရှိ ဓာတ်ခွဲခန်းဝန်ထမ်းများအထိ သင်တန်းပေးမည်


ရန်ကုန် ၊ ၃၁-၇-၂၀၁၆

အမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ်အရ ၂ဝ၂ဝ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ပပျောက်ရေး ဦးတည် ဆောင်ရွက်မည် ဖြစ်သောကြောင့် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ များရှိ ဓာတ်ခွဲခန်း ဝန်ထမ်းများအထိ သင်တန်းပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး  ဌာနမှ သိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ် မှ အမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေး နှင့် အမျိုးသား ဓာတ်ခွဲဌာနများတွင် အရည်အသွေး ထိန်းသိမ်းခြင်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် အတွက် အဖွဲ့အစည်း တစ်ခုဖြစ်သော URC (University Remote Control) သို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်း ထောက်ပံ့ ပေးခဲ့သည်။

၎င်းရန်ပုံငွေဖြင့် သတ်မှတ်ထားသော မြို့နယ် ၁ဝ မြို့နယ်တွင် လုပ်ငန်းကာလ တစ်နှစ်ခွဲ သတ်မှတ်၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများ ပိုမိုတိုးတက် စေရန်အတွက် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် နည်းစနစ် တစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''၂ဝ၂ဝ ပြည့်နှစ်မှာ ငှက်ဖျားရောဂါ ကင်းစင်ရေးနှစ် အဖြစ် ဆောင်ရွက် နေပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်း အဆင့်ဆင့်တွေက ပါဝင်ဆောင်ရွက် ကြမှာဖြစ်ပါတယ် ''ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းဝင်း က ပြောသည်။

ငှက်ဖျားရောဂါ ပပျောက်ရေးကို ဦးတည် ဆောင်ရွက်နေသော ဆေးရုံများသည် RDT ခေါ် ငှက်ဖျားပိုး အမြန်သွေးစစ် ကိရိယာကိုသာ အားထား အသုံးပြု နေသည်ကို တွေ့ရပြီး သွေးအဖြေကို အမြန် သိရသော်လည်း ငှက်ဖျားပိုး အရေအတွက် မသိရခြင်း၊ ပိုးအဆင့် မသိနိုင်ခြင်း၊ ဆေးယဉ်ပါးမှု အခြေအနေကို မသိနိုင်ခြင်း စသည့် အားနည်းချက်များ ရှိနေသည့် အတွက် အဏုကြည့် မှန်ဘီလူးကို အသုံးပြု၍ ငှက်ဖျားပိုး အခြေအနေ စစ်ဆေးခြင်းကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

ငှက်ဖျားရောဂါ ဖြစ်ပွားလာသည့် အချိန်တွင် ငှက်ဖျားရောဂါ ပိုးကို တိကျစွာ သိရှိနိုင်သော မှန်ဘီလူး အသုံးချပြီး ငှက်ဖျားပိုးအား ကျွမ်းကျင် မှန်ကန်စွာ ကြည့်နိုင်သူများ ဖြစ်ရန် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ များရှိ ဓာတ်ခွဲဝန်ထမ်း များအထိ သင်တန်းပေးပြီး အရည်အသွေး ထိန်းသိမ်းမှုများ၊ ကြီးကြပ်မှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိ ကျန်းမာရေး စနစ်များ နည်းလမ်းကျပြီး ပိုမိုကောင်းမွန် စေရန် သက်ဆိုင်ရာ ဌာနများနှင့် တိုင်းဒေသကြီး /ပြည်နယ် အဆင့်တွင်လည်း လုပ်ဆောင်နိုင်ရန် လိုအပ်ပြီး စီမံချက်ဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီး ဌာနမှူးများ၊ ခရိုင်/မြို့နယ် ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူးများမှ တစ်ဆင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၈)

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်



ရန်ကုန် ၊ ၃၁-၇-၂၀၁၆

(၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည် ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကျော်ကျော်ခေါင် က ပြောသည်။

အဆိုပါ အားကစားပြိုင်ပွဲ တွင် အာဆီယံ နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး အားကစား ပြိုင်ပွဲတွင် ထည့်သွင်း ယှဉ်ပြိုင်မည့် အားကစားနည်း များကို အာဆီယံ တက္ကသိုလ်များ အားကစား ကောင်စီ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး မည်ဖြစ်ပြီး ပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ ၂ဝ ရက်အထိ ကျင်းပရန် လျာထားကြောင်း သိရသည်။

''တက္ကသိုလ်တွေမှာ အားကစားပြိုင်ပွဲတွေ လုပ်ရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အကူအညီ မပါဘဲလုပ်လို့ မရပါဘူး။ နည်းစနစ်ပိုင်း ဆိုင်ရာမှာ ဆိုရင် ဝန်ကြီးဌာနရဲ့အကူအညီတွေ အများကြီး လိုပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် အာဆီယံတက္ကသိုလ် များ အားကစားပြိုင်ပွဲ ပြုလုပ်ရန် တက္ကသိုလ်အသီးသီး မှကျင်းပသည့် ကျောင်းတွင်း အားကစား ပြိုင်ပွဲများက များစွာ အထောက်အကူ ပြုကြောင်း၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ဇူလိုင် ၂၉ ရက်က ကျင်းပသည့် နေ့သင်တန်း ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှု နှင့် ကာယအလှမယ် ပြိုင်ပွဲသည် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ တွင် အရေးပါသည့် အားကစားနည်း တစ်ခု ဖြစ်ကြောင်း၊ ယင်း အားကစားပြိုင်ပွဲ များတွင် ဉာဏ်ရည်မြင့်သည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များပါဝင်နိုင်ခွင့် ရရှိနိုင်စေရန် ကျောင်းတွင်း ပြိုင်ပွဲများကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အာဆီယံ အားကစား ကောင်စီနှင့် အာရှတက္ကသိုလ် အားကစား
ကောင်စီတို့တွင် အထောက်အပံ့ များကို တောင်းခံပြီး ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၅)

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ပြီးဆုံး ၊ ဖြည့်စွက်ပြင်ဆင်ချက် များဖြင့် ဘုံသဘောထားများ ရယူစုစည်းနိုင်ခဲ့



မိုင်ဂျာယန် ၊ ၃၁-၇-၂၀၁၆

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ဇူလိုင် ၂၆ ရက် မှ ၃ဝ ရက်အထိ ငါးရက်တာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တွင် အဓိက ရည်ရွယ်ချက် နှစ်ခုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းခြင်း နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်များ ရယူရေးတို့ကို အခြေခံ၍ အပြန်အလှန် ဆွေးနွေး ချက်များ၊ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက် များဖြင့် ဘုံသဘောထား များကို ရယူစုစည်း နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ပဉ္စမနေ့ အစည်းအဝေး ကိုနံနက် ၈ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး သဘာပတိ အဖြစ် KIO ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ယမန်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် အလုပ်အဖွဲ့ အသီးသီးမှ ထပ်မံပြင်ဆင် ရေးသားထားသည့် စာတမ်းများအား တင်သွင်း ဆွေးနွေးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်စပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များ ရေးဆွဲခြင်း၊ အစည်းအဝေး ထုတ်ပြန် ကြေညာချက်အား ဖတ်ကြား အတည်ပြုခြင်း တို့ကို ပြုလုပ်ခဲ့ ကြသည်။

ယမန်နေ့ အစည်းအဝေးကို ည ၇ နာရီတွင် ရုပ်သိမ်းခဲ့ပြီး အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် က ကျေးဇူးတင် စကား ပြောကြား၍ သဘာပတိက အခမ်းအနား ပိတ်သိမ်းသည့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနား အပြီးတွင် အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၁၇)

ဆက်ကြေးလာရောက် ကောက်ခံသည့် KIA လက်နက်ကိုင်အဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရမိ


KIA လက်နက်ကိုင်အဖွဲ့မှ လဖိုင်ဆိုင်းအောင် ကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၁-၇-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက ဇူလိုင် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် KIA လက်နက်ကိုင် အဖွဲ့မှ ဆက်ကြေး ကောက်ခံရန် ချိန်းဆိုထားကြောင်း သတင်းအရ နမ္မကျေးရွာ၊ ဥရုချောင်း အနီးရှိ ဥရုကမ်းသာ စားသောက်ဆိုင် ၌ အသွင်ယူ စောင့်ဆိုင်းစဉ် KIA လက်နက်ကိုင် အဖွဲ့မှ အကူစာရေး အဆင့်ရှိသူ လဖိုင်ဆိုင်းအောင် (ဘ) ဦးဆိုင်းနော် ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။ ထို့ပြင် ဆက်ကြေးပေးရန် ဆင့်ခေါ်ထားသည့် လယ်ပြင်ကျေးရွာ မှရွာသူ၊ ရွာသား ငါးဦးအား ၄င်းနေရာတွင် တွေ့ရှိရသည်။

ဖမ်းဆီးရမိသူ လဖိုင်ဆိုင်းအောင် အား တရားဥပဒေ အရ ထိရောက်စွာ အရေးယူနိုင်ရေး ဖားကန့်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

့မြ၀တီနေ့စဉ် ၊ စာ(၁၅)

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၇-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၇-၂၀၁၆)

Download Links


မြ၀တီနေ့စဉ်သတင်းစာ (၃၀-၇-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၇-၂၀၁၆)

Download Link = Scribd


Friday, July 29, 2016

သုတအလင်းမဂ္ဂဇင်း အမှတ်(၅)



သုတအလင်းမဂ္ဂဇင်း အမှတ်(၅)
( ၂၀၁၆ ခုနှစ်၊ သြဂုတ်လထုတ် )

Download Links


မြ၀တီရသစုံမဂ္ဂဇင်း အတွဲ(၆၄) အမှတ်(၁၀)



မြ၀တီရသစုံမဂ္ဂဇင်း အတွဲ(၆၄) အမှတ်(၁၀)
( ၂၀၁၆ ခုနှစ်၊ သြဂုတ်လထုတ် )

Download Links


ငွေတာရီမဂ္ဂဇင်း အမှတ်(၆၇၃)



ငွေတာရီမဂ္ဂဇင်း အမှတ်(၆၇၃)
( ၂၀၁၆ ခုနှစ်၊ သြဂုတ်လထုတ် )

Download Links


မေတ္တာတော်ထား စာနာသင့်ပါပြီ


မေတ္တာတော်ထား စာနာသင့်ပါပြီ

မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် TNLA အဖွဲ့ လာရောက်၍ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး တောင်းခံခြင်း နှင့် ရွာသူရွာသား များအား ဖမ်းဆီး ခေါ်ဆောင်ခြင်း များကြောင့် ကျေးရွာပြည်သူ များနေရပ်စွန့်ခွာ တိမ်းရှောင် နေကြရသည်။

TNLA အဖွဲ့၏ အဓမ္မလူသစ် စုဆောင်းမှုကြောင့် ဇူလိုင် ၂၅ ရက်ညပိုင်းမှ ၂၆ ရက်အထိ ပိန်းပြစ် (အထက်) ကျေးရွာမှ တိမ်းရှောင်လာသော ဒေသခံပြည်သူ အိမ်ထောင်စု ၂၇ စု၊ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂၈ ဦး၊ ကလေး ၃၉ ဦး စုစုပေါင်း ၉၂ ဦးတို့အား မိုးကုတ်မြို့နယ် ရှောလီဝိုင်းအုပ်စု အရှေ့ရွာ ဘုန်းတော်ကြီး ကျောင်း၌ ခေတ္တနေရာချထား ပေးလျက်ရှိပြီး ယင်းဒေသခံ ပြည်သူများအား နယ်မြေခံတပ်မှ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ကူညီ စောင့်ရှောက် ထားသည်။ စေတနာရှင်များနှင့် အရှေ့ရွာ ဘုန်းတော်ကြီးကျောင်း တို့ကလည်း စားသောက်ဖွယ်ရာများ ကူညီပေးအပ် ကြသည်။ အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ၁ဝ၅ မိုင်အနီး မိုင်းယုကျေးရွာ သို့ ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် TNLA အဖွဲ့ဝင်များ မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး ကျေးရွာသူ၊ ကျေးရွာသား များအား ဖမ်းဆီးခေါ်ဆောင် သွားကြသည်။

မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ် တို့သည် နယ်နိမိတ်ချင်း ထိစပ်လျက် တည်ရှိနေကြပြီး ရွှေလီမြစ်ဖြတ်သန်း စီးဆင်းရာ ဒေသများ ဖြစ်သဖြင့် ရွှေလီချိုင့်ဝှမ်း တွင်
ပါဝင်သည်။ ၁၉၇ဝ ပြည့်နှစ် ဝန်းကျင်က ဗမာပြည် ကွန်မြူနစ်ပါတီ သည် ရွှေလီချိုင့်ဝှမ်း စိုးမိုးရေးအတွက် တပ်မဟာတစ်ခု ဖွဲ့စည်း၍ ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးသည်။ မိုးကုတ်နှင့် မိုးမိတ်နယ်မြေ တွင် လှုပ်ရှားကြ သူများမှာ နိုင်ငံရေးမှူး ဆိုသူသည် အထက်အညာ ဒေသဇာတိ ဖြစ်ပြီး စစ်ရေး တာဝန်ခံသည် ၄င်းဒေသတွင် ကျွဲနွား မွေးမြူရေးဖြင့် အသက်မွေး ဝမ်းကျောင်းပြု နေကြသည့် ဧည့်နိုင်ငံသားမှ မွေးဖွားလာသူ ဖြစ်သည်။ 

နိုင်ငံရေးမှူးနှင့် စစ်ရေးတာဝန်ခံ တို့က ခြိမ်းခြောက်စည်းရုံး ထားသဖြင့် နီးရာဓားကို ကြောက်ရသော ဒေသခံ ပြည်သူများမှာ ဗမာပြည် ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှု သတင်းကို ရဲရဲတင်းတင်း မပေးရဲကြပေ။

မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ် သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် အတွင်းရှိ မိုးမိတ်၊ မဘိမ်း၊ သီပေါမြို့နယ် တို့နှင့် မော်တော်ကားလမ်း ဆက်သွယ်မှု ရှိသည်။ မိုးမိတ်-မိုးလို မှတစ်ဆင့် နမ္မတူ-လားရှိုး ထိုမှတစ်ဆင့် သိန္နီ-ကွမ်းလုံ၊ သိန္နီ-ကွတ်ခိုင်- တာမိုးညဲ စသည့်နေရာ များသို့ သွားနိုင်သည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီ သည် ၁၉၇ဝ ပြည့်နှစ် နောက်ပိုင်းတွင် မိုးမိတ်မြို့ကို အလုံးအရင်းနှင့် ခရီးရှည် ထိုးဖောက် ဝင်ရောက် တိုက်ခိုက်ခဲ့ သည်။ မိုးမိတ်-မိုးလို ဘက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ နှင့် ကေအိုင်အေ တို့ နယ်မြေလု ကြရာ ကေအိုင်အေ ထိပ်တန်း ခေါင်းဆောင် ဇော်ဒန် ကျဆုံးသွားပြီး နောက်ပိုင်း ရွှေလီမြစ်ဝှမ်း တွင် ဗကပတို့ လှုပ်ရှားမှု စိပ်လာသည်။

၁၉၇ဝ ပြည့်နှစ် ဝန်းကျင်က ကျောက်မဲခရိုင် အတွင်းရှိ ကျောက်မဲမြို့နယ် နှင့်တခြား မြို့နယ်များတွင် ပလောင် တောတွင်း လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားခဲ့ကြရာ ကျောက်မဲ မြို့နယ်သည် ပလောင် တောတွင်း လက်နက်ကိုင် အဖွဲ့ တပ်ရင်း(၅) နယ်မြေ ဖြစ်သည်။ ကျေးရွာလူထု က ဆက်ကြေးအဖြစ် တစ်အိမ်ကို တစ်လလျှင် ၂ ကျပ်နှင့်ပြား ၅ဝ ပေးရသည်မှာ ထိုအချိန်က ဆီ တစ်ပိဿာ တန်ဖိုးနှင့် ညီမျှသည်။ ကျောက်မဲမြို့နယ်၊ မိုးမိတ်မြို့နယ် တို့ နှင့် ဆက်စပ်လျက် ရှိသော မိုးကုတ်မြို့နယ်အစွန်အဖျား ကျေးရွာပြည်သူ များလည်း ဆက်ကြေး ပေးကြရကြောင်း သိရသည်။ ယခုတစ်ဖန် TNLA က ကျပ်သိန်းချီ၍ တောင်းနေပြန် သဖြင့် ဒေသခံ ပြည်သူများ ဝန်ထုပ်ဝန်ပိုး ဖြစ်ရသည်။

သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူတို့ လိုလား တောင့်တနေသော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန် နိုင်ငံတော် အစိုးရ၊ တိုင်းရင်းသား ပြည်သူများနှင့် တပ်မတော် တို့က ကြိုးပမ်း နေကြချိန်တွင် အင်အား တိုးချဲ့ရန် ပြည်သူ လူထုကို အတင်းအဓမ္မ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် လုပ်ရပ်များ ရပ်တန့်၍ ဒေသခံပြည်သူ တို့အပေါ် မေတ္တာတော်ထား စာနာသင့် ပါပြီဟူ၍ မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

နယ်စပ်ဒေသရှိ တိုင်းရင်းသားလေ့လာရေး အဖွဲ့များ နေပြည်တော် အတွင်း ဆက်လက်လေ့လာ



နေပြည်တော် ၊ ၂၉-၇-၂၀၁၆

နယ်စပ်ရေးရာ ဝန်ကြီးဌာန ရက် ၁ဝဝ စီမံကိန်းအရ နေပြည်တော်သို့ လေ့လာရေး ခရီး ရောက်ရှိ နေကြသော ကချင်ပြည်နယ် မိုးကောင်း မြို့နယ်၊ မံစီမြို့နယ် နှင့် ပန်ဝါဒေသမှ ဂျိန်းဖော့နှင့် လာချိဒ်၊ လော်ဝေါ် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ်နှင့် ဖားဆောင်းမြို့နယ် တို့မှ ကယား၊ ကယန်း၊ ကယော၊ ကရင်နှင့် မနော တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ် မြို့နယ်တို့မှ မွန်တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ရခိုင် ပြည်နယ် ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်တို့မှ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်နှင့် သက် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး စုစုပေါင်း တိုင်းရင်းသား၊ တိုင်းရင်းသူ ၁ဝဝ ဦးတို့သည် နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သတ္တသတ္တာဟ သို့ သွားရောက် ဖူးမြော်ကြည်ညို ခဲ့ကြပြီး အလှူငွေများ ပေးအပ် လှူဒါန်းသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်၍ တိုင်းရင်းသား ရုပ်သံလိုင်း (NRC) ရိုက်ကူး ထုတ်လွှင့်မှုများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သတင်း ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊  သတင်း ထုတ်ပြန်ခြင်း ဆောင်ရွက် နေမှုများ၊ ရေဒီယို ထုတ်လွှင့်ခြင်းများ ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းရင်းသား၊ တိုင်းရင်းသူ များက သိရှိလိုသည်များ မေးမြန်းခဲ့ ကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သမိုင်းကို Video Projector ဖြင့် ပြသခဲ့ပြီးနောက် တိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာယဉ်ကျေးမှု များအား ဖလှယ်ခြင်း အစီအစဉ် အရ ရိုးရာအက များဖြင့် သီးခြားစီကပြ ဖျော်ဖြေခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ ကြသည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့များသည် နေ့လယ်ပိုင်းတွင် တိရစ္ဆာန် ဥယျာဉ်နှင့် ဆာဖာရီ ဥယျာဉ်သို့ သွားရောက် လေ့လာခဲ့ကြောင်း သတင်း ရရှိသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၂)

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ



မိုင်ဂျာယန် ၊ ၂၉-၇-၂၀၁၆

ကချင်ပြည်နယ် မိုင်ဂျာယန် ၌ ပြုလုပ်လျက် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ဆက်လက် ကျင်းပသည်။

ယမန်နေ့ အစည်းအဝေး တွင် ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က အလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်သည်။

ယမန်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများ တင်သွင်းခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။

အလှည့်ကျ သဘာပတိ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ''မနက်ဖြန် ကျရင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှု မူဘောင် သုံးသပ်ချက် (Political Framework Review) အတွက် ဆွေးနွေးဖို့ရှိတယ်။ ဆပ်ကော်မတီ နှစ်ခု လုပ်ထားပါတယ်။ ဆပ်ကော်မတီ(၁) မှာကတော့ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့တွေ ပါပါတယ်။ ကျွန်တော်တို့ လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ Review လုပ်ထားတာကို မူကြမ်းအဖြစ် တင်သွင်းမယ်။ အဲ့ဒီအပေါ်မှာ အားလုံးရဲ့ခံယူချက် လိုလားချက်ကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အားလုံး ပေါင်းလိုက်ရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံကို တက်ရောက် နိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတော့ရှိ လိမ့်မယ်လို့ မြင်ပါတယ်'' ဟု သြဂုတ် လဆန်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရန် အတွက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ချက်နှင့် ပတ်သက်၍ ပြောသည်။

ဆွေးနွေးလျက် ရှိသည့် အကြောင်းအရာ များအားလုံး ဘုံသဘော တူညီမှုများ ချမှတ်နိုင်ရန် အတွက် အစည်းအဝေးကို မူလက ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်တာ ကျင်းပရန် သတ်မှတ်ထား သော်လည်း ဇူလိုင် ၃ဝ ရက်အထိ ရက်တိုး ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၅)

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၇-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၇-၂၀၁၆)

Download Links


Thursday, July 28, 2016

ချောင်းဦးမြို့ ရတနာရွှေဂူဘုရားဝင်း အတွင်းမှ ရှေးဟောင်းဘုရားစေတီ ၏ အပိုင်းအစများ တွေ့ရှိ



ချောင်းဦး ၊ ၂၈-၇-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့ မြို့မရပ်ကွက် ရတနာရွှေဂူ ဘုရားဝင်းအတွင်းမှ ရှေးဟောင်းဘုရား စေတီ၏ အပိုင်းအစများ တွေ့ရှိကြောင်း သိရသည်။

ချောင်းဦးမြို့ ရတနာရွှေဂူ ဘုရားဝင်း အတွင်း အနောက်ဘက်မုခ် ၏ မြောက်ဘက်တွင် အလှူရှင် ဦးစိန်လှိုင်လှူဒါန်းမည့် ကျောက်မဏ္ဍပ် ဆောက်လုပ်ရန် ဇူလိုင်၂၄ရက်က ပန္နက်ကျင်းများ တူးဖော်ရာမှ ၄င်း မြေနေရာ၏ အနောက်မြောက် ထောင့်တွင် ရှေးဟောင်း ခြင်္သေ့ရုပ်တု အပိုင်းအစ တစ်ခု၊ တောင်ဘက် ပန္နက်ကျင်း တွင် မနုဿီဟ ရုပ်တု အပိုင်းအစ တစ်ခု၊ အနောက်ဘက် ဘုရားရင်ပြင် တော်တက်ရာ အုတ်ဖိနပ် ပလ္လင်များနှင့် အရှေ့ဘက် မျက်နှာစာ ဘုရားပစ္စယာ ပေါ်တွင် မနုဿီဟ ရုပ်တုများ တွေ့ရှိခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းမောင် က ပြောပြသည်။

ထိုသို့ ရှေးဟောင်းဘုရား စေတီ၏ အပိုင်းအစများ တွေ့ရှိခြင်းနှင့် ပတ်သက်၍ ချောင်းဦး မြို့နယ် သံဃနာယက အဖွဲ့၊ သြဝါဒါ စရိယ ဆရာတော်၊ အလှူရှင် ဦးစိန်လှိုင်၊ တိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် ဂေါပက အဖွဲ့များ ဇူလိုင် ၂၆ ရက်က ရွှေဂူကြီးဘုရား ဓမ္မာရုံ ၌ အစည်းအဝေး ကျင်းပခဲ့သည်။

ယခုတူးဖော် တွေ့ရှိရသော ရှေးဟောင်း စေတီတော်၏ ပစ္စယာ အဆင့်နှင့် ရုပ်ထုများကို အလှူရှင် နှင့် ဂေါပကအဖွဲ့မှ အကြမ်းထည် တူးဖော် ဆောင်ရွက်ပြီး အသေးစိတ် ရှေးမူမပျက် ပြန်လည်ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောပြ၍ သိရသည်။

ယုယုဝင်း

ရတနာပုံနေ့စဉ် ၊ စာ(၂၆)

တိုင်းရင်းသားများ လေ့လာရေးခရီးစဉ်သည် ပြည်ထောင်စုစိတ်ဓာတ် ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာ လာစေရန် ရည်ရွယ်ခြင်းဖြစ်



နေပြည်တော် ၊ ၂၈-၇-၂၀၁၆

နယ်စပ်ရေးရာ ဝန်ကြီးဌာန ရက် ၁ဝဝ စီမံကိန်းအရ နေပြည်တော် သို့ ဒုတိယအကြိမ် လေ့လာရေး ခရီး ရောက်ရှိ နေကြသော ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မံစီမြို့နယ် နှင့် ပန်ဝါဒေသမှ ဂျိန်းဖော့၊ လာချိဒ်နှင့် လော်ဝေါ် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ် နှင့် ဖားဆောင်းမြို့နယ်တို့မှ ကယား၊ ကယန်း၊ ကယော၊ ကရင်နှင့် မနော တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ် မြို့နယ်တို့မှ မွန်တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်တို့မှ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် နှင့် သက် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး စုစုပေါင်း တိုင်းရင်းသား၊ တိုင်းရင်းသူ ၁ဝဝ ဦးတို့သည် နေပြည်တော် အတွင်းရှိ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်၊ တပ်မတော် စစ်သမိုင်းပြတိုက် တို့သို့ သွားရောက်လေ့လာ ခဲ့ကြပြီး မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့ ကြသည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်းတွင် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်းရှိ ရိုးရာအိမ်များ၊ အားကစား ကွင်းများအား လှည့်လည်ကြည့်ရှု လေ့လာသည်။ ထို့နောက် တပ်မတော် စစ်သမိုင်းပြတိုက် တွင် လေ့လာရာ တာဝန်ရှိ သူများက မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့်အတူ ယှဉ်တွဲ ပေါက်ဖွားလာသည့် တပ်မတော် သမိုင်းကို Video Projector ဖြင့် ပြသပေးခဲ့ပြီး ပြတိုက်အတွင်းရှိ ခင်းကျင်းပြသ ထားသော ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ၊ တပ်မတော် စစ်ဆင်ရေး မှတ်တမ်း ဓာတ်ပုံများ၊ ဗမာ့ ကာကွယ်ရေး တပ်မတော်သုံး ပစ္စည်းများ၊ ဗမာ့ ကာကွယ်ရေး တပ်မတော်သုံး လက်နက်များအား ကြည့်ရှု လေ့လာခဲ့ပြီး အမြောက်များ၊ သင်္ဘောများနှင့် လေယာဉ်များအား လှည့်လည် ကြည့်ရှု လေ့လာသည်။

ဆက်လက်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနသို့ ရောက်ရှိပြိး စုပေါင်းခန်းမ ၌ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က တိုင်းရင်းသား၊ တိုင်းရင်းသူ များနှင့် တွေ့ဆုံ ပြောကြားရာတွင် လေ့လာရေး ခရီးစဉ်၏ ရည်ရွယ်ချက် များမှာ တိုင်းရင်းသား အချင်းချင်း ရင်းနှီး ချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်ရင်း တစ်ဦး၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို တစ်ဦးက လေ့လာသိရှိ ဖလှယ်ခွင့် ရရှိစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု များကို မျက်ဝါးထင်ထင် လေ့လာ တွေ့ရှိပြီး လေ့လာရေး ခရီးစဉ်က ရရှိသည့် အတွေ့အကြုံ ကောင်းများကို မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေး အတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန်၊ မိမိတို့ တိုင်းရင်းသား အားလုံးသည် ရှေးနှစ်ပေါင်း များစွာကပင် ပြည်ထောင်စုကြီး အတွင်း အေးအတူ ပူအမျှ မှီတင်း နေထိုင်လျက် ရှိကြသော တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည် ဟူသည့် ကောင်းမွန် မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာ လာစေရန် ဟူသည့် ရည်ရွယ်ချက် များပင် ဖြစ်ပါကြောင်း ပြောကြားသည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့များသည် ညနေပိုင်းတွင် မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးသို့ ရောက်ရှိဖူးမြော် ကြည်ညိုကြပြီး တိုင်းရင်းသား အဖွဲ့များ အလိုက် အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

ဆေးယဉ်ပါးတီဘီရောဂါ ရှိ-မရှိ စစ်ဆေးပေးမည့် စက်အလုံးပေါင်း ၇၀ ခန့် တပ်ဆင်အသုံးပြုမည်


ရန်ကုန် ၊ ၂၈-၇-၂၀၁၆

မြန်မာနိုင်ငံ တစ်ဝန်း ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားမှုကို ကုသပေးနိုင် စေရန်အတွက် ဆေးယဉ်ပါး တီဘီရောဂါ ရှိ၊ မရှိ စစ်ဆေးပေးမည့် စက်များကို ယခုနှစ် အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ တပ်ဆင်ပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ တစ်နိုင်ငံလုံး တွင် ယခု ၂ဝ၁၆ ခုနှစ်အတွင်း ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားနေသူ ၃၅ဝဝ ခန့်ကို အခမဲ့ ကုသပေးရန် စီစဉ်ထားရာ ယင်းသို့ ကုသနိုင် စေရန်အတွက် ဆေးယဉ်ပါး တီဘီရောဂါ ရှိ၊ မရှိ စစ်ဆေးပေးမည့် စက်အလုံးပေါင်း ၇ဝ ခန့်အထိကို နိုင်ငံတစ်ဝန်း တွင် တပ်ဆင်ပေး သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် စက် အလုံးရေ ၄၉ လုံးခန့် တပ်ဆင်ထားပြီး အဆိုပါ စက်များကို ခရိုင်အဆင့် ကူးစက်ဆေးရုံ များတွင် တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဆေးယဉ်ပါး တီဘီရောဂါ သည် တီဘီရောဂါ ဖြစ်ပြီး ဆေးပုံမှန် မသောက်သူများ၊ ဆေးယဉ်ပါး တီဘီ ရောဂါသည် များနှင့် အတူနေသူ များတွင် ဖြစ်ပွားတတ် သဖြင့် တီဘီရောဂါ ဖြစ်ဖူးသူရော မဖြစ်ဖူးသူ များပါ နှစ်ပတ်ကျော် ကြာအောင် ချောင်းဆိုးခြင်း ဖြစ်ပွားပါက တီဘီရောဂါ နှင့် ဆေးယဉ်ပါး တီဘီရောဂါ ရှိ၊ မရှိကို အဆင့်ဆင့် စစ်ဆေးမှု ခံယူသင့်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်းရှိ တီဘီရောဂါ၊ ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားနေသူ များကို နိုင်ငံတော်က အခမဲ့ ကုသပေးလျက် ရှိရာ အောင်မြင်စွာ ကုသပေးနိုင် နေပြီဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားသူဦးရေ ၉ဝဝဝ ခန့်ရှိကြောင်း သက်ဆိုင်ရာက ကောက်ယူ ထားသော သုတေသန စစ်တမ်းများ အရ သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၇)

ကလေးငယ်များ တုပ်ကွေးဖြစ်လာပါက ဆုံဆို့နာ မဖြစ်ပွားရေး တတ်ကျွမ်းသည့် ဆရာဝန်များဖြင့် ကုသရန်လို


ထားဝယ် ၊ ၂၈-၇-၂၀၁၆

ကလေးငယ်များ တုပ်ကွေး ဖြစ်ပွားလာ ပါက နောက်ဆက်တွဲ အဖြစ် ဆုံဆို့နာ မဖြစ်ပွား စေရေး မိဘများ အနေဖြင့် တတ်ကျွမ်းသည့် ကျန်းမာရေး ဝန်ထမ်းများဖြင့် ကုသရန် လိုအပ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကျော်ဇေယျ ထံမှ သိရသည်။

ဆုံဆို့နာ ရောဂါမှာ လူနေ ထူထပ်ပြီး ကျန်းမာရေး ဝန်ထမ်း မလောက်ငသည့် ဒေသများနှင့် လူသူ အရောက် အပေါက်နည်းပြီး သွားလာရ ခက်ခဲသော ဒေသများတွင် အဖြစ်များလေ့ ရှိသည့်အပြင် ကာကွယ်ဆေး အကြိမ်ရေ ပြည့်မီအောင် မထိုးပါကလည်း ဖြစ်ပွား နိုင်ကြောင်း သိရသည်။

တစ်နှစ်အောက် ကလေးငယ်များ အတွက် ဆုံဆို့နာ ကာကွယ်ဆေး ကို နှစ်စဉ် ထိုးပေးလျက် ရှိနေပြီး မိဘများ အနေဖြင့်လည်း ကလေးများ ကာကွယ်ဆေး အကြိမ်ရေ ပြည့်မီအောင် ထိုးပေးနိုင်ရေး လုပ်ဆောင်ရန် လိုကြောင်း၊ သို့မှသာ ကလေးငယ် များတွင်  ဆုံဆို့နာ ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်မည် ဖြစ်ကြောင်း ဒေါက်တာ ကျော်ဇေယျ ကပြောသည်။

ကလေးငယ်များတွင် တုပ်ကွေး ဖြစ်လာချိန် အတွင်း လည်ချောင်း နာခြင်း၊ လေပြွန်ရောင်ခြင်း ကဲ့သို့သော လက္ခဏာများ ဖြစ်ပေါ်တတ်ကာ တုပ်ကွေး ပျောက်သွားသည့် အချိန်တွင် အဆိုပါ လက္ခဏာများ မပျောက်ဘဲ ရက်ရှည် ဖြစ်လာပါက သက်ဆိုင်ရာ ကျွမ်းကျင် ကျန်းမာရေး ဝန်ထမ်းများနှင့် အချိန်မီ ပြသရန် လိုအပ်ပြီး သို့မဟုတ်ပါက ဆုံဆို့နာ ဖြစ်ပေါ်၍ အသက်ဆုံးရှုံး ရသည်အထိ ကြုံတွေ့ လာနိုင်ကြောင်း သိရသည်။

ဆုံဆို့နာ၊ ကြက်ညှာ၊ အတက်ရောဂါ ကာကွယ်ဆေး (DPT) ကို တစ်နှစ်အောက် ကလေးငယ် များတွက် နှစ်လသား တစ်ကြိမ်၊ လေးလသား တစ်ကြိမ်နှင့် ခြောက်လသား တစ်ကြိမ် သုံးကြိမ် ထိုးပေးလျက် ရှိနေပြီး မိဘများ ကလည်း အကြိမ်ရေ ပြည့်မီအောင် ထိုးပေးရန် လိုအပ်ကြောင်း နှင့် ကာကွယ်ဆေး ကို မြန်မာနိုင်ငံ အတွင်း ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်မှ စတင်၍ အခမဲ့ ထိုးပေးလျက် ရှိကြောင်း သိရသည်။ (အမ်အမ်ကေ)

မြ၀တီနေ့စဉ် ၊ စာ(၇)

အင်းလေးရေပြင် သဘာဝအလှကို ကြည့်ရှုခံစားရင်း လှေပေါ်၌နေ့လယ်စာ သုံးဆောင်နိုင်မည့် ၀န်ဆောင်မှု ဆောင်ရွက်



ညောင်ရွှေ ၊ ၂၈-၇-၂၀၁၆

ညောင်ရွှေမြို့နယ် အင်းလေးကန် အတွင်း အင်းလေးရေပြင် သဘာဝ အလှကို ကြည့်ရှု ခံစားရင်း ကုန်တင်လှေ ပေါ်၌  နေ့လယ်စာ သုံးဆောင်နိုင်မည့် Floating Lunch on Boat ဝန်ဆောင်မှုကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သော တောင်ချွန်း စားသောက်ဆိုင် က ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကုန်တင်လှေ တစ်စင်းပေါ်၌ စားပွဲတစ်ဝိုင်းလျှင် လေးဦးနှုန်းဖြင့် ၁၆ ဦး သုံးဆောင်နိုင်မည် ဖြစ်ပြီး စားပွဲဝိုင်း တစ်ဝိုင်းလျှင် အမေရိကန် ဒေါ်လာ ၂ဝဝ ကျသင့်ကြောင်း သိရသည်။

''အရင်တုန်းက အင်းလေးကနေ ညောင်ရွှေကို လှေနဲ့လာရင်း လမ်းမှာ စားစရာ ချက်စားရတာကို အခြေခံပြီး စီမံထားတာပါ။ စားစရာတွေ ပြင်ထားတဲ့ လှေကြီးရဲ့ဘေးမှာ စားဖိုဆောင်လှေ ရှိပါတယ်။ စားဖိုဆောင်လှေ ကနေ ယွန်းအုပ်နဲ့ လှေကြီးဆီကို ကနူးလှေလေး တွေနဲ့ ပို့ပါတယ်'' ဟု တောင်ချွန်း စားသောက်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စားသုံးနိုင်သည့် အစားအစာ များမှာ ရိုးရာ အစားအစာများ ဖြစ်ပြီး စားသုံးသူများ အနေဖြင့် မိမိတို့ ကြိုက်နှစ်သက် ရာကို ထပ်မံမှာယူ သုံးဆောင် နိုင်ကြောင်း သိရသည်။

ထို့ပြင် ပွင့်လင်းရာသီ ခရီးသွား များပြားချိန်တွင် တစ်ရက်လျှင် ၁၆ ဦးစီး လှေ ၁ဝ စင်းဖြင့် ဝန်ဆောင်မှု ပေးပြီး နေဝင်ချိန်တွင် သုံးဆောင် လိုပါက စီစဉ်ပေးသည့် အပြင် အမှတ်တရ နေ့များအတွက် ဧည့်ခံပွဲ လုပ်လို ပါကလည်း  ဆောင်ရွက် ပေးကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေ၍ မြို့ ၁၂ မြို့ကို ရေဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ထား



ပုသိမ် ၊ ၂၈-၇-၂၀၁၆

မြစ်ရေများ စိုးရိမ်ရေမှတ် အထက်သို့ မြင့်တက် နေသောကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မြို့ ၁၂ မြို့ကို ရေဘေး အန္တရာယ် အထူး သတိပြုရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။

ဇူလိုင် ၂၆ ရက် တိုင်းတာချက် များအရ ဧရာဝတီ မြစ်ရေသည် ရွှေကူ၊ ညောင်ဦးနှင့် ဟင်္သာတမြို့ တို့၌ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက်ထပ် နှစ်ရက်ခန့် အထိ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် မြင့်တက် နေနိုင်ကြောင်း ဧရာဝတီမြစ် နှင့် ဆက်စပ်နေသော ငဝန်မြစ်ရေ သည် ငါးသိုင်းချောင်း မြို့၌ စိုးရိမ်ရေမှတ် အထက်သို့ တစ်ပေခန့် ကျော်လွန်နေပြီး နောက်ငါးရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိ နိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေ သည် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ခန္တီးမြို့၌ အမြင့်ဆုံး မြင့်တက်နေကာ စိုးရိမ်ရေမှတ် အထက်သို့ ခြောက်ပေခန့် အထိ ကျော်လွန်နေပြီး နောက်နှစ်ရက် အတွင်း သုံးပေခန့် ကျဆင်း နိုင်သော်လည်း စိုးရိမ်ရေမှတ် အထက်တွင် ရှိနိုင်ကြောင်း၊ လတ်တလော အခြေအနေတွင် ခန္တီးမြို့သည် ကျန်ဒေသ များထက် ရေလွှမ်းမိုးမှု ဒဏ်ကို ပိုမိုရင်ဆိုင် နေရပြီး အိမ်ခြေ ၇ဝဝ ခန့်မှ လူဦးရေ ၃၅ဝဝ ကျော် ရေဘေးသင့် နေကာ ကယ်ဆယ်ရေး စခန်း ၁၄ ခု ဖွင့်ထားရကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာနှင့် ကနီမြို့ တို့၌လည်း ချင်းတွင်းမြစ်ရေ သည် စိုးရိမ်ရေမှတ် အထက်သို့ ရောက်နေပြီး ရေဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင် နေရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

မိုင် ၂၀ ခန့်ရှိသည့် မန္တလေး-ပြင်ဦးလွင် လမ်းသစ် ဖောက်လုပ်ရေး အတွက် နည်းပညာကို Hyundai ကုမ္ပဏီက အကူအညီပေးမည်



မန္တလေး ၊ ၂၈-၇-၂၀၁၆

မန္တလေး- ပြင်ဦးလွင် လမ်းသစ် ဖောက်လုပ်မှုကို လက်ရှိတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လမ်းအူကြောင်း ဖောက်လုပ်မှု ကဏ္ဍအပိုင်းကို တောင်ကိုရီးယား နိုင်ငံမှ Hyundai ကုမ္ပဏီက နည်းပညာပိုင်း 

အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ယင်းလမ်းကို ဖောက်လုပ် နေသည့် Axiom Mandalay Highway Construction ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''လမ်းအူကြောင်း ကို ဖောက်လုပ်တဲ့ အခါမှာ မတ်စောက်တဲ့ တောင်တစ်ခုကို လိုဏ်ခေါင်း ဖောက်ပြီး ဖြတ်သန်းရမှာ ဖြစ်တာကြောင့် ပြည်ပ နည်းပညာရှင် တွေရဲ့ အကူအညီ လိုအပ် ပါတယ်။ လိုအပ်တဲ့ ကဏ္ဍအပိုင်း ကို Hyundai ကုမ္ပဏီက ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ် '' ဟု ၄င်းက ပြောသည်။

Hyundai ကုမ္ပဏီက ယင်းလုပ်ငန်း ကဏ္ဍအပိုင်းကို လုပ်ကိုင်ရန် အင်ဂျင်နီယာ Mrs. Kim Yeong Min နှင့်အဖွဲ့မှ ဇူလိုင် ၂၄ ရက်တွင် ယင်းလမ်းပိုင်း များကို ကွင်းဆင်း လေ့လာမှု ပြုလုပ်ထားပြီး ဖြစ်သည်။

ယင်း လမ်းအူကြောင်းတွင် ရှိသည့် တောင်အား ဥမင်လိုဏ်ခေါင်း ဖောက်လုပ်မည့် အစီအစဉ်ကို ယခုလကုန်ပိုင်း မှစ၍ Hyundai ကုမ္ပဏီမှ အကောင် အထည်ဖော် ဖောက်လုပ် နေသည့် ပြည်တွင်း ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

ထို့ပြင် အဆိုပါလမ်း ၏ မြေပြန့်လမ်းပိုင်း ကိုလည်း စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့မှ အင်ဂျင်နီယာ များကို ခေါ်ယူပြီး ဖောက်လုပ် သွားမည် ဖြစ်သည်။

ယင်း လမ်းသစ်သည် စုစုပေါင်း လမ်းပိုင်း အရှည် မိုင် ၂ဝ ခန့်ရှိရာ ကတ္တရာလမ်း အကျယ် ၂၄ ပေ၊ လမ်းပခုံးသား တစ်ဖက်လျှင် သုံးပေနှင့် ရေဆင်းမြောင်း အပါအဝင် ပေ ၅ဝ ကျယ်မည် ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ် အတွင်း လမ်းအရှည် နှစ်မိုင်၊ ကတ္တရာလမ်း နှင့် မြေသားလမ်း လေးမိုင်၊ ပြင်ဦးလွင် မြို့နယ် အနီးစခန်းနှင့် တိုးကြီးကုန်း ကျေးရွာအထိ လမ်းအူကြောင်း ဖောက်လုပ်မည် ဖြစ်ပြီး အနီးစခန်း အနီး၌ မူလလမ်းဟောင်း နှင့် ပြန်လည် ပေါင်းဆုံမည် ဖြစ်သည်။

ယင်းလမ်းသစ်ကို အသုံးပြုမည့် ယာဉ်များ အနေဖြင့် တံတား ၁ဝ စင်းကို ဖြတ်သန်း ရမည်ဖြစ်ကြောင်း သိရသည်။ 

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၆)

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၂၈)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၂၈)

Download Links


မိုးရေထဲသွားပြီး ခြေထောက်ရေစိုလျှင် ရေနွေးမသောက်သင့်


မိုးရေထဲသွားပြီး ခြေထောက်ရေစိုလျှင် ရေနွေးမသောက်သင့်

ကြည်လွင်မြင့် (မုဒြာ)

မိုးရာသီ ရောက်သောအခါ အိမ်အပြင် ထွက်ပြီး မိုးစိုလာသူများ ဖျားနာတတ် ကြသည်။ အပြင်ထွက်ရင်း မိုးမိပြီး နေမကောင်း ဖြစ်သူ၊ အအေးပတ်ပြီး ဖျားနာသူများ ရှိသကဲ့သို့ ခြေထောက်တွင် အချိန် ကြာမြင့်စွာ ရေစိုသူများမှာ အထက်သို့ အပူကန် ရောဂါများ ဖြစ်တတ်သည်။ အပူကန် ခြင်းကြောင့် လည်ချောင်း နာခြင်း၊ အာသီးရောင်ခြင်း၊ ပသိကျိတ် ရောင်ခြင်း၊ သွားဖုံးကြွ ၍ သွားနာခြင်း၊ မျက်စိ နီရဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ နားပြည်ယို ခြင်းများ ဖြစ်နိုင်သည်။

မိုးရွာပြီး ရေစီးရေလာ မကောင်းသော၊ ရေဝပ်သော အရပ်တွင် နေထိုင်သူများ၊ ရေမြုပ်သည့် ရပ်ကွက်များ၌ နေထိုင်သူ များတွင် အဖြစ်များသော ရောဂါမှာ အအေးပတ် နှာစေးခြင်း၊ အဖျားအနာ ဖြစ်ခြင်းများ အပြင် အစာမကြေခြင်း၊ လည်ချောင်း နာခြင်း၊ အစာအိမ် ရောင်ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း၊ ဆီးအောင့်ခြင်း နှင့် အမျိုးသမီး များတွင် မီးယပ်ဖြူ ဆင်းရောဂါများ အဖြစ် များသည်ကို တွေ့ရသည်။

မိုးရာသီ မဟုတ်ဘဲ ရေစိုသည့် အလုပ် အထူးသဖြင့် ခြေထောက် တစ်ပိုင်း ရေစိုသည့် အလုပ်လုပ် ရသည့် ရေလုပ်သားများ၊ ရေခဲစက် နှင့် အအေးခန်းတွင် ကြမ်းပြင် ရေစိုနှင့် အလုပ်လုပ် ရသူများ၊ ဘိလပ်မြေ လောင်းသည့် ပန်းရန် လုပ်သားများတွင် အဖြစ်များသော ရောဂါမှာ ဆီးအောင့်၊ ဆီးချုပ်ရောဂါ နှင့် လေအောင့်၊ လေနာရောဂါ ဖြစ်ကြောင်း တွေ့ရသည်။ ဤသို့ ဖြစ်ရခြင်းမှာ ခြေထောက် အေးပြီး အပူအထက် သို့ ကန်ခြင်းကြောင့် ဖြစ်သည်။

အရပ်ထဲတွင် အိမ်တကာ လှည့်ပြီး အဝတ်လျှော်သော အမျိုးသမီးကြီး တစ်ဦးမှာ အသက် ၄ဝ မကျော်သေးဘဲ မျက်စိမှုန် ရောဂါနှင့် အတွင်းတိမ်စွဲ ရောဂါ ခံစား နေရကြောင်း တွေ့ရသည်။ အဝတ်လျှော်သော အလုပ်သည် ခြေထောက် သာမက လက်နှစ်ဖက်ပါ အမြဲရေစို သော အလုပ်ဖြစ် သဖြင့် အပူများ အထက်သို့ စုကာမျက်စိ အတွင်းရှိ မှန်ဘီလူးတွင် အငွေ့များ ရိုက်ပြီးအမြင် မှုန်ဝါးကာ တိမ်စွဲရခြင်း ဖြစ်သည်။

ရေချိုးသော အခါ ဒူးဆစ်မှ အောက်ပိုင်း ရေအရင် မလောင်းဘဲ ရေချိုးသူ များလည်း အသက်ငယ်ငယ် နှင့် မျက်စိမှုန် ရောဂါ ရတတ်သည်။ ရေချိုးသော အခါ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ဒူးဆစ်၏ အောက်ပိုင်း အခိုးထွက်အောင် ရေငါးခွက်ခန့် လောင်းပြီးမှသာ အထက်ပိုင်း ရေလောင်းချိုး သင့်သည်ကို သတိပြုပါ။ အညောင်းထိုင် သူများသည် ရေမချိုးသည့်တိုင် ညအိပ်ရာ ဝင်ချိန်တွင် ခြေထောက် ဒူးအောက်ပိုင်း ရေလောင်းပြီးမှအိပ်လျှင် မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်းအပြင် အညောင်း အကိုက် ရောဂါများပါ သက်သာ စေနိုင်သည်။

လူတို့သည် မိုးမိလာပြီး ခြေထောက်ရေစို လာလျှင် ရေနွေး သောက်ခြင်း၊ ကော်ဖီပူပူ သောက်ခြင်းများ ပြုလုပ်လေ့ ရှိသည်။ ဤသို့ ပြုလုပ်ခြင်းသည် ရုတ်တရက် ချက်ချင်း ဘာမျှမဖြစ်နိုင် သော်လည်း ရိုးရာ ဆေးပညာ ရှုထောင့်မှ ကြည့်လျှင် မမှန်ကန်ပေ။ လျှာတွင် အရသာအားဖြင့် ပူနွေးသွားသည် မှန်သော်လည်း အထက်သို့ တက်နေသည့် အခိုးအကင်းကို မနိုင်ပေ။

လည်ချောင်း လေပြွန်နှင့် အာခေါင် အတွင်းမှ အပူခိုး၊ အပူငွေ့များသည် အာခေါင် အထက်ရှိ အပေါက်အခေါင်း မှတစ်ဆင့် မျက်စိသို့ တက်သွားခြင်း ကြောင့် မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်းတို့ ရေရှည်တွင် ဖြစ်စေနိုင် သည်ကို သတိပြု သင့်သည်။ တစ်ခါတစ်ရံ မျက်စဉ်းခတ်လျှင် မျက်စဉ်း အရည်သည် အာခေါင် အတွင်းသို့ ရောက်ပြီး ခါးလာသည်ကို သတိထားမိလျှင် အခိုးအကင်းများ တက်သည့် အပေါက် ရှိသည်ကို သတိပြုမိ ပေလိမ့်မည်။

မိုးရာသီတွင် အပြင်သွားပြီး ခြေထောက် ရေစိုလာလျှင် အဝတ်အစားလဲ၊ ခြေထောက်မှ ရေကိုခြောက်အောင် အရင်သုတ်ပါ။ ထို့နောက် အာခေါင်နှင့် လည်ချောင်းအတွင်း ရောက်နေသော အခိုးများ မျက်စိသို့ မရောက်အောင် ရေအေးအေး တစ်ခွက်သောက်ခြင်း ဖြင့် အပူကန်ခြင်း ဝေဒနာရောဂါ များမှ ကင်းဝေး စေနိုင်ကြောင်း တင်ပြအပ် ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကျင်းပစဉ်

မိုင်ဂျာယန် ၊ ၂၈-၇-၂၀၁၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ တက်ရောက်နိုင်ရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် နိုင်ငံရေး ဘုံသဘော တူညီချက်များ ရယူနိုင်ရန် ရည်ရွယ် ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကချင်ပြည်နယ် မိုင်ဂျာယန် ၌ ဆက်လက် ကျင်းပသည်။

ယမန်နေ့ အစည်းအဝေးတွင် သဘာပတိ KNU ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် နှင့် စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အတွက် တစ်စုတစ်ဖွဲ့တည်း တည်ဆောက်နိုင် မည် မဟုတ်ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ဒီမိုကရေစီ အဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်မှ သာလျှင် အောင်မြင်မှုကို ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခု အစည်းအဝေး တွင် အားလုံး ဝိုင်းဝန်း ဆွေးနွေးကြပြီး တူညီသော ဘုံသဘော ရပ်တည်ချက်များ ချမှတ်နိုင်ရန် လိုအပ် ပါကြောင်း ပြောကြားသည်။

ယနေ့ အစည်းအဝေး အပြီးတွင် အစည်းအဝေး ကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ - ၁ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ဦးဆောင်သူ ကိုးဦးတို့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများ ၏ မေးမြန်းမှု များကို ပြန်လည် ဖြေကြားခဲ့သည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၅)

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၇-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၂၈-၇-၂၀၁၆)

Download Links


Wednesday, July 27, 2016

ဒုက္ခသည် တစ်သန်းလက်ခံခဲ့သည့် ဂျာမနီ ၏ တံခါးဖွင့်မူဝါဒကို စိန်ခေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများ




( ရှိန်းထက် )

ဂျာမနီနိုင်ငံ၏ ကံမကောင်းသော သီတင်းပတ်ဟု ခေါင်းစဉ်တပ် ရလောက်အောင် ပြီးခဲ့သည့် သီတင်းပတ်က ဂျာမနီ၌ အကြမ်းဖက်မှု သုံးခု (ယခု ငါးခု) ဖြစ်ပွားခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃ဝ ကျော် ဒဏ်ရာရရှိ ခဲ့သည်။ ယခင်က မမြင်ခဲ့ဖူးသော ထိတ်လန့်ဖွယ်ရာ အဖြစ်ဆိုးများကို ဂျာမန်ပြည်သူများ မျက်မြင်ကိုယ်တွေ့ ကြုံကြရပြီ ဖြစ်သည်။

ဇူလိုင် ၂၄ ရက်ညက ဂီတပွဲတော်တစ်ခု အပြင်ဘက်၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည် အသေခံ ဗုံးဖောက်ခွဲမှုဖြစ်ပြီး ပြည်သူတစ်ဦး သေဆုံးခဲ့သည်။ ယင်းမတိုင်မီ ကလည်း ပါကစ္စတန် သို့မဟုတ် အာဖဂန်နစ္စတန် နွယ်ဝင် ဆယ်ကျော်သက် တစ်ဦးက ရထားပေါ်၌ ပုဆိန်ဖြင့် လိုက်ခုတ်ခဲ့ခြင်းကြောင့် လူအတော်များများ ဒဏ်ရာရရှိခဲ့ပြီး တစ်ဖန် မြူးနစ်မြို့၌ အီရန်နွယ်ဝင် ဂျာမန်လူမျိုး တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူကိုးဦး သေဆုံးခဲ့ရသည်။

ဂျာမနီ၌ ဝန်ကြီးချုပ် အန်ဂျလာမာကဲလ် ၏ တံခါးဖွင့် ဒုက္ခသည်ဝါဒ ကျင့်သုံးပြီး နောက်ပိုင်းတွင် အကြမ်းဖက်မှု များနှင့် ရာဇဝတ်မှုများသည် ဆက်တိုက် ဖြစ်လာခဲ့သည်။ ထို အကြမ်းဖက်မှု များ၏ တရားခံ အများစုသည် မာကဲလ် က ဒုက္ခသည် ခိုလှုံခွင့်ဖြင့် ဝင်ရောက်နေထိုင်ခွင့် ပေးထားသူများ ဖြစ်သည်။ ထို့ကြောင့် ဂျာမနီ၏ အနာဂတ် လုံခြုံရေးသည် ဒုက္ခသည် တစ်သန်းကျော် လက်ခံ ခဲ့ခြင်းကြောင့် စိုးရိမ်စရာ ဖြစ်လာခဲ့ ရသည်။

၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်သို့အကူး ဒုက္ခသည်များကို လက်ခံပြီး ဂျာမနီနှစ်သစ်ကူး ပွဲတော် ကျင်းပနေစဉ် အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ရာနှင့်ချီ ဖြစ်ပွားခဲ့သည်။ ထိုအချိန် ကတည်းက ဂျာမနီ၌ မာကဲလ်၏ တံခါးဖွင့် မူဝါဒကို ဝေဖန်မှုများ စတင်ခဲ့သည်။ ထို့နောက် ဒုက္ခသည် အမည်ခံ ရာဇဝတ်မှု ကျူးလွန်သူ များပြား လာသောကြောင့် မာကဲလ် သည် သူ၏တံခါးဖွင့် မူဝါဒကို ရပ်တန့်ထား ခဲ့ရကာ ဂျာမနီ နယ်စပ်ဂိတ်ကို ပိတ်ခဲ့ရသည်။

ဥရောပ၌ ဒုက္ခသည် သိန်းချီ၍ ထပ်မံ သောင်တင်နေသည်။ ထိုလူများထဲမှ သုံးပုံနှစ်ပုံသည် ဂျာမနီသို့ ဦးတည် လာနေသောကြောင့် ဖြစ်သည်။ မာကဲလ်သည် သူ၏ လူသားချင်း စာနာ ထောက်ထားမှု ကိုယ်ချင်းစာ တရားကြောင့် နာမည်ကောင်း ရခဲ့သလို နာမည်ဆိုးလည်း ပူးတွဲရရှိ ခဲ့သည်။ ဥရောပ စီးပွားရေး တအုံနွေးနွေး ဖြစ်နေသော အချိန်တွင် ခွဲတမ်းကျနှင့် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဂျာမနီက လူပေါင်း တစ်သန်းကျော် လက်ခံခြင်းဖြင့် စတင်ခဲ့သည်။ ထို့ကြောင့် ကျန်သည့် ဥရောပနိုင်ငံများ ကလည်း လိုက်ပြီးလက်ခံ ရတော့သည်။ အကြမ်းဖက်မှုများ ပေါ်ပေါက် လာသောအခါ တခြားဥရောပ ခေါင်းဆောင်များက မာကဲလ် ကို လက်ညှိုးထိုး ကြတော့သည်။ 

လက်မခံနိုင်သည့် အဆုံးတွင် ဥရောပနိုင်ငံ များသည် ကိုယ့်နိုင်ငံ လုံခြုံရန် ခြံစည်းရိုးများပင် ခတ်ကြ ရတော့သည်။ ဂျာမနီကဲ့သို့ စက်မှု ထွန်းကားသော နိုင်ငံအတွက် စက်ရုံများ၌ လုပ်စရာ အလုပ်များစွာ ရှိသည်။ စီးပွားရေး အင်အား ကောင်းသော ကြောင့်လည်း အလုပ်မရသော ဒုက္ခသည်များကို လက်ခံ ကျွေးထားနိုင်သည်။

တခြားဥရောပ နိုင်ငံများသည် ဂျာမနီ လောက် စီးပွားရေး မကောင်းသည်က တစ်ကြောင်း၊ အရှုပ်ထုပ်များကို လက်မခံလို သည်က တစ်ကြောင်း၊ ထိုလူများထဲတွင် ISIS စစ်သွေးကြွတို့ ရောပါလာမည်ကို စိုးရိမ်သည်က တစ်ကြောင်း စသည့်  အကြောင်း များကြောင့် ဒုက္ခသည်များကို လက်မခံလို ကြပေ။ သို့သော် မာကဲလ် က စလိုက်သောကြောင့် အနည်းနှင့် အများ လက်ခံခဲ့ကြ ရသည်။ ယခု ဂျာမနီ၌ ၂ဝ၁၅ ခုနှစ်က စိုးရိမ်ခဲ့သည့် အတိုင်း တစ်ထပ်တည်း ဖြစ်နေကာ အကြမ်းဖက်သမား များက ဒုက္ခသည် အယောင်ဆောင်၍ ဝင်လာခြင်း ဖြစ်သည်။ ယခု အသေခံ ဗုံးဖောက်ခွဲခဲ့ သူမှာ ဂျာမနီ၌ ယမန်နှစ်က နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပြီး ဂျာမန်အစိုးရက လက်မခံခဲ့သူ ဖြစ်သည်။ ၄င်းတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိပြီးသား အဆက်အသွယ်များ ဂျာမနီနိုင်ငံ အတွင်း မရှိနိုင်ဟု မဆိုနိုင်သေးပေ။

မာကဲလ်၏ လူသားချင်း စာနာစိတ်ကို အကြမ်းဖက်သမား တို့က ကောင်းကောင်း အသုံးချနေပြီ ဖြစ်သည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရမည့် အဖြစ်မျိုးကဲ့သို့ သာမန်ဒုက္ခသည် အများစုကတော့ လက်တစ်ဆုပ်စာ အစ္စလာမ်မစ် အကြမ်းဖက် သမားတို့ကြောင့် ဒုက္ခရောက်ကြရ ပေဦးမည်။ ယခုဆိုလျှင် ဂျာမနီမြေ၌ စိုးရိမ်စိတ် များဖြင့် အသက်ရှင် နေထိုင်နေရသည့် လူ အများအပြား ရှိနေပြီဖြစ်သည်။ လူအများစု က ဒုက္ခသည် များကြောင့် ထိုသို့ ဖြစ်ရသည် ဟု လက်ညှိုးထိုး ကြသည်။ ထို့ကြောင့် နေရာတိုင်း၌ ရှိနေသည့် ဒုက္ခသည်များ အတွက် စိတ် အနှောင့်အယှက် များ ဖြစ်ကြရ တော့သည်။ နောက်ဆုံး အရင်းစစ်လိုက်လျှင် ဒုက္ခသည်များကို လက်ခံခဲ့သည့် အဓိကတရားခံ မှာ မာကဲလ် ဖြစ်နေသည်။

မာကဲလ်သည် ဒုက္ခသည်များကို ကြိုဆိုစဉ်က သူ၏ ဆွေမျိုးသားချင်းများ အိမ်သို့ ပြန်ရောက်လာသည့် ပုံစံဖြင့် ကျီးလန့်စာစား ဖြစ်နေသော ဒုက္ခသည်များကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ယခုတော့ ထို နွေးထွေးမှုများ က မာကဲလ်အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့ တော့သည်။ ပြင်သစ်၌လည်း သမိုင်းဝင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ အမေရိကန်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့တွင် လည်း ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ဒုက္ခသည် အများဆုံးရှိရာ အနောက်ဘက်ခြမ်း နှင့် ဥရောပသည် အကြမ်းဖက်မှု များနှင့် ဖုံးလွှမ်း နေတော့သည်။ ISIS စစ်သွေးကြွ အဖွဲ့သည် အရှေ့ အလယ်ပိုင်းရှိ သူတို့ကို တိုက်ခိုက်သည့် အထဲတွင်လည်း ဂျာမနီမပါ၊ သူတို့ကို တိုက်ခိုက်ရန် ဂျာမနီက စစ်ရေး အကူအညီ များလည်း မပေးသည့်အပြင် အရှေ့ အလယ်ပိုင်းက သူတို့ ဘာသာဝင် ဒုက္ခသည်များကို လက်ခံပေးခဲ့သည့် ဂျာမနီကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။ ဂျာမနီ၏ ကိုယ်ချင်းစာစိတ်မှာ အကြမ်းဖက်သမား တို့၏ ရိုက်ချိုးခံ နေရပြီဖြစ်သည်။ ဂျာမနီသည် ISIS တို့ကြောင့် ISIS ချေမှုန်းရေး စစ်ပွဲသို့ ဝင်ရောက် လာရတော့မည် ဖြစ်သည်။ ယခု ရုရှားနှင့် အမေရိကန်တို့ ISIS ချေမှုန်းရေး ဆွေးနွေးနေသည်။

သို့သော် ဂျာမနီရှိ အပြစ်မဲ့ ပြည်သူများ၏ အသက်ကို ဆယ်နှင့်ချီ စတေးခဲ့ရပြီ ဖြစ်သည်။ ကိုယ်ချင်းစာ   စိတ်ဖြင့် မိမိတို့မြေ၌ အသက်ရှင်သန်ရန် နေခွင့်ပေးခဲ့သော ဒုက္ခသည်များ ထံမှ ပြန်ရလိုက်သော တုံ့ပြန်မှုက ဂျာမနီ ပြည်သူတို့ အသက်ကို ပြန်လည် ပေးဆပ်ရခြင်း လောဟူသည့် နာကြည်းစိတ် နှင့် စိုးရိမ်ထိတ်လန့်မှု တို့သည် ဂျာမနီပြည်သူတို့ ရင်၌ ကိန်းအောင်း နေပြီဖြစ်သည်။

ထို့ကြောင့် ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံခဲ့သည့် မာကဲလ်၏ တံခါးဖွင့်မူဝါဒ သည် ယခု အကြမ်းဖက်မှု များ၏ စိန်ခေါ်မှုကို ခံနေရပြီး အနာဂတ် ဂျာမနီနိုင်ငံ၏ လုံခြုံရေးကိုပင် ခြိမ်းခြောက် နေပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

နယ်စပ်ဒေသ တိုင်းရင်းသား လေ့လာရေးအဖွဲ့များ နေပြည်တော်သို့ ဒုတိယအကြိမ် ရောက်ရှိလေ့လာ



နေပြည်တော် ၊ ၂၇-၇-၂၀၁၆

နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ရက် ၁ဝဝ ကာလအတွင်း လုပ်ငန်းစဉ် (၉)ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယင်းတို့အနက် ဆဋ္ဌမ လုပ်ငန်းစဉ်မှာ နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသား လေ့လာရေးအဖွဲ့များ ဖိတ်ကြားခေါ်ယူ၍ နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေး ခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်အရ ဒုတိယအကြိမ် အဖြစ် ဖိတ်ကြားခေါ်ယူ ခဲ့သော ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မံစီမြို့နယ်နှင့် ပန်ဝါဒေသမှ ဂျိန်းဖော့နှင့် လာချိဒ်၊ လော်ဝေါ် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ် နှင့် ဖားဆောင်းမြို့နယ် တို့မှ ကယား၊ ကယန်း၊ ကယော၊ ကရင်နှင့် မနော တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ မွန်ပြည်နယ် ရေးမြို့နယ် နှင့် သံဖြူဇရပ် မြို့နယ်တို့မှ မွန်တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ် တို့မှ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် နှင့် သက် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး စုစုပေါင်း တိုင်းရင်းသား၊ တိုင်းရင်းသူ ၁ဝဝ ဦးတို့သည် နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြရာ ဂေါပကအဖွဲ့ဝင် များက လိုက်လံရှင်းလင်း ပြသသည်။ ဆက်လက်၍ လေ့လာရေး အဖွဲ့ဝင်များသည် စေတီတော် အရှေ့ဘက် မုခ်ဦးအနီးရှိ ရတနာ ဆင်ဖြူတော်ဆောင် သို့ သွားရောက် လေ့လာကြည့်ရှု ခဲ့ကြသည်။

ထို့နောက် လွှတ်တော်သို့ သွားရောက်၍ တာဝန်ရှိသူ များက လွှတ်တော် အဆောက်အအုံ များကို လိုက်လံရှင်းလင်း ပြသပြီး ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေမှုအား ကြည့်ရှုလေ့လာ ခဲ့ကြသည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာရာ တာဝန်ရှိသူ များက မြန်မာ့ရှေးဟောင်း အမွေအနှစ်များ ခင်းကျင်း ထားသည်များကို လိုက်လံရှင်းလင်း ပြသခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းရင်းသား လေ့လာရေး အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး သုတေသန ဦးစီးဌာန(ရုံးချုပ်) သို့ သွားရောက် လေ့လာကြရာ ဦးစီးဌာန၏ သုတေသနဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ချက် များကို တာဝန်ရှိသူများက ရှင်းလင်း ပြောကြားပြီး သီးနှံမျိုးစေ့ အမျိုးအစားများကို ကြည့်ရှု လေ့လာကာ ထိုမှတစ်ဆင့် စပါးသီးနှံ စိုက်ပျိုးမှုနှင့် ပြောင်းသီးနှံ စိုက်ပျိုးထားရှိမှု များအား သွားရောက် ကြည့်ရှုလေ့လာ ခဲ့ကြသည်။

အဆိုပါ တိုင်းရင်းသား လေ့လာရေးအဖွဲ့ဝင် များသည် ဇူလိုင် ၂၅ ရက်က နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းသို့ ရောက်ရှိလာခဲ့ ကြရာ တာဝန်ရှိသူများက ကြိုဆိုနေရာချ ထားပေးပြီး ယင်းနေ့ ညနေပိုင်း၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က သွားရောက်တွေ့ဆုံ နှုတ်ဆက်၍ အိပ်ဆောင်များ ကို လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့ဝင်များ အနေဖြင့် လေ့လာရေး ခရီးစဉ်ကာလ အတွင်း ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်လျက် တစ်ဦး၏ ရိုးရာယဉ်ကျေးမှု များကို တစ်ဦးကသိရှိ လေ့လာဖလှယ်ခွင့် ရရှိကာြ ပည်ထောင်စု စိတ်ဓာတ် ရှင်သန်ခိုင်မာ စေရန်နှင့် လေ့လာရေး ခရီးစဉ်မှ ရရှိသော အတွေ့အကြုံ ဗဟုသုတ များအား မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြန်လည် အသုံးချနိုင်ရန် ဟူသော ရည်ရွယ်ချက် များနှင့်အညီ အဆိုပါ တိုင်းရင်းသား လေ့လာရေး ခရီးစဉ်များကို ဆက်လက်စီစဉ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး စတင်ကျင်းပ


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပစဉ် ၊ ဓာတ်ပုံ-ဖိုးထောင်

မိုင်ဂျာယန် ၊ ၂၇-၇-၂၀၁၆

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကချင်ပြည်နယ် မိုင်ဂျာယန် ၌ စတင် ကျင်းပသည်။

အစည်းအဝေးနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက် တစ်ရပ်၌ အစည်းအဝေး၏ တရားဝင် ခေါင်းစဉ်အမည် သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး ဖြစ်ကြောင်း ဖော်ပြထားသည်။

အစည်းအဝေး သဘာပတိ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လ က နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နှင့် မိမိတို့ UNFC ခေါင်းဆောင်များ လွန်ခဲ့သည့် အပတ် တွေ့ဆုံခဲ့စဉ် တွင်လည်း တိုက်ပွဲကိစ္စများ ဖြေရှင်းသွားရန် တင်ပြခဲ့ကြောင်း၊ ထို့ပြင် ၂၁ ရာစု ပင်လုံ ညီလာခံသည် ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အကြားတွင် ထားရှိခဲ့ကြသည့် နိုင်ငံရေး ပဋိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် အတွက် အဖြေရှာနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲ အခင်းအကျင်း ဖြစ်ရန် လိုအပ်မည် ဖြစ်သည်ကို တိုက်တွန်းပြောဆို ခဲ့ပါကြောင်း။

မိမိတို့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိမိတို့နှင့် ဆက်စပ် ပတ်သက်နေသော တိုင်းရင်းသား ပြည်သူများ၊ လူမှု အဖွဲ့အစည်း များ၏ တည်ရှိမှုသည် ကာလဒေသ အပေါ်မူတည်ပြီး မတူကွဲပြားမှုများ ရှိနေပါကြောင်း၊ ယနေ့ ယခုအချိန်၏ နိုင်ငံရေး အခင်းအကျင်း တွင် မိမိတို့ တိုင်းရင်းသား များအကြား စုစည်း ညီညွတ်မှုရှိရန် လွန်စွာ အရေးကြီးသည့် အချိန်အခါ ဖြစ်ကြောင်း။

တစ်ဖက်တွင် အစိုးရဘက် ကလည်း နိုင်ငံရေး ပြဿနာများကို ဆွေးနွေး အဖြေရှာနိုင်မည့် အခင်းအကျင်းကို ဖော်ဆောင် နိုင်ရန်အတွက် ၂၁ ရာစု ပင်လုံ ညီလာခံကို ပြုလုပ်သွားမည့် အစီအစဉ် ရှိနေကြောင်း၊ တိုင်းရင်းသား များဘက် ကလည်း ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ပုံဖော်သွား နိုင်မည့် ဘုံသဘောထားများ သဘောတူ ချမှတ်သွား နိုင်ရန် လွန်စွာ အရေးကြီးကြောင်း၊ ယနေ့ မျက်နှာစုံညီ အစည်းအဝေးကြီး မှ အားလုံးလက်ခံ သဘောတူညီ နိုင်မည့် ဘုံသဘောထား ရပ်တည်ချက်များ သဘောတူ ချမှတ်သွား နိုင်လိမ့်မည်ဟု လည်း ယုံကြည်ကြောင်း၊ တစ်ဆက်တည်း တင်ပြလို သည်မှာ ယခု မျက်နှာစုံညီ အစည်းအဝေးမှ သဘော တူညီချက် များကို မည်သို့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် သွားကြမည် ဆိုသည့် အချက်ကိုလည်း အားလုံးဝိုင်းဝန်း အကြံပြု ဆွေးနွေးသွား စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် က ဤ အစည်းအဝေး ကို အဓိက ရည်ရွယ်ချက် နှစ်ရပ်အပေါ် အခြေပြုပြီး ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပထမ ရည်ရွယ်ချက်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အတွက် အကြိုညှိနှိုင်းရေး ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်မှာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက် ရယူရေးတို့ပင် ဖြစ်ကြောင်း။

ယင်း ရည်ရွယ်ချက် နှစ်ရပ် ထမြောက် အောင်မြင်ရန် အတွက် ခေါင်းစဉ်လေးခု ကို အခြေခံပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာရန် ကျင်းပရေး ကော်မတီ အနေဖြင့် ပြင်ဆင် ထားကြောင်း၊ ပထမ ခေါင်းစဉ်မှာ ပင်လုံလက်စွဲ စာတမ်း ဆွေးနွေး အတည်ပြုခြင်း၊ ဒုတိယမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ များအတွက် အခြေခံမူများ၊ တတိယ ခေါင်းစဉ်မှာ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူ များနှင့် နောက်ဆုံး ခေါင်းစဉ်မှာ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် ပြင်ဆင်ရေးတို့ ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာသူများ အနေဖြင့် အလေးအနက် ထားပြီး စိတ်ရှည် သည်းခံမှုနှင့် မေတ္တာ စေတနာ ရှေ့ထားပြီး အပြန်အလှန် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဖြင့် တင်ပြဆွေးနွေး ကြရန် မေတ္တာရပ်ခံ လိုကြောင်း ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယား နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ ဌာန၏ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang တို့က အမှာစကား ပြောကြား ကြသည်။

ယမန်နေ့ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ၊ ချင်း အမျိုးသားတပ်ဦး (CNF) ၊ ကရင်အမျိုးသား ဒီမိုကရေစီ အကျိုးပြု တပ်မတော် (DKBA) ၊ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့(KIO) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU)၊ မွန်ပြည်သစ်ပါတီ (KNPP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) (မိုင်းလား)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA)၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့(UNA) ၊ ''ဝ'' အမျိုးသားအဖွဲ့ချုပ် (WNO) ၊ ပြည်ထောင်စု အင်စတီကျူ့ (PI) မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ENAC)တို့ တက်ရောက် ကြသည်။

ယမန်နေ့ အစည်းအဝေးသို့ TNLA (တအာင်း ပလောင်)၊ MNDAA (ကိုးကန့်)၊ NSCN-K (နာဂ)၊ UWSA ''ဝ'' တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့ တက်ရောက်ခြင်း မရှိကြောင်း သိရှိရသည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၁၁)

ချင်းပြည်နယ် သဘာဝဘေးကြောင့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရေးအတွက် ပံ့ပိုးမှုများပေးရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကတိက၀တ်များ ရရှိထား



နေပြည်တော် ၊ ၂၇-၇-၂၀၁၆

အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ အမေရိကန် ဒေါ်လာ ၁ဝ သန်းဖြင့် ချင်းပြည်နယ် ၌ သဘာဝ ဘေးကြောင့် ပျက်စီးမှုများ ပြန်လည် ပြုပြင်ရေးအတွက် ပံ့ပိုးမှုများ ပေးရန် ကတိကဝတ်များ ရရှိထားပြီး ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် အမျိုးသားအဆင့် မီးလင်းရေး၊ ရေပေးဝေရေး လုပ်ငန်းများနှင့် ပတ်သက်၍ မဟာဗျူဟာများ ရေးဆွဲ ဆောင်ရွက်လျက် ရှိပြီး ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်လမ်းများ ရာသီမရွေး သွားလာနိုင်ရန် လိုအပ်သောကြောင့် အာရှ ဖွံ့ဖြိုးရေးဘဏ် ADB ၏ အကူအညီဖြင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး အစီအစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''ကျေးလက်ဒေသ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်း ပေါင်း ၃ဝ ကျော်နဲ့ ပူးပေါင်း ဆောင်ရွက်နေ ပါတယ်။ ထိရောက်တဲ့ ပူးပေါင်းမှုမျိုးနဲ့ ဆက်လက် ဆောင်ရွက် နေပါတယ်''ဟု ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ပြောသည်။

နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ အဖြစ် ဂျာမန် ဖွံ့ဖြိုးရေးဘဏ် KFW မှ ရှမ်းပြည်နယ် (တောင်ပိုင်း)၌ ယူရို ၁၈ သန်း ပံ့ပိုးထားကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်၌ အမေရိကန် ဒေါ်လာ ၁ဝ သန်းဖြင့် လမ်း၊ တံတား ပြုပြင်ရန်နှင့် မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန် နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်း၌ သဘာဝ ဘေးကြောင့် ပျက်စီးသွားသည့် ကျေးလက်လမ်း၊ တံတားများ ပြုပြင်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၇ဝ ပံ့ပိုးကူညီ ထားကြောင်း သိရသည်။

ချင်းပြည်နယ်၌ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ရေး အရေးပေါ် ပံ့ပိုးကူညီမှု စီမံကိန်းကို အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၁ဝ သန်းဖြင့် ပံ့ပိုးကူညီပေးရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားပြီး ယူရို ၂ သန်းကုန်ကျ မည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ ကျေးလက် မီးလင်းရေး စီမံကိန်းကို ယခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ နှစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ တင်ပြ ထားကြောင်း သိရသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု များဖြင့် ဆောင်ရွက်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ထပ်မံ ဆောင်ရွက်မည့် စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ကျော် ကုန်ကျမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ မြို့နယ် ၃၄ မြို့နယ်၌ ရေရရှိရေး၊ ကျန်းမာရေး စီမံကိန်းနှင့် ကိုယ်ထူ ကိုယ်ထ ရေမီတာသုံး စနစ်ကို ၂ဝ၁၄-၂ဝ၁၅ နှင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တို့တွင် UNICEF အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၆)

လူ ၁၀၀ လျှင် ၆၅ ဦးသည် မိမိကိုယ်ကို ဘီပိုးကူးစက်ကြောင်း မသိသည့်အတွက် ကူးစက်မှုနှုန်း ပိုများလာပြီး သေဆုံးသူများလာ



ရန်ကုန် ၊ ၂၇-၇-၂၀၁၆

တစ်ကမ္ဘာလုံးတွင် ဘီပိုးနှင့် ပတ်သက်၍ လူဦးရေ ၁ဝဝ လျှင် ၆၅ ဦးသည် မိမိကိုယ်ကို ဘီပိုးကူးစက် နေကြောင်း မသိကြသည့် အတွက် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုနှုန်း ပို၍ များလာပြီး သေဆုံးမှုလည်း များလာကြောင်း အသည်းကု ဆရာဝန်ကြီး ဒေါက်တာ ဝင်းနိုင် ထံမှ သိရသည်။

တစ်ကမ္ဘာလုံးတွင် လူဦးရေသန်း ၆ဝဝဝ ရှိလျှင် လူ ၁၂ ဦးတွင် တစ်ဦးသည် အသည်းရောင် အသားဝါ ရောဂါပိုးကူးစက် နေကြောင်း၊ တစ်ကမ္ဘာလုံးတွင် ဘီပိုးကူးစက်မှုနှင့် ပတ်သက်၍ လူ ၁ဝဝ လျှင် ၆၅ ဦးသည် မိမိကိုယ်တွင် ဘီပိုးကူးစက် နေသည်ကို မသိကြောင်း၊ စီပိုးနှင့် ပတ်သက်၍ လူ ၁ဝဝ လျှင် ၇၅ ဦးသည် မိမိကိုယ်တွင် စီပိုး ကူးစက် နေသည်ကို မသိခြင်းကြောင့် တစ်ဦးနှင့် တစ်ဦး ကူးစက်မှု များလာပြီး သေဆုံးမှုလည်း များလာ ခြင်းကြောင့် ဘီပိုး၊ စီပိုး ရောဂါကူးစက်မှု မရှိစေရန် သတိပြု နေထိုင်သင့်ကြောင်း သိရသည်။

''အသည်းရောင် အသားဝါရောဂါ ဟာ ကိုယ့်ဘဝကို အများကြီး ပြောင်းလဲစေတယ်။ ဘီပိုး ကူးစက်သွားပြီး စီပိုးပါ ကူးစက်သွားပြီ ဆိုရင် ကိုယ့်ရဲ့ကျန်းမာရေး အခြေအနေက ပုံမှန် မဟုတ်တော့ဘူး။ ရောဂါပိုး ရှိသွားပြီ ဆိုတာနဲ့ ရောဂါကူးစက်ခံ ထားရပြီလို့ ကျွန်တော်တို့ ပြောလို့ရတယ်။ စဖြစ်ဖြစ်ချင်း ရောဂါလက္ခဏာ မပြရင်သာ နေမယ်။ တစ်နေ့နေ့ ကျရင် ရောဂါလက္ခဏာ ပြလာမယ်။ ဒီနေရာမှာ ဘီပိုးနဲ့စီပိုး မတူတာက ဘီပိုးကရောဂါ မသိဘဲနဲ့ သယ်ဆောင်တဲ့သူ အနေနဲ့ ရှိနေပေးမယ်။ စီပိုးကျတော့ ငါးနှစ်၊ ၁ဝ နှစ်မှာ မဖြစ်ဘူးဆိုရင် ၁၅ နှစ်၊ နှစ် ၂ဝ မှာတော့ သေချာပေါက် နာတာရှည်ရောဂါ ဖြစ်လာမယ်။ အသည်းခြောက်မယ်။ အသည်းကင်ဆာ ဖြစ်လာမယ်'' ဟု အသည်းကု ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင် က ဆက်လက် ပြောသည်။ 

အသည်းရောင် အသားဝါဘီပိုး နှင့် စီပိုးတွင် ဘီပိုးသည် ကာကွယ်ဆေး ရှိပြီး စီပိုးသည် ကာကွယ်ဆေး မရှိသော်လည်း ကုသသည့် ဆေးများ ပေါ်နေကြောင်း၊ စီပိုး ဖြစ်ပွားသူ လူဦးရေ ၁ဝဝ ဆေးကုသလျှင် ၉၅ ဦး ပျောက်သည့်ဆေး၊ လူဦးရေ ၁ဝဝ ဆေးကုသလျှင် ၉၇ ဦး ပျောက်သည့် ဆေးနှင့် လူဦးရေ ၁ဝဝ ဆေးကုသလျှင် ၁ဝဝ ဦး ပျောက်သည့် ဆေးများ ပေါ်နေသည့် အတွက် အသည်းရောင် အသားဝါရောဂါ ပပျောက်ရေး စီမံချက် မှာလည်း အောင်မြင် နေကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၇)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger