www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 31, 2016

တပ်မတော်(ရေ)မှ စစ်ရေယာဉ် အောင်ဇေယျ အိန္ဒိယနိုင်ငံ Visakhapatnam ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များ တွေ့ဆုံပွဲ တက်ရောက်ရန် ထွက်ခွာ


တပ်မတော်(ရေ)မှ စစ်ရေယာဉ်-အောင်ဇေယျ အိန္ဒိယနိုင်ငံသို့ ထွက်ခွာစဉ်

နေပြည်တော် ၊ ၃၁-၁-၂၀၁၆

မြန်မာ့ တပ်မတော်(ရေ )မှ မောရဝတီ ရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးကြီး ထိန်ဝင်း ဦးဆောင်သော စစ်ရေယာဉ်- အောင်ဇေယျသ ည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ် (Eastern Naval Command) တည်ရှိရာ အိန္ဒိယအရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊ Visakhapatnam ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ရေတပ် စစ်ရေယာဉ်များ တွေ့ဆုံပွဲ (International Fleet Review-IFR) သို့ တက်ရောက် ရန်အတွက် ယမန်နေ့နံနက် ၆ နာရီ မိနစ် ၅ဝ တွင် ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ် ဆိပ်ခံတံတား မှထွက်ခွာရာ ရေတပ်သင်္ဘောကျင်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်မြင့်ဦး နှင့် တပ်မတော်(ရေ )မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက် ကြသည်။

အပြည်ပြည်ဆိုင်ရာ ရေတပ် စစ်ရေယာဉ် များတွေ့ဆုံပွဲ (International Fleet Review-IFR) ကို အိန္ဒိယနိုင်ငံ Visakhapatnam ဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်- အောင်ဇေယျ အပါအဝင် နိုင်ငံ တကာ ရေတပ်များမှ စစ်ရေယာဉ် စုစုပေါင်း ၂၄ စင်း တက်ရောက်မည် ဖြစ်ကြောင်းနှင့် မြန်မာ့ တပ်မတော်(ရေ )မှ စစ်ရေယာဉ်သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၆၈ နှစ်တာ ကာလအတွင်း အိန္ဒိယနိုင်ငံ Visakhapatnam ဆိပ်ကမ်းသို့ ဒုတိယအကြိမ် ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

အထက်တန်းပြ ဆရာ ဆရာမလိုအပ်ချက် များပြားသဖြင့် ဘီအီးဒီ ကျောင်းသား ကျောင်းသူများ ပိုမိုခေါ်ယူရန်စီစဉ်



ရန်ကုန် ၊ ၃၁-၁-၂၀၁၆

အထက်တန်းပြ ဆရာ၊ ဆရာမလိုအပ်ချက် များပြားသဖြင့် ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူများကို ပိုမိုခေါ်ယူနိုင်ရန် စီစဉ်လျက် ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

''ဘီအီးဒီ ကျောင်းသားတွေ တိုးခေါ်နိုင်အောင် ဆွေးနွေးဖို့ ပညာရေး ဝန်ကြီးကလည်း ညွှန်ကြား ထားတယ်။ ဆရာ လိုအပ်ချက်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် လိုအပ်နေတယ်။ သူ့ဒေသနဲ့သူ လိုအပ်ချက် အတိုင်း ခန့်သွားမှာပါ'' ဟု ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ တစ်နှစ်လျှင် စုစုပေါင်း ၁၂ဝဝ မွေးထုတ် ပေးလျက် ရှိကြောင်း သိရသည်။

''ပညာရေးတက္ကသိုလ် နှစ်ခုကနေ တစ်နှစ်ကို ဘီအီးဒီ ကျောင်းဆင်း ၁၂ဝဝ နဲ့ ဆရာအတတ်သင် ကျောင်း ဆင်း ၃ဝဝဝ ကျော်ကို မွေးထုတ်ပေး နေပါတယ်။ ဘွဲ့လွန်တွေ ကိုလည်း သုံးနှစ် ဒါမှမဟုတ် လေးနှစ် သင်တန်းပေးပြီး ဆရာဖြစ်အောင် မွေးထုတ်ပေးဖို့ စီမံကိန်းတွေ ရှိပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် မူလတန်းဆရာ၊ ဆရာမ ၅၁၄၆၈ ဦး လိုအပ်လျက် ရှိပြီး အခြေခံပညာ မူလတန်း၊ အခြေခံပညာ အလယ်တန်းနှင့် အခြေခံပညာ အထက်တန်း စုစုပေါင်း ဆရာ၊ ဆရာမ ၆ဝဝဝဝ ကျော် လိုအပ်နေခြင်း ကြောင့် မူလတန်းပြ ဆရာ၊ ဆရာမ များကို နေ့စားလပေးများ ခန့်အပ်ထားရန် အပြီးသတ်စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂ဝ၁၆ -၂ဝ၁၇ ပညာသင်နှစ်တွင် ၁၂ တန်း ပညာရေးစီမံကိန်း စတင် အကောင်အ ထည် ဖော်မည် ဖြစ်သဖြင့် လက်ရှိ လိုအပ်နေသည့် ဆရာ၊ ဆရာမများထက် ပိုမို လိုအပ်နိုင်ကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင်မည့် သူများကို အမြင်အာရုံ စစ်ဆေးမည်


 
ရန်ကုန် ၊ ၃၁-၁-၂၀၁၆

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့် အတွက် (၈)ကြိမ်မြောက် စာမေးပွဲဖြေဆို အောင်မြင်ထားသူ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များကို အမြင်အာရုံ စစ်ဆေးမှုများ စတင်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အစိုးရ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ အမြင်အာရုံ စစ်ဆေးမှုကို အဓိက စစ်ဆေးရာတွင် အရောင် မှားယွင်းခြင်းကို အများဆုံးတွေ့ရသည့် အတွက် တောင်ကိုရီးယား အလုပ်သမား ဝန်ကြီးဌာနမှ သတ်မှတ်လိုက်ခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မေလတွင်
ပြုလုပ်ခဲ့သည့် (၇)ကြိမ်မြောက် စာမေးပွဲအထိ တောင်ကိုရီးယား ဘာသာစကား ကျွမ်းကျင်မှုကိုသာ အဓိကထား ဖြေဆိုရခြင်း ဖြစ်ကြောင်း သိရသည်။

''အရောင် ခွဲခြားနိုင်မှုရှိ၊ မရှိကို အရင်ဆုံး တတ်ကျွမ်းနားလည် တဲ့ မျက်စိ ဆရာဝန်တွေဆီမှာ စစ်ဆေးမှု ခံယူပြီးတော့မှ Colour Blind မဟုတ်ဘူးလို့ သိရမှ ဝင်ရောက်ဖြေဆိုဖို့ အကြံပြုလို ပါတယ်။ ဘာလို့လဲ ဆိုတော့ တချို့က ငွေကုန်ကြေးကျနဲ့ အချိန်တွေ ကုန်ပြီး စာမေးပွဲဝင်ဖြေ ကြတယ်။ အမှတ်လည်း ကောင်းတယ်။ အောင်လည်း အောင်တယ်။ ဒါပေမဲ့ အင်တာဗျူးလုပ်တဲ့ အခါမှာ Colour Blind စစ်တော့ မအောင်ဘူး ဖြစ်နေတယ်'' ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ အလုပ်သမားများကို ပို့ဆောင်လျက် ရှိရာ အလုပ်သမား များအား အမြင်အာရုံ စစ်ဆေးရန် ယင်း အစီအစဉ်ကို ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်း မှစတင်၍ တရားဝင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ စစ်ဆေးရန် တောင်ကိုရီးယား နိုင်ငံ၏ အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ယူ လုပ်ဆောင်ပေးခြင်း ဖြစ်ကာ စာမေးပွဲ အောင်မြင်ထား သူများအနေဖြင့် အမြင်အာရုံ စစ်ဆေးရာတွင် ငွေကြေးပေးသွင်းရန် မလိုကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်ရန် လျှောက်ထားသူမှာ တစ်ကြိမ်လျှင် လူဦးရေ ၁ဝဝဝဝ ကျော်ရှိပြီး အလုပ်ခေါ်ယူမှု နှုန်းမှာ တစ်ကြိမ်လျှင် ဦးရေ ၃ဝဝဝ မှ ၄ဝဝဝ အထိသာ ခေါ်ယူကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၄)

ရေမနောက် ကြာမရှောက် ဒီမိုကရေစီ နိုင်ငံတည်ဆောက်


ရေမနောက် ကြာမရှောက် ဒီမိုကရေစီ နိုင်ငံတည်ဆောက်

လောကပညတ္တကျမ်း အလိုအရ ရေလည်းမနောက် စေရ၊ ကြာပင်လည်း မရှုပ်ထွေး စေရဘဲ ရေ ကြည် သောက်သကဲ့သို့ မည်သူ့ကိုမျှ မထိခိုက်စေဘဲ မိမိလိုရာကိစ္စ ပြီးမြောက်အောင် ဆောင်ရွက်ခြင်းကို " ရေမနောက် ကြာမရှောက် " ဟုဆိုခြင်းဖြစ်သည်။

ဥပမာသော်ကား တစ်ရံရောအခါ ကြာပင်များ အစီအရီ ပေါက်ရောက်လျက် ရှိသော ရေအိုင်နှင့် မလှမ်းမကမ်းမှ ယာတောတွင် တောင်သူ ဇနီးမောင်နှံတို့ တောင်ယာစိုက်ပျိုး လုပ်ကိုင် စားသောက် နေထိုင်ကြသည်။

ထိုတောင်ယာတဲ အနီးတွင် နဂါးမတစ်ကောင် အသိုက်ပြု၍ နေသည်။ တစ်နေ့သော် နဂါးမ အစာရှာသွားခိုက် တောမီးလောင်ရာ လယ်သမားသည် ဥများနှင့် နဂါးသိုက်ကို မီးလောင်မည် စိုးသဖြင့် နေရာရွှေ့ထား လိုက်သည်။ နဂါးမ ပြန်ရောက်လာ၍ အသိုက်နေရာ ယွင်းနေ သည်ကို တွေ့လျှင် ဒေါသထွက်ကာ တောင်သူကြီးအား ပေါက်သတ်ရန် အမောက်ထောင်သည်။ လယ်သမားက တောမီးလောင် မည်စိုး၍ ရွှေ့ထား လိုက်ကြောင်း ရှင်းပြ၍ ကျေးဇူးရှင် ဖြစ်သော မိမိအား ထိုသို့ပြုရာ သလောဟု ဆိုလေရာ နဂါးမ က လက်မခံ သော်လည်း လယ်သမားက ခုနစ်ရက် ဆိုင်းရန် ပြောသည်ကိုမူ နဂါးမ က လက်ခံ သဘောတူ လိုက်သည်။

ထိုအကြောင်းကို လယ်သမားကြီးဇနီး သိလေသော အခါ ခင်ပွန်းအား မစိုးရိမ်ရန် ပြောကြားပြီး နဂါးမ ရှိရာရေအိုင်သို့ သွား၍ အရှင်နဂါးမ ထံ ရေသောက်ခွင့် တောင်းသည်။ နဂါးမက ရေသောက် ခွင့် ပြုရာတွင် ရေလည်းမနောက်၊ ကြာလည်းမရှောက် စေနှင့်ဟု ဆိုရာ ထိုမိန်းမက ကျူရိုးအဆစ်ကို ဖောက်ထွင်း၍ ရေကိုကျူရိုးပြွန်ဖြင့် စုပ်သောက် သောကြောင့် ရေလည်းမနောက် ကြာလည်း မရှောက် ရှိလေသည်။

လယ်သမားကြီး ဇနီးသည် ရေဝအောင် သောက်ပြီးသော် စောင့်ကြည့် နေသော နဂါးမအား တုတ်ဖြင့် ရိုက်သတ်မည် ပြုသည်။ နဂါးမက ကျေးဇူးရှင် ငါ့ကို ရိုက်သတ်ရာ သလောဟု ဆိုသည်။ ထိုအခါ လယ်သမားကြီး ဇနီးက ငါ၏ခင်ပွန်း သင့်ကျေးဇူးရှင်ကို သင်က ပေါက်သတ်မည် ဆို၍ ချေပရန် လာသည်ဟု ဆိုလိုက်သည်။ ဤသို့ဖြင့် လယ်သမားကြီး သည် လည်းကောင်း၊ နဂါးမသည် လည်းကောင်း အသက်မသေ ချမ်းသာရကြ သည်ကို အကြောင်းပြု၍ ရေမနောက်၊ ကြာမရှောက် ဆိုသော စကားပုံသည် လူ့အဖွဲ့အစည်း ၌ ပြောစမှတ် ပြုနေကြခြင်း ဖြစ်သည်။

အထက်ပါ လောကပညတ္တကျမ်း လာ သာဓကအရ လောဘ၊ ဒေါသနှင့် မောဟတို့ ဖြစ်နေလျှင် တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ ၏ ပူလောင်မှု စိတ်နှလုံးသည် ပတ်ဝန်းကျင် ကိုပါ ပူလောင် စေတတ်သည်။ ငြိမ်းချမ်းသော စိတ်နှလုံးသည် မိမိ သူတစ်ပါး အများအတွက် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်သည်။ လောဘ၊ ဒေါသနှင့် မောဟတို့ ငြိမ်းချမ်းစေရန် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံကြ ရပေမည်။

ဒီမိုကရေစီနိုင်ငံ တည်ဆောက်ကြ ရာတွင် လူအမျိုးမျိုး ပါဝင်ကြမည်ဖြစ်ရာ လူနာလေးမျိုး ကို ဥပမာပေးရသော် မိမိမှာ ရောဂါရှိနေသည် ကို အမှန်အတိုင်း မသိသူ၊ မိမိမှာ ရောဂါ ရှိနေသည်ကို အမှန်အတိုင်း သိသော်လည်း ဆေးမသောက်သူ၊ မိမိမှာရောဂါ ရှိနေသည်ကို အမှန်အတိုင်း သိ၏။ ဆေးကို ရံဖန်ရံခါသာ သောက်သော်လည်း မှန်မှန်မသောက် သူတို့သည် နာတာရှည်ရောဂါ ဝေဒနာခံစား ကြရမည် ဖြစ်သည်။ ဤအတူ သာလျှင် ဒီမိုကရေစီ တန်ဖိုးနှင့်တာဝန်ကို အမှန်အတိုင်း မသိသူ၊ သိသော်လည်း ဒီမိုကရေစီ ကျင့်စဉ်ကို မလိုက်နာသူ၊ လိုက်နာသော်လည်း မိမိအခွင့်သာမှ လိုက်နာသူ စသည်ဖြင့် ရှိကြသော် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး နှောင့်နှေးနေမည် ဖြစ်သည်။

သို့ဖြစ်၍ တစ်ဦးအပေါ် တစ်ဦးနားလည်မှု၊ စာနာ ထောက်ထားမှု တို့ဖြင့် ရေမနောက်၊ ကြာမရှောက် အခြေအနေမျိုးကို ဖန်တီးကာ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ကြ ပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၆) တနင်္ဂနွေနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၆) တနင်္ဂနွေနေ့

Download Link = Mediafire

Saturday, January 30, 2016

အင်ဒိုနီးရှားရောက် မြန်မာရေလုပ်သား ခုနစ်ဦး ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၃၀-၁-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း၌ ရောက်ရှိနေသော မြန်မာရေလုပ်သား ခုနစ်ဦးသည် ယမန်နေ့ည ၇ နာရီတွင် သက်ဆိုင်ရာ သံရုံးနှင့် IOM အဖွဲ့တို့၏ အကူအညီဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိသည်။

အဆိုပါ ရေလုပ်သားများအား နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် IOM အဖွဲ့ တို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

''ကနဦး အင်ဒိုနီးရှား သံရုံးကနေ IOM ကို အကြောင်းကြား စာရင်းပို့တာ ၁၂ ဦးဖြစ်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာက အဆင့်ဆင့် စစ်ဆေး ဆောင်ရွက်ချက် တွေအပေါ်မှာ မူးယစ်ဆေးဝါးတွေ သုံးစွဲထားတယ်လို့ သံသယရှိသူ လေးဦးနဲ့ အန်ဘွန်ကျွန်းမှာ အိမ်ထောင်ရှိတဲ့ တစ်ဦးကိုတော့ ထားခဲ့တယ်။ အခု ခုနစ်ဦးပဲ ပြန်ပို့နိုင်ပါတယ်'' ဟု အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူး ရဲဝင်းအောင် ကပြောသည်။

ထို့နောက် လူမှုဝန်ထမ်း ဦးစီးဌာနမှ မော်တော်ယာဉ် များဖြင့် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံေ ကျာင်းသို့ ပို့ဆောင်ကာ မြို့နယ် ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေး ကောင်း၊ မကောင်း စစ်ဆေးခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ မှတ်ပုံတင် ရှိ၊ မရှိ စစ်ဆေးခြင်း၊ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ လူကုန်ကူးခံ ရသည့် အကြောင်းရင်း ဖြစ်စဉ်အသေးစိတ် တို့အား မေးမြန်း စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလုပ်သားများအား နေရပ် အသီးသီးသို့ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများမှ တစ်ဆင့် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိ လာသော မြန်မာ ရေလုပ်သားများသည် မကွေးတိုင်း ဒေသကြီး မိချောင်းရဲမြို့နယ် မင်းရွာအုပ်စုမှ ဦးဇော်မျိုးဝင်း၊ မွန်ပြည်နယ် ကျိုက္ခမီမြို့နယ် စက်စဲကျေးရွာမှ ဦးထွန်းသောင်း၊ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် တလုပ်လတ် ကျေးရွာမှ ဦးထက်ဝေဇော်၊ တနင်္သာရီ တိုင်း ဒေသကြီး ကော့သောင်း မြို့နယ်မှ ဦးတင်လင်းထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ်မှ ဦးသက်လှိုင်ဦး၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ညောင်အင်း ကျေးရွာမှ ဦးနိညင်လင်းထွန်း၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် ခုတ်ထီလာ ကျေးရွာအုပ်စုမှ ဦးသန်းနိုင်စိုး တို့ဖြစ်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

စတုတ္ထအကြိမ်မြောက် စာအုပ်ဈေးပွဲတော် ကျင်းပ



ရန်ကုန် ၊ ၃၀-၁-၂၀၁၆

မြန်မာနိုင်ငံ စာပေထုတ်ဝေသူ၊ ဖြန့်ဝေသူများအသင်း နှင့် တော်ဝင်မိသားစု ကုမ္ပဏီ၏ စတုတ္ထအကြိမ်မြောက် စာပေမြှင့်တင် လူ့စွမ်းအင် အခမ်းအနားတို့ ပူးပေါင်း ကျင်းပသော စာအုပ်ဈေးပွဲတော်ကို ယမန်နေ့နံနက်မှ ဇန်နဝါရီ ၃၁ ရက်အထိ ရန်ကုန် အနောက်ပိုင်း ခရိုင် ဒဂုံမြို့နယ် ပြည်လမ်းပေါ်ရှိ တော်ဝင်စင်တာ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ စာအုပ်ဈေးပွဲတော်သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စာအုပ်အရောင်းဆိုင် ၆ဝ ကျော် လာရောက် ရောင်းချကြသည်။ ယင်း ဈေးပွဲတော်တွင် သုတရသစာအုပ် ပေါင်းများစွာအား ခင်းကျင်းပြသ ထားသဖြင့် စာပေပညာရှင်များ၊ စာဖတ်ဝါသနာ ပါသူများနှင့် စိတ်ပါဝင်စားသူများ လေ့လာဝယ်ယူ ကြကြောင်း သိရသည်။

သိန်းဝင်း

မြ၀တီနေ့စဉ် ၊ စာ(၂)

ကမ်းရိုးတန်းရေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို တောင်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်မည်


ရန်ကုန် ၊ ၃၀-၁-၂၀၁၆

မြန်မာနိုင်ငံ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ်းလွန်နှင့် ကမ်းရိုးတန်း ရေကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများကို တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဆောင်ရွက်မှုကို ယခုနှစ်အတွင်း စတင်မည် ဖြစ်ရာ တောင်ကိုရီးယား နိုင်ငံရှိ ရေကြောင်းပညာ တက္ကသိုလ် အနေဖြင့်လည်း မြန်မာ့ရေကြောင်း အပါအဝင် ငါးလုပ်ငန်း ကဏ္ဍ တိုးတက်ရေး ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်း ရေကြောင်းပညာ တက္ကသိုလ်မှ မြန်မာနိုင်ငံ ငါးသားဖောက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် ငါးသားဖောက် လုပ်ငန်း သုတေသန ပြုလုပ်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ အမေရိကန် ဒေါ်လာ နှစ်သောင်း ပံ့ပိုး ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ငါးသားဖောက် လုပ်ငန်း လေ့လာရေး အတွက် တောင်ကိုရီးယား နိုင်ငံသို့ မြန်မာ ကိုယ်စားလှယ်များ ကိုစေလွှတ်မည် ဖြစ်ကြောင်း၊ ပြည်တွင်း ငါးစားသုံးမှုနှုန်း တိုးတက် လာခြင်းကြောင့် သားငါး ထုတ်လုပ်မှု အပိုင်းများ ဖွံ့ဖြိုးလာစေရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းသော အစားအစာများထုတ်လုပ်နိုင်ရေး အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

သွေးကြော အားကောင်းစေတဲ့ ရေမျောသီး (အဿဗီဇ)

ရေမျောသီး (သို့မဟုတ်) အဿဗီဇ



< ဦးလှမြင့် (ဂန္ဓမာ>

အသက်အရွယ် ကြီးလာတဲ့အခါ သွေးကြောဆိုင်ရာ တွေ့ကြုံရ အများဆုံး ပြဿနာထဲမှာ တစ်ခုဖြစ် တဲ့ သွေးကြောများ အားနည်း လာခြင်းပဲ ဖြစ်သည်။ ယင်း သွေးကြော အားနည်းခြင်း ရဲ့ အကျိုးဆက် ကတော့ များသောအားဖြင့် ဖောင့်တွန်းနေတဲ့ သွေးပြန်ကြောများ ( Varicose Veins) ပဲ ဖြစ်ပါတယ်။ သည်နေရာမှာလည်း သဘာဝက ကူညီနိုင်တာ တွေ့ရတယ်။ ရေမျောသီး (သို့မဟုတ်) အဿဗီဇ (House Chestnut) လို့ခေါ်တဲ့ မြင်းများ ၀ါးစားလေ့ရှိတဲ့ ပေါင်းမြက် တစ်မျိုးက ဖောင်းတွန့် သွေးပြန်ကြော များနဲ့ ဆံခြည်မျှင် သွေးကြောများ ပြတ်တောက်ခြင်း တို့အတွက် ကုသရာနှင့် ကာကွယ်ရာမှာ အစဉ်အလာ လက်စွဲပြု ခဲ့တဲ့ ဆေးတစ်လက် ဖြစ်တယ်။

ရေမျောသီးက သွေးကြောစနစ်ကို ကြံ့ခိုင် တောင့်တင်းစေတယ်။ နှလုံးထဲသို့ သွေးပြန်လည် စီးဝင်မှုကို လွယ်ကူ ချောမွေ့ စေတယ်။ သွေးကြောရောင်ပြီး ကြီးလာခြင်းကို ကာကွယ်ပေးတယ်။ ခြေေ ထာက် အောက်ပိုင်း ရောင်ခြင်းကို သက်သာ စေရာမှာ " ထောက်ပင့် ခြေအိတ်ရှည် " လို ထိရောက်မှု ရှိတယ်။ ရေမျောသီး ဆေးတောင့်ပျော့ များကို ကျန်းမာရေး အစားအစာ စတိုးဆိုင် များမှ ၀ယ်ယူ ရရှိနိုင်ပါတယ်။

Ref : Secrets of Longevity

မြ၀တီနေ့စဉ်သတင်းစာ (၃-၁-၂၀၁၆) စနေနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃-၁-၂၀၁၆) စနေနေ့

Download Link = Mediafire

Friday, January 29, 2016

ဧရာဝတီမြစ်အတွင်း သဲနှင့် ကျောက်ထုတ်လုပ်ငန်း များကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားပြီး ကျေးရွာများ ရွှေ့ပြောင်းနေရ



ပုသိမ် ၊ ၂၉-၁-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြန်အောင်မြို့နယ် နှင့် အင်္ဂပူမြို့နယ် တို့တွင် ဧရာဝတီမြစ် အတွင်းမှ တရားမဝင် မြစ်သဲနှင့် ကျောက်ထုတ်လုပ်ငန်း များကြောင့် မြို့နယ်အတွင်း နေ့စဉ် ကမ်းပါးပြိုကျမှု များ ဖြစ်ပွားနေပြီး ကျေးရွာများ ရွှေ့ပြောင်း နေရကြောင်း ဒေသခံများထံမှ သိရသည်။

''ကျွန်တော်တို့ရွာမှာ ဆိုရင်တစ်နေ့ကို လက်အလံ ငါးလံလောက်ထိ နေ့တိုင်း ကမ်းပါးတွေပြိုကျ နေပါတယ်။ စိုက်ပျိုးပြီးလယ်တွေ ပါကုန်သလို မြစ်နဲ့ရွာက ကပ်နေတော့ ရွာဦးစေတီပါ မြစ်ထဲပြိုကျ ခါနီး ဖြစ်နေပါပြီ။ဘယ်နေ့ ရွာပါမလဲဆိုတာ စိုးရိမ်ရလို့ ရွာကို အမြန်ဆုံးပြောင်းဖို့ မြေနေရာ ရှာနေရပါပြီ'' ဟု မြန်အောင်မြို့နယ် ပဲတခွဲရွာ (ရေလယ်ကျွန်း) မှ ဒေသခံတစ်ဦးက ပြောပြသည်။

ဧရာဝတီတိုင်း ဒေသကြီး အတွင်း မြစ်သဲကျောက် ထုတ်လုပ်နေမှုကို တရားဝင်အကွက်များ သတ်မှတ်၍ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် လုပ်ငန်းလိုင်စင်ကို ဝယ်ယူလုပ်ကိုင် ရခြင်း ဖြစ်သော်လည်း လိုင်စင်မဲ့ သဲနှင့် ကျောက်ထုတ်လုပ် နေမှုများလည်း ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်အတွင်း အင်္ဂပူမြို့နယ်ရှိ ဂွေးတောက်ချောင်း ကျေးရွာမှ အိမ်ခြေ ၁၈ဝ ကျော်နှင့် ညောင် ကုန်းကျေးရွာမှ အိမ်ခြေ ၁ဝဝ ကျော်လည်း ရွှေ့ပြောင်းပေးခဲ့ ရပြီး လက်ရှိတွင် မြန်အောင်မြို့နယ် ပဲတခွဲ (ရေလယ်ကျွန်း) ကျေးရွာမှ အိမ်ခြေ ၁ဝဝ ကျော်လည်း ရွှေ့ပြောင်းရမည့် အခြေအနေ ရောက်ေ နကြောင်း ဒေသခံများထံမှ သိရသည်။

သဲနှင့် ကျောက်ထုတ်လုပ်ငန်း များကို လိုင်စင်ချထား မပေးမီ မြစ်ကြောင်း ထိန်းသိမ်းရေး ဦးစီးဌာနမှ ပညာရှင်များက ဦးစွာကွင်းဆင်း လေ့လာမှုများ ပြုလုပ်ပြီးမှ သင့်တော်သော နေရာတွင် သဲနှင့် ကျောက် ထုတ် လုပ်ကွက်များ အဖြစ် သတ်မှတ်ကာ စည်းကမ်းနှင့် အညီ လုပ်ကိုင်ရသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း မြန်အောင်မြို့နယ် မြစ်ကျောက် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''မြန်အောင်မြို့နယ် ထဲက မြစ်ကမ်းပြိုမှာ စိုးလို့ နိုင်ငံတော်က ကျောက်စုပ်ခွင့် မပြုဘဲ ပိတ်ပင်ထားတဲ့ လုပ်ကွက်တွေကို ပဲတခွဲကျေးရွာ အုပ်ချုပ်ရေးမှူး ကနေပြီးတော့ ဝင်ရောက် လုပ်ကိုင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလဆန်းပိုင်းမှာ ဌာနဆိုင်ရာတွေ တိုင်ကြား ခဲ့တာကို အခုချိန်ထိ တရားမဝင် ကျောက်စုပ်နေတဲ့ လူတွေကို တားမြစ်တာ၊ အရေးယူတာ လုံးဝမရှိဘူး ဖြစ်နေပါတယ်'' ဟု မြန်အောင်မြို့နယ်၊ မြစ်ကျောက် လုပ်ငန်းရှင်များ အသင်း တွဲဖက် အတွင်းရေးမှူး ဦးစန်းဌေး က ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

ရေစကြိုမြို့နယ် မအူကျေးရွာရှိ စေတီခြောက်ဆူမှ နံရံဆေးရေးပန်းချီ များ ထိန်းသိမ်းပြုပြင်လျက်ရှိ



ရေစကြို ၊ ၂၉-၁-၂၀၁၆

ရေစကြိုမြို့နယ် မအူကျေးရွာ တွင် ခေတ် အဆက်ဆက်က ပုံဖော် ရေးဆွဲထားသော နံရံဆေးရေး ပန်းချီများရှိသည့် စေတီများ အနက် ပြုပြင်ရန် လိုအပ်သည့် စေတီခြောက်ဆူကို ထိန်းသိမ်း ပြုပြင်လျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မှ သိရသည်။

ရေစကြိုမြို့နယ် မအူကျေးရွာ ရှိ သမိုင်းဝင် ရွှေမုဋ္ဌောဘုရား ၏ ဥပစာအနီးတွင် တည်ရှိသော ယခင် မင်းအဆက်ဆက် က တည်ထားကိုးကွယ် ခဲ့သည့် နံရံဆေးရေး ပန်းချီများဖြင့် ပုံဖော်ရေးဆွဲ တည်ထားခဲ့သော စေတီပေါင်း ကိုးဆူအနက် ပြုပြင် ထိန်းသိမ်းရန် လိုအပ်သည့် စေတီခြောက်ဆူ ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်း မှစ၍ ယနေ့ချိန်ထိ ပြုပြင် ပြင်ဆင်လျက် ရှိရာ ၈၅ ရာခိုင်နှုန်းထိ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုပြင်ရာတွင် ၄င်းစေတီများနှင့် အနီး ပတ်ဝန်းကျင်တွင် ချုံနွယ်များ ပိတ်ဖုံးနေသည့် နေရာများ၊ သဘာဝရေဒဏ်၊ လေဒဏ်၊ ငလျင်ဒဏ် များကြောင့် ပျက်စီးယိုယွင်း ခဲ့သည့် စေတီမုခ်ဦး၊ စေတီ လုံးပတ် နှင့်စေတီအတွင်းရှိ နံရံဆေးရေး ပန်းချီများ (ပုံ)ကို ရေရှည်ခိုင်ခံ့ စေရန်နှင့် လေ့လာသူများ ရှင်းလင်း ပီသစွာ မြင်စေရန် ပပ်ကြားအက် များကို ဖာထေးခြင်း ၊ စေတီအလုံးနှင့် စေတီအတွင်းရှိ ရုပ်ပွားတော်များကို ကြည်ညိုဖွယ် ဖြစ်အောင် ပြုပြင်မွမ်းမံခြင်း များကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မအူ ရွှေမုဋ္ဌောဘုရား သည် သာသနာ သက္ကရာဇ် ၂၃၆ ခုနှစ် (ဘီစီ-၃ဝ၇) နှစ်တွင် သီရိဓမ္မာ သောကမင်းကြီး တည်ထားကိုးကွယ် ခဲ့သော ပခုက္ကူခရိုင် မုဋ္ဌောကိုးဆူ အနက် တစ်ဆူ အပါအဝင် ဖြစ်ကြောင်း သိရသည်။ (၁၈၇)

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

အာရှ-ပစိဖိတ်တွင် ပင်လယ်ရေမျက်နှာပြင် ပူနွေးမှုများဖြစ်ပေါ်ပြီး ရေခန်းခြောက်မှုများ နှင့် ကုန်းနေရေနေ သတ္တ၀ါများ သေဆုံးမှုမြင့်တက်



နယူးယောက် ၊ ၂၉-၁-၂၀၁၆

အာရှပစိဖိတ်တွင် ပင်လယ် ရေမျက်နှာပြင် ပူနွေးမှုများ ဖြစ်ပေါ် နေသောကြောင့် ရေခန်းခြောက်မှုများ၊ ကုန်းနေရေနေ သတ္တဝါများ သေဆုံးမှု မြင့်တက်လာကြောင်း UNICEF က ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ကြောင့် UNICEF အနေဖြင့် ရေခန်းခြောက်မှုများ ၊ ကုန်းနေရေနေ သတ္တဝါများ သေဆုံးမှုဖြင့် ရင်ဆိုင်နေရသော ဒေသများအတွက် ကူညီပံ့ပိုး ပေးမှုများ ပြုလုပ်သွားရန် အတွက် ငွေပမာဏ အမေရိကန် ဒေါ်လာ ၆၂ သန်းထိ ရည်ရွယ်ထားသည် ဟု ဇန်နဝါရီ ၂၇ ရက်က ကြေညာခဲ့သည်။

''အာရှ-ပစိဖိတ် ဒေသတွေမှာ ပင်လယ် ရေမျက်နှာပြင် ပူနွေးမှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။ ပင်လယ် ရေမျက်နှာပြင် ပူနွေးမှုနှုန်းက လာမယ့် တစ်ပတ်အတွင်းမှာ အမြင့်ဆုံး အနေအထား ကို ရောက်ရှိလာနိုင် ပါတယ်'' ဟု UNICEF မှ တာဝန်ရှိသူ ခရစ်ရှ်နားမာတီ က ပြောကြားခဲ့သည်။

''အရှေ့တီမောကို သွားရောက် လည်ပတ်ခဲ့ ပါတယ်။ နိုင်ငံတွင်းမှာ အဓိက အားထားနေ ရတဲ့ မြစ်တွေ၊ ချောင်းတွေ ရေခန်းခြောက် မှုနဲ့ ရင်ဆိုင်နေကြ ရတယ်။ စိမ်းလန်းနေတဲ့ လယ်ကွင်းပြင် တွေတော့ မြင်တွေ့ခဲ့ ရပါတယ်။

ဒါပေမဲ့ လယ်ကွင်းထဲမှာ စပါးတွေမရှိဘဲ မြက်ပင်တွေ ပေါက်နေပါတယ်။ ရေခန်းခြောက် နေတော့ စပါးစိုက် မရဘူးလို့ ဒေသခံတွေဆီက နေသိရတယ်'' ဟု မကြာသေးမီက အရှေ့တီမော သို့ သွားရောက် လေ့လာ ခဲ့သော ခရစ်ရှ်နားမာတီ က ပြောကြားခဲ့သည်။

UNICEF အနေဖြင့် မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် အမေရိကန် ဒေါ်လာ ၂၅ သန်း ကူညီပံ့ပိုး ပေးသွားရန် လျာထားပြီး မြောက်ကိုရီးယား နိုင်ငံကို အမေရိကန်ဒေါ်လာ ၁၈ သန်း၊ ဖိလစ်ပိုင်နိုင်ငံကို အမေရိကန် ဒေါ်လာ ၁ဝ သန်းနှင့် ပစိဖိတ်မှ ကျွန်းစုနိုင်ငံ များကို အမေရိကန် ဒေါ်လာငါးသန်း ကူညီပေးသွားရန် ပြင်ဆင် နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

ပြည်တွင်းဖြစ် ကိုယ်ပျောက် တိုက်လေယာဉ် ဂျပန်နိုင်ငံက ထုတ်ဖော်ပြသ



တိုကျို ၊ ၂၉-၁-၂၀၁၆

ရေဒါ ထောက်လှမ်းမှုကို ကိုယ်ယောင်ဖျောက် ကျော်လွှား နိုင်စွမ်းရှိသော ပြည်တွင်းဖြစ် ပထမဆုံး တိုက်လေယာဉ် တစ်စင်းကို ဂျပန်နိုင်ငံက ယမန်နေ့တွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန က ရေးသား ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပျောက် တိုက်လေယာဉ်ကို X-2 ဟု အမည်ပေးထားပြီး ကိုဆာကီမြို့ လေဆိပ်၌ ဂျပန် ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ဖော်ပြသ ခဲ့သည်။

မစ်ဆူဘီရှီ အကြီးစား စက်မှုလုပ်ငန်းက တည်ဆောက် ခဲ့သည့် X-2 တိုက်လေယာဉ် သစ်ကို ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနသို့ မအပ်နှံမီ ဖေဖော်ဝါရီလ အတွင်း ပထမဆုံး စမ်းသပ်ပျံသန်းမှု ပြုလုပ်ရန် စီစဉ် ထားသည်။

လက်ရှိ အချိန်တွင် ရေဒါစနစ် ကိုယ်ယောင်ဖျောက် ရှောင်ရှား၍ စစ်ကစား နိုင်သည့် တိုက်လေယာဉ် များကို ကိုယ်ပိုင် ထုတ်လုပ်နိုင်သော နိုင်ငံများမှာ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ ဖြစ်ကြောင်း နိုင်ငံတကာမှ အသိအမှတ် ပြုထားသည်။

ဂျပန်နိုင်ငံသည် X-2 တိုက်လေယာဉ်သစ် တည်ဆောက်ရေး အတွက် အမေရိကန် ဒေါ်လာ ၃၃၂ သန်း သုံးစွဲခဲ့ရပြီး စမ်းသပ်ပျံသန်းမှု အောင်မြင်ပါက ၂ဝ၁၇ ခုနှစ် မတ်လတွင် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက X-2 တိုက်လေယာဉ်ကို လက်ခံရယူမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

မိုးယွင်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွား ၁၈၅၁၅ ဦး လာရောက်လည်ပတ်ခဲ့




ပဲခူး ၊ ၂၈-၁-၂၀၁၆

မြန်မာနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ရေတိမ်ဒေသ (Ramsar Site) အဖြစ်၂ဝဝ၅ ခုနှစ် တွင် သတ်မှတ်ခံရသော မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သို့ ၂ဝ၁၅ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၁၈၂၁၃ ဦး နှင့် ပြည်ပ ခရီးသွား ဧည့်သည် ၃ဝ၂ ဦး စုစုပေါင်း ၁၈၅၁၅ ဦး လာရောက် ခဲ့ကြောင်း မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော တည်ရှိရာရုံးမှ သိရသည်။

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ ၂ဝ၁၄ ခုနှစ်အတွင်းက ပြည်တွင်း ခရီးသွား ၁၁၂၈ဝ ဦးနှင့် ပြည်ပ ခရီးသွား ဧည့်သည် ၃၃၃ ဦး စုစုပေါင်း ၁၁၆၁၃ ဦး လာရောက်ခဲ့ သဖြင့် ယခုနှစ်တွင် လာရောက်သူ ၇ဝဝဝ နီးပါး ပိုမိုလာရောက် ခဲ့သဖြင့် ယမန်နှစ်ထက် ပြည်တွင်း ခရီးသွား အရေအတွက် သိသိသာသာ မြင့်တက်လာ ခဲ့ရာ နိုင်ငံခြား ခရီးသွားဧည့်သည် အရေအတွက်မှာ လျော့နည်း လာသည်။

မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော သည် ရန်ကုန်မြို့နှင့် ၆၉ ဒသမ ၂ မိုင်ခန့် ကွာဝေးသည့် ပဲခူးတိုင်း ဒေသကြီး ဘုရားကြီးနှင့် ဝေါမြို့နယ် အတွင်း တည်ရှိပြီး ဧရိယာ စတုရန်းမိုင် ၄ဝ ကျယ်ဝန်းကာ ပွင့်လင်းရာသီ ဖြစ်သည့် စက်တင်ဘာလမှ ဧပြီလအထိ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရသည်။

မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော သည် နိုင်ငံတကာ ရေတိမ်ဒေသ ထိန်းသိမ်းရေး အဖွဲ့ (Ramsar Convention) မှ မြန်မာနိုင်ငံ၌ အရေးကြီး ထိန်းသိမ်းရမည့် နေရာတစ်ခု အဖြစ် ပထမဆုံး သတ်မှတ်ခံထား ရသည့် နေရာဖြစ်ပြီး ဒုတိယမြောက် ရမ်ဆာရေတိမ် ဒေသအဖြစ် ကချင်ပြည်နယ်ရှိ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောကို အတည်ပြု သတ်မှတ်ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၀)

ကမ္ဘာ့ရှေးအကျဆုံး လက်ဖက်ခြောက် တရုတ်ဘုရင်တစ်ပါး၏ ဂူသင်္ချိုင်းနေရာ၌ တွေ့ရှိ



ပေကျင်း ၊ ၂၉-၁-၂၀၁၆

လွန်ခဲ့သည့် နှစ်ပေါင်း ၂၁ဝဝ ကျော်က တရုတ်နိုင်ငံကို အုပ်စိုးခဲ့သော ဘုရင်ဧကရာဇ် တစ်ပါး၏ ဂူသင်္ချိုင်း နေရာတွင် ကမ္ဘာ့ ရှေးအကျဆုံး လက်ဖက်ခြောက် ဖတ်များကို တရုတ် သုတေသန ပညာရှင် များက ရှာဖွေတွေ့ရှိ ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

သက်တမ်း ရှေးအကျဆုံးသော လက်ဖက်ခြောက် များကို ဘီစီ ၁၈၈ နှင့် ၁၄ဝ ကြား ကာလများ အတွင်း တရုတ်နိုင်ငံကို မင်းပြုအုပ်စိုး ခဲ့သော ဟန်မင်းဆက် စတုတ္ထ ဧကရာဇ် ကျူကျီ၏ ဂူသင်္ချိုင်း နေရာမှ ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

လက်ဖက်ခြောက်နှင့် ပတ်သက်၍ အစောဆုံး စာပေ အထောက်အထား များကို ဘီစီ ၅၉ ခုနှစ်ကပင် စတင်တွေ့ရှိ ခဲ့သော်လည်း မျက်မြင်တွေ့ရှိ ရသမျှတွင် ရှေးအကျဆုံး  လက်ဖက်ခြောက် အဖြစ် မြောက်ပိုင်း ဆွန်မင်းဆက် ခေတ် အေဒီ (၉၆ဝ-၁၁၂၇) က လက်ဖက်ခြောက် အကြွင်းအကျန် များသာ တွေ့ရှိခဲ့ ဖူးသည်။

သို့သော် ယခုနောက်ဆုံး တွေ့ရှိထားသည့် လက်ဖက်ခြောက် အကြွင်းအကျန် များ၏ သက်တမ်းအရ တရုတ်နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၁ဝဝ ကျော်ကာလ ဟန်မင်းဆက် ခေတ်ကပင် လက် ဖက်ရည်ကြမ်း သောက်သုံးသည့် ယဉ်ကျေးမှု ရှိခဲ့သည် ဟူသော အချက်မှာ ထင်ရှားကြောင်း တရုတ်နိုင်ငံမှ သုတေသန ပညာရှင် များက ပြောကြားခဲ့သည်။

ယနေ့ခေတ်တွင် လက်ဖက်ရည်ကြမ်း သည် ရေပြီးလျှင် လူတို့ သောက်သုံးမှု အများဆုံး ဖြစ်ပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ သုံးပုံ နှစ်ပုံသည် လက်ဖက်ရည်ကြမ်း ကို ပုံမှန် သောက်သုံး ကြကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

မွန်ပြည်နယ်ရှိ ၀င်းကကုန်းအမှတ် WK-10 သည် သုံးလေးကြိမ်မက အဆင့်ဆင့်ငုံ တည်ထားသော သာသနိက အဆောက်အအုံစေတီ ဖြစ်နိုင်


ဝင်းကကုန်း အမှတ် WK-10

ရန်ကုန် ၊ ၂၉-၁-၂၀၁၆

မွန်ပြည်နယ်ရှိ ဝင်းကကုန်း အမှတ် WK-10 (ပုံ)သည် သုံးလေးကြိမ်မက အဆင့်ဆင့်ငုံ တည်ထားသော သာသနိက အဆောက်အအုံ (စေတီ) ဖြစ်နိုင်ပြီး အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံ တို့၌ တွေ့ရသော စေတီအချို့၏ ပန္နက် ပုံနှင့် ဆင်တူနေသဖြင့် အထူး စိတ်ဝင်စားဖွယ် ဖြစ်နေကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာနသတင်းများ အရသိရသည်။

သုဝဏ္ဏဘူမိ မြို့ဟောင်းသည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ် တို့ရှိ ကေလာသ တောင်ကြော တစ်ဝိုက်နှင့် သထုံမြို့ နေရာများတွင် ခေတ်ကာလ အဆင့်ဆင့် ပြောင်းလဲ ထွန်းကားလာ ကြောင်း ယူဆရာ အရက်သည်မ ကျေးရွာနှင့် ဝင်းကကျေးရွာ တစ်ဝိုက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်ကာလက တူးဖော် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း ပြီးခဲ့သည့်နှစ်က ပြန်လည်၍ တူးဖော်မှု ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပြန်လည်တူးဖော် ရာ၌ ယခုနှစ်တွင် တူးဖော် တွေ့ရှိရသော ၀င်းကကုန်း အမှတ် WK-10 သည် အထူး စိတ်ဝင်စားဖွယ် ဖြစ်နေသည်ဟု သိရသည်။ အဆိုပါကုန်းတွင် တူးဖော် တွေ့ရှိရမှုများမှာ ခေတ်ကာလ အဆက်ဆက် တွင် သုံးလေးကြိမ် မက အဆင့်ဆင့်ငုံ၍ တည်ထားသော သာသနိက အဆောက်အအုံ (စေတီ) ဖြစ်နိုင်သည့် အပြင် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့တွင် တွေ့ရသည့် အချို့သော စေတီတော်များ ၏ ပန္နက်ပုံနှင့် ဆင်တူသည်။

ထို့ပြင် အလားတူ စေတီပုထိုးများ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက် လာမှုကိုလည်း တွေ့မြင် သုတေသန ပြုနိုင်ပြီး မြေအုတ်နှင့် ဂဝံကျောက်များ ရောနှော၍ တည်ထား ခြင်းသည်လည်း အထူးလက်ရာ မြောက်လှသည်။

သို့သော်အဆိုပါ တွေ့ရှိရမှုများမှာ တူးဖော်မှု လုပ်ငန်းများ ပြီးဆုံးခြင်း မရှိသေးသဖြင့် ကောက်ချက်ချ ရန် နှင့် ခေတ်ကာလ အခြေအနေ များကို သုံးသပ် ပြောဆိုရန် အလွန်စော သေးကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

ချယ်လင်ဂျာလွန်းပျံယာဉ် ပေါက်ကွဲမှု နှစ်(၃၀)ပြည့် အခမ်းအနား အမေရိကန် ပြည်ထောင်စုတွင် ကျင်းပ


Remembering the Challenger Crew


ဝါရှင်တန် ၊ ၂၉-၁-၂၀၁၆

အမေရိကန် ပြည်ထောင်စု လေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေး အေဂျင်စီ (နာဆာ)သည် ချယ်လင်ဂျာ လွန်းပျံယာဉ် ပေါက်ကွဲမှု နှစ်(၃၀)ပြည့် အခမ်းအနားကို ယမန်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ လွန်းပျံယာဉ် ပေါက်ကွဲမှု အတွင်း အသက်ဆုံးရှုံး ခဲ့ရသော အာကာသယာဉ်မှူး ခုနစ်ဦးကို အမြဲတမ်းအမှတ်ရ နေမည်ဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ် လူသားများ ခြေချနိုင်ရေး အတွက် မဆုတ်မနစ် ကြိုးပမ်းမည် ဖြစ်ကြောင်း ကတိပြု ပြောကြား ခဲ့သည်။

အပိုလို-၁ အာကာသယာဉ် မှသည် ချယ်လင်ဂျာ လွန်းပျံယာဉ်နှင့် ကိုလံဘီယာ လွန်းပျံယာဉ် ခေတ်များအထိ အာကာသ စူးစမ်း လေ့လာရေး သမိုင်းတစ်လျှောက် အမေရိကန် အာကာသယာဉ်မှူး များ အသက်ဆုံးရှုံး ခဲ့ကြောင်း၊ သို့သော် မည်သည့် အန္တရာယ်မျိုး ကြုံတွေ့သည် ဖြစ်စေ မိမိတို့ အနေဖြင့် ကြယ်ဂြိုဟ်များ ဆီသို့ သွားရောက် နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ချယ်လင်ဂျာ ပေါက် ကွဲမှု နှစ်(၃ဝ)ပြည့် အခမ်းအနားသို့ ပေးပို့ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား၏ သဝဏ်လွှာ ၌ ဖော်ပြ ထားသည်။

၁၉၈၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ဖလော်ရီဒါ ပြည်နယ် ကိပ်ကာနေဗာရယ်လယ် အာကာသစခန်းမှ ပစ်လွှတ်ခဲ့သော ချယ်လင်ဂျာ လွန်းပျံယာဉ်သည် ပစ်လွှတ်အပြီး ၇၃ စက္ကန့် အကြာတွင် ပေါက်ကွဲခဲ့ရာ နာဆာ အာကာသယာဉ်မှူး ခြောက်ဦးနှင့် ကမ္ဘာ့ ပထမဆုံး အာကာသာစခန်းမှ ကျောင်းဆရာ ဖြစ်လာမည့် ခရစ္စတာ မက်အော်လစ်ဖ် တို့ အသက်ဆုံးရှုံး ခဲ့ရသည်ဟု အေအက်ဖ်ပီ သတင်းဌာန က ဖော်ပြခဲ့သည်။

ချယ်လင်ဂျာ လွန်းပျံယာဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်အကြာတွင် နာဆာအဖွဲ့၏ ကိုလံဘီယာ လွန်းပျံယာဉ်သည် ကမ္ဘာ့လေထုလွှာ အတွင်းသို့ ပြန်လည် ဝင်ရောက်လာစဉ် ပေါက်ကွဲခဲ့ရာ အာကာသ ယာဉ်မှူး ခုနစ်ဦး သေဆုံးခဲ့ ရသည်။

အာကာသယာဉ်မှူး များကို ကမ္ဘာမြေနှင့် အနိမ့် ကမ္ဘာပတ် လမ်းကြောင်း အကြား အသွားအပြန် ပို့ဆောင်ပေး နေသည့် အာကာသ လွန်းပျံယာဉ် အစီအစဉ်ကို သမ္မတ အိုဘားမား အစိုးရက ၂ဝ၁၁ ခုနှစ်တွင် တရားဝင် အဆုံးသတ် ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

ဇီကာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ



( ဒေါက်တာလွင်သန့် ဆေး-၂ )

ဇီကာဗိုင်းရပ်စ် ဟာ ခြင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါ ဖြစ်တယ်။ မူရင်းဗီဇဟာ တောင်အမေရိကတိုက် ကဖြစ်ပေမယ့် နောက်ပိုင်းမှာ ကမ္ဘာအနှံ့ဖြစ်ပွား လာပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုး ဟာ ကျူးလက်ခြင် ကိုက်ရာမှတစ်ဆင့် ကူးစက်တာပါ။ ကျူးလက်ခြင် ကိုက်ခံရခြင်းကြောင့် ကိုယ်ပူခြင်း၊ အဖျားကြီးခြင်း၊ တက်ခြင်း၊ ချွေးပြန်ခြင်း၊ တုပ်ကွေးဖျားခြင်း၊ အစားအသောက် ပျက်ခြင်းတို့ ဖြစ်နိုင်ပါ တယ်။ ရောဂြါ ဖစ်လို့ နေကောင်းသွား ပေမယ့်လည်း ကိုယ်ဝန်ဆောင် မိခင်က မွေးဖွားတဲ့ ကလေးမှာ ဦးနှောက် ပုံမှန်မဖွံ့ဖြိုးဘဲ မွေးလာစေပါတယ်။

ပုံမှန်အားဖြင့် အမျိုးသားတွေဂ ရုစိုက်စရာ မလိုလောက်ပေမယ့် ကိုယ်ဝန်ဆောင် မိခင်မှ သန္ဓေသားကို ကူးစက်နိုင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ စောင့်ကြည့် ခဲ့ရပါတယ်။ ပါရာဂွေးနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုး ကြောင့် မိခင်ကတစ်ဆင့် မွေးဖွားတဲ့ ကလေးမှာ ဦးနှောက်ပုံမှန် မဟုတ်ဘဲ မွေးဖွားတတ်ပါတယ်။ အဲဒီနောက်ပိုင်း တောင်အမေရိက ၁ဝ နိုင်ငံမှာရှိတဲ့ အစိုးရတွေက ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ ချိန်အတွင်း ကိုယ်ဝန် မဆောင်ကြဖို့ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်(တိုင်ပေ) တွင် ထိုင်းနိုင်ငံ မြောက်ပိုင်းက လာရောက် အလုပ်လုပ်ကိုင် တဲ့ အမျိုးသားတစ်ဦး ဖျားနာနေတာကို စစ်ဆေးရာက ကလေးတွေကို ဦးနှောက်ပျက်စီး စေနိုင်တဲ့ ဇီကာရောဂါပိုး ကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အခုအခါ တရုတ်အစိုးရ အနေနဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မော်လ်ဒိုက်နိုင်ငံ တို့ကို ခရီးသွားလာခွင့် ယာယီပိတ်ထား တယ်လို့ သိရပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုးဟာ မြန်မာနိုင်ငံကိုလည်း နည်းလမ်းပေါင်းစုံ ကနေ ကူးစက်လာနိုင် ပါတယ်။ ဇီကာဗိုင်းရပ်စ် ရောဂါကိုကုသဖို့ ကာကွယ်ဆေးနဲ့ ကုသဆေး မပေါ်သေးပါဘူး။ ဒီရောဂါ မဖြစ်အောင် ခြင်ကိုက်မခံရ အောင် ဂရုစိုက်ရမယ်။ ခြင်ပေါက်ပွားမှု မရှိအောင် ရေလှောင်ထားတဲ့ စည်တွေကို ဖုံးအုပ်ထားခြင်း၊ သွန်ပစ်ခြင်း၊ လဲပစ်ခြင်း၊ ပိုးလောက်လမ်းများ ရေစစ်နဲ့ စစ်ယူခြင်း၊ ခြင်စားငါး မွေးမြူခြင်းများ ဆောင် ရွက် နိုင်သလို ခြင်ဆေးဖျန်ြး ခင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ဆေးရည်စိမ် ထားတဲ့ ခြင်ထောင် နဲ့အိပ်ခြင်းတို့ လိုက်နာဆောင်ရွက်ဖို့ လိုအပ်သလို ကျန်းမာရေးပညာ ပေးခြင်း၊ ခြင်မကိုက်ရအောင် နေခြင်းများ စည်းရုံးလှုံ့ဆော် ရမှာဖြစ်ပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ ကာယကံရှင် အပေါ် အကျိုးသက်ရောက်မှု နည်းပေမယ့် ကိုယ်ဝန်ဆောင် မိခင်က မွေးဖွားလာမယ့် ကလေးအပေါ် ဦးနှောက်ဖွံ့ဖြိုးမှု မူမမှန်ဖြစ် ရတာက သန္ဓေသား ဦးနှောက် သွေးလျှံတာလို့ ထင်ရကြောင်းလို့ ဆိုပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ကြိမ်ထည်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြသမည်



ရန်ကုန် ၊ ၂၉-၁-၂၀၁၆

ဂျာမနီနိုင်ငံ ဖရန့်ဖက်မြို့၌ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ငါးရက်ကြာ ပြသမည့် အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ (Ambiente 2016) ၌ မြန်မာနိုင်ငံမှ ကြိမ်ထည်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီက ပထမဆုံးအကြိမ် အဖြစ် ပါဝင်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပ နေကျဖြစ်သော အဆိုပါကုန်စည် ပြပွဲ၌ စက်မှု၊ လက်မှု ကုန်ထုတ်လုပ်သော နိုင်ငံတစ်ဝန်းမှ ကုမ္ပဏီများ ဝင်ရောက် ပြသခွင့်ရှိပြီး လူသုံးကုန်နှင့် အိမ်သုံး ပစ္စည်းများ၊ ကျောက်မျက် ရတနာများ အပါအဝင် လက်ဆောင် ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများကို အဓိကထား ခင်းကျင်းပြသခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ကြိမ်ထည်နှင့် လက်မှုပစ္စည်း ထုတ်လုပ်သော ပြည်တွင်း ကုမ္ပဏီ ဖြစ်သည့် Bella Interiors Co., Ltd. မှ အိမ်သုံး ပရိဘောဂနှင့် အလှဆင်ပစ္စည်းများ ပါဝင်ပြသမည် ဖြစ်ပြီး ပထမဆုံး ပြသခွင့် ရသည့်အတွက် ပြပွဲအတွေ့အကြုံ အပြင် နိုင်ငံပေါင်း ၁၅ဝ ကျော်မှ ပြပွဲလာရောက် ကြည့်ရှုသူများနှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးလည်း ရရှိနိုင်မည် ဖြစ်သည်။

ယမန်နှစ်က ကျင်းပခဲ့သော ကုန်စည်ပြပွဲ ၌ နိုင်ငံပေါင်း ၉ဝ ကျော်မှ ကုမ္ပဏီပေါင်း ၄၈ဝဝဝ ပါဝင်ပြသခဲ့ပြီး နိုင်ငံပေါင်း ၁၅ဝ ကျော်မှ လာရောက်ကြည့်ရှုသူဦးရေ ၁၃၄ဝဝဝ ကျော်ရှိခဲ့ကာ အာရှနိုင်ငံ များမှ အများစုပါဝင် ခဲ့ကြောင်း သိရသည်။ ယင်းပြပွဲတွင် ကြိမ်ထည် ပရိဘောဂ ပစ္စည်းများ၊ လက်မှုပစ္စည်းများ အပြင် စက်မှုထုတ်ကုန် အထည်ချုပ်များ ကိုလည်း လာရောက်ကြည့်ရှု သူများက စိတ်ဝင်စားမှု ရှိကြကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၅)

ဒစ်ဂျစ်တယ် ငလျင်တိုင်းတာစက်သစ်များကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တပ်ဆင်ပြီးစီး ကျန်မြို့သုံးမြို့၌လည်း ယခုလအတွင်း အပြီး တပ်ဆင်မည်


ရန်ကုန် ၊ ၂၉-၁-၂၀၁၆

ဒစ်ဂျစ်တယ် ငလျင် တိုင်းတာစက်သစ် များကို ရန်ကုန်နှင့် မန္တလေးမြို့ တို့၌ ဇန်နဝါရီ ပထမပတ်အတွင်း တပ်ဆင်ပြီးစီး ခဲ့ပြီး ကျန်မြို့သုံးမြို့ ၌လည်း ယခုလအတွင်း အပြီး တပ်ဆင်သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ငလျင်တိုင်းတာ စက်များကို အမေရိကန် ဘူမိလေ့လာရေး အဖွဲ့၏ အကူအညီဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ တမူးနှင့် ဟားခါးမြို့တို့၌ တပ်ဆင်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဒစ်ဂျစ်တယ် တိုင်းတာစက်များ အသုံးပြုခြင်းဖြင့် ငလျင် လှုပ်ရှားမှု များနှင့် ပတ်သက်ပြီး ပိုမို မှန်ကန်သည့် အချက်အလက်များကို ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ ငလျင်ဘေး ဖြစ်ပွားနိုင်သော ပြတ်ရွေ့များရှိရာ ဒေသများတွင် ရှိသည့် မိုးလေဝသနှင့် ဇလဗေဒစခန်း ၂ဝ ခန့်တွင် ငလျင်တိုင်းတာ စက်များ တပ်ဆင် ထားပြီးဖြစ်သည်။ အဆိုပါစက်များ မှ တိုင်းတာရရှိသည့် အချက်အလက် များသည် ငလျင် တစ်ကျော့ပြန် ဖြစ်နိုင်ခြေကို ပြန်လည် တွက်ချက်ရာတွင် အသုံးဝင်မည် ဖြစ်ပြီး ငလျင်ဘေး အန္တရာယ် လျှော့ချရေး အတွက်လည်း အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ငလျင်ဖြစ်ပွား နိုင်ခြေများသော နိုင်ငံ၌ ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမှ မုတ္တမ ပင်လယ်ကွေ့ အထိ ကီလိုမီတာ ၁၅ဝဝ ခန့်ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်တွင် ရစ်ခ်ျတာစကေး ၇ အထက်ရှိ အင်အားကြီး ငလျင်ကြီးများ လှုပ်ခတ်ခဲ့သောမှတ်တမ်းများ ရှိခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

ရေငန်ထွက်ကုန် ၄၀ ရာခိုင်နှုန်းကို ကုန်ချောအဖြစ် ပြင်ဆင်ထုတ်လုပ်ပြီးမှသာ ပြည်ပသို့တင်ပို့မည်



ရန်ကုန် ၊ ၂၉-၁-၂၀၁၆

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် ပစ္စည်းများတင်ပို့ ရောင်းချသည့် ဈေးကွက်အတွင်း လက်ရှိတင်ပို့ ရောင်း ချလျက် ရှိသည့် ရေငန်ထွက်ကုန် ပစ္စည်းများ၏ ၄ဝ ရာခိုင်နှုန်းကို ကုန်ချောအဖြစ် ပြင်ဆင်ထုတ်လုပ် ပြီးမှသာ တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်း က ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေငန်ထွက်ကုန် ပစ္စည်းများကို အာရှဒေသတွင်း နိုင်ငံများအနက် တရုတ်၊ ထိုင်း၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံမှ အများဆုံးဝယ်ယူလျက် ရှိပြီး ဥရောပ ဈေးကွက်မှလည်း ဝယ်ယူမှု မြင့်တက် လာကြောင်း သိရသည်။

ရေငန်ထွက်ကုန် များကို ပြည်ပသို့ တင်ပို့ရောင်းချမှု အနေအထားမှာ ပြီးခဲ့သည့် နှစ်များ ထက် နှစ်ဆခန့်မြင့်တက် လာကြောင်း ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ရေငန်ထွက်ကုန် ပစ္စည်းများကို ပုံမှန် အနေအထားဖြင့် ပြည်ပသို့ တင်ပို့ရောင်းချ ခြင်းထက် ကုန်ချောအဖြစ် ပြုပြင်ပြောင်းလဲပြီး တင်ပို့ခြင်းက နိုင်ငံခြားဝင်ငွေ ပိုမိုရရှိခြင်းကြောင့် ပြည်ပမှပညာရှင် များကို ခေါ်ယူ၍ ကုန်ချောပြုပြင် ထုတ်လုပ် တင်ပို့ရန် ပြင်ဆင်ခြင်း ဖြစ်သည်။

''လက်ရှိတင်ပို့ ရောင်းချနေတဲ့ ရေငန်ထွက်ကုန် တွေရဲ့ ၄ဝ ရာခိုင်နှုန်းကို ကုန်ချောအဖြစ် ထုတ်လုပ်ပြီးမှ ပြည်ပကို တင်ပို့ရောင်းချ တော့မယ်။ အဲဒါကလည်း ဂျပန်နိုင်ငံကို ရောင်းချတဲ့ ဈေးကွက်နဲ့ ဥရောပကို တင်ပို့ရောင်းချတဲ့ ဈေးကွက်အတွက် ပြင်ဆင်တာပါ။ ထိုင်းနဲ့တရုတ် နိုင်ငံကတော့ ကုန်ကြမ်းတွေကိုပဲ ဝယ် ယူတာ များတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

ထိုသို့ ရေငန်ထွက်ကုန် များကို ကုန်ချောအဖြစ် ပြင်ဆင်ထုတ်လုပ်ရန် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာ သင်ကြားမှုများ ပြုလုပ် သွားမည့်အပြင် ဗီယက်နမ်နိုင်ငံမှ ပညာရှင်များ ကိုလည်း ခေါ်ယူသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၁၁)

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁-၂၀၁၆) သောကြာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁-၂၀၁၆) သောကြာနေ့

Download Link = Mediafire

Thursday, January 28, 2016

ထီဆုငွေလာရောက် မထုတ်ယူသည်မှာ နှစ်စဉ် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ၀န်းကျင်ရှိနေ



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

လွန်ခဲ့သည့် ငါးနှစ်အတွင်း မှစ၍ အောင်ဘာလေ သိန်းဆုဌာနခွဲ၌ ထီဆုငွေ လာရောက် မထုတ်ယူသည့် ဆုအရေအတွက်မှာ နှစ်စဉ် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ဝန်းကျင်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင် ၏ ပြောကြားချက် အရ သိရသည်။

''ထီဆု လာမထုတ်တဲ့ သူတွေက အမျိုးမျိုး ရှိပါတယ်။ ထီထိုးပြီး ထီလက်မှတ်ကို သေချာ မသိမ်းလို့ရယ် အောင်ဘာလေ ထီဖွင့်ပြီး ထီပေါက်စဉ် ထွက်လာတဲ့အခါမှာ ထီမတိုက် တာတွေရှိပါတယ်။ ထီဆုက ဥပမာ - ဇန်နဝါရီလ ကနေ ဒီဇင်ဘာလ အထိ တစ်နှစ်တိတိ စောင့်ပြီး ထုတ်ပေးပါတယ်။ အဲဒီ နောက်ပိုင်းမှသာ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းတာပါ။ ဒီဇင်ဘာလ မတိုင်မီ နိုဝင်ဘာလမှာလည်း ဒီထီလက်မှတ် နံပါတ်တွေက ထီပေါက်ထား ပါတယ်။

လာရောက် ထုတ်ယူမှု မရှိသေးပါဘူး ဆိုတာတွေကို နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်း ကြေညာတာတွေ ဆောင်ရွက် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

နောင်အနာဂတ်တွင် အောင်ဘာလေ ထီစနစ်ကို အွန်လိုင်း e-Lottery စနစ်အသုံးပြု၍ ဆောင်ရွက်ရန် ရှိကာ အဆိုပါစနစ်ကြီး ပေါ်ထွန်း လာစေရန် အောင်ဘာလေ ထီဥပဒေကြမ်း ကိုရေးဆွဲ၍ လွှတ်တော်သို့ တင်ပြ ထားကြောင်း၊ ယင်းဥပဒေ ပေါ်ထွက်မှသာ အွန်လိုင်း စနစ်ကို ဖော်ဆောင်နိုင်မည် ဖြစ်၍ အွန်လိုင်း e-Lottery စနစ်ကို မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် စနစ်အား ရွေးချယ်၍ ပြည်ပ ပညာရှင်များကို ငှားရမ်းကာ တိုင်ပင်ညှိနှိုင်းပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အွန်လိုင်းထီ လုပ်ငန်းဆောင်ရွက် လိုသော လုပ်ငန်းရှင် ကုမ္ပဏီများကို တင်ဒါခေါ်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထီစနစ်သည် paper lottery ခေါ်ဆိုသော စနစ်ဖြင့် လုပ်ဆောင်နေကာ ခြောက်လတစ်ကြိမ် ပုံနှိပ်ရပြီး စစ်ဆေး စီထပ်ထုပ်ပိုး ရကာ သက်ဆိုင်ရာ ကိုယ်စားလှယ် ဌာနခွဲများသို့ ဖြန့်ခွဲပေးခြင်း စသည်ဖြင့် အဆင့်များစွာ ဆောင်ရွက် ရကြောင်း အွန်လိုင်းစနစ်တွင် ထိုလုပ်ငန်းစဉ်များ များစွာ သက်သာ လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ထီလုပ်ငန်းသည် ၁၉၃၈ ခုနှစ်တွင် စတင်ပေါ်ပေါက် ခဲ့ကာ ယခင်က သသမေဓအခွန် နှင့် လူခွန် ကောက်ခံမှု အစား အောင်ဘာလေထီ ဟူ၍ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၆)

ဆေးဝါးစက်ရုံ(အင်းစိန်) ရှိ အဆင့်မြင့်မြွေဆိပ်ဖြေဆေး စက်ရုံသစ်ကြီး မှဆေးပုလင်း အလုံးပေါင်းတစ်သိန်းကျော် ထုတ်လုပ် နိုင်တော့မည်



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်) ဝင်း၌ အသစ်တည်ဆောက် ပြီးစီးတော့မည့် အဆင့်မြင့် မြွေဆိပ်ဖြေဆေး စက်ရုံသစ်ကြီး သည် ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးလာပြီ ဖြစ်ရာ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ တစ်နှစ်လျှင် မြွေဆိပ်ဖြေ ဆေးပုလင်း အလုံးရေ တစ်သိန်းကျော် ထုတ်လုပ်ပေး သွားမည် ဖြစ်ကြောင်း စက်ရုံမှူး/ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင် က ပြောသည်။

''၂ဝ၁၁-၂ဝ၁၂ ခုနှစ်မှာ မြွေဆိပ်ဖြေဆေး ပုလင်းအလုံး ၁၂ဝဝဝ သာ ထုတ်လုပ် နိုင်ခဲ့တယ်။ အခုဒီစက်ရုံ သစ်ကြီး ပြီးစီးရင်တော့ ဆေးပုလင်း အလုံးရေ တစ်သိန်းကျော် ထုတ်လုပ်ပေး နိုင်တော့မှာပါ။ ဒီဆေးက စက်စွမ်းအားနဲ့ ထုတ်လုပ်လို့ မရပါဘူး။ မြင်းတွေ၊ လားတွေ၊ သိုးတွေ ရဲ့သွေးရည်ကြည် ကနေ BIO နည်းနဲ့ အဆင့်ဆင့် ထုတ်လုပ်ရတာ ဖြစ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုးချဲ့မွေးမြူ နေပါတယ်'' ဟုဆက်လက် ပြောသည်။

ယခုအခါတွင်  မြွေဆိပ်ဖြေဆေး စက်ရုံအပါအဝင် အခြားဆေးဝါး ထုတ်လုပ်ရေး စက်ရုံများကို ဧက ၈ဝ ကျယ်ဝန်းသော ရန်ကုန်မြို့ အင်းစိန် ဆေးဝါးလုပ်ငန်း စက်ရုံဝင်း အတွင်း၌ တည်ဆောက်ေ နခြင်း ဖြစ်သည်။

စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ ကုမ္ပဏီအသီးသီးမှ ကဏ္ဍအလိုက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း စီမံကိန်းစတင် ခဲ့ပြီး ယခုအခါ မြွေဆိပ်ဖြေဆေး စက်ရုံမှာ တည်ဆောက်ရေး လုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်၍ ဖေဖော်ဝါရီလတွင် မြွေဆိပ်ဖြေဆေးများ စတင်ထုတ်လုပ် လည်ပတ်သွားမည် ဖြစ်ကြောင်းသိရသည်။ စက်ရုံအတွက် လိုအပ်သော မြင်း၊ လား၊ သိုး တိရစ္ဆာ န် များ၏ သွေးရည်များ ရယူနိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်ရှိ မြင်း၊ သိုး မွေးမြူရေး စခန်းမှ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးရှိ မြင်းနှင့် လား မွေးမြူရေး စခန်းမှ လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ် ရန်ပယ်မြင်း၊ သိုး မွေးမြူရေး စခန်းမှ လည်းကောင်း လိုအပ်သော BIO Product သွေးရည်များအား ထုတ်ယူကာ  အဆင့်ဆင့် ထုတ်လုပ်ရယူရေး အတွက် မွေးမြူလျက် ရှိကြောင်း သိရသည်။

ထို့ပြင် စက်ရုံဝင်း အတွင်း၌ မြွေပွေး၊ မြွေဟောက်နှင့် အခြား မြွေအမျိုးမျိုး တို့အား သဘာဝ အတိုင်း မွေးမြူထားရှိ နိုင်စေရန် မြွေခြံကို တည်ဆောက် နေပြီဖြစ်ရာ မကြာမီ ပြီးစီးတော့မည် ဖြစ်သည်။ အဆိုပါ မြွေခြံသို့ ဆေးတက္ကသိုလ် ကျောင်းသားများ၊ ဆေးဝါးဆိုင်ရာ ပညာသင်ကြား နေသူများ လာရောက်လေ့လာ နိုင်မည်ဖြစ်သည်။ အလားတူ ယခု တည်ဆောက်လျက် ရှိသော ဆေးပြားတောင့် စက်ရုံ အဆောက်အဦနှင့် ပဋိဇီဝဆေးဝါး ထုတ်လုပ်ရေး စက်ရုံတို့ကို မတ်လကုန်တွင် အပြီး တည်ဆောက်ကာ ၂ဝ၁၇ ခုနှစ် ဧပြီလတွင် ဆေးများစတင် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း စက်ရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ်

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရေရှည်ရပ်တည်နိုင်ရေး ပညာရေးဝန်ကြီးဌာန ၏ အကူအညီများစွာ လိုအပ်



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ ရေရှည်ရပ်တည် နိုင်ရေးမှာ ပညာရေးဝန်ကြီး ဌာန၏ အကူအညီများစွာ လိုအပ်လျက် ရှိကြောင်း သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အနေဖြင့် ပညာသင်ကြားရန် အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများကို နေ့၊ ည စာသင်ဝိုင်းများ ဖွင့်လှစ်၍ သင်ကြားေ ပးခြင်း၊ ကျောင်းအိပ် ကျောင်းစား ထားရှိကာ သင်ကြားပေးခြင်း၊ အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်းနှင့် ဆရာ၊ ဆရာမများကို လစဉ် ပံ့ပိုးပေးခြင်း စသည့် ကုန်ကျစရိတ်များ အတွက် နိုင်ငံတော်နှင့် အလှူရှင်များ၏ ပံ့ပိုးပေးမှု လိုအပ်လျက် ရှိကြောင်း သိရသည်။

''ဘုန်းကြီးတို့ ကျောင်းမှာ စာသင်ကျောင်းသား ၂၅ဝ ကျော်ရှိတယ်။ ပထမတန်း ကနေ တက္ကသိုလ်ဝင်တန်း အထိ နေ့၊ ည သင်ပေးပါတယ်။ သင်ထောက်ကူပြု ပစ္စည်းတွေ လစဉ် လိုအပ်တယ်။ အလှူရှင်တွေက လာလှူပေမယ့် ကျောင်းက ဆရာတွေကို လစာပေးရတာ တွေရှိတော့ အခက်အခဲ ရှိလာတယ်'' ဟု သဲကုန်းကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းထိုင် ဆရာတော် ဦးသုဝေဒ က မိန့်ကြားသည်။

ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို အစိုးရ ကျောင်းများကဲ့သို့ ကျောင်းစရိတ် ပံ့ပိုးပေးခြင်းနှင့် ဆရာ၊ ဆရာမများ၏ လစာ ပံ့ပိုးပေးခြင်းကို လာမည့် ပညာသင် နှစ်တွင် ပေးနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျောင်းစရိတ် ပံ့ပိုးပေးရာတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကိုသာ ပေးအပ်မည့် အပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များရှိ ဆရာ၊ ဆရာမ များကို အစိုးရဝန်ထမ်း များနည်းတူ လစာပေး သွားမည် ဖြစ်သည်။

ယခုအခါ တစ်နိုင်ငံလုံး၌ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း မည်မျှ ရှိသည်ကို သိရှိနိုင်ရန် စာရင်းကောက်ယူ ထားပြီး ရန်ကုန်တိုင်း ဒေသကြီး၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၅ဝ ကျော်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၁)

မြန်မာ-ဂျပန် ပူးပေါင်းပြီးပြည်ပ သွားရောက်လုပ်ကိုင် လိုသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်သွားရန်စီစဉ်



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

မြန်မာနိုင်ငံရှိ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံ အဲဟီမီခရိုင် ရှိ နိုင်ငံခြားနည်း ပညာ အလုပ်သင်များ လက်ခံသင်ကြားမှု ပူးပေါင်း ဆောင် ရွက်ရေး ကောင်စီတို့ ပူးပေါင်း၍ ပြည်ပသို့ သွားရောက် လုပ်ကိုင်လိုသည့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကျွမ်းကျင်လုပ်သားများ ပေါများလာ စေရန် ပြည်တွင်းမှ အလုပ်သင်များအား လက်ခံသင်ကြား ပို့ချရေးနှင့် ပတ်သက်၍ ယင်း အဖွဲ့အစည်း နှစ်ခုအကြား ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး လိုက်သဖြင့် ဂျပန်နိုင်ငံရှိ မြန်မာလုပ်သား များအတွက် လုံခြုံမှု ပိုမိုရှိလာနိုင်ပြီး ထိခိုက်မှု တစ်စုံတစ်ရာ ရှိလာပါကလည်း အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံမှ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် အနေဖြင့် ဂျပန်နိုင်ငံ၌ Call Center တစ်ခုဖွင့်လှစ် သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ဆောင် ထားသော တရားဝင် အလုပ်သမား ဦးရေ ၃ဝဝဝ ခန့်သာရှိပြီး ယခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက် လုပ်ကိုင်သူ ပိုမိုများပြား လာနိုင်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၁၁)

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၄)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၄)

Download Link = Mediafire

တရုတ် လာအို မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ၂၀၁၆ ခုနှစ်တွင် မဲခေါင်မြစ်အတွင်း ပထမဆုံးပူးတွဲကင်းလှည့်ခြင်း ကို ဇန်န၀ါရီ ၂၆ ရက်နံနက်ပိုင်းမှ စတင်



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ၂ဝ၁၆ ခုနှစ်တွင် မဲခေါင်မြစ် အတွင်း ပထမဆုံး ပူးတွဲ ကင်းလှည့်ခြင်းကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းမှ စတင်ခဲ့ပြီး ပြစ်မှုဆိုင်ရာ မှုခင်း လှုပ်ရှားမှု များအား စောင့်ကြည့်စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ လေးရက်ကြာ ကင်းလှည့်ခြင်း အစီအစဉ်တွင် တရုတ်နိုင်ငံမှ သင်္ဘော ငါးစင်းနှင့် လာအိုနိုင်ငံမှ သင်္ဘောသုံးစင်း စုစုပေါင်း သင်္ဘော ရှစ်စင်း ပါဝင်မည်ဖြစ်ပြီး ကင်းလှည့် သင်္ဘောများသည် တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ် ရှီရွှမ်းဘန်နာ (Xishuangbanna) ရှိ ကွမ်းလဲ့ ဆိပ်ကမ်းမှ နံနက် ၈ နာရီတွင် ထွက်ခွာခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်တွင် မဲခေါင်မြစ် အတွင်း ပထမဆုံး ပူးတွဲကင်းလှည့်ခြင်း အစီအစဉ်တွင် ရွှေတြိဂံဒေသ၌ မူးယစ်ဆေးဝါး၊ လက်နက် နှင့် လူမှောင်ခိုကူးခြင်း စသည့်မှုခင်း များအား ကာကွယ်သွားရန် နိုင်ငံ လေးနိုင်ငံမှ ဥပဒေရေးရာ ဝန်ထမ်းများလည်း အဆိုပါ သင်္ဘောများနှင့် အတူ လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ထိုင်းနိုင်ငံ ရေပိုင်နက် အတွင်း ကုန်တင်သင်္ဘော နှစ်စင်း ပြန်ပေးဆွဲ ခံရခြင်းနှင့် တရုတ် သင်္ဘောသား ၁၃ ဦး အသတ်ခံရ ပြီးနောက် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ မှစပြီး မဲခေါင်မြစ် အတွင်း ပူးတွဲ ကင်းလှည့်ခြင်း အစီအစဉ်ကို စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

လူငယ်များအကြား ဆေးမင်ကြောင်ထိုးမှုတွင် အမျိုးသမီးများမှာ အမျိုးသားများထက် ထိုးနှံမှုပိုလာ



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

လူငယ်များ အကြားတွင် ဆေးမင်ကြောင် ထိုးသည့် လုပ်ဆောင်မှုမှာ ယခု နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့် လာပြီး အမျိုးသမီး များမှာ အမျိုးသား များထက် ပိုများနေကြောင်း ပြည်တွင်း ကျန်းမာရေး ဆိုင်ရာ သုတေသီများ၏ သုတေသနပြု လေ့လာချက် များအရ သိရသည်။

ဆေးသုတေသန ဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် တို့ရှိ သုတေသီ များက အမျိုးသမီးများ ဆေးမင်ကြောင် ထိုးခြင်း၏ ၈၄ ဒသမ ၃ ရာခိုင်နှုန်းသည် ဆေးမင်ကြောင် ထိုးခြင်းနှင့် သက်ဆိုင်သော ကျန်းမာရေး ဗဟုသုတများ မရှိသည်ကို လည်း သုတေသနပြု လေ့လာမှုများ အရ တွေ့ရသည်။

''ဘေးထွက်ဆိုးကျိုး တွေကိုမသိဘဲ ထိုးတာ ဖြစ်ပါတယ်။ ဆေးမင်ကြောင် ထိုးတဲ့လူငယ် တွေကြားမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ နည်းနေတာကို တွေ့ရပါတယ်'' ဟု ယင်း သုတေသနပြု လေ့လာရာတွင် ပါဝင်သော ဒေါက်တာ ဝင်းမော်ထွန်း က ပြောသည်။

ထိုသို့ ဆေးမင်ကြောင် ထိုးရာတွင် ၁၇ ဒသမ ၇ ရာခိုင်နှုန်း ကသာ ကျန်းမာရေးအသိ ရှိကြသော်လည်း ကျန်လူငယ် အများစုမှာ ကျန်းမာရေး အသိမရှိဘဲ ထိုးနှံကြသည့် အတွက် ဆေးမင်ကြောင်နှင့် ပတ်သက်သည့် ပညာပေး လုပ်ဆောင်မှု များကို တိုးချဲ့ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ယင်း သုတေသီများက အကြံပြုထား ကြသည်။ ဆေးမင်ကြောင် ထိုးနှံပေးသူမှာ မိမိ ကိုယ်တိုင်လည်း ကိုယ်ပေါ်တွင် ထိုးထား၍ တခြားသူများ ကိုလည်း ဝန်ဆောင်ခဖြင့် လိုက်လံ ထိုးပေးလေ့ရှိပြီး ထိုးနှံသော ဆေး အရည်အသွေး နှင့် ဒီဇိုင်းပုံတို့ အပေါ် မူတည်၍ ငွေကြေးကုန်ကျမှု ကွာခြားလေ့ ရှိကြောင်း သိရသည်။

ဆေးမင်ကြောင် ထိုးသော ဒီဇိုင်းရုပ်များကို အွန်လိုင်းမှ တစ်ဆင့် ရှာဖွေစုဆောင်း ကြခြင်းဖြစ်ပြီး ထိုးနှံသုံးစွဲသော ဆေးကို ပြည်ပမှ တင်သွင်းကြောင်း သိရသည်။

ယခင်က ဘုရားပွဲ ဈေးများနှင့် ပွဲလမ်းသဘင် များ၌ ဆေးမင်ကြောင် ထိုးကြလေ့ရှိပြီး ယခုအခါ ဝင်ငွေနည်းသော သူများမှာ ကြုံရာကျပန်း ထိုးနှံကြပြီး ငွေကြေး တတ်နိုင်သူများ မှာ အိမ်တိုင် ရာရောက် ခေါ်ယူ ထိုးနှံခြင်း သို့မဟုတ် ဆိုင်များသို့ သွားရောက် ထိုးနှံခြင်းများ ရှိပြီး ဆေးမင်ကြောင် ထိုးနှံရာတွင် ထိုးမည့်ရုပ်ပုံ တစ်ခု၏ ကုန်ကျစရိတ်မှာ ကျပ် သောင်းဂဏန်းမှ သိန်းဂဏန်း အထိရှိကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၆)

ကမ္ဘာတစ်ဝန်းရှိ ကလေးနှင့် ဆယ်ကျော်သက်များ သေဆုံးရသည့် အကြောင်းရင်းများကို ထုတ်ပြန်



နယူးယောက် ၊ ၂၈-၁-၂၀၁၆

ကမ္ဘာတစ်ဝန်းတွင် ကလေးငယ် များနှင့် ဆယ်ကျော်သက် အရွယ်များ သေဆုံးမှုမှာ ၂ဝ၁၃ ခုနှစ် တစ်နှစ်တည်း တွင် ဦးရေ ၇ ဒသမ ၇ သန်းရှိခဲ့ပြီး ၄င်းတို့အနက် ၆ ဒသမ ၃ သန်းမှာ အသက် ငါးနှစ်အောက် အရွယ် ကလေးငယ်များ ဖြစ်ကာ အသက်ငါးနှစ်မှ ကိုးနှစ်အရွယ်ထိ သေဆုံးသူ ဦးရေ ၄၈ဝဝဝဝ နှင့် အသက် ၁ဝ နှစ်မှ ၁၉ နှစ်အရွယ်ထိ သေဆုံးသူ ဦးရေ ၉၇ဝဝဝဝ တို့ဖြစ်ရာ ၄င်းတို့ အများဆုံး သေဆုံးခဲ့ရသော အကြောင်းရင်းမှာ ငါးခုရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ မှ ကြေညာချက် ထုတ်ပြန်သည်။

၂ဝ၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ကလေးနှင့် ဆယ်ကျော်သက် အရွယ် သေဆုံးစေမှု အများဆုံး အကြောင်းရင်း များမှာ အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းဖြစ်ပြီး ဦးရေ ကိုးသိန်းထက် မနည်း သေဆုံးခဲ့သည်။ ဒုတိယ အကြောင်းရင်းမှာ မွေးကင်းစ ကလေးများ အောက်ဆီဂျင် မဝခြင်း၊ ငှက်ဖျားပိုး ဝင်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်း ကြောင့် သေဆုံးခြင်းတို့ ဖြစ်သည်။

မွေးကင်းစ အရွယ်မှ လွန်မြောက် သွားသော ကလေးငယ်များ တွင်လည်း ဝမ်းပျက်၊ ဝမ်းလျှော ခြင်းက အဓိက သေစေနိုင်ပြီး ဆယ်ကျော်သက် အရွယ်များသည် လမ်းမတော်တဆ ဖြစ်မှု များကြောင့် အများဆုံး သေဆုံးကြ သည်ကို တွေ့ရသည်။

အမေရိကန် ပြည်ထောင်စုတွင် အသက် တစ်နှစ်နှင့် အထက် ကလေးငယ် များသည် မထင်မှတ်သော ဒဏ်ရာများရရှိကာ သေဆုံးသူ များပြားပြီး ယာဉ်တိုက်မှု၊ ရေနစ်မှု၊ သေနတ် မတော်တဆမှု တို့ အဖြစ် များကြောင်း သိရသည်။

''ကမ္ဘာတစ်ဝန်းမှာ အသက်ရှူ လမ်းကြောင်း ပိုးဝင်တာ ဝမ်းပျက်၊ ဝမ်းလျှော တာတွေကြောင့် လူပေါင်း သိန်းသန်းချီပြီး မသေသင့်ဘဲ သေဆုံးနေ ရပါတယ်။ တကယ်တော့ လေထုနဲ့ ရေထု သန့်စင်မှုကို ဦးစားပေး ဆောင်ရွက် လိုက်ရုံနဲ့ ဒီ ဒေသဆုံးမှုတွေကို အများအပြား လျှော့ချပေး နိုင်မှာ ဖြစ်ပါတယ်'' ဟု စောင့်ကြည့် လေ့လာသူ တစ်ဦးက ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်

အာကာသအမှိုက် များကြောင့် မတော်တဆဖြစ်ပွားရာမှ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်လာနိုင်ဟု သတိပေးချက် ထုတ်ပြန်




မော်စကို ၊ ၂၈-၁-၂၀၁၆

ကမ္ဘာ့ပတ်လမ်း အနိမ့်ပိုင်းတွင် အာကာသ အမှိုက်များ တဖြည်းဖြည်းပိုများ လာနေပြီး နိုင်ငံတကာမှ လွှတ်တင် လိုက်သော အာကာသ ယာဉ်များ၊ ဂြိုဟ်တုများ၊ အခြား စူးစမ်းလေ့လာရေး ယာဉ်များနှင့် မတော်တဆ တိုက်မိနိုင်ကြောင်း နှင့် အမှိုက်နှင့် တိုက်မိ၍ ဖြစ်ပွားသော မတော်တဆမှုကို နားလည်မှု လွဲမှားကာ ကမ္ဘာ့နိုင်ငံ အချင်းချင်း နိုင်ငံရေး တင်းမာမှုမှ လက်နက်ကိုင် ပဋိပက္ခထိ ဖြစ်ပွား လာနိုင်သည်ဟု ရုရှားသိပ္ပံ အကယ်ဒမီမှ သုတေသီ များက သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။

ခေတ်အဆက်ဆက် က လွှတ်တင်ခဲ့သော ဒုံးကျည်များ၏ အကြွင်းအကျန် အပိုင်းအစများ သည် ကမ္ဘာ၏ ပတ်ပတ်လည်တွင် စီးမျောနေခြင်း ဖြစ်ပြီး ဒုံးကျည်များ လွှတ်တင်လိုက်သော အကြိမ်ရေ တိုးလာတိုင်း ၄င်း အကြွင်းအကျန် အပိုင်းအစ များလည်း တိုးလာသည်ဖြစ်ရာ ယခုအခါ ကမ္ဘာ့ပတ်လမ်းတွင် ရှိနေသော အာကာသ အမှိုက်များမှာ အလွန် များပြားသည့် အဆင့်သို့ ရောက်နေသဖြင့် လွှတ်တင်လိုက်သည့် အာကာသယာဉ် များနှင့် တိုက်မိ နိုင်ခြေလည်း မြင့်မားလာ နေခြင်းဖြစ်သည်။

''အာကာသထဲက အမှိုက်စတွေဟာ အရွယ်အစား အားဖြင့် အလွန် သေးငယ်သည် ဆိုအုံးတော့ တစ်နာရီကို မိုင်ပေါင်း ၁၇၅ဝဝ အလျင်နဲ့ ရွေ့လျားနေတာ ဖြစ်တဲ့အတွက် အာကာသယာဉ် တွေနဲ့ တိုက်မိရင် ကြီးမားတဲ့ ပေါက်ကွဲပျက်စီး မှုကြီး ဖြစ်လာနိုင်ပါတယ်။ အရင် ဒီအမှိုက်စတွေ နည်းတုန်းက အာကာသယာဉ် တွေနဲ့ တိုက်မိနိုင်ခြေ နည်းပါးပေမယ့် အခု အခြေအနေ အရ အမှိုက်စတွေ အလွန်များ နေပြီမို့ အချိန်မရွေး တိုက်မိနိုင်တယ် လို့ ဆိုရမှာဖြစ် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

လက်ရှိတွင် နာဆာက ခြေရာခံစောင့်ကြည့် နေသော အာကာသ အမှိုက်စပေါင်း ငါးသိန်းထက် မနည်းရှိပြီး တစ်နာရီလျှင် မိုင်နှုန်း ၁၇၅ဝဝဖြင့် ရွေ့လျားနေကြောင်း၊ အမှိုက်စ အများစုမှာ ဂေါ်လီလုံးခန့်သာ ရှိသော်လည်း အစပေါင်း ၂ဝဝဝဝ ခန့်မှာ ဘောလုံးတစ်လုံး ခန့်အရွယ်ရှိသည်။ လက်ရှိ နာဆာ မှတ်တမ်းတင် ထားသော အမှိုက်စ ငါးသိန်းအပြင် ရုတ်ချည်း မမြင်နိုင်အောင် သေးငယ်လှသည့် အမှိုက်စပေါင်း သန်းပေါင်းများစွာ ရှိနိုင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်

ဗြိတိသျှကောင်စီမှ ကြီးမှူး၍ ၂၀၁၆ ခုနှစ် ဗြိတိန်ပညာရေးပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၈-၁-၂၀၁၆

မြန်မာနိုင်ငံ အခြေစိုက် ဗြိတိသျှကောင်စီ မှကြီးမှူး၍ ၂ဝ၁၆ ခုနှစ်အတွက် ဗြိတိန် ပညာရေး ပြပွဲကြီးတစ်ခု ကျင်းပသွားရန်  စီစဉ် ထားကြောင်း သိရသည်။

အဆိုပါပြပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ Sule Shangri-la Hotel Myanmar Ballroom Level-2 ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ဗြိတိန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ် နှင့်ကောလိပ် များမှ ပါဝင်ပြသမည် ဖြစ်ပြီး တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၂ဝ ကျော်ခန့် ပါဝင်ပြသကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်နှင့် ကောလိပ်များမှ ကိုယ်စားလှယ် များက ပြပွဲသို့ စိတ်ပါဝင်စားစွာ လာရောက်ကြမည့် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ၄င်းတို့ ကိုယ်စားပြု ကျောင်းအသီးသီးမှ ပို့ချပေးနေသော ဘာသာရပ်များ၊ ဝင်ရောက်ခွင့် ရမှတ်၊ လိုအပ်သော အရည်အချင်းနှင့် ပညာသင်ဆုများ အကြောင်းကို ရှင်းလင်း ပြောကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်နိုင်ငံ၌ ပညာသင်ကြားလျက် လုပ်ငန်းခွင် အတွေ့အကြုံ ရရှိနိုင်သော အခွင့်အရေးများ အကြောင်းကိုလည်း အကျယ်တဝင့် ထည့်သွင်းဆွေးနွေး တိုင်ပင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗြိတိန်နိုင်ငံသို့ သွားရောက်ပညာ သင်ကြားလိုပါက အဆင်ပြေ လွယ်ကူစွာ သွားရောက်သင်ကြား နိုင်ရန်ရည်ရွယ်၍ ဗြိတိသျှကောင်စီ အနေဖြင့် ယခုကဲ့သို့ ပညာရေး ပြပွဲကြီးကို ပြသနိုင်ရန် စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးပြပွဲကို စိတ်ပါဝင်စား၍ တက်ရောက်လို သူများအနေဖြင့် ဗြိတိသျှကောင်စီ https// twitter.com/bmBritish သို့ ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

ပြည်ပဈေးကွက်များတွင် မြန်မာ့ကော်ဖီဈေးနှုန်များ ယခင်နှစ်ထက် ပို၍မြင့်တက်



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

မြန်မာ့ကော်ဖီစေ့ များကို ထုတ်လုပ်ရာတွင် နည်းစနစ်ပုံစံများ ပြောင်းလဲပြီး အရည်အသွေး၊ အနံ့၊ အရသာ အထူး ကောင်းမွန်အောင် ပြုလုပ်လာနိုင်ခြင်း တို့ကြောင့် လက်ရှိတွင် နိုင်ငံတကာ ဈေးကွက်များ၌ ယခင်နှစ်များ ကထက် ဈေးနှုန်းတစ်ဆခန့် မြင့်တက်သွားပြီး ဝယ်ယူမှုပိုမို များပြား လာကြောင်း မြန်မာနို င်ငံ ကော်ဖီအသင်း မှ သိရသည်။

''အရင်က မြန်မာ့ကော်ဖီစေ့ တွေကို ထုတ်လုပ်တဲ့ နေရာမှာ နည်းစနစ်တွေက မမှန်တာတွေ ရှိတယ်။ ပြီးတော့ ထုပ်ပိုးမှုမှာ သေသပ်မှုလည်း နည်းပါးခဲ့တယ်။ အရင် ကတည်းက မြန်မာ့ကော်ဖီရဲ့ အနံ့၊ အရသာ တွေကို နိုင်ငံတကာက လက်ခံကြိုက်နှစ်သက် ကြပေမယ့် အားနည်းချက်တွေ ရှိတာကြောင့် ဈေးကွက်မှာ ဈေးကောင်းမရရှိ ခဲ့ပါဘူး။ ဒါကြောင့် ပြည်ပက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ကော်ဖီသန့်စင် စနစ်တွေနဲ့ ကော်ဖီအခွံချွတ် စနစ်တွေကို သင်ကြားပို့ချမှု တွေပြု လုပ်ပြီး ဈေးကွက်ကို တင်ပို့တဲ့အခါမှာ နိုင်ငံတကာ အဆင့် ၈၅ မှတ်အထိ ရရှိပြီး ဈေးနှုန်းတွေ ကလည်း မြင့်တက် သွားတာပါ''ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁ဝဝ ကျော်မှ ကော်စတာရီကာ ကော်ဖီမျိုး များကိုသာ စိုက်ပျိုးပြီး ဈေးကွက်သို့တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။ ၄င်း ကော်စတာရီကာ ကော်ဖီသည် ရွာငံမြို့နယ် အတွင်း၌ တစ်နှစ်လျှင် တန်ချိန် ၇ဝဝ ကျော် ထွက်ရှိကြောင်း သိရသည်။

ယခင်နှစ်များက ကော်ဖီအမှည့် တစ်ပိဿာလျှင် ကျပ် ၅ဝဝ ခန့်သာ ပေါက်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၈၅ဝ အထိဈေးရရှိ လာကြောင်း သိရသည်။ ထို့ပြင် အခွံချွတ်ပြီးသား ကော်ဖီအစေ့ တစ်ပိဿာလျှင် ကျပ် ၂၅ဝဝ ခန့်သာ ပေါက်ဈေးရှိပြီး လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် ၄၅ဝဝ အထိ ဈေးနှုန်းများ မြင့်တက်လာကာ နိုင်ငံတကာမှ ဝယ်လိုအားလည်း မြင့်တက် လာကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁-၂၀၁၆) ကြာသပတေးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁-၂၀၁၆) ကြာသပတေးနေ့

Download Link = Mediafire

Wednesday, January 27, 2016

ရှားစောင်းလက်ပပ်အနှစ် ဆေးဖက်ဝင်ပုံ



ရှားစောင်းလက်ပပ်အနှစ် ဆေးဖက်ဝင်ပုံ

< ကြည်မြင့်လွင် (မုဒြာ) >

ရှားစောင်း လက်ပပ်ပင် ကို လူတိုင်းသိကြ သည်။ ပန်းအိုးနှင့် စိုက်ထားလျှင်ပင် ရှင်သန်ပြီး ပွားလွယ်၍ မြန်မာ တစ်နိုင်ငံ လုံး နေရာတိုင်းတွင် တွေ့နိုင်သော အပင်ဖြစ်သည်။ မုတ်ခါး ထုတ်ရန် စီးပွားဖြစ် လည်း စိုက်ကြသည်။

ဆောင်းဥတုတွင် အေးသဖြင့် ရေမချိုးဘဲ နေသူ တစ်ဦးသည် ပါးစပ်တွင် အပူကန်နာများ ပေါက်လာပြီး အစာမစားနိုင်၊ ရေပင်ေ ကာင်းစွာ မသောက်နိုင် သည်ထိ ဖြစ်ရသည်။ ထိုသူကို ရှားစောင်း လက်ပပ် အပြင်ခွံများ ခွာပြီး အတွင်းအနှစ်ကို လက်တစ်ဆစ်ခန့် အတုံးလေးများ ပြုလုပ်ပြီး ငုံခိုင်းရာ ပါးစပ်အတွင်းမှ အနာများ (အပူကန်နာများ) သုံးရက် အတွင်း ပျောက်ကင်း သွားသည်ကို တွေ့ရသည်။

လည်ချောင်းနာပြီး အစာအဖတ် ကောင်းစွာမျိုမချ နိုင်သူတစ်ဦးမှာ ဝမ်းချုပ်၍ ဖြစ်သည်ထင်ကာ ဝမ်းနုတ်ဆေး စားရာ ဝမ်းလျှောပြီး နောက် အပူများက အထက်သို့ ပိုကန်ပြီး လည်ချောင်းမှာ ပို၍ပင် နာလာသည်။

လည်ချောင်းနာ သက်သာစေရန် ရှားစောင်း လက်ပပ် အနှစ်ကို ပျားရည် အနည်းငယ်နှ င့် ရောခေါက်ပြီး ကျွေးသောအခါ တဖြည်းဖြည်း အစာမျိုနိုင် လာသည်ကို တွေ့ရသည်။

ရှားစောင်းလက်ပပ် အနှစ်သည် ရောင်ပြီး နီနေသည့် အပူကန်နာ မှန်သမျှ ပျောက် ကင်း စေနိုင်သည်ကို တွေ့ရသည်။ မျက်စိကို သားရေကွင်းနှင့် ပစ်ခံရသဖြင့် မျက်စိနီရဲ နေသော ကလေးတစ်ဦးကို ဆားရည်အကြည်ဖြင့် မျက်စဉ်းခတ် ပေးပြီး ရှားစောင်းလက်ပပ် အနှစ်ကို မျက်ခွံပေါ်မှ အုပ်ပေးသောအခါ သက်သာ ပျောက်ကင်း သည်ကို တွေ့ရသည်။

ရှားစောင်းလက်ပပ် အနှစ်ကို ရိုးရိုးမျက်စိနာ တွင်လည်း သုံးနိုင်သည်။ မိုးဦးကျချိန် မြေငွေ့များ ပြန်သဖြင့် မျက်စိနာရောဂါ အဖြစ်များသည်။ ထိုမျက်စိနာသူ များကို သင့်လျော်သော မျက်စဉ်းခတ် ပေးပြီး မျက်လုံးအိမ် ပေါ်မှ ရှားစောင်းလက်ပပ် အနှစ်ကို အုပ်ပေးလျှင် မျက်စိပူခြင်း၊ အောင့်ခြင်း၊ စူးခြင်းမှ သက်သာ စေနိုင်သည်ကို တွေ့ရသည်။

မျက်စိနာ သာမက မျက်စိစွေစောင်း သော ရောဂါကိုလည်း ရှားစောင်းလက်ပပ် အနှစ်အုံပေးခြင်းဖြင့် သက်သာ စေနိုင်သည်။ ကွန်ပျူတာဖြင့် ဂိမ်းကစား များသော ၁ဝ နှစ်သားကလေး တစ်ဦး မျက်စိတစ်ဖက် စွေစောင်း သွားသည်ကို ရှားစောင်းလက်ပပ် အနှစ်ကပ်ပြီး မျက်စိ အနားပေး ထားသောအခါ ပြန်တည့်ပြီး သက်သာ သည်ကို တွေ့ရသည်။

ရှားစောင်းလက်ပပ် အနှစ်ကို နေ့စဉ် စားသုံးပေးလျှင် အညောင်းထိုင်၍ ဝမ်းချုပ်သူတို့တွင် အဖြစ်များသည့် လိပ်ခေါင်း ရောဂါကို သက်သာ စေနိုင်သည်။ ဝမ်းကို အေးစေပြီး သွေးကြော များကို ပြန်၍ ကျုံ့စေနိုင်သော သတ္တိရှိသည်။ လိပ်ခေါင်းသွေးကျ ရောဂါကိုလည်း သက်သာ စေနိုင်သည်။ ရှားစောင်းလက်ပပ် အနှစ်မှရသော အစေးကို ချက်ယူသည့် မုတ်ခါး ပါဝင်သည့် ဆေးဖြင့်လည်း လိပ်ခေါင်းေ သွးကျ ရောဂါ ပျောက်ကင်း စေနိုင်သည်။

ရှားစောင်းလက်ပပ် အနှစ်ကို လိပ်ခေါင်းရောဂါ အတွက် စားဆေးအဖြစ် သာမက လိမ်းဆေးအဖြစ် လည်း အသုံးပြု နိုင်သည်။ ကလေးငယ် တစ်ဦးတွင် ဝမ်းလျှောရာမှ စအိုကျွံပြီး လိပ်ခေါင်း ထွက်လာ သည်ကို တွေ့ရဖူးသည်။

ထိုလိပ်ခေါင်းကို မခွဲမစိတ်ရဘဲ ရှားစောင်း လက်ပပ် အနှစ်ဖြင့် ကပ်ပေးခြင်းဖြင့် တဖြည်းဖြည်း ပြန်ကျုံ့ ဝင်သွား သည်ကို တွေ့ရသည်။ လူကြီးများတွင် ဖြစ်သော အပြင်ထွက်ပြီး ပြန်မဝင်သည့် တတိယအဆင့် လိပ်ခေါင်းရောဂါ ကို ရှားစောင်းလက်ပပ် အနှစ်ကို ကော်ရည်ကဲ့သို့ ဖြစ်အောင် စနစ်တကျ ခြေပြီး သုတ်လိမ်းပေးလျှင် ပျောက်ကင်း စေနိုင်သည်။

အမျိုးသမီးများ သွေးဆုံးရောဂါ နှင့် အဖြူဆင်းရောဂါ၊ သွေးလွန်ရောဂါ များအတွက် ရှားစောင်းလက် ပပ်အနှစ်သည် အကောင်းဆုံး မီးယပ်ဆေး ဖြစ်သည်။ အနှစ်ကို ထန်းလျက်ဖြင့် ယိုထိုးသကဲ့သို့ ပြုလုပ်ပြီး စားသုံးလျှင်လည်း မီးယပ်မှန် အားဆေး ဖြစ်သည်။ မီးယပ်သွေး ကျန်၍ ဖြစ်သော မျက်နှာမှ တင်းတိပ်များ ကိုလည်း ရှားစောင်းလက်ပပ် အနှစ်ဖြင့် ကပ်ပြီး မျက်နှာပေါင်းတင် ပေးခြင်းဖြင့် သက်သာ စေနိုင်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

စက်ရုံများရှိ အစမ်းခန့်ဝန်ထမ်း လုပ်သားများအနေဖြင့် အခကြေးငွေ၏ ၇၅ ရာခိုင်နှုန်းကို အလုပ်ရှင်များက ပေးရမည်


ရန်ကုန် ၊ ၂၇-၁-၂၀၁၆

စက်ရုံများရှိ အစမ်းခန့် ဝန်ထမ်းလုပ်သားများ အနေဖြင့် အခကြေးငွေ၏ ၇၅ ရာခိုင်နှုန်း ကို အလုပ်ရှင် များက ပေးအပ်ရမည်ဟု အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လုပ်ငန်း ကျွမ်းကျင်မှု မရှိသေးသော လုပ်သားများ အနေဖြင့် ကျွမ်းကျင်မှု ရှိစေရေး လေ့ကျင့်ပေးရန် လိုအပ်ပါက ယင်း လေ့ကျင့်ချိန် ကာလအတွင်း အနည်းဆုံး အခကြေးငွေ ၏ ထက်ဝက်ခန့်သာ ရရှိပြီး လေ့ကျင့်ကာလ ကျော်လွန်၍ အစမ်းခန့် ကာလအတွင်း သတ်မှတ်ချက် နှုန်းထား၏ ၇၅ ရာခိုင်နှုန်းသာ ခံစားခွင့် ရရှိမည်ဟု အနည်းဆုံး လုပ်ခလစာ နည်းဥပဒေတွင် ပြဋ္ဌာန်း ထားရှိသည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေ ပုဒ်မ ၄ဝ တွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန အလိုက် သတ်မှတ်ထားသည့် ကျွမ်းကျင်မှုစံ သို့မဟုတ် ထုတ်လုပ်မှု စံနှုန်း ပြည့်မီအောင် လုပ်ဆောင်နိုင်စွမ်း မရှိသေးသည့် အလုပ်သမား များအား အစမ်းခန့် ကာလ မတိုင်မီ ကျွမ်းကျင်မှု ရှိစေရေး လေ့ကျင့်ပေးရန် လိုအပ်ပါက သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များမှာ သုံးလအတွင်း အနည်းဆုံး အခကြေးငွေ၏ ၅ဝ ရာခိုင်နှုန်း ထက်မနည်း လုပ်ခလစာ ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် အစမ်းခန့်ကာလ သုံးလအတွင်း အနည်းဆုံး အခကြေးငွေ၏ ၇၅ ရာခိုင်နှုန်းကို ပေးရပြီး အမြဲတမ်း ဝန်ထမ်း ဖြစ်မှသာ သတ်မှတ်နှုန်းထား လစာ အပြည့်အဝ ခံစားရမည်ဟု ယင်းဥပဒေ၌ ပါရှိကြောင်း သိရသည်။

ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံများ အနေဖြင့် အလုပ်သမား တစ်ဦး၏ တစ်နေ့ ကုန်ထုတ်စွမ်းအား မည်မျှ ရှိရမည်ကို သတ်မှတ်ရန် လိုအပ်ပြီး မသမာမှုများ မရှိစေရန် အဆိုပါ ကုန်ထုတ်စွမ်းအား သတ်မှတ်ချက် ဖော်ပြရမည့် နှစ်ဦး သဘောတူ စာချုပ်များ ပြန်လည် ချုပ်ဆိုရန် လိုအပ်ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၂၆)

WFP မှ မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုကို လေ့လာနိုင်ရန် တစ်နိုင်ငံလုံး၌ စစ်တမ်းများ ကောက်ယူမည်



ရန်ကုန် ၊ ၂၇-၁-၂၀၁၆

ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)မှ မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံမှုကို လေ့လာနိုင်ရန် တစ်နိုင်ငံလုံး၌ သုတေသန အရင်းအမြစ် စင်တာများ ထားရှိကာ စစ်တမ်းများ ကောက်ယူ သွားမည် ဖြစ်ကြောင်း WFP မှ သတင်းထုတ်ပြန် ခဲ့သည်။

ထိုကဲ့သို့ တစ်နိုင်ငံလုံး ဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံမှု စောင့်ကြည့် လေ့လာရေးနှင့် ဆက်စပ် သင်တန်းများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် အတူ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး စားနပ်ရိက္ခာ မဖူလုံမှု လျှော့ချရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ဖော်ဆောင်ရေး တို့အတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ခိုင်လုံပြီး အထောက်အထား ပြည့်စုံသည့် သတင်း အချက်အလက် များရရှိရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ စားနပ်ရိက္ခာ ဖူလုံမှု အခြေအနေ များကို တစ်နိုင်ငံလုံး အနှံ့ ဖွင့်လှစ်မည့် သုတေသန အရင်းအမြစ် စင်တာများမှ ပြည်သူ့ ဝန်ထမ်းများ၊ ဖွံ့ဖြိုးတိုးတက် မှု ဆိုင်ရာ အကူအညီ ပေးရေး အဖွဲ့အစည်း များမှ ဝန်ထမ်းများကို အသုံးပြု၍ အချက်အလက် များ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

ကျေးလက်ဒေသများရှိ အော်ဂဲနစ်စိုက်ခင်းများ၌ သဘာဝမြေသြဇာ ပြုလုပ်ပုံကို ဂျပန်နိုင်ငံမှပညာရှင်များ လာရောက် သင်ကြားမည်


ဂျပန်နိုင်ငံမှ ပညာရှင်များ ကွင်းဆင်းလေ့လာနေသည်ကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၇-၁-၂၀၁၆

မြန်မာနိုင်ငံ ကျေးလက်ဒေသ များရှိ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ များအား သဘာဝ မြေသြဇာ ပြုလုပ်ပုံနှင့် အော်ဂဲနစ်သီးနှံ အထွက်တိုးမည့် စိုက်ပျိုးရေး နည်းပညာများကို ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက်၍ လက်တွေ့သင်ကြား ပေးမည် ဖြစ်ကြောင်း အော်ဂဲနစ် စိုက်ပျိုးရေး ပညာရှင် ဒေါက်တာ နိုင်နိုင်မော် က ပြောသည်။

ထိုသို့ အော်ဂဲနစ်သီးနှံ စိုက်ခင်းများ၌ အသုံးပြုသည့် သဘာဝ မြေသြဇာ ပြုလုပ်ပုံများကို သင်ကြားပေး ရာတွင် ကျေးလက်ဒေသရှိ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေး လုပ်ကိုင်သူများ သာမက အော်ဂဲနစ် စိုက်ပျိုးရေး ပစ္စည်း အရောင်းဆိုင် များရှိ သင်ကြား လိုသူများ အားလုံးကို သင်ကြားပို့ချ ပေးသွားမည် ဖြစ်သည်။

''အော်ဂဲနစ် စိုက်ခင်းတွေမှာ စိုက်ပျိုးသူတွေ မြေသြဇာ အသုံးပြုတဲ့ နေရာမှာ နွားချေး၊ သစ်ရွက်ခြောက် အဲဒါတွေကို အချိုးညီညီ ရောစပ် အသုံးမပြုဘူး။ တစ်မျိုးဆိုရင် တစ်မျိုးပဲ အသုံးပြု နေကြတယ်။ အဲဒီအတွက် အပင် အာဟာရနဲ့ အသီးအပွင့် အာဟာရ အတွက် ထိရောက် သင့်သလောက် မထိရောက်ဘူး ဖြစ်နေပါတယ်။ အခု ဂျပန်နိုင်ငံက ပညာရှင်တွေ လာရောက်ပြီး တစ်ပိုင်တစ်နိုင် သဘာဝ မြေသြဇာ ပြုလုပ်ပုံကို ကုန်ကျစရိတ် မရှိဘဲ သင်ကြားပေး မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

သဘာဝ မြေသြဇာ ပြုလုပ်ရာတွင် သစ်ရွက်ခြောက်များ၊ တိရစ္ဆာ န် များ၏ စွန့်ပစ် ပစ္စည်းများ၊ ရေနှင့် တခြား အသုံးဝင်သည့် မြေဆီလွှာများကို အသုံးပြု၍ တစ်ပိုင်တစ်နိုင် သဘာဝ မြေသြဇာ ပြုလုပ်ပုံများကို သင်ကြား ပေးမည်ဖြစ်သည်။

ယခုအခါ မှော်ဘီမြို့၌ ဂျပန်နိုင်ငံမှ ပညာရှင်များ စမ်းသပ် စိုက်ပျိုးသည့် အော်ဂဲနစ် သီးနှံစိုက်ခင်းများ ရာနှုန်းပြည့် အောင်မြင် နေပြီး ပြည်ပသို့ တင်ပို့ရောင်းချ နေသည့်အပြင် ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

19th Century monastery attracts foreign visitors in Inle


Shwe Yan Pyay Buddhist Monastery.


Nyaung Shwe January 27

Built in the 19th century, Shwe Yan Pyay Buddhist Monastery near Shan State's Inle Lake is drawing large crowd of foreign travellers since the beginning of this year.

The century-old wooden structure in Nyaungshwe Township is famous for its intricate carvings as it boasts Myanmar traditional architecture. The monastery is also well-known as an institution that provides free monastic education and meals for young students.

“The monastery receives foreign travellers every day. It is 100 years old. On full moon days, people from nearby villages come to for fast. The monastery also houses lots of artefacts,” said 78-year-old U Phone Yun from a nearby village.

Most of the foreign visitors to the monastery this year are from Korea while others are from France, Italy and India, according to tour operators in Inle.

“Usually, travellers visit the monastery before taking a boat tour of the lake,” said Ko Aung Soe Oo, a tour guide from Asian Tour Co in Inle.

The Myawady Daily

Four Mekong countries start river patrols


Mekong River

Yangon January 27

Chinese and Lao ships started guarding Mekong waters on 26 of this month in their first round of joint patrols for the year 2016 in which Myanmar and Thailand are other participants.

Lawmen from four countries – Myanmar, China, Laos and Thailand -- sharing the Mekong basin will do the job of securing Mekong river passage and curbing crimes such as human trafficking, gunrunning and drug smuggling that are frequent in the Golden Triangle region where the remote part of river flows through.

The first round of patrol ships left Guanlei Port in Xishuangbanna autonomous prefecture in the southwest Yunnan Province in China at 8 am. The four-day patrol includes eight river-guard ships -- five Chinese ships and three Lao ships.

Since 2011 joint river guarding force has been launched for 42 rounds. The joint patrol program started in December that year in taking safety measures as fears rose after a gang hijacked two cargo ships in Thai waters two months earlier in which 13 Chinese sailors were killed.

The Myawady Daily

ရန်ကုန်မြစ်ဝအနီး၌ ဗီယက်နမ်ကုန်တင်သင်္ဘော နစ်မြုပ်ခဲ့သည့် ဖြစ်စဉ်အား စစ်ဆေး အရေးယူသွားမည်


နစ်မြုပ်သွားသည့် ဗီယက်နမ် ကုန်တင်သင်္ဘောမှ သင်္ဘောသားများကို ကယ်တင်လာစဉ်

ရန်ကုန် ၊ ၂၇-၁-၂၀၁၆

မြန်မာ့ ပင်လယ်ပြင် ရန်ကုန်မြစ်ဝ ရေကြောင်းပြ စခန်းအနီးတွင် ဗီယက်နမ် ဘိလပ်မြေတင် သင်္ဘောသည် ကျောက်ကြိုးပြတ်ပြီး ဆီတင်သင်္ဘော ကို ၀င်တိုက်ကာ ယင်း ကုန်တင်သင်္ဘော နစ်မြုပ်မှု ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DMA)မှ ဖြစ်စဉ် အသေးစိတ်အား စစ်ဆေးကာ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ သိရသည်။

''နစ်မြုပ်သွားတဲ့ ဗီယက်နမ် နိုင်ငံသားပိုင် MV DONG THIEN PHU SILVER ဘိလပ်မြေတင် သင်္ဘောပေါ်မှာ ပါသွားတဲ့ သင်္ဘောသား ၁၄ ဦးမှာ ၁၃ ဦးကတော့ အတိုက်ခံရတဲ့ ဆီတင်သင်္ဘော ပေါ်ကို ရောက်အောင် ဆီတင် သင်္ဘောသား တွေက အမြန်ဆုံး ကယ်တင်နိုင်ခဲ့တယ်။ တစ်ဦးကတော့ ပင်လယ်ထဲ မျောပါသွား ပါတယ်။ နစ်မြုပ်တဲ့ သင်္ဘောက ဦးပိုင်းလေးပဲ ပေါ်နေတာကြောင့် တပ်မတော် (ရေ)က ရောက်လာပြီး ရေနစ်မြုပ် သင်္ဘောမှာ ပါတဲ့ နိုင်ငံခြားသား သင်္ဘောသား တွေကို အတိုက်ခံရတဲ့ ဆီတင်သင်္ဘော ကနေ တစ်ဆင့် ခေါ်ဆောင်ခဲ့ပြီး နန်းသီတာ ဆိပ်ကမ်းကို ည ၁၁ နာရီ မိနစ် ၄ဝ မှာ လာပို့တယ်။ ဒါကို ကျွန်တော်တို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ နစ်မြုပ်သွားတဲ့ သင်္ဘော ကိုယ်စားလှယ် တွေနဲ့ တာဝန်ရှိသူတွေက လက်ခံခေါ်ဆောင် သွားပြီး ပြုစု စောင့်ရှောက်လို့ အခုအချိန် မှာတော့ အားလုံးဒဏ်ရာ အနာတရမရှိ ကောင်းသွား ပါပြီ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ ရေကြောင်း ဌာနမှူးချုပ် ဦးအောင်ကျော်ထူး က ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ရန်ကုန်မြစ် ရေပိုင်နက် ရေမိုင် ၂၄ မိုင်အကျော် ပင်လယ်ဝမှ ၂ မိုင်ခွဲကျော်အကွာ လတ္တီတွဒ် ၁၆ ဒီဂရီ ၁၁ ဒသမ ၉၅ မိနစ် (မြောက်) လောင်ဂျီတွဒ် ဝ၉၆ ဒီဂရီ ၁၉ ဒသမ ၄၉ မိနစ် (အရှေ့)တွင် ဗီယက်နမ် ဘိလပ်မြေတင် သင်္ဘောမှ ကျောက်ကြိုး ပြတ်မျောကာ မလှမ်းမကမ်း အကွာတွင် ကျောက်ချ ထားသော ဆီတင်သင်္ဘော ဦးပိုင်းအား ခါးလယ်ပိုင်းဖြင့် အရှိန်ပြင်းစွာ ဝင်ဆောင့် တိုက်မိခဲ့ရာ ခါးလယ်ပိုင်း သင်္ဘော ဝမ်းပေါက်၍ နစ်မြုပ်ခဲ့ကြောင်း သိရသည်။

သင်္ဘောနစ်မြုပ်မှု ဖြစ်စဉ်အား ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DMA) ဒေါပုံမှ သင်္ဘော ကျောက်ကြိုးပြတ် မျောပါမှုသည် နေ့လယ်ပိုင်း ဖြစ်ပြီး ယင်း အချိန်တွင် သင်္ဘောသား များ၏ တာဝန် ထမ်းဆောင်မှု၊ အရေးပေါ် ဆောင်ရွက်ချက် များ လိုက်နာမှု ရှိ မရှိတို့အား တာဝန်ရှိ သူတို့က စစ်ဆေး ဆောင်ရွက်ကာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

မလေးရှားဗီဇာဝန်ဆောင်ခ နှုန်းထားတိုးမြှင့်မှုကြောင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများ အခက်အခဲမရှိစေရန် ညှိနှိုင်းပေးမည်


ရန်ကုန် ၊ ၂၇-၁-၂၀၁၆

မလေးရှားဗီဇာ ဝန်ဆောင်ခနှုန်းထား တိုးမြှင့်မှုကြောင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အခက်အခဲ မရှိစေရန် ညှိနှိုင်းပေးမည် ဖြစ်ကြောင်း Diamond Palace Services ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းသန်း က ပြောသည်။

အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့နှင့် တစ်ဆင့်ခံ ဆောင်ရွက်ပေးမည့် Diamond Palace Services ကုမ္ပဏီတို့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲကို ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပခဲ့သည်။

''မလေးရှား ပြည်ထဲရေးဝန်ကြီး ဌာနကနေ ဗီဇာတု ပြဿနာတွေ မဖြစ်အောင်ဆိုပြီး ငွေကြေးတိုးမြှင့် ကောက်ခံ လိုက်တယ်။ အခုလို လုပ်လိုက်တာက အရင်က ဗီဇာပေါ်မှာ သံရုံးတံဆိပ် ပါတယ်။ အခု လုပ်ပေးမယ့် ဗီဇာပေါ်မှာ လုံခြုံရေး အပြည့်ရှိ တဲ့ စတေကာနဲ့ ပြောင်းပြီး လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေး တိုးမြှင့်သွားတာပါ။ အေဂျင်စီတွေ အဆင်ပြေ အောင်လည်း သီးခြား တွေ့ဆုံမှုတွေ လုပ်သွားဖို့ရှိတယ်။ အခုလို ကောက်ခံတာ မြန်မာနိုင်ငံ တင် မဟုတ်ပါဘူး။ တခြားနိုင်ငံတွေ မှာလည်း ဒီတိုင်းပဲ ကောက်ခံတာပါ။ ညှိနှိုင်းတဲ့ နေရာမှာ တိုးမြှင့်ကြေးကို တော့ လျှော့ပေးမှာ မဟုတ်ဘဲ တခြား တစ်နည်းနည်းနဲ့ ပြန်ပြီး ဖြေလျှော့ ပေးတာမျိုးပါ'' ဟု ၄င်းက ပြောသည်။

Diamond Palace Services ကုမ္ပဏီကို ဗီဇာကိစ္စရပ် များအား မလေးရှားသံရုံး ကိုယ်စား တစ်ဆင့်ခံ ဆောင်ရွက်ရန် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တရားဝင် အသိအမှတ်ပြု ပေးထားပြီး မလေးရှားနိုင်ငံ ဘက်မှ Bukit Megah Sdn. Bhd နှင့် ပူးပေါင်း ဆောင်ရွက်ခွင့် လည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မလေးရှား သံရုံးမှ ဇန်နဝါရီ ၁၈ ရက်တွင် မြန်မာ အလုပ်သမားများ ဗီဇာကြေး သွင်းငွေအဖြစ် ယခင်က အမေရိကန် ဒေါ်လာ ၆ ဒေါ်လာ သတ်မှတ်ထားရာမှ System fee အဖြစ် အမေရိကန် ဒေါ်လာ ၂၆ ဒေါ်လာနှင့် Service fee အဖြစ် အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာ တိုးမြှင့် ကောက်ခံခြင်း ဖြစ်သည်။

တစ်လလျှင် မြန်မာလုပ်သား ဦးရေ ၃ဝဝဝ ခန့်သည် မလေးရှားနိုင်ငံ သို့ သွားရောက် လုပ်ကိုင်လျက် ရှိပြီး ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ကုမ္ပဏီပေါင်း ၇၈ ခုမှ ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

ဓာတုကင်းလွတ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးရောင်းပွဲတော် ကျင်းပမည်



ရန်ကုန် ၊ ၂၇-၁-၂၀၁၆

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ ကြီးမှူး၍ အပတ်စဉ် စနေနေ့တိုင်း ဓာတုကင်းလွတ် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် များအား ရောင်းချ ပေးလျက်ရှိရာ လာမည့် မတ်လ ၁၄ ရက်တွင် နှစ်ပတ်လည် ကျရောက်မည် ဖြစ်သဖြင့် နှစ်ပတ်လည် ဈေးရောင်းပွဲ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ဈေးရောင်း ပွဲတော်၌ ဓာတုကင်းလွတ် အသီးအနှံများ ရောင်းချခြင်း အပြင် အသိပညာပေး ဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ များကိုလည်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ နှစ်ပတ်လည် အခမ်းအနား မှတစ်ဆင့် စားသုံးသူများ နှင့် ရောင်းချသူများ အသိပညာ ပိုမိုရရှိပြီး ဓာတုကင်းလွတ် သီးနှံဈေးကွက် တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ဓာတုကင်းလွတ် အသီးအနှံများအား တိုးချဲ့ရောင်းချ လာနိုင်ခြင်းဖြင့် စားသုံးသူများ အတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း ဈေးရောင်းပွဲတော် ၌ ပုံမှန် ရောင်းချနေသူများ အပြင် အနယ်နယ် အရပ်ရပ်မှ စိတ်ပါဝင်စား သူများလည်း ကြိုတင်စာရင်း ပေးသွင်း၍ ပါဝင် ရောင်းချ နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ၌ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် များအပြင် ငါးပိ၊ ငံပြာရည်နှင့် အဆီအနှစ် ပုံစံဖြင့် ဖျော်ရည် သောက်သုံးနိုင်မှု ပုံစံများကိုလည်း ထုတ်လုပ် လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၁-၂၀၁၆) ဗုဒ္ဓဟူးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၇-၁-၂၀၁၆) ဗုဒ္ဓဟူးနေ့

Download Link = Mediafire

Tuesday, January 26, 2016

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူဦးရေသန်း ၆ဝ ကို ထပ်မံခြိမ်းခြောက် နေသည့် အယ်လ်နီညို



( ရှိန်းထက် )

၂ဝ၁၅ ခုနှစ်သည် ကမ္ဘာမြေ၏ စံချိန်တင် အပူဆုံးနှစ်တစ်နှစ် အဖြစ် မှတ်တမ်းဝင် သွားခဲ့ပြီး ၂ဝ၁၆ ခုနှစ်ကိုပါ အမွေဆက်ခံသူ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ၂ဝ၁၆ ခုနှစ်သည်လည်း အပူဆုံး နှစ်တစ်နှစ် ဖြစ်လာနိုင်ပြီး မပြီးဆုံး သေးသည့် အယ်လ်နီညို ဒဏ်ကို ဆက်ခံရဦးမည်ဟု ကုလသမဂ္ဂ ရာသီဥတု သိပံ္ပညာရှင် များက ကြိုတင်ခန့်မှန်းချက် ထုတ်ပြန် ထားသည်။

အယ်လ်နီညိုကို အပြင်းထန်ဆုံး ခံစားခဲ့ရသော နိုင်ငံများသည် အာဖရိကနိုင်ငံများ ဖြစ်သည်။ ထိုအထဲမှ ဖွံ့ဖြိုးမှု အနည်းဆုံး အရှေ့အာဖရိက နိုင်ငံများသည် အယ်လ်နီညို ကြောင့် အငတ်ဘေးဆိုက် ခဲ့ရသည်။ အာဖရိက၏ အဖွံ့ဖြိုးဆုံး တောင်အာဖရိက ပင် ကုလသမဂ္ဂ၏ အကူအညီ ရယူခဲ့ရသည်။ ဆယ်စုနှစ်တစ်စု နှစ်စုအတွင်း ဖွံ့ဖြိုးမှု အလျင်အမြန်ဆုံးနှင့် စီးပွားရေး အင်အား ကောင်းလာခဲ့သော ဖွံ့ဖြိုးဆဲ အီသီယိုးပီးယား သည် အယ်လ်နီညို ကြောင့် စီးပွားရေးများ ပရမ်းပတာ ဖြစ်ခဲ့ရသည်။

အီသီယိုးပီးယား ၏ ဖွံ့ဖြိုးမှုသည် စိုက်ပျိုး မွေးမြူရေး ပေါ်တွင် အဓိက အခြေခံထား သောကြောင့် အများဆုံး အထိနာခဲ့ရခြင်း ဖြစ်သည်။ အယ်လ်နီညို ကြောင့် မိုးခေါင် ရေရှားမှုများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ အပူလှိုင်းများ ဖြစ်ပေါ်ကာ ၂ဝ၁၅ ခုနှစ် တွင် အီသီယိုးပီးယား အပါအဝင် အာဖရိကရှိ လူပေါင်းသန်း ၅ဝ လောက် ဒုက္ခရောက်ခဲ့ ရသည်။ ထိုအထဲမှ ၁ဝ ဒသမ ၂ သန်းသည် အီသီယိုးပီးယား ဒေသခံများ ဖြစ်သည်။

ယခု ၂ဝ၁၆ ခုနှစ်သည်လည်း မပြီးဆုံးသေးသည့် အယ်လ်နီညို ဖြစ်စဉ်များကြောင့် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများ အထူးသဖြင့် အာဖရိကနှင့် အာရှ-ပစိဖိတ် ဒေသရှိ နိုင်ငံများမှ စုစုပေါင်း ပြည်သူသန်း ၆ဝ ခန့် အယ်လ်နီညို ၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန် ထားသည်။ ၂ဝ၁၅ ခုနှစ်သည် သမိုင်း တစ်လျှောက်တွင် ၁၉၉ဝ ပြည့်နှစ် ပြီးနောက် ဒုတိယ အကြိမ်မြောက် အယ်လ်နီညိုဒ ဏ်ကို အပြင်းထန်ဆုံး ခံစားရသည်။ ပထမအကြိမ် သည် ၁၉၉၇ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည်။

သမိုင်း အစဉ်အလာအရ နှစ်နှစ်သက်တမ်း အချိန်ယူ တတ်သော အယ်လ်နီညို ကြောင့် ၂ဝ၁၇ ခုနှစ်အရောက်မှ အယ်လ်နီညို လုံးဝ ကင်းစင်သွား နိုင်သည်။ သို့သော် ကမ္ဘာကြီး ပိုမိုပူနွေးလာမှု၊ သစ်တောများ ပြုန်းတီးလာမှု၊ ကာဗွန်ဒိုင် အောက်ဆိုက်များ ပိုမိုထုတ်လွှတ်မှု တို့ကြောင့် သဘာဝ ရာသီဥတု များသည် ပုံမှန်ဖြစ်စဉ် များထက် အဆိုးဆုံး အရာများကို အချိန်ကြာမြင့်စွာ ပိုမို ယူဆောင်လာ တတ်သည်။ အချိန်အခါ မဟုတ် မိုးရွာသည်။ ရေကြီးသည်။ သီးနှံများ ပျက်စီးသည်။ ထိုအချိန်အခါ မဟုတ် ရွာသောမိုးသည် သီးနှံများ ထွန်ယက်စိုက်ပျိုးချိန် ရောက်လျှင် ပေါ်မလာတော့ဘဲ သီးနှံဖြစ်ထွန်းသင့် သလောက် မဖြစ်ထွန်းဘဲ ပျက်စီး ရတော့သည်။

ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသော နိုင်ငံမျိုးသည် အယ်လ်နီညို ကြောင့် အငတ်ငတ် အပြတ်ပြတ် ဖြစ်ရသည်။ ထိုမျှနှင့် မပြီးသေး နောက်ဆက်တွဲ ပြဿနာများ က ထပ်လာသေး သည်။ ပြင်းထန်သည့် ကာလဝမ်း ရောဂါနှင့် ကူးစက် ရောဂါများ၊ ငှက်ဖျားရောဂါ တို့ကပါ ကပ်ပါလာသည်။ ထိုရောဂါတို့ကို အချိန်မီ မထိန်းချုပ်နိုင် လျှင် လူထောင်သောင်း မက သေဆုံးနိုင်သည်။ အတိတ်ကာလ တုန်းက ကူးစက်ရောဂါများ ကြောင့် မြို့လုံးကျွတ်၊ ရွာလုံးကျွတ် အစုလိုက်အပြုံလိုက် သေဆုံးမှုများမှာ သမိုင်းတွင်ခဲ့ ဖူးသည်။

အီဘိုလာကဲ့သို့ ကူးစက်ရောဂါ မျိုးသာ အရှေ့အာဖရိက တွင် ထပ်ဖြစ်လျှင် ၂ဝ၁၆ ခုနှစ်လည်း အာဖရိက အတွက် အိပ်မက်ဆိုး ဆက်မက်မည့် နှစ်တစ်နှစ် ဖြစ်သွားဦးမည် ဖြစ်သည်။ ထို့ကြောင့် ဖြစ်ပေါ် လာနိုင်သည့် အယ်လ်နီညို စိန်ခေါ်မှုများကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်း နိုင်ရန် အစိုးရတိုင်းသည် လိုအပ်သည့် ကဏ္ဍများတွင် ကြိုတင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထား ရမည် ဖြစ်သည်။ အထူးသဖြင့် ဖြစ်လာလျှင် လတ်တလော ဖြေရှင်းရမည့် ကျန်းမာရေး ကဏ္ဍတွင် ဖြစ်သည်။

အပူလှိုင်း များကြောင့် ပါကစ္စတန်တွင် လူပေါင်း ၁၂ဝဝ ကျော် သေဆုံးပြီး အိန္ဒိယတွင် လူပေါင်း ၂၅ဝဝ ကျော် သေဆုံးခဲ့ရသည်။ ရေကြီးမှုကြောင့် လူပေါင်း ၄ဝဝ ကျော် သေဆုံးခဲ့ရသည်။ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ အရေအတွက် ကလည်း သန်းနှင့်ချီ ရှိခဲ့သည်။ ထိုအရာများသည် အယ်လ်နီညို က သယ် ဆောင်လာသော ဆိုးရွားလွန်းသည့် အရာများ ဖြစ်သည်။

ကင်ညာနိုင်ငံ တွင် ကလေး ၂ ဒသမ ၅ သန်းသည် အယ်လ်နီညို ကြောင့် မိုးခေါင်မှုဒဏ်၊ ရေကြီးမှုဒဏ်၊ မြေပြိုမှုဒဏ်၊ အစာရေစာ ပြတ်လပ်မှုနှင့် ဆေးဝါး ပြတ်လပ်မှု ဒဏ်တို့ကို ခံစားခဲ့ရသည်ဟု ယူနီဆက်ဖ် ကဆိုသည်။ ထို့အတူ အီသီယိုးပီးယား တွင် ကလေးငယ်ပေါင်း နှစ်သိန်းကျော် နှင့် ဇင်ဘာဘွေ တွင် လူဦးရေ ၁ ဒသမ ၅ သန်း အယ်လ်နီညို ကြောင့် ဒုက္ခရောက်ခဲ့ ရသည်။

ဇန်နဝါရီ ၂၂ ရက် တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO ၏ ထုတ်ပြန် ကြေညာချက်၌ ၂ဝ၁၆ ခုနှစ်တွင် အဆိုးရွားဆုံး အယ်လ်နီညို ဒဏ်ကို ခံစားရမည့် နိုင်ငံခုနစ်နိုင်ငံ စာရင်း ပေါ်ထွက် လာခဲ့သည်။ အီသီယိုးပီးယား၊ လစ်ဆိုသို၊ ကင်ညာ၊ ပါပူဝါနယူးဂီနီ၊ ဆိုမာလီယာ၊ တန်ဇန်းနီးယား နှင့် ယူဂန်ဒါ တို့ဖြစ်သည်။ အီသီယိုးပီးယား ကတော့ ထိပ်ဆုံးစာရင်းမှ ပါဝင်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ၂ဝ၁၆ ခုနှစ်၏ စိန်ခေါ်မှု များသည် နှစ်စမှာပင် ကြိုတင်အဖြေများ ထွက်ပေါ်လာ နေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ကြံ့ကြံ့ခံ ရင်ဆိုင်ရဦးမည့် သဘာဝဘေး အန္တရာယ် စိန်ခေါ်ပွဲကြီးလည်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် အယ်လ်နီညို သည် အာဖရိကတွင် အသေအပျောက် အနည်းငယ်သာ ရှိခဲ့ပြီး အီသီယိုးပီးယား တွင် လူအသေ အပျောက် မရှိခဲ့ဟု အင်္ဂလန်နိုင်ငံ ဆိုင်ရာ အီသီယိုးပီးယား သံအမတ်က ဆိုသည်။ လိုအပ်သည့် အစာရေစာ ပြတ်လပ်မှုနှင့် ဆေးဝါး ပြတ်လပ်မှုကို အသက်ဆက် နိုင်ရုံ အချိန်မီ အရောက်ပို့နိုင် ခဲ့သောကြောင့် ဖြစ်သည်။

၂ဝ၁၆ ခုနှစ်သည် ၂ဝ၁၅ ခုနှစ်ထက် အခြေအနေ ပိုမဆိုးခဲ့လျှင်တောင် လျော့နည်းသွားမည့် အနေအထား မရှိသောကြောင့် အာဖရိကအတွက် ကံဆိုးမိုးမှောင် ကျသည့် နှစ်တစ်နှစ် ဖြစ်လာဦး မည် ဖြစ်သည်။ တောင်အာဖရိက တွင်တော့ နမီးဘီးယား နိုင်ငံသည် အဆိုးရွားဆုံး ဖြစ်သည်။ အိမ်မွေး တိရစ္ဆာ န်နှင့် တောရိုင်းသားကောင် များပင် အစာရေစာ ငတ်ပြတ်မှုကြောင့် သေဆုံးခဲ့ ရသည်။

ယခင် ကတည်းကမှ အပူပိုင်းဇုန် အာဖရိကသည် အယ်လ်နီညို ပြင်းထန်စွာ ဝင်ရောက် လာသောအခါ မည်သည့် နေရာကိုကြည့်ကြည့် ဖုန်တထောင်းထောင်း နှင့် သစ်ပင်များလည်း အရိုးပြိုင်းပြိုင်း ထကာ မြေအောက်ရေ မရှိတော့သော မြေပပ်ကြားအက်များ ကလည်း ယခင် စားကျက်မြေ များကို အစားထိုး နေရာယူထားသည်။ ထို့ကြောင့် ၂ဝ၁၆ ခုနှစ်သစ်သည် အာဖရိကအတွက် အသွင်တူသည့် ၂ဝ၁၅ ခုနှစ်ဟောင်း တစ်နှစ်သာလျှင် ဖြစ်နေပါ တော့ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger