www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 31, 2013

အဲယားကွန်း မြို့ပတ်ရထား ပြီးနောက် ငွေကျပ် ၃၀၀ ဖြင့် စီးနိုင်မည့် မြို့ပတ် အထူးရထား ထပ်မံ တိုးချဲ့ပြေးဆွဲမည်


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃

ခရီးသည် တစ်ဦးလျှင် ခရီးစဉ် တစ်ကြောင်း အတွက် စီးနင်းခ ငွေကျပ် ၃၀၀ ဖြင့် ရန်ကုန်မြို့ပတ် အထူးရထား တစ်စင်း ထပ်မံ တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထား ခရီးစဉ် များတွင် လေအေးပေးစက် ပါ ငွေကျပ် ၄၀၀ တန် အထူးရထား ပြေးဆွဲပြီးနောက် ထပ်မံ၍ ရထားစီး ခရီးသွား ပြည်သူများ အတွက် လေအေး ပေးစက် မပါဝင် သော်လည်း ပန်ကာ ၊ ဖိုက်ဘာ ထိုင်ခုံများ အပါအ၀င် အဆင့်မြင့် ရထားတွဲဆိုင်း များ ပါဝင်သော ငွေကျပ် ၃၀၀ တန် မြို့ပတ် အထူးရထား တစ်စင်းကို နိုဝင်ဘာ ၁ ရက်မှ စတင်၍ နေ့စဉ် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

" မြို့ပတ်ရထား ခရီးစဉ်မှာ အဲယားကွန်း အထူးရထား က အရှုံးပေါ် နေပေမယ့်လို့ ခရီးသွား ပြည်သူတွေ အဆင်ပြေ စေဖို့အတွက် ပြေးဆွဲပေး နေပါတယ် ၊ အခုလည်း ငွေကျပ် ၃၀၀ တန် အထူးရထား ကို ပြေးဆွဲ ပေးမှာပါ ၊ ပန်ကာ ၊ ဖိုက်ဘာ ထိုင်ခုံတွေနဲ့ လက်ကိုင်တန်း တွေလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်း ထားပါတယ် ၊ မြစ်ငယ် စက်ရုံက ထုတ်လုပ် လိုက်တဲ့ တွဲဆိုင်း အသစ်တွေနဲ့ ပြေးဆွဲ ပေးသွား မှာပါ ၊ စက်ရုံကနေ စက်ခေါင်းကို မဆောင်ရွက် နိုင်ပေမယ့် လူစီးတွဲတွေ ထုတ်လုပ်ပြီး ခရီးစဉ် တွေမှာ တိုးချဲ့ ပြေးဆွဲ သွားမှာပါ ၊ နောက်ပိုင်း ရန်ကုန် မြို့ပတ်ရထား ခရီးစဉ် တွေမှာ တွဲဆိုင်း အသစ်တွေ ထပ်မံ တိုးချဲ့ တပ်ဆင်ပြီး ပြေးဆွဲ သွားမှာပါ ... .. " ဟု မြန်မာ့ မီးရထား ( အောက်မြန်မာပြန် ) မှ တာဝန်ရှိ သူ တစ်ဦးက အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားသည်။

လေအေးပေးစက် မပါသော အဆိုပါ အထူးရထား ကို နေ့စဉ် တစ်ရက် ၄ ခေါက်နှုန်းဖြင့် ပြေးဆွဲ ပေးသွားမည် ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည် များအတွက် စီးနင်းခ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ဖြစ်ကြောင်း ၊ မြို့ပတ်ရထား ဘူတာစဉ်အလိုက် ရပ်တန့် ပေးသွားမည် ဖြစ်ပြီး ဘူတာများ တွင် လက်မှတ် ၀ယ်ယူ စီးနင်းနိုင်ကြောင်း သိရသည်။ အဆိုပါ အထူးရထား သည် ရပ်စီး ခရီးသည်များ အဆင်ပြေ စေရန် လက်ကိုင်တန်း ၊ လက်ကိုင်ကွင်း များ ထားရှိ ပေးထား သော်လည်း ကုန်စည် တင်ဆောင်မှု များကို ခွင့်မပြု ထားသော လူစီး သီးသန့် မြို့ပတ် အထူးရထား ဖြစ်ကြောင်း မြန်မာ့ မီးရထား မှ သိရှိရသည်။


တန်ဖိုးနည်း ပြည်တွင်းဖြစ် ရေသန့်ဘူးအိတ်များ ပြုလုပ် ရောင်းချမှုများလာ



မန္တလေး ၊ ၃၁-၁၀-၂၀၁၃

ဖွံ့ဖြိုး တိုးတက်လာသော ပွင့်လင်းမြင်သာ သည့် ခေတ်တွင် မြန်မာနိုင်ငံ သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ၀င်ရောက်မှု များပြား လာခဲ့သည်။ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ကို ပြည်တွင်ဖြစ် အနုပညာ ပစ္စည်းများ ၊ အမှတ်တရ ပစ္စည်းများ ရောင်းချကာ နိုင်ငံခြား ၀င်ငွေ ရရှိအောင် ကြံဆ ဆောင်ရွက် လာကြသည်။

ထိုသို့သော ကြံဆ ဆောင်ရွက်မှု များထဲတွင် အမျိုးသမီးဝတ် အထည်များကို ထမီ မ၀တ်တတ်သည့် နိုင်ငံခြားသူ များ ၀ယ်ယူ ၀တ်ဆင် နိုင်ရန် ရည်ရွယ် ထုတ်လုပ် ကြသည်။ ထိုသို့ လှပသော ပြည်တွင်းဖြစ် ချည်ထည် အဆင်များကို နိုင်ငံခြားသား ခရီးသွားများ အမှတ်တရ ၀ယ်ယူ ကြကြောင်းသိရသည်။

အလားတူ မြန်မာနိုင်ငံ အနှံ့အပြား ရှိ တန်ခိုးကြီး ဘုရားများ ၊ သမိုင်းဝင် နေရာများတွင် ဒေသရောက် အမှတ်တရ တီရှပ်များကို တံဆိပ်ရိုက်၍ အမှတ်တရ အဖြစ် ရောင်းချ လာခဲ့ကြသည်။ ပြည်တွင်း ပြည်ပမှ ဧည့်သည်များ ၀ယ်ယူမှု များပြား လာခြင်းနှင့် အတူ တန်ဖိုးနည်း အမှတ်တရ ပစ္စည်းများကို အပြိုင်အဆိုင် ပြုလုပ် ရောင်းချ လာကြကြောင်း သိရသည်။


ယနေ့ ရေသန့်ဘူး ခေတ်တွင် ရေသန့်ဘူး တစ်ဘူး ၀င်ဆံ့သည့် ရေဘူးအိတ်များ မှာ ခေတ်နှင့် လျော်ညီပြီး အမှတ်တရ ပစ္စည်း တစ်ခုအဖြစ် ရောင်းအားကောင်း လျက် ရှိသည်။ ထို ရေသန့်ဘူးအိတ် များကို (ပုံ) ပြည်တွင်း ပြည်ပ မှ ခရီးသွားများ ခရီးသွားလာ လည်ပတ် သည့်အခါတွင် ရေသန့်ဘူးကို သီးသန့် ကိုင်ထားစရာ မလိုဘဲ ကိုယ်နှင့်အတူ လွယ်ထားနိုင်၍ ဒေသထွက် အမှတ်တရ အဖြစ် ဧည့်သည်များ ၀ယ်ယူ အသုံးပြု ကြသည်ကို တွေ့ရှိရသည်။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၄၃)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၄၃)

( ၃၁-၁၀-၂၀၁၃ ရက် ကြာသပတေးနေ့ အပတ်စဉ်ထုတ် )

Download Links




" အလှ နှင့် ဓမ္မ "


" အလှ နှင့် ဓမ္မ "

နွေမှာပွင့်လန်း ၊ ကံ့ကော်ပန်းကို
ဆင်မြန်းပန်ဆင် ၊ လှယဉ်ယဉ်မင့်
သူ့တွင် အလှမမြဲပါ ။

မိုးမှာပွင့်လန်း ၊ စံပယ်ပန်းကို
ဆင်မြန်းပန်ဆင် ၊ လှယဉ်ယဉ်မင့်
သူ့တွင် အလှမမြဲပါ ။

ဆောင်းမှာပွင့်လန်း ၊ သဇင်ပန်းကို
ဆင်မြန်းပန်ဆင် ၊ လှယဉ်ယဉ်မင့်
သူ့တွင် အလှမမြဲပါ ။

အလှဆိုတာ ၊ ကိလေသာ၏
မာယာတစ်မျိုး ၊ တဏှာဆိုး၏
အမျိုးအဆွေ ၊ ဖြစ်ပါပေ၏
အလှနောက်ဝယ် ၊ ဇရာနွှယ်၍
ယှက်သွယ်ဒုက္ခ ၊ အနိစ္စနှင့်
အနတ္တပါ ၊ ဤသုံးဖြာသည်
လူ့ရွာဌာန ၊ ဘုံဘ၀မှာ
ကြုံရမည်မှာ မလွဲပါတည့်
ဖွေရှာအလှ ၊ ရှာမရသည်
ဓမ္မသာလျှင် ၊ အလှစင်စစ်
ဧကန် ဖြစ်သည်သာ ပါတကား ။  ။

( စန်းနီလာဝင်း )



( ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ထုတ် ငွေတာရီမဂ္ဂဇင်း ပါ ကဗျာကဏ္ဍ မှ )

ဆန်ဖြူများထက် ပိုမို အစားခံသော မြန်မာပေါင်းဆန် ကို EU နိုင်ငံများတွင် ဈေးကွက် နေရာရလာ


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃

ရုရှားနိုင်ငံမှ မြန်မာ့ ပေါင်းဆန်များကို ဝယ်ယူစားသုံး သည့်နည်းတူ အီးယူနိုင်ငံ များမှလည်း မြန်မာ့ပေါင်းဆန် များကို ဝယ်ယူ လာကြသဖြင့် ယခုအခါ အဆိုပါ နိုင်ငံများသို့ မြန်မာ့ ပေါင်းဆန်များ ကို ပိုမိုတင်ပို့ လာရကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

မကြာသေးမီက ရုရှားနိုင်ငံမှ မှာယူသဖြင့် ပေါင်းဆန် တန်ချိန် ၁၅ဝဝ ကို တင်ပို့ပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့ EU နိုင်ငံများ မှလည်း မှာယူလာ ကြသည်မှာ မြန်မာ့ ပေါင်းဆန် များသည် အီးယူ နိုင်ငံများတွင် နာမည်ကောင်း ရရှိလာသည့် နည်းတူ ဈေးကွက် နေရာ များလည်း ရရှိလာခြင်း ပင်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ယခု အောက်တိုဘာ လလယ်ပိုင်း နှင့် လကုန်ပိုင်း၌ ပင် Golden Lace company, May Yu Marine company နှင့် Shwe Wah Yaung company တို့မှ စပိန် ၊ နယ်သာလန် ၊ ပိုလန် ၊ ခရိုအေးရှား အစရှိသောနိုင်ငံများသို့ ဧည့်မထ ငါးမှတ် ပေါင်းဆန် ၊ ဇီယာ ငါးမှတ်ပေါင်း ဆန်နှင့် ပေါင်းဆန် ဆန်ကွဲ B (2, 3,4 ) စုစုပေါင်းတန်ချိန် ၈၅ဝ နီးပါးကို တင်ပို့ နိုင်ခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးပတ် အတွင်း ကလည်း Golden Lace company နှင့် Bamar Commodity Trading Company တို့မှ စပိန်နိုင်ငံ သို့ ဧည့်မထ ငါးမှတ် ပေါင်းဆန် စုစုပေါင်း တန်ချိန် ၁၁၂၅ တန် တင်ပို့ နိုင်ခဲ့သည်။

အီးယူနိုင်ငံ များ၏ ရာသီဥတု အနေအထား အရ မြန်မာ့ ပေါင်းဆန်များကို စားသုံးခြင်းသည် ကျန်းမာရေး အရ သင့်တော်မှု ရှိခြင်း ၊ မြန်မာ့ပေါင်းဆန် သည် အဆိုပါ နိုင်ငံများတွင် စားနပ် ရိက္ခာအဖြစ် အသုံးပြုနေသော ဆန်ဖြူများထက် ပိုမို အစားခံခြင်း ၊ တခြားနိုင်ငံ များထက် မြန်မာနိုင်ငံ မှ ဆန်များ မှာယူရာတွင် သွင်းကုန် အခွန် ကင်းလွတ်ခွင့် ရရှိခြင်း စသော အကျိုးကျေးဇူး များကြောင့် မြန်မာ့ပေါင်းဆန် များကို ဝယ်ယူ အားပေး လာကြခြင်း ဖြစ်သည်။


ယခုနှစ်အတွင်း ကျန်ရှိနေသေး သောလများ တွင်လည်း အီးယူ နိုင်ငံများသို့ မြန်မာ့ပေါင်းဆန် များကို နောက်ထပ် တင်ပို့နိုင် ရန် အလားအလာများ ရှိနေသေးကြောင်း သိရှိရသည်။

နေပြည်တော်သို့ တိုက်ရိုက် ပျံသန်းနေသော ထိုင်းလေကြောင်းလိုင်း နှစ်ခုမှ ပျံသန်းအကြိမ်ရေ တိုးမြှင့်မည်


Thai Air Asia လေကြောင်းလိုင်း

ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ ကာလအတွင်း နေပြည်တော် သို့ တိုက်ရိုက် ပျံသန်းမှု အကြိမ်ရေ တိုးမြှင့်မှုကို ထိုင်းလေကြောင်း လိုင်းနှစ်ခု ဆောင်ရွက်လျက် ရှိကြောင်း
မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ဗန်ကောက် - နေပြည်တော် တိုက်ရိုက် ခရီးစဉ် တိုးမြှင့် ပျံသန်းမည့် ထိုင်းလေကြောင်း လိုင်းနှစ်ခုမှာ Bangkok Airways နှင့် Thai Air Asia တို့ ဖြစ်ကြောင်း ၊ Bangkok Airways လေကြောင်းလိုင်း အနေဖြင့် အောက်တိုဘာ ၂၈ ရက်မှ စတင်၍ ခရီးစဉ် တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲ နေရာမှ ခုနှစ်ကြိမ် အထိ တိုးမြှင့် ပျံသန်း ပေးဆွဲမည် ဖြစ်ကြောင်း ၊ အလားတူ Thai Air Aisa လေကြောင်းလိုင်း မှာလည်း နိုဝင်ဘာ ၂၈ ရက်မှ စတင်၍ ခုနစ်ကြိမ် တိုးမြှင့် ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဆီးဂိမ်း ပြိုင်ပွဲကာလ အတွင်း တိုက်ရိုက် ပြေးဆွဲရန် စင်ကာပူ နှင့် မလေးရှား လေကြောင်းလိုင်း များက အဆို တင်သွင်းမှု များလည်း ရှိလာကြောင်း ၊ ပြည်တွင်း ခရီးစဉ်များ အတွက်မူ FMI နှင့် APEX လေကြောင်း များမှ ပြေးဆွဲ ပျံသန်းရန် အဆို တင်သွင်း ထားကြောင်း ၊ ယင်းအတွက် နေပြည်တော် သို့ တိုက်ရိုက် ပျံသန်း ပြေးဆွဲမည့် ပြည်တွင်း ခရီးစဉ်နှင့် ပြည်ပ ခရီးစဉ်လိုင်း များအား မြန်မာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စိစစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့လူ့ဘောင် အလှဆောင်ဖို့ မျိုးနွယ်ကို စောင့်


မြန်မာ့လူ့ဘောင် အလှဆောင်ဖို့ မျိုးနွယ်ကို စောင့်

အယ်ဒီတာ့အာဘော်
( ၃၁-၁၀-၂၀၁၃)

လောက၌ အမျိုးအနွယ် ကို စောင့်ထိန်းခြင်းသည် ကြီးမားသော ဂုဏ်ဒြပ်နှင့် မြင့်မြတ်သော သိက္ခာကို ပိုင်ဆိုင်သည့် အရည်အချင်း တစ်ရပ် ဖြစ်သည်။ မိမိ အမျိုးအနွယ်ကို စောင့်ထိန်းခြင်း သည် ယဉ်ကျေးသော လူ့အဖွဲ့အစည်း ၏ အရေး အကြီးဆုံး ရေသောက်မြစ် ပင်ဖြစ်သည်။

အမျိုးအနွယ်ကို စောင့်ထိန်း ခြင်းဖြင့် မိမိလူမျိုးတို့၏ ယဉ်ကျေးမှုကို စောင့်ထိန်း နိုင်မည်ဖြစ်ပြီး မျိုးချစ် စိတ်ဓာတ် မွေးမြူကာ မိမိ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် နိုင်မည် ဖြစ်သည်။ မြန်မာတို့ ကံဇာတာ မှေးမှိန်၍ ကိုလိုနီ လက်အောက် ကျရောက်ခဲ့ ကြစေကာမူ အမျိုးအနွယ်ကို စောင့်ထိန်းကာ ဇာတိသွေး ၊ ဇာတိမာန် ထက်သန်စွာ ဖြင့် လွတ်လပ်ရေး ကို ပြန်လည် ရယူနိုင်ခဲ့ ခြင်းသည် မျိုးနွယ် စောင့်ထိန်းမှု ၏သမိုင်းမော်ကွန်း တင်ခဲ့ ကြခြင်းပင် ဖြစ်သည်။ အမျိုးအနွယ်ကို စောင့်ထိန်းကာ စုစည်း ညီညာစွာ ဖြင့် ကြိုးပမ်း ခဲ့ကြရာမှ ယနေ့အချိန် တွင် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် အေးချမ်း သာယာသော နိုင်ငံတော်ကြီး အဖြစ် ကမ္ဘာ့အလယ် ဝင့်ထည်စွာ ရပ်တည် နေနိုင်ခြင်း ဖြစ်သည်။

မြန်မာ့သမိုင်း ပညာရှင်ကြီး တစ်ဦးက  သမိုင်းမရှိသော လူမျိုးသည် အမြစ်မရှိသော သစ်ပင်နှင့် တူ၍ ရှင်သန် နိုင်စွမ်းမရှိ ၊ အပွင့်အသီး မရှိသော အပင်သည် ဖွံ့ဖြိုးတိုးတက်မှု မရှိသည့် အပြင် မျိုးဆက် ပွားမထား နိုင်သောကြောင့် မျိုးတုံးသွားဖွယ် ရှိသည်။ အမြစ်နှင့် တူသော သမိုင်း ၊ အသီးအပွင့် နှင့်တူသော ယဉ်ကျေးမှု တို့ရှိသော လူမျိုး သည်သာ ကြာရှည် တည်တံ့ ရှင်သန်၍ မျိုးဆက်ပွား ပေးနိုင်မည်ဟု မိန့်ဆိုခဲ့ ဖူးသည်။ မြန်မာတို့သည် သမိုင်းနှင့် ယဉ်ကျေးမှုနှစ်ရပ်စလုံး ရှိပြီး မျိုးချစ်စိတ် ထက်သန်သော လူမျိုးများ ဖြစ်ကြသည်။ မျိုးနွယ်ကို စောင့်ထိန်းကာ ကြာရှည် တည်တံ့ ရှင်သန်ပြီး မိမိတို့ ယဉ်ကျေးမှုကို လက်ဆင့်ကမ်း အမွေပေး နိုင်ခဲ့ ကြသည်။ အမျိုးဂုဏ် ၊ ဇာတိဂုဏ် ကို ခေတ် အဆက်ဆက် မြှင့်တင် နိုင်ခဲ့ ကြသည်။

အမျိုးဂုဏ် ဆိုသည်မှာ မိမိလူမျိုး နှင့် မိမိလူမျိုး ၏ ဂုဏ်ကို ထိန်းသိမ်းရန် နှင့် မိမိလူမျိုး မပျောက်ပျက် ရအောင် စောင့်ရှောက် ထိန်းသိမ်းရေး ပင်ဖြစ်သည်။ ဇာတိဂုဏ် ဆိုသည်မှာ မိမိဇာတိ ၊ မိမိနေရပ် ၊ မိမိတိုင်းပြည် ကို ချစ်ခင် မြတ်နိုး တန်ဖိုးထား တတ်သည့် စိတ် ပင်ဖြစ်သည်။

ယခင်က ဟီရိ သြတ္တပ္ပတရား ကို အလေးထား ခဲ့ကြသော မြန်မာ အမျိုးသမီးငယ် အချို့သည် ခေတ်ကာလ အခြေအနေ အရ ဈေးကွက် စီးပွားရေး စနစ်တွင် မျောပါ နေကြခြင်းကြောင့် စိုးရိမ်မကင်း ဖြစ်ရသည့် အသံများကို စာနယ်ဇင်း များမှ တစ်ဆင့် ကြားနေကြ ရသည်။ စားသောက်ဆိုင် ကြီးများတွင် အရောင်း မြှင့်တင်ရေး လုပ်ငန်း ဝင်ရောက် လုပ်ကိုင် နေကြ သူများမှာ လစာတစ်သိန်းကျော် ရသည့်အပြင် ဆုကြေးများပါ ထပ်ရသဖြင့် ဝင်ငွေ ကောင်းသော လုပ်ငန်းအဖြစ် ပျော်မွေ့ နေကြသူ ရှိသလို အကြောင်း အမျိုးမျိုးကြောင့် မပျော်မွေ့ သော်လည်း အကြောင်း အမျိုးမျိုးကြောင့် လုပ်ကိုင် နေကြရ သူလည်း ရှိကြောင်း သိရသည်။ ¤င်းတို့၏ ဝင်ငွေမှာ အခြား စက်ရုံလုပ်သား ၊ စာရေးမ နှင့် အစိုးရ ဝန်ထမ်း တို့ထက် သာလွန်နေပြီး အလုပ်ချိန်မှာ ညပိုင်းသာ ဖြစ်သဖြင့် ပျော်မွေ့ ကြခြင်းဖြစ် ကြောင်း လေ့လာသူ တို့က ဆိုသည်။ ဝတ်စား ဆင်ယင်မှုမှာ လုပ်ငန်းရှင်တို့ သတ်မှတ် ထားသည့် ဝတ်စုံကိုသာ ဝတ်ဆင် ကြရသဖြင့် မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီ ကြောင်း တွေ့ရသည် ဟုဆို၏။

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ပြင်သစ်နိုင်ငံ Deauville မြို့၌ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် (၉)ကြိမ်မြောက် ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီးများ ဖိုရမ်သို့ တက်ရောက်၍ နိုင်ငံတော်တွင် အမျိုးသား အဆင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ စီမံချက် (၂ဝ၁၃-၂ဝ၂၂) ဆောင်ရွက်လျက် ရှိသည့် အခြေအနေ များအား တင်ပြခဲ့ပြီး ဖြစ်သည်။


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ အလုံးအရင်း နှင့် ဝင်လာချိန်တွင် စီးပွားရေး လုပ်ကိုင်သူတို့ အနေဖြင့် မိမိတို့ စားသောက်ဆိုင် အရောင်း မြှင့်တင်ရေး ကြိုးပမ်း ကြမည် ဖြစ်သည်။ မြန်မာ အမျိုးသမီး တို့က ဝင်ငွေ ကောင်းသည် ဆိုသော တစ်ခုတည်း ကိုသာ မကြည့်ဘဲ မိမိဘဝ လုံခြုံရေး အလေးအနက် ထားကြ ရမည် ဖြစ်သည်။ သို့မှသာ မိမိဘဝ မိမိတန်ဖိုး ထားသလို လူအများ ကလည်း မြန်မာ့လူ့ဘောင် အလှဆောင် မျိုးနွယ် စောင့်ထိန်းသူ အဖြစ် နှစ်သက် မြတ်နိုး တန်ဖိုးထား ကြမည် ဖြစ်ပေသည်။  ။

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁၀-၂၀၁၃) ကြာသပတေးနေ့



Download Links


Wednesday, October 30, 2013

ကျိုင်းတုံ၌ တရားမဝင်ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိ





ကျိုင်းတုံ ၊ ၃၀-၁၀-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ - မိုင်းလား ကားလမ်း ယမ်းလှကျေးရွာ အနီးတွင် အောက်တိုဘာ  ၂၈ ရက် နံနက်ပိုင်းက တရားမဝင် ကျွန်းသစ်ခွဲသား ၁၉ တန်ခန့် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ တရားမဝင် ကျွန်းသစ် ခွဲသားများ တင်ဆောင် လာကြောင်း သတင်းအရ ရှမ်းပြည်နယ် (ကျိုင်းတုံ) သစ်တော ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်သိန်း ၊ ဦးစီးအရာရှိ ဦးအောင်နိုင်ဝင်း ၊ တောအုပ်ကြီး ဦးစိုင်းမုန့် ၊ တောအုပ် ဦးလင်းအောင် ၊ တောအုပ် ဦးဆန်းနိုင် တို့ ပါဝင်သော  ပြည်နယ် ဖမ်းဆီးရေး အဖွဲ့ သည် အောက်တိုဘာ ၂၈ ရက် နံနက် ၄ နာရီ ၁၅ မိနစ် ခန့်တွင် ကျိုင်းတုံ - မိုင်းလား ကားလမ်းရှိ ယမ်းလှရွာ အနီးတွင် စောင့်ဆိုင်း နေစဉ် မသင်္ကာဖွယ် ကုန်တင်ယာဉ် နှစ်စီး မောင်းနှင် လာသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းမင်းသန့် အဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေး ခဲ့သည်။ 

စစ်ဆေးစဉ် ဖုံးကုန်များဖြင့် အုပ်၍ တင်ဆောင် လာသော ယာဉ်မောင်း ဦးတင့်လွင် မောင်းနှင်သည့် နီဆန်းဒီဇယ် ၁ဝ ဘီးယာဉ် အမှတ် ၃ခ/၇၈၈၃ မှ တရားမဝင် ကျွန်းသစ် ခွဲသားများ နှင့် ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်သည့် နီဆန်းဒီဇယ် ၁၂ ဘီးယာဉ် အမှတ် ၈ဇ/၃၃၁၉ မှ တရားမဝင် သစ်မာ ပိတောက်များ ၊ စုစုပေါင်း ယာဉ်နှစ်စီး နှင့် သစ်ခွဲသား မျိုးစုံ ၁၈ ဒသမ ၁၆၁ တန်ခန့်အား တွေ့ရှိသဖြင့် ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ခင်ဦး ၊ ကျိုင်းတုံ မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးစိုးလွင်သူ နှင့် သစ်တော ဝန်ထမ်းအဖွဲ့များ အား ဆက်သွယ် ခေါ်ယူ၍ လိုအပ်သည့် အသေးစိတ် တိုင်းတာ စစ်ဆေးခြင်း များ ဆောင်ရွက် ခဲ့သည်။ 

သို့ဖြစ်၍ တရားမဝင် သစ်ခွဲသားများ နှင့်အတူ ဖမ်းဆီး ရမိသူ ဦးအောင်မင်း ၁၉ နှစ် (ဘ) ဦးမောင်မောင် ခိုလန်ရွာ ၊ နန့်ဆန်မြို့ နေသူ နှင့် ဦးတင်လွင် ၄၇ နှစ် (ဘ)ဦးချစ်ပို ယန်းခမ်းရွာ ၊ ကျိုင်းတုံမြို့ နေသူုတို့အား ကျိုင်းတုံ မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မီးပုံးပျံပွဲတော် ( မြ၀တီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ )


မီးပုံးပျံပွဲတော် ( မြ၀တီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ )

၂၀၁၃ ခုနှစ် မြ၀တီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ကြီးမှာ ပြီးဆုံး တော့မည် ဖြစ်ပြီး ယခုလ ပြိုင်ပွဲမှာ ၁၁ လမြောက် ပြိုင်ပွဲ ဖြစ်သည်။ ပြိုင်ပွဲ သက်တမ်း ကာလ အနေဖြင့် တစ်လခန့်သာ ကျန်ရှိ သည်ဖြစ်၍ အရေးကြီးသော ပြိုင်ပွဲလ လည်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ယခုလ ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၂၇ ပုံခန့် ပေးပို့ ရောက်ရှိ လာပြီး အဆင့်မြင့် ပုံကောင်းများ ဖြစ်သည်ကို တွေ့မြင် ရသည်။ ယခုလ ပြိုင်ပွဲ ရွေးချယ်ပြီး ဆုရမှတ် အခြေအနေ ကို သုံးသပ်သော အခါ အမှတ်ပေး အစီအစဉ် တွင် ထိပ်ပိုင်း ရောက်နေသူ များမှာ ဆုကြီးများ အသီးသီး ရယူ နိုင်သလို အမှတ်များ တူညီပြီး တန်းစီလျက် ရှိနေသည်ကို တွေ့ရသည်။ အမှတ် ရရှိမှု အနေဖြင့် အပြတ်အသတ် ကွာခြားမှု မရှိလ၍ မြ၀တီ နှစ်ပတ်လည် ဆုကြီးကို မည်သူ ရရှိမည်ဟု ခန့်မှန်း၍ မရနိုင်သေးပါ။ အမှတ် ရရှိသူများ အားလုံး အနေဖြင့် ရှေ့လာမည့် လတွင် ဆုကြီးများ ရယူ နိုင်မှသာ နှစ်ပတ်လည် အောင်ပန်းကို ဆွတ်ခူး နိုင်မည် ဖြစ်သည်။

၂၀၁၄ ခုနှစ် မြ၀တီ ရောင်စုံ ဓာတ်ပုံ ပြိုင်ပွဲ အတွက် လအလိုက် သတ်မှတ် ခေါင်းစဉ် များကိုလည်း ကြော်ငြာ ဖော်ပြလျက် ရှိနေသည်။ ခေါင်းစဉ် အားလုံးမှာ ရိုက်ကူးရန် ခက်ခဲသော ခေါင်းစဉ်များ မပါရှိသည် ကို တွေ့ရှိရ သော်လည်း အချို့သော ခေါင်းစဉ် များမှာ ရာသီကာလ နှင့် ကိုက်ညီအောင် ပေးထားသည် ဖြစ်၍ ကြုံကြိုက်သည့် အခါကာလ တွင် စီစဉ် ဖန်တီး ရိုက်ကူး နိုင်ပြီး လူအများ ပါဝင် ပတ်သက်သော ရာသီ ပွဲတော် ဆိုင်ရာ ခေါင်းစဉ်များမှာ ပွဲတော်ရာသီ ဖြစ်ပေါ် ကျင်းပချိန် များမှသာ ရိုက်ယူ နိုင်ကြမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ မြ၀တီ နှစ်ပတ်လည် ဆုကြီးကို ပိုင်ဆိုင်လို သူများသည် ယခု ကတည်းက သတ်မှတ် ခေါင်းစဉ် များအား ဖတ်ရှု လေ့လာပြီး ပုံများ ရိုက်ကူး စုဆောင်း ထားကြပါရန် အကြံပြု တိုက်တွန်း လိုက်ရသည်။

ယခုလ အတွက် ရောက်ရှိ လာသော မီးပုံးပျံပွဲတော် ဓာတ်ပုံများမှာ နေ့လွှတ် မီးပုံးပျံ နှင့် ညလွှတ် မီးပုံးပျံ ပုံများ စုံလင်စွာ ပါဝင် သော်လည်း ပုံ အများစုမှာ တစ်နေရာ တစ်ချိန်တည်း ရိုက်ကူးသော ပုံများ ဖြစ်ကြသည်။ သို့ဖြစ်၍ ပုံ အရည်အသွေး ပြည့်စုံ ကောင်းမွန်သော ပုံများကို အထပ်ထပ် စစ်ဆေး ကြည့်ရှု အကဲဖြတ် ရွေးချယ် ခဲ့ရသည်။ ယခုလ ဓာတ်ပုံ ပြိုင်ပွဲကို မြ၀တီထောင်စု ( နှစ်လည် ပထမဆုကြီး ) ရ ဓာတ်ပုံ ပညာရှင် များနှင့် မြ၀တီ စာပေတိုက် မှ စာတည်း အဖွဲ့ဝင်များ စုံညီစွာ ပါဝင် အကဲဖြတ် ရွေးချယ် ပေးကြသည်။

ပထမဆု - ကိုကိုဆန်နီ ( သိင်္ဂီရွှေရည် )


ယခုလ ပထမဆုရှင် ကိုကိုဆန်နီ ( သိင်္ဂီရွှေရည် ) မှာ မြ၀တီ အမှတ်ပေး အစီအစဉ် တွင် ထိပ်ပိုင်း နေရာသို့ ရောက်ရှိ နေသူ တစ်ဦး ဖြစ်သည်။ ယခင်နှစ် များကလည်း မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ နှစ်ပတ်လည် ဆုကြီးများ ရရှိခဲ့သူလည်း ဖြစ်သည်။ ယခုနှစ် အနေဖြင့် မြ၀တီ နှစ်ပတ်လည် ပထမဆုကြီး ၏ ပိုင်ရှင် ဖြစ် - မဖြစ်ကို နောက်လ ပြိုင်ပွဲ ၏ အဖြေမှသာ သိရှိရမည် ဖြစ်သည်။ လက်စွမ်း လက်ရည် ထက်သူ ၀ါရင့် ဓာတ်ပုံ ပညာရှင် လည်း ဖြစ်၍ ဆက်လက် ကြိုးစားရန် အထူး တိုက်တွန်း ရန် လိုမည် မထင်ပါ။

ကိုကိုဆန်နီ ( သိင်္ဂီရွှေရည် ) ၏ ပထမ ဆုရပုံမှ အကဲဖြတ် အဖွဲ့ဝင် အားလုံး အကြိုက်ညီသော ကြောင့် အမှတ်ပြည့်ဖြင့် ပထမဆု ကို ရရှိခြင်း ဖြစ်သည်။ ဆုရပုံ ကို ပြင်ဦးလွင်မြို့ တန်ဆောင်တိုင် ပွဲတော် မဟာ အံ့ထူးကံသာ ဘုရားဝင်း အတွင်း ရိုက်ကူး သည်ဟု ရေးသား ထားသည်။ မီးမှိုင်းများ ပြည့်ဝလျက် ကောင်းကင်သို့ ပျံတက် တော့မည့် မီးပုံးပျံ ကြီးကို အောက်မှ ပါဝင် လိုက်ပါမည့် မီးပုံးငယ်များ စီစီရီရီ ချိတ်ဆွဲ ထားသည်ကို စုံညီ လှပစွာ တွေ့မြင် ရသည်။ မြင်ကွင်းကျယ် မှန်ဘီလူး Super Wide Lens ကို အသုံးပြု ရိုက်ကူး ထား၍ အနီး ၊ အဝေး ပြတ်သားမှု ကောင်းမွန် လှသည်။ နောက်ခံ ပွဲတော် မဏ္ဍပ်မှ မီးဆလိုက်များ ထိုးထား သောကြောင့် အပြာနုရောင် အလင်းတန်း များမှာ ပုံကို တစ်မျိုး အားပြု နေသည်။ ဓာတ်ပုံ ဆေးသား အနေဖြင့်လည်း အနုအရင့် စုံလင်စွာ ပြသနိုင်ပြီး ကောင်းမွန် ပါသည်။

ဒုတိယဆု - တက္ကသိုလ် ဟန်မင်းဦး


ဒုတိယဆုရှင် တက္ကသိုလ် ဟန်မင်းဦး မှာ မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းဝင် တစ်ဦးဖြစ်ပြီး ၀ါရင့် ဓာတ်ပုံ ပညာရှင် ဖြစ်သည်။ မြ၀တီ ဓာတ်ပုံပညာ ပြိုင်ပွဲသို့ ရံဖန်ရံခါ မှသာ ဓာတ်ပုံများ ပေးပို့ ယှဉ်ပြိုင်လေ့ ရှိပြီး ပြိုင်ပွဲ ဆုများ မကြာခဏ ရရှိသူ ဖြစ်၍ မြ၀တီသို့ ဓာတ်ပုံများ မပြတ် ပေးပို့ ပါဝင် ယှဉ်ပြိုင်ရန် ဖိတ်ခေါ် အပ်ပါသည်။

ဆုရပုံမှာ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ရိုက်ယူ ထားသော ညလွှတ် မီးပုံးပျံပွဲ ပုံ ဖြစ်သည်။ ပုံကို ဒေါင်လိုက် ရိုက်ကူး ထားပြီး အောက်ဆွဲ မီးပုံးငယ် များကို အံဝင် ခွင်ကျ ပြသ ထားသည်။ ယခု ဆုရပုံမှာ ရိုက်ကူးစဉ်က ဖလင် ဆွဲအား နှင့် အနှေး အမြန် ထားသိုမှု တို့ကြောင့် ပြတ်သားမှု အတန်ငယ် လိုနေသည်။ ဖလင်ဆွဲအား ကို ယခု အနေထက် မြှင့်တင်ပြီး ရိုက်ယူပါက ပိုမို ကြည်လင် ပြတ်သားမှု အားကောင်း မည်ဟု ယူဆ မိပါသည်။ ဓာတ်ပုံ ဆေးသား ကောင်းမွန်ပြီး ဓာတ်ပုံ ဖွဲ့စည်းမှု ညီညွတ် မျှတ ကောင်းမွန် ပါသည်။

တတိယဆု - မျိုးမင်းကြွယ် ( ရွှေတောင်ကြား )


တတိယဆုရှင်  မျိုးမင်းကြွယ် ( ရွှေတောင်ကြား ) မှာ မန္တလေး မှ ဓာတ်ပုံ ပညာရှင် တစ်ဦး ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲအစ ကာလ များက ဆုကြီးများ ရယူ ခဲ့သည်ကို အမှတ် ထားမိပြီး ယခုလတွင် ဆုကြီး ပြန်လည် ရယူ နိုင်သည်ကို ကြိုဆို ပါသည်။ နောင်လာမည့် ၂၀၁၄ ခုနှစ်အတွက် ကြိုတင် ပြင်ဆင် ရိုက်ကူး ထားပါရန် ဖိတ်ခေါ် ရပါသည်။ ဆုရပုံမှာ ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်တွင် ရိုက်ကူး ထားသော ပုံ ဖြစ်သည်။ မီးမှိုင်း ပြည့်ဝစပြု ပြီ ဖြစ်သည့် မီးပုံးပျံကြီး နှင့် နောက်ခံ တန်ဆောင်တိုင် ပွဲတော် မီးရောင်စုံ စာလုံးများ ၊ မဟာ အံ့ထူးကံသာ စေတီတော် များ ပါဝင်အောင် ရိုက်ယူ ဖော်ပြ ထားသည်။ ရိုက်ကွင်း နေရာ ပြောင်းလဲပြီး မှိုင်းပြည့်ဝ နေသော မီးပုံးပျံ ကြီးအား ယခု အနေအထား ထက် လွတ်ကျွတ်စွာ အပေါ်သို့ အရောက်တွင် ရိုက်ကူး ပါက ပိုမို ပြည့်စုံ ကောင်းမွန်မည် ဖြစ်သည်။ ဓာတ်ပုံ ကူးချဲ့မှု အနေဖြင့် အမှောင်ပိုင်း အား ယခုထက် အနုစိတ် လက္ခဏာများ ပေါ်လွင်အောင် ပြသနိုင်ပါက ပို၍ ကောင်းလာ ပါမည်။

အထူးဆု(၁) - တက္ကသိုလ် ဟန်မင်းဦး


ဒုတိယဆုရှင် တက္ကသိုလ် ဟန်မင်းဦး ၏ အထူးဆု(၁) ရပုံမှာ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ရိုက်ကူး ထားသော ပုံဖြစ်သည်။ မီးပုံးငယ် လေးများ ၀ိုင်းရံ စီခြယ် ထားသော မီးပုံးပျံကြီး နှင့် နောက်ခံ မီးဆိုင်းတန်း များကို ပေါ်လွင်အောင် ရိုက်ကူး ပြသ ထားသည်။ ရိုက်ယူပုံ နှင့် ဓာတ်ပုံ ဖွဲ့စည်းပုံ တို့ သင့်တင့်ရုံသာ ရှိပြီး ပုံတွင် ပါဝင်သော လူပရိသတ် များကို ယခုထက် ပေါ်လွင် အောင် ပြသ ကူးချဲ့သင့် ပါသည်။

အထူးဆု(၂) ရရှိသူ အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း )


အထူးဆု(၂) - အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း ) မှာ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ အမှတ်ပေး အစီအစဉ် တွင် ထိပ်ပိုင်း နေရာတွင် ရှိနေပြီး နှစ်ပတ်လည် ပထမဆုကြီး နှင့် ဆုကြီးများ ကို ရယူနိုင်သူ တစ်ဦးလည်း ဖြစ်သည်။ ဆုရပုံမှာ တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်နေ့ မီးပုံးအလှ ပြိုင်ပွဲ တွင် ရိုက်ကူးသော ပုံဖြစ်သည်။ များပြား စည်ကား လှသော ပွဲကြည့် ပရိသတ်များ နှင့် မှိုင်းပြည့်ဝ နေသော ခြင်္သေ့ မီးပုံးပျံ ကြီးကို အောင်မြင်စွာ ရိုက်ယူ ပြသ ထားသည်။ နောက်ခံ မိုးသား ကောင်းကင် နှင့် တောင်ကုန်း ၊ တောင်တန်း များမှာလည်း ပုံကို ဖြည့်ထိန်း ပေးထားသည်။ ဖြတ်တောက် တင်ပြပုံ နှင့် ဓာတ်ပုံ ဆေးသားတို့ ကောင်းမွန် ပါသည်။

အထူးဆု(၃) - ကိုကိုဆန်နီ ( သိင်္ဂီရွှေရည် )


ယခုလ ပထမဆုရှင် ကိုကိုဆန်နီ ( သိင်္ဂီရွှေရည် ) ၏ အထူးဆု(၃) ရပုံမှာ ပြင်ဦးလွင်မြို့ မဟာ အံ့ထူးကံသာ ဘုရားပွဲရက် တန်ဆောင်တိုင် ပွဲတွင် ရိုက်ယူ ထားသော ပုံဖြစ်သည်။ ပထမ ဆုရပုံ ကဲ့သို့ပင် ပြည့်စုံ ကောင်းမွန်သော ပုံကောင်း တစ်ပုံ ဖြစ်သည်။ ကောင်းကင်ယံ သို့ ရောက်နေပြီ ဖြစ်သော မီးပုံးပျံကြီး နှင့် အောက်မှ လိုက်ပါ သွားသော မီးပုံးငယ် များဖြင့် သရုပ်ဖော် ထားသည့် စောင်းပုံ နှင့် ယဉ်ကျေးမှု စာတန်း တို့ကို ပေါ်လွင်အောင် ရိုက်ကူး ထားသည်။ တန်ဆောင်တိုင် ပွဲတော် မီးရောင်စုံ စာတန်း နှင့် စေတီတော် တို့မှာလည်း ပုံကို အထောက်အကူ ပြုနေပါသည်။ ပွဲတော် မဏ္ဍပ် မှ ထိုးလွှတ်သော မီးဆလိုက် အပြာတန်း မှာလည်း ပုံကို စိတ်ဝင်စား ဖွယ် ဖြစ်စေပါသည်။ စာရေးသူ အကြိုက် တင်ပြရမည် ဆိုပါက ပုံကို ယခု အတိုင်း ချောင်ချောင် တင်ပြသည် ထက် ပုံ၏ အပေါ်ပိုင်း နှင့် ညာဘက်ပိုင်း တို့အား သင့်တင့်အောင် ဖြတ်တောက်ပြီး ပုံကို ကြီးကြီး ကူးချဲ့ပါက ပိုမို အားကောင်း ပေါ်လွင်မည် ဟု ထင်မြင် ပါသည်။ ဓာတ်ပုံ ဆေးသား တို့ ကောင်းမွန် ပါသည်။


ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )

ပြိုင်ပွဲကာလ (၁၁)လအတွင်း တစ်ဦးချင်းအလိုက် အမှတ်စာရင်း ရရှိမှု


" အဘိုးစ သို့ ဦးညွှတ်ခြင်း "


" အဘိုးစ သို့ ဦးညွှတ်ခြင်း "

ကလောင်တစ်ဖက် ၊ စွဲမက်ကိုင်ဆောင်
ပြည်ထောင်အရေး ၊ သွေးမအေးဘူး
စတေးဝံ့သူ ၊ အာဂလူပင်
ကျွန်လျှင်ခံစား နားလည်ခဲ့ ။

စစ်ရေးတစ်ဖက် ၊ ငြိမ်းလျက်ညင်သာ
ရှိသောခါမူ ၊ စာပေအနု
ရတုကဗျာ ၊ ၀ါသနာလျောက်
တစ်ထောက်မနား ၊ ရေးစွမ်းအားရှိ
နောင်သားလူမယ် ၊ အကျိုးရွယ်၍
စိတ်ဝယ်ခံစား ၊ ထားရှိသမျှ
ကျွန်ဖတ်ရသည်
အာဂ အဖိုးစ စိတ်နေလှ ။

သြော် . . .  အဘိုးစနှယ် ၊ နှိုင်းမျှထုံးစဉ်
တုမယှဉ်ရဲ ၊ စစ်ဝင်စစ်ထွက်
လက်နက်မကိုင် ၊ ကလောင်ကိုင်လည်း
မခိုင်စိတ်က ၊ တုမရပြီ
မပီကဗျာ ၊ တွေ့ခဲ့ပါလျှင်
စာနာသနား ၊ အကျွန့်အားလျှင်
နားလည် ခွင့်လွှတ် လိုက်ပါ အဘိုး ။  ။

မင်းရွှေမင်း (အင်းစိန်)


( ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၊ မြ၀တီရသစုံ မဂ္ဂဇင်း ၆၁-နှစ်မြောက် အမှတ်တရ အထူးထုတ် ပါ ကဗျာကဏ္ဍ မှ )

လေးနိုင်ငံ နယ်စပ်ဖြတ်ကျော် ကားမောင်းပြိုင်ပွဲ ပုံတောင်လမ်း တွင် တစ်ညအိပ်ရပ်နားခဲ့ရ



ရန်ကုန် ၊ ၃၀-၁၀-၂၀၁၃

မြန်မာနိုင်ငံ မင်္ဂလာ ရှုခင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံ အခြေစိုက် Trans Route ကုမ္ပဏီတို့ ပူးပေါင်း ပြုလုပ်သည့် ချစ်ကြည်ရေး နယ်စပ် ဖြတ်ကျော် ခရီးသွား ကားမောင်း ပြိုင်ပွဲ၌ လိုက်ပါ လာကြသော ကားတချို့ မုံရွာ - ပုလဲ - ဂန့်ဂေါ ကားလမ်း ပုံတောင်နတ်ထိပ် တွင် မိုးရွာသွန်းမှု အလွန် များပြားပြီး ယာဉ်များ ပိတ်ဆို့ နေသည့်အတွက် (ပုံ) တစ်ညအိပ် ရပ်နား ခဲ့ရကြောင်း လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေး နေသည့် ရဲဝန်ထမ်း တစ်ဦးထံက သိရသည်။

ယခုလ ၂၃ ရက်ညပိုင်း တွင် အဆိုပါ ချစ်ကြည်ရေး ယာဉ်တန်းသည် ပုံတောင် နတ်ထိပ်သို့ ရောက်ရှိ လာသော်လည်း တောင်ပေါ် လမ်းရှိ အတက်ကား နှင့် အဆင်းကားများ ပိတ်ဆို့နေသည့် အတွက် ညအိပ် ခဲ့ရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် ခရီးသွား ကားမောင်း အဖွဲ့သည် ပြီးခဲ့သည့် လ ၉ ရက်ခန့်က စင်ကာပူ နိုင်ငံမှ စတင်ထွက်ခွာ လာခဲ့ပြီး မလေးရှား နိုင်ငံသား ၄၅ ဦး ၊ စင်ကာပူ နိုင်ငံသား ၇ ဦး ၊ ပြင်သစ် နိုင်ငံသား ၂ ဦး ၊ ချက်နိုင်ငံသား ၂ ဦး ၊ သြစတြေးလျ နိုင်ငံသား ၃ ဦး ၊ ဘရူနိုင်း နိုင်ငံသား တစ်ဦး ၊ ဂျာမဏီ နိုင်ငံသား ၂ ဦး ၊ အမျိုးသား ၄၂ ဦး နှင့် အမျိုးသမီး ၂၀ ဦး စုစုပေါင်း  ၆၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။


ချစ်ကြည်ရေး ခရီးသွားအဖွဲ့ ကြီးသည် ပြိုင်ကား ၂၁ စီးနှင့် ဆိုင်ကယ် နှစ်စီးပါဝင်ပြီး အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ် မိုးရေးမြို့ မှ တစ်ဆင့် နယ်စပ် ဖြတ်ကျော်ကာ မြန်မာနိုင်ငံ တမူးမြို့ သို့ ဝင်ရောက် မောင်းနှင် လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ခရီးသွား အဖွဲ့သည် စင်ကာပူ နိုင်ငံမှ စတင်ထွက်ခွာ လာခဲ့ပြီးနောက် မလေးရှားနိုင်ငံ ၊ လာအိုနိုင်ငံ ၊ ဘူတန်နိုင်ငံ ၊ နီပေါနိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့ပါဝင်ကြောင်း ထိုသူတို့၏ ပြောကြားချက် များ အရ သိရှိရသည်။

ကျိုင်းတုံမြို့ ၌ လုံခြုံရေးဆိုင်ရာ သင်တန်း ဖွင့်လှစ်ပို့ချ


ကျိုင်းတုံ ၊ ၃ဝ-၁ဝ-၂ဝ၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ကျိုင်းတုံမြို့ ၊ ကျိုင်းတုံ ဟိုတယ်သစ် အစည်းအဝေး ခန်းမ၌ ဟိုတယ်ဆိုင်ရာ လုံခြုံရေး (ရက်တို) သင်တန်း ဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီ အချိန်က ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့ ကျိုင်းတုံ ပြည်နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ ၊ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ ဒုတိယ ရဲမှူးကြီး ကျော်ဝင်း ၊ မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း မန်နေဂျာ ဦးဝင်းအောင် နှင့် ကျိုင်းတုံမြို့ရှိ ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်း များမှ တာဝန်ရှိ သူများနှင့် သင်တန်းသား သင်တန်းသူ များ တက်ရောက် ခဲ့ကြသည်။

အစီအစဉ် အရ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ က သင်တန်းဖွင့် အမှာစကား ပြောကြား ရာတွင်  ရှမ်းပြည်နယ် အရှေ့ပိုင်း ရှိ ဟိုတယ်များ တွင် လုံခြုံရေး အသိအမြင်ဖြင့် ဆောင်ရွက်ရေး ၊ လုံခြုံရေး ဆိုင်ရာ ရှာဖွေ စစ်ဆေးခြင်း ၊  သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ ထူးခြားမှု ရှိက တာဝန်ရှိ သူများထံ အချိန်မီ သတင်းပေးပို့ တင်ပြရေး နှင့် ပတ်သတ်၍ အသေးစိတ် ရှင်းလင်း ပြောကြား သည်။ ထို့နောက် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်ဝင်း မှ ဟိုတယ် ၊ မိုတယ် လုပ်ငန်းများ တွင် လုံခြုံရေး အရ CCTV ကင်မရာများ တပ်ဆင် အသုံးပြုရန် လိုအပ်ကြောင်း နှင့် ၄င်း ကင်မရာများ ၏ အသုံးဝင်ပုံ များအား ရှင်းလင်း ပြောကြား ခဲ့ပြီးနောက် မြန်မာ့ဟိုတယ် နှင့် ခရီး သွားလာရေး လုပ်ငန်း မန်နေဂျာ ဦးဝင်းအောင် က သင်တန်း ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်သော ကိစ္စရပ်များ ကို ရှင်းလင်း ပြောကြား ခဲ့သည်။


အဆိုပါ သင်တန်းသို့ ကျိုင်းတုံမြို့ရှိ ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်း များတွင် တာဝန် ထမ်းဆောင် နေသော ဟိုတယ် ဝန်ထမ်း  ၃၇ ဦး တက်ရောက်ပြီး ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိ သူများက လုံခြုံရေး နှင့် ဆိုင်သော သင်ခန်းစာ များအား ပို့ချ ဆွေးနွေး သွားမည်ဖြစ်ကာ သင်တန်းအား နိုဝင်ဘာ ၁၁ ရက်နေ့ အထိ ပို့ချ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

လူမှု ပတ်ဝန်းကျင် အတွက် တိုက်ဖျက် ရမည့် " ကွမ်းယာ "


လူမှု ပတ်ဝန်းကျင် အတွက် တိုက်ဖျက် ရမည့် " ကွမ်းယာ "

လွမ်းခေါင်(ရူပဗေဒ)

ရှေးခေတ် မြန်မာလူမျိုး များအား ကွမ်း ၊ ဆေး ၊ လက်ဖက် ဆိုသော ဧည့်သည်လာရင် တလေးတစား နဲ့ ဧည့်ခံတာမျိုး ရှိတတ် ပါတယ်။ ဒါဟာ ကျန်းမာရေး ဗဟုသုတ နည်းပါးတာရယ် ၊ ခေတ်မီ ဓာတ်ခွဲ စမ်းသပ် သုတေသန ပြုထားတဲ့ ကွမ်းစား ၊ ဆေးလိပ်သောက် ခြင်းရဲ့ ဆိုးကျိုးတွေကို မသိကြလို့ပဲ ဖြစ်ပါတယ်။ အဲဒီ အထဲက အခု တင်ပြမှာ ကတော့ ကွမ်းစားခြင်း ကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုး အန္တရာယ် တွေပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ကွမ်းစားခြင်း ကို စက်ရုံ ၊ အလုပ်ရုံ ၊ ကျောင်း ၊ ဆေးရုံ ၊ ကုမ္ပဏီ ၊ ယာဉ်ရထား များပေါ် အပါအ၀င် နေရာမျိုးစုံမှာ အရွယ် မျိုးစံသော စားသုံးသူ များက စားသုံး နေကြတာကို တွေ့နိုင်ပါတယ်။ ၁၂ နှစ် ၊ ၁၃ နှစ် လူငယ် ကလေးတွေ က အစ ကွမ်းယာ စားသုံး လာကြတာကို နေရာတိုင်း မှာ မြင်တွေ့ နေရမှာ ဖြစ်ပါတယ်။

ကွမ်းစားသုံးခြင်း ဟာ ခန္ဓာကိုယ် အတွက် အာဟာရလည်း မဖြစ်နိုင် တာမို့ ဘာဖြစ်လို့ စားတာလည်း လို့ ပတ်ဝန်းကျင်က နီးစပ်သမျှ လူတွေကို မေးမြန်း ကြည့်ရာမှာ တော့ ခံတွင်းချဉ်လို့ ၊ ပါးစပ်အနံ့ဆိုး မထွက်အောင် လို့ စားသုံး ကြတာပါ လို့ ပြောကြတယ်။ လူငယ်တွေ အနေနဲ့ ကတော့ စမ်းသပ် ကြည့်ချင်လို့ ၊ သူတို့ အားကျတဲ့ သရုပ်ဆောင်တွေ ကွမ်းစားတာ ၊ ဆေးလိပ် သောက်တာ ကြည့်ပြီး လိုက်စား ၊ လိုက်သောက် ကြည့်ကြတယ်။ တချို့ကတော့ စိတ်က တောင်ရောက် မြောက်ရောက်နဲ့ မဖြစ်အောင် ကွမ်းဝါးလိုက် ၊ ထွေးလိုက်နဲ့ အလုပ် လုပ်ရာမှာ စိတ်မပျံ့လွင့် အောင်လို့ ဆိုကြတယ်။ တချို့က သူငယ်ချင်း တွေ ဆွဲဆောင်လို့ ၊ အလုပ်လုပ်ရင်း ၊ ကားမောင်းရင်း အိပ်ချင်ပြေ အောင်လို့ ၊ အဘိုး ၊ အဘွားတွေရဲ့ ကွမ်းအစ် ကနေ နှိုက်စားရင်း အကျင့် ဖြစ်သွားလို့ ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်း ပြချက် မရှိဘဲ စားသုံး နေကြတာ တွေ့ရပါတယ်။ ယနေ့ ကျွန်တော်တို့ နိုင်ငံဟာ ကွမ်းစားသုံး မှုမှာ အိမ်နီးချင်း နိုင်ငံတွေထက် ကို စားသုံးသူ ပိုမိုများပြား လာနေသလို ကွမ်းစားသုံးမှု အများဆုံး နိုင်ငံ တွေထဲမှာ ထိပ်ဆုံးကို ရောက်နေပြီ ဆိုတာ ပြောလို့ ရနိုင်ပါတယ်။

ကွမ်းစားခြင်း ကြောင့် ဖြူစင် တောက်ပ နေတဲ့ သွားတွေဟာ ပျက်စီးလွယ် ၊ ကျိုးလွယ်ပြီး သွားတွေ မည်းညစ် နေတဲ့အတွက် အလွန်ကို အကြည့်ရ ဆိုးစေပါတယ်။ ရုပ်ရည်ကို လက်ရှိ အသက်ထက် ပိုမိုရင့်ရော် စေနိုင်ပြီး စောစီးစွာ ပါးရေတွန့်ခြင်း ၊ မျက်နှာ အရေး အကြောင်းများ ဖြစ်ပေါ်ခြင်း တို့ကို ဖြစ်ပေါ် စေနိုင်ပါတယ်။ ကွမ်းစားခြင်း ကြောင့် ပတ်ဝန်းကျင် ညစ်ပတ် ပေရေစေတာ ကိုလည်း တွေ့နိုင် ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကွမ်းယာဆိုင် များကို မြန်မာနိုင်ငံ အနှံ့အပြား လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာတိုင်းမှာ တွေ့နိုင် ပါတယ်။ ကွမ်းယာဆိုင် များမှာ ကွမ်းယာကို အချို ၊ အဆိမ့် ၊ ဆေးပါတဲ့ ကွမ်းယာ ဆိုပြီး ရောင်းကြ ပေမဲ့ ဆိုင်းတိုင်း ကတော့ သုံးမျိုးလုံး မရောင်းဘဲ ဆေးပါတဲ့ ကွမ်းယာကိုသာ ရောင်းကြတာ တွေ့နိုင် ပါတယ်။ ဆေးရွက်ကြီး ကို အရက် ၊ ပျားရည် ၊ မန်ကျည်းမှည့် တွေနဲ့ နှပ်ထားတဲ့ ဆေးပေါင်း ၊ အိမ်နီးချင်း နိုင်ငံ တွေက သွင်းလာတဲ့ ကွမ်းစားဆေး မျိုးစုံဖြစ်တဲ့ နိုင်တီတူး ၊ ဖိုတီဖိုက် ၊ ဆစ်ဂနယ် ဆေးပြင်း တွေကိုပါ ထည့်ပြီး စားသုံး နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကွမ်းစားဆေး ထဲမှာပါတဲ့ ဆေးရွက်ကြီး ဟာ နီကိုတင်း ၊ အမိုးနီးယား ၊ ဘင်ဇိုင်း ၊ ဆိုင်ယာနိုက် ၊ ကာဗွန်မို နော့ဆိုက် ၊ ကာဗွန်ဒိုင် အောက်ဆိုက် ၊ ကတ္တရာဓာတ် စတဲ့ အန္တရာယ် ရှိတဲ့ ဓာတ်ပစ္စည်း မျိုးစုံ ပါဝင်တဲ့ အပြင် ကွမ်းကို ငုံထားတတ် ကြတဲ့ အတွက် သွားဖုံးကင်ဆာ ဖြစ်ပွားမှု ကိုလည်း မြင့်မား လာစေ ပါတယ်။

ကွမ်းစားခြင်း ကြောင့် ခံတွင်းထဲရှိ သွေးကြော တွေထဲကို အဆိပ် အတောက် ဖြစ်စေတဲ့ ဓာတ်ပစ္စည်း တွေ အလွယ်တကူ ၀င်ရောက် သွားတဲ့ အတွက် သွေးကြောကျဉ်း ရောဂါ ၊ သွေးတိုး ရောဂါ ၊ နှလုံးရောဂါ ၊ လေတစ်ခြမ်း ဖြတ်ခြင်း ၊ မျက်စိ အာရုံကြော ပျက်နိုင်ခြင်း ၊ မျက်စိ မှုန်ခြင်း ၊ ပါး ၊ ပါးစောင် ၊ သွားဖုံး ၊ လည်ချောင်း ၊ လျှာကင်ဆာတွေ ဖြစ်နိုင် ပါတယ်။ မှိုတက်နေတဲ့ ဆေးရွက်ကြီး နဲ့ ကွမ်းသီး တွေကို စားသုံးခြင်း ကြောင့်လည်း အသည်းရောင် အသားဝါ ရောဂါ ၊ လေထိုး လေအောင့် ရောဂါ ၊ ပန်းနာရင်ကျပ် ရောဂါ ၊ ဆီးအိမ် ကင်ဆာရောဂါ တွေဖြစ်နိုင်တဲ့ အပြင် ကွမ်းစားတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမှာ သန္ဓေသားကို ထိခိုက် တဲ့အတွက် အန္တရာယ် ဖြစ်နိုင် ပါတယ်။

ကွမ်းမှာပါတဲ့ ဘင်ဇိုင်းကြောင့် အကြောတက်ခြင်း ၊ ချွေးစေး ပြန်ခြင်း ၊ ပါးစပ် ၊ ဆီး ၊ ချွေးများ အနံ့ဆိုး ထွက်ခြင်း ၊  နားလေးခြင်း များပါ ဖြစ်စေနိုင် ပါတယ်။ ထို့အပြင် ကွမ်းစားထုံး ကြောင့် သွားတွေ ပွန်းပဲ့ကျိုးလွယ် တတ်ခြင်း ၊ သွားကိုက် သွားနာ ဖြစ်ခြင်း ၊ လျှာထူပြီး တော်ရုံ အရသာကို မခံစား တတ်ခြင်း ၊ အငန်ပိုစား ဖြစ်၍ သွေးတိုး ရောဂါကို ဖြစ်စေနိုင်ခြင်း ဆိုတဲ့ ဆိုးကျိုးတွေ ရလာနိုင် ပါတယ်။ ကွမ်းစားသုံး ခြင်းဟာ လူထု လူတန်းစား မရွေး ဈေးနှုန်း သင့်တင့်စွာနဲ့ အလွယ်တကူ ဝယ်ယူ စားသုံးနိုင်ခြင်း ကြောင့်လည်း ကွမ်းစားသုံးမှု နှုန်း မြင့်မား လာနေတယ် လို့ ပြောနိုင် ပါတယ်။ ယခင်က အသက် ၄ဝ ကျော် ဝန်းကျင် တွေသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှု တွေ့ရှိ ရသော်လည်း ယခုအခါ ကွမ်းစားခြင်း ကြောင့် အသက် ၂၅ နှစ်မှ ၃ဝ ဝန်းကျင် တွေပါ ဖြစ်ပွား နေကြောင်း တွေ့ရှိ ရပါတယ်။


ဒါကြောင့် မိသားစု ကျန်းမာရေး အတွက် ရောဂါဝေဒနာ များမှတစ်ပါး ဘာကောင်းကျိုးမှ မပေးနိုင်တဲ့ ကွမ်းစားခြင်း ဟာ ငွေကုန် ကြေးကျများခြင်း ၊ မိသားစုဝင်ငွေ ထိခိုက်ခြင်း ၊ ခန္ဓာကိုယ် အတွက် အာဟာရ မဖြစ်ခြင်း ၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ၊ အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်း လူ့ အသိုင်းအဝိုင်း အကြား အထင်သေး ခံရခြင်းတွေပဲ ကိုယ့်အတွက် ရလာနိုင်တဲ့ ကွမ်းစားခြင်း ဓလေ့ဆိုးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် သတ်မှတ်ကာ ဝိုင်းဝန်း တားမြစ် ကြဖို့ အချိန်တန်ပြီ လို့သာ တိုက်တွန်း ရေးသား လိုက်ရပါတယ် ။

(၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ 23rd AARM ဖွင့်ပွဲ အခမ်းအနား ကျင်းပ


ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း 
(၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ 
သေနတ်ပစ် ပြိုင်ပွဲ 23rd ASEAN Armies Rifle Meet ( 23rd AARM ) ဖွင့်ပွဲ အခမ်းအနားတွင် 
အမှာစကား ပြောကြားစဉ်

ပြင်ဦးလွင် ၊ ၃၀-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် အိမ်ရှင် နိုင်ငံအဖြစ် ပထမဦးဆုံး အကြိမ် လက်ခံ ကျင်းပ ပြုလုပ်သည့် (၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ 23rd AARM Armies Rifle Meet ( 23rd AARM ) ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ပြင်ဦးလွင်မြို့ ရှိ တပ်မတော် စက်ပစ်ကွင်း ၌ ကျင်းပ ပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ်များ ၊ မြန်မာ့ တပ်မတော် အရာရှိ ကြီးများ ၊ စစ်သံမှူးများ ၊ ပြိုင်ပွဲဝင် သေနတ်ပစ် အသင်းများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

(၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ 
သေနတ်ပစ် ပြိုင်ပွဲ 23rd ASEAN Armies Rifle Meet ( 23rd AARM ) ဖွင့်ပွဲ အခမ်းအနားကို
မီးရှူးမီးပန်းများ နှင့် ရောင်စုံမီးခိုးများ ပစ်ဖောက်၍ ဖွင့်လှစ်စဉ်



ရှေးဦးစွာ အလံတော် အဖွဲ့မှူး ခေါင်းဆောင်သော အလံတော် အဖွဲ့မှ AARM အလံ အပါအ၀င် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ ၁၀ နိုင်ငံ မှ အလံများ အား သတ်မှတ် နေရာတွင် လွှင့်တင် ကြသည်။

ဆက်လက်ပြီး ပြင်ဦးလွင် တပ်နယ်ရှိ ဗိုလ်လောင်းများ က မြန်မာ့ လှံသိုင်း သရုပ်ပြခြင်း ၊ ကိုယ်လက် ကြံ့ခိုင်ရေး လှံစွပ်ဖြင့် သရုပ်ပြခြင်း ၊ တိုက်ကွမ်ဒို လေ့ကျင့်ခန်း သရုပ်ပြခြင်း နှင့် တိုက်ပွဲဝင် ကိုယ်လက် ကြံ့ခိုင်ရေး လက်နက်မဲ့ သရုပ်ပြခြင်း အားကစား စွမ်းရည်များကို အသီးသီး သရုပ်ပြ ကြသည်။

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့်
ပြိုင်ပွဲဝင် အာဆီယံနိုင်ငံ တပ်မတော်များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များ
အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း
တပ်မတော် စက်ပစ်ကွင်း အတွင်း၌ အထိမ်းအမှတ် ခရေပင် စိုက်ပျိုးပေးစဉ်

ထို့နောက် တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အက အဖွဲ့များက (၂၃) ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲ ဂုဏ်ပြု တေးသီချင်း ဖြစ်သော We're The One ဖြင့် ကြိုဆို နှုတ်ခွန်းဆက် ကပြ ဖျော်ဖြေ ကြသည်။

ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော် အဖွဲ့ နှင့် ဘရူနိုင်း နိုင်ငံ သေနတ်ပစ် အသင်း ၊ ကမ္ဘောဒီးယား နိုင်ငံ သေနတ်ပစ် အသင်း ၊ အင်ဒိုနီးရှား နိုင်ငံ သေနတ်ပစ် အသင်း ၊ လာအို နိုင်ငံ သေနတ်ပစ် အသင်း ၊ မလေးရှား နိုင်ငံ သေနတ်ပစ် အသင်း ၊ မြန်မာနိုင်ငံ သေနတ်ပစ် အသင်း ၊ ဖိလစ်ပိုင် သေနတ်ပစ် အသင်း ၊ စင်ကာပူ နိုင်ငံ သေနတ်ပစ် အသင်း ၊ ထိုင်းနိုင်ငံ သေနတ်ပစ် အသင်း ၊ ဗီယက်နမ် နိုင်ငံ သေနတ်ပစ် အသင်း များက စစ်ရေးပြ ကွင်းအတွင်း ၀င်ရောက် နေရာယူ ကြပြီး ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း အား အလေးပြု ကြသည်။

၎င်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း က အဖွင့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားကာ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် မီးရှူးမီးပန်း များနှင့် ရောင်စုံ မီးခိုးများ ပစ်ဖောက်ရာ အခမ်းအနား တက်ရောက် လာသူများက လက်ခုပ် သြဘာတီး၍ အခမ်းအနား ကို အောင်မြင်စွာ ဖွင့်လှစ် လိုက်သည်။

ဖွင့်ပွဲ အပြီးတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် အမှတ်တရ စုပေါင်း ဓာတ်ပုံများ ရိုက်ကူး ကြသည်။

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် မိမိတို့ နိုင်ငံအလိုက် ပြိုင်ပွဲဝင် သေနတ်ပစ် အသင်းသား များကို လိုက်လံ တွေ့ဆုံ၍ အားပေး စကားများ ပြောကြား ကြသည်။

ထို့နောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် Novelty Shoot ပစ်ခတ်စဉ် များအား ပစ်ခတ် ကြသည်။

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း
ပြိုင်ပွဲဝင် အာဆီယံနိုင်ငံ တပ်မတော်များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များအား
အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်စဉ်

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း
Exhibition Hall တွင် ခင်းကျင်း ပြသထားသော ကာကွယ်ရေးပစ္စည်းစက်ရုံများမှ 
ထုတ်လုပ် ထားသည့် လက်နက်များအား ကြည့်ရှု လေ့လာစဉ်

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း သည် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များကို အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

၎င်းနောက် Novelty Shoot ပစ်ခတ်စဉ် များတွင် ဆုရရှိသူ များအား ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း က ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ဆက်လက်ပြီး ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် တပ်မတော် စက်ပစ်ကွင်း အတွင်း၌ အထိမ်းအမှတ် ခရေပင် များကို အသီးသီး စိုက်ပျိုး ပေးကြသည်။


ထို့နောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း  နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် AARM Village အတွင်းရှိ Exhibition Hall အတွင်း ခင်းကျင်း ပြသထားသော ကာကွယ်ရေး  ပစ္စည်း စက်ရုံများမှ ထုတ်လုပ် ထားသည့် လက်နက်များ ၊ စက်မှု အင်ဂျင်နီယာ ပြခန်း ၊ လျှပ်စစ် နှင့် သုတနည်း ပညာ ပြခန်း ၊ ရေကြောင်း အင်ဂျင်နီယာ ပြခန်း နှင့် လေကြောင်း အင်ဂျင်နီယာ ပြခန်း များအား လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံ ရှင်းလင်း ပြသ ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

ပြင်ဦးလွင်တပ်နယ်ရှိ ဗိုလ်လောင်းများ တိုက်ကွမ်ဒို လေ့ကျင့်ခန်း သရုပ်ပြခြင်း နှင့်
တိုက်ပွဲဝင် ကိုယ်လက် ကြံ့ခိုင်ရေး လက်နက်မဲ့ သရုပ်ပြကြစဉ်

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၀-၂၀၁၃) ဗုဒ္ဓဟူးနေ့



Download Links


Tuesday, October 29, 2013

ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ နှင့် မြန်မာ့ အာမခံလုပ်ငန်း အပါအ၀င် အာမခံအသင်း ဖွဲ့စည်းမည်


ရန်ကုန် ၊ ၂၉-၁၀-၂၀၁၃

မြန်မာ့ အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ပါဝင် ဖွဲ့စည်းမည့် အာမခံအသင်း တစ်ခုကို ဖွဲ့စည်းနိုင်ရန် အစီအစဉ် ချမှတ်ထားကြောင်း မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယင်း အာမခံ အသင်းကို ဖွဲ့စည်းမည့် ရည်ရွယ်ချက်မှာ ပြည်တွင်း အာမခံ ဈေးကွက် ဖွံ့ဖြိုး တိုးတက်စေရန် နှင့် အာမခံ လုပ်ငန်း လုပ်ဆောင်ရာတွင် လိုအပ်သည့် သတ်မှတ်ချက် များကို အသင်းမှပင် ချမှတ် ဆောင်ရွက်မှုများ ပြုလုပ်နိုင် ရန်ဖြစ်ကြောင်း သိရသည်။

အသင်း ဖွဲ့စည်းခြင်းကို ပုဂ္ဂလိက ကုမ္ပဏီ ၁၂ ခုလုံး လုပ်ငန်းလုပ် ကိုင်ခွင့် လိုင်စင် ပေးအပ်ပြီးပါက ဖွဲ့စည်းသွားမည် ဖြစ်ကာ လက်ရှိတွင် လုပ်ငန်း လိုင်စင်ကို ပုဂ္ဂလိက ကုမ္ပဏီ ၁၁ ခုသို့ ပေးအပ်ခဲ့ပြီး ကုမ္ပဏီ တစ်ခုသာ ပေးအပ်ရန် ကျန်ရှိ တော့ကြောင်း သိရသည်။


လက်ရှိတွင် လုပ်ငန်းလုပ်ကိုင် နေကြသည့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ အနေဖြင့် အသက် အာမခံလုပ်ငန်း ၊ အထွေထွေ အာမခံ လုပ်ငန်းများ ဖြစ်သော မီးအာမခံ လုပ်ငန်း ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ ၊ သမာဓိ အာမခံ ၊ ငွေပို့ ငွေသယ် အာမခံနှင့် ငွေသားလုံခြုံမှု အာမခံ တို့ကို လုပ်ကိုင်ခွင့် ရရှိထားသည်။ မြန်မာ့ အာမခံ လုပ်ငန်းများကို ယခုနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီ များကို လုပ်ငန်း လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာ သင်တန်း အပတ်စဉ်(၈) ဖွင့်လှစ်မည်


ရန်ကုန် ၊ ၂၉-၁၀-၂၀၁၃

မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ်မှ ကုန်သွယ် ရေကြောင်း အရာရှိလောင်း ဒီပလိုမာ သင်တန်း များကို ဖွင့်လှစ် သင်ကြား ပေးလျက်ရှိရာ ဒီပလိုမာ သင်တန်း အပတ်စဉ် (၈)ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လဆန်းတွင် ဖွင့်လှစ် သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း ဒီပလိုမာ သင်တန်း အပတ်စဉ်(၈) တွင် တက်ရောက်မည့် ကျောင်းသား များ၏ ဆေးစစ်ခြင်း ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ၀င်ခွင့်ရရန် အတွက် နိုင်ငံတော် သတင်းစာ များမှ လျှောက်လွှာများ ခေါ်ယူခဲ့ပြီး လာရောက် လျှောက်ထား သူများ အနက်မှ တက္ကသိုလ် ၀င်တန်းတွင် ရရှိခဲ့သော အမှတ် အနည်းအများ အလိုက် သတ်မှတ်၍ ရေကြောင်း ပညာ ဒီပလိုမာ သင်တန်းအတွက် သင်တန်းသား ၈၀ ဦးနှင့် ရေကြောင်း အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းသား ၈၀ ဦး ရွေးချယ် သတ်မှတ် ခဲ့ကြောင်း သိရသည်။

" ဆေးစစ်တယ် ဆိုတာက အထွေထွေ ကျန်းမာရေး ကို စစ်တာ ၊ နှလုံး သွေးတိုး ဆီးချို ၊ ဘီပိုး ၊ စီပိုး နဲ့ HIV အစရှိတဲ့ ကျန်းမာရေး နဲ့ ပတ်သက်တာ တွေအပြင် အမြင်အာရုံ စစ်ဆေးတား ၊ အကြားအာရုံ စစ်ဆေးတာ တွေလည်း လုပ်တယ် ၊ အမြင်အာရုံ စစ်ဆေး တာမှာ ဆိုရင် အရောင် ခွဲခြားနိုင်မှု စစ်ဆေးခြင်း ဆိုတာလည်း ရှိတယ် ၊ ဆေးစစ်တာ အောင်မြင်မှ သူတို့ ကျောင်း ဆက်တက်လို့ ရမှာ ဖြစ်ပါတယ် ... " ဟု မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


ယင်းကဲ့သို့ စစ်ဆေးခြင်း များကို ရေကြောင်း ပညာ ဒီပလိုမာ ကျောင်းသားများ အနေဖြင့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဆေးခန်း တွင် လည်းကောင်း ၊ ရေကြောင်း အင်ဂျင်နီယာ ကျောင်းသားများ ကို မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ဆေးခန်း တွင် လည်းကောင်း ၊ အမြင်အာရုံ စစ်ဆေးခြင်း နှင့် အကြားအာရုံ စစ်ဆေးခြင်း တို့ကို ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး တို့တွင် လည်းကောင်း စစ်ဆေးမှု ခံယူနိုင်ရန် ပြုလုပ် ဆောင်ရွက် ပေးကြောင်း သိရှိရသည်။

မြန်မာ - ဂျပန် ပူးပေါင်း၍ မော်တော်ယာဉ် နည်းပညာ ဒီပလိုမာာ သင်တန်းဖွင့်မည်


ရန်ကုန် ၊ ၂၉-၁၀-၂၀၁၃

မြန်မာ - ဂျပန် ပူးပေါင်း၍ မော်တော်ယာဉ် နည်းပညာ ဒီပလိုမာ သင်တန်းကို ရန်ကုန်မြို့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း GLORY Career Training Centre ( GCTC ) သင်တန်းကျောင်း မှ သိရသည်။

အဆိုပါ သင်တန်းကို မြန်မာ နိုင်ငံရှိ GLORY Career Training Centre ( GCTC ) နှင့် ဂျပန်နိုင်ငံ ရှိ Okayama Institute of Science and Technology ( OIST ) တို့ ပူးပေါင်း ဖွင့်လှစ် သွားမည် ဖြစ်သည်။

ယင်း သင်တန်းတွင် မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ မူဝါဒများ ဖြေလျှော့ခြင်း နှင့် မော်ဒယ်လ်မြင့် မော်တော်ယာဉ် များအတွက် နည်းပညာ ပိုင်းဆိုင်ရာ များကို သင်ကြား ပို့ချ သွားမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသည် မြန်မာ နိုင်ငံတွင် လိုအပ်လျက် ရှိသည့် မော်တော်ယာဉ် ပြုပြင်ခြင်း ဆိုင်ရာ ကျွမ်းကျင် လုပ်သားများ ထွက်ပေါ် လာရေးကို ဖြည့်ဆည်း ပေးနိုင်မည့် သင်တန်း ဖြစ်ပြီး ယင်း သင်တန်း ပြီးဆုံးပါက ဂျပန် နိုင်ငံရှိ OIST ကျောင်းတွင် ဘွဲ့ရသည် အထိ ဆက်လက် တက်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။


ယင်း သင်တန်းသို့ တက်ရောက် လိုသူများ အနေဖြင့် အနိမ့်ဆုံး ပညာ အရည်အချင်း မှာ တက္ကသိုလ် ၀င်တန်း အောင်မြင် ရမည် ဖြစ်သည်။ သင်တန်း ကာလမှာ တစ်နှစ် ကြာမြင့်မည် ဖြစ်ကြောင်း နှင့် သင်တန်းသား ဦးရေ ၂၅ ဦးမှ  ၅၀ ဦးအထိ သက်မှတ် ထားကာ သင်တန်းကြေး ကို မကြာမီ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီမြို့ သို့ ထိုင်းနိုင်ငံသား ဧည့်သည်များ ရောက်ရှိ



မြ၀တီ ၊ ၂၉-၁၀-၂၀၁၃

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ခရီးသွား လုပ်ငန်းနှင့် ထိုင်းနိုင်ငံ အခြေစိုက် Trans Asia Route Co., Ltd ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသား ဧည့်သည် ၉၆ ဦးနှင့် မော်တော်ယာဉ် ၂၆ စီး ပါဝင်သော ခရီးစဉ်သည် အောက်တိုဘာ ၂၈ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တစ်ဆင့် မြဝတီမြို့ သို့ ရောက်ရှိလာပြီး ဆက်သွယ် ဆက်ဆံရေး အရာရှိ ဒေါ်မိမိခိုင် ၊ မန်နေဂျာ ၊ ဧည့်လမ်းညွှန် ဒေါ်နန်းဇင်မျိုးအောင် နှင့် ဧည့်လမ်းညွှန် ဦးစိုင်းလုံကွမ်း တို့ လိုက်ပါလျက် မြ၀တီ - မော်လမြိုင် - နေပြည်တော် - အင်းလေး - တောင်ကြီး - ပုဂံ - ရန်ကုန် - ကျိုက်ထီးရိုး - ဘားအံမြို့ များသို့ လည်ပတ်ကာ နိုဝင်ဘာ ၄ ရက်တွင် မြဝတီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ ပြန်လည် ထွက်ခွာ သွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဧည့်သည်များအား မြ၀တီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ နှင့် အဖွဲ့ဝင်များ ၊ မြဝတီ ချစ်ကြည်ရေး တံတားတာဝန်ခံ ဦးစိုင်းအောင်မြင့် နှင့် အဖွဲ့ဝင် များမှ ကြိုဆို နှုတ်ဆက် ကြကြောင်း သိရှိရသည်။

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၄)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၄)

( ၂၉-၁၀-၂၀၁၃ ရက် အင်္ဂါအပတ်စဉ်ထုတ် )

Download Links


အာဆီယံ ဒေသတွင်း လုံခြုံရေး စဉ်ဆက်မပြတ် ပူးတွဲလေ့ကျင့်


အာဆီယံ ဒေသတွင်း လုံခြုံရေး စဉ်ဆက်မပြတ် ပူးတွဲလေ့ကျင့်

အယ်ဒီတာ့အာဘော်
( ၂၉-၁၀-၂၀၁၃ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲကို ပြင်ဦးလွင်မြို့ ရှိ တပ်မတော် စက်ပစ်ကွင်း ၌ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ကျင်းပ သွားမည် ဖြစ်သည်။ ပြိုင်ပွဲတွင် အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံ၏ တပ်မတော် (ကြည်း)များမှ သေနတ်ပစ် အသင်း ၁ဝ သင်း ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်းသား များသည် ပြိုင်ပွဲအကြို လေ့ကျင့် ပစ်ခတ်မှု များကို အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြင်ဦးလွင်မြို့ ရှိ တပ်မတော် စက်ပစ်ကွင်း ၌ လေ့ကျင့် ပစ်ခတ်ခဲ့ ကြသည်။ ပစ်ခတ် လေ့ကျင့်ကြရာ တွင် မီတာ ၁ဝဝ စက်ပစ်ကွင်း ၌ ပစ္စတို (အမျိုးသား) ၊ ပစ္စတို (အမျိုးသမီး) ပစ်ခတ်စဉ် လေ့ကျင့်ခြင်း ၊ မီတာ ၂ဝဝ စက်ပစ်ကွင်း ၌ ကာဘိုင် ပစ်ခတ်စဉ် လေ့ကျင့်ခြင်း ၊ မီတာ ၆ဝဝ စက်ပစ်ကွင်း ၌ ရိုင်ဖယ်နှင့် စက်သေနတ် ပစ်ခတ်စဉ် လေ့ကျင့်ခြင်း တို့ကို အသီးသီး ပစ်ခတ် လေ့ကျင့် ခဲ့ကြသည်။

မြန်မာနိုင်ငံ သည် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အရှေ့တောင် အာရှ နိုင်ငံများ အသင်းဝင် နိုင်ငံဖြစ် ခဲ့သည်။ အာဆီယံ အသင်း၏ (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကို ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ ရှိ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၌ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၉  ရက်မှ ၁ဝ ရက်အထိ ကျင်းပခဲ့သည်။ ယင်း အစည်းအဝေး က ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံ ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်း ပေးအပ် ခဲ့ပြီး ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ၏ ဆောင်ပုဒ်ကို '' ရှေ့သို့တူညီ တက်လှမ်းချီ ငြိမ်းချမ်း ဝေစည် အသိုက်အဝန်း ဆီ ''ဆိုသည့် ဆောင်ပုဒ်ကို ရွေးချယ် ခဲ့ကြသည်။ အာဆီယံ အဖွဲ့ဝင် အားလုံး၏ ရည်မှန်းချက် ဖြစ်သော ငြိမ်းချမ်း သာယာဝပြော သည့် အာဆီယံ အသိုက်အဝန်း တည်ဆောက်၍ ထို အသိုက်အဝန်း ရှင်သန်ရေး အတွက် အဖွဲ့ဝင်များ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြ စေရန်မှာ အာဆီယံ အသင်း၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်သော မြန်မာနိုင်ငံ က ဦးဆောင်ဦးရွက် ပြုရတော့မည် ဖြစ်သည်။

အာဆီယံ အသိုက်အဝန်း တည်ထောင်ရေး အတွက် အဖွဲ့ဝင် နိုင်ငံများ ပူးပေါင်း ဆောင်ရွက် ရမည့် လုပ်ငန်း နယ်ပယ်များမှာ နိုင်ငံရေး နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ၊ စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ၊ လုပ်ငန်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် ပြင်ပဆက်ဆံရေး ဟူသော နယ်ပယ်လေးရပ် တို့တွင် တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်သည်။

လုပ်ငန်း နယ်ပယ် လေးရပ်မှ အာဆီယံ နိုင်ငံရေး နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု သည် အစောဆုံးနှစ် များက ပင် စတင်ခဲ့သည်။ အာဆီယံ ၏ အဓိက ကျသော စာချုပ်များ အနက် Zone of Peace, Freedom and Neutrality = ZOPFAN ကို ၁၉၇၁ ခုနှစ်တွင် ကွာလာလမ်ပူ ကြေညာချက် အရ ထုတ်ပြန် ခဲ့သော အရှေ့တောင် အာရှဒေသ ချစ်ကြည်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို ၁၉၇၆ ခုနှစ်တွင် ချုပ်ဆို၍ ၁၉၉၂ ခုနှစ် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက အတည်ပြု ပေးခဲ့သည်။ ဒေသတွင်း အစောဆုံး နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု မှာ ထို အချိန်က ဖြစ်ပေါ်လျက် ရှိသည့် ကမ္ဘောဒီးယား အရေးကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းပေး နိုင်ခဲ့သည်။ ထို့အပြင် နှစ်စဉ် ဝန်ကြီးအဆင့် အစည်းအဝေး နှင့် တစ်ဆက် တစ်စပ်တည်း ကျင်းပသည့် အာဆီယံ နှင့် ဆွေးနွေးပွဲ နိုင်ငံများ အစည်းအဝေး တွင်လည်း အာရှနှင့် ပစိဖိတ် ဒေသတွင်း နိုင်ငံရေး နှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးမှုများ ပုံမှန် ပြုလုပ်လျက် ရှိသည်။

၂၁ ရာစု ခေတ်သစ် စနစ်သစ် တည်ဆောက် နေသော ကာလတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု သို့မဟုတ် ဆုတ်ယုတ်မှု တို့သည် ထိုနိုင်ငံတွင်း နိုင်ငံရေး တည်ငြိမ်မှု နှင့် လုံခြုံရေး အခြေအနေ တို့အပေါ် တည်မှီ သကဲ့သို့ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး သည်လည်း ဒေသတွင်း နိုင်ငံတို့၏ နိုင်ငံရေး တည်ငြိမ်မှု နှင့် လုံခြုံရေး အခြေအနေ တို့အပေါ်တွင် တည်မှီလျက် ရှိသည်။


သို့ဖြစ်၍ ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ၏ ဆောင်ပုဒ် ဖြစ်သော ရှေ့သို့တူညီ တက်လှမ်းချီ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ ဆိုသော ဆောင်ပုဒ်ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများက အကောင် အထည်ဖော် ကြရမည့် လုပ်ငန်း နယ်ပယ်လေးရပ်မှ ဒေသတွင်း လုံခြုံရေးတွင် မြန်မာ့ တပ်မတော် က ပါဝင် ဆောင်ရွက် ရမည်ဖြစ်ရာ ဒေသတွင်း နိုင်ငံများမှ တပ်မတော်များ နှင့် ပူးတွဲ လေ့ကျင့်ရေး စဉ်ဆက်မပြတ် ဆောင်ရွက် ရမည့် လုပ်ငန်း တစ်ခု ဖြစ်ပေသည်။    ။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger