www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 31, 2018

အောက်တိုဘာလတွင် မလေးရှား ကစားသမားနှင့် ယှဉ်ပြိုင်မည်ဟု ဖိုးသော် အတည်ပြု



ရန်ကုန် ၃၁-၈-၂ဝ၁၈

ဒဏ်ရာကြောင့် အနားယူ နေရသော MMA ကစားသမား ဖိုးသော်သည် ဒဏ်ရာမှ ပြန်လည် သက်သာလာပြီ ဖြစ်သောကြောင့် အောက်တိုဘာလတွင် မလေးရှား MMA ကစားသမား ကနူးဆူးဘားနှင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဖိုးသော်က အတည်ပြုပြောသည်။

အဆိုပါ ပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခု ပိုင်ရှင် အောင်လ အန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲလည်း ပါဝင်မည် ဖြစ်သည်။

''မျက်လုံး ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူပြီး အနားယူ နေရတာပါ။ ဒါပေမဲ့ လေ့ကျင့်လို့ ရတဲ့ အပိုင်းတွေကိုတော့ လေ့ကျင့်နေပါတယ်။ အရင်ပွဲတွေ မယှဉ်ပြိုင်ဖြစ်တဲ့အတွက် One Championship က ကျွန်တော့်ကို အခု နောက်တစ်ပွဲ စီစဉ်ပေးတာပါ'' ဟု ဖိုးသော်က ပြောသည်။

One Championship သည် မူလက ဖိုးသော်နှင့် ယှဉ်ပြိုင်ရန် အမေရိကန် ကစားသမား တစ်ဦးနှင့် စီစဉ်ထားခြင်း ဖြစ်ပြီး ယင်းကစား သမားမှာ ဒဏ်ရာ ရရှိခဲ့သောကြောင့် မလေးရှား နိုင်ငံသား ကနူးဆူးဘားနှင့် ယှဉ်ပြိုင်ရန် စီစဉ်ပေးခြင်း ဖြစ်သည်။

ဖိုးသော်သည် MMA ပြိုင်ပွဲတစ်လျှောက် ပြည်တွင်းကစား သမားများနှင့် ငါးပွဲ၊ ပြည်ပ ကစားသမားနှင့် တစ်ပွဲ ယှဉ်ပြိုင်ထားပြီး ခြောက်ပွဲစလုံး အနိုင်ရရှိထားသည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်က နောက်ဆုံး ယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲတွင် ကမ္ဘောဒီးယား နိုင်ငံသား ဆိုဆေးကို ပထမအချီအတွင်း ခြေကန်ချက်ဖြင့် အနိုင် ယူထားကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

ဘန်လေကိုရှုံးလျှင် မော်ရင်ဟို မန်ယူနည်းပြအဖြစ်မှ ထုတ်ပယ်ခံရနိုင် ဇီဒန်း ပိုချက်တီနို ကွန်တီ အလီဂရီနှင့် ဂစ်တို့ ဆက်ခံရန်ရေပန်းစား



မန်ယူ ၃၁-၈-၂ဝ၁၈

မန်ယူအသင်း ကစားသမားများနှင့် အသင်း ဝန်ထမ်းများက မော်ရင်ဟိုသည် စက်တင်ဘာ ၂ ရက်ညတွင် ဘန်လေနှင့်ကစားရမည့် ပရီး မီးယားလိဂ်ပွဲစဉ်၌ ရှုံးပွဲထပ်ကြုံရပါက အသင်း နည်းပြအဖြစ်မှ ထုတ်ပယ်ခံရရန် များနေသည် ဟု ယုံကြည်နေကြသည်။ မန်ယူ အသင်းသည် နောက်ဆုံး ပရီးမီးယားလိဂ်နှစ်ပွဲဆက် ဘရိုက် တန်နှင့် စပါးတို့ကိုရှုံးခဲ့ရသဖြင့် အသင်းဒုတိယ ဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝပ်သည် အသင်းရုံးချုပ်အခြေ စိုက်ရာ ကာရင်တန်လေ့ကျင့်ရေးကွင်း၌ မော်ရင်ဟို အနာဂတ်အတွက် ဆွေးနွေးကာ ရာထူးမှ ထုတ်ပယ်ရန် စီစဉ်ဖွယ် ရှိနေပြီး ၂ဝ၁၆ ခုနှစ်က ဗန်ဟားလက်ထက်တွင်လည်း ထိုအဖြစ်မျိုးကြုံခဲ့ ရပြီး ဗန်ဟားမှာ ထုတ်ပယ်ခံရကာ မော်ရင်ဟို အစားဝင်လာသည့်ဖြစ်စဉ်မျိုး ဖြစ်လာနိုင်ကြောင်း အသင်းသားများက ယုံကြည်နေကြသည်။ ယခု လည်း မော်ရင်ဟို အသင်းမှထုတ်ပယ်ခံရပြီး နည်းပြသစ်အဖြစ် ဇီဒန်းရောက်ရှိလာမည့်အရေး ကို ကစားသမား များက ပြောဆိုနေကြောင်း အသင်းအတွင်း သတင်းအရ ဒေးလီးမေးလ်က ဖော်ပြသည်။

''ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေက မော်ရင်ဟို မကြာခင် အသင်းကထွက်ရတော့မယ့် အကြောင်း ပြောနေကြတယ်။ တချို့က ဘန်လေ ကိုရှုံးတာနဲ့ မော်ရင်ဟို ရာထူးကထုတ်ပယ်ခံ ရမယ်လို့ ယုံကြည်နေကြတယ်။ တချို့က စက်တင်ဘာလကုန်ပြီးချိန်မှာ မော်ရင်ဟို နည်းပြ အဖြစ် ဆက်မရှိနိုင် တော့ဘူးလို့ သုံးသပ်နေတယ်။ သူတို့က ဗန်ဟားနဲ့တုန်းကလည်း ဒီလိုတူညီတဲ့ ခံစားချက်မျိုး၊ အတွေ့အကြုံမျိုး ရှိခဲ့ကြဖူးပြီးသား ဖြစ်လို့ ခံစားသိရှိနေကြတယ်။ အသင်းက မော်ရင် ဟိုကို ထောက်ခံအားပေးဆဲလို့ပြောနေပေမယ့် ဗန်ဟားတုန်းကလည်း ဒီလိုတွေပြောပြီး အလုပ် ထုတ်လိုက်တာပဲ။ ဒါကြောင့် ကစားသမားတွေက နည်းပြသစ် အဖြစ် အစားဝင်လာနိုင်တဲ့ ဇီဒန်း အကြောင်းပဲပြောနေကြတယ်'' ဟု အသင်း အတွင်းလူတစ်ဦးကပြောသည်။

မန်ယူအသင်း ဒုတိယဥက္ကဋ္ဌ ဝုဒ်ဝပ်က တစ်နှစ် လစာပေါင် ၁၅ သန်း ပေးထားရသော မော်ရင်ဟိုကို စာချုပ် လျော် ကြေးပေးပြီး ၎င်းကို ထိုရာထူးယူထားသည့် လေးနှစ်ခွဲအတွင်း သုံးဦးမြောက် ထုတ်ပယ်သည့် နည်းပြဖြစ် မလာစေလိုသော်လည်း ပရီးမီးယားလိဂ် နှစ်ပွဲဆက်ရှုံးထားပြီး သုံးပွဲဆက် ရှုံးခဲ့လျှင် ရှိလာမည့် ဖိအားများမှာ ကြီးမားလွန်း မည်ဖြစ်ခြင်းကြောင့် အပြောင်းအလဲ တစ်ခုကို ဆုံးဖြတ်ကောင်း ဆုံးဖြတ်ရမည်ဖြစ်သည်။

မော်ရင်ဟိုကိုထုတ်ပယ်လျှင် ဇီဒန်းဆက်ခံရန် ရေပန်း အစားဆုံးဖြစ်နေပြီး ၎င်းနောက်တွင် ပိုချက်တီနို၊ ကွန်တီ၊ အလီဂရီနှင့် အသင်းဂန္ထဝင် ကစားသမားဟောင်း ရွိုင်ယန်ဂစ်တို့ အစားဝင် နိုင်ဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြနေ ကြသည်။ မန်ယူအသင်း နည်းပြဟောင်းဖြစ်သလို ဂန္ထဝင် ကစားသမားဟောင်း ဘရိုင်ယန်ရော့ဘ် ဆင်က မော်ရင်ဟိုကို သုံးပွဲရလဒ်ကြည့်ပြီး မထုတ်ပယ်သင့်ဘဲ အချိန်ပေးသင့်ကြောင်း ထောက်ခံ ပြောကြားသည်။

# မြဝတီနေ့စဉ်သတင်းစာ 

မန္တလေး မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်းအတွင်း ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်အလှူခံခြင်းကို အရေးယူသွားမည်ဟုဆို



မန္တလေး ၃၁-၈-၂ဝ၁၈

မန္တလေး မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်းအတွင်း စက်တင်ဘာ ၁ ရက်မှ စတင်ကာ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ မည်သည့်အလှူခံမျှ ဝင်ရောက်ခွင့် မပြုတော့ကြောင်း မန္တလေးမဟာ အောင်မြေကျောက်မျက် ရောင်းဝယ်ရေး စခန်း၏ အကျိုးတော်ဆောင် ကော်မတီမှ သိရသည်။

အဆိုပါကျောက်မျက် ရောင်းဝယ်ရေး စခန်းတွင် ပစ္စည်းများ ပျောက်ဆုံးခြင်း မကြာခဏဖြစ်ပွား တတ်ခြင်းကြောင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်၊ ဘုရားပွဲတွေအတွက် အလှူခံမယ်ဆိုရင် ကျွန်တော်တို့ ရုံးကို အရင်လာပြီးတော့ စာရွက်စာတမ်း အထောက်အထား နဲ့လာပြီး အလှူခံမယ်ဆိုရင်တော့ ခွင့်ပြုပေးမှာပါ။ အခုဟာက ဝိုင်းအတွင်းမှာ ဘယ်ကမှန်းမသိတဲ့ အလှူခံတွေရော တောင်းစားနေတဲ့ သူတွေရော အများကြီး ဝင်လာကြတယ်။ အဲဒီမှာက ပစ္စည်းပျောက်ဆုံးမှုတွေ မကြာခဏဖြစ်နေပါတယ်။ ဒီအတွက် အခုလိုတားမြစ် လိုက်တာပါ"ဟု မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း၏ အကျိုးတော်ဆောင် ကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဦးက ပြောပြသည်။

မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း တောင်းစားနေသူများ၊ ရေသန့်ဘူးကောက်သူများနှင့် လူစိမ်းအဝင်အထွက်လည်း များကြောင်း သိရသည်။

အဆိုပါကျောက်မျက် ရောင်းဝယ်ရေး စခန်းအတွင်း စက်တင်ဘာ ၁ရက်မှ စတင်ကာ ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက် အလှူခံခြင်းကို တွေ့ရှိပါက ထိရောက်သည့် အရေးယူခြင်းများကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

ဆွာရေလှောင်တမံ ရေလျှံမှုကြောင့် စာသင်ကျောင်း ၂၆၂ ကျောင်း ပိတ်ထားရ



နေပြည်တော် ၃၁-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ဆွာရေလှောင်တမံ ရေပိုလွှဲထိခိုက်ပြီး ရေလျှံမှုကြောင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရေတာရှည်မြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၆၂ ကျောင်းကို သြဂုတ် ၂၉ ရက်မှစ၍ ယာယီပိတ်ထားလိုက်ရကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ သတင်းများအရ သိရသည်။

ယခုနှစ် သြဂုတ် ၂၉ရက်နံနက် ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးရှိ ဆွာရေလှောင်တမံမှ ရေပိုလွှဲမှာ လေးပေခန့်ထိ ပျက်ကျပျက်စီးသဖြင့် ရေပိုလွှဲထက် ရေအမြင့် ခြောက်ပေခန့်ထိ ကျော်မြင့်ကာ ရေလျှံထွက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ရေလျှံထွက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရှိ ရေတာရှည်မြို့နယ်သို့ ရေများဝင်ရောက်ကာ ဒေသခံများလည်း ရေဘေးလွတ်ရာ သို့ပြောင်း ရွှေ့နေကြရပြီး ရေတာရှည်မြို့နယ်ရှိ အခြေခံပညာ ကျောင်း၂၆၂ ကျောင်းကိုလည်း ယာယီပိတ်ထား လိုက်ရကြောင်း သိရသည်။

"ပဲခူးတိုင်းဒေသကြီး (အရှေ့) မှာတော့ သြဂုတ် ၂၉ရက်က ပိတ်လိုက်ရတဲ့ ကျောင်းပေါင်းက ၂၇၅ ကျောင်းရှိပါတယ်။ ရေတာရှည်မြို့နယ်က ကျောင်းပေါင်း ၂၆၂ကျောင်းကတော့ ဆွာရေလှောင် တမံကြောင့် သြဂုတ် ၂၉ရက်က ပိတ်လိုက်ရတာပါ။ ကျန်တဲ့ ဒိုက်ဦးတို့ တခြားမြို့နယ်တွေကတော့ စစ်တောင်း မြစ်ရေတက်လို့ ပိတ်ရတာပါ" ဟု အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ပြောပြသည်။

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် သြဂုတ်လအတွင်း မိုးရွာသွန်းမှုနှင့် သဘာဝဘေးတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁ဝခုတွင် အခြေခံပညာ ကျောင်းပေါင်း ၂ဝ၂၂ ကျောင်းပိတ်ထားခဲ့ရပြီး ကျောင်းပေါင်း ၁၆၈၄ကျောင်းကို ပြန်လည်ဖွင့်ပေး ထားပြီးဖြစ်ကြောင်း၊ ပြန်ဖွင့်ရန် ကျန်ရှိသည့် ကျောင်းပေါင်း ၃၃၈ ကျောင်း ကျန်ရှိနေသေးကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

မြဝတီမြို့တွင် ငွေကျပ် သုံးဆယ့်ငါးသိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ၁၁ မျိုးခိုးယူသူကို ဖမ်းဆီးရမိ



မြဝတီ ၃၁-၈-၂ဝ၁၈

မြဝတီမြို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး၏ နေအိမ်လိုင်းခန်းအတွင်း ထားရှိသည့် ငွေကျပ် သုံးဆယ့်ငါးသိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၁၁ မျိုး ခိုးယူခံရသဖြင့် သြဂုတ်၂၉ရက်က မြဝတီမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ရာ မြဝတီမြို့မရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို သက်သေခံ ရွှေထည်ပစ္စည်း ၁၁မျိုးနှင့်အတူ စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ် (၃၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု မြဝတီတွင် တာဝန်ထမ်းဆောင် နေသည့် ဦးမင်းအောင်မြင့်ဦးသည် အလုပ်တာဝန်များဖြင့် ခရီးထွက်နေရာမှ သြဂုတ် ၂၇ရက်တွင် ပြန်လည်ရောက်ရှိစဉ် နေအိမ်လိုင်းခန်း အတွင်း မွေနှောက်ထား၍ စစ်ဆေးရာ ကာလတန်ဖိုးငွေကျပ် သုံးဆယ့်ငါးသိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၁၁မျိုး ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သြဂုတ်၂၉ရက် ည ၇နာရီ ၁၅မိနစ်ခန့်က မြဝတီမြို့မရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့သဖြင့် မြဝတီမြို့မရဲစခန်းက (ပ) ၇၂၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၈ဝဖြင့် အမှုဖွင့်စုံစမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို မြဝတီမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး မင်းကိုက ကြပ်မတ်၍ နယ်ထိန်းခေါင်းဆောင်ရဲအုပ် အောင်ချမ်းမွန် ဦးစီးအဖွဲ့ဖြင့် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ပြစ်ချက် ဟောင်းရှိသူများကို စုံစမ်းပြီး မသင်္ကာဖွယ်ရှိသူများကို ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၉ရက် ည ၉နာရီ ၄၅မိနစ်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ကျောက်ဖျာဂိတ်အနီးတွင် အောင်မိုး အကွက်(၁၆) လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေသူကို ပျောက်ဆုံးသွားသည့် ရွှေထည်ပစ္စည်း ၁၁မျိုးနှင့်အတူ ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်း၍ အမှုကို ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ကျောင်းသားတစ်ဦးအား ဓားဖြင့်ထိုးသွားသူ သုံးဦးကို ဖမ်းဆီးရမိ



ကျောက်ဆည် ၃၁-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ကျောင်းသားတစ်ဦးအား ဓားဖြင့် ထိုးသွားသူသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရသည်။

နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ကျောင်းသားနှစ်ဦးဖြစ်သည့် သန့်ဇင်မင်းနှင့် နေမင်းထက်တို့သည် ကျောက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ စည်းစိမ်ကြွယ် အရက်ဆိုင်သို့ သြဂုတ် ၂၉ရက်ည ၁ဝနာရီခန့်က အရက်ဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ညောင်ခြောက်ပင်ရပ်ကွက် မေသောင်းအဆောင်ရှေ့တွင် လူသုံးဦး စီးလာသည့် ဆိုင်ကယ်ဖြင့် တိုက်မိမလို ဖြစ်ခဲ့ပြီးနောက် ဆိုင်ကယ်ကို ဆက်လက်မောင်းနှင် ခဲ့ပြီး ပြည်လုံးနိုင်ရပ်ကွက်ရှိ စည်းစိမ်ကြွယ် အရက်ဆိုင်သို့ ရောက်ရှိခဲ့သည်။

ထို့သို့ရောက်ရှိ၍ ဆိုင်ကယ်ရပ်စဉ် အဆိုပါလူသုံးဦး ရောက်ရှိလာပြီး နေမင်းထက်နှင့် သန့်ဇင်မင်းတို့ကို ဆိုင်ကယ်ပေါ်မှ ဆင်းရန်နှင့် ဖုန်းပေးရန်ပြောဆိုခဲ့ကာ အချင်းများကျပြီး နေမင်းထက်ကို ဓားဖြင့်ထိုး၍ ထွက်ပြေး သွားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ဓားဖြင့်အထိုးခံရသူ နေမင်းထက်မှာ ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများ ဖြစ်သည့် အလီဘိုင်(ခ) မင်းခန့်ကျော်၊ အောင်သူဟိန်းနှင့် မင်းချစ်အောင်တို့ကို ကျောက်ဆည်မြို့မရဲစခန်းက (ပ) ၇၃၁/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂/၁၁၄ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ





နေပြည်တော် ၃၁-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်ကျေးရွာအနီး၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးစဉ် သြဂုတ် ၂၉ ရက် ည ၁၁ နာရီခွဲခန့်တွင် မူဆယ်ဘက်မှ ကွတ်ခိုင်ဘက်သို့ ရဲမင်း(ဘ) ဦးသန်းညွန့်မောင်းနှင်၍ စိုင်းမြင့်ဦး(ဘ) ဦးအောင်ပန်း လိုက်ပါလာသည့် Nissan အမျိုးအစား လိုင်စင်မဲ့ ၁၂ ဘီးယာဉ်တစ်စီး၊ ဝေဖြိုးကျော်(ဘ) ဦးဝင်းထွေး မောင်းနှင်၍ သန်းဝင်းထွန်း(ဘ)ဦးအာဖျံကွေး လိုက်ပါလာသည့် ဟီးနိုးအမျိုးအစားလိုင်စင်မဲ့ ၁၂ ဘီးယာဉ်တစ်စီးနှင့် သီဟ(ဘ)ဦးစန်းလွင် မောင်းနှင်၍ အောင်သိုက်(ဘ) ဦးထွန်းသိန်း လိုက်ပါလာသည့် ဟီးနိုးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN-2E/-----ပါ ၁၂ ဘီး ယာဉ်တစ်စီးတို့ပေါ်မှ အီသိုင်းအီသာအက်စစ်များ ထည့်ထားသည့် သံပီပါ ၁၂၅ လုံး၊ ကဖင်းများ ထည့်ထားသည့် ဆာလာအိတ် ၁ဝ၅ အိတ်၊ ဟိုက်ဒရိုကလိုရစ်အက်စစ်များ ထည့်ထားသည့် ဂါလန် ၅ဝ ဆံ့ ပလတ်စတစ်ပီပါ ၅ဝ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါမူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂/ခ) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်




နေပြည်တော် ၃၁-၈-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂/ခ)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း(မင်္ဂလာဒုံ) ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်သားများက ကျောင်းပတ်ဝန်းကျင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ရေဝပ်သောနေရာများအား မြေဖို့ပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်




နေပြည်တော် ၃၁-၈-၂ဝ၁၈

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို 
သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ခိုလမ်တပ်နယ်(က) အသင်းနှင့် (ခ)အသင်းတို့၏ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ 

ထို့နောက်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိသူများနှင့်ဒိုင်းဆုရရှိသော ခိုလမ်တပ်နယ်(က) အသင်းတို့ကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ကြသည်။ 

အဆိုပါဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် သြဂုတ် ၁၁ ရက်မှ ၂၉ ရက်အထိ ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

ထားဝယ်မြို့၊ ဃောသိတာရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်





နေပြည်တော် ၃၁-၈-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဃောသိတာရာမပါဠိ တက္ကသိုလ်ကျောင်းတိုက်မှ နာယကဆရာတော်များနှင့် စာသင်သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁ဝ၄ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်ခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးခြင်း စသည့်ရောဂါရှာဖွေ စမ်းသပ်ကုသခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအတွက် လှူဖွယ် ပစ္စည်းများနှင့် စာရေးကိရိယာများ ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

တောင်ကြီးမြို့နယ်နှင့် ဘုရားဖြူမြို့နယ်တို့ အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်






နေပြည်တော် ၃၁-၈-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာ၊ ရပ်စောက်မြို့နယ်၊ ဘုရားဖြူမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၂၈၄ ဦးတို့ကို နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ အရိုးရောဂါ၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အသည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

အင်းဝဘဏ်လီမိတက်၏ ၅၃ ခုမြောက်ဘဏ်ခွဲဖြစ်သော စက်ဆန်းဘဏ်ခွဲဖွင့်လှစ်



နေပြည်တော် ၃၁-၈-၂ဝ၁၈

အင်းဝဘဏ် လီမိတက်၏ ၅၃ ခုမြောက်ဘဏ်ခွဲဖြစ်သော စက်ဆန်းဘဏ်ခွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်ရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အင်းဝဘဏ် လီမိတက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ငွေဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အင်းဝဘဏ်လီမိတက် မန်နေးဂျင်း ဒါရိုက်တာတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးက ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်၍ ဘဏ်ခွဲကမ္ပည်း မော်ကွန်း ဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တက်ရောက်လာကြသူများ နှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှု ကြသည်။

အင်းဝဘဏ်လီမိတက် စက်ဆန်းဘဏ်ခွဲတွင် အပ်ငွေများလက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ချေးငွေများထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ(Payment Order)များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guaratee) အမျိုးမျိုးထုတ်ပေးခြင်း၊ Debit Card များထုတ်ပေးခြင်း စသည့်ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေ လွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေ အပေါ်အတိုးနှုန်း ကိုးရာခိုင်နှုန်းနှင့် စာရင်းသေ အပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျောက် စုဆောင်းသည့် အချိန်ကာလအပိုင်းအခြား အလိုက်မူတည်၍ ၁ဝရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေး လုပ်ငန်းမတည် လုပ်ကိုင်လိုသူများ အတွက်လည်း ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်းသတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

မြန်မာနိုင်ငံ၌ လေ့လာရေးခရီး ရောက်ရှိနေသည့် အိန္ဒိယတပ်မတော်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၅)မှ သင်တန်းသားများ ပြန်လည် ထွက်ခွာ




နေပြည်တော် ၃၁-၈-၂ဝ၁၈

ပည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိနေသည့် အိန္ဒိယတပ်မတော်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၅၈)မှ လေတပ်ဗိုလ်ချုပ် TDJOSEPH VMUSM ဦးဆောင်သော လေ့လာရေး ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၆ ရက်မှ ယနေ့အထိ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ အထင်ကရနေရာများသို့ သွားရောက် လေ့လာလည်ပတ်ကြသည်။ 

အဆိုပါလေ့လာရေး အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာရာ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Col. Navven Mahajan,SM နှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်




နေပြည်တော် ၃၁-၈-၂ဝ၁၈


အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပြင်ဦးလွင် တပ်နယ်အသင်းနှင့် ကျောက်ပန်းတောင်း တပ်နယ်အသင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပြင်ဦးလွင် တပ်နယ်အသင်းနှင့် မိတ္ထီလာ တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော အသင်းများဖြစ်ကြသည့် ပြင်ဦးလွင်တပ်နယ် အမျိုးသမီး အသင်းနှင့် မိတ္ထီလာတပ်နယ် အမျိုးသား အသင်းတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့်ဆုများ အသီးသီး ပေးအပ်သည်။ 

အဆိုပါဘော်လီဘော ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၂ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့ဖြင့် သြဂုတ်၂၃ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲတံခါး ကျိုးပေါက်မှုကြောင့် ရေကြီးနစ်မြုပ် မှုဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်







နေပြည်တော် ၃၁-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲတံခါးသည် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၂၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အရှည် ပေ ၃၆၀ ခန့်ကျိုးပေါက်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၈ စုမှ ကျေးရွာ ၈၅ ရွာမှ ဒေသခံပြည်သူများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းများ၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

ရေတာရှည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၈ စု၊ ကျေးရွာပေါင်း ၈၅ ရွာ၊ အိမ်ခြေ ၁၀၉၁၆၊ အိမ်ထောင်စု ၁၀၉၃၈ စု၊ လူဦးရေ ၄၉၃၈၂ ဦး၊ ရေဘေးသင့်ခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအတွက် ရေတာရှည်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၇ ခုနှင့် တောင်ငူမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားရှိခဲ့ကာ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါဆွာရေလှောင်တမံမှ ထပ်မံရေကျော်ကျမှုမရှိ ကြောင်းနှင့် ရေ၀င်ခဲ့သည့် နေရာများတွင် ရေကျဆင်းသွားသဖြင့် ရေဘေးကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်ပိုင် မော်တော်ယာဉ်များဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများ ၊ ရေသန့်နှင့် ဆန်အိတ်များကို တပ်မတော်ပိုင် အသက်ကယ်ဖိုက်ဘာလှေများဖြင့် ကျေးရွာ များသို့ သွားရောက်ပေးပို့ခဲ့သည်။

ရေကြီးနစ်မြုပ်မှုဖြစ်ပွားရာနေရာများသို့ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တောင်ငူနှင့် ရေတာရှည်တပ်နယ်တို့မှ တပ်မတော်သားများက တပ်မတော်ပိုင် မော်တော်ယာဉ် ၂၉ စီးဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့ပြင် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းသည် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆွာချောင်းတံတား၌ နေရပ်ပြန်ရေဘေးသင့်ပြည်သူများ အား လိုက်လံပို့ဆောင်ပေးနေမှု များ၊ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ ယာယီဘေလီတံတား တည်ဆောက်နေမှု၊ ကေတုမတီမြို့ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများ ကို တိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၈-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၈-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၃၁-၈-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၃၁-၈-၂ဝ၁၈)

Download Links

Thursday, August 30, 2018

လက်ရှိ ပရီးမီးယားလိဂ် နည်းပြ ၁၉ ဦးပေါင်းလျှင်ပင် မိမိအောင်မြင်မှုကိုမမီဟု မော်ရင်ဟိုဆို အသင်းကစားပုံနှင့် စုစည်းမှု ကောင်းခြင်းကို မီဒီယာများ အပြစ်တင်မှုဆီ ဆွဲခေါ်နေဟု ခွန်းတုံ့ပြန်



မန်ချက်စတာ ၃ဝ-၈-၂ဝ၁၈

မန်ယူအသင်းသည် ယမန်နေ့နံနက်က စပါး အသင်းနှင့်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ သုံးဂိုးပြတ်ဖြင့်ရှုံးနိမ့်ပြီး ရာသီအဖွင့် သုံးပွဲကစားအပြီး နောက်ဆုံး နှစ်ပွဲဆက်ရှုံးနိမ့်သဖြင့် ၂၆ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်၊ မော်ရင်ဟို၏ နည်းပြသက်တမ်းတစ် လျှောက် အဆိုးရွားဆုံး အိမ်ကွင်းရလဒ်စသည့် စံချိန် ဆိုးများရရှိသော်လည်း ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက မိမိသည် လက်ရှိ ပရီးမီးယားလိဂ်နည်းပြ ၁၉ဦးအနက် အအောင် မြင်ဆုံး နည်းပြအဖြစ် ရှိနေသေးပြီး မိမိချယ်လ်ဆီးနှင့် ရထားသည့် ပရီးမီးယားလိဂ် ဖလားသုံးလုံးစံချိန်ကို နည်းပြ ၁၉ ဦးပေါင်းလျှင်ပင် မရနိုင်သဖြင့် လေးစားသမှု ထားရန် ဒေါသတကြီး တုံ့ပြန်ပြောကြားသည်။

မန်ယူအသင်း ခံစစ်သည် ပရီးမီးယားလိဂ် သုံးပွဲကစား အပြီး ခုနစ်ဂိုးပေးထားရကာ နောက်ဆုံးနှစ်ပွဲမှာပင် ခြောက်ဂိုး ပေးရသဖြင့် အသင်းအင်အားမှာတောင့် တင်းခြင်းမရှိ၊ ခံစစ်မှူးကောင်းများထပ်မံလိုအပ်သည့် အနေ အထားမျိုး ဖြစ်နေသလားဟု မီဒီယာများက ဦးစွာ မေးမြန်းရာ မော်ရင်ဟိုက ''ဈေးကွက်က ပိတ်သွားပြီ။ ဇန်နဝါရီ ၁ ရက်မှ ပြန်ဖွင့်မှာဖြစ်လို့ ဒီအကြောင်း ဘာမှ ထပ်ပြောစရာမရှိဘူး။ ဒီပွဲကို ကြည့်လိုက်ရတဲ့ လူတိုင်းက ကျွန်တော့်အသင်း စုစည်းမှုဘယ်လောက် ရှိသလဲဆိုတာ သိမှာပါ။ အသင်းက စုစည်းမှုမရှိရင် ကစားသမား တွေလည်း ရှိသမျှအစွမ်းကုန်ပေးကစား မှာမဟုတ်ဘူး။ ဒါကြောင့် စုစည်းမှုအကောင်းဆုံးနဲ့ ပထမပိုင်း တစ်လျှောက်လုံး အကောင်းဆုံးကစားနိုင်တဲ့ ကျွန်တော့် ကစားသမားတွေကို စုစည်းမှုမရှိဘူး ဆိုတဲ့မဟုတ်မမှန် တာတွေ ပြောဖို့ မလုပ်ကြပါနဲ့။ မန်ယူ ပရိသတ်ကလည်း ပွဲအပြီးမှာ အသင်းကစားပုံကို ကျေနပ်လို့ လက်ခုပ်တီးပြီး အားပေးသူတွေရှိခဲ့တယ်။ သူတို့ရဲ့အားပေးပုံက အံ့မခန်းပါပဲ။ အကောင်းဆုံး ပရိသတ်ပါ။ ပွဲမပြီးမီကွင်းထဲက ထွက်သွားကြတယ် ဆိုတာကလည်း ကိုယ်ဆိုရင်လည်း သုံးဂိုးပြတ်ရှုံးနေမှတော့ သူတို့လိုပဲလုပ်ဖြစ်မှာပါ။ ကစားသမားတွေရတဲ့ လက်ခုပ်သံကလည်း ထိုက်တန်လို့ရတာပါ။ စပါးကို ထောင့်ကန်ဘောကနေ တစ်ဂိုးစပေး လိုက်ရပြီးနောက် ပွဲကပြောင်းလဲသွားတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် မှာတုန်းက ဆီဗီလာကို အိမ်ကွင်းမှာ ထိုက်ထိုက်တန်တန်ရှုံးတော့လည်း ပရိသတ်က လှောင်ပြောင်ခဲ့တယ်။ ဒါမဆန်းပါဘူး။ ဘောလုံးမှာ အကောင်းဆုံး ဒိုင်လူကြီး အဖြစ် ဆုံးဖြတ်နိုင်တာကပရိသတ်ပါ။ ကျွန်တော်တို့ပရိသတ်က ခင်ဗျားတို့ရေးတာတွေမဖတ်ဘူး။ ရုပ်မြင်သံကြားကနေ သုံးသပ်ဝေဖန်နေတာတွေကိုမကြည့်ဘူး။ ဒီလောက်လည်း မညံ့ဘူး။ ဘောလုံးမှာ အရေး အကြီး ဆုံးကဘာလဲ။ ခင်ဗျားတို့ကိုမေးမယ်။ အသင်းကစားပုံကောင်းဖို့နဲ့ နိုင်ပွဲရဖို့မဟုတ်လား။ ကျွန်တော့်အသင်း ကစားပုံကောင်းခဲ့တာကို ပရိသတ်ကသိလို့ လက်ခုပ် တီးပြီး အားပေးခဲ့ကြတာပါ။ ခင်ဗျားတို့ကတော့ ဒီဖြစ်စဉ်ကို ပြစ်တင်ဝေဖန်စရာ လမ်းကြောင်းပြောင်း လုပ်ကြဦးမှာပါ''ဟု ပြောသည်။

သတင်းစာ ရှင်းလင်းပွဲမှ ခြေဆောင့်ပြီးထွက်မသွားမီ မော်ရင်ဟိုက လက်သုံးချောင်းထောင်ပြပြီး ''ခင်ဗျားတို့ ပွဲရ လဒ်က ၃ ဂိုး-ဂိုးမရှိ ဆိုတာသိလား။ ဒါပေမဲ့ အခုပြတဲ့ လက်သုံးချောင်းအဓိပ္ပာယ်က ကျွန်တော် ရခဲ့တဲ့ ပရီးမီးယား လိဂ် ဖလားသုံးကြိမ်ကိုပြောတာ။ လက်ရှိ တခြားနည်းပြ ၁၉ ယောက်ပေါင်း ထက်ပိုများတယ်''ဟု ပြောသည်။

# မြဝတီနေ့စဉ်သတင်းစာ

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်သုံးမြို့နယ်တွင် ရွှေတူးဖော်လိုသူများ လုပ်ငန်းစတင်နိုင်ရန် လျှောက်လွှာများခေါ်ယူ



ပဲခူး ၃ဝ-၈-၂ဝ၁၈

ပဲခူးတိုင်း ဒေသကြီးအတွင်း မြို့နယ် သုံးမြို့နယ်ရှိ မြေဧက ၁၆ဝဝဝ ကျော်တွင် ရွှေတူးဖော်ရေး လုပ်ကိုင်လိုသော လုပ်ငန်းရှင်များ အောက်တိုဘာလတွင် လုပ်ငန်းစတင်နိုင်ရန် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စု အစိုးရက ရွှေလုပ်ငန်းနှင့် ပတ်သက်သော နည်းဥပဒေကို ယခုနှစ် မတ်လက ထုတ်ပြန်သဖြင့် တိုင်းဒေသကြီးအစိုးရက လုပ်ငန်းရှင် တစ်ဦးလျှင် မြေလေးဧကစီ ရွှေတူးဖော်ခွင့် ချမှတ်ပေးနိုင်ပြီး မြေလေးဧကနှင့် အထက် တူးဖော်လိုသူများ ပြည်ထောင်စု အစိုးရထံ ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အရင်တုန်းက ရွှေလုပ်ကွက်မှန်သမျှကို ပြည်ထောင်စု အစိုးရက ခွင့်ပြုခဲ့တာပါ။ အခု နည်းဥပဒေ ထွက်လာတဲ့အတွက် တိုင်းဒေသကြီး အစိုးရအနေနဲ့ မြေလေးဧက ခွင့်ပြုလို့ရသွားပါပြီ။ လုပ်ငန်းလုပ်ကိုင် လိုသူတွေကို လျှောက်လွှာတွေ စုဆောင်းပြီး ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်းပါမယ်။ မီနီဘတ်ဂျက်အလွန် အောက်တိုဘာလမှာ လုပ်ငန်းစတင် နိုင်အောင်ခွင့်ပြု ပေးသွားမှာပါ။ လုပ်ငန်းရှင်တွေရဲ့ အရည်အသွေးတွေ စစ်ဆေးရမယ်။ လုပ်ကွက်နေရာကိုလဲ စစ်ဆေးရပါမယ်။ တရားမဝင်ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ ပပျောက်သွားအောင် ဆောင်ရွက်သွားမှာပါ"ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မွေတော်ကက္ကူဘုရားများ အဆူ ၅၁၀ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

၂ဝ၁၆ခုနှစ်က သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းမွေတော် ကက္ကူဘုရားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများ ၂ဝ၁၆ခုနှစ် ဒီဇင်ဘာ ၁၅ရက်မှ စတင်ခဲ့ရာ ယနေ့ထိ ဘုရားစေတီစုစုပေါင်း အဆူ ၅၁ဝပြန်လည်ပြုပြင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သြဂုတ် ၂၈ ရက် သတင်းများအရ သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ ကက္ကူရွာတွင် ၂ဝ၁၆ခုနှစ် ဧပြီ ၂၂ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကက္ကူရွာအပါအဝင် မွေတော်ကက္ကူဘုရား ဝင်း အတွင်းရှိ အသောကဆုတောင်းပြည့် စေတီတော်ကြီး၊ ဖောင်တော်ဆိုက်စေတီ တော်ကြီးနှင့် အရံစေတီဘုရားများ၊ ပညောင်ပင်ကြီးများ လဲပြိုခဲ့သဖြင့် ဘုရားပရိဝုဏ်ပါ ပျက်စီးခဲ့ရသည်။

အဆိုပါပျက်စီး သွားခဲ့သည့် မွေတော်ကက္ကူဘုရားရှိ အရံစေတီများကို Block(A) မှ Block(I) ထိ Block ကိုးခု ခွဲခြားပြီး စာရင်းကောက်ယူခဲ့ရာ စုစုပေါင်း ၂၄၈၇ ဆူရှိသည့်အနက် ထီးတော်ယိမ်းယိုင်သည့် စေတီများအပါအဝင် စေတီတော်ပေါင်း ၁ဝ၃၈ဆူ ပျက်စီးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပျက်စီးသွားခဲ့သော မွေတော်ကက္ကူဘုရားများကို ရှေးမူမပျက်ပြန်လည် ပြုပြင်ဆောင်ရွက်ရန် အတွက်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁ဝဝ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ တောင်ကြီးတို့တွင် အလှူခံဌာနများ ဖွင့်လှစ်၍ တာဝန်ယူကောက်ခံပေးပြီး မွေတော်ကက္ကူ ဘုရားဂေါပက အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် အလှူငွေပေါင်းမှာ ယခုနှစ်ဖေဖော်ဝါရီလ ကုန်ထိ ငွေကျပ် ၁၇ဝ၇၅၅ဝဝဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

ငါး၊ ပုဇွန် ပြန်လည်တင်ပို့ခွင့်ရရှိရန် ရေထွက်ကုန်စည် ပြပွဲသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သွားရောက်ဆွေးနွေးမည်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည့် ရေထွက်ကုန်စည် ပြပွဲသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် သွားရောက်လေ့လာ၍ ဆော်ဒီအာရေဗျ နိုင်ငံသို့ ငါး၊ပုစွန်ပြန်လည် တင်ပို့ခွင့်ရရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက် ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် သြဂုတ် ၂၈ ရက်ကကျင်းပ ပြုလုပ်သည့် သား၊ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြပွဲကို အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည် ဖြစ်ပြီး ငါး၊ ပုစွန် ပြန်လည်တင်ပို့ ခွင့်ရရှိရန် ဆော်ဒီအာရေဗျနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခွင့်ရရှိရေး ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်နိုင်ရန် စာတင်သွားမည် ဖြစ်ကြောင်း သိရသည်။

"တကယ်လို့ ပြပွဲကိုသွားမယ့် အချိန်ထိ ဘာမှအကြောင်းမပြန် သေးဘူးဆိုရင် ဒူဘိုင်းသွားရင်းနဲ့ အဲဒီဘက်ကကိစ္စကို ဖြေရှင်းဖို့ လုပ်ခဲ့မယ်။ ဘာလို့ဆိုသွားရင်းနဲ့ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းသွားဖို့ အကုန်လုံးတော့ စီစဉ်နေတယ်။ ဒါက ကိုယ်တွေပဲ လုပ်လို့မရဘူး။ ကိုယ်ကသွားရင် လုပ်ငန်းရှင် အနေနဲ့ပဲရှိတော့ တကယ်တမ်း ပြောရမှာ g to g ပြောရမှာပါ။ ပြောမယ့်ဟာကို ဆရာမတို့အနေနဲ့ သူတို့မေးတဲ့မေးခွန်း တချို့ကို ပုဂ္ဂလိကဘက်က ဖြေရမယ့်ဟာဆိုရင် ပုဂ္ဂလိကဖြေနိုင် အောင်လို့ အစိုးရရော၊ ပုဂ္ဂလိကဘက်ကရော သွားဖို့စီစဉ် နေပါတယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုး နန္ဒာတင်က ပြောပြသည်။

ငါး၊ပုစွန် ရေထွက်ပစ္စည်း တင်ပို့မှု ယာယီရပ်ဆိုင်း ခံထားရသည့် နိုင်ငံများတွင် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံတို့ ပါဝင်နေပြီး ဆော်ဒီအာရေဗျနိုင်ငံမှ FDA အဖွဲ့အစည်းက သတ်မှတ်ထားသော ငါးနှင့်အခြား ရေထွက်ကုန် ပစ္စည်းများဆိုင်ရာ တင်ပို့ခြင်းနှင့် ပတ်သက်သော စည်းမျဉ်း စည်းကမ်း၊ ကျင့်ထုံးများအရ မတ်လမှစ၍ လက်ရှိအချိန်ထိ ယာယီ ရပ်ဆိုင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံက ရေထွက်ပစ္စည်း တင်သွင်းခြင်း ယာယီဆိုင်းငံ့မှုကို ၎င်းတို့သတ်မှတ် ထားသော စည်းမျဉ်းကျင့်ထုံးများကို လိုက်နာဆောင်ရွက် ပေးသည်ထိ ထားရှိသွားမည်ဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံအတွင်းသို့ ငါး၊ပုစွန်များတွင်ဖြစ်ပွား တတ်သော White Spot ရောဂါနှင့် Acute He Patopancreatic Mecrosis ရောဂါများ ဝင်ရောက်မလာ နိုင်စေရန် တားဆီးနိုင်မည့် အရေးပေါ် အစီအမံတစ်ခုကို စတင်ဆောင်ရွက်နေပြီဟု ထုတ်ပြန်ထားကြောင်း
သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

တစ်ပတ်အတွင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော IT ပစ္စည်းများ


Lenovo Intel® Core™ i7 Laptop

Lenovo Intel® Core™ i7 Laptop သည် မျက်နှာပြင် အကျယ် ၁၅ ဒသမ ၆ လက်မရှိပြီး Intel® Core™ i7-8750H Processor ကို အသုံးပြု ထားသည့်အတွက် သုံးစွဲသူများကို အံ့သြစေလောက်သော သွက်လက်မြန်ဆန်နှုန်း ဖြင့်လုပ်ဆောင် ပေးနိုင်သည်ကို တွေ့ရှိရမည် ဖြစ်သည်။

Memory 8GB DDR4 2666 နှင့် NVIDIA® Geforce ® GTX 1050G DDR5 2G ကို အသုံးပြုထားသည်။

HDD ၌1000GB ပါဝင်သဖြင့် အချက်အလက် များစွာ သိမ်းဆည်းရာတွင် တစ်စုတစ်စည်းတည်း သိမ်းဆည်း ထားနိုင်မည် ဖြစ်သည်။ တစ်နှစ် အာမခံပါရှိပြီး ကျောပိုးအိတ် တစ်လုံးလက်ဆောင် ပါရှိမည် ဖြစ်သည်။ အရောင်မှာ အနက်ရောင် ရရှိနိုင်သည်။

ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၁၁၆၉ဒေါ်လာခန့်ဖြစ်ပြီး KMD ကွန်ပျူတာ အရောင်းဆိုင်များတွင် ဝယ်ယူနိုင်သည်။

#မြဝတီနေ့စဉ်သတင်းစာ

မြန်မာယူ-၁၉ အမျိုးသမီးအသင်း အပြီးသတ်ကစားသမားစာရင်း လာမည့်အောက်တိုဘာလတွင် ထုတ်ပြန်မည်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

ပဏာမ ကစားသမားဦးရေ ၃ဝ ဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာယူ - ၁၉အမျိုးသမီး အသင်းသည် အပြီးသတ်ကစား သမားစာရင်းကို လာမည့် အောက်တိုဘာလတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းထံမှ သိရသည်။

မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် အာရှယူ- ၁၉အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် ပြီးခဲ့သည့်ဇွန်လမှ စတင်၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး ပြည်တွင်းကလပ် အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားလျက်ရှိသည်။

အာရှယူ -၁၉ ခြေစစ်ပွဲပထမ အဆင့်တွင် မြန်မာအသင်းသည် အုပ်စုအတွင်း၌ အီရန်၊ ပါလက်စတိုင်း၊ လာအိုအသင်းတို့နှင့် အတူတစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

အာရှယူ - ၁၉ အမျိုးသမီး ခြေစစ်ပွဲ ပထမအဆင့်ခြေစစ်ပွဲကို လာမည့်အောက်တိုဘာ ၂၄ရက်မှ ၂၈ရက်ထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

မန္တလေးကုန်စည်ဒိုင်တွင် ကုန်သည် ၁၉ ဦးထံမှ ငွေကြေးလိမ်လည်မှု ဖြစ်ပွား



မန္တလေး ၃ဝ-၈-၂ဝ၁၈

မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်)တွင် သြဂုတ်၂၈ရက်က ကုန်စည်ဒိုင်အသင်းဝင် တစ်ဦး၏ ကိုယ်စားလှယ်က ကုန်သည် ၁၉ဦးထံမှ ငွေကြေးလိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်း (ကုန်စည်ဒိုင်)မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်းက ပြောပြသည်။

မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) အသင်းဝင် တစ်ဦးအနေဖြင့် ကိုယ်စားလှယ်နှစ်ဦးကို ထားခွင့်ရှိကြောင်း၊ လက်ရှိငွေကြေး လိမ်လည်မှုမှာ အသင်းသားတစ်ဦး၏ ကိုယ်စားလှယ်က အသင်းသား ၁၉ ဦးထံမှ ငွေကျပ် သိန်း ၁၁ဝဝ ကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများ ဝယ်ယူပြီး ငွေကြေးမရှင်းနိုင်ဘဲ ထွက်ပြေးတိမ်ရှောင် သွားကြောင်း မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်း (ကုန်စည်ဒိုင်)မှ သိရသည်။

''အသင်းသားတစ်ဦးမှာ ကျွန်တော်တို့ အသင်းမှာဆို ကိုယ်စားလှယ်နှစ်ဦး ထားရပါတယ်။ အဲဒီထဲက ကိုယ်စားလှယ်နဲ့ ဖြစ်သွားတာပါ။ ဖြစ်တာကတော့ ရောင်းတဲ့ အသင်းသားပေါင်းက ၁၉ဦးရှိပါတယ်။ ငွေကြေးအနေနဲ့က ငွေကျပ်၁၁၁၉ သိန်းကျော် ဖြစ်ပါတယ်။ လိမ်လည်ပြီး ပစ္စည်းကုန်ဝယ်တဲ့ ကိုယ်စားလှယ်ကတော့ ထွက်ပြေးသွားပါပြီ။ အဲဒါကို ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးမှာပါ။ သူ့ကိုရှာလဲ ရှာမယ်။ ရှာမရလဲ ဘယ်လို တစ်နည်းတစ်ဖုံ လုပ်ကြမယ်ဆိုတာ အသင်းရဲ့ပဋိပက္ခဖြေရှင်းမှု တာဝန်ရှိသူတွေက ဖြေရှင်းပေးသွားမှာပါ''ဟု မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်းက ပြောပြသည်။

မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) အတွင်း ဖြစ်ပွားသော ပြဿနာများကို ကုန်စည်ဒိုင်ရှိ ရောင်းသူ၊ဝယ်သူညှိ နှိုင်းရေးအဖွဲ့က တာဝန်ယူညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်ပါက ရောင်းသူ၊ဝယ်သူမှ စပေါ်ငွေ ၁ဝ ရာခိုင်နှုန်းတင်ပြီး စာချုပ်ချုပ် အလုပ်လုပ်ကြရန် ကြော်ငြာထားကြောင်း၊ မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန် တော်အသင်း (ကုန်စည်ဒိုင်)ပြင်ပတွင် ပြုလုပ်သည့် အရောင်းအဝယ် ပြဿနာကိုမူ ကုန်စည်ဒိုင် အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း မန္တလေးမြို့ ကုန်စည်ဒိုင်မှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ် ချောက်ထဲထိုးကျ



သာစည် ၃ဝ-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် (၃၄/၄)အနီး နတ်ရေထွက် ကုန်းဆင်းတွင် ယနေ့ညနေ ၃နာရီ မိနစ်၂ဝခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒုတိယရဲအုပ် ရန်သိန်းနှင့်တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ယင်းမာပင်ဘက်မှ သာစည်ဘက်သို့ အောင်ခိုင် (ဘ)ဦးအောင်သင်း တာဝကျေးရွာ တွံ့တေးမြို့နယ်နေသူ မောင်းနှင်ကာ ယာဉ်နောက်လိုက် စစ်မင်းပိုင် (ဘ) ဦးဘကြည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နေသူ လိုက်ပါပြီး မော်တော်ယာဉ် နောက်ပိုင်းတွင် ဘိလပ်မြေ အိတ်အကြီး ၂ဝအိတ် တင်ဆောင်လာသော 6J/--- UG အဖြူရောင် ၂၂ဘီးတွဲယာဉ်မှာ အရှိန်လွန်ကာ လမ်း၏ ယာဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းအောင်ခိုင်နှင့် ယာဉ်နောက်လိုက် စစ်မင်းပိုင်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အောင်ခိုင်ကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် ရန်သိန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ယင်းမာပင်နယ် မြေရဲစခန်းက ယာဉ်(ပ)၁၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

နမ္မတီးမြို့တွင် မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ နွားခိုးယူသတ်ဖြတ်ပြီး အသားများသယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းမိ



မိုးကောင်း ၃ဝ-၈-၂ဝ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် သြဂုတ် ၂၈ ရက် မွန်းလွဲ ၂နာရီ မိနစ်၃ဝက မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ နွားတစ်ကောင်ကို ခိုးယူသတ်ဖြတ်ပြီး အသားများ သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် နမ္မတီးနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် ကျော်လှိုင်ထွန်း ဦးစီးသော တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နမ္မတီးမြို့ မြို့ဦးရပ်ကွက် လမ်းတွင်နယ်မြေလုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေစဉ် မောင်ရီ(ဘ)ဦးအိုက်စိန် မြို့ဦးရပ်ကွက် နမ္မတီးမြို့နေသူ မောင်းနှင်ပြီးနောက်တွင် အေးမောင် (ဘ)ဦးစံအိုက် မြို့ဦးရပ်ကွက် နမ္မတီးမြို့နေသူ လိုက်ပါလာသော KENBO-125 နက်စိမ်းရောင် ဆိုင်ကယ်ကို မသင်္ကာသဖြင့် ရပ်တန့်ရှာဖွေစစ်ဆေး မေးမြန်းခဲ့သည်။

ထိုသို့ရှာဖွေရာ ဆိုင်ကယ်ခွကြား တွင်ညှပ်ထားသည့် ဆာလာအိတ် အတွင်းထည့်ထားသော အမဲသား ၁ဝ ပိဿာခန့်၊ အလေးချိန် နှစ်ပိဿာခန့်ရှိ နွားခေါင်းတစ်ခေါင်း၊ အလေးချိန် ၅ဝကျပ်သားခန့်ရှိ နွားလက်နှစ်ချောင်း၊ အလေးချိန် ၅ဝကျပ်သားခန့်ရှိ ခြေထောက်နှစ်ချောင်း စုစုပေါင်း တန်ဖိုးငွေကျပ် ၅ဝဝဝဝဝ ခန့်ကို ရှာဖွေ တွေ့ရှိသဖြင့် ၎င်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းရာ မရမ်းကျေးရွာ ကျွန်းတောအတွင်းမှ နွားတစ်ကောင်ကို သတ်၍ယူဆောင်လာ သည့်အသားများ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အေးမောင်၊ မောင်ရီတို့ကို နမ္မတီးနယ် မြေရဲစခန်းက (ပ)၂၄/၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မ- ၃၇၉(တ)/ကျင့် ၅၄ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#မြဝတီနေ့စဉ်သတင်းစာ

ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့် ကုန်ပစ္စည်းများ ပို့ဆောင်







နေပြည်တော် ၃ဝ-၈-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားမိသားစုဝင်များ  သက်သာချောင်ချိရေးအတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့်    ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ဒေသခံပြည်သူများနှင့် တပ်မတော်သားများ စုစုပေါင်း ၁၁ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို တပ်မတော်(လေ)မှ စီစဉ်ပေးသော လေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ ပို့ဆောင်ပေး သည်။

အဆိုပါလေယာဉ်သည် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများနှင့် တပ်မတော်သားများ စုစုပေါင်း ၁၁ ဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ပြန်လည်ထွက်ခွာလာရာ  မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

မြဝတီဘဏ် လီမိတက်၏ ၆၁ ခုမြောက် ဘဏ်ခွဲဖြစ်သော မြဝတီဘဏ်(မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲဖွင့်လှစ်


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်း မြဝတီဘဏ်(မန္တလေး-ဂန္ဓမာ)ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ် ပေးစဉ်။

နေပြည်တော် ၃ဝ-၈-၂ဝ၁၈

မြဝတီဘဏ်လီမိတက်၏ ၆၁ ခုမြောက် ဘဏ်ခွဲဖြစ်သော မြဝတီဘဏ်(မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ သီတာအေး ရပ်ကွက်၊ မြနန္ဒာလမ်းနှင့် စစ်ကိုင်းလမ်းခွဲကြား၊ (၇၈)လမ်းရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြဝတီဘဏ် လီမိတက်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အစိုးရ အဖွဲ့ဝင်များနှင့် မြဝတီဘဏ် လီမိတက် မန်နေးဂျင်း ဒါရိုက်တာတို့က ဘဏ်ခွဲကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ  ပက်ဖျန်းပေးကြပြီး  ဘဏ်အတွင်း လှည့်လည်ကြည့်ရှု ကြသည်။

မြဝတီဘဏ် (မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲကို ချမ်းမြသာစည်မြို့နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် မြန်ဆန်သော ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ဘဏ်ခွဲတွင် စာရင်းရှင်အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ် ပညာသင်ဆုဝန်ဆောင်မှု အပ်ငွေများနှင့် ATM ကတ်စာရင်းအပ်ငွေများ လက်ခံခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများအတွက် မရွှေ့ပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများကို အာမခံနှင့်ရယူကာ ချေးငွေများ ထုတ်ပေးခြင်း၊ မြဝတီဘဏ်ခွဲ အသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန် ငွေလွှဲပို့နိုင်ခြင်း စသည့်ဝန်ဆောင်မှု လုပ်ငန်းများအပြင် Modern  Banking အနေဖြင့်လည်း  Mobile  Banking ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (Independent Commi ssion of Enquiry) အား လက်ခံ တွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ (Independent Commission of Enquiry) အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃ဝ-၈-၂ဝ၁၈

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(Independent Com mission of Enquiry) အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မ တော် အရာရှိကြီးများ တက်ရောက် ကြပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (Independent Commission of Enquiry)  မှ အဖွဲ့ခေါင်းဆောင်  H.E. Ambassador Mrs. Rosario Manalo ၊ အဖွဲ့ဝင် H.E. Ambassador Mr. Kenzo Oshimaနှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့အား ဖြစ်စဉ် မှန်များကို ရှာဖွေ ဖော်ထုတ် နိုင်ရေးအတွက် ပထမဦးစွာ ရခိုင်ပြည်နယ် ဖြစ်စဉ်ဖြစ်ရပ် သမိုင်းကြောင်းများ နှင့် ပတ်သက်ပြီး ပဏာမရှင်းပြ ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်၊ သန်းခေါင် စာရင်းအရ လူဦးရေ ၅၂ သန်းကျော် ရှိကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဟူ၍ အဓိက လူမျိုးကြီး ၈ မျိုးရှိပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၈၇.၉ ရာခိုင်နှုန်း၊ ခရစ်ယာန် ဘာသာ ကိုးကွယ်သူ ၆.၂ ရာခိုင်နှုန်းနှင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ ၄.၃ ရာခိုင်နှုန်း အပါအ၀င် အခြား ဘာသာဝင်နှင့် ဘာသာမဲ့များ ရှိနေမှု အခြေအနေများ၊  ၁၈၂၄ ခုနှစ်၊ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အင်္ဂလိပ် ကိုလိုနီနယ်ချဲ့များက ယခင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားနယ် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ) မှ မြန်မာနိုင်ငံသို့ လယ်ယာ စိုက်ပျိုးရေးနှင့် ကားလမ်း ဖောက်လုပ်ရန် အ လုပ်ကြမ်း ကူလီများ အနေဖြင့် ခေါ်ဆောင်လာမှု အခြေအနေများ၊ ဘင်္ဂါလီများသည် လူဦးရေ ပေါက်ဖွားနှုန်း များပြားမှု အပေါ် ပျမ်းမျှ တစ်အိမ်ထောင်လျှင် ဇနီးမယား ၄ ဦးထိ ရယူ၍ မိ သားစု ၁ စုလျှင် လူဦးရေ ၂၀ မှ ၆၅ ဦးအထိ ရှိမှု အခြေအနေများ၊ ဒေသခံ ရခိုင် တိုင်းရင်း သားများ အပေါ် လူဦးရေ တိုးပွားလာသည့် ဘင်္ဂါလီ အင်အားဖြင့် နေထိုင်၍ မရအောင် ခြိမ်း ခြောက်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ရခိုင်ပြည်နယ် အ တွင်း မူဂျာဟစ် ကုလားဆိုး သူပုန်များနှင့် ၁၉၄၂ ခုနှစ် အလယ်သံကျော် အရေးအခင်းများ ကြောင့် ဒေသခံ ရခိုင် တိုင်းရင်းသား အများအပြား အသတ်ခံခဲ့ရခြင်း နှင့် နေအိမ်များ မီးရှို့ ဖျက်ဆီး ခံရခြင်းများ ကြောင့် စစ်တွေမြောက်ခြမ်း ဖြစ်သည့် ဘူးသီးတောင်-မောင်တော-ရသေ့ တောင် နေထိုင်ကြသည့် ဒေသခံရခိုင် တိုင်းရင်းသား အများအပြား နေရပ်စွန့်ခွာ လက်လွှတ် ထွက်ပြေးရမှု အခြေအနေများ၊ လက်ရှိ အခြေအနေအရ ၎င်းဘင်္ဂါလီ များသည် နိုင်ငံတကာ အဖွဲ့အစည်း အချို့၏ အားပေးအားမြှောက်မှု အကူအညီများ ရယူပြီး ရိုဟင်ဂျာ လူမျိုး တစ်မျိုး အဖြစ် လုပ်ကြံပုံဖော်ကာ တိုက်ရိုက်နိုင်ငံသား ဖြစ်ခွင့် ရရှိအောင် ဖန်တီး နေသည့် အခြေ အနေများ၊ နယ်မြေလုယူရန် ကြံစည် အကောင်အထည် ဖော်နေမှု အခြေအနေများ၊ ယခင် အစိုးရ နှင့် တပ်မတော်မှ ရိုဟင်ဂျာ မရှိဟု  အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ငြင်းဆိုခဲ့မှု အခြေ အနေများ၊ မိမိတို့နိုင်ငံ အနေဖြင့် နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အညီသာ ဆောင်ရွက်လျက် ရှိမှု အခြေအနေများ၊ လူဦးရေ ပေါက်ဖွားနှုန်း များပြားမှု၊ နိုင်ငံ တကာ အဖွဲ့အစည်း အချို့တို့၏ အကူအညီ ရယူမှုများဖြင့် ရခိုင်ဒေသ အတွင်း ဘင်္ဂါလီများက ပြဿနာ ဖန်တီးခဲ့ရာတွင် ၂၀၁၂ ခုနှစ်၊ ရမ်းဗြဲမြို့နယ်၌ ရခိုင် တိုင်းရင်းသူ မသီတာထွေး ကို ဘင်္ဂါလီ ၄ ဦးက အဓမ္မပြုကျင့် ခဲ့ရာမှစ၍ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ မိတ္ထီလာ၊ မန္တလေးနှင့် ပြည်မြို့ များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဒေသခံ ရခိုင် တိုင်းရင်းသားများ၊ အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်သူများ၊ သတင်းမီဒီယာ သမား များအား သတ်ဖြတ်ခြင်း၊ အစွန်းရောက် ဘာသာရေး အယူအဆများအား မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသရှိ ဘင်္ဂါလီများထံ သွပ်သွင်းခြင်းများ ပြုလုပ်၍ အစွန်း ရောက် အကြမ်းဖက် အင်အား တည်ဆောက်ခဲ့မှု အခြေအနေ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ လ အတွင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် နေသည့် ရဲကွပ်ကဲမှု ဌာနချုပ်တစ်ခု အပါအ၀င် ရဲကင်း စခန်း ၃၀ အား တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက် မျိုးစုံ (၆၈) လက်လု ယူမှု အပါအ၀င် ရဲဝန်ထမ်း များနှင့် မိသားစုဝင် များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှု အခြေအနေနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ တွင်လည်း တပ်မတော် ဌာနချုပ် တစ်ခု အပါအ၀င် ရဲကင်း စခန်းများနှင့် ဒေသခံ တိုင်းရင်းသား ကျေးရွာများကို အင်အား အလုံး အရင်းဖြင့် ဖြန့်ခွဲ ၀င်ရောက် တိုက်ခိုက်မှု အခြေအနေများ၊ ဘင်္ဂါလီ အချင်းချင်း အကြမ်းဖက်မှု ၌ မပါဝင်သူ နှင့် သဘော မတူသူများကို လည်လှီး သတ်ဖြတ်ခဲ့မှု အခြေအနေများ၊ ၂၀၁၂ ခုနှစ် ဖြစ်စဉ်၌ ရပ်ကွက်/ကျေးရွာများ အတွင်းသာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖြစ်စဉ် တွင် တရား ဥပဒေစိုးမိုးရေး ဆောင်ရွက် နေသည့် ရဲတပ်ဖွဲ့ ၀င်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ် လာကာ ၂၀၁၇ ခုနှစ် ဖြစ်စဉ်၌ အရပ်သားများ၊ ရဲစခန်းများ အပြင် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသော အမြင့်ဆုံး လုံခြုံရေး အဖွဲ့အစည်းဖြစ်သည့် တပ်ဌာနချုပ်များ ကိုပါ ၀င်ရောက် တိုက်ခိုက်ခဲ့သည့် အခြေအနေများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ဒေသခံ တိုင်းရင်းသား ရခိုင်ကျေးရွာ များအပေါ် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ဘင်္ဂါလီ အင်အား အလုံး အရင်းဖြင့် တိုက်ခိုက် လာမှုကြောင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားနှင့် မလုံ လောက် တော့၍ လုံခြုံရေး အင်အား ထပ်မံ ဖြည့်တင်း ခဲ့ရသည့် အခြေအနေများ၊ ရခိုင် ပြည်နယ် အတွင်း အမြန်ဆုံး ပြန်လည် တည်ငြိမ် အေးချမ်းရေး အတွက် စစ်ဆင်ရေး ဆောင် ရွက်ရာတွင် နိုင်ငံတော် အစိုးရ၏ ညွှန်ကြားချက်များ၊ ခွင့်ပြုချက်များ နှင့် ထုတ်ပြန် ထားသည့် အမိန့် နှင့် ညွှန်ကြားချက်များ၊ စည်းကမ်းများ၊ ဥပဒေများ နှင့်အညီ နယ်မြေ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် အခြေအနေများ၊ ၂၀၁၇ ခု နှစ်၊ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက် နောက်ပိုင်း လုံခြုံရေး အကူအညီ အင်အားဖြည့် ရောက်ရှိ နေသည့် တပ်မတော် စစ်ကြောင်းများ ပြန်လည် ဆုတ်ခွာ ခဲ့ပြီးနောက် ဘင်္ဂါလီများ အစုလိုက် အပြုံလိုက် ထွက်ပြေးမှုနှင့် ဘင်္ဂါလီ ကျေးရွာများ မီးရှို့ခံရမှု အခြေအနေ အပေါ် နိုင်ငံတော် အစိုးရနှင့် တပ်မတော်မှ တွေ့ရှိရမှု အခြေအနေများ၊ တပ်မတော်မှ ဒုတိယ ဗိုလ် ချုပ်ကြီး ၁ ဦး ဦးဆောင်၍ ပဋိပက္ခ ကာလအတွင်း ဖြစ်ပွား နိုင်သည့် လူ့အခွင့်အရေး ချိုး ဖောက်မှု နှင့် ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ကျူးလွန် ခဲ့ခြင်း ရှိ/မရှိ၊ ထုတ်ပြန် ထားသည့် Rule of Engagement နှင့် ဒေသန္တရ စစ်ဆင် ရေး အမိန့်၊ အုပ်ချုပ်မှု အမိန့်များ အပေါ် လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိနှင့် ဖောက်ဖျက် ကျူး လွန်မှု ရှိ/မရှိတို့အား ရခိုင် တိုင်းရင်းသား ကျေးရွာ ၂ ရွာ၊ ဟိန္ဒူ ကျေးရွာ ၂ ရွာနှင့် ဘင်္ဂါလီ ကျေးရွာ ၅၄ ရွာမှ ရွာသူ/ ရွာသား ၃၂၁၇ ဦးကို တွေ့ဆုံ မေးမြန်း ခဲ့ပြီး အသိသက်သေ ၈၀၄ ဦး၏ သက်သေ ထွက်ဆိုချက် များကို ရယူစစ်ဆေး ဆောင်ရွက်မှု အခြေအနေ များအား ဆွေးနွေး ပြောကြား သည်။

ဆက်လက်၍ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များတွင် အနီးကပ် ကွပ်ကဲရ သည့် တပ်မှူးကြီး ၁ ဦး၊ နယ်မြေအလိုက် ကွပ်ကဲရသည့် တပ်မှူးကြီး ၁ ဦး တို့ကိုလည်း ထုတ်ပြန် ထားသည့် အမိန့်နှင့် ညွှန်ကြားချက် အပေါ် လက်အောက်မှ အကောင်အထည် ဖော် နိုင်ရေး ကြပ်မတ် အားထုတ်ရန် အားနည်းချက်ကြောင့် တာဝန်များ ရွှေ့ပြောင်း၍ လိုအပ်သလို စစ်ဆေး ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စစ်ဆေး ပြီးနောက် တာဝန်ရှိမှု တို့ကြောင့် အဆိုပါ အရာရှိကြီး ၂ ဦးအား တပ်မတော်မှ အချိန်မတိုင်မီ အငြိမ်းစား ပေးခဲ့မှု၊ တာဝန်မှ ရပ်စဲ ခဲ့ရမှု အခြေ အနေအပြင် တပ်မတော် အနေဖြင့် ထုတ်ပြန် ထားသည့် စစ်ဘက်ဥပဒေ နှင့် ရာဇ သတ်ကြီး ပုဒ်မများအား ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုကျူးလွန်မှု အပေါ် မူတည်၍ ထိထိ ရောက်ရောက် အရေးယူမှု အခြေအနေများအား ဆွေးနွေး ပြောကြား သည်။

၎င်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က ဆက်လက် ပြောကြား ရာတွင် ဖြစ်စဉ်ဖြစ်ရပ် များ၏ သက်သေ အထောက်အထား အချက် အလက် များအား မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ အေပြီ ၃၀ ရက်တွင် ရောက်ရှိ လာသည့် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှ သံတမန်များ အပါအ၀င် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် သံတမန် အဖွဲ့တိုင်းအား လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ ထံသို့ လည်းကောင်း၊ အချိန်နှင့် တစ်ပြေးညီ ဖြစ်စဉ် အမှန်များ သိရှိ စေရေး ဖြန့်ဝေခြင်း၊ ရှင်းပြခြင်းများ ပြုလုပ် ခဲ့သော်လည်း နိုင်ငံတကာမှ ယနေ့ အချိန်ထိ ဖြစ်စဉ် အမှန်များ သိရှိမှု အားနည်းနေသည့် အခြေအနေများအား ပြောကြားပြီး ပြုစု ထားသည့် အချက်အလက်များ၊ ဓာတ်ပုံ မှတ်တမ်းများ၊ ထုတ်ပြန်ထားသည့် သတင်းများ အပေါ် အသေးစိတ် ရှင်းလင်း ဆွေးနွေးပြီးနောက် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော် မရှင် အဖွဲ့၏ ဆောင်ရွက်ချက်များ ၌လည်း တပ်မတော် အနေဖြင့် အပြည့်အ၀ လိုအပ် သည်များ ကူညီရန် အသင့် ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် Mrs. Rosario Manalo က ရခိုင်အရေး ကိစ္စနှင့် ပတ်သက်၍ သက်သေခံ အချက် များ အပေါ် မူတည်ပြီး မှန်ကန် မျှတသော အဖြေကို ရှာဖွေ ဖော်ထုတ်ကာ နိုင်ငံတကာကို ဖြေရှင်း ဆောင်ရွက် သွားမည့် အခြေအနေများ အား ရင်းနှီး ပွင့်လင်းစွာ အပြန် အလှန် ဆွေးနွေး ခဲ့ကြပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရခိုင်ပြည်နယ် ဖြစ်စဉ် ဖြစ်ရပ်အမှန် အချက်အလက်များ၊ ဓာတ်ပုံ အထောက် အထားများ၊ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်း ဆိုင်ရာ စာအုပ်များအား လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ ထံသို့ ၁ ဦးချင်း ပေးအပ်သည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့မှ အဖွဲ့ဝင်များ နှင့်အတူ အမှတ် တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

#Themyawadydaily

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ဆွာချောင်း ရေလှောင်တမံ၊ ပင်မရေပိုလွှဲ နိမ့်ကျ ပျက်စီးမှု အခြေ အနေများနှင့် ရေတာရှည် မြို့နယ်အတွင်း ရေဝင်ရောက်မှု အခြေအနေများအား သွားရောက် ကြည့်ရှု


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစဉ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ဆွာချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုဖြစ်ပွားသည့်နေရာကို သွားရောက်
ကည့်ရှုစဉ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား ဆွာချောင်းရေလှောင်တမံရှင်း လင်းဆောင်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ရေသိုလှောင်မှုပမာဏနှင့် ပင်မရေပိုလွှဲပျက်စီးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြစဉ်။

ရေနစ်မြုပ်မှုဖြစ်ပွားသည့်ကျေးရွာများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် တပ်မတော်တို့မှ စက်တပ်ဖိုက်ဘာနှင့် ရော်ဘာလှေများကူညီဆောင်ရွက်ပေးရန်စီစဉ်နေမှုကို
 တွေ့ရစဉ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ကားလမ်းရေကျော်မှုဖြစ်ပွားနေသည့်အခြေအနေကို သွားရောက်ကြည့်ရှုစဉ်။

ဆွာချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို
တွေ့ရစဉ်။

နေပြည်တော် ၃ဝ-၈-၂ဝ၁၈

အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦး ဟင်နရီ ဗန်ထီးယူ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သည် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင် ဆွာချောင်း ရေလှောင် တမံရှိ ပင်မ ရေပိုလွှဲ နိမ့်ကျပျက်စီးမှု ဖြစ်ပွားပြီး ရေတာရှည် မြို့နယ်အတွင်း ရေဝင်ရောက်မှု အခြေအနေ များအား ရဟတ်ယာဉ် များဖြင့် သွားရောက် ကြည့်ရှုသည်။

ဦးစွာဒုတိယ သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ မိုင် ၁ ဖာလုံရှိ ဆွာချောင်း တံတား ရန်ကုန်မှ မန္တလေး ဘက်အခြမ်း အလယ် ထောက်တိုင် ၂ တိုင် နိမ့်ကျမှု အခြေအနေများ နှင့် အမြန်လမ်းမကြီး ရေတိုက် စား၍ မြေပြိုကျမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ကြရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိ သူများက ရှင်းလင်း တင်ပြမှု အပေါ် ဒုတိယ သမ္မတ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ခရီးသွား ပြည်သူများ တံတားအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အမြန်ပြန်လည် ဖြတ်သန်း သွားလာနိုင်ရေး အတွက် ချဉ်းကပ်လမ်းနှင့် လမ်း လယ်ကျွန်းတွင် သဲအိတ်များခင်း ဆောင်ရွက် ပေးသွားရန် မှာကြား သည်။

ထို့နောက် ဆွာချောင်း ရေလှောင်တမံ၊ ပင်မရေပိုလွှဲ နိမ့်ကျပျက်စီးမှု ဖြစ်ပွားသည့် နေရာသို့ ရောက်ရှိ ကြပြီး ပင်မရေပိုလွှဲ ပျက်စီး ပြိုကျနေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး ကြ သည်။ ယင်းနောက် ဆွာချောင်း ရေလှောင်တမံ ရှင်းလင်းဆောင်၌ လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရေအသုံးချမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးဗိုလ်ဗိုလ် ကျော်က ဆွာချောင်း ရေလှောင်တမံ၏ ရေသိုလှောင်မှု ပမာဏနှင့် ပင်မရေပိုလွှဲ ပျက်စီးခဲ့မှု အခြေ အနေများအား ရှင်းလင်း တင်ပြရာ ဒုတိယ သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်တို့က လိုအပ်သည်များ မှာကြားသည်။

၎င်းနောက် ဒုတိယသမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန် ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၉၆ အနီး ကားလမ်း ရေကျော်နေမှု အခြေ အနေ များနှင့် ဆွာမြို့ရှိ နယ်မြေခံ တပ်အတွင်း ရေဘေးသင့် ပြည်သူများအား ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ရန် အတွက် တပ်မတော် သားများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း ပြင်ဆင် ဆောင်ရွက်နေမှု အခြေ အနေများအား ပြည် ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တို့နှင့် အတူ သွားရောက် ကြည့်ရှု အားပေး ကြပြီး ရေတာရှည်နှင့် ဆွာကြား မီးရထားလမ်း ရေ ကျော်မှု ဖြစ်ပွားသည့် နေရာတွင် မီးရထားစီး ခရီးသည်များအား တပ်မတော်မှ မော်တော် ယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးနိုင်ရေး စီစဉ် ပေးခဲ့သည်။

ဆက်လက်ပြီး ရေတာရှည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံးသို့ ရောက်ရှိကြရာ အစည်း အဝေး ခန်းမတွင် တောင်ငူခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမိုးထက်က ရေတာရှည်မြို့နယ် အတွင်းရှိ ကျေးရွာများအား ရေဝင် ရောက်ခဲ့မှု အခြေ အနေများနှင့် ရေနစ်မြုပ်မှု အခြေ အနေ များ၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရ၊ တပ်မတော်နှင့် လူမှုကူညီ ကယ်ဆယ်ရေး အသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက် နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေ များအား ရှင်းလင်း တင်ပြသည်။

ရှင်းလင်း တင်ပြချက်များ အပေါ် ဒုတိယ သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ က ရေများ ပြန်လည် ကျဆင်းမှု မြန်ဆန် စေရန်အတွက် ရေနုတ်မြောင်းများ ပိတ်ဆို့မှု မရှိစေ ရေး ဆောင်ရွက်ရန် လိုအပ်မှု၊ ရေနစ်မြုပ်မှု ဖြစ်ပွားသည့် ကျေးရွာများအား ကူညီ ကယ်ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့ စေရန် အတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် တပ်မတော်တို့မှ စက်တပ် ဖိုင်ဘာ နှင့် ရာဘာလှေများ ကူညီ ဆောင်ရွက်ပေးရန် စီစဉ်နေမှု၊ ရေနစ်မြုပ်သည့် ကျေးရွာများ အား လုံးအထိ ကူညီ ကယ်ဆယ်ရေး အဖွဲ့များ သွားရောက်နိုင်ရေး၊ ကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့် ပြည်သူများ နေထိုင် စားသောက်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာများ ကြိုတင်စီမံ ဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများအား ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ပေးကြသည်။

ယင်းနောက် ရေတာရှည်မြို့အနီး ရန်ကုန်-မန္တလေး လမ်းဟောင်း ပေါ်တွင် ရေကျော်မှု ဖြစ်ပွား နေသည့် အခြေအနေအား သွားရောက် ကြည့်ရှုကြပြီး တာဝန်ရှိသူများအား ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး လိုအပ် သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲသည် ယနေ့နံနက် ၅နာရီ ၄၅ မိနစ်ခန့်၌ အရှည် ပေ၃၆၀ခန့် ကျိုးပေါက်ခဲ့ရာ ရေတာရှည်မြို့နယ် အတွင်း ဆွာမြို့ အပါအဝင် ကျေးရွာ အုပ်စု ပေါင်း (၁၇)အုပ်စု၊ ကျေးရွာ (၈၅)ရွာ ရေ ဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု ၁၄၃၅၇ စု လူဦးရေ ၆၃၄၂၁ ဦး ရေဘေးသင့် ခဲ့သည်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၆၁ မှ ၁၆၆ ကြား၊ ရေတာရှည် မြို့နယ်နှင့် သာဂရ ကျေးရွာ အကြား ရှိရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၆၉ နှင့် ၂၀၄ အကြား ကားလမ်း အထက် ရေအမြင့် ၁ ပေ မှ ၄ ပေခန့်အထိ ရေကျော်မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဆွာချောင်း တံတား၏ ရေလယ်တိုင် ၂ တိုင် နိမ့်ကျမှု ဖြစ်ပွား ခဲ့သည်။ ရေဘေးသင့် ပြည်သူများအား တိုင်း ဒေသကြီး အစိုးရ၊ တပ်မတော်နှင့် လူမှု ကူညီရေး အသင်း အဖွဲ့များ ပူးပေါင်းပြီး ရေဘေး လွတ်ရာသို့ ကူညီ ရွှေ့ပြောင်း ပေးလျက် ရှိသည်။

ဆွာချောင်း ရေလှောင် တမံသည် ရေဆင်း ဧရိယာ စုစုပေါင်း ၄၀၃ စတုရန်းမိုင် ရှိပြီး နှစ်စဉ် ၃၁၂၀၄၀ ဧကပေခန့် စီးဝင်ရေရှိကာ ကန်ရေပြည့် ရေလှောင် ပမာဏမှာ ၂၁၆၃၅၀ ဧကပေ ရှိ သည်။ အဆိုပါ ရေလှောင် တမံ၏ ခံနိုင်ရည်မှာ ကန်ရေပြည့် အမြင့် ၃၃၇ ပေ လက်ခံ နိုင်ပြီး ယခုနှစ် အတွင်း မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုများကြောင့် ကန်ရေအမြင့် ၃၃၈.၆ ပေအထိ ရောက်ရှိ ခဲ့သဖြင့် ပင်မ ဆည်ရေပိုလွှဲ တံခါး၏ ခံနိုင်ဝန်ထက် ကျော်လွန် ခဲ့ခြင်းကြောင့် ယခု ကဲ့သို့ ရေပိုလွှဲ နိမ့်ကျ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger