www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 31, 2014

ဆေးလိပ်က စလိုက်ကြရအောင်



ဆေးလိပ်က စလိုက်ကြရအောင်

ပန်းတောင်း သန်းကြွယ်

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက် အရ နှစ်စဉ် လူဦးရေ ၅ သန်းကျော်သည် ဆေးလိပ် နှင့် ဆေးရွက်ကြီး သုံးစွဲမှု မှ ဖြစ်ပေါ်သည့် ရောဂါ များကြောင့် သေဆုံးလျက် ရှိကြောင်း သိရသည်။

တစ်နေ့လျှင် လူ ၁၅၀၀၀ သည် ဆေးလိပ် နှင့် ဆေးရွက်ကြီး အန္တရာယ် ကြောင့် သေဆုံး နေသည်။ ဆေးလိပ် သောက်သူ နှစ်ဦးတွင် တစ်ဦးသည် ဆေးလိပ် နှင့် ဆေးရွက်ကြီး အန္တရာယ် ကြောင့် သေဆုံး နေသည်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရိုက် ခြင်းကြောင့် နှစ်စဉ် ကလေးများ အပါအ၀င် ဆေးလိပ် မသောက်သူ လူဦးရေ ၆၀၀၀၀၀ ကျော် အသက် ဆုံးရှုံး နေရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဖော်ပြ ထားသည်။

ဆေးလိပ် သောက်ခြင်း ၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူမိခြင်း တို့ကြောင့် နှလုံး သွေးကြောကျဉ်း ရောဂါ ၊ အဆုတ်နာ တီဘီရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ အများဆုံး ဖြစ်ပေါ်လေ့ ရှိသည်။ အသက် အန္တရာယ် ကို ပေးနိုင်သော ရောဂါများ အပြင် ဆေးလိပ် သောက်ခြင်းကြောင့် ငွေကုန် ကြေးကျများခြင်း ၊ ခံတွင်းနံ့ ဆိုးဝါးခြင်း ၊ ဆီးနံ့ ဆိုးဝါးခြင်း နှင့် ချွေးနံ့ ဆိုးဝါး ပြင်းထန်ခြင်း တို့ကိုပါ ပူးတွဲ ခံစား ရသည်။

မည်သည့် ရှုထောင့်မှ ကြည့်ကြည့် အကျိုးအမြတ် မရှိဘဲ အဆိုးရလဒ် ကိုသာ ပေးတတ်သော ဆေးလိပ် သောက်ခြင်းကို လူတိုင်း ရှောင်ကြဉ် သင့်သည်။ ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့်လည်း ဆေးလိပ်၏ မကောင်းကျိုး ဆိုးပြစ် များကို ပြည်သူတို့ သိရှိ သဘောပေါက် စေပြီး ရှောင်ကြဉ် နိုင်ကြစေရန် ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက် လုပ်ကိုင်လျက် ရှိသည်။

မြန်မာနိုင်ငံသည် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်လည်း ဖြစ်သည်။ ကွန်ဗင်းရှင်းပါ အချက်များကို အခြေခံသည့် ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲမှု ထိန်းချုပ်ရေး လုပ်ငန်းများကို အကောင် အထည်ဖော်ရန် အတွက် နိုင်ငံတော် အစိုးရသည် ၂၀၀၆ ခုနှစ် မေလ ၄ ရက်တွင် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်း ခဲ့သည်။

ဥပဒေ ပြဋ္ဌာန်း ခဲ့သည်မှာ ၇ နှစ်ပင် ကျော်ခဲ့ပြီ ဖြစ်သော်လည်း ဆေးလိပ် ကြော်ငြာများ နှင့် အရောင်းမြှင့်တင်မှု ပုံစံ အမျိုးမျိုး ကို တွေ့ရှိ နေရဆဲ ဖြစ်ပြီး အခြေခံ ပညာကျောင်းများ အနီးတွင် ဆေးလိပ်များ ရောင်းချ နေသည်ကို တွေ့ရှိရကြောင်း ၊ ထို့ကြောင့် ဥပဒေ အချက်များကို ပြည်သူလူထု အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည် သဘောပေါက်အောင် ပညာပေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ် နေသေးကြောင်း နှင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ရန်လည်း လိုအပ် နေသေးသည်ကို တွေ့ရပါကြောင်း ၊ ယနေ့ ဆွေးနွေးပွဲတွင် ဥပဒေကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက် နိုင်မည့် နည်းလမ်းများ ၊ နည်းဥပဒေတွင် ထည့်သွင်း သင့်သည့် အချက်များ ၊ နှီးနွှယ် ဆက်စပ်သည့် ၀န်ကြီးဌာန အသီးသီးက ပူးပေါင်း၍ ဆောင်ရွက် နိုင်မည့် လုပ်ငန်းများ ၊ လုပ်ဆောင် ရမည့် လုပ်ငန်းများ ကို ၀ိုင်းဝန်း ဆွေးနွေး အကြံပြု ပေးကြစေလို ကြောင်းဖြင့် စက်တင်ဘာလ ၂၅ ရက်က ပြုလုပ်သော ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ၌ ဒုတိယ ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး က အမှာစကား ပြောကြား ခဲ့သည်။ အများပြည်သူ တို့နှင့် သက်ဆိုင်သော ပြည်သူ့ ဆေးရုံများ ၊ ပုဂ္ဂလိက ဆေးရုံများ ၊ ဆေးခန်းများ ၊ ရုပ်ရှင်ရုံများ ၊ ကုန်တိုက်များ ၊ စတိုးဆိုင်များ စသည်တို့တွင် ဆေးလိပ် သောက်သုံးမှုကို သတိပေး စာတန်းများဖြင့် တားမြစ် ထားရာ အောင်မြင်လျက် ရှိသည်။

သို့သော် မီးရထား နှင့် ဘတ်စ်ကား များပေါ်၌မူ အချို့မှာ သောက်နေဆဲ ဖြစ်သည်။ ခရီးသည် ပို့ဆောင်ရေး ကားကြီးများ ပေါ်တွင် ခရီးသည်များ ဆေးလိပ် သောက်သုံးမှု မတွေ့ရ သလောက် ရှိနေသော်လည်း ယာဉ်မောင်း ဆရာ နှင့် စပယ်ယာ ယာဉ်နောက်လိုက် ဆိုသူ အချို့မှာ ဟန်ပါပါဖြင့် စီးကရက်များ ခဲကာ သောက်သုံး နေကြဆဲ ဖြစ်သည်။ ဘတ်စ်ကား ခရီးစဉ် အဆုံး ဂိတ်ရင်း ဂိတ်ဖျား တို့၌ လွတ်လပ်စွာ သောက်သုံး နိုင်ပါလျက် ကားမောင်းရင်း ၊ ပိုက်ဆံကောက်ရင်း ဆေးလိပ် သောက်သုံးမှုမှာ အကြည့်ရ အလွန် ဆိုးသည်။

ကားကြီး ၊ ကားသေး ခရီးသည်တင် ယာဉ်များ အားလုံး၏ အတွင်းဝယ် " ဆေးလိပ် မသောက်ရ " ဟု တားမြစ် စာတန်းများ စနစ်တကျ ကပ်၍ သတိပေး ထားသော်လည်း ယင်းကားပေါ်၌ ယာဉ်မောင်းဆရာ နှင့် ယာဉ်နောက်လိုက် တို့ ဆေးလိပ် သောက်သုံး နေကြသည်မှာ မဖွယ်မရာ ပြုမူရာ ရောက်လွန်းသည်။

ကျပ်တည်း ကျဉ်းမြောင်း လှသော ကားပေါ်ဝယ် ကျပ်ညပ်စွာ လိုက်ပါ စီးနင်း ကြရသည့် ခရီးသည်များ အတွက် အလွန် အနှောင့်အယှက် ဖြစ်ရသည်။ ကျန်းမာရေး ရှုထောင့်မှ ကြည့်ပါကလည်း အလွန် အန္တရာယ် ဖြစ်စေသော အမူအကျင့် ဖြစ်နေသည်။

ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုကြောင့် မထသ မှ အရေးယူ လိုက်ရသော ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက် များ စာရင်းကို မကြာမီက သတင်းစာ များတွင် ဖော်ပြ ခဲ့သည်။ ယာဉ်မောင်းစဉ် နှင့် ခရီးသွားစဉ် ဆေးလိပ် သောက်ခြင်း ကိုလည်း စည်းကမ်း ဖောက်ဖျက်မှု တစ်ခုအဖြစ် သတ်မှတ်၍ အရေးယူ ရသော် သင့်နိုင်အံ့ ဟု ထင်ပါသည်။ အများပြည်သူ တို့၏ အကျိုးစီးပွား အတွက် ဆေးလိပ် သောက်သုံးမှု လျှော့ချနိုင် စေရန် အလို့ငှာ " စည်းကမ်း ထိန်းသိမ်းခြင်း အစ ဆေးလိပ်က " ဟု ဆောင်ပုဒ်ထုတ်၍ လိုက်နာကြလျှင် ကောင်းမည်ဟု ယူဆပါသည်။ ။

အောင်မြင်ခြင်း ပန်းတိုင်ဆီသို့


အောင်မြင်ခြင်း ပန်းတိုင်ဆီသို့

လူတိုင်းသည် မိမိတို့၏ ဆန္ဒအရ ဆောင်ရွက်မှု တိုင်းတွင် အောင်မြင်ခြင်း ဟူသည့် ပန်းတိုင်ကို အရောက်လှမ်း ကြရမည် ဖြစ်သည်။ ပညာရေး၊ စီးပွားရေး၊ အသက်ရှည် ကျန်းမာရေး ဟူသည့် ပန်းတိုင် အသီးသီးကို မျှော်မှန်းကာ အောင်မြင်မှု ရရှိရေး ကြိုးပမ်း ကြရပါမည်။ လိုရာ ပန်းတိုင်သို့ ရောက်ရှိရန်မှာ စိတ်ကူး ဆန္ဒရှိရုံ ဖြင့်မပြီး၊ ကျော်ဖြတ် ရမည့် နည်းလမ်း အသွယ်သွယ် တို့ကို သိရှိကာ စနစ်တကျ ကျော်ဖြတ် နိုင်ရန် ကြိုးပမ်း ကြရမည် ဖြစ်သည်။ နည်းလမ်းများစွာ အနက် ဦးစွာ ကျင့်သုံးရမည့် နည်းလမ်းမှာ မိမိ ရောက်လိုရာ ပန်းတိုင်ကို စိတ်တွင် ပိုင်းဖြတ် နိုင်ရမည်။

ထို့နောက် ရည်ရွယ်ချက် ပန်းတိုင်သို့ မည်သို့ မည်ပုံ သွားမည်ကို နည်း ဗျူဟာဖြင့် စီမံချက်ချ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်သည်။ အကြောင်းအရာ နှင့် အချိန် ကာလပေါ် မူတည်ကာ တစ်ဆင့်ချင်း ဆောင်ရွက်ရန်၊ စီမံချက် ထားရှိ ရပေမည်။ ထို စီမံချက်တွင် မိမိ လျှောက်လှမ်း ရမည့် ရည်မှန်းချက် ပန်းတိုင်သို့ သွားရမည့် လမ်းကြောင်းကို ပုံသေ တစ်သတ်မှတ် တည်း မထားဘဲ လမ်းကြောင်း အမျိုးမျိုးကို စဉ်းစား တွက်ချက်ပြီး အပြစ် အနည်းဆုံးနှင့် အကျိုးများစွာ ရရှိမည့် လမ်းကြောင်း ကိုသာ ဖော်ထုတ် ရွေးချယ်၍ လျှောက်လှမ်း ရမည် ဖြစ်သည်။

ထို့ပြင် မိမိ လျှောက်လှမ်း သော ခရီးသည် မှန်ကန်သည်ဟု မိမိကိုယ်တိုင် ယုံကြည်ချက် ဖြင့် မဆုတ်မနစ် လုပ်ဆောင်ပြီး မည်မျှပင် ဟန့်တား နှောင့်ယှက် သည်ဖြစ်စေ ပန်းတိုင်ဆီသို့ မရောက် ရောက်အောင် လျှောက်လှမ်း ရမည် ဖြစ်သည်။

ထိုသို့ မဟုတ်ဘဲ အနှောင့်အယှက်၊ ဆူးငြှောင့် ခလုတ် အဖျက်အဆီးများ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ ခဲ့လျှင်လည်း ဖြစ်ပေါ်လာသည့် အခက်အခဲ အကျပ်အတည်း များကို မဆုတ် မရွံ့သော စိတ်ဓာတ် ထားကာ ရင်ဆိုင် ဖြေရှင်း ရမည် ဖြစ်ပေသည်။

မိမိ လျှောက်လှမ်းသော လမ်းခရီးသည် အစဉ်အမြဲ ဖြောင့်ဖြူး နေမည် မဟုတ်ပေ။ အကွေ့ အကောက်၊ အတက်အဆင်း နှင့် အနှောင့်အယှက် အတားအဆီး များ၊ ဆူးငြောင့် ခလုတ်များ ရှိမည် ဖြစ်ရာ ကြိုတင် တွေးဆ ထားရန်နှင့် အောင်မြင်စွာ ကျော်ဖြတ်မည် ဟူ၍လည်း ဆုံးဖြတ်ထား ရန်လို ပေသည်။

ယုံကြည်မှုသည် တောင်များ ကိုပင် ရွေ့သွား နိုင်စေ သည်ဟု ဆိုစကား ရှိသည့် အတိုင်း မိမိသည် ရောက်လိုသည့် ပန်းတိုင်သို့ အခက်အခဲ မှန်သမျှကို ကျော်ဖြတ် နိုင်ရမည်ဟု ယုံကြည်ချက် ထားပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ ရှေ့ထားကာ စိတ်ရှည် သည်းခံ ကြိုးပမ်းခြင်း၊ ဝါယမ စိုက်ထုတ်ခြင်း အစဉ်အမြဲ နိုးကြားခြင်း ဟူသည့် စိတ်ဓာတ် ရေးရာ ကြံ့ခိုင်မှုဖြင့် လျှောက်လှမ်း ရမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ အောင်မြင်မှု ရည်မှန်းချက် ပန်းတိုင်သို့ လျှောက်လှမ်း နေခြင်းသည် လှေကားထစ် များကို တစ်ထစ်ချင်း တက်လှမ်း နေခြင်း ဖြစ်သောကြောင့် လှေကား တစ်ထစ်ချင်း ဆီသို့ တက်လှမ်း လေတိုင်း မိမိ၏ စိတ်တွင် အောင်မြင်ခြင်း ပန်းတိုင် ဆီသို့ ရောက်ရမည် ဟု ရည်မှန်းချက် ထားကာ ကြိုးပမ်း သွားသင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

လက်ပံပင်ရဲ့ ခံစားမှု အသံ


လက်ပံပင်ရဲ့ ခံစားမှု အသံ

(မဒါလေး)

နွေဦးဝင်စ အညာဒေသ၏ အလှသည် လက်ပံပွင့်များ ရှိမှသာ ပြည့်စုံ သည်ဟု ရွှေညာမြေမှ သူငယ်ချင်း တစ်ယောက်က ရွာအလည် လိုက်သွားစဉ် ပြောပြ ဖူးသည်။ အဆိုပါရွာ အဝင်လမ်း တစ်လျှောက် လုံး၌ လက်ပံပင်များ ပေါလှသည်။ နွေဦးတွင် ရိုးတံကျဲကျဲ အပင်ထက်၌ တစ်ပင်လုံး လွှမ်းအောင် နီရဲစွာ ပွင့်တတ်သော လက်ပံပွင့် များက မြင်ရသူ ငေးမဆုံးအောင် ဆွဲဆောင်မှု ရှိလှသည်။ ပွင့်ဖတ်စိမ်း များထက်မှ ပွင့်ချပ် အနီလေးများ ကြားတွင် ဝတ်မှုန်ရဲရဲ လေးများ ထွက်နေပုံမှာ ရဲရင့်မှု ရှိလှသည်။ အပင်ထက် တည်နေပုံ ကလည်း ဝံ့ဝံ့ကြွားကြွား ရှိလှသည်ဟု မြင်မိသည်။ တစ်ရက် လက်ပံပင်တန်း အောက်တွင် အနားယူရင်း လက်ပံ ပွင့်များ ကောက်နေခိုက် '' ဒီက မိန်းကလေးက လက်ပံပွင့်တွေ ဘာလို့ ကောက်တာလဲ ''ဟု အသံသာ ကြားရပြီး လူကို မတွေ့ရပေ။ ''ကျွန်မ ကြိုက်လို့ပါ'' ဟု ပြန်ဖြေရာ ''ဘာလို့ ကြိုက်တာ လဲကွဲ့'' ဟု မေးသဖြင့် ကျွန်မ ဘယ်လို ဖြေရ မည်နည်း။ ''ဘာလို့ကြိုက် တာလဲ ဆိုတော့ အပွင့်လေးတွေက လှတယ်။ ပြီးတော့ သူ့ကို ဟင်းအဖြစ် ချက်စားလို့ ရတယ်။ ပြီးတော့ ဆေးဖော်လို့လဲ ရသေးတယ်'' ဟု ပြန်အဖြေမှာ အသံခဏ ပျောက်သွားသည်။

ပတ်ဝန်းကျင် ကို ကြည့်တော့လည်း အဝေးတွင် လက်ပံပွင့် ကောက်နေကြသော ကလေးများမှ အပ လူကြီးဟူ၍ မရှိ။ အသံတိတ် သွားသည်။ ကျွန်မဖြေသော အဖြေက မှားနေလို့လား ဟု စိတ်ထဲတွင် တွေးနေစဉ် ''မိန်းကလေးက ဒီလောက်ပဲ သိတာကိုး၊ ဒါက အခြေခံ သဘောတရား တွေပဲ ရှိပါသေးတယ်'' ဟု ကြားရသဖြင့် ကျွန်မ ထပ်ပြော မိသည်။ ''အင်း...အရိပ်လည်း ရသေးတယ်။ နွေရာသီမှာ ဒီအရိပ်က အေးတယ်။ ပြီးတော့ လက်ပံပွင့်ချိန် ခွေးရူးချိန် လို့တော့ ငယ်ငယ်က ကြားဖူး တယ်''။ ''ဟား ဟား ဟား'' ရယ်သံနှင့် အတူ ကျွန်မ၏ အဖြေကို သဘောကျ သွားဟန် တူပါသည်။ '' ဒီမှာ မိန်းကလေး အပြောသာ လွယ်တာ။ လက်တွေ့က ဒီလောက် မလွယ်ပါဘူး။ တို့ လက်ပံပင် ဆိုတာ အပင်ငယ် တုန်းကလည်း ငယ်သလောက် နွားစားလိုက်၊ ဆိတ်စားလိုက်နဲ့ အပင်ကြီး ဖြစ်အောင် မနည်းကို ရှင်သန် နေထိုင်ခဲ့ ရတာကွဲ့။ ပြီးတော့ ငါတို့လို လက်ပံပင် တွေကို အပင်သေးစဉ် တုန်းက ဘယ်သူမှ ဂရုတစိုက်
ပြုစု ပျိုးထောင် ခဲ့တာ မရှိ ပါဘူးကွယ်။ နေပူမိုးရွာ ထဲမှာ ကြမ်းတစ်ခါ သာတစ်လှည့် ဘဝကို ရှင်သန်အောင် ထိုးထွက် ခဲ့ရတာပါ'' ဟူသော အသံကို ကြားရ ပါသည်။

''ဒီအသံကို ကြားရတော့ ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေ ပြောပြော နေတဲ့ လူကြီးဖြစ်ရတာ မလွယ်ပါဘူး ဆိုတဲ့ စကားကို ပြေးပြီး ကြားယောင် မိသည်။ ကျွန်မတို့ မှာလဲ လူငယ် ဖြစ်ရတာ မလွယ်တဲ့ အပိုင်းတွေ ရှိခဲ့တာပဲ။ ယခု လက်ပံပင် လိုပဲ ကျွန်မတို့ ငယ်ငယ် တုန်းက ကြိုးစား ရုန်းကန် ခဲ့ရတဲ့ အချိန်တွေ၊ ထိုးနှက်မှု တွေကြားထဲက ဖောက်ထွက် ခဲ့ရ တာလဲ ရှိခဲ့တာပဲ။ အဲဒီလိုပဲ အခု လူကြီး ဖြစ်နေတဲ့ သူတွေလဲ ဒီအတိုင်း ဖြစ်မှာပါ။ ဟူး... ဘယ်အရာမှ မလွယ်ပါလား။

ကျွန်မ လေးတွဲ့စွာ သက်ပြင်း ချမိသည့် အဆုံးတွင် ''ဒါနဲ့တင် ဘယ်ကဦး မှာလဲ မိန်းကလေးရဲ့၊ လက်ပံပွင့် တစ်ပွင့် ပွင့်ဖို့အတွက် အရင်ဆုံး ဘာလုပ်ရသလဲ သိလား'' ဟုမေးရာ အမှန်တကယ် ကျွန်မ မသိပါ။ ကျွန်မ သိသည်က လက်ပံပင်သည် မြင့်ပါသည်။ လက်ပံပွင့်သည် လှပါသည်။ ကြိုက်သူများ အတွက် အရသာမှာ ကောင်းပါသည်။ မနှစ်သက် သူများ အတွက်ကတော့ အမှိုက်ရှုပ်သည် ဟုသာ သိပါသည်။ ''ကျွန်မ မသိပါဘူး'' ဟု ဖြေလိုက်ရာ ''အင်း မသိရင် မှတ်ထားကွဲ့၊ လက်ပံပွင့် ပွင့်ဖို့အတွက် အရင်ဆုံး ပွင့်ဖတ် အစိမ်းလေး တွေကို ခွဲထွက် ရတယ်၊ အဲဒီ ပွင့်ဖတ်လေး တွေကိုခွဲပြီး ထွက်လာမှ အခုလူတွေ လှတယ်လို့ ပြောပြော နေကြတဲ့ ပွင့်ဖတ် အနီရောင်လေး တွေကို မြင်နိုင် တာကွဲ့''။ ဟူသော အဖြေကို ကြားလိုက်ရမှ ''အော်...ကျွန်မ အခုမှ ခံစားမိတော့ သည်။ လှပတဲ့ ဘဝတွေ မှာလဲ ကြမ်းတမ်းတဲ့ နေ့ရက်တွေ ဆိုတာ ရှိခဲ့ တာပါပဲ။ ကျွန်မတို့က အလှအပကို အမြင်နဲ့သာ တွေးပြီး ကိုယ်လိုရာ
ဆွဲခံစား ခဲ့ကြတာ မဟုတ်ပါလား။ ဆက်လက်ပြီး ''အေး... ပြီးတော့ တို့လက်ပံပင်ရဲ့ အရိပ်ကိုခို အပွင့်ကိုစား၊ ဒါတွေ ထားတော့ တချို့ပဉ္စ လက်သမား တွေက လက်ပံခေါက် ကိုခွာ၊ ထွက်လာတဲ့ အစေးနဲ့ လူတွေကို မျက်လှည့် ပြကြ သေးတယ်ကွဲ့''။ ''ဘယ်လို ဘယ်လို ဘုရား ဘုရား'' ကျွန်မ အံ့သြစွာ ရေရွတ်မိသည်။ ''ဘယ်လိုများ လဲရှင်။ ကျွန်မ မသိရ ပါလား''ဟုမေးရာ ''အေး...လက်ပံခေါက် ကထွက်တဲ့ အစေးက အပူခံ တယ်ကွဲ့။ ပြီးတော့ မီးလောင်နိုင်တဲ့ သတ္တိရှိတယ်။ တချို့လူတွေ က အဲဒါကို ကိုယ်မှာ သုတ်လိမ်းပြီး တစ်ကိုယ်လုံး မီးရှို့ပြတယ်။ မီးရှို့ တာတောင် မီးမလောင်ဘူး ဆိုပြီး မျက်လှည့်ပြတဲ့ နေရာမှာ အသုံးချ ကြသေး တယ်ကွဲ့''။ သြော်...အလိမ်အညာ မကင်းတဲ့ လောကထဲမှာ သစ်ပင်တောင် မနေရအောင် ဆွဲသွင်း နေကြ တာပါလား''ဟု ကျွန်မ ခံစားမိသည်။ လောကတွင် အရိပ်နေနေ အခက်ချိုးချိုး လူတွေရှိ နေသရွေ့ အပင်တွေရဲ့ ရှင်သန်ခြင်း ကလဲ မျက်နှာပန်း မလှနိုင်ပေ။

အပင်မြင့်လျှင် လေတိုက်ခံ ရမည် မှန်သော်လည်း ထိုအပင် ဘယ်က စခဲ့သည် ကိုတော့ သိစေချင်သည်။ အရိပ်ရလျှင် ခိုမည်။ အရိပ် မလိုလျှင် ခုတ်မည်။ ထိုသို့သော သဘော ကိုတော့ မနှစ်မြို့ လှပေ။ ကျွန်မတို့ အနေဖြင့်လည်း မြင့်သော သူတို့ အောင်ပွဲခံ နေချိန်တွင် နိမ့်သော နေရာမှ သူတို့ဘဝ တွေကို ခဏပြန်ကြည့် စေချင်သည်။ သူတို့လည်း အမြင့် ရောက်သည်နှင့် ပျော်နေမည်ဟု မထင်ပေ။ လက်ပံပင် လိုပဲ အရိပ်လိုသူ က အရိပ်ခိုမည်။ အရသာ ကြိုက်သူက စားသုံးမည်။ ကောင်းမွန်စွာ အသုံးချ တတ်သူက ဆေးအဖြစ် သုံးမည်။ ပဉ္စလက် သမားက အားသာ ချက်ကို အသုံးချကာ ကိုယ်ကျိုး အတွက် သုံးမည်။ မည်သို့ပင် ဆိုစေလက်ပံ ဆိုသော အပင်ကြောင့် တစ်ယောက်ချင်းစီ ၏ လိုအပ်ချက်များ ကိုက်ညီ သွားကြပြီး လိုဘ ပြည့်သွား ကြသည် မဟုတ်ပါလား။

အတွေးတွေ လွန်နေခိုက် လေတစ်ချက် အတိုက်တွင် လက်ပံပွင့် တွေ တဖုန်းဖုန်းနှင့် ကြွေကျ လာသည်။ ထိုအသံသည် သာယာသံ တော့ မဖြစ်နိုင်ပေ။ လက်ပံပင်၏ မမြင်နိုင်သော တစ်နေရာမှ ခံစားမှုအသံ ''ရင်ထုသံ'' သာ ဖြစ်ပေ လိမ့်မည်။

ပြဒါးကင်းစင်သော ကျန်းမာရေး စောင့်ရှောက်မှု ပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်


ပြဒါးကင်းစင်သော ကျန်းမာရေး စောင့်ရှောက်မှု ပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်

သက်ရှိ သတ္တဝါတို့၏ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်ပြီး လူသားများအား ဓာတုဆိုင်ရာ အဆိပ်သင့် စေသည့် ဓာတ်ပစ္စည်း များမှ ပြဒါးသည် လူတို့နှင့် အနီးကပ် ရှိသော အန္တရာယ် တစ်ခုဖြစ်သည်။ လူသားတို့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အဖျားတိုင်း သာမိုမီတာ နှင့် သွေးပေါင်ချိန်တိုင်း ကိရိယာတို့သည် ပြဒါးကို အသုံးပြု ထားကြသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးသည် ပြဒါးပါသော သာမိုမီတာ နှင့် သွေးပေါင်ချိန်တိုင်း ကိရိယာ များကို ပြဒါး ကင်းသော ပစ္စည်း ကိရိယာ များဖြင့် အစားထိုး အသုံးပြုရေး၊ ပြဒါး ပါဝင်သော အရေပြား သန့်စင်ဆေး နှင့် အသားဖြူ စေရန် လိမ်းသော ဆေးများ ထုတ်လုပ် သုံးစွဲမှု ရပ်တန့်ရေး၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် ပြဒါး အသုံးပြုမှုကြောင့် ကျန်းမာရေး ထိခိုက်မှုများ ပညာပေးရေး၊ သွားပိုးစားသော အခေါင်းပေါက် များဖာထေး ရာတွင် အသုံးပြုသော ပြဒါးပါဝင်သည့် ပစ္စည်းများသုံးစွဲမှုလျှော့ချရေးတို့ကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် ပညာပေး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်သည်။

ပြဒါးသည် အငွေ့ပျံနိုင်ပြီး လေထုထဲတွင် ပျံ့နှံ့သွားပြီး နှစ်ပေါင်း ကြာရှည်စွာ တည်ရှိနေကာ လူသားနှင့် တိရစ္ဆာန် တို့၏ ဂေဟစနစ် အတွင်း စုပြုံ အနည်ကျမှု ကို တွေ့နိုင်သည်။ ရေထဲသို့ ရောက်သွားသော ပြဒါးသည် ငါးများ၏ ခန္ဓာကိုယ် အတွင်း စုပြုံ ရောက်ရှိ သွားကာ ထိုငါးကို စားသုံးမိသူ အတွက် ပြဒါးဆိပ် သင့်သည့် အန္တရာယ်နှင့် ကြုံတွေ့ ရတော့သည်။ ပြဒါးသည် လူတို့၏ ဦးနှောက် အာရုံကြောကို ထိခိုက် ပျက်စီးစေတတ် သည့်အပြင် ကျောက်ကပ်နှင့် အစာအိမ် လမ်းကြောင်း တို့ကိုလည်း ပျက်စီး စေနိုင်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၏ ခန့်မှန်းချက် အရ ကမ္ဘာ့နိုင်ငံ များ၌ သွားဘက် ဆိုင်ရာ လုပ်ငန်းများ က အသုံးပြုသည့် ပစ္စည်းများ တွင် ပြဒါး တန်ချိန်ပေါင်း ၂၄ဝ မှ ၃ဝဝ အထိ ပါဝင်ကြောင်း သိရသည်။ ပြဒါးသည် လူအများ၏ ကျန်းမာရေးကို အန္တရာယ် ပြုသည့် ဓာတုပစ္စည်း ၁ဝ မျိုးတွင် အပါအဝင် ဖြစ်ပြီး လူတို့၏ အသိဉာဏ် ဖွံ့ဖြိုးမှု အပါအဝင် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက် စေနိုင်ခြင်း ကြောင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး အနေဖြင့် ပြဒါး ကင်းစင်သော ကျန်းမာရေး စောင့်ရှောက်မှု (၂ဝ၂ဝ) လှုပ်ရှားမှုကို စတင် ဆောင်ရွက် နေပြီ ဖြစ်သည်။

သို့ဖြစ်၍ ပြဒါး ကင်းစင်သော ကျန်းမာရေး စောင့်ရှောက်မှုကို ပြည်သူများ အားလုံး ကျယ်ကျယ် ပြန့်ပြန့် နားလည် စေသော ပညာပေးရေး လုပ်ငန်းများတွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးနှင့် ပူးပေါင်း ကြိုးပမ်း ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၃-၂၀၁၄) တနင်္လာနေ့



Download Links


Sunday, March 30, 2014

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ ( စံပြအလှမယ် )


ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ
( စံပြအလှမယ် = ဘေဘီမောင် )

ပထမ - သန္တာစိုး (ခ) စိုးမြန်မာ


ဓာတ်ပုံအသင်းတွင် အမြဲလိုလို ဆုကြီးများ မပြတ်တမ်း ရယူနေသူ သန္တာစိုး ၏ ပထမဆုရပုံ ဖြစ်သည်။ နောက်ခံ အမည်းပေါ်တွင် စံပြမယ်အား မတ်တပ်ရပ် အနေ ရိုက်ယူထားသည်။ ဘေးတိုက် အလင်း ကျရောက်မှု နှင့် နောက်ခံ အမည်းတွင် အနီရောင် ၀တ်စုံဖြင့် စံပြမယ်မှာ လုံးကြွပေါ်လွင် လျက်ရှိသည်။ လှပ ကြော့ရှင်းသည့် ကိုယ်လုံးအလှ နှင့် မျက်နှာဟန်ပန် တို့မှာ ပုံကို များစွာ အထောက် အကူပြု နေသည်။ လက်နေဟန်ထား တို့လည်း ဆိုဖွယ်မရှိ လှပ သေသပ် ကောင်းမွန်သည်။

ဒုတိယ - မေစောလွင်


အသင်းသူ မေစောလွင် ၏ ပထမဆုံး အကြိမ်ဟု ထင်ရသော ယခုဆုရ ပုံမှာ အဆင့်ရှိသော ပုံကောင်း တစ်ပုံ ဖြစ်သည်။ စံပြမယ်အား အဝေးရိုက် မှန်ဘီလူးဖြင့် ကြည်လင် ပြတ်သားစွာ ရိုက်ယူ ထားသည်။ နောက်ခံအား များစွာ ၀ါးသွားစေပါ၍ စံပြမယ် မှာ လုံးကြွလျက် ရှိသည်။ အပေါ်မှ အလင်း ( Top Light ) နှင့် ဘေးတိုက် အလင်း ( Side Light ) တို့ကြောင့် စံပြမယ်မှာ နောက်ခံ နှင့် ကွဲပြား ပေါ်လွင် နေသည်။ လက်နေဟန်ထား တို့ ကောင်းမွန် လှပသည်။ မျက်နှာသို့ ပေးသည့် အလင်းကို ယခု အနေထက် ပိုမို ကောင်းမွန် လှပရန် ပြုပြင် အလင်း ပေးသင့် လှသည်။

တတိယ - မောင်မောင် မင်းဇော်ဦး


လူသစ်တစ်ဦး ဖြစ်သူ သင်တန်းဆင်း ပြီးစ မောင်မောင် မင်းဇော်ဦး ၏ ဆုရပုံမှာ စံပြမယ်အား သုံးချိုး နှစ်ချိုး မတ်တတ်ရပ် အတည့် အနေဖြင့် ရိုက်ကူးထားသည်။ ကိုယ်နေဟန်ထား နှင့် မျက်လုံးအကြည့် တို့မှာ ခပ်မိုက်မိုက် အနေဖြင့် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု အားကောင်းလှသည်။ အပေါ်မှ ( Top Light ) လျှပ်ပါး အလင်းကြောင့် နောက်ခံ အမည်းပေါ်တွင် လုံးကြွလျက် ရှိနေသည်။ ဓာတ်ပုံ ဆေးသားလည်း ကောင်းမွန် လှသည်။ ဆက်လက်၍ ဆုကြီးများ ရယူနိုင်ရန် ကြိုးစားဖို့ ၊ ပုံမှန် ပြိုင်ပွဲဝင်ဖို့ အားပေး တိုက်တွန်း လိုက်ရပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံဓာတ်ပုံအသင်း

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ


ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ
( မြောင်းတကာ ခရီးစဉ် )

ပထမ - ဦးထွန်းဝေ


ဆုရဓာတ်ပုံမှာ စားသုံး သီးနှံပင်များ ပြုစု ပျိုးထောင် စိုက်ပျိုးသူ များကို အပေါ်စီးမှ ရိုက်ကူး ထားသည်။ နေရောင် တစောင်းကျ နေသည့် ပျိုးပင်ငယ် များနှင့် အရောင် အသွေး စုံလင်လှသည့် ခမောက် များမှာ ပုံကို အထောက် အကူပြု စိတ်ဝင်စားဖွယ် ဖြစ်စေပါသည်။ မြင်ကွင်းကျယ် မှန်ဘီလူး ( Super Wide Angle Lens ) ကို နေရာမှန် အသုံးပြု ထားပြီး မြင်ကွင်းကို ကွေးဝိုက် ထားသည်မှာလည်း ပုံကို အဆန်းတကြယ် ဖြစ်စေသည်။ လူများ နေရာချထားပုံ သင့်လှပြီး ဓာတ်ပုံ ဆေးသား စိုပြည် ကောင်းမွန်လှ ပါသည်။

ဒုတိယ - မော်မော်ဝင်း


လူသစ် အသင်းဝင် တစ်ဦးဖြစ်သူ မော်မော်ဝင်း ၏ ပထမဆုံး အကြိမ် ဆုရဟန် တူသော ဒုတိယဆု ရဓာတ်ပုံမှာ အကြီးတန်း၌ လစဉ် ယှဉ်ပြိုင် နေသူများ အကြားတွင် အဆင့်မြင့်မြင့် ပုံကောင်းတစ်ပုံ ပင် ဖြစ်သည်။ ချောင်းကူး တံတား ပေါ်တွင် လူအများ ဖြတ်သန်း သွားလာ နေကြပုံကို မြင်တတ်သော မျက်စိဖြင့် ရိုက်ကူး ထားသည်။ နောက်ခံ သစ်ရွက်များနှင့် ပုံ၏ ညာဘက်မှ ၀ါးရွက်ဝါ၀ါ များမှာ ပုံကို အထောက် အကူပြု နေသည်။ ယခု အတိုင်းလည်း ရိုက်ယူပုံ ကောင်းသော်လည်း လမ်းလျှောက် သူများကို အဝေးရိုက် မှန်ဘီလူး နှင့် ပုံကို အပြည့် ဖြတ်တောက် ရိုက်ယူပါက တစ်မျိုး တစ်မည် ပုံကောင်း တစ်ပုံ ဖြစ်နိုင် ပါသေးသည်။ အရောင်နု - ရင့် စုံလင်ပြီး ဓာတ်ပုံ ဆေးသားပါ ကောင်းမွန်လှသည့် ပုံ ဖြစ်သည်။

တတိယ - ငြိမ်းချမ်း


အသင်းသား လူသစ်တစ်ဦး ဖြစ်သူ ကိုငြိမ်းချမ်း မှ ယခုလ အတွက် တတိယဆု ရရှိသည်။ ဆုရပုံမှာ နေခြည်များ ဖြာကျနေသည့် သစ်ပင်ဘေးတွင် ကလေးများ ဖန်ခုန် ကစား နေဟန် ဖန်တီး ရိုက်ကူး ထားသည်။ နောက်ခံ အမည်း နှင့် မြူခိုးများ ပေါ်တွင် ကစား လှုပ်ရှားသူ ကလေးငယ် များမှာ လုံးကြွလျက် ရှိနေသည်။ ဆင်ပြင် နေရာချထား ရိုက်ကူးသည် ဆိုပါက ကလေးငယ် များကို ယခု အတိုင်းထက် ပုံ၏ အလယ် သစ်ပင်ကြီး၏ အနီးတွင် ပြောင်းရွှေ့ နေရာချထား ပါက ပို၍ ကောင်းမွန်မည် ဟု ထင်မိသည်။ ဖြတ်တောက် တင်ပြပုံ နှင့် ဓာတ်ပုံ ဆေးသားတို့ ကောင်းမွန် လှပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံဓာတ်ပုံအသင်း

ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်လျက်ရှိရာ သင်္ကြန်ကာလမတိုင်မီ ပြီးစီးမည်


ရှေးမူမျက် ပြန်လည်ပြုပြင်လျက်ရှိသော ဦးပိန်တံတား

အမရပူရ ၊ ၃၀-၃-၂၀၁၄

မန္တလေး အမရပူရ မြို့နယ် တောင်တမန်အင်း ရှိ ဦးပိန်တံတား ကို အကြီးစား ပြန်လည် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက် ရှိရာ သင်္ကြန်ကာလ မတိုင်မီ လုပ်ငန်းများ ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက် နှင့် စာကြည့်တိုက်များ ဦးစီးဌာန ( အထက် မြန်မာပြည် ) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ်ဖြင့် ပြန်လည် ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ရာ မြန်မာမှု ပညာရှင်များ ကြီးကြပ်မှုဖြင့် ရှေးမူမပျက် စေရေးအပြင် ကြံ့ခိုင်မှုပိုင်း အတွက် စိတ်ချစေရန် အတွက်လည်း လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ၊ ဦးပိန်တံတား သည် ပြည်တွင်း ပြည်ပ ခရီးသည်များ အမြဲမပြတ် လာရောက်ရာ အထင်ကရ နေရာ တစ်ခု ဖြစ်သောကြောင့် စနစ်တကျ ထိန်းသိမ်း မှသာ ရေရှည်တည်တံ့ နိုင်မည် ဖြစ်ရာ ပြည်သူလူထု အနေဖြင့်လည်း ၀ိုင်းဝန်း ပါဝင်ကူညီ ကြရန် လိုအပ်ကြောင်း သိရသည်။

" သင်္ကြန်ကာလ မတိုင်ခင်မှာ စိတ်ချရတဲ့ အနေအထား ထိရောက်အောင် အကောင်းဆုံး ပြုပြင် သွားမှာပါ ၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှေးမူမပျက် စေဖို့အတွက် နဲ့ ပျက်စီးနေတဲ့ နေရာတွေ ကိုတော့ ရေရှည် တည်တံ့ စေဖို့အတွက် ရှေးဟောင်း သုတေသန က ၀န်ထမ်းတွေ ကနေ စစ်ဆေးမှုတွေ ကို အမြဲမပြတ် လုပ်ဆောင် သွားမှာ ဖြစ်သလို ပြည်သူ တွေ အနေနဲ့ကလည်း စည်းကမ်းချက် တွေကို လိုက်နာ ကြဖို့ လိုပါတယ် ၊ ဦးပိန် တံတားဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံး သစ်သား တံတား ဖြစ်တာကြောင့် နိုင်ငံခြားသား ခရီးသွား တွေက လာရောက် လည်ပတ် လေ့လာ ကြတာ ဖြစ်ပါတယ် ... " ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

ဦးပိန်တံတား သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၆၅ နှစ်ရှိပြီး အရှည်ပေ ၃၉၆၇ ပေ ရှည်လျားကာ ကျွန်းတိုင်လုံးပေါင်း ၁၀၈၆ တိုင်ဖြင့် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း ၊ မြန်မာလူမျိုးများ ထိန်းသိမ်း ရမည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။ (၀၅၀)

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၃-၂၀၁၄) တနင်္ဂနွေနေ့



Download Links


Friday, March 28, 2014

သိကြားမင်းမှာတမ်း


သိကြားမင်းမှာတမ်း

ဂိမှာန်နွေလ ၊ သင်္ကြန်ကျလျှင်
မာဃမည်ခေါ် ၊ နတ်ဘိုးတော်သည်
မိုးပေါ်ကဆင်း ၊ လူ့ပြည်ချဉ်း၍
သတင်းထောက်လှမ်း တတ်သည်တဲ့ .. ။

ခွေးရေပုရပိုက်
ရွှေပုရပိုက်တွင် ၊ လူမိုက်လူကောင်း
မပူးပေါင်းဘဲ ၊ တန်းစားခွဲပြီး
ရေးဆွဲမှတ်သား ၊ ဆောင်ယူသွားကာ
တရားစီရင် တတ်သည်တဲ့ .. ။

ကြံကာဖန်ကာ ပြောတတ်ပါဘိ
လူ့ရွာမြေဖွား ၊ သူကောင်းသားတို့
ငါ့အားနတ်အ ၊ မမှတ်ကြနှင့်
ဘ၀ထိုထို ငါအံတိုပြီ။

လောဘဒေါသ
မောဟထွေပြား ၊ တဏှာများဖြင့်
ပျော်ပါးကြပေ ၊ သင်တို့တွေသည်
ရွှေပုရပိုက် ၊ ရေးတင်လိုက်ဖို့
ထိုက်တန်ရဲ့လား ၊ ပြန်စဉ်းစားဦး။

ငါးပါးသီလ ၊ ဆိုမပြနှင့်
ငါကဥဿုံ ၊ ကြားမြင်စုံမို့
မလုံသည့်အိုး ၊ တုတ်မထိုးဘဲ
မမိုးဘဲနှင့် ၊ လန့်ကွဲနေမှ
အရှက်ရလိမ့်။

မေတ္တာရှေ့ထား ၊ ငါသိကြားက
ကောင်းစားစေမှု ၊ အကြံပြုမည်
မုသာဝါဒါ ၊ တစ်ခုသာလျှင်
ဝေရာမဏိ ၊ ရှောင်ကြဉ်ကြည့်လိုက်
သေမည့်ဘယာ ၊ ရှိစေကာမူ
သေသာသေမည် ၊ မလိမ်ပြီဟု
တည်ကြည်ရှေးရှု ဓိဋ္ဌာန်ပြုလော့။

ဤသို့ပြုရ ၊ မြတ်သီလကြောင့်
အောက်ကမြေကြီး ၊ ရွှေပင်သီးအောင်
ကောင်းချီးပေးကာ ၊ ငွေမိုးရွာမည်
ဣန္ဒာဒေ၀ မှာတမ်းတည်း ။  ။

( မိုးခေါင်မြေ ကျောက်စိမ်း )

၂၀၁၄ ခုနှစ် ၊ ဧပြီလထုတ် မြ၀တီရသစုံမဂ္ဂဇင်း ကဗျာကဏ္ဍမှ


(၆၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကျင်းပ


ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း 
စံပြတပ်ခွဲ ပထမဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ခင်ဇော်ဦး စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

(၆၉)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ 
တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ရာပြည့်
 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

နေပြည်တော် ၊ ၂၈-၃-၂၀၁၄

၂ဝ၁၃ ခုနှစ်၊ (၆၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင် နေပြည်တော်ရှိ စုရပ် သစ်တပ် စစ်ရေးပြ ကွင်း၌ ကျင်းပရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း တက်ရောက်၍ ဆုများကို ပေးအပ် ချီးမြှင့်သည်။

ရှေးဦးစွာ ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းအား စစ်ရေးပြ မှူးကြီး ဗိုလ်မှူးချုပ် အေးဝင်း နှင့် စစ်ရေးပြ စစ်ကြောင်းများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အလေးပြု ကြသည်။

ထို့နောက် (၆၉)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ရာပြည့်က စစ်ရေးပြ ဂုဏ်ပြုဆု ရရှိကြသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု တပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု တပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု တပ်ဖွဲ့ ၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရုံးကိုယ်စားပြု တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ တို့အား လည်းကောင်း၊ အလံကိုင် အဖွဲ့အကောင်းဆုံး ဆု ရရှိသော ဘုရင့်နောင် စစ်ကြောင်း ကိုယ်စားပြု အလံကိုင် အဖွဲ့အား လည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆု ရရှိသော ဘုရင့်နောင် စစ်ကြောင်း ကိုယ်စားပြု စစ်တီးဝိုင်း အဖွဲ့တို့ အားလည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ခင်ဇော်ဦး က  အကောင်းဆုံး စခန်း ဒုတိယဆု ရရှိသော တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)အား လည်းကောင်း ၊ စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆု ရရှိသော စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ အား လည်းကောင်း ၊ စစ်ရေးပြ အကောင်းဆုံး ဒုတိယဆု ရရှိ သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)အား လည်းကောင်း၊ အကောင်းဆုံး စခန်း ပထမဆု ရရှိသော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း ၊ စစ်ချီသီချင်း အကောင်းဆုံး ပထမဆု ရရှိသော ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး ပထမဆု ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ အားလည်းကောင်း ၊ စစ်ရေးပြ အကောင်းဆုံး ပထမဆု ရရှိသော စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းက စံပြတပ်ခွဲ တတိယဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ အား လည်းကောင်း ၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ ပထမဆု ရရှိသော  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ အားလည်းကောင်း  ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း အား စစ်ရေးပြမှူး ကြီး ဗိုလ်မှူးချုပ် အေးဝင်း နှင့် စစ်ရေးပြ စစ်ကြောင်းများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အလေးပြုကြပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ (၆၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်မိန့်ခွန်း ပြောကြား


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
(၆၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တွင် မိန့်ခွန်း ပြောကြားစဉ်

နေပြည်တော် ၊ ၂၈-၃-၂၀၁၄

ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေး မူဝါဒအဖြစ် ဦးထိပ် ပန်ဆင်၍ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး အခန်းကဏ္ဍတွင် နိုင်ငံတော် အစိုးရ၊ တပ်မတော် နှင့် ပြည်သူ တစ်ရပ်လုံးတို့ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေး၊ နိုင်ငံတော် အစိုးရ၏ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် အကောင် အထည်ဖော် ဆောင်မှု၌ တစ်တပ် တစ်အား ဝိုင်းဝန်း ကူညီဆောင် ရွက်ရေး၊ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် စုစည်း ညီညွတ်သော ပြည်ထောင်စု ကို အခြေခံ၍ တည်ငြိမ် အေးချမ်းမှု မှသည် ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရာ၌ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုသည့် ၂ဝ၁၄ ခုနှစ်(၆၉) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် များနှင့်အညီ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြ ကွင်းကြီး၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်း ပြောကြားသည်။ 

အဆိုပါ ၂ဝ၁၄ ခုနှစ် (၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေ  ၊  ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ရာပြည့်၊ နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ စစ်သံမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးများ၊ မီးသတ် ဦးစီးဌာနမှ အရာရှိကြီးများ၊ ကြက်ခြေနီ တပ်ဖွဲ့မှ အရာရှိကြီးများ၊ တက္ကသိုလ လေ့ကျင့်ရေး တပ်များမှ  တပ်ဖွဲ့ဝင် ကျောင်းဆရာ များနှင့် ကျောင်းသားများ၊ ပြည်တွင်း ပြည်ပ သတင်းဌာန များမှ သတင်းထောက်များ၊ ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်းများမှ သတင်းထောက်များ၊ အနုပညာ ရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၃-၂၀၁၄) သောကြာနေ့



Download Links


Thursday, March 27, 2014

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၃-၂၀၁၄) ကြာသပတေးနေ့



Download links

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၁၃)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၁၃)

(၂၇-၃-၂၀၁၄ ရက် ကြာသပတေး အပတ်စဉ်ထုတ် )

Download Links

Wednesday, March 26, 2014

(၆၉) နှစ်မြောက် တပ်မတော်နေ့



(၆၉) နှစ်မြောက် တပ်မတော်နေ့

၂၀၁၄ ခုနှစ် ၊ မတ်လ ၂၇ ရက်သည် ကျွန်ုပ်တို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ (၆၉) နှစ်မြောက် တပ်မတော်နေ့ ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု ရရှိအောင် ၊ တစ်နည်း အားဖြင့် လွတ်လပ်ရေးကြီး ရရှိအောင် ဖက်ဆစ် ဂျပန် တို့အား စတင် တော်လှန်ခဲ့သော ၁၉၄၅ ခုနှစ် ၊ မတ်လ ၂၇ ရက်ကို ထိုစဉ်ကပင် တော်လှန်ရေးနေ့ ဟု သတ်မှတ် ခေါ်ဝေါ် ခဲ့သည်။ နောင်တွင် တပ်မတော်နေ့ ဟု သတ်မှတ်ကာ နှစ်စဉ် မတ်လ ၂၇ ရက် ရောက်တိုင်း တပ်မတော်နေ့ အခမ်းအနား ကို ကျင်းပ လာခဲ့သည်မှာ ယခုဆိုလျှင် (၆၉) နှစ်မြောက် သို့ ရောက်ရှိ လာခဲ့ပေသည်။ တော်လှန်ရေးနေ့ မှ အစပြုကာ မြန်မာပြည် လွတ်လပ်ရေးကြီး ရရှိခဲ့သော်လည်း နယ်ချဲ့ အင်္ဂလိပ် တို့၏ သွေးခွဲ အုပ်ချုပ်ခဲ့သည့် စနစ်များကြောင့် ၁၉၄၈ -၁၉၄၉ ခုနှစ် ကာလများ အတွင်း ပြည်တွင်း ရောင်စုံ သောင်းကျန်းမှုတို့ ပေါ်ပေါက် ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဖဆပလ နှစ်ခြမ်းကွဲ ခဲ့ရမှု နောက်ဆက်တွဲ ရလဒ်အဖြစ် နိုင်ငံတော် အတွင်း အုပ်ချုပ်ရေး အာဏာ ၊ တရား စီရင်မှု အာဏာတို့ ယုတ်လျော့ ခဲ့ရပြီး နိုင်ငံရေးပါတီ များ၏ ပဋိပက္ခများ ပြင်းပြင်း ထန်ထန် ပေါ်ပေါက် ခဲ့ရသည်။

၁၉၆၂ ခုနှစ် ကာလအတွင်း အာဏာရ နိုင်ငံရေး ပါတီများ၏ အာဏာ လွန်ဆွဲမှုများ အပြင် နယ်ချဲ့၏ ဖက်ဒရယ်မူ ပြဿနာ များကြောင့် နိုင်ငံတစ်ဝန်း ပြည်တွင်း သောင်းကျန်းမှုများ အရှိန်အဟုန် မြင့်တက် ခဲ့ရပြီး ပြည်ထောင်စုကြီး ပြိုကွဲတော့မည့် အခြေအနေ သို့ ဆိုက်ရောက် ခဲ့ရသည်။ ယင်း သို့သော အခြေအနေ များကြောင့် တပ်မတော် သည် ခေတ် အဆက်ဆက် နိုင်ငံတော် ၏ တာဝန်များ အား ပုခုံးပြောင်း တာဝန်ယူ ခဲ့ရသည်။

တစ်ဖန် ၁၉၈၈ ခုနှစ် ၊ သြဂုတ်လ အတွင်း ကျောင်းသား အရေးအခင်း မှ အစပြုကာ ပြည်တွင်း ဆူပူမှုကြီး ပေါ်ပေါက် ခဲ့ရသည်။ တစ်ချိန်တည်း မှာပင် ပြည်တွင်း သောင်းကျန်းသူ အဖွဲ့အစည်း အသီးသီး ကလည်း နိုင်ငံတော် အစိုးရအား အကြီးအကျယ် ထိုးစစ်ဆင်မှု ပြုလုပ် ခဲ့သည်။ တစ်ဖန် ပြည်ပ အင်အားကြီး နိုင်ငံ အချို့ကလည်း ကူညီ သယောင်နှင့် ကျူးကျော် အခြေပြုရန် ကြိုးစား လာခဲ့သည်။ ယင်းသို့သော အခြေအနေ များတွင် နိုင်ငံတစ်ဝန်း မင်းမဲ့စရိုက် တို့ လွှမ်းမိုး ဖြစ်ပေါ် ခဲ့ရပြီး တိုင်းပြည်သည် သူ့ကျွန်ဘ၀ သို့ ပြန်လည် ရောက်ရှိ နိုင်သည့် အခြေအနေ မျိုး ဖြစ်လာသည်။ ထိုသို့သော အခြေအနေ များကြောင့် တပ်မတော် သည် ၁၉၈၈ ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံတော် ၏ တာဝန် အရပ်ရပ်အား မလွှဲ မရှောင်သာဘဲ တာဝန်ယူ ခဲ့ရသည်။

ထိုသို့ အတိတ်သမိုင်း စာမျက်နှာ တို့ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော် ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု နှင့် လွတ်လပ်မှုကို ကာကွယ် ထိန်းသိမ်းရန် အတွက် တပ်မတော် သည် မရှိမဖြစ်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိသာ ထင်ရှား ပေသည်။ မျက်မှောက်ခေတ် ကာလတွင်လည်း တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါး ကို အမျိုးသားရေး ၀ါဒအဖြစ် ခံယူကာ အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရေး ကဏ္ဍတွင် ချမှတ် ထားသည့် မူဝါဒ လမ်းစဉ် (၇)ရပ် ပြီးမြောက် အောင်မြင်စေရေး အတွက် တိုင်းရင်းသား ပြည်သူများ နှင့်အတူ လက်တွဲ ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပေသည်။

တစ်ချိန်တည်း မှာပင် တပ်မတော် သည် နိုင်ငံတော် ၏ အချုပ်အခြာ အာဏာ နှင့် ပိုင်နက်နယ်မြေ လုံခြုံရေး ကို ကာကွယ် စောင့်ရှောက် ရန်အတွက် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော် တည်ဆောက်ရေး ကိုလည်း ဖော်ဆောင်လျက် ရှိပေသည်။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကို များ အနေဖြင့် ၀ိုင်းဝန်း လက်တွဲ၍ အမိ နိုင်ငံတော်ကြီး အား ကာကွယ် စောင့်ရှောက် ကြပါစို့ ဟု တိုက်တွန်းရင်း (၆၉) နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြု ကြိုဆိုပါကြောင်း တင်ပြလိုက်ရ ပေတော့သည်။

မြ၀တီစာပေတိုက်



( ၂၀၁၄ ခုနှစ် ၊ မတ်လထုတ် မြ၀တီရသစုံ မဂ္ဂဇင်းပါ စာတည်း စာမျက်နှာ မှ )

မြိတ် တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ကော့သောင်း နှင့် ခမောက်ကြီး မြို့နယ် တို့အတွင်း အခြေခံ စာတတ်မြောက်ရေး သင်တန်း သင်ကြားပို့ချ ပေးမည်





မြိတ် ၊ ၂၆-၃-၂၀၁၄

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်မြို့၊ မြိတ် တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ ဦးဆောင်ပြီး ကော့သောင်း မြို့နယ် နှင့် ခမောက်ကြီး မြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာ များတွင် အခြေခံ စာတတ် မြောက်ရေး သင်တန်း သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံ စာတတ် မြောက်ရေး သင်ကြား ပေးမည့် မြိတ် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ (၁ဝ၉)ဦး တို့ကို နေပြည်တော် ဗဟိုအဆင့် အခြေခံ စာတတ် မြောက်ရေး နည်းပြ သင်တန်း ဆင်းပြီးသူ မြိတ် တက္ကသိုလ် ဓာတုဗေဒ ဌာနမှ လက်ထောက် ကထိက ဦးထွန်းဦး နှင့် သင်္ချာဌာန လက်ထောက် ကထိက ဦးကြည်ဝင်း တို့က မတ် ၁၃ ရက်နေ့တွင် မြိတ် တက္ကသိုလ် ၌ ဆင့်ပွား သင်တန်းအား ပို့ချ ပေးခဲ့ကြောင်း သိရသည်။

အခြေခံ စာတတ် မြောက်ရေး သင်တန်း သင်ကြား ပို့ချပေးမည့် မြိတ် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ (၁ဝ၉)ဦးနှင့် အုပ်ချုပ်သူ (၁၁)ဦး တို့က ဧပြီလ ၁ ရက်နေ့မှ မေ ၁၅ ရက်နေ့ထိ (၄၅)ရက်ကြာ ကော့သောင်း မြို့နယ် အတွင်း ရပ်ကွက် ကျေးရွာ(၄၇)ခု နှင့် ခမောက်ကြီး မြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာ(၁ဝ)ခု စုစုပေါင်း ရပ်ကွက် ကျေးရွာ (၅၇)ခု တို့တွင် ဒေသခံ ရပ်ကွက် ကျေးရွာ သင်တန်း ကြီးကြပ်မှု ကော်မတီ မှ ဒေသခံနည်းပြ (၁ဝ၉) နှင့် မြိတ် တက္ကသိုလ် ကျောင်းသား ကျောင်းသူ (၁ဝ၉) ဦးတို့နှင့် ပူးပေါင်း၍ စာသင်ဝိုင်း တစ်ဝိုင်းတွင် သင်တန်းသား (၁ဝ)ဦး၊ ဒေသခံ နည်းပြတစ်ဦး၊မြိတ် တက္ကသိုလ်မှ တစ်ဦးစီဖြင့် စာသင်ဝိုင်း (၁ဝ၉)ဝိုင်း တွင် သင်ယူမည့် သင်တန်းသား စုစုပေါင်း (၁ဝ၉ဝ)ဦး တို့အား သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာတတ် မြောက်ရေး သင်တန်း သင်ကြား ပို့ချပေးမည့် မြိတ် တက္ကသိုလ်မှ အုပ်ချုပ်သူ ဆရာ ဆရာမ (၁၁)ဦး နှင့် ကျောင်းသား ကျောင်းသူ (၁ဝ၉)ဦးတို့ ခရီးစရိတ် နှင့် စားသောက်ရေး တို့ကို ပညာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ပညာရေး သုတေသန ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် ပေးမည် ဖြစ်ပြီး ၊ တည်းခို နေရာချထား မှုကို ကော့သောင်း မြို့နယ် နှင့် ခမောက်ကြီး မြို့နယ် ရပ်ကွက်၊ ကျေးရွာ သင်တန်း ကြီးကြပ်မှု ကော်မတီ တို့မှ တာဝန်ယူ စီစဉ်ပေးမည် ဖြစ်ကြောင်း မြိတ်တက္ကသိုလ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

Miss Grand International 2014 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲ ပြုလုပ်မည်


ယမန်နှစ် Miss Grand International 2013 ပြိုင်ပွဲတွင်
 မြန်မာနိုင်ငံ ကိုယ်စားပြု ထားထက်ထက် ကို နိုင်ငံ ရိုးရာဝတ်စုံနှင့် တွေ့ရစဉ်

ရန်ကုန် ၊ ၂၆-၃-၂၀၁၄

ဒုတိယ အကြိမ်မြောက် Miss Grand International 2014 ကမ္ဘာ့အလှမယ် ပြိုင်ပွဲကို ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၌ စက်တင်ဘာ ဒုတိယပတ်၌ စတင် ကျင်းပ သွားမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲကို လာမည့် မေလတွင် ကျင်းပမည့် အလှမယ် ပြိုင်ပွဲ Miss Golden Lann Myanmar 2014 ပြိုင်ပွဲတွင် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းပြိုင်ပွဲတွင် Miss Grand Myanmar 2014 ရွေးချယ်မှု အပါအ၀င် Miss Supranational 2014 နှင့် Miss Interconitinental 2014 ကမ္ဘာ့အလှမယ် ပြိုင်ပွဲများ၌ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည့် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် များကို တစ်ပွဲတည်းတွင် ရွေးချယ် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Miss Grand International 2014 သရဖူဆုရှင် သည် ထိုင်းဘတ်ငွေ နှစ်သန်းတန် သရဖူ ၊ တစ်နှစ်တာ ကွန်ဒိုတိုက်ခန်း နှင့် တစ်နှစ်တာ လစာများ အပြင် Sponsor ကုမ္ပဏီများ မှ ချီးမြှင့်မည့် ဆုများ ၊ အခြား အခွင့်အရေး များစွာ ရရှိမည် ဖြစ်ပြီး Stop the War Campaign နှင့် လူမှုရေး ပရဟိတ လုပ်ငန်းများ အတွက် နိုင်ငံတကာ သို့ လည်ပတ်ကာ တစ်နှစ်တာ တာဝန် ထမ်းဆောင်ခွင့် ရရှိမည် ဖြစ်သည်။

Miss Grand International 2014 ပြိုင်ပွဲ၏ Final Night ကို Thai Sport Authority ပိုင် Indoor Stadium Huamark ၌ ကြီးကျယ် ခမ်းနားစွာ ကျင်းပ သွားမည် ဖြစ်ပြီး ထိုင်ခုံ တစ်သောင်းခွဲဆံ့ သည့် ယင်း အားကစား ခန်းမကြီးမှာ ၁၉၆၆ ခုနှစ် ၅ ကြိမ်မြောက် အာရှ အားကစား ပွဲတော်ကြီး ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံတကာ အားကစား ပွဲတော်များကို နှစ်စဉ် ကျင်းပလျက် ရှိကြောင်း သိရသည်။

ပထမအကြိမ် Miss Grand International 2013 ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၇၁ နိုင်ငံမှ နိုင်ငံ ကိုယ်စားပြု အလှမယ် ၇၁ ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး ယခုနှစ် ပြိုင်ပွဲတွင် နိုင်ငံပေါင်း တစ်ရာကျော် မှ နိုင်ငံ ကိုယ်စားပြု အလှမယ်များ ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

Miss Grand International 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ Miss Grand Myanmar 2013 ထားထက်ထက် က ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး Top 10 အကောင်းဆုံး နိုင်ငံ့ရိုးရာ ၀တ်စုံဆု ၊ Miss Popular Vote ဆုနှင့် T Pageant's People's Choice ဆုများ ရရှိခဲ့ပြီး ဖိုင်နယ် ပွဲကြီးတွင် နောက်ဆုံး အဆင့် ဆန်ခါတင် လက်ရွေးစင် ၂၀ စာရင်းအထိ ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

မေလတွင် ကျင်းပမည့် Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီး အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို ဧပြီ ၁၀ ရက် နောက်ဆုံးထားကာ Miss Golden Land Myanmar ရုံးတည်ရှိ၇ာ တိုက်အမှတ် (၂၀) ၊ မြေညီထပ် ၊ ဟင်္သာလမ်း ၊ စမ်းချောင်း မြို့နယ် ၊ ရန်ကုန်မြို့ သို့ လူကိုယ်တိုင် ဖြစ်စေ ၊ စာတိုက်မှ ဖြစ်စေ ပေးပို့ လျှောက်ထား ရမည် ဖြစ်သည်။ ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိ လိုပါက ဖုန်း ၀၉- ၃၁၂၅ ၂၀၀၁ ၊ ၀၉- ၄၄၄ ၀၁၂ ၃၉၀ နှင့် ၀၉- ၄၃၀၂ ၆၁၅၈ တို့သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။ (၄၅၂)

တောင်ကိုရီးယားသို့ တင်ပို့မည့် စားသောက်ကုန်ပစ္စည်းများ အတွက် ဆွေးနွေးပွဲကျင်းပ


ရန်ကုန် ၊ ၂၆-၃-၂၀၁၄

မြန်မာနိုင်ငံ မှ ထုတ်လုပ်သော စားသောက်ကုန် ပစ္စည်းများကို တောင်ကိုရီးယား ဈေးကွက်သို့ တင်ပို့ ရောင်းချရန် အတွက် ကိုရီးယား နိုင်ငံ၏ ဈေးကွက် သဘောတရား နှင့် လိုအပ်သော စံချိန်စံညွှန်း များ အကြောင်း ဆွေးနွေးပွဲ ကို Korean Market Access Seminar on Myanmar Agricultural Products ခေါင်းစဉ်ဖြင့် ဆီဒိုးနား ဟိုတယ်ရှိ ရန်ကင်းခန်းမ ၌ ယမန်နေ့ နံနက် ၉ နာရီက စတင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား တွင် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်း ၊ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန မှ ဒုတိယ ၀န်ကြီး ဦးအုန်းသန်း တို့ တက်ရောက် အမှာစကား ပြောကြား ခဲ့ပြီး ASEAN - KOREA Centre မှ အထွေထွေ အတွင်းရေးမှူး နှင့် မြန်မာနိုင်ငံ စားသောက်ကုန် တင်ပို့ ထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့က စားသောက်ကုန် ပစ္စည်းများကို ဈေးကွက် အတွင်းသို့ တင်ပို့ ရောင်းချမှုများ နှင့် ဆောင်ရွက်ရန် ကိစ္စရပ် များကို ပြောကြား ခဲ့သည်။

ဆက်လက်၍ Yonsei တက္ကသိုလ် မှ Biotechnology ဌာနရှိ ပရော်ဖက်ဆာ Ph.D, Mr Jae- Kwan Hwang က မြန်မာနိုင်ငံ မှ တောင်ကိုရီးယား သို့ တင်ပို့မည့် စားသောက်ကုန် ပစ္စည်းများ အတွက် တောင်ကိုရီးယား နိုင်ငံမှ သတ်မှတ် ထားသော စံချိန် စံညွှန်းများ နှင့် ၄င်းတို့နိုင်ငံမှ ထုတ်ကုန် ပစ္စည်း များအား အရည်အသွေး မြှင့်တင်ပုံ များကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။ 

မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းများကို တန်ဖိုးမြင့် စားသောက်ကုန် ပစ္စည်းများတွင် ထုပ်ပိုးပုံ အရေးပါပုံ နှင့် တောင်ကိုရီးယား နိုင်ငံ၏ စားသောက်ကုန် များ အပေါ် လုံခြုံ စိတ်ချရမှု စံချိန် စံညွှန်းများ နှင့် တောင်ကိုရီးယား ဈေးကွက်၌ ကုမ္ပဏီ များ၏ ကုန်ပစ္စည်း ၀ယ်ယူ တင်သွင်းမှု ပုံစံများ ကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (လင်းသစ်)

၂၀၁၄ ခုနှစ်အတွင်း ယူနိုက်တက် အမရဘဏ်မှ ဘဏ်ခွဲ ၁၇ ခု ဖွင့်လှစ်မည်


ယူနိုက်တက်အမရဘဏ် ၏ ဖွင့်လှစ်ပြီးဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၆-၃-၂၀၁၄

မြန်မာနိုင်ငံ ရှိ ဘဏ်လုပ်ငန်း ဆောင်ရွက်ခြင်း များတွင် အများပြည်သူ တို့အတွက် ၀န်ဆောင်မှု ပေးနေသော ဘဏ်တစ်ခု ဖြစ်သည့် ယူနိုက်တက် အမရဘဏ် မှ ယခုနှစ်အတွင်း ဘဏ်ခွဲပေါင်း ၁၇ ခု ထပ်မံ တိုးချဲ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ယူနိုက်တက် အမရဘဏ် သည် ပြည်တွင်းရှိ ဘဏ်လုပ်ငန်း ၀န်ဆောင်မှု ပေးရာ ဘဏ်များထဲတွင် တစ်ခု အပါအ၀င် ဖြစ်ပြီး ဖွင့်လှစ်သည့် သက်တမ်းမှာ ၃ နှစ်ကျော်မျှသာ ရှိသေးသော ဘဏ်တစ်ခု ဖြစ်သော်လည်း ငွေကြေး ကိစ္စ အပ်နှံ ဆောင်ရွက်မှုမှာ ကျပ်ငွေ ဘီလီယံ ၃၀၀ ကျော် ၀န်းကျင်ခန့် အပ်နှံမှု ရှိနေ၍ တိုးတက်မှု ရှိသော ဘဏ်လုပ်ငန်း တစ်ခုဖြစ်ပြီး နိုင်ငံတကာ မှ International Correspondent ဘဏ် ၆၅ ခုနှင့် ချိတ်ဆက် ထားကြောင်း ယူနိုက်တက် အမရဘဏ် ၏ Directory of Treasury Department ဖြစ်သူ ဦးဇော်လင်းအောင် က ပြောကြား ခဲ့သည်။

မကြာမီ ထပ်မံ ဖွင့်လှစ်မည့် ဘဏ် ၁၇ ခုနှင့် လက်ရှိ လုပ်ငန်း ၀န်ဆောင်မှု ပေးနေသော ဘဏ် ၂၆ ခု စုစုပေါင်း ဘဏ်ခွဲပေါင်း ၄၃ ခုတို့ဖြင့် ယခုနှစ်အတွင်း ၌ ဘဏ်လုပ်ငန်း ကိစ္စ အ၀၀ကို ဆောင်ရွက် ပေးမည်ဖြစ်ပြီး UAB ဘဏ်၏ ATM ၀န်ဆောင်မှုကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင် စတင်ခဲ့ပြီး လက်ရှိတွင် ATM ငွေထုတ်စက် အလုံးရေ ၄၃ လုံးကို တပ်ဆင် ထားပြီး ထပ်မံ၍ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် နှင့် တခြား မြို့ကြီး များ၌ အလုံး ၇၀ ၀န်းကျင် ထပ်မံ တပ်ဆင် ပေးသွားမည် ဖြစ်ကာ တိုးချဲ့ ဖွင့်လှစ်မည့် ဘဏ်များမှာ ရန်ကုန်တွင် ဘဏ်ခွဲ ၆ ခု ၊ မန္တလေးတွင် ဘဏ်ခွဲ ၆ ခု နှင့် တခြား မြို့ကြီးများတွင် ဘဏ်ခွဲ ၅ ခု စုစုပေါင်း ဘဏ်ခွဲ ၁၇ ခုကို ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ( မိုးအောင် )

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၃-၂၀၁၄) ဗုဒ္ဓဟူးနေ့



Download Links


Tuesday, March 25, 2014

နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး အခန်းကဏ္ဍတွင် အင်အားစုသုံးရပ် ပူးပေါင်းပါဝင်


နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး အခန်းကဏ္ဍတွင် အင်အားစုသုံးရပ် ပူးပေါင်းပါဝင်

ကမ္ဘာ့နိုင်ငံ များသည် မိမိတို့ နိုင်ငံကို ကာကွယ်ရန် တပ်မတော် အသီးသီး ဖွဲ့စည်း ထားကြသည်။ နိုင်ငံတော် ကာကွယ်ရေး သည် ပိုင်နက် နယ်မြေနှင့် အချုပ်အခြာ အာဏာတို့ကို ကာကွယ်ရေး၊ နိုင်ငံသား တို့၏ အကျိုး စီးပွားကို ကာကွယ်ရေး စသည်ဖြင့် နယ်ပယ် ကျယ်ဝန်းပြီး အဓိပ္ပာယ် အားဖြင့်လည်း နက်ရှိုင်း လှသည်။

နိုင်ငံတော်၏ ပထဝီ နယ်နိမိတ် အပိုင်းအခြား ပိုင်နက် နယ်မြေသည် ထင်သာ မြင်သာ ရှိသော်ငြား အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာ ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး တို့သည် လည်းကောင်း၊ နိုင်ငံရေး စနစ်၊ စီးပွားရေး စနစ် နှင့် လူမှုရေး စနစ် တို့သည် လည်းကောင်း၊ နိုင်ငံသား တို့၏ တစ်ဦးချင်း အကျိုး စီးပွားနှင့် ပြည်သူ တစ်ရပ်လုံး၏ အမျိုးသား အကျိုးစီးပွား ( Individual and Public Interest ) တို့ကို ဖော်ဆောင် ကြသည် ဖြစ်ရာ အမျိုးသား လုံခြုံရေးသည် ဆိုခဲ့သော ကဏ္ဍများ အားလုံး အကျုံးဝင်၍ ကဏ္ဍ တစ်ခုချင်း စီတွင် အရေးပါမှု အသီးသီး ရှိကြပြီ ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ အသီးသီး၌ ရှိကြသော တပ်မတော်များ အနက် မြန်မာ့ တပ်မတော်သည် အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှု နှင့်အတူ ပေါ်ပေါက် လာသည့် မျိုးချစ် တပ်မတော် ဟူသော ဂုဏ်ပုဒ်သည် မြန်မာ့ တပ်မတော် ၏ ထူးခြားသော ဂုဏ်ပုဒ် ဖြစ်သည်။ မျိုးချစ် တပ်မတော် စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေး အယူအဆ အမျိုးမျိုး ရှိကြသော အသင်းအဖွဲ့ များမှ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြ သော်လည်း တစ်မျိုးသားလုံး လွတ်မြောက်ရေး နှင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ရေး ဟူသော ရည်မှန်းချက် တစ်ခုတည်း အတွက် အားလုံး စွန့်လွှတ် စွန့်စား၍ တာဝန်ကျေ ခဲ့ကြသည်။

လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှ ယနေ့ကာလ အထိ မြန်မာနိုင်ငံ တွင် ပါလီမန် ဒီမိုကရေစီ ခေတ်၊ ဆိုရှယ်လစ် ခေတ်၊ တပ်မတော် အစိုးရခေတ် တို့ကို အဆင့်ဆင့် ဖြတ်သန်းကာ ပါတီစုံ ဒီမိုကရေစီ ခေတ်သို့ ရောက်ရှိ နေကြပြီ ဖြစ်သည်။ သူ့ခေတ်နှင့် သူ့ကာလ ကိုက်ညီသော နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် နှင့် လူမှုရေး စနစ် တို့ဖြင့် နိုင်ငံတော်ကို တည်ဆောက် ကာကွယ် ကြရာတွင် အမျိုးသား လုံခြုံရေး၏ ကဏ္ဍကြီးများ အသီးသီး ပါဝင်ခဲ့ ကြသည်။

မြန်မာတို့ ယဉ်ကျေးမှု နယ်ပယ်တွင် စပါးထဲက ပိုးသည် စပါးကို ဖျက်၏။ ဝါးထဲက ပိုးသည် ဝါးကို ဖျက်၏ ဟူသော ဆိုရိုး စကားများ ရှိသည်။ ဤ သဘော သဘာဝ တို့ကို ရည်ညွှန်း၍ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့ ဖူးသည်မှာ နိုင်ငံရေး ညစ်ပတ်သည် မဟုတ်၊ နိုင်ငံရေး လုပ်သူတို့ ကသာ ညစ်ပတ်ခြင်း ဖြစ်သည်ဟု ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးချိန် မြန်မာနိုင်ငံသို့ ပြန်ဝင် လာသော ဗြိတိသျှ ဘုရင်ခံ ဆာဒေါ်မန်စမစ် နှင့် အိုးရီးယင့် ဟော်တယ်၌ တွေ့ဆုံစဉ် ပြောခဲ့ဖူးသည်။ စပါးဖျက်ပိုး နှင့် ဝါးဖျက်ပိုး ကို ဥပမာ အတိုင်း အသင်းအဖွဲ့ အသီးသီး တို့တွင်လည်း အဖျက်ပိုးများ ရှိနေ ကြသည့် ဓမ္မတာ အတိုင်း အမျိုးသား လုံခြုံရေး ကဏ္ဍ ကြီးများ သန့်စင် ခိုင်မာစွာ တည်ဆောက် ကြရမည် ဖြစ်သည်။

မည်သို့ ဆိုစေကာမူ အမျိုးသား လွတ်မြောက် ကြိုးပမ်းမှု အတွက် စတင် ပေါ်ပေါက် လာသော တပ်မတော် သည် ယနေ့ အချိန်အထိ အမျိုးသား လုံခြုံရေး အခန်းကဏ္ဍ ၌ နိုင်ငံတော် သမိုင်းစဉ် နှင့်အတူ ထက်ကြပ် မကွာ ပါဝင်ခဲ့သည့် တစ်ခု တည်းသော အမျိုးသားရေး အင်အားစုကြီး ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး အခန်း ကဏ္ဍတွင် နိုင်ငံတော် အစိုးရ၊ တပ်မတော် နှင့် ပြည်သူ တစ်ရပ်လုံးတို့ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေး ဟူသော (၆၉) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်ကို အလေး အနက် ခံယူကာ မမှိတ်မသုန် အကောင် အထည်ဖော် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၂၅)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၂၅)

( ၂၅-၃-၂၀၁၄ ရက် အင်္ဂါနေ့ အပတ်စဉ်ထုတ် )

Download Links


မေတ္တာစိမ့်စမ်း မခန်းစေရန်


မေတ္တာစိမ့်စမ်း မခန်းစေရန်

လောကတွင် မိမိ၏ကိုယ်၊ စိတ်နှစ်ပါး အကျိုးစီးပွား ဖြစ်ထွန်း စေသော လုပ်ဆောင်ချက်၊ သူတစ်ပါး၏ ကိုယ်၊ စိတ် နှစ်ပါး အကျိုးစီးပွား ကို ဖြစ်ထွန်း စေသော လုပ်ဆောင်ချက် နှင့် မိမိ၊ သူတစ်ပါး နှစ်ဦး စလုံး၏ ကိုယ်၊ စိတ်နှစ်ပါး အကျိုးစီးပွား ဖြစ်ထွန်း စေသော လုပ်ဆောင်ချက် ဟူ၍ ရှိရာတွင် မိမိ၊ သူတစ်ပါး နှစ်ဦးသား၏ ကိုယ်၊ စိတ်နှစ်ပါး အကျိုးစီးပွား ဖြစ်ထွန်း စေသည့် လုပ်ဆောင်ချက် များကို ဖြစ်ထွန်း လာစေရန် အတွေး၊ အပြော၊ အလုပ် တို့ကို ထူထောင် သွားကြ ရမည် ဖြစ်သည်။

ထိုသို့ပြုမူ ဆောင်ရွက် ခြင်းဖြင့် ဗြဟ္မစိုရ် တရားလေးပါး ထွန်းကား လာမည် ဖြစ်သည်။ မေတ္တာ ရေအေးသည် သတ္တ လောကကို ရွှန်းစို စိမ်းလန်း စေ၏။ သာယာ အေးချမ်း စေ၏။ မိမိကိုယ်ကို ချစ်သလို သူတစ်ပါး ကိုလည်း ချစ်ခင် တတ်သော မေတ္တာ စိမ့်စမ်း မခန်းသရွေ့ ကမ္ဘာ မြေပြင်၌ ပူပြင်း ပေါက်ကွဲမှု မဖြစ်နိုင်ပေ။ မေတ္တာ ရေအိုင်ကြီး၊ မေတ္တာ ရေကန်ကြီး၊ မေတ္တာ မြစ်ကြီးတို့ တသွင်သွင် စီးဆင်း၍ အစဉ် အေးချမ်း နေမည် ဖြစ်သည်။ ထို့အတူ ကရုဏာ၊ မုဒိတာ နှင့် ဥပက္ခာ တည်းဟူသော တရားတို့လည်း အစဉ်တွဲလျက် ရှင်သန် လာမည် ဖြစ်သည်။

ထိုသို့ ရှင်သန် လာပါက ပေးကမ်း စွန့်ကြဲခြင်း၊ ချစ်စဖွယ်သော စကားကို ဆိုခြင်း၊ အကျိုး စီးပွားကို ကျင့်ခြင်းနှင့် ကိုယ်တူ ထားခြင်း ဟူသော လောက အလှတရား များ ပေါ်ပေါက် လာမည် ဖြစ်သည်။ ရေအလှူ၊ ပညာရေး အလှူ၊ ကျန်းမာရေး အလှူ စသည့် လူမှုရေး ပေးကမ်း စွန့်ကြဲမှု များက လူအများ၏ လူမှုရေး သောကများ ကင်းစင်ရန် ကူညီရာ ရောက်ပြီး ပြုသော သူ၌လည်း တူညီသော အကျိုးတုံ့ပြန် ခံစား ကြရသည်။ ချစ်စဖွယ်သော စကားကို ဆိုခြင်းကြောင့် နှုတ်ချို သျှိုတစ်ပါး ဆိုသကဲ့သို့ တွေ့ဆုံ ဆွေးနွေး တိုင်ပင်ရာ၌ ခါးသီးသော ဒေါသ ဘေးထွက် ဆိုးကျိုးများ နည်းပါး လာစေသည်။

အကျိုးစီးပွား အတွက် ကျင့်ကြံ ရာတွင် မိမိအကျိုး ရှိရန်အတွက် ဒေါင်ကျကျ ပြားကျကျ လုပ်ကိုင် ရယူ ရမည် ဖြစ်သော်လည်း သူတစ်ပါး အကျိုးစီးပွား မထိခိုက် စေရန် မြော်မြင် စဉ်းစား ဆင်ခြင်တတ် ရမည် ဖြစ်သည်။ ကာလမရွေး၊ ဒေသမရွေး၊ ပုဂ္ဂိုလ်မရွေး မိမိနှင့် သူတစ်ပါး အကျိုး ရှိမည့် လုပ်ဆောင်ချက် များကို လုပ်ကိုင် ခြင်းဖြင့် အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက် ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက် ခြင်းဖြင့် စည်းလုံး ညီညွတ်မှု ဟူသော အားအင်ကို ဖြစ်ထွန်း စေပါသည်။ ကိုယ်တူ ထားခြင်း ဟူသည်မှာ ကိုယ်ချင်းစာစိတ် အပြည့်ရှိခြင်း ကို ဆိုလိုသည်။ ကိုယ်ချင်းစာ စိတ်သည် စည်းလုံး ညီညွတ်မှုကို များစွာ အကျိုးပြု သည့် စိတ်ဖြစ်သည်။

ယနေ့ကာလ ကျင့်သုံး နေသည့် ပြည်သူကို ဗဟိုပြုသည့် စနစ်သည် ကိုယ်ချင်း စာစိတ်ကို အခြေခံသည်။ အများအတွက် စာနာ နားလည်ပြီး အများအကျိုး အတွက် အဓိကထား ၍ မိမိ အကျိုးစီးပွား ကို ဖော်ဆောင်ခြင်း မျိုးဖြစ်သည်။ ဤသို့ ဆောင်ရွက် ခြင်းဖြင့် သူ့အကျိုး၊ ကိုယ့်အကျိုး၊ မည်သူ့ အကျိုးမျှ မထိခိုက်ဘဲ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ၊ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ဖြစ်၍ ပေါင်းစည်း ညီညွတ်မှုကို ပိုမိုခိုင်မာ တောင့်တင်း လာစေသည်။

လောက၌ မေတ္တာ တရားသည် မရှိမဖြစ် လိုအပ်သည်။ မေတ္တာ စိမ့်စမ်းရေကြောင့် မေတ္တာ ရေအိုင်၊ မေတ္တာ ရေကန်၊ မေတ္တာ မြစ်များ ရှင်သန်ရ၏။ ထိုမေတ္တာ အအေး ဓာတ်ကြောင့် လောကကြီး ငြိမ်းချမ်း သာယာ၏။ မေတ္တာစိမ့်စမ်း တို့သည် ယဉ်ကျေးမှု၊ ဘာသာတရား တို့မှ ပေါ်ထွက် လာခြင်းဖြစ်ရာ မေတ္တာ စိမ့်စမ်းတို့ မခန်းခြောက် ရလေအောင် ဘာသာတရား၊ အဆုံးအမများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို မပျက်မယွင်း စေရန် ကြိုးစား ကြရမည် ဖြစ်ကြောင်း ရေးသားလိုက် ရပေသည်။

Dip.CS ( Diploma in Computer Studies ) ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/စာရေး အမျိုးသမီးများ လျှောက်လွှာ ခေါ်ယူခြင်း

Dip.CS ( Diploma in Computer Studies ) ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/စာရေး အမျိုးသမီးများ လျှောက်လွှာ ခေါ်ယူခြင်း


မြ၀တီနေ့စဉ်သတင်းစာ (၂၅-၃-၂၀၁၄) အင်္ဂါနေ့



Download Links


Monday, March 24, 2014

ပညာရေး ဖွံ့ဖြိုးတိုးတက်စေရန် ၀ိုင်းဝန်းဖော်ဆောင်


ပညာရေး ဖွံ့ဖြိုးတိုးတက်စေရန် ၀ိုင်းဝန်းဖော်ဆောင်

မြန်မာနိုင်ငံ သည် အေးချမ်း တည်ငြိမ်၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စက်မှုနိုင်ငံ ဖြစ်စေရန် ဒီမိုကရေစီ စနစ်ဖြင့် အဘက်ဘက်မှ အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက် နေချိန်တွင် နိုင်ငံတကာ မှ ရင်းနှီး မြှုပ်နှံမှုများ မြန်မာနိုင်ငံ အတွင်း စီးဝင် လာပြီ ဖြစ်သည်။ ထိုသို့ စီးဝင် လာချိန်တွင် မြန်မာနိုင်ငံ အတွင်း လူဦးရေ နှင့် သဘာဝ သယံဇာတများ အများအပြား ရှိသော်လည်း အရည်အချင်း ပြည့်ဝသည့် လူသား အရင်းအမြစ် များ လုံလောက်မှု မရှိသေးဘဲ ဖြစ်နေသည်။

၂၁ ရာစုတွင် နိုင်ငံများ၏ စီးပွားရေး နှင့် လူမှုရေး သာယာ ဝပြောမှုများ ကောင်းစွာ ရရှိနိုင်ရေး အတွက် နိုင်ငံသား များ၏ လက်ရှိ ပညာရေး စွမ်းရည် အပေါ်များစွာ မူတည်လျက် ရှိသည်။ ထို့ပြင် သဘာဝ သယံဇာတ များကိုသာ အခြေခံသည့် စီးပွားရေး စနစ်မှ လူသား အရင်းအမြစ် ကို အခြေခံ သည့် စီးပွားရေး ဆီသို့  ဦးတည် လျှောက်လှမ်း ရာတွင် ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် လိုသည်။

လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ် ပေးသည့် အခြေခံ အဆောက်အအုံ များ ဖွံ့ဖြိုး တိုးတက် လာမှသာ အေးချမ်း တည်ငြိမ်၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စက်မှုနိုင်ငံ တည်ဆောက်ရေး ဖော်ဆောင် နိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်သည် နှစ် ၃ဝ နှစ်ရှည် စီမံကိန်းများ ချမှတ်၍ ဆောင်ရွက် ခဲ့ရာ အခြေခံ ပညာရေးနှင့် အဆင့်မြင့် ပညာရေး အဖြစ် နှစ်ခု ခွဲထားပြီး အခြေခံပညာ ရေးတွင် Grade-11 အထိ သင်ကြားစေပြီး အဆင့်မြင့် ပညာရေးတွင် တက္ကသိုလ် ပညာသင်နှစ် လေးနှစ် သတ်မှတ် ခဲ့သည်။ ထိုသို့ ပြောင်းလဲ သင်ကြား စေခြင်းဖြင့် အရည်အချင်း ပြည့်ဝသည့် လူသား အရင်းအမြစ်များ ပေါ်ထွန်း လာမည် ဖြစ်သည်။

ထို့ပြင် အခြေခံ ပညာရေးတွင် ယခင်နှစ်က မူလတန်း အဆင့်ကို အခမဲ့ ပညာရေးစနစ် ထူထောင် ခဲ့ပြီး လာမည့် ၂ဝ၁၄- ၂ဝ၁၅ ပညာ သင်နှစ်တွင် မူလတန်း အဆင့်မှ အလယ်တန်း အဆင့် တိုးမြှင့်၍ အခမဲ့ ပညာရေး စနစ်ကို ကျင့်သုံး သွားရန် စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။ ထိုသို့ ပညာရေး အဆင့်မြှင့်တင် ဆောင်ရွက်မှု နှင့်အတူ အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဟူသည့် ဆောင်ပုဒ်နှင့် အညီ ပညာရေး လောကမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ များ၊ မိဘများ၏ စည်းကမ်းတကျ ပညာသင်ကြား၊ သင်ယူမှု၊ ထောက်ပံ့မှု များ ဖြစ်စေရန် လည်း ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သည်။

ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လိုအပ် နေသော ငွေကြေး အရင်းအနှီး ရုပ်ပိုင်း ဆိုင်ရာ အရင်းအနှီးများ အပြင် လူသား အရင်းအမြစ်၊ အရင်းအနှီး များသည်လည်း အဓိက အရေးကြီးသည့် အရင်းအနှီး ဖြစ်၍ လူသား အရင်းအနှီး ပြည့်ဝရေး ကြိုးစား ရမည် ဖြစ်သည်။ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ စသည့် နိုင်ငံများသည် သဘာဝ သယံဇာတ နည်းပါး သော်လည်း လူသား အရင်းအမြစ် ပြည့်စုံမှု ကြောင့် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံအဖြစ် ရပ်တည် လာနိုင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ တွင် လုပ်အား အရင်းအမြစ်၊ သဘာဝ သယံဇာတ အရင်းအမြစ် များ ပြည့်စုံစွာရှိ နေပြီးဖြစ်ရာ အရည်အချင်း ပြည့်ဝသည့် လူသား အရင်းအမြစ်များ ပြည့်စုံ လာပါက ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက် ရေးမှာ အခက်အခဲ မရှိ အောင်မြင်မည် ဖြစ်သည်။

ထို့ကြောင့် မြန်မာ့ ပညာရေးကို အာဆီယံ နိုင်ငံများ၊ ကမ္ဘာ့ နိုင်ငံများမှ ပညာရေး စနစ်ကို နမူနာ ယူ၍ ထိုနိုင်ငံများ နည်းတူ တိုးတက် အောင် ဆောင်ရွက် သွားရန် လိုသည်။

သို့ဖြစ်ရာ နိုင်ငံသား များ၏ လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရန်၊ ပညာရည် ထူးချွန်၍ ယဉ်ကျေးသည့် နိုင်ငံသားများ ပေါ်ထွန်း လာစေရန် နိုင်ငံတော် က သာမက မိဘ၊ ဆရာ နှင့် ကျောင်းသား၊ ကျောင်းသူများ ကလည်း ကျရာ နေရာမှနေ၍ ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာစေရန် ဝိုင်းဝန်း ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

မိမိစိတ်လေး ကောင်းအောင်ပြုပြင်


မိမိစိတ်လေး ကောင်းအောင်ပြုပြင်

လူတို့၏ စိတ်သည် လက်ဖျောက် တစ်ချက် တီးချိန် အတွင်းမှာပင် ကုဋေတစ်သိန်း ဖြစ်ပျက်  တတ်သည်ဟု သိရသည်။ ထိုကဲ့သို့ လျင်မြန် လှသောကြောင့် မိနစ်ပိုင်း အတွင်းမှာပင် စိတ်ကောင်း၊ စိတ်ဆိုး တစ်လှည့်စီ ဖြစ်ပျက် တတ်သည်ကို သတိမူ ကြရမည် ဖြစ်ပေသည်။

လူတို့သည် ကုသိုလ် ကောင်းမှု ပြုလုပ်နေစဉ် မဝေးလှသော နေရာမှ စီးပွားရေး လုပ်ငန်း အကြောင်း ပြောနေသည်ကို ကြားလိုက် မိလျှင် လောဘစိတ်ကို ပြောင်းစေသည်။ မနှစ်မြို့ ဖွယ်ရာများကို ကြားလိုက် မိလျှင်လည်း ဒေါသစိတ် ကို ဖြစ်စေသည်။

တစ်စုံတစ်ရာ အလိုမကျ၍ ခိုက်ရန်ဒေါသ ဖြစ်လိုသော အခါ၌ မိဘဆရာ များ၏ ဆိုဆုံးမမှုကို သတိရ လိုက်သဖြင့် အသိတရား ရပြန် လျှင်လည်း ကောင်းသော ကုသိုလ်စိတ် ဖြစ်ရ ပြန်သည်။

ဤသို့ဖြင့် စိတ်ဖြစ်တိုင်း၊ စိတ်ဖြစ်တိုင်း အပြောင်းအလဲ မြန်တတ်သော စိတ်ကို အကောင်း၊ အဆိုး ခွဲခြား သိတတ်စေရန် သတိထား ဆင်ခြင်ပြီး မိမိတို့၏ စိတ်ထားများ ကောင်းအောင် မိမိ ကိုယ်ကို ပြုပြင်ကြရန် လိုပေသည်။

လူတို့သည် တစ်ဦးနှင့် တစ်ဦး ရုပ်ချင်းလည်း မတူသကဲ့သို့ စိတ်ချင်းလည်း ကွဲပြား တတ်သည်။ စိတ်လက္ခဏာ၊ ရုပ်လက္ခဏာ မည်မျှမတူ ပါသော်လည်း ကောင်းသော စိတ်နှင့် ရုပ်တို့ ဖြစ်အောင် အားထုတ် ပြုပြင် ဆောင်ရွက် နိုင်မှုခြင်း တူကြရမည် ဖြစ်ပေသည်။

မိမိတို့၏ ရုပ်လက္ခဏာ များကို ခေတ်နှင့်အညီ လိုက်ဖက် မီအောင် တဖြည်းဖြည်း ပြုပြင်မွမ်းမံ မည်ဆိုလျှင် ပြောင်းလွယ်၊ မြန်လွယ်၊ ပြုပြင် လွယ်သော မိမိတို့၏ စိတ်ကို အမှန်တကယ် ပြုပြင် ပြောင်းလဲ နိုင်ပေမည်။

မိမိတို့၏ စိတ်အတွင်း၌ နေ့စဉ် ဖြစ်ပုံ၊ ပျက်ပုံတို့ကို နှလုံးသွင်း သတိထား၍ ကောင်းသော စိတ်များ တိုးပွားအောင်၊ မကောင်းသော စိတ်များ ပါးလျားအောင် တစ်စတစ်စ အားထုတ် သွားမည် ဆိုလျှင် များမကြာမီ ကာလတွင် စိတ်ကောင်း၊ နှလုံးကောင်း ရှိသူ တစ်ယောက် ဖြစ်လာ ပေလိမ့်မည်။

မိမိစိတ်ကို မိမိတို့သာ အသိဆုံး ဖြစ်သည်။ မိမိတို့၏ စိတ်ထားများ မြင့်ခြင်း၊ နိမ့်ခြင်းသည် အတန်းအစား နှင့် မသက်ဆိုင်ဘဲ အတန်းအစား နိမ့်သူပင် ဖြစ်လင့်ကစား စိတ်ထား မြင့်မြင့် ထားရှိ ပါက အထက်တန်းစား ဟု ခေါ်ဆို နိုင်ပေသည်။

သို့ဖြစ်ရာ မိမိတို့၏ စိတ်ထားများ ကာလဒေသ ပယောဂ တို့ကြောင့် မပျက်ယွင်း ချင်ဘဲ ပျက်ယွင်း နေကြပါလျှင် သော်လည်းကောင်း၊ နဂိုစိတ်ရင်း မှားယွင်း နေလျှင် သော်လည်းကောင်း မိမိ၏ စိတ်ကို မိမိကိုယ်တိုင် ပြန်လည် ပြုပြင် တည့်မတ်ကာ ကောင်းသည်ထက် ကောင်းအောင် အားထုတ် ပြုပြင်ကြ စေလိုကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

နွေရာသီ ကောက်ကြောင်းအစ


နွေရာသီ ကောက်ကြောင်းအစ

နွေရာသီ ပန်းချီကား တစ်ချပ်ဆွဲရန် ကျွန်မ စတင် ပြင်ဆင် လိုက်သည်။ သည်တစ်ချပ် နှင့်ဆိုလျှင် နွေရာသီ ပန်းချီကား (၃၁)ချပ် ပြည့်ပြီ။ တစ်နှစ် နှင့် တစ်နှစ် မတူနိုင်သော ဆေးရောင် များဖြင့် ပြောင်းလဲ ရေးဆွဲ ခဲ့ရသည်။အဘယ့်ကြောင့် ဆိုသော် ရာသီဥတု နှင့် နွေရာသီမှာ ဆက်စပ် နေခြင်း ကြောင့်ပင်။ ထို့အတူ ပန်းချီ ဆိုသည် မှာလည်း ထိုအရာ များနှင့် ဆက်စပ် နေသည် မဟုတ်ပါလား။

ပန်းချီကား များမှာ တစ်နှစ်ထက် တစ်နှစ် အရောင်တွေ ပို၍လင်း လာသည်။ နေရောင်၏ စူးရှမှုမှာ ပန်းချီကား တစ်ချပ်လုံး ကို ပိုမို စိုးမိုးလာ ခဲ့သည်။ နောင်နှစ် များတွင် ပန်းချီကားမှာ ပတ်ဝန်းကျင် အနေအထား၊ သဘာဝ ပုံရိပ်များ မမြင်ရ လောက်အောင်ပင် အဝါရောင်၊ အဖြူရောင် များဖြင့် ပြည့်နေ မည်လား မပြောတတ်ပေ။ ယခုတော့ နွေဦး အစမို့ ဝါ၊ စိမ်း၊ ကြား သစ်ရွက်လေး တွေနှင့် လှပ နေပေဦးမည်။ အရွက်ဗလာ ကျင်းသည့် ရိုးတံရင်း အပင်များ ကလည်း တစ်မျိုး အလှဆင် ဦးမည်။ ကောင်းကင်၏ ကြည်လင်မှု ကိုလည်း ကောင်းစွာ မြင်ရ သေးသည်။ သည်အထဲ တွင်မှ ထူးထူးခြားခြား ပုံရိပ်အချို့ လည်း ပါဝင် ပေဦးမည်။

နွေရာသီ စလျှင် ကလေးတွေလည်း ကျောင်းပိတ်ချိန် ရောက်လေပြီ။ ကလေးများ ပြေးလွှား ဆော့ကစား နေကြသည့် မြင်ကွင်းကတော့ ရိုးမသွားပေ။ တချို့ ကလေးများ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်း၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ စသည်ဖြင့် မိဘများ လက်ကို ဆွဲလျက် တစ်မျိုး၊ ကိုယ်တိုင် စက်ဘီး ကလေးများဖြင့် တစ်ဖုံ၊ အမျိုးမျိုး အစုံစုံသော အနေအထား များဖြင့် သင်တန်းသွား နေကြသည်။ တစ်နေ့ ကျွန်မတို့ အနီးနား ရှိ ကွန်ပျူတာ သင်တန်း တစ်ခုသို့ ကလေးများ အဖွဲ့လိုက် ရောက်လာသည်။ သင်တန်း မစခင် သင်တန်းရှေ့ ခုံတန်းလျားတွင် ကလေး အသီးသီး မုန့်စား၍ သော်လည်းကောင်း၊ နှစ်သက်ရာ စကားပြော ငြင်းခုံ ကြရင်းဖြင့် စောင့်နေ ကြသည်။ ထိုအချိန်တွင် ကလေး သုံးယောက် အပြေးရောက် လာပြီး တစ်ယောက်က ထိုင်နေသော ကလေးများ ဘက်သို့ ''မင်းတို့ သင်တန်း လာတက် တာလား'' ကလေး တစ်ယောက်က ''အေး ဟုတ်တယ်။ မင်းကရော အင်္ကျီတွေ ကလဲ ပေလို့ပါလား။ ကစားလာတာ လား'' ဟုမေးရာ ထိုကလေး ပြန်အဖြေတွင် အနီးမှ ကျွန်မပင် မျက်ရည် ကျမိသည်။ ''မဟုတ်ပါ ဘူးကွ။ ငါတို့က ဟိုနားက ဆိုင်ကယ် ပြင်ဆိုင်မှာ အလုပ် လာကူတာ။ ကျောင်းတက်ရင် စရိတ် ရအောင်။ မင်းတို့ ကွန်ပျူတာ သင်တန်း တက်တာ ကောင်းတယ်။ ငါတို့ဆိုင်ကနေ သင်တန်းလာ တက်တဲ့ သူငယ်ချင်း တွေကို အမြဲကြည့် နေတာကွ။ အလုပ် မအားလို့ မလာရတာ'' ။ ထိုကလေး ထံတွင် အားငယ်သော၊ သိမ်ငယ်သော အကြည့်
နှင့် အမူအရာမျိုး မတွေ့ရ။ အရွယ်နှင့် မလိုက်အောင်ပင် ဘဝကို ကျရာ တာဝန်ယူရင်း ကျော်ဖြတ် သွားရန် ပြင်ဆင် ထားပုံရသည်။

ကျွန်မတို့ အစ်ကို၊ အစ်မများ ကျောင်းနေစဉ် ရှစ်တန်း၊ ကိုးတန်း ဆိုလျှင် ကျောင်းသား ကြီးများ ဖြစ်နေကြပြီး ကိုယ်တိုင် ရပ်တည် နိုင်သော အနေအထားမှာ ကျောင်းမှ သော်လည်းကောင်း၊ မိဘမှ သော်လည်း ကောင်း အားထား ရသော အသွင်သဏ္ဌာန် ပေါ်လွင် လှသည်။ ကျွန်မတို့ ရှစ်တန်း၊ ကိုးတန်း အချိန်မှာတော့ ရင်ခွင်ပိုက် ကလေးငယ် ပမာ မိဘနောက်က တကောက်ကောက် လိုက်ကာ မိဘ ညွှန်ကြားချက် အတိုင်း လိုက်နာ ခဲ့ရသည်။ ယခု ကလေးများမှာ ကျွန်မတို့ ထက်ပင် ငယ်ရွယ်လွန်း လှသည်။ သို့သော် သူတို့ ကိုယ်တိုင် ဘဝကို တည်ဆောက် နေကြရသည်က ဘာကို အကြောင်းရှာ အပြစ်ဖွဲ့ ရမည်နည်း။ ကျွန်မတို့ ငယ်ငယ် အဖေ တစ်ယောက်တည်း ရှာတာကို မိသားစု တစ်စုလုံး ဝမ်းဝရုံ အပြင် လှအောင်ပါ ဆင်နိုင် ခဲ့သည်။ ယနေ့ အချိန်တွင် မိသားစု အားလုံး အရွယ်ရောက် သူတိုင်း အလုပ်လုပ်မှ ဝမ်းဝအောင် စားနိုင်သည့် အခြေ အနေ၊ အရင်က ဒီအရွယ် ဆိုလျှင် မိဘ အရိပ်အောက် မုန့်ဖိုးတောင်း၊ ကစား နေရမည့် အရွယ်၊ အခုတော့ အများ လက်ခံ မထားသည့် ''ကလေး အလုပ်သမား'' အဖြစ် နွေရာသီ အချိန်များကို ထို ကလေးများ မှာ ကျော်ဖြတ် ကြရမည် ဖြစ်သည်။

မနှစ်က ကျွန်မ ပန်းချီကားတွင် မူလတန်း အဆင့်ထိ ကျောင်းဝင်ကြေး ကင်းလွတ်ခွင့် သတင်းကြောင့် ကလေး မိဘများ ပျော်ရွှင် နေကြသည့် ပုံရိပ်လေး များကို ထည့်သွင်း ရေးဆွဲ ထားသည်။ နွေရာသီ၏ အပူရောင် သန်းသည့် နေရာများတွင် အပြုံးများဖြင့် အစားထိုးကာ အလှဆင် ခဲ့သည်။ ယခု ပန်းချီကား တွင်တော့ ပတ်ဝန်းကျင် တွင် အရွက်ကြွေများ များလွန်း လှသည်။ နေရောင်မှာ ပိုမို တောက်ပ နေသည်။ ရိုးတံပေါ်မှာ အရွက် ဗလာဖြင့် သစ်ပင်များ ပါဝင်လာသည်။ စိမ်းတစ်ဝက် ဝါတစ်ဝက် အပင်တွေ အထက်က နွေဥသြ၏ ပုံမှာတော့ သာယာသော သံစဉ် သင်္ကေတ လေး ချန်ထား ခဲ့သည်။ နောက်တော့ သင်တန်း သွားသော ကလေးအချို့ ပုံနှင့် သင်တန်းကြို၊ ပို့သော မိဘများ။ အဲဒီနောက် မှာတော့ ဆိုင်ကယ် ပြင်ဆိုင်မှ ကလေးငယ် များ၏ ပုံကိုတော့ ခပ်ရေးရေး ဆွဲထည့် ရန် ကောက်ကြောင်း ကို ဖွင့်လိုက် သည်ဆိုလျှင်ပင် အော်... ဒီနှစ်

ကောက်ကြောင်း မှာ စကတည်း ကပင် လေးလံလွန်း လှပါလား ....

မဒါလေး

မြ၀တီနေ့စဉ်သတင်းစာ (၂၄-၃-၂၀၁၄) တနင်္လာနေ့



Download Links

Sunday, March 23, 2014

တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ရေပြင် နယ်နိမိတ် ပင်လယ်ပြင် အတွင်း ရေထု၊ လေထု တို့ကို လုံခြုံစွာ ကာကွယ်ရေးနှင့် ကာကွယ်ရေး စွမ်းရည် ထက်မြက် လာစေရန် ကြိုးစားဆောင်ရွက်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
စစ်နည်းဗျူဟာအဆင့် စစ်ရေယာဉ်များ ပူးပေါင်း လေ့ကျင့်ခန်း 
( Combined Fleet Exercise-Sea Shield 2014 ) 
အား ကြည့်ရှု စစ်ဆေးစဉ်


နေပြည်တော် ၊ ၂၃-၃-၂၀၁၄

တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ရေပြင် နယ်နိမိတ် ပင်လယ်ပြင် အတွင်း ရေထု၊ လေထုတို့ကို လုံခြုံစွာ ကာကွယ်ရေး နှင့် ကာကွယ်ရေး စွမ်းရည် ထက်မြက် လာစေရန် ရည်ရွယ်၍ စစ်နည်းဗျူဟာ အဆင့် စစ်ရေယာဉ် များ ပူးပေါင်း လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2014) အား ယမန်နေ့ နံနက်ပိုင်း၌ မြန်မာရေပိုင်နက် (ကိုကိုးကျွန်း ဒေသ)တွင် ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှု စစ်ဆေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ စစ်ရေယာဉ်- အောင်ဇေယျ ပေါ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လေ့ကျင့်ခန်းကို ဦးဆောင်သည့် လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးအောင်က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အကြောင်းအရာ ဖြစ်စဉ်ကို ရှင်းလင်း တင်ပြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
 လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး က လေ့ကျင့်ခန်း နှင့် ပတ်သက်၍ 
အကြောင်းအရာ ဖြစ်စဉ်ကို ရှင်းလင်း တင်ပြစဉ်

ထို့နောက် လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး နှင့် စစ်ရေယာဉ်မှူး များသည် သက်ဆိုင်ရာ စစ်ရေယာဉ် များသို့ ပြန်လည် ထွက်ခွာပြီး လေ့ကျင့်ခန်းအား အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ကြသည်။

ထိုသို့ ဆောင်ရွက် ရာတွင် ကြိုတင် ပြင်ဆင်ခြင်းမှ စတင်၍ ရန်သူ့ ရေယာဉ်များထံ ချီတက် ချဉ်းကပ်ခြင်း၊ ရန်သူ ရေယာဉ်များနှင့် ရေပြင် တိုက်စစ် ဆင်နွှဲခြင်း၊ ရေယာဉ်များ ပြန်လည် စုဖွဲ့ခြင်း၊ ပြင်ဆင်ခြင်း တို့ကို အပိုင်းလိုက် ဆောင်ရွက် ခဲ့သည်။ ရန်သူကို ချေမှုန်းရန် စတင် ချီတက်ချိန်မှ ချေမှုန်း ပြီးစီးချိန်ထိ Single Line Formation ၊ Diamond Formation ၊ Circular Formation ၊ Cruising Formation ၊ Formation Arrow Head နှင့် Line Abreast Formation များဖြင့် ရန်သူ၏ တုံ့ပြန် တိုက်ခိုက်မှု အလိုက် တပ်ဖြန့် စစ်ကစားမှုများ လေ့ကျင့်ခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာ အပိုင်းများ အလိုက် ရှေ့ပြေး ကင်းထောက်မှု နှင့် ယောင်ပြ တိုက်ခိုက်မှုများ၊ အီလက်ထရွန်နစ် စစ်ဆင်မှုများ၊ လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်မှုများ၊ ရေငုပ်သင်္ဘော ရန် ကာကွယ်ရေး စစ်ဆင်မှုများ၊ ဒုံးပျံ/ မြန်နှုန်းမြှင့် ပစ်မှတ် ရေယာဉ်များရန် ကာကွယ်ရေး စစ်ဆင်မှုများကို အဆင့်ဆင့် လေ့ကျင့်ခဲ့သည်။ လေ့ကျင့်ရာတွင် သင်္ဘော တစ်စင်းအား ပဲ့ထိန်းဒုံးကျည်ဖြင့် လက်တွေ့ ပစ်ခတ်ခြင်း အပါအဝင် လက်တွေ့ ပစ်ခတ်မှု အများအပြားဖြင့် လေ့ကျင့်ခဲ့သည်။

လေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် စစ်ရေယာဉ်များက စစ်ရေယာဉ် - အောင်ဇေယျ ပေါ်တွင် စီးနင်း လိုက်ပါ လာသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား Fleet Review ဖြင့် ချီတက် အလေးပြု ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
 လေ့ကျင့်ခန်း တွင်ပါဝင်ခဲ့သည့် စစ်ရေယာဉ်များက 
Fleet Review ဖြင့် ချီတက် အလေးပြုစဉ်


ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေယာဉ် - အောင်ဇေယျ ၏ ဧည့်သည်တော် မှတ်တမ်းတွင် လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရ လက်မှတ် ရေးထိုးသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ် - အောင်ဇေယျပေါ်မှနေ၍ လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး၊ လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်ကြသော စစ်ရေယာဉ်မှူး များနှင့် စစ်ရေယာဉ် အသီးသီးပေါ်ရှိ အရာရှိ/ စစ်သည်များအား လေ့ကျင့်ခန်း များနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကား ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး ၊ လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်ကြသော 
စစ်ရေယာဉ်မှူးများ နှင့် စစ်ရေယာဉ် အသီးသီးပေါ်ရှိ အရာရှိ စစ်သည်များအား
 လေ့ကျင့်ခန်းများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ် အမှာစကား ပြောကြားစဉ်


ထိုသို့ ပြောကြား ရာတွင် တပ်မတော်(ရေ) ၏ သမိုင်းတွင် အကောင်းဆုံး လေ့ကျင့်ခဲ့သည့် လေ့ကျင့်ခန်း အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း၊ “မြန်မာ့ ပင်လယ် ဒို့ကာကွယ်”ဟူသော ဆောင်ပုဒ်နှင့် အညီ မိမိတို့၏ ပင်လယ်ပြင် ကို အတိုင်းအတာ တစ်ခုအထိ စောင့်ရှောက် ကာကွယ် နိုင်သည်ကို သက်သေပြ နိုင်ခဲ့ကြောင်း၊ မြန်မာ့ ရေပိုင်နက် သည် ကြီးမား ကျယ်ပြန့် သောကြောင့် တပ်မတော် (ရေ) သာမက တပ်မတော် (ကြည်း) နှင့် တပ်မတော်(လေ) တို့ပါ ပူးပေါင်း ကာကွယ်ရမည် ဖြစ်ကြောင်း။

ယခင်က ရေပြင်ပိုင်နက်ကို ကာကွယ်ရာတွင် သင်္ဘောသေး များဖြင့် ကမ်းခြေမှ ကာကွယ်ရခြင်း ဖြစ်၍ ရန်သူအတွက် အခြေအနေ ဖန်တီးနိုင်ခွင့် ပိုမိုရရှိစေကြောင်း၊ ယခု လေ့ကျင့်ခန်း တွင် ရန်သူ၏ အခြေအနေ ဖန်တီး နိုင်ခွင့်ကို ပိုင်နက် ရေပြင်တွင် ဟန့်တား ဖျက်ဆီး နိုင်သည့် အခွင့်အရေးကို တပ်မတော်(ရေ) အနေဖြင့် ရယူ ဖန်တီးနိုင်မည် ဖြစ်ကြောင်း၊ ပိုပြီး ဝမ်းမြောက် ဂုဏ်ယူရသည်မှာ မြန်မာ့ တပ်မတော်မှ တည်ဆောက် ထုတ်လုပ်သည့် စစ်ရေယာဉ် များကို အမာခံထား လေ့ကျင့် ဆောင်ရွက် နိုင်ခြင်း ဖြစ်ကြောင်း။

အာရှ၊ ပစိဖိတ်ဒေသ သည် ကမ္ဘာပေါ်တွင် အရေးပါသော နေရာဒေသ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သည်လည်း အာရှ၊ ပစိဖိတ်ဒေသ ကို ထိန်းချုပ်ရာတွင် မဟာဗျူဟာ အရ ဆက်စပ် အရေးပါကြောင်း၊ နိုင်ငံတော်၏ ရေပြင်/ လေပြင် / မြေပြင် ပိုင်နက် သုံးခုလုံးအား သူ့နေရာ နှင့်သူ ထိန်းသိမ်း ကာကွယ်နိုင်ရန် လိုကြောင်း၊ အနာဂတ်တွင် Blue Water Navy ကို သွားနိုင်ရမည် ဖြစ်ကြောင်း၊ စစ်၏ အခြေခံ သဘောတရား ဖြစ်သည့် ပစ်အားနှင့် စစ်ကစားမှု ကို ပိုင်နိုင်စွာ ပေါင်းစပ် အသုံးချ ရမည် ဖြစ်ကြောင်း၊ လေ့ကျင့်ခန်း တွင် ပါဝင်ေ ဆာင်ရွက် ကြသည့် အရာရှိ/ စစ်သည် များသည် တပ်မတော်၏ သမိုင်းကြောင်းကို ပစ္စုပ္ပန် ကာလတွင် ကိုယ်တိုင်ပါဝင် ရေးသား နေသူများ ဖြစ်ကြောင်း၊ ယခု လေ့ကျင့်ခန်း ကို အလေးအနက် ထား ဆောင်ရွက်ပြီး နောင်တွင် ယခုထက် ပိုမို ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက် ခြင်းဖြင့် အနာဂတ် မျိုးဆက်သစ် များအတွက် လက်ဆင့်ကမ်း အမွေများ ပေးဝေ ရမည် ဖြစ်ကြောင်း၊ အချုပ်အားဖြင့် ဤ လေ့ကျင့်ခန်းသည် တပ်မတော် (ရေ)၏ အခန်းကဏ္ဍကို သမိုင်းတစ်ခေတ် ဖော်ဆောင် နိုင်သည်ဟု ဂုဏ်ပြု ပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ခန်း တွင် ပါဝင်သည့် အရာရှိ/ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေ နှင့် လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့သည်။

ယခု လေ့ကျင့်ခဲ့သည့် Combined Fleet Exercise-Sea Shield 2014 သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် တပ်မတော် ကြည်း၊ လေ၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း နှင့် ဆက်စပ် လေ့ကျင့် ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်း တွင် ထောက်ပံ့ရေး စစ်ရေယာဉ်များ အပါအဝင် စစ်ရေယာဉ် မျိုးစုံ ၂ဝ စင်း ပါဝင် လေ့ကျင့် ခဲ့ကြောင်း သိရှိရသည်။




စစ်နည်းဗျူဟာအဆင့် စစ်ရေယာဉ် လေ့ကျင့်ခန်း  ( Combined Fleet Exercise-Sea Shield 2014 ) မှ ရန်သူ့ရေယာဉ်များထံ ချီတက်ချဉ်းကပ်ခြင်း ၊ ရန်သူ့ရေယာဉ်များ နှင့် ရေပြင် တိုက်စစ် ဆင်နွှဲခြင်း လေ့ကျင့်စဉ် 

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger