www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 28, 2018

အင်းဝဘဏ် လီမိတက် ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘဏ်ခွဲ ဖွင့်လှစ်



ရန်ကုန် ၂၇-၉-၂ဝ၁၈

အင်းဝဘဏ်လီမိတက် ဒဂုံမြို့သစ် (မြောက်ပိုင်း) ဘဏ်ခွဲဖွင့်ပွဲကို ယနေ့တွင် အဆိုပါဘဏ်ခွဲ ပရိဝုဏ်၌ ကျင်းပရာ အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ 

ယနေ့ဖွင့်လှစ်သည့် အင်းဝဘဏ်လီမိတက် ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘဏ်ခွဲသည် အင်းဝဘဏ် လီမိတက်၏ (၅၄) ခုမြောက် ဘဏ်ခွဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက် အမှတ်(ပ/၂၄-၂၅) ပြည်ထောင်စုလမ်းမကြီး၌ ဖွင့်လှစ်ထားရှိကာ အပ်ငွေများ လက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများ ထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order)) များ ထုတ်ပေးခြင်း၊ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုး ထုတ်ပေးခြင်း၊ Debit Card များထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရသည်။ 

အင်းဝဘဏ်လီမိတက် အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူများကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေး ဝန်ဆောင်မှု ပေးလျက်ရှိပြီး ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ် အပ်ငွေအပေါ် အတိုးနှုန်း ၉ ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအရ စုဆောင်းသည့် အချိန်ကာလ အပိုင်းအခြားအလိုက် မူတည်၍ ၁ဝ ရာခိုင်နှုန်း အထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိကာ စီးပွားရေးလုပ်ငန်း မတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

ပြည်ပခရီးသွားများ၏ လေးစားမှုမရှိသည့် အပြုအမူများကြောင့် ဘာလီကျွန်းရှိ အထွတ်အမြတ် ထားရာနေရာများသို့ ဝင်ရောက်ခွင့် ကန့်သတ်မည်



ဘာလီ ၂၈-၉-၂ဝ၁၈

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အထွတ်အမြတ်ထားသော နေရာများ၌ ပြည်ပခရီးသွား ဧည့် သည်အချို့၏ လေးစားမှုမရှိသည့် အပြုအမူများ ဖြစ်ပွားပြီးနောက် အဆိုပါ ကျွန်းရှိဘုရား ကျောင်းကန်များသို့ ဧည့်သည်များ ဝင်ရောက်ကြည့်ရှုလေ့လာမှုကို ကန့်သတ်ရန် ဘာလီ အစိုးရက ပြင်ဆင်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်လအတွင်း နိုင်ငံခြားသားတစ်ဦးသည် တာဘာနန် အစိုးရခေတ်တွင် တည်ဆောက် ခဲ့သော လူဟာဘာတူကာရူဘုရား ကျောင်းရှိ ဗိမာန်တစ်ခု၏ ခေါင်မိုးထိပ်၌ ထိုင်နေသော ဓာတ်ပုံ တစ်ပုံကို ၎င်း၏အင်စတာဂရမ် လူမှုကွန်ရက်မှ တစ်ဆင့်ဖော်ပြခဲ့သဖြင့် ဘာလီကျွန်းရှိ ဟိန္ဒူဘာသာဝင်များ အလွန်အမင်း ထိတ်လန့်သွားသည်။ အဆိုပါ ဓာတ်ပုံသည် လူမှုကွန်ရက် စာမျက်နှာများတွင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။ 

အဆိုပါ နိုင်ငံခြားသားသည် မော်တော်ဆိုင်ကယ် မတော်တဆမှုဖြစ်ပွားပြီးနောက် ဆာနား ရဲစခန်းသို့ ရောက်ရှိလာချိန်တွင် ဓာတ်ပုံပါအမျိုးသားမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်း ဝန်ခံခဲ့ သဖြင့် ရဲတပ်ဖွဲ့က သိရှိခဲ့ခြင်းဖြစ်သည်။ ထိုနိုင်ငံခြားသားမှာ ဖင်လန်နိုင်ငံမှ အသက် ၃၆ နှစ်ရှိ တိုနီခရစ်ရှန်ဂျာဗီဆိုသူ ဖြစ်သည်။ 

ထို့နောက် ဆာနားရဲတပ်ဖွဲ့က ၎င်းကို ပက်နီဘယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဘုရားကျောင်း၌ ရိုးရာ ဓလေ့အရ သန့်ရှင်းရေး ပြုလုပ်ရန်စေခိုင်းခဲ့သည်။ နိုင်ငံခြားသား ဧည့်သည်များ၏ အဆိုပါ အပြုအမူများကြောင့် အလွန်စိတ် အနှောင့်အယှက် ဖြစ်ရကြောင်း၊ ၎င်းတို့အနေဖြင့် မည်သည့်နေရာသို့ သွားရောက် လည်ပတ်သည်ဖြစ်စေ ဒေသခံများ၏ ဘာသာရေး အထွတ် အမြတ် ထားရာနေရာများကို လေးစားသင့်ကြောင်း အင်ဒိုနီးရှား ဟိန္ဒူဘာသာရေး ကောင်စီ၏ ဘာလီဌာနခွဲမှ အကြီးအကဲ အိုင်ဂက်စတီငူရာ ဆူဒီယာနာက The Jakarta Post သတင်း ဌာနသို့ ပြောသည်ဟု သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ သန်လျင်မြို့နယ်၌ ပြုလုပ်



ရန်ကုန် ၂၈-၉-၂ဝ၁၈

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး ကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ် ဗိုလ်ချုပ်နေဝင်းလမ်းရှိ မြို့နယ်တင်းနစ် အားကစားကွင်းရှေ့၌ ပြုလုပ် သည်။ ''ဒီနေ့လုပ်တဲ့ပွဲက မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံတယ်။ 

ဘာလို့ထောက်ခံလဲ ဆိုတော့ ကျွန်တော်တို့ စစ်မှုထမ်းဟောင်းတွေက တပ်မတော်ရဲ့ အရန်အင်အားဖြစ်တဲ့ အတွက် တပ်မတော်ကို ပြိုကွဲအောင်နဲ့ အင်အားချည့်နဲ့အောင် လုပ်တဲ့ ဘယ်အဖွဲ့အစည်းကိုမှ လက်မခံကြောင်း ပြသတာဖြစ်သလို အမျိုးသားရေး အင်အားစု တစ်ရပ်အနေနဲ့လည်း ဖော်ထုတ်ပြသခြင်းဖြစ်ပါတယ်။ ဒီတပ်မတော် ထောက်ခံပွဲကို စစ်မှုထမ်းဟောင်း အင်အား ၂ဝဝ ဦး၊ အရန်အင်အား ၅ဝ ဦးစုစုပေါင်း ၂၅ဝ ဦးနဲ့ ငြိမ်းချမ်းစွာ ထောက်ခံ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်'' ဟု သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကျော်မိုးကြည်(ငြိမ်း) ကပြောသည်။ 

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် သန်လျင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင် ၂၅ဝ ဦးက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည် စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ 

တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခု အကြိမ်အပါအဝင် ၄၄ ကြိမ် စုစုပေါင်း အင်အား ၅၈၉၆၈၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

ကျောက်ကြီး မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၂၈-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များအား စက်တင်ဘာ၂၆ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင် များက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ ဆုံသည်။ ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ 

ထို့နောက် တိုင်းမှူး က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာနှင့် အဝတ် အထည်များ ပေးအပ်သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄ဝ၉ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေး အဖွဲ့က ကျောက်ကြီးမြို့၊ မြို့တွင်းမိုးကုတ် ဝိပဿနာ ဘုန်းတော်ကြီးကျောင်း၌ သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ ငှက်ဖျားရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာ ၁၁ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးနေ မှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးပြီး မြို့တွင်းမိုးကုတ် ဝိပဿနာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒိယအား ဖူးမြော်ကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်



နေပြည်တော် ၂၈-၉-၂ဝ၁၈

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးတင့်နိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆု ရရှိကြသူများနှင့် ဒိုင်းဆုရရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းရုံးအသင်းတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။ 

အဆိုပါ ဘော်လီဘောပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၃ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်




နေပြည်တော် ၂၈-၉-၂ဝ၁၈

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား/အမျိုးသမီး သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းတွင် ဗထူးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း စက်ပစ် ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မီတာ ၁ဝဝ ရိုင်ဖယ် ပစ်ခတ်စဉ်နှင့် မီတာ ၂ဝဝ ရိုင်ဖယ်ပစ်ခတ်စဉ် ယှဉ်ပြိုင်ပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား အလိုက် တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသော ပင်လောင်းတပ်နယ် အမျိုးသမီးအသင်းနှင့် ဗထူးတပ်နယ်အမျိုးသား အသင်းတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများကိုအသီးသီး ပေးအပ်ကြသည်။ 

အဆိုပါသေနတ်ပစ်ပြိုင်ပွဲကို အရည်အချင်း ပြည့်ဝသည့် တပ်မတော်သား လက်ဖြောင့် သေနတ်သမားများ ပေါ်ထွန်းလာစေရန်နှင့် နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ် လက်ရွေးစင်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင် ရန် ရည်ရွယ်၍ စက်တင်ဘာ ၁၉ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၁ သင်း၊ အမျိုးသမီးအသင်း ၁၁ သင်းတို့က ပစ်ခတ်စဉ် ၁၈ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှု အားပေး




နေပြည်တော် ၂၈-၉-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပ





နေပြည်တော် ၂၈-၉-၂ဝ၁၈

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီးရှိ သူနာပြုခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာရီရီမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးရုံသုံးပစ္စည်းများလှူဒါန်းခြင်းနှင့် ပတ်သက်၍ပြောကြားရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာများပြားမှုကြောင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်ချက်များရှိကြောင်း သိရှိရသဖြင့် ကုသမှုများအဆင်ပြေစေရန်အတွက် ယခုကဲ့သို့ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်း လှူဒါန်းခြင်းဖြစ်ကြောင်း၊ “အာရောဂျံ ပရမံ လာဘံ” ဆိုသည့်အတိုင်းကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး လူတိုင်းသည်ကျန်းမာ၍ သက်တမ်းစေ့နေလိုကြကြောင်း၊ ထိုသို့ကျန်းမာရေး ကောင်းမွန်ရန်အတွက် တစ်ဦးချင်းအပေါ်တွင်မူတည်သကဲ့သို့ ပတ်ဝန်းကျင်ပေါ် တွင်လည်းများစွာ မူတည်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းများဆောင်ရွက်ရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုသခြင်းအား ကောင်းမွန်စွာကုသနိုင်ရန် အရေးကြီးကြောင်း၊ “ကျန်းမာမှအလုပ်လုပ်နိုင်မည်” “ကျန်းမာမှ ပညာသင်ကြားနိုင်မည်” ဆိုသည်မှာ မိမိ၏ခံယူချက်ဖြစ်ပြီး တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များသာမက ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူတိုင်းသည်ကျန်းမာ၍ အသက်ရှည်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်လိုကြသောကြောင့် မိမိတို့အနေဖြင့်တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ကုသမှုအတွက် လိုအပ်သည့်ပစ္စည်းများမှာ တန်ဖိုးမည်မျှရှိသည်ဖြစ်စေ လူ့အသက်ထက်တန်ဖိုးမရှိပါကြောင်း၊ ယခုကဲ့သို့လှူဒါန်းသည့်ပစ္စည်းများသည် ရောဂါရှာဖွေရေးလုပ်ငန်းများ အပေါ် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်များအပေါ် တပ်မတော်မှ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့အကျိုးပြုတပ်မတော်၊ တိုင်းပြည်အကျိုးပြု တပ်မတော်၊ ပြည်သူကအားကိုးရသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလှူဒါန်းပွဲသို့ တက်ရောက်လာကြသည့် အလှူရှင်များနှင့် လှူဒါန်းပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူ များကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များက ဆေးရုံအုပ်ကြီးထံ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပြီး ဆေးရုံအုပ်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ် ထွန်းအောင်တို့က ဆေးရုံသုံး ပစ္စည်းများအားလည်းကောင်း၊ အလှူရှင်များဖြစ်ကြသည့် ဦးအောင်မျိုးဟိန်း Authentic Co. Ltd ၊ ဦးလှမျိုး အောင်မြင်သူကုမ္ပဏီ၊ ဦးကျော်ဟိန်း ချမ်းဟိန်းကုမ္ပဏီနှင့် ကြယ်နီလာကုမ္ပဏီမှ ဒေါက်တာထက်အောင်တို့က ဆေးရုံသုံးပစ္စည်းများအားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်ပျမ်းမျှ လူနာ ၁၆၀၀ ကျော်ခန့် တက်ရောက်ကုသမှု ခံယူလျက်ရှိပြီး ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများက အာဟာရဖြည့်နေ့လယ်စာအား လှူဒါန်းကျွေးမွေးခဲ့သည်။ ယနေ့ကျင်းပပြုလုပ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားတွင် ဆေးရုံအတွက် လိုအပ်သည့် Suction Machine အသေး ၅ ခု၊ အကြီး ၁၀ ခု၊ Trolley အခု ၃၀၊ Ambulance Structure ၁၀ ခု၊ Syring Pump ၁၀ ခု၊ ECG Machine (3 Channel) ၁၀ ခု၊ ECG Machine (1 Channel) ၁၀ ခု၊ Patient Transport Trolley ၁၀ ခု၊ စုစုပေါင်းပစ္စည်း ၈ မျိုး၊ အရေအတွက် ၉၅ ခု တန်ဖိုးငွေစုစုပေါင်း ကျပ်သိန်း ၆၀၀ ကျော်အား လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Families of Tatmadaw (Army, Navy and Air), well-wishers donate hospital equipment to Yangon General Hospital





Nay Pyi Taw September 28

A ceremony to donate hospital equipment by families of Tatmadaw (Army, Navy and Air) and well-wishers to Yangon General Hospital took place at the nursing hall of the hospital this morning, attended by Commander-in-Chief of Defence Services Senior General Min Aung Hlaing and wife Daw Kyu Kyu Hla, senior military officers of the Office of the Commander-in-Chief, Commander of Yangon Command Maj-Gen Thet Pon, Medical Superintendent of Yangon General Hospital Rector Dr Yi Yi Myint, departmental officials, well-wishers, surgeons and nurses of the hospital. 

First, the Senior General delivered a speech related to donation of hospital equipment, saying that families of Tatmadaw (Army, Navy and Air) and well-wishers made collective donations to ensure smooth treatments as they knew the Yangon General Hospital needs hospital equipment due to a large number of patients. As a saying goes “Health is gift of nature”, everybody wishes to enjoy health and longevity. The rights of enjoying good health much depend on individuals as well as environment. Prevention and treatment are important for healthiness. In so doing, good treatment is of great impor-tance. The Senior General expressed his concepts that “Only then, can one who is in good health condition do work” and “Only then, can one who is in good health condition learn”. The Tatmadaw is providing health care services not only to servicemen and families but also to local people. As everybody wishes to enjoy health and life expectancy in a peaceful and tranquil livelihood, the Senior General said he manages fulfillment for them as much as he can. Even high value of necessary items of equipment for treatment should not be greater than that of human life. Today’s donated equip-ment may contribute to pathogenic tasks on one hand. The Tatmadaw is fulfilling needs of the State as much as it can while building itself to become the Tatmadaw serving interest of the people and the country and to be public reliable one. The Senior General expressed thanks for attendance of well-wishers to the ceremony and those who managed the holding of donation ceremony. 

Next, the Senior General, wife and families presented hospital equipment to the medical superintendent who returned a certificate of honour and commemorative gift. Afterwards, Adjutant-General Lt-Gen Hsan Oo, Chief of Staff (Navy) Rear-Admiral Moe Aung and Chief of Staff (Air) Maj-Gen Tun Aung, on behalf of families of Tatmadaw (Army, Navy and Air), donated hospital equipment and well-wishers U Aung Myo Hein of Authentic Co Ltd, U Hla Myo of Aung Myin Thu Company, U Kyaw Hein of Chan Hein Company and Dr Htet Aung of Kyel Nilar Company, hospital equipment to the medical superintendent who also gave certificates of honour to them. 

Later, the medical superintendent spoke words of thanks. After the ceremony, the Senior General cordially greeted those present at the ceremony. About 1,600 patients are receiving medical treatment at Yangon General Hospital on a daily basis. Today, families of Tatmadaw (Army, Navy and Air) served the patients with lunch. At today’s donation ceremony, five small suction machines and 10 large ones, 30 trolleys, 10 ambulance structures, 10 syring pumps, 10 ECG machines (3-channel), 10 ECG machines (one-channel) and 10 patient transport trolleys, totalling 95 items in eight kinds worth more than Ks-60 million were donated to Yangon General Hospital. 

# မြဝတီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၉-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၉-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၈-၉-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၈-၉-၂ဝ၁၈)

Download Links

Thursday, September 27, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ လှိုင်မြို့နယ်၌ ပြုလုပ်



ရန်ကုန် ၂၇-၉-၂ဝ၁၈

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်မှုထမ်းဟောင်းရုံးရှေ့၌ ပြုလုပ်သည်။

''ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်း အဖွဲ့က တပ်မတော်ရဲ့အရန်အင်အား ဖြစ်တာနဲ့အညီ တပ်မတော်ကို ထောက်ခံရင်းနဲ့ ပြင်ပကနေ ဝင်ရောက်စွက်ဖက်နေတဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ပွဲဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာ့တပ်မတော်ကို နိုင်ငံတကာနဲ့ ပြည်ပမီဒီယာတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်တင်ပုတ်ခတ် ဝေဖန်ပြောဆိုနေတာတွေကို ကျွန်တော်တို့က ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်မှမပါဘဲ တပ်မတော်ရဲ့အရန်အင်အားဖြစ်တဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံနဲ့ လူမျိုးအပေါ် ဒို့တာဝန် အရေးသုံးပါးနဲ့အညီ ကာကွယ်စောင့်ရှောက် ပေးနေတဲ့ တပ်မတော်ရဲ့ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို အကြွင်းမဲ့ ယုံကြည်လို့ တပ်မတော် ထောက်ခံပွဲ ပြုလုပ်တာပါ'' ဟု လှိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးတင်မြင့်(ငြိမ်း) ကပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော င်္ Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး နှစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် လှိုင်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၃၅ဝ ကျော်က ပါဝင် ဆန္ဒဖော်ထုတ် ခဲ့ကြောင်း သိရသည်။

တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ်အပါအဝင် ၄၂ ကြိမ်၊စုစုပေါင်းအင်အား ၅၈၉၂၃၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

#  မြဝတီနေ့စဉ်သတင်းစာ

လှိုင်သာယာမြို့နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ



ရန်ကုန် ၂၇-၉-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ လေးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အလျင်အမြန်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက်လမ်းနေ ခင်မောင်လွင် (ခ) ဝကြီး (အသက် ၅၆ နှစ်) နှင့် အောင်မင်းဦးတို့ အတူရှိနေစဉ် တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်နေ စောလမွန်(ခ)ကိုစော အပါအဝင်
လေးဦးအငှားယာဉ် တစ်စီးဖြင့်ရောက်ရှိ လာကြောင်း၊ စောလမွန် (ခ) ကိုစောက ၎င်းတို့ ရရန်ရှိသည့် ခြံစည်းရိုး ခတ်ခပေးချေရန် ကျန်ငွေကျပ်သိန်း ၃၃ဝကို ခင်မောင်လွင်(ခ)ဝကြီးထံ တောင်းခံရာမှမရသဖြင့် အပြန်အလှန်စကားများပြီး စောလမွန် (ခ) ကိုစောတို့အဖွဲ့က ပစ္စတိုသေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခင်မောင်လွင် (ခ) ဝကြီးတွင် ယာနားထင်၊ ဦးခေါင်းနောက်စေ့အောက် ကျည်ဖောက်ဝင် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အောင်မင်းဦးအား ၎င်းတို့လေးဦးက ဝိုင်းဝန်းထိုးကြိတ်သဖြင့် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအဖွဲ့က အောင်မင်းဦးကို လာရောက်သည့် အငှားယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ကာ မအူပင်မြို့ဘက်သို့ ထွက်သည့်ကားလမ်း အတိုင်းထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

အဆိုပါသတင်း ရလျှင်ရချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုက်လံပိတ်ဆို့ ဖမ်းဆီးရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ၎င်းတို့အဖွဲ့ ငှားရမ်းစီးနင်းလာသည့် အငှားယာဉ်နှင့် ယာဉ်မောင်းတို့မှတစ်ဆင့် သတင်းဆက်ရရှိပြီး အောင်ထွန်းချောင်း အတိုင်း စက်လှေဖြင့် တွံတေးတူးမြောင်း ဘက်သို့ထွက်ပြေး သွားကြောင်း သိရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့က ရေယာဉ်များဖြင့် ပူးပေါင်းပိတ်ဆို့ဖော်ထုတ်ရာ တွံတေးမြို့နယ် ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း အောင်မင်းဦးကို ဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက ညနေ ၃နာရီ မိနစ် ၄ဝခန့်တွင် တွံတေးမြို့နယ် ရေကျော်လေး ကျေးရွာအနီး အခြားငါးကန် ပေါင်များပေါ်၌ စောလမွန် (ခ)ကိုစော အပါအဝင် လေးဦးကို တွေ့ရှိသဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရာ စောလမွန်(ခ)ကိုစောနှင့် အဖွဲ့ကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပွိုင့် ၄၅ပစ္စတိုတစ်လက်၊ ၎င်းကျည်တစ်တောင့်၊ ရီမင်တန် တစ်လုံးထိုးသေနတ် တစ်လက်၊ ၎င်းကျည်ငါးတောင့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖြစ်စဉ်အသေးစိတ် အခြေအနေ၊ သေနတ် လက်ဝယ်ရရှိမှု အခြေအနေတို့ကို ဆက်လက်ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#  မြဝတီနေ့စဉ်သတင်းစာ

နမ့်စန်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၂ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော် ၂၇-၉-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ နမ့်စန်မြို့နယ် မက်မွန်မုန်း ကျေးရွာအုပ်စု အမှတ် (၃) ကျေးရွာအနီး နမ့်စန်-ခိုလမ် သွားကားလမ်း၌ မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများကို စစ်ဆေးစဉ် စက်တင်ဘာ ၂၅ ရက်ညနေ ၅ နာရီခန့်တွင် နမ့်စန်မြို့ဘက်မှ ခိုလမ်မြို့ဘက်သို့ လောက်ဆန်း (ဘ) ဦးလောက်ကျိုး မောင်းနှင်လာသော ပါဂျဲရိုးအမျိုးအစားမော်တော်ယာဉ်အမှတ်၊9F/----- ကို ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ဆာလာအိတ်ဖြင့် ထုပ်၍ သယ်ဆောင်လာသော ICE အဖြူရောင် အခဲ/အမှုန့် ရှစ်ကီလိုဂရမ်နှင့် ကဖင်းအဖြူရောင် အခဲ/အမှုန့် နှစ်ကီလို ဂရမ်(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၂ဝဝဝကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသောတပ်ဖွဲ့ဝင်များသည် ည ၁ဝနာရီခန့်တွင် ဟိုပိတ်အိုရီယမ်တယ် တိုးဂိတ်အနီး ကွတ်ခိုင်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ယာဉ်မောင်း ဖြိုးကို(ဘ)ဦးအမြီဘိုင် မောင်းနှင်ပြီး မဲမောင် (ဘ) ဦးဟာရှင်လိုက်ပါလာသည့် MARK-X အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MGY-1F/-----ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ 88/1စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၄၈ဝဝဝ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၉ဝဝကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများကို စိစစ်မေးမြန်းချက်အရ မူးယစ်ဆေးဝါးများကို လားရှိုးမြို့ ရပ်ကွက်(၇) နယ်မြေ(၆) မီးသွေးဆိုင်လမ်းနေ ဘိုဖြူ(ဘ)ဦးတင်စိုးဆိုသူက သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဘိုဖြူ၏နေအိမ်သို့ သွားရောက်ရှာဖွေရာ ဘိုဖြူကို တွေ့ရှိခြင်းမရှိဘဲ ၎င်း၏ နေအိမ်အတွင်းရှိ စားပွဲပေါ်မှ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၇ဝနှင့်မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အအေးစုပ်ပိုက်တပ်လျက် ရေသန့်ဘူး တစ်ဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိသူ သုံးဦးကို နမ့်စန်မြို့မရဲစခန်းက တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#  မြဝတီနေ့စဉ်သတင်းစာ

ဦးဇော်ဝင်းအမှုရုံးချိန်းတွင် သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်မှုဖြစ်



မန္တလေး ၂၇-၉-၂ဝ၁၈

ပြည်ကြီး တံခွန်မြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် တရားစွဲဆို ခံထားရသည့် ရှေ့နေကြီး ဦးဇော်ဝင်း၏ အမှုရုံးချိန်းတွင် တရားသူကြီးနှင့် ဦးဇော်ဝင်းတို့ စကား အချေအတင် ဖြစ်ရာမှ တာဝန်ကျ ရဲအရာရှိက သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်မှုထိ ဖြစ်ပွားခဲ့ကြောင်း ရုံးချိန်းတွင် လာရောက်ဝန်းရံသူ ဦးသိန်းအောင်မြင့်က ပြောပြသည်။

ယင်းသို့ ဖြစ်ပွားနေချိန်တွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေသည့် ရဲတစ်ဦးမှာ အရက်မူးနေကြောင်း၊ အရက်သောက်ထားသူ လက်ထဲ သေနတ်ရောက်သွားပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ယင်းကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံလည်း အကြောင်းကြား ထားကြောင်း သိရသည်။

"ဒီအပေါ်မှာ အစ်ကိုတို့က ဒါမဖြစ်သင့်ဘူး။ ရဲကျင့်ဝတ်၊ ရဲဥပဒေချိုးဖောက်တာပဲ။ ဒီတရားခွင်ထဲကို စိတ်ဝင်စားလို့ လာတာပဲဖြစ်ဖြစ်၊ ဝန်းရံတာပဲဖြစ်ဖြစ် ဒီကိုလာတဲ့ ပြည်သူတွေ အနေနဲ့ကြည့်ရင် ဒါဟာလက်နက်ကိုင်ပြီး ခြိမ်းခြောက် လိုက်တာလို့ပဲ မြင်ပါတယ်။ ရဲတွေအတွက်လဲ မလိုလားအပ်တဲ့ ပြဿနာ တွေဖြစ်သွား နိုင်တယ်။ ဒါနဲ့ပတ်သက် ပြီးတော့လဲ ရဲတပ်ဖွဲ့ကို အကြောင်းထားတယ်။ သူတို့ကလဲမျှတအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောတယ်"ဟု ဦးသိန်းအောင်မြင့်က ပြောပြသည်။

မတ္တရာမြို့နယ် တရားရုံး၊ တရားခွင်တွင် ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် အမှုရင်ဆိုင်နေရသည့် ရှေ့နေ ဦးဇော်ဝင်းသည် မတ် ၁၅ ရက်က ပြည်ကြီးတံခွန်မြို့နယ် တရားရုံးဝင်းအတွင်း တွဲဖက်မြို့နယ် တရားသူကြီး၏ တရားခွင်စစ်ဆေး ခဲ့သည့်အမှု တစ်ခုနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်ကာ တရားခွင်ရှေ့က ဆိုင်းဘုတ်တစ်ခုကို တရားခွင်စစ် ဆေးပြီးချိန်တွင် ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့ရာ တွဲဖက်တရားသူကြီးက တိုင်တန်း ခဲ့သည့်အတွက် ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဦးဇော်ဝင်းအနေဖြင့် တရားစီရင်ရေးကို ပုတ်ခတ်ပြောဆိုခြင်း၊ အသုံးမကျသည့် ရုံးဟူသော စကားလုံးဖြင့် တရားသူကြီးတို့ကို ညစ်ညမ်းစွာဆဲဆိုခြင်း၊ တရားသူကြီး ကိုဝင်ရိုက်မည်ဟု ပြောဆိုခြင်း၊ နိုင်ငံတော်အဆင့် လူကြီးများကို မလေးစားစေရန် လှုံ့ဆော်ပြောဆိုခြင်း၊ တရားရုံးဝင်းအတွင်း၊ အနီးဝန်းကျင်နှင့် တရားခွင် အမှုစစ်ဆေး ခြင်းတို့ကို ခွင့်ပြုချက်မရှိဘဲ လက်ကိုင်ဖုန်းဖြင့် ဗီဒီယို၊ ဓာတ်ပုံရိုက်ကူး ခြင်းတို့ကို ဆောင်ရွက်ကြောင်း ဒုတိယမြို့နယ် တရားသူကြီး ဒေါ်စုသက်ငုံက တိုင်ကြားထားသည်။

တွဲဖက်တရားသူကြီး ဒေါ်စုသက်ငုံ၏ တိုင်ကြားချက်ကြောင့် ဦးဇော်ဝင်းကို ပြည်ကြီးတံခွန် မြို့မရဲစခန်းက (၇)၁၆ဝ/၂ဝ၁၈၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅ဝ၆ တို့ဖြင့် တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

ညောင်ဦးမြို့ အာနန္ဒာဘုရားအနီး ယာဉ်တိုက်မှုဖြစ်ပွား



ညောင်ဦး ၂၇-၉-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အာနန္ဒာဘုရားအနီး ပုဂံမြို့ဟောင်းသွား အနော်ရထာ လမ်းပေါ်တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၃ဝက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၁၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုဂံမြို့ နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၃ဝက ပုဂံနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ခင်မောင်ဦး၊ တာဝန်မှူး ဒုတိယရဲအုပ် နှင်းဖြူစိုး၊မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး လှသိန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးရာ ဓမ္မရံကြီးဘုရားသွား မြေသားလမ်းမှ အာနန္ဒာဘုရား တောင်ဘက် ပုဂံမြို့ဟောင်း နှစ်လမ်းသွား အနော်ရထာ လမ်းပေါ်တွင် ယာဉ်ကြော မရှင်းဘဲ ဖြတ်ကူးလာသော ပြည်ကြီး တံခွန်မြို့နယ် သင်ပန်းကုန်းရပ် ကွက်နေ ယာဉ်မောင်း ရဲစိုး မောင်းနှင် လာသောယာဉ်အမှတ် 3F/----Toyo Ace အဖြူရောင်ယာဉ်နှင့် အနော်ရထာလမ်း အတိုင်းအရှေ့မှ အနောက်သို့ ယာဉ်မောင်း ဦးကိုကိုကြီး ဗန္ဓုလအိမ်ရာ ဒဂုံတောင်မြို့နယ် နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် 4F/----Hyundai အနီရောင် Express ယာဉ်ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသည့် ခရီးသည် ၁၆ ဦးဒဏ်ရာရရှိကာ ပြည်ကြီးတံခွန် မြို့နယ် သင်ပန်းကုန်း ရပ်ကွက်နေသူ ဒေါ်မြင့်တွင် ဦးခေါင်းဝဲဘက်ခြမ်း ဖူးရောင် ဒဏ်ရာများရရှိပြီး ဆေးကုသရန် ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ များသည် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ရဲစိုးကို ပုဂံနယ်မြေ ရဲစခန်းက (ပ)၁၈/၂ဝ၁၈၊ ဥပဒေပုဒ်မ၃ဝ၄(က)/ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃ဝဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



နေပြည်တော် ၂၇-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခန့် တွင် ကောင်းခါးကျေးရွာ၏မြောက်ဘက် မီတာ ၅ဝဝဝ အကွာနေရာသို့ အရောက်၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော သံပီပါ ၁၈ဝ လုံးအတွင်း မှ အီသိုင်းအီသာအရည် ၅၄ဝဝ ဂါလန်၊ ပီနံအိတ် ၂ဝ အိတ်အတွင်းမှ ကော့စတစ် ဆိုဒါ ၂၅ ကီလိုဂရမ်ခန့်နှင့် ကော်ပုံးများ အတွင်းမှ အက်စီတုံးအက်စစ် ၃ဝဝ ဂါလန် (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း၂၇ဝဝ ကျော်)တို့ကို လည်းကောင်း၊ အဆိုပါနေရာ၏ မြောက်ဘက် မီတာ ၁ဝဝဝ ခန့် အကွာရှိ သံပီပါ ၂ဝ လုံးအတွင်းမှ အီသာ၆ဝဝ ဂါလန်ခန့်(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း၃ဝဝ ခန့်) တို့ကိုလည်းကောင်း ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 

အဆိုပါမူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်စုသို့ စနစ်တကျ အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ်၌ ဘင်္ဂါလီခြောက်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၂၇-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် များအား စစ်ဆေးစဉ် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် လားရှိုးဘက်မှ သိန်းနီဘက်သို့ ယာဉ်မောင်း ဦးစိုင်းဟန်ညွန့် မောင်းနှင်လာသည့် WISH အမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHN 6G/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ ဘင်္ဂါလီလူမျိုး များဖြစ်သည့် ဟာစွတ် (ဘ) ရောဒီတာဆော့၊ဟာဆော့ (ဘ) နော်ဒီ၊ အစ္စမန် (ဘ) နော်ရူး၊ဆာဒူးဟူစောင်း (ဘ) ဆာယွတ်ဟူစောင်း၊ စောလိမ် (ဘ) အဘူစီရီနှင့် မာမွတ်ရှာကဲ (ဘ) နော်ရူဆာလတို့ ခြောက်ဦးအား ဖမ်းဆီး ရမိခဲ့သည်။ 

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်း ချက်အရ ၎င်းတို့သည် ရခိုင်ပြည်နယ်၊ စစ်တွေနှင့် သံတွဲမြို့နယ်တို့တွင် နေထိုင်ကြသူများဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်တွင် မန်းရွှေပြည်ကားဖြင့် ရန်ကုန်မှ လားရှိုးသို့ ရောက်ရှိ လာခြင်းဖြစ်ကာ ရဲသီဟမောင် (ဘ) ဦးမောင်မောင်က တစ်ဦးလျှင် အခကြေးငွေ တစ်သိန်းဖြင့် ရန်ကုန်မှ မူဆယ်သို့ ပို့ဆောင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီခြောက်ဦးအား သိန်းနီမြို့မရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်




နေပြည်တော် ၂၇-၉-၂ဝ၁၈

၂ဝ၁၈ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ပြည့်ဇာနည် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ရွေးစင် တင်းနစ်ကစားသမား နှစ်ဦး၏ သရုပ်ပြ ယှဉ်ပြိုင်မှုများကို လည်းကောင်း၊ ပြိုင်ပွဲပထမနေ့ပွဲစဉ်များဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)အသင်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အသင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အသင်းနှင့် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်အသင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်အသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းတို့၏ ယှဉ်ပြိုင်မှုများကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

အဆိုပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စားပွဲတင် တင်းနစ်ပြိုင်ပွဲကို စက်တင်ဘာ ၃ဝ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၂ဝ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲပြုလုပ်၊ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်





နေပြည်တော် ၂၇-၉-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သီတဂူဗုဒ္ဓ ဒီပလိုမာ သင်တန်းကျောင်း၊ အောင်မြေဘုံသာ ကျောင်းတိုက်သို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် သဗ္ဗမင်္ဂလာဇယသိဒ္ဓိ သိမ်တော်ကြီး၌ ပြုလုပ်သည်။ 

အဆိုပါလှူဒါန်းပွဲသို့ အောင်မြေဘုံသာ ကျောင်းတိုက် ဆရာတော် သာသနဓဇမဟာဂန္ထဝါစက ဘဒ္ဒန္တသုဇာတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်မြေဘုံသာ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ 

ထို့ပြင် သံဃာတော် ၉၃ ပါးအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် နှစ်စင်း ပြန်လည်ထွက်ခွာ



နေပြည်တော် ၂၇-၉-၂ဝ၁၈

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS KULISH (P-63) နှင့် INS BATTI MALV (T-67) တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များတွင် အိန္ဒိယရေတပ်မှ Naval Component Commander (Andaman and Nicobar) ဖြစ်သူ Commo-dore Ashustosh Ridhorkar ဦးစီး၍ အရာရှိ ၂၁ ဦး၊ အခြားအဆင့် ၁၇၇ ဦး၊ စုစုပေါင်း ၁၉၈ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၄ ရက်မှ ယနေ့အထိ သုံးရက် ကြာနေထိုင်၍ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်ခြင်း၊ ဇဗားရှား ဂူဗိမာန်နှင့် အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်




နေပြည်တော် ၂၇-၉-၂ဝ၁၈

၂ဝ၁၈ ခုနှစ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား အသင်းများမှ အားကစားသမားများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ်များဖြစ်သည့် ၄၉ ကီလို(ဂ)အဆင့်ပြိုင်ပွဲတွင် မကွေးတပ်နယ် အသင်းနှင့် မိတ္ထီလာတပ်နယ်အသင်း၊ ၆၉ ကီလို(ဂ)အဆင့်တွင် သပိတ်ကျင်း တပ်နယ်အသင်းနှင့် မန္တလေးတပ်နယ်အသင်း၊ ၆၉ ကီလို(ဂ)အဆင့်တွင် ပဒါန်းတပ်နယ် အသင်းနှင့် ပြင်ဦးလွင်တပ်နယ် အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ 

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် အောက်တိုဘာ ၃ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

တောင်ကြီးမြို့နယ်ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ



နေပြည်တော် ၂၇-၉-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် အတွင်းရေးမှူး နှင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးတို့က အဆိုပါ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ ဆက်ဆံရေးရုံး၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်အတွင်းရေးမှူးနှင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးတို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၏ တင်ပြချက် များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် ၂၇-၉-၂ဝ၁၈

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး H.E. Mr. Kristian Schmidt အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးနှင့်အတူ ကောင်စစ်ဝန်၊ နိုင်ငံရေးရာနှင့် သတင်းထုတ်ပြန်ရေးဌာနအကြီးအကဲ Ms. Eszter Nemeth တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ပါတီစုံဒီမိုကရေစီ ဆက်လက်လျှောက်လှမ်းမှုနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူတို့နှင့်အတူပူးပေါင်းပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပလျက် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသည့် အခြေအနေများ၊ ၎င်းမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)ပါအတိုင်း လိုအပ်သလို ပြင်ဆင်ဆောင်ရွက် သွားမည့်အခြေအနေများ၊ ခေတ်မီတပ်မတော်(Standard Army) တည်ဆောက်မှု၌ တပ်မတော်မှ ထုတ်ပြန်ထားသော WHITE PAPER ပါ အချက်အလက်များအတိုင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်၏ နောက်ဆုံးအခြေအနေများနှင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆောင်ရွက်မှုများတွင် တပ်မတော်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပြင် ရိုက်တာသတင်းထောက် ၂ ဦး အပေါ် အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ခဲ့မှု အခြေအနေများအပေါ် အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Vice-Senior General Soe Win receives EU Ambassador to Myanmar



Nay Pyi Taw September 27

Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win received EU Ambassador to Myanmar H.E. Mr. Kristian Schmidt at the parlour Bayintnaung Villa here this afternoon. 

Also present at the call together with the Vice-Senior General were senior military officers from the Office of the Commander-in-Chief (Army). The EU Ambassador was accompanied by Counsellor and Head of Political, Press & Information Section Ms. Eszter Nemeth. 

Both sides cordially discussed and exchanged views on the relations between Myanmar and EU member countries, Myanmar’s efforts to achieve eternal peace by holding the Union Peace Conference-21st Century Panglong under the cooperation of the government, Tatmadaw, ethic armed organizations and the people in pursuing democracy, amendment to the State Constitution in accord with the provisions of Chapter (12)as necessary, measures being taken by the Tatmadaw in line with the White Paper in building a standard army, latest developments in Rakhine State, Tatmadaw’s full cooperation with the Independent Enquiry Commission formed by the President in its functions over Rakhine issue and measures taken by the government in accordance with the laws regarding actions taken against the two Reuters reporters. 

# မြဝတီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၂၇-၉-၂ဝ၁၈)


ရတနာပုံနေ့စဉ်သတင်းစာ (၂၇-၉-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၇-၉-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၇-၉-၂ဝ၁၈)

Download Links

Wednesday, September 26, 2018

၂၀၁၈ ၏ အချက်အခြာအကျဆုံး ကမ္ဘာ့လေဆိပ်များ







ကမ္ဘာပေါ်မှာ လေယာဉ်အဆင်း၊အတက်အများဆုံးလေဆိပ်ကတော့ အမေရိကန်ပြည်ထောင်စု၊ အက်တလန်တာလေဆိပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးအပါဆုံး လေယာဉ်ခရီးစဉ်အများစုကျတော့ အာရှမှာ လာစုနေပါတယ်။ သို့ သော်လည်းပဲ ကမ္ဘာတစ်ဝန်းနဲ့ ချိတ်ဆက်မှုမှာ အရေးအပါဆုံးနဲ့  လေယာဉ်အစင်းရေအများဆုံးဆိုရင်တော့ လန်ဒန်ဟီးသရိုးလေဆိပ်က ဘုရင်ပဲလို့  ပြောရမှာပါ။၂၀၁၈ မှာ ကမ္ဘာ့လေကြောင်းသယ်ယူပို့ ဆောင်ရေးလုပ်ငန်းကြီး တစ်ခုလုံးဟာ ၆ နာရီအတွင်းကို လေယာဉ် ၆၆၀၀၀ စင်း ပျံသန်းခဲ့ရတဲ့အထိ နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေ များခဲ့ပါတယ်။ အဲဒီလေယာဉ်အများစုဟာ လန်ဒန်ဟီးသရိုးလေဆိပ်ကို ဆင်းဖို့ ၊ ဒါမှမဟုတ် ဟီးသရိုးကနေ တက်ဖို့ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းမှာ ပြည်တွင်း၊ပြည်ပလေယာဉ် ခရီးစဉ်တွေအတွက် အချက်အချာအကျဆုံးလေဆိပ်တွေကို Megahubs International Index 2018 မှာဖော်ပြထားတဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။

အမေရိကန်မှာ ထိပ်တန်းကတော့ Chicago O’Hare အပြည်ပြည်ဆိုင်ရာလေဆိပ်ပါ။ တစ်ကမ္ဘာလုံးမှာ ဒုတိယအဆင့်ရှိပါတယ်။ တတိယနဲ့ စတုတ္ထ အချက်အခြာအကျဆုံးလေဆိပ်တွေ ကတော့ ဥရောပက Frankfurt နဲ့  Amsterdam လေဆိပ်တို့ ဖြစ်ပါတယ်။စင်္ကာပူနိုင်ငံ၊ Changi လေဆိပ်ဟာ အခုဆိုရင် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် ရွေးချယ်ခံရတာ ၆-နှစ်ဆက်တိုက်ရှိပါပြီ။ အာရှမှာ အချက်အချာအကျဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အချက်အချာကျမှုအဆင့် (၈) ချိတ်ထားပါတယ်။ အာရှမှာတော့ Changi ပြီးရင် Beijing လေဆိပ်က ဒုတိယလိုက်နေပါတယ်။ သို့ သော် နိုင်ငံတကာလေကြောင်း ချိတ်ဆက်နိုင်အား နည်းလွန်းတဲ့အတွက် ကမ္ဘာနဲ့ ချီလိုက်ရင်တော့ Beijing လေဆိပ်ဟာ အဆင့် ၃၂ ပဲ ရှိပါတယ်။

Toronto လေဆိပ်က မြောက်အမေရိကားမှာ ဒုတိယအချက်အချာအကျဆုံးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ အဆင့် ၅ ချိတ်ထားပါတယ်။ လေဆိပ်တွေရဲ့ အချက်အချာကျတာ၊ နိုင်ငံတကာလေကြောင်းတွေအ၀င်များတာဟာ တစ်နေရာကနေတစ်နေရာ ပြန့် ကျဲနေတာကိုတွေ့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့  Los AngelesInternational လေဆိပ်ဟာ အဆင့် (၆) ကိုရောက်နေပြီး အဆင့် (၇) ချိတ်တဲ့ Hartsfield-Jackson Atlanta လေဆိပ်သည်လည်း အမေရိကန်မှာပါပဲ။ သို့ သော် နယူးယောက်မြို့ က John F. Kennedy လေဆိပ်ကျတော့အဆင့် (၁၆) ကိုရောက်သွားပြီး အခြား မြောက်အမေရိကားလေဆိပ်တွေကျတော့ အဆင့် ၂၀ နားမှာ တ၀ဲဝဲလည်နေပါတယ်။ လက်တင်အမေရိကားမှာတော့ Mexico City လေဆိပ်ဟာ အကောင်းဆုံးပေါ့။ ကမ္ဘာ့အဆင့်မှာတော့ အမှတ်စဉ် (၂၀) မှာပဲ ရှိပါတယ်။ အဲဒီကနေ ဥရောပကိုရောက်သွားပြန်ရော။ ပြင်သစ်နိုင်ငံရဲ့  Charlesde Gaulle လေဆိပ်ဟာ ကမ္ဘာ့အချက်အချာကျမှုဇယားမှာ အဆင့် (၉) ရှိပါတယ်။ ဂျာမနီရဲ့  Munich လေဆိပ်က အဆင့် (၁၁) ပါ။ အစ္စတန်ဘူလ်ရဲ့  Ataturk ဟာ အဆင့် (၁၇) ဖြစ်ပြီး Dubai လေဆိပ်သည်လည်း အဆင့်(၁၈) ပဲ ရှိပါတယ်။ ကျန်တဲ့အချက်အချာအတော်ကျတဲ့လေဆိပ်တွေဟာ ဥရောပကနေ အရှေ့ အလယ်ပိုင်းဒေသ တွေအထိ ပြန့် ကျဲနေပါတယ်။

အာရှပစိဖိတ်ရဲ့ အကောင်းဆုံးလေဆိပ်တွေကတော့ အရှေ့ တောင်အာရှမှာ စုနေပါတယ်။ တောင်ကိုရီးယားရဲ့ Incheon လေဆိပ်က ကမ္ဘာ့အဆင့်မှာ အချက်အချာကျမှု (၁၅) ပါ။ အင်ဒိုနီးရှားကတော့ ပိုသာပါတယ်။ ဂျာကာတာ လေဆိပ်က အဆင့် (၁၀) ပါ။ မလေးရှားရဲ့  ကွာလာလမ်ပူလေဆိပ်က အဆင့် (၁၂) ဖြစ်ပြီး ဟောင်ကောင်လေဆိပ်က (၁၃) ပါ။ ဘန်ကောက်လေဆိပ်ကတော့ အဆင့် (၁၄) ချိန်ပါတယ်။ ဒါဟာ အနောက်တိုင်းနိုင်ငံတွေထက် ပိုပြီးအချက်အချာကျတဲ့လေဆိပ်တွေ အရှေ့ တောင်အာရှမှ စုဝေးနေတာဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ကမ္ဘာ့အချက်အချာအကျဆုံးလေဆိပ်တွေအပါအ၀င် ထိပ်ဆုံးရောက်နေတဲ့ လေဆိပ်ပေါင်း ၅၀ဟာ တစ်ကမ္ဘာလုံးမှာပျံသန်းနေတဲ့လေယာဉ်ခရီးစဉ်တွေရဲ့  ၄၀ ရာခိုင်နှုန်းကျော်ကို ပျံသန်းနေခြင်းဖြစ်ပါတယ်။ကမ္ဘာ့အချက်အချာအကျဆုံး Heathrow လေဆိပ်မှာ British Airways က လေယာဉ်ခရီးစဉ် ၅၂ ရာခိုင်နှုန်းကိုပျံသန်းနေတာဖြစ်ပြီး Hartsfield-Jackson Atlanta မှာ Delta Airlines ရဲ့ ခရီးစဉ်တွေက လေယာဉ် ၅ စီးမှာ၎ စီးနှုန်း ဖြစ်ပါတယ်။

ကမ္ဘာ့အချက်အချာအကျဆုံးလေဆိပ်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရပ်တည်လာခဲ့သလို နောင်ဆယ်စုနှစ်အတော်များများအထိလည်း ပြိုင်ဘက်ကင်းနေဦးမယ့် Heathrow လေဆိပ်မှာ လေယာဉ်ပြေးလမ်းအဓိက ၂ ခု ရှိပါတယ်။ ၂၀၁၈ ဇွန် ကစပြီး တတိယပြေးလမ်းကိုလည်း တည်ဆောက်နေပါပြီ။ အဲဒီပြေးလမ်းပြီးရင်တော့ Heathrow လေဆိပ်ဟာ အခုလက်ရှိ ခရီးသည် သန်း ၈၀ ကို ဖြတ်သန်းရာကနေ ၂၀၃၀ မှာတစ်နှစ်ကို ခရီးသည် သန်းပေါင်း ၁၁၀ အထိ ၀င်ထွက်သွားလာနေမယ့် လေဆိပ်ကြီးဖြစ်လာမယ့်အကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

# မြဝတီနေ့စဉ်သတင်းစာ

ကမ်းလွန်လုပ်ကွက်အမှတ် A-6 ရှိ ရွှေရည်ထွန်း(၂)တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်ငွေ့တွေ့ရှိ



နေပြည်တော် ၂၆-၉-၂ဝ၁၈

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် သဘာဝဓာတ်ငွေ့ တွေ့ရှိမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို ကျင်းပသည်။ အဆိုပါအခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၁ဝ၂ ကီလိုမီတာခန့်အကွာ ကမ်းလွန်လုပ်ကွက်အမှတ် A-6 ရှိ ရွှေရည်ထွန်း(၂) တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် သဘာဝဓာတ်ငွေ့များကို ၂ဝ၂၃ ခုနှစ်တွင် ထုတ်လုပ်နိုင်ရန် လျာထားကြောင်း ပြောကြားသည်။ 

အဆိုပါ လုပ်ကွက် A-6 တွင် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် MPRL E & P မှ ၂ဝ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte.,Ltd. မှ ၄ဝ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ TOTAL E & P Myanmarကုမ္ပဏီမှ ၄ဝ ရာခိုင်နှုန်း ပါဝင်ကာ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ''အဲဒီလုပ်ကွက်က စီးပွားဖြစ် ဓာတ်ငွေ့ထွက်ပြီဆိုရင် အနည်းဆုံး ၂ဝ၂၃ ခုနှစ်လောက်မှ ထုတ်နိုင်မယ်။ ကြားထဲမှာ အချိန် လေး၊ ငါးနှစ်ပေးရမယ်။ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး မြန်မြန်ဆန်ဆန်ရရှိအောင် ၂ဝ၂၃ ခုနှစ်မှာ A-6 ကနေ ဓာတ်ငွေ့ကို ထုတ်ပေးဖို့ ညှိနှိုင်းထားတယ်။ ထွက်လာတဲ့ဓာတ်ငွေ့ရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသုံးခွင့်အတွက် ကမ္ဘာ့ပေါက်ဈေးထက် နိမ့်တဲ့ဈေးနဲ့ရပါတယ်။ 

ဒီလုပ်ကွက်ကို လုပ်တဲ့ကုမ္ပဏီ အနေနဲ့ကလည်း တွင်းတစ်တွင်းကို ငွေကြေးသန်းနဲ့ချီ ရင်းနှီးမြှုပ်နှံရတဲ့အတွက် ဒီ ၂၅ ရာခိုင်နှုန်းထက် ပိုလိုချင်တယ်ဆိုရင် ကမ္ဘာ့ပေါက်ဈေးအတိုင်း ပေးဝယ်ရမှာပါ။ သူတို့က ပြည်ပကို ရောင်းချရင်လည်း ကျွန်တော်တို့အနေနဲ့ ဝင်ငွေခွန်အဖြစ် ပြန်ရပါတယ်''ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ အဆိုပါ လုပ်ကွက် A-6 ရွှေရည်ထွန်း(၂)ကို ၂ဝ၁၈ ခုနှစ် ဇူလိုင် ၂ဝ ရက်တွင် စတင်တူးဖော်ခဲ့ပြီး ခန့်မှန်းအနက် ၄၈၅ဝ မီတာ ရှိပြီး ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြော အထူ ၄ဝ မီတာကို စမ်းသပ်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင် ပျမ်းမျှ ၅ဝ ကုဗပေသန်း စမ်းသပ်တွေ့ရှိကြောင်း သိရသည်။ 

''ထုတ်လုပ်ရေးလုပ်ငန်း လုပ်ဖို့အတွက် ရေနက်ပိုင်းမှာ ထုတ်လုပ်ရေးတွင်းတွေ တူးတာ၊ ပိုက်လိုင်းတွေ တည်ဆောက်တာ၊ ကုန်းတွင်းပိုင်းမှာ ပိုက်လိုင်းသွယ်ရန် အတွက် တည်ဆောက်တာ သုံးနှစ်ကြာမှာဖြစ်တယ်။ ငါးနှစ်အတွင်း ထုတ်လုပ်ဖို့ မှန်းတယ်ဆိုရင်တောင်နောက်နှစ်နှစ်အတွင်း အောက်မှာခိုအောင်းတဲ့ ပမာဏရလဒ်ကို စမ်းသပ်ဖို့ရှိတယ်''ဟု MPRL E & P ၏ Country Manager ဖြစ်သူ ဦးစည်သူမိုးမြင့် ကပြောသည်။ အဆိုပါ လုပ်ကွက်နှင့်ပတ်သက်၍ ထုတ်လုပ်ချိန်တွင် လည်းကောင်း၊ အရောင်းအဝယ် ပြုလုပ်ချိန်တွင် လည်းကောင်း ပြည်တွင်းရော ပြည်ပတွင်ပါ စာချုပ်ချုပ်ဆိုရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်း စာချုပ်အားလုံး ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

မြန်မာမှုလက်ရာ ရွှေချည်ထိုး ပန်းချီကားများကို နိုင်ငံခြားခရီးသွား ဧည့်သည်များ ပိုမိုနှစ်သက်လာ


ရန်ကုန် ၂၆-၉-၂ဝ၁၈

ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် မြန်မာမှုလက်ရာ ရွှေချည်ထိုး ပန်းချီကားများကိုကြိုက်နှစ်သက်သည့်အတွက် လက်ရှိတွင် ဝယ်ယူမှု များနေကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ရှိ ပြည်တွင်းထွက် လက်ဆောင်ပစ္စည်း ရောင်းချသူများထံမှ သိရသည်။ 

လက်ရှိ ရောင်းချနေရသည့် ရွှေချည်ထိုး ပန်းချီကားများမှာ ရွှေတိဂုံစေတီတော် ပုံတူ ပန်းချီကား၊ မြန်မာ့ဆိုင်းဝိုင်းပုံ၊ ဒေါင်းပုံ၊ မြန်မာ့နွားလှည်းပုံ၊ ကရဝိက်ပုံ၊ ကိန္နရီကိန္နရာပုံ၊ ဆွမ်းခံကြွပုံ၊ ရှင်လောင်းလှည့်ပုံ၊ အိုးစည် ဒိုးပတ်ပုံ၊ သမင်အုပ်ပုံ၊ ရုပ်သေးပုံ၊ နှစ်ပါး သွားပုံ၊ ရှုခင်းပုံများဖြစ်ပြီး တခြားအမျိုးအစား များစွာကိုလည်း ရောင်းချနေရကြောင်း၊ ယင်းအတွက် ရန်ကုန်မြို့ရှိ လက်ဆောင် ပစ္စည်းရောင်းချသူများ အနေဖြင့် အမရပူရမြို့ရှိ ရွှေချည်ထိုး လုပ်ငန်းရှင်များထံမှ ယခင်နှစ်ကထက် ပစ္စည်းများ ပိုမိုမှာယူနေရကြောင်း သိရသည်။

''အခုချိန်မှာ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေက မြန်မာမှု ပန်းချီတွေကို အနုစိတ် ဖန်တီးထားတာတွေ ပိုမိုသဘောကျလာကြတယ်။ ပြုလုပ်တဲ့ သူတွေရဲ့ လက်ရာလေးတွေကလည်း ရုပ်လုံးကြွပြီး ပိုအနုစိတ်လာတော့ သူတို့က ပိုကြိုက်လာတယ်။ ဒီနှစ်က အရင်နှစ်ကထက် ပိုရောင်းရတယ်။ အခုဆိုရင် ဆိုင်မှာ ဒီဇိုင်းပုံစံအမျိုး ၄ဝ လောက်ရှိလည်း ၄ဝ စလုံး ရောင်းနေရတာပါ'' ဟု ပြည်တွင်း ထွက်လက်ဆောင်များ ရောင်းချနေသူ တစ်ဦးကပြောသည်။ 

နိုင်ငံခြားခရီးသွား ဧည့်သည်များ အနေဖြင့် မြန်မာနိုင်ငံသို့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် အများဆုံး လာရောက်လည်ပတ်လေ့ ရှိသည့်အတွက် ပြည်တွင်းထွက်ပစ္စည်းများမှာလည်း ထိုအချိန်များတွင် ပိုမိုရောင်းချရလေ့ ရှိကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ထွက်ပေါ်လာပါက ရောင်းဝယ်မှု မှန်ကန်စေရန် အထောက်အကူပြုနိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်း အားကောင်း လာနိုင်မည်ဖြစ်



ရန်ကုန် ၂၆-၉-၂ဝ၁၈

အိမ်ခြံမြေဝန်ဆောင်မှုနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် မကြာမီ ထွက်ပေါ်လာမည်ဖြစ်ရာ အဆိုပါဥပဒေသည် အိမ်ခြံမြေ ရောင်းဝယ်မှု မှန်ကန်စေရန် အထောက်အကူ ပြုစေမည့်အပြင် တည်ငြိမ်သည့် သတ်မှတ်ချက် များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုလည်း အားကောင်းလာစေနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်ထံမှ သိရသည်။ 

''မကြာမီကာလအတွင်းအိမ်ခြံမြေဝန်ဆောင်မှု ဥပဒေသစ် ထွက်ပေါ်လာဖို့ရှိတယ်။ အခု ဒီဥပဒေက ပြည်သူ့လွှတ်တော်ကို ရောက်နေပါပြီ။ ဒီလိုထွက်ပေါ်လာတဲ့အတွက် အိမ်ခြံမြေအကျိုးဆောင်တွေ အနေနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ လုပ်ငန်းတွေကို လုပ်နိုင်စေဖို့နဲ့ အိမ်ခြံမြေဥပဒေ သင်တန်းတွေ တက်ရောက်နိုင်ဖို့ အစပျိုးပေးတဲ့ အနေနဲ့ အခြေခံသင်တန်းတွေပေးပြီး အိမ်ခြံမြေဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်။ 

အကျိုးဆောင်တွေအနေနဲ့ သိသင့်သိထိုက်တဲ့ အရှုပ်အထွေးတွေ၊ ပြဿနာတွေ၊ ဖြေရှင်းရမယ့်ကိစ္စတွေကို နားလည်အောင် အခမဲ့ပို့ချပေးမှာပါ။ နိုင်ငံတကာနဲ့ယှဉ်ရင် ပြည်သူတွေရဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းတာတွေက ဌာနဆိုင်ရာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့အတွက် သိသင့်သိထိုက်တာနဲ့ ပတ်သက်ပြီး သိဖို့လိုအပ်နေ ပါပြီ'' ဟု ဦးတင်မောင်ကပြောသည်။ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေထွက်ပေါ်လာလျှင် ပြည်သူလူထုအတွက် အထောက်အကူပြုမည်ဖြစ်ပြီး လက်ရှိတွင် အကျိုးဆောင် လုပ်ကိုင်သူများသည် မည်သူမဆို ပြုလုပ်နိုင်ပြီး တန်ဖိုးကြီးသော ငွေကြေးများ လိမ်လည်မှု၊ ရောင်းမှား၊ ဝယ်မှားဖြစ်လျှင် တာဝန်ခံမည့်သူက အရေးကြီးကြောင်း၊ အကျိုးဆောင်လိုင်စင်မရှိလျှင် အကျိုးဆောင်အစစ်၊ အတုခွဲခြားရန် ခက်ခဲကြောင်း၊ အကျိုးဆောင်ကို လိုင်စင်ဖြင့် ပြဋ္ဌာန်းလိုက်သဖြင့် အပြစ်ဖြစ်လျှင် အကျိုးဆောင် လိုင်စင်သိမ်း ခံရမည်ဖြစ်သဖြင့် အကျိုးဆောင် ကျင့်ဝတ်ဥပဒေများကို လိုက်နာလိမ့်မည်ဖြစ်ကြောင်းနှင့် ထိုဥပဒေ ထွက်ပေါ်လာလျှင် ယခုဖြစ်ပေါ်နေသောအိမ်ခြံမြေပိုင်ဆိုင်မှု အရှုပ်အရှင်းပြဿနာ လျော့ပါး လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့် ကုန်ပစ္စည်းများ ပို့ဆောင်




နေပြည်တော် ၂၆-၉-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သား မိသားစု ဝင်များ သက်သာ ချောင်ချိရေးအတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်သားများနှင့် ဒေသခံပြည်သူ ၃ဝ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများကို တပ်မတော်(လေ)မှ စီစဉ်ပေးသောလေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ပို့ဆောင် ပေးသည်။ 

အဆိုပါ လေယာဉ်သည် ကိုကိုးကျွန်းမြို့မှ တပ်မတော်သားများနှင့် ဒေသခံပြည်သူ ၄ဝဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger