အစိမ်းရောင်စီးပွားရေး
လူတို့၏ ပယောဂကြောင့် ရာသီဥတု ဖောက်ပြန်ပြီး မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ တောမီး လောင်ကျွမ်းခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်ခြင်းနှင့် မုန်တိုင်းများ ကျရောက်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက် လာသည်ကို သိရှိ လာသည်နှင့် အမျှ ထို ဘေးအန္တရာယ် များ လျော့ပါး သွားစေရန် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး ယိုယွင်းမှု နည်းပါးစေသည့် အစိမ်းရောင် စီးပွားရေး ပြောင်းလဲ လုပ်ကိုင်ရန် ကမ္ဘာ့နိုင်ငံ အသီးသီးက ကြိုးပမ်း ဆောင်ရွက် နေကြပြီ ဖြစ်သည်။
အစိမ်းရောင် စီးပွားရေး (Green Economy) ဆိုသည်မှာ မည်သည့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သည် ဖြစ်စေ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး ယိုယွင်းမှု မရှိအောင် လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ကမ္ဘာမြေ၌ လေထု၊ ရေထု၊ မြေထု မပျက်စီးအောင် ဆောင်ရွက်ခြင်း သည် အစိမ်းရောင် စီးပွားရေး ဖြစ်သည်။
စက်မှု ထွန်းကားသော မျက်မှောက်ခေတ် တွင် စက်ရုံ၊ အလုပ်ရုံများ၊ မော်တော်ကား၊ သင်္ဘော၊ လေယာဉ်ပျံ တို့မှ ထုတ်လွှတ်သော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်း တို့ကြောင့် ကမ္ဘာ့လေထု ညစ်ညမ်းလာပြီး ပူနွေးလာသည်။ ထို့အတူ စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ဓာတုဗေဒ ဓာတ်ကြွင်း ပစ္စည်းများ၊ ပလတ်စတစ် အမှိုက်များ၊ ရေစီးအတွင်း မျောပါကာ ပင်လယ်အတွင်း ရောက်၍ ပင်လယ် သမုဒ္ဒရာရေထု ညစ်ညမ်းမှု ဖြစ်ကာ ရေနေ သတ္တဝါများ အစာကွင်းဆက် ဂေဟစနစ် ပျက်စီး လာသည်။
ထို့အတူ သစ်များ အလွန်အကျွံ ခုတ်ယူခြင်း၊ ဓာတ်သတ္တုများ အဆမတန် တူးယူခြင်း များကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများ ကျရောက်ခြင်း စသည့် မမျှော်မှန်း နိုင်သည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက် စေနိုင်သည်။ ထို သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှု လျော့ပါး သက်သာစေရန် လုပ်ဆောင် နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အစိမ်းရောင် စီးပွားရေး အကောင် အထည်ဖော် ခြင်းဖြစ်သည်။
ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အစိမ်းရောင် စီးပွားရေး ဖော်ဆောင် ရာတွင် လူတစ်ဦးချင်း စီကစ၍ မိမိတို့ လုပ်ဆောင် နိုင်သည့် စွမ်းအင် ချွေတာခြင်း၊ ရေ ချွေတာခြင်း၊ သဘာဝ သယံဇာတများ ချွေတာ သုံးစွဲခြင်း၊ ပစ္စည်းများ ပြန်လည် အသုံးပြုခြင်း၊ ရေ၊ လေ၊ မြေ မညစ်ညမ်း အောင် စွန့်ပစ် ပစ္စည်းများကို သတိထား ဆောင်ရွက်ခြင်း စသည်တို့ဖြင့် သယံဇာတ သုံးစွဲရာတွင် ကြာရှည် တည်တံ့အောင် စဉ်းစား သုံးစွဲကြ ရမည် ဖြစ်သည်။ ထိုသို့ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကိုယ်စီ လုပ်ကိုင်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ လူတိုင်းလူတိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလေးထား ဆောင်ရွက်ခြင်း၊ သစ်တော သစ်ပင်များ တစ်နှစ်ထက် တစ်နှစ် ရှင်သန် ကြီးထွားအောင် စိုက်ပျိုးပြုစု ပျိုးထောင်ခြင်း၊ ဓာတုပစ္စည်း နှင့် စွန့်ပစ် အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်း၊ သစ်ပင်ခုတ်၊ တောမီးရှို့ခြင်းတို့ လျှော့ချခြင်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက် သွားကြခြင်းဖြင့် အစိမ်းရောင် စီးပွားရေး (Green Economy)ကို လုပ်ကိုင်၍ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း သွားကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily

No comments:
Post a Comment