www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 30, 2014

ပြင်သစ်ကုမ္ပဏီ ATR နှင့်ပူးပေါင်း၍ လေယာဉ်အကြီးစား ပြင်ဆင်သည့်စက်ရုံ ဖွင့်လှစ်မည်



ရန်ကုန် ၊ ၃၀-၄-၂၀၁၄

ရန်ကုန် လေဆိပ်၌ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို မြန်မာ့လေကြောင်း နှင့် ပြင်သစ်နိုင်ငံ ATR လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာ့လေကြောင်း မှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို ၂၀၁၄ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက် ရှိပြီး မြန်မာနိုင်ငံ၌ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို လိုအပ်လျက် ရှိကြောင်း ပြည်တွင်းပြည်ပ လေကြောင်းလိုင်း များမှ ATR လေယာဉ်များ၏ လုပ်ငန်း အပ်နှံမှုအပြင် ပြည်ပ နိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်း အပ်နှံမှုများ ကိုပါ လက်ခံ ပြင်ဆင်နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ပြင်သစ်နိုင်ငံ ATR လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ မှ တာဝန်ရှီသူ များသည် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ မြန်မာ့လေကြောင်း လိုင်းမှ အသစ် တည်ဆောက် ထားသည့် လေယာဉ်ရုံကို ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံ တက်ဆောက်ရန် လာရောက် ကြည့်ရှုပြီး ဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါ လေယာဉ်များကို ပြုပြင် ပြင်ဆင်မှု လုပ်ရသည့် အခါ၌ ထိုင်း ၊ မလေးရှား နှင့် စင်ကာပူ နိုင်ငံတို့ရှိ ATR လေယာဉ်ပြင်ဆင် သည့် စက်ရုံများတွင် သွားရောက် ပြင်ဆင် နေရကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ လေကြောင်း သည် ATR လေယာဉ်များ အပါအ၀င် စုစုပေါင်း လေယာဉ် ၉ စင်းဖြင့် မြို့ပေါင်း ၂၆ မြို့သို့ ပျံသန်း ပြေးဆွဲလျက် ရှိပြီး ကုန်တင်သီးသန့် လေယာဉ်များ အဖြစ် MA 601 နှင့် F 281 တို့ကို အသုံးပြုလျက် ရှိကြောင်း သိရှိရသည်။

(စိုးမိုး)

#Themyawadydaily

သတိပေးနှိုးဆော်ချက်များ အလေးထားလိုက်နာ


သတိပေးနှိုးဆော်ချက်များ အလေးထားလိုက်နာ

ယနေ့ ကာလတွင် ပြည်သူများ အလေးထး လိုက်နာနိုင်ရန် သတိပေး နှိုးဆော်ချက် များကို ရေဒီယို ၊ ရုပ်မြင်သံကြား ၊ သတင်းစာ တို့မှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ပေးလျက် ရှိသည်။ သတိပေး နှိုးဆော်ချက် များသည် အများပြည်သူ များ၏ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး များအတွက် အန္တရာယ် မဖြစ်ပေါ်နိုင်ရန် ၊ ကြိုတင် ကာကွယ်မှု ပြင်ဆင်မှုတို့ ဆောင်ရွက်နိုင်ရန် ထုတ်ပြန် ပေးခြင်း ဖြစ်သည်။

ထို့ကြောင့် မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မီးသတ် ဦးစီးဌာန ၊ ကျန်းမာရေး ၀န်ကြီးဌာန ၊ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ၊ ပို့ဆောင်ရေး ၀န်ကြီးဌာန စသည့် ၀န်ကြီးဌာနများ အနေဖြင့် အများပြည်သူများ နှင့် သက်ဆိုင်သော ကိစ္စရပ် များကို သတိပေး နှိုးဆော်ချက် များ ထုတ်ပြန် ပေးလျက် ရှိသည်။

ယခုကဲ့သို့ ရာသီဥတု ပူပြင်းသည့် ကာလတွင် အပူစွမ်းအားများ ၊ ပြင်းထန်တတ် ပေရာ ခရမ်းလွန် ရောင်ခြည် အန္တရာယ် သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်ပေးလျက် ရှိသည်။ ခရမ်းလွန် ရောင်ခြည် ထိတွေ့မှုကြောင့် နေလောင်ခြင်း ၊ အသား အရောင် ညိုလာခြင်းတို့ ဖြစ်ပြီး ထိတွေ့မှု ကာလ ကြာလာသော အခါ မျက်စိ တိမ်စွဲခြင်း ၊ အရေပြားများ အိုမင်း ရင့်ရော်ခြင်း ၊ ခုခံအား ကျဆင်းခြင်း ၊ အရေပြား ကင်ဆာဖြစ်ခြင်း စသည့် ရောဂါများ ဖြစ်ပွား နိုင်သည်။ ထို့ကြောင့် ကျန်းမာရေး ၀န်ကြီးဌာနက သတိပေး နှိုးဆော်ချက် ထုတ်ပြန် ထားခြင်း ဖြစ်သည်။

ထို့အတူ မီးဘေး ကြိုတင် ကာကွယ်ရေး အတွက် မီးသတ် ဦးစီးဌာန ၏ သတိပေး နှိုးဆော်ချက် များကိုလည်း အလေး ဂရုပြု လိုက်နာကြရန် လိုအပ်ပေသည်။

မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ကလည်း သတင်း နှင့် ဆက်သွယ်ရေး နည်းပညာ ခေတ်၌ မိုးလေ၀သ ခန့်မှန်းချက်များ ခေတ်မီ ပြောင်းလဲ လာချက်ရှိရာ ရာသီဥတု ပြောင်းလဲမှု ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး များကို ခေတ်မီ မိုးလေ၀သ ခန့်မှန်းခြင်း နည်းစနစ် များကို အသုံးပြုကာ ထုတ်ပြန် ပေးလျက် ရှိသည်။

ထိုကဲ့သို့ ထူးခြားသော မိုးလေ၀သ သတင်းများ ၊ မုန်တိုင်း သတင်းများ ၊ မုန်တိုင်း သတိပေးချက် ၊ နေ့အပူချိန် ၊ ညအပူချိန် စသည်တို့ကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ပေးမှုကြောင့် ပြည်သူများ အန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင် ပြင်ဆင် ထားသည့်သည် များကို ကြိုတင် ပြင်ဆင် နိုင်ပေသည်။

လယ်ယာ နှင့် ဆည်မြောင်း ၀န်ကြီးဌာန သည်လည်း လယ်ယာ စိုက်ပျိုးမှု များ၏ စီးပွားရေး လုပ်ငန်းများ မထိခိုက် စေရန်အတွက် လယ်ယာ နှင့် စပ်လျဉ်းသည့် သတိပေး နှိုးဆော်ချက် များကို ထုတ်ပြန် ပေးလျက် ရှိသည်။

သို့ဖြစ်ရာ ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန် ပေးလျက်ရှိသည့် သတိပေး နှိုးဆော်ချက် များကို အလေးထား လိုက်နာပြီး ကြိုတင် ဆောင်ရွက်ပါက ကျန်းမာရေး အတွက် လည်းကောင်း ၊ စီးပွားရေး အတွက် လည်းကောင်း ၊ လူမှုရေး အတွက် လည်းကောင်း အန္တရာယ် အသွယ်သွယ် တို့မှ ကင်းဝေးကြမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၄-၂၀၁၄) ဗုဒ္ဓဟူးနေ့



Download Links

Tuesday, April 29, 2014

ဆော်ဒီအာရေဗျ နိုင်ငံတွင် MERS ဗိုင်းရပ် ကူးစက် ပြန့်ပွားမှုအတွက် WHO က ကူညီမည်


မက္ကာ ၊ ၂၉-၄-၂၀၁၄

ဆော်ဒီအာရေဗျ နိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါပိုး Middle East respiratory syndrome coronavirus ( Mers-CoV) မားစ်ကိုရိုနာ ဗိုင်းရပ် ကူးစက် ပြန့်ပွားမှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ယနေ့ အချိန်အထိ ရောဂါပိုး ကူးစက်ခံရသူ ၃၃၉ ဦးရှိပြီး ၄င်းတို့အနက် သေဆုံးသူ ၁၀၂ ဦး ရှိပြီ ဖြစ်ကြောင်း ဆောဒီ ကျန်းမာရေး ၀န်ကြီးဌာန က သတင်း ထုတ်ပြန်သည်။

Mers-CoV ကို ၂၀၁၂ ခုနှစ် စက်တငဘာလတွင် စတင်တွေ့ရှိခဲ့ပြီး ဆော်ဒီတွင် ရောဂါ ကူးစက်မှု လျင်မြန်စွာ ဖြစ်ပွားခဲ့ကာ ကျန်းမာရေး ၀န်ထမ်းများက အဆိုပါ ရောဂါပိုးကို ကာကွယ် တိုက်ဖျက်နိုင်ရန် အပြင်းအထန် ကြိုးပမ်း နေရကြောင်း သိရသည်။

ယမန်နှစ်တွင် Mers-CoV ကူးစက် ပြန့်ပွားသည့်နှုန်း ကို မထိန်းချုပ် နိုင်ခဲ့သဖြင့် ကျန်းမာရေး ၀န်ကြီး ဒေါက်တာ အဘဒူလာဘင် အဘဒူလာဇစ် ရာထူးမှ နုတ်ထွက် ခဲ့ရသည်။ ဆော်ဒီ အာဏာပိုင် များက ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO ထံ အကူအညီ တောင်းခံထားပြီး ဧပြီလ နောက်ဆုံးပတ်တွင် WHO မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ဆော်ဒီနိုင်ငံ သို့ ရောက်ရှိ အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကလည်း ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုက ဆော်ဒီနိုင်ငံ သို့ လာရောက်ကာ Mers-CoV ကာကွယ်ဆေး ဖော်စပ် ထုတ်လုပ် သွားရန် စီစဉ် ထားကြောင်း ပြောကြား ခဲ့သည်။

Mers-CoV ဗိုင်းရပ် ကူးစက်လျှင် အအေးမိ သကဲ့သို့ ရောဂါ လက္ခဏာများကို တွေ့မြင်ရပြီး အသက်ရှူ လမ်းကြောင်းကို ဆိုးရွားစွာ ထိခိုက် ပျက်စီးစေကာ အဖျားတက်ခြင်း ၊ ချောင်း အဆက်မပြတ် ဆိုးခြင်း ၊ အသက်ရှူ မ၀ခြင်း ၊ နမိုးနီးယား ဖြစ်စေခြင်း ၊ ကျောက်ကပ် ပျက်စီးခြင်း တို့ကို ဖြစ်စေနိုင်ကြောင်း သိရသည်။

Mers-CoV သည် အာရေဗျ ကျွန်းဆွယ်တွင် စတင် ဖြစ်ပွားခဲ့ သော်လည်း ဥရောပ နိုင်ငံများ ၊ မြောက်အာဖရိက တိုက်နိုင်ငံများ အထိ ကူးစက် ပြန့်ပွားကာ လူသေဆုံးမှု ရှိနေသည့် အတွက် ဆော်ဒီ နိုင်ငံအတွင်း Mers-CoV ဗိုင်းရပ် ကူးစက်ခံရ သူများ အားလုံးကို သီးသန့် ထားရှိကာ ရောဂါပိုး မပြန့်ပွားအောင် ထိန်းချုပ် ထားရှိပြီး ကုသမှု ကိုလည်း ကြိုးစား ဆောင်ရွက် နေကြောင်း သိရသည်။ (TMK)

#Themyawadydaily

အလုပ်အကိုင် အခွင့်အလမ်း နှင့် ဘ၀တန်ဖိုး


အလုပ်အကိုင် အခွင့်အလမ်း နှင့် ဘ၀တန်ဖိုး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၏ နိုင်ငံသစ် တည်ဆောက်ရေး လုပ်ငန်းစဉ် များတွင် ပညာရေး ကဏ္ဍ အဆင့် မြှင့်တင်ရေး အတွက် ကျောင်းများ ဥပဓိရုပ် ကောင်းအောင် တည်ဆောက် ပြုပြင်ခြင်း၊ ဆရာ အင်အား တိုးချဲ့ ခန့်ထားခြင်း၊ ပညာရေး ဝန်ထမ်းများအား အဆင့် တိုးမြှင့် ပေးခြင်းနှင့် ကျောင်းနေအရွယ် ကလေးများ အားလုံး ကျောင်းနေနိုင်ရေး တို့ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက် ရှိသည်။

အခြေခံပညာ ကဏ္ဍ ဆရာအင်အား တိုးချဲ့ ခန့်ထားရေးတွင် တိုင်းဒေသကြီး များနှင့် ပြည်နယ် အစိုးရအဖွဲ့ များသည် သက်ဆိုင်ရာ ဒေသအလိုက် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အတွက် နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမများ ရာထူး ခန့်ထားရေး လျှောက်လွှာများ ခေါ်ယူလျက် ရှိသည်။ လျှောက်ထား လိုသူများသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသား ဖြစ်ရန် လိုအပ်ပြီး ပညာ အရည်အချင်း နှင့် အသက် ကန့်သတ်ချက်များ မှာ Ph.D ဘွဲ့ရသူများ အတွက် အသက် ၄ဝ နှစ်နှင့်အောက် ၊ M.A, M.Sc ဘွဲ့ရသူများ အတွက် အသက် ၃၅ နှစ်နှင့် အောက်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သူများနှင့် နဝမတန်း အောင်မြင်ပြီး သူများအတွက် အသက် ၂၅ နှစ် မကျော်လွန် သေးသူများ လျှောက်ထား နိုင်သည်။ အသက် ကန့်သတ်ချက် ရက်စွဲမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး များနှင့် ပြည်နယ်များ အလိုက် ကွာခြားမှု ရှိကြောင်း တွေ့ရသည်။ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး သူများနှင့် နဝမတန်း အောင်မြင်ပြီး သူများသည် အသက် ၂၅ နှစ် မကျော်လွန် သေးသူများ လျှောက်ထား နိုင်သည့် အခွင့်အလမ်းသည် လူငယ်လူရွယ်များ အလုပ်အကိုင် ရရှိရေးအတွက် အခွင့်အလမ်း ကောင်း တစ်ရပ် ဖြစ်သည်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အဝေးသင် တက္ကသိုလ် ဆက်တက် လိုသူများမှာ ဝင်ငွေရ အလုပ်အကိုင် မရှိသဖြင့် ပညာဆက် မသင်နိုင်၊ ပညာဆက် မသင်နိုင်၍ ဘွဲ့မရသဖြင့် အလုပ်အကိုင် မရနိုင်သော သံသရာလည် နေသူများ အတွက် အခွင့်အလမ်း ကောင်းဖြစ်သည်။

အလုပ်အကိုင် အခွင့်အလမ်း အခြေအနေ လေ့လာ သူများ၏ ဆန်းစစ်ချက် အရ အလုပ်လက်မဲ့ အခြေအနေ များမှာ အလုပ်ရွေး နေသူများ၊ လက်ရှိ အလုပ်မှ နုတ်ထွက်၍ အခွင့်အလမ်း ပိုကောင်းသော အလုပ်တစ်ခုသို့
ကူးပြောင်းရန် စောင့်ဆိုင်း နေသူများ၊ တစ်ဦးတည်း လုပ်ကိုင်၍ လုပ်ငန်း လည်ပတ် နိုင်သော လုပ်ငန်းတစ်ခု တည်းတွင် မိသားစုဝင် အားလုံး ဝင်ရောက် လုပ်ကိုင် နေကြခြင်းကြောင့် ပြုန်းတီး နေသော အပို လုပ်အားများ စသည်ဖြင့် အမျိုးမျိုး တွေ့ရသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် က ခန့်ထားခဲ့သော နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမများအား မြို့နယ် အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးမွမ်းမံ သင်တန်းများကို ယခုဧပြီလ တတိယရက် သတ္တပတ် မှစ၍ မြို့နယ်အလိုက် ဖွင့်လှစ် သင်ကြား ပေးလျက် ရှိရာ သင်တန်း ကာလမှာ တစ်လ ကြာမြင့်မည် ဖြစ်သည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေ့စားလပေး ဆရာ၊ ဆရာမ ၂၉၃၅၃ ဦး ခန့်ထား ပေးခဲ့ပြီး သင်တန်း များပြီးဆုံးသွား ပါက အမြဲတမ်း ပညာရေး ဝန်ထမ်းအဖြစ် ခန့်အပ် သွားမည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သိရသည်။ မကြာမီ စတင် ဖွင့်လှစ်တော့မည် ဖြစ်သော ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံးရှိ မူလတန်းကျောင်း များတွင် ဆရာ၊ ဆရာမ အင်အား တိုးချဲ့ ခန့်ထားရန် လျာထားရာ တိုင်းဒေသကြီး များနှင့် ပြည်နယ်များ အလိုက် လိုအပ်ချက် နေ့စားလပေး ဆရာ၊ ဆရာမများ ဆက်လက် ခန့်ထား ပေးသွားမည် ဖြစ်သည်။

သို့ဖြစ်၍ သတ်မှတ်ချက် များနှင့် ကိုက်ညီသော နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမ တာဝန် ထမ်းဆောင် လိုသူများသည် အလုပ်အကိုင် အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်၍ လောကတွင် အနန္တ ဂိုဏ်းဝင် ဆရာဘဝ ကို တန်ဖိုးထား နားလည် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၂၈)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၂၈)

( ၂၉-၄-၂၀၁၄ အင်္ဂါနေ့ အပတ်စဉ်ထုတ် )

Download Links



စင်ကာပူအစိုးရ က မြန်မာကျောင်းသား များအား အာဆီယံ ပညာသင်ဆု ပေးအပ်မည်



ရန်ကုန် ၊ ၂၉-၄-၂၀၁၄

၂၀၁၅ ပညာသင်နှစ် အတွက် မြန်မာနိုင်ငံရှိ အဋ္ဌမတန်း အောင်မြင် ထားသော ကျောင်းသား၊ ကျောင်းသူ များအား အာဆီယံ ပညာသင်ဆု ပေးအပ်ရန် အတွက် စင်ကာပူ အစိုးရက ကမ်းလှမ်းထားကြောင်း သိရသည်။

ပညာသင်ဆု ရရှိသူများသည် စင်ကာပူအစိုးရ ကျောင်းများတွင် Secondary Three မှ Pre-University Two Level အဆင့်အထိ လေးနှစ်ခန့် ပညာ သင်ကြားရမည် ဖြစ်ပြီး လေးနှစ်တာ ကျောင်းလခ၊ နေထိုင်စရိတ် နှင့် စာမေးပွဲကြေးများ အားလုံးကို ရရှိမည် ဖြစ်သည်။ ပညာသင်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် မိမိ၏ အရည်အချင်းကို နှစ်အလိုက် ထူးချွန်အောင် ထိန်းသိမ်း ရမည်ဖြစ်ပြီး တစ်နှစ် ကျရှုံးပါက ပညာသင်ဆု ကို ဆက်လက် ရရှိနိုင်မည် မဟုတ်ပေ။ ပညာသင်ဆု လျှောက်ထား သူများသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အတွင်း မွေးဖွားသော မြန်မာနိုင်ငံသား ဖြစ်ရမည် ဖြစ်ပြီး ပညာသင်ဆု လျှောက်ထားသည့် အချိန်တွင် အဋ္ဌမတန်း (Grade 9) အောင်မြင်ထားသူ ဖြစ်ရမည် ဖြစ်သည့် အပြင် ကျောင်းစာမေးပွဲ များတွင် ထူးချွန်ပြီး အင်္ဂလိပ်စာ အရည်အချင်း ကောင်းမွန်သူ ဖြစ်ရမည် ဖြစ်သည်။ 

လျှောက်ထားသူ များသည် ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ရေး၊ ဖြေ စာမေးပွဲကို ဖြေဆို ရမည်ဖြစ်ပြီး ဖြေဆို သူများထဲမှ ရွေးချယ်ခံရ သူများသည် စက်တင်ဘာလ တွင် လူတွေ့ စစ်ဆေးမှုကို ထပ်မံဖြေဆို ရမည် ဖြစ်သည်။ ရေး၊ ဖြေ စာမေးပွဲနှင့် လူတွေ့ စစ်ဆေးမှု များကို ရန်ကုန်မြို့ တွင်ပင် ကျင်းပပြုလုပ် ပေးမည် ဖြစ်သည်။ ပညာသင်ဆု ရရှိသူများကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ တွင် အကြောင်းကြား ပေးမည်ဖြစ်ပြီး ပညာ သင်ဆု လျှောက်လွှာ များအား အမှတ် ၂၃၈၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ စင်ကာပူ သံရုံး ဒုတိယ အကြီးအကဲနှင့် သံမှူး Mr.William Chik ထံသို့ မေလ ၃၀ ရက်နောက်ဆုံးထား ပေးပို့ ရမည် ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို http://www.moe.gov.sg/education/scholarships/asean/myanmar တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မည် ဖြစ်သည်။

သန္တာ (Internet 15/16)

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၄-၂၀၁၄) အင်္ဂါနေ့



Download Links

Monday, April 28, 2014

ဆိုက်ဘာ တိုက်ခိုက်မှုများ၏ ထိပ်တန်းရင်းမြစ်အဖြစ် တရုတ်ဆက်လက် ရပ်တည်နေ



ပြီးခဲ့သည့် သုံးလပတ်က ဖြစ်ပွားခဲ့သည့် အင်တာနက် တိုက်ခိုက်မှု အားလုံး၏ ထက်ဝက်နီးပါး ခန့်သည် တရုတ်နိုင်ငံတွင် အခြေခံကြောင်း ၊ အချို့သော တိုက်ခိုက်မှုများ ပင်လျှင် တရုတ်နိုင်ငံ တွင် နေထိုင်သူများက ပြုလုပ်ခြင်း ဖြစ်ကြောင်း Cloud ၀န်ဆောင်မှု ကုမ္ပဏီ Akamai က နောက်ဆုံး ထုတ်ပြန်ခဲ့သည့် အင်တာနက် အစီရင်ခံစာ တွင် ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ် နောက်ဆုံး သုံးလပတ် အတွက် စစ်တမ်း ကောက်ယူချက် အရ တရုတ်နိုင်ငံ မှ မြစ်ဖျားခံသည့် အင်တာနက် တိုက်ခိုက်မှု အားလုံး စုစုပေါင်း အင်တာနက် တိုက်ခိုက်မှု ၏ ၄၃ ရာခိုင်နှုန်း ရှိကြောင်း ၊ ထိုပမာဏ သည် အခြားသော နိုင်ငံများထက် သာလွန်ကြောင်း သိရသည်။

Akamai သည် အင်တာနက် တိုက်ခိုက်မှု ရင်းမြစ်ကို IP address ဖြင့် ခွဲခြား ဖော်ပြခဲ့သည်။ အစီရင်ခံစာ တွင် ဖော်ပြထားသည့် ဥပမာအရ ရုရှားနိုင်ငံ ရှိ ဆိုက်ဘာ ဒုစရိုက်သမား တစ်ဦးသည် တရုတ်နိုင်ငံ ရှိ စနစ်များကို ထိန်းချုပ်ပြီး တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

အခြားသော ဆိုက်ဘာ တိုက်ခိုက်မှု မြစ်ဖျားခံသည့် နိုင်ငံများတွင် အမေရိကန် က ၁၉ ရာခိုင်နှုန်း ၊ ကနေဒါ က ၁၀ ရာခိုင်နှုန်း နှင့် တရုတ် (တိုင်ပေ) က ၃ ဒသမ ၄ ရာခိုင်နှုန်း ဖြင့် အသီးသီး ရပ်တည်လျက် ရှိသည်။ ထို့အပြင် Akamai သည် နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှ ဆိုက်ဘာ တိုက်ခိုက်မှု စတင်သည့် IP address များကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း မှ ပျမ်းမျှ အင်တာနက် မြန်နှုန်းသည်လည်း မြင့်တက် လာခဲ့ပြီး ၂၀၁၃ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် 3.8 megabits per second ရှိခဲ့ကြောင်း Akamai က ဖော်ပြခဲ့သည်။ တောင်ကိုရီးယား သည် ပျမ်းမ  အင်တာနက် အမြန်နှုန်း အမြန်ဆုံး ရရှိသည့် နိုင်ငံဖြစ်ပြီး အမြန်နှုန်း 21.9 Mbps ရှိကြောင်း ၊ ထို့အပြင် ဟောင်ကောင်သည် အင်တာနက် မြန်နှုန်း အမြင့်ဆုံး ရရှိသည့် နိုင်ငံဖြစ်ပြီး 68 Mbps ရှိကြောင်း နှင့် အမေရိကန် မှာ ပျမ်းမျှ အမြန်နှုန်း 10 Mbps ရှိပြီး မြန်နှုန်း အမြင့်ဆုံး 43.7 Mbps ရှိကြောင်း သိရှိရသည်။

နောင်နောင် ( အင်တာနက် ၁၅/၁၆)

အင်္ဂလိပ်ဘာသာဖြင့် Telecom Law အား ၀က်ဘ်ဆိုက်တွင် စတင်ဖတ်ရှုနိုင်



ရန်ကုန် ၊ ၂၈-၄-၂၀၁၄

အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားသော Telecom Law အား အများပြည်သူ ဖတ်ရှုနိုင်ရန် ၀က်ဘ်ဆိုက်တွင် စတင်လွှင့်တင် ထားကြောင်း သိရသည်။

ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ၏ ၀က်ဘ်ဆိုက်တွင် လွှင့်တင် ထားခြင်းဖြစ်ပြီး အလွယ်တကူ Download ပြုလုပ်ကာ ရယူနိုင်မည် ဖြစ်သည်။ Telecom Law Official Version အဖြစ် လွှင့်တင် ထားခြင်းဖြစ်သည်။ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ၁၈၈၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာ တယ်လီဂရပ်ဖ် Act ၊ ၁၉၃၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာ ၀ါယာလက် တယ်လီဂရပ်ဖီ Act နှင့် ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သော Electronic Transaction Law စသည့် ဥပဒေများ ဖြင့်သာ လုပ်ငန်းများ ဆောင်ရွက် နေရပြီး ပြောင်းလဲလာသည့် နည်းပညာ အသစ်များ ၊ ဆက်သွယ်ရေး ၀န်ဆောင်မှု စနစ်အသစ် များနှင့် လိုက်လျော ညီထွေဖြစ်မည့် ဥပဒေအသစ် တစ်ရပ်ကို လိုအပ်လျက် ရှိကြောင်း ၊ တိုးတက် ပြောင်းလဲလာသော ခေတ်သစ် စနစ်သစ် ၊ နည်းပညာ အသစ်များနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် Telecom Act ဥပဒေအသစ် တစ်ခု ပေါ်ထွန်း လာစေရေး အတွက် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိ သူများ ပူးပေါင်း၍ ဥပဒေမူကြမ်းအား ပြန်လည် ပြင်ဆင် ရေးဆွဲ ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန က ရေးဆွဲလျက် ရှိသော ဆက်သွယ်ရေး နည်းဥပဒေ များဖြစ်သည့် Licensing Rules, Spectrum Rules, Numbering Rules, Interconnection and Access Rules နှင့် Competition Rules တို့အပေါ် အကြံပြုချက် များကို ၄-၁၁-၂၀၁၃ နေ့မှ ၂-၁၂-၂၀၁၃ ရက်အထိ တောင်းခံ ခဲ့သည်။ ထို နည်းဥပဒေ ၅ ခုအပြင် အခြားသော လိုအပ်သည့် နည်းဥပဒေများ နှင့် ညွှန်ကြားချက်များ အား ဆက်လက် ရေးဆွဲ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန် ထားချက်အရ သိရသည်။

Telecom Law Official Version အား ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ၀က်ဘ်ဆိုက် ဖြစ်သော www.mcit.gov.mmhttp://www.mcit.gov.mm/law-and-regulation/telecoms တွင် လွှင့်တင် ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထွန်းထွန်း (အင်တာနက် ၁၅/၁၆)

အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း ဒလနှင့် အင်းစိန်မြို့နယ်များ ထပ်တိုး ၂၂ မြို့နယ်ထိ ရှိလာ



ရန်ကုန် ၊ ၂၈-၄-၂၀၁၄

အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း ဒလ နှင့် အင်းစိန် မြို့နယ်များ ထပ်တိုးထားပြီး လက်ရှိ ၂၂ မြို့နယ်ထိ ရှိလာကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ ဆောင်ရွက်ချက်ကို ကျောက်တံတား၊ အလုံ၊ လမ်းမတော်၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ တာမွေ၊ ပုဇွန်တောင်၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လသာ၊ ပန်းဘဲတန်း၊ ဒဂုံ၊ ဗိုလ်တထောင်၊ ရန်ကင်း၊ ဒဂုံ (တောင်)၊ ဒဂုံ (မြောက်)၊ ဗဟန်း၊ ဒလ၊ အင်းစိန် မြို့နယ်များတွင် လျှောက်ထား နိုင်မည် ဖြစ်သည်။ အွန်လိုင်းမှ လျှောက်ထား ရာတွင် အချက်အလက် စုံ၊ မစုံအပေါ် မူတည်၍ ကြာမြင့်နိုင်ပြီး သတ်မှတ် ထောက်ခံချက်၊ အချက်အလက်များ ပြည့်စုံပါက တစ်ပတ် နှစ်ပတ် အတွင်း ရရှိနိုင်ကြောင်း မြို့နယ် စည်ပင်ရုံး တစ်ခုထံမှ မေးမြန်း သိရှိရသည်။ လုပ်ငန်းလိုင်စင် ဆိုင်ရာ ကိစ္စများကို ဝက်ဘ်ဆိုက် လိပ်စာ www.ycdc.gov.mm/ သို့ ဆက်သွယ် လျှောက်ထား နိုင်မည် ဖြစ်သည်။

လုပ်ငန်းလိုင်စင် လျှောက်ရန် အတွက် လုပ်ငန်း တည်နေရာ၊ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်အမည်၊ အဆောက်အဦ အမှတ်၊ အခန်းအမှတ်၊ မြေတိုင်း ရပ်ကွက် အမှတ်၊ မြေကွက်အမှတ် စသည်တို့ကို သတ်မှတ် နေရာတွင် ဖြည့်စွက် လျှောက်ထား ရမည်ဖြစ်သည်။ လုပ်ငန်း အမျိုးအစား၊ လုပ်ကိုင်မည့် လုပ်ငန်းအမည် စသည့် လုပ်ငန်း အချက်အလက်များ၊ အခြား အချက်အလက် များကိုလည်း လုပ်ငန်း အချက်အလက်များ နေရာတွင် ဖြည့်စွက် ရမည် ဖြစ်သည်။ လုပ်ငန်းရှင်နှင့် ပတ်သက်သည့် အချက်အလက် များကိုလည်း ဖြည့်စွက်ရမည် ဖြစ်ကြောင်း သိရသည်။ သတ်မှတ် အချက်အလက် များဖြင့် လျှောက်ထားမည့် နေရာတွင် ဖြည့်စွက်ကာ လျှောက်ထား နိုင်မည် ဖြစ်ကြောင်း၊ လိုအပ်သည့် စာရွက်စာတမ်း များကို တွဲပို့ရန် အတွက်လည်း သတ်မှတ် နေရာများ ပေးထားကြောင်း သိရသည်။

လုပ်ငန်းလိုင်စင် အပြင် အခြားလိုင်စင် အချို့ကိုလည်း လျှောက်ထား နိုင်ကြောင်း သိရှိရသည်။

(ထွန်းထွန်း) အင်တာနက် ၁၅/၁၆

အမေရိကန်ပြည်ထောင်စု အတွင်းဝေဖန်မှုများ ရှိနေသော ဆေးခြောက်သုံးစွဲခွင့် ဥပဒေ



အမေရိကန်ပြည်ထောင်စု အတွင်းဝေဖန်မှုများ ရှိနေသော ဆေးခြောက်သုံးစွဲခွင့် ဥပဒေ

မကြာသေးမီးက အမေရိကန် ပြည်ထောင်စု၌ အချို့သော ပြည်နယ်တို့တွင် ဆေးခြောက် သုံးစွဲမှုကို တရားဝင် ခွင့်ပြုခဲ့သည်။ ဆေးခြောက်သည် ကိုယ်စိတ်နှလုံး ကြည်လင် လန်းဆန်းရေး အတွက် လွန်စွာမှပင် အာနိသင် ကောင်းမွန် ခြင်းကြောင့် လူထုက သုံးစွဲခြင်းကို ဆက်လက် ပိတ်ပင်ရန် မသင့်လျော်ဟု အမေရိကန် သတင်းမီဒီယာ အချို့ကလည်း ရေးသား ဖော်ပြ ခဲ့ကြသည်။

အမေရိကန် အစိုးရအဖွဲ့က ဆေးခြောက် တရားဝင် သုံးစွဲခွင့်ကို အခြား ပြည်နယ် များကိုပါ ခွင့်ပြုနိုင်ရန် ကြိုးပမ်း ဆောင်ရွက် နေသည်ကို တွေရသောလည်း စိတ်နှင့် ကျန်းမာရေး သုတေသီ များကမူ အစိုးရ နှင့် သတင်းမီဒီယာ တို့သည် ပြည်သူလူထုက ဆေးခြောက် အကြောင်း ပြည့်ပြည့်စုံစုံ သိရှိအောင် ပညာပေး လုပ်ငန်းများကို ရှေးဦးစွာ ဆောင်ရွက် သင့်ကြောင်း ထောက်ပြ ဝေဖန်လိုက်ပြီး ဆေးခြောက် သုံးစွဲမှုကြောင့် ကိုယ်စိတ် ကျန်းမာရေး တို့ကို ထိခိုက်နိုင်ပုံအား အကျယ်တ၀င့် ရေးသား ဖော်ပြ ခဲ့ကြသည်။

ဆေးခြောက် သုံးစွဲခြင်း သည် နှလုံး ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ဆေးလိပ် သောက်ခြင်း ၊ ကိုကင်းသုံးစွဲခြင်း ပြီးလျှင် ဆေးခြောက် ရှူခြင်းကြောင့် နှလုံးလေဖြတ် နိုင်ခြေ အများဆုံး ဖြစ်သည်။ ဆေးခြောက် ပုံမှန်သုံးစွဲသူ များတွင် နှလုံး သွေးကြောပိတ်ခြင်း ကို ပုံမှန် တွေ့ရလေ့ ရှိပြီး နှလုံးလေဖြတ် သေဆုံးမှုနှုန်း တိုး၍ တိုး၍ လာနေသော်လည်း အမေရိကန် အစိုးရက ဆေးခြောက် သုံးစွဲမှုကို တရားဝင် ခွင့်ပြုလိုက် ခြင်းမှာ နိုင်ငံတကာ က ဝေဖန်ဆရာ ဖြစ်လာသည်။

အမေရိကန် ပြည်ထောင်စု ၏ မဟာမိတ် နိုင်ငံများ ပါဝင်သော ဥရောပသမဂ္ဂ ကလည်း ဆေးခြောက် အန္တရာယ်ကို အဆောတလျင် ထုတ်ပြန် ကြေညာခဲ့သည်။ နှလုံး သွေးကြောပိတ် ရောဂါ အန္တရာယ် ကို အဓိက ဖြစ်စေသော အကြောင်းရင်း များကို ဖော်ပြရာတွင် အ၀လွန်ခြင်း ၊ အထိုင်များခြင်း ၊ အသက်အရွယ် ကြီးရင့်ခြင်း ၊ သွေးတွင်း ကိုလက်စထရော ပမာဏ များနေခြင်း ၊ ဆေးလိပ် သောက်ခြင်း နှင့် ဆေးခြောက်ရှူခြင်း တို့ကို မီးမောင်းထိုး ဖော်ပြခဲ့သည်။

သို့လျှင် အမေရိကန် အစိုးရက အဘယ်ကြောင့် ဆေးခြောက်ရှူခြင်း ကို တရားဝင် ခွင့်ပြုခဲ့သနည်း ၊ ဆေးခြောက် သုံးစွဲခြင်းကို တရားဝင် ခွင့်ပြုသည့် ဥပဒေ ထုတ်ပြန်ရန် ဆွေးနွေး ခဲ့စဉ်က ကျန်းမာရေး ရှု့ထောင့်ကို ထည့်သွင်း ဆွေးနွေးခဲ့ခြင်း မရှိဟု ကျန်းမာရေး သုတေသီ များက ဆိုသည်။

လူအများစု ကလည်း ဆေးခြောက်သည် ကျန်းမာရေး နှင့် ညီညွတ်သော သဘာဝ ဆေးရွက်တစ်မျိုး ဖြစ်ကြောင်း ၊ ရောဂါ ဝေဒနာအချို့ ကို သက်သာ ပျောက်ကင်း စေနိုင်ကြောင်း ၊ နာကျင် ကိုက်ခဲခြင်း ၊ မူးဝေ အော့အန်ခြင်း တို့ကို လျှော့ချ ပေးနိုင်ပြီး အစားအသောက် စားချင်စိတ် ရှိလာလေ့ ရှိကြောင်း ကာကွယ် ပြောဆိုကြသည်။ သို့သော် ဆေးခြောက်သည် ကျန်းမာရေး အတွက် ရာနှုန်းပြည့် ကောင်းမွန်သည် ဟုကား မည်သူမျှ မပြောနိုင်ပေ။

ဆေးခြောက်သည် စိတ်ကို ပြောင်းလဲစေသော မူးယစ်ဆေးဝါး တစ်မျိုးသား ဖြစ်ပါသည်။ မူးယစ်ဆေးဝါး အချို့ကို ဆေးဝါး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုရလေ့ ရှိပါသည်။ အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေး အပြင်းစား များတွင် မူးယစ်ဆေးဝါး ပါဝင်တတ်လေ့ ရှိသည့် အတွက် ဆရာဝန်၏ ညွှန်ကြားစာ ဖြင့်သာ ၀ယ်ယူခွင့် ရှိသည့် Oxycodone ကဲ့သို့ အကိုက်အခဲ ပျောက်ဆေးများ ရှိနေခြင်းပင်။

သို့သော် အချို့က မူးယစ်ဆေးဝါး ပါဝင်သည့် ဆေးများကို အလွန်အကျွံ မှီဝဲသုံးစွဲကာ မူးယစ်မှု၏ အရသာကို ခံစားကြ ပြန်သည်။ အချို့နိုင်ငံ များတွင် လွတ်လပ်စွာ ဆေးဝါး ရောင်းချ ၀ယ်ယူခွင့် ရှိနေသည့် အတွက် စိတ်ကို ပြောင်းလဲ စေသည့် အာနိသင် ရှိသော ဆေးဝါးများကို လိုသလောက် ၀ယ်ယူကာ မူးယစ်ဆေးဝါး အဖြစ် တလွဲ ဆံပင်ကောင်း အသုံးချ နေကြသည်ကိုလည်း တွေ့နေရသည်။

အမေရိကန် ပြည်ထောင်စု တစ်ခုတည်းတွင် Oxycodone ကို လိုအပ်သည်ထက် ပို၍ သုံးစွဲခြင်းကြောင့် ဆေးရုံ တက်ရောက် ကုသရသူမှာ နှစ်စဉ် လူတစ်သိန်းထက် မနည်းရှိသည်။ Oxycodone သည် ကင်ဆာ ၊ အဆစ်အမြစ် ရောင်နာ စသည်တို့ကြောင့် ပြင်းထန်သော နာကျင်မှု ဝေဒနာ ခံစားရ သူများအတွက် နတ်ပေးသော ဆေးသဖွယ် နာကျင်မှုကို သက်သာ ပျောက်ကင်း စေနိုင်သော်လည်း လိုအပ်သည်ထက် ပို၍ သုံးစွဲလျှင် အစာအိမ် သွေးကြော ပေါက်ခြင်း ၊ အာရုံကြော ပျက်စီးခြင်း တို့ကို ဆိုးရွားစွာ ဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံး ရသူ ဦးရေမှာလည်း တစ်နှစ်ပြီး တစ်နှစ် ပို၍သာ တိုးလာသည်ကို တွေ့ရသည်။

အလားတူပင် ဆေးခြောက် ဆိုသည်မှာလည်း ဆေးဖြစ် ၀ါးဖြစ် အသုံးပြုတတ်လျှင် နာကျင်ကိုက်ခဲ မှုများကို ပြေပျောက် စေနိုင်သော်လည်း မူးယစ်မှု အရသာအဖြစ် သုံးစွဲလျှင် လူမှုရေး ၊ ကျန်းမာရေး ပြဿနာ များစွာ ဖြစ်နိုင်ပြီး ဆေးခြောက် သုံးစွဲမှုကြောင့် စိတ်ကစဥ့်ကလျား ဖြစ်ကာ ယာဉ်အန္တရာယ် ဖြစ်ခြင်း ၊ လူသတ်မှုများ ကျူးလွန်ခြင်း ၊ မိန်းကလေးများ ဘ၀ဆုံးခြင်း ၊ နှလုံးလေဖြတ် သေဆုံးခြင်း များကို အမြဲတစေ တွေ့နေရသည့် လောကကြီးဝယ် ဆေးခြောက် တရားဝင် သုံးစွဲခွင့် ပြုလိုက်သော အမေရိကန် ၏ ဥပဒေသစ်မှာ နိုင်ငံတိုင်း နီးပါးအတွက် ထူးဆန်နေပြီး မိမိနိုင်ငံတွင်လည်း အလားတူ အခွင့်အရေးမျိုး တောင်းဆို လာကြမည်ကို စိုးရွံ့ နေကြသည်။

စိတ်ပညာရှင် များက စိတ်ဓာတ် မခိုင်မာ သူများသည် မူးယစ်ဆေး တစ်မျိုးမျိုး ကို စွဲလမ်းတတ် ကြပြီး အချို့ကလည်း အရက်၏ ကျေးကျွန် ဖြစ်သွား တတ်ကြောင်း ၊ ပြဿနာ နှင့် အခက်အခဲ များကို ဖြေရှင်းရန် မကြိုးစားဘဲ မူးယစ် တွေဝေနေခြင်း ဖြင့် နာကျင်သည့် ခံစားမှုမှ ရှောင်ပြေးရန် ကြိုးပမ်း တတ်ကြကြောင်း ၊ ဆေးခြောက် သုံးစွဲသူများ၏ ၉၅ ရာခိုင်နှုန်းတွင် နှလုံး သွေးကြောပိတ် ရောဂါကို တွေ့ရပြီး ၄င်းတို့အနက် ၂၅ ဒသမ ၆ ရာခိုင်နှုန်းမှာ အချိန်မတိုင်မီ နှလုံးသွေးကြောပိတ်ကာ သေဆုံးရလေ့ ရှိကြောင်း ထောက်ပြ ပြောဆိုသည်။

" နှလုံး သွေးကြောပိတ် ရောဂါဟာ စဖြစ်ပြီ ဆိုတာနဲ့ မပျောက်ကင်း နိုင်တော့ ပါဘူး ၊ ပိုဆိုး မလာအောင် ထိန်းထား တာမျိုးကိုပဲ တတ်နိုင်တာပါ ၊ ဒါကြောင့် နှလုံးသွေးကြောပိတ် စေမယ့် နေထိုင် စားသောက်မှု မျိုးကို အစကတည်းက သတိထားပြီး ရှောင်နိုင်မယ် ဆိုရင် အကောင်းဆုံးပါ ၊ ဒီလို အခြေအနေ မျိုးမှာ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် ဆိုတာ ပေါ်လာတော့ ကျွန်တော်တို့ရဲ့ နှလုံးရောဂါ ဝေဒနာရှင် ဦးရေ မှတ်တမ်းမှာ ကိန်းဂဏန်းတွေ ပိုလာတော့ မှာပါ .... " ဟု နှလုံး ပါရဂူ တစ်ဦးက ပြောပြသည်။

အရက် ၊ မူးယစ်ဆေးဝါး စသည်တို့ကို ကိုယ်စိတ်နှလုံး ထိခိုက်အောင် သုံးစွဲ သူများသည် မိမိ၏ ကိုယ်ပိုင် တန်ဖိုးကို လက်လွှတ် ဆုံးရှုံးခဲ့ရသူ များ ဖြစ်ကြောင်း ၊ ဘ၀ကို အရှုံးပေးကာ မူးယစ်မှု ၀ဲဂယက်ထဲ စုံးစုံးမြှုပ်အောင် ခုန်ဆင်းကြလေ့ ရှိပြီး " တစ်နေ့ သေမှာပဲ ၊ ဘာဆန်းလို့လဲ " ဟူသော စကားကို တွင်တွင်ပြော တတ်သူများ ဖြစ်ကြောင်း ၊ ဆေးခြောက်ကို တရားမ၀င် မူးယစ်ဆေးဝါး အဖြစ် ကန့်သတ် ထားခဲ့သည့် အချိန်တွင်ပင် 

ဆေးခြောက်ကြောင့် နှလုံးလေဖြတ် သေဆုံးသူဦးရေ ဤမျှ မြင့်မား နေရာဝယ် ယခုကဲ့သို့ ဆေးခြောက် သုံးစွဲမှုကို တရားဝင် ခွင့်ပြု လိုက်ခြင်းကြောင့် ပြန်ပြင်၍ မရနိုင်တော့သော ကျန်းမာရေး ထိခိုက်မှုကို လူအများ ခံစား ရတော့မည် ဖြစ်ပြီး အမျိုးသား ကျန်းမာရေး တစ်ရပ်လုံးကို အဆင်းဘီး တပ်ပေးသည့်နှယ် ဖြစ်လာနိုင်ကြောင်း ၊ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု ဒုတိယ အများဆုံး ဖြစ်သည့် ပြင်သစ်နိုင်ငံ မှ ကျန်းမာရေး သုတေသီများ ကလည်း ဝေဖန် ပြောဆို လိုက်သည်။

အမေရိကန် ပြည်ထောင်စု သည်ကား မလှပသော အနာဂတ်ကို မိမိကိုယ်တိုင် ဥပဒေပြု ဖန်တီးလိုက်ပြီ ဖြစ်သည်။ အသက် ၂၈ နှစ်အောက် လူငယ်များ အနက် ၂၈ ဒသမ ၃ ရာခိုင်နှုန်းမှာ ဆေးခြောက် သုံးစွဲသူများ ဖြစ်ခဲ့ရာ ယခုအခါ အဆပေါင်းများစွာ တိုးလာရန်သာ ရှိတော့သည်။ နိုင်ငံတွင်း ခေတ်စားသော အမြန်ရ အစားအစာ ၏ ကျေးဇူးကြောင့် ၁၂ နှစ်အောက် ကလေးများ အ၀လွန်မှု အများဆုံး နိုင်ငံမှာလည်း အမေရိကန် ပင် ဖြစ်သည်။ အမေရိကန် မျိုးဆက်သစ် လူငယ်များသည် အ၀လွန်ပြီး ဆေးခြောက် မူးဝေနေသော နှလုံးရောဂါကြောင့် ချည့်နဲ့ နေကြကာ အရွယ်ငယ်ငယ် နှင့် သေဆုံးမည့် နိမိတ် လက္ခဏာကို ယခုပင် မြင်တွေ့ နေရပြီ ဖြစ်သည်။

သဘာဝ ဖြစ်စေ ၊ လူလုပ် ဖြစ်စေ ၊ မူးယစ်ဆေးဝါး သည် ကောင်းကျိုး မပေးနိုင်ပါ။ စိတ်ဓာတ် ပျော့ညံ့သူများ အတွက် အရှက်ဖြေရန် အကြောင်းပြချက် တစ်ခုသာလျှင် ဖြစ်ပါသည်။ မည်သည့် အကြောင်းကြောင့် ဖြစ်စေ မူးယစ်ဆေးဝါး သုံးစွဲသူ ဖြစ်မသွားရန် ကိုယ့်ကိုယ်ကိုယ် အားတင်းထိန်း ထားရင်း မူးယစ်ဆေးဝါး သုံးစွဲကာ ဘ၀ဆုံး နေသော လူငယ်များကိုလည်း ၀ိုင်းဝန်း ကူညီရင်း ကျန်းမာသော နိုင်ငံတော်ကြီး တည်ဆောက် နိုင်ရန် လေ့လာ ရေးသား တင်ပြအပ် ပါသည်။ (TMK)

#Yadanarpondaily

ချိုမြိန်သော အဆိပ်


ချိုမြိန်သော အဆိပ်

မဒါလေး

နံနက်ခင်း အလင်းရသည်နှင့် လိုအပ်သော စိတ်ဆန္ဒတို့ဖြင့် ဆာလောင် မွတ်သိပ်စွာ နိုးထလာသည်။ ယခုအချိန် ဆိုလျှင် လူက မလိုက်နိုင် သော်လည်း စိတ်က အလိုလို ရောက်နှင့် နေသည်။ ယခုအချိန် ထိုနေရာသို့ မိမိရောက်အောင် သွားရမည်။ တောင်အဆင်းလေး မှ ၁၀ မိနစ်လောက် လမ်းလျှောက် လိုက်လျှင် မြေညီလမ်း လေးကို အရင် တွေ့ရသည်။ ပြီးမှ ဘုရားဝင်းကို ကျော်ပြီး လမ်းဖြောင့် အတိုင်း လျှောက်လိုက်လျှင် သွားလိုသော နေရာသို့ ရောက်ပြီ။ ထိုနေရာကို လွန်ခဲ့သော ၈ နှစ် ၊ ၉ နှစ် ကတည်းက စတင် ရောက်ဖူးခဲ့ခြင်း ဖြစ်သည်။

မန်းမြေ၏ အထာကျသည့် အဖိတ် ၊ ဥပုသ် အလုပ်နားရက် တို့တွင် အပန်းဖြေရင်း အနားယူရင်း မိတ်ဆွေ သူငယ်ချင်း များနှင့် တွေ့ဆုံရင်း ထိုနေရာက ဆုံမှတ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုနေရာသည် အေးချမ်း၏။ ဆန္ဒများနှင့် ပြည့်နှက်နေသည်။ ရင်ဖွင့်သံ များနှင့် မျှဝေ ခံစားမှုများ ပြည့်လျှံ နေသည်။ စိတ်ထဲရှိသော မကျေနပ်ချက် များ ၊ သောကများ ၊ အဆင်မပြေ မှုများကို အရှက်အကြောက် မရှိ ဖွင့်ဟနိုင်၏။ တစ်ယောက် နှင့် တစ်ယောက် မကူညီ နိုင်သော်လည်း ၀ိုင်းဝန်း အကြံပေး ကြသည်။ ယခုထိလည်း ထိုနေရာသည် အမျိုးမျိုးသော ဘ၀များ ဆုံဆည်းရာ အဖြစ် သာယာ နေသေးသည်။

လေးလံသော ခြေလှမ်းများကို သယ်ဆောင်ရင်း ထိုနေရာသို့ ရောက်ခဲ့ပြီး " ထနောင်းရိပ် " ဆိုသော ဆိုင်းဘုတ်၏ နောက်ရှိ ဆိုင်တံခါး တို့မှ ပိတ်ထားဆဲ။ ရင်ထဲ ဆို့တက်လာသော အပူကို တပ်မက်ခြင်းက အနိုင်ယူသော အခါ ဆိုင်တံခါး တစ်ချပ် ပွင့်လာပြီး အတွင်းမှ ဆိုင်ရှင်က ခက်ထန်သော မျက်နှာနှင့် ထွက်လာသည်။ ယခင်က ထိုမျက်နှာမျိုး မဟုတ်သည်မှာ သေချာသည်။ ယခုအခါ ကိုယ်လိုရာ ရရန် သူ့ကို မျက်နှာချိုသွေး ရပေတော့မည်။

ဒေါသတို့ကို ပြန်မျိုချရင်း ဖွင့်ပေးသော တံခါးတစ်ချပ်မှ အသာ တိုးဝင်လိုက်ပြီး ဆိုင်အတွင်း နေရာ ယူလိုက်သည်။ ထုံးစံအတိုင်း လာချသော ယမကာ တစ်ပိုင်းကို ခပ်မြန်မြန် မော့လိုက်သည်။ ယခုမှ ရင်ထဲ ပေါ့သွား သလို ထင်မိသည်။ သို့သော် လည်ပင်း မှ ၀မ်းထဲအထိ ပူဆင်းသွားသော အရသာမှာ ယခင်လို မချိုမြိန်တော့ပေ။ နံနက် စောစောမို့ အမြည်း မရသေး။ ရလျှင်လည်း မစားနိုင်။ နံနက်ပိုင်း သောက်ဖို့ပင် အနိုင်နိုင်။ အိမ်ကလည်း အရင်လို မဟုတ်။ နံနက်ပိုင်း အတွက် ငွေနှစ်ရာ ပေးရသည် ကိုပင် မကြည်ဖြူချင်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ နံနက်အတွက် နေသာထိုင်သာ ရှိသွားပြီမို့ အဆင်ပြေပြီ။ ညနေ အတွက်သာ ငွေနှစ်ရာ ရှာရန် စဉ်းစားရမည်။ ဘုရားအနီး က ဆိုင်တွင် အမှိုက်သွန် ပေးလျှင်လည်း တစ်ခါတလေ ငွေကျပ် ၅၀၀ လောက် ရနိုင်သည်။ အတွေးတို့ဖြင့် ထိုဆိုင်မှ အထွက် လေးငါးလှမ်းလောက် လျှောက်အပြီး ခန္ဓာကိုယ် တစ်ခုလုံး အားလျော့ လာသည်။ ရုတ်တရက် ခြေထောက်က ခွေယိုင်လာပြီး ရှေ့မှာေ၀၀ါးနေသည်။ အားတင်းပြီး ဆက်လျှောက် ကြည့်သည်။ တစ်လှမ်း ... နှစ်လှမ်း ... သုံးလှမ်းလောက်တွင် ဘယ်လိုမှ မရပေ။ ဆိုင်တစ်ဆိုင် ၏ ဆိုင်းဘုတ်အောက်တွင် လဲကျသွားသည်။ စိတ်ထဲတွင် လမ်း ဆက်လျှောက် နေသည်။ မျက်ရည်များ ကျလာသည်။ ထို့နောက် ... ကျွန်တော့် နာမည်မှာ အများက အီးတီ ဟု ခေါ်ကြသည်။ ပန်းရန် အလုပ်ကို ကျွန်တော် ၈ တန်းနှစ် ကျောင်းထွက်ပြီး ကတည်းက စလုပ်ခဲ့သည်။ အလုပ်သမားတို့ ထုံးစံအတိုင်း အဖိတ် နှင့် ဥပုသ် နားရက်တွင် အဆိုပါဆိုင်ကို ကျွန်တော် ရောက်ခဲ့သည်။ အစပိုင်းတွင် ၀ါရင့် အစ်ကိုကြီး များက ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူတို့နှင့် အတူ အမြည်းစားရင်း သူတို့ ဖွင့်ချသော လူမှုရေး ၊ စီးပွားရေး ၊ အချစ်ရေး ခံစားချက် များကို နားထောင် ရသည်မှာ တစ်မျိုး အရသာ ရှိလှသည်။ တဖြည်းဖြည်း အလာစိပ် လာသောအခါ ကိုယ်တိုင်လည်း စမ်းကြည့်ချင် လာသည်။ ပထမဆုံး သောက်လိုက်စဉ်က ပါးစပ် နှင့် ရင်ထဲတွင် ပူထူကုန်သည်။ လည်ချောင်း တစ်လျှောက် ဓားနှင့် မွှန်းလိုက် သလား မှတ်ရသည်။ ခါးသက်သည့် အရသာသည် ကျွန်တော့် ပါးစပ်နှင့် အထာမကျသေး။ အနီးရှိ ဆိတ်သားခြောက် လေးကို အမြန်ဝါး လိုက်မှ သက်သာသလို ရှိသည်။ ဘေးမှ အပေါင်းအဖော်များ ၀ိုင်းရယ် နေကြသည်ကို စိတ်ထဲက မကျေမနပ် ဖြစ်မိသည်။ ထို မကျေနပ် ချက်ကြောင့်ပင် တစ်စတစ်စ အစပျိုးခဲ့သည် မဟုတ်ပါလား။ စစချင်းတွင် ပူလောင်သလို နှင့် တဖြည်းဖြည်း အခါးဓာတ်၏ အရသာမှာ ချိုသလိုလို ဖန်ခွက်နှင့်တစ်ကျိုက် မော့လိုက် အမြည်းလေး ၀ါးလိုက်နှင့် စည်းချက် ကိုက်လှသည်။ တဖြည်းဖြည်း အခါးဓာတ်၏ အရသာမှာ ချိုမြမြနှင့် ရှတတ နိုင်လှသည်။ ထိုအရသာ ကို စွဲမက် မိလေပြီ။ သည်လိုနှင့် အဖိတ် ၊ ဥပုသ်နေ့တိုင်း ရောက် တစ်လှည့် ပြတ်တစ်ခါ ဖြင့် နှစ်တွေ ကြာလာခဲ့သည်။ အချိန် ကြာလာသည်နှင့် အမျှ ထိုနေရာသို့ သွားလိုစိတ်မှာ အဖိတ် ၊ ဥပုသ်နေ့ တို့တွင် သာမဟုတ်ဘဲ နေ့တိုင်းလိုလို ရောက်ဖြစ်သည်။ အဖိတ်နေ့ ငွေထုတ်ရက်တွင် စိတ်ကြိုက် သောက်ပြီး ကျန်ရက်များတွင် ဖြစ်သလို ဖြေရှင်းသည်။ ကျွန်တော့်ထက် ၀ါရင့်သော သူတစ်ဦးက ဒီအရက်တွေက " အဆိပ် " တွေဟု ပြောဖူးသည်။ အရက်ဆီ နှင့် ရေရောစပ် ပြီးသားကို နှစ်ရက် သုံးရက်နေမှ သောက်သင့်သည်။ မဟုတ်ပါက အဆိပ် ဖြစ်တတ်သလို ကျန်းမာရေး ထိခိုက်နိုင်သည်။ ရှင်းရှင်း ပြောရရင်တော့ မြန်မြန်သေမယ်။ သို့သော် ကျွန်တော်တို့ ရှိနေခိုင်မှာပင် လတ်လတ် ဆတ်ဆတ် ရောစပ်နေသော အရက်ဆီ စူးရှရှမှာ တစ်မျိုး ဆွဲဆောင် နေသည်။ ထိုအရာကို အဆိပ်ဟု ဆိုစေဦးတော့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါ။ လူအများ နှစ်ခြိုက်စွာ သောက်နေကြ သဖြင့် အဆိပ်ဟု မည်သူက ထောက်ခံ ပါမည်နည်း။ ပြောသူသာလျှင် အရူးဖြစ်မည်။ ဘာပဲပြောပြော အဆိပ်သည် ချိုနေသည်မှာ ထူးဆန်းသည်ဟု ပြောရမည်။ ကြာပါပြီ။ နှစ်ကြာ လာတော့ အမြည်းမပါဘဲ သောက်တတ် လာသည်။ အလုပ် မသွားဘဲလည်း အရက်ဖိုး ရှာတတ် လာသည်။ အရက်သည် တဖြည်းဖြည်း နည်းရုံမက ကုန်ခန်းလာသည်။ အပေါင်းအသင်း များနှင့် စကားပြောရန် ထက် တွေ့လျှင် အရက်ဖိုး တောင်းသော အဆင့်သို့ ရောက်လာသည်။ အပေါင်းအသင်း များလည်း ရှောင်သွား ကြသည်။ ယခင်က အမြည်း အလကား ကျွေး၍ တိုက်ခဲ့ကြ သူများက ကျွန်တော် လာလျှင်ပင် မမြင်ချင် ဟန်ဆောင် နေကြသည်။ ထို့ကြောင့် ထိုဆိုင်ကို နေ့ခင်းဘက်တွင် အရောက်နည်း ခဲ့သည်။ နံနက် စောစော နှင် ညနေပိုင်းသည် အဆင်ပြေသည်။ တစ်ခါတစ်ရံ ညနေပိုင်း အလှပ်မှ ပြန်လာသော လုပ်ဖော် ကိုင်ဖက်ဟောင်း များနှင့် ကြုံလျှင် တိုက်သွား တတ်ကြ သေးသည်။ တစ်စတစ်စနှင့် နံနက် ၊ နေ့လယ် ၊ ညနေအချိန် ဆက်လာ ကြသည်။ ဆာလောင်မှု အာသာ မပြေမှုက ပိုမို ဆိုးဝါးလာသည်။ အဝေးမှ ကြည့်လျှင် ကျွန်တော့်ကို ခေါင်းသာ မြင်ရသည်ဟု အမေက ပြောသည်။ လူက ခေါင်းကြီး ၊ ကိုယ်သေး နှင့် ကြည့်ရဆိုးသည်။ တချို့က အရက်သမားဗိုက် ၊ အရက်နာဗိုက် ဟု ကင်ပွန်းတပ် ကြသေးသည်။ လူကပိန်ပြီး ဗိုက်က ပူလာသည်မှာ ထို အရည်တွေ သောက်လို့ပဲ ဖြစ်မည်။ ထိုအရာက ကျွန်တော့် အတွက် အရေးမကြီး ၊ အရေးကြီး သည်က တစ်နေ့ သုံးကြိမ် မှန်မှန်သောက် ရရေး မိသားစုထံမှ အရက်ဖိုး ရရေးပင် ဖြစ်သည်။ တချို့ နောင်တော်ကြီး များမှာ ကျွန်တော့်လို ခန္ဓာကိုယ် နှင့် တစ်ယောက်ပြီး တစ်ယောက် ပျောက်ပျောက် သွားကြသည်။

ဒါကိုလည်း မှုစရာမလို။ လူတိုင်း လာရာလမ်းကို အချိန်တန်လျှင် ပြန်ရမည် မဟုတ်ပါလား။ " ဒီမှာ ... ဒီမှာ ... အရက်မူးသမား တစ်ယောက် လဲနေတယ်။ ဆိုင်းဘုတ်နားမှာ " အမျိုးသမီး တစ်ယောက် ၏ အသံပင်ဖြစ်သည်။ အခြားသူများ ၀ိုင်းလာကြသည်။ " ဒီ အရက်သမား သေနေပြီလား မသိဘူး ၊ လုပ်ကြပါဦး " ၊ " အောင်မာ လူကိုများ အရက်သမားတဲ့ " ၊ " အီးတီပဲ ဒီကောင် သေပြီလား မသိဘူး " မည်သူမျှ ၀ိုင်းထူ မပေးဘဲ ၀ိုင်းအုံ ကြည့်နေသည်။ သိက္ခာတော့ အကျမခံ အားယူ ကုန်းထ လိုက်သည်။ ကြောက်သလို ရွံ့သလို နှင့် လူများ နောက်ဆုတ် သွားကြသည်။ တစ်လှမ်း ... နှစ်လှမ်း ... ရှေ့မှာေ၀၀ါးနေသည်။ အမေ ... အမေ ... ကျွန်တော် ပြန်လာနေပြီ ရေရွတ်လျက် လှမ်းလိုက်သည်။ စိတ်က အိမ်ကို ရောက်နေသည်။ သို့သော် ....

#Yadanarpondaily

ခရီးသွား နိုင်ငံခြားသူ၏ ဒေါ်လာ ၄၀၀ တန် ပျောက်ဆုံး ကင်မရာကို တာဝန်သိ ပြည်သူတစ်ဦးက ပြန်လည်ပေးအပ်



မန္တလေး ၊ ၂၈-၄-၂၀၁၄

မန္တလေးမြို့ ၊ အတုမရှိ ရွှေကျောင်းတော်ကြီး ၊ ရှေးဟောင်း သုတေသန ဦးစီးဌာနရုံး ၌ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သီဟ ၊ မန္တလေးမြို့ ၊ နိုင်ငံခြား ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူး ဦးမောင်မောင်အေး ၊ ကုသိုလ်တော် ရဲကင်းမှ ရဲကင်းမှူး တို့သည် အမေရိကန် ဒေါ်လာ ၄၀၀ တန်ဖိုးရှိ Panasonic Dmc, LUMIXGF-1 ခဲရောင် ကင်မရာ တစ်လုံးကို ပိုင်ရှင်ဖြစ်သူ Ms. Leung Wai Han Emily ဆိုသူ တရုတ်နိုင်ငံသူ ထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၆ ရက် ညနေ ၃ နာရီခွဲက အောင်မြေသာစံ မြို့နယ် ၊ ရွှေကျောင်းရှေ့ လမ်းပေါ်ရှိ မုန့်မျိုးစုံဆိုင် ရေခဲပုန်းပေါ် တွင် ပိုင်ရှင်မဲ့ ခဲရောင် ကင်မရာ တစ်လုံးကို တွေ့ရှိသဖြင့် ရှေးဟောင်း ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သီဟ က ယာယီ ထိန်းသိမ်း ထားခဲ့ကြောင်း ၊ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့မ ရဲစခန်း သို့ နိုင်ငံခြားသူ တစ်ဦး ကင်မရာ ပျောက်ဆုံး၍ လာရောက် သတင်းပို့ ထားကြောင်း သိရသဖြင့် မြို့မ ရဲစခန်း ၊ နိုင်ငံခြားသား ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ တို့သည် အဆိုပါ နိုင်ငံခြားသူ တည်းခိုလျက် ရှိသည့် မန္တလေး လမ်း ၈၀ ၊ ၃၂x၃၃ လမ်းကြား ရှိ Palace Hotel အခန်းအမှတ် 801232 (FIT) ကို ဆက်သွယ်၍ အဆိုပါ ပျောက်ဆုံးနေသော ကင်မရာ ကို ပြန်လည် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (၁၅၆)

#Themyawadydaily

စည်းကမ်းလိုက်နာ ဘေးရန်ကင်းကွာ


စည်းကမ်းလိုက်နာ ဘေးရန်ကင်းကွာ

" စည်းကမ်းဟူသည် လူ၏တန်ဖိုး " ဆိုသည့် စကားအတိုင်း လူ့ကျင့်ဝတ် လူ့စည်းကမ်း ဥပဒေ များကို လိုက်နာခြင်းသည် တိုးတက် ကြီးပွား ချမ်းသာလိုသော သူများ ထားရှိရမည့် အရည်အချင်း ကောင်း တစ်ခု ဖြစ်သည်။ လူတိုင်း စည်းကမ်းကို လိုက်နာ ကျင့်သုံး ခြင်းဖြင့် နိုင်ငံကြီးသား ပီသပြီး တန်ဖိုးရှိသော လူနေမှု အဆင့်အတန်း ကို ရရှိမည် ဖြစ်ပေသည်။

ငယ်စဉ် ဘ၀မှစ၍ စည်းကမ်းကို လိုက်နာ ကျင့်သုံးသူသည် လူမှုဘ၀ နယ်ပယ်၌ ပြောဆို ဆက်ဆံ လုပ်ကိုင် ဆောင်ရွက် ရာတွင် အခက်အခဲ မရှိ ၊ ၀န်ထုပ် ၀န်ပိုးမဖြစ် ကောင်းစွာ နေထိုင် လုပ်ကိုင် ဆောင်ရွက် တတ်မည် ဖြစ်ပေသည်။

အစကောင်းမှ အနှောင်းသေချာ ဟူသော ဆိုရိုးစကား အရ ငယ်စဉ်ဘ၀ မှစ၍ စည်းကမ်း လိုက်နာ နေထိုင် လာခဲ့သူသည် ကြီးပြင်း အရွယ်ရောက် လာသည့် အခါတွင် မည်သည့် အရာကို မဆို အခက်အခဲ မရှိ ဆောင်ရွက် နိုင်မည် ဖြစ်သည်။ စည်းကမ်းကို လိုက်နာ ကျင့်သုံးခြင်း မရှိသူ အတွက် ၀န်ထုပ် ၀န်ပိုး ဖြစ်နေပြီး တာဝန်တစ်ခု ထမ်းဆောင်း နေရသည်ဟု ယူဆ ကြသည်။

လူမှု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တွင် နေထိုင် ကြရာ၌ လိုက်နာရန် စည်းကမ်းများ သတ်မှတ် ထားပြီး ဖြစ်သည်။ မိသားစု အတွင်း၌ အိမ်စည်းကမ်း ၊ ကျောင်း၌ ကျောင်းစည်းကမ်း ၊ အလုပ်ဌာန တို့၌ အလုပ်ခွင် စည်းကမ်း ၊ လမ်းများ၌ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း စသည်ဖြင့် နေရာဌာန အလိုက် သတ်မှတ် ပေးထားခြင်း ဖြစ်သည်။ အဆိုပါ စည်းကမ်းချက် များကို လိုက်နာ ကျင့်သုံး မှသာ တန်ဖိုးရှိသော လူဖြစ် ပေသည်။

ရုံးလုပ်ငန်းခွင် ၊ အလုပ်ခွင်တွင် ရုံးစည်းကမ်း ကို လိုက်နာ ကျင့်သုံးသူသည် ၀န်ထမ်းကောင်း တစ်ဦးဖြစ်ပြီး လုပ်ငန်း တိုးတက် အောင်မြင်မည် ဖြစ်သကဲ့သို့ လမ်းများပေါ်တွင် သွားလာ မောင်းနှင်လျက် ရှိသော ယာဉ်မောင်းများ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း များကို လိုက်နာပါက ယာဉ်အန္တရာယ်မှ ကင်းဝေးမည် ဖြစ်ပေသည်။ စည်းကမ်း လိုက်နာသူသည် ဘေးကင်းကွာပြီး ကောင်းကျိုး ချမ်းသာ ကိုလည်း ခံစား ကြရမည် ဖြစ်ပေသည်။

တစ်ချိန်က ကိုယ့်ထီး ၊ ကိုယ့်နန်း ၊ ကိုယ့်ကြငှန်း နှင့် နေထိုင် ခဲ့ကြသော မြန်မာတို့ နယ်ချဲ့ လက်အောက် ကျရောက် ခဲ့ရခြင်းသည် စည်းကမ်းဖောက်၍ ထီးနန်းပျောက် ခဲ့ရခြင်း ဖြစ်သည်။ စည်းကမ်း ဖောက်၍ ရရှိခဲ့သော ဆိုးကျိုး ဖြစ်ပေသည်။

တစ်ဦး တစ်ယောက်မှ စပြီး ပြည်သူ အားလုံးက စည်းကမ်းကို အလေးထား လိုက်နာ ခြင်းသည် မိမိ၏ ဂုဏ်သိက္ခာကို မြှင့်ခြင်း ၊ နိုင်ငံ၏ ဂုဏ်ကိုမြှင့်ခြင်း ၊ နိုင်ငံကို ကာကွယ် စောင့်ရှောက်ခြင်း စသည့် အကျိုးထူး တို့ကို ဖော်ဆောင် နိုင်မည် ဖြစ်ပေသည်။

သို့ဖြစ်ရာ ပြည်သူ အားလုံးတို့က ချမှတ် ထားသော ကျင့်ဝတ် ၊ စည်းကမ်း များကို မိမိ အသိစိတ်ဓာတ်ဖြင့် အလေးထား လိုက်နာပြီး နေထိုင် သွားလာ လုပ်ကိုင် ကြပါက လူ့တန်ဖိုး မြင့်ပြီး ဘေးရန် ကင်းကွာ၍ ကောင်းကျိုး ချမ်းသာများ ရရှိ ခံစား ကြရမည် ဖြစ်ပါကြောင်း ဆန္ဒပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၄-၂၀၁၄) တနင်္လာနေ့



Download Links

Sunday, April 27, 2014

မတူညီသော ကျောင်းသူနှစ်ဦး


မတူညီသော ကျောင်းသူနှစ်ဦး

အရှင်အဂ္ဂသာရ (မန္တလေး)

မူလတန်း ၊ အလယ်တန်း ကျောင်းတွေ စာမေးပွဲပြီးလို့ တစ်ပတ်လောက် အကြာမှာ ရဟန်းဒကာမ ဖြစ်သူရဲ့ အိမ်ကို ဆွမ်းခံရင်းနဲ့ ရောက်ဖြစ် ခဲ့ပါတယ်။

" အိမ်က ကလေးရော မတွေ့ပါလား ၊ အခု ဘာတွေ လုပ်နေတာလဲ ၊ ကျောင်းတွေ ပိတ်ပြီဆိုတော့ " ဟု ဆိုပြီး စကားစပ်မိရင်း မေးလိုက် မိသည်။ အိမ်က ကလေးဆိုတာ ရဟန်း ဒကာမ ဖြစ်သူရဲ့ အငယ်ဆုံး သမီး သုံးတန်း ဖြေဆိုထားတဲ့ ကျောင်းသူလေး ကို ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

" ကလေးလား နွေရာသီ ကျောင်းတွေ ပိတ်တော့လဲ မနားရ ပါဘူး ဦးပဉ္စင်းရယ် .." ဟု အစချီကာ " မနက် ကိုးနာရီကနေ ဆယ့်တစ်နာရီထိ မြန်မာကျောင်း ၊ နေ့လည် နှစ်နာရီ ကနေ လေးနာရီ အတွင်းက အင်္ဂလိပ်ကျောင်း ၊ လေးနာရီ နောက်ပိုင်း ကျတော့ ပန်းချီ သင်တန်း ၊ ရေကူး ၊ ညပိုင်း ကျရင်တော့ လာမယ့်နှစ် အတန်း အတွက် ဘာသာစုံ ကျူရှင် ... " ဟု တစ်နေကုန် အချိန်တွေကို စီကာ ပတ်ကုံး ကလေးအတွက် ဂုဏ်ယူ ၀င့်ကြွားတဲ့ လေသံနဲ့ ရွတ်ပြ နေပါတယ်။

" အင်း ကလေးကလည်း မနားရပါလား .." ဆိုတော့ " မနားရတော့ဘူး ဦးပဉ္စင်းရေ ၊ တစ်ပတ် ငါးရက်လုံးပဲ ၊ စနေ တနင်္ဂနွေ နှစ်ရက်ပဲ နားရက် ရှိတာ ၊ အဲဒီ နှစ်ရက် အတွင်းပဲ နားပေါ့ ၊ အခု ကတည်းက ကြိုသင် ထားမှလဲ နောက်နှစ်အတွက် အဆင်သင့် ဖြစ်လာမှာလေ ... " တဲ့။

-------------------

ပြီးခဲ့တဲ့ နှစ်ရက် ၊ သုံးရက် က မိဘနှစ်ပါး နဲ့ မွေးချင်းတွေ ရှိတဲ့ ဇာတိရွာလေး ဆီကို အလည် ရောက်သွား ခဲ့ပါတယ်။ နေ့လယ် နှစ်နာရီလောက် ရွာကို ရောက်သွားခဲ့ပြီး ရွာဦးကျောင်း ဆရာတော် ကို လှူစရာ ရှိတာလေး လှူပြီး ကျောင်းနဲ့ မလှမ်းမကမ်း မှာရှိတဲ့ မိဘတွေရှိရာ အိမ်ကို ထွက်လာခဲ့တယ်။

မိဘတွေနဲ့ စကားပြော နေရင်း ကိုးတန်း ကျောင်းသူ ညီမလေး တစ်ယောက်ကို မတွေ့ရလို့ " ဘယ်သွားတာလဲ ၊ အိပ်နေတာလား ..." လို့ မေးကြည့်တော့

" ဦးပဉ္စင်း ညီမက ဒီနှစ်ကိုးတန်း ဖြေထားတယ်လေ ၊ နောက်နှစ် ဆယ်တန်း တက်ရမှာ ၊ အိပ်နေတာ မဟုတ်ပါဘူး ၊ တောထဲလိုက် သွားတာ ... " တဲ့။ အမေ့ရဲ့ စကားကို ကြားလိုက် ရတော့ " ဟာ ... တောထဲ လိုက်သွားတာ ဟုတ်လား ၊ နေက ဒီလောက် ခြစ်ခြစ်တောက် ပူနေတာကို ဒကာမကြီး တို့ကလဲ ကလေးကို ထည့်ရသလား ... " ဆိုတော့ အမေက စာရေးသူ ကို ပြုံးပြုံးကြီး ပြန်ကြည့်ပြီး " ဦးပဉ္စင်း ကလဲ နေမူတာများ အဆန်းမှတ်လို့ ၊ နေပူလို့သာ အလုပ် မလုပ်ရဘူး ဆိုရင် တပည့်တော်တို့ တစ်ရွာလုံး ဘယ်လို အသက်ရှင် နေနိုင်မှာလဲ ..." တဲ့။

" ဦးပဉ္စင်း ညီမက ကျောင်းဖွင့်တော့လဲ ကျောင်းစာတွေနဲ့မို့ ပင်ပန်းရသလို ၊ ကျောင်းပိတ် ပြန်တော့လဲ အိမ်ရဲ့ စားဝတ်နေရေး အတွက် တစ်နေကုန် တစ်နေခန်း နားရတယ်ကို မရှိဘဲ ပင်ပန်း လိုက်တာတော့ ပြောမနေ ပါနဲ့တော့ ၊ မနက် အိပ်ရာထ ငါးနာရီ လောက်ဆိုရင် ထမင်းကြမ်း စားပြီး တောထွက် ၊ နေ့ခင်း ဆယ့်တစ်နာရီ လောက် ပြန်လာ ထမင်းစားပြီး ခဏတဖြုတ်နား ၊ နေ့လယ် တစ်နာရီထိုးရင် ပြန်ထွက် ညနေ မှောင်ရီပျိုး မှပဲ ပြန်လာရတယ် ၊ လုပ်အားခ ကျပြန်တော့ တစ်ရက်မှ ငွေ ၁၂၀၀ ၊ ၁၃၀၀ လောက်ရတာ ၊ ဒီအလုပ်မှ မလုပ်ချင်ဘူး ဆိုရင်လဲ ဘာမှ လုပ်စရာ မရှိတော့ဘူးလေ ၊ ဒီလိုပဲ တပည့်တော် တို့ရွာ တစ်ရွာလုံး လုပ်စားနေရတာပဲ ၊ ပင်ပန်းပါတယ် ... ဦးပဉ္စင်း ညီမလေး လဲ တစ်နေကုန် တစ်နေခန်း သူပဲ ဒိုင်ခံ လုပ်နေရတာ ...." ။

" လာမယ့်နှစ် ဆယ်တန်း တက်ရမှာလဲ ဆိုသေး ကျူရှင်လေး ဘာလေး မယူဘူးလား ... " ဆိုတော့ ဦးပဉ္စင်းရယ် အဲဒါတွေက ဝေးပါသေးတယ် ၊ အခု လောလောဆယ် ကျူရှင် တက်ဖို့ထက် လာမယ့်နှစ် ဆယ်တန်း ဆက်တက် နိုင်ဖို့အတွက် အခု ကတည်းက ကျောင်းစရိတ် ရအောင် ရှာနေရ တာပဲ ၊ သူရတဲ့ လုပ်အားခလဲ တပည့်တော် တို့ကို တစ်ချို့ တစ်ဝက်ပဲ ပေးပြီး ကျန်တာ သူဘာသာသူ စုထားတာပဲ ၊ ကျူရှင် ကတော့ ယူမနေတော့ ပါဘူး ၊ အချိန်လဲ မရပါဘူး ၊ တစ်နေကုန် တစ်နေခန်း အလုပ်လုပ်ပြီး ပင်ပန်းထားတော့ ညရောက် ပြန်တော့လဲ ထမင်းစားပြီး အိပ်ရာထဲ တန်းဝင် တော့လာပဲ ... "

အမေဖြစ်သူရဲ့ စကားကို နားထောင်ပြီး " သူတို့ ပြောတာလဲ ဟုတ်တာပဲလေ " ဆိုပြီး ညီမဖြစ်သူ အတွက် စိတ်မကောင်း ဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး ။ " ကဲ ...  ဦးပဉ္စင်းလဲ ကျောင်းပြန်ကြွ တော့မယ် ညကျမှ တစ်ခေါက် ပြန်လာ ခဲ့မယ် ..." ဆိုကာ ကျောင်းကို ပြန်လာ ခဲ့တယ်။

ကျောင်း အပြန်လမ်း တစ်လျှောက် စားရေးသူ မျက်လုံးထဲမှာတော့ ယခုနှစ်မှာ ကိုးတန်းဖြေဆို ထားပြီး လာမည့် ပညာသင်နှစ်မှာ ဆယ်တန်း တက်ရမယ့် ညီမဖြစ်သူနဲ့ သုံးတန်း ဖြေထားလို့ လေးတန်း တက်ရမယ့် မြို့ပြက ရဟန်း ဒကာမ သမီးငယ် လေးတို့ရဲ့ မတူညီတဲ့ တစ်နေ့တာ မအားရပုံတွေကို မြင်ယောင် နေမိ ပါတော့တယ်။

#Themyawadydaily

ယာဉ်မတော်တဆမှု များတွင် မော်တော်ဆိုင်ကယ် ပါဝင်ပတ်သက်မှု အများဆုံးဖြစ် ပိုမိုထိရောက်သည့် ဆောင်ရွက်မှုဖြင့် ၀ိုင်းဝန်း ကာကွယ်ရန်လို


အောင်မြင့်စိုး(ရေစကြို)

ခေတ်မီဖွံ့ဖြိုး တိုးတက်လျက် ရှိသည့် အမိမြန်မာ နိုင်ငံတော်ကြီး တွင် ခရီးသွား မိဘပြည်သူတို့ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာ နိုင်ရေး အတွက် တာဝန်ရှိ ဌာနများက ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ချမှတ်လျက် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အလေးထား လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။

၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှု စုစုပေါင်း ၂၅၅၅၆ မှု ထိရှိခဲ့ပြီး ထိုအထဲတွင် မော်တော်ဆိုင်ကယ် ပါဝင် ပတ်သက်မှု ပေါင်း ၁၄၉၈၁ မှု ရှိခဲ့သည်။ ယာဉ် မတော်တဆ မှုကြောင့် ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ် နှစ်နှစ် အတွင်း ဒဏ်ရာရသူ စုစုပေါင်း ၄၃၁၆ဝ ဦး ထိရှိခဲ့ပြီး ယာဉ် မတော်တဆ မှုကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၈ ဦးထိ ရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ မှတ်တမ်း သတင်းအရ သိရှိရပြီး ယာဉ် မတော်တဆ မှုကြောင့် သေဆုံးသူ ဦးရေနှင့် မော်တော်ဆိုင်ကယ် ပါဝင် ပတ်သက်မှုနှုန်းမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို မြင့်မားလျက် ရှိသည်။

နိုင်ငံတစ်ဝန်း လွန်စွာ များပြားလျက် ရှိသည့် မော်တော်ဆိုင်ကယ် များနှင့် စည်းကမ်းမဲ့ မောင်းနှင်သူ တို့ကြောင့် အများ ပြည်သူတို့၏ အသက် အန္တရာယ် နှင့် ထိခိုက် ဒဏ်ရာရမှုများ နေ့စဉ်ကြုံတွေ့ နေကြ ရသည်။ ယာဉ်မောင်း နှင်ရာတွင် ကျွမ်းကျင်မှု အားနည်းခြင်း၊ မဆင်မခြင် မောင်းနှင်ခြင်း ၊ အရှိန်မြင်းစွာ မောင်းနှင်ခြင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း များအား လိုက်နာမှု မရှိခြင်း နှင့် မူးယစ် သောက်စားကာ မောင်းနှင်ခြင်း တို့ကြောင့် မလိုလား အပ်သည့် ယာဉ် အန္တရာယ်များ နေ့စဉ် ကြုံတွေ့ နေကြရသည့် အတွက် ယာဉ် မတော်တဆ မှုလျော့ပါးရေး အချိန်မီ ဝိုင်းဝန်း ပြုပြင် ကာကွယ် ပေးကြရန် အထူး လိုအပ်လှ ပေသည်။

မြန်မာပြည်၏ နေရာအနှံ့ မြို့ပြနှင့် ကျေးလက်ဒေသ မှအစ တိုးဝင် ပျံ့နှံ့လျက် ရှိသည့် မော်တော်ဆိုင်ကယ် များ၏ စည်းကမ်းမဲ့ မောင်းနှင်ခြင်း ကြောင့် ယာဉ် မတော်တဆ မှုများ မကြာခဏ ကြုံတွေ့ ကြရပြီး အသက် ဆုံးရှုံးမှု၊ ကိုယ်လက် အင်္ဂါချို့ယွင်း ပျက်စီးမှု တို့ဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုများ အပြင် တိုင်းပြည်၏ အဓိက ကျသည့် လူ့စွမ်းအား တို့ကို တစ်နေ့တခြား ထိပါး ခြိမ်းခြောက်လျက် ရှိပေသည်။

ယာဉ် မတော်တဆ မှုကြောင့် ထိခိုက်ဒ ဏ်ရာရသူ နှင့် သေဆုံးသူများ စာရင်းအရ ဖွံ့ဖြိုးတိုးတက်လျက် ရှိသည့် တိုင်းပြည် အတွင်း ပျံ့နှံ့လျက် ရှိသော မော်တော်ဆိုင်ကယ် များ၏ အန္တရာယ်ကြောင့် ကြုံတွေ့ရသည့် ဘေးဒုက္ခ တို့မှ လျော့ပါး ကင်းဝေး စေရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတို့နှင့် ပြည်သူ တစ်ရပ်လုံး ၀ိုင်းဝန်း ကူညီကြရန် အထူး လိုအပ်လှ ပေသည်။ သို့မှသာ ယာဉ် မတော်တဆ မှုကြောင့် ကြုံတွေ့ ကြရသည့် ဘေးအန္တရာယ် နှင့် ယာဉ် မတော်တဆ မှုနှင့် ပတ်သက်၍ ဆေးဝါး ကုသရမည့် ကုန်ကျစရိတ် များ လျော့ပါး သက်သာ စေမည်ဖြစ်ပြီး ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် အတွက် များစွာ အထောက်အကူ ပြုရာ ရောက်ပေ လိမ့်မည်။

ဖွံ့ဖြိုး တိုးတက်ခြင်း နှင့်အတူ နိုင်ငံသား တို့၏ ကျန်းမာ ကြံ့ခိုင်မှု အင်အားသည် တိုင်းပြည် အတွက် အထူး လိုအပ်သည့် အချက်ပင် ဖြစ်ရာ မိမိ တိုင်းပြည်၏ အကျိုးစီးပွား တို့ကို ခြိမ်းခြောက် ထိပါးလျက် လမ်းကြို လမ်းကြားမှ အစ နေရာအနှံ့ စည်းကမ်းမဲ့ သွားလာနေကြ သည့် မော်တော်ဆိုင်ကယ် များ၏ အန္တရာယ်ကြောင့် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး နှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြီးမားသည့် အနှောင့်အယှက် ၊ အဟန့်အတား ဖြစ်စေသည့် အပြင် မိဘ ပြည်သူ တစ်ရပ်လုံး နှင့် သက်ဆိုင်ရာ တာဝန်ရှိ သူတို့ ပူးပေါင်းကာ နိုင်ငံ တစ်ဝန်းရှိ စည်းကမ်းမဲ့ မောင်းနှင် သည့် မော်တော်ဆိုင်ကယ် များအား အချိန်မီ အသိပေး တားဆီး အရေးယူ ဆောင်ရွက်မှုများ ထိရောက်စွာ ပြုလုပ်ခြင်းဖြင့် အနာဂတ် မြန်မာ နိုင်ငံတော်ကြီး ကျန်းမာကြံ့ခိုင် အားနှင့် ကမ္ဘာ တစ်လွှား ဂုဏ်ယူ ၀င့်ကြွား နိုင်စေရန် ရည်သန် ရေးသား လိုက်ရပေသည်။

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၄-၂၀၁၄) တနင်္ဂနွေနေ့



Download Links

Saturday, April 26, 2014

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ (စံပြအလှမယ်)

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ (စံပြအလှမယ်)

Model = Lydia Moe

ပထမ - သန္တာစိုး (ခ) စိုးမြန်မာ


စံပြအလှမယ် ( Model ) ပထမဆု ရယူသူမှာ အသင်း၏ နာမည်ရ အောင်မြင်လျက် ရှိသူ အမျိုးသမီး ဓာတ်ပုံ ပညာရှင် သန္တာစိုး (ခ) စိုးမြန်မာ ဖြစ်သည်။ မည်းမှောင် နေသော နောက်ခံရှေ့ တွင် မတ်တတ်ရပ် ကိုယ်ဟန်ပြသူ စံပြမယ် အား ရိုက်ယူ ထားသည်။ နောက်ခံ အမည်းတွင် စံပြမယ်အား ကွက်၍ အလင်းကျနေပုံ မှာလည်း များစွာ အနုပညာ ဆန်လျက်ရှိပြီး စံပြမယ် ၏ ဒူးဆစ် အောက်ခြေ နှင့် ပုံ၏ ရှေ့ပိုင်းအား သာမန်ထက် ပိုမည်းစေရန် အလင်းရင့်ရင့် ပေးထားသည် မှာလည်း ပုံကို အခြားသူများထက် ပိုမို ထူးခြားလျက် ရှိစေသည်။ စံပြမယ်၏ မျက်နှာ နှင့် လက်မောင်း ပေါ်သို့ ဘေးတိုက် အလင်းပေး ပုံမှာလည်း ထိရောက်လှပြီး ပုံကို စိတ်ဝင်စားဖွယ် ဖြစ်စေ ပါသည်။ ယခုလ အတွက် ပေးပို့ ယှဉ်ပြိုင်သော ပုံပေါင်း ၇၆ ပုံထဲတွင် တစ်ပုံတည်းသော ထူးခြား ရဲရင့် ဆန်းသစ်မှု ကြောင့် အကဲဖြတ် အားလုံး အကြိုက်ညီကာ ပထမဆု ရွေးချယ်ခြင်း ဖြစ်သည်။ စံပြမယ် ၏ မတ်တတ်ရပ် ကိုယ်နေဟန်ထား မှာလည်း အကောင်းဆုံး ပင် ဖြစ်သည်။ ရှေးယခင်က ဆိုလျှင် အမှောင်ခန်း ဓာတ်ပုံကူး ပညာဟု ဆိုရမည် ဖြစ်သော ယခုခေတ် PHOTOSHOP အတတ်ပညာအား ပိုင်နိုင်စွာ အသုံးပြု ကူးချဲ့ ထားသော စံပြ အလှမယ် ဓာတ်ပုံ တစ်ပုံ ဖြစ်ပါသည်။

ဒုတိယ - သွယ်သွယ်ထွန်း


မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ လစဉ်ဓာတ်ပုံ ပြိုင်ပွဲတိုင်း လိုလို ဆုကြီးများ ရယူလျက် ရှိသူ လူငယ် လူသစ် အမျိုးသမီး ဓာတ်ပုံ ပညာရှင် မသွယ်သွယ်ထွန်း ၏ ဒုတိယဆုရ ဓာတ်ပုံ ဖြစ်သည်။ စံပြမယ်အား ဘေးတစောင်း မကျတကျ အနေဖြင့် သုံးချိုးနှစ်ချိုး ရိုက်ကူး ထားသည်။ စံပြမယ်၏ တင်အလှအား သိမ်မွေ့စွာ ပြသနိုင်ပြီး ခေါင်းငဲ့ လက်နေဟန်ထား တို့လည်း လှပညီညွတ်စွာ ထားသို ရိုက်ကူး နိုင်ပါသည်။ အဝေးရိုက် မှန်ဘီလူး ( Long Tele Lens ) အား အသုံးပြု ရိုက်ကူး ထားသော်လည်း စံပြမယ်အား ပြတ်သားစွာ ရိုက်ယူနိုင်သည်။ မျက်နှာ နှင့် ကိုယ်လုံးပေါ်သို့ ပေးထားသော အလင်းမှာ အနည်းငယ် ဖျော့သော်လည်း လှပညီညွတ် ပြေပြစ် သည်။ စံပြမယ်၏ နောက်ကျောရှိ နောက်ခံ ဖက်ဖူးစိမ်း အား ယခုထက် ပိုမို ရင့်ရင့် ကူးနိုင်ပါက ပြီးပြည့်စုံသော ပုံ ဖြစ်စေ ပါမည်။ ပုံ၏ ထောင့်များအား အလင်းရင့်ရင့် ပေးထားခြင်း မှာလည်း အောင်မြင် သေသပ် ပါသည်။ စံပြမယ် ၏ ပြုံးအလှအား အကောင်းဆုံး အနေအထားဖြင့် ရိုက်ယူ ပြသထားသည်။ ဓာတ်ပုံ ဆေးသား အနေဖြင့် ယခု အနေထက် အပြာရောင် ကို အနည်းငယ် ဖျောက်၍ ကူးနိုင် ပါသေးသည်။

တတိယ - မျိုးဇေယျဦး


မကြာသေးမီ ကာလများက လူသစ်တန်း ပြိုင်ပွဲမှ အကြီးတန်း သို့ တက်ရောက် ယှဉ်ပြိုင် ရသော်လည်း ဆုကြီးများ မကြာခဏ ရယူလျက် ရှိသူ မျိုးဇေယျဦး ၏ ဆုရပုံ ဖြစ်သည်။ စံပြ အလှမယ် ၏ ယခု ကိုယ်နေဟန် အတိုင်း ခပ်ဆင်ဆင် ပုံပေါင်းများစွာ အနက်မှ ယခု ကိုယ်လုံးပေါ် ထိုင်လျက် ပုံသည် အကောင်းဆုံး ၊ အချိုးကျဆုံးပင် ဖြစ်သည်။ ယှဉ်ပြိုင် ရိုက်ကူးသူ အသင်းသားများ ကြားထဲမှ တိုးဝှေ့ကာ ရိုက်ကူး ရသည့်အပြင် အဝေးရိုက် မှန်ဘီလူး အား အသုံးပြု ထားသော်လည်း စံပြမယ်အား အလုံးစုံ ပြတ်သားမှု အားကောင်းစွာ ရိုက်ယူ တင်ပြ နိုင်သည်။ စံပြမယ် ၏ ထိုင်လျက် အနေသည် လည်းကောင်း ၊ လှပသော ပေါင်တံ နှင့် ခြေထောက် ရပ်တည်မှု သည် လည်းကောင်း ၊ လက် အနေသည် လည်းကောင်း ၊ ပြေပြစ်လှပ ကောင်းမွန် လှပါသည်။ေ၀၀ါးသော နောက်ခံဖြင့် စံပြမယ်မှာ ကြွတက် ပေါ်လွင်လျက် ရှိသည်။ ကူးချဲ့ ဖြတ်တောက်ပုံလည်း ဆိုဖွယ်မရှိ ကောင်းမွန် လှပသည်။ ဓာတ်ပုံ ဆေးသား မှာလည်း စိုပြည် တောက်ပ မှန်ကန် ပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

#Themyawadydaily

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ

Outing အစီအစဉ် (ငွေဆောင် ခရီးစဉ်)

ယခုလအတွက် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ Outing အစီအစဉ် အဖြစ် ငွေဆောင် ခရီးစဉ် ကို သတ်မှတ် ထားပါသည်။ မကြာမီလ များတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သော ငွေဆောင် ဟိုတယ် လုပ်ငန်းရှင်များ အသင်း၏ ငွေဆောင် ဓာတ်ပုံပြိုင်ပွဲ အတွင် အကြို ခရီးစဉ်လည်း ဖြစ်သည်။ နှစ်စဉ်လိုပင် မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းနှင့် ငွေဆောင် အသင်းတို့ ပူးပေါင်း ကျင်းပသော ငွေဆောင် အလှအပ ရှုခင်း ဓာတ်ပုံ ပြိုင်ပွဲ ဖြစ်သည်။

ငွေဆောင် ခရီးစဉ်သို့ လိုက်ပါမည့် ဓာတ်ပုံ အသင်းဝင် များနှင့် မိသားစုများ အတွက် ဟိုတယ် တည်းခိုခန်းခ ၊ စားသောက် စရိတ် နှင့် ကားခအပြီး အငြိမ်း အထူး သက်သာသည့် နှုန်းဖြင့် သွားလာနိုင်ရန် စီစဉ် ပို့ဆောင် ပေးသည်။ ယခု ခရီးသို့ လစဉ် ပုံမှန် ပြိုင်ပွဲဝင်သူများ သာမက အသင်းဝင် မိသားစုများ အပါအ၀င် လူဦးရေ ၄၀ ခန့် သွားရောက် ခဲ့ပါသည်။

ငွေဆောင် ခရီးစဉ် ဓာတ်ပုံပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ၂၇ ဦးမှ ဓာတ်ပုံပေါင်း ၅၅ ပုံအထိ ပေးပို့ ယှဉ်ပြိုင် ကြသည်။ အသင်းဝင် ဖြစ်သူ ပင်လောင်းမြို့မှ ကိုကျော်သန်း (ပွင့်လန်း) မှ ပထမဆု နှင့် နှစ်သိမ့်ဆု တစ်ဆု တို့ကို ရယူသွား ပါသည်။ ကိုကျော်သန်း (ပွင့်လန်း) ပင်လောင်း မှာ မကြာမီက ရွေးချယ် ပြီးစီးခဲ့သော ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ All Myanmar တွင် ကဏ္ဍနှစ်ခု၌ ပထမဆုကြီး နှစ်ဆု ရယူ သွားသည်ကို သတိပြုမိ ပါသည်။ ကိုကျော်သန်း အနေဖြင့် အထက်မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ပြိုင်ပွဲများ နှင့် စီးပွားရေး အထူး ဓာတ်ပုံပြိုင်ပွဲ များတွင် ပထမဆုကြီးများ မကြာမကြာ ရယူခဲ့သည် ကိုလည်း အမှတ် ထားမိပါသည်။ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ လစဉ် ခရီးစဉ် ပြိုင်ပွဲများ တွင်လည်း ခရီးစဉ် ကြုံကြိုက်ပါက လိုက်ပါ ရိုက်ကူးပြီး ဆုများ ရယူသည်ကို သိရှိရသည်။ သို့ပါ၍ နယ်အဝေးမြေ မှ အသင်းဝင် တစ်ဦး အနေဖြင့် အောင်မြင်သော ဓာတ်ပုံသမား ဖြစ်ရန် အားပေး တိုက်တွန်း လိုက်ရပါသည်။

ပထမ - ကိုကျော်သန်း (ပွင့်လန်း ) ပင်လောင်း


ကိုကျော်သန်း ၏ ပထမဆုရပုံမှာ ကျောက်မောင်နှမ စေတီငယ် နှစ်ဆူ နှင့် အုန်းပင်တန်း များအား ငါးမျက်စိ မှန်ဘီလူး ( Fish Eye ) ဖြင့် ရိုက်ယူ ထားသော ပုံဖြစ်သည်။ နေလုံး ၀င်ပြီးခါစ အချိန် အလင်းရောင် အနည်းငယ်သာ ကျန်ရှိသည့် အခိုက်အတန့် တွင် နေ၀င်ဆည်းဆာ အလှအား အမြင်ဆန်းစွာ ရိုက်ကူး ထားသည်။ မိုးပြာပြာ ကောင်းကင် နှင့် ဆည်းဆာ လက်ကျန် အရောင်တို့မှာ ပြေပြစ် လှပလျက် ရှိသည်။

ဒုတိယ - သော်ဇင်


အသင်းသား လူသစ်တစ်ဦး ဖြစ်သူ ကိုသော်ဇင် ၏ ဒုတိယ ပုံမှာ ပင်လယ် ကမ်းခြေ ကျောက်ဆောင်စွန်း နှစ်ခု၏ အလယ်တွင် ရေလုပ်သား တစ်ဦး ပိုက်ကွန်ဖာထေး ပြုပြင် နေပုံ ဖြစ်သည်။ ၀င်စပြု နေသည့် နေလုံးကြီးအား အလင်းတံခါး ( Aperture ) ကျဉ်း၍ ဖြစ်စေ ၊ စတားရောင် စစ်မှန် ( Star Filter ) အသုံးပြု၍ ဖြစ်စေ ရိုက်ယူ ထားသည်။ ပုံ၏ ရှေ့ပိုင်း လှိုင်းထနေသော သဲသောင်ခုံ ပေါ်တွင် ညနေ၏ အလင်းများ လျှပ်ကျနေပုံ ကို အားပြု ရိုက်ကူး ထားသည်။ ဓာတ်ပုံ ဆေးသား အနေဖြင့် လှပ ကောင်းမွန် သော်လည်း လှိုင်းတွန့် သဲသောင်ခုံ များတွင် အလင်းကျ နေသည်ကို ယခုထက် ပေါ်လွင်အောင် ပြသနိုင်ပါက ပိုမို ကောင်းမွန်မည် ဖြစ်ပါသည်။

တတိယ - အောင်ပြည့်ဖြိုး 


တတိယဆုရှင် အောင်ပြည့်ဖြိုး မှာ ဓာတ်ပုံအသင်း ၏ လူသစ်ပြိုင်ပွဲဝင် တစ်ဦးဖြစ်ပြီး ၀ါရင့် အသင်းသားများ အမြဲ ပြိုင်လျက် ရှိသည့် လစဉ်ပြိုင်ပွဲတွင် ယခုကဲ့သို့ တတိယဆု ရယူနိုင်သည်ကို ကြိုဆို ဂုဏ်ပြုအပ် ပါသည်။ ဆုရပုံမှာ ညနေပိုင်း နေ၀င် စပြု တော့မည့် အချိန်တွင် ရေလုပ်သား နှစ်ဦး ပိုက်ကွန် ပစ်နေဟန်ကို စီစဉ် ဖန်တီး ရိုက်ကူးထားသော ပုံဖြစ်သည်။ ဖန်တီးသော ပုံဖြစ်သည်နှင့် အညီ သဘာဝကျမှု များ လိုအပ်နေသည် ဟု ထင်မိပါသည်။ ရိုက်ယူ ထားသည်မှာလည်း အတန်ငယ် ချောင်နေ ပါသည်။ ပုံ၏ ညာဘက် နှင့် အောက်ပိုင်း တို့ကို ယခု အနေထက် ပြုပြင် ဖြတ်တောက် ကူးချဲ့ ပါက ပိုမို ကောင်းမွန်မည် ဖြစ်ပါသည်။ ဓာတ်ပုံ ဆေးသားမှာလည်း သင့်ရုံမျှသာ ရှိပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

#Themyawadydaily

ကြီးပွားရာ ကြီးပွားကြောင်း လမ်းသစ်ကိုရှာ


ကြီးပွားရာ ကြီးပွားကြောင်း လမ်းသစ်ကိုရှာ

လူ့လောက၌ လုပ်ကိုင် ဆောင်ရွက် နေကြသော အရာအများစု တို့သည် သမားရိုးကျ လုပ်ရိုး လုပ်စဉ် အတိုင်းသာ လုပ်ကိုင် နေကြသည် ကို တွေ့ကြ ရသည်။ တစ်နည်း အားဖြင့် တီထွင် ကြံဆမှု ဖြင့် လုပ်ကိုင်ကြ သူများကား ရှားပါး လှပေသည်။ အခြားသူများ လုပ်သော လုပ်ငန်း၊ အခြားသူများ သွားသော လမ်းဟောင်း အတိုင်းသာ လိုက်နေ ကြသည်ကို တွေ့ရ ပေသည်။

အခြားသူများ ဖောက်သော လမ်းအတိုင်း လျှောက်လိုကြ သူများပြီး ကိုယ့်စွမ်း ကိုယ်စဖြင့် လမ်းဖောက်မည် ဆိုသော စိတ်ကူး မရှိကြပေ။ ကိုယ့်ဉာဏ် ကိုယ့်အစွမ်းဖြင့် လမ်းဖောက်ကြ သူများသာ လမ်း၏ ကောင်းခြင်း၊ ဆိုးခြင်း ဆိုသည့် အကျိုး ကျေးဇူးကို ခံစား ကြရမည် ဖြစ်သည်။

အခြားသူများ ဖောက်သော လမ်းဟောင်းမှ လျှောက်သူ တို့သည် လမ်းသစ်ဖောက် သူများကဲ့သို့ အကျိုးကျေးဇူး ကောင်းများကို အပြည့်အဝ ခံစားကြရမည် မဟုတ်ပေ။ ထို့အတူ အခြားသူများ စီးပွားဖြစ် လုပ်ကိုင် နေသော လုပ်ငန်းမျိုးကို လိုက်၍ လုပ်နေကြ သူများ အနေဖြင့်လည်း သူများ နောက်လိုက်သာ ဖြစ်နေ ပေမည်။ ကိုယ့်စွမ်း ကိုယ်စဖြင့် စီးပွားရေး လုပ်ငန်းသစ် ထူထောင် လုပ်ကိုင် နိုင်မှသာလျှင် ထိုလုပ်ငန်း၏ အကျိုး ကျေးဇူးကို အပြည့်အဝ ခံစား၊ စံစား ကြရမည် ဖြစ်ပေသည်။ 

''အများသူငါ သွားတဲ့ လမ်းမပေါ်မှာ ချည်းပဲ မနေနဲ့ သူတစ်ပါး သွားပြီးသားနေရာတွေ ချည်းလဲ မသွားနဲ့ လမ်းဟောင်း ကနေ တစ်ခါတလေ ဘေးဆင်းပြီး လမ်းမရှိတဲ့ တောထဲကို ဝင်ကြည့် လိုက်ပါ။ သင်တစ်ခါမှ မတွေ့ဘူးတဲ့ တစ်စုံတစ်ခုကို တွေ့ဖူးမှာ သေချာ ပါတယ် ... '' ဟု ကမ္ဘာကျော် တီထွင် ပညာရှင်ကြီး ဂရေဟမ်ဘဲလ် က ဆိုသည်။

အဆိုပါ အခြင်းအရာ သည် အသေးအဖွဲ တစ်ခု ဖြစ်ချင်ဖြစ်မည်။ သို့သော် မိမိကိုယ်စွမ်း၊ ကိုယ်စဖြင့် ရှာဖွေတွေ့ရှိ လုပ်ကိုင်ရသော အရာ ဖြစ်သောကြောင့် ကောင်းမှု အကျိုးကျေးဇူး များကို မိမိ ကိုယ်တိုင် စံစားရမည် ဖြစ်ပေသည်။

ကမ္ဘာပေါ်ရှိ ချမ်းသာ ကြီးပွားသော တိုင်းပြည် တို့တွင် တီထွင် ကြံဆမှုကို ဦးစားပေး လုပ်ကိုင် ကြသဖြင့် ချမ်းသာကြွယ်ဝ သူများ ပေါများ လာသည်နှင့် အမျှ ချမ်းသာသော နိုင်ငံအဖြစ်သို့ ရောက်ခဲ့ကြ ရပေသည်။ မော်တော်ကားကို တီထွင်သူက မော်တော်ကား ဖြင့် ထိပ်ဆုံးတွင် ရောက်ကြ သကဲ့သို့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း များကို တီထွင်ကြ သူများ ကလည်း သူနေရာ နှင့်သူ နေရာယူထား ကြသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် လမ်းဟောင်း မှာချည်း အမြဲ မနေသင့်ဘဲ လမ်းသစ်ရှာ၍ တီထွင် ကြံဆမှုဖြင့် ကြီးပွားရာ ကြီးပွားကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ကိုင် ဆောင်ရွက်ကြရန် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၄-၂၀၁၄) စနေနေ့



Download Links

Friday, April 25, 2014

လူ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော လူမှောင်ခိုကူးမှု ပပျောက်ရေး


လူ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော လူမှောင်ခိုကူးမှု ပပျောက်ရေး

ကမ္ဘာ့နိုင်ငံ အစိုးရတို့သည် တစ်နိုင်ငံမှ အခြား တစ်နိုင်ငံသို့ တရားမဝင် သွားရောက်သူ များအား တားဆီး ကာကွယ်ရေး အတွက် နိုင်ငံအလိုက် ဆောင်ရွက် နေကြရ သကဲ့သို့ ဒေသတွင်း နိုင်ငံများ အချင်းချင်း ပူးပေါင်း၍ လည်းကောင်း၊ ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံများ အချင်းချင်း ပူးပေါင်း၍ လည်းကောင်း ကြိုးပမ်း ဆောင်ရွက် နေကြ ရသည်။ အခြားနိုင်ငံ တစ်နိုင်ငံသို့ တရားမဝင် သွားရောက် ကြသူများတွင် လူမှောင်ခိုမှု၊ နိုင်ငံရေး ခိုလှုံခွင့် ရရှိရေး ကြိုးပမ်း သူများ၊ ပြစ်မှု ကျူးလွန်ပြီး နယ်စပ် ဖြတ်ကျော် တိမ်းရှောင် သူများနှင့် အခြားနည်း သွားရောက် လိုသူများ ဟူ၍ ရည်ရွယ်ချက် အမျိုးမျိုး ရှိကြသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တွင် တစ်ဖက် နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်ရန် ထွက်ခွာလာသူ ၁၁ ဦးအား အမှတ်(၁) ချစ်ကြည်ရေး တံတား၌ ဧပြီ ၂၁ ရက်က စစ်ဆေး တွေ့ရှိရ သဖြင့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု မှ အချိန်မီ တားဆီးပြီး ၄င်းတို့ နေရပ်သို့ ပြန်လည် စေလွှတ်ပေး ခဲ့သည်။

အခြား ဖြစ်စဉ် တစ်ခုမှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ်မှ အမျိုးသမီး တစ်ဦးသည် ရှမ်းပြည်နယ် ရှိ ကမ္ဘာ့ ကုလသမဂ္ဂ ဌာနေရုံး တစ်ရုံးတွင် အလုပ် ရမည်ဟု ဆိုသဖြင့် အသိမိတ်ဆွေ တစ်ဦးနှင့် အတူ ၂ဝ၁၂ ခုနှစ်တွင် လားရှိုးသို့ လိုက်သွား ခဲ့သည်။ လားရှိုးသို့ ရောက်သော် တစ်ဖက် နိုင်ငံသို့ အလည်သွားရန် လိုက်ပါ သွားခဲ့ရာ အမ်းဟွေးမြို့ သို့ ရောက်သော် တရုတ်ငွေ ယွမ် ၅၆ဝဝဝ ဖြင့် ရောင်းစားခံ ခဲ့ရသည်။ ဘာသာစကား အခက်အခဲ ကြောင့် မြန်မာနိုင်ငံရှိ မိဘများထံ အဆက်အသွယ် မပြုလုပ် နိုင်ခဲ့ဘဲ ၂ဝ၁၄ ခုနှစ် မတ်လ ရောက်မှ တရုတ်စကား အနည်းငယ် ပြောတတ် လာသဖြင့် မြန်မာ နိုင်ငံသို့ ဖုန်းခေါ်ဆို သည့် နည်းလမ်း သိရှိရပြီး မိဘများနှင့် ဆက်သွယ် နိုင်ခဲ့သည်။ မိခင် ဖြစ်သူက မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ထံ အကူအညီ တောင်းပြီး ဆက်လက် ဆောင်ရွက် ခဲ့ရာ တရုတ်နိုင်ငံရှိ နှစ်နိုင်ငံ ဆက်ဆံရေးမှူး မစ္စတာ လီကျင်မြင့် မှတစ်ဆင့် မိန်းတိန် ရဲစခန်းသို့ ဆက်သွယ်၍ ဧပြီ ၁၉ ရက်တွင် လူမှောင်ခို ကူးခံရသူ အမျိုးသမီးအား ပြန်လည် ခေါ်ယူ နိုင်ခဲ့သည်။

ဤဖြစ်စဉ်မှာ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ အတွင်းတွင် လူမှောင်ခို ကူးခံရသူ အမျိုးသမီးသည် လားရှိုးတွင် အလုပ်အကိုင် ကောင်း ရရှိမည်ဟု စည်းရုံး ခေါ်ဆောင်၍ လားရှိုးမှ တစ်ဖက်နိုင်ငံ သို့ အလည် သွားမည်ဟု ဖြားယောင်း၍ မိန်းတိန်မှ တစ်ဆင့် အမ်းဟွေးမြို့ သို့ ဆက်လက် ခေါ်ဆောင် ရောင်းစား ခံခဲ့ရကာ နောက်ဆုံး ရှန်ဟိုင်းမြို့ သို့ရောက် သွားသည်။ ရှန်ဟိုင်းတွင် တစ်နှစ်ကျော် ကြာသည့် ၂ဝ၁၄ ခုနှစ် မတ်လ အတွင်းရောက်မှ မြန်မာနိုင်ငံရှိ မိဘများထံ ပြန်လည် ဆက်သွယ် နိုင်ခဲ့ပြီး ဧပြီ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ ခဲ့သည်။ လူမှောင်ခို ပြစ်မှု ကျူးလွန်သူ တို့သည် အဆင့်ဆင့် လက်လွှဲ မျက်ခြည်ဖြတ် ပို့ဆောင် ပေးသော နည်းလမ်း ကို အသုံးပြု တတ်ကြရာ ၄င်းတို့ ပြစ်မှု ကျူးလွန်ကြောင်း ပေါ်ပေါက်၍ အရေးယူ ခံရချိန်တွင် လူမှောင်ခို ကူးခံရသော ကာယကံရှင် တို့မှာ ဘဝ တစ်သက်တာ နစ်နာခဲ့ ရပြီ ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ၏ ဆင်းရဲမှု ရာခိုင်နှုန်းမှာ ၂၆ ရာခိုင်နှုန်း ရှိရာမှ ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲမှု ရာခိုင်နှုန်း ၁၆ ရာခိုင်နှုန်းသို့ လျှော့ချ နိုင်ရန် ပြည်သူ တစ်ဦးချင်း နှင့် အိမ်ထောင်စု အလိုက် ဝင်ငွေ တိုးတက်စေရန် အလုပ် အကိုင် အခွင့်အလမ်း ကောင်း ဖန်တီးနိုင်ရေး နိုင်ငံတော် အစိုးရက ကြိုးပမ်း ဖော်ဆောင်လျက် ရှိသည်။ တစ်ပြိုင်တည်း တွင် အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း ထူထောင်ရေး အတွက် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက် နေပြီဖြစ်ရာ လူ့ ယဉ်ကျေးမှု နှင့် ဆန့်ကျင်သော လူမှောင်ခို ကူးမှု ပပျောက်ရေး ပညာပေး လုပ်ငန်းများ တွင် ပြည်သူအားလုံး ဝိုင်းဝန်း ပံ့ပိုး ပေးကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

" မာန် "


" မာန် "

ငါသာတတ်သိ ၊ နှိုင်းမရှိသို့
သတိလွတ်ကင်း ၊ အသိယွင်းဖြင့်
ဖြိုခွင့်မိုးတိုင် ၊ တက်ရောက်နိုင်ဟု
လှိုင်လှိုင်မာန ၊ ခေါင်းထောင်ကြွကာ 
အာဂငါတည့် မော်ခဲ့တကား။

ဝဲယာအောက်ထက် ၊ နှိုင်းယှဉ်လျက်က
ဆက်စပ်စရာ ၊ ဖန်ဖန်ရှာမှ
သေချာစေ့င ၊ အဖြေရသည့်
လောကတံတွာ ၊ ဓမ္မတာလည်း
ခါခါမေ့လျော့ မော်ခဲ့တကား။

မအောင်မြင်မှု ၊ အောင်မြင်မှုသည်
ထုဆစ်ကိုယ်တိုင် ၊ ကြိုးစားနိုင်မှ
စွဲပိုင်ရိုးလေ ၊ သိနေပေလည်း
ဆူဝေသွေးတို့ ၊ တွန်းဆောင်ပို့သော်
တို့ထိပုတ်ခတ် ၊ တရစပ်လျှင်
မပြတ်ပစ်ရင်း မော်ခဲ့တကား။

တို့ရင်းခတ်ရင်း ၊ ထိုးစစ်ခင်းလည်း
ပစ်ခွင်းငါ့ဆီ ၊ တစ်ပြန်လည်သော်
မတည်ယောက်ယက် ၊ မူဟန်ပျက်လို့
ခံခက်လှစွာ ၊ ဒါ ... ဒါဘာလဲ
ငါ့မှာအတွေး ချော်ခဲ့တကား။

တို့လိုက်ခတ်လိုက် ၊ ထိရှလိုက်နှင့်
စရိုက်မပြင် ၊ အမိုက်မင်ရင်း
နေ၀င်ချိန်တောင် ရောက်ပြီထင့်

မောင်စိမ်းနောင် (လယ်ဝေး)

၂၀၁၄ ခုနှစ် မေလထုတ် ငွေတာရီမဂ္ဂဇင်း ပါ ကဗျာကဏ္ဍမှ



ပြုံးပန်းဝေေ၀


ပြုံးပန်းဝေေ၀

တစ်ချိန်ကလေ ယမ်းနံ့ဝေခဲ့
တို့မြေတစ်ဝန်း နီးဝေးလှမ်းကွာ
စစ်ပန်းကိုယ်ကြေ တို့များသေမင်း
ဆူးတွေနင်းကြ ဒဏ်ရာပွလို့
လှလှဒုက္ခ တွေ့ခဲ့ပေ ။

အချိန်တွေကြာ စစ်မြေမှာတမ်း
သူငါနွမ်းလည်း မခန်းရင်ထဲ
သံမှိုစွဲကာ ညီပဲနောင်ရင်း
ဖော်တစ်သင်းမို့ ပြည်တွင်းငြိမ်းချမ်း
တို့လျှောက်လှမ်းမည် မြန်မာပြည် ။

ခေတ်စနစ်ပြောင်း ဆယ်ရာနှောင်းပြီ
အပေါင်းလက္ခဏာ ရွက်ဆောင်ကြမည်
တွေးပန်းချီနဲ့ ပြည်သစ်ဆီကို
တစ်လီစိတ်ဝမ်း မခွဲတမ်းလေ
ရည်မှန်းချီစို့ ညီနောင်တို့ ။  ။

ကောင်းနိုင် (အနော်ရထာ)

၂၀၁၄ ခုနှစ် မေလထုတ် မြ၀တီရသစုံမဂ္ဂဇင်း ကဗျာကဏ္ဍမှ


မင်္ဂလာရှိသော စကား


မင်္ဂလာရှိသော စကား

စကားပြောဆိုခြင်း သည် လူတစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာ၌ အဓိက ကျသည့် လူမှု ဆက်ဆံရေး တစ်ခု ဖြစ်သည်။ ထိုသို့ ပြောဆို ဆက်ဆံရာတွင် မင်္ဂလာ ရှိစေရန် လိုသည်။ မင်္ဂလာ တရားနှင့် ညီသော စကားမျိုး ဖြစ်ရန် လိုသည်။ မင်္ဂလာတရား နှင့်ညီသော စကားမှာ စကားအင်္ဂါရပ် လေးရပ်နှင့် ညီရမည် ဖြစ်သည်။

စကားအရာ အင်္ဂါလေးတန် ဆိုသည်မှာ သုဘာသိတဝါစာ၊ ပီယဝါစာ၊ ဓမ္မဝါစာ၊ သစ္စာဝါစာ တို့ဖြစ်သည်။ သုဘာသိတ ဝါစာသည် ပိသုဏဝါစာ ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ပီယဝါစာ သည် ဖရုဿဝါစာ ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ဓမ္မဝါစာသည် သမ္ဖပ္ပလာပ ဝါစာ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ သစ္စာဝါစာ သည် မုသာဝါဒဝါစာ ၏ ဆန့်ကျင်ဘက် ဖြစ်သည်။

ပိသုဏဝါစာ သည် ကတုန်းကတိုက် ကုန်းတိုက်၊ ကုန်းချောသည့် စကား ဖြစ်သည်။ ပိသုဏ ဝါစာသည် တည်ငြိမ် အေးချမ်းမှုကို ပျက်စီးစေသည်။ ထို့ကြောင့် ပိသုဏဝါစာ ကိုရှောင်၍ သုဘာသိတ ဝါစာ ကောင်းမွန်သော စကား ရင်ကြားစေ့သည့် စကားကို ပြောရာသည်။ သုဘာသိတဝါစာ သည် အေးချမ်း တည်ငြိမ်မှုကို ဖြစ်စေ၍ မင်္ဂလာ ရှိစေသည်။

ဖရုဿဝါစာ သည် ရုန့်ရင်း ကြမ်းတမ်းသော စကားဖြစ်၏။ ရုန့်ရင်း ကြမ်းတမ်းသော စကားကို မည်သူမျှ မနှစ်မြို့ပေ။ ရုန့်ရင်း ကြမ်းတမ်းသော စကားကြောင့် အမုန်းကို ပွားစေသည်။ ဂုဏ်သိက္ခာ ကျဆင်း စေသည်။ ထို့ကြောင့် ဖရုဿဝါစာ ကို ရှောင်၍ ပီယဝါစာ ချစ်ဖွယ်သော စကား၊ ယဉ်ကျေး သိမ်မွေ့သည့် စကားကို ပြောရာသည်။ ပီယဝါစာ သည် လူတိုင်း ကြိုက်ပြီး ဂုဏ်သိက္ခာ တက်ကာ လူချစ်လူခင် များစေသည့် အတွက် မင်္ဂလာ ရှိသည်။

သမ္ဖပ္ပလာပဝါစာ သည် အကျိုး မရှိသော၊ အကျိုးယုတ် စေသော သိမ်ဖျင်းသည့် စကားဖြစ်သည်။ သိမ်ဖျင်းသော စကားသည် လေးနက်မှု မရှိဘဲ ပေါ့ပြက်ပြက် ဖြစ်လျက် အနှစ်သာရ ကင်းမဲ့သည်။ အနှစ်သာရ မရှိ သိမ်ဖျင်းသည့် စကားသည် အကျိုးမဲ့သော စကားဖြစ်သည်။ ထို့ကြောင့် သမ္ဖပ္ပလာပဝါစာ ကိုရှောင်၍ ဓမ္မဝါစာ မည်သော ဟုတ်မှန် အကျိုးရှိသော စကားကို ပြောရာသည်။ ဓမ္မဝါစာ သည် လူတိုင်း မြတ်နိုး၍ ယုံကြည် ကိုးစား တန်ဖိုး ထားကြ၏။ ဓမ္မဝါစာကို ပြောကြား ခြင်းဖြင့် မင်္ဂလာ ရှိလာ စေသည်။

မုသာဝါဒဝါစာ သည် လိမ်လည် ပြောဆိုသော စကားဖြစ်သည်။ မမှန်မကန် ပြောဆိုသော စကား ဖြစ်သည်။ လိမ်လည် လှည့်စား ပြောဆိုမှုကို မည်သူမျှ မကြိုက်ကြချေ။ မမှန်မကန် ပြောဆိုသော စကားကြောင့်၊ လှည့်စားသော စကားကြောင့် ထင်ယောင် ထင်မှား ဖြစ်ရသည်။ ထို့ကြောင့် မုသာဝါဒ ဝါစာ ကို ရှောင်၍ သစ္စာဝါစာ မှန်သော စကားကို ဆိုရာသည်။ မှန်သော စကားကို ဆို၍ ယုံကြည် ကိုးစားမှုကို ရရှိစေသည်။ သစ္စာဝါစာ ကို ဆောင်ခြင်းဖြင့် မင်္ဂလာ ရှိစေသည်။

သို့ဖြစ်ရာ နေ့စဉ် ပြောဆို ဆက်ဆံရာတွင် အသုံးပြုသော စကားသည် မင်္ဂလာရှိလျှင် ပြောသူ နှင့် နားထောင်သူတို့ အကျိုးများ ကြီးပွားချမ်းသာ စေနိုင်၍ စကားအင်္ဂါ လေးတန်နှင့် ညီသော မင်္ဂလာ စကားကို မိမိနှင့် သူတစ်ပါး ကောင်းကျိုး ပွားစေရန် သတိဖြင့် ဆင်ခြင်၍ ပြောဆို သွားကြ ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

တစ်သက်တာစာပေဆုကို ဆရာကြီး တက္ကသိုလ် တင်ခရရှိ


နေပြည်တော် ၊ ၂၅-၄-၂၀၁၄

ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆု များကို နှစ်စဉ် ချီးမြှင့်လျက် ရှိရာ ၂၀၁၃ ခုနှစ်အတွက် ပခုက္ကူ စာပေဆု ရရှိသူများ၏ အမည်စာရင်းကို ပခုက္ကူ စာပေဆု ရန်ပုံငွေ ကြီးကြပ်ရေး ကော်မတီက ယမန်နေ့ ထုတ်ပြန် ကြေညာသည်။

ဝတ္ထုတို ပေါင်းချုပ်ဆု တွင် ပထမဆု ကို ရဲမြတ်တင် ရေးသားသည့် ဇဗ္ဗူရစ်ရွှေစင် ဝတ္ထုတိုများ စာမူ၊ ဒုတိယ ဆုကို မောင်ဆန္ဒ (လယ်ဝေး) ရေးသားသည့် ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ် နှင့် အခြား ဝတ္ထုတိုများ စာမူ၊ တတိယဆုကို လွင်ဦး (ကွမ်းခြံကုန်း) ရေးသားသည့် ညွတ် နှင့်အခြား ဝတ္ထုတိုများ စာမူတို့က လည်းကောင်း၊ ဝတ္ထုရှည်ဆု တွင် ပထမဆု ကို သိန်းဇော် (ရွှေလီဦး) ရေးသားသည့် ဒုတိယဘ၀အစ နှင့် အကြင်နာ နှလုံးသား အလှများ စာမူ၊ ဒုတိယဆု ကို သွဲထားညို (သက္ကလ) ရေးသားသည့် ပန်းခရေကြွေသော် လည်းမွှေး စာမူ၊ တတိယဆုကို နန္ဒာခင် (သက္ကလမြေ) ရေးသားသည့် တိမ်လွှာအောက်မှ စိမ်းလန်းသည့်မြေ စာမူတို့က လည်းကောင်း၊ ကဗျာ ပေါင်းချုပ် ဆုတွင် ပထမဆု ကို သန်းအောင် (အညာမြေ) ရေးသားသည့် တောဒဟတ်ပန်း ကဗျာများ စာမူ၊ ဒုတိယဆု ကို ကျော်စိုး (မြင်းမူ) ရေးသားသည့် ပန်းလက်ဆောင်ကဗျာများ စာမူ၊ မောင်ဟန်တင့် (ပင်လည်ဘူး) ရေးသားသည့် ဂန္ထဝင်လမင်း အလင်းသံစဉ်ကဗျာများ စာမူတို့က လည်းကောင်း၊ ကျမ်းနှင့် သုတေသနဆု တွင် ပထမဆု ကို လှိုင်ဝင်းဆွေ ရေး သားသည့် မြန်မာ့ရုပ်ပေါင်းစု အနုပညာ စာမူ၊ ဒုတိယ ဆုကို မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်) ရေးသားသည့် ညောင်ရမ်းခေတ် ယဉ်ကျေးမှု စာမူတို့က လည်းကောင်း အသီးသီး ရရှိကြသည်။

၂၀၁၃ ခုနှစ်အတွက် တစ်သက်တာစာပေဆု ကို စာရေးဆရာကြီး တက္ကသိုလ် တင်ခ က ရရှိသည်။

ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ပညာ သင်ဆု များအတွက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ မောင်အောင်သူဖြိုး ဒုတိယနှစ် (ပန်းချီ အထူးပြု) နှင့် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (မန္တလေး)မှ မောင်မျိုးလှိုင်ဝင်း ဒုတိယနှစ် (သဘင် အထူးပြု) တို့က ရရှိကြသည်။

၂၀၁၃ ခုနှစ်အတွက် စာကြည့်တိုက် စာအုပ်ဆုကို ချီးမြှင့် နိုင်ခြင်း မရှိကြောင်း သိရသည်။



ဆုနှင်းသဘင် အခမ်းအနားကို ၂၀၁၄ ခုနှစ် မေ ၁၀ ရက် (စနေနေ့) နံနက်(၁၀) နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ စတူဒီယို ခန်းမ(A)၌ ကျင်းပမည် ဖြစ်ရာ ဆုရရှိ သူများသည် စာတည်းမှူးချုပ် စာပေဗိမာန် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့ ၀၁- ၃၈၇၇၂၄ နှင့် စီမံရေးရာ ဌာန ၀၁- ၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန် နှိုးဆော် ထားသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၅-၄-၂၀၁၄) သောကြာနေ့



Download Links

Thursday, April 24, 2014

စေတနာ့ဝန်ထမ်း လူထုကျန်းမာရေး လုပ်သားသင်တန်းဖွင့်လှစ်



တောင်ကြီး ၊ ၂၄-၄-၂ဝ၁၄

ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာန နှင့် နမ့်ခုံးရှမ်းများ ပရဟိတ အသင်းတို့မှ ပူးပေါင်း ဖွင့်လှစ် သည့် စေတနာ့ ဝန်ထမ်း လူထု ကျန်းမာရေး လုပ်သားသင်တန်း ပထမအကြိမ် ဖွင့်ပွဲ အခမ်းအနား ကို ဧပြီ ၂၃ နံနက် ၁ဝ နာရီက တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် မဟာစည်လမ်းရှိ နမ့်ခုံးရှမ်းများ ပရဟိတ အသင်းရုံး ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး က အဖွင့် အမှာ စကား ပြောကြားပြီး နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြ က သင်တန်း ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် သူနာပြု ဦးစီးအရာရှိ အငြိမ်းစား ဆရာမ ဒေါ်နန်းခင်စော က စေတနာ့ ဝန်ထမ်း လူထု ကျန်းမာရေး လုပ်သား သင်တန်း ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လင်းခေး ၊ မိုင်းရှူး ၊ ကွန်ဟိန်း စသည့် ဝေးလံသော  ကျန်းမာရေး ဦးစီးဌာန၏ လက်လှမ်း မမီသော ဒေသများတွင် စေတနာ့ ဝန်ထမ်း သူနာပြုများ ထားရှိခြင်းဖြင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ယခု သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး က လူထု ကျန်းမာရေး လုပ်သားသင်တန်း လက်ဆွဲစာအုပ် နှင့် သင်ရိုးညွှန်တမ်း စာအုပ်များ ပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံရယူပြီး နမ့်ခုံးရှမ်းများ ပရဟိတ အသင်းဥက္ကဋ္ဌ မှ ပထမအကြိမ် သင်တန်းဖွင့် အထိမ်းအမှတ် အလံများ  ပေးအပ်ရာ တာဝန်ရှိ သူတို့က လက်ခံ ရယူကြပြီး အလှူရှင် များမှ အလှူငွေများ ပေးအပ် လှူဒါန်း ကြသည်။

အဆိုပါ စေတနာ့ ဝန်ထမ်း လူထု ကျန်းမာရေး လုပ်သားသင်တန်း ကို ပထမအကြိမ် အဖြစ် ဧပြီ ၂၃ ရက်မှ ဇွန် ၂၃ ရက်ထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်းကို အငြိမ်းစား သူနာပြု ဆရာမကြီး ဒေါ်နန်းခင်စော မှ ဦးဆောင်၍ နည်းပြဆရာ ၊ ဆရာမ(၅) ဦးဖြင့် သင်ကြား ပို့ချ သွားမည် ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၆၂)ဦး တက်ရောက်လျှက် ရှိကြောင်း သိရှိရသည်။

ချီးကျူးမှုလေး တစ်ခုမှသည် .. .. ..


ချီးကျူးမှုလေး တစ်ခုမှသည် .. .. .. 

သက်နိုင်(ပြင်ဦးလွင်)

အောင်မြင်မှုကို လူတိုင်း လူတိုင်း တောင့်တ အလိုရှိ ကြသည်။ အောင်မြင်မှု ရရှိလာလျှင် ဝမ်းသာ ဂုဏ်ယူမဆုံး နှင့် ပျော်တပြုံးပြုံး ဖြစ်ကြသည်မှာ လောက၏ ဓမ္မတာပင် ဖြစ်သည်။ အသက်အရွယ် ကြီးသောသူ ဖြစ်စေ၊ ငယ်သောသူ ဖြစ်စေ၊ လုပ်ကိုင် နေကြရသော စီးပွားရေး လုပ်ငန်းများ ကြီးမားသည် ဖြစ်စေ၊ သေးငယ်သည်  ဖြစ်စေ၊ အချိန်တိုင်း၊ နေရာတိုင်းတွင် အောင်မြင် ကျော်ကြား လိုကြသည်။

လွန်ခဲ့သော ရက်က အခြေခံပညာ ကျောင်းများတွင် ကျောင်းတွင်းစစ် အတန်းတင် စာမေးပွဲ အောင်စာရင်းများ ထွက်ရှိခဲ့သည်။ ထို အောင်စာရင်းမှာ ကျောင်းများတွင် တက်ရောက် ပညာ သင်ကြားလျက် ရှိနေသော ကျောင်းသား၊ ကျောင်းသူ များအတွက် နောက်ထပ် အဆင့်တက် အတန်းမြှင့်တင် ပေးသည့်အတွက် အမှတ်သညာ ကမ္ပည်း တစ်ခုပင် ဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်း ထုတ်ပြန် ကြေညာ နေသည် ဆိုသော်လည်း ပေါ့ပေါ့ဆဆ နှင့် အမှုမဲ့ အမှတ်မဲ့ မပြုမူသင့်ပေ။

ထိုရက်က အောင်စာရင်း ထွက်သည် ဆိုသော်လည်း ကျောင်းတိုင်းတွင် ဖြေဆို ထားကြသော ကျောင်းသား၊ ကျောင်းသူ အားလုံး သွားရောက် ကြည့်ရှုကြ သည်ကို မတွေ့မြင် ရပေ။ မိဘ အုပ်ထိန်းသူများ ကိုယ်တိုင်ပင် မိမိတို့ သားသမီးများ အတွက် အလွန် အရေးကြီး အရေးပါသော လုပ်ငန်း ဆောင်တာ တစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက် ကြည့်ရှုပေးရန် သတိထားမိပုံ မပေါ် ဖြစ်ခဲ့ရသည်။ ''ကျောင်းစစ် စာမေးပွဲပဲ မအောင်မရှိ အောင်မှာမို့ သွားကြည့်ရန် မလို '' ဟု စိတ်ထဲ ထင်ထားပုံလည်း ရသည်။

တစ်ခါက ကိုယ်တိုင် တွေ့ကြုံ ခဲ့ရသော အဖြစ်အပျက် တစ်ခုတွင် နဝမတန်း စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသား တစ်ယောက်ကို မိဘများက တက္ကသိုလ် ဝင်တန်း ၁ဝ တန်းစာ သင်ရန် ဘော်ဒါဆောင် တစ်ခုသို့ နွေရာသီ ကတည်းက ပို့လွှတ် အပ်နှံခဲ့သည်။ အောင်စာရင်း ထွက်သော အခါတွင်လည်း သွားရောက် ကြည့်ရှုရန် ပျက်ကွက်ခဲ့ ကြသည်။ ကျောင်းဖွင့်၍ ထို ဘော်ဒါဆောင်မှ ကျောင်းပြောင်း လက်မှတ် တောင်းယူ သောအခါမှ ကျောင်းသား မိဘများ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်ကြ ရတော့သည်။ အဘယ့်ကြောင့် ဆိုသော် ကျောင်းသို့ ကျောင်းပြောင်း လက်မှတ် သွားရောက် ထုတ်ယူသည့် အခါ ထိုကျောင်းသားမှာ နဝမတန်း စာမေးပွဲ ကျရှုံး နေသောကြောင့် ဖြစ်လေသည်။

ထိုဖြစ်စဉ်တွင် အဓိက အမှန်တကယ် နစ်နာသူ များမှာ ကျောင်းသား နှင့် ကျောင်းသား မိဘများပင် ဖြစ်သည်။ ကျောင်းသားသည် ဘော်ဒါဆောင် တွင် အခြား ကျောင်းသား၊ ကျောင်းသူများ နှင့် ၁ဝ တန်းစာကို သုံးလကျော် အတူတကွ သင်ယူ ထားပြီးပြီ။ ယခုကဲ့သို့ စာမေးပွဲ ကျရှုံး နေကြောင်း သိရသောအခါ နဝမတန်းတွင် ဆက်လက် ပညာ သင်ကြားရန် မည်သူမှ ပြောဆို ဖျောင်းဖျ၍ မရတော့ပေ။ ပညာတစ်ပိုင်း တစ်စနှင့် ကျောင်းထွက် သွားခဲ့သည်။ အစကတည်းက ကျရှုံးကြောင်း သိရှိခဲ့ရလျှင် အခြေအနေ တစ်မျိုး ပြောင်း၍ ဆက်လက် ပညာသင်ကြား နိုင်သေးသည်။ ယခုဖြင့် ကျောင်းသားမှာ ရှက်ခြင်း၊ ကြောက်ခြင်း တို့နှင့် ကျောင်းစာ သင်ယူခြင်းကို နှုတ်ဆက် ကျောခိုင်း သွားခဲ့ လေပြီ။ မိမိ၏ အသက်ကိုပင် အန္တရာယ်ပြု မသွားခြင်းက ကံကောင်း သည်ဟု ဆိုရပေမည်။

တစ်နေ့က ကျောင်းစစ် စာမေးပွဲ အောင်စာရင်း ထွက်သော နေ့တွင် မိတ်ဆွေ တစ်ဦး၏ အိမ်သို့ အလုပ်ကိစ္စ တစ်ခုဖြင့် ရောက်ရှိ သွားခဲ့သည်။ မိတ်ဆွေနှင့် စကားပြော နေစဉ် အိမ်ထဲသို့ ပဉ္စမတန်း ဖြေဆို အောင်မြင် သော ကျောင်းသူလေး တစ်ဦး အပြေးဝင် လာပြီး ဝမ်းသာ အားရဖြင့် အနီးရှိ အဒေါ်ဖြစ်သူကို ''တီတီ သမီး စာမေးပွဲ အောင်တယ်'' ဟု ဂုဏ်ယူ ဝံ့ကြွားစွာ ပြောရှာသည်။ ထိုအခါ အဒေါ် ဖြစ်သူက ''အဲဒါ ငါက ဘာလုပ် ရမှာတုန်း'' ဟူသော စကားကြောင့် ကလေးမှာ ဘာလုပ် ဘာကိုင်၍ ဘာဆက် ပြောရမှန်း မသိ ကြောင်တောင်တောင် အမ်းတမ်းတမ်း ဖြစ်သွားရသည်။

အမှန်မှာ ကလေးသည် မိမိ၏ အောင်မြင်မှု အတွက် အသိ အမှတ်ပြု ခံချင်ခြင်းပင် ဖြစ်သည်။ တစ်စုံ တစ်ယောက်က ''သမီးက ဉာဏ်ကောင်း လိုက်တာ'' ''တော်လိုက်တာ'' ဟု ချီးကျူး ပြောဆို လိုက်လျှင် ထိုကလေး သည် သည်ထက် မကသော အောင်မြင်မှု များကို အရောက် လှမ်း၍ ဆွတ်ခူးရန် ခက်ခဲ၊ ခဲယဉ်း တော့မည် မဟုတ်ပေ။ ယခုကလေး စိတ်ထဲတွင် တစ်ခုခု ဖြစ်သွား နိုင်သည်။ ''ငါ အောင်မြင်အောင် ကြိုးစားလဲ အလကား ပါပဲ'' ဟု ထင်မှတ် သွားလျှင် ထိုကလေး၏ ဘဝ သာမက တိုင်းပြည်၏ အနာဂတ်ပါ နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင် ပေသည်။

မိမိသည် ဆိုင်ကယ် ပြုပြင်ရေး ဆိုင်တစ်ဆိုင် နှင့် ရင်းနှီး နေသည်။ ထိုဆိုင်တွင် ပိုင်ရှင် ဝပ်ရှော့ဆရာ နှင့်အတူ အလုပ်သင် ကလေး လေး၊ ငါးယောက်လည်း ရှိသည်။ ဆိုင်သို့ ဆိုင်ကယ် ပြုပြင်ရန် လာရောက်လျှင် ဝပ်ရှော့ ဆရာသည် အလုပ်သင် ကလေးငယ် များကို အရင်ကြည့် ခိုင်းသည်။ ''ဘာဖြစ်တာလဲ'' မေးသည်။ ပြီးမှ သူကိုယ်တိုင် စစ်ဆေး ကြည့်ရှုသည်။ ပြုပြင် ရန်လည်း ကလေးငယ် ကိုသာ ပြင်ခိုင်းသည်။ ပြုပြင်ပြီးလျှင် ထပ်မံ စစ်ဆေး ပေးသည်။ တစ်ခါတစ်ရံ မိမိက ကိုယ်တိုင် ဘာလို့ လုပ်မပေး တာလည်း ကလေးငယ် များနှင့် စိတ်ချရပါ မည်လားဟု ဝပ်ရှော့ဆရာ ကို မေးသောအခါ စိတ်ချ ရကြောင်းနှင့် ထိုသို့ မလုပ်ပါက ထိုကလေး များသည် ဆိုင်ကယ် ပြုပြင်ရေး ပညာကို တော်တော်နှင့် တတ်မည် မဟုတ်ကြောင်း ရှင်းလင်း ပြောပြသည်။ အမှန် တကယ်လည်း ထိုကလေးများ ပြုပြင် ပေးလိုက်သော ဆိုင်ကယ် အစိတ်အပိုင်း များမှာလည်း ကောင်းမွန် ခဲ့သည်။

ထို့ပြင် ဝပ်ရှော့ဆရာ ၏ ထူးခြားချက် တစ်ခုမှာ ကလေးတစ်ဦး ဆိုင်ကယ် ပြုပြင်ပြီးတိုင်း သေချာစွာ ပြန်လည် စစ်ဆေး၍ ''မင်းတော်တော် ရလာပြီပဲ''၊ ''တော်တော် တတ်လာပြီ'' စသည်ဖြင့် အမြဲချီးကျူး စကား ပြောဆို ပေးသည်။ တစ်ခါတစ်ရံ ပြုပြင်ရာတွင် အဆင်မပြေမှု၊ ချို့ယွင်းမှုများ ရှိခဲ့လျှင်လည်း ထိုကလေးကို ဘယ်သော အခါမှ အပြစ် မပြောပေ။ ''မင်းလုပ်တာ ကောင်းတယ်။ ဒါပေမဲ့ ဒါလေးကို ဒီလိုလုပ် လိုက်ရင် ပိုကောင်းမယ်'' ဟု ပြောဆိုပြီး သူကိုယ်တိုင် ပြန်လည် ပြုပြင် သင်ကြား ပြသပေးသည်။ နောက်ဆုံးတွင် ထိုကလေး များသည် ဆိုင်ကယ် ပညာကို ငယ်ငယ်ရွယ်ရွယ် နှင့် ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက် သွားခဲ့ လေသည်။

ဆိုလိုသည်မှာ ငယ်ရွယ်သော ကလေးများသည် အသိပညာ၊ အတတ်ပညာ နှင့် ဗဟုသုတ ပိုင်းဆိုင်ရာများ အကြောင်း အကျိုး၊ အကောင်း၊ အဆိုး၊ အမှား၊ အမှန်ကို သေချာ ဝေဖန်ပိုင်းခြား သိမြင် နိုင်သော အတွေးအခေါ် အမြော်အမြင်များ အားနည်း နေသေးသည် ဖြစ်ရာ တတ်သိ ကျွမ်းကျင်သည့် မိဘ အုပ်ထိန်းသူများ နှင့် ဆရာ၊ ဆရာမ များက ပဲ့ပြင် ထိန်းကျောင်း သွန်သင် ဆုံးမပြသမှု မှန်မှသာလျှင် လမ်းမှန်ပေါ်သို့ အလွယ်တကူ အောင်မြင်စွာ ရောက်ရှိ နိုင်မည် ဖြစ်ပေသည်။

ထို့ကြောင့် ငယ်ရွယ်သော ကလေးငယ်များ လုပ်ဆောင်ချက် များနှင့် ပတ်သက်၍ မိမိထံ ပြောဆို ပြသလာလျှင် ထိုကလေးငယ် လေးများကို အမှုမဲ့ အမှတ်မဲ့ ပြောဆိုပြစ်တင် မည့်အစား အသိအမှတ် ပြုသင့်သည်ကို လိုလိုလားလား ချီးကျူး အသိအမှတ် ပြုကာ ပြုပြင် ထိန်းကျောင်း ပေးလျှင် ထိုကလေးငယ် များ၏ ဘဝရှေ့ရေး တိုးတက် ကောင်းမွန် အောင်မြင် လာမည် သာမက မိမိတို့၏ အမိတိုင်းပြည်၊ နိုင်ငံတော် ကြီးပင် အနာဂတ် အရေး သာယာ လှပ လာမည်မှာ ဧကန်မလွဲ ပင် ဖြစ်ပါကြောင်း။

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger