www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 31, 2016

ရန်ကုန်မြို့ရှိ ဈေးများတွင် ရက်လွန်အစားအသောက် နှင့် ဆေးဝါးများ ရောင်းချမှု လျော့နည်းစေရေး ရှောင်တခင် စစ်ဆေး



ရန်ကုန် ၊ ၃၁-၃-၂၀၁၆

ရန်ကုန်မြို့ရှိ ရောင်းဝယ် ဖောက်ကားမှု အများဆုံး ဈေးကြီးများတွင် ရက်လွန် အစားအသောက်နှင့် ဆေးဝါးများ ရောင်းချမှု လျော့နည်းစေရေး အတွက် ရှောင်တခင် စစ်ဆေးခြင်းများကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ သိရသည်။

ရန်ကုန်မြို့၏ ရောင်းဝယ် ဖောက်ကားမှု များပြားသော ဈေးကြီးများ ဖြစ်သည့် သိမ်ကြီးဈေး၊ သီရိမင်္ဂလာဈေး၊ မင်္ဂလာဈေး နှင့် ဗိုလ်ချုပ်ဈေး အစရှိသော ဈေးများကို အဓိကထား စစ်ဆေးမည် ဖြစ်ပြီး ယင်းကဲ့သို့ စစ်ဆေးရာတွင် ရက်လွန် အစားအသောက်များ နှင့် ရက်လွန်ဆေးဝါးများ ရောင်းချခြင်း ရှိ၊မရှိ၊ စားသောက်ကုန် များတွင် ဆိုးဆေးများ အသုံးပြုခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် ရက်လွန် အစားအသောက် ရောင်းချမှုများကို တွေ့ရှိပါက ပစ္စည်းများ သိမ်းဆည်းကာ ပထမအဆင့် အဖြစ် သတိပေးမည် ဖြစ်ပြီး ထပ်မံတွေ့ရှိပါက ဒဏ်ငွေ ငွေကျပ် တစ်သောင်းမှ ငါးသိန်းအထိ ဒဏ်ရိုက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာန မှ သိရသည်။

ထိုသို့ ရှောင်တခင် လိုက်လံ စစ်ဆေးချိန်တွင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်)မှ တာဝန်ရှိသူများ ပါဝင်မည်ဖြစ်ပြီး သံသယရှိ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် များကို ဓာတ်ခွဲခန်း၌ စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဌာနက ထုတ်ပြန် ထားသည်။

ထို့ပြင် ရှောင်တခင် စစ်ဆေးမှု များကို ယမန်နှစ်များ ကလည်း ဆောင်ရွက်ခဲ့ပြီး စစ်ဆေးချက်များ အရ မျှစ်နှင့် ငါးပိတို့တွင် ဆိုးဆေးနှင့် ဝမ်းရောဂါ ဖြစ်စေနိုင်သော ပိုးမွှားများ တွေ့ရှိရမှုမှာ အများဆုံး ဖြစ်ကြောင်း၊ ယခုနှစ်တွင် မြို့နယ် အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ အရှိန်အဟုန် မြှင့်တင်၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

တက္ကသိုလ်အသီးသီးရှိ ဆရာ ဆရာမပေါင်း ၁၅၀၀ ကျော်ကို ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ရေး သင်တန်းပေး


ရန်ကုန် ၊ ၃၁-၃-၂၀၁၆

ပညာရေး ဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ် များမှ ဆရာ၊ ဆရာမပေါင်း ၁၅ဝဝ ကျော်ကို ဗြိတိသျှကောင်စီ မှ အင်္ဂလိပ်စာ စွမ်းရည် တိုးတက်ရေး သင်တန်းများ ပေးလျက်ရှိသည့် အပြင် ဆရာများ ဘာသာရပ် ပေါင်းစုံ သင်ကြားမှု နည်းစနစ် စွမ်းရည် တိုးမြှင့်ရေး သင်တန်းများ လည်း ဖွင့်လှစ် သင်ကြား ပေးလျက် ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

''ဆရာတိုင်း အင်္ဂလိပ်စာ စွမ်းရည်ရှိဖို့ လိုအပ်တယ်။ သင်ကြားမှု ပုံစံကလည်း သူတို့ရဲ့ သင်ရိုးအတိုင်း သင်ပေးတော့ တတ်မြောက်ဖို့ လွယ်မယ်။ သူတို့ဆီမှာပဲ သင်တန်းတက် မယ်ဆိုရင် သင်တန်းကြေး လေးသိန်း လောက် ကုန်တယ်။ အခု သင်ပေးနေတာ တွေက အခမဲ့ သင်ပေးနေတာပါ။ တစ်နေ့ကို စာသင်ချိန် ရှစ်ကြိမ်ကနေ ၁၅ ကြိမ်အထိ သင်ကြားပေး နေပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆရာ၊ ဆရာမ များကို ဗြိတိသျှ ကောင်စီ နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် နိုင်ငံရပ်ခြား လူမှုဝန်ထမ်း အဖွဲ့ (VSO) တို့မှ ဆရာ၊ ဆရာမ ၄ဝ ကျော်တို့က သင်ကြားပေး နေပြီး ပညာရေး ကောလိပ်နှင့် တက္ကသိုလ်၂၁ ခုရှိ ဆရာ၊ ဆရာမ ၁၅ဝဝ ခန့်ကို နှစ်နှစ် စီမံကိန်း ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည်။

ဗြိတိသျှကောင်စီ နှင့် နိုင်ငံရပ်ခြား လူမှုဝန်ထမ်း အဖွဲ့ (VSO) မှ ဆရာ၊ ဆရာမ များက သက်ဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်အလိုက် လိုက်လံ သင်ကြားပေးလျက် ရှိပြီး ယင်းတို့မှာ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း၊ မုံရွာ၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ မကွေး၊ ပခုက္ကူ၊ ပုသိမ်၊ မြောင်းမြ၊ ပြည်၊ ကျောက်ဖြူနှင့် ဘိုကလေး တို့ရှိ ပညာရေး ကောလိပ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများ အတွက် ဗြိတိသျှ ကောင်စီနှင့် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးဌာန (DGID) တို့က အမေရိကန် ဒေါ်လာ ၇ သန်းသုံးစွဲ ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

တိုင်းရင်းသားလူငယ်များ တက်ရောက်နိုင်မည့် ပုဂ္ဂလိကစိုက်ပျိုးရေး သင်တန်းကျောင်း လျှောက်လွှာများ စတင်လက်ခံ


ရန်ကုန် ၊ ၃၁-၃-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ညောင်ပင်သာယာ ကျေးရွာရှိ ပုဂ္ဂလိက စိုက်ပျိုးရေး သင်တန်းကျောင်း တစ်ခုဖြစ်သည့် Network for Environment and Economic Development (NEEDMyanmar) အဖွဲ့အစည်း၏ Eco Village Farm- EVF School မှ တစ်နှစ်လျှင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တိုင်းရင်းသား လူမျိုး ၄ဝ ဦးခန့်အား သင်ကြား ပေးလျက် ရှိသည်။ ယခုအခါ သင်တန်းကျောင်းမှ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် သင်တန်း အမှတ်စဉ် (၄) အတွက် လျှောက်လွှာများ စတင်လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ သင်တန်းရဲ့ မျှော်မှန်းချက် က စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲမယ့် လုပ်ဆောင်ချက် တွေကို ပိုမိုပြန့်ပွား စေပြီးတော့ လူ့ဘောင် အဖွဲ့အစည်းမှာ စွမ်းရည် မြှင့်တင်ရေး အခြေခံ အခွင့်အရေးတွေနဲ့ လုံခြုံစိတ်ချ ရတဲ့ဘဝတွေကို ပိုင်ဆိုင်မှု၊ လူသားချင်း စာနာမှု၊ အစားအစာ လုံလောက်စွာ ရရှိမှု၊ လူထု အခြေပြု ဖွံ့ဖြိုးရေးနဲ့ ဘက်စုံဖွံ့ဖြိုးရေး နည်းဗျူဟာတွေ ပူးပေါင်းပြီး လုပ်ဆောင်မှု စတဲ့ အချက်တွေကို မျှော်မှန်း လုပ်ဆောင် နေပါတယ်'' ဟု NEED- Myanmar ကိုတည်ထောင်သူ ဦးခိုင်ဓူဝံ က ပြောသည်။

အဆိုပါ သင်တန်းကို ၁ဝ လကြာ သင်ကြားပေးမည် ဖြစ်ကာ စိုက်ပျိုးရေးဒေသ ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်ကာ တက်ရောက်ခဲ့သည့် သင်တန်းသားများက တတ်မြောက်သည့် ပညာရပ် များကို မိမိတို့ဒေသ ၌ ပြန်လည်သင်ကြား ပေးရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ NEED- Myanmar အဖွဲ့အစည်းမှာ မြန်မာ တစ်နိုင်ငံလုံးရှိ လူငယ်များအား ၂ဝဝ၆ ခုနှစ်မှ၂ဝ၁ဝ ပြည့်နှစ်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ Model Farm Initiative -MFI အစီအစဉ်ဖြင့် ဖွင့်လှစ် သင်ကြားခဲ့ရာ မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ် မှစတင်၍ Eco Village Farm-EVF အမည်ဖြင့် ပြောင်းလဲပြီး တိုင်းရင်းသား လူငယ်များအား ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။

ယင်းသင်တန်း တက်ရောက်လိုသူ များသည် လျှောက်လွှာများကို အဆိုပါ သင်တန်းကျောင်း သို့ ဧပြီလကုန် နောက်ဆုံးထား လာရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၃)

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၁၃)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၅) အမှတ်(၁၃)

Download Links



ကျောက်ကပ်ရောင်ခြင်း နှင့် ရှောင်သင့်သောအစာ


ကျောက်ကပ်ရောင်ခြင်း နှင့် ရှောင်သင့်သောအစာ

ဒေါက်တာလွင်သန့် (ဆေး-၂)

လူ့ခန္ဓာကိုယ် အတွင်းက ကျောက်ကပ် တစ်လုံးစီမှာ ဂလိုမာလူနာ ခေါ်တဲ့ ဆန်ခါကွက်ငယ် လေးတွေ တစ်သန်းကျော် လောက်ရှိပါတယ်။ အဲဒီ ဆန်ခါကွက် ကလေးတွေဟာ သွေးထဲမှာရှိတဲ့ ခန္ဓာကိုယ် အတွက် မလိုအပ်တဲ့ အညစ်အကြေးတွေ၊ ဆီးထဲက အဆိပ်တွေ စွန့်ပစ်ခြင်း၊ သွေးထဲက ပရိုတိန်းဓာတ်တွေ ဆီးထဲ ပါမသွားဖို့ စစ်ပေးခြင်းတို့ကို ဆောင်ရွက်ပါတယ်။ ကျောက်ကပ်ရောင် ရောဂါ ဖြစ်ပွားသူတွေရဲ့ ကျောက်ကပ်တွေ ထဲက ဆန်ခါကွက် တွေက ကောင်းကောင်း အလုပ် မလုပ်နိုင်ခြင်း၊ ရောင်ရမ်း ပျက်စီးခြင်း တွေကို တွေ့ရတတ်ပါတယ်။ သွေးထဲမှာ ပါလာတဲ့ ပရိုတိန်းခေါ် အသားဓာတ် တွေကို ဆန်ခါကွက်ငယ် များက ကောင်းကောင်း စစ်ယူမထား နိုင်တော့လို့ ဆီးထဲမှာ အသားဓာတ် ပါလာတယ်။ အသားဓာတ်တွေ ဆီးမှာ ယိုစိမ့်မှု များလာရင် သွေးထဲမှာ အသားဓာတ် လျော့နည်းသွားတယ်။ သွေးမှ အသားဓာတ် နည်းပါးခြင်း၊ ရေနဲ့ အငန်ဓာတ် တွေကိုလည်း ဆီးကတစ်ဆင့် စွန့်ပစ်နိုင်မှု နည်းပါးပြီး လိုအပ်တာထက် များပြားခြင်း တို့ကြောင့် ခန္ဓာကိုယ် ဖောရောင်ခြင်း ဖြစ်စေတယ်။

ကျောက်ကပ်ရောင် ရောဂါကို အချိန်မီ မကုသရင် တဖြည်းဖြည်း ကျောက်ကပ် ပျက်စီးပြီး ကျောက်ကပ် အလုပ်မလုပ်နိုင် ဖြစ်လာပါတယ်။ ကျောက်ကပ်ရောင် လူနာဟာ အပေါ်သွေး ပေါင်ချိန် ၁၄ဝ အထက်မှာ ရှိပါက သွေးပေါင်ကျဆေး သောက်ဖို့လိုပါတယ်။ သင့်တင့်တဲ့ သွေးပေါင်ချိန်မှာ အမြဲရှိသင့် ပါတယ်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အအေးမိခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်ပူခြင်း တွေဖြစ်ရင် ခေတ္တရပ်ထားပြီး ကောင်းမှသာ ဆက်သောက်သင့် ပါတယ်။ ကျောက်ကပ်ရောင် ဆေးတွေဖြစ်တဲ့ ပရီဒီနယ်ဆလုံး၊ ဒက်ဘာမီကာ ငုံဆေးတွေ ကိုတော့ နေမကောင်း ဖြစ်ရင်လည်း ရုတ်တရက် မရပ်ဘဲ သောက်သင့်တယ်။ နေမကောင်းရင် ဆီးနဲ့ကျောက်ကပ် ဆရာဝန်ထံ ပြသင့်တယ်။ 

အစားအသောက် ၊ ရေ ။ ခန္ဓာကိုယ် ဖောရောင်တဲ့အခါ ရေကို လျှော့သောက်ရမယ်။ ဆီးနည်းပြီး ဖောရောင် နေတာကို ဆီးများများ သွားဖို့ ရေများများ သောက်ခြင်းက အန္တရာယ် ရှိတယ်။ ခန္ဓာကိုယ် ပိုမိုဖောရောင် လာပြီး အဆုတ်မှာ ရေပြည့်ရင် အမောဖောက် လာတတ်တယ်။ ဆီးဆေး (Lasix) ကို ထိန်းညှိ သောက်သင့်ပါတယ်။

အငန်ဓာတ် (ဆားဓာတ်) ။ အငန်ကို လျှော့စားသင့်တယ်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ရှောင်သင့်တယ်။ ခန္ဓာကိုယ် ဖောရောင်ချိန်မှာ အငန်လျှော့ရမယ်။ စိုးရိမ်စိတ် များပြီး အငန်လုံးဝ မထည့်ဘဲလည်း မစားသင့်ပါဘူး။

အဆီဓာတ် ။ အသားမှရတဲ့ အဆီ ၊ ထောပတ် ၊  မလိုင်၊ အုန်းနို့၊ ကြက်ဥအနှစ် စတဲ့ အဆီဓာတ် များတဲ့အစာများ ရှောင်သင့်တယ်။ ပင်လယ်ငါး စားသင့်တယ်။

အသားဓာတ် ။ အသားကို ပုံမှန် အသင့်အတင့် (တစ်နေ့ ကြက်ဥအရွယ် အသားတုံး တစ်တုံးမှ နှစ်တုံး) စားနိုင်တယ်။ အသားကို လိုတာထက် ပိုမစားသင့်ပါ။ အစားအစာ ချက်ပြုတ်ပြင်ဆင် စားသုံးရာမှာ သန့်ရှင်းမှုကို သာမန်ထက် ဂရုပြုသင့် ပါတယ်။

အရောင်ဆိုးဆေး အစားအစာများ ။ မသန့်ရှင်းတဲ့ အစားအစာတွေ၊ ယင်နားစာ၊ မလတ်ဆတ်တဲ့ အသီးအရွက်တွေ စားသုံးခြင်းမှ ရှောင်သင့်ပါတယ်။

သတိပြုပါ ။ ဖောရောင်ခြင်း၊ သွေးတိုးခြင်း၊ ဆီးနည်းခြင်း၊ ညဘက်မှာ သာမန်ထက် ဆီးများခြင်း၊ ဆီးတွင် သွေးပါခြင်း၊ ဆီးစစ်ကြည့်ပါက ဆီးမှာ အသားဓာတ် ပါခြင်း၊
ကျောက်ကပ် အလုပ်မလုပ်ခြင်း ရှိပါက ကုသဖို့ အရေးကြီးတယ်။

သတိထားဖို့မှာ တညင်းသီး တစ်လုံးဟာ ကျောက်ကပ်ဆဲလ်များ ပျက်စီးစေလို့ တညင်းသီး စားသုံးခြင်း ရှောင်ရပါမယ်။ လူထူထပ်ပြီး ဖုန်တထောင်းထောင်း ထတဲ့ အရပ်ဒေသကို ရှောင်ပါ။ ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ များရှောင်ပါ။ အိမ်ထောင်ရှိ အမျိုးသမီး များ ကျောက်ကပ်ဆေး သောက်နေစဉ်မှာ ကလေးမယူ သင့်ပါ။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဧရာဝတီတိုင်းဒေသကြီး အတွင်း ဒေသခံပြည်သူ ၁၁၄၅၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့


တပ်မတော် မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်) ဧရာဝတီရေတပ်စခန်း ဌာနချုပ် အမှတ်(၄) ဆိပ်ခံတံတားသို့ ပြန်လည် ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ နှင့် အရာရှိ ၊ စစ်သည် ၊ မိသားစုများက ကြိုဆို နှုတ်ဆက်ကြစဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၆

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)သည် မြစ်ရေယာဉ်-စကု နှင့်အတူ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်း ဌာနချုပ်၊ အမှတ်(၄) ဆိပ်ခံတံတား သို့ ပြန်လည် ရောက်ရှိလာရာ တပ်မတော်(ရေ )မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်း တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာ စုစုပေါင်း ဆေးကုသမှု ဆိုင်ရာရောဂါ ၃၁၂၈ ဦး၊ ခွဲစိတ်ရောဂါ ၈၂၁ ဦး၊ သားဖွားမီးယပ် ရောဂါ ၇၆၆ ဦး၊ အရိုးရောဂါ ၂၃၂၄ ဦး၊ နားနှာခေါင်း လည်ချောင်းရောဂါ ၉၆၁ ဦး၊ မျက်စိရောဂါ ၁၃၁၄ ဦး၊ သွားရောဂါ ၁၂၄၈ ဦးနှင့် ကလေးရောဂါ ၈၉ဝ ဦး၊ စုစုပေါင်း ၁၁၄၅၂ ဦးအား ဆေးကုသမှုများ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် ဒေသခံပြည်သူ ၄၇ ဦးကိုလည်း တပ်မတော်ဆေးရုံ များတွင် တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)သည် ယခုအကြိမ် အပါအဝင် ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးသို့ ခြောက်ကြိမ် သွားရောက်၍ ဒေသခံပြည်သူ စုစုပေါင်း ၆၁၇၅၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင် ကြသော မြန်မာနိုင်ငံသား ၆၈ ဦး ပြန်လည်ဝင်ရောက်


အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်း ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ
 နေရပ်ပြန်လာကြ သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၆

ထိုင်းနိုင်ငံ၊ မဲ့စရိယန်းမြို့နယ် ရှိ မယ်ရာမူ (ခ) မယ်ရမလောင် ဒုက္ခသည်စခန်းတွင် အခြေပြု နေထိုင်ခဲ့သော ဦးစောကြာထူး ဦးစီးသည့် မြန်မာနိုင်ငံသား ၆၈ ဦးသည် မတ် ၂၄ ရက်တွင် ယင်း ဒုက္ခသည်စခန်း မှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမော့လယ် ကျေးရွာရှိ (AGAPE) ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွင် ခေတ္တ နေထိုင်လျက် ရှိသည်။

ယင်းသို့ နေရပ်ပြန်လာကြ သူများ စားသောက်ရေး အဆင်ပြေ စေရန်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်းနှင့် တာဝန်ရှိသူ များက သွားရောက် တွေ့ဆုံ၍ ဆန်၊ ဆီ၊ အာလူး၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ ပေးအပ်ခဲ့သည်။

ထိုသို့ ပြန်လည်ဝင်ရောက် လာသူများမှ ၅၅ ဦးသည် သံတောင်ကြီးမြို့နယ်၊ ဘောကလိကြီးမြို့၊ သပြေညွန့် ကျေးရွာတွင် အခြေပြု နေထိုင်ကြမည် ဖြစ်ပြီး ကျန် ၁၃ ဦးသည် ဘားအံမြို့နယ်၊ ရဲသာရွာတွင် အခြေပြုနေထိုင် ကြမည်ဖြစ်သည်။ နေရပ် ပြန်လာကြသူများ သွားလာရေး အဆင်ပြေစေရန် အတွက် ဘားအံခရိုင် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက မှန်လုံယာဉ် နှစ်စီးဖြင့် စီစဉ်ပေး၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ စတုတ္ထအကြိမ်မြောက် ကျောက်ကပ် အစားထိုး ကုသမှုကို အောင်မြင်စွာ ခွဲစိတ်ကုသ


ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ စတုတ္ထအကြိမ် ကျောက်ကပ် အစားထိုးကုသစဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ ယမန်နေ့တွင် စတုတ္ထအကြိမ်မြောက် ကျောက်ကပ် အစားထိုး ကုသမှုများကို အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့သည်။

ထိုသို့ ကျောက်ကပ်ခွဲစိတ် ကုသမှုတွင် ကျောက်ကပ် အလှူရှင်ဖြစ်သူ ဒေါ်စန်းစန်းဝင်း ၅၅ နှစ်က မောင်ဖြစ်သူ ဦးသက်နိုင်ဦး ၄၉ နှစ်ထံသို့ လည်းကောင်း၊ မနှင်းရီ ၃၈ နှစ်က အစ်ကိုဖြစ်သူ ဦးလှရွှေ ၄ဝ နှစ်ထံသို့ လည်းကောင်း ကျောက်ကပ်လှူဒါန်း ခဲ့ခြင်း ဖြစ်ပြီး ကျောက်ကပ် အစားထိုး ကုသမှုကို ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ် ပါရဂူ ဗိုလ်မှူးကြီး မျိုးသန့်နှင့် ဂုဏ်ထူးဆောင် ပါမောက္ခ ဦးသန်းအေး တို့မှ ဦးဆောင်၍ အောင်မြင်စွာ ခွဲစိတ်ကုသ ခဲ့သည်။

အဆိုပါဆေးရုံ၌ ပထမအကြိမ် ကျောက်ကပ် အစားထိုး ကုသမှုကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် လည်းကောင်း၊ ဒုတိယအကြိမ် ကျောက်ကပ် အစားထိုး ကုသမှုကို ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် လည်းကောင်း၊ တတိယအကြိမ် ကျောက်ကပ် အစားထိုး ကုသမှုကို ၂ဝ၁၅ ခုနှစ်၊ မတ်လတွင် လည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့သည်။

အကြောင်း အမျိုးမျိုးကြောင့် ကျောက်ကပ် ပျက်စီးသော လူနာများသည် ကျောက်ကပ် ဆေးခြင်းကို ပျမ်းမျှတစ်ပတ်လျှင် နှစ်ကြိမ် ပြုလုပ်ရကြောင်း၊ ကျောက်ကပ် အစားထိုး ကုသမှု ဆောင်ရွက်မှသာ လူနာ၏ Quality of Life တက်လာပြီး ကျောက်ကပ် ဆေးကြောခြင်း မပြုလုပ်ရသည် အထိ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ကျောက်ကပ် ပျက်စီးသော လူနာများ များပြားလာသည်နှင့် အမျှ ကျောက်ကပ် လှူဒါန်းရန် လိုအပ် လာကြောင်းနှင့် ကျောက်ကပ် အစားထိုးကုသ နိုင်သော ဆေးရုံများလည်း လိုအပ်လာကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၆) ကြာသပတေးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၆) ကြာသပတေးနေ့

Download Links



Wednesday, March 30, 2016

ရွှေတိဂုံစေတီတော်မြတ်အား ၂၀၂၀ ပြည့်နှစ်တွင် ကပ်လှူပူဇော်ရန် ရွှေသင်္ကန်းအချပ်ရေ ၄၀၀၀ ကျော် ရရှိပြီးဖြစ်



ရန်ကုန် ၊ ၃၀-၃-၂၀၁၆

ရွှေတိဂုံ စေတီတော် မြတ်ကြီးတွင် ငါးနှစ်တစ်ကြိမ် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်မှု အစီအစဉ် အရ ၂ဝ၂ဝ ပြည့်နှစ်တွင် ရွှေသင်္ကန်း ကပ်လှူမည့် အလှူရှင်များထံမှ ရွှေသင်္ကန်း အချပ်ရေ ၄ဝဝဝ ကျော် အလှူခံရရှိ ထားပြီ ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ ၏ ထုတ်ပြန်ချက် သတင်းများအရ သိရသည်။

ရွှေတိဂုံ စေတီတော် မြတ်ကြီးအား ငါးနှစ်တစ်ကြိမ် ရွှေစင်ရွှေပြား များ ကပ်လှူ ပူဇော်လျက် ရှိရာ လွန်ခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်က (၈)ကြိမ်မြောက် ရွှေစင်ရွှေပြား ရွှေသင်္ကန်း ကပ်လှူပူဇော် ပွဲကို ကျင်းပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ ရွှေစင်ရွှေပြား ရွှေသင်္ကန်း ကပ်လှူ ပူဇော်ပွဲတွင် ရွှေတိဂုံ စေတီတော်၏ ငှက်ပျောဖူး ကနေ ခေါင်းလောင်းတော် ထိ ယခင်က ဆက်ကပ်ပူဇော် လှူဒါန်း ထားသည့် ရွှေသင်္ကန်း ဟောင်းများကို ပြန်လည်ပြုပြင် မွမ်းမံကပ်လှူ ပူဇော်ပေးကာ ကျန်ရှိနေသည့် စေတီတော် အပိုင်းများကို ရွှေသင်္ကန်း အသစ်များ ဆက်ကပ် ပူဇော်လှူဒါန်း မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ်က (၈)ကြိမ်မြောက် ရွှေစင်ရွှေပြား ရွှေသင်္ကန်း ကပ်လှူပူဇော် ပွဲတွင် ရွှေသင်္ကန်း ပိဿာချိန် ၂၄၃ ပိဿာ နှင့် ရွှေသင်္ကန်း အချပ်ရေ ၁၈၂၂၇ ချပ်ထိ ဆက်ကပ်ပူဇော် လှူဒါန်း ခဲ့ကြောင်း သိရသည်။

ရွှေတိဂုံ စေတီတော် မြတ်ကြီးတွင် ငါးနှစ်တစ်ကြိမ် ရွှေစင်ရွှေပြား များ ကပ်လှူပူဇော်မှု အစီအစဉ် များအရ လာမည့် ၂ဝ၂ဝ ပြည့်နှစ် တွင် (၉)ကြိမ်မြောက် ရွှေသင်္ကန်း ပြန်လည်ကပ်လှူ မှုများကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

မြ၀တီနေ့စဉ် 

နှစ် ၂၀ အတွင်း နှလုံးရောဂါဖြစ်ပွားသည့် အရွယ် ပိုစောလာကြောင်း CDC က ထုတ်ပြန်ကြေညာ



ဝါရှင်တန် ၊ ၃၀-၃-၂၀၁၆

အမေရိကန် ပြည်ထောင်စုတွင် ပြီးခဲ့သော နှစ်ပေါင်း ၂ဝ အတွင်း နှလုံးရောဂါ ဖြစ်ပွားသည့် အရွယ် ပိုစောလာကြောင်း နှင့် နှလုံးရောဂါ ဖြစ်ပွားသူ အများစုသည် ဆေးလိပ် သောက်သူများ၊ သွေးတိုး ရှိသူများ၊ ဆီးချိုရှိ သူများ ဖြစ်ကြကြောင်း ရောဂါ တိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေးဌာန (CDC) က ထုတ်ပြန် ကြေညာသည်။

''ဆေးလောကရဲ့  နှလုံးရောဂါ ကို ဟန့်တားကုသ နိုင်မှုဟာ ကျဆင်းမသွား ခဲ့ပါဘူး။ တိုးတက်မှု ရှိပါတယ်။ ဒါပေမဲ့ လူတွေရဲ့ နေထိုင်မှုပုံစံနဲ့ အကျင့်တို့ကို ပြုပြင်မှု မရှိတဲ့အတွက် တစ်ချိန် က ၆၄ နှစ်ကျော်မှ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း များခဲ့တဲ့ နေရာမှာ အခု အသက် ၅၅ နဲ့ ၆ဝ ကြားမှာကို နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း များလာတာကို တွေ့ရပါတယ်။ ဒါကြောင့် လူတွေက ကျန်းမာရေး ပုံမှန် စစ်ဆေးမှု လာရောက်ခံယူ တဲ့အခါ ကိုယ်အလေးချိန် လျှော့ချဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်ဖို့ ၊ ကိုယ်လက် လှုပ်ရှားမှု ပုံမှန်လုပ်ပေး ဖို့ကို ဆရာဝန်တွေ အနေနဲ့ တိုက်တွန်းပေးဖို့ ကျွန်တော် တို့က ထပ်ဆင့်တိုက်တွန်း ပါတယ်'' ဟု ကလီဗလင် နှလုံးရောဂါ သုတေသန ဌာနမှ သုတေသီ ဒေါက်တာ ဆမီယာကာပါဒီယာ က ပြောပြသည်။

၁၉၉၅ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း နှလုံးရုတ်တရက် ရပ်တန့်မှု ပြင်းထန်စွာ ဖြစ်ခဲ့ဖူးသော လူနာပေါင်း ၃၉ဝဝ ထက်မနည်းတွင် STEMI လက္ခဏာကို အများဆုံး တွေ့ရကြောင်း၊ နှလုံး၏ ပင်မ သွေးကြောများ လုံးဝပိတ်ဆို့ပြီး သွေးစီးဆင်း နိုင်ခြင်း မရှိတော့သည့် လက္ခဏာ ဖြစ်ကြောင်း၊ လူနာအနေဖြင့် ဆေးဝါးကုသမှုကို ချက်ချင်းရရှိလျှင် အသက်ရှင်သန် နိုင်ခြေရှိပြီး အနည်းငယ် နောက်ကျရုံဖြင့် သေဆုံးသွားနိုင် သကဲ့သို့ အသက်ရှင်သန် ကျန်ရစ်လျှင် လည်း မသန်စွမ်း ဘဝဖြင့် နေထိုင်သွားရမည့် ရာခိုင်နှုန်းသာ ပို၍များကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

ထို့ကြောင့် မိမိတွင် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြင်း ရှိ၊ မရှိ သံသယဖြစ်လျှင် အမြန်ဆုံး ဆေးစစ်မှုခံယူပြီး နေထိုင်မှု ပုံစံကို လိုအပ် သကဲ့သို့ ချက်ချင်းပြုပြင် သွားရန် လိုအပ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

မြိတ်ကျွန်းစုရှိ ကျွန်းပေါင်း ၁၂ ကျွန်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ သွားရောက် လည်ပတ်မှု များပြားလာ



မြိတ် ၊ ၃၀-၃-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် မြိတ်ကျွန်းစု၌ ရေအောက် ရှုခင်းများကို ကြည့်ရှုနိုင်သည့် ကျွန်းပေါင်း ၁၂ ကျွန်းသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်မှုနှုန်း မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

''အရင်က ဒီကျွန်းတွေကို တစ်နေ့ ခရီးသွား ဧည့်သည်ဦးရေ ၅ဝ ဝင်ရင် အခု ၁၅ဝ နီးပါးဝင်လာတယ်။ ဒေသအတွက်ရော ဆလုံ တိုင်းရင်းသား တွေရဲ့ စီးပွားရေး အတွက်ပါ ကောင်းလာတယ်။ ဒေသခံတွေ ကိုလည်း အလုပ်အကိုင် ရလာစေတယ်။ သန္တာကျောက်တန်း တွေ ထိန်းသိမ်း ဖော်ဆောင် လာရင် ဒီဒေသက ပိုပြီးဖွံ့ဖြိုး လာဖို့ရှိတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခရီးသွားဧည့်သည် များသည် ညအိပ် ခရီးစဉ်များ၊ နေ့ချင်းပြန် ခရီးစဉ်များဖြင့် သွားလာလျက် ရှိပြီး မြိတ်ကျွန်းစု ဒေသအတွင်း ရွက်လှေများဖြင့် လှည့်လည် ကြည့်ရှုခြင်းနှင့် ကျွန်းများသို့ သွားရောက် လည်ပတ်ခွင့်ကို ဖြေလျှော့ပေး မှုကြောင့် တစ်လထက် တစ်လ ခရီးသွား ဧည့်သည် ဝင်ရောက်မှု ပိုမိုများပြား လာခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ခရီးသွားများ လည်ပတ်မှု ပိုမိုများပြား လာသည့်အတွက် ကျွန်းစုဒေသ များ၌ Tourism Police (ခရီးသွားရဲ) များ ထားရှိပေးရန် စီစဉ်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန(ကော့သောင်းရုံးခွဲ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ကြက်မောက်ကျွန်း၊ အနောက် ကျွန်းနီကျွန်း၊ ခက်ရင်းခွကျွန်း၊ ကျွန်းဖီလာကျွန်း၊ မြောက် တော်ဝင်ကျွန်း၊ အမှတ်(၁၁၅) ကျွန်း၊ ညောင်ဝှီးကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ ကျောက်သင်ပုန်း ကျွန်း၊ ဝအလယ်ကျွန်း နှင့် နတ်သမီး ရေတွင်းကျွန်း တို့သည် သွားရောက် လည်ပတ်ရန် အကောင်းဆုံး နေရာများ ဖြစ်ပြီး ခရီးသွား ဧည့်သည်များ အနေဖြင့် အဆိုပါကျွန်း များ၌ ရေငုပ်ခြင်း၊ ရေအောက် ရှုခင်းများ ကြည့်ရှုခြင်း၊ ရွက်လွှင့်ခြင်း၊ လှေလှော်ခြင်း၊ ငှက်ကြည့်ခြင်း၊ ဆလုံ တိုင်းရင်းသား ယဉ်ကျေးမှုနှင့် လမုတောများ ကြည့်ရှုခြင်း စသည်တို့ကို လေ့လာ နိုင်သည်။

သို့ဖြစ်၍ သဘာဝအလှ များဖြင့် ပြည့်စုံပြီး ရှည်လျားသော ပင်လယ် ကမ်းရိုးတန်း တည်ရှိကာ ထူးခြားဆန်းကြယ် လှပသည့် သဘာဝ တောတောင် ရှုခင်းများ၊ ရှားပါးသည့် သဘာဝ အပင်များနှင့် ကျေးငှက် တိရစ္ဆာန် အမျိုးပေါင်း မြောက်မြားစွာ နေထိုင်ပြီး ပင်လယ် ရေအောက် သန္တာကျောက်တန်း နှင့် ရေနေ သတ္တဝါများ ပေါများသောကြောင့် မြိတ်ကျွန်းစု ဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်မှု မြင့်တက်လာခြင်းဖြစ်ကြောင်း လည်း သိရသည်။

ပထဝီ အနေအထား သတ်မှတ်ချက် အရ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၁၃၂ဝ ကျယ်ဝန်းပြီး ကျွန်းကြီး ရှစ်ကျွန်းနှင့် ကျွန်းလတ်၊ ကျွန်းငယ်ပေါင်း ၇၉၅ ကျွန်း စုစုပေါင်း ၈ဝ၃ ကျွန်းဖြင့် ဖွဲ့စည်းထားသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၄)

ရန်ကုန် ၊ မန္တလေးနှင့် ကျောက်ဖြူတို့၌ မိုးလေ၀သရေဒါ တပ်ဆင်အသုံးပြုရန် ဆောင်ရွက်နေ



ရန်ကုန် ၊ ၃၀-၃-၂၀၁၆

မြန်မာနိုင်ငံအတွင်း မိုးလေဝသ ဆိုင်ရာ သတင်း အချက်အလက် များအား ပြည်သူများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် မိုးလေဝသ ရေဒါသုံးခုကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့ တို့၌ တပ်ဆင် အသုံးပြုရန် ဆောင်ရွက် နေသော်လည်း မိုးလေဝသ ရေဒါ တစ်လုံးသာ ပြီးစီးသေးကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မိုးလေဝသ ရေဒါသုံးခုကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တို့၌ တပ်ဆင်ရန် စီစဉ် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျောက်ဖြူမြို့ ၌သာ မိုးလေဝသ ရေဒါ တပ်ဆင်ပြီးစီး ခဲ့ကြောင်း၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့၌ တပ်ဆင်မှုများ ပြုလုပ် နေသော်လည်း ပြီးစီးမည့် အချိန်အား မခန့်မှန်း နိုင်သေးကြောင်း၊ ရန်ကုန်မြို့၌ ရေဒါ တည်ဆောက်မှု အနေဖြင့် ဇွန်လအတွင်း အပြီး တည်ဆောက် တပ်ဆင်နိုင်ရန် လျာထား သော်လည်း နောက်ကျ နိုင်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကို ကြုံတွေ့နေရပြီး ရာသီဥတု ဖောက်ပြန်မှုများ ကိုလည်း အများပြည်သူ ခံစား နေရကြောင်း၊ ယင်းတို့အား ကြိုတင် ကာကွယ်မှု ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မိုးလေဝသ နှင့်ပတ်သက်သော သတင်း အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် လိုအပ်လာသည့် အတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း မိုးလေဝသရေဒါ များအပြင် ခေတ်မီ အလိုအလျောက် မိုးလေဝသ တိုင်းတာစက်အလုံး ၃ဝ အသုံးပြုကာ မုန်တိုင်း၊ မိုးတိမ်တောင် များ၏ အခြေအနေ ကိုတိုင်းတာသိရှိ နိုင်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် မိုးလေဝသရေဒါ တပ်ဆင်ခြင်း လုပ်ငန်းများ အတွက် လိုအပ်သော ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ ဌာနများသို့ အခွန် ကင်းလွတ်ခွင့်နှင့် အချက်အလက် များတင်ပြ နေရခြင်းကြောင့် ကြန့်ကြာမှုများ ရှိနေကြောင်း၊ မိုးလေဝသ တိုင်းတာခြင်း များတွင် ပင်လယ် ဆိပ်ကမ်းမြို့များ ဖြစ်သော ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တို့၌ တပ်ဆင်ပြီးပါက ယင်းနှစ်ခု နှင့်ပင် မိုးလေဝသ အခြေအနေ များကို အပြည့်အဝ သိရှိနိုင်မည် ဖြစ်သည်။

လာမည့်နှစ်တွင် မိုးလေဝသ တိုင်းတာရေး ရေဒါများဖြင့် ကပ္ပလီပင်လယ် နှင့် ဘင်္ဂလား ပင်လယ်အော်  တို့ရှိ မုန်တိုင်း အခြေအနေ များကို တိုင်းတာသိရှိ နိုင်တော့မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ဂြိုဟ်တုမှ တစ်ဆင့် မိုးလေဝသ အခြေအနေ များကို စောင့်ကြည့်နိုင်ရန် မကြာမီ ကာလတွင် ဂြိုဟ်တုတပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၅)

မြန်မာနိုင်ငံတစ်ဝန်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေရသည့် ကျေးရွာများသို့ ငွေကျပ် ၂၂၆ သန်း အသုံးပြု၍ သောက်သုံးရေ ဖြန့်ဝေမည်



ရန်ကုန် ၊ ၃၀-၃-၂၀၁၆

အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ် မှုဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် ကျေးရွာများသို့ ငွေကျပ် ၂၂၆ သန်း အသုံးပြု၍ သောက်သုံးရေ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ခုနစ်ခုအပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုကို အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့ နေရသည့် မြို့နယ်ပေါင်း ၁၇ဝ ကျော်ကိုပါ သောက်သုံးရေ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ပြင်းထန်သော အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ဒေသအတော် များများ၌ ရေရှားပါး ပြတ်လပ်မှု ကြုံတွေ့ရလျက် ရှိကြောင်း၊ ထို့ကြောင့် အဆိုပါ ရေရှားပါးမှု ကြုံတွေ့နေရသည့် ကျေးရွာများသို့ နိုင်ငံတော် အစိုးရ၏ ပံ့ပိုးငွေကျပ် ၁၁၁ သန်းနှင့် သီးသန့် ရန်ပုံငွေကျပ် ၁၁၅ သန်းကို သုံးစွဲနိုင်ရေး အတွက် အဆင်သင့် ဖြစ်စေရန် စီစဉ်ထားသည် များလည်း ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး (အောက်ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ကျေးရွာ အများစုတွင် ရေရှားပါးမှု ကြုံတွေ့ နေရပြီး ဇန်နဝါရီလမှ စတင်ကာ ရေတွင်း၊ ရေကန်များ ခန်းခြောက် နေသည့်အတွက် သောက်သုံးရေ ရှားပါးမှု အခက်အခဲနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

ကသာခရိုင်အတွင်း ရှေးဟောင်း အမွေအနှစ်များနှင့် မြန်မာ့လက်မှု လုပ်ငန်းများကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု များပြားလာ



ကသာ ၊ ၃၀-၃-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အတွင်းမှ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များနှင့် မြန်မာ့လက်မှု လုပ်ငန်းများကြောင့် နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှု များပြား လာကြောင်း သိရသည်။

ကသာခရိုင်၌ အင်္ဂလိပ်ခေတ် လက်ကျန် ရှေးဟောင်း အဆောက်အအုံများ အပြင် စာရေးဆရာကြီး ဂျော့အိုဝဲလ် နေထိုင်ခဲ့သည့် နေအိမ်၊ အင်္ဂလိပ်ခေတ် တင်းနစ် ကစားကွင်း၊ သစ်တောရုံး၊ ကသာမြို့ တောင်ဘက်နှင့် မြို့နှင့် ၁ဝ မိုင်ခန့်အကွာရှိ နတ်ပေါက် ၁ဝ မိုင် ဆင်စခန်းများ အပြင် ဗန်းမောက်မြို့နယ် ဇလုံတောင် ဒေသ၊ အင်းတော်ကြီး မန်လည်ကျောင်း၊ အင်းတော်လေးကန်၊ အင်းတော်မြို့နယ် မော်လူးကျေးရွာ ရှိ ကြိမ်၊ ဝါး၊ သစ်သား လုပ်ငန်းများ၊ မော်လူးမြို့ အနီးရှိ ဒုတိယ ကမ္ဘာစစ် အတွင်းက ဖြစ်ပွားခဲ့သည့် ဝင်းဂိတ် တိုက်ပွဲ နေရာတို့မှာ သိရှိသူ များပြားလာ သဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များက စိတ်ဝင်စားမှု ပိုမိုများပြား လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ကသာမြို့သို့ ရေကြောင်းလမ်း အပြင် ကားလမ်း၊ ရထားလမ်း တို့မှလည်း အလွယ်တကူ သွားရောက် လည်ပတ်နိုင်ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များမှာ ကသာ မြို့တွင်းသို့ မြင်းလှည်းနှင့် အနှေးယာဉ် တို့စီးကာ လှည့်လည်ကြည့်ရှု လေ့လာကြသည်။

ယခုအခါ နိုင်ငံခြား ခရီးသွား ဧည့်သည်များ တည်းခိုနိုင်သည့် ဟိုတယ်များ ကိုပါ တိုးချဲ့ တည်ဆောက် ခဲ့သည့်အတွက် နိုင်ငံခြား ခရီးသွား ဧည့်သည်များပြား လာခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ငါးနှစ်ခန့်က ကသာမြို့သို့ ဧရာဝတီ မြစ်ကြောင်း အတိုင်းသာ လာရောက် လေ့လာကြည့်ရှု ခဲ့သော်လည်း ယခုအခါ ကသာမြို့တွင်း သာမက ကသာခရိုင် အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊ လက်မှု လုပ်ငန်းများ ရှိရာသို့ လာရောက် လည်ပတ်မှုများ ရှိလာကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၅)

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၃-၂၀၁၆) ဗုဒ္ဓဟူးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၃-၂၀၁၆) ဗုဒ္ဓဟူးနေ့

Download Links



Tuesday, March 29, 2016

အရှေ့တရုတ်ပင်လယ် တွင် တရုတ်၏ အင်အားကို ယှဉ်ပြိုင်လာသည့် ဂျပန်



(နိုင်ထူး)

အရှေ့တရုတ် ပင်လယ်တွင်းရှိ ကျွန်းပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ အငြင်းပွား မှုများ ဖြစ်ပေါ်နေစဉ် တောင်တရုတ် ပင်လယ်အတွင်း အင်အား ချဲ့ထွင်ရန် ကြိုးပမ်းလာသည့် တရုတ်နိုင်ငံကို ယှဉ်ပြိုင်နိုင်ရေး အတွက် ဂျပန်နိုင်ငံသည် ၄င်းတို့၏ ရေဒါစခန်း တစ်ခုကို အရှေ့ပင်လယ် အတွင်း၌ မတ် ၂၈ ရက်တွင် ပြောင်းရွှေ့ ဖွင့်လှစ် လိုက်သည်။

အဆိုပါ ရေဒါစခန်း သည် ဂျပန်အစိုးရ နှင့် တရုတ်နိုင်ငံ တို့က သူပိုင်ကိုယ်ပိုင် အသီးသီး ကြေညာထားသည့် အငြင်းပွား ကျွန်းစုများနှင့် တရုတ် (တိုင်ပေ) အနီးတွင် တည်ရှိပြီး ဂျပန်တို့က ရေဒါစခန်းကို အရှေ့တရုတ် ပင်လယ်သို့ ပြောင်းလဲဖွင့်လှစ် ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ အနေဖြင့် အငြင်းပွား ရေပြင်အနီး၌ အမြဲတမ်း ထောက်လှမ်း နိုင်သည့် စခန်းတစ်ခု ကို ဖွင့်လှစ်နိုင်မည် ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှု များကိုပါ အနီးကပ် စောင့်ကြည့် နိုင်မည် ဖြစ်သည်။

ဂျပန်အစိုးရ သည် ၄င်းတို့၏ ကိုယ်ပိုင် ကာကွယ်ရေး ဆိုင်ရာ အခြေစိုက်စခန်း (SDF) ကို အရှေ့တရုတ် ပင်လယ် အနောက်ဘက် တွင် တည်ရှိသည့် ယိုနာဂူနီကျွန်း ပေါ်၌ ဖွင့်လှစ်ခဲ့ပြီး ယင်းကျွန်းသည် ဂျပန်နှင့် တရုတ်နိုင်ငံ တို့အကြား အငြင်းပွား နေသည့် ကျွန်း၏ တောင်ဘက် ၉၃ မိုင် (၁၅ဝ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။

အဆိုပါ အငြင်းပွားကျွန်းစု များကို ဂျပန် အစိုးရက ဆင်ကာကူကျွန်း ဟုခေါ်ပြီး တရုတ်နိုင်ငံက တျောင်းယူကျွန်း ဟု အမည်မှည့် ခေါ်ထားသည်။ ဂျပန်အစိုးရက ယခုဖွင့်လှစ် လိုက်သည့် ရေဒါစခန်းသည် ထောက်လှမ်းရေး ဆိုင်ရာ အချက်အလက် များကို စုဆောင်း ပေးမည့်အပြင် ဂျပန် ပင်မကျွန်းစုကြီး မှ အကွာအဝေး မိုင် ၈၇ဝ (၁၄ဝဝ ကီလိုမီတာ) ရှည်လျားသည့် ကျွန်းစုများ တစ်လျှောက်တွင် စစ်ဆင်ရေး လုပ်ဆောင်ရာ၌ အခြေစိုက် စခန်း တစ်ခုအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

တစ်ချိန်တည်း မှာပင် ဂျပန်နိုင်ငံ၏ အစီအစဉ် သည် အဆိုပါ ကျွန်းစုများ အတွင်း စစ်အင်အား တိုးမြှင့်ဖြန့်ကြက် နိုင်သည့် အခြေအနေ ရှိသောကြောင့် ယင်းသို့ လုပ် ဆောင်မှုသည် တရုတ်နိုင်ငံ ကို စိုးရိမ်မကင်း ဖြစ်စေမည်ဟု ဂျပန်စစ်ဘက်မှ အငြိမ်းစား ဗိုလ်ချုပ် နှင့် နီဟွန် တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ နိုဇိုမူယိုရှီတိုမီ က ပြောကြား ခဲ့သည်။ ဂျပန်အစိုးရ၏ ယခု အစီအစဉ်သည် အနောက် ပစိဖိတ် ဒေသသို့ အင်အား တိုးချဲ့ရန် ကြိုးပမ်းလာသည့် တရုတ်နိုင်ငံ အားတန်ပြန်ရေး မဟာဗျူဟာ ၏ တစ်စိတ် တစ်ဒေသ ဖြစ်သည်။

ဂျပန်နှင့် တရုတ်နိုင်ငံ တို့သည် တောင်တရုတ် ပင်လယ်အရေးနှင့် စပ်လျဉ်း၍လည်း တင်းမာမှုများ ဖြစ်ပွားလျက် ရှိသည်။ တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားမှုတွင် ပါဝင်နေသည့် ဖိလစ်ပိုင် နိုင်ငံသည် ၄င်းတို့ပိုင် အဖြစ် ကြေညာ ထားသည့် ရေပြင်များ အတွင်း ကင်းလှည့်ရန် ဂျပန်နိုင်ငံမှ TC-90 အမျိုးအစား လေ့ကျင့်ရေး စစ်လေယာဉ် ငါးစင်း ငှားရမ်းမည်ဟု ဖိလစ်ပိုင်သမ္မတ ဘီနစ်နိုအကွီနို က ထုတ်ဖော်ေ ပြာကြားခဲ့ပြီး နောက်တွင် ဂျပန်နိုင်ငံသည် တောင်တရုတ် ပင်လယ်အရေး၌ ဝင်ရောက်စွက်ဖက် နေသည်ဟု တရုတ်နိုင်ငံက စွပ်စွဲပြောကြား ခဲ့သည်။ အလားတူ ဂျပန်အစိုးရ အနေဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို လျော့ပါးစေမည့် အပြောအဆို၊ အပြုအမူ များကို ရှောင်ရှားရန် တရုတ် အစိုးရက ဂျပန်နိုင်ငံအား တောင်းဆိုခဲ့သည်။

ထို့ပြင် ရေပိုင်နက် အငြင်းပွားမှုတွင် ပါဝင်နေသည့် နိုင်ငံများနှင့် ဂျပန်နိုင်ငံက ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်နေခြင်း အပေါ် တရုတ်နိုင်ငံက စိုးရိမ်လျက် ရှိသည်။ တရုတ်နိုင်ငံ အနေဖြင့် မိမိတို့၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို စိန်ခေါ်မည့် မည်သည့် လုပ်ရပ်မျိုး ကိုမဆို ရှုတ်ချကြောင်း နှင့် နိုင်ငံ၏ ရေပိုင်နက် များကို ကာကွယ်ရန် အသင့် အနေအထား ရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဟုန်လေး က ထုတ်ဖော် ပြောကြား ထားပြီး တောင်တရုတ် ပင်လယ် အရေးတွင် ဂျပန်နိုင်ငံသည် တရုတ်အစိုးရနှင့် တိုက်ရိုက် ပတ်သက် ဆက်နွှယ်မှု မရှိကြောင်း ၄င်းက ထပ်မံပြော ကြားသည်။


တောင်တရုတ် ပင်လယ် အတွင်းရှိ ရေပိုင်နက် အငြင်းပွားမှုကြောင့် မကြာမီနှစ်များ အတွင်း အာရှနိုင်ငံများ အကြား တင်းမာမှုများ မြင့်တက် လာခဲ့သည်။ ဂျပန်နှင့် တရုတ် နိုင်ငံတို့အကြား တင်းမာမှုများကို ပိုမိုမြင့်တက် လာစေသည့် အချက်မှာ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေသည့် အရှေ့တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်နေခြင်း နှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် နိုင်ငံ၏ လမ်းစဉ်အတိုင်း တရုတ်အစိုးရအား နိုင်ငံတကာ ခုံရုံးသို့ တိုင်ကြားရန် ဂျပန် အာဏာရ ဒီမိုကရက်တစ် ပါတီ (LDP) က ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကို ယခု လလယ်ပိုင်းက တောင်းဆို လိုက်ခြင်းပင် ဖြစ်သည်။ ဂျပန်အစိုးရသည် အရှေ့ တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွားရေပိုင်နက် အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်စင်များ တည်ဆောက် နေခြင်းကို ရပ်တန့်ပစ်ရန် တရုတ်နိုင်ငံအား ပြီးခဲ့သည့်နှစ် က တောင်းဆိုခဲ့သည်။

သို့ရာတွင် အခြေအနေမှာ ထူးခြား လာခဲ့ခြင်း မရှိသည့်အပြင် တရုတ်နိုင်ငံ အနေဖြင့် ၄င်းတို့၏ ရေပိုင်နက် အတွင်း ရေနံနှင့် သဘာဝ တူးဖော်ခွင့် အပြည့်အဝ ရှိသည်ဟု တရုတ်အစိုးရက ပြန်လည် တုံ့ပြန်ပြောကြား ခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံ သည် အရှေ့တရုတ် ပင်လယ်အတွင်း အရင်းအမြစ် ရှာဖွေရေးနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်ရန် ၂ဝဝ၈ ခုနှစ်က ချမှတ်ခဲ့သည့် သဘော တူညီချက်ကို ချိုးဖောက်လျက် ရှိသည်ဟု ဂျပန်နိုင်ငံက ပြောကြားခဲ့သည်။ ထို့ပြင် တရုတ် အစိုးရက ဂျပန်နိုင်ငံ၏ တောင်းဆိုချက်ကို လျစ်လျူရှုခြင်း အတွက် ဂျပန်နိုင်ငံ အနေဖြင့် ကြိုတင် ပြင်ဆင်သင့် သည်ကို ပြင်ဆင်ထား ရမည်ဟု LDP ပါတီမှ အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အကြီးအကဲ ယိုရှီအာကီဟာရာဒါ က ပြောသည်။

အရှေ့တရုတ် ပင်လယ်အတွင်း၌ သဘာဝ အရင်းအမြစ်များ ရှာဖွေရေးနှင့် စပ်လျဉ်း၍ ဂျပန်နှင့် တရုတ်နိုင်ငံတို့ အကြား တွေ့ဆုံ ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် ဂျပန်အစိုးရက တောင်းဆိုခဲ့ သော်လည်း နှစ်နိုင်ငံ အကြား၌ မကြာမီနှစ်များ အတွင်း ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

ဤသို့ စေ့စပ်ဆွေးနွေးမှု မရရှိခဲ့ခြင်းသည် ဂျပန်နိုင်ငံက ၄င်းတို့၏ ကာကွယ်ရေး တိုးချဲ့ရခြင်း၏ အကြောင်းရင်း တစ်ချက်ပင် ဖြစ်လာရသည်။ ဂျပန်အစိုးရ သည် လက်ရှိတွင် တရုတ်နိုင်ငံ၏ အင်အားကြီးထွား လာခြင်းကို ယှဉ်ပြိုင်နိုင်ရေး အတွက် ဒေသတွင်း နိုင်ငံများနှင့် ကာကွယ်ရေး ကဏ္ဍတွင် ပိုမိုပူးပေါင်း လျက်ရှိပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံ လည်းဖြစ်၊ အာရှ-ပစိဖိတ် ဒေသဗဟိုပြုရေး မဟာဗျူဟာကို အကောင်အထည် ဖော်ရန် ဆန္ဒပြင်းပြ နေသည့် နိုင်ငံလည်း ဖြစ်သည့် အမေရိကန် ပြည်ထောင်စုနှင့်ပါ စစ်ဘက် ဆက်ဆံရေးကို တိုးချဲ့လျက်ရှိသည်။

ထို့ပြင် ဂျပန်အစိုးရသည် လာမည့်ငါးနှစ်တာ ကာလအတွင်း ၄င်းတို့၏ စစ်သည် ၁ဝဝဝဝ နီးပါးကို ဒုံးပစ်စင်များနှင့် အတူ အရှေ့တရုတ် ပင်လယ်အတွင်း သို့ ဖြန့်ကြက် သွားမည် ဖြစ်သောကြောင့် တရုတ်နိုင်ငံ အနေဖြင့် ၄င်းတို့၏ ရေတပ်အင်အားကို အနောက် ပစိဖိတ်ဒေသသို့ တိုးချဲ့နိုင်ရေး ကြိုးပမ်းမှုတွင် ယခင်ကနှင့် မတူဘဲ အတားအဆီး၊ အဟန့်အတား များနှင့်ကြုံတွေ့ ရနိုင်ဖွယ် ရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

ရွှံ့ကဏန်းမျိုးစိတ်များ ရှားပါးလာသဖြင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကဏန်းဘေးမဲ့ဇုန်များကို အဆင့်မြှင့်တင်ရန် စီစဉ်



ထားဝယ် ၊ ၂၉-၃-၂၀၁၆

မြန်မာ့ ရေထွက်ကုန် ပစ္စည်းတစ်မျိုး ဖြစ်သည့် ရွှံ့ကဏန်း မျိုးစိတ်များ ရှားပါးလာသဖြင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကဏန်း ဘေးမဲ့ဇုန်များကို အဆင့် မြှင့်တင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ် လာဘကျေးရွာ အုပ်စု၌ ကဏန်း ဘေးမဲ့ဇုန် ၁၁၅ ဧက၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပန်းဇင်ကျေးရွာ အနီး ကဏန်း ဘေးမဲ့ဇုန် ဧက ၃၅ဝ နှင့် ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် အုန်းတောလမ်း ကျေးရွာ အုပ်စု၌ ကဏန်း ဘေးမဲ့ဇုန် ဧက ၁ဝဝ တို့ကို ဘေးမဲ့ဇုန်များ အဖြစ် သတ်မှတ် ဆောင်ရွက် ပေးထားကြောင်း သိရသည်။

ကဏန်းဘေးမဲ့ဇုန် များ၌ ယခုထက်ပို၍ မျိုးစိုက်ထည့်ခြင်း နှင့် ပိုမိုမွေးမြူ ထုတ်လုပ်နိုင်ရန် လိုအပ်ပြီး ကဏန်းမျိုး စိုက်ထားမှုနှင့် မွေးမြူထားမှု များကို ပြည်သူများ တွေ့မြင် ခံစားနိုင်စေရန် အဆင့်မြှင့်တင် ပေးပါက ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်နိုင်သည့် နေရာတစ်ခု ထပ်တိုးလာ စေမည်ဖြစ်ကာ ဒေသတွင်း ပြည်သူလူထု အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာနိုင်မည် ဖြစ်ကြောင်း ၄င်းက သုံးသပ် ပြောသည်။

ရွှံ့ကဏန်း များသည် ကမ်းဦး ရေတိမ်ပိုင်း နှင့် ဒီရေတော များ၌ တွင်းအောင်း နေထိုင်သော သဘာဝရှိပြီး ပင်လယ် ရေနက်ပိုင်းသို့ သွားရောက် ဥချသားပေါက် တတ်၍ ဥမှ သားပေါက်ရန် ကိုးရက်မှ ၁ဝ ရက်အထိ ကြာမြင့်ကာ ကဏန်းငယ်ဘဝ အထိ ရောက်ရှိရန် ၂၂ ရက်မှ ၂၈ ရက်ခန့်အထိ ကြာမြင့် တတ်ကြောင်း သိရသည်။

ရာသီဥတု ဖောက်ပြန် လာခြင်းနှင့် ဒီရေတောများသို့ ပင်လယ်ရေ မရောက်ခြင်း များကြောင့် တစ်နှစ်ထက် တစ်နှစ် ကဏန်း အရေအတွက် ရှားပါးလာခြင်း ဖြစ်ပြီး ကဏန်းဥ ကပ်သည့် ကာလဖြစ်သည့် တပေါင်း၊ တန်ခူး နှင့် ကဆုန်လတို့တွင် ကဏန်း ဖမ်းဆီးမှုများ မပြုလုပ်ပါက ကဏန်း ရှားပါးမှု လျော့နည်း သွားနိုင်ကြောင်း ကဏန်း အဝယ်ဒိုင် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

လူငယ်အများစု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်း တက်ရောက်သူ များပြားလာ


ရန်ကုန် ၊ ၂၉-၃-၂၀၁၆

လာမည့်နှစ်များ အတွင်း မြန်မာနိုင်ငံ၌ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာ နိုင်မည့် အခြေအနေ များကြောင့် လူငယ် အများစုတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းများ တက်ရောက်သူ များပြား လာကြောင်း အဆိုပါ သင်တန်းကျောင်း များမှ တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လည်ပတ်မှု နှုန်းသည် တစ်နှစ်ထက် တစ်နှစ် မြင့်တက် လာသည်နှင့် အမျှ ယင်း လုပ်ငန်းများတွင် ကျွမ်းကျင် လုပ်သား လိုအပ်ချက် မြင့်တက် လာကြောင်း၊ လက်ရှိတွင်လည်း ဟိုတယ် အများစု၌ လုပ်သား လိုအပ်ချက်ကြောင့် အလုပ်ခေါ်ယူ မှုများပြား နေပြီး အဓိကအားဖြင့် လုပ်ငန်းခွင် အတွင်း ကျွမ်းကျင်စွာ လုပ်ကိုင်နိုင် စေရန် သင်တန်းများက စာတွေ့၊ လက်တွေ့ဖြင့် ထိရောက်စွာ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ယင်းလုပ်ငန်းများ အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ နိုင်သဖြင့် လူငယ် အများစုသည် ဟိုတယ် ဝန်ဆောင်မှု သင်တန်းကျောင်း များ၊ အချက်အပြုတ် သင်တန်း များနှင့် ခရီးသွား ဧည့်လမ်းညွှန် သင်တန်းများကို တက်ရောက်မှု အများဆုံး ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း များတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များပြား လာသော်လည်း ကျွမ်းကျင် လုပ်သား လိုအပ်ချက်နှင့် အဓိကရင်ဆိုင် နေရပြီး ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် နေသော မြန်မာ ကျွမ်းကျင် လုပ်သားများ သည်လည်း လစာနှင့် ခံစားခွင့် ကွာဟချက် ကျဉ်းမြောင်း လာခြင်းကြောင့် ပြည်တွင်း၌သာ အလုပ် လုပ်ကိုင်မှုများ ရှိနေကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက နှစ်စဉ် ခရီးသွား ဧည့်သည် လာရောက်မှု တိုးတက် လာခြင်းကြောင့် ကျွမ်းကျင် လုပ်သား လိုအပ်ချက် များကို ဖြည့်တင်းနိုင်ရန် အတွက် ကျောင်းသင်ခန်းစာ များ၌ ကဏ္ဍတစ်ခု အနေဖြင့် ထည့်သွင်း သင်ကြားနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၆)

ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး ကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင်လတွင် ထိုးနှံပေးနိုင်ရန်ပြင်ဆင်



ရန်ကုန် ၊ ၂၉-၃-၂၀၁၆

ဦးနှောက် အမြှေးရောင် ရောဂါဖြစ်ပွား နိုင်သည့် ဗက်တီးရီးယားပိုး တစ်မျိုးဖြစ်သော နူမိုကော့ကပ်စ် ပိုး ကာကွယ်ဆေးကို အမျိုးသား ကာကွယ်ဆေး ထိုးနှံခြင်း စီမံချက်၌ ထည့်သွင်းပြီး မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင်လတွင် ထိုးနှံပေးနိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း ကလေးကျန်းမာ/ ပညာဌာနမှ သိရသည်။

ဦးနှောက် အမြှေးရောင် ရောဂါ ဖြစ်ပွားစေသည့် ဗက်တီးရီးယားပိုး သုံးမျိုးရှိပြီး ယင်းပိုး သုံးမျိုးထဲမှ H. influenzae ပိုးအတွက် ကာကွယ်ဆေးကို ကလေးအသက် နှစ်လ၊ လေးလနှင့် ခြောက်လတွင် အမျိုးသား ကာကွယ်ဆေးထိုး စီမံချက် ငါးမျိုးစပ် ကာကွယ်ဆေး၌ ထည့်သွင်းထိုးနှံ ပေးနေကြောင်း၊ လက်ရှိတွင် နူမိုကော့ကပ်စ်ပိုး (Pneumococcal) အတွက် ကာကွယ်ဆေး ထိုးနှံရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကူးစက်မြန် ပြင်းထန် ဦးနှောက် အမြှေးရောင် ရောဂါ ကာကွယ်ဆေးကို ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သော သာစည်မြို့နယ် ရှိ ကျေးရွာတချို့နှင့် ရောဂါဖြစ်ပွား ခဲ့သည့် ဒဂုံ(တောင်ပိုင်း) မြို့နယ်တို့၌ ထိုးနှံပေးရန် စီစဉ်နေကြောင်း သိရသည်။

အမျိုးသား ကာကွယ်ဆေးထိုး စီမံချက်တွင် ကလေးအသက် နှစ်လ၊ လေးလ၊ ခြောက်လတွင် ငါးမျိုးစပ် ကာကွယ်ဆေး ထိုးနှံပေးကြောင်း၊ အသက် လေးလတွင် ပိုလီယို ကာကွယ်ဆေးနှင့် အကြောဆေး ထိုးပေးနေပြီး ယခုဆိုလျှင် နူမိုကော့ကပ်စ်ပိုး အတွက် ကာကွယ်ဆေး ပါဝင်လာမည် ဖြစ်သဖြင့် ကာကွယ်ဆေး သုံးမျိုးထိုးနှံ ရမည်ဖြစ်ကြောင်း၊ ကလေးအသက် ကိုးလတွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ အတွက် ကာကွယ်ဆေး ထိုးနှံ ရမည်ဖြစ်ပြီး ကလေးအသက် တစ်နှစ်ခွဲတွင် ဝက်သက် ကာကွယ်ဆေး ထပ်မံထိုးနှံ ရမည် ဖြစ်ကာ ဝက်သက်ရောဂါ ကြောင့်လည်း ဦးနှောက်ရောင်ခြင်း ဖြစ်တတ်သဖြင့် ထိုးနှံရခြင်း ဖြစ်ကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

လူနေအိမ်အများစု၌ မီးသတ်ဆေးဘူးများ အဆင်သင့် ဆောင်ထားမှု နည်းပါးနေ


ရန်ကုန် ၊ ၂၉-၃-၂၀၁၆

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ ရန်ကုန်နှင့် မန္တလေးမြို့ အပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့ကြီးများရှိ လူနေအိမ် အများစု၌ မီးဘေးကြိုတင် ကာကွယ်သည့် အနေဖြင့် မီးငြှိမ်းသတ် ရာတွင် အသုံးပြုသော မီးသတ်ဆေးဘူးများ အဆင်သင့် ဆောင်ထားမှု နည်းပါး နေကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း မှာပင် နိုင်ငံအတွင်းရှိ ဒေသတချို့၌ မီးအကြီးအကျယ် လောင်ကျွမ်းမှု အများအပြား ဖြစ်ပေါ်ခဲ့ရာ ယခုအခါ နိုင်ငံတစ်ဝန်းရှိ မြို့နယ်များနှင့် ရပ်ကွက်များ၌ သက်ဆိုင်ရာ မီးသတ် ဦးစီးဌာနများက မီးဘေးအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးမှုများကို ယခင်နှစ်များထက် တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထိုသို့ လိုက်လံ စစ်ဆေးရာတွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် များနှင့် တခြား စီးပွားရေး လုပ်ငန်းကြီးများ တွင်သာ မီးသတ်ဆေးဘူးများ ဆောင်ထား သော်လည်း အိမ်တွင်း စီးပွားရေး လုပ်ငန်းငယ်များနှင့် လူနေအိမ် အများစု၌ မီးသတ်ဆေးဘူး များ ဆောင်ထားခြင်း မရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပညာပေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း၊ စားသောက် ဆိုင်များနှင့် ဈေးဆိုင်များ၌ မီးဘေး အန္တရာယ် ကျရောက်လာပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါ ကြော်ငြာစာရွက်များ ကပ်ပေးခြင်းနှင့် လူနေအိမ်များ၌ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ မီးလောင်မှု ၁၆၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ မီးလောင်မှုပေါင်း ၁ဝ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၄)

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၃၄)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၉) အမှတ်(၃၄)

Download Links



Body Scrub နှင့် အသားအရေ ထိန်းသိမ်းမည်



ဒေါက်တာ အေးမင်းထူး

Scrub ဆိုတာ အပေါ်ယံ အရေပြားကို ကွာစေတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ Scrub ထဲမှ ခပ်ကြမ်းကြမ်း သဲလို ပစ္စည်းတစ်မျိုး ပါရတယ်။ ဒါမှ ပျက်စီးနေတဲ့ အပေါ်ယံ အရေပြားကို ကွာကျစေမှာ ဖြစ်ပါတယ်။ လူ့အရေပြားမှာ အပေါ်ယံ (Epidermis) နဲ့ အောက်လွှာ (Dermis) ဆိုပြီး နှစ်လွှာရှိတယ်။ အရေပြား သဘောက နေ့စဉ်နဲ့အမျှ ပျက်စီးနေတယ်။ ဒါပေမဲ့ ပျက်စီးသမျှ အပေါ်လွှာ (Epidermis) ကို အောက်လွှာ (Dermis) က ဆဲလ်သစ်တွေနဲ့ အမြဲ ဖြည့်ဆည်းပေး နေရတယ်။ ပုံမှန်အားဖြင့် အပေါ်လွှာက တစ်လမှာ တစ်ခါ အရေပြားသစ် ပြောင်းလဲလေ့ရှိတယ်။ ဆဲလ်သေတွေ ရှိတဲ့ အသားအရေက ကြမ်းတမ်း နေတတ်တယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဒဏ်ကိုခံရတဲ့ အခါ အပေါ်လွှာ ပျက်စီးလာတာနဲ့ အောက်လွှာက အသစ်အသစ်သော ဆဲလ်တွေကို အမြဲထုတ်ပေး နေတယ်။

Scrub ဆိုတာ ပျက်စီးနေတဲ့ အပေါ်ယံ ဆဲလ်လွှာကို အမြန်ဆုံး ဖယ်ရှားပေးတာ ဖြစ်ပါတယ်။ ဆဲလ်သစ်တွေ ရှိတဲ့မျက်နှာဟာ အမြဲနုပျို ချောမွေ့နေတယ်။ အမည်းစက်၊ အမာရွတ် တွေကို ကင်းစင်စေတယ်။

အိမ်သုံး Scrub လုပ်နည်း

(၁) မုန့်ဖုတ်ဆိုဒါ

ဆိုဒါ က ဆဲလ်သေတွေ ဖယ်ရှားရာမှာ အသုံးအများဆုံး ပစ္စည်း ဖြစ်ပါတယ်။ နေ့စဉ် မျက်နှာသစ် ရာမှာ မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း တစ်ဇွန်းစာလောက် လက်ဖဝါးထဲ ထည့်ပြီး မျက်နှာသစ် ဆပ်ပြာနဲ့ သုံးရုံနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေး နိုင်တယ်။ သုံးတဲ့အခါ လက်ဖဝါးကို စက်ဝိုင်းပုံ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ သွားတွေမှာလဲ အစွန်း အထင်းတွေ၊ ဝါညစ် နေတာတွေကို ဖယ်ရှားချင်တဲ့ အခါ သွားတိုက်ဆေးထဲ ထည့်ပြီး သုံးနိုင်တယ်။

(၂) သကြား

Scrub လုပ်ရာမှာ အသုံးဝင်တယ်။ Glycolic Acid ပါတယ်။ ဆဲလ်သစ်တွေကို ပွားများစေပြီး ဆဲလ်ဟောင်း တွေကို ပျက်စီးစေတယ်။ သကြားခဲလေး တွေကို သံလွင်ဆီ၊ Jojoba ဆီ ဒါမှမဟုတ် ဗာဒံဆီတို့နဲ့ ရောပြီး မျက်နှာကို ပွတ်ပေးရမှာ ဖြစ်ပါတယ်။ ၅ မိနစ်လောက် ထားပြီး ရေနွေးနဲ့ မျက်နှာ ပြန်သစ်ပါ။ အမည်းစက် ကင်းစင်တဲ့ မျက်နှာမျိုး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၃) ပင်လယ်ဆား

ပင်လယ်ဆား ထဲမှာ သတ္တုဓာတ် များစွာပါတယ်။ အရေပြားကို နုပျိုပြီး အစိုဓာတ်ကို ထိန်းတယ်။ အရေပြား ခြောက်သွေ့သူ တွေအတွက် အထူး ကောင်းမွန်တယ်။ ဆားကို လာဗင်ဒါဆီ နဲ့ အရင်ရောပါ။ ပြီးရင် မိမိနှစ်သက်ရာ ဗာဒံဆီ၊ သံလွင်ဆီ၊ Jojoba ဆီ တစ်မျိုးမျိုးနဲ့ ထပ်ရောပါ။ မျက်နှာကို စက်ဝိုင်းပုံ လိမ်းပြီး ၅ မိနစ်လောက် ထားပါ။ ပြီးရင် ရေနွေးနဲ့ မျက်နှာပြန် သစ်ပါ။

(၄) အုတ်ဂျုံမှုန့်

Sensitive သိပ်ဖြစ်တဲ့ အရေပြားမှာ အုတ်ဂျုံမှုန့် ကိုသာ သုံးသင့်တယ်။ အုတ်ဂျုံက သိပ်မကြမ်းဘူး နူးညံ့တယ်။ အရေပြားကို ချောမွေ့စေတယ်။ အစိုဓာတ်လဲ ထိန်းတယ်။ အုတ်ဂျုံကို ပျားရည် ဒါမှမဟုတ် Kefir ဒါမှမဟုတ် ဒိန်ချဉ် တစ်မျိုးမျိုးနဲ့ ရောပြီး မျက်နှာကို ခပ်ဖွဖွ ပွတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက် ထားပြီး ထုံးစံအတိုင်း ကြက်သီးနွေး ရေနဲ့ ဆေးကြောပါ။ မကြာခင် သန့်စင် ကြည်လင်တဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

Scrub လုပ်ရာမှာ အသုံးဝင်တဲ့ ပစ္စည်းနှစ်မျိုးက Kefir နဲ့ ပျားရည် ဖြစ်ပါတယ်။ Kefir ဆိုတာ ဒိန်ချဉ်လို နို့ထွက်ပစ္စည်းကို အချဉ်ဖောက်ထား တာပါ။ ဒိန်ချဉ်ထက် ပိုကောင်းတာက Kefir ထဲမှာ လက်တစ်အက်စစ် ပါတယ်။  ဒိန်ချဉ်နဲ့ တူပေမယ့် ဗက်တီးရီးယား ပါဝင်မှုက ပုံမှန်ထက် အဆ ၄ဝ ပိုများတယ်။ အာနိသင်က အစိုဓာတ် ထိန်းပြီး အရေပြားကို ချောမွေ့နူးညံ့ စေတယ်။

ပျားရည်က အသားအရေကို ပြုပြင်ပေးတယ်။ အထဲမှာ ဓာတုဓာတ် စုံလင်စွာ ပါတယ်။ ပိုးသတ်တဲ့ အာနိသင်ရှိလို့ ဝက်ခြံ အနာမှာ သုံးနိုင်တယ်။ အမိုင်နိုအက်စစ် ကြွယ်ဝစွာ ပါလို့ ဝက်ခြံ အမာရွတ်ကို ကင်းစင်စေတယ်။ အစိုဓာတ်ကိုလည်း ထိန်းပေးတယ်။ ပျားရည်ကို တခြား Exfoliants (ဆဲလ်သေ ဖယ်ရှားပေးတဲ့ ပစ္စည်း) တစ်မျိုးမျိုးနဲ့ တွဲသုံးရင် အာနိသင် ပိုကောင်းတယ်။ အရေပြား ကိုလည်း နူးညံ့ စေတာမို့ အိမ်သုံး Scrub လုပ်တဲ့အခါ ထည့်သုံးသင့်တယ်။

ရတနာပုံနေ့စဉ် ၊ စာ(၁၅)

အမေရိကန်နိုင်ငံ Indian River Lagoon ဖြစ်၌ အယ်လ်နီညို ကြောင့် ငါးမျိုးစိတ်များ ထောင်နှင့်ချီ သေဆုံးမှုဖြစ်ပေါ်




နယူးယောက် ၊ ၂၉-၃-၂၀၁၆

ရာသီဥတု ဖောက်ပြန်မှု များကြောင့် အယ်လ်နီညို အားပြင်းထန်၍ ပင်လယ်ရေ မျက်နှာပြင် ပူနွေးကာ အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ Indian River Lagoon မြစ်၌ ငါးမျိုးစိတ်ပေါင်း များစွာ ထောင်နှင့်ချီ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း Daily Mail သတင်းဌာနက မတ် ၂၆ ရက်တွင် ဖော်ပြသွား ခဲ့သည်။

ခြောက်သွေ့ရာသီ ရောက်တိုင်း ဖလော်ရီဒါ ကမ်းခြေတွင် အယ်လ်နီညိုများ ဝင်ရောက်လာ တတ်ပြီး ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လေ့ ရှိသည်။ သို့ရာတွင် ယခုတစ်ကြိမ် သေဆုံးသွား ခဲ့သည့် ငါးအရေအတွက်မှာ ဆယ်စုနှစ် အတွင်း အဆိုးရွားဆုံးသော သေဆုံးမှု ဖြစ်ကြောင်း ငါးလုပ်ငန်း တာဝန်ခံ ကပ္ပတိန် အဲလက်စ် က ပြောကြားခဲ့သည်။

''Indian River Lagoon မြစ်ကြောင်း တစ်လျှောက်မိုင် ၃ဝလောက်ထိကို ငါးတွေ သေနေတာ တွေ့ရပါတယ်။ ဒီသေဆုံးမှုမှာ နှစ်ပေါင်း ၃၅ နှစ်အတွင်း တစ်ကြိမ် တစ်ခါမှ မမြင်ဖူးသေးတဲ့ ငါးမျိုးစိတ် တွေလဲ ပါဝင်နေတာ တွေ့ရ ပါတယ်။ ကျွန်တော့်အမြင် အရဒါဟာ မတော်တဆ သေဆုံးမှုမဟုတ် ပါဘူး။ ကျွန်တော်တို့ အနေနဲ့ မြစ်ကြောင်း တစ်လျှောက်ကို အသေးစိတ် လိုက်လံကြည့်ရှု သွားမယ်။ ဒါ့ပြင် သေဆုံးတဲ့ ငါးတချို့ကို ယူပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ် စစ်ဆေးမယ်။ သဘာဝဘေးဒဏ် ကြောင့် ဖြစ်သွားတယ် ဆိုတဲ့အချက်ထက် ပိုမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အခုလဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါပြီ '' ဟု ကပ္ပတိန် အဲလက်စ် က ပြောကြားခဲ့သည်။

'' Indian River Lagoon မြစ်ဟာ ကျွန်တော်တို့ ဒေသကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံထိ ဝင်ငွေရတဲ့ ရေ သယံဇာတ အရင်းအမြစ်တစ်ခု လို့ သတ်မှတ်ရင်လဲ မမှားပါဘူး။ ဒီလို အရေးပါလှတဲ့ မြစ်ရေထဲမှာ ဆယ်စုနှစ် တစ်ခုရဲ့ အဆိုးရွားဆုံး ကပ်ဘေးတစ်ခု ဖြစ်သွားတာ အင်မတန်မှ စိတ်ပျက်ဖို့ ကောင်းပါတယ် '' ဟု Indian River Lagoon Research Institute မှ ဒါရိုက်တာ ရောဘတ်ဝီဗာ က ပြောကြား သွားခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၃-၂၀၁၆) အင်္ဂါနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၃-၂၀၁၆) အင်္ဂါနေ့

Download Links



Monday, March 28, 2016

တရုတ် အမေရိကန် ဂျပန်နှင့် အိန္ဒိယ လေးပွင့်ဆိုင် အပြိုင်ဝင်လာနေသည့် အရှေ့တောင်အာရှ စီးပွားရေး



( ရှိန်းထက် )

တရုတ်အစိုးရက အရှေ့တောင် အာရှနိုင်ငံ များကို ချေးငွေ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၅ သန်းပေးမည့် အစီအစဉ် တစ်ရပ်ကို မတ် ၂၃ ရက် က ချပြခဲ့သည်။ အားအနည်းဆုံး ဖြစ်သည့် အခြေခံ အဆောက်အအုံ ကဏ္ဍများ တွင် အသုံးပြုရန် ဖြစ်ပြီး တိုးဝင် လာသည့် အိန္ဒိယ၊ အမေရိကန် နှင့် ဂျပန်တို့၏ လွှမ်းမိုးမှု များကို နောက်ကျမကျန် ခဲ့စေရန် ဖြစ်သည်။

၂ဝ၁၄ ခုနှစ်ကလည်း တရုတ်သည် အရှေ့တောင်အာရှ နိုင်ငံများကို ချေးငွေ အမေရိကန်ဒေါ်လာ ၂ဝ ဘီလီယံ ပေးခဲ့ပြီး တရုတ်ကွန်မြူနစ် အစိုးရ၏ နိုင်ငံခြားရေး မူဝါဒများတွင် ယခုကဲ့သို့ ချေးငွေ ထုတ်ချေး ခြင်းသည် ပုံမှန် အစဉ်အလာ တစ်ခုမဟုတ်ခဲ့ပေ။ တရုတ်၏ အာဆီယံ အဓိကပစ်မှတ် နိုင်ငံများသည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် မြန်မာ တို့ဖြစ်သည်။

တောင်တရုတ် ပင်လယ်ပြင် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ တရုတ်၏ အခန်းကဏ္ဍ သည် အရှေ့တောင် အာရှတွင် ယခင်ကထက် မှေးမှိန်သွား ခဲ့ပြီး ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ  အာဆီယံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက် လာသည့် အိန္ဒိယနှင့် ဈေးကွက် ရပြီးသား အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က တရုတ်နေရာကို ဝင်ယူလာ ကြသည်။ အိန္ဒိယသည် ၂ဝ၁၄ ခုနှစ် နောက်ပိုင်းတွင် အာဆီယံနိုင်ငံ များနှင့် လွတ်လပ်သော ကုန်သွယ်ခွင့် သဘောတူ စာချုပ်များနှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများကို တရုတ်တို့၏ လမ်းစဉ်ကို လိုက်ပြီး ဈေးကွက် ဖွင့်လျက် ရှိသည်။

အာဆီယံ ညီလာခံများကို တရုတ်ကဲ့သို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပ လာကြပြီး See East နှင့် Act East ဟူသော အရှေ့မျှော် စီးပွားရေးမူဘောင် များကိုကျင့်သုံး လာသည်။ အခြေခိုင်ပြီးသား အမေရိကန် နှင့် ဂျပန်ကတော့ အရှေ့တောင် အာရှကို စီးပွားရေးအတွက် အဓိကထားခြင်းနှင့် အတူ စစ်ရေးအရ ဦးတည်ချက် ကိုလည်း တစ်ပြိုင်နက်တည်း ပစ်မှတ်ထား လာသည်။ အမေရိကန်က ၁၉၉၂ ခုနှစ် ကတည်းက ပိတ်ထားခဲ့သော ဖိလစ်ပိုင်ရှိ သူတို့၏ စစ်အခြေစိုက် စခန်းကို ပြန်လည်ဖွင့်လှစ် နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။

ယင်း စစ်အခြေစိုက် စခန်းသည် အမေရိကန်တို့၏ နိုင်ငံရပ်ခြား အကြီးဆုံး စစ်အခြေစိုက် စခန်းများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပြီး တောင်တရုတ် ပင်လယ်ပြင်ကို မျက်နှာမူထား သောကြောင့် မဟာဗျူဟာ အကျဆုံး စစ်အခြေစိုက် စခန်းတစ်ခုလည်း ဖြစ်သည်။ ဗီယက်နမ် ကလည်း အမေရိကန်၏ ရေတပ် အခြေစိုက်စခန်း များကို ထားရှိစေလိုပုံ ရပြီး အဓိက အကြောင်းရင်းသည် တရုတ်၏ ကျူးကျော်မှု များကို တုံ့ပြန်ရန်ပင် ဖြစ်သည်။

ထို့အတူ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်၏ ကိုလိုနီနယ်များ ဖြစ်ခဲ့သော ဖိလစ်ပိုင်နှင့် ဗီယက်နမ်သည် သူ၏ ကိုလိုနီဟောင်း ဂျပန်ကို နွေးထွေးစွာ ကြိုဆို လက်ခံလျက် ရှိသည်။ စီးပွားရေးအရ သာမက စစ်ရေးအရပါ နီးကပ်သည့် ဆက်ဆံရေးများကို ထူထောင်လာ နေပြီး ဗီယက်နမ်သို့ ဂျပန်၏ ရေငုပ်သင်္ဘော များ မကြာမီ ရောက်ရှိ လာဦးမည် ဖြစ်သည်။ ထို့အတူ ဂျပန်သည် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်များ ကတည်းက ဖိလစ်ပိုင်ကို ကင်းလှည့် သင်္ဘောများနှင့် အမောင်းသင် ဂျက်တိုက် လေယာဉ်များကို ထောက်ပံ့ပေး ခဲ့ပြီးစစ်တပ် အတွက်လည်း ချေးငွေအဖြစ် အမေရိကန် ဒေါ်လာသန်း ၁၅ဝ အထိ ထုတ်ပေး ခဲ့သည်။

၂ဝ၁၂ ခုနှစ်က အမေရိကန်၏ အရှေ့တောင်အာရှ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၉ဝ ဘီလီယံအထိ ရှိခဲ့သည်။ ထို ပမာဏသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့၌ အမေရိကန်၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ငွေအားလုံး ပေါင်းနှင့် ညီမျှသည်။

၂ဝ၁၂ ခုနှစ်တွင် တရုတ်၌ အမေရိကန်၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၅၁ ဘီလီယံသာ ရှိခဲ့သည်။ ယခု အမေရိကန်သည် အရှေ့တောင် အာရှ ဈေးကွက်ဝေစု ကို တရုတ်နှင့် အပြိုင် တန်းတူညီမျှ ရရန် ကြိုးစားနေပြီး ဂျပန်နှင့် အိန္ဒိယတို့ ကလည်း အသည်းအသန် ကြိုးပမ်း နေကြသည်။

ဂျပန်သည် အရှေ့တောင် အာရှ စီးပွားရေး အတွက် တရုတ်က Silk and Road စီးပွားရေး စီမံကိန်းကို အာဆီယံ နိုင်ငံများ အတွက် အမေရိကန် ဒေါ်လာ ၄ဝ ဘီလီယံ လျာထားလိုက် သောအခါ သူ၏ အရှေ့တောင် အာရှ ရင်းနှီးမြှုပ်နှံမှု ကို၂ဝ၁၅ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၁၁ဝ ဘီလီယံ အထိ ပစ်မှတ်ထား ခဲ့သည်။ ထို့ကြောင့် အရှေ့တောင် အာရှဒေသကို တရုတ်နှင့် ဂျပန်တို့၏ စီးပွားရေး တိုက်ပွဲဟုပင် ခေါင်းစဉ်တပ် ခံခဲ့ရသည်။

ဂျပန်သည် တရုတ်၏ အရှေ့တောင် အာရှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို အမီလိုက်ရန် ကြိုးပမ်းနေသည်။ သို့သော်လည်း တရုတ်က အရှေ့တောင် အာရှ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ အဖြစ် ၂ဝ၁၄ ခုနှစ်တွင် တန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၃၆၆ ဘီလီယံဖြင့် ပထမနေရာ ယူထားသည်။ ဂျပန်ကတော့ တန်ဖိုးငွေ အမေရိကန် ဒေါ်လာ၂၂၉ ဘီလီယံသာ ရှိခဲ့သည်။ ယခု ထိုနှစ်နိုင်ငံသည် အင်ဒိုနီးရှား၏ ပထမဆုံး အမြန်ရထား စီမံကိန်းအတွက် အပြိုင်ကြိုးပမ်း နေကြပြန်သည်။ တရုတ်က အမေရိကန် ဒေါ်လာ ၄ ဘီလီယံကို နှစ်စဉ် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ကမ်းလှမ်းထားပြီး ဂျပန်က အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံဖြင့် တရုတ်ထက် အတိုးနှုန်း သက်သာစွာ ကမ်းလှမ်း ထားသည်။

ထို့အတူ အိန္ဒိယ၏ အာဆီယံ ရည်ရွယ်ချက် သည် ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂ဝ၂၂ ခုနှစ် အရောက်တွင် အမေရိကန် ဒေါ်လာ၂ဝဝ ဘီလီယံ အထိ ကုန်သွယ်နိုင်ရန် ရည်မှန်းထား သည်။ ထို့ကြောင့် ၂ဝ၁၃ ခုနှစ်က GDP တန်ဖိုး ၂ ဒသမ ၄ ထရီလီယံ အထိ ရှိခဲ့သော အာဆီယံ အသိုက်အဝန်းသည် နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် တိုးတက် နေသောကြောင့် နိုင်ငံကြီးတိုင်း၏ မျက်စိကျစရာ ဖြစ်လာသည်။ ထို့အတူ ၂ဝ၅ဝ ပြည့်နှစ်တွင် အာဆီယံ အသိုက်အဝန်း သည် ကမ္ဘာ့  စတုတ္ထမြောက် အကြီးဆုံး စီးပွားရေး အသိုက်အဝန်းကြီး တစ်ခု ဖြစ်လာနိုင်သည် ဟုလည်း စီးပွားရေး ပညာရှင်များက သုံးသပ် ထားကြသည်။

ထို့ကြောင့် အာဆီယံ ဈေးကွက်ကို ပိုမိုချုပ်ကိုင် နိုင်ရန် ထိုလေးနိုင်ငံ စလုံးက အသည်းအသန် ကြိုးပမ်း နေကြခြင်းဖြစ်သည်။ အထူးသဖြင့် တောင်တရုတ် ပင်လယ်ပြင် ပဋိပက္ခ ကြောင့် မျက်နှာပန်း မလှ ဖြစ်နေသော တရုတ်သည် ပိုမိုကြိုးပမ်း ရလျက် ရှိသည်။ အာဆီယံ အဖွဲ့ဝင် မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူနိုင်း တို့သည် တောင်တရုတ် ပင်လယ်ပြင် အရေးတွင် အတွင်းကျကျ ပါဝင်ပတ်သက် နေသည်။

ထို့ကြောင့်ပင် တရုတ်နှင့် ဆက်ဆံရေး အေးစက်သွားခဲ့ပြီး ဗီယက်နမ်၏ လက်နက် တင်သွင်းမှုသည် ကမ္ဘာ့ စာရင်းတွင် အဆင့် (၁ဝ) အတွင်း ဝင်သွားခဲ့သည်။ ထို့အတူ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့က လည်း တရုတ်အတွက် သူတို့၏ ကာကွယ်ရေး အသုံးစရိတ်များကို အသီးသီး မြှင့်တင် လိုက်ကြပြီး သူတို့၏ သဘောထားများ ကို တရုတ်အား ပြတ်ပြတ်သားသား ပြခဲ့ကြသည်။

ယခုတရုတ်၏ နေရာကို အစားထိုး ဝင်ရောက်ရန် အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယ တို့က အဆင်သင့် စောင့်ဆိုင်း နေကြသည်။ ထို့ကြောင့် တရုတ်၏ စိုးရိမ်စိတ် ဒီရေများသည် တဖြည်းဖြည်း မြင့်တက် လာတော့သည်။ အကယ်၍ အာဆီယံ အသိုက်အဝန်း ကသာ တရုတ်ကိုဖယ်ပြီး ကျန်သုံးနိုင်ငံ ကိုသာ အလေးပေး ရွေးချယ်လိုက်မည် ဆိုပါက ကျဆင်းနေသော တရုတ်စီးပွားရေး အခြေအနေသည် ပြန်တက်လာရန် ရာခိုင်နှုန်း ပိုနည်းသွားမည် ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံးနိုင်ငံ လေးနိုင်ငံ၏ အပြိုင်ဝင်လာမှု အပေါ် ရွေးချယ်မှု များနှင့် အာဆီယံသည် တရုတ်၏ စီးပွားရေး အခန်းကဏ္ဍ ကိုလည်း အနည်းငယ် ရိုက်ခတ် နိုင်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

ပြင်ဦးလွင်ရထားလုံးများ အစီးရေလျော့ကျလာ



ပြင်ဦးလွင် ၊ ၂၈-၃-၂၀၁၆

ပြင်ဦးလွင်မြို့၏ သင်္ကေတ အဖြစ် နှစ်ပေါင်း ၁ဝဝ ကျော် လူသိများ ထင်ပေါ် ကျော်ကြားနေသည့် ရထားလုံးများ ခေတ်ကာလ တိုးတက် ပြောင်းလဲ လာမှုကြောင့် မှေးမှိန် ပျောက်ကွယ် သွားရန် မဖြစ်နိုင် သော်လည်း ဆက်လက် မောင်းနှင် ကြမည့် မျိုးဆက်သစ်များ ရှားပါးလာသည့် အတွက် ရထားလုံး အစီးရေ လျော့ကျ လာကြောင်း သိရသည်။ 

အင်္ဂလန်နိုင်ငံ ထုတ် ပြင်ဦးလွင် ရထားလုံး များသည် မော်လမြိုင်မြို့၊ ရန်ကုန်မြို့ တို့မှ တစ်ဆင့် ပြင်ဦးလွင်မြို့သို့ ရောက်ရှိ လာခဲ့ပြီး ပြင်ဦးလွင်မြို့ ၏ တစ်ခု တည်းသော ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေး မြို့တွင်း အနှေးယာဉ် အဖြစ် အချိန် ကြာမြင့်စွာ တည်ရှိ နေခဲ့သည်။

ခေတ်ကာလ တိုးတက်ပြောင်းလဲ လာသည်နှင့် အမျှ မြို့တွင်း ခရီးသည် သယ်ယူ ပို့ဆောင်ရေး တွင် နှစ်ဘီးနှင့် သုံးဘီး ဆိုင်ကယ်များ ဝင်ရောက် နေရာယူ ခဲ့ကြသော်လည်း မြို့၏ သင်္ကေတ တစ်ခုဖြစ် နေသည့် ရထားလုံးများကို လာရောက် လည်ပတ် ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ နှင့် အခြားသော မြို့ရွာများမှ ဧည့်သည်များ စိတ်ဝင်တစား ဖြင့် ငှားရမ်း စီးနင်းလျက် ရှိသည့် အတွက် ပြင်ဦးလွင် ရထားလုံး လုပ်ငန်းရှင် များသည် ယနေ့ချိန်ထိ အဆင်ပြေစွာ ရပ်တည် နေထိုင်နိုင်လျက် ရှိကြောင်း သိရသည်။ သို့သော် ရထားလုံး မောင်းနှင်ခြင်း လုပ်ငန်းကို ယခုအခါ အသက်အရွယ် ကြီးရင့်သူ များသာ အများအားဖြင့် မောင်းနှင်နေကြသည်။

ယခင်က ပြင်ဦးလွင်မြို့ ၌ ရထားလုံး အစီးရေ ၃ဝဝ ကျော် ရှိခဲ့သော်လည်း ယခုအခါ အစီးရေ ၁၅ဝ ခန့်သာ ကျန်ရှိနေပြီး ငှားရမ်း သုံးစွဲသူ များစွာ ရှိနေသေးကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ခုတင် ၂၀၀ ဆံ့ အမျိုးသမီး သားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီး ဖွင့်လှစ်



မုံရွာ ၊ ၂၈-၃-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တွင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ခုတင်(၂ဝဝ) ဆံ့ အမျိုးသမီး၊ သားဖွားမီးယပ် နှင့် ကလေးဆေးရုံ ဖွင့်ပွဲကို ယမန်နေ့ နံနက်က ယာယီမဏ္ဍပ်၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။

ဆေးရုံဖွင့်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး က အမှာစကား ပြောကြားပြီး ဆေးရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ကျန်းမာရေး ဝန်ကြီးဌာန သို့ ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေး နှင့် မြန်မာနှင့် အိန္ဒိယနိုင်ငံ တို့မှ တာဝန်ရှိသူများ အလှူရှင် များရှေ့တွင် ပေးအပ်သည်။

''အိန္ဒိယနိုင်ငံ အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ကူညီတဲ့ စီမံကိန်းပေါင်း များစွာ ရှိပါတယ်။ တမူး-ကလေး- ကလေးဝ- ယာကြီးလမ်း ပေါ်မှာရှိတဲ့ တံတားပေါင်း ၆၉ စင်းကို အဆင့်မြှင့်တင် ပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တစ်ဝန်းက အဆင့်မြှင့်တင် ရမယ့် အဆောက်အအုံ စီမံကိန်းတွေကို အဆင့်မြှင့်တင် ပေးနေသလို တက္ကသိုလ် အသီးသီးမှာလဲ ပညာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပညာရေး မြှင့်တင်ရေး သင်တန်းနဲ့ ဆွေးနွေးပွဲ တွေကို ဆောင်ရွက်ပေး နေပါတယ်။ အခု ဒီဆေးရုံကြီးဟာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ရဲ့ အကူအညီ များစွာနဲ့ ဖြစ်လာတဲ့ ဆေးရုံကြီး ဖြစ်ပါတယ်။ တစ်နှစ်တာ ကာလအတွင်း အပြီး ဆောင်ရွက် နိုင်တာဟာ ဝန်ကြီးချုပ်နဲ့ အလှူရှင် တွေရဲ့ အားများစွာ ပါလို့သာ ပြီးမြောက် အောင်မြင်ခဲ့ တာပါ'' ဟု မြန်မာနိုင်င ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E Mr.Gautam Mukhopadhaya က ပြောပြသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးသာအေး က သံအမတ်ကြီး ထံသို့ ဆေးရုံကြီး ၏ ဓာတ်ပုံကို အမှတ်တရ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ အေးငြိမ်း က ဝန်ကြီးချုပ်၊ သံအမတ်ကြီး နှင့်
တာဝန်ရှိ သူများကို အမှတ်တရ လက်ဆောင်များ ပေးအပ် ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

စာရေးသူနှင့် ယနေ့ မန္တလေး


စာရေးသူနှင့် ယနေ့ မန္တလေး 

( မဒါလေး )

နံနက်ခင်း နိုးထမှုနှင့် အတူ မန္တလေးမြို့တွင် မန္တလေးသူ အဖြစ် အခြေချ နေထိုင်ခွင့် ရခဲ့သည့် ကိုယ့်ကိုယ်ကိုယ် တွေးပြီး ပီတိ ဖြစ်နေမိသည်။ ထိုထက် မန္တလေး ကျုံးကြီးနှင့် မနီးမဝေးေ နရာတွင် နေထိုင်ရ သဖြင့် ပိုပြီးဂုဏ်ယူ မိသည်။ နံနက်စောစော အများသူငါ ကားဖြင့် သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့် သော်လည်းကောင်း ကျုံးဘေးသို့ လာရောက်ကာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ကျုံးတစ်ပတ် လမ်းလျှောက်ခြင်း၊ ကျုံးဘေးတွင် ပြုလုပ်ပေး ထားသော အားကစား ကိရိယာများဖြင့် လေ့ကျင့်ရန် လာသော အချိန်တွင် စာရေးသူက အိမ်မှ ငါးမိနစ်လောက် လမ်းလျှောက် လိုက်ရုံဖြင့် ကျုံးဘေးသို့ တန်းရောက် သွားသည်။ ကျုံးကြီးနှင့် အတူ ကျန်းမာခြင်း လာဘ်တစ်ပါး ကို ပိုင်ဆိုင်ခွင့် အထူး အခွင့်အရေး ရထားသဖြင့် ပိုပြီးပီတိ ဖြစ်ရသည်။

နံနက်စောစော ငါးနာရီ ထိုးသည်နှင့် ကျုံးဘေးသို့ သွားရန် ပြင်ဆင်ကာ အိမ်တံခါးကို ဖွင့်ပြီး ထွက်မည်ပြု လိုက်သည်။ ''ကျုံးဘေး သွားမလို့လား။ လက်ဝတ် လက်စားတွေ ချွတ်သွားနော်၊ ဖုန်းလဲ ယူမသွားနဲ့၊ တုတ်လေး တစ်ချောင်း ကိုင်ပြီးမှသွား အန္တရာယ် ကင်းအောင်'' မိခင် ဖြစ်သူ၏ တဖွဖွ အမှာစကား များကြောင့် ခြေလှမ်းများ တုံ့ခနဲ့ ရပ်သွားရသည်။ နံနက်ခင်းတွင် အဖော်မပါဘဲ မိန်းကလေး တစ်ယောက်တည်း လမ်းလျှောက်ရန် အတွက် သတ္တိ ဆက်မွေးရန် အားလျော့ သွားရသည်။

''မေမေကလဲ မနက်အစော လမ်းထလျှောက် တာကို လန့်အောင်လို့'' စာရေးသူ အပြောကို မိခင်ဖြစ်သူက စိတ်မကောင်း စွာဖြင့် ''မနေ့ကပဲ သတင်းစာထဲမှာ ပါတယ်။ ကျုံးဘေးမှာ အလုခံရလို့တဲ့၊ လူ့အသက်ဆိုတာ ဉာဏ်စောင့်တယ်''။ မေမေ၏ အပြောအောက်တွင် ကြောက်သွေး တို့ကပိုမို အေးခဲလာသည်။ ထိုနေ့မှစပြီး အဖော်မပါ လျှင် လမ်းမလျှောက် ဖြစ်သဖြင့် ကျုံးကြီးနှင့် နီးလျက် ဝေးနေသည်။

တစ်နေ့ စာရေးသူ သင်တန်းတစ်ခုမှ အပြန် မန္တလေး နန်းရှေ့မီးပွိုင့် အကျော်တွင် မိန်းကလေးနှစ်ဦး ဆိုင်ကယ်ကို မနိုင့်တနိုင်နှင့် တွန်းလာသည်။ အနောက်မှ ကောင်လေးနှစ်ဦး စီးလာသော ဆိုင်ကယ် တစ်စီး သည်လည်း ထက်ကြပ်မကွာ လိုက်လာသည်။ ထိုကောင်လေး နှစ်ယောက်သည် ဆိုင်ကယ်ပေါ်မှ မဆင်းဘဲ နောက်မှ ဖြည်းဖြည်း မောင်းလျက် လိုက်လာခြင်း ဖြစ်သည်။ ညရှစ်နာရီ ကျော်ပြီဖြစ်၍ လမ်းတွင် လူသွားလူလာ ရှင်းနေသည်။ 

မိန်းကလေးချင်း ဖြစ်သဖြင့် ကူညီရန် ''ဆိုင်ကယ် ဘာဖြစ်တာလဲ'' ဟု မေးလိုက်သည်။ ထို မိန်းကလေး နှစ်ယောက်သည် ဘာမှမပြောဘဲ ဆက်တွန်း နေသဖြင့် သုံးလေးခွန်း မေးယူပြီးသည့် နောက်မှ ဆိုင်ကယ်ဆီ ပြတ်သည်ဟု သိလိုက်ရသည်။ လမ်းဘေး တစ်နေရာတွင် ဆိုင်ကယ်ကို ထိုးရပ် လိုက်သည်။ အသင့် ပါလာသော ဆိုင်ကယ်ခုံ အောက်တွင် ဆောင်ထားသည့် ဆီဘူးကို ထုတ်လိုက်သည်။ စာရေးသူ ဆီဘူးထုတ် အပြီးတွင် ထို မိန်းကလေး နှစ်ယောက်သည် အတန်ငယ် ဝေးသောနေရာသို့ ရောက်နေပေပြီ။ ဆိုင်ကယ်ကို ခပ်မြန်မြန် အရှိန်တင်ပြီး နောက်မှ လိုက်၍ ထုတ်ထားသော ဆီဘူးကို ပေးလိုက်သည်။ ရုတ်တရက် တုံ့ပြန်လိုက်သော တုံ့ပြန်မှုမှာ စာရေးသူ တစ်သက်တွင် ယနေ့ထိ အမှတ်ရနေသည်။ စာရေးသူ ပေးသော ဆီဘူးကို ထိုမိန်းကလေးများ မယူပါ။ ဆိုင်ကယ်ကို တွန်းမြဲတွန်းသွား ကြသည်။ ဘေးမှ ကောင်လေး နှစ်ယောက် သည်လည်း ဆိုင်ကယ် ပေါ်မှမဆင်းဘဲ ကပ်လျက်လိုက်ပါ နေကြသည်။ စာရေးသူ စိတ်မရှည် သဖြင့် ''ညီမလေးတို့ ဆက်တွန်းရင် မန္တလေး တောင်ခြေ ရောက်မှ ဆီဆိုင်ရှိ တော့မယ်။ ဒီအချိန် လမ်းဘေး ဆီဆိုင်တွေ သိမ်းကုန်ပြီ။ အစ်မမှာပါတဲ့ ဆီဘူးကို ထည့်လိုက်ပါ''။ ကောင်မလေးများ တစ်ချက် ခေါင်းထောင်ကြည့်ကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေ ကြသည်။ ထိုအချိန်ဘေးမှ ဆိုင်ကယ်က ''မယူနဲ့။ ဒီလို လိုက်ရောင်းတဲ့ သူတွေက ဈေးပိုတောင်းမှာ'' ရုတ်တရက် ကြက်သေသေ သွားသည်။ တို့မြန်မာ လူမျိုးများ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှုများ သည်လောက် လျော့ပါးသွားပြီလား ဟု ဝမ်းနည်းမိသွားသည်။ ဘေးမှ မိန်းကလေး များကို မကူညီဘဲ စကားဖြင့် သနားပြနေသော ကောင်လေး နှစ်ယောက်ကိုလည်း သဘောမတွေ့ ဖြစ်မိသည်။ နောက်ဆုံး အနေဖြင့် ကောင်မလေး နှစ်ယောက် မျက်နှာကို ကြည့်လိုက်ကာ ''အစ်မက ဆီရောင်းတာ မဟုတ်ပါဘူး။ ညီမလေးတို့ကို ကူညီပေးတာ ပြန်ပေးစရာလဲ မလိုဘူး''။ သို့သော်လည်း မချောလေး များက မျက်နှာလွှဲကာ ဆက်တွန်းသွားသည်။ သူတို့နောက်ထပ် မိနစ်နှစ်ဆယ် လောက် ဆက်တွန်းလျှင် ဆီဆိုင်ရောက်မှာ သေချာနေပြီ ဖြစ်၍ စာရေးသူ ကိုယ့်လမ်း ကိုယ်သာ ဆက်ထွက်ခဲ့သည်။ စာရေးသူ စေတနာမှာ သဲထဲရေသွန် ဖြစ်ခဲ့ရသည်။

ဤ အဖြစ်အပျက် ဖြစ်ပျက်ပြီး နောက်ပိုင်းတွင် မန္တလေးမြို့သည် စာရေးသူနှင့် စိမ်းသည်ထက် စိမ်းသွားသည်။ ဆိုင်ကယ်များ၊ ကားများ၊ လူများလမ်း ပေါ်တွင် များလာ သလောက် လမ်းမှာ ဆိုင်ကယ်ပျက် လျှင်သော် လည်းကောင်း၊ စက်ဘီးပျက်လျှင် သော်လည်းကောင်း ကူညီမည့်သူ ရှားလာသည်။ ဆိုင်ကယ် စီးနိုင်သူက စက်ဘီးစီးသူ အပေါ်၊ ကားစီး နိုင်သူက ဆိုင်ကယ်စီးသူ အပေါ် အမြင်များ သာမက ဆက်ဆံပုံများပါ ရင့်သီး လာကြသည်။ တစ်ခါကလည်း ကားမောင်းရင်း ကွမ်းတံတွေး ထွေးလိုက်ရာ ကားနောက်မှ ကပ်စီးလာသော စာရေးသူကို သင်္ကြန်ရေ ပက်သလို ဖြစ်သွားသဖြင့် အလှူပွဲကို ကွမ်းတံတွေး စင်ထားသော အင်္ကျီဖြင့် သွားခဲ့ရဖူးသည်။ 

မီးပွိုင့်တွင် ဆိုင်ကယ်ရပ်ရင်း အရှေ့မှ ဆိုင်ကယ်ကို တိုးမိသဖြင့် မီးပွိုင့်အကျော် လမ်းဘေးတွင် ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ပွန်းရာထင်လျှင် လျော်ရမည်ဟု ပြောခြင်းလည်း ခံခဲ့ရဖူးသည်။ သူ့ ဆိုင်ကယ်ကလည်း ပွန်းရာ၊ ခြစ်ရာ ဗရပွနှင့် ဖြစ်သည်။

တစ်နေ့ စာရေးသူ အလုပ်သွားရင်း ၃၅ လမ်း အကျော်တွင် လူနှင့်ဆိုင်ကယ်များ ရှုပ်နေသဖြင့် ရှောင်ရင်းပင် အရှေ့မှ ဖြတ်ဝင်လာသော ဆိုင်ကယ်ကို ရှောင်လိုက် သောကြောင့် လမ်းဘေးမှ ဆိုက်ကား တစ်စီးကို ဝင်တိုက်မိရာ ရှေ့ခွေ အနည်းငယ် ကောက်သွားသည်။ ဆိုက်ကားသမားက အလျော်တောင်း သည့်အပြင် ဆိုက်ကားပြင် နေချိန်တွင် ခရီးသည်လာပါက မည်သို့ လုပ်ရမည်လည်းဟု ဆိုကာ နေ့တွက်ပါ တောင်းသည်။ စာရေးသူက ငွေလုံလုံ လောက်လောက် မပါသဖြင့် ပါသလောက်ပဲ ပေးခဲ့ရန် ညှိနှိုင်းရာ လုံးဝ လက်မခံဘဲ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ အတိအကျ ပေးခဲ့ရန် တောင်းသည်။ အမှန်တကယ် စာရေးသူ ပေးသောငွေမှာ ဆိုက်ကားခွေ ဖိုးထက်ပင်များေ နသည်။ ဆိုက်ကားသည် ခွေအနည်းငယ် ဖြောင့်လိုက်ရုံဖြင့် ပင်ရသည်။ အနီးကလူများ တစ်ယောက် တစ်ခွန်း ဝင်ပြောမှပင် ဆိုက်ကား သမားသည် မကျေနပ်ချင်ဘဲ ကျေနပ်လိုက် ရသည်။

တစ်ခါကလည်း အသိအိမ်ရှာရင်း လမ်းပျောက် သွားသဖြင့် ကွမ်းယာဆိုင်ကြီး တစ်ဆိုင်နား ရပ်ကာ မေးလိုက်သည်။ ကွမ်းယာ ရောင်းသူရော ဝယ်သူများပါ တစ်ယောက် တစ်မျိုး ဝိုင်းမေးကြသည်။ စာရေးသူက အမှန်တကယ် ကူညီမည် အထင်ဖြင့် မိမိ သိချင်သည် များကို မေးမြန်းကာ သူတို့ မေးသည်များ ကိုလည်း ဖြေလိုက်သည်။ အတန်ကြာမှ စနောက်လိုသော သဘောဖြင့် မေးနေမှန်း သိလိုက်ရသဖြင့် ဘာမျှ ဆက်မမေးဘဲ ထွက်လာခဲ့ ရသည်။ 

ထိုအချိန်မှစ၍ မန္တလေးမြို့ တွင် ပစ္စည်းတစ်ခုကို ဆိုင်တစ်ဆိုင်မှာ မရှိလျှင် ရှိသည့်ဆိုင်ကို မေးပါက မသိဘူးဆိုသည့် အသံများ၊ ဘယ်မှာ ရနိုင်မလည်း မေးလျှင်လည်း မပြောတတ်ဘူး ဆိုသည့် မျက်နှာလွှဲ ခဲပစ် အပြုအမူများ အတွေ့များလာ ရသည်။ ကျုံးဘေးတွင် အလုယက်ခံ ရသူများ၊ အသတ်ခံရသည့် သတင်းများ ထိပါ ကျုံး၏ အလှတရားမှာ ဖျက်ဆီးခံ လိုက်ရသည်။ ညဘက် မိန်းကလေး တစ်ယောက်တည်း ကျုံးဘေး လမ်းမလျှောက် ရဲအောင် ဖြစ်ခဲ့ရသည်။ မကြာခဏ ဆွဲကြိုးဖြတ် လုခံရသော သတင်းများ၊ လူကိုရိုက်ပြီး ဆိုင်ကယ်လုသော သတင်းများ ကြားရသည်ထိ လူနေမှု အခြေအနေများ နိမ့်ကျခဲ့ ရသည်။ မန္တလေး မြို့ကြီးသည် တစ်စတစ်စ နှင့် ယဉ်ကျေးမှု စရိုက် အကျည်းတန် လာခဲ့ပြီ။

စာရေးသူတို့ အမျိုးသမီးများ ဆိုင်ကယ်စီးလျှင် ပိုက်ဆံအိတ်ကို ရင်ဝယ်သား ကဲ့သို့ ရှေ့တည့်တည့် တွင် ပွေ့ဖက်ထား ကြရသည်။ လက်ဝတ် လက်စားများ ကိုလည်း မမြင်အောင် အင်္ကျီ လက်ရှည်များ၊ ကော်လံပါ အင်္ကျီများကို ရွေးဝတ်ကြ ရသည်။ ရှိုးထုတ်ရန် နေနေသာသာ ဘယ်အချိန်၊ ဘယ်နေရာက ဘယ်ပုံ လုသွားမည်လည်း၊ ဆွဲသွား မည်လည်း ဆိုသည့် စိုးရိမ်စိတ်ဖြင့် ကျီးလန့်စာစား သွားနေရသော ယနေ့ မန္တလေးသူ ဘဝကို စာရေးသူ အနည်းငယ် ငြီးငွေ့၊ စိတ်ကုန်၍ လာပေပြီ ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

(၇၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအာား ဆုချီးမြှင့်ပွဲကျင်းပ


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် စံပြတပ်ခွဲ ပထမဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆု ရရှိသော လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား ဆုပေးအပ် ချီးမြှင့်စဉ်

(၇၁)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး စစ်ရေးပြု ဂုဏ်ပြုဆု ရရှိသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား 
ဆုပေးအပ် ချီးမြှင့်စဉ်

နေပြည်တော် ၊ ၂၈-၃-၂၀၁၆

(၇၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ စုရပ် သစ်တပ် စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် တက်ရောက်၍ ဆုများကို ပေးအပ် ချီးမြှင့်သည်။

ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက် လာသည့် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြု ကြသည်။

ထို့နောက် (၇၁)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး က စစ်ရေးပြ ဂုဏ်ပြုဆု ရရှိကြသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အထူးတပ်ဖွဲ့၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုတပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြု တပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု တပ်ဖွဲ့၊ သံချပ်ကာ ယန္တရား တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု တပ်ဖွဲ့၊ တပ်မတော်(ကြည်း) (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ တို့အား လည်းကောင်း၊ အလံကိုင်အဖွဲ့ ဂုဏ်ပြုဆု ရရှိသော တပ်မတော် (ကြည်း) (အမျိုးသမီး) အလံကိုင် အဖွဲ့အား လည်းကောင်း၊ ဗဟိုစစ်တီးဝိုင်း အဖွဲ့ ဂုဏ်ပြုဆု ရရှိသော ဗဟို စစ်တီးဝိုင်း အဖွဲ့အား လည်းကောင်း၊ အလံကိုင် အဖွဲ့ အကောင်းဆုံးဆု ရရှိသော အောင်ဇေယျ စစ်ကြောင်း ကိုယ်စားပြု အလံကိုင်အဖွဲ့ အား လည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆု ရရှိသော ဆင်ဖြူရှင် စစ်ကြောင်း ကိုယ်စားပြု စစ်တီးဝိုင်း အဖွဲ့အား လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး က အကောင်းဆုံး စခန်း တတိယဆု ရရှိသော တောင်ပိုင်းတိုင်း စစ်ဌာန ချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး တတိယဆု ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အား လည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆု ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အား လည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး တတိယဆု ရရှိသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ အကောင်းဆုံး စခန်း ဒုတိယဆု ရရှိသော ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသော စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆု ရရှိသော လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး ဒုတိယဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁) အားလည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က အကောင်းဆုံးစခန်း ပထမဆု ရရှိသော ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ပထမဆု ရရှိသော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ အား လည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး ပထမဆု ရရှိသော ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး ပထမဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၁) အား လည်းကောင်း၊ စံပြတပ်ခွဲ တတိယဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြု တပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ ပထမဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ အား လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က ဂုဏ်ပြု အမှာစကား ပြောကြားပြီး ဆုချီးမြှင့်ပွဲ ကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။(၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂၂)

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger