www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 5, 2016

ဆရာ့ဂုဏ်ကျေးဇူး ဆတက်ထမ်းပိုး တိုး၍ဆပ်


ဆရာ့ဂုဏ်ကျေးဇူး ဆတက်ထမ်းပိုး တိုး၍ဆပ်

ယနေ့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်သည် " ကမ္ဘာ့ဆရာများနေ့ " ဖြစ်သည်။ လူ့ဘုံလောက ကြီးသည် တတ်စရာ၊ သိစရာ၊ ဆင်ခြင် တွေးတောဖွယ်ရာ တွေက များပြား လှသည်။ ဤမျှ များပြားလှသော ပညာရပ်များကို လောကလူသား တို့အတွက် လက်ဆင့်ကမ်း မျှဝေကာ ထိုပညာရပ် တို့ကို အသုံးချ၍ သာယာ ဝပြောသော လောကသစ်ကို တည်ဆောက်ကြ ရသည်။

ဂရိခေတ် တွေးခေါ် ပညာရှင် ပလေတိုက ဆရာဟူသော ဝေါဟာရကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌ မီးတုတ်ကြီးများ ကိုင်ဆောင်လျက် တခြား မီးတုတ်ပေါင်း များစွာကို ကူးစက် လင်းလက် ပေးသူမှာ ဆရာဖြစ်သည် ဟု ဖွင့်ဆို ထားသည်။ မြန်မာတို့က အဓိပ္ပာယ် ဖွင့်ဆိုကြရာ၌ ဆာယာ ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး တပည့်အပေါင်း တို့ခိုနားရာ အေးရိပ်ပေးသူ သည် ဆရာ ဖြစ်သည်ဟု ဖွင့်ဆိုကြသည်။

သင်္ဂဇာ ဆရာတော် ဘုရားကြီး၏ လမ်းညွှန်ဖြစ်သော ''အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ'' ဆိုသည်ကို ယနေ့ ကာလအထိ ဆရာများ လိုက်နာ ကျင့်သုံးလျက် ရှိသည့် မွန်မြတ်သော အစဉ်အလာ ဖြစ်သည်။

မြန်မာတို့သည် ပထမမြန်မာ နိုင်ငံတော် ပုဂံခေတ်မှစ၍ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ တောင်ငူ၊ ကုန်းဘောင် ဟူသော ခေတ်များ၌ ဘုန်းတော်ကြီးသင် ပညာရေး စနစ်ဖြင့် သင်ယူ ကြရသည်။ ထိုခေတ်များက ဘုန်းတော်ကြီးသင် ပညာရေး စနစ်မှာ စာပေသက်သက် ကိုသာ သင်ကြားပေးသော စနစ်မဟုတ်ဘဲ လောကနီတိ ကျမ်း၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဒဿနကျမ်း၊ လက်မှုလုပ်ငန်း အတတ်၊ ကိုယ်လက် လှုပ်ရှားအတတ် (ယခုခေတ် ကိုယ်လုံပညာ)၊ အနုပညာ  (ယခုခေတ်အဆို၊ အက၊ အရေး၊ အတီး ပညာများ )တို့ကို သင်ကြား ပေးသည်။

ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံ ဘုန်းတော်ကြီးသင် ပညာရေး စနစ်သည် တတ်သိပညာ မျိုးစုံ သင်ပေးသဖြင့် ယောက်ျားတို့ တတ်အပ်သော ပညာရပ် ၁၈ မျိုး (အဋ္ဌာရသ)ကို သင်ယူ တတ်မြောက်ပြီးသူ ဖြစ်ရမည် ဟူသော အစဉ်အလာ ရှိခဲ့သည်။ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံ စာတတ်မြောက်မှု နှုန်းသည် ၈၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ကိုလိုနီခေတ် တွင် ၃၅ ရာခိုင်နှုန်း အထိ ကျဆင်းသွားသည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် မြန်မာစာ တတ်မြောက်သူ လျော့နည်းသွား ရသည့် အကြောင်းကို အနောက်တိုင်းမှ လာသူ အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်း တစ်ဦးက မြန်မာတို့ကို ကရုဏာသက်၍ သိမ်ငယ်နေ၊ နိမ့်ကျနေသော မြန်မာစာ မြန်မာစကား ၏ အခြေအနေကို ရေးသားခဲ့ဖူး သည်မှာ ''အရာရာတွင် အင်္ဂလိပ်စကား နှင့် ဟိန္ဒူ စတန်နီစကား တို့ကိုသာလျှင် အရေးပေး သုံးစွဲနေကြပြီ။ မြန်မာစကား၏ နယ်ပယ်သည် အဘက်ဘက်တွင် ကျုံ့၍ကျုံ့၍ ကျဉ်းမြောင်း သွားပြီးလျှင် လူအားလုံး အတွက် လည်းကောင်း၊ ကိစ္စအားလုံး အတွက် လည်းကောင်း ဆက်ဆံဖလှယ်မှု မဏ္ဍိုင်ဘဝမှ ရွေ့လျော ဆင်းသက်သွား ရလေပြီ။ အိမ်တွင်းသုံး စကား၊ ဆင်းရဲသားသုံး စကား ဘဝသို့ ရောက်နေရ ရှာလေပြီ'' ဟု ရေးသားထား ပေရာ မလွတ်လပ်သော နိုင်ငံနှင့် မလွတ်လပ်သော လူမျိုးဘဝတွင် မြန်မာနိုင်ငံ ပညာရေးစနစ် နိမ့်ကျခဲ့ရသည့် သင်ခန်းစာ ဖြစ်သည်။

နိုးကြားသော မျိုးချစ်မြန်မာတို့၏ ကျေးဇူးကြောင့် ၁၉၂ဝ ပြည့်နှစ်တွင် အမျိုးသား ကျောင်းများ ပေါ်ထွန်းလာပြီး မြန်မာစာပေ မြန်မာစကား ပြန်လည်သက်ဝင် ရှင်သန်လာသည် မှ လွတ်လပ်ရေး ရပြီး ယနေ့ကာလ အထိ ထွန်းကားတည်တံ့ နေခြင်းဖြစ်သည်။

၂၁ ရာစုခေတ်သည် ပညာခေတ် ဖြစ်သည့် အားလျော်စွာ ဆရာတို့၏ အခန်းကဏ္ဍ ပို၍ အရေးပါလျက် ရှိသည်။ မြန်မာတို့သည် ဆရာ့ ဂုဏ်ကျေးဇူး ကြီးမားမှုကို အလေးထားကာ ဘုရားနှင့် တစ်ဂိုဏ်းတည်း ထားကြသည်။သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ ကျေးဇူးကို တန်ဖိုးထား လေးစားကြသည်။

မိမိအား တတ်သိပညာ သင်ကြားပေးမည့်သူ မရှိသော အရပ်၌ မနေအပ် ဆိုသော လောကနီတိ အဆုံးအမသည် ဆရာ့ ဂုဏ်ကျေးဇူးနှင့် တန်ဖိုးကို ဖော်ညွှန်းလျက် ရှိရာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၅ ရက် ယနေ့တွင် ကျရောက်သော " ကမ္ဘာ့ဆရာများနေ့ " ဆောင်ပုဒ်ဖြစ်သည့် '' ဆရာများကို တန်ဖိုးထားလို့ သူတို့ အဆင့်အတန်းကို မြှင့်တင်စို့ '' နှင့်အညီ ဆရာ့ ဂုဏ်ကျေးဇူးကို ဆတက်ထမ်းပိုး တိုး၍ ဆပ်ကြပါရန် မြဝတီ က တိုက်တွန်း နှိုးဆော်လိုက်ရ ပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

13 comments:

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger