www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 30, 2018

နွေစပါး စံပြကွက်အတွင်းသို့ ဥကပ်ပါးနကျယ် လွှတ်ခြင်း အခမ်းအနားကျင်းပ



ပခုက္ကူ ၃၀-၃-၂ဝ၁၈

ပခုက္ကူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ကြီးမှူး၍ ကြီးရွာမြစ်ရေတင် ကွင်းအမှတ် (၃၁၄) ဦးပိုင်အမှတ် (၃၈) ရှိ တောင်သူ ဦးမိုးကျော်၏ SRI နွေစပါး ၁ဝ ဧကစံပြကွက် အတွင်းသို့ ယနေ့နံနက် ၈ နာရီတွင် ဥကပ်ပါး နကျယ်လွှတ်ခြင်း အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက နွေစပါး စံပြကွက်အတွင်း ပေ ၃ဝ အကွာပတ်လည်တွင် ဥကပ်ပါးနကျယ် ကတ်များကို လိုက်လံချိတ်ဆွဲရာ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးရန်နိုင်ဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစန်းလွင်တို့က ကြည့်ရှု အားပေးသည်။

အဆိုပါ ဥကပ်ပါးနကျယ် ကတ်တစ်ကတ်လျှင် ဥပေါင်းတစ်ထောင်ခန့် ပါဝင်ပြီး တစ်ဧကလျှင်ကတ် ၄ဝ နှုန်းဖြင့် ၁ဝ ဧကအတွက် ကတ်ပေါင်း ၄ဝဝ ချိတ်ဆွဲပေးကြသည်။ ဥကပ်ပါးနကျယ်မှ ငါးရက်အတွင်း အကောင်များ ပေါက်ပြီးဖျက်ပိုး အင်းဆက်များကို သဘာဝနည်းဖြင့် နှိမ်နင်းနည်း ဖြစ်သောကြောင့် ပိုးသတ်ဆေး သုံးစွဲမှုလျှော့ချ နိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးက ပြောသည်။

ပခုက္ကူမြို့နယ်တွင် ကြီးရွာမြစ်ရေတင်၊ ရွှေတန့်တစ် မြစ်ရေတင်နှင့် ကုက္ကိုလှမြစ်ရေတင် ဧရိယာအတွင်း နွေစပါး ၁၃၆၂ ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

#Themyawadydaily

ဖရဲ သခွားမွှေး ဈေးနှုန်းများ ရာသီကုန်ချိန်အထိ ဆက်လက် မြင့်တက်နိုင်



မူးဆယ် ၃၀-၃-၂၀၁၈

ယခုရက်ပိုင်း အတွင်း ဖရဲ၊ သခွားမွှေးများကို တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားများပြီး ပြည်တွင်း၌ ထွက်ရှိမှု နည်းပါး လာသည့်အတွက် ဈေးနှုန်းများ မြင့်တက်လာရာ ယခုနှစ် ဖရဲ၊ သခွားမွှေး ရာသီကုန်ချိန်အထိ ဆက်လက် မြင့်တက်နိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းထံမှ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်၌ ရာသီဥတု ပူပြင်းသည့်အတွက် ဖရဲ၊ သခွားမွှေးများ အဝယ်လိုက်လာ ခြင်းဖြစ်ကာ မူဆယ်သို့ ဖရဲကားအစီးရေ ၄၂ဝ နှင့် သခွားမွှေးကား အစီးရေ ၃၄ဝ ဝင်ရောက်ကြောင်း သိရသည်။

''ဈေးကွက်မှာတော့ ဒီအချိန်က ဖရဲနဲ့သခွားမွှေး နှစ်မျိုးစလုံး ဈေးမြင့်နေတယ်။ တရုတ်နိုင်ငံမှာ ရာသီဥတု ပူနေတဲ့အတွက် ပိုပြီးအဝယ်များလာတယ်။ ဝယ်လိုအားများ လာတော့ အသီးကရှားလာတယ်။ ဒီနေ့ရောက်တဲ့ ကားကလည်းနည်းသွားပြီ။ မိုးမရွာမချင်းတော့ ဈေးကောင်းနေဦးမှာပဲ''ဟု ဦးနိုင်ဝင်းက ပြောသည်။

လက်ရှိ မူဆယ်ဖရဲ ဈေးကွက်အတွင်း ဖရဲ ၈၅၅ ရောင်းတမ်းဝင် အရည်အသွေးများမှာ ၂ ဒသမ ၅ ယွမ်မှ ၃ ဒသမ ၈ ယွမ်၊ ကျွန်းသီးကြားမှာ ၂ ယွမ် မှ ၃ ယွမ်၊ ကျွန်းသီးဖြူ စီးပြတ် ၁၅ တန်လျှင် ယွမ် ၁၈ဝဝဝ မှ ၄ဝဝဝဝ အထိ ဈေးနှုန်းရှိပြီး ရွှေသခွားအမြင့်ဈေးမှာ ၄ ဒသမ ၅ ယွမ်မှ ၅ ဒသမ ၅ ယွမ်၊ အနိမ့်သီးများမှာ ၃ ဒသမ ၃ ယွမ်မှ ၃ ဒသမ ၈ ယွမ်ကြားရှိကာ ငွေလဲလှယ်နှုန်းမှာ ၁ ယွမ်လျှင် ငွေကျပ် ၂ဝ၅ ကျပ်ရှိသည်။

ဖရဲ၊ သခွားမွှေး ဈေးနှုန်းများမှာ ဝယ်လိုအားနှင့် ရောင်းလိုအား ပေါ်မူတည်သကဲ့သို့ အရည်အသွေး ပေါ်တွင်လည်း များစွာမူတည်နေသည့် အတွက် တောင်သူများ အနေဖြင့် အရည်အသွေးပြည့်မီရန် ကြိုးစားရမည့်အပြင် သီးနှံများကိုလည်း ရင့်မှည့်မှသာ ခူးဆွတ်ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဖရဲ၊ သခွားမွှေးကို စစ်ကိုင်းတိုင်း ဒေသကြီး၌ အများဆုံး စိုက်ပျိုးလျက်ရှိပြီး ရာသီချိန်မှာ အောက်တိုဘာလမှ မေလအတွင်း ဖြစ်သော်လည်း တစ်နှစ်ပတ် လုံးနီးပါး စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

#Themyawadydaily

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်



တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) မှ နယ်လှည့်အထူးကု ဆေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၃၀-၃-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယနေ့တွင် ဝဲကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူ ၃၉၉ ဦးအားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၃ဝ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၃၈ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၃၂ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းေ ရာဂါ ၃၁ ဦး၊ မျက်စိ ရောဂါ ၆၄ ဦးနှင့် သွားရောဂါ ၃၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ် လူနာလေးဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ခုနစ်ဦး တို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက် လူနာရှစ်ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ ECG နှလုံးစမ်းသပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၁၄ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံ ပြည်သူရှစ်ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃၀-၃-၂၀၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang အားယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးမှတာဝန်ရှိ သူများတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်-မောင်တောဒေသ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ထွက်ခွာသွားသည့် ဘင်္ဂါလီများအား မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်များနှင့် အညီ လက်ခံနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ကုလသမဂ္ဂနိုင်ငံ တကာမျက်နှာစာတွင် တရုတ်နိုင်ငံက မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရပ်တည်ပေးမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာမှ ပေးအပ်သော အကူအညီများအပေါ် ရခိုင်တိုင်းရင်းသား ဒေသခံများက ယုံကြည်လက်ခံနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေများ၊ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ထပ်မံ တိုက်ခိုက်မှုမဖြစ်ပွား စေရေးအတွက် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် တပ်မတော်နှစ်ရပ်အကြား၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များအကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ် မှန်များအား နိုင်ငံတကာမှအမှန်အတိုင်းသိရှိစေရေးအတွက် နိုင်ငံတကာမှသံတမန်များနှင့် သတင်းမီဒီယာ အဖွဲ့များသွားရောက်သတင်းရယူမှုနှင့် တချို့မီဒီယာများမှမမှန်သတင်း များထုတ်လွှင့်လျက်ရှိမှုအခြေအနေများ၊ တပ်မတော်မှထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ပြီး စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Senior General Min Aung Hlaing receives Chinese Ambassador to Myanmar


Senior General Min Aung Hlaing meets Chinese Ambassador to Myanmar H.E. Mr. Hong Liang.

Nay Pyi Taw March 30

Commander-in-Chief of Defence Services Senior General Min Aung Hlaing received Chinese Ambassador to Myanmar H.E. Mr. Hong Liang at the parlour of Bayintnaung villa here yesterday afternoon.

Also present at the call together with the Senior General was Lt-Gen Soe Htut of the Office of the Commander-in-Chief (Army). The Chinese Ambassador was accompanied by embassy officials.

They cordially discussed the task of repatriation of the Bengalis from Buthidaung-Maungtaw region in northern Rakhine State fleeing to Bangladesh in accordance with the bilateral agreements between Myanmar and Bangladesh, China’s firm and correct stance at the UN and in the international community, the necessity to win the trust of Rakhine people in accepting international aid for Rakhine State development, ongoing cooperation between the two armed forces and border forces of Myanmar and Bangladesh to prevent further attack of ARSA extremist Bengali terrorists, visits of foreign diplomats and news media to cover news to ensure the international community know true situations in Rakhine State and spreading of fake news by some media, Tatmadaw’s efforts to achieve perpetual peace and bilateral cooperation between the two armed forces of Myanmar and China.

After the meeting, the Chinese Ambassador presented a gift to the Senior General and they had a documentary photo taken.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃ဝ-၃-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၃ဝ-၃-၂ဝ၁၈)

Download Link

မြဝတီနေ့စဉ်သတင်းစာ (၃ဝ-၃-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၃ဝ-၃-၂ဝ၁၈)

Download Link

Thursday, March 29, 2018

မြန်မာ့ ရော်ဘာများကို ဖောက်သည် ဈေးကွက်နိုင်ငံ ငါးနိုင်ငံသို့ ပုံမှန်တင်ပို့ ရောင်းချပေးနေ



ရန်ကုန် ၂၉-၃-၂ဝ၁၈

မြန်မာ့ရော်ဘာ များကို ဖောက်သည် ဈေးကွက်နိုင်ငံ ငါးနိုင်ငံသို့ ပုံမှန်တင်ပို့ ရောင်းချပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိနေသော ရော်ဘာများမှာ အရည်အသွေးနှင့်  နည်းပညာလိုအပ်မှုများ ရှိနေသော်လည်း သဘာဝ ရော်ဘာများအဖြစ် ဖောက်သည်ဈေးကွက် နိုင်ငံငါးနိုင်ငံသို့ ပုံမှန်တင်ပို့ ရောင်းချပေး လျက်ရှိသည်။ 
မြန်မာနိုင်ငံမှ သဘာဝရော်ဘာများကို ပုံမှန်တင်ပို့ ရောင်းချ ပေးနေသည့် ဖောက်သည် ဈေးကွက်နိုင်ငံများမှာ တရုတ်၊ကိုရီးယား၊ ဂျပန်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ အဆိုပါ ဖောက်သည်ဈေးကွက် နိုင်ငံများသို့
နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့ရောင်းချ ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ မတ် ၁ဝ ရက်မှ ၁၆ရက်ထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၉ သန်းတန်ဖိုးရှိ ရော်ဘာအမျိုးအစားစုံ ၁၉ဝ၇ တန်ခန့် တင်ပို့နိုင်ခဲ့သည်။ ထိုသို့တင်ပို့ ရောင်းချပေးခဲ့ရာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ RSS-1 အမျိုးအစား ၃၃၇ တန်ခန့်၊ RSS-3 အမျိုးအစား ၅၅၂ တန်ကျော်နှင့် MSR20 အမျိုးအစား ၂၁၁တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ RSS-3 အမျိုးအစား ၈ဝ၆ တန်တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ် ၁၁ ရက်မှ ၁၇ ရက်ထိ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၈ သန်း တန်ဖိုးရှိရော်ဘာ တန်ချိန် ၁၁၁ဝ ကို ဖောက်သည် ဈေးကွက်နိုင်ငံများ ဖြစ်သည့် မလေးရှား၊ဂျပန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သို့ တင်ပို့ရောင်းချ ပေးခဲ့သည်။ ထိုသို့ တင်ပို့ရာတွင် မလေးရှားနိုင်ငံသို့ RSS-3 အမျိုးအစား ၃၉၂ တန်ကျော်၊ MSR20 အမျိုးအစား၂၉၄တန်၊ တရုတ်နိုင်ငံသို့ MSR10 အမျိုးအစား ၂ဝ၂တန်ခန့်၊ အိန္ဒိယနိုင်ငံသို့ MSR20 အမျိုးအစား ၂ဝ၂တန်နှင့် MSR10 အမျိုးအစား တန်ချိန်၂ဝကျော်တင်ပို့ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

မန္တလေးသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်လေလံချထားမှု ငွေကျပ်သိန်း ၁၂ဝဝ ကျော်ရရှိ လမ်းလျှောက်သင်္ကြန် ဆင်နွှဲရန် ရန်ကုန်အခြေစိုက် ကုမ္ပဏီများ စိတ်ဝင်စားမှု မြင့်တက်ခဲ့



မန္တလေး ၂၉-၃-၂ဝ၁၈

၂ဝ၁၈ ခုနှစ် မန္တလေးမြို့ မဟာသင်္ကြန် ပွဲတော်အတွက် ရေကစား မဏ္ဍပ်ကြီးများကို လေလံချထား ပေးခဲ့ရာ ငွေကျပ်သိန်း ၁၂ဝဝ ကျော်ရရှိခဲ့ပြီး လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲရန်အတွက် ရန်ကုန်အခြေစိုက် ကုမ္ပဏီများ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ မန္တလေး မဟာသင်္ကြန် ပွဲတော်အတွက် ကျုံးဘေးတွင် ခွင့်ပြုပေးမည့် (၁ဝဝ×၂၅) ပေရှိ မဏ္ဍပ်ကြီးများ လေလံချထားမှု ကိုမတ် ၁၉ ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးတွင် ကျင်းပခဲ့ပြီး လေလံ ချထားပေးမှုမှ ငွေကျပ် ၁၂၁၁ သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ကျုံးပတ်လည် မဏ္ဍပ်လေလံ ချထားပေးရာတွင် ကျုံးအရှေ့ဘက် ၆၆ လမ်းမပေါ်၊ ၁၂ လမ်းနှင့် ၁၉ လမ်းကြား၌ မဏ္ဍပ်ကြီး ၁ဝ နေရာချထားရန် လျာထားခဲ့ရာ ရှစ်နေရာ လေလံရရှိခဲ့ကြောင်း၊ ကျုံးအနောက်ဘက် လမ်း၈ဝ ပေါ် ၊ ၁၉ လမ်းနှင့် ၂၆ လမ်းကြား၌ မဏ္ဍပ်ကြီးကိုးနေရာ ချထားပေးရန်လျာထားခဲ့ရာ လေးနေရာ လေလံရရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ၂ဝ၁၇ခုနှစ် မန္တလေးမဟာသင်္ကြန် ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ကို စတင်ထည့်သွင်း ပုံဖော်ခဲ့ပြီး လူအများကို ဆွဲဆောင်နိုင်ခဲ့ကာ အောင်မြင်မှု ရရှိခဲ့သည့် အတွက်ယခုနှစ် လမ်းလျှောက်သင်္ကြန်၌ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ဆင်နွှဲရန် စိတ်ဝင်စားမှု မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက် သင်္ကြန်အပြင် အောင်မြေသာစံမြို့နယ် ကျုံးရှေ့ ၆၆ လမ်း၊ ၁၉လမ်းနှင့် ၂၄လမ်းကြား တွင်ညပိုင်း၌ တောသင်္ကြန်ကိုလည်း ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း၊ ယခုနှစ် မန္တလေးသင်္ကြန်တွင် ၆၂လမ်းပေါ်ရှိ မနော်ရမံ္မကွင်း၌လည်း လူငယ်သင်္ကြန်ကိုပါ ထည့်သွင်းပြုလုပ် သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

#Yadanarpondaily

မန္တလေး မဟာသင်္ကြန် မိသားစု တစ်ပိုင်တစ်နိုင် ရေကစားခွင့် စည်ပင်သို့ အာမခံစပေါ်ငွေကျပ် သုံးသိန်း ပေးသွင်းရမည်



မန္တလေး ၂၉-၃-၂ဝ၁၈

၂ဝ၁၈ ခုနှစ် မန္တလေးမြို့ မဟာသင်္ကြန် ပွဲတော်တွင် သင်္ကြန်ကာလအတွင်း ကျုံးအနောက်ဘက်ခြမ်း၌ မိသားစု တစ်ပိုင်တစ်နိုင် ရေပက်ကစား နိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အာမခံစပေါ်ငွေ အပါအဝင်ငွေကျပ် သုံးသိန်းပေးသွင်း ရမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာ သတင်းထုတ်ပြန် ပေးချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သင်္ကြန်ကာလ အတွင်းမိသားစု တစ်ပိုင်တစ်နိုင် ရေပက်ကစားနိုင်ရန် ရေပက်ကစား ခွင့်အတွက် ကျုံးအနောက်ဘက်ခြမ်း လမ်း၈ဝ၊ ၁၂လမ်းနှင့် ၁၉လမ်းကြား အတွင်း၌သာ ရေစုပ်စက်ဖြင့် ရေပက် ကစားခွင့်ပြုထားပြီး ရေကစားခွင့် အတွက် ငွေကျပ်နှစ်သိန်း၊ အာမခံစပေါ်ငွေ အတွက် ငွေကျပ်တစ်သိန်း ပေးသွင်းမှသာ ရေကစားခွင့် ပြုပေးသွားမည်ဟု ပါရှိသည်။

ထိုသို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သတင်းထုတ်ပြန် ပေးချက်ပါ မိသားစု တစ်ပိုင်တစ်နိုင် ရေပက်ကစားခွင့် အတွက်အာမခံ စပေါ်ငွေ အပါအဝင် ငွေကျပ် သုံးသိန်းပေးသွင်း ရမည့်အပေါ် "ပြီးခဲ့တဲ့နှစ်က စပေါ်ငွေ အပါအဝင် နှစ်သိန်းပေးရတယ်။ အခုလိုသာဆို မလွန်ဘူးလား။ မရှိဆင်းရဲသားတွေ ရေပက်မကစား နဲ့တော့လို့ ပြောတာနဲ့ အတူတူပါပဲ"ဟု အောင်မြေ သာစံမြို့နယ်အတွင်းမှ နှစ်စဉ်ရေပက် ကစားသူတစ်ဦးက ပြောပြသည်။

မိသားစု တစ်ပိုင်တစ်နိုင် ရေပက်ကစားခွင့် ပြုရာတွင်လည်း ခွင့်ပြုချက်ရရှိသော ရေကစားမည့်သူများသည် အချင်း နှစ်လက်မ (Section) ရေစုပ်စက်ဖြင့်သာ ရေပက်ကစား ခွင့်ပြုပြီး ရေပိုက်ခွဲထွက်ခွင့် သုံးခုသာ ခွင့်ပြုကြောင်း၊ အချင်းနှစ်လက်မ (Section) ရေစုပ်စက်၏ အထွက်တွင် မီးသတ်ပိုက်ခေါင်း တပ်ဆင်၍ ရေကစားခြင်းကို ခွင့်မပြုသကဲ့သို့ လေအိုးသုံးရေပိုက် များဖြင့်လည်း ရေပက်ကစားခြင်းကို ခွင့်ပြုမပေးကြောင်း သတ်မှတ်ထားသည်။

ထို့ပြင် ရေအားပြင်းထန်သည့် နော်ဇယ်ရေပိုက်ခေါင်း တပ်ဆင်ခြင်း၊ မော်တော်ကားပေါ် ရေစုပ်စက်တင်၍ ရေပက်ကစားခြင်း၊ မီးသတ်ငုတ် (Fire Hydrant) များမှ ရေကိုအသုံးပြု၍ ရေပက်ကစားခြင်းများ ကိုလည်း ခွင့်မပြုဟု ပါရှိပြီး ရေစုပ်စက်ကြောင့် ကျုံးသံပန်းများ၊ သစ်ပင်များ ပျက်စီးထိခိုက်မှု မရှိစေရန်နှင့် ရေပက်ကစားခွင့် ကိုနံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိနှင့် ညနေ ၃ နာရီမှ ၆ နာရီအတွင်းသာ ရေပက်ကစားရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေပက်ကစား ခွင့်ကို ဧပြီ ၂ ရက်မှ ၁ဝရက်ထိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနသို့ ချိတ်ဆက်စာရင်း ပေးသွင်းနိုင်ပြီး အာမခံစပေါ်ငွေကို ဧပြီ ၂၃ ရက်မှစတင်၍ ပြန်လည်ထုတ်ပေး သွားမည်ဟု သိရသည်။

#Yadanarpondaily

ယခုနှစ် ကုန်သွယ်မှု လိုငွေပမာဏ ယခင်နှစ်ထက် လျော့နည်း



ရန်ကုန် ၂၉-၃-၂ဝ၁၈

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများ၏ ပို့ကုန်၊ သွင်းကုန် ကဏ္ဍတွင် ပြည်တွင်းပို့ကုန် ကဏ္ဍတိုးမြင့် လာသောကြောင့် ယခုနှစ်၏ ကုန်သွယ်မှု လိုငွေပမာဏ လျော့နည်းလာကြောင်း ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှု သင်တန်းကျောင်း လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေထံမှ သိရသည်။

''ဒီနှစ်ကတော့ ကုန်သွယ်မှု တိုးလာပေမယ့် လိုငွေပြမှုက အရင်နှစ်တွေကလို မမြင့်တော့ဘဲ ကျဆင်းသွားတာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းကနေ ထုတ်လုပ်တဲ့ ပို့ကုန်တွေရှိသလို ပြည်တွင်းမှာ ကုန်ချောလုပ်ပြီး ပြည်ပကိုတင်ပို့တဲ့ ပို့ကုန်တွေ တိုးလာတဲ့အတွက် လိုငွေပြမှုက လျော့နည်း သွားတာပါ။ အရင်နှစ်တွေကဆိုရင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်အထိ လိုငွေပြတယ်။ ဒီလို လိုငွေပမာဏများတာက ပြည်ပကနေ ပြည်တွင်းကို သွင်းကုန် ပမာဏတွေ တိုးနေလို့ပါ။ ဒီနှစ်မှာလည်း သွင်းကုန်က ပမာဏများ ပါတယ်။ ဒါပေမဲ့ ပြည်တွင်းကနေ ပို့ကုန်ကပို တိုးနေတဲ့အတွက် တိုင်းပြည်ရဲ့ ကုန်သွယ်မှုလိုငွေပြမှုက ဒီနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံလောက် လျော့သွားပါတယ်'' ဟု ဦးသိန်းမြင့်ဝေ ကပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလအထိ ပြည်တွင်းမှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၁၉၁၂ ဒသမ ၇၁၄ ဘီလီယံရှိပြီး ပြည်ပသွင်းကုန် အနေဖြင့် နယ်စပ်နှင့်ပင်လယ် ရေကြောင်းသွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၃၉၈ ဒသမ ၂၁ဝ ဘီလီယံရှိပြီး စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇၃၁ဝ ဒသမ ၄၈၇ ဘီလီယံရှိကြောင်း၊ မတ်လအထိ ပို့ကုန်၊ သွင်းကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၃၂ ဘီလီယံကျော်အထိ တိုးတက် လာဖွယ်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ပြည်တွင်းကုန်သွယ်မှု လိုငွေပမာဏ လျော့နည်းလာမှုမှာ ယခင်နှစ်ကထက်ယခုနှစ်တွင် ပြည်တွင်းမှ ဆန်တန်ချိန် သုံးသန်းကျော်သည်အထိ ပို့ကုန်သိသာစွာ တိုးမြင့်လာခြင်း၊ အဝင်၊ အထွက် ကုန်သွယ်မှုအဖြစ် သကြားတင်ပို့နိုင်ခြင်း၊ အထည်ချုပ် လုပ်ငန်းများ ပို့ကုန်ပမာဏ တိုးမြင့်ခြင်းနှင့် ပဲ၊ ပြောင်း၊ နှမ်းအပြင်တခြား ပို့ကုန်များလည်း ပမာဏအနည်းငယ်စီ တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကုန်သွယ်မှုလိုငွေ လျော့ကျ လာခြင်းကြောင့် ပြည်တွင်းသို့ စီးဝင်လာသော ငွေများလာပြီး ပြည်ပသို့ ထွက်ငွေလျော့နည်း လာကြောင်း သိရသည်။

#Themyawadydaily

သင်္ကြန်ပိတ်ရက် နေရပ်ပြန်မည့် သူများအတွက် ကားလက်မှတ်များ ကြိုတင်ရောင်းချ ပေးနေ



ရန်ကုန် ၂၉-၃-၂ဝ၁၈

ဒေသအသီးသီးမှ ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ်ကိုင် နေသူများ သင်္ကြန်အလုပ် ပိတ်ရက်အတွင်း နေရပ်သို့ပြန်ရန် ကားလက်မှတ်များကို စတင်ရောင်းချ ပေးနေပြီဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်း ယာဉ်လိုင်း တာဝန်ခံများထံမှ သိရသည်။

သင်္ကြန်ပိတ်ရက် အတွင်း နေရပ်ပြန်မည့်သူများ ကားလက်မှတ် အခက်အခဲမရှိစေရန် ကြိုတင်ရောင်းချ ပေးနေခြင်းဖြစ်ပြီး ကားလက်မှတ် ဈေးနှုန်းများအား ပုံမှန်ဈေးနှုန်း အတိုင်းသာ ရောင်းချပေးမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ကားလက်မှတ်များ စတင်ရောင်းချ ပေးနေသော်လည်း ပုံမှန်အခြေအနေ တွင်သာရှိနေကြောင်း သိရသည်။

ယခုနှစ်သင်္ကြန် ပွဲတော်တွင် ယမန်နှစ်ကထက် အလုပ်ပိတ်ရက် နည်းခြင်းကြောင့် နေရပ်ပြန်မည့်သူများ ဦးရေနည်းပါး နိုင်ကြောင်း၊ ထို့ကြောင့် အဝေးပြေးကား လက်မှတ်ရောင်းချရမှုမှာ ယခင်နှစ်ထက် နည်းပါးနိုင်ကြောင်း၊ အဝေးပြေးယာဉ်များမှာ သင်္ကြန်ပွဲတော် ပိတ်ရက်ကာလအတွင်း ပုံမှန်ပြေးဆွဲပေးမည် ဖြစ်သည့်အတွက် ခရီးသွားပြည်သူ များအတွက် အခက်အခဲမရှိ နိုင်ကြောင်း၊ လက်မှတ်ဈေးနှုန်းများမှာ တောင်တွင်းကြီး ကားလက်မှတ် တစ်စောင်လျှင် ငွေကျပ် ၇၅ဝဝ၊ အောင်လံ ကားလက်မှတ် တစ်စောင်လျှင် ငွေကျပ် ၆ဝဝဝ နှင့် ပြည်ကားလက်မှတ် တစ်စောင်လျှင် ငွေကျပ် ၅ဝဝဝ သတ်မှတ်ထားပြီး ကျန်ခရီးစဉ်များအတွက် ကားလက်မှတ် နှုန်းထားများကို ပုံမှန်ရောင်းချ ပေးနေကြောင်း သိရသည်။

#Themyawadydaily

ပြည်တွင်းရှိ ပွင့်လင်းမြင်သာမှု အရှိဆုံးစီးပွားရေး လုပ်ငန်းထိပ်တန်း ၁ဝ နေရာတွင် သီလဝါအများပိုင် ကုမ္ပဏီပါဝင်လာ



ရန်ကုန် ၂၉-၃-၂ဝ၁၈

မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိစေရေး အထောက်အကူပြုဌာန (MCRB) ၏ နောက်ဆုံး ထုတ်ပြန်သည့် ပွင့်သစ်စ အစီရင်ခံစာတွင် သီလဝါအများပိုင် ကုမ္ပဏီ (MTSH) သည် မြန်မာနိုင်ငံရှိ ပွင့်လင်းမြင်သာမှု အရှိဆုံး စီးပွားရေး လုပ်ငန်းများ၌ အဆင့် (၉) ရရှိခဲ့သောကြောင့် လာမည့်နှစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် လာနိုင်ကြောင်း သိရသည်။

''သီလဝါ အထူးစီးပွားရေးဇုန် အတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တဖြည်းဖြည်း တိုးလာပါတယ်။ ဒီလိုမျိုးပွင့်လင်း မြင်သာတဲ့ စီးပွားရေးပုံစံနဲ့ လုပ်မယ်ဆိုရင် ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုက လာမယ့်နှစ်တွေမှာ ပိုပြီးတိုးတက် လာမယ်လို့ ယုံကြည်ပါတယ်'' ဟု Myanmar Japan Thilawa Development Ltd. ( MJTD ) ၏ ဥက္ကဋ္ဌ Mr. Tomoyasu Shimizu က ပြောသည်။

ထိုပွင့်သစ်စ အစီရင်ခံစာတွင် ကောင်းမွန်သည့် စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှု၊ စီးပွားရေး လုပ်ငန်း၌ ကျင့်သုံးသော ယဉ်ကျေးမှုစနစ်၊ အစီရင်ခံသည့်စနစ်၊ ရေရှည်တည်တံ့မှုနှင့် ဆက်သွယ်ရေး ကောင်းမွန်မှု စသည့်စံနှုန်း များကို MCRB မှ အစီရင်ခံစာ ပြုစုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု MCRB ၏ နောက်ဆုံး အစီရင်ခံစာတွင် သီလဝါအများပိုင် ကုမ္ပဏီသည် မူလအဆင့်ထက် ၁ဝ ဆင့်နီးပါး ခုန်တက်ကာထိပ်တန်း ၁ဝ နေရာ၌ အဆင့် (၉) ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''သီလဝါအထူး စီးပွားရေးဇုန်က အကဲဖြတ်ခံစာရင်းမှာ ရွေးချယ်ခံရမှုကြောင့် ပိုမိုကောင်းမွန် အောင်လုပ်ဖို့ တွန်းအားဖြစ် လာစေတာကို ပြနေပါတယ်။ အစီရင်ခံစာ ထွက်လာတဲ့အချိန်မှာ MCRB လမ်းညွှန် စာအုပ်တစ်ခုကိုပဲ ထုတ်ရသေးပေမယ့် စာရင်းထဲ ပါဝင်ခဲ့ပါတယ်။ တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ ပိုပြီးမြင်တွေ့ခဲ့ရပါတယ်'' ဟု MCRB ၏ Director Ms. Vicky Bowman က ပြောသည်။

#Themyawadydaily

နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်လေ့လာ


နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လေ့လာသူအဖြစ် တက်ရောက်စဉ်။

နေပြည်တော် ၂၉-၃-၂ဝ၁၈

မတ် ၂၈ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ နိုင်ငံတော်သမ္မတ ရွေးချယ်တင် မြှောက်ပွဲကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ယနေ့ကျင်းပသော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို နိုင်ငံတော်သမ္မတ ရာထူးနေရာ လစ်လပ်သွားသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ခံပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်ပေးသည့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတ အဖြစ်လည်းကောင်း၊ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်ပေးသည့် ဦးမြင့်ဆွေနှင့် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ကရွေးချယ်ပေးသည့် ဦးဟင်နရီဗန်ထီးယူတို့အား ဒုတိယသမ္မတများ အဖြစ်လည်းကောင်း ရွေးချယ် တင်မြှောက်ခဲ့သည်။

အဆိုပါ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲသို့ လေ့လာသူများအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ (၂)၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

တိုင်းစစ်ဌာနချုပ် အသီးသီး၌ (၇၃) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများ ကျင်းပပြုလုပ်


နေပြည်တော် တိုင်းစစ်ဌာနချုပ် (၇၃) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်
ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပစဉ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (၇၃)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပစဉ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (၇၃)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပစဉ်။

နေပြည်တော် ၂၉-၃-၂ဝ၁၈

(၇၃) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများကို မတ် ၂၇ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၌ အသီးသီးကျင်းပ ပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများက တက်ရောက်မိန့်ခွန်း ပြောကြားကြသည်။

ထို့နောက် (၇၃) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲများတွင် ပထမဆုရရှိ ကြသည့်အရာရှိ၊ စစ်သည်များကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တိုင်းမှူးများက ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ တပ်မတော်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ကြသည်။

ညပိုင်းတွင် (၇၃) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲများကို တိုင်းစစ်ဌာနချုပ် အလိုက်အသီးသီး ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) မှ နယ်လှည့်အထူးကု ဆေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၉-၃-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည်မတ် ၂၇ရက်နှင့် ယနေ့တို့တွင် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာရှိ ဒေသခံပြည်သူ ၁၈၇၇ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၄၄ဝဦး၊ ခွဲစိတ်ရောဂါ ၂၂၁ ဦး၊ သားဖွား၊မီးယပ်ရောဂါ ၂ဝ၄ဦး၊ ကလေးရောဂါ ၁၆၇ဦး၊ အရိုးရောဂါ ၁၈၈ဦး၊နား၊ နှာခေါင်း၊လည်ချောင်းရောဂါ ၁၈၃ဦး၊ မျက်စိရောဂါ ၃၂ဝဦးနှင့် သွားရောဂါ ၁၅၄ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၃၃ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂၁ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၃ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၇၅ဦး၊ ECG နှလုံးစမ်းသပ်လူနာ ၆၉ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၈ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် တစ်ဦးကို ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌အောင်မြင်စွာ ခွဲစိတ်မီးဖွား ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၃၇ဦးကို ဆေးရုံသင်္ဘောပေါ်တွင် ဆေးရုံတင်ကုသ ပေးသည်။

ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၃-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၃-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၉-၃-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၉-၃-၂ဝ၁၈)

Download Links

Wednesday, March 28, 2018

ဂုဏ်သိက္ခာ အရည်ပျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ Facebook



ဘာသာပြန်ဆောင်းပါး ၂၈-၃-၂ဝ၁၈

Facebook တင်မက သူ့ ထက်ကျယ်ပြန့် တဲ့ လုပ်ငန်းသည်လည်း အရှက်တကွဲ အကျိုးနည်းတဲ့အဖြစ်နဲ့ ရင်ဆိုင်ရနိုင်တာပါပဲ။ ဘယ်လိုတုန့် ပြန်မလဲဆိုတာက အနာဂါတ်အတွက် အရေးကြီးပါတယ်။ အရင်နှစ်ကပဲ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ Mark Zuckerberg ပါလာနိုင်တယ်လို့  tip ပေးခဲ့ကြပေမယ့်ဒီနေ့  Zuckerberg တစ်ယောက်ဟာ ကမ္ဘာပေါ်မှာ နံပါတ် ၈ အဆင့်ရှိတဲ့ကုမ္ပဏီကြီးကို ဦးဆောင်နိုင်ကြောင်းနဲ့ လူပေါင်း ၂.၁ ဘီလီယံကလည်း ဆက်လက်ယုံကြည် သင့်ကြောင်းကို အသည်းအသန် သက်သေပြနေရပါတယ် အများသိခဲ့ပြီး ဖြစ်တဲ့အတွင်း ၂၀၁၆ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမသမာမှုနဲ့ ဆက်နွယ်နေတဲ့ CambridgeAnalytical (CA) ကုမ္ပဏီက Facebook အသုံးပြုသူ သန်း ၅၀ ကျော်ရဲ့  ကိုယ်ရေး အချက်အလက်တွေကို မမှန်ကန်တဲ့နည်းနဲ့ ရရှိသွားခဲ့တာ ပေါ်သွားခဲ့ပြီးတဲ့နောက် ဒီမီးမုန်တိုင်း စခဲ့ပါတယ်။ Zuckerberg တစ်ယောက် ချက်ခြင်းမတုန့် ပြန်နိုင်ပဲ ၅ ရက်ကြာမှ user တွေကို စိတ်ပျက်အောင် လုပ်ခဲ့ပြီပြီဆိုပြီး ၀န်ခံတောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် user တွေရဲ့  Facebook အပေါ် ယုံကြည်မှုပျက်သုဉ်းခြင်းက ဒီလောက်ကြီးမား လိမ့်မယ်ဆိုတာ သူ မျှော်လင့်ထားခဲ့ပုံ မရပါဘူး။ ၀ါဒဖြန့်တာ၊ သတင်းအတုထုတ်လွှင့်တာ တွေအကြောင်း လပေါင်းများစွာ ဆွေးနွေးခဲ့ကြ ပြီးနောက် ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုမှာ Facebook ဟာ ထိန်းချုပ်မှုအောက်က လွတ်နေပြီလို့  ထင်မြင်ယူဆခဲ့ကြပြီး ဆက်လက် သုံးစွဲဖို့ မသင့်တော့ဘူးလို့  သဘောထားမှတ်ချက်တွေ ပေးလာကြရာကနေ အခုကွန်ဂရက်က Zuckerberg ကိုယ်တိုင်လာရောက် အစစ်ဆေးခံဖို့  ဆင့်ခေါ်ထားပြီး Zuckerberg ကလည်း လက်ခံထားပါတယ်။ Facebook ရဲ့ ကံကြမ္မာမကောင်း တော့ဘူးဆိုတာ တွေးကြည့်လို့  ရနေပါပြီ။

အဲဒီသတင်းထွက် ကတည်းက Facebook ဟာ ရှယ်ယာ ၉ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။ ယိုစိမ့်သွားတဲ့ ဒေတာတွေကို မှောင်ခိုဈေးကွက်မှာ အရောင်းအ၀ယ်ဖြစ် လာတယ်လည်း ကြားရော အမေရိကန်မှာ Facebook အပါအ၀င် ဘယ်လူမှုကွန်ရက်ကိုမှ မယုံတော့ဘူး ဖြစ်လာပါတယ်။ Zuckerberg ဟာ လူတွေလုံးဝကြီး စိတ်ပျက်မသွားခင် သူ့ ကုမ္ပဏီကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ပြောင်းပစ်ဖို့ လိုနေပါပြီ။ Facebook ရဲ့ စီးပွားက အရာ ၃ ခုအပေါ် မှီထားပါတယ်။ User တွေ ဖုန်းနဲ့ မျက်နှာမခွာနိုင်အောင် လုပ်ထားတာရယ်၊ user တွေရဲ့ သုံးစွဲမှု အမူအကျင့်အကြောင်း ဒေတာတွေလျှို့ ဝှက်ယူထားတာရယ်၊ စီးပွားရေးလုပ်ငန်းရှင် တွေဆီကနေ ဘီလီယံပေါင်း များစွာ ရရှိနေတဲ့ ကြော်ငြာလုပ်ငန်းရယ် ဖြစ်ပါတယ်။ 

လူတွေ အာရုံစိုက်မိမယ့် ပို့စ်မျိုးဆိုရင် Facebook က ရွေးချယ်ပြီး ကြော်ငြာလုပ်ဖို့ တိုက်တွန်းလေ့ ရှိပါတယ်။ အားနည်းချက်ကတော့ Facebook ဟာ အောင်မြင်လာတာနဲ့ အမျှ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီး သွားပါတယ်။ ကုမ္ပဏီရဲ့  voting အခွင့်အရေး ကိုလည်း Zuckerberg က ကိုယ်တိုင်ကိုင်တွယ် လေတော့ သူ့ ကုမ္ပဏီကို ဘယ်သူတွေဘယ်လို ဝေဖန်နေတယ် ဆိုတာ Zuckerberg အသိသိပ် နည်းပါတယ်။ ၂၀၁၃ တုန်းက ဗြိတိန်တက္ကသိုလ် တစ်ခုက Facebook အသုံးပြုသူတွေဖြေဖို့  မေးခွန်းအပလီကေးရှင်း တစ်ခု ဖန်တီးခဲ့တယ်။ လူပေါင်း ၂၇၀၀၀၀ ပဲ ဖြေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့  Friend တွေ ထည့်ပေါင်းလိုက်ရင် လူသန်းပေါင်း ၅၀ ကျော်သွားပါတယ်။ 

အဲဒီလူတွေရဲ့ ဒေတာတွေ CA ဆီ ရောက်သွားခဲ့တာပါပဲ။ ဒါမျိုးနောက် မဖြစ်စေရဘူးလို့  Zuckerberg က ကတိပေးလိုက်ပြီး ဗြိတိန်တက္ကသိုလ်နဲ့  CA တို့ ကို စွပ်စွဲခဲ့ပေမယ့် သူတို့  နှစ်ဖွဲ့ လုံးက စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဥရောပနဲ့ အမေရိကားက တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဆဲ ပါ။ Facebook ဟာ ဒီပြဿနာကို ၂၀၁၅ ကတည်းက သိခဲ့ပေမယ့် ပတ်သက်တဲ့ user တွေကို alarm မလုပ်ခဲ့ပါဘူး။ CA ဟာ Trump မဲဆွယ်ပွဲကနေ ဘယ်လောက်အကျိုးအမြတ်ရခဲ့တယ်ဆိုတာမသိရပေမယ့် သူမကူပဲနဲ့ တော့ Trump ဟာ သမ္မတဖြစ်မလာနိုင်ဘူးလို့  CA က ခိုင်ခိုင်မာမာယုံကြည်နေတာဟာ Trump ကိုယ်တိုင်မဖျက်နိုင်တဲ့အမဲစက်တစ်ခု ဖြစ်နေပါတယ်။ 

ဒါပေမယ့် Facebook က Trump အရှုပ်တော်ပုံကို အကာအကွယ်အဖြစ်အသုံးချလို့ မရပါဘူး။ ကိုယ်ရေးအချက်အလက်ကျိုးပေါက်ခြင်း၊ မှားယွင်းမှုကို တိကျထိရောက်စွာရှင်းလင်းမှုမရှိခြင်းတို့ ကို ၂၀၁၇ မှာZuckerberg ကိုယ်တိုင်က Facebook ပေါ်မှာ သတင်းအတုမထွက်ပါဘူးလို့  ငြင်းလိုက်တာက သက်သေဖြစ်နေပါတယ်။ မကြာခင်မှာပဲ ရုရှားဘက်က ကန်ဒေါ်လာ ၁ သိန်းထက်မနည်းသုံးပြီး ကြော်ငြာ ၃၀၀၀ ခု ထည့်ခဲ့ကြောင်း၊ ရုရှားတွေရဲ့ ဝါဒဖြန့် ပို့စ်တွေဟာ အမေရိကန်က လူပေါင်း သန်း ၁၅၀ ဆီကို ရောက်သွား ခဲ့ကြောင်း၊ အဲဒါဟာ မဲပေးမယ့်ပုံစံကို ဆိုးရွားစွာလမ်းကြောင်း ပြောင်းလဲစေခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တော့ Zuckerberg ရဲ့  သတင်းအတု မရှိပါဘူး ဆိုတဲ့စကားဟာ လိမ်ဆင်ပဲဆိုတာ ပေါ်ခဲ့ပြန်ပါတယ်။

Facebook ကို ပိတ်လိုက်ဖို့ တော့ ကွန်ဂရက်က လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အရင်လို အလုပ်ကို စိတ်တိုင်းကျ လုပ်လို့ ရတော့မှာမဟုတ်တာတော့ သေချာနေပါတယ်။ ဥရောပက ဒစ်ဂျစ်တယ်အခွန်ကောက်ဖို့ နဲ့ယုံကြည်မှု ချိုးဖောက်ခြင်းပုဒ်မနဲ့ တရားစွဲဖို့ လုပ်နေသလို မယုံတော့တဲ့ user တွေကလည်း အကောင့်တွေကို ဖျက်ကုန်ကြပါပြီ။ ဒစ်ဂျစ်တယ်ကြော်ငြာကမ္ဘာထဲမှာ ထိပ်ဆုံးရှိနေတဲ့ Facebook အခုဆိုရင် အဆင့်ကျလာပါပြီ။

Facebook ရဲ့ တန်ဖိုးဟာ ၄၉၃ ဘီလီယံဒေါ်လာ ရှိပါတယ်။ သို့ သော် ရုပ်ပိုင်းဆိုင်ရာတန်ဖိုးက ၁၄ ဘီလီယံပဲ ရှိပါတယ်။ ကျန်တဲ့တန်ဖိုးအားလုံးက အွန်လိုင်းပေါ်မှာပါ။ ဒါကိုအဖတ်ဆယ်ဖို့  Zuckerberg ယုံကြည်မှုပြန်တည်ဆောက်ရပါမယ်။ Content, Privacy, Data ဒီ ၃ ခုကို Facebook ဟာ ချုပ်ခြယ်မှုကင်းမဲ့စွာ စိစစ်နိုင်ရပါမယ်။ နှစ်စဉ် သတင်းအတုထိန်းချုပ်မှုနဲ့ user တွေရဲ့  ကိုယ်ရေးအချက်အလက်ကျိုးပေါက်မှု ဘယ်လောက်ရှိခဲ့တယ်ဆိုတာကို အမှန်အတိုင်းသတင်းထုတ်ပြန်နိုင်ရပါမယ်။ Data Rights Board လို့ ခေါ်တဲ့ အဖွဲ့ အစည်းအသစ်မျိုး ဖွင့်ပေးရပါမယ်။ အဲဒီဘုတ်အဖွဲ့ မှာ အပြင်လူတွေကိုပါ ထည့်သွင်းပြီး စိစစ်ခွင့်ပြုရပါမယ်။ နိုင်ငံရေးမဲဆွယ်ပွဲတွေမှာ Facebook ကို အသုံးပြုလို့ ရပေမယ့် မသမာတဲ့နည်းနဲ့  ဖြားယောင်းခြင်းမပြုနိုင်အောင် Facebook တားမြစ်နိုင်ရပါမယ်။ ဒီလိုတွေမှ မလုပ်နိုင်ရင်တော့ အမေရိကန် ပြည်သူတွေရဲ့ ယုံ
ကြည်မှုကို ပြန်ရနိုင်တော့မှာမဟုတ်ဘဲ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားနိုင်မယ့်အန္တရာယ်နဲ့ Facebook ရင်ဆိုင်နေရပြီဖြစ်ကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

#Yadanarpondaily

မြဝတီနေ့စဉ်သတင်းစာ (၂၇-၃-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၇-၃-၂ဝ၁၈)

Download Links

စစ်ကိုင်းမြို့၌ သင်္ကြန်ကာလ အိတ်ဇောဖွင့် ဆိုင်ကယ်များ မောင်းနှင်ခြင်းမရှိစေရန် ဆိုင်ကယ်ပြုပြင်ရေး ဆိုင်များကို လိုက်လံအသိပညာပေး ခြင်းများပြုလုပ်နေ



စစ်ကိုင်း ၂၈-၃-၂ဝ၁၈

စစ်ကိုင်းမြို့၌ သင်္ကြန်ကာလ အိတ်ဇောဖွင့် ဆိုင်ကယ်များ မောင်းနှင်ခြင်း မရှိစေရန် မတ် ၂၅ရက်မှ စတင်၍ ဆိုင်ကယ်ပြုပြင် ရေးဆိုင်များကို လိုက်လံအသိ ပညာပေးခြင်းများ ပြုလုပ်နေပြီး အိတ်ဇောဖွင့် ဆိုင်ကယ်များကို ဖမ်းဆီးမှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း အမှတ် (၁ဝ၅) (စစ်ကိုင်း) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုရုံးမှ သိရသည်။

သင်္ကြန်ကာလ စစ်ကိုင်းမြို့၌ အိတ်ဇောဖွင့် ဆိုင်ကယ်များ မောင်းနှင်မှု မရှိစေရေးအတွက် မတ် ၂၅ ရက်မှစတင်၍ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များရှိ ဆိုင်ကယ်ပြုပြင်ရေး ဆိုင်များကို လိုက်လံ အသိပေးပြီး ဆိုင်ကယ်အိတ်ဇော ဖွင့်များ လာရောက် တပ်ဆင်ရာတွင် ပြုလုပ်ဆောင်ရွက်ပေးခြင်း မပြုရန်နှင့် ဆိုင်ကယ်အိတ်ဇောဖွင့် မောင်းနှင်မည့် သူများကို ၎င်းတို့မှတစ်ဆင့် အသိပညာများ ပြန်လည်ဖြန့်ဝေပေးရန် အသိပေးဟောပြောမှုများပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိတွင် ဆိုင်ကယ်အိတ်ဇောဖွင့် မောင်းနှင်မှုများကို ဖမ်းဆီး
အရေး ယူမှုများ ပြုလုပ်လျက်ရှိကြောင်း အမှတ် (၁ဝ၅) (စစ်ကိုင်း) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးမှ ဒုတိယရဲအုပ်အောင်ဇေထွန်းက ပြောပြသည်။

သင်္ကြန်ကာလတွင် စည်းကမ်းပျက် မော်တော်ယာဉ်များ မောင်းနှင်မှု မရှိစေရေးအတွက် သင်္ကြန်မတိုင်မီကာလတွင် အသိပေး လှုံ့ဆော်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် အိတ်ဇောဖွင့်ဆိုင်ကယ် အစီး၂ဝထိ ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိခဲ့သည့် အိတ်ဇောဖွင့် ဆိုင်ကယ်များကို သက်ဆိုင်ရာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ စည်းကမ်းပျက် ယာဉ်များကို သင်္ကြန်ကာလပြီးမှ ပြန်လည်ထုတ်ပေးရန် ညွှန်ကြားမှုများ ရှိလာပါက ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

ရေနည်းကာလတွင် ရေယာဉ်မတော်တဆမှု ပိုမိုဖြစ်ပွား တတ်သောကြောင့် ရေယာဉ်မောင်းသူများ ရေယာဉ်စည်းကမ်းနှင့် အညီလိုက်နာရန် လိုအပ်



မုံရွာ ၂၈-၃-၂ဝ၁၈

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်စသော မြစ်ကြီးများတွင် ယခုအခါ ရေနည်းကာလ ရောက်နေပြီ ဖြစ်သဖြင့် ရေယာဉ် မတော်တဆမှုများ ပိုမိုဖြစ်ပွား တတ်သောကြောင့် ရေယာဉ်မောင်းသူများ အနေဖြင့်ရေယာဉ် စည်းကမ်းချက်များ နှင့်အညီလိုက်နာရန် လိုကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရေလမ်းညွှန်ဌာန (မုံရွာ) လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်းထံမှ သိရသည်။

ခရီးသည်နှင့် ကုန်များ တင်ဆောင်၍ ရေယာဉ်ကြီးငယ်များ နေ့စဉ် ခုတ်မောင်းလျက် ရှိရာတွင် ကြုံတွေ့နိုင်သည့် ရေယာဉ်တိုက်မှု၊ နစ်မြုပ်မှု စသောရေယာဉ် မတော်တဆမှု အနည်းနှင့်အများ ကြုံတွေ့ရကြောင်း၊ ထိုသို့ ကြုံတွေ့ရာတွင် ရေများကာလထက် ရေနည်းကာလတွင် ရေယာဉ်မတော်တဆမှုမှာ ပိုမိုဖြစ်ပွား တတ်သောကြောင့် ဌာနဆိုင်ရာများက သတ်မှတ်ထားသော ရေယာဉ်စည်းကမ်းနှင့် အညီမောင်းနှင်ရန်လိုကြောင်း သိရသည်။

"နှစ်စဉ်ရေနည်း ကာလရောက်တိုင်း ရေကြောင်းပြောင်းလဲမှု၊ ရေကြောင်း ကျဉ်းမြောင်းမှု၊ ရာသီဥတုဖောက်ပြန်မှု တွေကြောင့် ရေနည်းကာလအချိန်မှာ ရေယာဉ် အန္တရာယ်အများဆုံး ကြုံတွေ့တတ်ပါတယ်။ ရေများချိန်မှာတော့ မြစ်ရေ အပြည့်အဝရှိနေတဲ့ အတွက်ကြီးမားတဲ့ ရေဝဲအန္တရာယ်ကလွဲလို့ စိုးရိမ်စရာ သိပ်မရှိပါဘူး။ ရေနည်းချိန်မှာတော့ ရေကြောင်း အနေအထား ပြောင်းလဲမှုတွေ၊ မမြင်နိုင်တဲ့ ရေအောက်အန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် အထူးသဖြင့် ရေနည်းချိန်မှာ ရေယာဉ်စည်းကမ်းတွေကို အရင်ထက်ပိုပြီး ဂရုတစိုက် မောင်းဖို့လိုပါတယ်"ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရေလမ်းညွှန်ဌာန (မုံရွာ) လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်းက ပြောပြ၍ သိရသည်။

#Yadanarpondaily

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် ခရီးသွားဇုန် ခြောက်ဇုန်ကို သတ်မှတ်အကောင်အထည် ဖော်ဆောင်ရွက်



စစ်ကိုင်း ၂၈-၃-၂ဝ၁၈

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ပုဂ္ဂလိကကဏ္ဍ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး၊ကသာ၊ ခန္တီးမြို့တို့တွင် ခရီးသွား ဇုန်ခြောက်ဇုန်ကို သတ်မှတ်အကောင်ထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Community Based Tourism ဆိုသည်မှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား များကို ဒေသတွင်း တည်းခိုနေထိုင်ခွင့် ပေးသည့် ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ကျောက်မြောင်းမြို့ နွယ်ငြိမ်းကျေးရွာကို အခြေပြုလျက် ရွှေခွန်၊ ရွှေတိုက်၊ မလား၊ မခေါက်ကျေးရွာများ Community Based Tourism လုပ်ငန်းအောင်မြင်ခဲ့ပါက ဒေသအတွင်း တည်းခိုနေထိုင်မှုမှ ရရှိလာမည့် အခကြေးငွေများ အကျိုးခံစားခွင့် ရရှိလာမည့်အပြင် ဒေသထွက်ကုန် လက်ဆောင်ပစ္စည်း များကိုလည်း နိုင်ငံခြားသားများကို ရောင်းချခွင့်ရမည် ဖြစ်ကြောင်း၊ ဒေသအတွင်းလှည့်လည် ခရီးသွား လာသည့်အတွက် ပြည်ပနိုင်ငံ ခြားသားခရီးသွားများ အသုံးပြုလာမည့် ငွေကြေးများဒေသအတွင်း စီးဆင်းလာမည် ဖြစ်သောကြောင့် ဒေသအတွက် ဝင်ငွေပိုမိုရရှိလာမည့် ခရီးသွားလုပ်ငန်း တစ်ခုအဖြစ် အကောင်အထည် ပေါ်လာမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောပြသည်။

''CBT လုပ်လိုက်တဲ့အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတယ်။ ဟိုတုန်းကနဲ့စာရင် ပိုပြီးတော့ ဖွံ့ဖြိုးလာတယ်။ ပြည်ပခရီးသွားတွေ ဆီကရလာတဲ့ အလှူငွေနဲ့လဲ ဒေသဖွံ့ဖြိုးရေး အတွက် ထိုက်သင့်တဲ့ဝင်ငွေ ရလာပါတယ်''ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောပြ၍ သိရသည်။

#Yadanarpondaily

နမ့်ခမ်း-မူဆယ်သွား ကားလမ်း အေးရှားဝေါလ်တိုးဂိတ်၌ တရားမဝင် ဆီလီကွန်ကျောက်များ တင်ဆောင်လာသော မော်တော်ယာဉ်များ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူများနှင့် တရားမဝင် ဆီလီကွန်ကျောက်များ တင်ဆောင်ထားသော မော်တော်ယာဉ်များကို တွေ့ရစဉ်။

နေပြည်တော် ၂၈-၃-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် နမ့်ခမ်း-မူဆယ်သွား ကားလမ်းပေါ်ရှိ နမ့်ခမ်းမြို့အဝင် အေးရှားဝေါလ် တိုးဂိတ်၌ မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများကို စစ်ဆေးစဉ် မတ် ၂၆ ရက် ည ၁၁ နာရီခွဲခန့်တွင် နမ့်ဆမ်ဂိုဒေါင် ကျေးရွာဘက်မှ နမ့်ခမ်းမြို့ဘက်သို့ မောင်းနှင်လာသော ၁ဝ ဘီးယာဉ် ခုနစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်တွင် တရားမဝင် တင်ဆောင်လာသော ဆီလီကွန်ကျောက် ၁၇၅တန် ခန့်ကို တရုတ်နိုင်ငံသား ယာဉ်မောင်းများ ဖြစ်ကြသည့် ရန်ဆန်းယုံ (ဘ) ဦးရန်ချုံတဲ့၊ ရှီကောင်လွိုင်း(ဘ) ဦးရှိခိုက်ရှန်၊ ရီဟုန်ကျန်း(ဘ) ဦးရီချိန်တဲ့၊ ရန်ချွမ့် (ဘ) ဦးရန်ရင်လုံ၊ ချွင်ရုံးထန့် (ဘ) ဦးချွင်ဆုန်မင့်၊ ဝုတားမင့်(ဘ)ဦးဝုစိန်ဖု၊ ရှန်မင့်ချိုင် (ဘ) ဦးရှန်စိန့်နှင့် ယာဉ်နောက်လိုက်ဖြစ်သူ ရန်ချောင်ဖူး (ဘ) ဦးရန်မင့်ရှင်းတို့ကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၊ယာဉ်များနှင့် ဆီလီကွန် ကျောက်များကို နမ့်ခမ်းမြို့မ ရဲစခန်း၌ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

မြို့မ တူရိယာအသင်းမှ သင်္ကြန်သီချင်းအသစ် ၂ ပုဒ်ဖြင့် သင်္ကြန်ကာလအတွင်း မြို့တွင်း၌ လှည့်လည် ဖျော်ဖြေမည်



မန္တလေး ၂၈-၃-၂ဝ၁၈

ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော်တွင် မြို့မတူရိယာ အသင်းမှ တေးရေးဆရာများ ကိုယ်တိုင်ရေး စပ်ထားသည့် သင်္ကြန်သီချင်းအသစ် ၂၈ပုဒ်ဖြင့် သင်္ကြန်ကာလအတွင်း မြို့တွင်း၌လှည့်လည် ဖျော်ဖြေသွား မည်ဖြစ်ကြောင်း အဆိုပါအသင်းမှ တေးရေးဆရာ ဦးသန်းမောင်ဝင်းက ပြောပြ၍ သိရသည်။

အဆိုပါ သင်္ကြန်သီချင်း အသစ်များကို မြို့မအသင်းကြီးမှ ဝါရင့်တေးရေး ဆရာများ ဖြစ်ကြသော ဆရာပေါ၊ ဦးသန်းမောင်ဝင်းနှင့် ဦးမောင်မောင်စိန်တို့က မြို့မအသင်း၏ ပင်တိုင်အဆိုရှင် ၁၄ ဦးအတွက် တစ်ဦးလျှင် နှစ်ပုဒ်နှုန်းသီဆိုရန် ရေးစပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်သင်္ကြန်မှာတော့ မြို့တော်ဝန်ရဲ့ ဖိတ်ခေါ်ချက်အရ မြို့မအသင်းက မြို့တော် မဟာသင်္ကြန် မဏ္ဍပ်နဲ့ မြို့တွင်းလှည့်လည် ဖျော်ဖြေဖို့အတွက် အဖွဲ့နှစ်ဖွဲ့ ခွဲထားတယ်။ မြို့တွင်း ဖျော်ဖြေဖို့အတွက် သီချင်းအသစ် ၂၈ ပုဒ်စပ်ထားပြီး မြို့တော်သင်္ကြန် မဏ္ဍပ်မှာတော့ ယိမ်းအကအတွက် သင်္ကြန်သီချင်း အသစ်နှစ်ပုဒ် စပ်ပေးထားပါတယ်။ ယခင်နှစ်တွေကလဲ သင်္ကြန်သီချင်း အသစ်တွေရေးပေးပေမယ့် ဆိုတဲ့သူတွေက သူတို့နှစ်သက်တဲ့ သီချင်းဟောင်းတွေပဲ ဆိုကြတဲ့အတွက် သီချင်းအသစ်တွေက မပေါ်လွင်ခဲ့ဘူး။ ဒီနှစ်မှာတော့ လက်ရှိရေးစပ် ပေးထားတဲ့ သီချင်းအသစ်တွေကိုပဲ မဖြစ်မနေသီဆို ရမှာဖြစ်တဲ့အတွက် မန္တလေးပြည်သူတွေ သင်္ကြန် သီချင်းအသစ် တွေကို နားဆင်ရ တော့မှာပါ။ သင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေဖို့အတွက် မြို့တော်စည်ပင်ကလဲ ငွေကျပ် သိန်း ၁ဝဝ ချီးမြှင့်ပေးထားပါတယ်"ဟု ၎င်းက ပြောပြသည်။

#Yadanarpondaily

(၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကျင်းပ


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး (၇၃)နှစ်မြောက် တပ်မတော်နေ့ စံပြတပ်ခွဲပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲအား ဆုပေးအပ်စဉ်။

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း (၇၃)နှစ်မြောက်
တပ်မတော်နေ့ အကောင်းဆုံးစခန်း ဒုတိယဆုရရှိသော လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား ဆုပေးအပ်စဉ်။

(၇၃)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်အေး (၇၃)နှစ်မြောက် တပ်မတော်နေ့ အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲဂုဏ်ပြုဆုရရှိသော အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲအား ဆုပေးအပ်စဉ်။

နေပြည်တော် ၂၈-၃-၂ဝ၁၈

(၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများက အလေးပြုကြသည်။

ထို့နောက် (၇၃)နှစ်မြောက်တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က စစ်ရေးပြဂုဏ်ပြုဆုများရရှိကြသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအထူးတပ်ဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြုတပ်ဖွဲ့တို့အားလည်းကောင်း၊ အထူး တာဝန်တပ်ဖွဲ့ (အမျိုးသမီး)တပ်ခွဲဂုဏ်ပြုဆုကို အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး)တပ်ခွဲ အားလည်းကောင်း၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့ဂုဏ်ပြုဆုကို ဗဟိုစစ်တီးဝိုင်းအဖွဲ့အားလည်းကောင်း ၊ အလံကိုင်အဖွဲ့ ဂုဏ်ပြုဆုကို တပ်မတော်(ကြည်း)အမျိုးသမီး အလံကိုင်အဖွဲ့အားလည်းကောင်း၊ မြင်းစီးစစ်ရေးပြတပ်စု ဂုဏ်ပြုဆုကို မြင်းစီးစစ်ရေးပြတပ်စုအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းဂုဏ်ပြုဆုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းအဖွဲ့အား လည်းကောင်း၊အလံကိုင်အဖွဲ့အကောင်းဆုံးဆုကို ဘုရင့်နောင်စစ်ကြောင်း ကိုယ်စားပြု အလံကိုင်အဖွဲ့အားလည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့အကောင်းဆုံးဆုကို အနော်ရထာစစ်ကြောင်း ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့် သည်။

ဆက်လက်၍ အကောင်းဆုံးစခန်း တတိယဆုရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေး ပြတပ်ခွဲအားလည်းကောင်း၊ စစ်ချီသီချင်းအကောင်းဆုံး တတိယဆုရရှိသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအားလည်းကောင်း ၊ စစ်စည်းကမ်းအကောင်းဆုံး တတိယဆုရရှိသော စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲအားလည်းကောင်း၊ စစ်ရေးပြအကောင်းဆုံး တတိယ ဆုရရှိသော လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့အား လည်း ကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက အကောင်းဆုံးစခန်း ဒုတိယဆုရရှိသော လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအားလည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ(၁)အားလည်းကောင်း၊ စစ်စည်းကမ်းအကောင်းဆုံး ဒုတိယဆုရရှိသော သံချပ်ကာ ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း ၊စစ်ရေးပြ အကောင်းဆုံး ဒုတိယဆုရရှိသော အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ ဒုတိယဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး)စစ်ရေးပြဂုဏ်ပြုတပ်ခွဲ အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)စစ်ရေးပြတပ်ခွဲ ဒုတိယဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) စစ်ရေးပြတပ်ခွဲ( ၂ )အားလည်းကောင်း၊ တပ်မတော် (ကြည်း)(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ ဒုတိယဆုရရှိသော တပ်မတော်(ကြည်း) (အမျိုးသမီး)စစ်ရေးပြဂုဏ်ပြု တပ်ခွဲ အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ ပထမဆုရရှိသော မြန်မာနိုင်ငံရဲ တပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁)အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)စစ်ရေးပြတပ်ခွဲ ပထမဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) စစ်ရေးပြတပ်ခွဲ( ၃ )အားလည်းကောင်း၊ တပ်မတော် (ကြည်း) (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ ပထမဆုရရှိသော တပ်မတော်(ကြည်း) (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ( ၁ ) တို့အားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အကောင်းဆုံးစခန်း ပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲအားလည်းကောင်း၊ စစ်ချီသီချင်းအကောင်းဆုံး ပထမဆုရရှိသော ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲအားလည်းကောင်း ၊ စစ်စည်းကမ်းအကောင်းဆုံး ပထမဆု ရရှိသော ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအားလည်းကောင်း၊ စစ်ရေးပြအကောင်းဆုံး ပထမဆုရရှိသော ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး က စံပြတပ်ခွဲတတိယဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲအားလည်းကောင်း၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော စစ်အင်ဂျင်နီယာညွှန်ကြား ရေးမှူးရုံးကိုယ်စားပြုစစ်ရေးပြတပ်ခွဲအားလည်းကောင်း၊ စံပြတပ်ခွဲ ပထမ ဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲအားလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

(၇၃) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ၊ ရတုဘုရင် စာဆိုရှင် မြန်မာ့ယဉ်ကျေးမှု အနုပညာပြဇာတ်ဖြင့် ကပြဖျော်ဖြေ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်စဉ်။

(၇၃) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများ မြဝတီအငြိမ့်အဖွဲ့နှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊စစ်သမီးများက ရတုဘုရင်
စာဆိုရှင်ပြဇာတ်ဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၂၈-၃-၂ဝ၁၈

၂၀၁၈ခုနှစ် (၇၃) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြသည်။ ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၃)နှစ် မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှုးမီးပန်းများ ပစ်ဖောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီးတို့နှင့်အတူ ၂၀၁၈ ခုနှစ် (၇၃)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲ နှင့်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွတ်လပ်ရေးမော်ကွန်းဝင်ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ ၂၀၁၇ ခုနှစ်တွင်သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်ရရှိခဲ့ကြသော အရာရှိ၊ စစ်သည်များနှင့် အမွေ ခံများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှကိုယ်စားလှယ်များ၊ ပြည်သူ့စစ်နှင့်နယ်ခြားစောင့်ဗဟို အကြံပေး ကွပ်ကဲရေး အဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှစစ်သံမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်း အဖွဲ့ဝင် များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှတပ်ဖွဲ့ဝင်များ၊ “စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဇာတ်လမ်းမှ အနုပညာ ရှင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ကြသည်။

(၇၃)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြ၀တီတေးဂီတအဖွဲ့အနုပညာရှင်များနှင့် တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်း “စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဇာတ်လမ်းမှ အနုပညာရှင်များက တေးသံသာများဖြင့် ဧည့်ခံဖျော် ဖြေကြသည်။

ညစာစားပွဲအပြီးတွင် အခမ်းအနားသို့တက်ရောက်လာကြသူများအား ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမ၌ မြ၀တီအငြိမ့်အဖွဲ့နှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ရတုဘုရင် စာဆိုရှင်ပြဇာတ်ဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ မြန်မာ့ဇာတ်သဘင်ပညာ မတိမ်ကောစေရန်နှင့် မြန်မာ့ရိုးရာအနုသုခုမ ပညာရပ်များ ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်အတွက် ယခုပြဇာတ်ကြီးကို မြန်မာ့ဇာတ်သဘင် သမားစဉ်အတိုင်း စီစဉ်တင်ဆက်ခြင်းဖြစ်သည်။ ကပြဖျော်ဖြေပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များက သီဆိုကပြဖျော်ဖြေခဲ့ကြသည့် စစ်သည်၊ စစ်သမီးများအား အမှတ်တရဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။

#Themyawadydaily

(၇၃)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီး များအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရ၀ပြုကန်တော့၊ လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များအား တွေ့ဆုံ ဂါရ၀ပြု


အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဂါရဝပြုကန်တော့သည့်အခမ်းအနားတွင် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက သြဝါဒစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အငြိမ်းစား တပ်မတော်အရာရှိကြီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများ ရိုသေစွာ ပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့ ဘုရင့်နောင်ရိပ်သာတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသော တပ်မတော် အငြိမ်းစားအရာရှိကြီးတစ်ဦးအား ဂါရဝပြုနှုတ်ဆက် စကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့ လွတ်လပ်ရေးမော်ကွန်း ဝင်ပုဂ္ဂိုလ်များအား ဂါရဝပြုနှုတ်ဆက်စဉ်။

နေပြည်တော် ၂၈-၃-၂ဝ၁၈

(၇၃)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တပ်မတော်တွင် တာဝန်ထမ်းဆောင် ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရ၀ပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဂါရ၀ပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော် အရာရှိကြီး ၃၁ ဦးနှင့် ဇနီး ၁၂ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် (ကြည်း၊ရေ၊လေ) တပ်မတော်အရာရှိကြီးများနှင့် ဇနီးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အငြိမ်းစားတပ်မတော် အရာရှိကြီးများသည် မိမိတို့တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၏ မိဘဆရာသမားများဖြစ်ပြီး မိမိတို့သည် ဆက်ခံသူများဖြစ်ပါကြောင်း၊ လက်ရှိ တပ်မတော်အားတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြသူများဖြစ်ပြီး မိမိတို့အနေဖြင့် လက်ဆင့်ကမ်းတာဝန်ယူ၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်သည့်အမွေများကို ဆက်ခံခဲ့သဖြင့် ယခုကဲ့သို့နိုင်ငံတော်အတွက် မားမားမတ်မတ်ရပ်တည် နေနိုင်ခြင်းဖြစ်ကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်များသာမက မိသားစုများ ပါပါဝင်သဖြင့် မိသားစုတပ်မတော်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တပ်မတော်နေ့ အခမ်းအနားအား သက်ရှည်ကျန်းမာစွာဖြင့် တက်ရောက်ချီးမြှင့်ပေးမှုအတွက် တပ်မတော်မိသားစုဝင်များက ကျေးဇူးအထူးတင်ရှိ သကဲ့သို့ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယခုကဲ့သို့တက်ရောက်ခြင်းအားဖြင့် တပ်မတော်၏ အစဉ်အလာကောင်းများအား ပိုမိုခိုင်မြဲ အောင်ဆောင်ရွက်သည့် လုပ်ဆောင်ချက်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ယခုကဲ့သို့ ကောင်းမွန်သည့် အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ဂါရ၀ပြုစကားပြောကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တက်ရောက်လာကြသူများက တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား အငြိမ်းစား တပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီ ရိုသေစွာဖြင့် ဂါရ၀ပြုကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံ အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်သူရစောဖြူ(ငြိမ်း)က ယခုကဲ့သို့ တစ်နှစ်တစ်ခါတွေ့ဆုံခွင့်ရအောင် စီမံဆောင်ရွက်ပေးသည့်အတွက် ၀မ်းမြောက်ကြောင်းပြောကြားသည်။ ဗိုလ်ချုပ်မောင်မောင်(ငြိမ်း)ကလည်း ယခုကဲ့သို့ တိုင်းပြည်တာဝန်များကို အောင်အောင်မြင်မြင်နှင့် ထမ်းဆောင် နေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် သံသရာအတွက် ဘာသာတရားကို လည်းဆောင်ရွက်ကြရန် သြ၀ါဒစကားပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)က ယခုကဲ့သို့တပ်မတော်နေ့ အခမ်းအနား တက်ရောက်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည် ပြည်တွင်းပြည်ပ အန္တရာယ်များစွာရှိပြီး ထိုအန္တရာယ်များကို ကာကွယ်ရန် တပ်မတော်သည်သာ အဓိကဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းဖြစ်၍ တပ်မတော်အင်အားရှိရန်လိုကြောင်း၊ သို့မှသာအရေးကြုံလာလျှင်ပြည်တွင်း၊ ပြည်ပရန်များကို ကောင်းမွန်ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အငြိမ်းစားအရာရှိကြီးများ အခမ်းအနားတက်ရောက်ချိန်တိုင်းတွင် ကောင်းမွန်ပြည်စုံစွာ ဆောင်ရွက်ပေးသည့်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် တပ်မတော်သားမိသားစုဝင်အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းစကား ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများက အငြိမ်းစားတပ်မတော် အရာရှိကြီးများထံ ဂါရ၀ပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင် ကိုယ်ကျ ရိုသေစွာပေးအပ်ကြသည်။ ဂါရ၀ပြုအခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများနှင့် ဇနီးများက ကန်တော့ခံ တပ်မတော် အငြိမ်းစားအရာရှိကြီးများနှင့်ဇနီးများအား ဂါရ၀ပြုနှုတ်ဆက်ခဲ့ကြသည်။

ထို့အတူ နေ့လယ်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့နှင့်အတူ ဘုရင့်နောင်ရိပ်သာတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသော (၇၃)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိများ ထံသွားရောက်၍ တစ်ဦးချင်းစီ အားလိုက်လံတွေ့ဆုံပြီး ခင်မင်ရင်းနှီးစွာဖြင့် ဂါရ၀ပြုနှုတ်ဆက်စကားပြောကြား၍ လိုအပ် သည်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်( BIA )မှ လွပ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်ရရှိပြီး ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံနှင့် အခြားနေရာများတွင် ယာဉ်ထိန်းတာဝန်အဆင့်ဆင့်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့သဖြင့် ပြည်သူအများ ချစ်ခင်လေးစားကြသော လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ အသက် ၉၇ နှစ်အရွယ်ရှိ ဘဘဦးညွန့်တင် (လက်ကောက်ညွန့်တင်) အပါအ၀င် လွပ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်ရရှိသူ ၇ ဦး၊ ဒုတိယအဆင့်ရရှိသူ ၈ ဦးနှင့် တတိယအဆင့်ရရှိသူ ၅ ဦး စုစုပေါင်း ၂၀ ဦးတို့အား ဘုရင့်နောင်ရိပ်သာ၌ ဂါရ၀ပြုတွေ့ဆုံပြီး အားဖြည့် ငှက်သိုက်အာဟာရများနှင့် ဂါရ၀ပြုငွေများအား တစ်ဦးချင်း ဂါရ၀ပြုပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

လူမျိုး၊ဘာသာ ခွဲခြားမှုမရှိဘဲ ‘မြန်မာစိတ်’မွေးပြီး မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားသွားကြရန်လို



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၃)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်အား စစ်ရေးပြ
စစ်ကြောင်းကြီးများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုစဉ်။

(၇၃) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် စစ်ကြောင်းကြီးများ စစ်ရေးပြကွင်း
ကြီးအတွင်း၌ နေရာယူစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် စစ်ရေးပြ
စစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးစဉ်။

(၇၃) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်လာကြသော တပ်မတော်အငြိမ်းစား အရာရှိကြီးများကို တွေ့ရစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ စစ်ရေးပြစစ်ကြောင်းကြီးများအား ဂုဏ်ပြုပန်းကုံးစွပ်၍ ကြိုဆိုစဉ်။

နေပြည်တော် ၂၈-၃-၂ဝ၁၈

မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အာဆီယံအသိုက်အ၀န်း၌ပင် နောက်ကျကျန်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်သည့်နိုင်ငံတွေကို အမှီလိုက်ရန်အတွက် သူများခြေတစ်လှမ်းလှမ်းလျှင် ကိုယ်က ခြေလှမ်းများစွာလှမ်းနိုင်မှ ဖြစ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမျိုး၊ ဘာသာခွဲခြားမှုမရှိဘဲ ‘မြန်မာစိတ်’မွေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားသွားကြရန် လိုကြောင်း၊ အတိတ်ကိုလက်ညိုးထိုးပြီး အပြစ်ရှာနေခြင်းထက် အတိတ်အပေါ် သင်ခန်းစာဖော်ထုတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန် အချိန်ရောက်နေပြီဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်းကြီး၌ ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ယနေ့ နံနက် ၅ နာရီတွင် ၂၀၁၈ ခုနှစ် (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြ တပ်ခွဲ၊ တပ်မတော်(ရေ)အထူးစစ်ဆင်ရေး တပ်ဖွဲ့(Navy SEALs)၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ဦးစွာ ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းကြီးအတွင်းရှိ သတ်မှတ်နေရာ၌ နေရာယူသည်။ ထို့နောက်စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်၍ အလံတော်အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်သန်း ဦးဆောင်သည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် အနော်ရထာစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးမင်း ဦးဆောင်သည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ကျန်စစ်သား စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထူးဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁) တို့ပါဝင်သည့် ဘုရင့်နောင် စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးဇော်ဝင်း ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ(၁)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် အောင်ဇေယျစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး စိုးတင်လတ်ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁) တို့ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မြင့်စိုး ဦးဆောင်သည့် လေကြောင်းချီစစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အမြှောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ပါဝင်သည့်ဗန္ဓုလစစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲမှူးကြီး ဗညားဦး ဦးဆောင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃) တို့ပါဝင်သည့်မြ၀တီစစ်ကြောင်း၊ ၎င်းနောက်မှ အထူးတာဝန်တပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ တပ်မတော်(ရေ)အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Navy SEALs) တို့သည် စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စုရပ်မှစစ်ရေးပြကွင်းကြီးသို့ အစီအစဉ်အတိုင်းချီတက်ကြသည်။

ထိုသို့ချီတက်ချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၏ ဇနီး ဒေါ်သက်သက်အောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ဇနီး ဒေါ်သန်းသန်းအေး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၏ဇနီး ဒေါ်အောင်မာမြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၏ ဇနီးများကဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒေသခံမိဘပြည်သူများကလည်း စစ်ကြောင်းကြီးများချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများ စွပ်ကြသည်။

ထိုကဲ့သို့စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၂၄၃၄ ဦးတို့သည် ဇာတိသွေး၊ ဇာတိမာန်အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေး သီဆိုချီတက်လာကြပြီး စစ်ရေးပြကွင်းကြီးအတွင်းသို့ ရောက်ရှိနေရာယူကြသည်။

အဆိုပါ(၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ လွှတ်တော်ကော်မတီများမှဥက္ကဋ္ဌများ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ ၂၀၁၇ ခုနှစ်တွင် သူရဘွဲ့နှင့် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ် ရရှိခဲ့ကြသော အရာရှိ၊ စစ်သည်များနှင့်အမွေခံများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှကိုယ်စားလှယ်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ၀တ္ထုတို၊ ၀တ္ထုရှည် ပြိုင်ပွဲများတွင်ဆုရရှိကြသူများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများမှ အုပ်ချုပ်သူနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းကြီးသို့ မြင်းစီးတပ်ဖွဲ့ဝင်များ ခြံရံလျက်ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာစစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် စစ်ရေးပြ စစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဗဟိုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကိုတီးမှုတ်သည်။ ယင်းနောက် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး စစ်ကြောင်းကြီးများမှ (ကြည်း၊ရေ၊လေ) တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သစ္စာလေးချက် ကို သံပြိုင်ညီညာရွတ်ဆိုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းတွင် အစဉ်အလာကောင်းများနှင့် ယနေ့တိုင်ရှင်သန်နေသည့် တပ်မတော်၏သမိုင်းကြောင်းကိုယဉ်တွဲပြီး တွေ့မြင်ရမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေး စစ်ပွဲများဆင်နွှဲ၍ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကိုအရယူပေးခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း နိုင်ငံတော်၏ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာ တည်ရှိမှုကို အမျိုးသားအကျိုးစီးပွားနှင့်ယှဉ်ပြီး ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း၊ ထို့အတူ နိုင်ငံတော် ပြိုကွဲပျက်စီးစေမည့် အခြေအနေများမှလည်း ကာကွယ်ထိန်းသိမ်းပေးခဲ့ပြီး အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးနိုင်ရေးအတွက် လိုအပ်သည့် အခြေခံကောင်းများ တည်ဆောက်ပေးခဲ့ပြီး နိုင်ငံရေးနှင့်အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရာတွင် ချောမွေ့စေရေးအတွက်လည်း ဦးဆောင်၍ဆောင်ရွက်ပေး ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းတစ်လျှောက်တွင် တပ်မတော်၏ အခန်းကဏ္ဍနှင့် ရပ်တည်ဆောင်ရွက်ချက်များဟာ အလွန်အရေးပါပြီး ဂုဏ်ယူဖွယ်ရာဖြစ်ခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရပြီး မိမိတို့တိုင်းရင်းသားများသည် နယ်ချဲ့များ၏ ဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ရန်အတွက် နိုင်ငံအနှံ့ရရာ လက်နက်ကိုင်စွဲ၍ တော်လှန်ခဲ့ကြကြောင်း၊ မိမိတို့ ဘိုးဘွားဘီဘင်များသည် မျိုးချစ်စိတ်ကိုအရင်းတည်၍ နယ်ချဲ့တော်လှန်ရေးဆင်နွှဲခဲ့ကြသော်လည်း စနစ်တကျ စုစည်းတော်လှန်နိုင်မှုမရှိခြင်း၊ ကျယ်ပြန့်စွာစည်းရုံးလှုပ်ရှားနိုင်မှုမရှိခြင်း၊ ခေတ်နှင့်အညီ တပ်မတော်တစ်ရပ် ထူထောင်နိုင်မှုမရှိခြင်းတို့ကြောင့် နယ်ချဲ့များ၏ဖိနှိပ်မှုအောက်တွင် နှစ်ပေါင်းများစွာနေခဲ့ ရကြောင်း၊ ၂၀ ရာစု အစောပိုင်းကာလများ၌ အမျိုးသားရေးအသိအမြင်နိုးကြားလာပြီး လက်နက်ကိုင်တော်လှန်ရေးနှင့် နိုင်ငံရေး အုံကြွမှုများ ပေါင်းစပ်ဆောင်ရွက်လာ ခဲ့ကြကြောင်း၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားမှုကြောင့် နယ်ချဲ့ဗြိတိသျှတို့ အကျပ်အတည်းတွေ့နေချိန်တွင် နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုများအနေဖြင့် လက်နက်ကိုင် တော်လှန်ရေး ကြီးတစ်ရပ် ဆင်နွှဲရန်အချိန်ကောင်းအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့သည် ဂျပန်များ၏ အကူအညီဖြင့် ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတို့တွင် အပင်ပန်းအဆင်းရဲခံ၍ စစ်ပညာများကိုသင်ယူခဲ့ကြကြောင်း၊ ဗမာ့လွတ်လပ်ရေးတပ်မတော်( BIA ) ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုနှင့်အတူ စတင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဗမာ့လွတ်လပ်ရေး တပ်မတော်( BIA )သည် ဘန်ကောက်မှတစ်ဆင့် မြန်မာပြည်အတွင်းသို့ ထားဝယ်စစ်ကြောင်း၊ မော်လမြိုင်စစ်ကြောင်းနှင့် ရေကြောင်းချီတပ်ဖွဲ့များ ဖွဲ့စည်းပြီး စစ်ကြောင်းများခွဲ၍ ၀င်ရောက်ခဲ့ကာ အဓိကစစ်ကြောင်းဖြစ်သော ထားဝယ်စစ်ကြောင်း ထားဝယ်မြို့သို့ရောက်ရှိစဉ် မြို့ခံရဟန်းရှင်လူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပြီး လွတ်လပ်ရေးရယူလိုသည့် ပြင်းပြသောဆန္ဒများဖြင့် ( BIA )စစ်ကြောင်းသို့ အင်အားအများအပြား ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် ထားဝယ်ဒေသ ပြည်သူလူထုများ၏ မျိုးချစ်စိတ်ထက်သန်မှုအရ “( BIA )အင်အားအစထားဝယ်က” ဟု တွေ့မြင်ရမှာ ဖြစ်ကြောင်း၊ ( BIA )တပ်ဖွဲ့များအနေဖြင့် လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲရန်အတွက် ဆက်လက်ချီတက်ရာ လမ်းတစ်လျှောက်ရှိ မြို့ရွာများမှ ဒေသခံပြည်သူများ အများအပြား ၀င်ရောက်ခဲ့သည့်အတွက် အင်အားတောင့်တင်းလာခဲ့ပြီး နယ်ချဲ့တော်လှန်ရေးကြီး အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်းပြောကြားသည်။

ဆက်လက်ပြီး ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း နယ်ချဲ့များ၏ သွေးခွဲအုပ်ချုပ်ခြင်းခံခဲ့ရမှု၊ ကွဲပြားသော နိုင်ငံရေးနောက်ခံနှင့်အယူဝါဒမတူညီခြင်း၊ သံသယစိတ်အခြေခံသည့် ကျဉ်းမြောင်းသော လူမျိုးရေးအမြင်များအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မှုမရှိခြင်းများကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရကြောင်း၊ ရရှိပြီးစလွတ်လပ်ရေးမဆုံးရှုံးစေရေး၊ အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးနှင့် ပြည်ထောင်စုကြီးမပြိုကွဲစေရေးအတွက် ရောင်စုံသူပုန်များအား ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သော တပ်မတော်က နှိမ်နင်းပေးခဲ့ကြောင်း၊ ထိုနည်းတူစွာ မြန်မာပြည် အရှေ့ဘက်ခြမ်း၌ တရုတ်ဖြူကူမင်တန်များ၏ ကျူးကျော်မှုနှင့် မြန်မာပြည် အနောက်ဘက်ခြမ်း၌ မူဂျာဟစ်ကုလားဆိုး သောင်းကျန်းသူများ၏ ကျူးကျော်မှု များကိုလည်း အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမျိုးသားရေးတာဝန်အဖြစ် ခံယူလျက်စွန့်လွှတ်စွန့်စား ကာကွယ်နှိမ်နင်းခဲ့ကြောင်းပြောကြားသည်။

ထို့နောက် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးခဲ့ပြီး ၎င်းစနစ်၏ အားနည်းမှု၊ ဒီမိုကရေစီကျင့်သုံးမှုအတွေ့အကြုံနှင့် အလေ့အကျင့် မပြည့်ဝမှုများကြောင့် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးတို့တွင် မတည်ငြိမ်မှုများဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် တပ်မတော်အနေဖြင့် အိမ်စောင့်အစိုးရအဖြစ် ခေတ္တတာဝန်ယူပေးခဲ့ပြီး နိုင်ငံတစ်ဝန်းလုံး၌ ငြိမ်ဝပ်ပိပြားမှုနှင့် တရားဥပဒေစိုးမိုးမှုရရှိရေး ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ထို့နောက်လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပပြီး အနိုင်ရရှိသည့် ပြည်ထောင်စုပါတီ အစိုးရထံသို့ ၁၉၆၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက်နေ့တွင် နိုင်ငံ့တာဝန်အရပ်ရပ်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးဂိုဏ်းဂဏကွဲပြားမှုများကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင် ယိမ်းယိုင်လာခဲ့ပြီး သောင်းကျန်းသူများ ပိုမိုထကြွလာခဲ့ကြောင်း၊ ထိုအချိန်တွင်ဖက်ဒရယ်မူနှင့် ခွဲထုတ်ရေးပြဿနာများလည်း ပေါ်ပေါက်လာခဲ့ပြီး ပြည်ထောင်စုကြီးပြိုကွဲမည့် အခြေအနေဖြစ်ပေါ်လာသည့် အတွက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကို ဖွဲ့စည်း၍ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းခဲ့ရကြောင်း ပြောကြားသည်။

ယင်းနောက် ၁၉၈၈ ခုနှစ်တွင် အထွေထွေအားနည်းချက်များကြောင့် နိုင်ငံတော်အတွင်း ဆူပူမှုအရေးအခင်းများ ဖြစ်ပွားလာခဲ့ပြီး ပြည်ပပယောဂများ ပါဝင်လာသဖြင့် အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားကာ နိုင်ငံတော်ပြိုကွဲပျက်စီးမည့် အခြေအနေအထိရောက်ရှိလာသည့်အတွက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်က အခြေအနေအရပ်ရပ်ကို ၀င်ရောက်ထိန်းသိမ်းခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက် ပြီး နိုင်ငံတော်တည်ဆောက်ရေး အခြေခံအုတ်မြစ်များ ချမှတ်ပေးခဲ့ကြောင်း၊ ထို့အပြင် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်နှင့် ဈေးကွက်စီးပွားရေး ဖော်ဆောင်မှုအတွက် မရှိမဖြစ်လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်လာရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို တပ်မတော်က ဦးဆောင်ကျင်းပပြုလုပ်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အနိုင်ရပါတီအစိုးရသို့ နိုင်ငံ့တာဝန်အရပ်ရပ်ကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးခဲ့ပြီး ယခုဆိုလျှင် ပါတီစုံဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အမျိုးသားနိုင်ငံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လျက်ရှိကြောင်း၊ တိုင်းပြည်၏နိုင်ငံရေးပုံစံ၊ နိုင်ငံရေးလမ်းကြောင်းများ မည်သို့ပြောင်းလဲစေကာမူ ယင်းဖြစ်စဉ်များတွင် တပ်မတော်အနေဖြင့် မည်သည့် တိုက်တွန်းချက်မှမပါဝင်ဘဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် အမျိုးသားနိုင်ငံရေး တာဝန်များထမ်းဆောင် လျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထိပါးဆုံးရှုံးမှုမခံရအောင် ကောင်းစွာကာကွယ်နိုင်ရန် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် ဖြစ်ရန်လိုအပ်ကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့်အတိုင်း မိမိတို့တပ်မတော်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် တပ်မတော်ဖြစ်အောင် တည်ဆောက်ရ မည်ဖြစ်ကြောင်း၊ Standard Army တည်ဆောက်ရန်အတွက် တပ်များကို ခေတ်နှင့်ကိုက်ညီသည့်ဖွဲ့စည်းမှုကို တစ်ဖြည်းဖြည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကျစ်လစ်ခိုင်မာသည့် တပ်ဖွဲ့စည်းထားရှိမှုနှင့် ဟန်ချက်ညီရေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်ရန် အတွက် လေ့ကျင့်ရေးနှင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ်ရောက်ရှိအောင် ဆောင်ရွက်နေချိန် ဖြစ်သဖြင့် တပ်မတော်၏ တိုးတက်ပြောင်းလဲဆောင်ရွက်နေမှုများ နှင့်အညီ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်းမှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားတည်ဆောက်ရာတွင် စစ်ရေးကို အထောက်အကူပြုသည့် နည်းပညာနှင့် စစ်ပညာကျွမ်းကျင်မှုကို ပေါင်းစပ်ပြီး ထိရောက်စွာ အသုံးချနိုင်ရန်လည်းလိုအပ်ကြောင်း၊ ယနေ့ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်လျှင် စစ်မြေပြင်တစ်ခုလုံးကို စိုးမိုးနိုင်သည့်အသိ (Dominate Battlespace Knowledge)ရရှိရေးနှင့် တိကျသည့်တိုက်စွမ်းအား (Precision Strike)ရရှိရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်မိမိတို့ တပ်မတော်ကိုလည်း မျက်မှောက်ကာလ နည်းပညာ တိုးတက်မှုများကိုအသုံးချပြီး နိုင်ငံတကာတပ်မတော် များနှင့် ရင်ဘောင်တန်းနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် တိုင်းပြည်၏ စီးပွားရေးကောင်းမွန်ရေး အထောက်အကူရစေရန်၊ ပြည်သူလူထု၏ စားရေးသောက်ရေးအဆင်ပြေစေရန်၊ ကုန်ဈေးနှုန်းထိုက်သင့်သလောက် ထိန်းသိမ်းနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီသည့်အနေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးနှင့် တပ်ပိုင်စိုက်ပျိုး မွေးမြူရေးများကို လုပ်ကိုင်ကြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ခြင်းမဟုတ်ဘဲ သက်သာချောင်ချိရေးအနေဖြင့် ဆောင်ရွက် ခြင်းသာဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်သကဲ့သို့ ခြိုးခြံချွေတာရန် လည်းလိုကြောင်း၊ အသောက်အစား၊ အပျော်အပါးများကို ထိန်းသိမ်းပြီးခြိုးခြံချွေတာမှသာ ၀င်ငွေ၊ ထွက်ငွေမျှတ မည်ဖြစ်ကြောင်း၊ ခြိုးခြံချွေတာသည့်စိတ်၊ ရောင့်ရဲတင်းတိမ်သည့်စိတ်ကို အမြဲသတိထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း မိမိကိုယ်ကိုယ်တိုးတက်အောင်၊ မိမိတို့တပ်မတော် စွမ်းရည်တိုးတက်အောင် ကြံဆောင်ကြိုးစားကြရမည်ဖြစ်ကြောင်း။

ထို့နောက် ယနေ့မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းလျက် ရှိကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ ရှုထောင့်မျိုးစုံကကြည့်ပြီး အမြင်မတူသည်များကို ပေါင်းစပ်ညှိနှိုင်းကာ တူညီသည့်သဘောထားများနှင့် စုစည်းနေထိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် မည်သည့်စနစ်ကိုပင် ကျင့်သုံးသည်ဖြစ်စေ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများရှိစမြဲ ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်တွင်လည်း ဒီမိုကရေစီစံနှုန်းနှင့်အညီ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်ဆိုသော်လည်း ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြောဆိုရေးသားရန်လိုအပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းညွှန်မြေပုံပင်ဖြစ်ကြောင်း၊ အခြေအမြစ်မရှိဘဲ စည်းကမ်းမဲ့ပြောဆိုရေးသားမှု များသည် အမုန်းတရားကိုဖြစ်စေပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည့်အပြင် နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း အဟန့်အတား ဖြစ်စေကြောင်းပြောကြားသည်။

ယနေ့ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေးကွန်ရက်များတွင် သတင်းအချက်အလက် များသည် ပေါက်ကွဲလုမတတ် များပြားလာခြင်းကြောင့် မိမိတို့တပ်မတော်သားများ အနေဖြင့် အသိတရားလက်ကိုင်ထားပြီး ခွဲခြားစိတ်ဖြာတတ်ရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးရပြီးစကာလကလည်း နိုင်ငံရေးပါတီများ၏ လက်ကိုင်တုတ်များသည် ၎င်းတို့၏ အာဏာလွန်ဆွဲပွဲတွင် အနိုင်ရရှိရေးအတွက် မိမိတို့တပ်မတော်ကို အသုံးချရန် တပ်မတော်အတွင်း လမ်းကြောင်းအမျိုးမျိုးက သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ကြ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုများကို သတိတရား၊ အသိတရားများ နှင့်ယှဉ်ပြီးတုံ့ပြန် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကူးအပြောင်း ကာလတွင် တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူလူထု ယုံကြည်မှု ပျက်ပြားအောင်၊ တပ်မတော်သားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် ဆန့်ကျင်ဘက်အဖွဲ့ အစည်းအချို့ကနည်းလမ်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည့် အတွက် ထိုသို့ထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် ညီညွတ်မျှတသည့် အမိန့်နှင့်တာဝန်များပေးအပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စည်းရုံးခြင်းတို့ကိုဆောင်ရွက်ပြီး “ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်” ဆိုသည့်အတိုင်း ကျစ်လျစ်ခိုင်မာစွာ တည်ဆောက် ထားကြရမည်ဖြစ်ကြောင်း၊ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း စစ်သည်တော်ကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံပြီး မိမိတို့နယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်ရပါကခွဲခြားမှုများမရှိဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကူညီစောင့်ရှောက်ခြင်းများ အပါအ၀င် ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအတွင်း လူမျိုးစုပေါင်း ၁၃၀ ကျော်သည် ရှေးနှစ်ပေါင်းများစွာကတည်းက အတူတကွအေးချမ်းစွာ ယှဉ်တွဲနေထိုင်ခဲ့ကြကြောင်း၊ လူမျိုးစုများထဲတွင် လူဦးရေသိန်းနှင့် ချီပြီးရှိသည့် တိုင်းရင်းသား လူမျိုးစုများရှိသကဲ့သို့ လူဦးရေအနည်းငယ်သာရှိသည့် တိုင်းရင်းသားလူမျိုးစုများလည်းပါဝင်ကြောင်း၊ အင်အားနည်းခြင်း၊ များခြင်းသည် အဓိက မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် အခွင့်အရေးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တစ်ပြေးညီအတူတူပင်ဖြစ်ကြောင်း၊ ဘာသာရေးတွင်လည်း မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြပြီး အခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့် ရှိကြောင်း၊ ထို့ကြောင့် ဘာသာရေးနှင့်ပတ်သက်လာလျှင် အထင်အမြင် လွဲမှားအောင် ပြောဆိုပြုမူနေခြင်း များကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်သည် “စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်” ဆိုသည့်ဆောင်ပုဒ်အတိုင်း စည်းကမ်းကိုအခြေပြုပြီး ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်ယနေ့အချိန်အထိ မယိမ်းမယိုင် ရပ်တည်နေနိုင်ခြင်းသည်လည်း စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှု များကြောင့် ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းသည် ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားကောင်း တစ်ယောက်ဖြစ်ရန် အခြေခံဖြစ်သည့် အပါး ၆၀ သော စစ်သည်တော်ကျင့်ဝတ်သည် Code of Conduct သဘောသက်ရောက်သည့် ပြဋ္ဌာန်းချက်များဖြစ်သည့်အတွက် စစ်သည်တော်ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးပမာမြဲမြံစွာ စောင့်ထိန်းကြရန်လိုအပ်ကြောင်း၊ ထို့အပြင် နယ်ဘက်ဆိုင်ရာ ဥပဒေ၊ စစ်ဘက်ဆိုင်ရာဥပဒေနှင့် စစ်ပွဲဆိုင်ရာဥပဒေများကို လိုက်နာရသည့်အပြင် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement- ROE) များကိုလည်း တိကျစွာလိုက်နာ ကြရမည်ဖြစ်ကြောင်း၊ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (ROE) ဆိုသည်မှာတပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်ကို ရရှိနိုင်ရန် ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများနှင့် ကန့်သတ်ချက်များကို တရားဥပဒေနှင့်အညီ ညွှန်ကြားထားချက်၊ လမ်းညွှန်ချက် များဖြစ်ကြောင်း၊ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေပြဋ္ဌာန်းချက် များကို ဖောက်ဖျက် ကျူးလွန်မိလျှင်လည်း သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးမကြာမီ ကိုလိုနီနယ်ချဲ့များကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် အယူဝါဒရေးအရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုများစွာ ပေါ်ပေါက်လာခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခများ ယနေ့အချိန်အထိ ဖြစ်ပွားလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ယခုလည်း ပါတီစုံဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြောင်းလဲကျင့်သုံး နေပြီဖြစ်သည့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများကို လက်နက်စွဲကိုင်တောင်းဆိုရန် မလိုအပ်တော့ သည့်အတွက် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမည်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေး အဖြေရှာသည့် အခါတွင်လည်း တိုင်းရင်းသားပြည်သူ လူထုအားလုံး၏ လိုလားချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနိုင်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လမ်းကြောင်းကိုအခြေခံပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး စာချုပ်ပါပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ လက်ရှိနိုင်ငံရေးလမ်းကြောင်း တည်ငြိမ်မှုနှင့်ခိုင်မာမှုရှိအောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အမြန်ဆုံး ရရှိခံစားနိုင်ကြရန်အတွက် NCA မှတဆင့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်အကောင် အထည်ဖော်ရာတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်များကို တိုးတက်အောင်လည်း ဆောက်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးကြသည့်အခါတွင် မဖြစ်နိုင်တာတွေတောင်းဆိုပြီး အချိန်ဆွဲနေမည့်အစား ဖြစ်သင့်ဖြစ်ထိုက်သည်များကို အရှည်မျှော်တွေးတောင်းဆို ညှိနှိုင်းကြခြင်းက ပိုမိုလက်တွေ့ဆန်ကြမည်ဖြစ်ကြောင်း၊
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားလူမျိုးများနေထိုင်သည့် ဒေသများဖွံ့ဖြိုး တိုးတက်ရေးသည် အလွန်အရေးကြီးကြောင်း၊ ယခင်တပ်မတော် အစိုးရလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဝင် ဒေသ ၂၂ ခု သတ်မှတ်ပြီး တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ပေးခဲ့ရာ တိုင်းရင်းသားများ နေထိုင်ရာဒေသများသည် ပိုမိုဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ လက်ရှိကာလတွင်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများ ဖွင့်လှစ်ပြီးဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသ တွင်ရှိသော မိမိတို့တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရှိန်အဟုန် မကျသွားရန် ပိုမိုအလေးထား ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် လိုအပ်သော အခြေခံကောင်းများ ဖြစ်ပေါ်လာအောင် ပုံဖော်ဖန်တီးပေးခဲ့ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ညင်သာချောမွေ့စွာ ဖြစ်ပေါ်စေရေး ကိုလည်း ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ကျင့်သုံးလျက်ရှိသည့် ပါတီစုံဒီမိုကရေစီ စနစ် ပိုမိုခိုင်မာစေရေးအတွက် တပ်မတော်အနေဖြင့် ရိုးသားမှုကိုအခြေခံပြီး မျှော်လင့်ချက်၊ ယုံကြည်ချက် အပြည့်အ၀ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ်တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် မဖြစ်မနေလိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကိုအခြေခံသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကိုချမှတ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကချမှတ်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်သည် ယခင်ဖြတ်သန်းခဲ့ရသည့် ငြိမ်းချမ်းရေး အတွေ့အကြုံများနှင့် လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် တွေ့ကြုံလာသည့် အခက်အခဲများအရ နိုင်ငံတော်တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ချမှတ်ထားခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ပင်မတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးဖြစ်ပြီး ယင်းတာဝန်ကို ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲဆောင်ရွက် သွားမည်ပင်ဖြစ်ကြောင်း၊ ကာကွယ်ရေးကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နိုင်ငံအလိုက် သမိုင်းကြောင်းအပေါ်မူတည်ပြီး ကွဲပြားမှုရှိကြောင်း၊ မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံရေး စနစ်ဖြင့် သွားသည်ဖြစ်စေ၊ မိမိတို့တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်ရန်ပင်ဖြစ်ကြောင်း၊ တပ်မတော်၏အဓိက တာဝန်ကြီး များအဖြစ် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အဓိကထား ဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အမျိုးသားရေး အသိဖြင့်ယှဉ်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီး အတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ထိုသို့ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၄ စီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊လေ)အလံများကို အသီးသီးချိတ်ဆွဲ၍ အစဉ်လိုက်ပျံသန်းကြသည်။

အထူးတာဝန်တပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲမှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ရေ)မှ ရေတပ်စစ်ဆင်ရေးအထူးတပ်ဖွဲ့ (Navy SEALs)မှ အရာရှိ၊ စစ်သည်များက ရဟတ်ယာဉ်များပေါ်မှ အမြန်ဆင်းကြိုးများဖြင့် မြေပြင်ပေါ်သို့ အသီးသီးဆင်းသက်ကြပြီး စစ်ရေးပြ စစ်ကြောင်းများနှင့်အတူ လိုက်ပါချီတက်ကြသည်။

ထို့နောက် တပ်မတော်(လေ)မှ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးနှင့် အပေါ့စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၃ စီးတို့က အမျိုးအစားမတူညီသော ရဟတ်ယာဉ်များ အုပ်ဖွဲ့လျက်ပုံစံဖြင့်လည်းကောင်း၊ အပေါ့စားသယ်ယူပို့ဆောင်ရေး လေယာဉ် ၃ စီးက Vic Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး၊ အမောင်းသင်လေယာဉ် ၄ စီးတို့က အမျိုးအစားမတူညီသော အုပ်ဖွဲ့လျက် Arrow Head Composite Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ် ၁ စီး၊ တိုက်ခိုက်ရေးဂျက်လေယာဉ် ၂ စီးတို့က အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်း၍ Composite Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် အပေါ့စား အမောင်းသင်ဂျက်တိုက်လေယာဉ် ၄ စီးတို့က Smoke Trail များအသုံးပြုပျံသန်း၍လည်းကောင်း၊ အဆင့်မြင့် လေ့ကျင့်ရေးဂျက်တိုက် လေယာဉ် ၄ စီးကပျံသန်း၍လည်းကောင်း၊ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်ပျံသန်းပြီး ယပ်တောင်သဏ္ဌာန်ခွဲထွက်ကာ မီးကျည်များ ပစ်လွှတ်၍လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် အခမ်းအနား တက်ရောက်လာကြသူများအား နှုတ်ဆက်၍ စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာသွားပြီး ၂၀၁၈ ခုနှစ် (၇၃)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

၂၀၁၈ခုနှစ်၊ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော် စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီး များကိုလည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၃)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်တံဆိပ်ကြီးကိုလည်းကောင်း၊ ၀င့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေးတပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ရေ၊လေ) အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည် တို့ကိုလည်းတွေ့မြင်နိုင်သည်။

ထို့အပြင်(၇၃)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုရပ်သစ်တပ် စစ်ရေးပြကွင်းအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊လေ)စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကြူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိ၍ စစ်ကြောင်းကြီးများချီတက်ရာ လမ်းတစ်လျှောက် တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များအား မြန်မာ၊အင်္ဂလိပ်နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူထားပြီး စာတန်းများကိုလည်း ချိတ်ဆွဲထားရှိသည်။ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကလည်း စိတ်ပါဝင်စားစွာဖြင့် လာရောက်သတင်း ရယူခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger