www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 28, 2015

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၂-၂၀၁၅) စနေနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂၈-၂-၂၀၁၅) စနေနေ့

Download Links


Friday, February 27, 2015

ယခုနှစ် ဖေဖော်ဝါရီလ စစ်တမ်းကောက်ယူမှု အရ ဧရာဝတီလင်းပိုင် အကောင်အရေအတွက် လျော့နည်းတွေ့ရှိ



မန္တလေး ၊ ၂၇-၂-၂၀၁၅

ဧရာဝတီ လင်းပိုင် များကို ယခုနှစ် ဖေဖော်ဝါရီလ တွင် စစ်တမ်း ကောက်ယူခဲ့ရာ လင်းပိုင် အရေအတွက် မှာ ယခင်နှစ်ကထက် လျော့နည်း တွေ့ရှိရကြောင်း ပတ်ဝန်းကျင် နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေး ဌာနစုမှ သိရသည်။
.
ယခုနှစ် ဖေဖော်ဝါရီလ အတွင်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ဧရာဝတီ လင်းပိုင်ကောင်ရေ စာရင်း ကောက်ယူခြင်း နှင့် သုတေသန လုပ်ငန်းများ၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်း ဌာနများကို ငါးလုပ်ငန်း ဦးစီးဌာန နှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့(WCS) တို့မှ ဆောင်ရွက် နေကြောင်း သိရသည်။
.
ထိုသို့ ဧရာဝတီ လင်းပိုင်စာရင်း ကောက်ယူရာတွင် မန္တလေးနှင့် ကျောက်မြောင်း အကြား ထိန်းသိမ်းရေး နယ်မြေအတွင်း ၂၃ ကောင်၊ မလယ်နှင့် ရွှေကူ အကြားတွင် ၂၅ ကောင်၊ ဗန်းမော် ဝန်းကျင်တွင် ၁ဝ ကောင် စုစုပေါင်း ဧရာဝတီ လင်းပိုင် ၅၈ ကောင် တွေ့ရှိ စာရင်း ကောက်ယူ နိုင်ခဲ့ကြောင်း ပတ်ဝန်းကျင် နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေး ဌာနစုမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
.
အဆိုပါအဖွဲ့၏ လေ့လာချက်များ အရ ဧရာဝတီ လင်းပိုင်များသည် ဗန်းမော် ပတ်ဝန်းကျင်တွင် အကောင်ရေ လျော့နည်း သွားကြောင်း၊ ယခုနှစ် ဧရာဝတီ မြစ်ရေသည် ယခင်နှစ် များထက် လျော့နည်း ကျဆင်းလျက်  ရှိကြောင်း၊ ရေကြောင်း ကျပ်တည်း ချိန်တွင် ရေယာဉ်များ သွားလာမှု သည်လည်း ဧရာဝတီ လင်းပိုင် တို့၏ ကျက်စားရာ နေရာနှင့် စားသောက် နိုင်သော ရေသတ္တဝါများ ရှားပါး လာကြောင်းသိရသည်။
.
ဧရာဝတီ လင်းပိုင်ကို လေ့လာ စစ်တမ်း ကောက်ယူမှု အရ ၂ဝဝ၂ ခုနှစ်တွင် ၃၇ ကောင်၊ ၂ဝဝ၃ ခုနှစ်တွင် ၅၉ ကောင်၊ ၂ဝဝ၄ ခုနှစ်တွင် ၇၂ ကောင်၊ ၂ဝဝ၆ ခုနှစ်တွင် ၅၈ ကောင်၊ ၂ဝဝ၇ ခုနှစ်တွင် ၃၁ ကောင် ၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၆၉ ကောင်၊ ၂ဝ၁၁ ခုနှစ်တွင် ၇၂ ကောင်၊ ၂ဝ၁၂ ခုနှစ် တွင် ၆၇ ကောင်၊ ၂ဝ၁၃ ခုနှစ်တွင် ၅၁ ကောင်၊ ၂ဝ၁၄ ခုနှစ်တွင် ၆၃ ကောင်နှင့် ယခုနှစ်တွင် ၅၈ ကောင် တွေ့ရှိ ရကြောင်း ၄င်းတို့၏ မှတ်တမ်းများ အရ သိရသည်။ (၁၈ဝ)
.
#Themyawadydaily
#မြ၀တီနေ့စဉ်

ရှေးဟောင်းသမိုင်းလက်ရာများ ကျန်ရှိနေသော လိုဏ်ပြာဿဒ်ညီနောင် စေတီနှစ်ဆူအား ရှေးမူမပျက် ပြင်ဆင်မွမ်းမံရန် လိုအပ်



မန္တလေး ၊ ၂၇-၂-၂၀၁၅

မန္တလေး အမရပူရမြို့နယ် ရှိ တောင်မင်းကြီး မြတ်စွာဘုရား စေတီတော် ပရိဝုဏ်အတွင်းရှိ ရှေးဟောင်း သမိုင်းဝင် လက်ရာများ ကျန်ရှိနေသော လိုဏ်ပြာသာဒ် ညီနောင် အမည်ရှိ စေတီတော် နှစ်ဆူမှာ ရှေးမူမပျက် ပြုပြင်မွမ်းမံရန် လိုအပ်လျက် ရှိကြောင်း မဟာဂန္ဓာရုံ ဆရာတော်ကြီး ၏ သြဝါဒခံ တောင်မင်းကြီး စေတီတော် ကြီး၏ ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။
.
တောင်မင်းကြီး စေတီတော်မြတ် ကို အမရပူရမြို့နယ် ရှိ တောင်သမန်အင်း အနောက်ကုန်းထိပ် ပေါ်တွင် တည်ထား ကိုးကွယ်လျက် ရှိပြီး အဆိုပါစေတီ ပရိဝုဏ် အတွင်းရှိ လိုဏ်ပြာသာဒ် ညီနောင်စေတီ နှစ်ဆူမှာ ရှေးဟောင်း လက်ရာများ ကျန်ရှိ နေသေးကြောင်း သိရသည်။
.
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို အဓိကထား ကိုးကွယ်သည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ဘာသာတရား ကိုင်းရှိုင်းမှုကို အလေးထားကြ သော်လည်း စေတီပုထိုး များသည် ကြည်ညိုဖွယ် အဆင်းနှင့် သပ္ပာယ်မှု မရှိလျှင် ဖူးမြော်ကြည်ညိုသူ နည်းပါးသောကြောင့် ရှေးဟောင်း သမိုင်းလက်ရာများ ကျန်ရှိနေသော အဆိုပါ လိုဏ်ပြာသာဒ် ညီနောင် စေတီနှစ်ဆူ ကိုလည်း ရှေးမူမပျက်ဘဲ ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံ၏ ကျက်သရေဆောင် ပြယုဂ်ဖြစ်သည့် စေတီပုထိုး များသည် ရွှေရောင် တဝင်းဝင်းနှင့် ထုံးသင်္ကန်း ဖွေးဖွေးတို့ဖြင့် ရှိမှသာ မြင်သူအပေါင်း စိတ်ကြည်နူးပြီး ကြည်ညိုဖွယ် ကောင်းမည် ဖြစ်ကြောင်း နိုင်ငံအတွင်းရှိ ရှေးဟောင်းစေတီ ပုထိုးများကို ရှေးမူမပျက် ပြုပြင် ထိန်းသိမ်းခြင်းဖြင့် နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ရာ ရောက်ပြီး နိုင်ငံတကာမှလည်း လေးစား တန်ဖိုးထား လာမည် ဖြစ်ကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦး၏ ပြောပြချက် အရ သိရသည်။
.
ဇော်ဇော်မင်း
.
#Yadanarpondaily
#ရတနာပုံနေ့စဉ်

ချင်းတွင်းမြစ်ရေ ကျဆင်းလာကာ သဲသောင်ဖြစ်ထွန်းမှုကြောင့် ရေတိမ်သွား ရေယာဉ်ငယ်များသာ သွားလာနိုင်


ချင်းတွင်းမြစ်ကြောင်းတစ်နေရာ

ကလေးဝ ၊ ၂၇-၂-၂၀၁၅

ဆောင်းအကုန် နွေအကူးကာလ ချင်းတွင်းမြစ်ရေ ကျဆင်းလာကာ သဲသောင်ပြင် ဖြစ်ထွန်းလာမှုမှာ နှစ်တိုင်းထက် ကြီးမားလျက် ရှိသဖြင့် ယခုရက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ နောင်ပိုအောင်၊ နမ့်တောသွား အမြန် ရေယာဉ်ကြီးများ ရပ်နားထား ရပြီး ရေတိမ်သွား ရေယာဉ်ငယ် အများစုသာ သွားလာနေကြောင်း ကလေးဝမြို့ အမြန် ရေယာဉ်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
.
ချင်းတွင်းမြစ်ဖျား ဒေသတွင် ပြီးခဲ့သည့် ပွင့်လင်းရာသီမှ စ၍ ရွှေလုပ်ငန်း၊ ကျောက်လုပ်ငန်း လုပ်ကိုင်သူများ နှင့် ဈေးအရောင်းအဝယ် သမားများ အများစု သွားလာမှု ရှိသောကြောင့် ချင်းတွင်းမြစ် အတွင်း သွားလာမှု လွယ်ကူသည့် ရေယာဉ်ငယ်များ အလုပ်ဖြစ်လျက် ရှိသည်။
.
''နောင်ပိုအောင်၊ နမ့်တော၊ ရွှေမှော်၊ ကျောက်မှော် ကို သွားလာကြတဲ့ သူတွေ အများစုက ရေကြောင်း လမ်းကပဲ သွားလာကြတယ်။ ကုန်စည် ပို့ဆောင်ရေး မှာလဲ ရေလမ်းက ပို့ပါတယ်။ အခုရက်ပိုင်း ချင်းတွင်း အထက်ပိုင်းမှာ ကား အသွားအလာ ရှိတယ် ဆိုပေမယ့် ဖုန်ထူနေပူ ခရီးဖြစ်နေတယ်။ ပြီးတော့ ကုန်တန်ဆာခ၊ လူခကလဲ ဈေးကြီးတယ်'' ဟု ဟုမ္မလင်း ဒေသခံ ကုန်သည်တစ်ဦး က ပြောပြသည်။
.
ယခုရက်ပိုင်း ချင်းတွင်း အထက်ပိုင်းသို့ တင်ပို့သည့် ကုန်စည်များတွင် စက်သုံးဆီက အများစုဖြစ်ပြီး ရွှေတွင်း၊ ကျောက်တွင်းတွင် အသုံးပြုသည့် စက်ယန္တရား ကြီးများ၊ စားသောက် ကုန်စည်များ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ လူသုံးကုန်စည်များ အများဆုံး တင်ပို့လျက် ရှိရာ ချင်းတွင်း ရေကြောင်း အတွင်း ယခင်က ကဲ့သို့ ရေယာဉ်ကြီးများ သွားလာမှု နည်းပါးသွားပြီး ရေတိမ်သွား ရေယာဉ်ငယ် အများစုသာ စုန် - ဆန် သွားလာမှု များကြောင်း သိရသည်။

မောင်ဖလမ်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

အဆီကျကော်ဖီ နှင့် ပိန်ဆေးတချို့ကြောင့် ကိုယ်ခန္ဓာ အသားအရေ လျော့ရဲစေရုံသာမက နောက်ဆက်တွဲ ရောဂါများပါ ဖြစ်ပွားနိုင်


အွန်လိုင်းပေါ်တွင် ရောင်းချနေသော အဆီကျကော်ဖီတစ်မျိုးကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၇-၂-၂၀၁၅

အမျိုးသမီး အများစု သုံးစွဲနေသည့် အဆီကျ ကော်ဖီနှင့် ပိန်ဆေးတချို့သည် ခန္ဓာကိုယ် အသားအရေကို လျော့ရဲ လာစေရုံသာမက နောက်ဆက်တွဲ ရောဂါအဖြစ် အစာအိမ် ဝေဒနာကိုပါ ခံစား ရနိုင်ကြောင်း သိရသည်။
.
'' အဆီကျ ကော်ဖီတွေမှာ ကြီးမားတဲ့ ဆိုးကျိုး မဟုတ်ပေမယ့် တချို့ဆေး တွေက ခန္ဓာကိုယ်ကို မပိန်စေတဲ့အပြင် အသားအရေ ကိုပါ လျော့ရဲလာတာ မျိုးတွေ ဖြစ်လာတတ် ပါတယ်။ တချို့အဆီကျ ကော်ဖီတွေဆို
သောက်သုံးတာနဲ့ အစပိုင်း ကတည်းက အစာစားချင်စိတ် ပျောက်ပြီး အစာအိမ် ဝေဒနာကိုပါ ခံစားလာ ရပါတယ် ... '' ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ လှမြင့် ကပြောသည်။
.
အထူးသဖြင့် အွန်လိုင်းမှ တစ်ဆင့် ရောင်းချနေသည့် အဆီကျ ကော်ဖီနှင့် အဆီကျဆေး (ဖျော်ရည်) အမျိုးအစား အများအပြား ထွက်ပေါ်နေကာ တချို့မှာ ခွင့်ပြုချက် မရှိသည့် အမှတ်တံဆိပ် များနှင့် တရားမဝင် တင်သွင်း ရောင်းချနေသော အမှတ်တံဆိပ်များ ဖြစ်ခြင်းကြောင့် သောက်သုံးသူများ အတွက် ဆိုးကျိုးများ ပိုမိုဖြစ်ပေါ် စေကြောင်း သိရသည်။
.
'' အွန်လိုင်းမှာ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန(FDA) ရဲ့ လက်မှတ်ပါ၊ မပါ စစ်ကြည့်လို့ မရပါဘူး။ တချို့ ပစ္စည်းတွေက လက်မှတ်ပါ တွဲတင်ပြပြီး ရောင်းတာမျိုး ရှိတဲ့အတွက် ထောက်ခံချက် ပါတဲ့ ပစ္စည်းတွေကိုပဲ ရှာပြီး သုံးသင့်တယ်။ ဒါကို မသောက်သုံးခင် မှာလည်း ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးသင့် ပါတယ် .. '' ဟု လူသုံးကုန်ဆေးဝါး ထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ယခုအခါ ပိန်ဆေးနှင့် အဆီကျကော်ဖီ များကို အွန်လိုင်း ဈေးကွက်၌ ကျယ်ကျယ် ပြန့်ပြန့် ရောင်းချလာကြပြီး ဝယ်ယူ သုံးစွဲသူ များပြားလျက် ရှိကြောင်း သိရသည်။ အဆိုပါ အွန်လိုင်း ဈေးကွက်၌ ရောင်းချနေ သည့် အဆီကျပိန်ဆေး နှင့် ကော်ဖီများမှာ ငွေကျပ် ၄၅ဝဝဝ မှ ငွေကျပ် ၂ဝဝဝဝဝ ကျော် အထိ ရှိကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ တောင်ပြိုမှုကြောင့် ပျက်စီးမှုမရှိစေရန် မြေထိန်းနံရံများ တည်ဆောက်လျက်ရှိ



မြောက်ဦး ၊ ၂၇-၂-၂ဝ၁၅

ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများ နှင့် ယဉ်ကျေးမှု အမွေအနှစ် အမြောက်အမြား တည်ရှိနေသည့် ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်၌ နှစ်စဉ် ဖြစ်ပွားလျက် ရှိသည့် မိုးရာသီ တောင်ပြိုမှု များကြောင့် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများ ပျက်စီးမှု ဖြစ်ပေါ် နေသည့်အတွက် အဆိုပါ အန္တရာယ်မှ ကာကွယ်ရန် ယခုနှစ်တွင် မြေထိန်း နံရံများကို စတင် တည်ဆောက်လျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
.
ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး များကို ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်သည့် မြောက်ဦးမြို့ ပတ်ဝန်းကျင်ရှိ တောင်ထိပ်များ၌ တည်ထားမှု များပြားခဲ့ရာ မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်နံရံ ပြိုကျမှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ပြိုကျမှုကြောင့် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး များပါ ပြိုကျပျက်စီးမှုများ ရှိနေသဖြင့် မြေထိန်းနံရံများ တည်ဆောက် ရခြင်းဖြစ်သည်။
.
ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်သည့် မြောက်ဦးမြို့ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်စေရန် လုပ်ဆောင် နေသော်လည်း အဆိုပါဒေသ၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည့် စေတီပုထိုးများမှာ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု များကြောင့် ပျက်စီး ဆုံးရှုံးမှုများ ရှိနေရာ ထိုကဲ့သို့ ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ထိန်းသိမ်းကာကွယ်မှု များကို အလေးထား လုပ်ဆောင် ပေးသင့်ကြောင်း ပညာရှင်များက သုံးသပ် ပြောသည်။
.
၂ဝ၁၄ ခုနှစ် မိုးရာသီတွင် မြောက်ဦး မြို့နယ် အတွင်းရှိ အထင်ကရ တောင်တစ်ခု ဖြစ်သော ဘားဘူတောင်၌ မြေပြိုမှု ဖြစ်ပွား ခဲ့သောကြောင့် ရှေးဟောင်း စေတီတစ်ဆူ ပြိုကျ ပျက်စီးခဲ့ရာ ဘားဘူတောင် ခြေ၌ အလျား ပေ ၁ဝဝ၊ အမြင့် ပေ ၆ဝ ရှိသော မြေထိန်းနံရံ တစ်ခု တည်ဆောက်လျက် ရှိကြောင်း သိရသည်။
.
မြေထိန်းနံရံ တည်ဆောက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ငွေကျပ် ၆၃ သန်းကျော် ခွင့်ပြုပေးထားပြီး မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများကို၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ တို့တွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခု ဘဏ္ဍာနှစ် အတွင်း အဆိုပါ လုပ်ငန်းများ ပြီးစီးနိုင်မည် ဖြစ်ကြောင်း သိရသည်။(၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် က အကြံပြုချက်များ ပေးပို့


နေပြည်တော် ၊ ၂၇-၂-၂၀၁၅

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ သာသနာရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်က ၂ဝ-၂-၂ဝ၁၅ ရက်တွင် အကြံပြုချက်များ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
.
ယင်း အကြံပြုချက် များတွင် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၌ 
.
  • အခန်း(၁၃) ပုဒ်မ ၆၈ (ခ)အား ပယ်ဖျက်ထား ခြင်းနှင့် ပတ်သက်၍ မူလ အမျိုးသား ပညာရေးဥပဒေ အခန်း(၁၃) ပုဒ်မ ၆၈(ခ)တွင် ပါရှိသည့် ပြည်တွင်းရှိ လူမှုရေး၊ ဘာသာရေး၊ အသင်းအဖွဲ့ များက ပုဒ်မ ၃၄ ပုဒ်မခွဲ (ဈ)တွင် အကျုံးဝင်သော ကျောင်းများကို ဖွင့်လှစ်လိုလျှင် ဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ ဆောင်ရွက်ရမည် ဟူသည့် အချက်ကို ပယ်ဖျက်လိုက်ပါက ဘာသာရေး ကျောင်းများသည် အထိန်းအကွပ်မဲ့ သွားနိုင်သဖြင့် ပယ်ဖျက်ခြင်း မပြုဘဲ မူလအတိုင်း ထားရှိသင့် ပါကြောင်း အကြံပြုထားသည်။
.
  • ထို့ပြင် ပြင်ဆင်သည့် ဥပဒေကြမ်း အခန်း(၁)ပုဒ်မ-၂(ဟ) တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီကို ပြင်ဆင်ထည့်သွင်း ထားခြင်းနှင့် ပတ်သက်၍ မူလ အမျိုးသား ပညာရေး ဥပဒေတွင်လည်း အခန်း(၁) ပုဒ်မ ၂ (ဟ) ကျောင်း အကျိုးဆောင်အဖွဲ့ ဟုပါရှိရာ ထိုတက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီနှင့် ကျောင်း အကျိုးဆောင် အဖွဲ့တို့သည် သဘောတရားချင်း အတူတူပင် ဖြစ်၍ လည်းကောင်း၊ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ အနေဖြင့် ကျောင်းသား/ ဆရာ သမဂ္ဂများ မရှိသဖြင့် လည်းကောင်း ယခင်အတိုင်း ကျောင်း အကျိုးဆောင် အဖွဲ့ ဟုသာ ပြင်ဆင် ဖြည့်စွက်ခြင်း မပြုဘဲ မူလအတိုင်း ထားရှိသင့်ကြောင်း၊
.
  • ဥပဒေကြမ်း အခန်း(၄) အပိုဒ်(င)တွင် ပါရှိသော သင်ကြားရေးတွင် ဘာသာစကား သုံးမျိုးစနစ် ဖြစ်သော မိခင် ဘာသာစကား၊ မြန်မာ ဘာသာစကား၊ အင်္ဂလိပ် ဘာသာစကား တို့ကို အသုံးပြု သင်ကြားမည် ဆိုရာ၌ အပိုဒ်ခွဲ(ခခ) တွင် မိခင် ဘာသာစကား ကို ဦးစွာ ရွေးချယ်ပြီး ပါက မြန်မာစာ နှင့် အင်္ဂလိပ်စာ ကို ဒုတိယ ဘာသာစကား အဖြစ် လေ့လာနည်းများ အသုံးပြုပြီး ကျန် ဘာသာရပ် များကို မိခင် ဘာသာစကား အဖြစ် သင်ကြား သင်ယူခွင့် ရှိသည်ဟု ဖော်ပြခြင်းသည် အမျိုးသားရေး အတွက် အထူး သတိပြုရန် ဖြစ်သည့်အပြင် အခု အချိန်ကာလ၌ ဘာသာရေး အယူသီးမှု၊ လွှမ်းမိုးမှု များကို အားပေးသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ 
.
  • ထို့အပြင် အပိုဒ်ခွဲ(ကက) မှ (ဃဃ) အထိကိုသာ ဥပဒေအဖြစ် ပြဋ္ဌာန်း လိုက်ပါက မိခင် ဘာသာစကား ဟု ပြဋ္ဌာန်းပြီး ဖြစ်၍ တရုတ်လူမျိုး၊ ဘင်္ဂါလီလူမျိုး များအနေဖြင့် ၄င်းတို့၏ မိခင် ဘာသာစကား နှင့်ပင် ပညာ သင်ကြားရန် သဘော သက်ရောက် သွားမည်ဖြစ်ကာ အလွန် အန္တရာယ် ကြီးမားသော ဘာသာရေး၊ ပညာရေး နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ် လာစေနိုင် သဖြင့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အခန်း(၄) အပိုဒ် (င)၌ ပါရှိသော အပိုဒ်ခွဲ (ကက) မှ (ဃဃ) အထိကို အသစ် ဖြည့်စွက်ခြင်း မပြုဘဲ ပယ်ဖျက်သင့် ပါကြောင်းဖြင့် ဖော်ပြထားသည်။
.
  • ဆက်လက်၍ ဥပဒေကြမ်း အခန်း(၆) ပုဒ်မ ၃၄ (ည) အခြား ဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်း များဟု အသစ်ဖြည့်စွက် ထားခြင်းသည် ကျောင်းသား မဟုတ်သူတို့ က ကျောင်းသား များအား ကိုယ်စားပြုထား သယောင် သံသယမျိုး ဖြစ်နိုင်သဖြင့် အသစ် ဖြည့်စွက်ခြင်း မပြုဘဲ ပယ်ဖျက်သင့် ပါကြောင်း၊
.
  • အခန်း (၉) ပုဒ်မ ၅၂ တွင်ပါရှိသော ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များသည် ဆရာများ၏ အရည်အသွေး မြင့်မားစေရေး နှင့် နိုင်ငံတကာ အတွေ့အကြုံ ရှိစေရေးတို့ အတွက် စီမံ ဆောင်ရွက်ပေး ရမည် ဟူသည့် အဆိုပြုချက်ကို ပယ်ဖျက် ထားခြင်းနှင့် ပတ်သက်၍ ယင်း အဆိုပြုချက်သည် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် အနေဖြင့် အစဉ်တစိုက် ကျင့်သုံး ဆောင်ရွက် သွားရမည့် ကိစ္စဖြစ်၍ လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ အဖွဲ့နှင့် သာသနာရေး ဝန်ကြီးဌာန တို့၏ ပံ့ပိုး ကူညီမှုဖြင့် လည်းကောင်း အစဉ်တစိုက် ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ ပယ်ဖျက်ခြင်း မပြုဘဲ မူလ အမျိုးသား ပညာရေး ဥပဒေအခန်း (၉) ပုဒ်မ ၅၂ အတိုင်းသာ ထားရှိသင့် ပါကြောင်းဖြင့် အကြံပြုထားသည်။
.
  • ထို့ပြင် ပြင်ဆင်သည့် ဥပဒေကြမ်း တွင် အခန်း(၁၁) ပုဒ်မ ၅၇ အား ပယ်ဖျက်ထားခြင်း နှင့် ပတ်သက်၍ မူလ အမျိုးသား ပညာရေး ဥပဒေအခန်း (၁၁) ပုဒ်မ ၅၇ (ခ)တွင် ပါရှိသော ထူးခြားသော လုပ်ငန်း သဘာဝအရ အစိုးရအဖွဲ့၏ သီးခြား ခွင့်ပြုချက်ဖြင့် သာသနာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့က ထူထောင် ဖွင့်လှစ်ထားသည့် အဆင့်မြင့် ပညာကျောင်း များမှအပ ကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများ အားလုံးသည် အဆင့်မြင့် ပညာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ နှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ရမည် ဟူသည့် အချက်သည် ဝန်ကြီးဌာန အသီးသီး အောက်ရှိ တက္ကသိုလ်များ သင်ကြားရေးနှင့် စီမံခန့်ခွဲရေး ကိစ္စတို့ ဆောင်ရွက်ရန် အဆင်ပြေ ချောမွေ့မှု ရှိသဖြင့် ပယ်ဖျက်ခြင်း မပြုဘဲ မူလအတိုင်း ထားရှိသင့် ပါကြောင်း 
.
စသည်ဖြင့် အကြံပြု ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ကွမ်းယာဆိုင်များနှင့် ကွမ်းယာထုပ်များတွင် ကျန်းမာရေးသတိပေးချက်များ ဖော်ပြရန် ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၂၇-၂-၂ဝ၁၅
.
ကွမ်းစားခြင်းနှင့် ဆက်နွှယ်သော ကင်ဆာရောဂါများ ဖြစ်ပွားမှု များပြား လာသောကြောင့် ကွမ်းယာဆိုင် များနှင့် ကွမ်းယာထုပ် များတွင် ကျန်းမာရေး သတိပေးချက်များ ဖော်ပြရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့် က ပြောသည်။
.
ကွမ်းယာဆိုင်များနှင့် ကွမ်းယာထုပ် များတွင် ဖော်ပြရမည့် ကျန်းမာရေး သတိပေးချက် များမှာ " ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ တို့ကို ပိုဖြစ်စေသည် " ၊ " ကွမ်းစားခြင်းသည် ကျန်းမာရေးကို ထိခိုက် စေရုံသာမက လူမှုရေး၊ စီးပွားရေး နှင့် ပတ်ဝန်းကျင် ကိုလည်း ထိခိုက်စေသည် " ၊ " ကွမ်းစားခြင်းကို အစမပြုပါနှင့်။ မိမိကိုယ်တိုင် ကွမ်းစားခြင်းကို ဖြတ်နိုင်ရန် ကြိုးစားပါ။ မိသားစုဝင်များနှင့် မိတ်ဆွေများ ကွမ်းစားခြင်းကိုလည်း ဖြတ်နိုင်ရန် တွန်းအားပေး ကူညီပါ " စသည့် သတိပေးချက်များ ထည့်သွင်း ဖော်ပြမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ကျန်းမာရေး ဝန်ကြီးဌာနမှ စာသင်ကျောင်းများ၊ အစိုးရဌာန ဆိုင်ရာရုံးများ၊ ဈေးဆိုင်များ၊ အားကစားရုံ၊ ရုပ်ရှင်ရုံ တို့အပြင် အများနှင့် သက်ဆိုင်သော အဆောက်အအုံ စသည့် အများပြည်သူ မြင်သာသော နေရာများ၌ ကွမ်းစားခြင်းနှင့် ပတ်သက်သည့် သတိပေး နှိုးဆော်စာများ၊ ဗီနိုင်း၊ စတေကာများ ပြုလုပ်၍ ကပ်ထားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ နိုင်ငံများ၌ ဆေးပါသော ကွမ်းစားမှုနှုန်း အများဆုံးဖြစ်ပြီး ကွမ်းစားခြင်းနှင့် ဆက်နွှယ်သည့် ခံတွင်းကင်ဆာ ရောဂါ အပါအဝင် ကင်ဆာရောဂါ ဖြစ်ပွားမှု မှာလည်း များပြား လာသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။
.
''ကွမ်းယာဆိုင်တွေ၊ ကွမ်းယာထုပ် တွေမှာ ကွမ်းယာရဲ့ ဆိုးကျိုးတွေကို ကျန်းမာရေး သတိပေးချက် အနေနဲ့ ရုပ်ပုံ၊ စာတန်းတွေ ထည့်သွင်းဖော်ပြဖို့ ဆောင်ရွက် နေပါတယ်။ ဒီ ဆောင်ရွက်မှုကို ကျန်းမာရေး ဌာနနဲ့ အခြား ဌာနဖြစ်တဲ့ စည်ပင် သာယာရေး ကော်မတီ၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တို့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်'' ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့် က ပြောသည်။ (၄၄၇)
.
#Themyawadydaily
#မြ၀တီနေ့စဉ်

မိတ်ဆွေကောင်း နှင့် ပေါင်းသင်းပါ


မိတ်ဆွေကောင်း နှင့် ပေါင်းသင်းပါ

ချမ်းသာခြင်း၏ အကြောင်းတရား များသည် မိတ်ကောင်း ဆွေကောင်း ရှိခြင်း၊ တင်းတိမ် ရောင့်ရဲခြင်း၊ ကုသိုလ်ဒါန ပြုလုပ်ခြင်းနှင့် တရားဓမ္မ ကျင့်ကြံ အားထုတ်ခြင်းတို့ ဖြစ်သည်။ ထို ချမ်းသာကြောင်း တရားတို့အနက် မိတ်ကောင်း ဆွေကောင်း ရှိရေးသည် ဦးစွာ လုပ်ဆောင်ရမည့် အချက် ဖြစ်သည်။
.
ချမ်းသာခြင်း၊ ကြီးပွား တိုးတက်ခြင်းသည် အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ကြီးပွား တိုးတက် ချမ်းသာအောင် ကျင့်ကြံ ဆောင်ရွက်မှ၊ ကြိုးစားလုံ့လ ပြုမှသာ ဖြစ်ပေါ် လာသည်။ အကြောင်း နှင့် အကျိုးသည် ဆက်စပ်နေသည်။ အကြောင်း မရှိလျှင် အကျိုးလည်း ရှိမည် မဟုတ်ပေ။ ဤသည်မှာ လောကဓမ္မ ဖြစ်သည်။
.
လက်တွေ့ ဒိဋ္ဌဓမ္မ ဖြစ်သော ကောင်းကျိုး ချမ်းသာကို ရယူလိုသူ တိုင်းသည် မိတ်ကောင်း ဆွေကောင်း ပေါများရန် အရေးကြီးသည်။ မိတ်ကောင်း၊ ဆွေကောင်းကြောင့် ဘဝ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း ဖြစ်ပေါ် စေနိုင်သည်။ အဆွေ ခင်ပွန်းကောင်း များစွာ ရှိသူသည် ကြီးပွား ချမ်းသာမှုကို များများ ရရှိနိုင်သည်။ အခက်အခဲ များကို အလွယ်တကူ ဖြေရှင်း နိုင်သည်။
.
ထို့ကြောင့် အဆွေ ခင်ပွန်းကောင်း ရှိရန် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ အဆွေ ခင်ပွန်းကောင်း ရရန် အချက်သုံးချက် လက်ကိုင်ပြု ကျင့်ကြံ သွားကြရမည် ဖြစ်သည်။ ထိုအချက် သုံးချက်တွင် ပထမဆုံး အချက်မှာ သူ့အကျိုးကို ဆောင်ရွက်တတ် ရမည် ဖြစ်သည်။ သူ့အကျိုး ဆောင်က ကိုယ့်အကျိုး အောင်သည်ဟု ဆိုရိုးစကား ရှိသည်။ သူ့အကျိုး စီးပွားကို ရွက်သယ် ပိုးခြင်းဖြင့် မိတ်ကောင်း ဆွေကောင်း ရရှိပြီး ထို မိတ်ဆွေကောင်း ကပင် မိမိ အကျိုးစီးပွားကို ပြန်လည် ဆောင်ရွက်ပေး ပါသည်။
.
ဒုတိယအချက်မှာ မိတ်ဆွေကောင်း ရရန် လူချစ်၊ လူခင် ပေါများအောင် ချိုသာသော စကား၊ ချစ်ဖွယ်သော အပြုအမူ၊ ကောင်းသော အလုပ်တို့ဖြင့် တည်ဆောက်ယူ ရမည်ဖြစ်သည်။ ဝေဖန်ခြင်း၊ အပြစ်ပြောခြင်း၊ အတင်းအဖျင်း ပြောဆိုခြင်းတို့ကို ရှောင်ကြဉ် အပ်သည်။ ဤသို့ဖြင့် မိတ်ဆွေ ကောင်းကို ရရှိနိုင်သည်။
.
တတိယ အချက်မှာ မိတ်ဆွေကောင်း ရှိသည့် အရပ်ဒေသ၌ နေထိုင်ခြင်း ဖြစ်သည်။ မိတ်ဆွေကောင်း ရှိသည့် ပတ်ဝန်းကျင်၌ နေထိုင်မှသာ မိတ်ကောင်းနှင့် တွေ့ဆုံ နိုင်သည်။ လူဆိုး၊ လူမိုက်တို့ ဝန်းကျင်တွင် နေထိုင်ခြင်းဖြင့် မိတ်ဆွေကောင်း ကို မရနိုင်ပေ။
.
သို့ဖြစ်ရာ မိတ်ဆွေကောင်း ပေါများ၍ ဘဝတိုးတက် ချမ်းသာမှုကို ရယူနိုင်ရန်မှာ အများအကျိုး ကို ဆောင်ရွက် တတ်ရမည်။ လူချစ်၊ လူခင်များအောင် နေထိုင်ကျင့်ကြံ ရမည်။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်း များရှိသည့် ဝန်းကျင်၌ နေထိုင်နိုင်ရန် ကြိုးစားကျင့်ကြံ သွားကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။
.
( အယ်ဒီတာ့အာဘော် )
.
#Yadanarpondaily
#ရတနာပုံနေ့စဉ်

ကိုးကန့်သောင်းကျန်းသူများ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခြင်းများ ဆောင်ရွက်



နေပြည်တော် ၊ ၂၇-၂-၂၀၁၅

တပ်မတော် စစ်ကြောင်း များက လောက်ကိုင်ဒေသ အတွင်း နယ်မြေ ရှင်းလင်းခြင်း များကို တိုးမြှင့် ဆောင်ရွက်လျက် ရှိရာ ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် တောင်ပေါ်၊ တောတွင်း အရေးသာသော နေရာများမှ ပုန်းခို စောင့်ဆိုင်း၍ ချုံခို တိုက်ခိုက်ခြင်း၊ အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခြင်း များ ဆောင်ရွက် လာခဲ့သည်။

ထိုသို့ ချောင်းမြောင်း တိုက်ခိုက်ရာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ လောက်ကိုင် အနောက်မြောက်ဘက် တစ်ဝိုက်တွင် တစ်ကြိမ်၊ ချင်းရွှေဟော် နှင့် လုံထန်ကျေးရွာ ကြားတွင် တစ်ကြိမ်၊ လောက်ကိုင် နှင့် ကုန်းကြမ်းကြား ၂၃ မိုင်အနီးတွင် တစ်ကြိမ် နယ်မြေ ရှင်းလင်းလျက် ရှိသော တပ်မတော် စစ်ကြောင်းများအား ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့တို့က အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက် လာ၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အလားတူ ၄င်းရက် မွန်းလွဲပိုင်းတွင် လောက်ကိုင်ဒေသ အတွင်း အင်အား ဖြည့်တင်းရန် ချီတက်လျက် ရှိသော တပ်မတော် စစ်ကြောင်းအား KIA (ကချင်)၊ SSA (ဝမ်ဟိုင်း) လက်နက်ကိုင် အဖွဲ့တို့က နမ့်ဆလပ် အနီးတစ်ဝိုက်မှ လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် အလစ်အငိုက် ပစ်ခတ် တိုက်ခိုက်၍ ဆုတ်ခွာ ထွက်ပြေးရာ တပ်မတော် စစ်ကြောင်း များက လိုက်လံ ရှင်းလင်းလျက် ရှိသည်။

ထို့အပြင် ယမန်နေ့ နံနက်ပိုင်းတွင် လောက်ကိုင်အနီး မန်ချူးကျေးရွာ အရှေ့တောင်ဘက် လျှိုမြောင်ကြား ကြံခင်းအနီး၌ နယ်မြေ ရှင်းလင်းလျက် ရှိသော တပ်မတော် စစ်ကြောင်း နှင့် ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားရာ သောင်းကျန်းသူများ နောက်သို့ လိုက်လံ ရှင်းလင်းလျက် ရှိသည်။

အထက်ပါ ဖြစ်စဉ်များတွင် သောင်းကျန်းသူ ထံမှ အလောင်း တစ်လောင်း၊ အမ် (၂၂)တစ်လက်၊ တရုတ် လက်ပစ်ဗုံး ငါးလုံး၊ ကျည်မျိုးစုံ ၂၈၆ တောင့်၊ MNDAA ဝတ်စုံ ၁၃ စုံတို့ သိမ်းဆည်း ရမိခဲ့ပြီး အရာရှိ/ စစ်သည်
လေးဦး အသက်ပေးလှူ ခဲ့ကာ သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၂-၂၀၁၅) သောကြာနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂၇-၂-၂၀၁၅) သောကြာနေ့

Download Links


Thursday, February 26, 2015

HIV ကာကွယ်ဆေးအဖြစ် ART ဆေးဝါးများကို အသုံးပြုလာ


လန်ဒန် ၊ ၂၆-၂-၂၀၁၅

လိင်တူ ချစ်သူများ အနေဖြင့် ကျန်းမာရေး ကောင်းမွန် နေသော်လည်း ရောဂါကူးစက်မှု မဖြစ်ပွား စေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် HIV ဆေးဝါးများကို ကြိုတင် သောက်သုံး ပေးသင့်ကြောင်း ယူကေ ဆေးဝါးသုတေသန ကောင်စီနှင့် အင်္ဂလန်နိုင်ငံ ပြည်သူ့ ကျန်းမာရေး သိပ္ပံပညာရှင် များက အဆိုပြုထားသည်။

''ကျွန်တော်တို့ရဲ့ လေ့လာတွေ့ ရှိချက် အရ HIV ဆေး ပုံမှန်တိုက်ကျွေး ထားခြင်းအားဖြင့် တစ်နှစ်ကို လိင်တူချစ်သူ ၁၃ ဦးမှာ တစ်ဦးနှုန်း HIV မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ရောဂါကူးစက် နိုင်ခြေ အလွန်မြင့်မားတဲ့ လူပေါင်း ၅၄၅ ဦး ကို စမ်းသပ်ခဲ့ တာပါ။ အမျိုးသမီး တွေကို တားဆေး တိုက်သလိုပဲ လိင်တူချစ်သူ တွေကိုလဲ ART ကြိုတိုက်ထားမယ် ဆိုရင် HIV ကူးစက်ပြန့်ပွားမှု နှုန်းကို အများကြီး ထိန်းချုပ် နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ် .. '' ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

Antiretroviral Therapy ခေါ် ART ဆေးသည် HIV ရောဂါသည်များကို သာမန်လူလောက် နီးနီး ပြန်လည် ကောင်းမွန်သက်သာ လာအောင် ကုသပေးနိုင်ရာ HIV ကူးစက်ခံ ရခြင်းရှိ၊ မရှိ မသေချာ သေးသော လိင်တူချစ်သူ များကို ကြိုတင် တိုက်ကျွေးခြင်း အားဖြင့် HIV ကာကွယ် ကုသမှု လုပ်ငန်းစဉ် တစ်ရပ်လုံးတွင် ကြီးမားသော အပြောင်းအလဲ ရှိလာနိုင်ပြီး HIV ကူးစက်ခံရသူ ဦးရေကိုလည်း လျှော့ချနိုင်လိမ့် မည်ဟု သုတေသီ များက ယုံကြည် နေကြသည်။

'' ART က HIV လူနာတွေကို ထိရောက်စွာ ကုသပေးနိုင် ပါတယ်။ အခုသူ့ကို ကာကွယ်ဆေး အဖြစ်လဲ ကျွန်တော်တို့ အသုံးပြု သွားမှာပါ။ လိင်တူချစ်သူ တွေဟာ HIV ကူးစက် ခံရနိုင်ခြေ အလွန်မြင့်မား ပါတယ်။ လန်ဒန်မှာ လိင်တူချစ်သူ ရှစ်ယောက် မှာ တစ်ယောက်က HIV ရှိပါတယ်။ တစ်နိုင်ငံလုံး မှာတော့ ၂၆ ယောက်မှာ တစ်ယောက်နှုန်း ဖြစ်ပါတယ်။ ART ကို ကာကွယ်ဆေး အဖြစ် အသုံးပြုပြီး ကတည်းက HIV ကူးစက်ခံရတဲ့ လိင်တူချစ်သူ ဦးရေ ၈၆ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါတယ် .. '' ဟု သုတေသီများ က ရှင်းပြသည်။

ကမ္ဘာပေါ်တွင် လိင်တူချစ်သူ အမျိုးသားနှင့် အမျိုးသမီး အမြောက်အမြား ရှိပြီး လိင်တူချစ်သူ အမျိုးသမီး များထက် အမျိုးသား များက HIV ကူးစက်ခံရ နိုင်ခြေ ပိုမိုမြင့်မား သည့်အတွက် HIV ဝေဒနာသည် များကို တိုက်ကျွေးရလေ့ ရှိသော ART ဆေးကို ကာကွယ်ဆေး အဖြစ် ကြိုတင်တိုက်ကျွေး ခြင်းဖြင့် HIV ကူးစက်ခံရ နိုင်ခြေကို ၈၆ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး သည့်နောက် ဤကုထုံးကို ကျယ်ပြန့်စွာ ဆက်လက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

Postoperative mortality rates low among patients with HIV prescribed ART

#Yadanarpondaily
#ရတနာပုံနေ့စဉ်

အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ၊ တက္ကသိုလ် သင်ကြားရေးအဖွဲ့က အကြံပြုချက်များ ပေးပို့


နေပြည်တော် ၊ ၂၆-၂-၂၀၁၅

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ဖော်ပြခဲ့မှု အပေါ် ပြည်သူအချို့ က စိတ်ပါဝင်စားစွာဖြင့် သုံးသပ် အကြံပြုချက် သတင်း ဆောင်းပါးများ ပေးပို့ကြသည့် နည်းတူ ဝေဖန် အကြံပြုချက် များကိုလည်း လွှတ်တော်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့လျက် ရှိကြသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အကြံပြုချက် သဘောထား ပေးပို့သကဲ့သို့ ယင်းနေ့တွင်ပင် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ တက္ကသိုလ်ပညာ သင်ကြားရေးအဖွဲ့ ကလည်း ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်၊ သုံးသပ်ချက် များကို ရေးသားပြုစု ပေးပို့ ခဲ့သည်။

ထို အကြံပြုစာ တွင် ၁၉-၂-၂ဝ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသော အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပါ ပြင်ဆင် ဖြည့်စွက်သည့် ပြဋ္ဌာန်းချက် များနှင့် တည်ဆဲ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပါ ပြဋ္ဌာန်းချက်များ နှိုင်းယှဉ်ဇယား အား ၂ဝ-၂-၂ဝ၁၅ ရက်နှင့် ၂၁-၂-၂ဝ၁၅ ရက်တို့တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်း သိမ်ဓမ္မာရုံ၌ ဤ တက္ကသိုလ်မှ သင်ကြား/စီမံ ဆရာတော် ၆၇ ပါးတို့က အသေးစိတ် လေ့လာဖတ်ရှု၍ ဆွေးနွေးခဲ့ကြ ပါကြောင်း၊ ထိုသို့ ဝိုင်းဝန်းလေ့လာ ဆွေးနွေးခဲ့ကြ ပြီးနောက် အမျိုးသားပညာရေး ဥပဒေ(၂) မျိုးပါ ပြဋ္ဌာန်းချက် များနှင့် ပတ်သက်၍ အကြံပြုချက်များ၊ သုံးသပ်ချက် များကို ရေးသားပြုစု ပေးပို့ပါကြောင်း ဖော်ပြ ထားသည်။

နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ တက္ကသိုလ်ပညာ သင်ကြားရေး အဖွဲ့၏ အကြံပြုစာတွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း 

  • အခန်း(၃) ပုဒ်မ(၄) ပုဒ်မခွဲ(ခ) ပညာရေး လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ကျောင်းများ၊ ဆရာများ၊ ကျောင်းသားများ၊ သင်ရိုးညွှန်းတမ်းများ၊ ဘာသာစကားများ၊ အတွေးအခေါ် များနှင့် ဒေသဆိုင်ရာများ အားလုံးတွင် လွတ်လပ်မှုများ ဖော်ဆောင်လွန်းလျှင် စည်းကမ်းမဲ့ လွန်းသည့် လမ်းကြောင်းကို ဦးတည် နေခြင်းကြောင့် ပယ်ဖျက် သင့်ကြောင်း၊ 

  • အခန်း(၄) ပုဒ်မ(က) ပုဒ်မခွဲ(စစ) ဆရာ၊ ဆရာမ များအပေါ် ကျောင်းသူ၊ ကျောင်းသားများ၏ အကဲဖြတ်မှု များနှင့် ပတ်သက်၍ ဆရာများကို တပည့်များက အကဲဖြတ် စနစ်သည် မိဘကို သားသမီး က ဆရာပြန်လုပ်သလို ဖြစ်ခြင်းမှာ တပည့်(ရဟန်း) များမှ ဆရာ (ရဟန်း)ကို ပြန်လည် အကဲဖြတ်ခြင်း သည် မြန်မာ့ယဉ်ကျေးမှု နှင့် မကိုက်ညီခြင်း တို့ကြောင့် ပယ်ဖျက်သင့်ကြောင်း၊ 

  • ပုဒ်မ(ခ) ပုဒ်မခွဲ (ဃဃ) ပါ ဆရာ၊ ဆရာမ များသည် နိုင်ငံ့ဝန်ထမ်း  ဥပဒေပုဒ်မ(၁ဝ) ပုဒ်မခွဲ(ဆ)အရ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဖြစ်ခြင်းဆိုသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေကို လိုက်နာရမည် ဖြစ်ခြင်း နှင့် ပါတီများသို့ ဝင်ရောက်ပါက ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာပြီး သင်ကြား အုပ်ချုပ်မှု များတွင် ဆိုးကျိုးများ များစွာ ပေါ်ပေါက် လာနိုင်ခြင်း ကြောင့် ပယ်ဖျက်သင့်ကြောင်း၊ အလားတူ 

  • ပုဒ်မ (င) ပုဒ်မခွဲ (ကက)၊ (ခခ)၊ (ဂဂ)၊ (ဃဃ) တို့အား ပယ်ဖျက်သင့်ပြီး မိခင် ဘာသာစကားကို ကျောင်းအလိုက် ရွေးချယ် အသုံးပြုခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ အားလုံးနှင့် မွတ်စလင်၊ တရုတ် စသည့် ဘာသာခြားများ အားလုံးမှ အသီးသီး မွေးဖွားလာသော ကျောင်းသားများအား ရှေးဦးကလေး ပညာရေးကဏ္ဍ တွင် မိခင်ဘာသာ စကားအား သင်ကြားပေးမည့် ပြဋ္ဌာန်းချက်သည် အကောင်အထည် ဖော်ရန် အတားအဆီးများ ရှိပြီး မည်သို့မျှ ဆောင်ရွက်ရန် မဖြစ်နိုင်ခြင်း၊ ကျောင်းအလိုက် မိခင် ဘာသာစကားကို ရွေးချယ် အသုံးပြု သင်ကြားမည် ဆိုပါက အနာဂတ် တွင် မြန်မာစာပေ မှေးမှိန် လာနိုင်ခြင်း၊ ဘာသာခြား တို့၏ စာပေများ ပို့ချမှုမှ တစ်ဆင့် ဘာသာရေး စည်းရုံးမှု၊ မှိုင်းတိုက်မှုများ ပေါ်ပေါက် လာနိုင်ခြင်း၊ ဗုဒ္ဓဘာသာ ယုံကြည် သက်ဝင်မှု လျော့ပါး အားနည်း လာနိုင်ခြင်း၊ အင်္ဂလိပ် စာပေကို အလေးထား မသင်ကြားပါက အနာဂတ် လူငယ်များသည် ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ရန် ခက်ခဲ အားနည်းချက်များ ရှိလာနိုင်ခြင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲပျက်စီး လာနိုင်ခြင်း တို့ကြောင့် ပယ်ဖျက်သင့်ခြင်း ဖြစ်ကြောင်းဖြင့် အကြံပြုထားသည်။

  • ထို့အပြင် ပုဒ်မ ၁၆ ပုဒ်မခွဲ (ဃ) နှင့် (င)တို့နှင့် ပတ်သက်၍ ကျက်သင့် ကျက်ထိုက် သည်များကို ကျက်မှတ် ရသည်မှာ သဘာဝပင် ဖြစ်ကြောင်း၊ မြန်မာ့ ပညာရေးတွင် သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ဟူသော ပညာသင်နည်း ရှစ်ချက်တွင် အလွတ်ကျက် ရခြင်းသည်လည်း အချက်တစ်ချက် အနေဖြင့် ပါဝင်ကြောင်း၊ သို့ဖြစ်၍ အလွတ်ကျက် သင့်သည်များကို အလွတ်ကျက် ရမည် ဖြစ်ကြောင်း၊ အလွတ်ကျက်ဖြေ စနစ်ကို ဖျက်သိမ်း လိုက်ခြင်းဖြင့် မိမိ တို့နိုင်ငံတွင် ကမ္ဘာပေါ်မှာ ရက်အရှည်ကြာ ဆုံးစာမေးပွဲ (သုံးဆယ်ရက်) တစ်ခုဖြစ်သော တိပိဋက ရွေးချယ်ရေး စာမေးပွဲသည် အာဂုံပြန် အလွတ် ကျက် ရသည့် စာမေးပွဲ ဖြစ်သည့်အတွက် ဖျက်သိမ်းလိုက်ရ ပါက ဗုဒ္ဓဘာသာ အဓွန့်ရှည် တည်တံ့ခိုင်မြဲ ဖို့ ကြီးစွာသော အဟန့်အတား အန္တရာယ်ကြီး ဖြစ်လာနိုင်ခြင်း၊ ဘာသာ သာသနာကို တဖြည်းဖြည်း ချင်း ဖျက်ဆီးရာ ရောက်စေခြင်း၊ လောကီ ပညာရေး အပိုင်းတွင် လူမှုဘဝများ၊ ဘဝအတွက် တစ်သက်တာ သိမှတ်ဖွယ်ရာများ၊ အင်္ဂလိပ်စာ ဝေါဟာရများကို အလွယ် မကျက်မှတ် ထားပါက အနာဂတ် လူငယ်များသည် ကိုယ်ရည် ကိုယ်သွေး၊ အဆင့်အတန်း နိမ့်ပါးသော သူများသာ ဖြစ်လာနိုင်ခြင်း၊ စာမေးပွဲ စနစ်လည်း ပါဝင်ရမည်၊ လုပ်ဆောင်ချက်၊ စာတမ်း တင်ပြမှု၊ သုတေသန လေ့လာမှုလည်း ပါဝင်ရမည်၊ ၄င်းတို့ကို အချိုးကျ အမှတ်ခွဲဝေသည့် စနစ်ကို ကျင့်သုံးသင့်ခြင်း တို့ကြောင့် ပြင်ဆင်သင့် ပါကြောင်း အကြံပြု ထားသည်။

  • အလားတူ အခန်း(၆) ပုဒ်မ (၃၄) ပုဒ်မခွဲ (ည)မှာ ဘာသာခြား တို့၏ ပညာရေး၊ ဘာသာစကားများ ပူးကပ် ဝင်ရောက်နှောင့်ယှက်ဖျက်ဆီး ခွင့်ကို ခွင့်ပြုထား သကဲ့သို့ ဖြစ်ခြင်း၊ ဌာန အသီးသီးတွင် ရုံးသုံး မြန်မာစာပေ စကားကို ကွယ်ပျောက်အောင် ပြုမူ ဆောင်ရွက်သော အသွင်အပြင် ဖြစ်နေခြင်း၊ အစွန်းရောက်ဝါဒီ တို့ကို အားပေး အားမြှောက်ရာ ရောက်နေခြင်း၊ အခြား အခြားသော ဘာသာစကား စာပေ ယဉ်ကျေးမှုများ ထွန်းကားအောင် အားပေးရာ ရောက်ခြင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ရတက် မအေးစရာ များ မြင်တွေ့ နေရခြင်း၊ ကျောချမ်းစရာများ ဖြစ်နေခြင်း တို့ကြောင့် လုံးဝ ပယ်ဖျက် သင့်ကြောင်း ဖော်ပြ ပါရှိသည်။

  • ထို့ပြင် အမျိုးသားပညာရေး ဥပဒေ အခန်း(၁၁) ပုဒ်မ (၅၇) ပုဒ်မခွဲ (ခ) ကို ထည့်သွင်းရမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် နိုင်ငံ၏ ရေမြေ သဘာဝ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ယဉ်ကျေးမှု စနစ်များအရ ဘ/ကကျောင်းများ၊ ပရိယတ္တိ တက္ကသိုလ်များ၊ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ၊ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးသည့် ကျောင်းများနှင့် တက္ကသိုလ် ကောလိပ်များကို ဗုဒ္ဓသာသနာ အဓွန့်ရှည် တည်တံ့ ပြန့်ပွားရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဖြစ်မနေ ဖွင့်လှစ် သင်ကြားပို့ချ ရခြင်းကြောင့် ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

ဆက်လက်၍ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်ပညာ သင်ကြားရေး အဖွဲ့က သုံးသပ်ချက် အနေဖြင့် မိမိတို့၏ အဖွဲ့အစည်းကို ဦးစားပေး ရှေ့တန်း တင်သည့် ဥပဒေမျိုးနှင့် အာဃာတကို ရှေ့တန်းတင်ပြီး ရေးဆွဲထားသည့် ဥပဒေမျိုး မဖြစ်သင့်ဘဲ နိုင်ငံနှင့်လူမျိုး အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ မှန်ကန်သည့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ယဉ်ကျေးမှုကို တန်ဖိုးထား တတ်သည့်စိတ်များ ဖြစ်ပေါ်လာ စေရေးတို့ကို ဦးတည်ရှေးရှုသည့် အချက်များ လွှမ်းခြုံ ပါဝင်သော ဥပဒေမျိုး ဖြစ်အောင် ရေးဆွဲ သင့်ကြောင်း၊ မှန်ကန်သော၊ တရားမျှတသော အတွေးအခေါ် အယူအဆများကို ပေါ်ထွန်းစေပြီး စာရိတ္တ မြင့်မားရေး၊ မင်္ဂလာ တရားတော်နှင့် အညီ ကျင့်သုံးနေထိုင် တတ်ရေး၊ လူတစ်ဦးချင်းစီ နှင့် မြန်မာ တစ်နိုင်ငံလုံး ဖွံ့ဖြိုး တိုးတက်ရေးကို ဖြည့်ဆည်း ပေးသည့် ဥပဒေမျိုးလည်း ဖြစ်အောင် ရေးဆွဲသင့်ကြောင်း၊ သို့ဖြစ်၍ အမျိုးသားပညာရေး ဥပဒေ အား ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သော အများဆန္ဒကို အလေးထားပြီး အချိန်ယူကာ ပြန်လည်ရေးဆွဲ အကောင်အထည် ဖော်သင့် သည်ဟု ဖော်ပြ ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ပိုးသတ်ဆေး ၃၈၃ မျိုးကို မှတ်ပုံတင်ခွင့်ပြု ထားကြောင်း ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့မှ ထုတ်ပြန်ကြေညာ



ရန်ကုန် ၊ ၂၆-၂-၂၀၁၅

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က ပိုးသတ်ဆေး ၃၈၃ မျိုးကို မှတ်ပုံတင်ခွင့်ပြု ထားပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန် ကြေညာချက်များ အရ သိရသည်။

မြန်မာနိုင်ငံ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့အနေနှင့် (၂၄)ကြိမ်မြောက် အစည်းအဝေး တွင် နည်းပညာများ ဆိုင်ရာ စိစစ်မှုများ ပြုလုပ်ခဲ့ပြီး ပိုးသတ်ဆေး အမျိုးအစား ပေါင်း ၃၈၃ မျိုးကို မှတ်ပုံတင် ခွင့်ပြုထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က အမိန့် ကြော်ငြာစာ အမှတ် (၁/၂ဝ၁၅)ဖြင့် ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် စမ်းသပ် သုံးစွဲခွင့် မှတ်ပုံတင် ရရှိထားသည့် ပိုးသတ်ဆေးများ အနေဖြင့်လည်း ပိုးသတ်ဆေး ဥပဒေပုဒ်မ - ၂(စ)အရ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ က သတ်မှတ် ပေးထားသည့် နယ်မြေ အတွင်းတွင် ပိုးသတ်ဆေး၏ ထိရောက်မှု ကိုလည်းကောင်း၊ စိုက်ပျိုးရေး စနစ်နှင့် သင့်လျော်သည့် သုံးစွဲမှု နည်းလမ်းများ ကိုလည်းကောင်း၊ စမ်းသပ်ဆောင်ရွက် ပြီးမှသာ ယာယီ သုံးစွဲခွင့် မှတ်ပုံတင် အမျိုးအစားကို ပြန်လည် လျှောက်ထား ကြရမည် ဖြစ်သည်။

ယာယီသုံးစွဲခွင့် မှတ်ပုံတင်နှင့် ပြင်ဆင် မှတ်ပုံတင် အမျိုးအစား ရရှိပြီးသည့် ပိုးသတ်ဆေး များကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခွင့် နှင့် ပြည်တွင်းမှ ပြည်ပသို့ တင်ပို့ခွင့်များ နှင့် စပ်လျဉ်း၍ ဥပဒေပုဒ်မ- ၂၃(ဃ) (င)အရ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့မှ တင်သွင်းခွင့် ထောက်ခံချက် (Import Erdosement) နှင့် ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ ခွင့်ပြုချက်များ ရယူရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာယီသုံးစွဲခွင့် မှတ်ပုံတင် နှင့် ပြင်ဆင်မှတ်ပုံတင် ရရှိပြီးသော ပိုးသတ်ဆေးများ အနေနှင့် ပိုးသတ်ဆေး ဥပဒေပုဒ်မ -၃၄ အရ ၄င်းတို့၏ ထုပ်ပိုးပစ္စည်းများ၊ ဘူးခွံများ၊ ပုံးခွံများ အပေါ်တွင် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့၏ အတည်ပြုချက် ရရှိထားသော မြန်မာဘာသာ ပြန်ဆိုထားသည့် အညွှန်းစာသား နှင့် မှတ်ပုံတင် အမှတ်များ ပါရှိမှသာ ရောင်းဝယ် သုံးစွဲခွင့် ရရှိမည် ဖြစ်သည်။ 

မှတ်ပုံတင်ပြီး ပိုးသတ်ဆေး များကို တင်သွင်း၊ တင်ပို့၊ ရောင်း ဝယ် ဖောက်ကား၊ သိုလှောင်သုံးစွဲ ရာတွင် ပိုးသတ်ဆေး ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည် ဖြစ်ပြီး ဥပဒေ ပြဋ္ဌာန်းချက်များ၊တားမြစ်ချက် များမှ တစ်ရပ်ရပ်ကို ကျူးလွန် ဖောက်ဖျက်ကြောင်း တွေ့ရှိပါက ပိုးသတ်ဆေး ဥပဒေအရ ထိရောက်စွာ အရေးယူ ခံရမည် ဖြစ်ကြောင်း အမိန့်ကြော်ငြာစာ တွင် ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ ပိုးသတ်ဆေး အဖွဲ့က မှတ်ပုံတင် ခွင့်ပြုပေးခဲ့သည့် ပိုးသတ်ဆေး ၃၈၃ မျိုး၏ စာရင်း အသေးစိတ်ကို ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်အောက်ရှိ နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ သွားရောက် ကြည့်ရှုနိုင်ကြောင်း နှင့် Facebook Acccount - https://www.facebook.com/dcca.dcca တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ဆေးလိပ်နှင့် ကွမ်းယာရောင်းချသည့် ဆိုင်တိုင်းတွင် ကျန်းမာရေးဆိုင်ရာ သတိပေးဆိုင်းဘုတ် ထားမည့်အစီအစဉ် စတင်တော့မည်


ရန်ကုန် ၊ ၂၆-၂-၂၀၁၅

ဆေးလိပ်နှင့် ကွမ်းယာ ရောင်းချသည့် ဆိုင်တိုင်းတွင် ကျန်းမာရေး ဆိုင်ရာ သတိပေး ဆိုင်းဘုတ်များ ထားမည့် အစီအစဉ် စတင်တော့ မည့် အပြင် ကွမ်းယာကြောင့် ကျန်းမာရေး ဆိုးရွားစွာ ထိခိုက် နိုင်ကြောင်း သတိပေး စာတန်း များကို ကွမ်းယာထုပ်များ အတွင်း ထည့်သွင်း ရမည့် အစီအစဉ် လည်း ကျင့်သုံးတော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ သိရသည်။

ကွမ်းယာထုပ်များ အတွင်း ထည့်သွင်းရမည့် စာသားများမှာ 'ကွမ်းယာ စားသုံးခြင်းကြောင့် ခံတွင်းကင်ဆာ နှင့် ပါးစောင်ကင်ဆာ တို့ကို ပို၍ ဖြစ်ပေါ်စေသည်' ၊ 'ကွမ်းစားသုံး ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေရုံ သာမက လူမှုရေး၊ စီးပွားရေး နှင့် ပတ်ဝန်းကျင် ကိုလည်း ထိခိုက်စေ ပါသည်' ဆိုသည့် စာသားနှင့် 'ကွမ်းစားခြင်းကို အစမပြုမိ စေနှင့်၊ မိမိကိုယ်တိုင် ကွမ်းစားခြင်းကို ဖြတ်နိုင်အောင် ကြိုးစားပါ၊ မိသားစုဝင်များနှင့် မိတ်ဆွေများ ကွမ်းစားခြင်းကို ဖြတ်နိုင်ရန် တွန်းအားပေး ကူညီပါ' ဟူသော စာသားများ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ သိရသည်။

နိုင်ငံတစ်ဝန်း မြို့ကြီးပေါင်း ၃ဝ တွင် ကွမ်းယာဆိုင်ကြီး နှင့် ဆိုင်ငယ် အရေအတွက် မှာ ခြောက်သန်းခန့် ရှိနိုင်သည်ဟု မြန်မာနိုင်ငံ ကျန်းမာရေး ဖောင်ဒေးရှင်း က ပြောပြသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် မြန်မာနိုင်ငံသား အထောက်အထား စာအုပ်များ ထုတ်ပေးသွားမည်



ရန်ကုန် ၊ ၂၆-၂-၂၀၁၅

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ မြန်မာ ရွှေ့ပြောင်း လုပ်သားများအတွက် ဗန်ကောက် အပါအဝင် နေရာ ငါးနေရာတွင် မြန်မာနိုင်ငံသား အထောက်အထား စာအုပ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

အဆိုပါ အထောက်အထား စာအုပ်များကို ထိုင်းနိုင်ငံ အစိုးရမှ ထုတ်ပေးထားသည့် အလုပ်သမား လက်မှတ် ပန်းရောင်ကတ် ရှိပြီးသား မြန်မာရွှေ့ပြောင်း အလုပ်သမား များကို မြန်မာနိုင်ငံကူး လက်မှတ် ထုတ်မပေးမီ ကြားကာလတွင် ထုတ်ပေးခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အစီအစဉ်ဖြင့် မြန်မာ နိုင်ငံသား အထောက်အထား စာအုပ်များ ထုတ်ပေးသွားမည့် ကြီးကြပ်ရေး ရုံးများကို မတ်လအတွင်း ဖွင့်လှစ် သွားမည် ဖြစ်သည်ဟု သိရသည်။

''ကျွန်တော်တို့က ကြီးကြပ်ရေးရုံး ငါးရုံး ဖွင့်ပါမယ်။ ထိုင်းနိုင်ငံမှာ ဗန်ကောက် (၁)၊ ဗန်ကောက်(၂)၊ မယ်ဆိုင်၊ မဲဆောက် နဲ့ ရနောင်း အဲဒီမှာ လျှောက်လို့ ရပါတယ်။ ဖွင့်ဖို့ အတွက် ထိုင်းနိုင်ငံကို ကျွန်တော် တို့က Schedule လဲ တင်ထားပါတယ်'' ထိုင်းနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ယခုလက်ရှိ ထုတ်ပေးမည့် သက်သေ အထောက်အထား စာအုပ် များအတွက် အချက်အလက်များ ဖြည့်စွက်ရာတွင် အချက် ၂၇ ချက် ပါဝင်ပြီး လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်များ အပါအဝင် လျှောက်ထားသူ၏ မိသားစု၊ ဆွေမျိုး အရင်းအချာ များ၏ အလုပ်အကိုင်၊ နေရပ်လိပ်စာ များလည်း ဖြည့်စွက် ပေးရမည် ဖြစ်သည်ဟု သိရသည်။

အဆိုပါအချက် ၂၇ ချက်ကို ဖြည့်စွက်ပြီးမှသာ Certificate of Indentity သက်သေ အထောက်အထား စာအုပ် အစိမ်းရောင်ကို ထုတ်ယူနိုင်မည် ဖြစ်သည်ဟု သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားကြပြီး တရားဝင် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်း လုပ်သား အရေအတွက်မှာ ခြောက်သိန်းခန့်သာ ရှိနိုင်သည်ဟု သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

လာမည့်ပညာသင်နှစ်မှစတင်၍ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တွင် မဟာဘွဲ့များ ပေးအပ်ချီးမြှင့်ရန်စီစဉ်


ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ  မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်

ရန်ကုန် ၊ ၂၆-၂-၂၀၁၅

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တွင် လာမည့် ပညာသင်နှစ်မှ စတင်၍ မဟာဘွဲ့များ ပေးအပ်နိုင်ရန် စီစဉ် ထားကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကို ၂ဝဝ၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး Bachelor ဘွဲ့ခြောက်မျိုးနှင့် ဘွဲ့လွန် ဒီပလိုမာ နှစ်မျိုးတို့ကို စတင် သင်ကြားပို့ချ ခဲ့ကြောင်း၊ ထို့နောက် သင်တန်း အမျိုးအစားများ ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့ရာ ယခုအခါ BE နှင့် B.Sc ဂုဏ်ထူးတန်းဘွဲ့ ခုနစ်မျိုးနှင့် ဘွဲ့လွန် ဒီပလိုမာ လေးမျိုး တို့ကိုလည်း ဖွင့်လှစ်သင်ကြား ပေးနေပြီဖြစ်သည့် အပြင် လာမည့် ပညာသင်နှစ် တွင်လည်း မဟာဘွဲ့များ ပေးအပ်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်သည် မြန်မာနိုင်ငံ၌ ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ တစ်ခုတည်းသော တက္ကသိုလ် ဖြစ်ပြီး ပြည်တွင်း၌ ရေကြောင်းပညာ တိုးတက်မြင့်မား လာစေရေးအတွက် ရေကြောင်း သွားလာရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ အင်ဂျင်နီယာများ နှင့် စီမံခန့်ခွဲသူများ အများအပြား ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သော တက္ကသိုလ်တစ်ခု ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းပညာ တက္ကသိုလ်များ အဖွဲ့အစည်း (International Association of Maritime Universities – IAMU) ၏ အဖွဲ့ဝင် တက္ကသိုလ် တစ်ခုလည်း ဖြစ်သည်။

ရေကြောင်းပညာ တက္ကသိုလ် တွင် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိသည့် အပြင် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန် သုတေသန ပြုလုပ်သည့် အခန်းများ ကိုလည်း တည်ဆောက် ပေးထားကြောင်း နှင့် ယခုနှစ် တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ ၄၇၇ ဦးကို အဆိုပါ တက္ကသိုလ်၌ ဘွဲ့များပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

မန္တလေးမြို့တွင်းရှိ မူလတင်ပြသည့် အနေအထားနှင့် ကိုက်ညီမှုမရှိသည့် အဆောက်အအုံ ၅၃ လုံးကို ဖြိုဖျက်မည်



မန္တလေး ၊ ၂၆-၂-၂၀၁၅

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံ နှင့် ကုန်ရုံဌာနမှ တရားဝင် ခွင့်ပြုချက်ဖြင့် မူလတင်ပြသည့် အနေအထားနှင့် ကိုက်ညီမှု မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ များနှင့် ခွင့်ပြုပုံစံ ကွဲလွဲကာ ဆောက်လုပ် ထားသော အဆောက်အအုံ ၅၃ လုံးကို ဖြိုဖျက် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မပါဘဲ တည်ဆောက်သော အဆောက်အအုံ များကို ဌာနမှတရား စွဲဆိုပြီး ဖြိုဖျက်ရန် လိုအပ်သော အဆောက်အအုံ များကို ဖြိုဖျက် အရေးယူလျက် ရှိကာ ခွင့်ပြုချက်မဲ့ ဆောက်လုပ် နေမှုများ ထပ်မံတိုးမလာ စေရန် တင်းကျပ်စွာ ဆောင်ရွက်လျက် ရှိကြောင်း၊ ဖြိုဖျက် အရေးယူရာတွင် ဌာနက ဖြိုဖျက်ခြင်း မဟုတ်ဘဲ ဖြိုဖျက်ရန် အမိန့်စာ ထုတ်ခြင်းဖြစ်ပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် အင်ဂျင်နီယာကို လိုင်စင်ပိတ်သိမ်းကာ အရေးယူကြောင်း၊ ဌာန၏ တရားဝင် ခွင့်ပြုချက် မူလတင်ပြသည့် အနေအထားနှင့် ကိုက်ညီမှုမရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံများကို စစ်ဆေး တွေ့ရှိပါက မူလတင်ပြသည့် အတိုင်းသာ တည်ဆောက်ရန် သုံးကြိမ်အထိ သတိပေးစာများ ပေးပို့ကြောင်း၊ ယခု ဖြိုဖျက်မည့် အဆောက်အအုံ ပတ်ဝန်းကျင်နှင့် လူနေထိုင်မှုများ အတွက် အန္တရာယ်ရှိသည့် အနေအထားကြောင့် ဖြိုဖျက်ခိုင်း ရခြင်းဖြစ်ကြောင်း၊ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ လေးထပ်အထိသာ တိုက်ရိုက် ခွင့်ပြု ပေးပြီး လေးထပ်နှင့် အထက် အဆောက်အအုံ များကို တိုင်းဒေသကြီး အထပ်မြင့် ကြီးကြပ်ရေး ကော်မတီမှ ခွင့်ပြုချက် ပေးသည်ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံ နှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ ဧရိယာအတွင်း မူလတင်ပြသည့် အနေအထားနှင့် ကိုက်ညီမှု မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ များနှင့် ခွင့်ပြုပုံစံ ကွဲလွဲကာ ဆောက်လုပ် ထားသော အဆောက်အအုံ ၅၃ လုံး ရှိပြီး ချမ်းအေးသာစံ မြို့နယ်တွင် အများဆုံးဖြစ်ကာ ဖြိုဖျက်ခြင်း လုပ်ငန်းများကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ (၁၇၃)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၉)


အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၉)

Download Links


အလုပ်လုပ်၍ တိုးတက်မှုရယူ


အလုပ်လုပ်၍ တိုးတက်မှုရယူ

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် အလုပ်အကိုင် အခွင့်အလမ်း များစွာ ပေါ်ပေါက်ရေးသည် အဓိက အချက်တစ်ချက် ဖြစ်သည်။ အချိန်ပြည့် အချိန်ပိုင်း အလုပ်လုပ် နိုင်သော စက်ရုံ၊ အလုပ်ရုံနေရာ များစွာရှိရန် လိုသည်။ အထူးသဖြင့် စီးပွားရေး အချက်အချာ ကျသော မြို့ကြီးများတွင် အလုပ်လုပ် နိုင်သော အလုပ်များစွာပေါ်ပေါက် လာစေရန် ဖန်တီး ပေးရမည် ဖြစ်သည်။ လူတစ်ဦး အနည်းဆုံး အလုပ်တစ်ခု လုပ်နိုင်သော အခြေအနေ ရှိရမည် ဖြစ်သည်။

ဖွံ့ဖြိုးပြီး နိုင်ငံများကို လေ့လာ ကြည့်လျှင် အနည်းဆုံး လူတစ်ဦး အလုပ် တစ်ခုနှုန်း လုပ်ကိုင် နေကြသည်ကို တွေ့နိုင်သည်။ လူငယ်လူရွယ် သာမက အသက် ၆ဝ ကျော်ပြီး သူများပင် အလုပ်လုပ် ချင်လျှင် အလုပ်ရှိသည်။ အလုပ်လုပ် ချင်သူတို့ အတွက် အလုပ်မရှားဘဲ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစွာ ဖန်တီး ပေးထားသည်။ အချိန်ပြည့် (အလုပ်လုပ်ချိန် ရှစ်နာရီ) အလုပ်လုပ် ချင်လျှင် အချိန်ပြည့် လုပ်နိုင်သည်။ အချိန်ပိုင်း (နာရီဖြင့်) လုပ်ချင်လျှင် အချိန်ပိုင်း အလုပ်များ ရှိသည်။ သန့်ရှင်းရေး လုပ်ငန်းမှ အစ စက်မှုကုန်ထုတ် လုပ်ငန်းများ အထိ အလုပ်အကိုင်များ ပေါပါသည်။

အလုပ်လုပ်ကြ သူများကလည်း အချိန်ပြည့် အလုပ်အပြင် အချိန်ပိုင်း အလုပ်များကိုပါ လုပ်ကိုင် ကြသည်။ အချို့ ကျောင်းတက်ရင်း အလုပ်လုပ် ကြသည်။ တစ်ဖက်က ပညာရှာရင်း အခြား တစ်ဖက်တွင် အချိန်ပိုင်း အလုပ်များ ဝင်လုပ်နိုင်သည်။ ဤသို့ လုပ်ကိုင်ခြင်းဖြင့် လူငယ်များ စီးပွားရေး အတွေးအခေါ် အတွေ့အကြုံ ကောင်းများကို လည်း ရရှိစေနိုင်သည်။ ဘဝ အတွေ့အကြုံများ တိုးပွားပြီး လုပ်ကိုင်မှု စွမ်းရည်ကို တိုးတက် လာစေသည်။

အလုပ်လုပ် ရာတွင် လုပ်သည့် အလျောက် အကျိုးခံစားခွင့် ရှိကြသည်။ အထူးသဖြင့် ထိုက်တန်သော လုပ်အားခ ရရှိကြသည်။ အလုပ်အများကြီး လုပ်ပြီး ထိုက်တန်သော အခကြေးငွေ မရလျှင် ထိုအလုပ်လုပ် သူ၏ဘဝ မတိုးတက် နိုင်ပေ။ ထိုက်တန်သော လုပ်အားခ ရရှိမှသာလျှင် အလုပ်လုပ် သူအတွက် အကျိုးရှိပြီး ဘဝတိုးတက် နိုင်သည်။ ထိုသို့ မဟုတ်ပါက အလုပ်ရှင်သာ အကျိုးရှိပြီး အလုပ်သမားမှာ အကျိုးမရှိ တော့ဘဲ ဖြစ်စေသည်။ ထိုသို့ မဖြစ်စေရန် အလုပ်ရှင် အလုပ်သမား အခွင့်အရေး မျှတရေးကို ဒီမိုကရေစီ နိုင်ငံများ၌ စီမံခန့်ခွဲ ပေးကြခြင်း ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံ တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ယခင်ကထက် ပိုမိုလာပြီ ဖြစ်သည်။ သို့သော် အများစုမှာ အလုပ်တစ်ခုသာ အေးအေးဆေးဆေး လုပ်နေကြသည်။ အပိုဝင်ငွေ ရသည့် အချိန်ပိုင်း အလုပ်လုပ်သူ နည်းပါးသည်။ ဝင်ငွေတိုးရန် အလုပ်ကို များများလုပ်၍ ဘဝ တိုးတက်အောင် ဆောင်ရွက် သင့်သည်။ ထို့ကြောင့် စာရေးဆရာ ပီမိုးနင်းက '' မြန်မြန်ချမ်းသာ လိုလျှင် မြန်မြန် ဆင်းရဲကြ'' ဟူ၍ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အလုပ်များများ လုပ်၍ ခန္ဓာကိုယ် ဆင်းရဲမှု ရှိသော်လည်း ဝင်ငွေတိုး၍ မြန်မြန်ချမ်းသာမ ည်ကို ဆိုခြင်း ဖြစ်သည်။

မိမိ မိသားစုဘဝမှ သည် တိုင်းပြည်၏ လူမှုစီးပွားဘဝ တိုးတက်စေရန် ဖော်ဆောင်ကြ ရာတွင် အချိန်ပြည့် အချိန်ပိုင်း အလုပ်များ ရှိရမည် ဖြစ်သကဲ့သို့ လက်တွေ့လုပ်ကိုင် သူများလည်း ရှိရန်လိုသည်။ လုပ်သလောက် လည်း ထိုက်တန်သော လုပ်ခကြေးငွေ ရရှိရမည် ဖြစ်သည်။ လူတိုင်းလူတိုင်း ကြီး၊ ငယ် မဟူ အလုပ်ကို များများလုပ်ကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပဒေသာပင်သည် မြေက ပေါက်လာမည် မဟုတ်ဘဲ တိုးတက်ကြီးပွား လိုပါက ကိုယ်တိုင်ကိုယ်ကျ ကိုယ်စီကိုယ်င အလုပ်များများ လုပ်ကိုင်သွားကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၂-၂၀၁၅) ကြာသပတေးနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂၆-၂-၂၀၁၅) ကြာသပတေးနေ့

Download Links


ကိုးကန့်သောင်းကျန်းသူ အဖွဲ့များက ကုန်းကြမ်းမြို့ရှိ တပ်ရင်းဌာနချုပ် နှင့် လောက်ကိုင်မြို့တွင်း သို့ အဝေးမှ နှောင့်ယှက်ပစ်ခတ် ၊ ကုန်းကြမ်း- လောက်ကိုင် ကားလမ်းမိုင်တိုင် (၂၃)အနီးရှိ တောင်ကုန်းအား တပ်မတော် စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်



နေပြည်တော် ၊ ၂၆-၂-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့တွင် ရှိသော နယ်မြေခံ တပ်ရင်းဌာနချုပ် အား ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့မှ ဒုံးပစ်လောင်ချာ၊ လက်နက်ငယ် များဖြင့် အဝေးမှ လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ ပြန်လည်ပစ်ခတ် ခဲ့သဖြင့် သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာသွား ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။

လောက်ကိုင်မြို့ ပတ်ဝန်းကျင်တွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့ ၏ အနောက်ဘက် ၂ မိုင်ခန့် အကွာ၌ ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကိုးကန့် သောင်းကျန်းသူ များထံမှ အမ်(၂၂) တစ်လက်၊ ကျည် ၂၆ တောင့်နှင့် ကျည်အိမ်တစ်ခု တို့ကို သိမ်းဆည်း ရမိခဲ့သည်။

ကိုးကန့် သောင်းကျန်းသူ အဖွဲ့များသည် လောက်ကိုင်မြို့ အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်လျက် ရှိရာ ယမန်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ကိုးကန့် သောင်းကျန်းသူ များက လောက်ကိုင်မြို့ မြောက်ဘက်ရှိ စီအောကျေးရွာ ဘက်မှ လောက်ကိုင် မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် ၏ နေအိမ်ဝင်း အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုးကန့် လုံခြုံရေး အဖွဲ့မှ တစ်ဦး သေဆုံး ၍ လေးဦးဒဏ်ရာ ရရှိခဲ့သည်။ ထိုသို့လက်နက် ကြီးဖြင့် လာရောက် ပစ်ခတ်ခဲ့သော နေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

ကုန်းကြမ်း- လောက်ကိုင် ကားလမ်းတွင် ဒေသခံပြည်သူများ လုံခြုံ စိတ်ချစွာ သွားလာ နိုင်ရေးအတွက် တပ်မတော် စစ်ကြောင်းများက ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှ စ၍ ကားလမ်း တစ်လျှောက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် မိုင်တိုင် (၂၃)အနီးရှိ ကိုးကန့် သောင်းကျန်းသူများ ယာယီခြေကုပ် ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၂၁၇၅ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပြီး ဆုတ်ခွာ သွားသော ကိုးကန့် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

တပ်မတော်(လေ) လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(လေ)၏ K-8W လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် HEECH-1900 D သယ်ယူပို့ဆောင်ရေး 

လေယာဉ်များ တပ်တော်ဝင် အခမ်းအနား တွင် အမှာစကား ပြောကြားစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တပ်တော်ဝင်လေယာဉ်များ သရုပ်ပြပျံသန်းမှုများကို ကြည့်ရှု အားပေးစဉ်

နေပြည်တော် ၊ ၂၆-၂-၂၀၁၅

မြန်မာ့တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် ရည်မှန်းတည်ဆောက်လျက် ရှိရာတွင် ခေတ်မီစစ်လက်နက်ပစ္စည်းများ တပ်ဆင်ရေးသည်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် တပ်တော်ဝင်အခမ်းအနားမှာ နိုင်ငံတော်ကာကွယ် ရေးအတွက် တပ်မတော်(လေ)ကို အားသစ်လောင်းပေးပြီး လေကြောင်းစွမ်းပကား မြှင့်တင်ရေးကိုများစွာ အထောက်အကူပြုမှာဖြစ်၍ နိုင်ငံတော်နှင့်တပ်မတော်(လေ)တို့အတွက် ထူးခြားလေးနက်သည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီတွင် မိထ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း၌ ကျင်းပပြုလုပ်သော တပ်မတော်(လေ) ၏ “K-8W လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့် BEECH – 1900 D သယ်ယူပို့ဆောင်ရေးလေယာဉ်များ တပ်တော်ဝင်အခမ်းအနား၌ အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်အသီးသီးမှ ဌာနချုပ်မှူးများ၊ မိထ္ထီလာ တပ်နယ်မှ တပ်နယ်မှူးနှင့် တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် တို့က တပ်တော်ဝင် အခမ်းအနားနှ င့် စပ်လျဉ်း၍   ရှင်းလင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ 
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က တပ်တော်ဝင် အထိမ်းအမှတ် 
အမှတ်တရ လက်ဆောင် ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော်(လေ)၏ K-8W လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် HEECH-1900 D သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင် အခမ်းအနား သို့ 
တက်ရောက်လာသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်စဉ်

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြား ရာတွင် K-8 W လေယာဉ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CATIC ကုမ္ပဏီနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းတွင် တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့လွှဲပြောင်းပေးအပ်သည့် K-8 W လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသည် တတိယအကြိမ် ဖြစ်၍ ယခုလွှဲပြောင်းပေးမှုအပါအ၀င် တပ်မတော်(လေ)သို့ စုစုပေါင်း K-8 W လေယာဉ် ၁၈ စီး လွှဲပြောင်းပေး ပြီးဖြစ်ပါကြောင်း၊ K-8 W လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်များသည် အပေါ့စားတိုက်ခိုက်ရေးတာဝန်များကို ထမ်းဆောင်နိုင်ပြီး ခေတ်မီ အဆင့်မြင့် ရှေ့တန်းဂျက်တိုက်လေယာဉ်များ မောင်နှင်မည့်ေ လသူရဲများကို ကြားခံလေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေး အမောင်းသင်ဂျက်လေယာဉ် အမျိုးအစားဖြစ်ကြောင်း၊ တပ်မတော်(လေ)၏ အနာဂတ် မျိုးဆက်သစ် လေသူရဲများကို လေ့ကျင့်ပျိုးထောင်ပေးသွားနိုင်မှာဖြစ်၍ နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ဆထက်ထမ်းပိုး ထမ်းဆောင်သွားရန် များစွာ အထောက်အကူပြုမှာ ဖြစ်ကြောင်း။ BEECH 1900 D လေယာဉ်များနှင့် ATR 42 လေယာဉ်တို့သည် အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် များဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ယူပို့ဆောင်ခြင်း၊ ခရီးသည်သယ်ယူပို့ဆောင်ခြင်း၊ လူနာသယ်ဆောင်ခြင်း၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းနှင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်သည့်အတွက်လည်း နိုင်ငံတော်နှင့်တပ်မတော်အတွက် များစွာ အကျိုးရှိစေမှာဖြစ်ကြောင်း၊ မျက်မှောက်ခေတ်ကမ္ဘာ့ရေးရာများကို လေ့လာကြည့်ပါက လေကြောင်းစွမ်းပကားသည်များစွာ အရေးပါလျက် ရှိကြောင်း၊ လေကြောင်းစွမ်းအားသာလွန်မှုကို အားပြု၍ စစ်ပွဲအောင်နိုင်ရေးအတွက် မိမိယှဉ်ပြိုင်ဘက်အပေါ် လွှမ်းမိုးချုပ်ကိုင်ရန်နှင့် မိမိတပ်များ တိုက်ပွဲစွမ်းရည် ပိုမိုတိုးတက်စေရန် အသုံးပြုလာကြကြောင်း၊ သာလွန်သော လေကြောင်းစွမ်းအားရရှိရေးအတွက် ခေတ်မီလေတပ်မတော်တစ်ခု တည်ထောင်ရမှာဖြစ်သကဲ့သို့ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော နည်းပညာရပ်များကိုလည်း သိရှိလေ့လာ ကျွမ်းဝင်တတ်မြောက် နေရန်လိုကြောင်း။

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးမှုနဲ့သာမလုံလောက်ဘဲ အဆိုပါ ခေတ်မီပစ္စည်း/လေယာဉ်များကို ကိုင်တွယ် ထိန်းသိမ်းမောင်းနှင်နိုင်သော ကျွမ်းကျင်သည့် လေသူရဲများ၊ ကျွမ်းကျင်သည့် စက်မှုလက်မှု ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်(လေ)၏ လေကြောင်းစွမ်းပကားမြှင့်တင်ရေးအတွက် ခေတ်မီ နည်းပညာသုံး လေယာဉ်/ရဟတ်ယာဉ်များ၊ စက်ပစ္စည်း/လက်နက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်ရေးနှင့် အတူ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း လုပ်ဆောင် သွားရမှာဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင် ပြည်သူ လူထုကို တိုင်းပြုပြည်ပြုလွှတ်တော်နှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ လေတပ်နှင့်ပတ်သက်၍ “လေတပ်ဆိုတာ အခုမှစတုန်းရှိသေးတယ်။ ဒီတိုင်းပြည်လို လေတပ်မျိုးဟာ အဖျင်းဆုံးလေယာဉ်ပျံအစင်း ၅၀၀ လောက် ရှေ့တန်းလေယာဉ်ပျံ ခေါ်ပါတယ်။ First Line Plane အဖျင်းဆုံးစစ်ဖြစ်ဖြစ်ခြင်း လေယာဉ်ပျံအစင်း ၅၀၀ လောက်ရှိမှ ဒါတောင်မှ လုံလောက်တယ်လို့ မခေါ်နိုင်သေးဘူး။ အဲဒီလေယာဉ်ပျံတွေ ၅၀၀ က ရှေ့မှာ တိုက်တဲ့အခါ နောက်မှာက လေယာဉ်ပျံတစ်စင်းကို သုံး၊ လေးစင်း အရန်ထားရမယ်။ အဲဒီနောက်မှာက အဖျင်းဆုံး လေယာဉ်ပျံ ၅၀၀ ထက်ဖြည့်မှဖြစ်မယ်” ဆိုပြီး မိန့်ကြားခဲ့ကြောင်း။

တပ်မတော်(လေ) အနေနဲ့ ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပညာမျိုးဆက်ကွာဟမှုများ ရှိနေရာမှ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ဘက်စုံသုံး စွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ အသုံးပြုလာခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင် စတုထ္ထမျိုးဆက် တိုက်လေယာဉ်များ စတင်အသုံးပြု လာနိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်ခဲ့ ပါကြောင်း၊ ယခုကဲ့သို့ အမီလိုက်နိုင်ရန်မှာ ပန်ကာတပ်လေယာဉ်အဆင့်မှ ဒုတိယ မျိုးဆက် ဂျက်တိုက်လေယာဉ်၊ ထိုမှတစ်ဆင့် စတုထ္ထမျိုးဆက် ဂျက်တိုက်လေယာဉ် စသည်ဖြင့် မျိုးဆက်များ ခုန်ကျော် တက်လှမ်းခဲ့ရကြောင်း၊ မျိုးဆက်များ ခုန်ကျော် တက်လှမ်းမှုနှင့်အတူ နိုင်ငံတော်ကာကွယ်ရေး အတွက် အဓိကကျသော ရှေ့တန်းတိုက်ခိုက်ရေး လေသူရဲများ မွေးထုတ်ပေးရာ၌ အခြေခံအမောင်းသင်လေယာဉ် အဆင့်မှ စတုထ္ထမျိုးဆက် တိုက်လေယာဉ်အထိ တိုက်ရိုက်ကူးပြောင်းရန် မဖြစ်နိုင်သည့်အတွက် ကြားခံလေ့ကျင့်ရေးတိုက်လေယာဉ်များနှင့် လေသူရဲငယ်များ အတွေ့အကြုံရင့်ကျက်စေရန် လေ့ကျင့်ပေးရမှာ ဖြစ်ကြောင်း၊ K-8W လေယာဉ်များသည် အနာဂတ်မျိုးဆက်သစ် လေသူရဲများ မွေးထုတ်ပေးရန်အတွက် ကြားခံ လေ့ကျင့်ရေး ဂျက်လေယာဉ်အဖြစ် အသုံးပြုနိုင်ကြောင်း၊ အကြီးစားသယ်ယူပို့ဆောင်ရေး လေယာဉ် Air Bus  များမောင်းနှင်ရန် အတွက် ATR 42 နှင့် BEECH – 1900 D လေယာဉ်များကဲ့သို့ ကြားခံ အလတ်စား သယ်ယူ ပို့ဆောင်ရေးလေယာဉ်များဖြင့် လေသူရဲများကို လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း။ အနာဂတ် အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်မည့် တပ်မတော်သည် အမှန် တကယ်စွမ်းရည်ရှိသော တပ်မတော်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဖြစ်ရန်အတွက် ပထမ တပ်ကိုကောင်း အောင်လုပ်ရမည်၊ ဒုတိယ စွမ်းရည်ရှိအောင် လုပ်ရမည်၊ တတိယ ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း ၊ စွမ်းရည်ရှိသော တပ်မတော်ဖြစ်မှသာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး ၊ စည်းလုံး ညီညွတ်ရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်၍ ဆောင်ရွက် ပေးနိုင်မှာ ဖြစ်သကဲ့သို့ ပြည်သူ့ အကျိုးစီးပွားကိုလည်း ကာကွယ်စောင့်ရှောက် ပေးနိုင်မည် ဖြစ်ကြောင်းနှင့် လေယာဉ်များ တပ်တော်ဝင် နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြ သူများကို ချီးကျူး မှတ်တမ်းတင်ကြောင်းဖြင့် ပြောကြားသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်တော်ဝင်လေယာဉ်များအား လှည့်လည် ကြည့်ရှုစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
သရုပ်ပြပျံသန်းခြင်းများတွင် ပါဝင်ခဲ့ကြသော လေသူရဲများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်စဉ်

ထို့နောက် စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ် လွင်ဦးက လေ့ကျင့်ရေး ဂျက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များအား တပ်တော်ဝင် အဖြစ်ကြေငြာပြီး လေယာဉ် ဆိုင်ရာ အထောက်အထား စာရွက်စာတမ်း များကို ဒုတိယ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးမင်းက လေကြောင်း အတတ်သင် လေတပ်စခန်း ၊ လေတပ်စခန်းမှူး ဗိုလ်မှူးချုပ် မောင်မောင်ကျော်ထံ လွှဲပြောင်း ပေးအပ်သည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့က တပ်တော်ဝင် အထိမ်းအမှတ် အမှတ်ရ လက်ဆောင်အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ပေးအပ်ကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့် CATIC COMPANY မှ ဒုတိယ ဥက္ကဌ Mr.Liu Jianhai တို့အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား တပ်တော်ဝင် အထိမ်းအမှတ် လေယာဉ်/ရဟတ်ယာဉ် အုပ်ဖွဲ့များမှ Fly Past ဖြင့် ပျံသန်း အလေးပြုခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ပထမအုပ်ဖွဲ့ ပျံသန်း အလေးပြုခြင်းတွင် တံခွန်အုပ်ဖွဲ့မှ ရဟတ်ယာဉ် (၄)သီးဖြင့် ပျံသန်း အလေးပြုခြင်း ၊ ဒုတိယ အုပ်ဖွဲ့ ပျံသန်း အလေးပြုခြင်းတွင် ရန်နိုင်အုပ်ဖွဲ့မှ အမောင်းသင် လေယာဉ် (၆)စီးဖြင့် ပျံသန်း အလေးပြုခြင်း ၊ တတိယ 

အုပ်ဖွဲ့ပျံသန်း အလေးပြုခြင်းတွင် ရဲမာန်အုပ်ဖွဲ့မှ လေ့ကျင့်ရေး ဂျက်လေယာဉ် (၄)စီးဖြင့် ပျံသန်း အလေးပြုခြင်းနှင့် စတုတ္ထအုပ်ဖွဲ့ပျံသန်း အလေးပြုခြင်းတွင် ရာဇာ အုပ်ဖွဲ့မှ ဘက်စုံသုံး တိုက်လေယာဉ် (၅)စီးဖြင့် ပျံသန်း အလေးပြုကြသည်။

ဂျက်တိုက်လေယာဉ်လေးစီးက Shock Wave Formation Loop ခေါ်သော လေထုကိုဖောက်ခွင်းသည့် မြားခေါင်းပုံစံအုပ်ဖွဲ့ဖြင့် နောက်ပြန်ကျွမ်းထိုး သရုပ်ပြ ပျံသန်းစဉ်


ရာဇာအုပ်ဖွဲ့မှ ဘက်စုံသုံး တိုက်လေယာဉ်ငါးစီးက Fan Break ဖြင့် သရုပ်ပြပျံသန်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
ရာဇာအုပ်ဖွဲ့မှ ဘက်စုံသုံး တိုက်လေယာဉ်ငါးစီးဖြင့် ပျံသန်း အလေးပြုစဉ် 

ထို့နောက် သရုပ်ပြ ပျံသန်းခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ရာဇာအုပ်ဖွဲ့မှ ဘက်စုံသုံး တိုက်လေယာဉ် (၅)စီးမှ Fan Break ဖြင့် သရုပ်ပြပျံသန်းခြင်း ၊ ဂျက်တိုက်လေယာဉ် (၄)စီးမှ Zoom Climbing Turn ခေါ်သော လေယာဉ်ကို အပေါ်သို့ တက်လျက် ဘယ်/ညာကွေ့ခြင်း ၊ Box Formation Loop ခေါ်သော စတုဂံပုံစံ အုပ်ဖွဲ့ဖြင့် နောက်ပြန်ကျွမ်းထိုး သရုပ်ပြ ပျံသန်းခြင်း ၊ Shock Wave Formation Loop ခေါ်သော လေထုကို ဖောက်ခွင်းသည့် မြှားခေါင်းပုံစံ အုပ်ဖွဲ့ဖြင့် နောက်ပြန်ကျွမ်းထိုး သရုပ်ပြ ပျံသန်းခြင်း ၊ Tootsie Rolls ခေါ်သော ဂျက်တိုက်လေယာဉ် (၃)စီးတွဲ အုပ်ဖွဲ့ကို အခြားတစ်စီးမှ ရစ်ပတ်ပျံသန်း သရုပ်ပြခြင်း ၊ Twinkle Rolls ခေါ်သော (၄)စီးတွဲချက် တစ်ပြိုင်တည်း ဘေးလိမ့်ကျွမ်းထိုး ပျံသန်း သရုပ်ပြခြင်းနှင့် Bomb Bust Loop ခေါ်သော နောက်ပြန် ကျွမ်းထိုး သရုပ်ပြပျံသန်းခြင်းတို့ကို ပျံသန်း သရုပ်ပြကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများက တပ်တော်ဝင် လေ့ကျင့်ရေး ဂျက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များကို အမွှေးနံ့သာများ ပက်ဖျန်းကြပြီး မီးရှူး၊ မီးပန်း ပစ်လွှတ်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် လေယာဉ်များအား လှည့်လည် ကြည့်ရှုကြသည်။

ထို့နောက် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရဟတ်ယာဉ် ၊ လေယာဉ်များ ၊ သရုပ်ပြပျံသန်းခြင်းများတွင် ပါဝင်ခဲ့ကြသော လေသူရဲများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, February 25, 2015

အလှကုန်ပစ္စည်း အမျိုးအမည် ခြောက်မျိုးကို သုံးစွဲရန်မသင့်ကြောင်း ကြေညာချက် ထုတ်ပြန်



ရန်ကုန် ၊ ၂၅-၂-၂၀၁၅

ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက် နှင့် ဆေးဝါးဦးစီးဌာန တွင် မှတ်ပုံတင် ထားခြင်း မရှိသည့် အပြင် သုံးစွဲသူများ အတွက် ကျန်းမာရေးအရပါ ဘေးအန္တရာယ် ဖြစ်စေသည့် တားမြစ်ဓာတု ပစ္စည်းများ ပါဝင်နေသည့် အလှကုန် ပစ္စည်း အမျိုးအမည် ခြောက်မျိုးကို သုံးစွဲရန် မသင့်ကြောင်း ကြေညာချက် ထုတ်ပြန် ထားသည်ဟု သိရသည်။

အဆိုပါ တားမြစ်ခံရသည့် အလှကုန်ပစ္စည်း အမျိုးအမည် ခြောက်မျိုးမှာ Tree 3 Days (Brighten &Rewhiting Cream) ၊ Lay Now (Whitening Night Cream) ၊ PW (Banishing Cream) ၊ Baschi (Day Cream- Thailand) ၊ Baschi (Day Cream-China) နှင့် Polla Anti- Melasma Night Cream (New Light Cream) တို့ ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနက အဆိုပါ အလှကုန် ပစ္စည်းများကို အများပြည်သူများ အနေဖြင့် အသုံး မပြုရန်နှင့် တင်သွင်းဖြန့်ဖြူး ရောင်းချ သူများကိုလည်း ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဥပဒေအရ အရေးယူ သွားမည်ဟု ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ဒိုင်းဂျောဘုခ ( အဆင်ပြေလား )


ဒိုင်းဂျောဘုခ ( အဆင်ပြေလား )

ဇော်နောင်ဟိန်း ( GUITER )

ပြည်ပထွက် အလုပ်လုပ်၊ ကျောင်းတက် ဆိုတာတွေ အားကောင်း ခဲ့တဲ့ အချိန်က ပိုက်ဆံချမ်းသာတဲ့ မိဘတွေနဲ့ တတ်နိုင်သူ တွေက သား၊ သမီးတွေကို နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စီစဉ်ပေးကြ ပါတယ်။ အခုချိန်ထိလဲ ရှိနေဆဲ ပါပဲ။ ဒီနေရာမှာ ဘယ်နိုင်ငံတွေ ရွေးချယ်ကြသလဲ ဆိုရင် အဓိကအားဖြင့် စင်ကာပူနဲ့ ဂျပန်က အများဆုံး ပါပဲ။ အင်္ဂလန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေ သွားကြတာ ရှိပေမယ့်လဲ မြန်မာတွေ အတွက် အရင်းနှီးဆုံးလို့ ပြောရမှာ ကတော့ စင်ကာပူနဲ့ ဂျပန်ပါပဲ။ ငွေကြေး ကုန်ကျမှု သက်သာတဲ့ စင်ကာပူသွား၊ ကျောင်းတက်ရင်း အလုပ်လုပ်။ အဲဒီကနေ အမှတ်ကောင်းရင် အင်္ဂလန် ကူးနိုင်တဲ့ အခွင့်အရေး ရှိတာမို့ စင်ကာပူကို ကြိုက်ကြတာပါ။ တစ်ခါ ကမ္ဘာမှာ လုပ်အားခ အမြင့်ဆုံးလို့ ထင်ရှားတဲ့ ဂျပန်ကိုသွားရင် ပိုက်ဆံပိုပြီး စုမိဆောင်းမိ နိုင်တယ်။ အလုပ်အကိုင် ပေါတယ်။ ယဉ်ကျေးမှု အားဖြင့်လဲ နီးစပ်တယ် ဆိုတဲ့အတွေး တွေနဲ့ပါ။

မိဘတွေဆိုတာ ကတော့ သားသမီးကို ဆင်စီးမြင်းရံ စေချင်တာ ပါပဲ။ အလကား ဆင်စီးမြင်းရံ ခံချင်လို့တော့ မရပါဘူး။ မြင်းရံတဲ့ ဆင်ကိုစီးဖို့ လိုအပ်တဲ့ အရည်အချင်း တွေရှိနေရမှာပါ။ ဒီအတွက် မိဘတွေ ကြိုးစား နေကြတာပါ။ သားသမီးတွေလဲ ခက်ခက်ခဲခဲ ကြိုးစားကြ ရတာပါ။ မိဘအိမ်မှာ ပေါ့ပေါ့ပါးပါး နေခဲ့တဲ့ သူတွေက နိုင်ငံခြား ရောက်ပြီ ဆိုတာနဲ့ သံပတ် ပေးထားတဲ့ စက်ရုပ် တစ်ရုပ်လိုပဲ။ ကျောင်းတက် ပြီးရင် ၁ နာရီ ယန်း ၉ဝဝ ရတဲ့ အချိန်ပိုင်း အလုပ်လုပ်။ အိမ်ပြန် ရောက်ရင် ချက်ပြုတ် စားပြီး အိမ်စာလုပ်။ ည ၁၂ နာရီထိုးမှအိပ်။ မနက် ၅ နာရီထ။ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းတွေဆိုလဲ ဒီလိုပဲ။ Overtime ကို ည ၉ နာရီ၊ ၁ဝ နာရီ အထိလုပ်ရတာ။ အိမ်ပြန်ရောက်မှ ချက်ပြုတ်စား။ ညဥ့်နက်မှအိပ်။ မနက် ၇ နာရီ အလုပ်ဆင်း နိုင်ဖို့ ၅ နာရီလောက် ကထပြီး ပြင်ဆင်ရတာ။ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက် တွေမှာ နဂိုရာမြို့ မှာနေတဲ့သူက တိုကျို သွား၊ တိုကျိုမှာ နေတဲ့သူက နဂိုရာ လာ စသဖြင့် ဂျပန်နိုင်ငံ အနှံ့ လေ့လာရေး ခရီးဆက်ကြ ရပါတယ်။ ''ဘာလို့ အဲဒီလောက် လုပ်နေရတာတုန်း။ ပိတ်ရက်အိမ်မှာ နားပေါ့'' လို့ပြောစရာပါ။ ဒါပေမဲ့လဲ မနားနိုင်ပါဘူး။ တစ်သက်လုံး နေရမယ့် နေရာမဟုတ်လို့ ရောက်တဲ့အချိန် ရသလောက် ယူရမှာပါ။

ပြည်ပမှာ နေထိုင်ရင်း ရခဲ့တဲ့ အတွေ့အကြုံ တွေဟာ ငွေနဲ့ဝယ်လို့ မရတဲ့ အတွေ့အကြုံ ကောင်းတွေပါ။ ပိုက်ဆံရှိလို့ အလည်အပတ် သွားတာ၊ Sponsor ကောင်းလို့သွားတာ တွေနဲ့ မတူပါဘူး။ အလည်အပတ် သွားတယ် ဆိုတာကတော့ လမ်းတွေ ကောင်းတယ်။ တံတားတွေ ကောင်းတယ်။ သန့်ရှင်း သပ်ရပ်တယ်။ တိုက်ကြီးတွေ အမြင့်ကြီးပဲ ဆိုတဲ့ အပေါ်ယံ အမြင်တွေကို သိလိုက်ရမှာပါ။ ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ သူတို့ရဲ့ စိတ်ရင်း အမှန်ကိုတော့ နှစ်ရှည်လများ နေခဲ့တဲ့ သူတွေကသာ သိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပြည်ပမှာ ကျောင်းတက်ခဲ့ သူတွေ၊ အလုပ်လုပ်ခဲ့ သူတွေကို လစာ ကောင်းကောင်း ပေးပြီးပြည်တွင်း ကုမ္ပဏီတွေ က ခေါ်ယူ နေကြတာ ဖြစ်ပါတယ်။

ဂျပန်မှာနေခဲ့တဲ့ မိတ်ဆွေ တစ်ယောက်က သူ့ရဲ့ အဖြစ်အပျက် လေးကို ရင်ဖွင့်ပါတယ်။ ဂျပန် သွားရမယ် ဆိုတော့ အကျိုးဆောင်ကို အိမ်ဂရန် အပါအဝင် Deposit အနေနဲ့ ငွေကျပ်သိန်း ၅ဝ တင်ရတဲ့ အကြောင်း နောက် ဒေါ်လာ ၄၅ဝဝ ကန်တော့ရတဲ့ အကြောင်း ပြောပြပါတယ်။ စပေါ်သိန်း ငွေကျပ် ၅ဝ တင်ရုံနဲ့ မရဘဲ အိမ်ဂရန်တင် ရတာကတော့ ပြည်ပရောက်ရင် ထွက်ပြေးတတ်ကြ လို့ပါ။ အကျိုးဆောင် ကွဲလွဲချက်မှာ ပမာဏ ကွာခြားချက်လဲ ရှိနိုင်ပါတယ်။ ဒီ အခြေအနေထိ အကျိုးဆောင် ဘက်က ပြင်ဆင် ထားပေမယ့်လဲ ထွက်ပြေးတဲ့ ဖြစ်စဉ်တွေ ကတော့ ရှိနေဆဲပါပဲ။ ထွက်ပြေးတယ် (လုပ်ငန်း အပြောင်းအလဲ လုပ်ခြင်း) ဆိုတာကလဲ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပါတယ်။ လုပ်ငန်းတွင်း အဆင်မပြေမှု တွေက စတဲ့ပြဿနာ တွေပါ။ ဖြစ်ချင်တော့ ဂျပန်မှာ သုံးနှစ်နေတဲ့ ကာလမှာပဲ သူကတခြား ကုမ္ပဏီကို ပြောင်းရွှေ့ သွားခဲ့တာပါ။ အမှန်တော့ အပြောင်းအရွှေ့ လုပ်လို့မရတဲ့ အခြေအနေပါ။ အလုပ်ခေါ်တဲ့ ကုမ္ပဏီနဲ့ အဆင်မပြေတာ တွေရှိလို့ တခြားကို ထွက်သွား ခဲ့ပါတယ်။ ဒီတော့ ပြန်လာတဲ့ အချိန်မှာ သူ့အနေနဲ့ ပေးစရာတွေ ရှိနေသလို ရစရာတွေလဲ ရှိနေပါတယ်။

Deposit သိန်း ၅ဝ ကလဲ သူနဲ့ အကျိုးဆောင်နဲ့ Joint ထိုးပြီးအပ်ခဲ့တာမို့ ဘယ်သူမှ ထုတ်မရပါဘူး။ အိမ်ဂရန်လဲ ပြန်မရသေး ပါဘူး။ ဒေါ်လာ ၄၅ဝဝ ကတော့ ဂျပန်ကို သွားမယ့်သူ တွေက ဂါရဝကြေး ပေးရမယ် ဆိုတာ မသွားခင် ကတည်းက ပြောထားတာမို့ သူက ပေးရမှာပါ။ သို့သော် သူ့ဘက်က ဖြေရှင်းချက်က ''ကျွန်တော်ဂျပန်မှာ ကြုံခဲ့ရတဲ့ အခက်ခဲ တွေကို သူက အကျိုးဆောင် အနေနဲ့ဘာမှ ဆောင်ရွက် မပေးတဲ့အတွက် မပေးနိုင်ဘူး '' တဲ့။ တစ်ဖက်ကလဲ ငွေကျပ်သိန်း ၅ဝ နဲ့ ဘဏ်မှာ အပ်ထားခဲ့ တဲ့အတွက် အတိုး အပါအဝင် ကန်တော့ကြေး ဒေါ်လာ ၄၅ဝဝ ကို ရလိုကြောင်း တရားစွဲလိုက် ပါတယ်။ အကျိုးဆောင် ကတော့ သူလိုချင်တာ ရရင် အိမ်ဂရန် ပြန်ပေးမှာပါ။ တစ်ဖက်ကလဲ ''ပြည်ပမှာ ခံစားခဲ့ရတဲ့ အခက်အခဲတွေ ကနေ လွတ်မြောက် လာခဲ့ပြီ မှတ်တာ ပြည်တွင်းမှာ ဆက်ပြီး နောက်ဆက်တွဲ ဝေဒနာတွေ ခံစား နေရတယ်'' တဲ့။ အဖြေက အခုထိ မထွက်သေး ပါဘူး။ ရန်ကုန်မှာ ဖြစ်နေတဲ့၊ ဖြစ်နေဆဲ အမှုတစ်ခုပါ။

လေးနှစ်ကျော် ကြာခဲ့ပါပြီ။ ဒီအမှုတစ်ခုက ဘာကြောင့်များ ဒီလောက် ကြာနေရတာလဲ။ စဉ်းစားစရာပါ။ အလုပ်ရှင်၊ အလုပ်သမားကြား ဖြစ်တဲ့ ပြဿနာ၊ အကျိုးဆောင်နဲ့ အလုပ်သမားကြား က ပြဿနာဆိုတာ ထူးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ထူးဆန်းတာက လေးနှစ် ကျော် ကြာနေရတဲ့အကြောင်းပါ။

''ဆင်စီးမြင်းရံတာ မခံရသေးခင် ဆင်နင်းမြင်းကန်တာ ခံနေရပြီ'' တဲ့။

သူငယ်ချင်း ''ဒိုင်းဂျောဘုခ'' (အဆင်ပြေလား) လို့ မေးလိုက် ချင်ပါတယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ကျောင်းအခြေပြု မူကြိုများ ဖွင့်လှစ်နိုင်ရန် လိုအပ်သော မြေနေရာအဆောက်အအုံများ ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိ


ရန်ကုန် ၊ ၂၅-၂-၂ဝ၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ကျောင်းအခြေပြု မူကြိုများ ဖွင့်လှစ်နိုင်ရန် လိုအပ်သော မြေနေရာ အဆောက်အအုံများ ဖြည့်ဆည်းရန်နှင့် မူကြို ဆရာမများ အတည်ပြု ခန့်ထားနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခင်က မူကြိုကျောင်း များကို လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ယူ ဖွင့်လှစ်ခဲ့သော်လည်း ယခုပညာသင်နှစ် မှစတင်၍ ကျောင်းအခြေပြုမူ ကြိုကျောင်းများကို တရားဝင် အတည်ပြု ဖွင့်လှစ်နိုင်ရန် နှင့် လက်ရှိ တာဝန်
ထမ်းဆောင် နေသော မူကြိုဆရာမ များကို နိုင်ငံ့ဝန်ထမ်း အဖြစ် တရားဝင် အသိအမှတ် ပြုနိုင်ရန် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မူကြိုကျောင်း များကို ကျောင်းအခြေပြု မူကြိုအဖြစ် ဖွင့်လှစ်ရန် အတွက် အဆောက်အအုံနှင့် စာသင်ခန်း လိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရန်နှင့် ကျောင်းများတွင် မြေနေရာ အကျယ်အဝန်း၊ စာသင်ခန်း အလွတ် အရေအတွက်နှင့် မူကြို အရွယ်ကလေးများကို ပြုစုပျိုးထောင်ရေး တွင် ပံ့ပိုးပေးနိုင်သော အခြေအနေ များကို လေ့လာ ဆန်းစစ်ခြင်း များအား ယခုနှစ်တွင် အပြီးသတ် ဆောင်ရွက် ပြီး ၂ဝ၁၆ ပညာသင်နှစ်တွင် အခြေခံ ပညာကျောင်းများ၌ ကျောင်း အခြေပြု မူကြိုကျောင်းများ ဖွင့်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ကလေးများ၏ တတ်မြောက် နားလည်မှု ကို ဦးစားပေးနိုင်ရန် ဆရာဖြစ် သင်တန်းများ ပို့ချရာတွင် မူကြိုပညာရေး အတွက်လည်း သီးသန့်ပို့ချ ပေးမည်ဖြစ်ပြီး လက်ရှိ ဖွင့်လှစ်ထားသော ကျောင်းအခြေပြု မူကြိုကျောင်းများ တရားဝင် အတည်ပြုနိုင်ရန် နှင့် မူကြိုကျောင်း များမှ ဆရာမများကို တရားဝင် အသိအမှတ်ပြုပြီး လစာငွေများ ချီးမြှင့်ရန် တိုင်းဒေသကြီး နှင့် ပြည်နယ်အ လိုက် ဘတ်ဂျက်ငွေများ ခွဲဝေလျာထားပြီး ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

ခါးနာခြင်းအမျိုးမျိုးနှင့် ဆင်ခြင်စရာများ


ခါးနာခြင်းအမျိုးမျိုးနှင့် ဆင်ခြင်စရာများ

ကြည်လွင်မြင့်(မုဒြာ)

ခါးနာခြင်း အမျိုးမျိုးရှိရာ ဒဏ်ကြောင့်ဖြစ်သော ခါးနာရောဂါ၊ အထိုင်များ၍ ဖြစ်သော ခါးနာ၊ အလေးအပင် မရင်း ဖြစ်သောခါးနာ တို့ထက် အိပ်ရာကြောင့် ဖြစ်သောခါးနာ က ပို၍များလိမ့်မည် ထင်ပါသည်။

စာရေးသူ ကိုယ်တိုင် ငယ်စဉ်က ခါးနာဖူးသည်။ နာသည်မှ တစ်နှစ်ခန့် ကြာအောင် နာခဲ့သည်။ ကျောင်းတွင် ထိုင်တာကြာပြီး ပြန်ထလျှင် မနည်းထ ရသည်။ ကြာကြာထိုင် လျှင်လည်း ခါးဆက်ထဲမှ ပူပြီးနာလာသည်။ ခါးနာ၊ ခါးကိုက် ပျောက်ဆေး သောက်သည်။ ဘမ်းပရုတ်ဆီ လိမ်းသည်။ ခဏ သက်သာပြီးနောက် ပြန်နာသည်။

ခါးနာ ဖြစ်ရသည့် အကြောင်းအရင်းကို ပြန်စဉ်းစား ကြည့်သောအခါ ထိုခေတ်က အသုံးပြုလေ့ ရှိသော စပရင်မွေ့ရာ နှင့် အိပ်မိ သောကြောင့် ဖြစ်သည်။ ထို စပရင်မွေ့ရာမှာ အဟောင်း ဖြစ်သဖြင့် အားပျော့ပြီး အချို့နေရာ များတွင် ခွက်နေသည်။ အချို့နေရာတွင် ပေါက်ပြဲပြီး စပရင်အပြင်သို့ ကန်ထွက်နေသည်။ ပေါက်သည့် နေရာကို အပေါ်က ဂုံနီအိတ် အထူခင်းပြီး အိပ်သဖြင့် မွေ့ရာမှာ မြင့်သည့် နေရာတွင်မြင့်၊ ခွက်သည့် နေရာတွင်ခွက် ဖြစ်နေသည်။ စာရေးသူ ရန်ကုန် တက္ကသိုလ် တက်စဉ်က အဒေါ်တစ်ယောက် ၏နေအိမ်မှ တက်ခဲ့ခြင်း ဖြစ်သည်။ သူတို့အိမ်မှ ရှေးက သိမ်းထားသော မိဘများ လက်ထက်က မွေ့ရာကို စာရေးသူ အိပ်ရန် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ကျောင်းတစ်နှစ် ပြီး၍ နယ်မြို့လေးသို့ ပြန်သောအခါ ကိုယ့်အိမ်မှ အိပ်နေကျ အိပ်ရာနှင့် ပြန်အိပ်ရသည်။ စာရေးသူ၏ မိဘအိမ်က အိပ်ခန်းမှာ ခုတင်မရှိ၊ မွေ့ရာမရှိ၊ ကြမ်းပြင်တွင် သင်ဖြူးဖျာ ခင်းပြီး ခြင်ထောင်ထောင် အိပ်ရသည်။ ကျောင်းတက်ရင်း ရခဲ့သော ခါးနာသည် နယ်က အိမ်ရောက်ပြီး တစ်လခန့် ကြာသောအခါ အလိုလို သက်သာပြီး ပျောက်ကင်း သွားသည်။ ထိုအခါကျမှ စပရင်မွေ့ရာ ကြောင့် ဖြစ်သော ခါးနာဖြစ်ကြောင်း ကို သတိထား မိတော့သည်။

စပရင်မွေ့ရာ သာမဟုတ်၊ ကြာရှည် အသုံးပြု ထားသဖြင့် ခါးနေရာတွင် ခွက်ဝင်နေသော ဆိုဖာမွေ့ရာ၊ ဝါဂွမ်းမွေ့ရာ များဖြင့် အိပ်လျှင်လည်း ခါးနာနိုင် ပါသည်။ အိပ်ပျော်သော အခါ လူ၏ အလေးချိန် ဖိအားနှင့် ခါးမှာ မွေ့ရာအတွင်း ခွက်ဝင်သွား သောကြောင့် ဖြစ်သည်။

ခါးရိုးဆစ် ခုနစ်ဆစ် ရှိရာ အိပ်ရာ အနေအထား မမှန်လျှင် ခါးရိုး အဆစ်များပါ အနေအထား ပျက်ယွင်းပြီး ကြာလျှင် ကျီးပေါင်း တက်လာ နိုင်သည်။ ခါးရိုးဆစ်များ အတွင်းမှ အရွတ်ပြားများ အနေအထား ပျက်ယွင်းခြင်း၊ အပြင်သို့ ကန်ထွက်ခြင်း တို့ ဖြစ်နိုင်သည်။ ခါးရိုးဆစ် ကျီးပေါင်းတက်လျှင် ခါးရိုးဆစ် နံပါတ် (၄)နှင့် (၅) ကြားနှင့်၊ (၅) နှင့် (၆) ကြား အကြောညပ်လျှင် အနာကျင်ဆုံး ဖြစ်သည်။ အချို့မှာ မီးညောင့်ရိုးဆစ် အထက်တွင် မခံနိုင်အောင် နာတတ်သည်။ ထိုင်လျှင်လည်း နာ၊ ပက်လက်လှန် အိပ်လျှင်လည်း နာနှင့် ဘေးနှစ်ဖက်ကို တစ်လှည့်စီ စောင်းအိပ်မှ သက်သာလေ့ ရှိသည်။

ခါးနာကြာလျှင် ကုသမှု စနစ်တကျ မခံယူလျှင် အာရုံကြော ရောင်ပြီး ခြေတစ်ဖက်တွင် ကိုက်ခဲပြီး လမ်းကောင်းကောင်း မလျှောက်နိုင်သော ဝေဒနာ ခံစားရတတ်သည်။ ဆိုင်ယာတီကာ ဟု ခေါ်သော အာရုံကြောနှင့် ခါးဆစ်ကျီးပေါင်း ညပ်ပြီး ပေါင်တစ်လျှောက် ထုံဆင်းနာသော ရောဂါမှာ အလွန်ဆိုးသည်။ ဆိုင်ယက်တစ် နာဗ်ကြော ရောင်သော ရောဂါကြောင့် ခြေတစ်ဖက်ကို ခဲနှင့်ဆွဲပြီး အိပ်ရာထဲတွင် ရက်ရှည် အိပ်နေရတတ်သည်။ အချို့ ခါးကျီးပေါင်းနှင့် အာရုံကြော ညပ်သော ဝေဒနာသည်များမှာ ခဲဆွဲရုံနှင့် မရတော့သဖြင့် ခွဲစိတ်ကုသ ရတတ်သည်။ ခါးခွဲစိတ်ကုသ ခြင်းသည် စွန့်စားရပြီး အလွန် အန္တရာယ်များသည်။ အခန့်မသင့်၍ ခါးအောက် ကိုယ်တစ်ပိုင်း သေသွားသူများ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ခါးနာလျှင် ဖြစ်စကတည်းက ဂရုစိုက် ကုသသင့်သည်။ ခွဲစိတ်ကုသ ရသည့် အဆင့်ထိ ရောက်အောင် အချိန်မဆွဲ သင့်ပေ။

ခါးနာကုသရာတွင် Lumber attraction ခေါ် ခါးဆွဲကုသခြင်းဖြင့် ခါးနာသက်သာစေနိုင်သည်။ သို့သော် အမြဲတမ်းခဲဆွဲနေခြင်းသည်လည်း မကောင်းပေ။ ခါးရိုးဆစ်အားလုံးကို ဟသွားအောင်ဆွဲခြင်းဖြစ်သဖြင့် မလိုအပ်သော ခါးဆစ်များနှင့် အရွတ်ကြော၊ ဆိုင်းကြော၊ ခုတုံးများမှာ ဒဏ်ဖြစ်ပြီး ခါးနှင့်အောက်ပိုင်း အားပျော့သွားစေ နိုင်သည်ကို သတိပြုရန် လိုအပ်သည်။ အိပ်ရာကြောင့် ခါးနာခြင်း ဟုတ် - မဟုတ်ကို နံနက် အိပ်ရာထလျှင် သိနိုင်သည်။ 

တစ်ချိန်က စာရေးသူ၏ ဖခင်ကြီး ခါးနာဖူးသည်။ နံနက် အိပ်ရာထလျှင် ထူပေးဖို့ လူအကူကို အော်ခေါ် ရသည်။ နေ့လယ် နေ့ခင်း အကောင်း၊ ကြာတော့ ထူပေးရသူ များကို အားနာသဖြင့် အိပ်ရာဘေး နံရံအမြင့်မှ ကြိုးတစ်ချောင်း ချထားသည်။ နံနက်လင်းလျှင် ယင်းကြိုးကို ဆွဲယူပြီး အိပ်ရာမှထသည်။ စာရေးသူ ဖခင်၏ မွေ့ယာကို အထူမှအပါးသို့ ပြောင်းလိုက်သည်။ ထို့အပြင် မွေ့ရာအရွယ် သုံးထပ်သား အပါးတစ်ချပ်ကို အိပ်ရာ ပေါ်တွင်တင်၊ ထိုအပေါ်မှ စောင်တစ်ထည် ခင်းပြီး အိပ်စေသည်။ ခါးနာမှာ တဖြည်းဖြည်း သက်သာလာပြီး နောက်ပိုင်းတွင် ပျောက်ကင်း သွားသည်။

အသက်ကြီး သူများတွင် ခါးရိုးဆစ်များကို ဓာတ်မှန် ရိုက်ကြည့်လျှင် ကျီးပေါင်းတက် နေသည်ကို တွေ့ရမြဲ ဖြစ်သည်။ သစ်ပင်များ အသက်ရင့် လာလျှင် အခေါက်ထူပြီး အပွေးတက် လာသကဲ့သို့ ဖြစ်သည်။ အဆန်း မဟုတ်ပါ။ 

ကျီးပေါင်းရှိသော အဆစ်နှင့် ခါးအာရုံကြောများ မညပ်မိစေ ရန်သာ အိပ်ယာမှအစ ဂရုစိုက်ပေးရန် ဖြစ်သည်။ မမာလွန်း၊ မပျော့လွန်းသော မွေ့ယာမျိုးဖြင့်သာ လူကြီးများကို အိပ်စေ သင့်သည်။ ပက်လက် ကုလားထိုင်ကြောင့် ဖြစ်သောခါးနာ ခေါက်၍ ဆန့်၍ ရသော ပတ္တူဖျင်ဖြင့် ပြုလုပ်ထားသော ထိုင်ခုံများကို ပက်လက် ကုလားထိုင်ဟု ခေါ်ကြသည်။ ကုလားထိုင် ဟူသော ဝေါဟာရမှာ အင်္ဂလိပ်ခေတ် က ပေါ်လာခဲ့ခြင်း ဖြစ်ပုံရသည်။ မြန်မာများက အင်္ဂလိပ်များကို ကုလား ဟု ခေါ်ခဲ့ကြသည်။ သူတို့ထိုင်သော ထိုင်ခုံများကို ကုလားထိုင်ဟု ခေါ်ခဲ့ကြပုံ ရသည်။

စာရေးသူ၏ ညီငယ်တစ်ဦးမှာ ငယ်ငယ်ရွယ်ရွယ် နှင့် ခါးနာဖူးသည်။ သူ့အကျင့်မှာ နေအိမ် အနောက်ဘက် သစ်ပင် အရိပ်ကောင်းသော နေရာတွင် ပက်လက် ကုလားထိုင်နှင့် စာကျက်လေ့ ရှိသည်။ တစ်ခါတရံ သူသည် 

စာကျက်နေရင်း အိပ်ပျော်သွားလေ့ ရှိသည်။ စာမေးပွဲကြီး နီးချိန်တွင် သူ့မှာ ခါးနာရောဂါ စွဲကပ်နေပြီး ဝမ်းလျားမှောက်ပြီး ခါးကို အနင်းခံသည်။ ပရုပ်ဆီများ လိမ်းသည်။ မသက်သာ။ နောက်ဆုံး ပက်လက် ကုလားထိုင်နှင့် စာမကျက် တော့မှ သက်သာသွားသည်။ သူသည် ယခုအခါ မေ့ဆေး ဆရာဝန်ကြီး ဖြစ်နေပြီ ဖြစ်သည်။

စာရေးသူ၏ ဖခင်မှာလည်း တစ်ခါက ပက်လက် ကုလားထိုင် ဖျင်ပြဲပြီး ကျွံကျသဖြင့် ခါးနာဖူးသည်။ ပြတ်ကျရုံမျှ မက ကုလားထိုင် တန်းများက ခေါက်ပြီး ဦးခေါင်း နောက်စေ့သို့ ရိုက်မိသဖြင့် ဦးခေါင်းတွင်ပါ ဒဏ်ရာ ရလေသည်။ 

ခါးတွင်ရသော ဒဏ်ရာမှာ အရိုးဖုသွားပြီး ကျီးပေါင်းတက် နေသဖြင့် ခါးမတ်၍ မရသည်မှာ ယခုတိုင် ဖြစ်သည်။ ဖျင် ကုလားထိုင် မဟုတ်သော်လည်း ဝါးဖြင့် ပြုလုပ်သော ပက်လက် ကုလားထိုင်၊ ကြိမ်ဖြင့် ပြုလုပ်သော ပက်လက် ကုလားထိုင်၊ နောက်ဆုံး ခေတ်ပေါ် Dream bed ဖြင့် အိပ်သူများ မှာလည်း ခါးနာသည်ကို မကြာခဏ တွေ့ရသည်။ ဝါးဖြင့်ပြုလုပ်သော ခေါင်းတင်တန်း ပါသည့် ကုလားထိုင် များဖြင့် အိပ်ပျော်သူ များမှာ ခါးသာမက ဇက်ကျီးပေါင်း တက်ခြင်းပါ ဖြစ်နိုင်သည်။ မကြာခဏ ခေါင်းမူးသူ တစ်ဦးကို တွေ့ဖူးသည်။ သူသည် ဇက်ကြောတက် သက်သာစေရန် ဝါးကုလားထိုင် ဝယ်ပြီး ဇက်တင် အိပ်ရာမှ ကျီးပေါင်းတက်ပြီး မူးလာခြင်း ဖြစ်လေသည်။

အနှိပ်သည် ဖုကြောင့်ဖြစ်သော ခါးနာ ရှေးလူကြီးများသည် 'အနှိပ်သည်ဖု' ခေါ် သစ်သားဖုလုံး နှစ်ခုကို တစ်လက်မခန့် အကွာထားသည့် ပွတ်လုံးဖြင့် ဇက်ရင်းတွင်ထား၍ အိပ်ခြင်း၊ ခါးဆစ်တွင်ခု၍ အိပ်ခြင်းကို ပြုလုပ်လေ့ ရှိကြသည်။ သီလရှင် စာသင်တိုက်မှ ဆရာကြီး တစ်ပါးခါးနာ၍ ကုသပေးရ ဖူးသည်။ ခြေတစ်ဖက်ကို ဆန့်ထား၍မရ၊ ကွေးထားရသည်။ ဆွဲဆန့်လျှင် နာ၍ အော်ရသည်။ လမ်းမလျှောက်နိုင်၊ ပွေ့ယူ လာရသည်။ ထို သီလရှင် ဆရာကြီးသည် အနှိပ်သည်ဖုကို ခါးအောက် ခုထားရင်း အိပ်ပျော်သွားရာမှ တစ်နာရီခန့် အကြာတွင် ခါးထဲမှပူပြီး နိုးလာသည်ဟု ဆိုသည်။ ထို့နောက် ခြေတစ်ဖက် တွင်ပါ ကျဉ်ထုံပြီး ကိုက်ခဲလာသည်။ သူသည် အနှိပ်သည် ဖုကြောင့် ခါးအာရုံကြော ညပ်သော ရောဂါဝေဒနာ ရခဲ့ခြင်း ဖြစ်သည်။ အနှိပ်သည်ဖု ခံပြီး အိပ်ပျော်သွားရာမှ ဒုက္ခရောက်သူများစွာ ရှိသဖြင့် အထူး သတိပြု သင့်သည်။

အနှိပ်သည်ဖု ကို ရှေးက မည်သူက တီထွင်ခဲ့သည်ကို မသိရသော်လည်း ဘုရားစောင်းတန်း ဈေးသည်များ၊ ပန်းပုဆိုင် များတွင် အများအပြား ရောင်းချသည်ကို တွေ့ရသည်။ တုတ်နှစ်ချောင်းကို သစ်သားဝက်အူရစ်ဖြင့် လှည့်ညှစ်သော အနှိပ်ကိရိယာ များလည်း ရောင်းနေသည်ကို တွေ့ရသည်။ ပေါင်ကိုက်သည်ကို ၎င်း တုတ်နှစ်ချောင်းနှင့် အချိန်ကြာမြင့် စွာ ညှစ်ထား မိသဖြင့် ပေါင်တွင်း သွေးလွှတ် ကြောမကြီး ပိတ်သွားကာ ခြေ တစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရသူ ရှိသည်ဟု ဆရာဝန်ကြီး တစ်ဦးက ပြောပြဖူးသည်။

အရပ်သုံး လက်ဖြစ် အနှိပ်ကိရိယာ များသည် အန္တရာယ် ရှိသည်။ အမှုမဲ့အမှတ်မဲ့ သုံးစွဲရာမှ အကြောညပ်ခြင်း၊ အဆစ်လွဲခြင်း၊ သွေးကြော ပိတ်ခြင်း၊ သွေးကြော ပေါက်ခြင်း၊ အာရုံကြော ရောင်ခြင်း၊ ဒဏ်ဖြစ်ခြင်း တို့ ဖြစ်နိုင်သည်။ လက်တဲ့စမ်း မသုံးသင့်ပါ။ အိပ်စက်ခြင်းနှင့် အနားယူခြင်း သည် လူတို့နေ့စဉ် ပြုရသော အမှုဖြစ်သည်။ အိပ်ရာ အနေအထား မသင့်တော်၍ ဖြစ်ရသော ခါးနာရောဂါ၊ ကျီးပေါင်းတက် ရောဂါ၊ ပက်လက် ကုလားထိုင်နှင့် အိပ်ခြင်းကြောင့် ဖြစ်သော ခါးနာဝေဒနာ၊ လက်လုပ် အနှိပ်ကိရိယာ တို့ကြောင့်ဖြစ်သော ခါးနာ၊ အာရုံကြောညပ် ဝေဒနာများမှာ မြန်မာလူမျိုး တို့တွင် အဖြစ်များ သောကြောင့် သတိပြု ဆင်ခြင်နိုင်ကြ စေရန် ရေးသား တင်ပြလိုက်ရ ပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger