www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label တားမြစ်ချက်. Show all posts
Showing posts with label တားမြစ်ချက်. Show all posts

Wednesday, September 20, 2017

မြစ်ကြီးနားမြို့တွင် ဗြောက်အိုးနှင့် မီးရှူးမီးပန်းများ သိုလှောင်ရောင်းချခြင်း၊ ပစ်ပေါက်ခြင်းများ မပြုလုပ်ရန် တားမြစ်ချက် ထုတ်ပြန်သွားမည်



မြစ်ကြီးနား ၂၀-၉-၂၀၁၇

ဗြောက်အိုးနှင့် မီးရှူးမီးပန်းများ သိုလှောင်ရောင်းချ ဖြန့်ဖြူးခြင်း၊ ပစ်ပေါက်ခြင်းများ မပြုလုပ်ရန်အတွက် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်ချက်ထုတ်ပြန် သွားမည်ဟု အဆိုပါဌာနမှ သိရသည်။

ယခုနှစ် သီတင်းကျွတ်နှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်များတွင် မြစ်ကြီးနားမြို့နယ် အတွင်း၌ ဗြောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရပြီး ပြည်သူများ အထိတ်တလန့် ဖြစ်စေနိုင်သည့် အပြင် အဖျက်အမှောက်လုပ်ရပ်များ ဖြစ်ပွားပေါ်ပေါက်လာခြင်း မရှိစေရေးအတွက် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်ချက်ထုတ်ပြန်နိုင်ရန် စက်တင်ဘာ ၅ရက်က အထက်ဌာနအဆင့်ဆင့်သို့ တင်ပြထားပြီး ခွင့်ပြုချက်ရရှိသည်နှင့် တားမြစ်ချက်ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

"အရင်နှစ်တွေကအတိုင်း ထုတ်ပြန်မှာပါ။ နှစ်တိုင်းလဲထုတ်ပြန်နေကျပဲ။ တားမြစ်ချက်ထုတ်ပြန်ဖို့ အထက်ကို တင်ပြထားပြီးပါပြီ။ ဒီအပတ်ထဲမှာ ထုတ်ပြန်နိုင်ပါလိမ့်မယ်"ဟု မြစ်ကြီးနားမြို့နယ်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထက်အောင်က ပြောပြသည်။

ယခုအချိန်၌ သီတင်းကျွတ်နှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် နီးကပ်လာပြီ ဖြစ်သောကြောင့် အုပ်ချုပ်ရေးအပိုင်းမှ တားမြစ်မိန့် မထုတ်ပြန်သေးသော်လည်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ နယ်စပ်ဒေသအဝင် ဂိတ်ပေါက်များ ရှိရဲတပ်ဖွဲ့များထံသို့ အဆိုပါ ဗြောက်အိုးများ၊ မီးရှူးမီးပန်းများကို သတိထားရှာဖွေကာ တတ်နိုင်သမျှ ပြည်နယ်တွင်းသို့ မဝင်လာစေရေးအတွက် သတိပေးအကြောင်းကြား စာများပေးပို့ညွှန်ကြား ထားပြီးဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ပုံမှန်ဆိုရင် သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလ နီးတဲ့အခါဆိုရင် သက်ဆိုင်ရာအုပ်ချုပ်ရေး ကနေပြီး ဒေသန္တရတားမြစ်မိန့် ထုတ်ပြန်ပေးတယ်။ အဲဒီလိုတားမြစ် မိန့်ထုတ်ပြန်ပြီးမှပဲ လိုက်လံရှာဖွေစစ်ဆေး ပြီးတော့မှ အရေး ယူတယ်။ အဓိကတော့ ရောင်းချတဲ့သူတွေကိုပါ။ အခုတော့ သူတို့အုပ်ချုပ်ရေးက ဒေသန္တရတားမြစ်မိန့်ထုတ်ဖို့ လုပ်နေတယ်လို့ သိရပါတယ်" ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

Thursday, January 12, 2017

အင်းဝမြို့ရှိ နန်းမြင့်မျှော်စင်ကြီး ကို ပြန်လည်ပြုပြင်ပြီးသော်လည်း အပေါ်သို့ တက်ခွင့်ပြုတော့မည် မဟုတ်



တံတားဦး ၊ ၁၂-၁-၂၀၁၇

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ငွေဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းထားပြီးသော အင်းဝမြို့ရှိ နန်းမြင့်မျှော်စင် ကြီးကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်ပြီး သော်လည်း နန်းမြင့် မျှော်စင်ကြီး ရေရှည် တည်တံ့ရေး နှင့် လာရောက်ကြည့်ရှု လေ့လာကြသော ပြည်တွင်း၊ ပြည်ပခရီးသွား များ အန္တရာယ်ကင်း စေရန်အတွက် တက်ရောက် ကြည့်ရှုခွင့် ပြုတော့မည် မဟုတ်ကြောင်း အင်းဝ ရှေးဟောင်း သုတေသနနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''မျှော်စင်ကြီးက ၁၂ဝဝ ပြည့်နှစ် ငလျင်ကြောင့် ယိမ်းယိုင်သွား ခဲ့ပါတယ်။ ခုဆိုရင် နှစ်က တော်တော် ကြာပါပြီ။ ရှေးဟောင်း သုတေသန ဌာနက ပြုပြင် ထိန်းသိမ်းမှု များကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ ပါတယ်။ အခုလဲ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်ငွေနဲ့ ပြုပြင် ထိန်းသိမ်းခဲ့ ပါတယ်။ ဒါပေမဲ့ အရင်တုန်း ကလို မျှော်စင်ကြီးပေါ် တက်ရောက် ကြည့်ရှုခွင့်မပြု တော့ပါဘူး။ ဘာလို့လဲဆိုတော့  မျှော်စင်ကြီးရဲ့ သက်တမ်းက ရှည်ကြာလာတော့ ဧည့်သည်တွေ အများကြီး တက်ကြည့်တဲ့ အခါမှာ မျှော်စင်ကြီးရဲ့ ရေရှည် တည်တံ့မှုကို ထိခိုက် လာနိုင်ပါတယ်။ ဒါကြောင့် မျှော်စင်ကြီး ရေရှည်တည်တံ့ဖို့ အတွက် တက်ရောက် ကြည့်ရှုခွင့် ကိုမပြုတော့ပါ။ နောက်တစ်ခုက သက်တမ်းကြာပြီး ယိမ်းယိုင် နေတဲ့ မျှော်စင်ကြီးပေါ် တက်ကြည့်တဲ့ အခါ မျှော်စင် အဆောက်အအုံ ပိုင်းတွေမှာ မတော်တဆ ထိခိုက် ပျက်စီးမှုတွေ ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့်လဲ အပေါ်တက်ခွင့် မပြုတော့ တာပါ'' ဟု အင်းဝပြတိုက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အင်းဝမြို့ရှိ နန်းမြင့်မျှော်စင် ကြီးသည် ဘကြီးတော် စစ်ကိုင်းမင်း လက်ထက် က တည်ဆောက် ခဲ့သော ကုန်းဘောင်ခေတ်လယ် လက်ရာ  မျှော်စင်ကြီး တစ်ခုဖြစ်သည်။ မျှော်စင်ကြီး ပေါ်သို့ တက်ရောက် ခွင့်မပြုသည့် ဆိုင်းဘုတ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေး၍ မျှော်စင်ကြီး ရှေ့တွင် ဆိုက်ထူ ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

Wednesday, December 28, 2016

သတ်မှတ်စည်းကမ်းနှင့် မညီသော ဆေးဆိုင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်



မန္တလေး ၊ ၂၈-၁၂-၂၀၁၆

မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာ ( မန္တလေးရုံးခွဲ ) ( Food and Drug Administration - FDA )မှ တိုင်းဒေသကြီး အတွင်းရှိ ဆေးဆိုင်များအား သတ်မှတ် စည်းကမ်း ချက်များနှင့် ညီမညီ လိုက်လံစစ်ဆေးလျှက် ရှိရာ ယခင်က တွေ့ရှိပါက ဝန်ခံကတိ လက်မှတ် သာလျှင် ထိုးစေ၍ ဆောင်ရွက်ခဲ့ သော်လည်း ယခုနောက်ပိုင်းတွင် စည်းကမ်း သတ်မှတ်ချက် များနှင့် မညီသော ဆိုင်များတွေ့ရှိပါက ဥပဒေနှင့် အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာ ( မန္တလေးရုံးခွဲ ) မှသိရသည်။

၂၀၁၆ ခုနှစ် မေလ ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဆေးဆိုင် ၉၂ ဆိုင်အား လိုက်လံစစ် ဆေးရာ ဆေးဆိုင်ပေါင်း ၉၀ သည် သက်တမ်းလွန် ဆေးဝါးများ ရောင်းချလျှက် ရှိသောကြောင့် ဆေးဝါးများ သိမ်းဆည်းခြင်း နှင့် ခံဝန်ကတိ လက်မှတ် ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့ရ ကြောင်းနှင့် ထပ်မံ၍ နိုင်ဝင်ဘာလတွင် မန္တလေးမြို့ရှိ ဆေးဆိုင် ကိုးဆိုင်အား လိုက်လံစစ်ဆေးရာ အားလုံးသည့် သတ်မှတ် စည်းကမ်းနှင့် မညီမှုများ တွေ့ရှိရ၍ အဆိုပါဆေးဆိုင် များကို အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် လိုင်စင်ရုပ်သိမ်းခြင်း၊ လိုင်စင်အပြီး ရုပ်သိမ်းခြင်း၊ အမျိုးသား ဆေးဝါး ဥပဒေ အရ တရားစွဲဆိုခြင်း တို့ကို ပြုလုပ်နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

“ တိုင်းဒေသကြီး အတွင်းမှာ ဆေးဆိုင်ပေါင်း ၇၀၀ ကျော် ရှိပါတယ်။ ဒီနှစ်မတ်လ တုန်းက ရက် ၁၀၀ စီမံချက်နဲ့ ဆေးဆိုင် ၉၂ ဆိုင်လိုက်စစ်တာ စည်းကမ်းချက်နဲ့ မညီတာ ဆိုင် ၉၀ တွေ့ပါတယ်၊ ဝန်ခံကတိပဲ ထိုးခိုင်းခဲ့ပါတယ်။ အခု နိုဝင်ဘာလက စပြီး ဆေးဆိုင်တွေကို စစ်ဆေးမှုတွေ ထပ်လုပ်နေပါပြီး အခု ကိုးဆိုင်စစ်တာ ကိုး ဆိုင်လုံး စည်းကမ်းချက်နဲ့ မညီပါဘူး။ အခု သူ့ပြစ်မှုအလိုက် အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါပြီ ” ဟု မန္တလေးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာ ( မန္တလေးရုံးခွဲ ) မှ ဆေးဝါး နှင့်ပတ်သက်၍ စစ်ဆေးမှု တာဝန်ခံ ဒေါက်တာ အောင်ကျော်မင်း က ပြောပြသည်။

အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဆေးဆိုင်များကို လိုက်လံ စစ်ဆေးရာတွင် မှတ်ပုံတင် ထားခြင်း ရှိ မရှိ၊ မှတ်ပုံတင် ခေတ္တရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ၊ပယ်ဖျက်ခြင်း ပြုလုပ်ထားသော ဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ ပျက်စီးဆေးဝါး၊ ရောနှောဆေးဝါး များ၊ ဘေးဥပဒ် ဖြစ်စေနိုင်သည့် ဆေးဝါးများဖြင့် ဖော်စပ် ထုတ်လုပ်ထားသော ဆေးဝါးများ၊ ဘေးအန္တရာယ် ဖြစ်စေသည့် ဆေးဝါးများ စသည့် အချက်များ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများနှင့် မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင်အမှတ် ပါရှိခြင်း ရှိမရှိ စသည့် အချက်များကို အဓိကထား စစ်ဆေးကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် လူထုနှင့် ဆေးဝါးထုတ်လုပ် ရောင်းချသူများ အကြားတွင် တာဝန်ယူ ဆောင်ရွက်ရသော အဖွဲ့အစည်း ဖြစ်သောကြောင့် ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးရောင်းချသူ များအနေဖြင့် ပြည်သူလူထု ဘေးအန္တရာယ် မဖြစ်စေရန် ပြည်သူလူထုအပေါ်တွင် အမှန်တကယ် စေတနာထား၍ ထုတ်လုပ်ကြရန်နှင့် ဝယ်ယူသုံးစွဲသူ ပြည်သူများ အနေဖြင့် FDA မှ ထုတ်ပြန်ထားသော သတ်မှတ်ထားသော စည်းကမ်းချက်များ ၊ သတင်း အချက်အလက် များနှင့် ဗဟုသုတများ ကိုလိုက်နာ ကျင့်သုးံပြီး ဝယ်ယူ သုံးဆွဲမည်ဆိုလျင် အနာဂတ်အတွက် ကောင်းမွန်သည့် ဆေးဝါးများ ပိုမိုသုံးစွဲနိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာ ( မန္တလေးရုံးခွဲ ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော် ကပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Tuesday, December 27, 2016

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း စီးပွားရေးအရ ဓာတ်ပုံ ၊ ဗီဒီယို ၊ ရုပ်ရှင်ရိုက်ကူးမှုများအတွက် တရားဝင်ခွင့်ပြုချက် တောင်းခံရမည်



ရန်ကုန် ၊ ၂၇-၁၂-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း စီးပွားရေးအရ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ရုပ်ရှင်ရိုက်ကူးမှုများ အတွက် တရားဝင် ခွင့်ပြုချက် တောင်းခံကာ ဓာတ်ပုံရိုက်ကူးမှု အတွက် ငွေကျပ် တစ်သိန်း၊ ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးမှု အတွက် ငွေကျပ်ငါးသိန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စီးပွားရေးအရ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးခြင်း များအတွက် အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ခွင့်ပြုချက် တောင်းခံကာ တရားဝင် ခွင့်ပြုချက် ရရှိမှသာ ရိုက်ကူးကြရမည် ဖြစ်သည်။

ယခုအခါ ပုဂံ ယဉ်ကျေးမှု နယ်မြေသို့ ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု တိုးတက်များပြား လာခဲ့သည်။ ထိုသို့ ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု တိုးတက်များပြား လာသည်နှင့် အတူ အချို့သော ခရီးသွားများမှာ ပုဂံယဉ်ကျေးမှု နယ်မြေနှင့် စေတီပုထိုး များတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသော ပြုမူ နေထိုင်မှုများ၊ ဓာတ်ပုံ ဗီဒီယို ရိုက်ကူးမှုများကို ပြုလုပ်လာခဲ့ ကြသည်။

ထို့ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီပုထိုး များတွင် မြန်မာ့ယဉ်ကျေးမှု နှင့် သင့်လျော်ခြင်း မရှိသည့် ဓာတ်ပုံ ၊ ဗီဒီယိုနှင့် ရုပ်ရှင်ရိုက်ကူးမှု များကို သာသနာတော် ညှိုးနွမ်းစေမှုနှင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ အသိပေး နှိုးဆော်ချက် ထုတ်ပြန်ပြီး နောက်ပိုင်း စီးပွားရေးအရ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ရုပ်ရှင် ရိုက်ကူးမှုများ အတွက် အသိပေးချက်များ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Friday, December 23, 2016

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးအတွက် သတိပေးချက်များ ထားရှိသွားမည်



မန္တလေး ၊ ၂၃-၁၂-၂၀၁၆

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှုအဖြစ် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အုံ တည်ရှိရာဇုန်၊ ရှေးဟောင်းနေရာ တည်ရှိရာဇုန် နှင့် ကာကွယ်ထိန်းသိမ်း ထားသောဇုန် များတွင် ပြည်သူများသိရှိ လိုက်နာနိုင်စေရန် သတိပေး နှိုးဆော်ချက်များ ချိတ်ဆွဲထားရှိ သွားမည်ဖြစ်ကြောင်း ရှေးဟောင်း ယဉ်ကျေးမှုနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း ထံမှ သိရသည်။

''ရည်ရွယ်ချက်ကတော့ ရှေးဟောင်း ယဉ်ကျေးမှုတွေ ကာကွယ်ထိန်းသိမ်းတဲ့ လုပ်ငန်းမှာ ပြည်သူတွေ အားလုံးလဲ ပူးပေါင်းပါဝင် လာဖို့ အသိပေးတဲ့ အနေနဲ့ လိုက်နာရမယ့် အချက်တွေကို ဗီနိုင်းတွေနဲ့ ရေးသားပြီး ဒီဇင်ဘာ နောက်ဆုံးပတ်မှာ အပြီးချိတ်ဆွဲ ထားရှိသွားမှာပါ '' ဟု ၄င်းက ပြောပြသည်။

အဆိုပါ သတိပေး နှိုးဆော်ချက်တွင် ဝတ်ပြုကြည်ညို နေသူများ၊ တရားထိုင် နေသူများအား အနှောင့်အယှက် ဖြစ်စေမည့် အော်ဟစ်ဆူညံခြင်း၊ ကျယ်လောင်စွာ ပြောဆိုခြင်း မပြုလုပ်ရန်၊ ရှေးဟောင်း အဆောက်အအုံ များအတွင်းရှိ နံရံဆေးရေး ပန်းချီများကို ပွတ်သတ် ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ Flash မီးဖြင့်ဖြစ်စေ မီးမပါဘဲ ဖြစ်စေဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ခြင်း မလုပ်ရန်၊ အဂါဝရ ဖြစ်စေမည့်ုဘုရားဆင်းတု တော်များနှင့် တွဲဖက်၍ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်း၊ ဘုရား ဆင်းတုတော် များဘက်သို့ ခြေဖြင့်ကန်ခြင်း မပြုရန်၊ ဆင်းတုတော်နှင့် ကိုးကွယ်မှုဆိုင်ရာ ပုံတော်များအား ခန္ဓာကိုယ်တွင် ဆေးမင်ကြောင်၊ တတ်တူးထိုးခြင်း မပြုရန်ဟူ၍ပါရှိသည်။

ထို့ပြင် စေတီရံများနှင့် ပစ္စယံအဆင့်များ၊ ဘုရား၊ ပလ္လင်များပေါ် တက်ရောက်ခြင်း၊ အိပ်စက်ခြင်း မပြုလုပ်ရန်၊ ဘုရား ဆင်းတုတော် အပါအဝင် ရှေးဟောင်း ပစ္စည်းများအား ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်စီးစေရန် ပြုမူခြင်း၊ ခိုးဝှက်၍ တရားမဝင် မှောင်ခို ရောင်းချခြင်းများ မပြုရန်၊ ရှေးဟောင်း အဆောက်အအုံ များတွင် မဖွယ်မရာပြုမူ နေထိုင်ခြင်း၊ စာများ၊ ရုပ်ပုံများ ရေးသားခြင်း၊ မီးအသုံးပြု၍ ချက်ပြုတ် စားသောက်ခြင်း၊ အညစ်အကြေးများ စွန့်ပစ်ခြင်းနှင့် အမှိုက်များ စွန့်ပစ်ခြင်း ကို မပြုလုပ်ရန် ဟူသောအချက် ၁ဝ ချက်ပါစာတန်း များကို ရေးသား ချိတ်ဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Sunday, December 11, 2016

ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ ဒဏ်ငွေချမှတ် ပုဒ်မ ၁၄၄ အား ထပ်မံပြင်ဆင်ထုတ်ပြန်


နေပြည်တော် ၊ ၁၁-၁၂-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၈ ရက်ညက လုံခြုံရေးကင်း လှည့်လည် ဆောင်ရွက်စဉ် မြို့မအရှေ့ ရပ်ကွက် မင်းဘာကြီး လမ်းပေါ်၌ မြို့မအနောက် ရပ်ကွက်နေသူ ကျော်မျိုးလွင် ပါ လေးဦးတို့အား ည ၉ နာရီ မိနစ် ၅ဝ တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျော်မျိုးလွင် ပါလေးဦးသည် ညမထွက်ရ အမိန့်အား ဖောက်ဖျက် ကျူးလွန်သဖြင့် မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ တစ်ဦးလျှင် ဒဏ်ငွေ ၂ဝဝဝဝ ကျပ်စီ အမိန့်ချမှတ် ခဲ့သည်။

မောင်တောမြို့နယ် နှင့် ဘူးသီးတောင် မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့(ကျီးကန်းပြင်)၊ ငါးခူရ နယ်မြေရုံး၊ ကိုးတန်ကောက် ရဲကင်းစခန်း တို့အား အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မောင်တောခရိုင် အတွင်း ဒေသပိုမို တည်ငြိမ် အေးချမ်းရေး အတွက် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသော လူများစုဝေးခြင်း မပြုရန်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ဒီဇင်ဘာ ၉ ရက်မှစ၍ နှစ်လပြည့် မြောက်သည့် နေ့အထိ ရာဇဝတ် ကျင့်ထုံးပုဒ်မ ၁၄၄ အရ ထပ်မံ၍ ပြင်ဆင် ထုတ်ပြန် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Monday, November 28, 2016

မွန်ပြည်နယ်၌ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများတွင် နိုင်ငံခြားသားများအား တရားမ၀င် တင်ဆောင်ပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်



မော်လမြိုင် ၊ ၂၈-၁၁-၂၀၁၆

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ အတွင်း မွန်ပြည်နယ် အတွင်းသို့ တရားမဝင် ရောက်ရှိလာသည့် နိုင်ငံခြားသား များကို ဖမ်းဆီး ရမိခြင်းကြောင့် နောက်ပိုင်းတွင် ယင်းကဲ့ သို့ ထပ်မံဝင်ရောက် လာမှု မဖြစ်ပေါ်စေရန်မော်တော်ယာဉ် လိုင်းများ၌ နိုင်ငံခြားသား များအား တရားမဝင် တင်ဆောင် လာခြင်းကို စစ်ဆေး တွေ့ရှိပါက ဒီဇင်ဘာလဆန်း ပိုင်းမှစပြီး ယာဉ်လုပ်ငန်း လိုင်စင် ပိတ်သိမ်း သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''နိုင်ငံသား တစ်ယောက်က တခြားနိုင်ငံ တစ်နိုင်ငံကို သွားမယ်ဆိုရင် ပတ်စ်ပို့တို့၊ ဗီဇာ တို့ပါရမယ်။ ဘာမှမပါရင် တရားမဝင် နိုင်ငံသား ဖြစ်သွားမယ်။ အဲဒါကို လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အက်ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်။ ဒါ့အပြင် မော်တော်ယာဉ် တွေမှာ တရားမဝင် နိုင်ငံခြားသားတွေ တင်ဆောင် လာတာကို တွေ့ရင် လုပ်ငန်းလိုင်စင် ပိတ်သိမ်းမှာ ဖြစ်ပြီး လက်မှတ် ရောင်းချသူ၊ ဂိတ်တာဝန်ခံ တွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အားလုံးကို အရေးယူ သွားမှာပါ '' ဟု ၄င်းက ဆက်လက် ပြောသည်။

ယင်းကဲ့သို့ အရေးယူရာတွင် မော်တော်ယာဉ် လုပ်ငန်းလိုင်စင် ကို သုံးလအထိ ပိတ်သိမ်းသွားမည် ဖြစ်ပြီး မော်တော်ယာဉ် လက်မှတ် ရောင်းချရာတွင် မှတ်ပုံတင်ဖြင့် တိုက်ဆိုင် စစ်ဆေးပြီး ရောင်းချရမည် ဖြစ်သည်။ မွန်ပြည်နယ် အတွင်းသို့ တရားမဝင် ရောက်ရှိလာသော နိုင်ငံခြားသားများ ဝင်ရောက်မှု မရှိစေရန် မော်တော်ယာဉ် လိုင်းများ အပါအဝင် တည်းခိုခန်းများ၊ ဟိုတယ်များ၊ မိမိတို့၏ နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ များ၌ တရားမဝင် လာရောက်သည့် နိုင်ငံခြား သား များကို တွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်း များထံ အကြောင်းကြားရန် ညွှန်ကြား ထားကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Friday, November 25, 2016

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းလေးမျိုးကို အများပြည်သူသိရှိစေရန် သတိပေးကြေညာချက် ထုတ်ပြန်



ရန်ကုန် ၊ ၂၅-၁၁-၂၀၁၆

ပြည်တွင်းပြည်ပမှ ထုတ်လုပ်သော သုံးစွဲရန် မသင့်သည့် အလှကုန် ပစ္စည်းလေးမျိုးကို အများပြည်သူ သိရှိစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA မှ ယမန်နေ့က သတိပေး ကြေညာချက် ထုတ်ပြန်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းမှ ပြည်သူများ အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော ဆေးဝါးများ၊ စားသောက်ကုန် များနှင့် အလှကုန် ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲ နိုင်စေရန် ဈေးကွက်များ အတွင်းရှိ ကုန်ပစ္စည်းများ၏ အရည်အသွေး နှင့် ဘေးဥပဒ် ကင်းရှင်းမှုတို့ကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA မှ ကြီးမှူး ဆောင်ရွက်ရာ နိုဝင်ဘာလပိုင်း အတွင်း ပြည်တွင်းပြည်ပမှ ထုတ်လုပ်သော အလှကုန်ပစ္စည်း လေးမျိုးတွင် သုံးစွဲသူများ၏ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်သည်ကို စစ်ဆေးတွေ့ရှိ ရသည့်အတွက် အများပြည်သူ သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်း များအဖြစ် ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်။

ယင်းအလှကုန်ပစ္စည်းများမှာ Gold Face အမှတ်တံဆိပ် ဖြစ်သော အမျိုးသားသုံး မျက်နှာပေါင်းတင် ဆေးခရင်မ်၊ အမျိုးသမီးသုံး မျက်နှာပေါင်းတင် ဆေးခရင်မ်၊ ညလိမ်းခရင်မ် နှင့် O White အမှတ်တံဆိပ် အသားဖြူ ခရင်မ်တို့ ဖြစ်သည်။

ယင်းအလှကုန် ပစ္စည်းများကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ကုမ္ပဏီများမှ ထုတ်လုပ်ဖြန့်ချိ ကာ သုံးစွဲသူများအား ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ဓာတုပစ္စည်း မာကျူရီ (ပြဒါး) ပါရှိကြောင်း သိရသည်။

အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ (ပြဒါး) သည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ၊ အနီအကွက်များ ဖြစ်ခြင်း၊ အရေပြားမှ တစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် စိတ်ကျရောဂါ များအပြင် ရေရှည်သုံးစွဲ ပါက ကျောက်ကပ်နှင့် တခြားရောဂါ များ ဖြစ်ပွားနိုင်သည်။

အဆိုပါ အလှကုန် ပစ္စည်းများကို ပြည်တွင်း ဈေးကွက်၌ ဖြန့်ဖြူးရောင်းချ မှုများတွေ့ရှိ ပါက သက်ဆိုင်ရာမှ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Tuesday, November 22, 2016

ရန်ကုန်မြို့ရှိ စည်းကမ်းမလိုက်နာသည့် စားသောက်ဆိုင်ပေါင်း ၂၈၂ ဆိုင်ကို လိုင်စင်ပိတ်သိမ်းခဲ့



ရန်ကုန် ၊ ၂၂-၁၁-၂၀၁၆

ယခု ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ရှိ စားသောက်ဆိုင် ပေါင်း ၇၃ဝ၃ ဆိုင်ကို စစ်ဆေးခဲ့ပြီး သတ်မှတ် စည်းကမ်းများ မလိုက်နာသည့် ဆိုင်ပေါင်း ၂၈၂ ဆိုင်ကို လိုင်စင်ပိတ်သိမ်း ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာန မှ သိရသည်။

ယခု ဘဏ္ဍာနှစ်အတွင်း စားသောက်ဆိုင် ပေါင်း ၇၉၄၇ ဆိုင်ကို စစ်ဆေးရန်ရှိပြီး လက်ရှိအချိန်ထိ စစ်ဆေးပြီး ဆိုင်ပေါင်း ၇၃ဝ၃ ဆိုင်ရှိကာ လိုင်စင်ပိတ်သိမ်း ခဲ့သည့် ဆိုင်ပေါင်း ၂၈၂ ဆိုင်ရှိကြောင်း သိရသည်။

စားသောက်ဆိုင်များ လိုက်နာရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာနက စည်းကမ်းချက် ၁၂ ချက် ထုတ်ပြန်ထားပြီး စားသောက်ဆိုင် များကို နှစ်စဉ် စစ်ဆေးခြင်း နှင့် ရှောင်တခင် စစ်ဆေးခြင်းများ လုပ်ဆောင်လျက် ရှိရာ လိုက်နာရန် စည်းကမ်းများနှင့် ကြီးကြပ်ခြင်း၊ စားဖိုဆောင် စစ်ဆေးခြင်းများ လုပ်ဆောင်၍ စားသုံးရန် သင့်လျော်သော အစားအသောက် ထောက်ခံချက် လက်မှတ် ထုတ်ပေးလျက် ရှိကြောင်းနှင့် စည်းကမ်း ဖောက်ဖျက်ကြောင်း တွေ့ရှိပါက ထောက်ခံချက် လက်မှတ်ကို ပြန်လည် သိမ်းယူကြောင်း သိရသည်။

ယင်းသတ်မှတ် စည်းကမ်းချက် များကို လိုက်နာခြင်း မရှိပါက ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေပုဒ်မ (၅၃) အရ ဒဏ်ကြေးငွေ ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင် လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းလိုင်စင် နှင့် မှတ်ပုံတင် လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်းများ လုပ်ဆောင်နိုင် ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, November 18, 2016

ရန်ကုန်မြို့အတွင်းရှိ သဘာဝဓာတ်ငွေ့ သွယ်တန်းထားသည့် ပိုက်လိုင်းဧရိယာများအတွင်း ကျူးကျော်တွဲများ ရှိနေသဖြင့် ပညာပေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်



ရန်ကုန် ၊ ၁၈-၁၁-၂၀၁၆

ရန်ကုန်မြို့အတွင်းရှိ သဘာဝဓာတ်ငွေ့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်း ဧရိယာများ အတွင်း၌ ကျူးကျော်တဲများ ရှိနေဆဲ ဖြစ်သဖြင့် အသက်အန္တရာယ် ထိခိုက် စေနိုင်သည့် အခြေအနေများ ရှိသည့်အတွက် အသိပညာပေး မှုများ စဉ်ဆက်မပြတ် ပြုလုပ် နေရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (ရန်ကုန်) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို စည်ပင်ပိုင်မြေ နှင့် လမ်း နယ်နိမိတ် မြေများအတွင်း၌ သွယ်တန်း ထားခြင်းဖြစ်ပြီး မြို့သစ်များ ဖော်ထုတ်သည့် အခါတွင် ပိုက်လိုင်း လမ်းကြောင်း အဖြစ် မြေချန် သတ်မှတ် သွယ်တန်းထား ပါက ပိုက်လိုင်း၏ ဘေးတစ်ဖက် တစ်ချက် ပေ ၅ဝ အတွင်း ပိုက်လိုင်းဧရိယာ အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

သို့ရာတွင် ပိုက်လိုင်းသွယ်တန်း အသုံးပြုမှုများမှာ သက်တမ်းကြာ လာပြီဖြစ်သည့် အပြင် မတော်တဆ မှုများကြောင့် အန္တရာယ် ရှိနိုင်သဖြင့် ယင်းပိုက်လိုင်း ဧရိယာအတွင်း ၌ အဆောက်အအုံများ  ဆောက်လုပ်ခြင်း ၊ ခြံဝင်းခတ်ခြင်း နှင့် နှစ်ရှည်သီးနှံ ပင်များ စိုက်ပျိုးခြင်း တို့ကို မပြုလုပ်ကြရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ သတိပေး ထားသည်။

ရွာမ-အလုံ၊ ရွာမ-လှော်ကား၊ ရွှေပြည်သာ- တိုးကြောင်ကလေး- သာကေတ၊ ရွာမ- ရွှေပြည်သာ၊ ဒေါ်ငြိမ်း-ရွာမ နှင့် ရွာမ-လှော်ကား - သာကေတ လမ်းကြောင်းများ ပေါ်ရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ဓာတ်ငွေ့ အရောင်းဆိုင် များသို့ ပိုက်လိုင်း ခုနစ်လိုင်းဖြင့် သွယ်တန်းချိတ်ဆက် ထားပြီး သဘာဝ ဓာတ်ငွေ့များ ဖြန့်ဖြူးလျက် ရှိကာ တချို့သော ပိုက်လိုင်းများမှာ သက်တမ်းကြာမြင့် လာပြီဖြစ်၍ ယင်းနေရာများ၌ ကျူးကျော် နေထိုင်သည့် သူများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Tuesday, November 8, 2016

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းများကို အရေးယူနေသော်လည်း ဆက်လက် လုပ်ကိုင်မှုများ ရှိနေ



မန္တလေး ၊ ၈-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် အင်းအိုင်များ အတွင်း ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းခြင်းများကို အရေးယူနေ သော်လည်း ဆက်လက် လုပ်ကိုင်ခြင်းများ ရှိနေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်နှင့် အင်းအိုင်များ အတွင်း ငါးသယံဇာတ ထိန်းသိမ်းရေး၊ ငါးမျိုး မပြုန်းတီးရေး၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ ငါးရစ်ငါးသန် ဖမ်းဆီးမှု တားမြစ် ကာလအတွင်း ငါးဖမ်းဆီးမှု မရှိစေရေးနှင့် တရားမဝင် ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးမှု ပပျောက်ရေး အတွက် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာ လမှစ၍ တားမြစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေချို ငါးလုပ်ငန်း ဥပဒေတွင် ပေါက်ကွဲ စေတတ်သည့် ပစ္စည်း၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းများ ကဲ့သို့ အန္တရာယ် ဖြစ်စေသည့် ပစ္စည်းများနှင့် ငါးဖမ်းခြင်း ဖြစ်စေ၊ အကျိုး ဖျက်ဆီးခြင်း ဖြစ်စေ၊ တားမြစ် ထားသည့် ငါးဖမ်း ကိရိယာဖြင့် ဖမ်းဆီးပါက ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ဒဏ်ငွေ ငွေကျပ် နှစ်သိန်း ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလ အတွင်း မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ၌ ဖမ်းဆီးရမိမှု ငါးကြိမ်၊ တရားစွဲဆိုမှု နှစ်ကြိမ်၊ ဖမ်းဆီးရမိသည့် ပစ္စည်း ၁၂ မျိုး၊ စဥ့်ကူးမြို့နယ်၌ ဖမ်းဆီးရမိမှု ၁ဝ ကြိမ်၊ တရားစွဲဆိုမှု နှစ်ကြိမ်၊ ဖမ်းဆီးရမိသည့် ပစ္စည်း ၁၂ မျိုး၊ ငါန်းဇွန်မြို့နယ်၌ ဖမ်းဆီးရမိမှု နှစ်ကြိမ်၊ ဖမ်းဆီးရမိသည့် ပစ္စည်း ခြောက်မျိုး၊ မတ္တရာမြို့နယ်၌ ဖမ်းဆီးရမိမှု နှစ်ကြိမ်နှင့် ဖမ်းဆီးရမိသည့် ပစ္စည်းငါးမျိုး တို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Wednesday, November 2, 2016

ရန်ကုန်တိုင်းဒေသကြီး မြစ်ချောင်းများအတွင်းမှ သဲနှင့် ကျောက်ထုတ်ယူသည့် လုပ်ငန်း တရားမ၀င် လုပ်ကိုင်နေသူ များကို စီမံချက်ဖြင့် အရေးယူရန်စီစဉ်



ရန်ကုန် ၊ ၂-၁၁-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး မြစ်ချောင်းများ အတွင်းမှ သဲနှင့်ကျောက် ထုတ်ယူသည့် လုပ်ငန်း တရားမ၀င် လုပ်ကိုင်နေသူ များကို စီမံချက်ဖြင့် အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြစ်ချောင်းများ အတွင်း တရားမ၀င် သဲနှင့်ကျောက်များ ထုတ်ယူနေခြင်း ကြောင့် မြစ်ကမ်းပါးများ ပြိုကျခြင်း၊ ရေကြောင်း ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ခြင်း၊ ရေကြောင်းသွား မော်တော်ယာဉ် နှင့် သင်္ဘောများကို အနှောင့်အယှက် ဖြစ်စေခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်စေခြင်းတို့ ရှိလာနိုင် ခြင်းကြောင့် မြစ်အတွင်း သဲနှင့် ကျောက် တရားမဝင် အလွန်အကျွံ ထုတ်ယူနေမှုများ ကို စီမံချက်များ ချမှတ်ကာ အရေးယူနိုင် ရေးအတွက် စီစဉ်လျက် ရှိသည်။ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ယင်းသို့ ထုတ်ယူလုပ်ကိုင် နေသောလုပ်ငန်းများ သွားရောက် စစ်ဆေးခြင်းကို သက်ဆိုင်ရာ များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

'' လုပ်ကိုင်ခွင့် အတွက် လျှောက်ထားတင်ပြ လာတာတွေကို ကွင်းဆင်း လေ့လာတယ်။ သတ်မှတ်ချက် တွေနဲ့ ကိုက်ညီပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ တခြား ထိခိုက်မှု မရှိဘူးဆိုရင် သက်ဆိုင်ရာ အဖွဲ့တွေရဲ့ သဘောထား မှတ်ချက် ပြန်ပေးပြီး ခွင့်ပြုပေးနေပါတယ်။ အခုနောက်ပိုင်း တွေမှာ တရားမ၀င် ထုတ်ယူနေတာ တွေရှိတယ်လို့ သိရတယ်။ ဒါတွေကို စစ်ဆေးရတဲ့ အခါ နေရာရွှေ့ပြောင်း လုပ်ကိုင်မှုကြောင့် စစ်ဆေးရတာ အခက်အခဲ ရှိတယ်။ ဒီလို မဖြစ်အောင် စီမံချက်နဲ့ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ စီစဉ်နေတယ်''ဟု ၄င်းကပြောသည်။

မြစ်ချောင်းများအတွင်းမှ သဲနှင့်ကျောက်များ ထုတ်ယူခွင့်အတွက် လျှောက်ထားရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေနှင့်အညီ လုပ်ကိုင်သူ များအား သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ဦးစွာ လျှောက်ထားရမည် ဖြစ်သည်။ လျှောက်ထားမှုကို စစ်ဆေးပြီး အမှန်တကယ် မြစ်ချောင်းများ အတွင်းမှ သဲနှင့် ကျောက် ထုတ်လုပ်နိုင်မှု ရှိ-မရှိ အပြင် သတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ-မရှိ ကို ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သဘောထား မှတ်ချက်ပြုပေးပြီး ယင်းသဘောထား မှတ်ချက်အရ ခွင့်ပြုလိုင်စင် များကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Tuesday, September 27, 2016

အောက်တိုဘာလမှစ၍ ချောင်းသာကမ်းခြေ၌ ဆိုင်ကယ်နှင့် လေးဘီးစက်တပ်ယာဉ်များ စီးနင်းခြင်းကို တားမြစ်သွားမည်



ပုသိမ် ၊ ၂၆-၉-၂၀၁၆

လာမည့် ပွင့်လင်းရာသီ ဖြစ်သော အောက်တိုဘာလ မှစ၍ ချောင်းသာ ကမ်းခြေ၌ ကမ်းခြေ သာယာလှပ ရေးနှင့် အပန်းဖြေ သူများ အနှောင့်အယှက် မဖြစ်စေရေး အတွက် ဆိုင်ကယ်နှင့် လေးဘီး စက်တပ်ယာဉ်များ စီးနင်းခြင်း တို့ကို တားမြစ်သွားမည် ဖြစ်ကြောင်း ချောင်းသာ ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးမင်းကျော်ဦး ထံမှ သိရသည်။

ကမ်းခြေ၌ ဆိုင်ကယ်စီးခြင်း၊ လေးဘီး စက်တပ်ယာဉ် စီးခြင်းတို့ကို တားမြစ်မည့် အပြင် ကမ်းခြေ၌ ထိုင်ခုံများချကာ ဈေးရောင်းချခြင်း  နှင့် အရက်သေစာ၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်း တို့သည်လည်း ကမ်းခြေ အလှအပကို ထိခိုက်စေပြီး အများ ပြည်သူအား အနှောင့်အယှက် ဖြစ်စေ၍ တားမြစ်မည် ဖြစ်ကြောင်း သိရသည်။

''ဆိုင်ကယ်တွေ၊ လေးဘီး စက်တပ်ယာဉ် တွေက အများပြည်သူ အပန်းဖြေမှုကို ထိခိုက် စေတဲ့အတွက် ကမ်းခြေမှာ စီးနင်းခွင့် ပေးတော့မှာ မဟုတ်ပါဘူး။ မြင်းစီးတာနဲ့ ပတ်သက်ပြီး တော့လည်း ဘယ်လိုပုံစံနဲ့ ခွင့်ပြု
သွားမလဲဆိုတာ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ စက်ဘီးကတော့ စီးခွင့်ပေးသွား မှာပါ။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ၊ အထမ်းနဲ့ ရောင်းတဲ့ ဈေးသည်တွေ ကလွဲရင် တခြား ဈေးသည် အားလုံးကို ရောင်းချခွင့် ပြုမှာ မဟုတ်တော့ပါဘူး။ အထူးသဖြင့် အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး ရောင်းချတာ တွေကို လည်း အဓိက တားမြစ်သွား မှာပါ'' ဟု ဦးမင်းကျော်ဦး ကပြောသည်။

စက်တင်ဘာလ တတိယပတ် အတွင်းက ချောင်းသာကမ်းခြေ သာယာလှပရေး နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို သုံးရက်ကြာ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့ မှ တာဝန်ရှိ သူများ၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဟိုတယ်ဇုန်မှ တာဝန်ရှိ သူများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ဒေသခံ ပြည်သူများ တက်ရောက် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, June 27, 2016

ငါးသယံဇာတ တိုးပွားလာစေရေး အတွက် ငါးမဖမ်းရရာသီ ပြောင်းလဲ သတ်မှတ်ခြင်းနှင့် ငါးဖမ်းရေယာဉ်များ လျှော့ချခြင်းတို့ ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၇-၆-၂၀၁၆

မြန်မာ့ ပင်လယ်ပြင်၌ ငါးသယံဇာတ တိုးပွားလာစေရေး နှင့် ငါးမဖမ်းရ ရာသီပြောင်းလဲ သတ်မှတ်ခြင်း၊ ငါးဖမ်းရေယာဉ် များ လျှော့ချခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ အတွင်းရှိ ငါးဖမ်းရာနေရာ များ၌ ငါးသားပေါက် ချိန်နှင့် ငါးကြီးထွားချိန် တို့ဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ တို့တွင် ငါးမဖမ်းရ ရာသီအဖြစ် နှစ်စဉ်သတ်မှတ် ပေးခဲ့ကြောင်း သိရသည်။

''ငါးမဖမ်းရ ရာသီအဖြစ် ပြီးခဲ့တဲ့နှစ်တွေက ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လ တွေကို သတ်မှတ် ပေးခဲ့ပြီး ပိတ်ပင်ခဲ့ ပေမယ့် အခု လုပ်ငန်းရှင် တွေရဲ့ ဆွေးနွေးချက် အရ မေ၊ ဇွန် နဲ့ ဇူလိုင်လ ဆိုပြီး ပြန်သတ်မှတ်ဖို့ ရှိတယ်။ ငါးဖမ်း ရေယာဉ်ကိုတော့ မလျှော့ချဘဲ အရင်ကလို ၅ဝ ရာခိုင်နှုန်းပဲ ဖြစ်စေချင်တယ်'' ဟု မြန်မာ့ ပင်လယ်ပြင် ငါးဖမ်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုး က ပြောသည်။

ငါးမဖမ်းရ ရာသီနှင့် ဧရိယာ သတ်မှတ်ခြင်းကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှ စတင်ခဲ့ပြီး ကနဦးတွင် တနင်္သာရီတိုင်း ဒေသကြီးရှိ ငါးဖမ်းကွက် တစ်ခုတည်း ကိုသာ ပိတ်ပင်ခဲ့သည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြု ငါးဖမ်းရေယာဉ် ၆၅ ရာခိုင်နှုန်း၊ ပိတ်ပင် ငါးဖမ်းရေယာဉ် ၃၅ ရာခိုင်နှုန်း နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငါးဖမ်း ရေယာဉ်နှင့် ပိတ်ပင် ငါးဖမ်းရေယာဉ် ၅ဝ ရာခိုင်နှုန်းစီ သတ်မှတ် ခဲ့ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, June 24, 2016

မန္တလေးတိုင်းရှိ လင်းဇင်းကုန်းသုဿန်မှ ထိုင်းဘုရင်၏အရိုး အုတ်ဂူနှင့် ပတ်သက်သည့်လုပ်ငန်းများ အားလုံးရပ်ဆိုင်းရန်ဆိုင်းဘုတ်ထောင်



အမရပူရ ၊ ၂၄-၆-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရ မြို့နယ်ရှိ လင်းဇင်းကုန်း သုဿန်တွင် ထိုင်းဘုရင်၏ အရိုး အုတ်ဂူနှင့် ပတ်သက်သည့် လုပ်ငန်းများ အားလုံး ရပ်ဆိုင်းရန် မန္တလေး မြို့တော်စည်ပင် သာယာရေး ကော်မတီမှ ဇွန် ၂၂ ရက်က အဆိုပါ သုဿန် အနီးတွင် ဆိုင်းဘုတ်ထောင် လိုက်ကြောင်း သိရှိရသည်။

"အရင်က ၂၀၁၆ ခုနှစ် မေ  ၃၀ ရက်မှာလည်း တားမြစ်စာ ထုတ်ထား ပါတယ်။  အဲဒါကတော့ ယာယီရပ်ဆိုင်းဖို့ အတွက်ပါ။  အဲဒါကို လိုက်နာခြင်း မရှိပါဘူး။ ဆက်လက် လုပ်ဆောင် နေတဲ့အတွက် ဇွန် ၂၂ ရက်နေ့မှာပဲ လင်းဇင်းကုန်း သုဿန်နဲ့ ပတ်သက်ပြီး ဆက်လက် မလုပ်ဆောင်ဖို့ အတွက် တားမြစ်စာ ထွက် လိုက်တာပါ။" ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ  ကော်မတီဝင် တစ်ဦးက ပြောသည်။ 

အဆိုပါ တားမြစ်စာနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရ၏ လမ်းညွန်မှုနှင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါ သုဿန် ကိစ္စအား စည်ပင် သာယာ ကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့် ပညာရှင်များ ၁၀ ဦး ပါဝင်သည့် အဖွဲ့အစည်း ကိုလည်း ဖွဲ့စည်း ထားကြောင်း သိရသည်။ 

"ကျွန်တော်တို့ ဆီကိုတော့ တရားဝင်စာနဲ့အကြောင်းကြား တာတော့ မရှိသေး ပါဘူး။ နှုတ်မိန့်နဲ့ ကျွန်တော်တို့ အဖွဲ့ထဲက လူတစ်ယောက် ကိုတော့ ပြောထားတယ် လို့ သိရပါတယ်။" ဟု မြန်မာမှု ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောသည်။

လင်းဇင်းကုန်း သုသာန်အား ထိုင်းဘုရင်၏ အရိုး အုတ်ဂူ ဟုတ်မဟုတ် ခေတ်မှီ နည်းပညာဖြင့် စစ်ဆေး ဆောင်ရွက်ရန်၊ ရှေးမူမပျက် ပြုပြင်သည့် အခါတွင် ရှေးဟောင်း သုတေသန ဌာန၏ လုပ်ထုံး လုပ်နည်းနှင့် ကိုက်ညီမှု ရှိ-မရှိ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ညီညွတ်ရေး အတွက် ခွင့်ပြုရန် သင့်မသင့် စသည့် အချက်များဖြင့် ဆောင်ရွက် နေကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။ 

လင်းဇင်းကုန်း သုဿန်ရှိ ထိုင်းဘုရင် အရိုးဂူအား ၂၀၁၂ ခုနှစ် ဇူလိုင်မှ စတင်ကာ ထိုင်းဘုရင်၏ အရိုး အုတ်ဂူ ဟုတ်-မဟုတ် စစ်ဆေးခြင်းကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဇွန် ၂၂ ရက်တွင် ဆက်လက် မလုပ်ဆောင်ရန် တားမြစ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

Monday, June 6, 2016

အခြေခံပညာကျောင်းများ၌ ယခုနှစ်မှစတင်၍ လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြု



ရန်ကုန် ၊ ၆-၆-၂၀၁၆

အခြေခံပညာ ကျောင်းများ၌ ယခုနှစ်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများကို လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြု တော့ကြောင်း သိရသည်။

စာသင်ကျောင်း များ၌ ကျောင်းသား၊ ကျောင်းသူ အများစုမှာ လက်ကိုင်ဖုန်း များဖြင့် လူမှုကွန်ရက် အသုံးပြုခြင်း နှင့် ဂိမ်းကစားခြင်း စသည်တို့ကို ပြုလုပ်မှု များပြား လာသည့် အတွက် တားမြစ်ရခြင်း ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဖုန်းများလုံးဝ အသုံးမပြုရဘဲ တွေ့ရှိပါက ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် စည်းကမ်း ထုတ်ပြန် ထားကြောင်း သိရသည်။

''ကျောင်းအပ်ရာသီ ရောက်ပြီ ဆိုတာနဲ့ ကျောင်းစည်းကမ်း တွေကို ကပ်ထားတယ်။ ဒီနှစ်မှာတော့ လက်ကိုင်ဖုန်းနဲ့ ပတ်သက်ပြီး ကျောင်းအပ်တဲ့ မိဘတွေ ကိုလည်း ပြောပြီးသားပါ။ နောက်တစ်ခု ကတော့ mp3, mp4 ကိုလည်း ယူဆောင်ခွင့် မပြုပါဘူး'' ဟု တပ်ကုန်းမြို့နယ် ရှိ အ-ထ-က(၂) မှ အတန်းပိုင် ဆရာမ ဒေါ်ဝေဝေဖြိုး က ပြောသည်။

ယခုနှစ်အတွင်း ကျောင်းတက် နေသည့် ကျောင်းသား၊ ကျောင်းသူ များအား သက်ဆိုင်ရာ ကျောင်းများက ဖုန်းများ ယူဆောင်လာခြင်း  မပြုရန် မှာကြား ထားကြောင်း သိရသည်။

''အရင်နှစ်တွေ ကတော့ ဖုန်းကို ထည့်ပေး ပါတယ်။ ဒီနှစ်တော့ ကျောင်းက ဖုန်းယူလာလို့ မရဘူး ပြောပါတယ်။ တစ်ခုခုဖြစ်ရင် အတန်းပိုင် ဆရာမနဲ့ ကျောင်းရုံးဖုန်း နံပါတ်တွေ ပေးထားပါတယ်'' ဟု ဗဟန်းမြို့နယ်မှ
ဒေါ်မော်မော်ဦး က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အခြေခံပညာ ကျောင်းများ၌ တက်ရောက် သင်ကြားနေသည့် မူလတန်းအဆင့် ကျောင်းသား ၅ ဒသမ ၇ သန်း၊ အလယ်တန်း အဆင့် ကျောင်းသား ၂ ဒသမ ၈ သန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ရှစ်သိန်းကျော် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ၏ စာရင်းများ အရ သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, May 3, 2016

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းဝေး စေရန်အတွက် သက်ဆိုင်ရာက ကန့်သတ်နယ်မြေကို တိကျစွာသတ်မှတ် ပေးထားသင့်



လားရှိုး ၊ ၃-၅-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရိုင်၊ မြို့နယ်များ အတွင်း ခရီးသွားလာ နေကြသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အန္တရာယ် ကင်းဝေးစေရန်အ တွက် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အနေဖြင့် ကန့်သတ် နယ်မြေကို တိကျစွာ သတ်မှတ်ပေးကာ အချို့သော နေရာများအတွက် အာဏာပိုင်များ၏ ခွင့်ပြုချက် ရယူရန် လိုအပ်လာကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန လားရှိုးရုံးခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လင်း ၏ ပြောပြချက်အရ သိရသည်။

''ကျွန်တော်တို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာဆိုရင် သီပေါ၊ နောင်ချို၊ ကျောက်မဲစတဲ့ မြို့ပေါ် မြို့နယ်၊ ကျေးရွာတွေမှာ ရှိတဲ့ တိုင်းရင်းသား တွေရဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့ ရိုးရာယဉ်ကျေးမှု တွေကို နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ က လာရောက် လေ့လာလည်ပတ် ကြပါတယ်။ အဲဒီလို သွားလာ လည်ပတ်ကြ တဲ့အခါမှာ အရင်က ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန် တားမြစ်ထားတဲ့ မြို့နယ်အလိုက် ခွင့်ပြုနယ်မြေ၊ သွားလာနိုင်ရန် ခွင့်ပြုချက် တောင်းရတဲ့ နယ်မြေတွေကို သတ်မှတ်ကြေညာ ထားပြီး ဖြစ်ပါတယ်။ ဧပြီ ၂၆ရက်ကဖြစ် တဲ့ ဂျာမနီ နိုင်ငံသား နှစ်ယောက်ရဲ့ မိုင်းထိဖြစ်စဉ်ဟာ ဆိုရင် သူတို့က FID ပါ။ FID ဆိုတာဟာ သူ့သဘောနဲ့ သူလာတာပါ။ ပြီးရင် သူသွားချင်တဲ့ နေရာ သွားပါတယ်။ သူတို့ကိုတော့ ကျွန်တော်တို့က သူတို့ရဲ့ ဘေးအန္တရာယ် အတွက် လုံခြုံဖို့ ထိန်းချုပ်ရ ခက်ပါတယ်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီနဲ့ လာတဲ့ နိုင်ငံခြားသား တွေကတော့ သူတို့ Guide နဲ့ သူတို့ လာတယ်။ သွားတယ်။ အဲဒါက ပြဿနာ မရှိဘူး။ ဂျာမနီနိုင်ငံသား နှစ်ယောက်က ဟိုတယ်က စီစဉ်ပေးတဲ့ Plan နဲ့ ထွက်သွားတယ်။ သွားတဲ့ နေရာက နယ်မြေဒေသ လုံခြုံမှုမရှိတဲ့ ဧရိယာ ဖြစ်နေပါတယ်။ မိုင်းဖြစ်စဉ် ဖြစ်တဲ့အခါမှာ Control မရှိတာက တစ်ကြောင်း၊ နယ်မြေဒေသ အခြေအနေ အရ ရဲတပ်ဖွဲ့တွေ ချက်ချင်း အလွယ်တကူဝ င်လို့ မလွယ်တာက တစ်ကြောင်းနဲ့ ဒေသက လူမှုကူညီရေး အသင်းရဲ့အကူအညီနဲ့ သူတို့ကို ဆွဲထုတ်ပြီး ဆေးကုသပေး ပါတယ်။ ဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ ပံ့ပိုးမှုတွေလဲ လုပ်ပေးလိုက် ပါတယ်'' ဟု ၄င်းက ပြောပြသည်။ 

ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသား ဧည့်သည်များ အတွက် ပြည်တွင်း သွားလာမှုနှင့် ပတ်သက်သည့် နယ်မြေဒေသ အနေအထားများကို ၂ဝ၁၃ ခုနှစ်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေး ဝန်ကြီးဌာန ၏ အမိန့် ကြေညာချက် များဖြင့် သွားလာခွင့်ပြုသည့် နယ်မြေများကို သတ်မှတ် ချထားပေးပြီး ဖြစ်သည်။ ဒေသတွင်း နိုင်ငံခြားသား ခရီးသွားဧ ည့်သည်များ လာရောက်မှု များပြား လာခြင်းကြောင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ရှိသော်လည်း လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ကာကွယ် ပေးနိုင်ရေး အတွက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဟိုတယ်လုပ်ငန်း ရှင်များအပြင် သက်ဆိုင်ရာက သက်ဆိုင်ရာ နယ်မြေများ အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် များကို ခွင့်ပြုချက် တောင်းခံစေခြင်း၊ တိကျသော နယ်နိမိတ်များ ထပ်မံကြေညာ ပေးခြင်းတို့ကို ဆောင်ရွက်ပေး စေလိုကြောင်း ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (လားရှိုးရုံးခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လင်း က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၅)

Thursday, March 24, 2016

သင်္ကြန်ကာလတွင် ခွင့်ပြုထားသည့် ရေပိုက်ပမာဏထက် ကျော်လွန်အသုံးပြုပါက ယာယီရေသုံးစွဲခွင့်ငွေ၏ သုံးဆပြန်လည် ပေးဆောင်ရမည်



ရန်ကုန် ၊ ၂၄-၃-၂၀၁၆

သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ယာယီ ရေသွယ်တန်းခွင့် နှင့် ရေသုံးစွဲမှု ပြုလုပ်ထားပြီး ရေပိုက် ပမာဏကို သတ်မှတ် အသုံးပြုရမည် ဖြစ်သည်။ ထိုသို့ အသုံးပြုရာတွင် ချမှတ်ပေး ထားသည့် ရေပိုက် ပမာဏထက် ကျော်လွန် သုံးစွဲမှုများ တွေ့ရှိလာပါက ယာယီေ ရသုံးစွဲခွင့် အတွက် ပေးဆောင် ထားသည့်ငွေ၏ သုံးဆကို ဒဏ်ကြေးငွေ အဖြစ် ပြန်လည်ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

''ဒီနှစ် ယာယီ ရေသုံးစွဲခွင့် အတွက် တစ်လက်မပိုက် ဆိုရင် ငွေကျပ် ၁၅ဝဝဝဝ၊ တစ်လက်မခွဲပိုက် ဆိုရင် ငွေကျပ်၂၅ဝဝဝဝ၊ နှစ်လက်မပိုက် ဆိုရင် ငွေကျပ် ၃၈ဝဝဝဝ သတ်မှတ်ထား ပါတယ်။ အရင်နှစ် တွေက သင်္ကြန်လေးရက် ဆိုတော့ တစ်လက်မ ပိုက်ကို ငွေကျပ် ၁ဝဝဝဝဝ နှုန်းနဲ့ ခွင့်ပြုခဲ့ တာပါ။ ဒီနှစ်သင်္ကြန်က ငါးရက် ဖြစ်သွားတာကြောင့် တစ်ရက်ပိုတဲ့ အတွက် ဈေးနှုန်း အနည်းငယ် ပြောင်းသွားတဲ့ သဘောပါ။ အများဆုံး ရေသုံးစွဲခွင့်ပြု ထားတာက နှစ်လက်မပိုက် ပါ။ ဒီထက်ပိုပြီး သုံးတယ်ဆိုရင် ဒဏ်ကြေးက သုံးဆပါပဲ။ ပိုသုံးချင်တဲ့ သူတွေအတွက် ကန်တော်ကြီးနဲ့ အင်းယားကန် တို့ကနေ ခွင့်ပြုချက်နဲ့ ရေသုံးစွဲခွင့်  လျှောက်ထားပြီး သုံးစွဲလို့တော့ ရပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယာယီ ရေသုံးစွဲခွင့် တွင် ချပေးထားသည့် လက်မထက် ပို၍ သုံးစွဲလိုသူများ အနေဖြင့် ကန်တော်ကြီးနှင့် အင်းယားကန် တို့မှ သွယ်တန်းသုံးစွဲမှု ပြုလုပ်ရမည် ဖြစ်ပြီး သုံးလက်မပိုက် ဆိုလျှင် ငွေကျပ် ၄ဝဝဝဝဝ၊ လေးလက်မပိုက် ဆိုလျှင် ငွေကျပ် ၆၅ဝဝဝဝ နှင့် ခြောက်လက်မ ပိုက်ဆိုလျှင် ငွေကျပ် ၁ဝ သိန်းတို့ဖြင့် ယာယီ ရေသုံးစွဲခွင့် လျှောက်ထား ရမည် ဖြစ်သည်။ လျှောက်ထား ရာတွင်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်း၊ တံတားဌာန) ၌ မဏ္ဍပ်များ အတည်ပြု ပြီးပါက စတင် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, February 18, 2016

လပွတ္တာမြို့နယ်အတွင်း မတ်လနှင့် ဧပြီလတို့ကို ကဏန်းမဖမ်းရ ကာလအဖြစ် သတ်မှတ်



လပွတ္တာ ၊ ၁၈-၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် အတွင်း ကဏန်း ဖမ်းဆီးရရှိမှု ကျဆင်း လာခြင်းကြောင့် လာမည့် မတ်လနှင့် ဧပြီလ နှစ်လကို ကဏန်းမဖမ်းရ ကာလအဖြစ် သတ်မှတ်ရန် ကဏန်း လုပ်ငန်းရှင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ညှိနှိုင်း သဘောတူ ခဲ့ကြောင်း သိရသည်။

တစ်နိုင်တစ်ပိုင် ကဏန်းမွေးမြူ ထုတ်လုပ်မှု အများဆုံး တည်ရှိရာ လပွတ္တာ မြို့နယ် ရွေးမြစ် ကမ်းခြေရှိ ဒီရေတော များ၌ ကဏန်း ဖမ်းဆီးမှု မြင့်တက်နေပြီး ပြည်ပနိုင်ငံ များသို့ တင်ပို့မှု ရှိနေသဖြင့် ကဏန်းဖမ်းဆီး ရရှိမှု လျော့ကျ မသွားစေရန် ယခုကဲ့သို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း မြို့နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ကဏန်းမဖမ်းရ ကာလတွင် ရောင်းဝယ်ခြင်း၊ သိုလှောင်ခြင်း နှင့် သယ်ယူ ပို့ဆောင်ခြင်း မပြုလုပ်ကြရန် လုပ်ငန်းရှင်များ၊ မြို့နယ် တရားဥပဒေ စိုးမိုးရေးနှင့် လေ့လာ စောင့်ကြည့်ရေး အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ခရိုင်နှင့် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက သဘောတူ လက်မှတ် ရေးထိုးခဲ့ ကြသည်။

ဖေဖော်ဝါရီ ၄ ရက်က ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ သဖြင့် ရွေးမြစ် ကမ်းခြေရှိ ငါး၊ပုစွန်နှင့် ကဏန်း ရောင်းဝယ်ရေး ဒိုင် ၁၃ဝ ကျော် မီးလောင် ပျက်စီးခဲ့ရပြီး လပွတ္တာမြို့မှ နေ့စဉ်တင်သွင်း လာသည့် ကဏန်းများ ရန်ကုန်မြို့သို့ မဝင်တော့သည့် အတွက် တခြားမြို့ များရှိ နယ် ကိုယ်စားလှယ် များမှ ပြောင်းလဲမှာယူ နေရကြောင်း ဗဟိုစံပြ ငါးဈေးမှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံ များသို့ ကဏန်း တင်ပို့မှုမှ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၃ဝ ကျော် ရရှိနေပြီး ယခုကဲ့သို့ ကဏန်း မဖမ်းရကာလ သတ်မှတ် လိုက်ခြင်းကြောင့် ထုတ်လုပ် တင်ပို့မှု မြင့်တက် လာနိုင်သည်ဟု ကဏန်း လုပ်ငန်းရှင် များက မျှော်လင့်ထား ကြကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, February 1, 2016

အွန်လိုင်းမှတစ်ဆင့် လက်နက်ရောင်းဝယ် မှုများကို Facebook တားမြစ်



နယူးယောက် ၊ ၁-၂-၂၀၁၆

နိုင်ငံတကာ အွန်လိုင်း လူမှုကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီ Facebook သည် မူဝါဒသစ်များ ချမှတ်၍ အွန်လိုင်းမှ တစ်ဆင့် လက်နက် ရောင်းဝယ်မှု များကို စတင် တားမြစ်နေပြီ ဖြစ်ကြောင်း အေပီ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

င်္Facebook ကုမ္ပဏီ၏ မူဝါဒသစ် အရ တစ်သီးပုဂ္ဂလ လက်နက် ရောင်းချသူများ အနေဖြင့် Facebook လူမှုကွန်ရက်မှ တစ်ဆင့် လက်နက် အရောင်းအဝယ် ပြုလုပ်ခွင့် မရှိကြောင်း၊ အဆိုပါ မူဝါဒသစ်တွင် Facebook ၏ ဓာတ်ပုံဖလှယ်မှု အွန်လိုင်း ဝက်ဘ်ဆိုက် ဖြစ်သော Instagram လည်း အကျုံးဝင်မည် ဖြစ်သည်။

Facebook လူမှုကွန်ရက် စာမျက်နှာနှင့် အခြား အွန်လိုင်း ဝက်ဘ်ဆိုက်များ ကို လိုင်စင်မဲ့ လက်နက် ရောင်းဝယ်သူ များက မကြာခဏ အသုံးချ နေကြောင်း လက်နက် ထိန်းချုပ်ရေး လှုပ်ရှားသူ များက ဝေဖန် ထားကြသည်။ ထို့ပြင် လက်နက် တရားဝင် ဝယ်ယူခွင့် မရှိသော ဝယ်လက်များ ကလည်း Facebook လူမှုကွန်ရက်ကို အသုံးချ နေသည်။

င်္Facebook ကုမ္ပဏီသည် ၂ဝ၁၄ ခုနှစ်က Facebook လူမှုကွန်ရက် စာမျက်နှာပေါ်၌ လက်နက်ဝယ်ရောင်း ပြုလုပ်ခြင်း၊ လက်နက် ကြော်ငြာခြင်း စသည်တို့ကို ပိတ်ပင်ရေး အတွက် စည်းမျဉ်းများ ချမှတ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ စည်းမျဉ်းများ အရ လက်နက် ကြော်ငြာ ဝက်ဘ်ဆိုက်များ ကို လူငယ်များ ဝင်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထား သော်လည်း ပုဂ္ဂလိက လက်နက် အရောင်းအဝယ် လုပ်ငန်းများကို ပိတ်ပင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger