www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 19, 2015

ကလေးတွေကို ဆင်ခြင်တုံတရားနဲ့ ဆုံးမပါ


ကလေးတွေကို ဆင်ခြင်တုံတရားနဲ့ ဆုံးမပါ

ကြယ်စင်စိုး (မန္တလေး)

မကြာခဏ ဆိုသလို နေ့စဉ် သတင်းစာ တွေထဲမှာ လူပျောက် ကြော်ငြာ တွေကို မြင်တွေ့ နေရတယ်။ လူပျောက် ကြော်ငြာတွေကို ကြည့်လိုက်တဲ့ အခါမှာ အမျိုးအစား စုံလင်သလို ပျောက်ကြတဲ့ အကြောင်းအရာ ကလဲ စုံလင်လှတယ်။ တချို့က အသက် ခပ်ကြီးကြီး အရွယ်တွေ၊ တချို့က လူပျို၊ အပျို အရွယ်တွေ၊ တချို့က ကျောင်းသား၊ ကျောင်းသူ အရွယ်လေး တွေပဲဖြစ်တယ်။

ပျောက်ကြရတဲ့ အကြောင်းအရာ တွေကလဲ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြဘူး။ တချို့က စိတ်ရောဂါကြောင့် မျက်စိလည် လမ်းမှားပြီး ပျောက်ကြတာတွေ ရှိသလို၊ တချို့ ကျပြန်တော့ မိဘဖြစ်သူ၊ အုပ်ထိန်းသူ လူကြီးသူမ တွေနဲ့ စိတ်ဆိုး စိတ်ကောက်ပြီး အိမ်ကို ပြန်မလာ ကြတော့ဘဲ ပျောက်သွား ကြတာတွေလဲ ရှိနေတတ် ကြတယ်။ စိတ်ရောဂါ ချို့ယွင်းမှုကြောင့် ပျောက်သွား ကြတဲ့ လူပျောက် ကြော်ငြာချက်တွေ မျက်စိလည် လမ်းမှားကာ သက်ဆိုင်ရာ အိမ်ကို ပြန်မလာ တတ်ကြတော့လို့ ပျောက်သွားကြတဲ့ လူပျောက် ကြော်ငြာချက် တွေနဲ့ ပတ်သက်ပြီး ဘာမှ စိတ်ထဲမှာ ထွေထွေထူးထူး မဖြစ်ပေါ်မိ ပေမယ့် မိဘ ဖြစ်သူတွေနဲ့ စိတ်ဆိုး စိတ်ကောက်ပြီး အိမ်ကို ပြန်မလာ ကြတော့ဘဲ ပျောက်သွားတာ ဆိုတဲ့ ကြော်ငြာလေး တွေကို တွေ့လိုက်ရ ချိန်မှာတော့ ခေါင်းထဲမှာ အတွေးလေးတွေ တစ်ဆက်တည်း ရောက်ရှိ လာခဲ့တယ်။

နည်းပညာတွေ တိုးတက်လာတဲ့ ဒီဘက်ပိုင်း တွေမှာ အဲဒီလို အဖြစ်အပျက် လေးတွေ အများအပြား ရှိလာခဲ့တယ်။ အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူ လေးတွေ၊ လူပျို၊ အပျို အရွယ်လေးတွေ ပျောက်တာလေး တွေကို ဖေ့စ်ဘွတ်ခ်လို့ ခေါ်တဲ့ အင်တာနက် စာမျက်နှာ တွေထက်မှာလဲ အတွေ့များ လာရတာ ဖြစ်တယ်။ တချို့က ကျောင်းသွားရင်း အိမ်ကို ပြန်မလာကြ တော့ဘဲ ပျောက်သွား ကြသလို တချို့က မိဘတွေနဲ့ စိတ်ဆိုးပြီး သဘောထားချင်း မတိုက်ဆိုင်လို့ အိမ်ကို အသိမပေးဘဲ ထွက်သွား ကြတာ ဖြစ်တယ်။

'လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ' ဆိုတဲ့အတိုင်း မိဘဆိုတာ သား၊ သမီး တွေရဲ့လက်အဦးဆုံး ဆရာတွေပါပဲ။ လက်ဦးဆရာ ဖြစ်တဲ့ မိဘဖြစ်သူ တွေဟာ သား၊ သမီးတွေ အပေါ်မှာ ဆိုဆုံးမရမယ့် တာဝန်ဝတ္တရား ကတော့ ရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီလို ဆိုဆုံးမတဲ့ နေရာမှာ နည်းလမ်းတကျ၊ အသိရှိရှိ နဲ့ ဆိုဆုံးမတတ် ဖို့က သိပ် အရေးကြီးတယ်။

မိဘဖြစ်သူ တွေက သား၊ သမီးတွေကို ဆိုဆုံးမတဲ့ နေရာမှာ တချို့က နှုတ်နဲ့ဆုံးမတာတွေ ရှိသလို တချို့လက်နဲ့ ဆိုဆုံးမတာတွေ ကိုလဲ တွေ့ရတတ်တယ်။ တချို့က သား၊ သမီး တွေကို ဆုံးမတဲ့ နေရာမှာ လူကြားသူကြား ရိုက်နှက် ဆုံးမလေ့ ရှိကြသလို တချို့ကလဲ နှုတ်ကနေ သား၊ သမီးတွေ အပေါ်မှာ နင်ပဲငဆ မကြားဝံ့ မနာသာ စကားလုံးတွေနဲ့ ဆုံးမတတ်ကြ ပါတယ်။ မိဘတိုင်း ကတော့ ဘယ် မိဘတိုင်း မဆို အပြစ်လုပ်တဲ့ ကိုယ့်သား၊ သမီးကို လိမ္မာရေးခြား ရှိလာအောင်၊ မဖြစ်သင့်တာ မဖြစ်ရ လေအောင်ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ဆိုဆုံးမ ကြတာပဲ ဖြစ်တယ်။ လမ်းမှားကို မရောက်မိအောင် ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ဆိုဆုံးမ ကြတာ ဖြစ်တယ်။

အရှက်အကြောက် ကြီးတတ်တဲ့ ကလေး တစ်ယောက်ဟာ လူကြား သူကြားမှာ အထူးသဖြင့် သူငယ်ချင်း အပေါင်းအသင်း တွေကြားမှာ မိဘတွေရဲ့ အဆူအပူ အကြိမ်းအမောင်း ခံရတာကို ရှက်စိတ် လွန်ကဲပြီး မပြုလုပ် သင့်တာတွေကို ပြုလုပ်လေ့ ရှိကြတယ်။ တချို့လူကြီး သူမတွေ ကျပြန်တော့လဲ သူတို့ကို မော်မကြည့်ရဲ အောင်ကို အရိုက်အနှက် အထုအထောင်း နဲ့ဆိုဆုံးမလေ့ ရှိကြတယ်။ လူငယ်ဆိုတဲ့ သဘောက အရာရာကို စူးစမ်းလိုစိတ် ရှိကြပြီး အတတ်ဆန်း လေးတွေကိုလဲ တီထွင်ကြံဆဖို့ ဆန္ဒပြင်းပြ ကြတယ်။ လူကြီးသူမ တွေက မလုပ်နဲ့ဆိုတဲ့ အရာကို ပိုပြီးတော့ လုပ်ဆောင်လို ကြတယ်။ အဲဒီတော့ ဒီနေ့လူငယ် တော်တော် များများရဲ့အပြုအမူကို မိဘတွေက သဘော မတွေ့တာ ကတော့ မဆန်းတော့ ပါဘူး။

အဲဒီလို နေ့စဉ်နဲ့အမျှ သား၊ သမီးတွေကို ဆိုဆုံးမတဲ့ အခါမှာ ပညာရှိ ဆန်ဆန်၊ လူကြီးလူကောင်း ဆန်ဆန်နဲ့ ပြောဆိုဆုံးမ တတ်ဖို့က သိပ်အရေးကြီး ပါတယ်။ လူကြား သူကြားမှာ ဆူပူငေါက်ငမ်းတဲ့ အဆုံးအမ မျိုးကို ရှောင်ရှားသင့် သလို ရိုက်နှက် ဆုံးမတဲ့ အပြုအမူ မျိုးကိုလဲ ရှောင်သင့်တယ်။ အထူးသဖြင့် မိဘတွေ အနေနဲ့ သား၊ သမီးတွေရဲ့ စရိုက်ကို ကြိုတင်သိရှိ နားလည်နိုင်ဖို့ အရေးကြီးတယ်။ ကိုယ့်သား၊ သမီးကို ဘယ်လိုပုံစံ မျိုးနဲ့ ဆိုဆုံးမရင် နားလည် သဘောပေါက် နိုင်မလဲဆိုတာ ကို ကြိုတင် သိထား သင့်တယ်။

ကလေးတွေဟာ ငယ်ရွယ်စဉ် အချိန်မှာ အမှတ် သည်းခြေလဲ ကြီးမားတတ်ကြ သလို အစွဲအလမ်း အငြိုးအတေး လဲ ကြီးမား တတ်ကြတယ်။ ကလေးတွေကို ဆုံးမတဲ့အခါမှာ နားလည် သဘောပေါက် စေနိုင်တဲ့ စကားလုံးမျိုးကို ရှာကြံကာ ပြောဆိုဆုံးမ သင့်ပြီး သူတို့စိတ်မှာ နာကြည်း စေနိုင်မယ့် စကားလုံးမျိုးကို မသုံးမိဖို့ လိုအပ်ပါတယ်။ ကိုယ်က ဆုံးမလိုက်တဲ့ စကား တစ်ခွန်းဟာ ကလေးအတွက် နာကြည်းဖွယ်ရာ စကားမျိုး မဖြစ်ပါ စေနဲ့။

နောက်တစ်ချက်က ရိုက်နှက် ဆုံးမတဲ့ နည်းလမ်း ဟာလဲ ကလေးတွေ အတွက် ဆုံးမစရာ နည်းလမ်းကောင်း တစ်ရပ်လဲ မဟုတ်ပါဘူး။ အရိုက်အနှက် ခံရပါများတဲ့ ကလေး တစ်ယောက်ဟာ အမြဲတမ်း အကြောက်တရား နဲ့ချည်းပဲ ရှင်သန် ရတတ်တယ်။ ကိုယ်က ရိုက်နှက်ပြီး ဆိုဆုံးမတဲ့ အတွက်ကြောင့် အရာရာ တိုင်းမှာ အကြောက် တရားက ကြီးစိုး နေတတ်ပြီး ဘယ်နေရာမှ လူတော မတိုးရဲတဲ့ အဖြစ်မျိုး တွေနဲ့ ကြုံတွေ့ ရတတ်တယ်။

အထူးသဖြင့် မိဘဖြစ်သူ အုပ်ထိန်းသူတွေ အနေနဲ့ မိမိတို့ရဲ့ သား၊ သမီးတွေကို လက်လွတ် စပယ်၊ စိတ်လိုက်မာန်ပါ မဆုံးမမိဖို့ သိပ်ကို လိုအပ်တယ်။ မိဘတွေရဲ့ အဆုံးအမကို ခံရပါများတဲ့ ကလေး တစ်ယောက်ဟာ အိမ်မှာ မနေချင် လောက်အောင် မိဘတွေ့နဲ့ မျက်နှာချင်း မဆိုင်ချင် လောက်အောင်ထိ လူကြီးတွေ အပေါ်မှာ စိတ်နာသွား တတ်လေ့ ရှိတယ်။ အဲဒီတော့ မိဘတွေနဲ့ မျက်နှာချင်း မဆိုင်ချင် တော့တဲ့အဆုံး အိမ်မှာ မနေချင် တော့ဘဲ လွတ်ရာ ကျွတ်ရာကို ထွက်ခွာသွား တတ်ကြတယ်။ စာရေးသူတို့ ရပ်ကွက်ထဲက ဆယ်တန်း ကျောင်းသား တစ်ယောက်ဟာ အဲဒီလိုပဲ အရိုက်အနှက် အားကြီးတဲ့ မိဘတွေ အပေါ်မှာ အကြောက်တရား အားကြီးပြီး အိမ်ကနေ ထွက်ပြေး သွားခဲ့တာ မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ ရဖူးတယ်။ ဒီနေ့ချိန် ထိအောင် အဲဒီ ကလေးဟာ မိဘတွေနဲ့လဲ အဆက်အသွယ် မလုပ်ခဲ့သလို ဘယ်မှာနေပြီး ဘာတွေ လုပ်နေသလဲ ဆိုတာကိုလဲ ရေရေရာရာ မသိရတော့ဘူး။

အဲဒီလို မိဘဖြစ်သူ အုပ်ထိန်းသူ တို့ရဲ့ သား၊ သမီးတွေ အပေါ်မှာ နည်းလမ်းတကျ ဆိုဆုံးမမှု မရှိတာတွေ၊ အရိုက်အနှက် အထုအထောင်း မျိုးနဲ့ ဆိုဆုံးမတတ် တာတွေကြောင့် ဒီနေ့အချိန်မှာ လူပျောက် တာတွေကို မကြာခဏ ဆိုသလို ကြားသိ မြင်တွေ့နေခဲ့ ရတာဖြစ်တယ်။ သဘာဝ အတိုင်း ပျောက်တာ မဟုတ်ဘဲ အများစုသော ကလေးတွေဟာ လူကြီး သူမတွေရဲ့ ဆိုဆုံးမမှုကို ရှက်စိတ်မွှန်ပြီး အိမ်က ထွက်ပြေးလို့ ပျောက်ကြတာနဲ့ လူကြီးသူမတွေ အပေါ်မှာ အကြောက် တရားတွေ အားကြီး လွန်းလို့ ပျောက်သွား ရတာတို့ ဖြစ်တယ်။ အဲဒီတော့ မိဘတွေ၊ အုပ်ထိန်းသူတွေ အနေနဲ့ ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး မိမိတို့ သား၊ သမီးတွေကို ပြောဆိုဆုံးမ သင့်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပါတယ်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger