www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 30, 2017

မြန်မာ-ထိုင်း HLC အစည်းအဝေးမှတစ်ဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိလာမည်ဖြစ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen.Surapong Suwana-adth တို့ ပဉ္စမအကြိမ်မြောက် ထိုင်း မြန်မာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting သဘောတူညီချက်များကို လက်မှတ်ရေးထိုးစဉ်။

ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting ကျင်းပစဉ်။

နေပြည်တော် ၃၀-၈-၂၀၁၇

မြန်မာ-ထိုင်း နှစ်နိုင်ငံသည်ခိုင်မာ၍ ရှည်ကြာသောဆက်ဆံရေးသမိုင်း အစဉ်အလာရှိခဲ့သည့် အိမ်နီးချင်း ကောင်းနိုင်ငံများဖြစ်ပြီး ယခုမျက်မှောက်ကာလသည် တပ်မတော်နှစ်ရပ်နှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးများသည် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုအားကောင်းလာစေရန် တည်ဆောက်သွား နိုင်လိမ့်မည်ဟု အပြည့်အ၀ယုံကြည်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ၊ Khon Kaen မြို့ရှိ VANI Khon Kaen Hotel & Convention Center အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting တွင် အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Surapong Suwana-adth နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Theppong Tippayachan နှင့်ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Surapong Suwana-adth တို့သည် အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။

ထိုသို့ပြောကြားရာတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Surapong Suwana-adth က ထိုင်း-မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည့်အပြင် ယဉ်ကျေးမှုနှင့် အခြားပူးပေါင်း ဆောင်ရွက်မှု များကို ဖလှယ်နိုင်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ၊ ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများအပြင် အစိုးရအကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်နိုင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြား ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုကောင်းမွန်ခိုင်မာလာပြီး ဖြစ်ပေါ်လာသည့်ပြဿနာများကို ပူးပေါင်းဆောင်ရွက်မှုစီမံချက်များဖြင့်ဖြေရှင်းနိုင်ခဲ့ သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အစည်းအဝေးများကျင်းပခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမို ကောင်းမွန်လာမည်ဟု ယုံကြည်ပါ ကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကဲ့သို့ မိမိတို့ မြန်မာ-ထိုင်းနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးများ၊ ဒေသအဆင့် နယ်ခြားကော်မတီ အစည်းအဝေးများနှင့် မြို့နယ်အဆင့်နယ်ခြားကော်မတီ အစည်းအဝေးများ ပုံမှန်ကျင်းပ ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်လျက် ရှိပါကြောင်း၊ ထို့အပြင်နှစ်နိုင်ငံ ရေတပ်၊ လေတပ်အချင်းချင်း ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အကောင်းဆုံးအခြေအနေ တည်ဆောက်နိုင်ခဲ့ပြီး အရှိန်အဟုန်မပြတ် ကောင်းမွန်သည်ထက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးသည် နှစ်နိုင်ငံ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာနှင့်လုံခြုံမှုဆိုင်ရာ ကိစ္စရပ်များအတွက် အရေးပါသည့် အစည်းအဝေးတစ်ရပ်ဖြစ်ပြီး ယခုဆွေးနွေးပွဲမှ တစ်ဆင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသတွင် နေထိုင်သူများ အတွက် အကျိုးကျေးဇူးများ ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။

ယင်းနောက် (၃၁) ကြိမ်မြောက် ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေးရလဒ်များအား အမှတ်(၃)စစ်တိုင်း ဒေသမှူး Lt. Gen. Vijak Siribunsop ကလည်းကောင်း၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအား HLC အတွင်းရေးမှူး Lt. Gen. Kumron Kearwichyajane ကလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြ သည်။

ထို့နောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting ဥက္ကဋ္ဌများဖြစ်ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာ အချက်အလက် များအား အတည်ပြုဆုံးဖြတ်ပေးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အစည်းအဝေးပိတ်ပွဲမိန့်ခွန်းများ အသီးသီးပြောကြား၍ ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting သဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။ ထို့နောက် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြပြီး အစည်းအဝေးတက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ အစည်းအဝေးအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ ၀င်များသည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting ၏ ပူးတွဲအတွင်းရေးမှူးအဖွဲ့ အစည်းအဝေးအား ဗန်ကောက်မြို့၌ သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာများ၊ စစ်ဘက်ဆေးပညာဆိုင်ရာကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး၊ အားကစားပြိုင်ပွဲများကျင်းပရေး၊ တပ်မတော် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ လက်နက် ခဲယမ်းများ တရားမ၀င်ရောင်းချခြင်းများတိုက်ဖျက်ရေး၊ အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြပြီး ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား ၂၀၁၈ ခုနှစ်တွင်မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger