www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဘာသာရေးဆိုင်ရာ. Show all posts
Showing posts with label ဘာသာရေးဆိုင်ရာ. Show all posts

Friday, November 9, 2018

သမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် မြို့တွင်းသို့ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည် အပူဇော်ခံမည်

-
ပြည်  နိုဝင်ဘာ ၈ 
-
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ တည်ထား ကိုးကွယ်တော်မူသည့် ရှေးဟောင်း သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင်  ဗုဒ္ဓ၏မြတ်စွယ်တော်ကို သုံးနှစ်တစ်ကြိမ်  လှည့်လည်အပူဇော်ခံလျက် ရှိကာ  ယခုနှစ်လည်း  မြတ်စွယ်တော်ကိုမြို့တွင်းသို့    လှည့်လည်အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်။
-
ပြည်မြို့၏ အထင်ကရ ဘုရားတစ်ဆူဖြစ်သော လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၈ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်အထိ ကျင်းပမြဲဖြစ်ပြီး ယခုနှစ်တွင် (၁၁၉)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကာ သီဟိုဠ်ပြည်မှ ပင့်ဆောင်လာသည့် မြတ်ဗုဒ္ဓ၏ စွယ်တော်မြတ်ကို  ပွဲတော်ရက်အတွင်းတွင် အပူဇော်ခံမည်ဖြစ်သည်။
'ဒီနှစ်က    သုံးနှစ်မှာတစ်ကြိမ်ကျ ရောက်တဲ့မြို့တွင်းမှာ လှည့်လည် အပူဇော်ခံတဲ့ပွဲဆိုတော့ လွန်ခဲ့တဲ့  နှစ်လခွဲလောက်ကတည်းက  ကြိုတင်စီမံခန့်ခွဲ နေရတယ်။ ကျွန်တော်တို့ လုပ်ငန်းကော်မတီတွေ ဖွဲ့ပြီး ဆောင်ရွက်နေကြတာပါ။    လုံခြုံရေး အတွက်ကလည်း   ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးပြီး    စီစဉ်ဆောင်ရွက်နေပါတယ်။ ဖျော်ဖြေရေးတွေ  အခမ်းအနား  ပြင်ဆင်တာတွေကအစ  ၈ဝ  ရာခိုင်နှုန်းလောက်တော့ ပြီးစီးနေပါပြီ''ဟု သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရုံးအဖွဲ့မှူး ဦးငွေမောင်းက  ပြောသည်။ ယခုနှစ်တွင် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာ ၁၅ ရက်မှ ၂၄ ရက် (တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၂ ရက်) အထိ ကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်အား တန်ဆောင်မုန်းလဆန်း ၁၁ ရက်တွင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ စတင်အပူဇော်ခံမည်ဖြစ်ကာ တန်ဆောင်မုန်းလဆန်း ၁၃ ရက် နံနက်ပိုင်းတွင် စတင်၍  မြို့တွင်းသို့ လှည့်လည်အပူဇော်ခံမည်ဖြစ်သည်။ ယင်းကဲ့သို့ လှည့်လည် အပူဇော်ခံရာတွင် စွယ်တော်မြတ်ကြီးအား ပင့်ဆောင်သည့် ကရဝိက်ယာဉ်နှင့်အတူ  စည်တော်ယိမ်း၊ သမဂ္ဂယုဝလှေလှော်ယိမ်း၊  တရုတ်အမျိုးသားယိမ်း၊ အိန္ဒိယအမျိုးသားယိမ်း၊  လမ်းလျှောက် ယိမ်းများအပြင်  ပြည်မြို့ပေါ်ရှိ   အလှပြယိမ်းကားများ လိုက်ပါပြီး   လှည့်လည်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 15, 2018

မြိုင်ကြီးငူ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မြဝတီမြို့သို့ ရောက်ရှိ ၊ ခေတ္တအပူဇော်ခံပြီး မြိုင်ကြီးငူသို့ ဆက်လက်ပင့်ဆောင်သွားမည်

မြိုင်ကြီးငူ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မြဝတီမြို့သို့ ရောက်ရှိ ၊ ခေတ္တအပူဇော်ခံပြီး မြိုင်ကြီးငူသို့ ဆက်လက်ပင့်ဆောင်သွားမည်
မြဝတီ   အောက်တိုဘာ  ၁၄
-
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Bumrungrad International ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် မြိုင်ကြီးငူ ဆရာတော်ကြီးသည် အောက်တိုဘာ ၁၃ ရက် ညပိုင်း ထိုင်းစံတော်ချိန် ၉ နာရီ ၁၂ မိနစ် မြန်မာစံတော်ချိန် ၈ နာရီ ၄၂ မိနစ်တွင် ပျံလွန်တော်မူခဲ့သည့် အတွက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ထိုင်းနိုင်ငံမှ  ပြန်လည်ပင့်ဆောင်လာခဲ့ရာ ယနေ့နံနက် ၁၁ နာရီတွင်  မြန်မာ-ထိုင်း   အမှတ်(၁)ချစ်ကြည်ရေး တံတားမှတစ်ဆင့် မြဝတီမြို့သို့ ရောက်ရှိကြောင်း သိရသည်။
-
ထိုသို့ရောက်ရှိလာသည့် ရုပ်ကလာပ်တော်အား  ဆရာတော် သံဃာတော်များ၊ ကရင်ပြည်နယ် မွန်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းနှင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိသူများက လာရောက် ပင့်ဆောင်ပူဇော်ကြပြီး ဆရာတော်၏ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ပြည်သူအများအပြားလည်း လာရောက်ဖူးမြော် ကြည်ညိုကြသည်။
-
ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို သင်္ဃန်းညီနောင်ကျေးရွာရှိ ဗုဒ္ဓသုခကျောင်းတွင် ခေတ္တအပူဇော်ခံမည်ဖြစ်ပြီး မြိုင်ကြီးငူ ဒေသသို့ ဆက်လက်ပင့်ဆောင် သွားမည်ဖြစ်သည်။
-
မြိုင်ကြီးငူဆရာတော်၏ ဘွဲ့တော်မှာ ဘဒ္ဒန္တသုဇနဖြစ်ပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နို့ထရွာဇာတိဖြစ်ကာ စကောကရင် လူမျိုးဖြစ်သည်။
-
ပျံလွန်တော်မူချိန်တွင် သက်တော် ၇၁ နှစ် သိက္ခာတော် ၅၂ ဝါရှိပြီး ကရင်ပြည်နယ် အတွင်း၌ ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အပြင် သာသနာပြု လုပ်ငန်းများ အများအပြား လုပ်ကိုင်ခဲ့သည့်အတွက် ဆရာတော်ကြီးမှာ အနယ်နယ် အရပ်ရပ်ရှိ ဒါယကာ၊ ဒါယိကာမ အများအပြား၏ ကြည်ညိုခြင်း ခံရသည့် ဆရာတော်တစ်ပါးလည်း ဖြစ်ကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, October 11, 2018

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ကိုယ်စားတော်များ ဒေသစာရီ စတင် အပူဇော်ခံ

https://www.myawady.net.mm/media/k2/items/cache/d790912af9a69fb72e74a9daf36ee508_XL.jpg
တောင်ကြီး အောက်တိုဘာ ၁ဝ
-
အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ကိုယ်စားတော်မြတ် လေးဆူသည် အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ   ကြွချီအပူဇော်ခံရန် အတွက် ယနေ့ နံနက် ၆ နာရီတွင် ထာဝရသီတင်းသုံးရာ နမ့်ဟူးကျေးရွာရှိ ရတနာစံကျောင်းတော်မှ ကျေးပေါခုံကျေးရွာ စံကျောင်းတော်သို့ စတင်ကြွချီ အပူဇော်ခံကြောင်း သိရသည်။
-
ရှေးဦးစွာ ဒေသစာရီကြွချီ အပူဇော်ခံရန်အတွက် ရတနာစံကျောင်း ပလ္လင်မှ ရွှေဝေါယာဉ်တော်ဖြင့် ခေတ္တယာယီ သီတင်းသုံးတော်မူမည့် ရတနာစံကျောင်းတော်သို့ အစဉ်အလာနှင့် အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အစီအစဉ်အတိုင်း ပင့်ဆောင်ကြပြီး မင်္ဂလာ အချိန်ကျရောက်သည်နှင့်  ရွှေကရဝိက် ဖောင်တော်ယာဉ်ဖြင့်  ကျေးပေါခုံ စံကျောင်းသို့ စတင်ကြွချီအပူဇော်ခံရာ ဒေသခံတိုင်းရင်းသားများက ရိုးရာ ဆွဲလှေကြီး ၃ဝ ကျော်ဖြင့် လှော်ခတ်ပင့်ဆောင် ပူဇော်ကြသည်။
-
ဒေသစာရီကြွချီ အပူဇော်ခံပွဲသို့  ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊    အနယ်နယ် အရပ်ရပ်မှ  ဘုရားဖူးပြည်သူများ၊   ဒေသခံပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုကြကြောင်း  သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, August 28, 2018

ဗုဒ္ဓဘာသာသို့ ကူးပြောင်းသူ ၇၂ ဦးကို မိုးကုန်မြို့နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဘာသာကူးပြောင်းပွဲ ပြုလုပ်ပေး





မိုးကုတ် ၂၈-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်၌ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သူ ၇၂ ဦးဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သည့် အခမ်းအနားကို သြဂုတ် ၂၆ ရက်က ပထမဆုံးအကြိမ်အဖြစ် မိုးကုတ်မြို့ရှိ ညောင်သုံးပင် ပရိယတ္တိသာမဏေကျော် စာသင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း မိုးကုတ်မြို့နယ် လက်ထောက်သာသနာ ပြုအဖွဲ့မှ သိရသည်။

"ကျွန်တော်တို့ မိုးကုတ်မြို့က လီဆူတိုင်းရင်းသားတွေ အများဆုံး နေထိုင်တဲ့ မြို့တစ်မြို့ပါ။ ဒီနေ့လုပ်တာက မိုးကုတ်မြို့မှာရှိတဲ့ အခြားဘာသာဝင် တွေအချို့က ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို ယုံကြည်သက်ဝင်ပြီး တဖြည်းဖြည်း ကူးပြောင်းလာ ကြတာပါ။ သူတို့ကိုဘယ်သူ တွေကမှ ဖြားယောင်းပြီး ဝင်ခိုင်းတာမျိုး မဟုတ်ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ရဲ့ မိုးကုတ်မြို့မှာ တစ်နှစ်စာအတွက် စုပေါင်းပြီး အခုလိုဘာသာ ကူးပြောင်းပွဲကို မိုးကုတ်မြို့ရဲ့ညောင်သုံးပင် ကျောင်းတိုက်မှာ လုပ်ပေးခဲ့တာပါ"ဟု မိုးကုတ်မြို့နယ် လက်ထောက် သာသနာပြု အဖွဲ့အတွင်းရေးမှူး ဦးစုဗူးက ပြောပြသည်။

အဆိုပါကူးပြောင်း သူများမှာ လီဆူလူမျိုး၊ ကရင်လူမျိုးနှင့် ဓနုလူမျိုးတို့ပါဝင်ကာ အမျိုးသား ၃၇ ဦးနှင့် အမျိုးသမီး ၃၅ဦးတို့ဖြစ်ကြောင်း သိရသည်။

"ဒီဘက်နယ်က လီဆူလူမျိုးတွေက မြန်မာစကား သိပ်မပြောတတ်ပါဘူး။ ဒီနယ်ဘက်တွေမှာက အိမ်ထောင်ပြုတဲ့ အခါမှာဆို အမျိုးသားက ခရစ်ယာန်၊အမျိုးသမီးက နတ်ကိုးကွယ်တယ်ဆိုတော့ ဘာသာကလဲ ခြားနေတယ်။အခုကျ သူတို့ အားလုံးဗုဒ္ဓဘာသာကို ကူးပြောင်းလာတာပါ"ဟု ထင်းရှူးတောင် ကျေးရွာသာသနာပြုအဖွဲ့မှ ဆရာမဒေါ်လဲ့လဲ့ဝင်းက ပြောပြသည်။

ဘာသာကူးပြောင်း လာသူများ တရားဝင်ကူးပြောင်း လာခဲ့သည့်အပေါ် ဆရာတော်၊သံဃာတော်များ အနေဖြင့် သာဓုအနုမောဒနာများ ခေါ်ဆိုခဲ့ကြကြောင်း၊ ယခင်အချိန်များက ယခုကဲ့သို့ လူအများအပြားကို ဘာသာကူးပြောင်း ပွဲမပြုလုပ်ပေးခဲ့ သော်လည်း ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူများကို ဘုရားဆင်းတုတော်များပေး၍ ဗုဒ္ဓဘာသာဝင်အဖြစ် အသိအမှတ်ပြုပေးမှုများ ရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

Friday, June 30, 2017

ပန်းပေါင်း တစ်သန်းနှင့် ဆီမီးတစ်သောင်း ပူဇော်



ရန်ကုန် ၃၀-၆-၂၀၁၇

သီရိလင်္ကာနိုင်ငံ သီရိသံဗောဓိ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဆရာတော် ဓဂ္ဂါရာယာမ ကုသလဓမ္မ ဦးဆောင်သော သံဃာ တော်များ၊ အလှူရှင်များနှင့် ဘုရားဖူး ဧည့်သည်တော်များ၏ ပန်းပေါင်း တစ်သန်းနှင့်ဆီမီးတစ်သောင်း ပူဇော်သည့် ဘာသာရေးပွဲတော်ဆိုင်ရာ အခမ်းအနားကို ယနေ့ညနေ ၄နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင် ပေါ်ရှိ ရာဟုထောင့် ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် သီရိလင်္ကာနိုင်ငံ သီရိသံဗောဓိ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဆရာတော် ဓဂ္ဂါရာယာမ ကုသ လဓမ္မနှင့် ဆရာတော်များထံမှ ဂေါပက အဖွဲ့ဝင်များနှင့် သီရိလင်္ကာ နိုင်ငံမှ အလှူရှင်များနှင့် ဘုရားဖူး ဧည့်သည်တော်များက သီလနာယူကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက်က သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ များဖြစ်သည်နှင့်အညီ ရှေးအစဉ်အဆက်ကပင် ဘာသာရေးဆိုင်ရာ ချစ်ခင်ရင်းနှီး ဆက်ဆံမှုများ ရှိခဲ့ကြကြောင်း၊ ထေရဝါဒဗုဒ္ဓ ဘာသာ၏အခြေခံ ပိဋကတ်သုံးပုံသည်လည်း သီရိလင်္ကာနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊ ရွှေတိဂုံစေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်သည် သီရိ လင်္ကာနိုင်ငံ အနုရဓပူရမြို့ဟောင်း မဟာဗောဓိပင်၏ညောင်သီးမှ မယ်ဒက်ဆရာတော်ကြီး ယူဆောင်စိုက် ပျိုးခဲ့သော ဗောဓိ ညောင်ပင်ဖြစ်ကြောင်း၊ ၂ဝဝ၉ ခုနှစ် ဇွန် ၁၅ ရက်တွင် သီရိလင်္ကာ သမ္မတ(ဟောင်း) မဟင်္ဒြာနှင့် ဇနီးတို့ မြန်မာရှင်သာမဏေ ၃ဝ ပါးနှင့် သီလရှင် ၃ဝပါးတို့ကို သာသနာ့ ဘောင်သို့ ချီးမြှောက်သော အခမ်း အနားကို ရွှေတိဂုံ စေတီတော်ရင်ပြင် ယခုနေရာ၌ပင် ဆောင်ရွက်ခဲ့ကြောင်း ဇယျမင်္ဂလာ ထောပနာစာတမ်းကို ဖတ်ကြား သည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြပြီး သီရိ လင်္ကာ နိုင်ငံ သီရိသံဗောဓိ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များ၊ အလှူရှင်များနှင့် ဘုရားဖူး ဧည့်သည်တော်များသည် ရွှေတိဂုံစေတီရင်ပြင်၌ ပန်း ပေါင်းတစ်သန်းနှင့် ဆီမီးတစ်သောင်းတို့အား ပူဇော် ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

Wednesday, June 14, 2017

(၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ် ချီးမြှင့်အပ်နှင်းပွဲကျင်းပ



နေပြည်တော် ၁၄-၆-၂၀၁၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာ ပြုတက္ကသိုလ် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဒီပလိုမာ (ဗုဒ္ဓဓမ္မ) အောင်လက်မှတ် ချီးမြှင့်အပ်နှင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာ ပြုတက္ကသိုလ် ဟောပြောခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်အရှင် သူမြတ်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခ ချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသက ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ)MA(Buddha Dhamma) ရရှိသည့် ရဟန်းငါးပါး၊ သီလရှင်လေးပါးနှင့် အမျိုးသမီးတစ်ဦး တို့ကိုလည်းကောင်း၊ ၂ဝ၁၆-၂ဝ၁၇ ပညာသင် နှစ်တွင် ဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ) BA(Buddha Dhamma) ရရှိသည့် ရဟန်း ၁၉ ပါး၊ သီလရှင် ၁၃ ပါး၊ အမျိုးသား သုံးဦးနှင့် အမျိုးသမီးခြောက်ဦး တို့ကိုလည်းကောင်း၊ ဒီပလိုမာ အောင်လက်မှတ် Dip(Buddha Dhamma) ရရှိသည့် ရဟန်း ၃ဝ ပါး၊ သီလရှင် ၂ဝ ပါး၊အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီးခြောက်ဦး တို့ကိုလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ၊ ဒီပလိုမာ အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းတော်မူပြီး သြဝါဒကထာမြွက်ကြား ချီးမြှင့်တော်မူသည်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာ ပြုတက္ကသိုလ်ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ မှစတင်၍ ဖွင့်လှစ်ခဲ့ပြီး ပြည်ပနိုင်ငံ ၂၁ နိုင်ငံမှရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ၊ ပြည်တွင်းမှ ရဟန်းသံဃာများ တက်ရောက်လျက်ရှိကြောင်း၊ ယနေ့ချိန်ထိ တက္ကသိုလ်သို့တက် ရောက်ခဲ့သော ပြည်တွင်းပြည်ပ သင်တန်းသားများမှ ပါရဂူဘွဲ့ PhD(Buddha Dhamma) ရရှိသူ ၁၇ ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ ၁၇၇ ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ရရှိသူ ၆၇၃ ပါး/ဦး၊ ဒီပလိုမာအောင် လက်မှတ် ရရှိသူ ၁ဝ၂၉ ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုနှစ် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ပြည်ပနိုင်ငံမှ ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း ၃ဝ၈ပါး/ဦး တက်ရောက် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, April 19, 2017

ဗုဒ္ဓယဉ်ကျေးမှုနှင့် နှစ်သစ်မင်္ဂလာ


ဗုဒ္ဓယဉ်ကျေးမှုနှင့် နှစ်သစ်မင်္ဂလာ

( ပါမောက္ခ ခိုင်ခိုင်ရီ )

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြန်မာ့ယဉ်ကျေးမှု သည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံသော ယဉ်ကျေးမှုဖြစ်သည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ပုံသဏ္ဌာန် သွင်ပြင်သည် ရှေးနှစ်ပေါင်းများစွာ ကတည်းက အခိုင်အမာ ရပ်တည်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင် အများဆုံးရှိသော လူမျိုး တစ်မျိုးလုံးတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက္ခဏာသည် အရိုးစွဲ၍ ခိုင်မာရင့်သန် နေပြီဖြစ်၏။ မြန်မာ့ယဉ်ကျေးမှု တွင် ဆယ့်နှစ်ရာသီ ပွဲတော်များသည် ယဉ်ကျေးမှု အသွင်သဏ္ဌာန် တစ်ရပ်အနေဖြင့် ခံ့ခံ့ထည်ထည် ပါဝင်ပြီးဖြစ်သည်။ မြန်မာသက္ကရာဇ် နှစ်ဟောင်းလွန် မြောက်၍ နှစ်သစ်သို့ ကူးပြောင်းသော အတာသင်္ကြန် ပွဲတော်သည်လည်း ဗုဒ္ဓယဉ်ကျေးမှုကို အခြေပြုသော မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ရပ်မည်ပေ၏။

''နှစ်ဆန်းခါသည် အရေးပေမို့၊ ချွေးလုံးအဖြာဖြာနဲ့၊ မောင်တို့မှာ ဗုံသံဆန်းလေတော့၊ မယ်တို့မှာ ခါတော်ပန်းတွေနဲ့'' လွမ်းစရာ့အခါကား မြန်မာနှစ်သစ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် နှင့်ဆိုင်ရာ အခါတော်နေ့ကြီး များကို လပြည့်နေ့တွင် အထွတ်အမြတ် ကျင်းပမြဲ ဖြစ်သော်လည်း နှစ်ဦးအတွက် အခါတော်နေ့ကိုမူ မြန်မာနှစ်ဆန်း တစ်ရက်နေ့ကို ရွေးချယ်ပါသည်။ အကြောင်းကား ကမ္ဘာသူ ကမ္ဘာသားများ အနိဋ္ဌာရုံများ ပပျောက်ပြီး ဣဋ္ဌာရုံအပေါင်း ပြီးပြည့်စုံကြစေရန်၊ ဘေးဥပဒ်အန္တရာယ် ကင်းဝေးကြစေရန်၊ မကောင်းသော စိတ်ဓာတ်များကို ဖယ်ရှားပြီး ကောင်းသော စိတ်မြတ်များ မွေးမြူကြစေရန်၊ အရှက်နှင့် အကြောက် လောက ပါလတရား နှစ်ပါး ထွန်းကားကြစေရန်၊ ဗြဟ္မဝိဟာရတရား လေးပါး ထွန်းကားပြန့်ပွား စေရန်နှင့် မင်္ဂလာတရားတော် များထွန်းကားပြန့်ပွား စေရန်ရည်ရွယ်၍ နှစ်သစ်မင်္ဂလာ အခါတော်နေ့ ကျင်းပပါသည်။

မြန်မာတို့၏ သင်္ကြန်ရေ ပက်ဖျန်းခြင်းသည် လေးနက် မွန်မြတ်သော အနှစ်သာရကို ပေးစွမ်းပါပေသည်။ ရေကစားကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသော မေတ္တာ အကြည်ဓာတ်ဖြင့် ကစားကြသည် ဖြစ်၏။ ရှေးက စမ္ပာကရမက် ပန်းပေါင်းဖက်သော အမွှေးအကြိုင် တို့ကို ဖလားတွင်ထည့်၍ ဂွမ်းဆွတ်ပြီး ရေလောင်းခဲ့သော အစဉ်အလာ ရှိခဲ့သည်။ သပြေခက်နှင့်လည်း ယဉ်ကျေးသိမ်မွေ့စွာ ရေပက်ခဲ့ကြသည်။ ရတနာပူရ အင်းဝနေပြည်တော် ၌ အင်းဝမင်းဆက် တို့သည် အခါသုံးရက်တွင် ညောင်ရေတော် သွန်းရန် အစီအရင်နှင့် သက်ဆိုင်သူများက ရေတော်ခပ် သွားရသည်။ မြူတာအိုး ၁ဝဝဝ ဖြင့် အစဉ်အတိုင်း ဗုံမောင်းတီးကာ မြစ်လယ်တွင် ရေခပ်ရ၏။ 

သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတာတက်သည့်နေ့ သုံးရက်ကို ညဦးက ညောင်ရေတော်ခပ်၍ နံနက်ကို သွန်းရသည်။ ဤအစဉ်အလာ များဖြင့် မြန်မာမှုသည် တင့်တယ်ထည်ဝါ ခဲ့ပေသည်။

နှစ်သစ်ကား စေတီပုထိုးနှင့် ရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းဖြင့် ကျောင်းကန်ဘုရား များ၌ ကြက်ပျံမကျ စည်ကားလှ၏။ ကျောင်းကန်ဘုရားသို့ သွား၍ ရေကုသိုလ်ပြုသော နှစ်ဆန်းတစ်ရက် နေ့၌ စာရေးသူတို့ ငယ်စဉ်က ရေကျော်ရွှေဘုန်းပွင့် ဘုရားဝယ် ရေသပ္ပာယ်ပြီး တစ်ဦးနှင့်တစ်ဦး ရေများဖြင့် လောင်းကြသည့်ဓလေ့ ရှိခဲ့ဖူး၏။ ရေ၏ သဘောကား ထိတွေ့သူအတွက် အအေးဓာတ်၊ အကြည်ဓာတ်ကို ပေးစွမ်းရကား နံနက်စောစော ရေအပြည့်ရှိသော ရေကန်၊ အုတ်ကန် တို့ကိုတွေ့ရမူ မင်္ဂလာဖြင့် ပြီးပြည့်စုံ၏ဟု ရှေးလူကြီးတို့ ဆိုရိုးရှိကုန်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် နှစ်ဆန်းတစ်ရက် နေ့တွင် ရေကုသိုလ်အပြင် သက်ကြီးရွယ်အို ဘိုးဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်းစသော ဝေယျာဝစ္စဂါရဝ တို့ကိုလည်း ပြုလေ့ရှိသည်။ သံဃာတော်များ၏ အန္တရာယ်ကင်း ပရိတ်တရားတော် များကား လမ်းတိုင်း၊ ရပ်ကွက်တိုင်းတွင် ဘဝဂ်သို့ ရောက်မတတ် သုတိသာယာရှိလှ၏။

ထို့ပြင် ''ချိုဖျားမှာ ပိတောက်ပန်းတွေက၊ တလျှမ်းလျှမ်း ရွှေအဆင်း၊ နွားစိတ်ထဲအခဲသား ဝင်လိုက်ရ၊ ရွှင်လိုက်မည့်ဖြစ်ခြင်း''ဟူသော ကိုယ်ချင်းစာနာသည့် ဇီဝိတဒါန သက်လွှတ်ပွဲများကမူ နှစ်ဆန်း တစ်ရက်နေ့ ၏ အထူးမြတ်ဆုံး ဖြစ်သည့် မင်္ဂလာပြယုဂ် ဖြစ်တော့၏။

ဂေါတမမြတ်စွာဘုရား မပွင့်မီက ထိုခေတ် လူပုဂ္ဂိုလ်တို့သည် မင်္ဂလာဟူသော အကြောင်းချင်းရာကို ထင်ရာမြင်ရာ အငြင်းသန်ခဲ့သည်မှာ ၁၂ နှစ်ကာလပင် ကြာခဲ့၏။ မင်္ဂလာ တရားတော်ကို သာဝတ္ထိပြည် ဇေတဝန်
ကျောင်းတော်ကြီး ပေါ်တွင် နတ်သားတစ်ဦးက လျှောက်ထားသဖြင့် မြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။ မြတ်စွာဘုရား ဟောကြားသော မင်္ဂလာတရား (၃၈)ပါးကို စေ့ငုလေ့လာလျှင် ပေါင်းသင်း ဆက်ဆံရေး၊ နေရေးထိုင်ရေး၊ သင်ကြားရေး၊ ပြုစုရေး၊ လိုက်နာကျင့်သုံးရေး၊ ရှောင်ကြဉ်ရေး၊ စိတ်ထားတတ်ရေး၊ သည်းခံရေး၊ ခြိုးခြံချွေတာရေး စသည်တို့ကို တွေ့ရှိရပါမည်။ လောက လူသားများ အကျိုးအလို့ငှာ ထောင့်စုံမှ ဟောကြားထားခြင်း ဖြစ်ပါ၏။

ဤ မင်္ဂလာတရားတော် တွင် အသေဝနစဗာလာနံ လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း၊ ပဏ္ဍိတာ နဉ္စသေဝနာ- ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း၊ ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူ တို့ကို ပူဇော်ခြင်း
မင်္ဂလာသုံးပါးကို ပေါင်းသင်းဆက်ဆံရေး မင်္ဂလာဟု အမှတ်သညာရှိ၏။ ဤသုံးပါးကို လိုက်နာကျင့်သုံးရုံ ဖြင့်ပင် အကြင်သူသည် လူတော်လူမြတ်မည် ပေသည်။

နေထိုင်ရေး မင်္ဂလာတွင် သင့်လျော်သော အရပ်၌နေရသော ပတိရူပဒေသဝါသောစ မင်္ဂလာ၊ ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိသည် ဆိုသည့် ပုဗ္ဗေစကတပုညတာ မင်္ဂလာ၊ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းသော အတ္တသမ္မာပဏီဓိစ မင်္ဂလာ အပြားသုံးပါးရှိ၏။ သင်ကြားရေး မင်္ဂလာတွင် လေးပါးတွေ့ရသည်။ လောကီလောကုတ် အကြားအမြင်များခြင်း၊ စက်မှုလက်မှု အတတ်တို့ကို တတ်ရခြင်း၊ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြား နားလည်ခြင်း၊ အပြောအဆို ချိုသာ ယဉ်ကျေးခြင်းတို့ ဖြစ်သတည်း။

ပြုစုရေးမင်္ဂလာ သုံးပါးကား လောကတွင် မိမိကိုယ်ကို လူတစ်လုံးသူတစ်လုံး ဖြစ်စေနိုင်အောင် မြင့်မြတ်သည့် ကိုယ်ကျင့်သိက္ခာကို ဖော်ဆောင်ပါပေသည်။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း၊ သားမယားတို့ကို တရား နှင့်အညီ လုပ်ကျွေးခြင်း၊ အနှောင့်အယှက် ကင်းသော အလုပ်ကိုလုပ်ကိုင်ခြင်း တို့တည်း။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊ သုစရိုက်တရားတို့ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း၊ အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းကား လိုက်နာကျင့်သုံးရေး မင်္ဂလာလေးပါး ဖြစ်၏။

ဆောင်အပ်ရှောင်အပ် ဟူသော စကားအတိုင်း ရှောင်ကြဉ်ရေး မင်္ဂလာလေးပါး အပြားရှိကုန်၏။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း၊ ကိုယ်၊ နှုတ်ဖြင့်ရှောင်ခြင်း၊ မူးယစ်သေစာ မသောက်စားခြင်း၊ ကုသိုလ်တရား တို့၌မမေ့မလျော့ခြင်း တို့တည်း။

နှစ်ဆန်းတစ်ရက်နေ့ သည် မင်္ဂလာ နေ့ထူးနေ့မြတ် ဖြစ်ရကား အများသူငါ ကုသိုလ်ရေး အားထုတ်ချိန်ဝယ် မူးယစ်သောက်စား မကောင်းမှုများသူ တို့ကား အကုသိုလ်သာ ပွားချိမ့်ပေမည်။ ဥပုသ်သီတင်း မဆောက်တည်နိုင် သည်က ခံသာသေး၏။ သောက်စား ရမ်းကားခြင်းက မိမိ၏ဘဝ အစိတ်အပိုင်းတစ်ခု ဖြစ်သော နှစ်သစ်ကို အရုပ်ဆိုးအကျည်းတန် စေမည် ဧကန်ဖြစ်တော့သည်။

မင်္ဂလာတရားတွင် ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါး ကျေးဇူးကိုသိခြင်း၊ သင့်လျော်သောအခါ တရားနာခြင်း ငါးပါးကို မြတ်သော မင်္ဂလာမည်၏ဟု ကာယကံမှု၊ ဝစီကံမှု မင်္ဂလာငါးပါးကို တွေ့ရှိရ၏။ စိတ်ထားရေး မင်္ဂလာဟု ပညတ်၏။ သည်းခံရေးမင်္ဂလာ လေးပါးရှိကုန်သည်။ သည်းခံရခြင်း၊ ဆုံးမလွယ်ရခြင်း၊ ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း၊ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း တို့ဖြစ်၏။ ခြိုးခြံရေး မင်္ဂလာတွင် ခြိုးခြံချွေတာခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ သစ္စာလေးပါးကို သိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူ၍ လေးပါးထင်ရှား၏။

လူတို့မည်သည် သုခချမ်းသာနှင့် မတောင့်မတ နေနေရလျှင် တရားသံဝေမမြင်၊ မထင်ပေ။ ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ရမှ သံဝေဂရတတ်ကြ၏။ ထို့ကြောင့် စိတ်ထားခိုင်ခံ့ရေး မင်္ဂလာတွင် လောကဓံတရားနှင့်  တွေ့ကြုံသော အခါ စိတ်ဓာတ် မတုန်လှုပ်ခြင်း၊ မစိုးရိမ်ခြင်း၊ ကိလေသာ မြူကင်းခြင်း၊ ဘေးကင်းခြင်းဟူ၍ လေးပါးရှုပွား နိုင်ပေသည်။

မြန်မာနှစ်ဆန်း တစ်ရက်နေ့သည် ဤရွေ့ဤမျှ အကျိုးကြီးမားသော မင်္ဂလာတရားတော်များ ထုံသင်းပျံ့နှံ့ ကျင့်ကြံရန် နှစ်တစ်နှစ်၏ အစပျိုးရက် ဖြစ်ရကား အလွန်ပင် ကျက်သရေမင်္ဂလာ ခညောင်းသည့် အခါတော်နေ့ ဖြစ်ပေသည်။ အစဉ်အဆက် ထိန်းသိမ်းခဲ့သော မဟာသင်္ကြန် ကို ယဉ်ကျေးစွာ ပျော်ရွှင်ခြင်းဖြင့် ဖြတ်သန်းပြီး သကာလ ရောက်ရှိလာမည့် မြန်မာနှစ်သစ်တွင် ဗုဒ္ဓယဉ်ကျေးမှု မင်္ဂလာတရားတော်များ ပျံ့ပွားလာရေးကို လူတိုင်းကိုယ်စီ အလေးထားသင့်ပါ၏။ ''တိုးတက်ကြီးပွား၊ စီးပွားမြော်ကာ၊ နောင်ခါနောင်ရေး၊ မြော်တွေး၍သာ၊ တစ်ခုတတ်က၊ လူ့ရပ်နယ်မှာ၊ တန်ခိုးထွက်၊ တိုးတက်မင်္ဂလာ'' ဟူသော မင်္ဂလာတရားတော် များသည် ဗုဒ္ဓယဉ်ကျေးမှုမှ သန္ဓေတည် ပေါက်ဖွားလာသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းများဖြစ်ကြောင်း နှစ်သစ်မင်္ဂလာ အခါတော်နေ့ကို အလေးအမြတ်ထား ပူဇော်အပ် ပါသတည်း။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

Thursday, March 30, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန်
 မြေသားလုပ်ငန်း ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး 
တည်ဆောက်နေမှု အခြေအနေများအား ရှင်းတင်းတင်ပြစဉ်

နေပြည်တော် ၊ ၃၀-၃-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့
နေ့လယ်ပိုင်းတွင် အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တကမြေ အတွင်း၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များက တည်ဆောက် လှူဒါန်းသည့် သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုသည်။

ဦးစွာ ရှင်းလင်းဆောင်၌ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှု အခြေအနေများအား တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး အတွက် ပန်းအလှပင်များ၊ အရိပ်ရလေကာပင်များ စနစ်တကျ စိုက်ပျိုးရန်၊ ဂေါပကအဖွဲ့နှင့် ညှိနှိုင်း၍ ကားရပ်နားရန် နေရာ၊ အများသုံးသန့်စင်ခန်း များနေရာ၊ ရေစီးရေလာ ကောင်းမွန်စေရေး နှင့် ရေဆိုးထုတ်ရန် ကိစ္စရပ်များကို ထည့်သွင်း လုပ်ဆောင်ရေး၊ သတ်မှတ်ကာလ အတွင်း မြန်မာမှုကိစ္စရပ်များ အပါအဝင် လက်ရာသေသပ်စွာ ဆောက်လုပ်ပြီးစီးရေး တို့အား မှာကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂေါပကအဖွဲ့များနှင့်အတူ မြေသားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုကြသည်။ အဆိုပါသီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး ပန္နက်တော်တင်၊ တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားအား မတ် ၉ ရက်တွင်ကျင်းပ ပြုလုပ်ခဲ့ပြီး အလျား ၁၈၆ ပေ၊ အနံ ၇၂ ပေရှိ နှစ်ထပ်ဗိမာန်တော်ကြီး ဖြစ်ကြောင်းနှင့် ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီး ချိန်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် အတွင်း သံဃာတော်များ စာပြန်ပွဲ ကျင်းပခြင်းများ၊ သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပခြင်းများအား အဆင်ပြေချောမွေ့ စွာဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Tuesday, March 28, 2017

ပအိုဝ်းတိုင်းရင်းသားများ၏ ရဟန်းခံရှင်ပြုပွဲကို ဆင် ၊ မြင်း အကောင်ရေ ၁၀၀ ခန့်ဖြင့်ကျင်းပ



သထုံ ၊ ၂၈-၃-၂၀၁၇

မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလား ရှမ်းရွာ၌ ပအိုဝ်းတိုင်းရင်းသား များ၏ ရိုးရာမပျက် စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို မတ် ၂၆ ရက်က ဆင်၊ မြင်း အကောင်ရေ ၁ဝဝ ခန့်ဖြင့် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

စုပေါင်းရဟန်းခံ ရှင်ပြုပွဲတွင် ရဟန်းအပါး ၃ဝ ၊ ရှင်သာမဏေ ၈၅ ပါး စုစုပေါင်း ၁၁၅ ပါးပါဝင်ပြီး အလှူပွဲ လှည့်လည်ရန် ဆင် ၁ဝ ကောင်နှင့် မြင်းအကောင်ရေ ၉ဝ ခန့် အသုံးပြု ထားကြောင်း သိရသည်။

''ရွာရဲ့ စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို သုံးနှစ်တစ်ကြိမ် ရွာမှာစုပေါင်း လုပ်တယ်။ ခုဆို (၆)ကြိမ်မြောက်ပါ။ လုပ်တဲ့နေရာ မှာလဲ ပအိုဝ်းတိုင်းရင်းသား တွေရဲ့ ရိုးရာအမွေအနှစ်လဲ မပျောက်ပျက်အောင် လှည့်လည် တဲ့နေရာမှာ ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ပြီး ဆင်တွေ၊မြင်းတွေကို အသုံးပြုထား ပါတယ်။ အရင်နှစ်တွေထက် ဒီနှစ်က ပိုစည်ကားတယ်။ အလှူဒါန ပြုတဲ့နေရာမှာလဲ တတ်နိုင်တဲ့သူပဲ ဖြစ်ဖြစ်၊ မတတ်နိုင်တဲ့ သူပဲဖြစ်ဖြစ် ခွဲခြားတာမရှိဘဲ ရှင်ရဟန်းပြု ချင်တဲ့သူ အားလုံးကို သာသနာ့ဘောင် အရောက်ချီးမြှင့် ပေးတာပါ။ အလှူပွဲအတွက် ကုန်ကျစရိတ် ကိုတော့ တတ်နိုင်သူက ထည့်ဝင်ကြ ပါတယ်'' ဟု နောင်ကုလား ရှမ်းရွာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တသူရိယ က မြွက်ကြားသည်။

နောင်ကုလားရှမ်းရွာ အတွင်းရှိ ပအိုဝ်း တိုင်းရင်းသား များနှင့် အဝေးရောက် ပအိုဝ်း တိုင်းရင်းသားများ စုစည်းပြီး စုပေါင်းသာသနာပြု နိုင်ရေးအပြင် ပအိုဝ်း တိုင်းရင်းသား များ၏ ရှေးအစဉ်အလာ တိုင်းရင်းသားရိုးရာ
အမွေအနှစ်များ မပျောက်ပျက်ဘဲ အစဉ်အမြဲ အမှတ်ရစေရန် ဖော်ထုတ်ခြင်း၊ ဘာသာ၊ သာသနာကို ပအိုဝ်းတိုင်းရင်းသား များက အစဉ်အမြဲ ချီးမြှောက်နိုင်စေရန် ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း အဆိုပါ ဆရာတော်က ဆက်လက် မြွတ်ကြားသည်။

နောင်ကုလားရှမ်းရွာ ရှိပအိုဝ်းတိုင်းရင်းသား များ၏ စုပေါင်းရဟန်းခံ ရှင်ပြုမင်္ဂလာပွဲကို ၁၉၉၈ ခုနှစ်မှစတင်ကာ သုံးနှစ်တစ်ကြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Monday, March 20, 2017

သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာတက္ကသိုလ်၌ သီတဂူဆရာတော်ကြီး ကိုယ်တိုင် တရားတော်များကို သင်ကြားပို့ချပေးမည်



စစ်ကိုင်း ၊ ၂၀-၃-၂၀၁၇

တပေါင်းလပြည့် မတ် ၁၂ ရက်က အသစ်ဖွင့်လှစ် ခဲ့သည့် သီတဂူ အပြည်ပြည် ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်တွင် သီတဂူ ဆရာတော်ကြီး ကိုယ်တိုင် တရားတော် များကို ဧပြီ ၁ ရက်မှ ၁ဝ ရက်ထိ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မှ သိရသည်။

အဆိုပါ သင်ကြားပေးမှုကို ရဟန်း သံဃာများနှင့် သီလရှင်များကိုသာ သင်ကြားပေး သွားမည်ဖြစ်ပြီး ယခုအကြိမ်သည် သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ် ဖွင့်လှစ်ပြီး ပထမအကြိမ် သင်ကြားပို့ချ ပေးခြင်း ဖြစ်ကြောင်း သိရသည်။

သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ တက္ကသိုလ်ကို စစ်ကိုင်းတောင်ရိုး သောတပန် ရပ်ကွက်အုပ်စု၊ ဆန်းသစ်ရပ်ကွက် အနောက်ဘက် တောင်ဖီလာ စေတီတော် အနီးရှိ မြေဧက ၇ဝ ဒသမ ၂၆ ဧကအကျယ်အဝန်း ပေါ်တွင် ၂ဝ၁ဝ ပြည့်နှစ်က စတင် တည်ဆောက်ခဲ့ပြီး ယခုနှစ် မတ် ၁၂ ရက် (တပေါင်းလပြည့်) သီတဂူ ဆရာတော်ကြီး သက်တော် (၈ဝ) ပြည့်မွေးနေ့တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် တွင် ယောဂီ ဦးရေ ၃ဝဝ တရားအားထုတ် နိုင်သော သီတဂူ သံဝေဇနိယဓမ္မ ဗိမာန်တော်ကြီး၊ သီတဂူ ဒီပင်္ကရစေတီတော်၊ ရွှေစည်းခုံ စေတီတော် အပါအဝင် နိုင်ငံတကာမှ စေတီပုံစံတူ ၁၅ ဆူ၊ ဆရာတော်ကြီး သီတင်းသုံး နေထိုင်မည့် ကျောင်းဆောင်၊ လက်ထောက် ဆရာတော် ကျောင်းဆောင်၊ အမျိုးသား ယောဂီဦးရေ ၁၀၀ နေထိုင်နိုင်ရန် အတွက် အဆောင် ငယ်ပေါင်း ၁ဝဝ၊ အမျိုးသမီး ယောဂီဦးရေ ၁ဝဝ နေထိုင်နိုင်ရန် အတွက် အဆောင်ငယ်ပေါင်း ၁ဝဝ၊ ရုံးခန်းမဆောင်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်နှင့် ဂါလန် ငါးသောင်းဆံ့ ရေကန်နှစ်ကန် စသည်တို့ကို တည်ဆောက် ထားသည်။

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် ၏ အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဉာဏဿိ ရအနေဖြင့် သက်တော် (၈၀) ပြည့်မွေးနေ့မှ စတင်၍ ပြည်တွင်း၊ ပြည်ပ လှည့်လည် တရားဟောကြားခြင်း အစီအစဉ်များကို လျှော့ချသွားမည် ဖြစ်ပြီး သီတဂူ အပြည်ပြည် ဆိုင်ရာ ၀ိပဿနာတက္ကသိုလ် တွင် တရားဟောခြင်း၊ တရားပြခြင်းများ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် မှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

Friday, March 17, 2017

ပုဂံဘုရားစေတီပုထိုးများ ပေါ်သို့ ဖိနပ်ဖြင့်တက်ရောက်ခြင်းကို တားမြစ်ခြင်းမရှိပါက နိုင်ငံခြားခရီးသွား ဧည့်သည်များအပြင် ဧည့်လမ်းညွှန်များကိုပါ အရေးယူမည်



ညောင်ဦး ၊ ၁၇-၃-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဘုရားစေတီပုထိုး များပေါ်သို့ ဖိနပ်ဖြင့် တက်ရောက်ခြင်းကို တားမြစ်ခြင်း မရှိပါက နိုင်ငံခြား  ခရီးသွားဧည့်သည် များအပြင် ဧည့်လမ်းညွှန် များကိုပါ အရေးယူသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီလ အတွင်းက ရွှေနန်းရင်ပြင် ဘုရားပေါ်သို့ ဖိနပ်ဖြင့် တက်ခဲ့သည့် နိုင်ငံခြားခရီးသွား ဧည့်သည်တချို့ကို ဖိနပ်ချွတ်ရန် မပြောခဲ့သည့် ဧည့်လမ်းညွှန်အား ဘာသာရေး အရ သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူထားပြီး မတ် ၁၃ ရက်က ရွှေဆံတော် ဘုရား ပေါ်သို့ နိုင်ငံခြားခရီးသွား ဧည့်သည်နှစ်ဦး ဖိနပ်ဖြင့် တက်ရောက်သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ သော်လည်း တာဝန်ရှိသူ များထံ သတင်းမရောက် ရှိ၍ အရေးမယူ နိုင်ခဲ့ကြောင်း ကမ္ဘာလှည့် ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့မှ သိရသည်။

''သူများနိုင်ငံတွေ မှာလည်း သူ့နိုင်ငံအလိုက် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း တွေရှိတယ်။ သူများနိုင်ငံကို သွားရင် သူတို့နိုင်ငံက သတ်မှတ်ချက် တွေကို လိုက်နာရတာ ပါပဲ။ ဘုရားစေတီပုထိုး တွေပေါ်ကို ဖိနပ်နဲ့တက်ခဲ့ရင် ဘာသာရေးအရ သာသနာ ညှိုးနွမ်းစေမှုနဲ့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားဝင် သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းကို ချိုးဖောက်တာ ကြောင့်ပါပဲ'' ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီ ပုထိုးများပေါ်သို့ ဖိနပ်ဖြင့် တက်ရောက်ခြင်း အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အရေးယူလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Thursday, March 16, 2017

စစ်ကိုင်းမြို့ ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တတိယအကြိမ် မဟာဘွဲ့နှင်းသဘင် ကျင်းပ


သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ၊ တွဲဖက်ရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဘွဲ့ရသံဃာတော်အား ဘွဲ့အပ်နှင်းစဉ်

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တတိယအကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်တွင် ဆရာတော်ကြီးများ ၊ သံဃာတော်များ ၊ သီလရှင်များ ၊ လူပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသူများ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တတိယအကြိမ် မဟာဘွဲ့နှင်းသဘင် ကို ယမန်နေ့ နေ့လယ်ပိုင်းတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သဒ္ဓမ္မဇောတိက သိမ်တော်ကြီး၌ ပြုလုပ်ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ၊ တွဲဖက်ရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်  ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ အမှူးပြုသော အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ ဒေါက်တာဘွဲ့ရ၊ မဟာဝိဇ္ဇာဘွဲ့ရ နှင့် ဝိဇ္ဇာဘွဲ့ရ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ကြွရောက် တော်မူကြပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံ နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ ဘွဲ့လက်ခံရယူမည့် ကျောင်းသား၊ ကျောင်းသူများက ကတိသစ္စာပြုကြပြီး သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများက ဘွဲ့ခံကျောင်းသား၊ ကျောင်းသူများအား ဘွဲ့လက်မှတ်များ အပ်နှင်းကြသည်။

ထို့နောက် ဘွဲ့ခံကျောင်းသား၊ ကျောင်းသူများက သီတဂူသစ္စာအဓိဋ္ဌာန် ၁၅ ချက် ရွတ်ဆိုကြပြီး ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသနှင့် အောက်စဖို့ဒ် တက္ကသိုလ် ပါမောက္ခဒေါက်တာ ဓမ္မသာမိ တို့က ဘွဲ့နှင်း သဘင်မိန့်ခွန်းများ ချီးမြှင့်ကြကာ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ က နိဂုံးချုပ်သြဝါဒစကား ပြောကြားသည်။

အဆိုပါတတိယအကြိမ် မဟာဘွဲ့နှင်းသဘင် တွင် ဒေါက်တာဘွဲ့ရ သံဃာတော်တစ်ပါး၊ မဟာဝိဇ္ဇာဘွဲ့ရ သံဃာတော်လေးပါးနှင့် သီလရှင်လေးပါး၊ ဝိဇ္ဇာဘွဲ့ရ သံဃာတော် ၁၃၆ ပါး၊ သီလရှင် ၃၅ ပါးနှင့် လူပုဂ္ဂိုလ် ငါးဦးတို့ကို ဘွဲ့များအသီးသီး ချီးမြှင့်အပ်နှင်း ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Monday, March 13, 2017

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် " သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး " နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်


ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် " သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး " နှင့် 
ပတ်သက်၍ သတင်းထုတ်ပြန်ချက်
နေပြည်တော် ၊ ၁၃-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး ၏ ဝတ္တကမြေ အတွင်း၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက တည်ဆောက် လှူဒါန်းသည့် သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး ပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာနှင့် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းအား မြဝတီ ရုပ်မြင်သံကြား နှင့် မြဝတီသတင်းစာ များတွင် သတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါသတင်းအား မတ်လ ၁ဝ ရက်နေ့ထုတ် 7 Day Daily နေ့စဉ် သတင်းစာတွင် ''တပ်ချုပ်ဦးဆောင် လှူဒါန်းသော မဘသဥက္ကဋ္ဌ ဆရာတော်ကြီး ၏ မဟာသာသနာ့ ဗိမာန်တော် ပန္နက်တင်'' ဟု အဓိပ္ပာယ် များစွာ ကွဲလွဲသော သတင်းခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်း သာသနာ့ ဗိမာန်တော်တစ်ခု အမှန်တကယ် လိုအပ်နေကြောင်း တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ စာဖြင့်မေတ္တာ ရပ်ခံ ပေးပို့ချက်အရ သာသနာ့ဗိမာန်တော် ပေါ်ပေါက်စေရေး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ကမကထ ပြုလုပ်၍ ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သာသနာ့ ဗိမာန်တော်ကြီးတွင် သံဃာတော်များ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ၊ အခြားသာသနာရေး ဆိုင်ရာ စာမေးပွဲများ ပြုလုပ်နိုင်ရန်နှင့် သာသနာတော် ထွန်းကားပြန့်ပွားရေး အလို့ငှာ အသုံးပြုနိုင်ရန် သံဃာအားရည်မှန်း၍ လှူဒါန်းသော ''သံဃိကဒါန'' စုပေါင်းအလှူသာ ဖြစ်ကြောင်း သတင်းမှန် ထုတ်ပြန်အပ် ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

မြ၀တီနေ့စဉ်သတင်းစာ

Sunday, March 12, 2017

တပေါင်းလပြည့်


တပေါင်းလပြည့်

ယနေ့သည် တပေါင်းလပြည့်နေ့ ဖြစ်သည်။ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူ ပြီးနောက် လူ နတ် ဗြဟ္မာ တို့အား ကျွတ်တမ်းဝင် စေကြောင်း သတင်းကောင်းကို ကြားသိရသော ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် သားတော် ဘုရားရှင်အား ကပိလဝတ်ပြည် သို့ ကြွရောက်ရန် အမတ် တစ်ယောက်လျှင် အခြံအရံတစ်ထောင် ခြံရံစေပြီး ပင့်ဖိတ်စေသည်။ ရောက်လာသမျှသော အမတ်များနှင့် အခြံအရံများသည် ဘုရားရှင် ရှေ့မှောက်တွင် တရားနာကြားကြ ရ၍ ရဟန်းများ ဖြစ်သွားကြသည်။

နောက်ဆုံး ဆယ်ယောက်မြောက် အမတ်ဖြစ်သော ဘုရားရှင်၏ ဖွားဖက်တော် ကာဠုဒါယီ အမတ်နှင့် အခြံအရံတော် တစ်ထောင်ကို စေလွှတ်ခဲ့ရာ ကာဠုဒါယီ အမတ်သည်လည်း ဘုရားရှင်ရှေ့တွင် တရားနာကြားရ၍ ရဟန်းဖြစ်သွား ခဲ့သည်။ ရဟန်း ကာဠုဒါယီသည် ၄င်း၏ တာဝန်ဖြစ်သော ဘုရားရှင် ကပိလဝတ်ပြည်သို့ ကြွချီရေးအတွက် တပေါင်းလ သာယာပုံ၊ လမ်းခရီး ဖြောင့်ဖြူးပုံ ကြည်နူးဖွယ် အစုံစုံတို့ကို ဂါထာပေါင်း ၆၄ ဂါထာဖြင့် ဘုရားရှင်အား လျှောက်ထားခဲ့သည်။

ရဟန်း ကာဠုဒါယီ ၏ လျှောက်ထားချက်အရ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစ၍ ရာဇဂြိုဟ်ပြည်မှ ယူဇနာ ၆ဝ ကွာဝေးသည့် ကပိလဝတ်ပြည်သို့ တစ်ရက်လျှင် တစ်ယူဇနာကျ ခရီးဖြင့် ဒေသစာရီ ကြွချီ တော်မူခဲ့သည်။ ထို့ကြောင့် တပေါင်း လပြည့်နေ့ကို မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါသမယနေ့ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

တပေါင်းလရာသီသည် ရေကျချိန်ဖြစ်၍ သဲသောင်များ ထွန်းလေ့ရှိသည်။ ပေါ်ထွန်းလာသည့် သဲသောင်များ အပေါ်တွင် ရှေးအခါသမယမှ စတင်ကာ မင်းနှင့်တကွသော ပြည်သူများသည် သဲပုံစေတီများ ပြုလုပ်ပူဇော်ကြသည်။ 

ထို့ကြောင့် တပေါင်းပွဲတော် ဟူသည် မြတ်စွာ ဘုရားရှင်အား သဲပုံစေတီ ပြုလုပ်ပူဇော်သည့်ပွဲ အဖြစ်လည်း သတ်မှတ်ခေါ်ဝေါ် ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည် သို့ တစ်ရက်လျှင် တစ်ယူဇနာ ခရီးဖြင့် ဒေသစာရီကြွ ချီခဲ့ရာ ကဆုန်လပြည့် နေ့တွင် သံဃာတော် ၂ဝဝဝဝ ခြံရံလျက် ကပိလဝတ်ပြည် သို့ ရောက်တော်မူ ခဲ့သည်။ 

ရောက်ရှိသည့်အခါ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးနှင့် ဆွေတော်မျိုးတော်များ၊ ပြည်သူများအား တရားရေအေး တိုက်ကျွေး၍ ကျွတ်တမ်းဝင် စေခဲ့သည်။ တစ်ဆက် တည်းတွင် အနာဂတ် သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့စေရေး အတွက် ရဟန်း၊ ရဟန်းမ၊ ဒါယကာ၊ ဒါယိကာမ များအား ဘွဲ့ထူးဂုဏ်ထူး အဖြစ် ဧတဒဂ်ဘွဲ့များ ချီးမြှင့် တော်မူခဲ့သည်။

နိုင်ငံတော်အစိုးရ တို့သည် သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်တော် များနှင့်အတူ လူမှုထူးချွန်ဆု ဆိုင်ရာ တံဆိပ်များကိုလည်း နှစ်စဉ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့၌ ထုတ်ပြန် ကြေညာပြီး မြန်မာ သက္ကရာဇ် ၏ နောက်ဆုံးလ ဖြစ်သည့် တပေါင်းလပြည့် နေ့တွင် ဘွဲ့တံဆိပ်တော်များနှင့် လူမှုထူးချွန်မှု ဆိုင်ရာ တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း  ပူဇော်ချီးမြှင့်လေ့ ရှိသည်။ ထို့ကြောင့် တပေါင်းလပြည့်နေ့ ကို ဘုရားရှင်အား အကြောင်းပြုပြီး မြတ်ဗုဒ္ဓ ပြည်တော်ပြန် အခါသမယနေ့၊ တပေါင်းပွဲတော်နေ့ (သဲပုံစေတီပွဲနေ့)၊ သာသနာနုဂ္ဂဟနေ့ ဟူ၍ ခေါ်ဆိုကြခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

Friday, March 10, 2017

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်



ရန်ကုန် ၊ ၁၀-၃-၂၀၁၇

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ရာ အခြေခံပညာ မူလတန်းနှင့် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင် နိုင်ကြောင်း သိရသည်။

''ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူကြီး၊ လူငယ် ဘယ်သူမဆို မြတ်ဗုဒ္ဓရဲ့ ဖြစ်စဉ်ဗုဒ္ဓဝင် ကို သေချာသိရှိပြီး သမားရိုးကျ ကိုးကွယ် ယုံကြည်မှုထက် စာရင် အများကြီး အကျိုး ကျေးဇူးတွေ ရရှိစေမယ်။ ဗုဒ္ဓဘာသာရဲ့ အဆုံးအမကို ကောင်းစွာသိရှိ နားလည်လာ စေမယ်။ ဒါကို မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတွေ ကနေစပြီး သိနိုင်ဖို့ ဒီပြိုင်ပွဲကို ကျင်းပပေးတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျင်းပလာတာ (၆) ကြိမ်မြောက် ရှိပါပြီ'' ဟု သုတစုံလင် ဗုဒ္ဓဝင်အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာတော် အရှင်နန္ဒမာလာ က မိန့်ကြားသည်။

ပြိုင်ပွဲ၏ အမြင့်ဆုံး ရွေးချယ်မှုကို ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ မေ ၅ ရက်တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။

ဖြေဆိုမည့်သူများ အနေဖြင့် လျှောက်လွှာများကို ဧပြီ ၃ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ စာဖြေဌာနများမှ လက်ခံသွားမည် ဖြစ်ကာ ပြိုင်ပွဲဝင် စာဖြေဌာန အဖြစ် မင်္ဂလာကျောင်း သာဓုပရိယတ္တိ စာသင်တိုက် နတ်စင်လမ်း ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး သို့ လျှောက်ထားရမည် ဖြစ်သည်။ အခြေခံပညာ မူလတန်းအဆင့်ကို ယခုနှစ်တွင် စတင်ထည့်သွင်းခြင်း ဖြစ်ပြီး မူလတန်းအဆင့် (၃/၄/၅ တန်း) အောင်၊ အလယ်တန်းအဆင့် (၆/၇/၈ တန်း) အောင်သူများကို သတ်မှတ်ထားသည်။ တစ်နိုင်ငံလုံး ရေးဖြေစာမေးပွဲကို ဧပြီ ၉ ရက်တွင် အားလုံး ဖြေဆိုရမည် ဖြစ်သည်။

ဖြေဆိုသူ ၁၂ဝ ဦးတွင် ရွေးချယ်ခံ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ဝ ဦးခန့် ပေါ်ထွက်လာမည် ဖြစ်ရာ ၄င်းတို့အား မဟာဗုဒ္ဓဝင် ခြောက်တွဲမှ စာအုပ် ရှစ်အုပ်ကို အနီးကပ် သင်ကြားပြီး ၁ဝ ဦးရွေးချယ်မည် ဖြစ်သည်။ ထို ၁ဝ ဦးအား မေ ၅ ရက်တွင် အုပ်စုနှစ်စုခွဲကာ ဗုဒ္ဓဝင်မေးခွန်း များကို အမေး၊ အဖြေ ကဏ္ဍဖြင့် စိစစ်ရွေးချယ်မည် ဖြစ်သည်။ ယင်း ၁ဝ ဦးထဲမှ အကောင်းဆုံး နှစ်ဦးကို ရွေးချယ်မည်ဖြစ်သည်။ ထိုနေ့တွင် နိုင်ငံကျော် အနုပညာရှင် များက ပါဝင်ကာ မေး၊ ဖြေ ဆောင်ရွက်မည် ဖြစ်သည်။

အလယ်တန်း အဆင့်တွင် ပထမဆု ငွေကျပ် သိန်း ၂ဝ နှင့် ရွှေတံဆိပ်တစ်ခု၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ တတိယဆု ငွေကျပ် ၁ဝ သိန်း၊ စတုတ္ထဆု ငွေကျပ် ခြောက်သိန်း၊ ပဉ္စမဆု ငွေကျပ် ငါးသိန်းနှင့် နှစ်သိမ့်ဆုများ၊ မူလတန်းအဆင့် တွင် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် လေးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း၊ စတုတ္ထဆု ငွေကျပ် နှစ်သိန်းခွဲ၊ ပဉ္စမဆု ငွေကျပ် နှစ်သိန်းနှင့် တခြားဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

သီတဂူဆရာတော်ကြီး၏ သက်တော် ၈၀ ပြည့်မွေးနေ့မင်္ဂလာ စစ်ကိုင်းတောင်ရိုး၌ ၁၀ ရက်တိုင် ကျင်းပမည်


သီတဂူ ကမ္ဘာ့ဗုဒ္ဓဘာသာတက္ကသိုလ် ၊ စစ်ကိုင်း

စစ်ကိုင်း ၊ ၁၀-၃-၂၀၁၇

သီတဂူ ဆရာတော်ကြီး၏ သက်တော် ၈ဝ ပြည့် မွေးနေ့ မင်္ဂလာနှင့် သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ ဖွင့်ပွဲ မင်္ဂလာ အခမ်းအနားကို မတ် ၁၁ ရက်မှ ၂ဝ ရက်အထိ စစ်ကိုင်း တောင်ရိုးရှိ သောတာပန် ရပ်ကွက် သဒ္ဓမ္မ သီတဂူချောင် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီး သည် မြန်မာနိုင်ငံအတွင်း D.Litt ၊ ထိုင်းနိုင်ငံ ဗန်ကောက်၊ အိန္ဒိယနှင့် ကမ္ဘောဒီးယား စသောနိုင်ငံတို့၏ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကြီးများ၌ Ph.D ဘွဲ့များရရှိထားပြီး သီရိလင်္ကာနှင့် ကမ္ဘာ့နိုင်ငံ အသီးသီး၌ ဗုဒ္ဓဘာသာ ပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာ အခမ်းအနားတွင် သီတဂူ အပြည်ပြည် ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ၌ သီတဂူမော်ကွန်းတိုက် အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ကျင်းပခြင်း၊ ဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာနှင့် ဓမ္မပူဇာသဘင် ဆင်ယင်ကျင်းပ ခြင်း၊ စစ်ကိုင်းတောင်ရိုးရှိ ပင့်သံဃာ အပါး ၁ဝဝဝ နှင့် သီလရှင်အပါး ၁ဝဝဝ တို့အား သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၌ ဆွမ်းတော်ကြီး လောင်းလှူခြင်း၊ ညစဉ် စစ်ကိုင်းတောင်ရိုး၌ အဘိဓဇ မဟာရဋ္ဌဂုရု ဆရာတော်ကြီး များက တရားတော်များ ဟောကြား ချီးမြှင့်ခြင်း၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးသီးမှ ဘွဲ့ရရှိသူများအား ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း၊ သီတဂူ သာသနာပြု လုပ်ငန်းများတွင် ကုသိုလ်ဖြစ် တာဝန်ထမ်းဆောင် ခဲ့သော ဆရာဝန်ကြီးများနှင့် သူနာပြု ဆရာ၊ ဆရာမ များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းတို့ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Tuesday, February 28, 2017

ပထမအကြိမ် မြန်မာ-ထိုင်း ချစ်ကြည်ရေး သာသနာတော်ဆိုင်ရာ မျှဝေဖလှယ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ


ပထမအကြိမ် မြန်မာ-ထိုင်း ချစ်ကြည်ရေး သာသနာတော်ဆိုင်ရာ မျှဝေဖလှယ်ခြင်းနှင့်
 ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပစဉ်

နေပြည်တော် ၊ ၂၈-၂-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာ အုပ်စု၊ စန္ဒဝတ်ကုန်းတော် ရှိ မဟာသိဒ္ဓိဇယ စေတီတော်ကြီး၏ ပထမအကြိမ် မြန်မာ-ထိုင်း ချစ်ကြည်ရေး သာသနာတော် ဆိုင်ရာ မျှဝေဖလှယ်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် မဟာသိဒ္ဓိဇယ စေတီတော်လိုဏ် အတွင်း၌ ပြုလုပ်ရာ မြိတ်မြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာတော် ၂၅ဝ ပါးနှင့် ထိုင်းနိုင်ငံမှ သံဃာတော် ၂ဝဝ ပါး ကြွရောက် တော်မူကြပြီး ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဘာသာရေး အသင်းများ၊ ဒေသခံပြည်သူ များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြ သူများက တောကျောင်း စာသင်တိုက် ပဓာနနာယ က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဘဒ္ဒန္တတေဇောဘာသ ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ထို့နောက် တက်ရောက် လာကြသူများက သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Saturday, February 18, 2017

Senior General Min Aung Hlaing pays homage to remains of Shwegyin Sangharaja,views venue for holding final rites ceremony



Senior General Min Aung Hlaing supplicates on religious affairs to Sitagu Sayadaw.

Commander-in-Chief of Defence Services Senior General Min Aung Hlaing, accompanied by his wife Daw Kyu Kyu Hla, Commanderin- Chief (Air) General Khin Aung Myint, senior military officers of the Office of the Commander-in-Chief (Army), Commander of Central Command Maj-Gen Win Bo Shein and officials, went to new Maha Withokdayon Monastery in Mahaaungmye Township, Mandalay, this evening and paid homage to the remains of State Ovadacariya, 13th Shwegyin Sangharaja Sayadaw Abhidhaja Maha Rattha Guru, Abhidhaja Agga Maha Saddhammajotika Bhaddanta Aggiya.
.
First, the Senior General and party paid obeisance to the remains of the Sayadaw at Aungmyethazi Therathana Monastery. Then, they paid homage to Chancellor of Sitagu International Buddhist Academies Abhidhaja Maha  Rattha Guru, Shwegyin Nikaya Upaukkatha Sitagu Sayadaw Dr Bhaddanta Ñanissara and supplicated on religious affairs and preparations for holdingthe final rites of the Sayadaw. Next, the Senior General and party presented cash donation for the ceremony to Chief Minister of Mandalay Region Dr Zaw Myint Maung. The Senior General discussed matters related to the holding of the final rites with officials. He then signed the book of condolences for the demise of the Shwegyin Sangharaja Waso Sayadaw, who had strived for the propagation of the Sasana throughout his life. 
.
Afterwards, the Senior General and party went to the Shwe Mann Taung sports ground in Upoktaw Ward, Aungmyaythazan Township, where the final rites will be held, and viewed round preparatory work at the cremation chamber and pavilions where members of the Sangha and mourners will be accommodated. He then attended to the needs. 
.
#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွှေကျင်သာသနာ ပိုင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို၊ အန္တိမဈာပနသာဓုကီဠန ပူဇော်ပွဲအခမ်းအနားကျင်းပ ပြုလုပ်မည့်နေရာသို့ သွားရောက်ကြည့်ရူ


နိုင်ငံတော်သြဝါဒါစရိယ စုဒ္ဒသမရွှေကျင်သာသနာပိုင်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ ဥတုဇရုပ်ကလာပ်တော်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဖူးမြော်ကြည်ညိုစဉ်။

.
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလ၊ှ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလိချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန် နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊မဟာဝိသုဒ္ဓါရုံ တိုက်သစ်သို့ သွားရောက်၍ နိုင်ငံ တော်သြဝါဒါစရိယ စုဒ္ဒသမရွှေကျင် သာသနာပိုင် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ဥတုဇ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုသည်။ 
.
ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် အောင်မြေသာစည်၊ ထေရာသနကျောင်း တိုက်တွင်ထားရှိသည့် ဆရာတော်ကြီး၏ဥတုဇ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုသည်။ ထို့နောက်  သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဥာဏိဿရအား ဖူးမြော်ကြည်ညို၍ သာသနာ
ရေးဆိုင်ရာများ၊ အန္တိမဈာပနသာဓုကီဠန ပူဇော်ပွဲကျင်းပရေး ဆိုင်ရာများ မေးမြန်းလျှောက်ထား၍ ပူဇော်ပွဲ အတွက်အလှူငွေ များပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကလက်ခံ ရယူသည်။ ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တာဝန်ရှိသူများ နှင့်ပူဇော်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်း ဆွေးနွေးသည်။ ယင်းနောက် မှတ်တမ်းစာအုပ်တွင် သာသနာရောင်ဝါ ထွန်းလင်းရေး အတွက် ဘဝတစ် လျှောက်လုံးကြိုးပမ်း ဆောင်ရွက်ခဲ့သော ရွှေကျင် သာသနာပိုင် ဝါဆိုဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားခြင်း အတွက် ကြေကွဲဝမ်းနည်း ကြောင်း မှတ်တမ်းရေးသား လက်မှတ် ရေးထိုးသည်။
.
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အန္တိမဈာပနသာဓုကီဠန ပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ် မည့်အောင်မြေသာစံ မြို့နယ်၊ ဥပုသ်တော် ရပ်ကွက်ရှိ  ရွှေမန်းတောင် အားကစားကွင်းသို့ သွားရောက်၍ လောင်တိုက်တော် ပြင်ဆင်နေမှု နှင့်သံဃာတော်များ၊ ဧည့်ပရိသတ်များ ထားရှိမည့် မဏ္ဍပ်များကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
.
#Themyawadydaily

Wednesday, February 8, 2017

မန်းရွှေစက်တော်ရာဘုရားသို့ တစ်နှစ်ပတ်လုံး လက်ရောက်ဖူးမြော်နိုင်စေရန် စီစဉ် ဆောင်ရွက်သွားမည်



မင်းဘူး ၊ ၈-၂-၂၀၁၇

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားသို့ တစ်နှစ်ပတ်လုံး လာရောက်ဖူးမြော် နိုင်စေရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မန်းရွှေစက်တော်ရာ ဘုရားသို့ ပြည်သူများ ရာသီမရွေး လာရောက်ဖူးမြော် နိုင်ရေးပွဲတော် ကာလအတွင်း၌သာ အသုံးပြုသည့် လမ်းကို တစ်နှစ်ပတ်လုံး သွားလာနိုင်စေရန် အတွက် ယာယီတံတား နေရာ၌ အမြဲတမ်း အသုံးပြု၍ ရသောတံတား တည်ဆောက်ရန် စီစဉ်သွားမည် ဖြစ်ပြီး လေလံတချို့ ကိုလည်း မြန်မာတစ်နိုင်ငံ လုံးမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိရန် အကြံပြုစာများ ရရှိထားကြောင်း သိရသည်။

ထိုသို့ မန်းရွှေစက်တော်ရာ ဘုရားသို့ တစ်နှစ်ပတ်လုံး လာရောက်ဖူးမြော် နိုင်ရန် စီစဉ်ရခြင်းမှာ ဘုရားပွဲတော် ကာလ မဟုတ်သည့် အချိန်များတွင် မိသားစုလိုက် အိမ်စီးကားများဖြင့် လာရောက်မှု များရှိနေပြီး ထိုအချိန်များတွင် လာရောက် ဖူးမြော်သူများမှာ ပုသိမ် - မုံရွာ လမ်းဘက်မှ အထက် စက်တော်ရာသို့ ရှစ်မိုင်ခန့် သွားလာ နေကြရသဖြင့် အချိန်ကုန် သက်သာစေရန် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန်းရွှေစက်တော်ရာ ဘုရားပွဲတော် ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ယခင်နှစ်များ ကထက် လာရောက် ဖူးမြော်သူ အနည်းငယ် နည်းပါးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger