www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 1, 2013

မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ " သီတင်းကျွတ် ပွဲတော် "

မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ " သီတင်းကျွတ် ပွဲတော် "
( ဆုရဓာတ်ပုံများ သုံးသပ်ချက် )

ယခုလ ဓာတ်ပုံပြိုင်ပွဲ မှာ ၂၀၁၃ ခုနှစ် ဓာတ်ပုံပြိုင်ပွဲ ၏ ၁၀ လမြောက် ပြိုင်ပွဲ ဖြစ်သည်။ နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲကြီး ပြီးဆုံးရန် ၂ လမျှသာ ကျန်ပါတော့သည်။ အမှတ်ပေး အစီအစဉ် တွင် အမှတ်များ ရရှိ နေကြသူ ၊ ထိပ်ပိုင်း နေရာသို့ ရောက်ရှိ နေကြသူ ပြိုင်ပွဲဝင်များ အနေဖြင့် ခြေကုန်သုတ် ပေးပို့ ယှဉ်ပြိုင်မည့် အချိန်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ ၁၀ လမြောက် ယခုလ ဓာတ်ပုံ ပြိုင်ပွဲ၏ ဆုရမှတ် အခြေအနေ အရ ထိပ်ပိုင်း နေရာတွင် ရရှိနေသူ ၊ နယ်မှ ပြိုင်ပွဲဝင်သူ တို့၏ ရမှတ်များ တစ်ဆင့်မြင့် လာသည်ကို တွေ့ရှိရသည်။ ကျန်ပြိုင်ပွဲဝင် များ၏ ဆုရမှတ် များမှာ မူလအတိုင်း သာ ရှိနေသည်။ သို့ဖြစ်ပါ၍ ကျန်ရှိနေသော လများ၏ ဆုရမှတ် အနေအထား အရ နှစ်ပတ်လည် ဓာတ်ပုံ ပြိုင်ပွဲကြီး၏ ပထမဆု ကို ဆွတ်ခူး ရယူမည့် ပညာရှင်ကို စောင့်မျှော် ရမည် ဖြစ်ပါသည်။

ပထမဆု - အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း )


ပထမဆု ရရှိသူ အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း ) မှာ ဓာတ်ပုံပြိုင်ပွဲ အမှတ်ပေး ဇယားတွင် ထိပ်ပိုင်း နေရာတွင် ရရှိနေသူ တစ်ဦး ဖြစ်သည်။ ယခုလ အတွက် ပထမဆုကြီး နှင့် နှစ်သိမ့်ဆု ကိုပါ ရယူနိုင် ပါ၍ ရမှတ်များ တိုးမြင့် လာပါသည်။ ကျန်ရှိသော လများတွင် ဆက်လက် အမှတ်များ ရရှိပါက နှစ်ပတ်လည် ဆုကြီးကို မျှော်မှန်း နိုင်သူလည်း ဖြစ်သည်။ ပထမဆု ရပုံမှာ သီတင်းကျွတ် ပွဲတော် အား စိတ်ကူး စိတ်သန်း ကောင်းစွာဖြင့် ပြင်ဆင် ရိုက်ကူး ထားသော ပုံဖြစ်သည်။ ကျေးလက်၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ဓာတ်ပုံ ပညာဖြင့် သရုပ်ဖော် တင်ပြနိုင်သော ပုံကောင်း တစ်ပုံ ဖြစ်သည်။ အမိအဖ တို့အား သားသမီးများမှ သီတင်းကျွတ် အခါ သမယတွင် လှူဖွယ် တို့ဖြင့် ပူဇော် ကန်တော့ နေပုံ ဖြစ်သည်။ အညာဒေသရှိ မြန်မာနေအိမ် ၀ါးကပ် အဆောက်အအုံ အား နောက်ခံ ထားရှိပြီး မီးပုံးများ ၊ ဖယောင်းတိုင် မီးများနျင့် မြိုင်ဆိုင်စွာ ထွန်းညှိ သရုပ်ဖော် ထားသည်။ ပါဝင် သရုပ်ဆောင် သူတို့ အားလည်း မြန်မာဆန်စွာ ၀တ်စား ဆင်ယင်စေပြီး သဘာဝ ကျနစသွာ ရိုက်ကူးနိုင် သည်။ ဓာတ်ပုံ ဖွဲ့စည်း တင်ပြပုံ နှင့် နောက်ခံ မီးပုံးများ နေရာထား ရှိပုံလည်း မှန်ကန်ပြီး ပုံကို မြိုင်ဆိုင် လှပ အထောက်အကူ ပြုစေသည်။ ဓာတ်ပုံ မီးလုံးများ အသုံးပြု ရိုက်ကူး ထား၍ အလင်းအမှောင် မျှတ ကောင်းမွန် နေသည်။ ဓာတ်ပုံ ဆေးသားလည်း မှန်ကန် ကြည်လင် ပြတ်သား လှပါသည်။

ဒုတိယဆု - ကိုကိုဆန်နီ ( သိင်္ဂီရွှေရည် )



ဒုတိယဆုရှင် ကိုကိုဆန်နီ ( သိင်္ဂီရွှေရည် ) မှာ ယခင်နှစ် မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ တွင် တတိယ ဆုကြီး ရယူထားပြိး ရှေးယခင် နှစ်များကလည်း မြ၀တီ နှစ်ပတ်လည် ဆုကြီးများ အကြိမ်ကြိမ် ရယူဖူးသူ ၀ါရင့် ပညာရှင် တစ်ဦး ဖြစ်သည်။ ကိုကိုဆန်နီ အနေဖြင့် ယခုနှစ် ဓာတ်ပုံပြိုင်ပွဲ ပွဲဦးထွက် လများက အမှတ်များ အတန်အသင့် ရယူခဲ့ပြီး ယခုလတွင် ဒုတိယဆု ရယူနိုင်၍ ဆက်လက် အားထည့် ကြိုးစား ပါက နှစ်ပတ်လည် ဆုကြီးကို ရရှိနိုင်မည် ဖြစ်သည်။ ဒုတိယဆု ရပုံကို ရန်ကုန်မြို့ ၊ ရန်ကင်း မြို့နယ် ၊ မိုးကောင်း ဘုရားတွင် ရိုက်ယူ ထားသည်ဟု ဖော်ပြ ထားသည်။ ဘုရား စေတီ တန်ဆောင်း များအား နောက်ခံထားပြိး ရင်ပြင်တော် ပေါ်တွင် ဆီမီးခွက်များ ထွန်းညှိ ပူဇော်ပုံ ဖြစ်သည်။ Night Seen ဓာတ်ပုံ အနေဖြင့် ကောင်းမွန်သော ပုံဖြစ်ပြီး ဆင်ပြင် ရိုက်ယူသည် ဆိုပါက မီးထွန်းညှိ နေသူ မိန်းမပျို များအား ယခု အနေထက် များများ ပါဝင် သရုပ်ဆောင် နေရချ ထား ရိုက်ကူးပါက ပိုမို ပြည့်စုံ ကောင်းမွန်မည် ဟု ထင်မိသည်။ ရိုက်ကူး တင်ပြပုံ နှင့် ဖြတ်တောက် ကူးချဲ့ပုံတို့ ကောင်းမွန်ပြီး ဓာတ်ပုံ ဆေးသား မှာလည်း ပြတ်သား ကြည်လင် ကောင်းမွန် ပါသည်။

တတိယဆု - မျိုးမင်းကြွယ် ( ရွှေတောင်ကြား )


မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ တွင် ဆုကြီးများ မကြာခဏ ရရှိသူ မန္တလေး မှ မျိုးမင်းကြွယ် ( ရွှေတောင်ကြား ) က တတိယဆု ရရှိသည်။ မန္တလေးမြို့ ၊ မဟာဗောဓိ ဘုရားဝင်း အတွင်း ၌ ကိုရင်ငယ် လေးများ မီးပူဇော် ပုံကို ရိုက်ကူး ထားသည်ဟု ရေးသား ဖော်ပြ ထားသည်။ စေတီငယ်၏ လှေကား အဆင်း မကန်းရုပ်ထု နှင့် ခြင်္သေ့ရုပ် ရှေ့တို့တွင် ကိုရင်ငယ် လေးများ ဖယောင်းတိုင် မီးများ ထွန်းညှိ ပူဇော် နေကြပုံကို ဆင်ပြင် ရိုက်ကူး ထားသည်။ ညအမှောင်တွင် ဖယောင်းတိုင် မီး၏ သဘာဝ အလင်းရောင် အတိုင်း အချိန်ပေး ရိုက်ကူး ထား၍ ပုံမှာ လုံးကြွ ပေါ်လွင်လျက် ရှိသည်။ ပြင်ဆင် ဖန်တီး ရိုက်ယူပါက ကိုရင်များကို ယခုထက် များများ ပင့်ဖိတ် နေရာချထား ရိုက်ကူးလျှင် ပိုမို ပြည့်စုံ မြိုင်ဆိုင် ကောင်းမွန် မည်ဟု ထင်မြင် ပါသည်။ ညာဘက် အစွန် ခြင်္သေ့ နှင့် ကိုရင်ရှေ့ ရင်ပြင် အခြေတွင် မီးအလင်း ယခုထက် ပိုမို ဖြည့်ထွန်းပါက အကောင်းဆုံး ပုံတစ်ပုံ ဖြစ်လာနိုင် ပါသည်။

အထူးဆု(၁) - အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း )



ပထမဆုရှင် အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း ) ၏ အထူးဆုရပုံ မှာ သီတင်းကျွတ် ပွဲတော်အား ဆင်ပြင် ဖန်တီး ရိုက်ကူး ထားသော ပုံကောင်း တစ်ပုံ ဖြစ်သည်။ အသည်းပုံ မီးပုံးကြီးအား ကိုင်လျက် မိန်းမပျို နှစ်ဦးအား အဓိက အလင်းပေး ထားပြိး ကျန် မိသားစု များက ၀ါကျွတ် မီးအလှဆင် နေပုံ ဖြစ်သည်။ မီးအလှဆင် စီစဉ် ထားသို ရိုက်ကူးမှုတွင် မီးပုံးငယ် များဖြင့် မြိုင်ဆိုင် လှသော်လည်း ညာဘက် အစွန် မီးပုံးကြီး နှင့် ဘယ်ဘက် အပေါ်ထောင့် မှ ကြယ်မီးပုံး ကြီးကို ယခုထက် လှပ ပေါ်လွင်အောင် ထားရှိ သင့်ပါသည်။ ရိုက်ကူးပုံ ၊ မီး အလင်းအမှောင် ပေးပုံတို့ သင့်တင့်ရုံသာ ရှိပြီး ဓာတ်ပုံ ဆေးသား ကောင်းမွန် လှပါသည်။

အထူးဆု(၂) - မျိုးမင်းကြွယ် ( ရွှေတောင်ကြား )



မန္တလေး မှ မျိုးမင်းကြွယ် ( ရွှေတောင်ကြား ) ၏ အထူးဆုရ ပုံကို မန္တလေးမြို့ ဦးပွား ဘုရားတွင် ရိုက်ယူသည်ဟု ရေးသား ဖော်ပြ ထားသည်။ နဂါးရုံ ဘုရား စံပယ်တော်မူရာ ရေကန်ဝိုင်း ဘေးဆောင် များပေါ်တွင် မိန်းမပျို လေးများမှ ဆီမီးခွက် များ ထွန်းညှိ ပူဇော် နေကြပုံ ဖြစ်သည်။ နဂါးရုံ မြတ်ဗုဒ္ဓအား အဝေးမှ မီးပေး ထားပုံကြောင့် ဘုရားရှင်ကို ကြည်ညိုဖွယ် ဖူးတွေ့ ပူဇော် ရပါသည်။ မိန်းမပျို များနှင့် ဆီမီးအလှ တို့မှာ မြိုင်ဆိုင်မှု အတန်ငယ် အားလျော့ နေပါသည်။ ဖြတ်တောက်ပုံ နှင့် ဓာတ်ပုံ ဆေးသားတို့ ကောင်းမွန် ပါသည်။

အထူးဆု(၃) ဇာနည်ထွန်း ( ရွှေပန်းချီ - ရမည်းသင်း )



သီတင်းကျွတ် ပွဲတော် ကို စိတ်ကူး စိတ်သန်း ကောင်းစွာဖြင့် ပီပီပြင်ပြင် ပြည့်စုံစွာ ရိုက်ကူး ထားသော ပုံကောင်း တစ်ပုံ ဖြစ်သည်။ စာရေးသူ အနေဖြင့် အကြိုက်ဆုံး တစ်ပုံ ဖြစ်သော်လည်း အမှတ် အနည်း အများ အလိုက် နှစ်သိမ့်ဆု ရရှိ ခဲ့ခြင်း ဖြစ်သည်။ ကင်မရာ ရှုထောင့် မြင်ကွင်းအရ ကျယ်ပြန့်မှု ရှိသလို ပါဝင် လှုပ်ရှားသူ များမှာလည်း မီးအလင်း မျှတစွာ ပေးထား နိုင်ပါသည်။ ဓာတ်ပုံကား ဖွဲ့စည်းမှု အနေဖြင့်လည်း ညီညွတ် ပြေပြစ်မှု ရှိပါသည်။ ပါဝင် လှုပ်ရှားသူ များမှာလည်း နေသားတကျ သဘာဝ ကျစွာ လှုပ်ရှား ပါဝင် သရုပ်ဆောင် ထားနိုင်ပါသည်။ ဓာတ်ပုံ ဆေးသား မှန်ကန် ကောင်းမွန် ပါသည်။


ညောင်ဦး ဖိုးချို ( Hon; MPS, FMPSm PMPS )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger