www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 25, 2016

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းလေးမျိုးကို အများပြည်သူသိရှိစေရန် သတိပေးကြေညာချက် ထုတ်ပြန်



ရန်ကုန် ၊ ၂၅-၁၁-၂၀၁၆

ပြည်တွင်းပြည်ပမှ ထုတ်လုပ်သော သုံးစွဲရန် မသင့်သည့် အလှကုန် ပစ္စည်းလေးမျိုးကို အများပြည်သူ သိရှိစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA မှ ယမန်နေ့က သတိပေး ကြေညာချက် ထုတ်ပြန်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းမှ ပြည်သူများ အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော ဆေးဝါးများ၊ စားသောက်ကုန် များနှင့် အလှကုန် ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲ နိုင်စေရန် ဈေးကွက်များ အတွင်းရှိ ကုန်ပစ္စည်းများ၏ အရည်အသွေး နှင့် ဘေးဥပဒ် ကင်းရှင်းမှုတို့ကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA မှ ကြီးမှူး ဆောင်ရွက်ရာ နိုဝင်ဘာလပိုင်း အတွင်း ပြည်တွင်းပြည်ပမှ ထုတ်လုပ်သော အလှကုန်ပစ္စည်း လေးမျိုးတွင် သုံးစွဲသူများ၏ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်သည်ကို စစ်ဆေးတွေ့ရှိ ရသည့်အတွက် အများပြည်သူ သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်း များအဖြစ် ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်။

ယင်းအလှကုန်ပစ္စည်းများမှာ Gold Face အမှတ်တံဆိပ် ဖြစ်သော အမျိုးသားသုံး မျက်နှာပေါင်းတင် ဆေးခရင်မ်၊ အမျိုးသမီးသုံး မျက်နှာပေါင်းတင် ဆေးခရင်မ်၊ ညလိမ်းခရင်မ် နှင့် O White အမှတ်တံဆိပ် အသားဖြူ ခရင်မ်တို့ ဖြစ်သည်။

ယင်းအလှကုန် ပစ္စည်းများကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ကုမ္ပဏီများမှ ထုတ်လုပ်ဖြန့်ချိ ကာ သုံးစွဲသူများအား ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ဓာတုပစ္စည်း မာကျူရီ (ပြဒါး) ပါရှိကြောင်း သိရသည်။

အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ (ပြဒါး) သည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ၊ အနီအကွက်များ ဖြစ်ခြင်း၊ အရေပြားမှ တစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် စိတ်ကျရောဂါ များအပြင် ရေရှည်သုံးစွဲ ပါက ကျောက်ကပ်နှင့် တခြားရောဂါ များ ဖြစ်ပွားနိုင်သည်။

အဆိုပါ အလှကုန် ပစ္စည်းများကို ပြည်တွင်း ဈေးကွက်၌ ဖြန့်ဖြူးရောင်းချ မှုများတွေ့ရှိ ပါက သက်ဆိုင်ရာမှ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger