www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 11, 2015

ပညာမြင့်မှ လူမျိုးတင့်မည်


ပညာမြင့်မှ လူမျိုးတင့်မည်

လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်း သည် ထိုလူမျိုး၏ ချမ်းသာကြွယ်ဝမှု၊ တိုင်းနိုင်ငံ ကြီးမားကျယ်ဝန်းမှု၊ အသိပညာ၊ အတတ်ပညာ အဆင့်မြင့်မားမှု တို့အပေါ်တွင် ကြည့်ပြီး ဆုံးဖြတ်ရမည် ဖြစ်သည်။ ''ပညာမြင့်မှ လူမျိုးတင့်မည်'' ဆိုသကဲ့သို့ လူတစ်ယောက် သည် မည်မျှ ချမ်းသာသည် ဖြစ်စေကာမူ ပညာရှိမှ သာလျှင် တင့်တယ်မည် ဖြစ်သည်။

ထို့ပြင် လူတစ်ဦး၊ တစ်ယောက် နိုင်ငံတစ်နိုင်ငံသည် မည်မျှပင် ကြွယ်ဝချမ်းသာ စေကာမူ လူ့အသိ၊ လူ့အလိမ္မာ ယဉ်ကျေးမှုများ ခေါင်းပါးနေပါက ပတ်ဝန်းကျင်က အရေးထား လေးစားခြင်း မရှိသကဲ့သို့ စာပေ ယဉ်ကျေးမှု ခိုင်ခိုင်မာမာ မရှိသော လူမျိုးသည်လည်း ကမ္ဘာ့အလယ်တွင် ဂုဏ် အဆင့်အတန်း မရှိ အောက်ကျ နောက်ကျ ဖြစ်မည်မှာ အသေအချာပင် ဖြစ်သည်။

စာပေသည် လူမျိုး၏အသက် ဖြစ်ပြီး စာပေခိုင်မာမှ ယဉ်ကျေးမှု ခိုင်မာမည် ဖြစ်သည်။ မြန်မာ့ ယဉ်ကျေးမှုသည် ခိုင်မာခံ့ထည်သော ယဉ်ကျေးမှု ဖြစ်သည်ဟူ၍ ကမ္ဘာ့ ပညာရှင်များက အသိအမှတ်ပြု ထားကြသည်။ 

မြန်မာတို့သည် စာပေ မြတ်နိုးသူများ ဖြစ်ကြသည်။ ထို့ကြောင့် ''အလိမ္မာ စာမှာရှိ၊ စာပေအလင်းရောင် ဘဝတန်ဆောင်၊ စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည့် '' ဟူသော စကားစုများက စာပေ မြတ်နိုးမှုကို ဖော်ပြသည်။

မြန်မာစာပေသည် ပုဂံခေတ်မှစ၍ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် အဆက်ဆက် တွင်လည်း ဆုတ်ယုတ်သွားခြင်း မရှိဘဲ ရှင်သန်ဖွံ့ဖြိုး ခဲ့သည်။ မြန်မာစာပေ ရှင်သန်တိုးတက် လာသည်နှင့်အမျှ စာဆိုပညာရှင် များလည်း ပေါ်ထွန်းလာ ခဲ့သည်။ ပင်းယခေတ်တွင် ပင်းယမင်း ငါးစီးရှင်ကျော်စွာ၊ အင်းဝခေတ်တွင် ရှင်မဟာ သီလဝံသ၊ ရှင်မဟာရဋ္ဌသာရ စသော ရဟန်းစာဆို များနှင့် နန်းတွင်းမိဖြူ၊ မိညိုစသော အမျိုးသမီး စာဆိုများ ပေါ်ပေါက်ခဲ့သည်။

တောင်ငူခေတ်တွင် နတ်ရှင်နောင်၊ နဝဒေး စသောစာဆိုများနှင့် ညောင်ရမ်းခေတ်တွင် တောင်ဖီလာ ဆရာတော်၊ ဝန်ကြီး ပဒေသရာဇာ တို့သည် စာပေလောကတွင် ရတု၊ ကဗျာ၊ စကားပြေ အမျိုးမျိုးတို့ကို ရေးသားခဲ့သည်။ 

ကုန်းဘောင်ခေတ် သို့ ရောက်သောအခါ စာပေ အမျိုးအစားနှင့် စာဆိုပညာရှင်များ သိသာထင်ရှားစွာ ပေါ်ထွန်း လာခဲ့သည်။ ခေတ်အလိုက် စာဆိုပညာရှင် ကဝိကျော် တို့၏ ဇွဲ၊ လုံ့လတို့ဖြင့် ပြုစုပျိုးထောင် ခဲ့သော မြန်မာ စာပေသည် တန်ဖိုးမဖြတ် နိုင်အောင် ကြီးမြတ်လှသည်။

မြန်မာ တစ်မျိုးသားလုံး သူ့ကျွန်ဘဝ ရောက်ပြီး မြန်မာတို့နှင့် အတူ စာပေ အောက်တန်းကျကာ ပစ်ပယ်ထားခြင်းကို ခံရသော်လည်း မြန်မာစာပေသည် ဆက်လက်ရှင်သန် ခဲ့ခြင်းမှာ မြန်မာ စာပေ၏ ထူးခြားချက် ဖြစ်သည်။ 

မြန်မာစာဆိုတော် ကြီးများက တိုင်းပြည် အလင်းရောင် ရအောင်၊ အမျိုးသားရေး နိုးကြားအောင် ဆောင်ရွက်ခဲ့ ကြသည်။

သို့ဖြစ်ရာ လူမျိုးတစ်မျိုး ၏ ဂုဏ်၊ အဆင့်အတန်း၊ ယဉ်ကျေးမှုတို့ကို လူမျိုးတည် နေသရွေ့ ရှင်သန်နေစေရန် စာပေကသာ ဖန်တီးစောင့်ရှောက် ပေးနိုင်သည်။ ထို့ကြောင့် ပြည်သူများ အသိပညာ၊ အတတ်ပညာများ တိုးတက်မြင့်မား လာစေရန်၊ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့် ကောင်းကို ဖော်ဆောင်သွား ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

10 comments:

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger