www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label လျှပ်စစ်စွမ်းအင်. Show all posts
Showing posts with label လျှပ်စစ်စွမ်းအင်. Show all posts

Tuesday, August 14, 2018

နေရာင်ခြည်စွမ်းအင်သုံး ရေပေးရေးစနစ် ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းလေ့လာ



ရေနံချောင်း ၁၄-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ နေရောင်ခြည် စွမ်းအင်သုံး အိမ်တိုင်ရာရောက် ပိုက်လိုင်း ရေပေးရေးစနစ် ဆောင်ရွက်ထားရှိမှုကို သြဂုတ် ၁၂ရက် မွန်းလွဲပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) ၌ ဖွင့်လှစ်လျက်ရှိသော အရာထမ်းများ စီမံခန့်ခွဲမှုသင်တန်း (၂/၂ဝ၁၈) တွင် တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများက ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါလေ့လာရေး အဖွဲ့သည် ရေနံချောင်းမြို့နယ် ပေတောကျေးရွာရှိ ပြည်သူများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် UNICEF တို့ပူးပေါင်းဆောင်ရွက် ထားသော ပြည်သူလူထု အခြေပြု နေရောင်ခြည် စွမ်းအင်သုံး အိမ်တိုင်ရာရောက် ပိုက်လိုင်းရေ ပေးရေးစနစ် ဆောင်ရွက်ထားရှိမှုကို လေ့လာရေး ရောက်ရှိလာရာ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ UNICEF မှ တာဝန်ရှိသူ ဦးခင်အောင်သိန်းက လေ့လာရေး ရောက်ရှိလာသော သင်တန်းသားများကို လုပ်ငန်းဆောင်ရွက်နေမှု၊ ရေပိုက်လိုင်း သွယ်တန်းခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အဓိက လိုအပ်ချက်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပေတောကျေးရွာ ရေပေးဝေရေး ကော်မတီက ကျေးရွာအတွင်း ရေအသုံးချမှု အခြေအနေများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်း ပြသခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

#Themyawadydaily

Monday, July 2, 2018

လျှပ်စစ်ဓာတ်အား အပြည့်အဝ အသုံးပြုနိုင်စေရန် ငွေကျပ်သန်းတစ်ထောင်ကျော် အသုံးပြုဆောင်ရွက်သွားမည်



စစ်ကိုင်း ၂-၇-၂ဝ၁၈

စစ်ကိုင်းခရိုင်အတွင်းရှိ လျှပ်စစ်ဓာတ်အား သုံးစွဲသည့် ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝ အသုံးပြုနိုင်စေရန် ငွေကျပ်သန်း တစ်ထောင်ကျော် အသုံးပြုကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းခရိုင် လျှပ်စစ်ဌာနမှ သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၏ ပထမခြောက်လပတ်အတွင်း ငွေကျပ်သန်း ၁၁၅၉ ဒသမ ၁၃၇ သန်းအသုံးပြု၍ စစ်ကိုင်း၊မြင်းမူ၊ မြောင်၊ဆားတောင်၊ရွာသစ်ကြီးမြို့တို့တွင် လျှပ်စစ်ထရန်စဖော်မာ အသစ်များ တပ်ဆင်ခြင်း လုပ်ငန်းများ၊ပြုပြင်ခြင်း လုပ်ငန်းများ၊ လိုင်းတိုးချဲ့ခြင်း လုပ်ငန်းများ၊ လိုင်းပြင်ဆင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"လျှပ်စစ်အန္တရာယ် ကင်းရှင်းဖို့ အတွက်နဲ့ လျှပ်စစ်ဗို့အား အပြည့်အဝအသုံးချ နိုင်ဖို့အတွက် ထရန်စဖော်မာ အသစ်တွေ တပ်ဆင်တာ၊ ဓာတ်အားလိုင်းတွေ ပြန်လည် ပြင်ဆင်တာတွေ၊ 11 KV လိုင်းတွေလဲတာတွေ၊ 400V လိုင်းပြုပြင်တာတွေ လုပ်နေပါတယ်။ စက်တင်ဘာဆိုလုပ်ငန်းတွေ ပြီးစီးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလတွေဆို ဗို့အားပြည့်ပြည့် အသုံးပြုနိုင်ဖို့ လုပ်ဆောင်သွားမှာပါ"ဟု စစ်ကိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးကြည်မြင့်က ပြောပြသည်။

စစ်ကိုင်းမြို့တွင် 200 KV ထရမ်စဖော်မာ ၁ဝ လုံးတိုးချဲ့တပ်ဆင်ခြင်း၊ 11 KV၊ 400V လိုင်းများတိုးချဲ့ တပ်ဆင်ပြုပြင်ခြင်း လုပ်ငန်းများစသည့် လုပ်ငန်း ၁၉ ခုအတွက် ငွေကျပ် ၃၃၃ သန်းကျော် လျာထားကြောင်း၊မြင်းမူမြို့နယ်တွင် ထရန်စဖော်မာ ခြောက်လုံးတိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ အပါအဝင်လုပ်ငန်း ၁၂ ခုအတွက် လျာထားငွေကျပ်သန်း ၂၉ဝ ဒသမ ၅၅ သန်းဖြစ်ကြောင်း သိရသည်။

အလားတူ မြောင်မြို့နယ်တွင် 11 KV လိုင်းများတိုးချဲ့ခြင်း၊ 400V လိုင်းများပြုပြင်ခြင်း လုပ်ငန်းများ အပါအဝင် လုပ်ငန်း ရှစ်ခုအတွက် ငွေကျပ် ၁၄၃သန်း လျာထားကြောင်း၊ ဆားတောင်မြို့တွင် လုပ်ငန်း ကိုးခုအတွက် ငွေကျပ် ၂၆၄ ဒသမ ၉၁၅ သန်းလျာထား ကြောင်းနှင့် ရွာသစ်ကြီးတွင် လုပ်ငန်းနှစ်ခုအတွက် ငွေကျပ် ၁၂၇ဒသမ ဝ၄သန်းလျာထားကာ လျှပ်စစ်ထရန်စဖော်မာများ၊ လိုင်းများတိုးချဲ့ခြင်း လုပ်ငန်း၊ အစားထိုးခြင်း လုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, June 27, 2018

မန္တလေးတိုင်း ဒေသကြီးတွင် လာမည့် သုံးလအတွင်း လျှပ်စစ်မီတာအလုံးရေ ခြောက်သောင်း ဖြန့်ဝေ တပ်ဆင်ပေးမည်



မန္တလေး ၂၇-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးတွင် လာမည့်သုံးလအတွင်း လျှပ်စစ် မီတာအလုံးရေ ခြောက်သောင်း စတင်ဖြန့်ဝေ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း မန္တလေး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီတာများ ပြတ်လပ်၍ တစ်နှစ်ခန့် လျှပ်စစ်မီတာတပ်ဆင်ပေးမှု ရပ်နားနေရာမှ ယခုပြန်လည် စတင်တပ်ဆင်ပေး တော့မည်ဖြစ်ပြီး လာမည့်ဇူလိုင်၊ သြဂုတ်၊စက်တင်ဘာ သုံးလအတွင်း လျှပ်စစ်မီတာ အလုံးရေ ခြောက်သောင်း စတင်ဖြန့်ဝေတပ်ဆင် ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

"မီတာတွေတင်သွင်းဖို့ တင်ဒါခေါ်ပြီးလို့ တင်ဒါအောင်ကုမ္ပဏီက မီတာတွေလဲ ရတော့မယ်။ တင်ဒါ အောင်ပြီးသွားရင် မီတာတွေရဖို့ အနည်းဆုံးနှစ်လခွဲ လောက်တော့ ကြာတတ်တယ်။ အခုလောလောဆယ် ငွေကြိုသွင်းပြီး ထားတဲ့သူတွေရှိတော့ သူတို့အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက မီတာအလုံးရေ တစ်သောင်း ချေးထားတယ်။ ချေးထားတဲ့မီတာ တစ်သောင်းကို အခုစမ်းသပ်စစ်ဆေးတာ မီတာဆီးလ် (Seal) ခတ်တာတွေ လုပ်နေတယ်။ အဲဒါတွေကို နှစ်ပတ်လောက်အတွင်း စတပ်ဆင်ပေးနိုင်မှာပါ"ဟု အဆိုပါကော်ပိုရေးရှင်း စီမံဌာနရှိ ဒုတိယ အထွေထွေ မန်နေဂျာဦးမြင့်လွင်က ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ဖြန့်ဖြူးတပ်ဆင်ပေးရန် လျှပ်စစ်မီတာများကို လာမည့် သြဂုတ်လအတွင်း အလုံးရေ ၁၈ဝဝဝ၊ စက်တင်ဘာလအတွင်း အလုံးရေ ၄၂ဝဝဝ၊ တင်ဒါအောင်ကုမ္ပဏီက ရရှိမည်ဖြစ်ပြီး တိုင်းဒေသကြီး အတွင်း စတင်ဖြန့်ဖြူးတပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းနှစ်စဉ် လျှပ်စစ်မီတာ လျှောက်ထားမှုအပေါ် မူတည်၍ မီတာများကို ဖြန့်ဖြူးပေးနေပြီး လျှပ်စစ်မီတာ ပြတ်လပ်၍ တပ်ဆင်ပေးမှု ရပ်နားခဲ့သည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, June 22, 2018

ယခုနှစ်အောက်တိုဘာလမှစ၍ ရေစကြိုမြို့နယ် အတွင်းရှိကျေးရွာ ၁၁ ရွာ၌ ဆိုလာဟုမ်းစနစ်ဖြင့် မီးလင်းရေးဆောင်ရွက်မည်



ရေစကြို ၂၂-၆-၂ဝ၁၈

ကျေးလက်နေ ပြည်သူများ မီးလင်းနိုင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုနှစ်အောက်တိုဘာ လမှစ၍ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာ၌ ဆိုလာဟုမ်းစနစ်ဖြင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရေစကြိုမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် ယခင်နှစ်က ဆိုလာဟုမ်းစနစ်ဖြင့် ရေစကြိုမြို့နယ် အတွင်းရှိ ကိုင်းမကျည်း၊ ရေနီကုန်း၊ မြေတော်၊ အောင်ပန်းချောင်း၊ ငါန်မြကြီး၊ရှစ်အိမ်တန်း၊ သပြေပင်၊ ကွေ့တောက်၊ တောင်သာ၊ ခြောက်မူးကျွန်း၊ မြေစွန်းကျေးရွာတို့တွင် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်အောက်တိုဘာ လမှစတင်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်အနီးရှိ ကျေးရွာ ၁၁ရွာကို ဆိုလာဟုမ်းစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဌာနအနေနဲ့ အသေးစား ဓာတ်အားလိုင်း စနစ် (Minigrid)နဲ့ သရက်ကန်၊ထန်းပင်ချောင်၊ ရွာသာအေး၊ သံပြာချောင်း၊မြေတော်၊ ရေယှား၊ ကြက်ဆူကျင်းကျေးရွာတို့ကို မီးလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ကျေးရွာ ၁၁ရွာကို ဆိုလာဟုမ်းစနစ်နဲ့ မီးလင်းရေးဆောင်ရွက် ပေးသွားမှာပါ"ဟု အဆိုပါဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြသည်။

ယခုနှစ် ဆိုလာဟုမ်းစနစ်ဖြင့် မီးလင်းမည့် ကျေးရွာများမှာ ကန်ဦး၊ မဲကုန်း၊ နွယ်နီ၊လှေခုတ်၊ ငါးလှံ၊ ကိုင်း၊ ညောင်ပင်၊ တောင်ကုန်း၊ဖုတ်ကုန်း၊ နွားမော့၊ ကျောက်ဖူးကျေးရွာ တို့ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, May 24, 2018

နိုင်ငံ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် မဂ္ဂါဝပ်ပေါင်း ၁၆၀၀ ကျော် ထုတ်ပေးနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းခုနှစ်ခုကို ဆောင်ရွက်နေ



နေပြည်တော် ၂၄-၅-၂ဝ၁၈

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် တစ်ဖက်တစ်လမ်း မှနေ၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ပေါင်း ၁၆ဝဝ ကျော်ကို ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းခုနစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိနိုင်ငံအတွင်း ဓာတ်အားသုံးစွဲ နေသည့် အိမ်ထောင်စုပေါင်း ၁၃ သန်းကျော်ရှိပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းထိ တိုးတက်သုံးစွဲ လျက်ရှိနေသည် ဖြစ်၍ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ရှိနေကာ ၎င်းဓာတ်အား လိုအပ်ချက်များကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိရာ မဂ္ဂါဝပ်ပေါင်း ၁၆၆၁ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းခုနစ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှု လိုအပ်ချက်က နှစ်စဉ်ဖြစ်ပေါ် နေပါတယ်။ တစ်နှစ်ထက် တစ်နှစ်လဲ သုံးစွဲမှုက တိုးတက်သုံးစွဲ လာကြပါတယ်။ ဒီလိုဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ကလဲ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက် နေပါတယ်။ ပြည်ပကဝယ်ယူပြီး ဖြည့်ဆည်း သင့်ရင်လဲ ဖြည့်ဆည်းဖို့ ဆောင်ရွက်နေပါတယ်။ ရေအားလျှပ်စစ် စီမံကိန်းခုနစ် ကိုလဲဆောင်ရွက်နေပါတယ်"ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောပြသည်။

အဆိုပါ လျှပ်စစ်မဂ္ဂါဝပ် ၁၆၆၁ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် တည်ဆောက်ဆဲ ရေအားလျှပ်စစ် စီမံကိန်းများမှာ ၃ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် ကချင်ပြည်နယ် အထက်ပိုင်း နမ့်ထွမ်ရေအား လျှပ်စစ်စီမံကိန်း၊မဂ္ဂါဝပ် ၁ဝဝ ထွက် ရှိမည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ အလယ်ပေါင်း လောင်းရေအား လျှပ်စစ်စီမံကိန်း၊ ၆၆ မဂ္ဂါဝပ်ထွက်ရှိမည့် မန္တလေးတိုင်း ဒေသကြီးမှ ဒီးဒုတ်ရေအား လျှပ်စစ်စီမံကိန်း၊ ၁၁၁ မဂ္ဂါဝပ်ထွက်ရှိမည့် ရခိုင်ပြည်နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်း၊ မဂ္ဂါဝပ် ၁ဝ၅ဝ ထွက်ရှိမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း၊ မဂ္ဂါဝပ်၂၈ဝ ထွက်ရှိမည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနှင့် ၅၁ မဂ္ဂါဝပ်ထွက်ရှိမည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်သည်။

အဆိုပါဆောင်ရွက် ဆဲရေအားလျှပ်စစ် စီမံကိန်းများပြီးစီးပါက ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ၁၆၆၁ ဒသမ ၂ မဂ္ဂါဝပ်ကို ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းလျှပ်စစ် လိုအပ်ချက်များကို ထပ်မံဖြည့်ဆည့် ပေးနိုင်ရန် အတွက် LNG သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားထုတ်စက်ရုံများ၊ ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်သုံး ဓာတ်အားထုတ်စက်ရုံ များဖြင့်လည်း အကောင်ထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

Tuesday, May 22, 2018

မကွေးတိုင်းဒေသကြီးအတွင်း မီတာအခွန်ထမ်းဆောင်မှုနှင့် မမှန်မကန်ဓာတ်အား သုံးစွဲနေမှုများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်



မကွေး ၂၂-၅-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲနေသော ပြည်သူများ၏ မီတာအခွန် ထမ်းဆောင်မှုနှင့် တရားဝင်မီတာ တပ်ဆင်၍ မမှန်မကန် ဓာတ်အားသုံးစွဲမှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် အိမ်သုံးမီတာ တပ်ဆင်ခြင်းမရှိဘဲ ဓာတ်တိုင်မှ တိုက်ရိုက်သွယ်တန်းပြီး သုံးစွဲခြင်း၊ လုပ်ငန်းသုံးမီတာ လျှောက်ထား တပ်ဆင်ခြင်း မရှိဘဲ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများတွင် အိမ်သုံးမီတာဖြင့် သုံးစွဲခြင်းတို့သည် ဌာနဝင်ငွေများ ဆုံးရှုံးသဖြင့် အဆိုပါ လုပ်ရပ်များကို ကျူးလွန်ပါက ဌာနဝန်ထမ်းဖြစ်လျှင် အလုပ်မှထုတ်ပယ်သည်ထိ အရေးယူမည် ဖြစ်ကြောင်း၊ ပြည်သူများ ကျူးလွန်ပါက ဒဏ်ကြေး၊ နစ်နာကြေးများ တောင်းခံကာ လျှပ်စစ်ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပြသည်။

"အခုလို မိုးဦးကာလတွေမှာ သစ်ပင်၊ သစ်ကိုင်းနဲ့ မလွတ်ကင်း တာတွေ ခုတ်ထွင်ရှင်းလင်း နေရတယ်။ သစ်ပင်၊ သစ်ကိုင်းတွေကြောင့် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုတွေလဲ ကြုံတွေ့နေရတယ်။ အဲဒီလို လိုက်လံရှင်းလင်းတဲ့အခါ တရားမဝင် သွယ်တန်းထားတာတွေ၊ လုပ်ငန်းသုံး ပါဝါမီတာ မတပ်ဆင်ဘဲ အိမ်သုံးမီတာနဲ့ အသုံးပြုတာတွေကို စစ်ဆေးဆောင်ရွက် ပါတယ်။ စစ်ဆေးတွေ့ရှိခဲ့ရင် ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပါတယ်"ဟု မကွေးမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

တရားမဝင် ဓာတ်အားသုံးစွဲမှု များကို မြို့နယ်များတွင် ခရိုင်၊မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ ဦးဆောင်ကာ လစဉ်ပုံမှန် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, March 13, 2018

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးရွာ ၂၅ဝ ကျော် မီးလင်းရေး ယူရိုငွေ ကိုးသန်းအသုံးပြုရန်စီစဉ်



တောင်ကြီး ၁၃-၃-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကျေးရွာပေါင်း ၂၅၃ ရွာမီးရရှိရေးအတွက် ယူရိုငွေ ကိုးသန်း အသုံးပြုရန်စီစဉ်ထားကြောင်း အဆိုပါစီမံကိန်းမန်နေဂျာ ဒေါက်တာစိုးစိုးအုန်းထံမှ သိရသည်။

အဆိုပါစီမံကိန်းသည် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းအောက်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး တစ်အိမ်ချင်းမီးရရှိရေး အကောင်အထည် ဖော်လုပ်ကိုင်မည့် လုပ်ငန်းလည်းဖြစ်သည်။

ယင်းစီမံကိန်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ကာ ကျေးရွာများ သတ်မှတ်ရွေးချယ်ခြင်း၊ လုပ်ငန်းတင်ဒါများ ခေါ်ယူခြင်းတို့ဖြင့် လုပ်ဆောင်မည် ဖြစ်သည်။

ထိုစီမံကိန်းလုပ်ငန်းတွင် တစ်အိမ်သုံး ဆိုလာစနစ်များ တပ်ဆင်၍ မီးရရှိရန် လျာထားခြင်းဖြစ်ပြီး ယူရိုငွေ ကိုးသန်းအနက်မှ ခုနစ်သန်းကို လုပ်ငန်းအကောင်အထည် ဖော်လုပ်ကိုင်မှုများအတွက် သုံးစွဲမည်ဖြစ်သကဲ့သို့ ကျန်ရှိသော ယူရိုငွေနှစ်သန်းကို နည်းပညာ အကူအညီပေးရေး လုပ်ငန်းများအတွက် သုံးစွဲမည်ဖြစ်သည်။

အဆိုပါစီမံကိန်းသည် ဂျာမန်ဖွံ့ဖြိုးရေး ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက် ခြင်းဖြစ်ပြီး အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၏ တစ်စိတ် တစ်ဒေသအဖြစ် ပါဝင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကျေးရွာပေါင်း ၂၅၃ ရွာကို ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်ပေါင်း ၁၅ မြို့ နယ်အနက်မှ ရွေးချယ်ဆောင်ရွက် မည်ဖြစ်ပြီး အိမ်ခြေပေါင်း ၁ဝဝဝဝ ကျော် မီးရရှိစေမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, January 18, 2018

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား စီမံကိန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၄ဝဝ ပံ့ပိုးကူညီပေးမည်



ရန်ကုန် ၁၈-၁-၂ဝ၁၈

လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေး ငါးနှစ် စီမံကိန်းချမှတ်၍ ဆောင်ရွက်နေသကဲ့သို့ မဟာဓာတ်အားလိုင်း မရရှိသည့် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးအတွက် ဆိုလာနှင့် လေစွမ်းအင်များကို အသုံးပြုဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏လျှပ်စစ် ဓာတ်အားစီမံကိန်း လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား စီမံကိန်းများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၄ဝဝကို ကမ္ဘာ့ဘဏ်က ပံ့ပိုးပေးမည်ဖြစ်ရာ အမေရိကန် ဒေါ်လာသန်း ၃၁ဝ ကို အကြီးစားမဟာဓာတ်အားလိုင်း စီမံကိန်းအတွက် သုံးစွဲ၍ကျန်ငွေ အမေရိကန်ဒေါ်လာသန်း ၉ဝကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အသေးစား မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အကြီးစားမဟာဓာတ်အား လိုင်းစီမံကိန်းများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်၍ အသေးစား မဟာဓာတ်အား လိုင်းစီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

Friday, January 12, 2018

လာမည့်နွေကာလ ဓာတ်အားလိုအပ်ချက် အတွက် GAS တာဘိုင် အသစ်သုံးလုံးနှင့် ရေအားလျှပ်စစ်တို့မှ ဓာတ်အားလုံလောက်စွာ ဖြည့်ဆည်းပေးသွားမည်



နေပြည်တော် ၁၂-၁-၂ဝ၁၈

လာမည့်နွေကာလတွင် လိုအပ်ချက်ဖြစ်ပေါ်မည့် ဓာတ်အားများအတွက် ဖြည့်ဆည်းပေးနိုင်ရန် GAS တာဘိုင်အသစ် သုံးလုံးနှင့် မဂ္ဂါဝပ်အများဆုံး ထုတ်ပေးနိုင်သည့် ရေအားလျှပ်စစ်များဖြစ်သည့် ရဲရွာရေအားလျှပ်စစ်နှင့်လောပိတ (မိုးဗြဲဆည်) ရေအားလျှပ်စစ်တို့မှ ဓာတ်အားများ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေးလုပ်ငန်း ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၏ ပြောပြချက်အရ သိရသည်။

နွေကာလတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် နှစ်စဉ်ဖြစ်ပေါ်လျက် ရှိရာလာမည့် နွေကာလတွင်ဖြစ်ပေါ်မည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် လက်ရှိ GAS တာဘိုင်အသစ် သုံးခုနှင့် မဂ္ဂါဝပ်အများဆုံးထုတ် ပေးနိုင်သည့် ရေအားလျှပ်စစ်များဖြစ်သည့် ရဲရွာရေအားလျှပ်စစ်နှင့် လောပိတ (မိုးဗြဲဆည်) ရေအားလျှပ်စစ်တို့မှ ဓာတ်အားများဖြည့်ဆည်း ထုတ်လွှတ်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် အသစ်စမ်းသပ်မောင်းနှင် လျက်ရှိသော GAS တာဘိုင်အသစ်သုံးခု ဖြစ်သည့် မြင်းခြံ ၂၂၅ မဂ္ဂါဝပ်ဓာတ်အား ပေးစက်ရုံ၊ သာကေတ ၁ဝ၆မဂ္ဂါဝပ်ဓာတ်အား ပေးစက်ရုံ၊ သထုံဓာတ်အားပေးစက်ရုံတို့နှင့် လက်ရှိတွင် ဆည်ရေများစွာ စုဆောင်းသိုလှောင်ထားပြီး မဂ္ဂါဝပ်အများဆုံးထုတ် ပေးနိုင်သည့် ရဲရွာရေအားလျှပ်စစ်နှင့် လောပိတ (မိုးဗြဲဆည်) ရေအားလျှပ်စစ်တို့ကို ဓာတ်အားထုတ်လုပ်မှု ရပ်နားထားကာလာမည့် နွေကာလတွင် ဖြစ်ပေါ် လာမည့် ဓာတ်အားလိုအပ်ချက်နေရာ၌ ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရန် နွေကာလတွင်သာ မောင်းနှင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်မှာ ထူးခြားတာက GAS တာဘိုင်အသစ် သုံးခုကလဲ စပြီးစမ်းသပ်မောင်းနှင်မှု တွေလုပ်နေပါပြီ။ ရဲရွာရေအားလျှပ်စစ်နဲ့ လောပိတ (မိုးဗြဲဆည်) ရေအားလျှပ်စစ်တို့ကို ဓာတ်အားထုတ်လုပ်မှု ရပ်နားထားပြီး
ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ လာမယ့်နွေကာလ ရောက်မှမောင်းနှင်ပြီး ဓာတ်အား ထုတ်ပေးသွားမှာပါ။ ဒီနှစ်က မိုးကလဲကောင်းတော့ ဆည်ရဲ့ရေ Level အမြင့်ဆုံးရောက်ဖို့ တစ်ပေပဲ လိုပါတော့တယ်။ အရင်နှစ်တွေက ရေအားကို မိုးတွင်းမှာ တအားထုတ်သုံးပါတယ်။ အခု ဒီနှစ်မှာ ရေအားကို ဓာတ်အားလိုအပ်တဲ့ နွေကာလမှာပဲ ထုတ်ပေးသွားမှာပါ"ဟု ၎င်းက ဆက်လက်ပြောပြသည်။

နွေကာလတွင် မောင်းနှင်ကာ ဓာတ်အား ထုတ်လွှတ်ပေးမည့် ရဲရွာရေအားလျှပ်စစ်တွင် လက်ရှိရေသိုလှောင် ထားနိုင်မှုမှာ ၂၁၁၄၂ဝဝ ဧကပေနှင့် လောပိတ (မိုးဗြဲဆည်) တွင် ၆၈၇၁၂၁ဧကပေတို့ကို ကန်ရေပြည့် ရေသိုလှောင်နိုင်မှုရှိပြီး အခြားရေအားလျှပ်စစ် များတွင်လည်း ရေသိုလှောင်နိုင်မှုမှာ ယခင်နှစ်များထက် ရေ Level ပိုမိုများပြားစွာ စုဆောင်းသိုလှောင် ထားနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

#Yadanarpondaily

Wednesday, December 27, 2017

မန္တလေးတိုင်း ဒေသကြီးတွင် ကျေးရွာပေါင်း ၂၈ဝဝ ကျော်လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးရန် ကျန်ရှိနေ



မန္တလေး ၂၇-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၌ ယခုနှစ်တွင် ကျေးရွာပေါင်း ၂၈ဝဝ ကျော် လျှပ်စစ်မီးမရရှိသေးကြောင်းနှင့် မီးလင်းရေး ဆောင်ရွက်ပေးရန် ကျန်ရှိနေကြောင်း မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် စာရင်းရှိ ကျေးရွာပေါင်း ၄၈ဝဝ ကျော်ရှိသည့်အနက် ကျေးရွာပေါင်း ၁၉ဝဝကျော်ကို ဓာတ်အားစနစ် လျှပ်စစ်မီးပေးထားနိုင်ပြီး ကျေးရွာပေါင်း ၂၈ဝဝကျော်မှာ လျှပ်စစ်ဓာတ်အား မရရှိသေးဘဲ မီးလင်းရေး ဆောင်ရွက်ပေးရန် ကျန်ရှိနေသေးကြောင်း အဆိုပါကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

"ကျေးရွာပေါင်း ၄ဝရာခိုင်နှုန်း ကျော်လောက်ကို မီးလင်းရေး ဆောင်ရွက်ပေးပြီးပါပြီ။ ကျန်တဲ့ကျေးရွာတွေကို ဆက်ပြီးမီးလင်းရေး ဆောင်ရွက်ဖို့ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး လုပ်နေတဲ့ ကျေးရွာတွေလဲရှိတယ်။ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ဆောင်ရွက်နေတာလဲရှိတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် NEP ကို ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် နှစ်မိုင်အတွင်းရှိ ကျေးရွာပေါင်း ၃၉၃ ရွာကို ပထမဦးစားပေး လျှပ်စစ်ဓာတ်အား ရှိရန်ဆောင်ရွက်မည်ဖြစ်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၅သန်းခန့် သုံးစွဲရန်လျာထား ကြောင်း သိရသည်။

ဒုတိယအဆင့်တွင် ၁၁ကေဗွီဓာတ်အားလိုင်းနှင့် ငါးမိုင်အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရန်နှင့် ဓာတ်အားပေးခွဲရုံတိုးချဲ့ တည်ဆောက်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အားရရှိ ရေးစီမံချက် NEP အရ လာမည့်၂ဝ၃ဝပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ် စစ်မီးရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးလျှပ် စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

Friday, December 22, 2017

မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၂၂ ရွာကို လျှပ်စစ်ဓာတ်အားဖြန့် ဖြူးနိုင်ရေး 33/11KV ဖလံကျင်းဓာတ်အားခွဲရုံ တည်ဆောက်မှု ၅ဝ ရာခိုင်နှုန်းပြီးစီး



မိတ္ထီလာ ၂၂-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ကျေးရွာ ၂၂ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် 33/11KV (5) MVA ခွဲရုံ တည်ဆောက်ခြင်း၊ 33KV ဓာတ်အားလိုင်း ၇ ဒသမ ၅ မိုင် တည်ဆောက်ခြင်း၊11KV ဓာတ်အားလိုင်း ၂၂ မိုင်နှင့် 11/0.4KVç(200)KVA ထရန်စဖော်မာ ၂၂ လုံးတည်ဆောက်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့က ကြီးကြပ်ပြီး အောင်သောင်း ကုမ္ပဏီမှ တာဝန်ယူ၍ တည်ဆောက်လျက်ရှိရာ ယခုအခါတွင် ၅ဝ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်ဓာတ်အားပေးရေးရုံးမှ သိရသည်။

မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာ အုပ်စုဖလံကျင်းကျေးရွာ၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အောင်သောင်းကုမ္ပဏီက တာဝန်ယူ၍ 33/11KV/ (5)MVA ခွဲရုံတည်ဆောက်ခြင်း၊ ဖလံကျင်းဓာတ်အားခွဲရုံကို ဒီဇင်ဘာပထမ ပတ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်း တည်ဆောက်ပြီးစီးပါက 33KV ဓာတ်အားလိုင်း ၇ ဒသမ ၅ မိုင်တည်ဆောက်ခြင်း၊11KV ဓာတ်အားလိုင်း၂၂မိုင်နှင့် 11/0.4KVç(200)KVA ထရန်စဖော်မာ ၂၂ လုံးတည်ဆောက်ခြင်းကို မြောက်လည်ကျေးရွာအုပ်စုမှ မြောက်လည်၊ထိန်ကန်၊ သိမ်းကုန်း၊ မုန်တိုင်ကျေးရွာအုပ်စုမှ ဖလံကျင်း၊မုန်တိုင်၊ သရက်ခြံ၊လဲတော၊ ညောင်ပင်သာ၊ သရက်ပင်ကျေးရွာအုပ်စုမှ အိုင့်ကုံး၊ ဆပ်ပြာကျင်း၊ သရက်ပင်(၇)၊ သရက်ပင်(န)၊ တပျော်ကျေးရွာအုပ်စုမှ မန်ကျည်းတန်း၊ လက်ပံအိုပ့်၊ ကြာကန်၊ သဲတော၊ ရှမ်းမငယ်ကျေးရွာအုပ်စုမှ သပြေကုံး၊ဂတ်ကုံး၊ ညောင်လည်၊ ရေဝေကျေးရွာအုပ်စုမှ ရေဝေ၊ အင်းမ၊ကန်သာစသည့် ကျေးရွာအုပ်စုခြောက်စုမှ ကျေးရွာ၂၂ရွာကို လျှပ်စစ်မီးများရရှိနိုင် ရေးအတွက် ဖလံကျင်းဓာတ်အားခွဲရုံကို ၂ဝ၁၈ခုနှစ် မတ်လတွင် အပြီးတည်ဆောက် သွားမည်ဖြစ်သည်။ ဆက်လက်၍ အဆိုပါဓာတ်အားခွဲရုံမှ ကျေးရွာပေါင်း ၅၂ရွာထိ ဓာတ်အားပေးနိုင်မည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာဦးယုမော် (အင်ဂျင်နီယာ)က ပြောကြားခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Friday, December 15, 2017

ဓာတ်အားခများ ပြောင်းလဲ ကောက်ခံနိုင်ရန် ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေး ဦးစာပေးဆောင်ရွက်နေ



နေပြည်တော် ၁၅-၁၂-၂၀၁၇

မြန်မာနိုင်ငံတွင် လက်ရှိကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ပြောင်းလဲကောက်ခံ နိုင်ရန်အတွက် စီစဉ်ဆောက်ရွက်လျက် ရှိသော်လည်း ပြည်သူလူထုအပေါ် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်မှသာ ဓာတ်အားခနှုန်းထားများကို ပြောင်းလဲကောက်ခံ သွားမည်ဖြစ်၍ လက်ရှိတွင် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန် ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောပြသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားခ အနေဖြင့် အရှုံးဖြင့်သာ ဖြန့်ဖြူးပေးနေရသည်ဖြစ်၍ ဓာတ်အားခနှုန်းထား သစ်တစ်ခုကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ရာ ထိုသို့ပြောင်းလဲမည့်နှုန်း ထားကို လက်ရှိတွင်အတိအကျ မပြောနိုင်သေးဘဲ ထိုသို့ပြောင်းလဲကောက်ခံ ရန်မှာလည်း ပြည်သူလူထုအပေါ် ယခုထက်ပိုမို ကောင်းမွန်သည့် ဝန်ဆောင်မှု မျိုးပေးနိုင်မှသာ အဆင်ပြေမည်ဖြစ်၍ လက်ရှိတွင် ဝန်ဆောင်မှုကောင်းမွန်ရေး အတွက်သာ ဦးစားပေးဆောင်ရွက် လျက်ရှိရာ ဓာတ်အားခပြောင်းလဲ ကောက်ခံရန်မှာ အချိန်အားဖြင့် ကြာမြင့်နိုင်သည်ဟု ဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ လက်ရှိကောက်ခံနေသည့် မီတာခနှုန်းထားများမှာ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြစ်ပြီး ၁ဝ၁ ယူနစ် မှ ယူနစ် ၂ဝဝ ထိအသုံးပြုပါက တစ်ယူနစ်ကို ငွေကျပ် ၄ဝ၊ ၂ဝ၁ယူနစ်နှင့် အထက် အသုံးပြုပါက တစ်ယူနစ်ကို ငွေကျပ် ၅ဝ နှုန်းဖြင့်ကောက်ခံနေခြင်း ဖြစ်သည်။

လုပ်ငန်းသုံးအနေဖြင့် တစ်ယူနစ်ကို ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုတွင်သာ ဝန်ဆောင်မှုကောင်းမွန်ရေး အတွက် မီတာပေါက်အသစ်လဲခြင်းများ၊ မီးကြိုးအသစ်လဲခြင်းများ၊ ထရန်စဖော်မာ ပြောင်းလဲတပ်ဆင်ခြင်း များစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ပြည်သူလူထုအပေါ် ကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် ယခုအချိန်တွင် တစ်နှစ်လျှင် ငွေကျပ် ၃၃၃ ဘီလီယံအရှုံးခံ စိုက်ထုတ်နေရသည်ဟု သိရသည်။ အဆိုပါဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ချိန်ထိ မီးလင်းရေး ဆောင်ရွက်နေရာတွင် ကျေးရွာ ၃၇ ရာခိုင်နှုန်း မီးလင်းနေပြီဖြစ်ကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ထိ မီးလင်းပြီး အိမ်ထောင်စု အရေအတွက်မှာ ၄ဝ၇၉၂၅၈ စုရှိပြီး ၂ဝ၁၇ခုနှစ် မေလထိ ဓာတ်အားရရှိပြီး အိမ်ထောင်စုပေါင်း ၄၁၆၅၁၄၅ စုရှိကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၃၈ ရာခိုင်နှုန်း မီးလင်းနေပြီဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger