www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 14, 2017

ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဆောက်လုပ်ရေး ပစ္စည်းတန်ဖိုးနှင့် လုပ်သားစရိတ် ကြီးမြင့်မှုများ တွေ့ကြုံနေရ



ရန်ကုန် ၊ ၁၄-၂-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင် လည်ပတ်လာပြီ ဖြစ်သော်လည်း ဆောက်လုပ်ရေး ပစ္စည်းတန်ဖိုး နှင့် လုပ်သားစရိတ် ကြီးမြင့်မှုများ တွေ့ကြုံ နေရကြောင်း ပြည်သာယာ ဆောက်လုပ်ရေး ၏ လိုင်စင်ရ ကန်ထရိုက်တာ ဦးမင်းဇော်ဦး ထံမှ သိရသည်။

''ဒီကာလကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်စတယ် ဆိုပေမယ့် အရောင်းအဝယ်က ပုံမှန်ပဲရှိတယ်။ နောက်တစ်ခုက အရင်နှစ်တွေ ကလို လုံးချင်းအိမ် ဆောက်ပြီးတော့ ရောင်းတဲ့ ဝယ်ရောင်း သမားတွေ တက်မလာ တော့ဘူး။ ဒီတော့ လုပ်ငန်းပိုင်းတွေက အေးတယ်။ နောက်တစ်ခုက အိမ်ဆောက်ပစ္စည်း ဈေးက ပုံမှန်ဆိုပေမယ့် အခုပြဿနာ ဖြစ်တာက အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ အတွက် နေ့စားခတွေ မြင့်တက်လာတယ်။ 

အဲဒီတော့ အဆောက်အအုံ ဆောက်လုပ်တဲ့ အခါ ပစ္စည်းဖိုးနဲ့ လက်ခက အတူတူလောက် ဖြစ်နေတဲ့ အတွက် လုံးချင်းဆောက်တဲ့ သူတွေနဲ့ အိမ်အကြီးစား ပြင်ဆင်တဲ့သူတွေ အခက်အခဲ တွေ့နေကြတယ်'' ဟု ဦးမင်းဇော်ဦး က ပြောသည်။

ထို့ပြင် ဒဂုံ (မြောက်ပိုင်း) မြို့နယ် အပါအဝင် မြို့သစ်များနှင့် မြို့တွင်း မဟုတ်သော ပြင်ပမြို့နယ်များ၌ လုံးချင်းအိမ်များ နှင့် တိုက်ခန်းများ အကြီးစား ပြင်ဆင်ခြင်း၊ အသစ် တည်ဆောက်ခြင်းများ စတင်နေကြ သော်လည်း အိမ်ရှင်၊ ကန်ထရိုက်နှင့် အင်ဂျင် နီယာ များကြား ဆောက်လုပ်ရေး ပစ္စည်း စရိတ်နှင့် အလုပ်သမားစရိတ် ထပ်တူကျနေ မှုကြောင့် အလုပ် မတွင်ကျယ်ကြောင်း လိုင်စင်ရ ကန်ထရိုက်တာ ဦးမောင်ထွေး က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ ဆောက်လုပ်ရေး လုပ်ငန်း၌ တစ်ရက် လုပ်အားခ အဖြစ် အထွေထွေ လုပ်သား တစ်ဦးအတွက် ငွေကျပ် ၅ဝဝဝ၊ သံလက်ကိုင် (ပန်းရန်အကူ) တစ်ဦးအတွက် ငွေကျပ် ၇ဝဝဝ၊ ပန်းရန်ဆရာ တစ်ဦးအတွက် ငွေကျပ် တစ်သောင်းနှုန်း နှင့် ဆောက်လုပ်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးအတွက် ငွေကျပ် သုံးသောင်း ဝန်းကျင် ပေးချေရကြောင်း သိရသည်။ ယခုကာလတွင် ဆောက်လုပ်ရေး ပစ္စည်းများ ခေတ်မီလာမှု၊ သစ်အစား သံနှင့် ဂျီအိုင်သတ္တုများ သုံးစွဲလာ မှုကြောင့် လုပ်ငန်းခွင်တွင် ခန့်မှန်း တွက်ချက် ထားသည့် အတိုင်းသာ ကုန်ကျမှုများရှိ လာခြင်းမှာ အားသာမှု ဖြစ်ပြီး အုတ်မြစ်ချကာ သံတိုင်များဖြင့် တည်ဆောက် ခြင်းကြောင့် အချိန်လျင်မြန် လာကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger