www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 7, 2016

ကျိုက်ထီးရိုးစေတီတော် ကေဘယ်လ်ကား စီမံကိန်းတွင် ခုတ်လှဲခဲ့သည့် သစ်ပင်များအတွက် အစားထိုး ပြန်လည်စိုက်ပျိုး



မော်လမြိုင် ၊ ၇-၁၁-၂၀၁၆

ကျိုက်ထီးရိုး စေတီတော် ရသေ့တောင် စခန်းမှ ရင်ပြင်တော် အနီးထိ ကောင်းကင် ကေဘယ်လ်ကား ပြေးဆွဲရေး စီမံကိန်း ဆောင်ရွက်လျက် ရှိနေပြီး စီမံကိန်းနှင့် မလွတ်ကင်း၍ ခုတ်လှဲခဲ့သည့် သစ်ပင်များ အတွက် အစားထိုး သစ်ပင်များ ပြန်လည်စိုက်ပျိုး ပေးလျက် ရှိနေကြောင်း ကေဘယ်လ်ကား ပြေးဆွဲရေး လုပ်ငန်း အထူးအကြံပေး အဖွဲ့ဝင် ဦးအောင်သန်း ထံမှ သိရသည်။

အဆိုပါစီမံကိန်းနှင့် မလွတ်ကင်းသည့် သစ်ပင်များကို ခုတ်လှဲခဲ့ရပြီး အစားထိုး ပြန်လည်စိုက်ပျိုး ပေးခြင်းကို သစ်တောဦးစီး ဌာန၏ ကြီးကြပ်မှုဖြင့် သစ်ပင်မျိုးစုံ စိုက်ခင်း တစ်ဧကလျှင် အပင်ရေ ၁၂၅ဝ ကို အစားထိုး
စိုက်ပျိုးခဲ့ကြောင်း၊ ထပ်မံပြီး ငါးဧကပြည့် သည်အထိ စိုက်ပျိုးပေး သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ကျိုက်ထီးရိုး စေတီတော် ပတ်ဝန်းကျင်တွင် လုပ်ဆောင်သော အဆိုပါ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကေဘယ်လ်ကား စီမံကိန်းပြီးစီး ပါက ကျိုက်ထီးရိုး စေတီတော်သို့ လာရောက် ဖူးမြော်သော ဘုရားဖူးများ အနေဖြင့် အလွယ်တကူ တက်ရောက်ဖူးမြော် နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ကေဘယ်လ်ကြိုး တပ်ဆင်တဲ့ လမ်းတစ်လျှောက်မှာ မလွတ်ကင်းတဲ့ သစ်ပင်တွေရှိတယ်။ ဒီသစ်ပင်တွေကို ခုတ်လှဲတယ်။ ဒီအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ပြန်ပြီး အစားထိုး စိုက်ပေးတယ်။ အခုကတော့ စိုက်ပျိုးပေး နေတုန်းပါ။ သစ်ပင် စိုက်ပျိုးပေးတဲ့ နေရာမှာ သစ်တောဦးစီး ဌာနရဲ့ ကြီးကြပ်မှုနဲ့ လုပ်နေတာပါ'' ဟု ၄င်းက ပြောသည်။

ယင်း ကေဘယ်လ်ကား စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ၃၃/၁၁ ကေဗွီအေ တပ်ဆင် အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီး ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုး စေတီမူလ ၁၁ ကေဗွီအေ ဓာတ်အားခွဲရုံမှ ဓာတ်တိုင်နှင့် ကြိုးများ လဲလှယ်ကာ ပူးတွဲအသုံးပြုမည် ဖြစ်ကြောင်း၊ ရသေ့တောင်မှ ကျိုက်ထီးရိုးရင်ပြင် တော်အနီးအထိ ပေ ၃၂၅ဝ ကို တာဝါတိုင် ၁၁ တိုင်ဖြင့် ပေ ၂ဝ နှင့်ပေ ၄ဝ အမြင့်ပေါ်တွင် ပြေးဆွဲမည့် ကောင်းကင်ကြိုး ပေါ်တွင် ကေဘယ်လ်ကား တွဲရေ ၄၄ တွဲရှိမည် ဖြစ်ကြောင်း၊ တစ်တွဲလျှင် လူဦးရေ ရှစ်ဦးလိုက်ပါ စီးနင်းနိုင်ပြီး ခန့်မှန်း ကြာမြင့်ချိန် ၁ဝ မိနစ်ခန့်ရှိမည် ဖြစ်ကာ လူအနည်း အများပေါ် မူတည်၍ အချိန်ကို ထိန်းညှိပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကေဘယ်လ်ကား ပြေးဆွဲရေး စီမံကိန်းတစ်ခု လုံး အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာသန်း ၂ဝ ဖြစ်ပြီး စီမံကိန်းအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကျိုက်ထီးရိုး တောရိုင်း ဘေးမဲ့တော နယ်မြေ အတွင်းရှိ ငါးဧကကို နှစ် ၅ဝ ငှားရမ်း  အသုံးပြုခွင့် ရရှိထားကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger