www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 25, 2017

မြို့သာစက်မှုဥယျာဉ် မြို့တော်ဂေါက်ကွင်းကို ကမ္ဘာ့အဆင့်မီ တည်ဆောက်၍ Golf Tourism တစ်ခု ဖော်ဆောင်သွားမည်


မြို့သာစက်မှုဥယျာဉ် မြို့တော်ဂေါက်ကွင်း ကမ္ဘာ့အဆင့်မီတည်ဆောက်ရေး လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်။


မြို့သာ ၂၅-၉-၂၀၁၇

မြို့သာစက်မှု ဥယျာဉ်မြို့တော်တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ဂေါက်ကွင်းကို ကမ္ဘာ့အဆင့်မီ ဂေါက်ကွင်းအဖြစ် တည်ဆောက်၍ နိုင်ငံတကာမှ လာရောက်ကစားနိုင်သော  Golf Tourism  တစ်ခုတည်ဆောက်သွားမည်ဟု မြို့သာစက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောပြ၍ သိရသည်။

လက်ရှိတွင် နိုင်ငံခြားသားပညာရှင်များ ဦးဆောင်၍ တည်ဆောက်နေသော ဂေါက်ကွင်းသည် ကမ္ဘာပေါ်တွင် တွေ့မြင်ရန်မလွယ်ကူသော အကျယ်အဝန်းနှင့် သဘာဝအနေအထားများရှိနေပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းများတွင်တစ်ကွင်း အပါအဝင်ဖြစ်လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။ လတ်တလောစက်မှု ဥယျာဉ်မြို့တော်အတွင်းသို့ ဝင်ရောက်လာသော လုပ်ငန်းများမှာ ခုနစ်ခုခန့်ရှိလာပြီး အလုပ်အကိုင်ရရှိမှုမှာ တစ်ထောင်ဝန်းကျင်ခန့် ရှိလာပြီ ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောပြသည်။ သို့သော်ဂေါက်ကွင်းတစ်ခု တည်ဆောက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ရှိဒေသခံ တောင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း တစ်ရပ်လည်း ပေါ်ပေါက်လာစေကြောင်း သိရသည်။ အဘယ့်ကြောင့်ဆိုသော် ဂေါက်ကွင်းတည်ဆောက်ရေး လုပ်ငန်းများသည် တောင်သူများနှင့် နီးစပ်သောလုပ်ငန်းများ ဖြစ်သဖြင့် မြက်စိုက်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မြေရှင်းခြင်း စသည်တို့ကိုဦးစွာ လုပ်ကိုင်စေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"သာမန်ဂေါက်ကွင်း ဆိုရင်လဲ ဒီနေရာမှာ ဘယ်သူမှ လာကစားမှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတကာက အထင်ကြီးစေမယ့် ဂေါက်ကွင်းတစ်ခုကို တည်ဆောက်နေ ခြင်းဖြစ်ပါတယ်"ဟု ဦးအောင်ဝင်းခိုင်က ပြောပြသည်။

ယခုတည်ဆောက်နေသော ဂေါက်ကွင်းသည် နိုင်ငံတကာရှိ ဂေါက်ကွင်းများနှင့် မတူညီဘဲ စိုက်ပျိုးသောမြက်ကိုလည်း အမေရိကန်နိုင်ငံမှ တိုက်ရိုက်မှာယူ တင်သွင်း၍ စနစ်တကျ ပြန်လည်စိုက်ပျိုး ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မြက်မျိုး Zeson သည်ရေခဲခြောက်ဖြင့် သယ်ယူရခြင်းဖြစ်ပြီး နိုင်ငံတကာမှ လာရောက်ကစားနိုင်သည့် အခြေအနေမျိုးဖြစ်စေရန် ဖန်တီးလျက်ရှိကြောင်း သိရသည်။ အာဆီယံနိုင်ငံများရှိ ဂေါက်ကွင်းများသည် ကျင်းပေါင်း ခြောက်ကျင်းနှင့် ခုနစ်ကျင်းကြားသာ ရှိသော်လည်း ယခုဂေါက်ကွင်းသည် ကျင်းပေါင်း ၁၈ ကျင်းရှိကြောင်း သိရသည်။ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျင်းတစ်ကျင်းသာရှိပြီး ယခုဂေါက်ကွင်း၏ အခြေအနေကို ကမ္ဘာ့ဂေါက် မဂ္ဂဇင်းကြီးဖြစ်သော Golf Digist ကိုဖိတ်ကြား၍ မြန်မာ့ဂေါက်ကွင်း အကြောင်းရေးသား စေမည်ဟု သိရသည်။ ထိုမှတစ်ဆင့် ဂေါက်သီးအားကစား သမားများကို သိရှိစေမည်ဖြစ်ကြောင်း သိရသည်။

ဂေါက်သီးအားကစားနှင့် ပတ်သက်ပါက ကမ္ဘာပေါ်တွင် ဂေါက်သီးရိုက်ခြင်းကို နိုင်ငံအနှံ့လှည့်လည်၍ ဂေါက်ရိုက်လျက်ရှိသော အားကစားသမားများရှိပြီး ၎င်းတို့ကိုဖိတ်ခေါ် ဂေါက်ရိုက်ခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။ ဆောင်းရာသီကာလတွင် ကိုရီးယား၊ရုရှားနိုင်ငံမှ ဂေါက်သီးအားကစား သမားများမှာ ဂေါက်ရိုက်နိုင်ခြင်းမရှိဘဲ အချို့မှာထိုင်းနိုင်ငံသို့ သွားရောက်ကစားလေ့ရှိကြောင်း သိရသည်။

"ထိုင်းမှာဆိုရင် ပြီးခဲ့တဲ့နှစ်က ဂေါက်သီး ကစားသမားခြောက်သိန်းကျော်ဟာ လပေါင်းများစွာနေထိုင်ပြီး ဂေါက်ရိုက်ခဲ့ကြတယ်"ဟု ဦးအောင်ဝင်းခိုင်က ပြောပြသည်။အဆိုပါ အားကစားသမား ခြောက်သိန်းမှာ စီးပွားရေးအတွက် မဟုတ်ဘဲ ဂေါက်ရိုက်ရန်အတွက်သာ လာရောက်သော ကိုရီးယားလူမျိုးများ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများမှ ဒေသခံများနှင့် ကုမ္ပဏီများ ဝင်ငွေတိုးတက်ရရှိခဲ့ပြီး အလားအလာ ကောင်းသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ ယခုဂေါက်ကွင်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးကွင်း တစ်ကွင်းဖြစ်သည်နှင့်အညီ လုံလောက်သော အရည်အသွေးများပြည့်ဝရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လာမည့်ခရီးသွားကာလတွင် မြန်မာတစ်နိုင်ငံလုံးတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆိုင်ရာလှုပ်ရှားမှုများ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအလိုက် ဦးဆောင်မှု ပြုလုပ်၍ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။ ထိုအချိန်တွင် ဂေါက်ကွင်းအား မိတ်ဆက်ခြင်းနှင့် ဂေါက်ရိုက်ပြိုင်ပွဲများ ပြုလုပ်သွားရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း သဘောတူညီမှုများ ရရှိပြီးဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအတွက် ပြည်တွင်းပြည်ပမှ sponser များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂေါက်ကွင်းအတွင်း မြက်စိုက်ခြင်း၊ မြေရှင်းခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် မြက်ခင်းဒီဇိုင်း ဖော်ခြင်းများအတွက် နိုင်ငံခြားပညာရှင် များဦးဆောင်ကာ ဒေသခံလုပ်သား ၄ဝဝ နီးပါး ဝင်ရောက်လုပ်ကိုင် လျက်ရှိကြောင်းသိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger