အပိုင်းလေးပိုင်း ဆက်စပ်ထားသော ဘာသာငါးမျိုးဖြင့်
ရေးထိုးထားသည့် ကျောက်စာ
မြစ်သား ၊ ၂၈-၁၁-၂၀၁၃
ရာဇကုမာရ ကျောက်စာထက် စောသော နှစ်ပေါင်း ၉၆၀ က ပါဠိ ၊ ပျူ ၊ မွန် ၊ ဂျွမ်း ၊ မြန်မာ ဘာသာငါးမျိုး ၊ အက္ခရာ ငါးမျိုးဖြင့် ရေးထိုး ထားသော သမိုင်းတန်ဖိုး လွန်စွာ ကြီးမား လှသည့် စောလူးမင်း ကျောက်စာ တစ်ချပ်ကို မြစ်သားမြို့ ၁၁ လမ်းတွင် ရှိသော မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ပေတော ပရဟိတ ကျောင်းအတွင်း၌ နိုဝင်ဘာ ၄ ရက်တွင် တွေ့ရှိခဲ့သည်။
၅-၁၁-၂၀၁၃ ရက်နေ့ထုတ် ရတနာပုံ သတင်းစာ တွင် ဤဆောင်းပါး ဖတ်ရှု ရသဖြင့် တမ္ပ၀တီ ဦးဝင်းမောင် လာရောက် သုတေသန ပြုလုပ် ခဲ့သည်။ ထိုနေ့က အပိုင်း ၃ ပိုင်းသာ တွေ့ရှိခဲ့ပြီး ယနေ့တွင် နောက်တစ်ပိုင်း ထပ်မံ တွေ့ရှိခဲ့သည်။ အပိုင်း လေးပိုင်းအား ဆက်စပ်ပြီး ဆရာကြီး ဦးဝင်းမောင်က ထပ်မံ သုတေသန ပြုလုပ်ခဲ့သည်။ ဆရာကြီးက ထိုကျောက်စာ နှင့် ပတ်သက်ပြီး အောက်ပါ အတိုင်း သုံးသပ် ပြသည်။
ဆရာကြီး တမ္ပ၀တီဦးဝင်းမောင်နှင့်အဖွဲ့ ကျောက်စာ ဖတ်ရှုစဉ်
မွန်ဘာသာကို မွန်မြန်မာ အက္ခရာဖြင့် ရေးသား ထားသော ကျောက်စာ တစ်ဖက်နှင့် ပျူဘာသာကို ပျူအက္ခရာ နှစ်မျိုးဖြင့် ရေးသား ထားသော ကျောက်စာ တစ်ဖက်ကို ရေးထိုး လှူဒါန်းခဲ့သော ပုဂံခေတ်ဦး ( ၁၁ ရာစု ) လက်ရာ နှစ်မျက်နှာ ကျောက်စာ ဖြစ်သည်။ မူလ ကျောက်စာကြီး မှာ အလျား ၅ ပေ ၉ လက်မ အနံ ၃ ပေ ၆ လက်မ အရွယ်ရှိပြီး ကျောက်ပြားထု မှာ အရင်းပိုင်း ၌ ၇ လက်မထူပြီး အဖျားပိုင်းမှာ ၅ လက်မ ထူသော အမည်းရောင် ထုံးကျောက်ဖြင့် ထုတ်လုပ်ထား ခြင်းဖြစ်သည်။ တွေ့ရှိ ချိန်တွင် ကျောက်စာမှာ ငါးပိုင်း ကျိုးလျက် ရှိပြီး ၄င်းအနက်မှ လေးပိုင်း ကိုသာ ရှာဖွေ တွေ့ရှိရ သေးသည်။ ပျူဘာသာ စာမျက်နျာ ဘက်တွင် အပိုင်း ၃ ပိုင်း ပါရှိသည်။
(က) ထိပ်ဆုံးတွင် ရှစ်ကြောင်း ၊ (ခ) အလယ်တွင် ၁၃ ကြောင်း နှင့် (ဂ) အောက်ဆုံးတွင် ခုနှစ်ကြောင်း ပါရှိရာ ထိပ်ဆုံး ရှစ်ကြောင်းသည် မြန်မာစာ ဖြစ်ဖွယ်ရှိပြီး ရေးသား ထားသော အက္ခရာမှာ မွန်မြန်မာ အက္ခရာ ဖြစ်သည်။ ထိုစာပိုဒ်၏ ငါးကြောင်းမြောက် တွင် သက္ကရာဇ် ၄၁၅ ဟု ပါရှိသည်။ ဦးကုလား ရာဇ၀င်ပါ စောလူးမင်း နန်းစံနှစ် ( ၃၉၇ - ၄၂၃ ) နှင့် ကိုက်ညီမှု ရှိသည်။ အလယ် ၁၃ ကြောင်းသည် ပါဠိဘာသာ စာကြောင်းများ ဖြစ်ပြီး သက္ကတ ဆန်သော ပါဠိဘာသာကို ၄ - ၅ ရာစု ဂုတ္တခေတ် အက္ခရာ ပျူသုံး ဗုဒ္ဓ အက္ခရာဖြင့် ရေးထိုး ထားသည်။ အောက်ဆုံး ခုနစ်ကြောင်းသည် ပျူဘာသာ စစ်စစ်ဖြစ်ပြီး အလယ်ပိုဒ် အက္ခရာထက် စောသော ခရစ်တော် မပေါ်မီ ခေတ်က ဗြာဟ္မီ အက္ခရာပွား ( ရှေးဦးပျူ အက္ခရာ ) များဖြင့် ရေးထိုး ထားသည်။ ဤကဲ့သို့ ပျူစာကို (ခေတ်ဦးပျူ အက္ခရာ) ဖြင့် ရေးထိုး၍ ပါဠိစာကို (ပျူဗုဒ္ဓ အက္ခရာ) ဖြင့် ပူးတွဲကာ နိသျှရေးနည်း အတိုင်း ပျူတစ်ပိုဒ် ပါဠိတစ်ပိုဒ် ရေးထိုး နည်းကို သရေခေတ္တရာ မြို့ဟောင်း တောင်ကန် ၊ ဝက်ခေါင်းကုန်း မှ တူးဖော် တွေ့ရှိရသော ဆင်းတုတော် ပလ္လင်တော် လေးမျက်နာတွင် ရေးထိုး ထားခဲ့ကြောင်း တွေ့ရှိ ခဲ့ရဖူးသည်။
ပျူပါဠိ စာဖြင့် ရေးထိုးထား သော အလယ်ပိုဒ်တွင် '' ဗဇြိဘရ ဏဒေဝဿ '' ဟူသော အနေရထာ မင်းကြီး၏ သားတော် " မဟာသိရီ ဗဇြာ ဘရဏဒေ၀ " ဘွဲ့မည် ရှိသော စောလူးမင်း ဘွဲ့တော်ကို တွေ့ရှိရ သဖြင့် ပျူစာမျက်နှာ ဘက်သည် ၁၁ ရာစုဦး ပုဂံခေတ် စောလူမင်း ရေးထိုး လှူဒါန်း ခဲ့သော ပျူကျောက်စာ ဖြစ်ဖွယ် ရှိသည်။
မွန်ဘာသာ မျက်နှာဘက် တွင်လည်း ပျူဘာသာ မျက်နှာဘက် ကဲ့သို့ပင် ထိပ်ပိုင်း ကိုးကြောင်းကို အနော်ရထာ မင်းကြီး ကိုယ်တော်တိုင် ရေးထိုး ခဲ့သော အုတ်ခွက်တော် များ နောက်ကျောမှ ၁၁ ရာစုဦး မွန်မြန်မာ အက္ခရာ လက်ရေး အတိုင်း ပါဠိဘာသာဖြင့် ရေးထိုးခဲ့ပြီး အောက်ပိုင်းကို ဆက်၍ ထို လက်ရေး အက္ခရာ များနှင့်ပင် မွန်ဘာသာဖြင့် ဆက်လက် ရေးထိုးခဲ့ရာ စုစုပေါင်း စာကြောင်းရေ ၂၈ ကြောင်း ရှိခဲ့သည်။ မွန်စာမျက်နှာ ပါဠိဘာသာ စာပိုဒ်တွင် ပျူကျောက်စာ မှာကဲ့သို့ပင် ''ဗဇြ(ဘ) ရဏ ဒေဝဿ'' ဟူသော စောလူးမင်း ၏ဘွဲ့တော် ကို ရေးထိုး ထားသည် ဟုလည်း တွေ့ရသည်။
ထို့ကြောင့် ယခု မြစ်သားမြို့ ပေတောကျောင်း တိုက်အတွင်းမှ ဆက်စပ် တွေ့ရှိခဲ့သော ပျူ ၊ မွန် ၊ မြန်မာ ၊ ဂျွမ်း ၊ ပါဠိ ငါးဘာသာပါ နှစ်မျက်နှာ ကျောက်စာသည် ပုဂံခေတ် စောလူးမင်း က ၁၁ ရာစုတွင် မြစ်သားမြို့ ၌ လှူဒါန်း ခဲ့သော စေတီတော် တစ်ဆူ အတွက် ရေးထိုးခဲ့သည့် ပျူဘာသာ ထိပ်ဆုံး ရှစ်ကြောင်းသည် မြန်မာဘာသာ ဖြစ်ဖွယ်ရှိသည်။ ဤကျောက်စာ သည် ပါဠိ ၊ ပျူ ၊ မွန် ၊ မြန်မာ လေးဘာသာ ဖြင့် ရေးထိုးခဲ့သော ရာဇကုမာရ (ဂူပြောက်ကြီး) ကျောက်စာ ကဲ့သို့ သမိုင်းတန်ဖိုး လွန်စွာ ကြီးမားလှသည့် နောက်တွေ့ ကျောက်စာအသစ် တစ်ချပ် ဖြစ်သည်ဟု ပြောပြ သွားသည်။
ထိုကျောက်စာ ကို လွန်ခဲ့သော နှစ်ပေါင်း ၅ဝခန့်က အကောင်း ပကတိအတိုင်း ရှိနေ သေးကြောင်း ဒေသခံ ဦးဝင်းမြင့်မှ ပြောသည်။ နိုဝင်ဘာ ၂၅ ရက်က မွန်ကမ္ပည်း ကျောက်စာ ပညာရှင် နိုင်ဘရှင် ကလည်း ဤကျောက်စာ သည် ဘုရားမြေ လှူသည့် စောလူးမင်း ကျောက်စာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့သည်။
ကျောက်စာ သမိုင်းအား လာရောက် ဖော်ထုတ် ပေးသော ပညာရှင် အဖွဲ့ဝင် ဆရာကြီး တမ္ပ၀တီ ဦးဝင်းမောင် နှင့်အတူ ကမ္ပည်း ကျောက်စာ ပညာရှင် Mr. Miky ၊ ဦးကျော်သူ (ပါမောက္ခ ၊ ဗုဒ္ဓဒေသနာ ပြန့်ပွားရေး ဌာန) နှင့် စုစုပေါင်း အဖွဲ့ဝင် ကိုးဦးရှိပြီး ဒေသခံများ ဖြစ်သော ပေတောကျောင်း ဆရာတော် ၊ AO ဦးညွန့်မောင် ၊ ဒေါ်မိုးမိုးခိုင် ၊ ဦးညီညီ တို့မှ ကူညီ ပံ့ပိုးခဲ့ကြောင်း သိရှိရသည်။
ဆက်စပ်သတင်းများ
မြစ်သားမြို့ရှိ မွန်ကျောက်စာ သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က ရေးထိုးထားသော ဘုရားမြေလှူ မွန်ကျောက်စာ တစ်ချပ်ဖြစ်
မြစ်သားမြို့တွင် တွေ့ရသော ကျောက်စာချပ် မှာ နှစ်ပေါင်း ၈၀၀ ကျော်က မွန်ကျောက်စာဖြစ်