www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label နိုင်ငံတကာ သတင်းမှတ်စု. Show all posts
Showing posts with label နိုင်ငံတကာ သတင်းမှတ်စု. Show all posts

Saturday, February 18, 2017

အာဆင်နယ် အသင်း အဓိကတိုက်စစ်မှူး ဆန်းချက်ဇ် အသင်းမှ ထွက်ဃွာရန် ပြင်ဆင်နေ


လန်ဒန် (၁၈-၂-၂၀၁၇)
.
အာဆင်နယ် အသင်း၏ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်သူ ဆန်းချက်ဇ်သည် ဘိုင်ယန်မြူး နစ်အသင်းကို ငါးဂိုး တစ်ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး နောက်အဝတ် လဲခန်းတွင် အသင်းဖော် များနှင့်အချင်းများကာ အာဆင်နယ် အသင်းမှ ထွက်ခွာရန် ပြင်ဆင် နေကြောင်း သိရသည်။
.
ဆန်းချက်ဇ်နှင့် အာဆင်နယ် အသင်းတို့ချုပ် ဆိုထားသော စာချုပ် သက်တမ်းအရ ၁၈လသက်တမ်းသာ ကျန်ရှိတော့ သည့်အတွက် အာဆင်နယ် အသင်းက ဆန်းချက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်နေသည်။
.
ဘိုင်ယန်မြူးနစ် အသင်းကို ရှုံး နိမ့်ခဲ့သောပွဲစဉ် အပြီးတွင် အသင်းဖော်များနှင့် အချင်းများခဲ့သည့် အတွက်ကြောင့် အာဆင်နယ်အသင်း မှ ထွက်ခွာရန် သေချာသလောက် ရှိနေပြီဖြစ်သော ဆန်းချက်ဇ်က အရှုံးနှင့်ပတ်သက်ပြီး စိတ်ပျက် လျက်ရှိနေရာ ၎င်းပွဲစဉ်အပြီးတွင် အီတလီနိုင်ငံသို့ သွားရောက်ခဲ့ ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
.
အသက်  ၂၈နှစ်ရှိနေပြီဖြစ်သည့် ဆန်းချက်ဇ်သည် ကလပ်အသင်း အဆင့်တွင် အောင်မြင်မှုများစွာ ရယူရန် စိတ်အားထက်သန်နေ သော်လည်း လက်ရှိကစားနေသော အာဆင်နယ်အသင်းမှာ ဘိုင်ယန် မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့် ခဲ့ရပြီဖြစ် သောကြောင့် ချန်ပီယံလိဂ်မှထွက်ခွာ ရရန် သေချာသလောက်ရှိနေပြီဖြစ်သည်။ ထို့ပြင် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲတွင်လည်း ရလဒ် များ မတည်မငြိမ်ဖြစ်နေပြီး အမှတ် ပေးဇယားကို ဦးဆောင်နေသော ချဲလ်ဆီးအသင်းနှင့် အမှတ်ကွာဟချက်မှာ လိုက်မီရန် ခက်ခဲသည့်အနေ အထားဖြစ်နေသည်။
.
ဆန်းချက်ဇ်ကို စပိန်အသင်း ကြီးများအပြင် အီတလီနာမည်ကြီး ဂျူဗင်တပ်နှင့် ဂျာမနီနာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းက ချိတ် ဆက်လျက်ရှိနေပြီး ¤င်းအနေဖြင့် မူလက အာဆင်နယ်အသင်းတွင် ဆက်လက်ကစားသွားရန် ဆွေးနွေး မှုကိုလက်ခံခဲ့ဖူးရာ လက်ရှိရင်ဆိုင် ကြုံတွေ့နေရသော အနေအထားအရ ဆန်းချက်ဇ်ကို ဆက်လက် ထိန်းသိမ်းသွားရန် ဆန္ဒရှိနေသည့် အာဆင်နယ်အသင်းသည်မျှော်လင့် ချက်မဲ့သည့် အခြေအနေသို့ရောက် ရှိနေကြောင်း သိရသည်။  
.
မြ၀တီနေ့စဉ်သတင်းစာ ၁၈-၂-၂၀၁၇
.
#Themyawadydaily

Thursday, July 21, 2016

တရုတ်စစ်ရေး လှုပ်ရှားမှုများကြောင့် စစ်ရေးအတွက် ကြိုတင်ပြင်ဆင်လာသည့် အိန္ဒိယ




( ရှိန်းထက် )

တရုတ်နှင့် အိန္ဒိယနိုင်ငံ အနောက်ဘက် နယ်စပ်ပြဿနာ ဖြစ်သော ဟိမဝန္တာ တောင်တန်းဒေသ အငြင်းပွားမှု သည် ၁၉၆၂ ခုနှစ် ကတည်းက စတင်ခဲ့ရာ ယခုအချိန်ထိ ပင်ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် နှစ်နိုင်ငံ စလုံးက တိုက်ပွဲများ ရပ်တန့်ရန် သဘောတူညီ ခဲ့ကြသော်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ထက်မှ စတင်ကာ ထို ပြဿနာသည် တစ်ကျော့ပြန် အသက်ဝင် လာခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အတွက် အိန္ဒိယသို့ တရုတ် သမ္မတ ရှီကျင့်ဖျင် လာရောက်ခဲ့ စဉ်က တရုတ်စစ်သည် ဦးရေ ၁ဝဝဝ ကျော်သည် အိန္ဒိယတို့ ထိန်းချုပ်ထားသော အငြင်းပွား ပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက် လာခဲ့ဖူးသည်။ ထို့ကြောင့် ယခင် ကတည်းက ဆတ်ဆတ်ထိ မခံ ဖြစ်နေသည့် နှစ်နိုင်ငံ နယ်စပ် ပြဿနာမှာ ပိုမိုဆိုးရွား လာခဲ့သည်။

၂ဝဝ၆ ခုနှစ်တွင် အက်ခ်ဆိုင်ရှင် နှင့် အရူနာရှယ် ပရာဒေ့ရှ် ပြည်နယ် များကို တရုတ်က ပိုင်နက်နယ်မြေ များအဖြစ် တစ်ဖန်ပြန်လည် တောင်းဆို လာခဲ့သည်။ ၁၉၆၂ ခုနှစ် အစောပိုင်း ပိုင်နက် အငြင်းပွားမှု စစ်ပွဲများတွင် အိန္ဒိယက တရုတ်ကို အနိုင်ရရှိ ခဲ့သဖြင့် တရုတ်တို့ ထိုနယ်မြေမှ လှည့်ပြန် လာခဲ့ရသည်။ ၁၉၈ဝ ပြည့်နှစ် နောက်ပိုင်း မှစ၍ စီးပွားရေး အင်အား အကောင်းဆုံး ဖြစ်ခဲ့သော တရုတ်သည် စစ်ရေးတွင် လည်း ကမ္ဘာ့ ဒုတိယ အင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

ထိုအခါ သမိုင်းတွင် ဆုံးရှုံးခဲ့သော အရာအားလုံးကို တစ်ဖန် အနိုင်ပိုင်း လိုသော တရုတ်သည် ၁၉၄၂ ခုနှစ်က ဂျပန်တို့၏ သိမ်းပိုက်မှု ခံခဲ့ရခြင်းကို ပြန်လည် အနိုင်ယူရန် ကြိုးစားလာသည်။ ထို့ကြောင့် အရှေ့ပင်လယ် ဟု ခေါ်သော ဂျပန်ပင်လယ် ကို ကျူးကျော်ခဲ့သည့် အပြင် ဂျပန်တို့ကို မျက်နှာမူ ထားသည့် အရှေ့တရုတ် ပင်လယ်ပြင်၌ ၂ဝ၁၃ ခုနှစ်တွင် ရေဒါများ ဖြန့်ကြက်ခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေးဇုန် တည်ထောင်ခဲ့သည်။ ယင်းမှာ တရုတ်တို့ ဂျပန်နှင့် ဖြစ်ပွားလာမည့် စစ်ပွဲအတွက် ရည်ရွယ်ချက် များဖြင့် ကြိုတင်ပြင်ဆင် ထားခြင်းပင် ဖြစ်သည်။

ထို့ပြင် ၁၉၆၂ ခုနှစ်တွင် အရှုံးပေး ခဲ့ရသော အိန္ဒိယကိုလည်း အနိုင်ပြန်လို ချင်သည်။ ထို့ကြောင့် ၂ဝဝ၆ ခုနှစ်မှ စတင်ကာ တင့်ကားများနှင့် လက်နက်ကြီး များကို အနောက်ဘက် နယ်စပ် တစ်လျှောက် ၌ ချထားခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် နှစ်ဖက်စလုံး၏ စစ်လက်နက် ကြီးများ နယ်စပ်၌ အပြိုင် တပ်ဆင်မှုကြောင့် တင်းမာမှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး စစ်ပွဲတစ်ပွဲ ဆီသို့ ဦးတည်လုနီးပါး ဖြစ်ခဲ့သည်။ ထိုတင်းမာမှုမှာ ယခု အချိန်ထိ မပြီးဆုံးနိုင်ဘဲ၂ဝ၁၆ ခုနှစ်သို့ပင် ကူးလာခဲ့သည်။

တရုတ်က နယ်စပ် တစ်လျှောက်၌ စစ်အင်အား အလုံးအရင်းဖြင့် ချထားပြန်သည်။ အိန္ဒိယကလည်း တင့်ကား အစီးရေ ၁ဝဝ ကို နယ်စပ်သို့ တပ်ဖြန့် ချထားရန် ဇူလိုင် ၁၉ ရက်က အမိန့်ပေး ခဲ့သည်။ အဆိုပါ တင်းမာမှု များက အထွတ်အထိပ် သို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိ လာဦးတော့မည်။ တရုတ်နှင့် အိန္ဒိယတို့ ခေတ်သစ် တင်းမာမှုသည် တိဗက် ဘုန်းတော်ကြီး ဒလိုင်လားမား ကို အိန္ဒိယတို့က ထောက်ခံ အားပေးခဲ့ခြင်းမှ အစပြုခဲ့ခြင်း ဖြစ်သည်။ တရုတ်တို့ က ဒလိုင်လားမား ကို ရာဇဝတ်သား အဖြစ် သဘောထားကာ ပြည်ဝင်ခွင့် ပိတ်သည်။ ထို့ပြင် မိတ်ဖက်နိုင်ငံ များကိုလည်း ဒလိုင်လားမား အား ပြည်ဝင်ခွင့် မပြုရန် ဖိအားပေးသည်။

၎င်းကို ပြည်ဝင်ခွင့် ပေးသောနိုင်ငံကို တရုတ်တို့က ရန်သူအဖြစ် သတ်မှတ်ပြီး ရန်ရှာလေ့ ရှိသည်။ ယခု အိန္ဒိယနှင့်လည်း ထိုနည်း အတိုင်းပင် ဖြစ်သည်။ အိန္ဒိယတို့ က ဒလိုင်လားမားကို ကြည်ညိုသည်။ ဒလိုင်လားမား လိုအပ်သမျှကို ပံ့ပိုးပေးသည်။ ထို့ကြောင့် အိန္ဒိယ၌ တရုတ်၏ ရင်းနှီးမြှုပ်နှံ မှုသည် အမေရိကန် ဒေါ်လာ ဘီလီယံရာနှင့် ချီရမည့်အစား ဆယ်ဂဏန်း နှင့်ပင် ပြီးဆုံးသွားလေ့ ရှိသည်။

နယ်စပ်ပြဿနာ များကလည်း ယခင် ကတည်းက အမြစ်တွယ် နေခဲ့သည့်အပြင် ဒလိုင်လားမား ကို ထောက်ခံ လိုက်သောကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမိုဆိုးရွား လာခဲ့တော့သည်။ တရုတ်တို့၏ ကမ္ဘာပေါ်၌ နံပါတ်တစ် ဖြစ်လိုစိတ်၊ စူပါပါဝါနိုင်ငံ ဖြစ်လိုစိတ်၊ အမေရိကန်ကို ဖယ်ရှားလိုစိတ် နှင့် ပေးဆပ်ခဲ့ ရသော အတိတ်သမိုင်းမှ အရှုံးများကို ပြန်လည် လက်စားချေ လိုစိတ် များက ပြင်းထန်နေရာ အာရှ၌ တရုတ်ကြောင့် စစ်ပွဲတစ်ပွဲ ဖြစ်လာရန်မှာ မရေရာသည့် အနေအထားမှ တဖြည်းဖြည်း ရေရာသေချာ လာသည်။

ယခုလည်း တရုတ်သည် နိုင်ငံတကာက ကန့်ကွက်နေသည့် ကြားကပင် စစ်ရေး လေ့ကျင့်မှုများကို အငြင်းပွား ပင်လယ်ပြင် ရေပိုင်နက်၌ ပြုလုပ်တော့မည်။ တရုတ်တို့၏ ရန်စမှုများက သူ၏နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် နိုင်ငံတိုင်း လိုလို တွင် ပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။ အတိတ် သမိုင်းကြောင်း က အားနည်းခဲ့သော ၄င်း၏ စစ်တပ်ကြောင့် ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်ရယူ လိုနေသည်။ ထို့အတူ အနာဂတ် စစ်ရေးဗျူဟာ အတွက် ကြိုတင် ပြင်ဆင်မှု အနေဖြင့် ပထဝီ အနေအထား အရ မဟာဗျူဟာ ကျသည့် နေရာများကို သူ့ပိုင်နက်အဖြစ် ကြေညာခဲ့သည်။

တောင်တရုတ် ပင်လယ်ပြင်ကို ၉ဝ ရာခိုင်နှုန်း ပိုင်ဆိုင်သည် ဟူသော ကြေညာချက် က သက်သေထူ နေသည်။ တောင်တရုတ် ပင်လယ်ပြင်သည် ကမ္ဘာ့ စီးပွားရေး အတွက် အချက်အချာ ကျသည်။ အမေရိကန် စွမ်းအင်ကဏ္ဍ အတွက်လည်း တောင်တရုတ် ပင်လယ်ပြင်မှာ မဖြစ်မနေ အရေးပါသည်။ တောင်တရုတ် ပင်လယ်ပြင်ကို တရုတ်တို့ ပိတ်ဆို့လိုက်လျှင် အမေရိကန် စွမ်းအင်ကဏ္ဍကို အကြီးအကျယ် ထိခိုက်စေပြီး စစ်ရေးဗျူဟာ တွင် အားနည်းချက်များ ဖြစ်ပေါ် ပေလိမ့်မည်။ ထို့ပြင် စီးပွားရေး အရလည်း ကမ္ဘာ့ ကုန်သွယ်မှု၏ လေးပုံ တစ်ပုံကို တောင်တရုတ် ပင်လယ်ပြင်က နေရာယူထား သောကြောင့် အမေရိကန် တို့၏ စီးပွားရေးကို အကောင်းဆုံး ထိုးနှက်ချက် တစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် အမေရိကန်က တောင်တရုတ် ပင်လယ်ပြင် လမ်းကြောင်းကို တရုတ်တို့ အပိုင်မသိမ်း နိုင်အောင် နည်းလမ်းပေါင်း စုံသုံး၍ တားဆီးသည်။ တရုတ်ကလည်း နိုင်ငံတကာ တရားရုံး၏ ဆုံးဖြတ်ချက် ကို လက်မခံဘဲ နိုင်ငံတကာ တရားရုံး ကိုပင် တရားဝင် အဖွဲ့အစည်း အဖြစ် အသိအမှတ် မပြုဟု တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံတိုင်းက လုံခြုံရေးနှင့် ပတ်သက်ပြီး တရုတ်တို့ ခြိမ်းခြောက် မည်ကို စိုးရိမ်လာ ကြသည်။ ထိုအထဲတွင် အိန္ဒိယလည်း ပါဝင်သည်။

တရုတ်က အိန္ဒိယသမုဒ္ဒရာ ကို မှီခိုရခြင်း မရှိသည့် နည်းလမ်း များကို စဉ်းစားခဲ့သည်။ ယင်းမှာ ပါကစ္စတန်ကို ဖြတ်ပြီး အမေရိကန် ဒေါ်လာ ဘီလီယံနှင့် ချီ၍ အကုန်အကျ ခံကာ ပိုက်လိုင်း သွယ်တန်းသည့် စီမံကိန်းပင် ဖြစ်သည်။ ထို စီမံကိန်းကြောင့် အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ပြီး အရှေ့ အလယ်ပိုင်းမှ တစ်ဆင့် ရေနံသယ်ယူမည့် လမ်းကြောင်းကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ အကယ်၍ စစ်ဖြစ်လျှင်လည်း အိန္ဒိယသမုဒ္ဒရာ ကိုပိတ်ထားပါက ပူပန်စရာ မလိုတော့သည့် စစ်ရေး မဟာဗျူဟာ တစ်ခုဖြစ်သည်။ အနာဂတ် အတွက် စစ်ဗျူဟာ ရေးဆွဲနေသည့် တရုတ်တို့၏ အစီအစဉ်ကို ကြိုတင်သိမြင် နေသော အိန္ဒိယက နယ်စပ်၌ တရုတ်တို့ ခြေတစ်လှမ်း တိုးလျှင် သူက တစ်လှမ်း လိုက်တိုးသည်။ ယခုလည်း တရုတ်က အနောက်ဘက် နယ်စပ်၌ စစ်အင်အား တိုးသည်နှင့် မကြာမီပင် အိန္ဒိယတို့လည်း အလုံးအရင်းဖြင့် တပ်နေရာချထား လိုက်သည်။

ထို့ကြောင့် တရုတ်တို့ အနောက်ဘက် နယ်စပ်၌ အိန္ဒိယ စစ်အင်အားကို လျှော့တွက်ပြီး အိန္ဒိယကို ရန်စလျှင် နောက်ဆုံးပိတ် ထိပ်တိုက်တွေ့ပြီး အမေရိကန်နှင့် စစ်မဖြစ်မီ အိန္ဒိယနှင့် ပထမဆုံး စစ်ပွဲတစ်ပွဲ ဖြစ်သွား နိုင်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Friday, July 15, 2016

၂၀၁၆ အာဆီယံညီလာခံတွင် ဆွေးနွေးမည့် တောင်တရုတ်ပင်လယ်ပြင် အရေးနှင့် The Hague နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက် ကို ဖီဆန်နေသည့် တရုတ်




( ရှိန်းထက် )

၂၀၁၃ ခုနှစ်က တရုတ်သည် ဖိလစ်ပိုင် နှင့် ၂၂၅ ကီလိုမီတာသာ ဝေးသော စကားဗိုရော့ ကျွန်းစုများကို နိုင်ထက်စီးနင်း သိမ်းပိုက် ခဲ့သည်။ ထို့ကြောင့် ဖိလစ်ပိုင် အစိုးရက နယ်သာလန် နိုင်ငံရှိ နိုင်ငံတကာ ခုံရုံး The Hague ကို တိုင်ကြားခဲ့ရာ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၂ ရက် (အင်္ဂါနေ့) တွင် တရားရုံး၏ ဆုံးဖြတ်ချက် ထွက်ပေါ် လာခဲ့သည်။

တရုတ်တို့၏ တောင်းဆိုချက် များသည် ခြေခြေမြစ်မြစ် မရှိသောကြောင့် တရားရုံးက ဖိလစ်ပိုင်ကို တရားနိုင် အဖြစ် သတ်မှတ်ပေး ခဲ့သော်လည်း လုံးဝ လက်ခံနိုင်စရာ မရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ က The Hague နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက် ထွက်ပေါ်ပြီးလျှင် ပြီးချင်း တုံ့ပြန်ခဲ့သည်။ ထို့ပြင် The Hague ကိုလည်း နိုင်ငံတကာ ခုံရုံးအဖြစ် အသိအမှတ် မပြုနိုင်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ ခုံရုံးသို့ တိုင်ကြား ကတည်းက ရှုံးမည်ကို ကြိုသိထားသော တရုတ်က The Hague သို့ ဖိလစ်ပိုင်တို့ စတင်တိုင်ကြား ကတည်းက ခုံရုံးတွင် တင်ထားသည့် အထောက်အထား မှန်သမျှကို လက်မခံကြောင်း ကြိုတင် ဆန္ဒပြခဲ့သည်။ ယခု The Hague နိုင်ငံတကာခုံရုံး ၏ ဆုံးဖြတ်ချက် သည် ဒေသတွင်း တရုတ်နှင့် အငြင်းပွား နိုင်ငံများ ဆက်ဆံရေးကို ပိုမိုဆိုးရွား စေသည်ဟု အမေရိကန်နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်က ဝေဖန်ပြစ်တင် ထားသည့်အပြင် သက်ဆိုင်ရာ နိုင်ငံများကသာ ဖြေရှင်းသင့် သည်ဟု ၄င်းက သုံးသပ် ပြောကြားခဲ့သည်။ သက်ဆိုင်ရာ နိုင်ငံများက တရုတ်နှင့် ဖြေရှင်းလျှင် ပြန်ရရန် လမ်းစ ရှိတော့မည် မဟုတ်။ သူတို့ကိုယ်တိုင်က ရယူလို၍ အဓမ္မသိမ်းပိုက် ထားခြင်းဖြစ်သည်။ ယခုအခါ The Hague ၏ ဆုံးဖြတ်ချက်ကို တရုတ်က ဆန့်ကျင်သည့် အနေဖြင့် တောင်တရုတ် ပင်လယ်ပြင်၌ လေကြောင်းရန် ကာကွယ်ရေးဇုန် တည်ဆောက်မည် ဟု ကြေညာလိုက် ပြန်သည်။ 

The Hague ၏ ဆုံးဖြတ်ချက်ကြောင့် ယခုဆိုလျှင် ကုလသမဂ္ဂ၏ ပင်လယ်ရေကြောင်း မြေပုံ၌ တရုတ်တို့က ၉ဝ ရာခိုင်နှုန်း ပိုင်ဆိုင်သည်ဟု ကြေညာထားသော နေရာများလည်း ရှင်းလင်းသွားပြီး သမိုင်းမှတ်တိုင်
သစ်တစ်ခု အဖြစ် ရေးထိုး နိုင်တော့မည် ဖြစ်သည်။ တရုတ်၏ ရန်လိုသော အပြုအမူများ ကြောင့် အာဆီယံသည်ပင် တောင်တရုတ် ပင်လယ်ပြင် အကြောင်း ဆွေးနွေးရန် ဖြစ်လာရသည်။

၂ဝ၁၆ ခုနှစ် အာဆီယံ ညီလာခံတွင် မူကြမ်းတစ်ခု အဖြစ် ထည့်သွင်းပြီး တောင်တရုတ် ပင်လယ်ပြင် အကြောင်းကို အကျယ်တဝင့် ဆွေးနွေးအဖြေရှာ ကြတော့မည် ဖြစ်သည်။ ကျန် အာဆီယံနိုင်ငံ များနှင့် ပတ်သက်ခြင်း မရှိသော်လည်း ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား တို့နှင့် တိုက်ရိုက် ပတ်သက်နေ သောကြောင့် ကျန်အာဆီယံ နိုင်ငံများနှင့် လည်း သွယ်ဝိုက်ပတ်သက် လာရတော့သည်။

၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့သော တရုတ်-အာဆီယံ စီးပွားရေး ညီလာခံတွင် တရုတ်တို့က တောင်တရုတ် ပင်လယ်ပြင် အရေးကို ထည့်သွင်း ဆွေးနွေးခြင်း မပြုရန် ကြိုတင် သတိပေးထား သောကြောင့် ဆွေးနွေးခွင့် မရရှိခဲ့သော်လည်း ယခုအခါ တရုတ်တို့ မည်မျှပင် ကန့်ကွက် နေပါစေ၊ အာဆီယံနှင့် သက်ဆိုင်သည့် ညီလာခံများတွင် တောင်တရုတ် ပင်လယ်ပြင် အရေးကို ထည့်သွင်း ဆွေးနွေး ရတော့မည် ဖြစ်သည်။

အင်ဒိုနီးရှား ကလည်း ဖိလစ်ပိုင်၏ စကားဗိုရော့ ကျွန်းစုများအား တရုတ်က သိမ်းပိုက် ခဲ့သည်ကို နမူနာယူ၍ တရုတ်က ပိုင်ဆိုင်သည်ဟု ကြေညာ လာခဲ့သော နမ်တူနမ်ကျွန်း များအား ကာကွယ်ရန် စစ်သင်္ဘောများ၊ F-16 ဂျက် တိုက်လေယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်များနှင့် ရေဒါများကို ဖြန့်ကြက် သွားတော့မည် ဖြစ်သည်။ တစ်နှစ်အတွင်း အပြီးတပ်ဖြန့် ချထားနိုင်ရန် အင်ဒိုနီးရှား အစိုးရက အရှိန်မြှင့် ဆောင်ရွက်နေပြီး ထိုကျွန်းစု များတွင် မကြာမီက အင်ဒိုနီးရှား ရေတပ်၏ ပစ်ခတ်မှုကြောင့် တရုတ်ငါးဖမ်း လှေများနစ်မြုပ် ခဲ့ဖူးသည်။ ထို့ကြောင့်လည်း ဝိရောဓိ ဖြစ်ပွားခဲ့ပြီး ပိုင်ဆိုင်ကြောင်း တောင်းဆို ထားသော ရေပြင်ကို အင်ဒိုနီးရှား ရေတပ်က လက်ဦးမှု ရယူခြင်း ဖြစ်သည်။ ထိုကျွန်းစု များသည် အင်ဒိုနီးရှား ၏ အဓိက စီးပွားရေးဇုန် နေရာတစ်ခု ဖြစ်ပြီးနှစ်စဉ် နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်းနှင့် ချီဝင်နေသော နေရာလည်း ဖြစ်သည်။ ထို့ကြောင့် တရုတ်တို့ မည်မျှ ပိုင်ဆိုင်သည်ဟု ဆိုစေကာမူ အင်ဒိုနီးရှားတို့ မဖြစ်မနေ ကာကွယ် ဦးမည်ဖြစ်သည်။ ထို့ကြောင့် အင်ဒိုနီးရှား တို့က စစ်အခြေစိုက် စခန်းတစ်ခု နီးပါးရှိသည့် အင်အားကို ချထားရန် လုပ်ဆောင်နေပြီ ဖြစ်သည်။

တရုတ်၏ တောင်တရုတ် ပင်လယ်ပြင် ဗိုလ်ကျမှု များသည် တခြား အာဆီယံနိုင်ငံ များအပြင် တရုတ်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် နိုင်ငံအားလုံး အတွက် နမူနာယူစရာ ဖြစ်လာသည်။ ယင်းမှာ ကိုယ့်နိုင်ငံ ကမ်းရိုးတန်း ကိုယ် ကာကွယ်ရန်၊ ကိုယ့်နိုင်ငံ ပိုင်နက် ကိုယ် စောင့်ရှောက်ရန် သတိပေး လှုံ့ဆော်မှုများ ဖြစ်လာသည်။ ထို့ပြင် ယခုတရုတ်သည် ရှုံးမဲမဲနေသည်။ ထို့ကြောင့် တောင်တရုတ် ပင်လယ်ပြင်နှင့် ပတ်သက်သည့် နောက်ထပ် တင်းမာမှုများကို သတိထား ကိုင်တွယ် ဆောင်ရွက်ရန် အမေရိကန်က သတိပေးထားပြီး ဖိလစ်ပိုင် အစိုးရကလည်း ငြိမ်းချမ်းစွာ ကိုင်တွယ်သွားမည် ဟု ပြောသည်။

တရုတ်သည် တောင်တရုတ် ပင်လယ်ပြင် နှင့်ပတ်သက်၍ တရုတ်(တိုင်ပေ)၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့နှင့် နယ်မြေ အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး ၂ဝ၁၄ ခုနှစ်ကတည်းက စတင်တင်းမာ လာခဲ့ရာ ယခုအချိန်သည် အမြင့်ဆုံး အခြေအနေ ဖြစ်သည်။ တရုတ်၏ လက်ရှိ အခြေအနေမှာ ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံး တစ်လုံးနှင့် တူနေပြီး အမေရိကန် ကပင် သတိထား စောင့်ကြည့် နေရသည်။

ထိုအချိန်တွင် တောင်ကိုရီးယား က THAAD ဒုံးခွင်းဒုံးစနစ်များ ချထားမည့် နေရာကိုလည်း အပြီးသတ် ကြေညာခဲ့ပြီး ၂ဝ၁၇ ခုနှစ် အရောက်တွင် အပြီးသတ် တည်ဆောက်မည် ဟု ဆိုသောကြောင့် လည်း တရုတ်တို့ ပိုမို ဒေါသထွက် ခဲ့ကြခြင်း ဖြစ်သည်။

၁၉၈ဝ ပြည့်နှစ် နောက်ပိုင်းမှစ၍ အမေရိကန်တို့က THAAD ကို တရုတ်အတွက် ရည်ရွယ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခု တောင်ကိုရီးယား နိုင်ငံ ဆောင်းဂျူခရိုင် ၌ ထိုဒုံးခွင်းဒုံး စနစ်ကို ချထားမည် ဖြစ်သည်။ ဒေါ်လာသန်း ၈ဝဝ တန်ကြေးရှိသည့် ဒုံးခွင်းဒုံး စနစ်သည် တရုတ်ပိုင်နက် အထိ ရေဒါဖြန့်ကြက် နိုင်စွမ်း ရှိသောကြောင့် အာရှစစ်ရေး ဆိုင်ရာ ချိန်ခွင်လျှာ အတွက် တရုတ်တို့ စိုးရိမ်နေခြင်း ဖြစ်သည်။

ယခုအချိန်သည် တရုတ်တို့ အရှုံးနှင့်ချည်း ရင်ဆိုင် နေရချိန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်နေသော တရုတ်၊ ရှုံးမဲမဲ နေသော တရုတ် ဟု ခေါင်းစဉ်တပ် ရမည်ဖြစ်ပြီး သတိထား စောင့်ကြည့် ရမည့် အာရှ၏ ထိပ်ဆုံးနေရာကို ယူထားပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၃)

Thursday, March 24, 2016

လေတွင်ပျံသောယာဉ် ထဲတွင် အကြီးဆုံးအဖြစ် ဂရင်းနစ်စံချိန်တင်မည့် လေသင်္ဘောကြီးကို စမ်းသပ်ပျံသန်းမည်




လန်ဒန် ၊ ၂၄-၃-၂၀၁၆

ဝေဟင်တွင် ပျံသန်းနိုင်သည့် စက်တပ်ယာဉ်များ ထဲတွင် လေယာဉ်ပျံ၊ ရဟတ်ယာဉ်၊ အာကာသယာဉ် အစရှိသည်များ အားလုံးထက် ပို၍ကြီးသည့် အတွက် လေတွင်ပျံသော ယာဉ်များအနက် ကမ္ဘာ့ အကြီးဆုံးယာဉ် အဖြစ် ဂရင်းနစ် စံတော်ချိန် တင်မည့် လေသင်္ဘောကြီးကို မကြာမီ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းရန် အသင့်ဖြစ် နေကြောင်း သိရသည်။

အဆိုပါ လေသင်္ဘော ကြီးကို Airlander 10 ဟု အမည်ပေး ထားပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြောက်ပိုင်းရှိ လေယာဉ် ထုတ်လုပ်ရေး ရုံတွင် တပ်ဆင်နေခြင်း ဖြစ်ကြောင်း၊ Airlander 10 ကို ၂ဝ၁၂ ခုနှစ်က စမ်းသပ်ပျံသန်း ခဲ့ဖူးကြောင်း၊ ထိုစဉ်က အမေရိကန် စစ်ဖက်စီမံကိန်း ဖြစ်ပြီး ကာကွယ်ရေး အသုံးစရိတ် လျှော့ချရာ၌ Airlander 10 လည်း ပါဝင်ခဲ့ပြီး ဆက်လက် အသုံးပြုခွင့် မရရှိတော့ဘဲ ယခု ပြန်လည်ပြုပြင် မွမ်းမံပြီး ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းရန် စီစဉ်ဆောင် ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Airlander 10 ကို ပြုပြင် မွန်းမံရန် အမေရိကန် ဒေါ်လာ သုံးသန်း ထက်မနည်း အကုန်အကျ ခံထားရကြောင်း၊ သို့သော် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကိုလည်း တွဲဖက် အသုံးပြုနိုင်သည့် ဟိုက်ဘရစ်ယာဉ် အမျိုးအစား ဖြစ်သည့် အတွက် အရပ်ဘက် ဆိုင်ရာ ပျံသန်းမှုများကို ဈေးနှုန်း ချိုသာစွာဖြင့် ပြုလုပ်ပေး နိုင်မည် ဖြစ်ကြောင်း၊ အောင်မြင်မှု ရရှိသွားလျှင် လေကြောင်း သယ်ယူ ပို့ဆောင်ရေး ကိုလည်း အကြီးအကျယ် ပြောင်းလဲ စေနိုင်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

ကမ္ဘာ့သိပ္ပံ ပညာရှင်များ ပူးပေါင်းကာ လေကြောင်း သယ်ယူ ပို့ဆောင်ရေး ကို ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ဈေးနှုန်း သက်သာစေရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်း စေသည့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုနိုင် စေရေးတို့ကို ရည်ရွယ် ဆောင်ရွက်လျက် ရှိရာ Airlander 10 သည် ၄င်းတို့အတွက် ဂုဏ်ယူ ဝံ့ကြွားဖွယ် နည်းပညာ အောင်မြင်မှု တစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ လေကြောင်း သယ်ယူ ပို့ဆောင်ရေး နည်းပညာသစ် မွေးဖွားလာသည်ဟု ဆိုနိုင်မည် ဖြစ်ကြောင်း လေ့လာ စောင့်ကြည့် သူများက ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

Monday, May 20, 2013

ထိုင်းအစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားခြင်း


ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် ယင်း၏ အတွင်းရေးမှူးချုပ် Suranand Vejjajiva
၂၀-၅-၂၀၁၃

http://themyawadydaily.blogspot.com/2013/05/blog-post_2051.html

ထိုင်းနိုင်ငံရှိ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီ တပ်ဦးအဖွဲ့ _ UDD အမာခံ အဖွဲ့ဝင် Jatuporn Prompan ၊ ဖြူထိုင်းပါတီ အမှတ် Apiwan Wiriyachai နှင့် ချင်းမိုင် ပြည်နယ် အမတ်ဟောင်း Pakorn Buranapakorn တို့အား အစိုးရ အဖွဲ့တွင် ခန့်အပ် သွားမည်ဟူသော ကောလာဟလ သတင်းတစ်ရပ် ပျံ့နှံ့ ထွက်ပေါ်လျက် ရှိရာ ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ် ထရာ အနေဖြင့် ယခုအချိန်တွင် အစိုးရ အဖွဲ့ အပြောင်းအလဲ ပြုလုပ်သွားရန် ရည်ရွယ်ချက် မရှိသေးကြောင်း ၀န်ကြီးချုပ်၏ အတွင်းရေးမှူးချုပ် Suranand Vejjajiva က မေလ ၁၉ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ၃ ဦးသည် အစိုးရအဖွဲ့ ၀န်ကြီးများ ဖြစ်နိုင်သည့် ဗဟုသုတ နှင့် အရည်အချင်း ပြည့်စုံသူများ ဖြစ်သော်လည်း ၀န်ကြီးချုပ် အနေဖြင့် လက်ရှိ အချိန်တွင် အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ရေး မည်သည့် ရည်ရွယ်ချက် မျှ မရှိသေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ ၀န်ကြီးချုပ် ယင်လပ် သည် ချင်းမိုင်တွင် ပြုလုပ်သည့် အာရှ - ပစိဖိတ် ဒေသဆိုင်ရာ ရေထိပ်သီး အစည်းအဝေး မှ ဘန်ကောက်သို့ ပြန်လာပြီးနောက် အစည်းအဝေး တစ်ရပ် တက်ရောက်ရန် ဂျပန်နိုင်ငံ သို့ သွားရောက်မည် ဖြစ်ကြောင်း ၊ ၄င်းနောက် သီရိလင်္ကာ နိုင်ငံနှင့် မော်လဒိုက် နိုင်ငံတို့သို့ မသွားရောက်မီ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း လာရောက်မည့် ခရီးစဉ် အတွက် ပြင်ဆင် ရဦးမည် ဖြစ်ကြောင်း ၊ ထို့ကြောင့် မေလ သို့မဟုတ် ဇွန်လ အတွင်း အစိုးရ အဖွဲ့ အပြောင်းအလဲ ပြုလုပ်ရေး မှာ သေချာပေါက် ဖြစ်နိုင်မည် မဟုတ်သေးကြောင်း ၀န်ကြီးချုပ်၏ အတွင်းရေးမှူးချုပ် Suranand Vejjajiva က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Wednesday, May 8, 2013

The Myawady Daily: ရေမြှုပ်မိုင်း တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်ခန်းအတွ...

The Myawady Daily: ရေမြှုပ်မိုင်း တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်ခန်းအတွ...: ၈-၅-၂၀၁၃ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ရေတပ်ဖွဲ့ များသည် လာမည့် ရက်သတ္တပတ် အတွင်း စတင်မည့် ရေမြှုပ်မိုင်း ရှင်းလင်းရေး စစ်ရေး လေ့ကျင့်...

အင်ဒိုနီးရှားရှိ မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ပါဝင်ခဲ့သည့် ဗုံးပြုလုပ်သူ တစ်ဦးအား ရဲတပ်ဖွဲ့ရှာဖွေလျက်ရှိ



ဂျကာတာ ၊ ၇-၅-၂၀၁၃

အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ မှ အကြမ်းဖက် တန်ပြန် တိုက်ခိုက်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သော Densus 88 အဖွဲ့သည် ဂျကာတာမြို့ ရှိ မြန်မာ သံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှု တွင် ပါဝင် ပတ်သက် ခဲ့သည့် အသက် ၂၃ နှစ် အရွယ်ရှိ ပြည်တွင်းဖြစ် ဗုံးပြုလုပ်သူ အမျိုးသား တစ်ဦးကို ရှာဖွေလျက် ရှိကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ဂျကာတာမြို့ ရှိ မြန်မာသံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှုတွင် SI ဟု အမည်ဝှက် ပေးထားသည့် အဆိုပါ အမျိုးသားက အကူအညီ ပေးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာဖေးလ် အမာ က မေလ ၆ ရက်တွင် ပြောကြား ထားသည်။ SI သည် အသက် ၂၈ နှစ် အရွယ် ဆီဖာရီအာနို နှင့် အသက် ၂၉ နှစ် အရွယ် အက်ခ်ျမက်ဒ်တက်ဖစ် တို့ ၂ ဦးနှင့်အတူ မြန်မာ သံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ပြည်တွင်းဖြစ် ဗုံး ၅ လုံးကို ကြိုတင် ပြင်ဆင် ခဲ့သည်ဟု သိရသည်။

ထို့နောက် ဆီဖာ နှင့် တက်ဖစ် တို့ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ က မေလ ၂ ရက်တွင် ဖမ်းဆီးခဲ့ပြီး ပြည်တွင်းဖြစ် ဗုံး ၅ လုံး ထည့်ထားသော ကျောပိုးအိတ် တစ်လုံးကို Densus 88 အဖွဲ့က သိမ်းယူ ခဲ့ကြောင်း သိရသည်။ ၄င်းတို့ ၂ ဦးအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နေအိမ်အတွင်း ၀င်ရောက်၍ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ဖြစ်သည်ဟု ယူဆရသော ဓာတုပစ္စည်းများ ၊ ဘက်ထရီများ နှင့် အခြား လက်နက် ခဲယမ်း များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဗိုလ်မှူး ချုပ် ဘွိုင်းရာဖေးလ် က ပြောကြား ခဲ့သည်။

ထို့နောက် SI တည်ရှိမည့် နေရာကို သိရှိစေရန် ၄င်း၏ မိသားစုဝင် ၄ ဦးကို စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ဘွိုင်း က ဆက်လက် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Friday, April 26, 2013

ထိုင်းနိုင်ငံတောင်ပိုင်းရှိ သူပုန်များနှင့် ဆွေးနွေးမှု ပြုလုပ်ရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ပါဝင် ကူညီ ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံက ပြောကြားခြင်း


၂၆-၄-၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းရှိ သူပုန်များ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ် ရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ပါဝင် ကူညီ ဆောင်ရွက် ပေးရန် ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ (NSC) က ပြောကြား ခဲ့ကြောင်း ဧပြီလ ၂၅ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ် တွင် ပါဝင် ဆောင်ရွက် သင့်သည်ဟု NSC နှင့် သူပုန်တို့ မူအရ သဘော တူညီချက် ရရှိ ထားပြီး ဖြစ်ကြောင်း  ထိုင်းလုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြား ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ၏ သဘောထား နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ရန် NSC အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Paradorn က ထိုင်း ကိုယ်စားလှယ် အဖွဲ့အား စေလွှတ် ထားကြောင်း ၊ သို့ရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ယခုအချိန် အထိ သဘော တူညီခြင်း မရှိသေးကြောင်း နှင့် အင်ဒိုနီးရှား နိုင်ငံ ပါဝင်လာရန် အချိန် အနည်းငယ် ကြာမြင့် နိုင်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ သူပုန်များ အနေဖြင့် အင်ဒိုနီးရှား နိုင်ငံထံမှ ၄င်းတို့ အတွက် လေ့ကျင့် ပေးမှုများ လက်ခံ ရရှိမည်ဟု ယုံကြည် ထားသည့် အတွက် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အဆိုပါ ဆွေးနွေးပွဲ များတွင် ပါဝင် လာစေရေး နှင့် ပတ်သက်၍ စဉ်းစား ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ၄င်းတာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြား ခဲ့သည်ဟု သိရှိရသည်။

Wednesday, April 24, 2013

ဆော်ဒီအာရေးဗီးယား နိုင်ငံသည် တူရကီနိုင်ငံမှ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရန် စီစဉ်လျက်ရှိခြင်း



Altai Tanks
Anka UAV
၂၄-၄-၂၀၁၃

ဆော်ဒီ အာရေးဗီးယား နိုင်ငံသည် တူရကီနိုင်ငံ ထံမှ Anka မောင်းသူမဲ့ လေယာဉ် ( UAV ) များနှင့် Altai တင့်ကားများ ၀ယ်ယူသွားရန် စီစဉ်လျက် ရှိကြောင်း Sabah သတင်းစာ က ဧပြီလ ၂၂ ရက်နေ့တွင် ဖော်ပြ ခဲ့သည်ဟု သိရသည်။ အဆိုပါ တင့်ကားများ နှင့် မောင်းသူမဲ့ လေယာဉ်များ ၀ယ်ယူရေး အတွက် ဆော်ဒီ အာရေး ဗီးယား စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Huseyin Bin Abdellah AL Gobail သည် တူရကီနိုင်ငံ သို့ သွားရောက် လည်ပတ် ခဲ့ပြီး တူရကီ သမ္မတ အဗ္ဗဒူ လာဂေါ ၊ ၀န်ကြီးချုပ် ရီဆက်တေရစ် အာဒိုဂန် နှင့် တူရကီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Necdet Ozer တို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

Anka UAV သည် အစ္စရေး နိုင်ငံ၏ Heron UAV ထက် စွမ်းပကား ပိုမို သာလွန်ကြောင်း နှင့် Heron UAV သည် အလေးချိန် ၁၈၅ ကီလိုဂရမ် ဖြင့် အမြင့်ပေ ၃၀၀၀၀ အထိ ပျံသန်း နိုင်စွမ်းရှိပြီး Anka UAV မှာ အလေးချိန် ၂၀၀ ကီလိုဂရမ် အထိ သယ်ဆောင်လျက် အမြင့်ပေ ၃၀၀၀၀ အထိ ပျံသန်း နိုင်စွမ်း ရှိကြောင်း သိရသည်။ ထို့အပြင် ဆော်ဒီ အာရေးဗီးယား နိုင်ငံသည် တူရကီ နိုင်ငံထံမှ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ သံချပ်ကာ ယာဉ်များ ၀ယ်ယူ သွားရန်လည်း စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

Tuesday, April 23, 2013

မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများအား ဥရောပသမဂ္ဂ EU က အပြီးတိုင်ဖယ်ရှား



လန်ဒန် ၊ ၂၂-၄-၂၀၁၃

မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင် ကူးပြောင်းမှု အပေါ် တုံ့ပြန်သည့် အနေဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ၊ စီးပွားရေး နှင့် ပုဂ္ဂလိက တစ်ဦးချင်း အပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှု များအား နောက်ဆုံးတွင် လုံးဝ အပြီးတိုင် ဖယ်ရှား ပေးလိုက်ပြီ ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ဧပြီလ ၂၂ ရက်နေ့ ညတွင် ထုတ်ပြန် ကြေညာခဲ့သည်။ ပြီးခဲ့သော နှစ်က မြန်မာနိုင်ငံ အပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှု များအား ယာယီ အားဖြင့်သာ ဖြေလျော့ ပေးခဲ့ခြင်း ဖြစ်ပြီး ယခုအချိန် တွင် အပြီးတိုင် ဖယ်ရှား ပေးခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း လက်နက် တင်သွင်းမှု ကိုမူ ဖြေလျော့ ပေးခြင်း မရှိသေးကြောင်း ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံ အနေဖြင့် လူနည်းစု မွတ်စဆင် များနှင့် ပတ်သက်ပြီး သိသာ ထင်ရှားသော စိန်ခေါ်မှု များအား ရင်ဆိုင် နိုင်ရန် အတွက် ပြင်ဆင် ထားဖို့ လိုအပ်ကြောင်း ဥရောပ သမဂ္ဂ က သတိပေး ခဲ့သည်။

ယခုကဲ့သို့ EU အနေဖြင့် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု များ ဖယ်ရှား ပေးလိုက်ခြင်း သည် အချိန်စော လွန်းကြောင်း အာရှ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဖီလ်ရောဘတ်ဆန် က ပြောကြား ခဲ့သည်။

သို့သော် မြန်မာနိုင်ငံ ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များသည် သိသိသာသာ တိုးတက် လာခဲ့သော ကြောင့် ယာယီ အရေးယူ ပိတ်ဆို့ ထားမှုများအား အပြီးတိုင် ဖယ်ရှားပေးရန် အချိန် ကျရောက်ပြီ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျ့ဟေ့ဂ် က ပြောကြားခဲ့သည်။

Saturday, April 20, 2013

တရုတ်၌ H7N9 ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး ၊ ကူးစက်ခံရသူ ၈၇ ဦးရှိ



ပေကျင်း ၊ ၂၀-၄-၂၀၁၃

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ၊ ကျဲကျန်းပြည်နယ် ၊ ကျန်းစုပြည်နယ် နှင့် ဟေနန် ပြည်နယ် များတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ ၅ ဦး ထပ်မံ တိုးမြင့် လာခဲ့ကြောင့် အစိုးရက ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြား ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ တွင် ယခုအခါ H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရမှု ကြောင့် သေဆုံးသူ ဦးရေမှာ ၁၇ ဦးအထိ မြင့်တက် လာပြီး ရောဂါ ဝေဒနာ ခံစား နေရယူ ၈၇ ဦး ရှိကြောင်း အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင် က ထုတ်ဝေသည့် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ပြောကြား ခဲ့သည်။

အဆိုပါ H7N9 ရောဂါပိုး ကူးစက်ခံ ရသူများ အနက် ၆ ဦးသည် ဆေးဝါး ကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ပြီး ၆၄ ဦးသည် သတ်မှတ် ထားသော ဆေးရုံများတွင် ဆက်လက် ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ယင်းကော်မရှင် ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ လူသားများတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး တွေ့ရှိမှုမှာ ပြီးခဲ့သည့် လကုန်ပိုင်း က စတင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက တရားဝင် ပြောကြားကြောင်း သိရှိရသည်။

Friday, April 19, 2013

H7N9 ရောဂါပိုး ပထမဆုံး အကြိမ် ကူးစက်ခံရသူ ပေကျင်းမြို့မှ မိန်းကလေးငယ် ဆေးရုံမှ ဆင်းပြီ



ပေကျင်း ၊ ၁၈-၄-၂၀၁၃

တရုတ်နိုင်ငံမှ ယောင် အမည်ရှိ မိန်းကလေးငယ် တစ်ဦးသည် H7N9 ကြက်ငှက် တုတ်ကွေး ရောဂါပိုး ပထမဆုံး အကြိမ် ကူးစက် ခံရမှုကြောင့် ပေကျင်းမြို့ရှိ ပေကျင်း တီတန် ဆေးရုံတွင် တက်ရောက် ကုသခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်တွင် ၄င်းဆေးရုံမှ ဆင်း၍ သူမ၏ နေအိမ်တွင် အနားယူလျက် ရှိကြောင်း သိရသည်။

ယောင် သည် ဆေးရုံတွင် ၆ ရက်ကြာ ဆေးကုသမှု ခံယူပြီးနောက် သူမ၏ ကိုယ်အပူချိန်မှာ ပုံမှန် အနေအထား ပြန်ရောက်ခဲ့ပြီး အသက်ရှူနှုန်း နှင့် သွေးလည်ပတ်မှု မှာလည်း တိုးတက် ကောင်းမွန် ခဲ့သည်ဟု သိရသည်။ သူမသည် H7N9 ရောဂါပိုး ပထမဆုံး အကြိမ် ကူးစက် ခံရသော ပေကျင်းမြို့မှ ပထမဆုံး ကလေးငယ် အဖြစ် ဆရာဝန်များက ဧပြီလ ၁၃ ရက်တွင် အတည်ပြု ခဲ့သည်။ သူမ၏ မိဘများတွင် ပုံမှန် မဟုတ်သော လက္ခဏာများ တွေ့ရှိ ရခြင်း မရှိသည့် အတွက် သူမ၏ မိဘများ အား ကျန်းမာရေး ဌာနက စောင့်ကြည့် လေ့လာ နေခြင်းကို ဧပြီလ ၁၇ ရက်နေ့က အဆုံးသတ် ခဲ့ကြောင်း သိရှိရသည်။

Wednesday, April 10, 2013

H7N9 ရောဂါပိုးသည် လူတစ်ဦးမှ အခြားလူများထံသို့ ကူးစက်ခြင်း မရှိကြောင်း WHO ပြောကြား



၁၀-၄-၂၀၁၃

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသည့် ကြက်ငှက် တုပ်ကွေး ရောဂါပိုး တစ်မျိုး ဖြစ်သော H7N9 ရောဂါပိုး သည် လူတစ်ဦးမှ အခြား သူများထံသို့ ကူစက်နိုင်သည့် လက္ခဏာ မရှိကြောင်း တရုတ် အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင်က ကျင်းပသည့် အစည်းအဝေး တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO မှ ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဒေါက်တာ မိုက်ကယ် အိုလရီက ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံတွင် အဆိုပါ ရောဂါပိုး ကူးစက် ခံရသူပေါင်း ၂၁ ဦးအား တွေ့ရှိခဲ့ပြီး ၄င်းတို့မှာ ရှန်ဟိုင်းမြို့ နှင့် နိုင်ငံ အရှေ့ပိုင်းရှိ ပြည်နယ် ၃ ခုမှ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကူးစက်ခံ ရမှုကြောင့် ရှန်ဟိုင်း မှ ၄ ဦး နှင့် စီချွမ် ပြည်နယ်မှ ၂ ဦး သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ မိုက်ကယ် အိုလာရီ ၏ ပြောကြားချက် အရ တရုတ်နိုင်ငံ အရှေ့ပိုင်း၌ မြစ်အတွင်း တွေ့ရှိရသော ၀က်အသေကောင် များနှင့် H7N9 ရောဂါပိုး မှာ ဆက်စပ်လျက် ရှိပြီး အချို့သော လူများသို့ ကူးစက်သည့် H7N9 ရောဂါပိုး သည် ရှန်ဟိုင်းမြို့ ရှိ ဟူဟွိုင် ဈေးတွင် ရောင်းချနေသည့် ခိုငှက်များ တွင် တွေ့ရှိရသော ဗိုင်းရပ်စ်ပိုး နှင့် ဆက်စပ်လျက် ရှိကြောင်း တွေ့ရှိရသော ကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုး သည် တိရစ္ဆာန် များမှ တစ်ဆင့် လူသားများ သို့ ကူးစက်သည် ကို ညွှန်ပြလျက် ရှိပြီး စုံစမ်း စစ်ဆေးမှု များအား ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

Tuesday, April 9, 2013

ပိုင်နက်နယ်မြေ အငြင်းပွားနေမှု နှင့်ပတ်သက်၍ နိုင်ငံတကာ တရားရုံးချုပ်တွင် ပြုလုပ်မည့် ကြားနာစစ်ဆေးမှုသို့ ကမ္ဘောဒီးယား ကိုယ်စားလှယ် တက်ရောက်မည်



၉-၄-၂၀၁၃ (အင်္ဂါနေ့)

ပရဗီဟာ ဘုရားကျောင်း အရေးကိစ္စ နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ နှင့် အငြင်းပွား နေမှုအား နယ်သာလန် နိုင်ငံ Hague မြို့ရှိ နိုင်ငံတကာ တရားရုံးချုပ် ( ICJ ) တွင် ဧပြီလ ၉ ရက် ကနေ့တွင် ကြားနာ စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပြီး အဆိုပါ ကြားနာ စစ်ဆေးမှုသို့ ကမ္ဘောဒီးယား နိုင်ငံမှ တရားရေး ဆိုင်ရာ ကျွမ်းကျင်သူ နှင့် နယ်နိမိတ် ဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သည့် အလုပ် အမှုဆောင် အဖွဲ့တစ်ဖွဲ့ တက်ရောက်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Koy Kuong က ဧပြီလ ၈ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့အား ကမ္ဘောဒီးယား ဒုတိယ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး ဟော်နန်ဟောင် က ဦးဆောင်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြု စာရွက်စာတမ်း များ ၊ အငြင်းပွား နေသည့် ဒေသနှင့် သက်ဆိုင်သည့် မြေပုံများအား ICJ မှ ကြားနာ စစ်ဆေးစဉ် တင်ပြသွားရန် အတွက် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း Koy Kuong က ပြောကြား ခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အနေဖြင့် အငြင်းပွား နေသည့် ပိုင်နက်နယ်မြေ ဆိုင်ရာ လျှောက်လဲချက် များကို ICJ သို့ အသီးသီး တင်ပြ သွားရန် စီစဉ် ထားကြောင်း နှင့် ICJ အနေဖြင့် အဆိုပါ ပရဗီဟာ ဘုရားကျောင်း အနီး ၀န်းကျင်ရှိ အငြင်းပွား နေသော ပိုင်နက် နယ်မြေကို မည်သူ ပိုင်ဆိုင်သည် ဟူသော ဆုံးဖြတ်ချက်အား ယခုနှစ် နှောင်းပိုင်း တွင် ချမှတ် သွားနိုင်ဖွယ် ရှိသည်ဟု မျှော်မှန်း ရကြောင်း သိရှိရသည်။

ထိုင်းလေတပ်ဖွဲ့မှ Gripen တိုက်လေယာဉ်များသည် ၂၀၁၄ ခုနှစ်တွင် ပင်လယ်ဓားပြမှု တိုက်ဖျက်ရေး မစ်ရှင်တွင် ပါဝင် ဆောင်ရွက်မည်



၉-၄-၂၀၁၃

ထိုင်းလေတပ်ဖွဲ့သည် မလေးရှား ၊ အင်ဒိုနီးရှား နှင့် စင်ကာပူ နိုင်ငံ တပ်မတော်တို့ ၂၀၁၄ ခုနှစ်တွင် မလက္ကာ ရေလက်ကြား၌ ပြုလုပ်မည့် ပင်လယ် ဓားပြမှု တိုက်ဖျက်ရေး မစ်ရှင် Eyes in the Sky သို့ မိမိ၏ Gripen တိုက်လေယာဉ်များ စေလွှတ်၍ ပါဝင် ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်း နှင့် ထိုသို့ ပါဝင် ဆောင်ရွက်ရန် အတွက် အစိုးရ၏ ခွင့်ပြုချက် ရရှိရေး အဆိုပြု သွားမည် ဖြစ်ကြောင်း ထိုင်းလေတပ် ဦးစီးချုပ် လေတပ် ဗိုလ်ချုပ်ကြီး Prajian Jantong က ပြောကြား ခဲ့သည်ဟု ဧပြီလ ၈ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

ထိုင်းလေတပ်ဖွဲ့တွင် Gripen 39 C တိုက်လေယာဉ် ၉ စင်း ရှိကြောင်း နှင့် နောက်ထပ် ၃ စင်းကို သြဂုတ်လ နှောင်းပိုင်း သို့မဟုတ် စက်တင်ဘာလ အစောပိုင်းတွင် လက်ခံ ရရှိမည် ဖြစ်ကြောင်း လေတပ် ဗိုလ်ချုပ်ကြီး Prajian Jantong က ပြောကြား သည်။ အဆိုပါ တိုက်လေယာဉ် ၃ စင်းကို လက်ခံ ရရှိချိန်တွင် ထိုင်းလေတပ်ဖွဲ့ က ၄င်းတိုက်လေယာဉ် များ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း နှင့် လေတပ် အနေဖြင့် ဆောင်ရွက်လျက် ရှိသော ဆက်သွယ်ရေး ကွန်ရက်စနစ် Network Centric ကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ၄င်းက ပြောကြား ခဲ့သည်။ အဆိုပါ ကွန်ရက် စနစ်သည် Gripen 39 C တိုက်လေယာဉ် များ ၊ ထိုင်းရေတပ်ဖွဲ့ ရှိ HTMS Chakri Naruebet လေယာဉ်တင် သင်္ဘော ၊ HTMS Taksin နှင့် HTMS Naresuan ဖရီးဂိတ် စစ်သင်္ဘော များနှင့် ချိတ်ဆက် သွားမည် ဖြစ်သည့် အပြင် ထိုင်းစစ်ဘက် ဌာနချုပ်ရှိ ကွပ်ကဲမှု ၊ ထိန်းချုပ်မှု ၊ ဆက်သွယ်မှု ၊ ကွန်ပျူတာ နှင့် ထောက်လှမ်းရေး ( C4I ) စနစ်နှင့် ကြည်းတပ်ဖွဲ့ရှိ လေကြောင်းရန် ကာကွယ်ရေး စနစ်များ နှင့် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Monday, April 8, 2013

အိန္ဒိယနိုင်ငံ သည် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်စွမ်းရှိသည့် Agni II တာလတ်ပစ် ဒုံးပျံကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း




၈-၄-၂၀၁၃

အိန္ဒိယနိုင်ငံ သည် တာဝေး ကီလိုမီတာ ၂၀၀၀ ( ၁၂၄၃ မိုင်) ကျော်အထိ ပစ်ခတ် တိုက်ခိုက် နိုင်သော နျူကလီးယား ထိပ်ဖူး သယ်ဆောင် နိုင်စွမ်း ရှိသည့် မြေပြင်မှ မြေပြင်ပစ် တာလတ်ပစ် Agni II ဒုံးပျံကို ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်က သြရိဿ ကမ်းလွန် ၊ ၀ီလာကျွန်း ရှိ ဘက်စုံ စမ်းသပ်ရေး စခန်းမှ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း အိန္ဒိယ စစ်ဘက် တာဝန်ရှိ သူများက ပြောကြား ခဲ့သည်ဟု NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ Agni II တာလတ်ပစ် ပဲ့ထိန်းဒုံးပျံ ကို တပ်တော်သွင်း ခဲ့ပြီး ဖြစ်ကြောင်း နှင့် ယနေ့ ပြုလုပ်သည့် စမ်းသပ် ပစ်လွတ်မှု ကို ကာကွယ်ရေး ဆိုင်ရာ သုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ DRDO က ပံ့ပိုး ကူညီမှုဖြင့် ပြုလုပ်သော လေ့ကျင့်ခန်း တစ်ရပ် ၏ တစ်စိတ် တစ်ဒေသ အဖြစ် ကြည်းတပ်ရှိ မဟာဗျူဟာ တပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ် က ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ စစ်ဘက် တာဝန်ရှိသူ များက ပြောကြား ခဲ့သည်။ Agni II ဒုံးပျံသည် အလျား မီတာ ၂၀ ၊ အလေးချိန် ၁၇ တန် ရှိပြီး ကီလိုမီတာ ၁၀၀၀ အလေးချိန်ရှိ ထိပ်ဖူး တစ်ခုကို သယ်ဆောင်လျက် တာဝေး ကီလိုမီတာ ၂၀၀၀ (၁၂၄၃ မိုင်) အကွာအဝေး အထိ ပစ်လွှတ် တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း နှင့် Agni II အား နောက်ဆုံး အကြိမ် စမ်းသပ် ပစ်လွှတ်မှု ကို ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံသည် အာရှဒေသရှိ အမေရိကန် ဒုံးပျံကာကွယ်ရေး စနစ်များကို ဗုံးကြဲတိုက်ခိုက်သည့် သဏ္ဍာန်တူ စစ်ဆင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ခြင်း



၈-၄-၂၀၁၃

ရုရှားနိုင်ငံ၏ TU-22 M Backfire ဗုံးကြဲလေယာဉ် တစ်စင်းသည် ဖေဖော်ဝါရီလ အတွင်းက အာရှဒေသရှိ အမေရိကန် ဒုံးပျံ ကာကွယ်ရေး စနစ်များကို ခရုဇ်ဒုံးပျံ များဖြင့် တိုက်ခိုက်သည့် သဏ္ဍာန်တူ လေ့ကျင့်မှုများ ပြုလုပ် ခဲ့ကြောင်း အမေရိကန် တာဝန်ရှိ သူများက ပြောကြား ခဲ့သည်ဟု ဧပြီလ ၅ ရက်နေ့ NEWS now သတင်း တစ်ပုဒ် အရ သိရသည်။

အဆိုပါ TU-22 M Backfire ဗုံးကြဲ လေယာဉ်သည် အမေရိကန် ဒုံးပျံ ကာကွယ်ရေး အစီအစဉ် တစ်စိတ် တစ်ဒေသ အဖြစ် ဂျပန်နိုင်ငံ အနီးတွင် ဖြန့်ကြက် ချထားသော Aegis အတန်းအစား ဒုံးပျံ ကာကွယ်ရေး ဖျက်သင်္ဘော တစ်ဦးအား ဝေဟင်ပစ် ခရုဇ် ဒုံးပျံဖြင့် ပစ်ခတ် တိုက်ခိုက်သည့် သဏ္ဍာန်တူ လေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လည်းကောင်း ၊ ဂျပန်နိုင်ငံရှိ မြေပြင် အခြေစိုက် ဒုံးပျံ ကာကွယ်ရေး စနစ် တစ်ရပ်ကို တိုက်ခိုက်သည့် သဏ္ဍာန်တူ လေ့ကျင့်မှု တစ်ရပ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လည်းကောင်း အသီးသီး ပြုလုပ် လေ့ကျင့် ခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူ များက ပြောကြား ခဲ့သော်လည်း အသေးစိတ် ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။

အမေရိကန် သည် မြောက်ကိုရီးယား ၏ ဒုံးပျံ ပစ်လွှတ်မှု များကို စောင့်ကြည့်ရန် နှင့် ဒုံးပျံဖျက် သင်္ဘော များဆီသို့ သတင်း အချက်အလက် များ ပေးပို့ရန် ရည်ရွယ်ပြီး ဂျပန်နိုင်ငံ မြောက်ပိုင်းစွန်း ဒေသတွင် X-band ဒုံးပျံ ကာကွယ်ရေး ရေဒါတစ်ခု ဖြန့်ကြက် ချထား ခဲ့သည်။ ရုရှား နိုင်ငံ အနေဖြင့် ရေငုပ် သင်္ဘောများကို အဆင့်မြှင့်တင် ခြင်း နှင့် အမေရိကန် ဒုံးပျံ ကာကွယ်ရေး စနစ်များ နှင့် ပတ်သက်၍ သတင်း ထောက်လှမ်းရန် လျှို့ဝှက် သင်္ဘောတစ်စီး တည်ဆောက်ခြင်း တို့ဖြင့် ပစိဖိတ် ဒေသတွင် အင်အား တည်ဆောက်လျက် ရှိစဉ် အဆိုပါ သဏ္ဍာန်တူ လေ့ကျင့်မှု ပေါ်ပေါက်ခြင်း ဖြစ်သည်။ ရုရှား နိုင်ငံ အနေဖြင့် ဒေသတွင်းရှိ အမေရိကန် အခြေစိုက် စခန်းများ ၊ သို့မဟုတ် ဂျပန် အခြေစိုက် စခန်းများ ကို ၄င်း၏ ပဲ့ထိန်းဒုံးပျံ များဖြင့် တိုက်ခိုက်နိုင်ရေး ရည်ရွယ်၍ အဆိုပါ သဏ္ဍာန်တူ လေ့ကျင့်မှု ကို ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း အမေရိကန် တာဝန်ရှိ သူများက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံသည် ၄င်း၏ တိုက်ချင်းပစ် ဒုံးပျံအား စမ်းသပ် ပစ်လွှတ်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်း



၈-၄-၂၀၁၃

အမေရိကန် နိုင်ငံသည် လာမည့် ရက်သတ္တပတ် အတွင်း၌ Minuteman 3 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးပျံကို ကယ်လီဖိုးနီးယား ပြည်နယ်မှ စမ်းသပ် ပစ်လွှတ်ရေး အစီအစဉ်ကို ရွှေ့ဆိုင်း ခဲ့ကြောင်း ဧပြီလ ၇ ရက်နေ့ NEWS now သတင်းတစ်ပုဒ် အရ သိရသည်။

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အဆိုပါ ဒုံးပျံကို ကြားဖြတ် တိုက်ခိုက် နိုင်ဖွယ် ရှိမှုကြောင့် အဆိုပါ ဒုံးပျံ စမ်းသပ်ရေး အစီအစဉ်ကို မေလ အထိ ရွှေ့ဆိုင်း ခဲ့ကြောင်း အမေရိကန် စစ်ဘက် အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အမေရိကန် နိုင်ငံသည် အဆိုပါ ဒုံးပျံ စမ်းသပ်မှုကြောင့် တင်းမာမှုများ ပိုမို မြင့်မား လာဖွယ်ရှိမှု အခြေအနေ ကို ရှောင်းရှား လိုလျက် ရှိကြောင်းလည်း ၄င်းက ပြောကြား ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံပိုင် ဂူအမ်ကျွန်း ကို တိုက်ခိုက် နိုင်သည့် ဒုံးပျံ ၂ စင်းကို ဧပြီလ ၅ ရက်နေ့တွင် ဒုံးလွှတ်စင် ပေါ်သို့ ရွှေ့ပြောင်း တပ်ဆင် ခဲ့ကြောင်း ၊ မြောက်ကိုရီးယား ရှိ နိုင်ငံခြား သံရုံးများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး ကြိုတင် စီစဉ်ထားရန် အကြံပြု ထားကြောင်း နှင့် မြောက်ကိုရီးယား ကြည်းတပ် သည် အမေရိကန် နိုင်ငံကို နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ရေး အပါအ၀င် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေး ခွင့်ပြုချက် ရရှိထားကြောင်း သိရှိရသည်။

Thursday, April 4, 2013

ဖိလစ်ပိုင် နှင့် အမေရိကန် နိုင်ငံတို့အကြား ပြုလုပ်သည့် Balikatan 2013 သဘာဝဘေးဆိုင်ရာ ပူးတွဲ လေ့ကျင့်မှု




၎-၄-၂၀၁၃

ဖိလစ်ပိုင် နှင့် အမေရိကန် နိုင်ငံတို့ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ဒေသတွင် ဧပြီလ ၅ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ရက်သတ္တ ၂ ပတ်ကြာ ပြုလုပ်မည့် Balikatan 2013 ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွင် စစ်သုံး လေယာဉ် အစင်း ၃၀ နှင့် စစ်သင်္ဘော ၃ စီးတို့ ပါဝင် လေ့ကျင့် သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Arnulfo Burgos က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ ပါဝင်မည့် စစ်သုံးလေယာဉ် အစင်း ၃၀ အနက် ၂၀ စင်းမှာ အမေရိကန် မှဖြစ်ပြီး ၄င်းတို့ အနေဖြင့် လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်မည့် ဖိလစ်ပိုင် နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၈၀၀၀ ကျော်ကို ထောက်ပံ့ ကူညီ ပေးသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး Burgos က ပြောကြား ခဲ့သည်။ အဆိုပါ လေယာဉ် များသည် ဖိလစ်ပိုင် နှင့် အမေရိကန် တပ်ဖွဲ့ဝင် များ၏ လူသားချင်း စာနာ ထောက်ထားမှု နှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး ဆိုင်ရာ ပူးတွဲ လေ့ကျင့်ခန်း များကို အထောက်အကူ ပေးသည့် အနေဖြင့် ပါဝင် လေ့ကျင့် သွားမည် ဖြစ်ကြောင်း နှင့် ဖိလစ်ပိုင် နှင့် အမေရိကန် တပ်ဖွဲ့ဝင်များ အတွက် လေကြောင်း ဆိုင်ရာ အုပ်ချုပ် ထောက်ပံ့မှု များကို ပံ့ပိုး သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား သွားသည်။ ယခုနှစ် ပြုလုပ်မည့် Balikatan 2013 စစ်ရေး လေ့ကျင့်ခန်း ကို သဘာဝ ဘေးများ ကိုယ်တွယ် ဖြေရှင်းရေး ကဏ္ဍရပ် အပေါ် အဓိကထား လေ့ကျင့်ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Saturday, March 30, 2013

အိန္ဒိယမှာ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ ဥပဒေပြဋ္ဌာန်းသူတွေကို မင်းသမီးချော အက်ရှ်ဝါရာရိုင်း တောင်းဆို


ဘောလီးဝုဒ် မင်းသမီးချော အက်ရှ်ဝါရာရိုင်း
၃၀-၃-၂၀၁၃

အိန္ဒိယ ရုပ်ရှင်မင်းသမီးချော အက်ရှ်ဝါရာရိုင်း က သူမတို့ နိုင်ငံ အတွင်းမှာ ကြောက်မက်ဖွယ် ဗလက္ကာရ ပြုကျင့်မှုတွေ ဖြစ်ပွားခဲ့ အပြီး ဥပဒေ ပြဋ္ဌာန်း သူတွေ အနေနဲ့ အဲဒီလို ဖြစ်ရက်တွေ ဖြစ်လာခဲ့ရင် ချက်ချင်း အရေးယူဖို့ ၊ အမျိုးသမီး ထုအပေါ် ကာကွယ်မှု ပေးဖို့ တောင်းဆို လိုက်ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ လကျော်က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူ တစ်ဦးကို ယမကာ ယစ်မူးနေတဲ့ လူတစ်စုက ဗလက္ကာရ ပြုကျင့်ပြီး ရက်ရက် စက်စက် သေစေခဲ့မှုနဲ့ ပတ်သက်လို့ ဟိုးလေးတကျော် ဖြစ်နေ ခဲ့ပါတယ်။ ယခင် မယ်ကမ္ဘာဟောင်း လည်းဖြစ်သူ ဘောလီဝုဒ် သရုပ်ဆောင် မင်းသမီး အက်ရှ်ဝါရာရိုင်း က ဥပဒေ ပြဋ္ဌာန်းသူ တွေအနေနဲ့ အမျိုးသမီး တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုသူတွေ အပေါ် အလွန် တင်းကျပ်တဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။

" အဲဒီလို ဆိုးသွမ်း စော်ကားသူ တွေအပေါ် ပြတ်သားတဲ့ ဥပဒေတွေ ရှိထား သင့်ပါတယ် ၊ သူတို့ကို ချက်ချင်း အပြစ်ပေး အရေးယူ ရပါမယ် ၊ ဒါမှ လူ့ အဖွဲ့အစည်း ထဲမှာ ကျွန်မတို့ တစ်တွေ အပြောင်းအလဲ ကိုမြင်ရမှာပါ .. " လို့ နယူးဒေလီ မှာ ပြုလုပ်တဲ့ ဆုပေးပွဲ အခမ်းအနား တစ်ရပ်မှာ အက်ရှ်ဝါရာရိုင်း က ပြောကြား သွားခဲ့ ပါတယ်။ သူမက ယခုလိုမျိုး ပြောကြားမှု တွေအတွက် ထိတ်လန့် ကြောက်ရွံ့မှု မရှိကြောင်း ၊ ပြောကြားဖို့ အတွက် ချီတုံ ချတုံ ဖြစ်နေမှာလည်း မဟုတ်ကြောင်း ရဲရဲဝံ့ဝံ့ ဆိုသွား ခဲ့ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger