www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဥပဒေဆိုင်ရာ. Show all posts
Showing posts with label ဥပဒေဆိုင်ရာ. Show all posts

Wednesday, March 1, 2017

တရားစီရင်ရေးကျင့်ဝတ် ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ



နေပြည်တော် ၊ ၁-၃-၂၀၁၇

ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် ဒိန်းမတ်နိုင်ငံသံရုံး အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ အဖွဲ့ (International Commission of Jurists-ICJ) ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme-UNDP) တို့ပူးပေါင်း ၍ တရားစီရင်ရေး ကျင့်ဝတ် ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဆိုင်ရာ တတိယအကြိမ် အဆင့်မြင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော် Horizon Lake View Resort ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စု တရားသူကြီးချုပ် က တရားစီရင်ရေး ဆိုင်ရာ ကျင့်ဝတ် အနေဖြင့် နိုင်ငံတကာ စံနှုန်းများ၊ တရားစီရင်ရေး ဆိုင်ရာ ဘန်ဂလော အခြေခံမူများတွင် ပါရှိသည့် အချက်များနှင့် ကိုက်ညီပြီး အကျိုး သက်ရောက်မှု ရှိစေရန်နှင့် တရားသူကြီးများ၊ တရားရေး အရာရှိများက လေးစား လိုက်နာရန် လိုအပ်ကြောင်း၊ ယခု ဆွေးနွေးပွဲတွင် တရားစီရင်ရေး ဆိုင်ရာ ကျင့်ဝတ်အပေါ် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက် ကျင့်ဝတ်တွင် ပါဝင်သင့်သည့် အရေးပါသော အချက်များကို ချမှတ်ဆောင်ရွက် နိုင်ရန်နှင့် တရားစီရင်ရေး ကဏ္ဍ တစ်ရပ်လုံး အတွက် ပထမဆုံးဖြစ်ပြီး ပြည့်စုံ ကောင်းမွန်သည့် တရားစီရင်ရေး ဆိုင်ရာ ကျင့်ဝတ် ထုတ်ပြန် နိုင်ရန်အတွက် ဆွေးနွေး ဆောင်ရွက်သွား ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr.Peter Lysholt Hansen နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Country Director Mr.Peter Bachelor တို့က အမှာစကား အသီးသီး ပြောကြား ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရား လွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး နှင့် ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် ဒိန်းမတ်နိုင်ငံ သံရုံးမှ သံအရာရှိများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် များအဖွဲ့ (ICJ) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့မှ ပညာရှင်များ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Tuesday, February 7, 2017

ကျွန်းသစ်နှင့် သစ်မာပင်များကို ပြည်သူများလွတ်လပ်စွာ တရားဝင်သုံးစွဲခွင့် ရရှိရေး ဥပဒေများကို ပြင်ဆင်ဆောင်ရွက်သွားမည်




နေပြည်တော် ၊ ၇-၂-၂၀၁၇

ကျွန်းနှင့်သစ်မာသစ် များကို ပြည်သူများ လွတ်လပ်စွာ တရားဝင် သုံးစွဲခွင့်ရရှိရေး အတွက် ဥပဒေများကို ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

မြန်မာ့ကျွန်းသစ် များသည် ကမ္ဘာပေါ်ရှိ အရည်အသွေး အကောင်းဆုံး ကျွန်သစ်များတွင် ပါဝင်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အလောင်းမင်းတရား လက်ထက် ၁၇၅၁ ခုနှစ်မှစတင်၍ ကျွန်းပင်နှင့် ကျွန်းသစ်များကို တော်ဝင်သစ် (Royal Tree) အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီးအဆိုပါ သတ်မှတ်ချက် မှာ လက်ရှိအချိန် ကာလထိ ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ပြည်သူများ အနေဖြင့် ကျွန်းပင်အောက်တွင် ရှိနေသော်လည်း ကျွန်းသစ်များကို အသုံးပြုရန် အတွက် အကန့်အသတ်များ ရှိနေသည်။ ပြည်သူများ အနေဖြင့် မြန်မာ့ကျွန်းသစ် များကို လွတ်လပ်စွာ အသုံးပြုနိုင်ရေး အတွက်အဆိုပါ ဥပဒေကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်သည်။

အဆိုပါဥပဒေကို ပြင်ဆင် ဆောင်ရွက်ပြီးပါက ပြည်သူများ အနေဖြင့် ကျွန်းသစ်များကို လွတ်လပ်စွာ အသုံးပြုနိုင် ကြမည်ဖြစ်သည်။ လက်ရှိတွင် ပြည်သူများ အနေဖြင့် ကျွန်းနှင့်သစ်မာ များကို တရားဝင် သုံးစွဲခွင့်ရရှိ စေရန် အတွက် လေလံတင်ရောင်းချ ပေးနေ သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တစ်ဆင့်လွှဲပြောင်း ရောင်းချပေးလျက် ရှိသည်။

ထို့ပြင်ပြည်သူများက ကျွန်းသစ်များကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ရရှိလာစေရန် ဥပဒေပြင်ဆင်ရန် အတွက်ကိုလည်း သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် သစ်ထုတ်လုပ်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်နားထား ခဲ့ပြီး ပဲခူးရိုးမ ဒေသကို ၁ဝ နှစ်ထိ သစ်ထုတ်လုပ်မှု ရပ်နားထားခဲ့ သော်လည်း လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ် ခြင်းကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် တောထွက် ပမာဏ သတ်မှတ်ချက် ဘောင်အတွင်း လျှော့ချထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

Tuesday, November 22, 2016

ငယ်စဉ်ကပင် ဤမျှခါးနေလျှင်


ငယ်စဉ်ကပင် ဤမျှခါးနေလျှင်

ရှေ့နေ ဦးဝင်းကြည် (စဥ့်ကိုင်)

နေ့စဉ်ထုတ် သတင်းစာများနှင့် အပတ်စဉ်ထုတ် ဂျာနယ်တို့တွင် လည်းကောင်း၊ Facebook လူမှုကွန်ရက် စာမျက်နှာတွင် လည်းကောင်း အမြဲမြင်တွေ့ ဖတ်ရှုနေရသည့် သတင်းကား သက်ငယ်မုဒိမ်းမှု ဖြစ်သည် သက်ငယ် မုဒိမ်းမှု ကျူးလွန်ခြင်း အမျိုးမျိုးရှိသည်။ အသက် ငယ်ရွယ်သည့် ယောက်ျားလေးက အသက်အရွယ် အပိုင်းအခြား မရှိ အမျိုးသမီးများကို ကျူးလွန်ခြင်း၊ အသက် ငယ်ရွယ်သော မိန်းကလေး များကို အသက်အရွယ် အပိုင်းအခြား မရှိသော အမျိုးသားများက ကျူးလွန်ခြင်း၊ အသက်ငယ်ရွယ်သူ ယောက်ျားလေးက အသက်ငယ်ရွယ် သူ မိန်းကလေးကို အဓမ္မကာမ ရယူ ကျူးလွန်ခြင်းနှင့် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ကြောင်း၊ ကျူးလွန်သူကို ဖမ်းဆီးရမိသော သတင်း၊ ကျူးလွန်သူကို ဖမ်းဆီးရမိရေး အတွက် စုံစမ်းရှာဖွေနေသော သတင်းများကို ဝမ်းနည်းဖွယ်ရာ ဖတ်ရှုနေရသည်။

အသက် ငယ်ရွယ်သော မိန်းကလေးများကို အသက်အရွယ် အပိုင်းအခြား မရှိသော အမျိုးသားများ ကျူးလွန်သည့် မုဒိမ်းမှုများကို နောင်ကြဉ်ဟန့်တား စေသည့် ပြစ်ဒဏ်များ ချမှတ်သင့်သည်။ အသက် ငယ်ရွယ်သည့် ယောက်ျားလေးက ပြစ်မှုကျူးလွန်ခြင်း တို့ကို နောင်ကြဉ်ဟန့်တား စေသည့် အပြစ်ဒဏ် ချမှတ်ရန်မှာ ဥပဒေအရ အခက်အခဲများ ရှိသည်။ ထိုအခက်အခဲ ကား အခြားမဟုတ် ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေနှင့် ကလေးသူငယ် နည်းဥပဒေကြောင့် ဖြစ်သည်။

၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေနှင့် ကလေးသူငယ် နည်းဥပဒေ မပြဋ္ဌာန်းမီက ၁၉၅၅ ခုနှစ် ကလေးသူငယ်များ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ ကလေးသူငယ်များ ပြစ်မှုကျူးလွန် ပါက ကလေးသူငယ် အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်း (ကလေးထောင်) စသည်တို့တွင် ထိန်းသိမ်း စောင့်ရှောက်၍ စာရိတ္တကို ပြုပြင်ပေး ခဲ့သည်။ ပြစ်မှုကျူးလွန် ခဲ့ဖူးသော ကလေးသူငယ် သည် နိုင်ငံတော် အတွက် သားကောင်း ရတနာများ ဖြစ်ခဲ့ဖူးကြောင်း လေ့လာသိရှိ ခဲ့ရသည်။

သို့သော် ၁၉၈၈ ခုနှစ် နှောင်းပိုင်း ကာလတွင် မြန်မာနိုင်ငံ၌ ကလေးသူငယ် များ၏ လူ့အခွင့်အရေးကို အလေးထား တောင်းဆို ဆောင်ရွက် ခဲ့သောကြောင့် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ် ဥပဒေနှင့် ကလေးသူငယ် နည်းဥပဒေ များကို ပြဋ္ဌာန်းခဲ့သည်။ ထို ကလေးသူငယ် ဥပဒေများ ပြဋ္ဌာန်းပြီးသည့် နောက်ပိုင်း ကာလတွင် ပြစ်မှု ကျူးလွန်သော အသက် ၁၆ နှစ် မပြည့်သေးသည့် ကလေးသူငယ် များကို သေဒဏ် ကျခံနိုင်သည့် ပြစ်မှု၊ တစ်သက် တစ်ကျွန်းဒဏ် ကျခံနိုင်သည့် ပြစ်မှုကို ကျူးလွန်ပြီး အကျင့်စာရိတ္တ လွန်ကဲစွာ ပျက်စီးနေ သဖြင့် မည်သည့်နည်း နှင့်မျှ ထိန်းသိမ်း၍ မရနိုင်သည့် ကလေးသူငယ် ဖြစ်မှသာ ခုနစ်နှစ် ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ကလေးသူငယ် ကျူးလွန်သော ပြစ်မှုသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စာရိတ္တ ပျက်ပြားခြင်း မရှိသေးလျှင် နောက်ထပ်ပြစ်မှု ကျူးလွန်ခြင်းကို ဟန့်တားနိုင်ရန် သုံးနှစ်ထက် မပိုသော ကာလအတွင်း ခံဝန်ချုပ်ပါ စည်းကမ်းအတိုင်း ကောင်းမွန်စွာ နေထိုင်ကျင့်ကြံ စေရေးအတွက် မိဘ အုပ်ထိန်းသူကို ခံဝန်ချုပ် ချုပ်ဆိုစေပြီး ပြန်လည်အပ်နှံ နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် အကျင့်စာရိတ္တ ပျက်ပြားနေလျှင် အနည်းဆုံး နှစ်နှစ် ဖြစ်စေ၊ အသက် ၁၈ နှစ်ပြည့်သည့် နေ့ထိ ဖြစ်စေ သင်တန်းကျောင်း တစ်ခုခုသို့ ပို့အပ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။

အထူးအားဖြင့် ကလေးသူငယ် ယောက်ျားလေး များသည် အသက်အရွယ် အပိုင်းအခြား မရှိ အမျိုးသမီး များကို မုဒိမ်းမှု ကျူးလွန်ရခြင်း နှင့် ခိုးဆိုးလုယက်၊ လူသတ်မှု ဖြစ်ရသည့် အကြောင်းရင်း များကိုလည်း လေ့လာဆန်းစစ် မိသည်။ ထိုသို့ ဖြစ်ရသည်မှာ အဓိကအားဖြင့် စာပေ သင်ကြားမှု နည်းပါးခြင်း၊ အသိပညာ ခေါင်းပါးခြင်း၊ လူ့ယဉ်ကျေးမှု နှင့် ကိုယ်ကျင့်တရား ပျက်ပြားခြင်း၊ အမိအဖ ဆရာသမား များ၏ သွန်သင် ဆုံးမခြင်းကို နာခံမှု နည်းပါးခြင်း၊ ဘာသာတရား အသိ နည်းပါးခြင်း၊ မူးယစ် စေတတ်သော ဘီယာ၊ အရက် များကို သောက်ခြင်း၊ စိတ်ကြွ ဆေးများ မှီဝဲခြင်း၊ ကိလေသာပိုင်း ဆိုင်ရာ ဆေးဝါးများ ပေါများခြင်း စသည်တို့အပြင် လူမှုကွန်ရက် Facebook မှလည်းကောင်း၊ ပတ်ဝန်းကျင်မှ မကောင်းမှု အကျင့်ဆိုးများကို အတုယူခြင်း တို့ကြောင့်လည်း ကောင်း အသက် ငယ်ရွယ်သည့် ကလေးငယ် များသည် အတုမြင် အတတ်သင်ကာ ဒုစရိုက်မှုများ ကျူးလွန်ခြင်း နှင့် လိင်မှုဆိုင်ရာ ကိစ္စရပ်များ အတုယူမှား သောကြောင့် ရာဇဝတ်မှု၊ မုဒိမ်းမှုများ ကျူးလွန်ကြောင်း ဆန်းစစ်တွေ့ရှိ ရသည်။

ထိုသို့ အသက်ငယ်ရွယ်သူ ကလေးများ ဒုစရိုက်မှုများ ကျူးလွန် နေသဖြင့် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး တွင် ရင်လေးဖွယ်ရာ ဖြစ်သည်။ ငယ်စဉ် မူလတန်း ကျောင်းသားဘဝ က သင်ကြားခဲ့ ဖူးသော မြန်မာဖတ်စာမှ မင်းသားနှင့် တမာရွက် ဇာတ်လမ်းလေး ကို သတိရ တွေးမြင်မိသည်။

တစ်ခါက ဘုရင်ကြီးတစ်ပါး တွင် သားတော်လေး တစ်ပါးရှိသည်။ သားတော်လေး သည် ခက်ထန်ကြမ်းတမ်း သည့် စရိုက်ရှိသည်။ သားတော်ကို လိမ်မာယဉ်ကျေး စေရန်အလို့ငှာ ဆရာရသေ့ တစ်ပါးထံ အပ်နှံ၍ ပညာသင်ကြား စေသည်။ ဆရာရသေ့ ကလည်း မင်းသား၏ အမျက်ဒေါသ မာန်မာန ချိုးနှိမ်ရန်အတွက် မင်းသားကို ခေါ်၍ ဥယျာဉ်တော်သို့ သွားလေသည်။ တစ်နေရာသို့ ရောက်သောအခါ အရွက်သုံးရွက် မျှသာ ရှိသေးသော တမာပင်ကို မြင်လျှင် ''အသင်မင်းသား ဤအရွက်ကို ခူး၍ ဝါးပါလေ'' ဟု စေခိုင်းသည်။ မင်းသားသည် သစ်ရွက်နှစ်ရွက်ကို ခူး၍ ဝါးကာ ထွီခနဲထွေးပစ်ပြီး တမာပင်ငယ်ကို ဆွဲနုတ်ပြီး ချိုးခြေလိုက်သည်။ ဆရာရသေ့ က ''အဘယ်ကြောင့် ဆွဲနုတ်ပြီး ချိုးခြေရသလဲ'' ဟုမေးမြန်းရာ ''အရှင် ဆရာရသေ့ ဤအပင်သည် ငယ်စဉ်ကာလ ကပင် ဤမျှခါးနေလျှင် ဤအပင် ကြီးလာပါက အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း'' ဟု ဖြေလေသည်။ ဆရာရှင်ရသေ့ က ''အသင် မင်းသားသည် အသက် ငယ်ရွယ်စဉ်ကပင် ဤမျှရက်စက် ကြမ်းကြုတ် နေပါက ကြီးလာလျှင် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း'' ဟု သွန်သင်ဆုံးမ သဖြင့် လိမ္မာယဉ်ကျေး သွားသည်။

ယနေ့ကာလတွင် အသက် ငယ်ရွယ်သော ယောက်ျားလေး များသည် ဒုစရိုက်ပြစ်မှု များနှင့် မုဒိမ်းမှုများ ကျူးလွန် နေပါလျှင် အရွယ်ရောက် လာပါက အဘယ်ဆိုဖွယ်ရာ ရှိတော့မည်နည်း။

အသက် ငယ်ရွယ်သော မိန်းကလေး များအား မတော်မတရား မုဒိမ်းအကျင့်ခံ ရခြင်း အကြောင်းရင်းကို ဆန်းစစ်လျှင် မိဘဆွေမျိုး အသိုင်းအဝိုင်း များ၏ အုပ်ထိန်းမှု အားနည်းချက် တစ်ခုလည်း ပါဝင်သည်။ ပတ်ဝန်းကျင် ကောင်းလည်း လိုအပ်လှသည်။ လူသူ အသွားအလာ ပြတ်သောနေရာ ဒေသများသို့ အသက် ငယ်ရွယ်သူ မိန်းကလေး များကို အစောင့်အရှောက် မပါဘဲ တစ်ဦးတည်း စေလွှတ်ခြင်းများ မပြုလုပ်အပ်ပေ။ ထို့ပြင် မိန်းကလေးငယ် များကို အခြား တစ်ပါးသော ယောက်ျားလေး များက ခေါ်လျှင် မလိုက်ကြရန် နှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော ဒုစရိုက်မှု များကို နားလည် သဘောပေါက် သည်ထိ ရှင်းလင်းပြသ လမ်းညွှန် သင့်သည်။

 ယနေ့ကာလ ခေတ်စားနေသော အသက်ငယ်ရွယ်သည့် ယောက်ျားလေးများ ရာဇဝတ်ပြစ်မှုများ ကျူးလွန် နေခြင်းသည် အသိပညာ၊ အတတ်ပညာ နည်းပါးခြင်း၊ ကိုယ်ကျင့်တရား ထိန်းသိမ်းမှု နည်းပါးခြင်း၊ ယဉ်ကျေးလိမ္မာ အသိတရား နည်းပါးခြင်း၊ မူးယစ်စေသော သေရည်သေရက် သောက်စားခြင်း၊ စိတ်ကြွဆေးဝါး သုံးစွဲခြင်း၊ လူမှုကွန်ရက် င်္Facebook မှ ကာမရာဂနှင့် စပ်ဆိုင်သည့် ဆေးဝါးများ ကြော်ငြာခြင်း၊ ပတ်ဝန်းကျင် ကောင်းများ နည်းပါးခြင်း၊ အတုမြင် အတတ်သင်ကာ လက်တွေ့စမ်းသပ် လုပ်ကိုင်လိုခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရပေသည်။ ထိုကဲ့သို့ မဖြစ်စေရန် အတွက် မိဘများ၊ ဆွေမျိုး သားချင်းများ၊ အပေါင်းအသင်း များက သွန်သင်ဆုံးမ ရပေမည်။

ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ်လာကြမည့် အနာဂတ်၏ သားကောင်း သမီးကောင်း များသည် အသက်ငယ်ရွယ် စဉ်ကပင် ရာဇဝတ်ပြစ်မှု၊ ဒုစရိုက်မှုများ ကျူးလွန်နေပါက အသက်အရွယ် ကြီးလာသည့် အခါ အတင့်ရဲကာ ရာဇဝတ်မှုများ ပိုမိုကျူးလွန် နိုင်သည်ကို သတိပြုအပ် ပေသည်။ ရာဇဝတ်မှုခင်း ကျူးလွန်မှု များပြားလာလျှင် နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာရေး နှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိပါးလာပေမည်။ တရားဥပဒေ စိုးမိုးမှုလည်း ကင်းမဲ့ လာမည်ဖြစ်သည်။

သို့ပါသောကြောင့် ''လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ'' တို့အပြင် ဆွေမျိုး ပတ်ဝန်းကျင် အပေါင်းတို့က ကလေးသူငယ် များကို စာရိတ္တ မြင့်မားရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် မလိုလား အပ်သော ဘေးအန္တရာယ် များကို ကြိုတင်ကာကွယ် တားဆီးမှု များ ပြုလုပ်ပေးပါလျှင် ကလေးသူငယ်များ ရာဇဝတ်မှု ကျူးလွန်ခြင်းကို ကာကွယ်တားဆီး ပေးနိုင်မည် ဖြစ်ကြောင်းနှင့် တိုင်းကားပြည်ရွာ အေးချမ်းသာယာ ဖွံ့ဖြိုးစေမည် ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၈)

Monday, September 19, 2016

ပြည်တွင်း၌ ဒရုန်းအသုံးပြုမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက် ကို ၂၀၁၇ ခုနှစ်တွင် ထွက်နိုင်ရန်စီစဉ်



ရန်ကုန် ၊ ၁၉-၉-၂၀၁၆

မြန်မာနိုင်ငံ အတွင်း မောင်းသူမဲ့ လေယာဉ်၊ ရဟတ်ယာဉ် များကို အလေးချိန်နှင့် စွမ်းဆောင်မှု  အပေါ်မူတည်၍ ခွဲခြား သတ်မှတ်ပြီး စနစ်တကျ မှတ်ပုံတင်ခြင်း၊ စီးပွားရေး လုပ်ငန်း အသုံးပြုခွင့် လက်မှတ် ထုတ်ပေးခြင်း နှင့် မြေပြင်မှ ထိန်းချုပ် မောင်းနှင်သူ များကို စိစစ်ခြင်း စသည့် ဒရုန်း အသုံးပြုမှု ဆိုင်ရာ အမိန့် ထုတ်ပြန်ချက်ကို ၂ဝ၁၇ ခုနှစ်တွင် ထွက်ရှိနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဖြိုးအောင် ကျော်အေး ထံမှ သိရသည်။

''အပြည်ပြည် ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် (ICAO) ရဲ့ သတ်မှတ် စံနှုန်းတွေ နဲ့အညီ ဆောင်ရွက်ဖို့ ကျန်ရှိနေသေး တာကြောင့် လာမယ့်နှစ်မှာ ထွက်ရှိနိုင်ဖို့ ခန့်မှန်း ထားပါတယ်။ လက်ရှိပြုစ ထားတဲ့ ဒရုန်း အသုံးပြုမှုဆိုင်ရာ မူကြမ်းကို နိုင်ငံတကာမှာ ရှိတဲ့ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေ ကိုအခြေခံပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုရှိအောင် ကဏ္ဍအလိုက် ရေးဆွဲပြုစု ထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန တွေကနေ သဘောထားတွေ တောင်းခံထားပြီး ဖြစ်တယ်'' ဟု ဦးဖြိုးအောင်ကျော်အေး ကပြောသည်။

အဆိုပါ ဒရုန်း အသုံးပြုမှု ဆိုင်ရာ Advisory Circular (AC) မူကြမ်းတွင် အများပြည်သူ လုံခြုံ ဘေးကင်းမှုကို အထူး အလေးထား ရေးဆွဲပြီး မှတ်ပုံတင်ခြင်း အပါအဝင် ဒရုန်းအသုံးပြုမှု ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များကိုလည်း ထည့်သွင်း ရေးဆွဲထားသည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းသုံး ဒရုန်းများ အတွက် ခွင့်ပြုချက် နှစ်မျိုးဖြင့် လုပ်ကိုင်ခွင့်ပြု သွားမည်ဖြစ်ပြီး ကောက်ခံမည့် နှုန်းထား များကိုလည်း ဌာနမှ ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, September 13, 2016

ကျောက်မျက်ဥပဒေပါ တားမြစ်ချက်များမှာ တစ်နိုင်တပိုင်လုပ်ကိုင် နေသည့် ရေမဆေး ရှာဖွေသူများအတွက် အခက်အခဲဖြစ်စေ


ရန်ကုန် ၊ ၁၃-၉-၂၀၁၆

ကျောက်မျက်ဥပဒေ ပါ တားမြစ်ချက် များသည် တစ်နိုင်တပိုင် လုပ်ကိုင်နေသည့် ရေမဆေး ရှာဖွေသော ဒေသခံများနှင့် ရပ်ဝေးမှ ရေမဆေး ရှာဖွေသူ ပြည်သူများအတွက် အခက်အခဲ တစ်ခု ဖြစ်နေခြင်း ကြောင့် ဥပဒေပါ ပုဒ်မ တစ်ချို့ကို ပြန်လည် ပြင်ဆင်ပေးရန် ပြည်သူ့လွှတ်တော်၊ ပြည့်သူရေးရာ စီမံခန့်ခွဲမှု ကော်မတီ ထံ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး၊ ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး ထံမှ သိရသည်။

ဖားကန့်မြို့နယ် နှင့် လုံးခင်းကျေးရွာ အုပ်စုတို့တွင် မြန်မာ့ကျောက်မျက် ဥပဒေပုဒ်မ (၄၁) အရ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းကို ခွင့်ပြုချက် မရဘဲ လုပ်ကိုင်ခြင်းနှင့် ကျောက်မျက် ရတနာ အရိုင်းတုံးများကို ခွင့်ပြုချက် မရဘဲ ရှာဖွေခြင်း၊ လက်ဝယ် ထားရှိခြင်းများ မပြုလုပ်ရန် စက်တင်ဘာ ပထမပတ် အတွင်းက သတိပေး ကြေငြာထားပြီး ကျုးလွန်ပါက မြန်မာ့ ကျောက်မျက် ရတနာဥပဒေ၊ အခန်း(၁၃)၊ ပုဒ်မ(၄၁) အရ ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများ ဆုံးခုနှစ်နှစ်အထိ ချမှတ်ခံရမည် အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း ပါရှိသည်။

“ဖားကန်မှာ တစ်နိုင်ငံလုံးက လူတွေ လာရောက် အခြေချကြတာ။ ဆိုင်းဘုတ်တွေကို လုံးခင်းက ကျောက်စိမ်း တူးဖော်ရေးရုံး နဲ့ ဖားကန့်က အထွေထွေ အုပ်ချုပ်ရေးမှူးရုံး နားမှာ ထောင်ထားတယ်။ ပြစ်ဒဏ်တွေကို ရေမဆေး သမား တွေလည်း စိုးရိမ် နေကြတယ်။ ဖားကန့်ဆိုတာ ကျောက်စိမ်း ထွက်တဲ့ နေရာပဲ။ ဒီနေရာမှာ ကျောက်စိမ်း မတူးရဆိုတော့ ဒေသခံတွေက ဘာအလုပ်လုပ် စားကြမလဲ။ လူတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာနဲ့ အတူတူပဲ လေ။ ဥပဒေနဲ့ မကိုက်ညီ တာမို့ မဖြစ်သင့်ဘူး။ ဒေသခံတွေ ကလည်း စိုးရိမ် နေကြတယ်။” ဟု ဦးတင့်စိုး က ပြောသည်။ 

“ပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့လေ။ ကျွန်တော့် မဲဆန္ဒနယ်လည်း ဟုတ်တယ်။ ကျောက်မျက် ဥပဒေကို ပြင်လိုက်မယ် ဆိုရင် ဒီကိစ္စက ပြေလည်သွားမှာ။ လုပ်ငန်းရှင်တွေ ရေးဆွဲတာ။ ဥပဒေရဲ့အခန်း ၁၃၊ ပုဒ် မ ၄၁ နဲ့  ၄၂ ကို ပြင်ဆင်ရမှာ။ အရင်အစိုးရ လက်ထက်က လုပ်ငန်းရှင်တွေ စိတ်ကြိုက်ရေးဆွဲ သွားတာ။ ဒီ ဥပဒေ ကိုပြင်ဆင်ဖို့ ကော်မတီ အစည်းအဝေးမှာ တင်ပြသွားမယ်။” ဟု ဦးတင့်စိုးက ပြောသည်။ 

ဥပဒေပါ တားမြစ်ချက် များသည်  ဖားကန့်မြို့နယ် အတွင်းရှိ ဒေသခံများအပြင် တစ်နိုင်တပိုင် ရေမဆေးကျောက် ရှာဖွေသူများက အဆိုပါကိစ္စကို ဖြေရှင်းပေးရန် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်း ရေးမှူး ဦးတင့်စိုး ထံ တင်ပြထားကြောင်း ရေမဆေးကျောက် ရှာဖွေသူများထံမှ သိရသည်။

“တစ်မြို့နယ်လုံးပဲ ဒါပဲရှာဖွေ စားတာကိုး။ ကျောက်ကျောပေါ်တဲ့ နေရာတွေ ဝင်တူးနေကြတာ။ သူတို့လုပ်ကွက် ထဲမှာပေါ့ဗျာ (ကျောက်စိမ်း ကုမ္မဏီတွေ)။ သူတို့နားထားတော့ သူတို့လုပ်ကွက်ထဲ ဝင်တူးနေကြတာ။ ရေမဆေး သမားတွေ ဝင်ပြီးရှာဖွေ နေကြတာ။ သူများ လုပ်ကွက်ထဲ လိုက်မဖောက်နဲ့ အေးအေးဆေးဆေး သူတို့ ပစ်တဲ့မြေ စာပုံမှာ လိုက်ရှာကြလို့ ဖြောင်းဖြပေးရ တာပေါ့။ တကယ်လို့ ပြဿနာတက်မှ တရားဥပဒေ လမ်းကြောင်းအတိုင်း လုပ်လာရင် မဖြစ်ရအောင် ဖြောင်းဖြပေး ရတာပေါ။”ဟု ဖားကန့်မြို့နယ်၊ လုံးခင်ကျေးရွာ အုပ်စုမှ ရပ်ကျေး ဥက္ကဌ ဦးလောဝ်ခန် က ပြောသည်။ လက်ရှိအချိန်၌ ရေမဆေးကျောက် ရှာဖွေသူများ၏ အရေအတွက်ကို သတ်မှတ်နိုင်ခြင်း မရှိသော်လည်း သတ်မှတ်ထားသည့် ဥပဒေအတွင်းမှ ဆောင်ရွက်ရန်နှင့် စိုးရိမ်မှုများကို ဖြောင်းဖြပေးသည့် နည်းလမ်းများ ဖြင့်သာ ဖြေရှင်းပေး နေရကြောင်းလည်း သိရသည်။

မြ၀တီနေ့စဉ်

Thursday, October 22, 2015

ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် ဥပဒေ ထပ်မံထွက်ပေါ်ရန် လိုအပ်


ရန်ကုန် ၊ ၂၂-၁၀-၂၀၁၅

မြန်မာနိုင်ငံ၌ သတင်း အချက်အလက် နှင့် နည်းပညာ အသုံးပြုမှု များပြား လာသည် နှင့်အမျှ ဆိုက်ဘာ ရာဇဝတ်မှုများ ဖြစ်ပေါ် လာပါက အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ဆိုက်ဘာ လုံခြုံရေးနှင့် ပတ်သက်သည့် ဥပဒေထပ်မံ ပေါ်ထွက်လာရန် လိုအပ်ကြောင်း သတင်း အချက်အလက် နှင့် နည်းပညာ ကဏ္ဍ ဆောင်ရွက်နေသူ တချို့က အကြံပြု ပြောသည်။

တစ်ကမ္ဘာလုံး၌ အင်တာနက် အသုံးပြုမှုကို စီးပွားရေး၊ ကျန်းမာရေး ၊ နည်းပညာ စသည့် သတင်း အချက်အလက် များတွင် အသုံးပြု လာသည်မှာ ကောင်းမွန်မှု ရှိသော်လည်း မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပေါ်လာပါကအသုံးပြုသူများ လိုက်နာရမည့် အချက်များ ရှိကြောင်း၊ ဥပဒေ အပိုင်းတွင် နိုင်ငံတိုင်း၌ အရေးယူ နိုင်သည့် ဥပဒေ ရှိရန်လိုအပ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် သင့်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင် က ပြောသည်။

နည်းပညာ အသုံးပြုသူ ပိုမိုများပြား လာခြင်းကြောင့် ဆိုက်ဘာ မှုခင်းများ ဖြစ်ပေါ် လာခဲ့လျှင် ဖြေရှင်းနိုင်ရန်၊ နည်းပညာ အရ တားဆီးရေး ဖြစ်ပေါ် လာခဲ့လျှင် တားဆီး စစ်ဆေး အရေးယူ နိုင်သည့် ဥပဒေများ ဖြစ်ပေါ်လာရန် ဆောင်ရွက်သွား ရမည် ဖြစ်သည်။

လက်ရှိတွင် မိုဘိုင်းလ်ဖုန်းများ၊ ကွန်ပျူတာ များ၌သာ အချက်အလက် သိမ်းဆည်း ရုံတင်မကဘဲ အွန်လိုင်း၌ပါ သိမ်းဆည်း လာကြသည့် အတွက် သတင်း အချက်အလက်နှင့် ပတ်သက်သည့် ပြဿနာများ ပေါ်ပေါက်လာ ပါက ဖြေရှင်းနိုင်ရန် အတွက် လက်ရှိဥပဒေ အပြင် သီးခြား ဥပဒေ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း သိရသည်။

''ဆိုက်ဘာ လုံခြုံရေးနှင့် ပတ်သက်၍ သုံးစွဲသူများ အကြား အသိပညာများ ကျယ်ပြန့်စွာ သိရှိနိုင်စေရန် လိုအပ်ကြောင်း၊ သုံးစွဲသူများ အနေဖြင့် သတင်း အချက်အလက် လုံခြုံမှု အတွက် နည်းပညာပိုင်း အားနည်းမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ကြောင့် ဆိုက်ဘာ လုံခြုံရေး နည်းပညာရှင်များ အဖြစ် အသက်မွေး နိုင်ရန်နှင့် မျိုးဆက်သစ် လူငယ်များ ပါဝင်လာ စေရန် ဆိုက်ဘာ လုံခြုံရေး နည်းပညာနှင့် သက်ဆိုင်သည့် ပြိုင်ပွဲများ ပြုလုပ်ပေးလျက် ရှိကြောင်း၊မြန်မာနိုင်ငံ၏ လက်ရှိ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု ပမာဏ သည်လည်း လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းကျော် သုံးစွဲလျက်ရှိပြီး အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေနှစ်ရပ် ဖြစ်သည့် Electronic Transition Law ကို ၂ဝဝ၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကာ ဆက်သွယ်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

#Themyawadydaily

Friday, February 27, 2015

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် က အကြံပြုချက်များ ပေးပို့


နေပြည်တော် ၊ ၂၇-၂-၂၀၁၅

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ သာသနာရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်က ၂ဝ-၂-၂ဝ၁၅ ရက်တွင် အကြံပြုချက်များ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
.
ယင်း အကြံပြုချက် များတွင် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၌ 
.
  • အခန်း(၁၃) ပုဒ်မ ၆၈ (ခ)အား ပယ်ဖျက်ထား ခြင်းနှင့် ပတ်သက်၍ မူလ အမျိုးသား ပညာရေးဥပဒေ အခန်း(၁၃) ပုဒ်မ ၆၈(ခ)တွင် ပါရှိသည့် ပြည်တွင်းရှိ လူမှုရေး၊ ဘာသာရေး၊ အသင်းအဖွဲ့ များက ပုဒ်မ ၃၄ ပုဒ်မခွဲ (ဈ)တွင် အကျုံးဝင်သော ကျောင်းများကို ဖွင့်လှစ်လိုလျှင် ဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ ဆောင်ရွက်ရမည် ဟူသည့် အချက်ကို ပယ်ဖျက်လိုက်ပါက ဘာသာရေး ကျောင်းများသည် အထိန်းအကွပ်မဲ့ သွားနိုင်သဖြင့် ပယ်ဖျက်ခြင်း မပြုဘဲ မူလအတိုင်း ထားရှိသင့် ပါကြောင်း အကြံပြုထားသည်။
.
  • ထို့ပြင် ပြင်ဆင်သည့် ဥပဒေကြမ်း အခန်း(၁)ပုဒ်မ-၂(ဟ) တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီကို ပြင်ဆင်ထည့်သွင်း ထားခြင်းနှင့် ပတ်သက်၍ မူလ အမျိုးသား ပညာရေး ဥပဒေတွင်လည်း အခန်း(၁) ပုဒ်မ ၂ (ဟ) ကျောင်း အကျိုးဆောင်အဖွဲ့ ဟုပါရှိရာ ထိုတက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီနှင့် ကျောင်း အကျိုးဆောင် အဖွဲ့တို့သည် သဘောတရားချင်း အတူတူပင် ဖြစ်၍ လည်းကောင်း၊ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ အနေဖြင့် ကျောင်းသား/ ဆရာ သမဂ္ဂများ မရှိသဖြင့် လည်းကောင်း ယခင်အတိုင်း ကျောင်း အကျိုးဆောင် အဖွဲ့ ဟုသာ ပြင်ဆင် ဖြည့်စွက်ခြင်း မပြုဘဲ မူလအတိုင်း ထားရှိသင့်ကြောင်း၊
.
  • ဥပဒေကြမ်း အခန်း(၄) အပိုဒ်(င)တွင် ပါရှိသော သင်ကြားရေးတွင် ဘာသာစကား သုံးမျိုးစနစ် ဖြစ်သော မိခင် ဘာသာစကား၊ မြန်မာ ဘာသာစကား၊ အင်္ဂလိပ် ဘာသာစကား တို့ကို အသုံးပြု သင်ကြားမည် ဆိုရာ၌ အပိုဒ်ခွဲ(ခခ) တွင် မိခင် ဘာသာစကား ကို ဦးစွာ ရွေးချယ်ပြီး ပါက မြန်မာစာ နှင့် အင်္ဂလိပ်စာ ကို ဒုတိယ ဘာသာစကား အဖြစ် လေ့လာနည်းများ အသုံးပြုပြီး ကျန် ဘာသာရပ် များကို မိခင် ဘာသာစကား အဖြစ် သင်ကြား သင်ယူခွင့် ရှိသည်ဟု ဖော်ပြခြင်းသည် အမျိုးသားရေး အတွက် အထူး သတိပြုရန် ဖြစ်သည့်အပြင် အခု အချိန်ကာလ၌ ဘာသာရေး အယူသီးမှု၊ လွှမ်းမိုးမှု များကို အားပေးသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ 
.
  • ထို့အပြင် အပိုဒ်ခွဲ(ကက) မှ (ဃဃ) အထိကိုသာ ဥပဒေအဖြစ် ပြဋ္ဌာန်း လိုက်ပါက မိခင် ဘာသာစကား ဟု ပြဋ္ဌာန်းပြီး ဖြစ်၍ တရုတ်လူမျိုး၊ ဘင်္ဂါလီလူမျိုး များအနေဖြင့် ၄င်းတို့၏ မိခင် ဘာသာစကား နှင့်ပင် ပညာ သင်ကြားရန် သဘော သက်ရောက် သွားမည်ဖြစ်ကာ အလွန် အန္တရာယ် ကြီးမားသော ဘာသာရေး၊ ပညာရေး နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ် လာစေနိုင် သဖြင့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အခန်း(၄) အပိုဒ် (င)၌ ပါရှိသော အပိုဒ်ခွဲ (ကက) မှ (ဃဃ) အထိကို အသစ် ဖြည့်စွက်ခြင်း မပြုဘဲ ပယ်ဖျက်သင့် ပါကြောင်းဖြင့် ဖော်ပြထားသည်။
.
  • ဆက်လက်၍ ဥပဒေကြမ်း အခန်း(၆) ပုဒ်မ ၃၄ (ည) အခြား ဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်း များဟု အသစ်ဖြည့်စွက် ထားခြင်းသည် ကျောင်းသား မဟုတ်သူတို့ က ကျောင်းသား များအား ကိုယ်စားပြုထား သယောင် သံသယမျိုး ဖြစ်နိုင်သဖြင့် အသစ် ဖြည့်စွက်ခြင်း မပြုဘဲ ပယ်ဖျက်သင့် ပါကြောင်း၊
.
  • အခန်း (၉) ပုဒ်မ ၅၂ တွင်ပါရှိသော ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များသည် ဆရာများ၏ အရည်အသွေး မြင့်မားစေရေး နှင့် နိုင်ငံတကာ အတွေ့အကြုံ ရှိစေရေးတို့ အတွက် စီမံ ဆောင်ရွက်ပေး ရမည် ဟူသည့် အဆိုပြုချက်ကို ပယ်ဖျက် ထားခြင်းနှင့် ပတ်သက်၍ ယင်း အဆိုပြုချက်သည် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် အနေဖြင့် အစဉ်တစိုက် ကျင့်သုံး ဆောင်ရွက် သွားရမည့် ကိစ္စဖြစ်၍ လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ အဖွဲ့နှင့် သာသနာရေး ဝန်ကြီးဌာန တို့၏ ပံ့ပိုး ကူညီမှုဖြင့် လည်းကောင်း အစဉ်တစိုက် ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ ပယ်ဖျက်ခြင်း မပြုဘဲ မူလ အမျိုးသား ပညာရေး ဥပဒေအခန်း (၉) ပုဒ်မ ၅၂ အတိုင်းသာ ထားရှိသင့် ပါကြောင်းဖြင့် အကြံပြုထားသည်။
.
  • ထို့ပြင် ပြင်ဆင်သည့် ဥပဒေကြမ်း တွင် အခန်း(၁၁) ပုဒ်မ ၅၇ အား ပယ်ဖျက်ထားခြင်း နှင့် ပတ်သက်၍ မူလ အမျိုးသား ပညာရေး ဥပဒေအခန်း (၁၁) ပုဒ်မ ၅၇ (ခ)တွင် ပါရှိသော ထူးခြားသော လုပ်ငန်း သဘာဝအရ အစိုးရအဖွဲ့၏ သီးခြား ခွင့်ပြုချက်ဖြင့် သာသနာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့က ထူထောင် ဖွင့်လှစ်ထားသည့် အဆင့်မြင့် ပညာကျောင်း များမှအပ ကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများ အားလုံးသည် အဆင့်မြင့် ပညာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ နှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ရမည် ဟူသည့် အချက်သည် ဝန်ကြီးဌာန အသီးသီး အောက်ရှိ တက္ကသိုလ်များ သင်ကြားရေးနှင့် စီမံခန့်ခွဲရေး ကိစ္စတို့ ဆောင်ရွက်ရန် အဆင်ပြေ ချောမွေ့မှု ရှိသဖြင့် ပယ်ဖျက်ခြင်း မပြုဘဲ မူလအတိုင်း ထားရှိသင့် ပါကြောင်း 
.
စသည်ဖြင့် အကြံပြု ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Thursday, February 26, 2015

အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ၊ တက္ကသိုလ် သင်ကြားရေးအဖွဲ့က အကြံပြုချက်များ ပေးပို့


နေပြည်တော် ၊ ၂၆-၂-၂၀၁၅

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ဖော်ပြခဲ့မှု အပေါ် ပြည်သူအချို့ က စိတ်ပါဝင်စားစွာဖြင့် သုံးသပ် အကြံပြုချက် သတင်း ဆောင်းပါးများ ပေးပို့ကြသည့် နည်းတူ ဝေဖန် အကြံပြုချက် များကိုလည်း လွှတ်တော်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့လျက် ရှိကြသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အကြံပြုချက် သဘောထား ပေးပို့သကဲ့သို့ ယင်းနေ့တွင်ပင် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ တက္ကသိုလ်ပညာ သင်ကြားရေးအဖွဲ့ ကလည်း ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်၊ သုံးသပ်ချက် များကို ရေးသားပြုစု ပေးပို့ ခဲ့သည်။

ထို အကြံပြုစာ တွင် ၁၉-၂-၂ဝ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသော အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပါ ပြင်ဆင် ဖြည့်စွက်သည့် ပြဋ္ဌာန်းချက် များနှင့် တည်ဆဲ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပါ ပြဋ္ဌာန်းချက်များ နှိုင်းယှဉ်ဇယား အား ၂ဝ-၂-၂ဝ၁၅ ရက်နှင့် ၂၁-၂-၂ဝ၁၅ ရက်တို့တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်း သိမ်ဓမ္မာရုံ၌ ဤ တက္ကသိုလ်မှ သင်ကြား/စီမံ ဆရာတော် ၆၇ ပါးတို့က အသေးစိတ် လေ့လာဖတ်ရှု၍ ဆွေးနွေးခဲ့ကြ ပါကြောင်း၊ ထိုသို့ ဝိုင်းဝန်းလေ့လာ ဆွေးနွေးခဲ့ကြ ပြီးနောက် အမျိုးသားပညာရေး ဥပဒေ(၂) မျိုးပါ ပြဋ္ဌာန်းချက် များနှင့် ပတ်သက်၍ အကြံပြုချက်များ၊ သုံးသပ်ချက် များကို ရေးသားပြုစု ပေးပို့ပါကြောင်း ဖော်ပြ ထားသည်။

နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ တက္ကသိုလ်ပညာ သင်ကြားရေး အဖွဲ့၏ အကြံပြုစာတွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း 

  • အခန်း(၃) ပုဒ်မ(၄) ပုဒ်မခွဲ(ခ) ပညာရေး လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ကျောင်းများ၊ ဆရာများ၊ ကျောင်းသားများ၊ သင်ရိုးညွှန်းတမ်းများ၊ ဘာသာစကားများ၊ အတွေးအခေါ် များနှင့် ဒေသဆိုင်ရာများ အားလုံးတွင် လွတ်လပ်မှုများ ဖော်ဆောင်လွန်းလျှင် စည်းကမ်းမဲ့ လွန်းသည့် လမ်းကြောင်းကို ဦးတည် နေခြင်းကြောင့် ပယ်ဖျက် သင့်ကြောင်း၊ 

  • အခန်း(၄) ပုဒ်မ(က) ပုဒ်မခွဲ(စစ) ဆရာ၊ ဆရာမ များအပေါ် ကျောင်းသူ၊ ကျောင်းသားများ၏ အကဲဖြတ်မှု များနှင့် ပတ်သက်၍ ဆရာများကို တပည့်များက အကဲဖြတ် စနစ်သည် မိဘကို သားသမီး က ဆရာပြန်လုပ်သလို ဖြစ်ခြင်းမှာ တပည့်(ရဟန်း) များမှ ဆရာ (ရဟန်း)ကို ပြန်လည် အကဲဖြတ်ခြင်း သည် မြန်မာ့ယဉ်ကျေးမှု နှင့် မကိုက်ညီခြင်း တို့ကြောင့် ပယ်ဖျက်သင့်ကြောင်း၊ 

  • ပုဒ်မ(ခ) ပုဒ်မခွဲ (ဃဃ) ပါ ဆရာ၊ ဆရာမ များသည် နိုင်ငံ့ဝန်ထမ်း  ဥပဒေပုဒ်မ(၁ဝ) ပုဒ်မခွဲ(ဆ)အရ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဖြစ်ခြင်းဆိုသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေကို လိုက်နာရမည် ဖြစ်ခြင်း နှင့် ပါတီများသို့ ဝင်ရောက်ပါက ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာပြီး သင်ကြား အုပ်ချုပ်မှု များတွင် ဆိုးကျိုးများ များစွာ ပေါ်ပေါက် လာနိုင်ခြင်း ကြောင့် ပယ်ဖျက်သင့်ကြောင်း၊ အလားတူ 

  • ပုဒ်မ (င) ပုဒ်မခွဲ (ကက)၊ (ခခ)၊ (ဂဂ)၊ (ဃဃ) တို့အား ပယ်ဖျက်သင့်ပြီး မိခင် ဘာသာစကားကို ကျောင်းအလိုက် ရွေးချယ် အသုံးပြုခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ အားလုံးနှင့် မွတ်စလင်၊ တရုတ် စသည့် ဘာသာခြားများ အားလုံးမှ အသီးသီး မွေးဖွားလာသော ကျောင်းသားများအား ရှေးဦးကလေး ပညာရေးကဏ္ဍ တွင် မိခင်ဘာသာ စကားအား သင်ကြားပေးမည့် ပြဋ္ဌာန်းချက်သည် အကောင်အထည် ဖော်ရန် အတားအဆီးများ ရှိပြီး မည်သို့မျှ ဆောင်ရွက်ရန် မဖြစ်နိုင်ခြင်း၊ ကျောင်းအလိုက် မိခင် ဘာသာစကားကို ရွေးချယ် အသုံးပြု သင်ကြားမည် ဆိုပါက အနာဂတ် တွင် မြန်မာစာပေ မှေးမှိန် လာနိုင်ခြင်း၊ ဘာသာခြား တို့၏ စာပေများ ပို့ချမှုမှ တစ်ဆင့် ဘာသာရေး စည်းရုံးမှု၊ မှိုင်းတိုက်မှုများ ပေါ်ပေါက် လာနိုင်ခြင်း၊ ဗုဒ္ဓဘာသာ ယုံကြည် သက်ဝင်မှု လျော့ပါး အားနည်း လာနိုင်ခြင်း၊ အင်္ဂလိပ် စာပေကို အလေးထား မသင်ကြားပါက အနာဂတ် လူငယ်များသည် ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ရန် ခက်ခဲ အားနည်းချက်များ ရှိလာနိုင်ခြင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲပျက်စီး လာနိုင်ခြင်း တို့ကြောင့် ပယ်ဖျက်သင့်ခြင်း ဖြစ်ကြောင်းဖြင့် အကြံပြုထားသည်။

  • ထို့အပြင် ပုဒ်မ ၁၆ ပုဒ်မခွဲ (ဃ) နှင့် (င)တို့နှင့် ပတ်သက်၍ ကျက်သင့် ကျက်ထိုက် သည်များကို ကျက်မှတ် ရသည်မှာ သဘာဝပင် ဖြစ်ကြောင်း၊ မြန်မာ့ ပညာရေးတွင် သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ဟူသော ပညာသင်နည်း ရှစ်ချက်တွင် အလွတ်ကျက် ရခြင်းသည်လည်း အချက်တစ်ချက် အနေဖြင့် ပါဝင်ကြောင်း၊ သို့ဖြစ်၍ အလွတ်ကျက် သင့်သည်များကို အလွတ်ကျက် ရမည် ဖြစ်ကြောင်း၊ အလွတ်ကျက်ဖြေ စနစ်ကို ဖျက်သိမ်း လိုက်ခြင်းဖြင့် မိမိ တို့နိုင်ငံတွင် ကမ္ဘာပေါ်မှာ ရက်အရှည်ကြာ ဆုံးစာမေးပွဲ (သုံးဆယ်ရက်) တစ်ခုဖြစ်သော တိပိဋက ရွေးချယ်ရေး စာမေးပွဲသည် အာဂုံပြန် အလွတ် ကျက် ရသည့် စာမေးပွဲ ဖြစ်သည့်အတွက် ဖျက်သိမ်းလိုက်ရ ပါက ဗုဒ္ဓဘာသာ အဓွန့်ရှည် တည်တံ့ခိုင်မြဲ ဖို့ ကြီးစွာသော အဟန့်အတား အန္တရာယ်ကြီး ဖြစ်လာနိုင်ခြင်း၊ ဘာသာ သာသနာကို တဖြည်းဖြည်း ချင်း ဖျက်ဆီးရာ ရောက်စေခြင်း၊ လောကီ ပညာရေး အပိုင်းတွင် လူမှုဘဝများ၊ ဘဝအတွက် တစ်သက်တာ သိမှတ်ဖွယ်ရာများ၊ အင်္ဂလိပ်စာ ဝေါဟာရများကို အလွယ် မကျက်မှတ် ထားပါက အနာဂတ် လူငယ်များသည် ကိုယ်ရည် ကိုယ်သွေး၊ အဆင့်အတန်း နိမ့်ပါးသော သူများသာ ဖြစ်လာနိုင်ခြင်း၊ စာမေးပွဲ စနစ်လည်း ပါဝင်ရမည်၊ လုပ်ဆောင်ချက်၊ စာတမ်း တင်ပြမှု၊ သုတေသန လေ့လာမှုလည်း ပါဝင်ရမည်၊ ၄င်းတို့ကို အချိုးကျ အမှတ်ခွဲဝေသည့် စနစ်ကို ကျင့်သုံးသင့်ခြင်း တို့ကြောင့် ပြင်ဆင်သင့် ပါကြောင်း အကြံပြု ထားသည်။

  • အလားတူ အခန်း(၆) ပုဒ်မ (၃၄) ပုဒ်မခွဲ (ည)မှာ ဘာသာခြား တို့၏ ပညာရေး၊ ဘာသာစကားများ ပူးကပ် ဝင်ရောက်နှောင့်ယှက်ဖျက်ဆီး ခွင့်ကို ခွင့်ပြုထား သကဲ့သို့ ဖြစ်ခြင်း၊ ဌာန အသီးသီးတွင် ရုံးသုံး မြန်မာစာပေ စကားကို ကွယ်ပျောက်အောင် ပြုမူ ဆောင်ရွက်သော အသွင်အပြင် ဖြစ်နေခြင်း၊ အစွန်းရောက်ဝါဒီ တို့ကို အားပေး အားမြှောက်ရာ ရောက်နေခြင်း၊ အခြား အခြားသော ဘာသာစကား စာပေ ယဉ်ကျေးမှုများ ထွန်းကားအောင် အားပေးရာ ရောက်ခြင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ရတက် မအေးစရာ များ မြင်တွေ့ နေရခြင်း၊ ကျောချမ်းစရာများ ဖြစ်နေခြင်း တို့ကြောင့် လုံးဝ ပယ်ဖျက် သင့်ကြောင်း ဖော်ပြ ပါရှိသည်။

  • ထို့ပြင် အမျိုးသားပညာရေး ဥပဒေ အခန်း(၁၁) ပုဒ်မ (၅၇) ပုဒ်မခွဲ (ခ) ကို ထည့်သွင်းရမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် နိုင်ငံ၏ ရေမြေ သဘာဝ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ယဉ်ကျေးမှု စနစ်များအရ ဘ/ကကျောင်းများ၊ ပရိယတ္တိ တက္ကသိုလ်များ၊ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ၊ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးသည့် ကျောင်းများနှင့် တက္ကသိုလ် ကောလိပ်များကို ဗုဒ္ဓသာသနာ အဓွန့်ရှည် တည်တံ့ ပြန့်ပွားရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဖြစ်မနေ ဖွင့်လှစ် သင်ကြားပို့ချ ရခြင်းကြောင့် ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

ဆက်လက်၍ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်ပညာ သင်ကြားရေး အဖွဲ့က သုံးသပ်ချက် အနေဖြင့် မိမိတို့၏ အဖွဲ့အစည်းကို ဦးစားပေး ရှေ့တန်း တင်သည့် ဥပဒေမျိုးနှင့် အာဃာတကို ရှေ့တန်းတင်ပြီး ရေးဆွဲထားသည့် ဥပဒေမျိုး မဖြစ်သင့်ဘဲ နိုင်ငံနှင့်လူမျိုး အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ မှန်ကန်သည့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ယဉ်ကျေးမှုကို တန်ဖိုးထား တတ်သည့်စိတ်များ ဖြစ်ပေါ်လာ စေရေးတို့ကို ဦးတည်ရှေးရှုသည့် အချက်များ လွှမ်းခြုံ ပါဝင်သော ဥပဒေမျိုး ဖြစ်အောင် ရေးဆွဲ သင့်ကြောင်း၊ မှန်ကန်သော၊ တရားမျှတသော အတွေးအခေါ် အယူအဆများကို ပေါ်ထွန်းစေပြီး စာရိတ္တ မြင့်မားရေး၊ မင်္ဂလာ တရားတော်နှင့် အညီ ကျင့်သုံးနေထိုင် တတ်ရေး၊ လူတစ်ဦးချင်းစီ နှင့် မြန်မာ တစ်နိုင်ငံလုံး ဖွံ့ဖြိုး တိုးတက်ရေးကို ဖြည့်ဆည်း ပေးသည့် ဥပဒေမျိုးလည်း ဖြစ်အောင် ရေးဆွဲသင့်ကြောင်း၊ သို့ဖြစ်၍ အမျိုးသားပညာရေး ဥပဒေ အား ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သော အများဆန္ဒကို အလေးထားပြီး အချိန်ယူကာ ပြန်လည်ရေးဆွဲ အကောင်အထည် ဖော်သင့် သည်ဟု ဖော်ပြ ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Monday, July 28, 2014

ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများ တန်ဖိုးတစ်ဝက်နှုန်းဖြင့် ရောင်းဝယ်မှု နိုင်ငံတော်၏ ငွေကြေးဆိုင်ရာ ဥပဒေများနှင့် မလွတ်ကင်းကြောင်း သိရ


ငါန်းဇွန် ၊ ၂၈-၇-၂၀၁၄

ကျေးလက် ဒေသများ၌ ဈေးတွင် သုံးစွဲ၍ မရတော့သည့် ငွေစက္ကူ အစုတ်အပြဲ များကို တန်ဖိုး တစ်ဝက်ကြေး နှင့် လဲပေးသည် ဆိုသည့် ဆိုင်ကယ်နှင့် လှည့်လည်၍ ငွေကြေး လဲလှယ် ရောင်းဝယ်မှု ဆောင်ရွက်နေသူ
များကို မကြာခဏ မြင်တွေ့ နေရသည်။

ထိုသို့ လဲလှယ်သူများ အနေဖြင့် သုံးစွဲ၍ မလွယ်ကူ တော့သော စွန်းထင်း စုတ်ပြဲ နေသည့် ငွေစက္ကူ အဟောင်းများ၏ တန်ဖိုးကို လိုက်၍ ၁ဝဝ ကျပ်လျှင် ငွေကျပ် ၅ဝ၊ ၁ဝဝဝဝ ကျပ်လျှင် ငွေကျပ် ၅ဝဝဝ အစရှိသဖြင့် မူလ သတ်မှတ် တန်ဖိုး၏ တစ်ဝက်ဖြင့် လဲလှယ် ကြကြောင်း သိရသည်။

အဆိုပါ ငွေကြေးလဲလှယ် ရောင်းဝယ် ခြင်းဖြင့် စီးပွားရှာသူ များကို တချို့ဒေသ များ၌ ဖမ်းဆီး အရေးယူမှုများ ရှိနေကြောင်း ကြားသိရ သဖြင့် သက်ဆိုင်ရာ ဌာနများသို့ မေးမြန်း စုံစမ်းခဲ့ရာ နိုင်ငံ တစ်နိုင်ငံတွင် ငွေကြေးနှင့် ပတ်သက်သည့် ကိစ္စများကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်၊ စီမံပိုင်ခွင့် မရှိကြောင်း၊ နိုင်ငံ တစ်ဝန်းတွင် ရှိသည့် မြန်မာ့ စီးပွားရေး ဘဏ်များတွင် အစုတ်အပြဲ များကို တန်ဖိုးမပျက် မည်သူ့ကို မဆို လဲလှယ် ပေးနေကြောင်း၊ တန်ဖိုး လျှော့ချပြီး လဲလှယ် ရောင်းဝယ် နေကြ ခြင်းသည် နိုင်ငံတော်၏ ငွေကြေးဆိုင်ရာ ဥပဒေများနှင့် မလွတ်ကင်း ကြောင်း ငါန်းဇွန် မြို့နယ် မြန်မာ့ စီးပွားရေး ဘဏ်မန်နေဂျာ က ပြောပြသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦး ကလည်း နိုင်ငံတော် ဗဟိုဘဏ်က တန်ဖိုးအလိုက် သတ်မှတ် သုံးစွဲရန် ရိုက်နှိပ် ထုတ်ဝေ ထားသည့် ငွေကြေး တန်ဖိုး၏ ပမာဏကို လျှော့ချ ပစ်ခြင်းသည် ငွေကြေးတန်ဖိုး မငြိမ်သက်အောင် ကြံစည် ဆောင်ရွက် သကဲ့သို့ ဖြစ်နေ ခြင်းကြောင့် ဥပဒေနှင့် မကိုက်ညီကြောင်း ပြောပြသည်။

မြန်မာနိုင်ငံမှ တန်ဖိုး သတ်မှတ် ထုတ်ဝေ ထားသည့် ငွေစက္ကူ ကိုဖြစ်စေ၊ ငွေဒင်္ဂါး ကိုဖြစ်စေ၊ အကျိုး အမြတ် ရယူလို စိတ်ဖြင့် လဲလှယ် ရောင်းဝယ် ဖောက်ကားခြင်း ပြုလုပ်လျှင် ဗဟိုဘဏ် ဥပဒေ အခန်း (၁၆)၊ ပုဒ်မ-၉၉(ခ)နှင့် ငြိစွန်းပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ကျခံ ရနိုင်သည် အထိ အကျိုး သက်ရောက်မှု ရှိပြီး ဆက်စပ် သိမ်းဆည်း ရမိသည့် သက်သေခံ ပစ္စည်းများ ကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းသည် အထိ
အရေးယူ ခံရနိုင်ကြောင်း သိရသည်။ 

ထက်ပိုင်အောင်(မြို့သာ)

#Yadanarpondaily

Tuesday, January 7, 2014

ကိုယ့်စီးပွား အရင်မပျက်စေဖို့


ကိုယ့်စီးပွား အရင်မပျက်စေဖို့

လူသည် ပတ်ဝန်းကျင် နှင့် ပေါင်းသင်း ဆက်ဆံ နေကြသူများ ဖြစ်၍ ပတ်ဝန်းကျင် နှင့် မကင်းနိုင် ကြပေ။ တစ်ဦးနှင့် တစ်ဦး ပစ္စည်းနှင့် ပတ်သက်၍ သော် လည်းကောင်း ၊ လူမှု ဆက်ဆံရေး ကြောင့်သော် လည်းကောင်း အဆင်မပြေ ဖြစ်တတ် ကြသည်။ အချို့က လည်း အမှုမဲ့ အမှတ်မဲ့ ပြုမူမှု များကြောင့် စကားများရာမှ ရန်ဖြစ် ရသည်အထိ ဖြစ်တတ် ကြသည်။ သာမန် အသေးအဖွဲ ကိစ္စလေးမှသည် အကြီးအကျယ် ခိုက်ရန် ဖြစ်ပွားပြီး ၊ အမှုအခင်းများ ဖြစ်ကာ တရားစွဲဆို ဖြေရှင်းရသည် အထိ ဖြစ်တတ် လေသည်။

ကျေးလက် တောရွာများတွင် ကျွဲ ၊ နွား ၊ ဆိတ် ၊ ဝက် ၊ ကြက် စသည့် အိမ်မွေး တိရစ္ဆာန်များ တစ်ပိုင်တစ်နိုင် မွေးမြူကြသည့် ဓလေ့ရှိသည်။ ထို တိရစ္ဆာန် များကို စားကျက်ရှိရာ တောတောင် တို့တွင် လွှတ်ပြီး ကျောင်းလေ့ ရှိကြသည်။ ထို တိရစ္ဆာန်တို့ အခြားသူ၏ သီးနှံစိုက်ခင်း သို့ ဝင်ရောက် စားသောက်၍ စိုက်ခင်း ပျက်စီးသည့် အခါ သီးနှံဆုံးရှုံးမှု တန်ဖိုးအတွက် သီးနှံဆုံးရှုံးမှု တန်ဖိုး နှင့် နစ်နာကြေးငွေ ရလိုကြောင်း တရားမ လမ်းကြောင်း အရ တရားစွဲဆိုခြင်း များ ရှိသကဲ့သို့ သီးနှံများ ပျက်စီးဆုံးရှုံး နစ်နာမှု ရှိသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၇ အရ အကျိုး ဖျက်ဆီးမှု ဖြင့် တရားစွဲဆို ကြသည်။

မြို့ပြဒေသနှင့် ကျေးရွာများတွင် အိမ်နီးချင်း များသည် ဝင်းထရံ ကာရံသည့် ကိစ္စ ၊ သစ်ပင်ခုတ်သည့် ကိစ္စတို့နှင့် လည်း စကားများ ရန်ဖြစ် တတ်ကြ သည်။ အများအားဖြင့် တစ်ဖက်အိမ်က ဝင်းထရံ ကာရံရာတွင် အခြား တစ်ဖက်အိမ်ရှိ ပစ္စည်း တစ်စုံတစ်ရာ ကို ထိခိုက်ပျက်စီး တတ်လေသည်။ ပျက်စီး သွားသော ပစ္စည်းရှင်က မကျေနပ်၍ ပစ္စည်း ဆုံးရှုံးမှု တန်ဖိုးကို တရားမ လမ်းကြောင်း အရ တရားစွဲဆို သည်များ ရှိသကဲ့သို့ ပစ္စည်းများ ပျက်စီး ဆုံးရှုံးနစ်နာ သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၂၇ အကျိုး ဖျက်ဆီးမှုဖြင့် တရားစွဲဆို ကြလေသည်။

တစ်စုံ တစ်ယောက်သည် တစ်ဦး တစ်ယောက်၏ ပစ္စည်းကို ဖျက်ဆီးခြင်း ၊ သို့မဟုတ် အနေအထား ပြောင်းလဲအောင် ပြုခြင်းကြောင့် ပစ္စည်းသည် ပျက်စီး ဆုံးရှုံးခြင်း တန်ဖိုးဖြစ်စေ ၊ အသုံးဝင်မှု ဖြစ်စေ ယုတ်လျော့ စေခြင်း ၊ နစ်နာစေခြင်း ဖြစ်စေရန် အကြံနှင့် သော်လည်းကောင်း ၊ ဆုံးရှုံးနစ်နာမှု ဖြစ်စေ နိုင်သည်ကို သိလျက်နှင့် ပြုလုပ်လျှင် သော် လည်းကောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၇ အရ တရားစွဲဆို နိုင်သည်။ ပြစ်မှု ထင်ရှားပါးက နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရပေမည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၂၇၏ ရည်ရွယ်ချက်သည် တစ်ဦး တစ်ယောက်၏ ကာယကံမြောက် ပြုလုပ်မှုကြောင့် သော် လည်းကောင်း ၊ သူတစ်ပါးအား ပြုလုပ်စေခြင်း ကြောင့်သော် လည်းကောင်း ၊ ပြုလုပ်ရန် အားပေးခြင်း ကြောင့်သော် လည်းကောင်း အများပြည်သူ တို့၏ ပစ္စည်းများ ဆုံးရှုံးပျက်စီးမှု ၊ တန်ဖိုး ယုတ်လျော့ စေမှု ၊ နစ်နာစေမှု မဖြစ်စေရန် ၊ အများ ပြည်သူတို့၏ ပစ္စည်းများကို အဖျက်သမား တို့၏ ဘေးရန်မှ ကာကွယ်ရန် အတွက် ဖြစ်ပေသည်။

တစ်ပါးသူ တို့၏ ဥစ္စာပစ္စည်း တို့ကို ဆုံးရှုံးနစ်နာ ပျက်စီး ၊ အသုံးမဝင် တန်ဖိုး နည်းပါးအောင် ဖျက်ဆီးပါက တရားစွဲဆိုခြင်း ခံရပေမည်။ အမှုအခင်း ရင်ဆိုင် ဖြေရှင်းရသဖြင့် မိမိ လုပ်ကိုင်မြဲ အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင် နိုင်ခြင်း မရှိချေ။ အမှုအခင်း အတွက်လည်း သောက ဗျာပါဒ နှင့် ရင်ဆိုင်ဖြေရှင်း နေရသဖြင့် ပစ္စုပ္ပန် မျက်မှောက်တွင် စီးပွားဥစ္စာ ကိုကောင်းစွာ မရှာဖွေနိုင်၍ စီးပွားဥစ္စာ ပျက်စီး ရလေသည်။ ထို့ကြောင့် ရှေးလူကြီး များက '' သူများ စီးပွားဖျက်ဆီး က ကိုယ့်စီးပွား အရင်ပျက်သည် ''ဟု ဆုံးမစကား ဆိုခဲ့သည်။

ထို့ကြောင့် ကိုယ့်စီးပွား အရင်မပျက် စေရန်အတွက် သူတစ်ပါး စီးပွားဥစ္စာ ၊ ပစ္စည်းတို့ကို သတိ လက်လွတ်၍ မဖျက်ဆီး မိကြရန်နှင့် ပျက်စီးအောင် မပြုလုပ် ကြရန် အကယ်၍ ပြုလုပ်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၇ အရ တရားစွဲဆိုခြင်း ခံရမည် ဖြစ်သည့် အတွက် ဥပဒေရေးရာ အမြင်ဖြင့် သတိပေး နှိုးဆော် ရေးသား လိုက်ရပေသည်။

ရှေ့နေ-ဦးဝင်းကြည်(စဥ့်ကိုင်)

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger