www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

ငယ်စဉ်ကပင် ဤမျှခါးနေလျှင်


ငယ်စဉ်ကပင် ဤမျှခါးနေလျှင်

ရှေ့နေ ဦးဝင်းကြည် (စဥ့်ကိုင်)

နေ့စဉ်ထုတ် သတင်းစာများနှင့် အပတ်စဉ်ထုတ် ဂျာနယ်တို့တွင် လည်းကောင်း၊ Facebook လူမှုကွန်ရက် စာမျက်နှာတွင် လည်းကောင်း အမြဲမြင်တွေ့ ဖတ်ရှုနေရသည့် သတင်းကား သက်ငယ်မုဒိမ်းမှု ဖြစ်သည် သက်ငယ် မုဒိမ်းမှု ကျူးလွန်ခြင်း အမျိုးမျိုးရှိသည်။ အသက် ငယ်ရွယ်သည့် ယောက်ျားလေးက အသက်အရွယ် အပိုင်းအခြား မရှိ အမျိုးသမီးများကို ကျူးလွန်ခြင်း၊ အသက် ငယ်ရွယ်သော မိန်းကလေး များကို အသက်အရွယ် အပိုင်းအခြား မရှိသော အမျိုးသားများက ကျူးလွန်ခြင်း၊ အသက်ငယ်ရွယ်သူ ယောက်ျားလေးက အသက်ငယ်ရွယ် သူ မိန်းကလေးကို အဓမ္မကာမ ရယူ ကျူးလွန်ခြင်းနှင့် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ကြောင်း၊ ကျူးလွန်သူကို ဖမ်းဆီးရမိသော သတင်း၊ ကျူးလွန်သူကို ဖမ်းဆီးရမိရေး အတွက် စုံစမ်းရှာဖွေနေသော သတင်းများကို ဝမ်းနည်းဖွယ်ရာ ဖတ်ရှုနေရသည်။

အသက် ငယ်ရွယ်သော မိန်းကလေးများကို အသက်အရွယ် အပိုင်းအခြား မရှိသော အမျိုးသားများ ကျူးလွန်သည့် မုဒိမ်းမှုများကို နောင်ကြဉ်ဟန့်တား စေသည့် ပြစ်ဒဏ်များ ချမှတ်သင့်သည်။ အသက် ငယ်ရွယ်သည့် ယောက်ျားလေးက ပြစ်မှုကျူးလွန်ခြင်း တို့ကို နောင်ကြဉ်ဟန့်တား စေသည့် အပြစ်ဒဏ် ချမှတ်ရန်မှာ ဥပဒေအရ အခက်အခဲများ ရှိသည်။ ထိုအခက်အခဲ ကား အခြားမဟုတ် ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေနှင့် ကလေးသူငယ် နည်းဥပဒေကြောင့် ဖြစ်သည်။

၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေနှင့် ကလေးသူငယ် နည်းဥပဒေ မပြဋ္ဌာန်းမီက ၁၉၅၅ ခုနှစ် ကလေးသူငယ်များ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ ကလေးသူငယ်များ ပြစ်မှုကျူးလွန် ပါက ကလေးသူငယ် အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်း (ကလေးထောင်) စသည်တို့တွင် ထိန်းသိမ်း စောင့်ရှောက်၍ စာရိတ္တကို ပြုပြင်ပေး ခဲ့သည်။ ပြစ်မှုကျူးလွန် ခဲ့ဖူးသော ကလေးသူငယ် သည် နိုင်ငံတော် အတွက် သားကောင်း ရတနာများ ဖြစ်ခဲ့ဖူးကြောင်း လေ့လာသိရှိ ခဲ့ရသည်။

သို့သော် ၁၉၈၈ ခုနှစ် နှောင်းပိုင်း ကာလတွင် မြန်မာနိုင်ငံ၌ ကလေးသူငယ် များ၏ လူ့အခွင့်အရေးကို အလေးထား တောင်းဆို ဆောင်ရွက် ခဲ့သောကြောင့် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ် ဥပဒေနှင့် ကလေးသူငယ် နည်းဥပဒေ များကို ပြဋ္ဌာန်းခဲ့သည်။ ထို ကလေးသူငယ် ဥပဒေများ ပြဋ္ဌာန်းပြီးသည့် နောက်ပိုင်း ကာလတွင် ပြစ်မှု ကျူးလွန်သော အသက် ၁၆ နှစ် မပြည့်သေးသည့် ကလေးသူငယ် များကို သေဒဏ် ကျခံနိုင်သည့် ပြစ်မှု၊ တစ်သက် တစ်ကျွန်းဒဏ် ကျခံနိုင်သည့် ပြစ်မှုကို ကျူးလွန်ပြီး အကျင့်စာရိတ္တ လွန်ကဲစွာ ပျက်စီးနေ သဖြင့် မည်သည့်နည်း နှင့်မျှ ထိန်းသိမ်း၍ မရနိုင်သည့် ကလေးသူငယ် ဖြစ်မှသာ ခုနစ်နှစ် ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ကလေးသူငယ် ကျူးလွန်သော ပြစ်မှုသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စာရိတ္တ ပျက်ပြားခြင်း မရှိသေးလျှင် နောက်ထပ်ပြစ်မှု ကျူးလွန်ခြင်းကို ဟန့်တားနိုင်ရန် သုံးနှစ်ထက် မပိုသော ကာလအတွင်း ခံဝန်ချုပ်ပါ စည်းကမ်းအတိုင်း ကောင်းမွန်စွာ နေထိုင်ကျင့်ကြံ စေရေးအတွက် မိဘ အုပ်ထိန်းသူကို ခံဝန်ချုပ် ချုပ်ဆိုစေပြီး ပြန်လည်အပ်နှံ နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် အကျင့်စာရိတ္တ ပျက်ပြားနေလျှင် အနည်းဆုံး နှစ်နှစ် ဖြစ်စေ၊ အသက် ၁၈ နှစ်ပြည့်သည့် နေ့ထိ ဖြစ်စေ သင်တန်းကျောင်း တစ်ခုခုသို့ ပို့အပ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။

အထူးအားဖြင့် ကလေးသူငယ် ယောက်ျားလေး များသည် အသက်အရွယ် အပိုင်းအခြား မရှိ အမျိုးသမီး များကို မုဒိမ်းမှု ကျူးလွန်ရခြင်း နှင့် ခိုးဆိုးလုယက်၊ လူသတ်မှု ဖြစ်ရသည့် အကြောင်းရင်း များကိုလည်း လေ့လာဆန်းစစ် မိသည်။ ထိုသို့ ဖြစ်ရသည်မှာ အဓိကအားဖြင့် စာပေ သင်ကြားမှု နည်းပါးခြင်း၊ အသိပညာ ခေါင်းပါးခြင်း၊ လူ့ယဉ်ကျေးမှု နှင့် ကိုယ်ကျင့်တရား ပျက်ပြားခြင်း၊ အမိအဖ ဆရာသမား များ၏ သွန်သင် ဆုံးမခြင်းကို နာခံမှု နည်းပါးခြင်း၊ ဘာသာတရား အသိ နည်းပါးခြင်း၊ မူးယစ် စေတတ်သော ဘီယာ၊ အရက် များကို သောက်ခြင်း၊ စိတ်ကြွ ဆေးများ မှီဝဲခြင်း၊ ကိလေသာပိုင်း ဆိုင်ရာ ဆေးဝါးများ ပေါများခြင်း စသည်တို့အပြင် လူမှုကွန်ရက် Facebook မှလည်းကောင်း၊ ပတ်ဝန်းကျင်မှ မကောင်းမှု အကျင့်ဆိုးများကို အတုယူခြင်း တို့ကြောင့်လည်း ကောင်း အသက် ငယ်ရွယ်သည့် ကလေးငယ် များသည် အတုမြင် အတတ်သင်ကာ ဒုစရိုက်မှုများ ကျူးလွန်ခြင်း နှင့် လိင်မှုဆိုင်ရာ ကိစ္စရပ်များ အတုယူမှား သောကြောင့် ရာဇဝတ်မှု၊ မုဒိမ်းမှုများ ကျူးလွန်ကြောင်း ဆန်းစစ်တွေ့ရှိ ရသည်။

ထိုသို့ အသက်ငယ်ရွယ်သူ ကလေးများ ဒုစရိုက်မှုများ ကျူးလွန် နေသဖြင့် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး တွင် ရင်လေးဖွယ်ရာ ဖြစ်သည်။ ငယ်စဉ် မူလတန်း ကျောင်းသားဘဝ က သင်ကြားခဲ့ ဖူးသော မြန်မာဖတ်စာမှ မင်းသားနှင့် တမာရွက် ဇာတ်လမ်းလေး ကို သတိရ တွေးမြင်မိသည်။

တစ်ခါက ဘုရင်ကြီးတစ်ပါး တွင် သားတော်လေး တစ်ပါးရှိသည်။ သားတော်လေး သည် ခက်ထန်ကြမ်းတမ်း သည့် စရိုက်ရှိသည်။ သားတော်ကို လိမ်မာယဉ်ကျေး စေရန်အလို့ငှာ ဆရာရသေ့ တစ်ပါးထံ အပ်နှံ၍ ပညာသင်ကြား စေသည်။ ဆရာရသေ့ ကလည်း မင်းသား၏ အမျက်ဒေါသ မာန်မာန ချိုးနှိမ်ရန်အတွက် မင်းသားကို ခေါ်၍ ဥယျာဉ်တော်သို့ သွားလေသည်။ တစ်နေရာသို့ ရောက်သောအခါ အရွက်သုံးရွက် မျှသာ ရှိသေးသော တမာပင်ကို မြင်လျှင် ''အသင်မင်းသား ဤအရွက်ကို ခူး၍ ဝါးပါလေ'' ဟု စေခိုင်းသည်။ မင်းသားသည် သစ်ရွက်နှစ်ရွက်ကို ခူး၍ ဝါးကာ ထွီခနဲထွေးပစ်ပြီး တမာပင်ငယ်ကို ဆွဲနုတ်ပြီး ချိုးခြေလိုက်သည်။ ဆရာရသေ့ က ''အဘယ်ကြောင့် ဆွဲနုတ်ပြီး ချိုးခြေရသလဲ'' ဟုမေးမြန်းရာ ''အရှင် ဆရာရသေ့ ဤအပင်သည် ငယ်စဉ်ကာလ ကပင် ဤမျှခါးနေလျှင် ဤအပင် ကြီးလာပါက အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း'' ဟု ဖြေလေသည်။ ဆရာရှင်ရသေ့ က ''အသင် မင်းသားသည် အသက် ငယ်ရွယ်စဉ်ကပင် ဤမျှရက်စက် ကြမ်းကြုတ် နေပါက ကြီးလာလျှင် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း'' ဟု သွန်သင်ဆုံးမ သဖြင့် လိမ္မာယဉ်ကျေး သွားသည်။

ယနေ့ကာလတွင် အသက် ငယ်ရွယ်သော ယောက်ျားလေး များသည် ဒုစရိုက်ပြစ်မှု များနှင့် မုဒိမ်းမှုများ ကျူးလွန် နေပါလျှင် အရွယ်ရောက် လာပါက အဘယ်ဆိုဖွယ်ရာ ရှိတော့မည်နည်း။

အသက် ငယ်ရွယ်သော မိန်းကလေး များအား မတော်မတရား မုဒိမ်းအကျင့်ခံ ရခြင်း အကြောင်းရင်းကို ဆန်းစစ်လျှင် မိဘဆွေမျိုး အသိုင်းအဝိုင်း များ၏ အုပ်ထိန်းမှု အားနည်းချက် တစ်ခုလည်း ပါဝင်သည်။ ပတ်ဝန်းကျင် ကောင်းလည်း လိုအပ်လှသည်။ လူသူ အသွားအလာ ပြတ်သောနေရာ ဒေသများသို့ အသက် ငယ်ရွယ်သူ မိန်းကလေး များကို အစောင့်အရှောက် မပါဘဲ တစ်ဦးတည်း စေလွှတ်ခြင်းများ မပြုလုပ်အပ်ပေ။ ထို့ပြင် မိန်းကလေးငယ် များကို အခြား တစ်ပါးသော ယောက်ျားလေး များက ခေါ်လျှင် မလိုက်ကြရန် နှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော ဒုစရိုက်မှု များကို နားလည် သဘောပေါက် သည်ထိ ရှင်းလင်းပြသ လမ်းညွှန် သင့်သည်။

 ယနေ့ကာလ ခေတ်စားနေသော အသက်ငယ်ရွယ်သည့် ယောက်ျားလေးများ ရာဇဝတ်ပြစ်မှုများ ကျူးလွန် နေခြင်းသည် အသိပညာ၊ အတတ်ပညာ နည်းပါးခြင်း၊ ကိုယ်ကျင့်တရား ထိန်းသိမ်းမှု နည်းပါးခြင်း၊ ယဉ်ကျေးလိမ္မာ အသိတရား နည်းပါးခြင်း၊ မူးယစ်စေသော သေရည်သေရက် သောက်စားခြင်း၊ စိတ်ကြွဆေးဝါး သုံးစွဲခြင်း၊ လူမှုကွန်ရက် င်္Facebook မှ ကာမရာဂနှင့် စပ်ဆိုင်သည့် ဆေးဝါးများ ကြော်ငြာခြင်း၊ ပတ်ဝန်းကျင် ကောင်းများ နည်းပါးခြင်း၊ အတုမြင် အတတ်သင်ကာ လက်တွေ့စမ်းသပ် လုပ်ကိုင်လိုခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရပေသည်။ ထိုကဲ့သို့ မဖြစ်စေရန် အတွက် မိဘများ၊ ဆွေမျိုး သားချင်းများ၊ အပေါင်းအသင်း များက သွန်သင်ဆုံးမ ရပေမည်။

ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ်လာကြမည့် အနာဂတ်၏ သားကောင်း သမီးကောင်း များသည် အသက်ငယ်ရွယ် စဉ်ကပင် ရာဇဝတ်ပြစ်မှု၊ ဒုစရိုက်မှုများ ကျူးလွန်နေပါက အသက်အရွယ် ကြီးလာသည့် အခါ အတင့်ရဲကာ ရာဇဝတ်မှုများ ပိုမိုကျူးလွန် နိုင်သည်ကို သတိပြုအပ် ပေသည်။ ရာဇဝတ်မှုခင်း ကျူးလွန်မှု များပြားလာလျှင် နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာရေး နှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိပါးလာပေမည်။ တရားဥပဒေ စိုးမိုးမှုလည်း ကင်းမဲ့ လာမည်ဖြစ်သည်။

သို့ပါသောကြောင့် ''လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ'' တို့အပြင် ဆွေမျိုး ပတ်ဝန်းကျင် အပေါင်းတို့က ကလေးသူငယ် များကို စာရိတ္တ မြင့်မားရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် မလိုလား အပ်သော ဘေးအန္တရာယ် များကို ကြိုတင်ကာကွယ် တားဆီးမှု များ ပြုလုပ်ပေးပါလျှင် ကလေးသူငယ်များ ရာဇဝတ်မှု ကျူးလွန်ခြင်းကို ကာကွယ်တားဆီး ပေးနိုင်မည် ဖြစ်ကြောင်းနှင့် တိုင်းကားပြည်ရွာ အေးချမ်းသာယာ ဖွံ့ဖြိုးစေမည် ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger