ခါးနာခြင်းအမျိုးမျိုးနှင့် ဆင်ခြင်စရာများ
ကြည်လွင်မြင့်(မုဒြာ)
ခါးနာခြင်း အမျိုးမျိုးရှိရာ ဒဏ်ကြောင့်ဖြစ်သော ခါးနာရောဂါ၊ အထိုင်များ၍ ဖြစ်သော ခါးနာ၊ အလေးအပင် မရင်း ဖြစ်သောခါးနာ တို့ထက် အိပ်ရာကြောင့် ဖြစ်သောခါးနာ က ပို၍များလိမ့်မည် ထင်ပါသည်။
စာရေးသူ ကိုယ်တိုင် ငယ်စဉ်က ခါးနာဖူးသည်။ နာသည်မှ တစ်နှစ်ခန့် ကြာအောင် နာခဲ့သည်။ ကျောင်းတွင် ထိုင်တာကြာပြီး ပြန်ထလျှင် မနည်းထ ရသည်။ ကြာကြာထိုင် လျှင်လည်း ခါးဆက်ထဲမှ ပူပြီးနာလာသည်။ ခါးနာ၊ ခါးကိုက် ပျောက်ဆေး သောက်သည်။ ဘမ်းပရုတ်ဆီ လိမ်းသည်။ ခဏ သက်သာပြီးနောက် ပြန်နာသည်။
ခါးနာ ဖြစ်ရသည့် အကြောင်းအရင်းကို ပြန်စဉ်းစား ကြည့်သောအခါ ထိုခေတ်က အသုံးပြုလေ့ ရှိသော စပရင်မွေ့ရာ နှင့် အိပ်မိ သောကြောင့် ဖြစ်သည်။ ထို စပရင်မွေ့ရာမှာ အဟောင်း ဖြစ်သဖြင့် အားပျော့ပြီး အချို့နေရာ များတွင် ခွက်နေသည်။ အချို့နေရာတွင် ပေါက်ပြဲပြီး စပရင်အပြင်သို့ ကန်ထွက်နေသည်။ ပေါက်သည့် နေရာကို အပေါ်က ဂုံနီအိတ် အထူခင်းပြီး အိပ်သဖြင့် မွေ့ရာမှာ မြင့်သည့် နေရာတွင်မြင့်၊ ခွက်သည့် နေရာတွင်ခွက် ဖြစ်နေသည်။ စာရေးသူ ရန်ကုန် တက္ကသိုလ် တက်စဉ်က အဒေါ်တစ်ယောက် ၏နေအိမ်မှ တက်ခဲ့ခြင်း ဖြစ်သည်။ သူတို့အိမ်မှ ရှေးက သိမ်းထားသော မိဘများ လက်ထက်က မွေ့ရာကို စာရေးသူ အိပ်ရန် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ကျောင်းတစ်နှစ် ပြီး၍ နယ်မြို့လေးသို့ ပြန်သောအခါ ကိုယ့်အိမ်မှ အိပ်နေကျ အိပ်ရာနှင့် ပြန်အိပ်ရသည်။ စာရေးသူ၏ မိဘအိမ်က အိပ်ခန်းမှာ ခုတင်မရှိ၊ မွေ့ရာမရှိ၊ ကြမ်းပြင်တွင် သင်ဖြူးဖျာ ခင်းပြီး ခြင်ထောင်ထောင် အိပ်ရသည်။ ကျောင်းတက်ရင်း ရခဲ့သော ခါးနာသည် နယ်က အိမ်ရောက်ပြီး တစ်လခန့် ကြာသောအခါ အလိုလို သက်သာပြီး ပျောက်ကင်း သွားသည်။ ထိုအခါကျမှ စပရင်မွေ့ရာ ကြောင့် ဖြစ်သော ခါးနာဖြစ်ကြောင်း ကို သတိထား မိတော့သည်။
စပရင်မွေ့ရာ သာမဟုတ်၊ ကြာရှည် အသုံးပြု ထားသဖြင့် ခါးနေရာတွင် ခွက်ဝင်နေသော ဆိုဖာမွေ့ရာ၊ ဝါဂွမ်းမွေ့ရာ များဖြင့် အိပ်လျှင်လည်း ခါးနာနိုင် ပါသည်။ အိပ်ပျော်သော အခါ လူ၏ အလေးချိန် ဖိအားနှင့် ခါးမှာ မွေ့ရာအတွင်း ခွက်ဝင်သွား သောကြောင့် ဖြစ်သည်။
ခါးရိုးဆစ် ခုနစ်ဆစ် ရှိရာ အိပ်ရာ အနေအထား မမှန်လျှင် ခါးရိုး အဆစ်များပါ အနေအထား ပျက်ယွင်းပြီး ကြာလျှင် ကျီးပေါင်း တက်လာ နိုင်သည်။ ခါးရိုးဆစ်များ အတွင်းမှ အရွတ်ပြားများ အနေအထား ပျက်ယွင်းခြင်း၊ အပြင်သို့ ကန်ထွက်ခြင်း တို့ ဖြစ်နိုင်သည်။ ခါးရိုးဆစ် ကျီးပေါင်းတက်လျှင် ခါးရိုးဆစ် နံပါတ် (၄)နှင့် (၅) ကြားနှင့်၊ (၅) နှင့် (၆) ကြား အကြောညပ်လျှင် အနာကျင်ဆုံး ဖြစ်သည်။ အချို့မှာ မီးညောင့်ရိုးဆစ် အထက်တွင် မခံနိုင်အောင် နာတတ်သည်။ ထိုင်လျှင်လည်း နာ၊ ပက်လက်လှန် အိပ်လျှင်လည်း နာနှင့် ဘေးနှစ်ဖက်ကို တစ်လှည့်စီ စောင်းအိပ်မှ သက်သာလေ့ ရှိသည်။
ခါးနာကြာလျှင် ကုသမှု စနစ်တကျ မခံယူလျှင် အာရုံကြော ရောင်ပြီး ခြေတစ်ဖက်တွင် ကိုက်ခဲပြီး လမ်းကောင်းကောင်း မလျှောက်နိုင်သော ဝေဒနာ ခံစားရတတ်သည်။ ဆိုင်ယာတီကာ ဟု ခေါ်သော အာရုံကြောနှင့် ခါးဆစ်ကျီးပေါင်း ညပ်ပြီး ပေါင်တစ်လျှောက် ထုံဆင်းနာသော ရောဂါမှာ အလွန်ဆိုးသည်။ ဆိုင်ယက်တစ် နာဗ်ကြော ရောင်သော ရောဂါကြောင့် ခြေတစ်ဖက်ကို ခဲနှင့်ဆွဲပြီး အိပ်ရာထဲတွင် ရက်ရှည် အိပ်နေရတတ်သည်။ အချို့ ခါးကျီးပေါင်းနှင့် အာရုံကြော ညပ်သော ဝေဒနာသည်များမှာ ခဲဆွဲရုံနှင့် မရတော့သဖြင့် ခွဲစိတ်ကုသ ရတတ်သည်။ ခါးခွဲစိတ်ကုသ ခြင်းသည် စွန့်စားရပြီး အလွန် အန္တရာယ်များသည်။ အခန့်မသင့်၍ ခါးအောက် ကိုယ်တစ်ပိုင်း သေသွားသူများ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ခါးနာလျှင် ဖြစ်စကတည်းက ဂရုစိုက် ကုသသင့်သည်။ ခွဲစိတ်ကုသ ရသည့် အဆင့်ထိ ရောက်အောင် အချိန်မဆွဲ သင့်ပေ။
ခါးနာကုသရာတွင် Lumber attraction ခေါ် ခါးဆွဲကုသခြင်းဖြင့် ခါးနာသက်သာစေနိုင်သည်။ သို့သော် အမြဲတမ်းခဲဆွဲနေခြင်းသည်လည်း မကောင်းပေ။ ခါးရိုးဆစ်အားလုံးကို ဟသွားအောင်ဆွဲခြင်းဖြစ်သဖြင့် မလိုအပ်သော ခါးဆစ်များနှင့် အရွတ်ကြော၊ ဆိုင်းကြော၊ ခုတုံးများမှာ ဒဏ်ဖြစ်ပြီး ခါးနှင့်အောက်ပိုင်း အားပျော့သွားစေ နိုင်သည်ကို သတိပြုရန် လိုအပ်သည်။ အိပ်ရာကြောင့် ခါးနာခြင်း ဟုတ် - မဟုတ်ကို နံနက် အိပ်ရာထလျှင် သိနိုင်သည်။
တစ်ချိန်က စာရေးသူ၏ ဖခင်ကြီး ခါးနာဖူးသည်။ နံနက် အိပ်ရာထလျှင် ထူပေးဖို့ လူအကူကို အော်ခေါ် ရသည်။ နေ့လယ် နေ့ခင်း အကောင်း၊ ကြာတော့ ထူပေးရသူ များကို အားနာသဖြင့် အိပ်ရာဘေး နံရံအမြင့်မှ ကြိုးတစ်ချောင်း ချထားသည်။ နံနက်လင်းလျှင် ယင်းကြိုးကို ဆွဲယူပြီး အိပ်ရာမှထသည်။ စာရေးသူ ဖခင်၏ မွေ့ယာကို အထူမှအပါးသို့ ပြောင်းလိုက်သည်။ ထို့အပြင် မွေ့ရာအရွယ် သုံးထပ်သား အပါးတစ်ချပ်ကို အိပ်ရာ ပေါ်တွင်တင်၊ ထိုအပေါ်မှ စောင်တစ်ထည် ခင်းပြီး အိပ်စေသည်။ ခါးနာမှာ တဖြည်းဖြည်း သက်သာလာပြီး နောက်ပိုင်းတွင် ပျောက်ကင်း သွားသည်။
အသက်ကြီး သူများတွင် ခါးရိုးဆစ်များကို ဓာတ်မှန် ရိုက်ကြည့်လျှင် ကျီးပေါင်းတက် နေသည်ကို တွေ့ရမြဲ ဖြစ်သည်။ သစ်ပင်များ အသက်ရင့် လာလျှင် အခေါက်ထူပြီး အပွေးတက် လာသကဲ့သို့ ဖြစ်သည်။ အဆန်း မဟုတ်ပါ။
ကျီးပေါင်းရှိသော အဆစ်နှင့် ခါးအာရုံကြောများ မညပ်မိစေ ရန်သာ အိပ်ယာမှအစ ဂရုစိုက်ပေးရန် ဖြစ်သည်။ မမာလွန်း၊ မပျော့လွန်းသော မွေ့ယာမျိုးဖြင့်သာ လူကြီးများကို အိပ်စေ သင့်သည်။ ပက်လက် ကုလားထိုင်ကြောင့် ဖြစ်သောခါးနာ ခေါက်၍ ဆန့်၍ ရသော ပတ္တူဖျင်ဖြင့် ပြုလုပ်ထားသော ထိုင်ခုံများကို ပက်လက် ကုလားထိုင်ဟု ခေါ်ကြသည်။ ကုလားထိုင် ဟူသော ဝေါဟာရမှာ အင်္ဂလိပ်ခေတ် က ပေါ်လာခဲ့ခြင်း ဖြစ်ပုံရသည်။ မြန်မာများက အင်္ဂလိပ်များကို ကုလား ဟု ခေါ်ခဲ့ကြသည်။ သူတို့ထိုင်သော ထိုင်ခုံများကို ကုလားထိုင်ဟု ခေါ်ခဲ့ကြပုံ ရသည်။
စာရေးသူ၏ ညီငယ်တစ်ဦးမှာ ငယ်ငယ်ရွယ်ရွယ် နှင့် ခါးနာဖူးသည်။ သူ့အကျင့်မှာ နေအိမ် အနောက်ဘက် သစ်ပင် အရိပ်ကောင်းသော နေရာတွင် ပက်လက် ကုလားထိုင်နှင့် စာကျက်လေ့ ရှိသည်။ တစ်ခါတရံ သူသည်
စာကျက်နေရင်း အိပ်ပျော်သွားလေ့ ရှိသည်။ စာမေးပွဲကြီး နီးချိန်တွင် သူ့မှာ ခါးနာရောဂါ စွဲကပ်နေပြီး ဝမ်းလျားမှောက်ပြီး ခါးကို အနင်းခံသည်။ ပရုပ်ဆီများ လိမ်းသည်။ မသက်သာ။ နောက်ဆုံး ပက်လက် ကုလားထိုင်နှင့် စာမကျက် တော့မှ သက်သာသွားသည်။ သူသည် ယခုအခါ မေ့ဆေး ဆရာဝန်ကြီး ဖြစ်နေပြီ ဖြစ်သည်။
စာရေးသူ၏ ဖခင်မှာလည်း တစ်ခါက ပက်လက် ကုလားထိုင် ဖျင်ပြဲပြီး ကျွံကျသဖြင့် ခါးနာဖူးသည်။ ပြတ်ကျရုံမျှ မက ကုလားထိုင် တန်းများက ခေါက်ပြီး ဦးခေါင်း နောက်စေ့သို့ ရိုက်မိသဖြင့် ဦးခေါင်းတွင်ပါ ဒဏ်ရာ ရလေသည်။
ခါးတွင်ရသော ဒဏ်ရာမှာ အရိုးဖုသွားပြီး ကျီးပေါင်းတက် နေသဖြင့် ခါးမတ်၍ မရသည်မှာ ယခုတိုင် ဖြစ်သည်။ ဖျင် ကုလားထိုင် မဟုတ်သော်လည်း ဝါးဖြင့် ပြုလုပ်သော ပက်လက် ကုလားထိုင်၊ ကြိမ်ဖြင့် ပြုလုပ်သော ပက်လက် ကုလားထိုင်၊ နောက်ဆုံး ခေတ်ပေါ် Dream bed ဖြင့် အိပ်သူများ မှာလည်း ခါးနာသည်ကို မကြာခဏ တွေ့ရသည်။ ဝါးဖြင့်ပြုလုပ်သော ခေါင်းတင်တန်း ပါသည့် ကုလားထိုင် များဖြင့် အိပ်ပျော်သူ များမှာ ခါးသာမက ဇက်ကျီးပေါင်း တက်ခြင်းပါ ဖြစ်နိုင်သည်။ မကြာခဏ ခေါင်းမူးသူ တစ်ဦးကို တွေ့ဖူးသည်။ သူသည် ဇက်ကြောတက် သက်သာစေရန် ဝါးကုလားထိုင် ဝယ်ပြီး ဇက်တင် အိပ်ရာမှ ကျီးပေါင်းတက်ပြီး မူးလာခြင်း ဖြစ်လေသည်။
အနှိပ်သည် ဖုကြောင့်ဖြစ်သော ခါးနာ ရှေးလူကြီးများသည် 'အနှိပ်သည်ဖု' ခေါ် သစ်သားဖုလုံး နှစ်ခုကို တစ်လက်မခန့် အကွာထားသည့် ပွတ်လုံးဖြင့် ဇက်ရင်းတွင်ထား၍ အိပ်ခြင်း၊ ခါးဆစ်တွင်ခု၍ အိပ်ခြင်းကို ပြုလုပ်လေ့ ရှိကြသည်။ သီလရှင် စာသင်တိုက်မှ ဆရာကြီး တစ်ပါးခါးနာ၍ ကုသပေးရ ဖူးသည်။ ခြေတစ်ဖက်ကို ဆန့်ထား၍မရ၊ ကွေးထားရသည်။ ဆွဲဆန့်လျှင် နာ၍ အော်ရသည်။ လမ်းမလျှောက်နိုင်၊ ပွေ့ယူ လာရသည်။ ထို သီလရှင် ဆရာကြီးသည် အနှိပ်သည်ဖုကို ခါးအောက် ခုထားရင်း အိပ်ပျော်သွားရာမှ တစ်နာရီခန့် အကြာတွင် ခါးထဲမှပူပြီး နိုးလာသည်ဟု ဆိုသည်။ ထို့နောက် ခြေတစ်ဖက် တွင်ပါ ကျဉ်ထုံပြီး ကိုက်ခဲလာသည်။ သူသည် အနှိပ်သည် ဖုကြောင့် ခါးအာရုံကြော ညပ်သော ရောဂါဝေဒနာ ရခဲ့ခြင်း ဖြစ်သည်။ အနှိပ်သည်ဖု ခံပြီး အိပ်ပျော်သွားရာမှ ဒုက္ခရောက်သူများစွာ ရှိသဖြင့် အထူး သတိပြု သင့်သည်။
အနှိပ်သည်ဖု ကို ရှေးက မည်သူက တီထွင်ခဲ့သည်ကို မသိရသော်လည်း ဘုရားစောင်းတန်း ဈေးသည်များ၊ ပန်းပုဆိုင် များတွင် အများအပြား ရောင်းချသည်ကို တွေ့ရသည်။ တုတ်နှစ်ချောင်းကို သစ်သားဝက်အူရစ်ဖြင့် လှည့်ညှစ်သော အနှိပ်ကိရိယာ များလည်း ရောင်းနေသည်ကို တွေ့ရသည်။ ပေါင်ကိုက်သည်ကို ၎င်း တုတ်နှစ်ချောင်းနှင့် အချိန်ကြာမြင့် စွာ ညှစ်ထား မိသဖြင့် ပေါင်တွင်း သွေးလွှတ် ကြောမကြီး ပိတ်သွားကာ ခြေ တစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရသူ ရှိသည်ဟု ဆရာဝန်ကြီး တစ်ဦးက ပြောပြဖူးသည်။
အရပ်သုံး လက်ဖြစ် အနှိပ်ကိရိယာ များသည် အန္တရာယ် ရှိသည်။ အမှုမဲ့အမှတ်မဲ့ သုံးစွဲရာမှ အကြောညပ်ခြင်း၊ အဆစ်လွဲခြင်း၊ သွေးကြော ပိတ်ခြင်း၊ သွေးကြော ပေါက်ခြင်း၊ အာရုံကြော ရောင်ခြင်း၊ ဒဏ်ဖြစ်ခြင်း တို့ ဖြစ်နိုင်သည်။ လက်တဲ့စမ်း မသုံးသင့်ပါ။ အိပ်စက်ခြင်းနှင့် အနားယူခြင်း သည် လူတို့နေ့စဉ် ပြုရသော အမှုဖြစ်သည်။ အိပ်ရာ အနေအထား မသင့်တော်၍ ဖြစ်ရသော ခါးနာရောဂါ၊ ကျီးပေါင်းတက် ရောဂါ၊ ပက်လက် ကုလားထိုင်နှင့် အိပ်ခြင်းကြောင့် ဖြစ်သော ခါးနာဝေဒနာ၊ လက်လုပ် အနှိပ်ကိရိယာ တို့ကြောင့်ဖြစ်သော ခါးနာ၊ အာရုံကြောညပ် ဝေဒနာများမှာ မြန်မာလူမျိုး တို့တွင် အဖြစ်များ သောကြောင့် သတိပြု ဆင်ခြင်နိုင်ကြ စေရန် ရေးသား တင်ပြလိုက်ရ ပါသည်။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment