www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 31, 2015

အဆီကျစေသော သက်ရင်းကြီးပင်


အဆီကျစေသော သက်ရင်းကြီးပင်

ကြည်မြင့်လွင် (မုဒြာ)

ဝမ်းဗိုက်စူပြီး အသည်း အဆီဖုံးရောဂါ ဝင်နေသူ မိတ်ဆွေတစ်ဦး သည် သက်ရင်းကြီး ရွက်နုလေး များကို ခူးပြီး နေ့စဉ် အတို့အမြှုပ် ပြုလုပ် စားရာမှ သက်သာလာပြီး ဝမ်းဗိုက်မှ အဆီများလည်း လျော့သွား သည်ဟု ဆိုသည်။ ထိုသို့ သက်သာစေရန် နေ့စဉ်ရက်ဆက် တစ်လခွဲခန့် အချိန်ယူ စားခဲ့ရသည် ဟု ဆိုသည်။

မြန်မာ့ ဆေးဝါးပင်များ စာအုပ်တွင် လေ့လာ ကြည့်သောအခါ သက်ရင်းကြီး ပင်သည် အမြစ်၊ အခေါက်၊ အရွက် သုံးမျိုးလုံး အသုံးပြု နိုင်သည့် ဆေးဖက်ဝင် အပင်ဖြစ်ပြီး မြန်မာ တစ်ပြည်လုံး နေရာ ဒေသမရွေး ပေါက်ရောက် သည့် အပင်မျိုး ဖြစ်သည်ဟု တွေ့ရသည်။

ပင်စည် ဖြောင့်မတ်သည့် အပင်လတ်မျိုး ဖြစ်သည်။ အမြင့် ပေ ၃ဝ ထိ မြင့်တက်သည်။ ပင်စည်တွင် ရှိသော အပွေး၊ အခေါက် များမှာ အညိုရောင် ရှိသည်။ အရွက်မှာ သရက်ရွက် ကဲ့သို့ အစိမ်းရောင် ဖြစ်သည်။ သက်ရင်းကြီး ၏ ဆေးစွမ်းမှာ အသည်းရောင် ခြင်း၊ အသည်းကြီး ခြင်း သာမက အဆုတ်ရောင် ခြင်းကိုပါ သက်သာ စေနိုင်သည်။ အဆစ်အမျက် ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း တို့၌ သက်ရင်းကြီး အမြစ် (သို့မဟုတ်) အခေါက်ကို အတွင်းဆေး အဖြစ် စားသုံးခြင်း၊ အပြင်ဆေး အဖြစ် သွေးပြီး လိမ်းကျံခြင်း၊ ကြပ်ထုပ် ထိုးခြင်းများ ပြုလုပ်ပါက ရောဂါ လျင်မြန်စွာ ပျောက်စေသည် ဟု ဆိုသည်။

အမြစ်၏ ဆေးဖက်ဝင် ပုံမှာ ဒူလာနှင့် လိပ်ခေါင်းေ ရာဂါတို့ အတွက် အမြစ်ကို သံပရာရည်နှင့် သွေး၍ သောက်ရသည်။ အမြစ် ကို ထန်းလျက်နှင့် စိမ်၍ စိမ်ဆေးအဖြစ် နေ့စဉ် သုံးဆောင်ပါက အစာကြေပြီး လေမှန်၊ ဝမ်းမှန် စေသည်။ ၄င်း စိမ်ဆေးဖြင့် အရက်ဖြတ်၍ ရသည်။ အခြား ရောဂါများ ဝင်ရောက်ခြင်းေ ဘးမှလည်း ကာကွယ် နိုင်သည်။ အမြစ်ကို နွေ၊ မိုးရာသီ အရွက်များ ကြွေချိန်တွင် တူးယူလျှင် အာနိသင် အကောင်းဆုံး ဆေးဖက်ဝင်သော အချိန်ဖြစ်သည်။ အမြစ်ကို ရေဖြင့် စင်အောင်ဆေး၊ မှိုနှင့် ပိုး ကင်းစင်အောင် ရေနွေးနှင့် ပေါင်းပြီးမှ နေပြန်လှန်းပြီး အခြောက်ခံ ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

သက်ရင်းကြီး ပင်သည် ပူ၊ ခါး ၍ အနည်းငယ် စပ်သော အရသာ ရှိသောကြောင့် အဖွင့်ဓာတ် ဖြစ်သည်။ လေနှင့် သလိပ်ကို နိုင်သည်။ အဆီကို ကျစေသည်။ အတွင်းရှိ အလုံးအကျိတ်များကို ကြေစေနိုင်သည်။ သွေးစုခဲသော ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ပြည်တည်သော ရောဂါ တို့ကို နိုင်သည်ဟု ဆေးကျမ်း များက ဆိုသည်။ ပြည်တစို့စို့ ဖြစ်နေသော မကျက်သော အနာဆွေး၊ အနာဟောင်း များကို သက်ရင်းကြီး ရွက်ကို ကြိတ်ပြီး အုံပေးလျှင် အနာကျက် မြန်ပြီး အသားနု တက်စေသည်။ ဆီချိုရောဂါ ရှိသူများနှင့် သင့်သည်။

သက်ရင်းကြီး အခေါက်သည် ဖောရောင်ပြီး ဖျားသော အဖျား ရောဂါကို ပျောက်ကင်းစေ၍ အဖောကို ကျစေသည်။ အခေါက်သည် အဆိပ်ကို နိုင်သဖြင့် အဆိပ်ရှိသော အကောင် ကိုက်မိသော နေရာတွင် သွေးလိမ်းလျှင် အဆိပ်ကို ပြေစေနိုင်သည်။ ရှေးက မြွေကိုက်သော လူနာကို သက်ရင်းကြီး အခေါက်ကို သွေး၍ တိုက်သည်ဟု ဆေးကျမ်း များတွင် တွေ့ရသည်။

ဝမ်းဗိုက်စူ သူများ၊ အသည်း အဆီဖုံး သူများ၊ လေသလိပ် ထူပြောပြီး ရောဂါဝင် သူများသည် သက်ရင်းကြီး ရွက်နုလေး များကို နေ့စဉ် စားခြင်းဖြင့် ဝမ်းမှန် လေသက် စေသည့်အပြင် ရုပ်ဖောခြင်း၊ အသွားအလာ၊ အထိုင်အထတွင် အဆစ်အမျက်များ နာကျင် ကိုက်ခဲခြင်း များပါ ပျောက်ကင်း စေနိုင်ကြောင်း တင်ပြလိုက် ပါသည်။

#Yadanarpondaily

သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်


၁။ အိန္ဒိယ သမုဒ္ဒရာနှင့် မလက္ကာ ရေလက်ကြား တို့တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် ပုံမှန် မဟုတ်သည့် ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ လှေစီး ဒုက္ခသည်များ ပြဿနာသည် အရှေ့တောင် အာရှ ဒေသအတွင်း ၂ဝ၁၅ ခုနှစ် မေလ အလယ်ပိုင်းမှ စတင်၍ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ တို့အား ဂယက်ရိုက် လှုပ်ရှား စေခဲ့ပါသည်။

၂။ ယင်းကိစ္စများ ဖြစ်ပေါ်သည့် အချိန်ကာလ အတွင်းမှာပင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ ၌ မေ ၂၆ ရက်နေ့တွင် " The Oslo Conference to End Myanmar's Persecution of Rohingyas " ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အော်စလို ဆွေးနွေးပွဲသို့ မစ္စတာ ဂျော့ဆိုရော့စ် ၊ ဒေါက်တာ မဟာသီယာ မိုဟာမက်၊ ဒေါက်တာ ဆာအဒ်ဟာမစ်ဒ် အယ်လ်ဘာ နှင့် ဒက်စ်မွန်တူးတူး တို့မှ ကြိုတင် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်မှ တစ်ဆင့် လည်းကောင်း၊ လူကိုယ်တိုင် တက်ရောက်၍ လည်းကောင်း မိန့်ခွန်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။

၃။ ယင်းတို့၏ ပြောကြားချက် များတွင် မြန်မာနိုင်ငံ အနေဖြင့် ရခိုင်ဒေသရှိ အသိုက်အဝန်း နှစ်ခုအကြား ဆောင်ရွက် ပေးနေသည့် ယုံကြည်မှု ပြန်လည် တည်ဆောက်ရေး၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းမှု အတွက် အစီအမံများ၊ မြန်မာနိုင်ငံ အတွင်း ယခင် နှစ်ပေါင်းများစွာ ကပင် နေထိုင် လာခဲ့သည့် ဘင်္ဂါလီ များအား နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် များမှတစ်ဆင့် တရားဝင် နိုင်ငံသား ဖြစ်ခွင့်ရရှိရန် ဆောင်ရွက် နေမှု၊ ရေရှည်တွင် အသိုက်အဝန်း နှစ်ခုအကြား ခိုင်မာ မှန်ကန်သည့် အထောက်အထား များဖြင့် လက်တွဲ နေထိုင်သွား နိုင်ရန် အစီအမံ တို့ကို လျစ်လျူရှု ပြစ်တင် ဝေဖန်မှု များကို ပြုလုပ်ခဲ့ ပါသည်။ ဤသို့ အပြုသဘော မဆောင်သည့် ၄င်းတို့၏ ပြောကြားချက် များကို ကန့်ကွက် ပါသည်။

၎။ မြန်မာနိုင်ငံ သည် ဒေသတွင်း နိုင်ငံများနှင့် အတူ လတ်တလော ဖြစ်ပေါ်နေသည့် လှေစီး ဒုက္ခသည်များ ပြဿနာကို လက်တွဲ ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ ထို့အတူ တစ်နိုင်ငံချင်း အနေဖြင့်လည်း မိမိတို့ တတ်နိုင်စွမ်း သရွေ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပံ့ပိုးမှုများကို ပေးအပ်ခြင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ကိုလည်း ပြုလုပ်လျက် ရှိပါသည်။

၅။ ထို့ပြင် မေ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၌ ပြုလုပ်ခဲ့သည့် အိန္ဒိယ သမုဒ္ဒရာ အတွင်း ပုံမှန် မဟုတ်သည့် ရွှေ့ပြောင်း သွားလာမှု ဆိုင်ရာ အထူး အစည်းအဝေး သို့ ပါဝင် တက်ရောက်ခဲ့ပြီး ဒေသတွင်း နိုင်ငံများ နှင့်အတူ လူမှောင်ခို ထုတ်မှု၊ လူကုန်ကူးမှု နှင့် ဆက်စပ် နိုင်ငံဖြတ်ကျော် မှုခင်းများအား ရေတို/ ရေရှည်တွင် ထိရောက်စွာ ပူးပေါင်း ဖြေရှင်း သွားနိုင်ရန် အမြင်ချင်း ဖလှယ် နှီးနှောမှုများ ပြုလုပ်နိုင် ခဲ့ပါသည်။ နိုင်ငံ တစ်နိုင်ငံကို ဦးတည် ပြစ်တင် ဝေဖန်မှုများ ပြုလုပ် နေခြင်းထက် လူသားချင်း စာနာ ထောက်ထားမှု ကိစ္စများကို ဦးစားပေး ပူးပေါင်း ဆောင်ရွက်ရန် နှင့် သက်ဆိုင်သည့် နိုင်ငံများတွင် ဖွံ့ဖြိုးရေး အကူအညီများ ပေးရေး အတွက်ကိုလည်း မြန်မာ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် ဦးတည် ဆွေးနွေး ခဲ့ပါသည်။

၆။ သို့ဖြစ်ပါ၍ လူမှောင်ခို ကူးသူများနှင့် လူကုန်ကူး သူများ၏ အမြတ် ထုတ်မှုကြောင့် ထိခိုက် ခံစားနေရသည့် လှေစီး ဒုက္ခသည် များအား လူသားချင်း စာနာမှု ဆိုင်ရာ စိတ်သဘောထား ရှိ၍ ထောက်ပံ့ရေး နည်းလမ်းများ ရှာဖွေ ကူညီရန် လိုအပ်လျက် ရှိချိန်တွင် နိုင်ငံ တစ်နိုင်ငံ အပေါ် တစ်ဖက်သတ် ဖိအားပေး အပြစ်ပုံချသည့် အပြုအမူ များသည် မြန်မာနိုင်ငံ အပါအဝင် သက်ရောက်ခံ နိုင်ငံများ၏ လတ်တလော ကြိုးပမ်းမှု များကို သေးသိမ်ရာ ရောက်စေပြီး နိုင်ငံတကာမှ အထင်အမြင် လွဲမှားမှုများ ဖြစ်စေ နိုင်သဖြင့် တစ်ဖက် စောင်းနင်း နိုင်သော အဆိုးမြင် ပြောကြားချက် များအားလုံးကို မြန်မာနိုင်ငံ က ပယ်ချပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂ဝ၁၅ ခုနှစ် ၊ မေ ၃ဝ

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၅-၂၀၁၅) တနင်္ဂနွေနေ့



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၅-၂၀၁၅) တနင်္ဂနွေနေ့
Download Links

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၅-၂၀၁၅) စနေနေ့
Download Links

Friday, May 29, 2015

အင်ဒိုနီးရှားရောက် မြန်မာရေလုပ်သား ၁၂၉ ဦး တတိယအသုတ် အဖြစ် ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိ



ရန်ကုန် ၊ ၂၉-၅-၂၀၁၅

အင်ဒိုနီးရှား နိုင်ငံရှိ ကျွန်းများပေါ်တွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိ နေသော မြန်မာ ရေလုပ်သား များအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူလျက်ရှိရာ တတိယ အသုတ်အဖြစ် ယမန်နေ့ ညပိုင်းတွင် လေကြောင်း ခရီးဖြင့် ရေလုပ်သား ၁၂၉ ဦးအား ခေါ်ဆောင် လာကြောင်း သိရသည်။

''အခုအခါမှာ အင်ဒိုနီးရှားနိုင်ငံ ရဲ့ ရာသီဥတု အခြေအနေက မိုးရွာသွန်းမှုတွေ အတော်ကို များပြား နေပါတယ်။ ဝေးလံ ခေါင်းပါးတဲ့ ကျွန်းတွေကို သွားပြီး လူစာရင်း ကောက်ရတာလည်း မလွယ်ကူ လှဘူး။ အခက်အခဲတွေ တော့ရှိပါတယ်''ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူး ရဲဝင်းအောင် က ပြောသည်။

ယခု တတိယ အသုတ်အား နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်၊ အလုပ်သမား ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ လူမှုဝန်ထမ်း သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးအေးကျော်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့ ဒုတိယ ရဲမှူး မိုးဦး၊ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ်၊ IOM မှ ကိုယ်စားလှယ် များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ခေါ်ဆောင် လာခြင်း ဖြစ်သည်။

ရေလုပ်သား ၁၂၉ ဦးအား ကျိုက်ဝိုင်း လူမှုဝန်ထမ်း ဦးစီးဌာန သင်တန်းကျောင်း ၌ ခေတ္တ ထားရှိကာ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို)မှ တစ်ဦးလျှင် ငွေကျပ်တစ်သိန်း၊ ကမ္ဘောဇဘဏ် အုပ်စုမှ တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှင့် အင်္ကျီတစ်ထည် တို့အား ထောက်ပံ့ ပေးအပ်ခဲ့သည်။ ကျန်ရှိနေသော လူဦးရေ ၁ဝဝ ကျော်ကို ဇွန်လ ပထမပတ်တွင် စတုတ္ထ အသုတ်အဖြစ် ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလုပ်သား များကို ကမ္ဘောဇဘဏ် အုပ်စုနှင့် မြန်မာအမျိုးသား လေကြောင်းလိုင်း တို့ပူးပေါင်း၍ အခမဲ့ ခေါ်ဆောင် ပေးခဲ့ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily

ဖီဖာအမှုဆောင်များ ဖမ်းဆီးခံရခြင်းကြောင့် ဖီဖာအတွက် စပွန်ဆာ ပေးထားသည့် ကုမ္ပဏီများ စပွန်ဆာရုပ်သိမ်းရန် စီစဉ်နေ



ဇူးရစ် ၊ ၂၉-၅-၂၀၁၅

ဗုဒ္ဓဟူးနေ့က ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့၌ အက်ဖ်ဘီအိုင် နှင့် ဆွစ်ဇာလန် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ သောကြာနေ့ ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲ ကျင်းပရန် ရောက်ရှိ နေကြသော ဖီဖာအမှုဆောင် အဖွဲ့ဝင် ခုနစ်ဦးကို ဖမ်းဆီးပြီး ဖီဖာနှင့် ပတ်သက်၍ ပေါင်သန်း ၁ဝဝ ကျော်ကို လာဘ်စား ရယူခဲ့မှုဖြင့် ၁၄ ဦးကို အမေရိကန် အာဏာပိုင် များက အရေးယူ ခဲ့သည်။

ဖမ်းဆီးခံ ရသူများထဲတွင် ဖီဖာ ဒုတိယ ဥက္ကဋ္ဌ ဂျက်ဖရီဝက်ဘ်၊ ထိုင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝိုရာဝီမာကူဒီ၊ ကော်စတာရီကာ မှ ကွန်ကာကက်ဖ် ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အီဒူရာဒိုလီ၊ ဥရုဂွေးမှ ဖီဖာ ဒုတိယ ဥက္ကဋ္ဌ ဖစ်ဂွါဒို တို့ ပါဝင်ခဲ့ သလို နီကာရာဂရာ မှ ဂျူလီယိုရိုချာ၊ ဗြိတိန်မှ ကော့စတက်ကက်စ်၊ ဘင်နီဇွဲလား မှ အက်စကွီဗယ်၊ ဘရာဇီး မှ ဂျိုဆေး မာရီယာမာရင်၊ ပါရာဂွေးမှ နီကိုး လပ်စ်လီယို့ဇ်၊ အာဂျင်တီးနား မှ ဘာဇာကို၊ အမေရိကန် မှ အေရွန်ဒေးဗစ်ဆန်၊ အာဂျင်တီးနား မှ ဟူဂိုဂျင်ကစ်၊ မာရီယာနိုဂျင်ကစ် နှင့် ဘရာဇီးမှ ဂျိုဆေးမာဂူလီ တို့ ၁၄ ဦး ပါဝင်သည် ဟု ဆိုသည်။

ဖီဖာဒုတိယ ဥက္ကဋ္ဌဟောင်း ဂျက်ဝါနာ သည်လည်း ဗုဒ္ဓဟူးနေ့က မွေးရပ် ထရီနီဒက် နိုင်ငံ၌ အမှု ၁၂ ခုဖြင့် စွဲချက်တင် ခံထားရခြင်းကြောင့် ကိုယ်တိုင် ရဲစခန်းသို့ သွားရောက် ဖမ်းဆီးခံခဲ့သည်။

ဖီဖာဥက္ကဋ္ဌ ဘလတ္တာ သည် ဗုဒ္ဓဟူးနေ့က အာဖရိက နှင့် တောင်အမေရိက ဘောလုံး အဖွဲ့ချုပ်များ ကွန်ဂရက်သို့ တက်ရောက် လာခြင်း မရှိသလို ကြာသပတေးနေ့ တွင် ဇူးရစ်၌ ကျင်းပသည့် ဖီဖာ ဆေးဘက်ဆိုင်ရာ ကွန်ဂရက် သို့လည်း တက်ရောက်ခြင်း မရှိခဲ့ပေ။

ဆွစ်ဇာလန် ရဲတပ်ဖွဲ့က ၂ဝ၁၈ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလား ပွဲများကို ရုရှားနှင့် ကာတာ တို့ အိမ်ရှင်လုပ်ခွင့် ရသွားခြင်း၌ ဖီဖာ အမှုဆောင်များ ထံမှ လာဘ်ထိုးမဲ ဝယ်ယူခဲ့မှုကို ဆက်လက် စုံစမ်းသွားမည် ဟု အတည်ပြု ပြောကြားသည်။

ဖီဖာတွင် ဒုတိယဥက္ကဋ္ဌ များ အပါအဝင် အမှုဆောင် များသည် အစဉ်အဆက် လာဘ်စား၍ ငွေကြေး ခဝါချမှုများ ရှိခြင်းကြောင့် ဖီဖာမှ ကြီးမှူးသည့် ဘောလုံးပွဲ များအား စပွန်ဆာ ပေးထားသည့် Visa ဘဏ္ဍာရေး ကုမ္ပဏီ၊ Hyundai ကားကုမ္ပဏီ၊ Coca-cola အချိုရည် ကုမ္ပဏီ အပါအဝင် စပွန်ဆာ ကုမ္ပဏီများစွာက စပွန်ဆာများ ရုပ်သိမ်းရန် စီစဉ်နေကြသည်။

''ဖီဖာရဲ့ ဒီနေ့ အခြေအနေဟာ ဝမ်းနည်းစရာ ကောင်းလောက်အောင် ဆိုးရွား နေပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို လူသားတွေ ပေါင်းစည်းခြင်း၊ ဘောလုံးအပေါ် တစ်ကမ္ဘာလုံး က သန့်ရှင်းစွာ ချစ်မြတ်နိုး ကြခြင်းကြောင့် စပွန်ဆာ ပေးခဲ့တာပါ။ ဖီဖာဘက်က အခုလို လာဘ်စားမှုတွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့အတွက် ကျွန်တော်တို့ရဲ့ စပွန်ဆာ ပေးမှုကို ရုပ်သိမ်းဖို့ အခြေအနေ ဖြစ်လာပါပြီ'' ဟု Visa ကုမ္ပဏီက သတင်းထုတ်ပြန် ခဲ့သည်။

ယူအီးအက်ဖ်အေ အကြီးအကဲ များကလည်း သောကြာနေ့တွင် ကျင်းပမည့် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲကို ခြောက်လ ရွှေ့ဆိုင်းပြီးမှ ကျင်းပ သင့်သည်ဟု အဆိုပြုမှုများ ရှိလာသည်။

ဆက်စပ်သတင်း =



ဒေါ်လာသန်း ၁၀၀ ကျော် လာဘ်စားခဲ့ခြင်း သံသယဖြင့် ဖီဖာအမှုဆောင် ၆ ဦးကို ဇူးရစ်တွင် FBI မှ ၀င်ရောက်ဖမ်းဆီး
.
ဇူးရစ် ၊ ၂၈-၅-၂၀၁၅
.
လာမည့် သောကြာနေ့တွင် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲ ရှိ၍ ဆွစ်ဇာလန်နိုင်ငံ ၌ ဖာဖီကွန်ဂရက် ကျင်းပ ပြုလုပ်ရန် ရောက်ရှိနေ ကြချိန်၌ FBI မှ ဖီဖာအမှုဆောင် ခြောက်ဦးကို ၄င်းတို့ တည်းခိုရာ ဇူးရစ်မြို့ရှိ Baur au Lac ဟိုတယ်၌ ဗုဒ္ဓဟူးနေ့တွင် ဝင်ရောက် စီးနင်းဖမ်းဆီး ခဲ့သည်။
.
ဖမ်းဆီးခံရသည့် ခြောက်ဦးထဲတွင် ဖီဖာ ဒုတိယဥက္ကဋ္ဌ ဂျက်ဖရီဝက်ဘ် လည်း ပါဝင်ခဲ့ပြီး ၄င်းတို့သည် ဒေါ်လာ သန်းရာနှင့်ချီ၍ လာဘ်စားခဲ့သည့် သံသယဖြင့် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်သည်။ AP သတင်းဌာန၏ ဖော်ပြချက် အရ ဖီဖာဥက္ကဋ္ဌ ရာထူးကို ငါးကြိမ်မြောက် အဖြစ် ဝင်ရောက် ရွေးချယ်ခံမည့် လက်ရှိ ဖီဖာဥက္ကဋ္ဌ ဘလတ္တာသည် ဇူးရစ်မြို့ရှိ တခြားသော ဟိုတယ်တစ်ခု၌ အာဖရိက ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး တစ်ရပ်သို့ တက်ရောက် နေခဲ့၍ ဖမ်းဆီးခံ ရသူများထဲတွင် မပါဝင်ခဲ့ဟု ဖီဖာ ပြောရေးဆိုခွင့် ရှိသူ ဝဲလ်တာဂရီဂိုရီ က အတည်ပြု ခဲ့သည်ဟု ဆိုသည်။
.
ဖမ်းဆီးခံရသည့် ခြောက်ဦးတွင် ဥရုဂွေး ဘောလုံး အမှုဆောင် အူဂီနီယိုဖီဂူရီဒို၊ ထိုင်းနိုင်ငံမှ ဖီဖာ အမှုဆောင် အဖွဲ့ဝင် ဝိုရာဝီမာကူဒီ၊ ကော်စတာရီကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အီဒူရာဒိုလီ တို့ ပါဝင်ခဲ့ကြောင်း နယူးယောက် တိုင်းမ်၊ ဘလွန်ဘာ့ဂ် နှင့် ဝေါလ်စထရိ ဂျာနယ် တို့မှ ရေးသား ဖော်ပြခဲ့သည်။ FBI သည် အဆိုပါ ဟိုတယ်သို့ ဒေသ စံတော်ချိန် နံနက် ၅ နာရီခွဲတွင် ရောက်ရှိ လာခဲ့ပြီး နံနက် ၆ နာရီ ၄၅ မိနစ်တွင် မာကူဒီ အပါအဝင် ဖီဖာ အမှုဆောင်များကို အဖြူရောင် ပိတ်ကားချပ်များ ကာကွယ်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြသည်။
.
ဆွစ်ဇာလန် ဖက်ဒရယ် တရားရုံး FOJ မှ သတင်းတစ်ရပ် ထုတ်ပြန်ရာတွင် ဖီဖာ အကြီးအကဲ ခြောက်ဦးသည် သန်းပေါင်း များစွာသော လာဘ်စားမှုများ ပြုလုပ်ပြီး အဆိုပါ ငွေများကို အမေရိကန် ပြည်တွင်းဘဏ် များမှတစ်ဆင့် လွှဲပြောင်း ရယူရန် သဘောတူညီမှု ယူခဲ့ကြကြောင်း၊ ၄င်းတို့၏ မသမာမှုများကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အရှေ့ပိုင်း ခရိုင် ရှေ့နေများရုံးမှ မသင်္ကာ၍ စုံစမ်းစစ်ဆေး ခဲ့ပြီး ၁၉၉ဝ ပြည့်လွန်နှစ် များမှ ယနေ့အထိ မသမာသော ငွေစာရင်း လွှဲပြောင်းမှု များကြောင့် သံသယဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
.
အမေရိကန်နိုင်ငံ နယူးယောက် အရှေ့ပိုင်းခရိုင် ရှေ့နေများရုံးမှ သတင်း ထုတ်ပြန်ရာတွင် အဆိုပါ ဖီဖာ အကြီးအကဲများသည် အားကစား မီဒီယာ တာဝန်ရှိသူများ၊ အားကစား ပရိုမိုးရှင်း လုပ်ငန်းစု များသည် စပွန်ဆာ မူပိုင်ခွင့်များ အတွက် ဒေါ်လာသန်း ၁ဝဝ ကျော်သော လာဘ်စားမှုများ ပြုလုပ်ခဲ့သည်ဟု သံသယရှိပြီး လက်တင် အမေရိကရှိ ဘောလုံးပွဲများ၌ အဆိုပါ မူပိုင်ခွင့်များ ပေးမည်ဆိုသော ကတိဖြင့် လာဘ်စား ခဲ့ကြသည်ဟု သတင်း ထုတ်ပြန်သည်။
.
ဖမ်းဆီးခံခဲ့ ရသော အမှုဆောင်များ အနက် ဖီဖာဒုတိယ ဥက္ကဋ္ဌ ဂျက်ဖရီဝက်ဘ် သည် မြောက် အမေရိကတိုက် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ်ပြီး ၄င်း၏ မွေးရပ် ကေမန် ကျွန်း နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လည်း ဖြစ်သည်။ ဝက်ဘ် သည် ၂ဝ၁၈ နှင့် ၂ဝ၂၂ ကမ္ဘာ့ဖလား အိမ်ရှင်လုပ်ခွင့် တွင် ရုရှားနှင့် ကာတာ တို့ မသမာသော စည်းရုံး လာဘ်ထိုးမှုများ ရှိခဲ့ခြင်းကို ဖီဖာမှ တာဝန်လွှဲအပ် သည့် ဂါစီယာ ရှာဖွေ ပြုစုခဲ့သော သတင်းအား လူသိရှင်ကြား ထုတ်ဖော် ပြသရန် တောင်းဆိုခဲ့ သူများထဲတွင် ပါဝင်ခဲ့သည်။
.
#Themyawadydaily

လာမည့်နှစ်များတွင် အာဆီယံနိုင်ငံများ၏ စံနှုန်းနှင့်ညီစေရန် ပညာရေးအသုံးစရိတ် ထပ်မံတိုးမြှင့်မည်



ရန်ကုန် ၊ ၂၉-၅-၂၀၁၅

လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်မှာ အစိုးရ အသုံးစရိတ် စုစုပေါင်း၏ ၆ ရာခိုင်နှုန်းခန့် ရှိပြီး လာမည့်နှစ် များတွင် အာဆီယံနိုင်ငံ များ၏ စံနှုန်းနှင့် ညီစေရန် ထပ်မံ တိုးမြှင့်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြည်သူ့ ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး က မြန်မာနိုင်ငံ ၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ရသုံးမှန်းခြေ ငွေစာရင်း နောက်ဆက်တွဲ စကားဝိုင်း ဆွေးနွေးပွဲ၌ ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ် များကို လေ့လာ ကြည့်လျှင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် အစိုးရ အသုံးစရိတ် စုစုပေါင်း၏ ၃ ဒသမ ၈၈၂ ရာခိုင်နှုန်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၄၄ ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် တွင် ၅ ဒသမ ၉၉ ရာခိုင်နှုန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်း ကျော် အသီးသီး ရှိကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် အစိုးရ အသုံးစရိတ် စုစုပေါင်းမှာ ငွေကျပ် ၂ဝ၆၁၃ ဘီလီယံရှိပြီး ပညာရေး အသုံးစရိတ်မှာ ငွေကျပ် ၁၃၉၉ ဘီလီယံ ကျော်ရှိကာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ပညာရေး အသုံး စရိတ်သည် ငွေကျပ် ၃၁ဝ ဘီလီယံ ကျော်ရှိရာမှ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်တွင် လေးဆကျော် အထိ တိုးမြင့် လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အာဆီယံ နိုင်ငံများတွင် ပညာရေး အသုံးစရိတ် သည် သက်ဆိုင်ရာ နိုင်ငံ အစိုးရ အသုံးစရိတ် ၏ ပျမ်းမျှ ၁၃ ရာခိုင်နှုန်း မှ ၁၄ ရာခိုင်နှုန်း အထိ ရှိနေပြီး မြန်မာနိုင်ငံ တွင်လည်း ပညာရေး အသုံးစရိတ် များကို
ထပ်မံတိုးမြှင့် သွားမည်ဖြစ်ကာ လာမည့် နှစ်များအတွင်း အာဆီယံ အဆင့်ကို ပြည့်မီရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

ယခုနှစ်အတွင်း မြို့ကြီးသုံးမြို့၌ ရေလမ်း အကောက်စခန်း သုံးခု ထပ်မံဖွင့်လှစ်သွားမည်



ရန်ကုန် ၊ ၂၉-၅-၂၀၁၅

၂ဝ၁၅ ခုနှစ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တို့၌ ရေလမ်း အကောက်စခန်း သုံးခု ထပ်မံ ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ် အတွင်း၌ ပထမဆုံး ရေလမ်း အကောက်စခန်း ကို ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ အထက်ပိုင်းရှိ ဧရာဝတီ မြစ်ကမ်းအနီး တည်ရှိသော ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသခွဲ ၃ ရုံး၌ တွဲဖက်၍ ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် အနေဖြင့် ယခုနှစ် အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တို့၌ ရေလမ်း အကောက်စခန်း ၁ဝ ခုအထိ ဖွင့်လှစ်သွားရန် ရည်ရွယ် ခဲ့သော်လည်း အကောက်စခန်း လေးခုသာ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း၊
ပထမဆုံးသော ရေလမ်း အကောက် စခန်းကို ပြည်မြို့ အထက်ပိုင်း၌ ဖွင့်လှစ်ထားပြီး ဖြစ်ရာ အသစ်ထပ်မံ ဖွင့်လှစ်မည့် အကောက်စခန်း သုံးခုကို မုံရွာ၊ မကွေး နှင့် ဟင်္သာတ စသည့်မြို့ တို့၌ တိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မကွေး အကောက်စခန်းကို ဇွန် ၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို ရေလမ်း အကောက်စခန်း များတွင် နိုင်ငံတော်မှ ပြဋ္ဌာန်း ထားသော ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များ အတိုင်း ရေယာဉ် ဖြတ်သန်း သွားလာခ များကို စနစ်တကျ သတ်မှတ် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

မြန်မာနိုင်ငံမှ ထွက်ရှိသော ဂျူးမြစ်များကို တောင်ကိုရီးယားနိုင်ငံမှ ဝယ်ယူရန်စီစဉ်



ရန်ကုန် ၊ ၂၉-၅-၂ဝ၁၅

မြန်မာနိုင်ငံမှ ထွက်ရှိသော ဂျူးမြစ်များသည် စားသောက်ကုန် အဖြစ် သာမက ဆေးဖက်ဝင်သော အပင်တစ်မျိုး ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာမှ ဆေးဘက်ဆိုင်ရာ ပညာရှင် များနှင့် တိုင်းရင်းဆေးဝါး ကျွမ်းကျင် သူများက အသိအမှတ်ပြု ထားသည့် အတွက် တောင်ကိုရီးယား နိုင်ငံမှ မြန်မာ့ဂျူးမြစ် များကို ဝယ်ယူကာ တိုင်းရင်းဆေးဝါး နှင့် အရေပြား ထိန်းသိမ်းခြင်း ဆိုင်ရာ အလှကုန် ပစ္စည်းများ ဖော်စပ် ထုတ်လုပ်ရာတွင် အသုံးပြုရန် ဝယ်ယူလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ရေမြေ အနေအထား၊ ရာသီဥတုနှင့် စိုထိုင်း အခြေအနေ စသည်တို့ကြောင့် ပြည်တွင်း၌ စိုက်ပျိုး ဖြစ်ထွန်းလျက် ရှိသော ဂျူးမြစ်များသည် ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက် နိုင်သကဲ့သို့ ကျန်းမာရေး ကိုလည်း အထောက် အကူပြု သောကြောင့် ၄င်းတို့ကို အသုံးပြုကာ အလှကုန် ပစ္စည်းများနှင့် တိုင်းရင်း ဆေးဝါးများ စီးပွားဖြစ် ထုတ်လုပ်ရန် တောင်ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကျွမ်းကျင် ပညာရှင် များသည် ယခုအခါ မြန်မာ့ဂျူးမြစ် များကို ဓာတ်ခွဲ စမ်းသပ်ခြင်း များနှင့် အရည်အသွေး စစ်ဆေးခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဂျူးမြစ်များကို မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ပင်းတယ၊ အောင်ပန်းနှင့် နောင်တရား စသည့်ဒေသ တို့၌ အများဆုံး စိုက်ပျိုးကြသည်။

ထိုဒေသများမှ ထွက်ရှိသော ဂျူးမြစ်များသည် အောက်ဆီဂျင် ဓာတ်တိုးမှုကို ချေဖျက်နိုင်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ပင်ပန်းနွမ်းနယ် ခြင်းတို့ကို လျော့ပါးစေ နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည့်အပြင် အရိုးပါးရောဂါ၊ အဆုတ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နှင့် အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ရောဂါတို့ကို ပျောက်ကင်း စေနိုင်ကြောင်း၊ အာဟာရဓာတ် အနေဖြင့် ပရိုတိန်းဓာတ်၊ အဆီဓာတ်နှင့် အမျှင်ဓာတ်တို့ ပါရှိသည့် အတွက် ဂျူးမြစ်ကို စားသုံးခြင်းဖြင့် အသားအရေ စိုပြည် လှပအောင် ထိန်းသိမ်း နိုင်စွမ်း ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

ခြေလက် ပြတ်တောက်မှုများကို အမြန်ဆုံး ပြန်ဆက် ကုသပေးနိုင်ရန် ဆက်သွယ်ရမည့် အရေးပေါ် ဖုန်းနံပါတ်များ ထုတ်ပြန်


ရန်ကုန် ၊ ၂၉-၅-၂ဝ၁၅

အကြောင်း ကြောင်းကြောင့် ထိခိုက်မှုများ ဖြစ်ပွား၍ ခြေလက် ပြတ်တောက် ခြင်းများ ဖြစ်လာပါက အမြန်ဆုံး ကုသနိုင်စေရန် ဆက်သွယ် ဆောင်ရွက်ရမည့် အရေးပေါ် ဖုန်းနံပါတ် များကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ထုတ်ပြန် ပေးထားကြောင်း အဆိုပါ ဆေးရုံရှိ လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။

အဆိုပါ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များမှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ် ကုသဌာန ဖုန်း-ဝ၁-၂၅၆၁၂၃၊ ဝ၁- ၂၅၆၁၁၂ နှင့် ဝ၁-၂၅၆၁၁၄ လိုင်းခွဲ ၈၅၆ တို့ဖြစ်ပြီး ယင်းဖုန်းများတွင် အထူးကု ဆရာဝန် များအား ၂၄ နာရီ တာဝန်ချထား ပေးကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိမှု တစ်စုံ တစ်ခု ကြောင့် ခြေလက် ပြတ်တောက် ခြင်းများ ဖြစ်ပွားပါက ပြတ် သွားသော ခြေလက်များကို သန့်ရှင်း ခြောက်သွေ့သော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးဖြင့် ထည့်ပြီး ဘေးပတ်ပတ် လည်၌ ရေခဲထည့် အအေးခံကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး သို့ အချိန်မီ သယ်ဆောင် လာရန် လိုအပ်ကြောင်း သိရသည်။

အဓိက အားဖြင့် ပြတ်သွားသော ခြေလက်များကို ဆားရည်ဖြင့် စိမ်၍ ဆေးကြောခြင်းများ မပြုလုပ်ဘဲ ခြောက်သွေ့ စေရန် ပြုလုပ်ပြီး အအေးခံကာ ယူဆောင် လာပါက ပြန်ဆက်ရာတွင် အဆင်ပြေ လွယ်ကူမှု ရှိကြောင်း သိရသည်။ ထိုသို့ ပြတ်တောက်မှုများ ဖြစ်ပွားပါက လူနာရှင် များသည် လိုအပ်သော အကြံဉာဏ်များ ရရှိနိုင်စေရန်နှင့် ဆေးရုံ၌ ကြိုတင်စီစဉ် ဆောင်ရွက် ထားနိုင်စေရန် အရေးပေါ် ကုသဌာနသို့ ဖုန်းကြိုဆက်၍ သတင်းပေးပို့ သင့်ကြောင်း သိရသည်။

ထို့အပြင် လက်မောင်း၊ တံတောင်ဆစ်နှင့် လက်ကောက်ဝတ် စသည်တို့ ပြတ်တောက် သွားပါက ၁၂ နာရီမှ ၂၄ နာရီအတွင်း၊ လက်ချောင်းများ ပြတ်တောက် သွားပါက ၂၄ နာရီမှ နာရီ ၃ဝ အတွင်း အချိန်မီ လာရောက်၍ ဆေးကုသပြီး ပြန်ဆက်၍ ကုသလျှင် ရနိုင်ကြောင်းနှင့် မည်သည့် ပြတ်တောက်မှု မဆို ပြတ်တောက်ပြီး နောက် ခြောက်နာရီ အတွင်း ယူဆောင်လာကာ ခွဲစိတ်ကုသမှု ခံယူပါက အကောင်းဆုံး ပြန်ဆက်၍ ကုသနိုင်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

Bangkok Bank ရန်ကုန်မြို့၌ ဘဏ်ခွဲဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာများ ဝန်ဆောင်မှု ပေးသွားရန်စီစဉ်ထား



ရန်ကုန် ၊ ၂၉-၅-၂ဝ၁၅

ထိုင်းနိုင်ငံ၏ နာမည်ကြီး ဘဏ်လုပ်ငန်း တစ်ခုဖြစ်သည် ဗန်ကောက်ဘဏ် သည် ယခုနှစ် ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၌ ဘဏ်ခွဲဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်း ဆိုင်ရာများကို ဝန်ဆောင်မှု ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ၂ဝ၁၄ ခုနှစ် ကတည်းက ရရှိ ခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ အတွင်းမှာ ဘဏ်ခွဲဖွင့်ဖို့ အတွက် တခြားအရာ တွေကို ပြင်ဆင် နေရလို့ ဇွန် ၂ ရက်မှ ဘဏ်ခွဲကို ဖွင့်ဖြစ်မှာပါ။ ဘဏ်ခွဲ စဖွင့်တာနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု တွေကို အပြည့်အဝ ဝန်ဆောင်မှု ပေးဖို့ စီစဉ်ထား ပါတယ်'' ဟု ဗန်ကောက်ဘဏ် ၏ ဥက္ကဋ္ဌ Chartsiri Sophonpanich က ပြောသည်။

ရန်ကုန်မြို့၌ ဖွင့်လှစ်မည့် ဗန်ကောက်ဘဏ် ၏ ဘဏ်ခွဲတွင် ချေးငွေ ထုတ်ချေးပေးခြင်း၊ နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်ပြီး ငွေစုပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့၌ ဘဏ်ခွဲ ဖွင့်လှစ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် အမေရိကန် ဒေါ်လာ ၇၅ သန်း စပေါ်တင် ထားရကြောင်း သိရသည်။

ဗန်ကောက်ဘဏ် ရုံးခွဲ၌ ထိုင်းနိုင်ငံမှ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ များနှင့် မြန်မာနိုင်ငံမှ ဝန်ထမ်းများအား အလုပ်ခန့်အပ် သွားမည်ဖြစ်ကြောင်း၊ ဗန်ကောက်ဘဏ် သည် မြန်မာနိုင်ငံ အပါအဝင် တခြား အာဆီယံ နိုင်ငံတချို့ ၌လည်း ဘဏ်ခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း၌ ဖွင့်လှစ်မည့် ဗန်ကောက်ဘဏ် ၏ ဘဏ်ခွဲသည် ၄င်းတို့ ဘဏ်မှတစ်ဆင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင် များအား မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်မှုများ ပြုလုပ်ရန် ဖိတ်ခေါ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

မြန်မာ့စိန်တလုံးသရက်သီး များကို ဒိန်းမတ်နိုင်ငံမှ တန်ချိန် ၅၀၀၀ ခန့်ဝယ်ယူရန် ကမ်းလှမ်း



ရန်ကုန် ၊ ၂၉-၅-၂၀၁၅

ပြည်ပဈေးကွက်၌ နာမည် ရလာပြီ ဖြစ်သော မြန်မာ့ သရက်သီး မျိုးရင်း စိန်တစ်လုံး သရက်သီး များကို ဒိန်းမတ်နိုင်ငံ ရှိ အစားအသောက် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုမှ တန်ချိန် ၅ဝဝဝ ခန့် ဝယ်ယူရန် ကမ်းလှမ်း ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော စိန်တစ်လုံး သရက်သီး များကို ပြည်ပ နိုင်ငံများသို့ တင်ပို့မှုများ ရှိသော်လည်း စင်ကာပူ၊ ထိုင်းနှင့် တရုတ်နိုင်ငံ တို့မှ အများဆုံး ဝယ်ယူနေခြင်း ဖြစ်ပြီး တခြားသော အာရှနိုင်ငံများ သို့လည်း တင်ပို့ ရကြောင်းနှင့် ဥရောပနိုင်ငံ တစ်နိုင်ငံမှ မြန်မာ့ သရက်သီး များကို ဝယ်ယူရန် ကမ်းလှမ်း လာခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ေ ရာင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စင်ကာပူ၊ ထိုင်းနှင့် တရုတ်နိုင်ငံ တို့မှ အများအားဖြင့် ဝယ်ယူသော မြန်မာ့ သရက်သီး မျိုးရင်းများမှာ စိန်တစ်လုံး၊ ရွှေဟင်္သာ နှင့် ပတ္တမြား ငမောက် စသည်တို့ ဖြစ်ကြပြီး ယမန်နှစ် ကလည်း မြန်မာနိုင်ငံမှ အော်ဂဲနစ် နည်းပညာဖြင့် စိုက်ပျိုး ထွက်ရှိသော ရင်ကွဲ သရက်သီးများကို ပါကစ္စတန်နိုင်ငံ မှ အများအပြား ဝယ်ယူခဲ့ကြောင်း သိရသည်။

စိန်တစ်လုံး သရက်သီး များကို ပြည်ပသို့ တင်ပို့ရာတွင် တစ်လုံးလျှင် ၂၅ဝ ဂရမ်မှ ၃ဝဝ ဂရမ်အကြား အလေးချိန် ရှိသော စိန်တစ်လုံး သရက်သီး တစ်တန်လျှင် မြန်မာငွေကျပ် ရှစ်သိန်းမှ ၁ဝ သိန်းအထိ ရရှိကြောင်းနှင့် တစ်လုံးလျှင် ၃၅ဝ ဂရမ်မှ ၅ဝဝ ဂရမ်အထိ အလေးချိန် ရှိသော စိန်တစ်လုံး သရက်သီး တစ်တန်လျှင် ငွေကျပ် ၁ဝ သိန်းမှ ၁၃ သိန်းကျော် အထိ ဈေးရရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၅-၂၀၁၅) သောကြာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၅-၂၀၁၅) သောကြာနေ့
Download Links

မြစိမ်းရောင် ဂဏန်းပုံစံသစ်ဖြင့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင် ထုတ်ဝေမည်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ကြေညာချက်
( ၂၀၁၅ ခုနှစ် မေလ ၂၈ ရက် )



မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ထုတ်ဝေ ထားရှိသည့် ငွေစက္ကူ များ၏ ခိုင်မာလုံခြုံမှု အတွက် လုံခြုံမှု အဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင်ခြင်း များကို ပုံမှန် ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကျပ်တစ်သောင်းတန် ငွေစက္ကူ၏ တရားဝင် လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက် စေဘဲ ယင်းငွေစက္ကူ၏ လုံခြုံမှု အဆင့်အတန်း ပိုမိုမြင့်မား စေ၍ အရည်အသွေး ပိုမို ကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာ စေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ် နှင့် ငွေစက္ကူ၏ မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင် ထုတ်ဝေမည် ဖြစ်ပါသည်။

မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူ၏ မျက်နှာစာ ညာဘက်အောက် ထောင့်တွင် ရိုက်နှိပ်ထားသည့် ရိုးရိုးဂဏန်း ''၁ဝဝဝဝ'' အစား တောက်ပသည့် မြစိမ်းရောင် ''၁ဝဝဝဝ'' ဂဏန်းကို ပြောင်းလဲ ထည့်သွင်းထား ပါသည်။ ငွေစက္ကူကို အနေအထား ပြောင်းလဲကြည့်လျှင် ယင်းဂဏန်း ၏ တောက်ပမှု အလင်းရောင်သည် အထက်အောက် ရွေ့လျားနေသည့် အပြင် ဂဏန်း၏ အရောင်သည် မြစိမ်းရောင်မှ အပြာရင့်ရောင် သို့ ပြောင်းလဲ နိုင်ပါသည်။ ကျပ်တစ်သောင်းတန် ငွေစက္ကူ မျက်နှာစာ၏ လက်ဝဲဘက် အပိုင်းတွင် ပုံစံသစ်ဖြင့် ပြုလုပ်ထားသည့် ကြာဖြူပွင့်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ပါသည်။ ငွေစက္ကူကို ဖုံးအုပ် ကာကွယ်ထားသည့် ဗားနစ်(Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်း နိုင်သည့် အရာများကြောင့် ငွေစက္ကူ အရည်အသွေး နိမ့်ကျပျက်စီးခြင်း ကို ကာကွယ်စေ သဖြင့် ငွေစက္ကူ၏ အသုံးပြုနိုင်မှု သက်တမ်းကို ပိုမို ရှည်ကြာ စေပါသည်။ ၄င်းအပြင် ငွေစက္ကူ၏ ရှေ့မျက်နှာစာ ဘယ်၊ညာ အစွန်းများတွင် ဖောင်းကြွလိုင်းတို များကို ထည့်သွင်း ထားပါသည်။ မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူတွင် အသုံးပြု ထားသည့် လုံခြုံရေးကြိုးကို ဆက်လက် အသုံးပြုထားပြီး၊ ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ် မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ပန်းခရမ်းရောင် မှ အစိမ်းရောင်သို့ ပြောင်းလဲ နိုင်ပါသည်။

ယခုထုတ်ဝေမည့်ကျပ်တစ်သောင်းတန် ငွေစက္ကူမှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာ အသစ်နှင့် ငွေစက္ကူမျက်နှာ ပြင်နှစ်ဖက်ကို ဗားနစ်(Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားခြင်း တို့မှအပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အရောင် သတ်မှတ် ချက် များသည် မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူအတိုင်း ဖြစ်ပါသည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက်ရှိသော ကျပ်တစ်သောင်းတန် ငွေစက္ကူများ သည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက် တည်ရှိမည် ဖြစ်ပါသည်။

#Themyawadydaily

Thursday, May 28, 2015

ကမ္ဘာလုံးဆိုင်ရာ ဘွဲ့လက်မှတ်အတုများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စီးနင်း



အစ္စလာမ္မာဘတ် ၊ ၂၈-၅-၂၀၁၅

ပါကစ္စတန် အာဏာပိုင်များသည် နိုင်ငံအတွင်းရှိ ကမ္ဘာလုံးဆိုင်ရာ ဘွဲ့လက်မှတ် အတုများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံကို ယမန်နေ့တွင် စီးနင်းဝင်ရောက် ခဲ့ပြီး ယင်းစက်ရုံမှ ခေါင်းဆောင်ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ကရာချိမြို့ရှိ စာရွက်စာတမ်း အတု ပြုလုပ်သည့် အဖွဲ့၏ ဌာနချုပ်ကို စီးနင်းခဲ့ခြင်း ဖြစ်ပြီး ယင်းနောက် အမှတ် ဖော်ပြထားခြင်း မရှိသည့် ဒီပလိုမာ လက်မှတ်အတု ထောင်ပေါင်း များစွာကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အဆိုပါ စီးနင်းမှုအတွင်း အဓိက ကျသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော အမှုဆောင် အရာရှိ ရှောင်အစ်အာမက်ရှိတ် ကို ဖမ်းဆီး နိုင်ခဲ့ပြီး ကတ်များကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

ပါကစ္စတန် အစိုးရသည် နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသော ဘွဲ့လက်မှတ် အတု ပြုလုပ်သည့် ဂိုဏ်းများကို ရှာဖွေ ဖော်ထုတ်စဉ် ၄င်းတို့ကို ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာရွက်စာတမ်း အတု လုပ်သူများကို အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Car Black Box တပ်ဆင်အသုံးပြုသော အဝေးပြေး ယာဉ်အရေအတွက် အလွန် နည်းပါးနေသေး



ရန်ကုန် ၊ ၂၈-၅-၂ဝ၁၅

ပြည်တွင်းရှိ အဝေးပြေး လမ်းမကြီး များ၌ ယာဉ် မတော်တဆ မှုများ မကြာခဏ ဖြစ်ပွားသည့် အတွက် အဝေးပြေး အမြန် လမ်းမကြီး များ၌ မောင်းနှင် သွားလာ နေကြသော မော်တော်ယာဉ်များ၊ အထူးသဖြင့် အဝေးပြေး ခရီးသည်တင် ယာဉ်ကြီးများတွင် ယာဉ်မောင်းနှင် သွားလာမှု နှင့်ပတ်သက်၍ မှတ်တမ်းတင် နိုင်သော Car Black Box များ မဖြစ်မနေ တပ်ဆင် အသုံးပြုသင့် သော်လည်း ယနေ့အချိန်ထိ တပ်ဆင် အသုံးပြုသည့် မော်တော်ယာဉ် အရေအတွက်မှာ အလွန် နည်းပါး နေသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အဝေးပြေးယာဉ် တချို့မှာတော့ Car Black Box တွေ တပ်ထားတာကို တွေ့ဖူးတယ်။ ဒါပေမဲ့ မော်တော်ယာဉ် တိုင်းမှာ မဖြစ်မနေ တပ်ဆင် အသုံးပြုရမယ် ဆိုတဲ့ စည်းကမ်းချက် ကိုတော့ ထုတ်ပြန် ထားတာ မရှိသေးပါဘူး။

တပ်ထားနိုင် ရင်တော့ ကောင်းတယ်။ အဲဒီ Car Black Box တွေက ယာဉ်သွားလာမှု နဲ့ ယာဉ်ရှေ့မှာ ဖြစ်ပျက်တာ တွေကို မှတ်တမ်းတင် ပေးတဲ့ CCTV ကင်မရာ သဘောမျိုးပဲ။ ကားမောင်းနှင် သွားလာခဲ့တဲ့ ပုံစံတွေ၊ မောင်းခဲ့တဲ့ အရှိန်တွေ၊ ယာဉ်မတော်တဆ မှုဖြစ်ရင်လည်း ဖြစ်ပျက် ခဲ့တာတွေ အားလုံးကို မှတ်တမ်းတင် သိမ်းဆည်းထား နိုင်တယ်။ ကားတစ်စီးလုံး မီးလောင်သွား ရင်တောင် အဲဒီ Car Black Box ထဲမှာရှိတဲ့ Memory Chip လေးက မပျက်မစီးဘဲ ကျန်ရှိနေအောင် ဖန်တီး ပေးထားတဲ့ အတွက် မှတ်တမ်းတွေ ကျန်ရှိ နေနိုင်တာပေါ့။ ပြီးတော့ အဝေးပြေး ယာဉ်ပိုင်ရှင်တွေ အနေနဲ့ ကလည်း မိမိတို့ရဲ့ယာဉ်မောင်းတွေ ဘယ်လို မောင်းတယ် ဆိုတာကို Black Box မှတ်တမ်းတွေက တစ်ဆင့် သိရှိနိုင်တဲ့ အတွက် လိုအပ်သလို ကြပ်မတ် ဆောင်ရွက်ခြင်း တွေ ပြုလုပ်နိုင်တယ် '' ဟု ၄င်းက ပြောသည်။

ထို့အပြင် နိုင်ငံတကာတွင် အသုံးပြု နေကြသော နည်းပညာ အဆင့်မြင့် Car Black Box များသည် မော်တော်ယာဉ် မောင်းနှင် သွားလာမှုကို မှတ်တမ်းတင် နိုင်ခြင်း အပြင် ကားအရှိန် မြန်လာခြင်း များနှင့် ယာဉ်မောင်းများ အိပ်ငိုက်ခြင်း ကြောင့် ယာဉ်လမ်းကြောင်း လွဲချော် မောင်းနှင် လာခြင်းများ ဖြစ်လာလျှင်လည်း သတိပေး နိုင်စေရန် တီထွင် ထုတ်လုပ် ထားကြောင်းနှင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ ထိုကဲ့သို့ အဆင့်မြင့် Car Black Box တင်သွင်း ဖြန့်ချိ ရောင်းချနေသော ကုမ္ပဏီ အရေအတွက်မှာ နည်းပါး နေသေးကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

Heart to heart



= Maung Thar Weik =

Thanks to the cell phones young sweethearts as well as married couples can contact each other for having heart-to-heart talks at any time from almost any place however far they are from one another. In the past when there were no cell phones if your beloved one was not near you, you found it very difficult to contact with him or her. Sometimes and in some places, contacts can be made only through mail as line telephones were not widely a vailable. Besides phone charges were rather high and trunk calls were difficult or unclear.

Because of their occupation or business, sometimes married couples live separately. In some cases, the husband or the wife is away from home travelling on business or working in a faraway place. Sometimes both are away from home working in different places miles and miles afar. In such situation couples especially married pairs could not talk to each other or even know about one another for long months. It was an annoying and frustrating situation both for the husband and wife as they might have urgent cases, important matters, personal problems, family affairs, financial issues or business concerns to discuss in time.

But now, cell phones have made everything possible. These gadgets have almost solved all the above mentioned problems. More than that, couples nowadays can check or spy each other through surprise calls at unexpected times or through frequent calls. They can know what the other is doing by contacting friends. They can consult an important matter and make fi nal decisions through the mobile phones.What’s more they can argue or debate or even quarrel over and over again on air. Arguing is one of the common practices of nearly all the married couples. Without this married life is not complete. Married couples, especially the ones with older married lives, trend to make arguments, debates or disputes even on minor issues. Although couples had chosen each

other as the correct soulmates guaranteed by their many many bilateral promises of mutual concessions and indulgences, they actually have diverse views, opposite perspectives, different likes all hidden under the powerful force called “love” during their days as sweethearts, and till the early married life. As time goes by, this powerful force gradually wanes becoming weaker and weaker and could no longer conceal these differences. So,the honeymoon is over as their true nature appears. The husband would go his own way in dealing a problem while the wife chooses another way, insisting that hers is better. Although their goal is the same, their approaching methods are different leading towards arguments on who can better handle this matter. Some of the couples, especially husbands, avoid having long conversations with their spouses because the longer a conversation is the higher the possibilities are for an argument or a disagreement. In the past couples living apart for economic or occupational reasons normally had fewer chances for an argument or a dispute. But now it has become a thing of the past thanks to the cell phones that have become our everyday life. Wives who are keen on disagreeing with their husbands love making long or frequent phone calls with their yeobo (spouse).

With the help of mobile phones, a housewife can also detect her husband whether he is with another woman, or at a bar, or playing cards or gambling, or having a good time with his friends. As a result the progress in the utility of these tiny devices has extensively widened the wife’s reconnaissance power and area while drastically shrinking the husband’s screen. So, these gadgets teach husbands the way to have a heart-to-heart with their wives!

#Themyawadydaily

မဟာမဲခေါင်ဒေသတွင်း ထူးခြား လှပသည့် မျိုးစိတ်သစ် ၁၃ဝ ကျော်ကို သုတေသနပြု တွေ့ရှိခဲ့


မဟာမဲခေါင်ဒေသတွင် တွေ့ရှိရသည့် အရောင်ပြောင်းလဲ နိုင်သော ဖားမျိုးစိတ် တစ်မျိုးကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၈-၅-၂ဝ၁၅

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ် စသည့် နိုင်ငံတို့ ပါဝင်သော မဟာမဲခေါင် ဒေသတွင်း ထူးခြား လှပသည့် မျိုးစိတ်သစ် ၁၃ဝ ကျော်ကို သုတေသနပြု တွေ့ရှိခဲ့ကြောင်း ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ၏ အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

သုတေသနပြု တွေ့ရှိချက် များတွင် မြန်မာနိုင်ငံမှ ရေပုတ်သင် မျိုးစိတ်သစ် အပါအဝင် ထိတ်လန့်ဖွယ် အစွယ်များနှင့် လင်းနို့တစ်မျိုး၊ အဆိပ်ပြင်း မြွေတစ်မျိုးနှင့် တခြား တိရ စ္ဆာန်၊ အပင်နှင့် အင်းဆက် မျိုးစိတ်သစ် ၁၃၉ မျိုးကို မဟာမဲခေါင် ဒေသအတွင်း တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ယင်း မျိုးစိတ်သစ် များတွင် အပင်မျိုးစိတ် ၉ဝ၊ တွားသွား သတ္တဝါ ၂၃ မျိုး၊ ကုန်းနေ ရေနေ သတ္တဝါ ၁၆ မျိုး၊ ငါး ကိုးမျိုး နှင့် နို့တိုက် သတ္တဝါ တစ်မျိုးတို့ ပါရှိပြီး ယင်းတို့အနက် မျိုးစိတ် အများအပြား သည် စီမံကိန်းများ၊ ဆည်များ တည်ဆောက်ခြင်း၊ ဈေးကွက်အတွင်း ရောင်းဝယ် ဖောက်ကား ခံရခြင်းနှင့် သစ်တော ပြုန်းတီးမှု မြင့်တက် လာခြင်းတို့ကြောင့် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရကြောင်း အဆိုပါ အစီရင်ခံစာ အရ သိရသည်။

''မဟာမဲခေါင် ဒေသရဲ့ သဘာဝ အခြေခံ စနစ်က ကောင်းမွန်ပါတယ်။ ဒါကြောင့် ဒီဒေသကနေ ထူးခြားပြီး လှပတဲ့ မျိုးစိတ်သစ်တွေ မကြာခဏ ပေးစွမ်းနေတာ တွေ့ရတယ်။ ဒါကြောင့်လည်း ဒီဒေသ တစ်လျှောက်မှာ နေထိုင်ကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အနေနဲ့ ဒီမျိုးစိတ် တွေကို အတတ်နိုင်ဆုံး ကာကွယ် သွားဖို့ လိုအပ်ပါတယ်'' ဟု WWF မဟာ မဲခေါင်ဒေသ ၏ တောရိုင်း တိရ စ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး ဒါရိုက်တာ Teak Seng က ပြောသည်။

ယခု တွေ့ရှိခဲ့သည့် မျိုးစိတ်သစ်များ အပါအဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံတို့ ပါဝင်သော မဟာမဲခေါင် ဒေသတွင်း၌ ၁၉၉၇ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း မျိုးစိတ်သစ်ပေါင်း ၂၂၁၆ မျိုးကို ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မှ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၂၁)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၂၁)
Download Links

သေမင်းတမန် မီးရထားပြတိုက် အတွက် ဂျပန်ခေတ် ရှေးဟောင်းပစ္စည်း အလှူရှင်များအား ဖိတ်ခေါ်မည်



သံဖြူဇရပ် ၊ ၂၈-၅-၂၀၁၅

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ၌ တည်ဆောက် နေသော သေမင်းတမန် မီးရထား ပြတိုက်အတွက် ဂျပန်ခေတ် ရှေးဟောင်းပစ္စည်း အလှူရှင် များအား ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း တလမွန် ကုမ္ပဏီမှ သိရသည်။

အဆိုပါ ဂျပန်ခေတ် ရှေးဟောင်း ပစ္စည်းများကို ပြတိုက်အတွင်း ထည့်သွင်း ပြသနိုင်ရန် ထိုင်းနိုင်ငံ ကန်ချနပူရီရှိ သေမင်းတမန် ပြတိုက် ခင်းကျင်း ထားပုံကို လေ့လာပြီး အလှူရှင်များအား ဖိတ်ခေါ် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ သေမင်းတမန် ပြတိုက်ကို ယခုနှစ် မတ် ၂ဝ ရက်က ပန္နက်တင် ဆောက်လုပ်ခဲ့ရာ ယခုအခါ ၂ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး စက်တင်ဘာလ အတွင်း စတင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ယင်း သေမင်းတမန် မီးရထား ပြတိုက် ဖွင့်လှစ်ပါက ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ပိုမို စိတ်ဝင်စားမှု ရှိနိုင်သဖြင့် မွန်ပြည်နယ်၌ ခရီးသွား လုပ်ငန်းကဏ္ဍ တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။

ထို့အပြင် သမိုင်းဝင် ဂျပန်ခေတ် လက်ရာများကို အကောင်းဆုံး ပုံစံ ခင်းကျင်းပြသ သွားမည်ဖြစ်ပြီး အပန်းဖြေ သွားလာနိုင်ရန် အစီအစဉ် များလည်း ပါဝင်ကြောင်း၊ ယင်း သေမင်းတမန် မီးရထားဝင်းကို ယခင်က သွားရောက် လေ့လာလိုသော နိုင်ငံခြား ခရီးသွား ဧည့်သည် အများအပြား ရှိခဲ့သော် လည်း ယခုမှသာ ဖွင့်လှစ်နိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် သေမင်းတမန် မီးရထား ပြတိုက်ကို ပထမဆုံး အနေဖြင့် ဖွင့်လှစ် ပြသခြင်း ဖြစ်ကြောင်း သိရသည်။

သေမင်းတမန် မီးရထားလမ်း ကို ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဂျပန် တပ်မတော်မှ ဖောက်လုပ်ခဲ့ပြီး ၁၉၄၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ရထားလမ်း ဖောက်လုပ် ပြီးစီးသည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်း ရထားလမ်းမှာ ယခင်က ယိုးဒယား - မြန်မာ မီးရထား လမ်းမကြီး၌ လူပေါင်းများစွာ အသက်စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထားလမ်း အဖြစ် ထင်ရှားခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ရထားလမ်း ဖောက်လုပ်စဉ် က မြန်မာ တိုင်းရင်းသား များနှင့် မဟာမိတ် တပ်သား အများအပြား အသက်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

အုန်းနို့ခေါက်ဆွဲ ဓာတ်စာ



အုန်းနို့ခေါက်ဆွဲ ဓာတ်စာ

ကြည်မြင့်လွင် (မုဒြာ)

မုန့်ဟင်းခါးကို မြန်မာလူမျိုးတို့ ကြိုက်သကဲ့သို့ အခြား အကြိုက်တွေ့ ကြသောအစာမှာ 'အုန်းနို့ခေါက်ဆွဲ' ဖြစ်သည်။ မုန့်ဟင်းခါး ကဲ့သို့ပင် ခံတွင်းကောင်း နှုတ်မြိန်စေသော ဓာတ်စာမျိုး ဖြစ်သည်။ အုန်းနို့ နှင့် ကြက်သားလည်း ပါသဖြင့် ပထဝီဓာတ် အားတိုးစေသော အစာမျိုးလည်း ဖြစ်သည်။ အသက်ကြီး၍ ခွန်အားဖြည့် လိုသော လူကြီးများ အတွက် သင့်တော်သည်။ သံဃာတော် များကိုလည်း နံနက် အရုဏ်တွင် အုန်းနို့ခေါက်ဆွဲ ဆွမ်းချက်ပြီး ကပ်လှူလေ့ ရှိကြသည်။

သဘာဝဓမ္မ ဆရာသန်း ၏ ကျန်းမာရေး ဓာတ်စာ စားနည်းကျမ်းတွင် အုန်းနို့ခေါက်ဆွဲ ရိုးရိုး ချက်နည်းမှာ ခေါက်ဆွဲ နှစ်ပိဿာ ၅ဝ ကျပ်သား ချက်လျှင် ကြက်သား တစ်ပိဿာ ၅ဝ ကျပ်သား၊ အုန်းသီး သုံးလုံး (အရည်ညှစ်) အုန်းနို့၊ ငါးဖယ်ဆုပ်ကြော် ၂၅ ကျပ်သား၊ ပဲမှုန့် ၁၅ ကျပ်သား၊ ကြက်သွန်နီ ၁၂ ကျပ်ခွဲသား၊ ကြက်သွန်ဖြူ ငါးကျပ်သား၊ ငရုတ်သီးခြောက် နှစ်ကျပ်သား၊ နနွင်းမှုန့် ရှစ်ပဲသား၊ ဆီ ၂၅ ကျပ်သား၊ ငံပြာရည် ၁ဝ ကျပ်သား၊ ဆား နှစ်ကျပ် ရှစ်ပဲသား၊ ချင်းတက် တစ်ကျပ် ရှစ်ပဲသား၊ ငရုတ်ကောင်း ရှစ်ပဲသား၊ ဘဲဥ ခုနစ်လုံး၊ အုန်းနို့ရည်၊ ကြက်ပြုတ်ရည်၊ ရေရိုးရိုး သုံးမျိုးပေါင်းလျှင် သုံးပိဿာ ၅ဝ ကျပ်သား ထည့်ချက်ရန် လိုသည်ဟု ဖော်ပြထားသည်။ အထူးရှယ် ချက်လိုလျှင် ကြက်သားကို နှစ်ပိဿာ ၅ဝ ကျပ်သား၊ အုန်းသီးကို ငါးလုံးထိ တိုး၍ ထည့်နိုင်သည် ဟု ဆိုသည်။

အုန်းနို့ ခေါက်ဆွဲတွင် အဓိက ပါဝင်သော ကြက်သားသည် ချိုပြီး ဆိမ့်သော၊ ဖန်သော အရသာ ရှိသော်လည်း အပူစာ ဖြစ်သည်။ အစာကြေ လွယ်ပြီး ဝမ်းမီးတောက် စေသည်။ လူ၏အားကို အမြန်ဆုံး ဖြစ်စေပြီး အကြော အားလည်း ကောင်းစေသည်။ နာလန်ထ အားနည်းသူများ အား ကြက်သားကို ပေါင်းပြီး ကျွေးလေ့ ရှိသည်။ အုန်းနို့သည် တက်စာ၊ ဖွဲ့စာ ဖြစ်သည်။ အကြောအခြင်များ တောင့်တင်း စေသဖြင့် ဟင်းရည် ချက်သောအခါ ချင်း၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ တို့ကို ဆီသတ်ပြီး မှသာ အုန်းနို့ရည်ကို ထည့်ရသည်။ အလွန်ဆိမ့်၍ အရသာ ရှိသည်။ လျှာအရသာ အာရုံကြောများ ပွင့်စေသည်။ စားတတ်လျှင် သြဇာဓာတ် ရသည်။ တန်ဆေး လွန်ဘေးဖြစ်၍ သင့်ရုံသာ စားရမည်။

ကျန်းမာရေး ဓာတ်စာစားနည်း နိဿရည်း ကျမ်းတွင် အုန်းနို့ခေါက်ဆွဲ ဟင်း၏ တွဲဖက်ဖြစ်သော အုန်းနို့၊ ငရုတ်ဆီ၊ ချင်း၊ ငရုတ်ကောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့က အပွင့် အာကာသ ရစေသောကြောင့် ကြက်သား၏ အဖန်အဖွဲ့ ဓာတ်ကို ချေဖျက်ပြီး အခိုးထွက်ခြင်း၊ ချွေးထွက်ခြင်း၊ အာကာသ ရခြင်း ကျေးဇူးပြုသည်။ ဝမ်းမီးဓာတ် ပိုကောင်းပြီး အစာကြေ စေသည်။ အုန်းနို့သည် လူတို့၏ အင်အား၊ အသွေးအသား၊ အကြော၊ အရိုးစသော ပထဝီ လွန်သော ကိုယ်အစုကို အများဆုံး ဖြစ်ပေသည်။ ကောဋ္ဌာသ အားလုံး စိုပြည်ကြည်လင် စေသည်။ အသက်ရှည်၍ အရွယ်နုပျို လိုသော သူများအတွက် အစာ အာဟာရ ကောင်း တစ်ခု ဖြစ်ပေသည်ဟု ဖော်ပြထားသည်။

စာရေးသူ ကိုယ်တွေ့ မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲ တစ်ပွဲ ပြင်ဆင်ရာတွင် မတူသည်မှာ အုန်းနို့ခေါက်ဆွဲ ပွဲပြင်လျှင် ကြက်သွန်နီ ဥကြီးကို ပါးပါးလှီးပြီး ရေဆေး၍ အစိမ်းအတိုင်း ထည့်ပေးခြင်း ဖြစ်သည်။ ခေါက်ဆွဲခြောက် ကြော်များကိုလည်း ဖြူး၍ ထည့်ပေးလေ့ ရှိသည်။ ကြက်သွန်နီမှ ထွက်သော မွှန်စူးရှသော အနံ့သည် အကြောတက်ခြင်း၊ သွေးလေးခြင်း ကို သက်သာ စေသော အာနိသင်ရှိသည်။ မုန့်ဟင်းခါးတွင် သွေးမတက် စေရန် နံနံပင် အုပ်သကဲ့သို့ အုန်းနို့ခေါက်ဆွဲ တွင်လည်း သွေးမတက် စေရန် ကြက်သွန်နီ ထည့်စားခြင်းမှာ ဓာတ်စာ သဘောအရ သင့်လျော် မှန်ကန်ကြောင်း တွေ့ရပေသည်။

ခေါင်းမူးရောဂါ၊ အတက်ရောဂါ၊ သွေးတိုးရောဂါ၊ ဇက်ကျီး ပေါင်းတက် ရောဂါရှိ သူများသည် အုန်းနို့ခေါက်ဆွဲ ကို အလွန်အကျွံ မစားသင့်ပေ။ မိမိဆန္ဒအရ စားချင်လျှင် သွေးတိုးခြင်းမှ ကာကွယ် စေရန် ကြက်သွန်နီ ထည့်သည့်အပြင် ရှောက်ရည် ညှစ်ထည့်စားပါ။ လတ်ဆတ်သော ရှောက်သီး၊ သံပရိုသီး အရည်များသည် သွေးတိုး တက်ခြင်း မှ ကာကွယ် စေနိုင်သည်။ စားပြီးမှ ရှောက်သီး ဖျော်ရည်၊ သံပရာသီး ဖျော်ရည် သောက်ခြင်း ဖြင့်လည်း အတက် သက်သာ စေနိုင်သည်။

#Yadanarpondaily

ကမ္ဘာ့အဆင့်မီ ရေအောက်ကမ္ဘာ ငါးပြတိုက် တည်ဆောက်ရေး စီမံကိန်း ၄၀ ရာခိုင်နှုန်းကျော် ပြီးစီး



ရန်ကုန် ၊ ၂၈-၅-၂၀၁၅

ရန်ကုန်မြို့ရှိ ကန်တော်ကြီး ဥယျာဉ်တွင် စင်ကာပူဒီဇိုင်း နည်းပညာဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အဆင့်မီ ရေချို ရေငန် ရေအောက်ကမ္ဘာ ငါးပြတိုက် တည်ဆောက်ရေး စီမံကိန်းသည် ယခုအခါ ၄ဝ ရာခိုင်နှုန်းကျော် ပြီးစီးလာပြီ ဖြစ်ကြောင်း တာဝန်ယူ တည်ဆောက် နေသည့် Myanmar Equarium ကုမ္ပဏီမှ ဒါရိုက်တာ ဦးသိန်းဇော် က ပြောသည်။

ငါးပြတိုက် အပြင် နိုင်ငံတကာ အဆင့်မီ ဖျော်ဖြေရေး ခန်းမများ၊ ခေတ်မီ စားသောက်ဆိုင်များ၊ အပန်းဖြေခန်းများ ပါဝင်ကာ အဆင့်မြင့် အဆောက်အအုံ နှစ်လုံးကို တည်ဆောက် သွားမည် ဖြစ်သည်။

ယခုအခါတွင် မြေဖို့ခြင်း၊ မြေညှိခြင်း၊ အောက်ခံ Foundation လုပ်ငန်းများ၊ စင်ကာပူနိုင်ငံ Surbana ကုမ္ပဏီ၏ ငါးပြတိုက် ဒီဇိုင်း ရေးဆွဲခြင်း လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်ပြီး နိုင်ငံခြားသို့ ငါးပြတိုက် မှန်များ၊ ငါးများ မှာယူသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထို ခေတ်မီ ငါးပြတိုက်တွင် ရေချို ၅ဝ ရာခိုင်နှုန်း၊ ရေငန် ၅ဝ ရာခိုင်နှုန်း ပါဝင်ကာ ရေလီတာပေါင်း ၅ သန်း ပမာဏခန့် အသုံးပြု သွားမည် ဖြစ်သည်။ ငါးပြတိုက်တွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ ငါးမျိုးစိတ်များ၊ ဧရာဝတီမြစ် လယ်ပိုင်း၊ အောက်ပိုင်းရှိ ငါးမျိုးစိတ်များ၊ အင်းလေး ဒေသရှိ ငါးမျိုးစိတ်၊ မြစ်ဝကျွန်းပေါ် ဒေသရှိ ငါးမျိုးစိတ်၊ ရေချို၊ ရေငန် ငါးမျိုးစိတ်များ အပါအဝင် ယခင် ငါးပြတိုက် ဟောင်းမှ ရှားပါး ငါးမျိုးစိတ် ၁၅ မျိုး၊ ကမ္ဘာ့ရေချို ငါးမျိုးစိတ် ၅ဝ ခန့် အပါအဝင် စုစုပေါင်း ငါးမျိုးစိတ် ၅ဝဝ ကျော်တွင် အကောင်ရေ တစ်သန်းခန့် ထည့်သွင်းပြသ သွားမည် ဖြစ်သည်။

ထို့ပြင် ရေငန် ငါးပြတိုက်တွင် ငါးမန်းများအား ထည့်သွင်း ပြသရန် အစီအစဉ်များ ရှိကြောင်း၊ ထိုငါးများအား သြစတြီးယား နိုင်ငံမှ မှာယူ တင်သွင်းရန် အစီအစဉ်များ ရှိကြောင်း သိရသည်။

ထို ငါးပြတိုက်ကြီး အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၃ဝ အကုန်အကျခံ တည်ဆောက် သွားမည် ဖြစ်ပြီး ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

''နိုင်ငံခြား ခရီးသွားတွေ အပြင် ပြည်တွင်းရှိ ရဟန်းရှင်လူ ပြည်သူများ ပြတိုက်ကြီးထဲ စဝင် လိုက်တာနဲ့ ရေအောက် ကမ္ဘာ၏ အေးချမ်းသော အငွေ့အသက်ကို ခံစားရစေမှာ ဖြစ်ပါတယ်။ လျှောက်လမ်း များရဲ့ ဘယ်၊ ညာမှာ ရေအောက် မှန်လိုဏ်ခေါင်းများ အတွင်း ကူးလူး သွားလာနေသော ရေချိုငါးမျိုးစုံနှင့် ရေငန်ငါးမျိုးစုံ ပြကွက်တွေ၊ ကုန်းနေ၊ ရေနေ သတ္တဝါ များ၏ သဘာဝနေထိုင်မှု အမျိုးမျိုးကို ကြည်နူးစွာ တွေ့မြင်ခံစား ရစေမှာ ဖြစ်ပါတယ်'' ဟု Myanmar Equarium ကုမ္ပဏီမှ ပြန်ကြားရေး တာဝန်ခံ ဦးမောင်မောင်ဆန်းဦး က ပြောသည်။

လာရောက် ကြည့်ရှုသူများ အတွက် ကားပါကင် ဧရိယာကို ကားအစီး ၁၅ဝ မှ ၅ဝဝ အထိ ရပ်တန့်နိုင်စေရန် လတ်တလော မြေဧရိယာများ ဆောင်ရွက် သွားမည် ဖြစ်သည်။ ယခု တည်ဆောက်လျက် ရှိသော ငါးပြတိုက်သည် အိမ်နီးချင်း နိုင်ငံများတွင် စင်ကာပူ၊ ထိုင်းနိုင်ငံ တို့၌သာရှိပြီး ပြီးစီးလျှင် မြန်မာ အပါအဝင် သုံးနိုင်ငံ၌ တည်ရှိမည် ဖြစ်ကြောင်း ထိုစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းရှိ အင်ဂျင်နီယာ များထံမှ သိရသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၅-၂၀၁၅) ကြာသပတေးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၈-၅-၂၀၁၅) ကြာသပတေးနေ့
Download Links


Wednesday, May 27, 2015

တိုက်ပွဲရှောင်ရာမှ ပြန်လည်ရောက်ရှိလာသော ဆရာ ဆရာများအား တွေ့ဆုံအားပေး



နေပြည်တော် ၊ ၂၇-၅-၂၀၁၅

လောက်ကိုင်ဒေသ အတွင်း တည်ငြိမ်အေးချမ်း လာပြီဖြစ်၍ ပညာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် လောက်ကိုင်သို့ ပြန်လည် တာဝန် ထမ်းဆောင်ရန် ရောက်ရှိ လာသော ဆရာ၊ ဆရာမ ၁၆၃ ဦးနှင့် ဒေသခံဆရာ၊ ဆရာမ ၈၇ ဦး၊ စုစုပေါင်း ၂၅ဝ ဦးအား မေ ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် တွင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ စစ်အုပ်ချုပ်ရေး ဒေသမှူး ဗိုလ်မှူးကြီး စောမြင့်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက တွေ့ဆုံ အမှာစကား ပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

လောက်ကိုင်ဒေသ သို့ ပြန်လည် ရောက်ရှိလာသူ ဆရာ၊ ဆရာမ ၁၆၃ ဦးရှိပြီး ကျန်ရှိသူ ဆရာ၊ ဆရာမ ၄၈၁ ဦးအား ပညာရေး ဝန်ကြီးဌာနမှ စိစစ် စေလွှတ်ပေးလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

3G အင်တာနက် အသုံးပြုမှုအတွက် အူရီဒူးမှ 1Mb လျှင် ၆ ကျပ်နှုန်း လျှော့ချပေး



ရန်ကုန် ၊ ၂၇-၅-၂၀၁၅

မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍမှ ပြည်ပ အော်ပရေတာ တစ်ခုဖြစ်သော အူရီဒူး မြန်မာသည် Phalan Phalan အင်တာနက်ဟု အမည်ရသော 3G အင်တာနက် အသုံးပြုမှု အတွက် 1Mb လျှင် ငွေ ၆ ကျပ်နှုန်းသို့ လျှော့ချလိုက်ပြီး မေ ၂၇ ရက်မှ စတင်၍ ဈေးနှုန်းသစ်ဖြင့် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အူရီဒူးမြန်မာ အနေဖြင့် မူလက 1Mb လျှင် ငွေ ၁၅ ကျပ်နှုန်းနှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ငွေကျပ် ၂ဝ နှုန်းဖြင့် ဝန်ဆောင်မှု ပေးထားရာမှ မေ ၂၇ ရက်မှ စတင်ကာ အင်တာနက် သုံးစွဲခများကို 1Mb လျှင် ငွေ ၆ ကျပ်နှုန်းသို့ လျှော့ချ သုံးစွဲခွင့် ဝန်ဆောင်မှုအား ပေးအပ်သွားမည် ဖြစ်သည်။

အူရီဒူးဖုန်း သုံးစွဲသူများ အတွက် 3G အင်တာနက် ဝန်ဆောင်မှုအား အထူး ကောင်းမွန်သော ငွေကြေးနှုန်းထား နှင့် ကောင်းမွန်သည့် လိုင်းဝန်ဆောင်မှု တို့ကို ပေးသွားမည် ဖြစ်ကာ Package ဖြင့် အင်တာနက် ဝန်ဆောင်မှု ဝယ်ယူထား သူများကိုလည်း ထပ်ဆောင်း အပိုပမာဏ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ဈေးကွက် အတွင်း၌ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များ၏ ဈေးနှုန်း လျှော့ချ ဝန်ဆောင်မှု များနှင့်အတူ သုံးစွဲမှုတွင် အင်တာနက်လိုင်း ကောင်းမွန်မှု များကို အသားပေး ရွေးချယ်လာ ကြပြီး လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သော ဖုန်းလိုင်းကတ် များထက် ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များမှ ဖုန်းလိုင်းကတ် များကို သုံးစွဲမှုများပြား လာသဖြင့် ဈေးနှုန်း လျှော့ပေးခြင်း၊ လိုင်းကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသော ငွေနှင်းမှို


ရန်ကုန် ၊ ၂၇-၅-၂၀၁၅

ငွေနှင်းမှို သည် အော်ဂဲနစ် သီးနှံပင် အမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံမှ လူအများစု ဝယ်ယူစားသုံးမှု များပြား နေခြင်းကြောင့် ၄င်းငွေနှင်းမှို ကို စီးပွားဖြစ် စိုက်ပျိုးမှု များပြား လာကြောင်း သိရသည်။

''လတ်တလော ငွေနှင်းမှို က လူကြိုက် အရမ်းများ နေတယ်။ သူက အာဟာရဓာတ် လည်း အများကြီး ပါတယ်။ ပြီးတော့ ဝင်ငွေ အနေနဲ့ ကလည်း ငွေနှင်းမှို တစ်ပိဿာကို ငွေကျပ် ၂ဝဝဝ ကျော် ဝန်းကျင်လောက် ရှိတယ်။ မှိုကို စီးပွားဖြစ် စိုက်ထားတဲ့ သူတွေဆို တစ်နေ့ကို ဝင်ငွေက ငွေကျပ် ၈ဝဝဝ နဲ့ ၁ဝဝဝဝ ကြားမှာရတယ်။ ဒါကြောင့် စီးပွားဖြစ်ပြီး အိမ်တွင်းမှာပဲ တစ်နိုင် တစ်ပိုင် ဝင်ငွေရတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေတာပါ '' ဟု ငွေနှင်းမှို စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ် ရောင်းချနေသော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ မှိုစိုက်ပျိုးသူ ကိုချစ်ကို က ပြောသည်။

ငွေနှင်းမှို စိုက်ပျိုးရာတွင် လူအင်အား များစွာ အသုံးပြုရန် မလိုအပ်ဘဲ လူနှစ်ဦးဖြင့် အချိန်ပေး စိုက်ပျိုးပါက အိမ်စရိတ် ရှာဖွေနိုင်သော အိမ်တွင်း စီးပွားရေး လုပ်ငန်း အသေးစား တစ်ခုဖြစ်ကြောင်း သိရသည်။ မှိုစိုက်ပျိုး ရာတွင် အိမ်ဘေး အပိုကွက်လပ် ငယ်မှာပင် တဲထိုးစင်ဆောက် ၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ငွေနှင်းမှို မျိုးစေ့ကို ဝယ်ယူစိုက်ပျိုး နိုင်ပြီး ပျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ် ၂ဝဝ၊ ၂၅ဝ သာ ပေးရကြောင်း သိရသည်။ ထို့ကြောင့် အရင်းအနှီး များစွာ မလိုအပ်ဘဲ နေ့စဉ် ဝင်ငွေများစွာ ရရှိသော စိုက်ပျိုးရေး လုပ်ငန်းတစ်ခု ဖြစ်ခြင်းကြောင့် လူအများစုက ငွေနှင်းမှိုကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ ကြကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ထွက်ရှိသော မှိုများကို စည်သွတ်ဘူး အဖြစ် ထုတ်လုပ်ရန် စင်ကာပူနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များက မှိုစိုက်ပျိုးသူ အသင်းတွင် လာရောက် ဆွေးနွေးမှုများ ရှိနေခြင်းကြောင့် စီးပွားဖြစ် မှိုစိုက်ပျိုး ထုတ်လုပ် နေသောသူများ ကလည်း စိတ်ဝင်တစား ပိုမို စိုက်ပျိုးမှု များပြား လာကြောင်း သိရသည်။ ငွေနှင်းမှို ၏ အပွင့်များမှာ ကြီးမားပြီး ဖြူဖွေး နေသောကြောင့် ရောင်းပန်းလှ သဖြင့် လူအများက တခြားမှို များထက် ငွေနှင်းမှိုကို စားသုံးမှု ပိုမိုများပြား နေခြင်းဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily

စက်မှုဇုန်ရေဆိုးများ ဒုဋ္ဌ၀တီမြစ်အတွင်း စွန့်ပစ်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်လို



မန္တလေး ၊ ၂၇-၅-၂၀၁၅

မန္တလေးမြို့ စက်မှုဇုန်မှ စွန့်ထုတ်သော ရေဆိုးများကို ဒုဋ္ဌဝတီမြစ် အတွင်း စွန့်ပစ်မည် ဆိုပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု မရှိစေရေးနှင့် ရေအရည် အသွေး ကျဆင်းမှု မဖြစ်ပေါ် စေရေး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်၊ ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသ(၅) မန္တလေးမှ သိရသည်။

ဒုဋ္ဌဝတီမြစ်သည် စစ်ကိုင်း တံတားဟောင်း (အင်းဝတံတား) အောက်ဘက် အနီးတွင် ဧရာဝတီ မြစ်အတွင်း စီးဝင်လျက် ရှိရာ စက်မှုဇုန် ရေဆိုး များသည်လည်း ဧရာဝတီမြစ် အတွင်းသို့ ဒုဋ္ဌဝတီမြစ် အတွင်းမှ တစ်ဆင့် စီးဝင် နိုင်ကြောင်း၊ ထို့ကြောင့် ဧရာဝတီမြစ် အတွင်းရှိ ရေ အရည်အသွေး ကျဆင်းမှု နှင့် သဘာဝ သယံဇာတ များပါ ထိခိုက်နိုင်ကြောင်း သိရသည်။

''စက်မှုဇုန် ရေဆိုးတွေကို ဒုဋ္ဌဝတီ မြစ်တွင်း စွန့်ပစ်မယ် ဆိုရင် စက်ရုံတွေက ထုတ်တဲ့ ရေဆိုးတွေကို စနစ်တကျ သန့်စင်မှုတွေ ပြုလုပ် ရပါမယ်။ သန့်စင်မှု မပြုဘဲ ဒီအတိုင်း စက်ရုံကနေ မြစ်ထဲကို တိုက်ရိုက် စွန့်ထုတ်မယ် ဆိုရင် ရေနေ သတ္တဝါတွေ အတွက် အန္တရာယ်များ ပါတယ်။ နောက်ပြီး ရေ အရည်အသွေး လဲ ကျဆင်းပါမယ်။ ကျန်တဲ့ သဘာဝ ပတ်ဝန်းကျင် ကိုလဲ အများကြီး ထိခိုက်နိုင် ပါတယ်။ ဒါကြောင့် စနစ်တကျ ဆောင်ရွက်ဖို့ လိုပါမယ် '' ဟု ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဒေသ(၅) မန္တလေးမှ တာဝန်ရှိသူ တစ်ဦး က ပြောပြသည်။

ရေဆိုးများကို မြစ်၊ ချောင်း များအတွင်းသို့ တိုက်ရိုက် စွန့်ပစ်မှု ပြုလုပ်၍ မရကြောင်း၊ စက်ရုံမှ ထွက်ရှိသော ရေဆိုးများကို ရေစစ်ကန်များ၊ ရေဆိုး သန့်စင်သည့် စနစ်များ ဆောင်ရွက်ပြီး မှသာ စွန့်ပစ်ရမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း၌ စက်မှုဇုန် ထုတ် ရေဆိုးများ၏ အန္တရာယ်ကြောင့် တောင်သမန်အင်း အတွင်းရှိ ငါးနှင့် ရေသတ္တဝါများ သေဆုံးမှု ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ ရေဆိုးများ မြစ်ချောင်း များအတွင်းသို့ တိုက်ရိုက် စွန့်ပစ်ခြင်းကို မပြုလုပ်ဘဲ သန့်စင်ပြီး မှသာ စွန့်ပစ်ရန် လိုကြောင်းကို ပြီးခဲ့သည့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး တွင်လည်း တင်ပြ ထားကြောင်း ၄င်းက ဆက်လက် ပြောပြသည်။ (၁၈ဝ)

#Yadanarpondaily

ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်းများ အတွက် ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှု လာမည့် ဇွန် ၁ ရက်မှစတင် ဆောင်ရွက်ရမည်



ရန်ကုန် ၊ ၂၇-၅-၂၀၁၅

ဟိုတယ် ဝန်ဆောင်မှု လုပ်ငန်းများ အတွက် ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှုကို လာမည့် ဇွန် ၁ ရက်မှ စတင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကျသင့်ငွေ၏ ၅ ရာခိုင်နှုန်း အခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှုအား လုပ်ငန်းရှင်များ ဘက်မှ ပျက်ကွက် ခဲ့ပါက ယခုအသစ် ပြင်ဆင်ပြဋ္ဌာန်း လိုက်သည့် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပါ ဒဏ်ကြေးများ အတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် ကုန်သွယ် လုပ်ငန်းခွန် ပြင်ဆင်သည့် ဥပဒေ၌ ဒဏ်ကြေးငွေ များအား ပထမအကြိမ် ပျက်ကွက်လျှင် ငွေကျပ် နှစ်သိန်း၊ ဒုတိယအကြိမ် ပျက်ကွက်လျှင် ငွေကျပ် ငါးသိန်း၊ တတိယ အကြိမ် ပျက်ကွက်လျှင် ငွေကျပ် ခုနစ်သိန်း၊ တတိယ အကြိမ်နှင့် အထက် ပျက်ကွက်ပါက ငွေကျပ် ဆယ်သိန်း အထိ အသီးသီး သတ်မှတ် ထားကြောင်း သိရသည်။

အခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှုအား လုပ်ငန်းရှင်များ ဘက်မှ ပျက်ကွက်မှုကို သတင်းပေး တိုင်ကြားသူ များအား ကျသင့် အခွန်၏ ၁ ရာခိုင်နှုန်း အပြင် အကြိမ်လိုက် ပျက်ကွက်မှု အတွက် ဒဏ် ထပ်ရိုက်သည့် ဒဏ်ငွေ၏ ၁ဝ ရာခိုင်နှုန်း ချီးမြှင့်မည်ဟု ဥပဒေ၌ ပြဋ္ဌာန်း ထားသည်။

ယင်းကဲ့သို့ အခွန် တံဆိပ်ခေါင်း ကပ်နှိပ်မှု နှင့် စပ်လျဉ်း၍ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ စားသောက်ဆိုင် များ၌ ပညာပေး ကာလ အနေဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily

မြန်မာ့ပင်လယ်ပြင်တွင် ကယ်ဆယ်ထားသည့် လှေစီးဒုက္ခသည်များအနက် လူ ၂၀၀ သည် ငယ်ရွယ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်


နေပြည်တော် ၊ ၂၇-၅-၂၀၁၅

ရန်ကုန်မြို့၌ ခေတ္တ ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် များ၏ ရခိုင်ပြည်နယ် ပူးတွဲခရီးစဉ်နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် နှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာရုံးမှ သတင်း ထုတ်ပြန်ချက် တစ်ရပ်ကို မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မစ္စ ရီနာတာ လော့ဒမ်ဆလီယမ် နှင့် ကုလသမဂ္ဂ အေဂျင်စီ ကိုယ်စားလှယ် များသည် မေ ၂၂ ရက်တွင် ရခိုင်ပြည်နယ် သို့ သွားရောက် ခဲ့ပါကြောင်း၊ ကပ္ပလီပင်လယ် နှင့် ဘင်္ဂလား ပင်လယ်အော် အတွင်း လက်ရှိ ဖြစ်ပေါ်နေသော လှေစီး ဒုက္ခသည်များ ကိစ္စတွင် ရခိုင်ပြည်နယ်၏ လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ အခြေအနေ တို့ကို ကြည့်ရှုရန် အတွက် သွားရောက်ခြင်း ဖြစ်ပါကြောင်း။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နှင့် အစိုးရ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ ခဲ့ပါကြောင်း၊ လှေစီး ဒုက္ခသည် များကို ခေတ္တ စောင့်ရှောက် ထားသည့် အလယ်သံကျော် ကျေးရွာသို့လည်း သွားရောက် ခဲ့ပါကြောင်း၊ မေ ၂၁ ရက်တွင် မြန်မာ့ ပင်လယ်ပြင်၌ ရွှေ့ပြောင်း သွားလာသူ ၂ဝဝ ကျော်ကို ကယ်ဆယ်ခဲ့သည့် အတွက် မြန်မာနိုင်ငံ အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ကို ကုလသမဂ္ဂ အနေဖြင့် ချီးမွမ်းပါကြောင်း၊ အဆိုပါ ရွှေ့ပြောင်း သွားလာသူများ အနက် ၂ဝဝ မှာ ငယ်ရွယ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားများ ဖြစ်ပြီး ကျန်သည့် ၁၉ ဦးမှာ အသက် ၁၅ နှစ်နှင့် ၁၇ နှစ်ကြား ရှိသူများ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ၄င်းတို့ကို မြန်မာ့ တပ်မတော် (ရေ) မှ ခေါ်ဆောင် လာခဲ့ပြီး မြန်မာအစိုးရ ၊ ဒေသလူမှု အသိုက်အဝန်း နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များ၏ အကူအညီဖြင့် အစားအစာ၊ ရေ နှင့်  ယာယီ နေထိုင်ရန် စီစဉ် ပေးထားကြောင်း။

ခိုကိုးရာမဲ့ ဖြစ်နေသူ များကို မည်သည့် နိုင်ငံသားပင် ဖြစ်စေ အထူး ဂရုတစိုက်ဖြင့် ကယ်ဆယ် ခဲ့သည်ကို မစ္စတာ နမ်ဘီးယား အနေဖြင့် အသိအမှတ် ပြုပါကြောင်း၊ ပင်လယ်ပြင်၌ ဒုက္ခရောက် နေသည့်သူ များစွာ ရှိနေသည်ဟု ယုံကြည်ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် မြန်မာအစိုးရကို တိုက်တွန်း ပါကြောင်း ၊မြန်မာနိုင်ငံ အပြင် ပိုမို ကျယ်ပြန့်သည့် ဒေသအတွင်း၌ လူမှောင်ခိုမှု၊ လူကုန်ကူးမှု နှင့် တရားမဝင် ရွှေ့ပြောင်း သွားလာမှု အခြေအနေ၏ အရေးကြီးမှုကို နှစ်ဖက် ဆွေးနွေးခဲ့ ပါကြောင်း ၊ ဒေသတစ်ခုလုံး အတွင်း အလားတူ ဖြစ်စဉ်များတွင် အဆိုပါ ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သည့် ပွဲစားများ၊ ဤသို့ ဆောင်ရွက် ကျူးလွန်မှုများ ပြုလုပ်သည့် ရာဇဝတ်ဂိုဏ်း များကို အရေးယူရေး ကို ကြိုးပမ်းသွားရန် လိုအပ်သည်ကို သဘောတူ ခဲ့ကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို နိုင်ငံအတွင်းနှင့် ဒေသအဆင့် ဖြေရှင်းသွားရေး အရေးပါ သည်ကို  နှစ်ဖက် သဘောတူ ခဲ့ကြပြီး ယင်းပြဿနာ များကို ဖော်ထုတ်ရန် မြန်မာ အစိုးရကို ကုလသမဂ္ဂ အနေဖြင့် ပံ့ပိုးကူညီရန် ကမ်းလှမ်းခဲ့ ပါကြောင်း၊ ဤကိစ္စရပ် များကို ဆွေးနွေးရန်နှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရန် အတွက် နယ်ပယ်များကို ဖော်ထုတ်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ မေ ၂၉ ရက်တွင် ကျင်းပမည့် ဒေသတွင်း အစည်းအဝေး သို့လည်း မြန်မာ နိုင်ငံမှ ပါဝင် တက်ရောက်ရန် အတည်ပြု ခြင်းကို ကုလသမဂ္ဂ အနေဖြင့် ကြိုဆိုပါကြောင်း။

အန္တရာယ်ရှိသည့် ပင်လယ်တွင်း လှေစီး ထွက်ခွာမှု ဖြစ်ပွားရသည့် အကြောင်းရင်း များနှင့် ရွှေ့ပြောင်း သူများ၏ မူရင်း ထွက်ခွာလာသည့် နိုင်ငံများ၏ အခြေအနေ များကို မီဒီယာများ အနေဖြင့် လွှဲရှောင်ရန် မဖြစ်နိုင်ဘဲ အာရုံစိုက်လျက် ရှိပါကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် ပြည်တွင်း ရွှေ့ပြောင်း သွားလာကြ သူများ၏ အခြေအနေများ တိုးတက်ရန် ကြိုးပမ်း အားထုတ်မှုများ အပါအဝင် ရခိုင်ပြည်နယ်ရှိ ဖြစ်ပေါ် တိုးတက်မှု များကို အသိအမှတ်ပြု ကျေးဇူးတင်ရှိ ပါကြောင်း ၊ အစိုးရအနေဖြင့် ပြည်တွင်း ရွှေ့ပြောင်း သွားလာရ သူများကို ၄င်းတို့၏ မူလနေရာသို့ ပြန်လည် အခြေချ နေထိုင်နိုင်ရေး အတွက် စတင် ဆောင်ရွက်လျက် ရှိပြီး လူမှု အသက်မွေးမှု၊ ကျန်းမာရေး နှင့် ပညာရေး အတွက် အကူအညီများ ပေးလျက် ရှိပါကြောင်း၊ ပြည်တွင်း ရွှေ့ပြောင်း သွားလာရသူများ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အားလုံးအတွက် အကူအညီများ ပေးအပ်ရန် အစိုးရအနေဖြင့် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုက်အဝန်း တို့ကို မေတ္တာရပ်ခံ ထားပါကြောင်း။

ဤ ကြိုဆိုဖွယ် ကောင်းသည့် တိုးတက်မှုများ ရှိသော်ငြားလည်း ပြည်တွင်း ရွှေ့ပြောင်း နေထိုင်ရသူ များနှင့် အချို့ မူဆလင် ဘာသာဝင်များ ရင်ဆိုင် နေရသည့် အခြေခံ အခွင့်အရေးများ ငြင်းဆိုခံ ရမှု၊ လွတ်လပ်စွာ သွားလာမှုကို ထိန်းချုပ် ထားမှုတို့ကို ဖြေရှင်းရေး အတွက် ဆောင်ရွက် ရန် များစွာ ကျန်ရှိ နေသေးကြောင်း၊ ရခိုင်ပြည်နယ် တွင်သာမက မြန်မာ နိုင်ငံအတွင်းရှိ အခြားအုပ်စုများ နိုင်ငံသား ဖြစ်မှု၊ အထူးသဖြင့် တရားဝင် အဆင့်အတန်း ရှိမှု ကိစ္စများကို လျင်မြန်စွာဖြင့် အလုံးစုံ ဖြေရှင်းသွားရန် လိုအပ်သည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ အနေဖြင့် အလေးထား ပြောကြား ခဲ့ကြောင်း၊ ဤ အခွင့်အရေး ကိစ္စများကို ဖြေရှင်းရေး အတွက် ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် အတွင်းရှိ လူ့အဖွဲ့အစည်းများ အားလုံး အတွက် ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းမှုများကို လျင်မြန်စွာ တိုးမြှင့် ဆောင်ရွက်ရေး၊ စုပေါင်း အားထုတ် ဆောင်ရွက်မှု ကိုပါ ဆောင်ရွက် သွားရန် လိုအပ်သည်ကို ထပ်လောင်း ပြောကြား ခဲ့ကြောင်း ၊ သို့မှသာ ပြည်နယ်အတွင်း ရင်ဆိုင်နေရသည့် ဆင်းရဲမွဲတေမှု၊ ချို့တဲ့မှု စသည့် စိန်ခေါ်မှုများ ကို ဘက်စုံပါဝင် ဖြေရှင်းသည့် နည်းလမ်းမှ တစ်ဆင့် ဖြေရှင်းနိုင်မည် ဖြစ်ပါကြောင်း ဖော်ပြထားသည်။

#Themyawadydaily

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၅-၂၀၁၅) ဗုဒ္ဓဟူးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၂၇-၅-၂၀၁၅) ဗုဒ္ဓဟူးနေ့
Download Links

Tuesday, May 26, 2015

စစ်ကိုင်းတိုင်းဒေသကြီးထွက် သွေးနီရောင် ပယင်းကျောက် ကမ္ဘာ့ဈေးကွက်တွင် လူကြိုက်များသော ကျောက်မျက်ဖြစ်လာ



မုံရွာ ၊ ၂၆-၅-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ဟူးကောင်း တောင်ကြားဒေသ မှထွက်ရှိသော သွေးနီရောင် အမျိုးအစား ပယင်းကျောက် များသည် ကမ္ဘာ့ပယင်း ကျောက်မျက် ဈေးကွက်တွင် လူကြိုက်များ၍ အရောင်းသွက်သော ကျောက်မျက် ဖြစ်ကြောင်း မုံရွာမြို့ ရှိ ကျောက်မျက် လုပ်ငန်းရှင်များ ထံမှ သိရသည်။

''ပယင်းကျောက် တွေကို ဘူမိဗေဒ ဆိုင်ရာ ပညာရပ်တွေ အရ Amber (အမ်ဘာ)လို့ ခေါ်ပါတယ်။ ဟူးကောင်း တောင်ကြား ဒေသက ထွက်ရှိတဲ့ ကမ္ဘာ့ ဈေးကွက်ဝင် သွေးနီရောင် အမျိုးအစား ပယင်းကျောက် ကိုတော့ ကမ္ဘာ့ ကျောက်မျက် ဈေးကွက် က Burmite (ဘားမိုက်) ဆိုပြီး အမည်တစ်မျိုးနဲ့ ခေါ်ဝေါ်တယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မီးဖိုချောင်သုံး ဟင်းခတ်ဆားရေ ဖြင့် ဖျော်လိုက်မည် ဆိုပါက ၄င်း၏ သိပ်သည်းမှု ပမာဏမှာ ပယင်းကျောက်တွင် ပကတိ ရှိရမည့် သိပ်သည်းမှု ပမာဏ အချိုးနှင့် ကိုက်ညီလျက် ရှိသည်။

ထို့ကြောင့် ပယင်းကျောက် သည် လူတို့မှ နေ့စဉ် သောက်သုံးလျက် ရှိသော ရေများထဲသို့ ထည့်ကြည့်ပါက ရေအောက်တွင် နစ်မြုပ် သွားစေသည်။ သို့သော် ပယင်းကျောက်နှင့် သိပ်သည်းမှု ပမာဏ အချိုး တူညီသော ဆားဖျော်ရေ၌ ထည့်ကြည့်ပါက ရေပေါ်တွင် ပေါ်နေကြောင်း ကျောက်မျက် အရောင်းဆိုင် ပိုင်ရှင်က တစ်ဦးက ပြောပြသည်။

ပယင်းကျောက် များကို သက်ရင့် သစ်တောကြီးများ တည်ရှိရာ ကမ္ဘာ့ရပ်ဝန်း ဒေသများစွာတွင် တွေ့ရှိ နိုင်သော်လည်း မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ဟူးကောင်း တောင်ကြား ဒေသမှ ထွက်ရှိသော သွေးနီရောင် အမျိုးအစား ပယင်းကျောက် များ၏ အရည်အသွေး များကို ပြည့်မီခြင်း မရှိသည့် အတွက် လူကြိုက်နည်းသော ကျောက်မျက် အဆင့်သာ တည်ရှိ နေခဲ့သည်။

ထို့ပြင် ပယင်းကျောက်မှာ အရောင်အသွေး ကောင်းမွန်ခြင်း၊ သတ်မှတ် စံချိန်များနှင့် ကိုက်ညီခြင်း အထူးသဖြင့် လူတို့တွင် ဖြစ်ပွား တတ်သော နှလုံးရောဂါ၊ သွေးတိုးရောဂါ များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြု ကာကွယ်ပေး နိုင်သည့် အတွက် ကမ္ဘာ့ပယင်း ကျောက်မျက် ဈေးကွက်တွင် ဈေးကွက်ဝင် ကျောက်မျက် ဖြစ်လာကြောင်း ကျောက်မျက် လုပ်ငန်းရှင်များ ထံမှ သိရသည်။ (၁၅၄)

#Yadanarpondaily

အားသစ်လောင်းသည့် လနယုန်


အားသစ်လောင်းသည့် လနယုန်

နယုန်လသည် မြန်မာ လများ၏ တတိယလ ဖြစ်ကာ နွေဥတုတွင် ပါဝင်ပြီး နွေရာသီ ကုန်ဆုံးရန် ၁၅ ရက်သာ ကျန်တော့သည် ဖြစ်၍ နွေနှောင်းလ၊ နွေစွန်လ ဟုလည်း ခေါ်ကြသည်။ 'ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်' ဟု ဆိုရ လောက်အောင် ပူလောင်ရာမှ နယုန်လ ရောက်လျှင် 'နယုန်မိုးသေး မြက်သားမွေး' ဟု ဆိုသကဲ့သို့ မိုးရွာသွန်း စပြု၍ အပူဓာတ်များ လျော့ပါး သက်သာလာပြီး စံပယ်ပန်း နှင့် မြတ်လေးပန်း များ ပွင့်လာသည်။

အပူရှိန်ကြောင့် အရိုးပြိုင်းပြိုင်း ထနေသည့် သစ်ပင် သစ်ကိုင်းများမှာ ရွက်နုသစ် များကြောင့် စိမ်းစိုလာကာ မြေသား ပေါ်တွင်လည်း မြက်တို့ဖြင့် စိမ်းစိုလာသည်။ တောင်သူ တို့သည် ဝါဂွမ်း၊ ပြောင်း၊ နှမ်း၊ ဂျုံ၊ ပဲမျိုးစုံ တို့ကို ကြဲကြပြီး စပါးများကို ပျိုးထောင်ကြပြီ ဖြစ်သည်။ မိုးနှင့်အတူ တောင်သူတို့ လယ်ယာတောသို့ တက်ကြွစွာ လုပ်ငန်းခွင် ဝင်ချိန်လည်း ဖြစ်သည်။

နယုန်လကို ပုဂံခေတ်က နံယုန်၊ နယုန် ဟူ၍ လည်းကောင်း၊ အင်းဝခေတ်တွင် နံမျုန် ဟု လည်းကောင်း ထိုခေတ်ထိုး ကျောက်စာ များတွင် တွေ့ရသည်။ ဗေဒင် ဝေါဟာရ အနေဖြင့် မေထုန်ရာသီ ဟုခေါ်ပြီး ရာသီရုပ်မှာ အပျို၊ လူပျိုရုပ် ဖြစ်၍ စန်းယှဉ် နက္ခတ်မှာ ဇေဋ္ဌနက္ခတ် ဖြစ်သည်။ နေ့ ၃၄ နာရီ၊ ည ၂၆ နာရီရှိ၍ နေ့တာ ရှည်သည့်လ ဖြစ်သည်။ နယုန်လသည် ရဟန်းတော်များ စာပြန်ပွဲ ကျင်းပသည့်လ ဖြစ်သည်။

ရှေးမြန်မာ မင်းများ လက်ထက်က စာပြန်ပွဲ ကျင်းပပုံကို ''ပဉ္စင်းလောင်းတော်၊ ရှင်လောင်းတော် မည်မျှ ခံတော်မူမည်။ ရှင်သာမဏေ တို့မှာ သင်ကြားသည့် စာမေး ဆရာတော် တို့က မေး၍ စာဝါကို ထောက်၍ စီစဉ်ရမည့် အကြောင်းကို စာမေး ဆရာတော် တို့ကို မာန်အောင် ရတနာ စေတီတော် ဝန်းကျင် ဇရပ်သို့ ပင့်၍ လျှောက်စေ၊ အမိန့်တော် ရှိသည့်အတိုင်း စာမေး ဆရာတော် တို့ကို လျှောက်ရသည်။ စာမေးရာမှာ အမတ် ၂ အကြပ်ခန့်သည်။ စာမေး ဆရာတော် တို့ကိုလည်း နယုန် လဆန်းတွင် အခါတော်နှင့် စ၍ မေးသည်။ နယုလကုန် နေ့ဆွမ်းကို အနောက် အတွင်းတော် က စီရင်၍ လုပ်ကျွေး ရသည်'' ဟု အင်ရုံစာတမ်း တွင် ဖော်ပြ ထားသည်။

နယုန်လ စာပြန်ပွဲသည် သာသနာ ဆိုင်ရာ ပွဲတော် ဖြစ်သော်လည်း ပညာရေး အတွက် အားသစ် လောင်းသည့် ပွဲလည်းဖြစ်သည်။ ထို့ကြောင့် နယုန်လသည် တောင်သူများ စိုက်ပျိုးရေး အတွက် အားသစ် လောင်းသည့် လုပ်ငန်းခွင် ဝင်သည့်လ ဖြစ်သကဲ့သို့ ပညာရေး တွင်လည်း စာသင်သားတို့ အားသစ် လောင်း၍ ထူးချွန်သည့် စာပေ ပညာရှင်များ မွေးထုတ်သည့် စာပြန်ပွဲ ကျင်းပသည့် လဖြစ်ရာ အရာရာတွင် အတွေးသစ် အမြင်သစ် တို့ဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ခွန်အား သစ်လောင်း ကြိုးစားခြင်းဖြင့် အောင်မြင်မှုများ ရယူနိုင်ကြောင်း ရေးသား လိုက်ရ ပေသည်။

#Yadanarpondaily

မန္တလေးမြို့တွင် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ဆောက်လုပ်မှု များလာသော်လည်း မီးလောင်မှု ဖြစ်ပွားပါက ငါးထပ်အထိသာ မီးငြှိမ်းသတ်နိုင်



မန္တလေး ၊ ၂၆-၅-၂၀၁၅

မန္တလေးတိုင်း ဒေသကြီးတွင် ဈေးကွက် စီးပွားရေးအမြင် ကျယ်လာသည်နှင့် ယခု နောက်ပိုင်း၌ ခေတ်မီ တိုးတက်လာသည့် အထပ်မြင့် အဆောက်အအုံ အထပ် ၂ဝ နှင့် အထက် ဆောက်လုပ်မှု ပိုများ လာသော်လည်း မီးလောင်မှု ဖြစ်ပွားလျှင် မီးငြှိမ်းသတ် နိုင်မှု အားနည်း နေသေးကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး၌ အထပ်မြင့် မီးသတ်ကား လေးစီးရှိပြီး ၄င်း ယာဉ်များသည် အထပ်မြင့် တိုက်များ မီးလောင်မှုတွင် ပိတ်မိနေသော သူများကို ကယ်ဆယ် ဆောင်ရွက်ရာ၌ လည်းကောင်း၊ အထပ်မြင့် မီးငြှိမ်းသတ် ရာတွင် လည်းကောင်း အသုံးပြု နိုင်သဖြင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရာ ရောက်ကြောင်း၊ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်ထိ မြို့နယ် ခြောက်မြို့နယ် (ပုသိမ်ကြီး မြို့နယ်မပါ) ရှိ အထပ်မြင့် ငါးထပ်နှင့် အထက် အဆောက်အအုံ အလုံးပေါင်း ၃၁၂ လုံး စိစစ်ခွင့်ပြု ခဲ့ပြီး ဖြစ်ကြောင်း၊ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရာ၌ စည်ပင်နှင့် မီးသတ် ဌာနတို့၏ ထောက်ခံချက်၊ အကြံပြုချက် ရရှိမှသာ  ဆောက်လုပ် သင့်ကြောင်း၊ သို့မှသာ မီးဘေး အန္တရာယ် ဖြစ်ပွားပါက ကြိုတင် ကာကွယ် နိုင်မည် ဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အထပ်မြင့် ငါးထပ်နှင့် အထက် အဆောက်အအုံများ မီးလောင်မှု ဖြစ်ပွားလျှင် ငြှိမ်းသတ်နိုင်မှု အားနည်း နေခြင်းကြောင့် အထပ်မြင့် တိုက်များတွင် ရေလုံလောက်စွာ ထားရှိခြင်း၊ အပူမီးခိုး ထောက်လှမ်းသော ကိရိယာများ ထားရှိခြင်း၊ မီးအချက်ပြ စနစ် ထားရှိခြင်း၊ မီးသတ်ပိုက်လိပ်များ ထားရှိခြင်း စသည့် အကြံပြုချက် ၂၁ ချက်အတိုင်း လိုက်နာ ဆောင်ရွက် သင့်ကြောင်း၊ မီးလောင်မှု ဖြစ်ပွားပါက အထပ်မြင့် ငါးထပ်ထိသာ မီးငြှိမ်းသတ် နိုင်သေးကြောင်း၊ မီးဘေး အန္တရာယ် ဖြစ်ပွားမှ ငြှိမ်းသတ်ခြင်း ထက် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများကို အဓိက ဦးစားပေး လုပ်ဆောင် ထားသင့်ကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

မမာ

#Yadanarpondaily

သစ်တောထွက်ပစ္စည်းများ မှီခိုနေရသော ဒေသခံများက ဖမ်းဆီးသော သစ်တောဝန်ထမ်းများကို တိုက်ခိုက်ရန်ပြုလာ



မကွေး ၊ ၂၆-၅-၂၀၁၅

မကွေးတိုင်း ဒေသကြီး အတွင်းရှိ သစ်တော ထွက်ရှိရာ ဒေသများတွင် တရားဝင် သစ်ထုတ်လုပ်မှု တစ်နှစ်လျှင် တန်သုံးထောင် ထက်မနည်း ထုတ်လုပ်လျက် ရှိရာတွင် ဒေသခံ များမှာ စိုက်ပျိုးမြေ ရှားပါးခြင်း၊ သစ် ဝါး ဖမ်းဆီးမှု မြင့်တက်ခြင်း နှင့် မိုးခေါင် ရေရှားခြင်း များကြောင့် သစ်တောထွက် ပစ္စည်းများကို မှီခို နေရသော ဒေသများက ဖမ်းဆီးသော သစ်တော ဝန်ထမ်းများကို တိုက်ခိုက် ရန်ပြုမှုများ ရှိလာကြောင်း မေ ၂၄ ရက်က မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ် ဝါးလုပ်ငန်းရှင် များအသင်းမှ ဝါးကုန်သည် တစ်ဦးက တောတွင်း အတွေ့အကြုံ များကို ပြောပြသည်။

''စေတုတ္ထရာ မြို့နယ်မှာ သစ်တော ဝန်ထမ်းတစ်ဦး ဓားနဲ့ အခုတ်ခံရတယ်။ အဲဒီမှာက တောင်ယာ မခုတ်ရတော့ တောင်သူတွေက တဖြည်းဖြည်း အခက်အခဲ တွေ့လာတယ်။ အခြား အစားထိုး သီးနှံ စိုက်ပျိုး နည်းလဲ မရတော့ သစ်တောကိုပဲ မှီခို စားသောက်တာ များပါတယ်။ အဖမ်းအဆီး များတော့ ဒေသခံတွေက အခြား လုပ်စရာ မရှိတော့ လာဖမ်းတဲ့ ဝန်ထမ်းတွေကို ရန်ပြုလာတာ ဖြစ်ပါတယ် .. '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ထိုသို့ တရားဝင် ဖမ်းဆီးမှုများ မပြုလုပ်ခင်က စေတုတ္ထရာ ဒေသခံ များမှာ သစ်တော ဝန်ထမ်းများကို ဖမ်းဆီးသစ် ပြသနိုင်ရန် ကျေးရွာများ အလိုက် ကူညီပေး ခဲ့ရပြီး ယခုကဲ့သို့ စားဝတ်နေရေး ခက်ခဲ လောက်အောင် ဖမ်းဆီး လာမှုကြောင့် ထိုသို့ ခိုက်ရန်ပြု မှုများ ရှိလာခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောပြသည်။

မကွေးတိုင်း ဒေသကြီး သည် မြန်မာ့ အကောင်းဆုံး ကျွန်းသစ် ထွက်ရှိရာ ဒေသဖြစ်သည်။ သစ်တောများ ရှိရာ ဒေသများတွင် လယ်ယာ နည်းပြီး မိုးကောင်းမှသာ စိုက်ပျိုးနိုင် သောကြောင့် သစ် ဝါး အပေါ်တွင် မှီခိုစားသောက် နေရသည်။ ဝမ်းစာဆန် အတွက် ပွင့်ဖြူနှင့် စလင်းမြို့နယ် တို့တွင်သာ အဓိက ဝယ်ယူ စားသောက် နေရသည်။ ထို့ပြင် အိမ်သုံး မျောတိုင်နှင့် ဝါးရောင်းချ သူများမှာလည်း ဒေသ လိုအပ်ချက် အရ တရားဝင် ရောင်းချနိုင်သော လိုင်စင် လိုအပ် နေကြောင်း အိမ်သုံးဝါးနှင့် မျောတိုင် ရောင်းချ သူများက ပြောပြ၍ သိရသည်။

စောကျော်ဝင်း (စလင်း)

#Yadanarpondaily

ကျောင်းအပ်နှံရေး ၀ိုင်းဝန်းကူညီပေး



မောင်သွင် (ပညာရေး)

နှစ်စဉ်နှစ်တိုင်း ဇွန်လမှာ အခြေခံပညာ ကျောင်းအားလုံး ဖွင့်လှစ် သင်ကြား ကြတော့မယ်။ ဆရာ၊ ဆရာမ တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းပြန်ဖွင့်မယ့် ဇွန်လကို မျှော်လင့်ချက် များစွာနဲ့ စောင့်မျှော် ခဲ့ရာက မကြာခင် မျှော်လင့်ချက် အပြုံးပန်းတွေ ပွင့်လန်းဝေဆာ ကြတော့မယ်။ 'ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း' ဆိုတဲ့ ကဗျာလေးက ကြည်နူးစရာ၊ အားတက်စရာ၊ မျှော်လင့်စရာ ကောင်းလှပါတယ်။ 'ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့' ဆိုတဲ့ ပညာရေး ဆောင်ပုဒ်ကလဲ ပညာရေးရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက် တွေကို မီးမောင်း ထိုးပြသလို ဖြစ်ပါတယ်။ မိဘ၊ ဆရာ၊ ကျောင်းသား ဆိုတဲ့ သုံးဦးဆိုင် တြိဂံ ပညာရေးမှာ ပန်းကလေးတွေနဲ့ တူတဲ့ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ တွေကို နေရောင်ခြည်နဲ့ တူတဲ့ ဆရာ၊ ဆရာမ တွေရဲ့သင်ကြား ပြသ ဆိုဆုံးမမှုနဲ့ ရေကြည်နဲ့ တူတဲ့ မိဘတွေရဲ့အားပေး ကူညီမှုတို့ ပေါင်းစပ် လိုက်တဲ့အခါမှာ အရောင်အသွေး လှလှ၊ ရနံ့သင်းပျံ့တဲ့ နိုင်ငံ့ရတနာ မျိုးဆက်သစ် လူငယ်၊လူရွယ် လေးတွေ ပေါ်ထွန်း စေခဲ့တာဟာ ပညာရေးဝန်ကြီး ဌာနရဲ့ ဂုဏ်ယူ ဝင့်ကြွားဖွယ်ရာ အဓိက ဆောင်ရွက်မှုပါ။

ဇွန် ၁ ရက်မှာ အခြေခံပညာ ကျောင်းအားလုံး ကျောင်းဖွင့်တာနဲ့ တစ်ပြိုင်နက် တည်း တစ်နှစ်တာ အတွင်း သတ်မှတ်ထားတဲ့ သင်ရိုး၊ မာတိကာမှာ ပါဝင်တဲ့ ကျောင်း သင်ခန်းစာ တွေကို အချိန် လုံလုံ လောက်လောက် နဲ့ အပြည့်အဝ သင်ကြား ပေးရမှာ ဖြစ်ပါတယ်။ ကျောင်း စဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူ အားလုံး အတန်း အသီးသီးမှာ စုံစုံလင်လင် ပညာသင်ဖို့ အသင့် အနေအထား ရှိနေရ ပါမယ်။ ပညာရေးဝန်ကြီး ဌာန အနေနဲ့ မေ ၂၅ ရက်ကနေ မေ ၃၁ ရက်ထိကို ကျောင်းအပ်နှံရေး သီတင်း ပတ် အဖြစ် သတ်မှတ် ထားတာ ဖြစ်ပါတယ်။ ပညာရေး ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ ဒီလို အချိန်အခါမျိုးမှာ ကျောင်းသား၊ ကျောင်းသူတွေ ကို သတ်မှတ်ထားတဲ့ မေလ နောက်ဆုံးပတ်မှာ ပြီးစီးအောင် အပ်နှံဖို့ မိဘတွေမှာ တာဝန်ရှိ ပါတယ်။ မြို့ပေါ် ကျောင်းတွေနဲ့ အခြေခံပညာ အထက်တန်း ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်းတွေမှာ သတ်မှတ်ရက် အတွင်း ကျောင်းအပ်နှံ ကြပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ ကျောင်းတွေနဲ့ ပညာရေးကို စိတ်ဝင်စားမှု နည်းတဲ့ ကျေးရွာတွေက ကျောင်းတွေ မှာတော့ ကျောင်းအပ်နှံ ရမယ့် မေလ တတိယပတ်မှာ မအပ်ဘဲ ကျောင်းဖွင့်ချိန် ရောက်မှ လာအပ်တာကို တွေ့မြင် နေရတယ်။

ဒါကြောင့် အမျိုးသား ပညာရေး မြှင့်တင်မှုရဲ့ ကဏ္ဍတစ်ခု ဖြစ်တဲ့ ကျောင်းအပ်နှံရေး ကာလ သတ်မှတ်ထားတဲ့ မေ ၂၅ ရက်ကနေ မေ ၃၁ ရက်ထိ ကျောင်းအပ်နှံမှု ကိစ္စ ပြီးမြောက်အောင် မိဘ ပြည်သူတွေ၊ ဆရာ၊ ဆရာမ တွေနဲ့ တာဝန်ရှိ သူတွေ၊ တာဝန်သိ သူတွေ အားလုံး ဝိုင်းဝန်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပညာရေး ဝန်ကြီးဌာန အနေနဲ့ ကျောင်းနေမြဲရေး အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် လေးရပ်ကိုလဲ ချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီ လုပ်ငန်းစဉ်တွေ ကတော့ (၁) စီမံချက်ဝင် မြို့နယ်တွေနဲ့ ပုံမှန်မြို့နယ် အားလုံးမှာ မြို့နယ် လုံးကျွတ် ကျောင်းအပ်နှံရေး အစီအစဉ်တွေ ချမှတ် ဆောင်ရွက်ဖို့၊ (၂) အခြေခံပညာ ကျောင်းအလိုက် ပညာသင်နှစ် တစ်လျှောက်လုံး ကျောင်းပျက်ကွက် လျော့နည်းမှု မရှိအောင် ကြပ်မတ် ဆောင်ရွက်ဖို့၊ (၃) ကျောင်းနေဖို့ အခက်အခဲ ရှိတဲ့ ကလေးတွေ၊ ကျောင်းပျက်ကွက်တဲ့ ကလေးတွေ အတွက် မိဘတွေကို ဆွေးနွေးပြီး လိုအပ်တာတွေ ဖြည့်ဆည်း ပံ့ပိုးပေးဖို့၊ (၄) ကျောင်းတွေ ပြန်လည်ဖွင့်လှစ် ချိန်မှာ အရင်နှစ်တွေက တက်ရောက်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ အားလုံး ကျောင်းပြန်တက် အောင် စိစစ်ကြပ်မတ် ဖို့ပဲ ဖြစ်ပါတယ်။

နိုင်ငံတော် အစိုးရအနေ နဲ့လဲ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ အခြေခံ အကျဆုံး ဖြစ်တဲ့ ပညာရေးကဏ္ဍ အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု ပညာရေး အသုံးစရိတ် တွေကို နှစ်စဉ်တိုးမြှင့် ချထားလျက် ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖြည့်စွက်မှု အနေနဲ့ အန္တရာယ် ရှိ ကျောင်းဆောင်တွေ၊ ဥပဓိရုပ် မကောင်းတဲ့ ကျောင်းဆောင် တွေကို ပြန်လည် ပြုပြင်မှု၊ ကျောင်းသား ဦးရေအရ ကျောင်းဆောင်သစ် တွေ ဆောက်လုပ်ပေးမှု၊ စာသင်ခုံ၊ ပရိဘောဂနဲ့ ရုံးသုံးပစ္စည်း တွေ ဖြည့်ဆည်း ပေးမှုတွေ ဆောင်ရွက်သလို ဆရာ၊ ဆရာမ တွေကို မွမ်းမံသင်တန်း တွေပေးမှု၊ ဘာသာရပ် ဆိုင်ရာ လုပ်ငန်း ဆွေးနွေးပွဲတွေ ပြုလုပ်ပေးမှု၊ ဘာသာရပ် ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းတွေ ပေးမှုတွေကို အားကြိုး မာန်တက် ဆောင်ရွက်လျက် ရှိပါတယ်။ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် က စပြီး မူလတန်း အဆင့်ကနေ အထက်တန်း အဆင့်ထိ အခမဲ့ ပညာရေး ဆောင်ရွက်ပြီး မိဘပြည်သူ တွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးလျက် ရှိပါတယ်။ မူလတန်း ကျောင်းသား၊ ကျောင်းသူ တွေကို ပုံနှိပ်စာအုပ် အခမဲ့၊ ဗလာစာအုပ် တစ်ဒါဇင်၊ ကျောင်းဝတ်စုံ တစ်စုံစီနဲ့ အခြေခံပညာ အထက်တန်း၊ အခြေခံပညာ အလယ်တန်းတွေ အတွက် ကျောင်းလခ၊ PTA နဲ့ ASL ကြေးတွေကို နိုင်ငံတော် က ကျခံပြီး မိဘတွေ ကျောင်းစရိတ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင် အခမဲ့ ပညာရေး ကို အကောင် အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

'ကျောင်းနေပျော်၍ စာတော်စေရမည်' ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းတော်ကြီးမှာ ပျော်ရွှင်စွာ ပညာ သင်ကြားခွင့် ရရှိပြီး ကာယ၊ ဉာဏ၊ စာရိတ္တနဲ့ ရသ၊ သက်မွေး၊ ဘက်စုံ ပညာရေးမှာ ထူးချွန် ထက်မြက်တဲ့ နိုင်ငံ့ရတနာ၊ ရင်နှစ်သည်းချာ တွေ ပေါ်ထွန်း လာစေဖို့ စိတ်ရည်သန်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်မှာ ကျောင်းနေအရွယ် ကလေးတိုင်း ရာနှုန်းပြည့် ကျောင်းအပ်နှံရေး အတွက် မိဘပြည်သူ တွေ၊ ဆရာ၊ ဆရာမ တွေနဲ့ ပညာရေးကို စိတ်ဝင်စားသူ အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြ စေဖို့ နှိုးဆော် တိုက်တွန်း ရေးသား လိုက်ရပါတယ်။

#Yadanarpondaily

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၃၆)


မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၃၆)


Download Links

ဆိုဒီယမ်ဓာတ် ပါဝင်မှုများသော အစားအစာများကို စားသုံးပါက သွေးတိုးရောဂါ ဖြစ်ပွားနိုင်



ရန်ကုန် ၊ ၂၆-၅-၂၀၁၅

ဆိုဒီယမ်ဓာတ် ပါဝင်မှု များသော အစားအစာ များကို စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားတတ် သောကြောင့် ဆိုဒီယမ်ဓာတ် ကို လျှော့ချသည့် အနေဖြင့် ဆိုဒီယမ် ပမာဏ လျော့နည်းသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် နှင့် အသီးအနှံ များကိုသာ စားသုံးသင့်ကြောင်း ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ ကျန်းမာရေး) က ပြောသည်။

ဆိုဒီယမ်ဓာတ် များစွာ ပါဝင်နေသော ဆား၊ ဟင်းချိုမှုန့်၊ ပဲပိစပ်ဆော့စ်၊ စားပွဲတင်ဆော့စ်နှင့် ဟင်းချက်ဆော့စ် များကို လွန်ကဲစွာ စားသုံးခြင်း၊ ဆိုဒီယမ်ဓာတ် ကို ပြုပြင်စီမံ ထားသော စည်သွတ် အစာဘူးများ၊ အသင့်စား ခေါက်ဆွဲများ၊ ဝက်ဆားနယ် ခြောက်များ နှင့် အေးခဲထားသော အစားအစာ များကို စားသုံးခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ပွားပြီး ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး များ ဖြစ်သော နှလုံး ရောဂါ၊ ကျောက်ကပ် ရောဂါ နှင့် နာတာရှည် ရောဂါများ ဖြစ်ပွားကာ ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်း သိရသည်။

လူ၏ ခန္ဓာကိုယ်တွင်း ကောင်းစွာ အလုပ်လုပ် နိုင်ရန် ဆိုဒီယမ်ဓာတ် တချို့ လိုအပ်ပြီး ခန္ဓာကိုယ် အတွက် အရေးပါသည် များလည်း ရှိရာ ခန္ဓာကိုယ် ထဲတွင်ရှိသော အရည်ဓာတ်များ ဟန်ချက် ညီမျှအောင် ပြုလုပ်ပေးခြင်း၊ အာရုံကြောများ လှုံ့ဆော်မှု ကောင်းစေခြင်း နှင့် ကြွက်သားများ ကျုံ့ဆန့်ပြီး အနားရစေ ခြင်းများကို ကူညီ ဆောင်ရွက် ပေးလျက်ရှိရာ ဆိုဒီယမ် ပါဝင်သော အစားအစာ များကို လျှော့စားခြင်းဖြင့် ကျောက်ကပ် သည် ဆိုဒီယမ် ပမာဏကို ကောင်းစွာ သိုလှောင် ထားနိုင်ကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) မှ ကျန်းမာသော လူတစ်ယောက် သည် နေ့စဉ် ဆားသုံးစွဲမှု ၅ ဂရမ် သို့မဟုတ် လက်ဖက်စားဇွန်း တစ်ဇွန်းထက်မပိုရ ဟူ၍ သတ်မှတ်ထားပြီး အသက်ငယ်သော ကလေးများ သည် ၅ ဂရမ်ထက် လျော့နည်းစွာ စားသုံးသင့်ပြီး ဆိုဒီယမ် ၁ ဂရမ်သည် ဆား ၂ ဒသမ ၅ ဂရမ်နှင့် ညီမျှကြောင်း သိရသည်။

ထိုသို့ ဆိုဒီယမ်ကို လျှော့စားရန် လိုအပ်သောကြောင့် ဆိုဒီယမ်ဓာတ် များစွာ ပါဝင်သော အစားအစာ များကို စားသုံးခြင်းမှ ရှောင်ကြဉ် ရမည်ဖြစ်ပြီး ဆိုဒီယမ် ပမာဏ လျော့နည်းသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် များနှင့် အသီးအနှံများ ကိုသာ စားသုံးရန်နှင့် ကြက်ကင်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆတ်သား ခြောက်ကင်၊ ပီဇာ အမျိုးမျိုးနှင့် ဟော့ဒေါ့မုန့် များတွင် ဆိုဒီယမ် ပါဝင်မှု များတတ် သောကြောင့် သတိပြု စားသုံး သင့်ကြောင်း သိရသည်။

နေနေ

#Themyawadydaily

၂ဝ၁၅ -၂ဝ၁၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေး သီတင်းပတ်စတင်



ရန်ကုန် ၊ ၂၆-၅-၂ဝ၁၅

''ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ပြည်သူအားလုံး ပါဝင် ဆောင်ရွက်ပေး'' ဟူသော ဆောင်ပုဒ်နှင့် အညီ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် အတွက် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အရ ရာနှုန်းပြည့် ကျောင်းအပ်နှံရေး ကျောင်းနေမြဲရေး၊ မူလတန်းပညာ ပြီးဆုံးသည် အထိ အတန်းစဉ် တက်ရောက် နိုင်ရေးကို တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာနသည် အခမဲ့ မသင်မနေရ မူလတန်း ပညာရေး စနစ်ကို ၂ဝ၁၁- ၂ဝ၁၂ ပညာသင်နှစ်မှ စတင်၍ တစ်နိုင်ငံလုံးရှိ သူငယ်တန်းမှ စတုတ္ထတန်း အထိ အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူ အားလုံး အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ် အပြည့်အစုံ၊ ဗလာစာအုပ် ခြောက်အုပ်၊ စာရေးကိရိယာ အတွက် ငွေတစ်ထောင် တို့ကို အခမဲ့ ပေးခဲ့သည်။

၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် တွင် အခမဲ့ မူလတန်း ပညာရေးအပြင် အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေး ကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်ပေး ခဲ့ပြီး ယင်းနှစ်တွင် ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ အခြေခံပညာ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ များကို ပုံနှိပ်စာအုပ်များ အခမဲ့ ဖြန့်ဝေပေး ခဲ့ပြီး ကျောင်းလခ၊ မိဘဆရာ အသင်းရန်ပုံငွေ၊ စာကြည့်တိုက်၊ အားကစား၊ စာရေး ကိရိယာ (ASL) ရန်ပုံငွေများ ကိုလည်း ကောက်ခံခြင်း မရှိတော့ကြောင်း သိရသည်။

နဝမတန်းနှင့် ဒသမတန်း အထိ အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အတွက် ပုံနှိပ်စာအုပ် များကို သတ်မှတ်နှုန်း အတိုင်း လိုအပ်သူ များအား ရောင်းချ ပေးခဲ့ပြီး PTA ၊ ASL ရန်ပုံငွေ၊ ကျောင်းလခ သတ်မှတ်နှုန်းမှ လွဲ၍ တခြား မည်သည့် ငွေကြေးမှ ကောက်ခံခြင်း မရှိကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း တို့သည် အခမဲ့ ပညာရေးဖြစ်ပြီး ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ကျောင်းလခ၊ PTA ၊ ASL မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း မရှိဘဲ အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူ အားလုံးအတွက် တစ်ဦးလျှင် ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံစီ အခမဲ့ ပေးဝေမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ကျောင်းများ၌ ဆိုင်းဘုတ်များ ရေးချိတ် ထားသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် အခြေခံပညာ အထက်တန်း ကျောင်းခွဲ အပါအဝင် အခြေခံပညာ အထက်တန်းကျောင်း ၂၈၅ ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ အပါအဝင် အခြေခံပညာ အလယ်တန်းကျောင်း ၃ဝ၄ ကျောင်း၊ အခြေခံပညာ မူလတန်းခွဲ ကျောင်း၊ အခြေခံပညာ မူလတန်းလွန် ကျောင်း အပါအဝင် အခြေခံပညာ မူလတန်းကျောင်း စုစုပေါင်း ၂၇၁၆ ကျောင်းရှိပြီး ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း သူငယ်တန်း ဝင်ရောက်မည့် အသက်ငါးနှစ် အရွယ် ကလေးဦးရေ ၁ဝ၆၃၉၅ ဦးနှင့် အမှန်တကယ် သူငယ်တန်း ဝင်ရောက်သည့် ကလေးဦးရေ ၁ဝ၅၆ဝ၆ ဦး ရှိကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger