www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အော်ဂဲနစ်စိုက်ပျိုးရေး. Show all posts
Showing posts with label အော်ဂဲနစ်စိုက်ပျိုးရေး. Show all posts

Tuesday, October 2, 2018

ရန်ကုန်မြို့ ရှိ စိန်မေရီ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို တိုးချဲ့ လုပ်ဆောင်ရန်စီစဉ်နေ တိုးချဲ့ လုပ်ဆောင်ရန်စီစဉ်နေ



ရန်ကုန် အောက်တိုဘာ ၁ 
-
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ မြေဧက ၅ဝ ပေါ်၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော စိန်မေရီ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို တိုးချဲ့ရန်ရှိကြောင်း စိန်မေရီကျောင်း၌ မှို 
စိုက်ပျိုးရေးအတွက် နည်းပညာပေးနေသူ ဆရာမဒေါ်ပြုံးစန္ဒာထံမှ သိရသည်။ စိန်မေရီအော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံတွင် နွား၊ ဆိတ်၊ ကြက်များမွေးမြူထားသည့်အပြင် သကြားသီး၊ ကျွဲကောသီးမှစ၍ 
သစ်သီးဝလံနှင့် ပန်းမန်မျိုးစုံကို ဓာတုကင်းလွတ်သီးနှံများအဖြစ် ၁၉၇၃ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
''အောင်ဆန်းအားကစားကွင်းအနီးမှာရှိတဲ့ စိန်မေရီကျောင်းမှာရောင်းတယ်။ အပြင် ဈေးကွက်ထဲကိုတော့ သိပ်မရောက်သေးဘူး။ အဓိကက တစ်ပတ်ကို တစ်ရက်ရောင်းတယ်။ ကျောင်းမှာရှိတဲ့ ကလေးတွေစားဖို့အတွက် 
အပြင်ကမဝယ်ရတော့ဘူး။ နည်းနည်းတိုးချဲ့ စိုက်ပျိုးဖို့ လုပ်ဆောင်နေပါတယ်''ဟု ဒေါ်ပြုံးစန္ဒာက ပြောသည်။
-
ထို့ပြင် ပိုလျှံသည်များကို ရောင်းချခြင်းမှာ တစ်နှစ်ခန့်သာရှိသေးပြီး စနေနေ့တစ်ရက်တည်းသာ ဖွင့်လှစ်သည့် အော်ဂဲနစ်ဈေး၌ ရောင်းချနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
-
''ဒီမှာစိုက်ပျိုးတဲ့ သီးနှံတွေအားလုံးက အော်ဂဲနစ်တွေပါ။ နွားချေးဆိုလည်း ကိုယ်တိုင် မွေးထားတဲ့နွားခြံထဲက နွားချေး၊ ကြက်ချေးဆိုလည်း ကိုယ်တိုင်မွေးထားတဲ့ကြက်ခြံထဲက ကြက်ချေးတွေနဲ့ပဲ မြေသြဇာလုပ်ပြီး အပင်
တွေကိုကျွေးတာပါ။ ထူးခြားချက်က အမျိုးသမီးတွေပဲ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေတာပါ''ဟု ဒေါ်ပြုံးစန္ဒာကပြောသည်။
-
လတ်တလောတွင် စိန်မေရီမိဘမဲ့ကျောင်းမှ စစ္စတာအပါး ၅ဝ ကျော်နှင့် ကျောင်းသူ ၁၂၅ ဦးတို့က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အော်ဂဲနစ်သီးနှံများသည် ဓာတ်မြေသြဇာ 
သုံးသီးနှံများထက် ၃ဝ ရာခိုင်နှုန်းခန့် ဈေးနှုန်း ပိုမိုများပြားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, July 5, 2018

ယခုနှစ်တွင်သဘာဝ ဘေးဒဏ်ကြောင့် လက်ဖက်ရရှိမှု နည်းသော်လည်း ဈေးကောင်းရ



လားရှိုး ၅-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ယခုနှစ် လက်ဖက်ညွန့် ထွက်ချိန်တွင် သဘာဝဘေးဒဏ်ကြောင့် လက်ဖက်ရရှိမှု နည်းသော်လည်း ပြန်လည်ရောင်းချရာ၌ ဈေးကောင်း ရရှိကြသဖြင့် လက်ဖက်စိုက် တောင်သူများ အဆင်ပြေကြောင်း တန့်ယန်းမြို့နယ်မှ လားရှိုးမြို့သို့ လက်ဖက်လာရောက် ရောင်းချသူ ဒေါ်နန်းမွမ်းထံမှ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် လက်ဖက်စိုက်ပျိုးခြင်းကို လားရှိုး၊တန့်ယန်း၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲနှင့် လောက်ကိုင်မြို့နယ် တို့တွင် စိုက်ပျိုးမှုများပြားပြီး ကျောက်မဲ၊ နမ့်ဆန်နှင့် တန့်ယန်းမြို့နယ်တို့၌ နှစ်စဉ်လက်ဖက်ထွက်ရှိမှု များပြားကြောင်း၊ လက်ဖက်ထွက်ရှိမှု ကောင်းမွန်သဖြင့် ဈေးနှုန်းလည်း မြင့်တက်မှုမရှိဘဲ လက်ဖက်ခြောက် တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝမှ အမြင့်ဆုံး ငွေကျပ် ၁၈ဝဝဝထိသာ ရောင်းချခဲ့ရကြောင်း၊ ပြီးခဲ့သည့် သုံးနှစ် နောက်ပိုင်းမှစ၍ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်မှု များကြောင့် လက်ဖက်ညွန့်များ အရင့်မြန်ခြင်း၊ လက်ဖက်ခူးချိန်တွင် လုပ်သားရှားပါး သည့်အတွက် အချိန်မီမခူးဆွတ် နိုင်ခြင်းတို့ကြောင့် လက်ဖက်ရရှိမှုနည်းပါးသဖြင့် လက်ဖက်စိုက်သူများ အနေဖြင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

"ကျွန်မတို့က တခြားမြို့နယ် တွေကိုလဲ ဖြန့်တာရှိတယ်။ ကိုယ်တိုင်လဲရောင်းပါတယ်။ ဈေးနှုန်းကတော့ အတက်ဘက်မှာပဲ ရှိတယ်။ ဒီနှစ်တော့ လက်ဖက်ဈေးကလဲ အရင်နှစ်က ငွေကျပ်၄၅ဝဝ၊ ငွေကျပ်၅ဝဝဝရောင်းတဲ့ လက်ဖက်ခြောက်ကို ငွေကျပ် ၆ဝဝဝ၊ငွေကျပ် ၇ဝဝဝ ရောင်းရတယ်။ အမြင့်ဆုံးငွေကျပ် ၃ဝဝဝဝကျပ်ထိ ရောင်းရတယ်ဆိုတော့ လက်ဖက်အထွက် နည်းပေမယ့် ဈေးကောင်းရလို့ ကျွန်မတို့အနေနဲ့ အရှုံးမရှိပါဘူး"ဟုဒေါ်နန်းမွမ်းက ပြောပြ၍ သိရသည်။

#Themyawadydaily

Wednesday, July 4, 2018

ရာနှုန်းပြည့်အော်ဂဲနစ် သီးနှံများထုတ်လုပ်နိုင်ရေးအတွက် အော်ဂဲနစ်သင်တန်း ဖွင့်လှစ်မည်



ရန်ကုန် ၄-၇-၂ဝ၁၈

တောင်သူများ ဝင်ငွေတိုးစေမည့် ရာနှုန်းပြည့် အော်ဂဲနစ်သီးနှံများ ထုတ်လုပ်နိုင်ရန် အခြေခံအော်ဂဲနစ် သင်တန်းကို ရန်ကုန်မြို့၌ ယခုလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း အော်ဂဲနစ်တာဝန်ခံ ဒေါက်တာဝင်းထွဋ်ထံမှ သိရသည်။

အဆိုပါ သင်တန်းကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးခန်း၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

''ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် ချင်သူတွေအတွက် အခြေခံသင်တန်း ဖွင့်လှစ် ပေးတာပါ။ အခြေခံကနေစပြီး သင်ကြား ပြသပေးသွားမှာပါ'' ဟု ဒေါက်တာဝင်းထွဋ်က ပြောသည်။

တောင်သူဦးကြီးများ အတွက် အဆင်ပြေစေရန် သင်တန်းတွင် မြန်မာစာတတ်သည့် အဆင့်မှစတင် လက်ခံပေးမည် ဖြစ်ကာ မြေကျန်းမာရေး၊ ရေကျန်းမာရေး၊ စိုက်ပျိုးရာတွင် အစားအသောက်များတွင် ရှိသင့်သည့် စံချိန်စံညွှန်း များအား ထည့်သွင်းသင်ကြား ပေးမည်ဖြစ်သည်။

ထို့ပြင် သင်တန်းတက်ရောက် ခြင်းအားဖြင့် စိုက်ပျိုးသူများမှာ မိမိတို့စိုက်ပျိုးသည့် သီးနှံများကြောင့် သဘာဝပတ်ဝန်းကျင် နှင့်မြေယာများ၌ ဇီဝဗေဒအဆိပ်သင့်မှုများ မရှိနိုင်တော့ဘဲ ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်များ ကိုထုတ်လုပ် နိုင်မည့်အပြင် တခြားသူများအား ရောင်းချပေးနိုင်မည့် အော်ဂဲနစ်သီးနှံများကို ရာနှုန်းပြည့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, June 13, 2018

ကော်ဖီစိုက်ပျိုး ရာသီအမီ ဖြန့်ချိနိုင်မည့် အော်ဂဲနစ်ကော်ဖီ ပျိုးပင်ခုနစ်သိန်းခွဲရှိသည့် ပျိုးခြံတစ်ခု ရွာငံမြို့နယ်၌ စတင်တည်ထောင်



ရွာငံ ၁၃-၆-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်၌ အော်ဂဲနစ် ကော်ဖီပျိုးပင် ခုနစ်သိန်းခွဲရှိသည့် ပျိုးခြံတစ်ခု စတင်တည်ထောင်ပြီး ၂ဝ၁၉ ကော်ဖီ စိုက်ပျိုးရာသီအမီ တစ်နိုင်ငံလုံးသို့ ဖြန့်ချိမည် ဖြစ်ကြောင်း ဥာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်း အောင်နေလင်းထွန်း ကုမ္ပဏီဒါရိုက်တာ ဦးငွေထွန်းထံမှ သိရသည်။

အဆိုပါပျိုးခြံကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ကဇက်ကျေးရွာရှိ ဥာဏ်ကြီးရှင် ကော်ဖီခြံ၌ တည်ထောင်ထားခြင်း ဖြစ်ပြီးကော်ဖီစိုက်ပျိုးသူ တောင်သူများ အနေဖြင့် ၂ဝ၁၉ ကော်ဖီစိုက်ပျိုးရာသီတွင် ကော်ဖီစိုက် ဧက ၅ဝဝ ကျော်၌ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ထားသည်။ ပျိုးခြံတွင် အာရေဘီကာကက်တွိုင်း ကော်ဖီမျိုးစိတ် တစ်မျိုးတည်းကိုသာ စနစ်တကျစိုက်ပျိုး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်တွင်း၌ ကော်ဖီစိုက်ပျိုးသူ များသည် ရရှိလာသော ကော်ဖီမျိုးစိတ်များကို ရောနှောစိုက်ပျိုးသဖြင့် အရည်အသွေး မညီမျှခြင်း၊ ခူးဆွတ်ချိန် မမှန်ခြင်းနှင့် မျိုးစိတ်အမည်ကို မဖော်ပြနိုင်သဖြင့် ဈေးကွက်မရ ရှိခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''အရင်က ကော်ဖီပျိုးတယ်ဆိုရင် သေချာမပျိုးတော့ ကော်ဖီပင်တွေက ပျိုးခြံမှာ သေချာဂရု မစိုက်တဲ့အတွက် ကော်ဖီပင်ရဲ့ သက်တမ်းက တိုပါတယ်။ အသီးသီးရင်လည်း ကော်ဖီပင်ရဲ့ အရည်အသွေးက လျော့သွားတယ်။ အဓိကအခက်အခဲက မျိုးတစ်မျိုးတည်း မရဘူးဖြစ်နေတယ်။ ဥပမာ-စပါးလိုပေါ့။ စပါးဆိုရင် ပေါ်ဆန်းမွှေး၊ ငစိန်နဲ့ ငကျွဲတစ်မျိုးစီ စိုက်ရင်တော့ မျိုးကကောင်းတယ်။ အကုန်ရောစိုက်တဲ့အခါ မျိုးတစ်မျိုးတည်း မရတဲ့အတွက် အခက်အခဲရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က အော်ဂဲနစ်စိုက်ခင်း တွေနဲ့ကိုက်ညီတဲ့ ပျိုးပင်တွေကို ပျိုးတာပါ'' ဦးငွေထွန်းက ပြောသည်။

ထို့ပြင် ကော်ဖီပျိုးခြံမှ ရရှိလာသော ကော်ဖီမျိုးကောင်း မျိုးသန့်ပင်များကို နိုင်ငံတစ်ဝန်းရှိ ကော်ဖီစိုက်ပျိုးလိုသူ များထံသို့ သင့်တင့်သော ဈေးနှုန်းများဖြင့် ၂ဝ၁၉ ကော်ဖီစိုက်ပျိုး ရာသီအမီ ရောင်းချမည်ဖြစ်ပြီး စိုက်ပျိုးရန် နည်းပညာများကိုပါ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။ လတ်တလောတွင် အဆိုပါကော်ဖီပျိုးခြံမှ ကော်ဖီပျိုးပင် ၇၅ဝဝဝ ခန့်ကို တောင်သူများက ကြိုတင်မှာထားကြောင်း သိရသည်။

#Themyawadydaily

Friday, June 8, 2018

ပြင်ဦးလွင် မြို့နယ်ရှိ နဂါးမောက်စိုက်ခင်းများတွင် ပျားအုံဝန်ဆောင်မှု ဆောင်ရွက် နိုင်ခဲ့သဖြင့် ငွေကျပ် သိန်း ၇ဝဝကျော် အမြတ်ရရှိ



ပြင်ဦးလွင် ၈-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် အနီးစခန်း ပြင်စာကျေးရွာအနီးရှိ ဟန်ဦးမောင် နဂါးမောက်စိုက်ခင်း ၁၂ ဧကကို ၂ဝ၁၇ ခုနှစ် သြဂုတ်လမှစ၍ ပျားအုံ ၅ဝ ဖြင့် နဂါးမောက်ပင်များ ဝတ်မှုန်ကူး ဝန်ဆောင်မှုကို မန္တလေးတိုင်း ဒေသကြီး ပျားလုပ်ငန်းဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ယခင်နှစ်များကထက် အရသာပိုမိုကောင်းမွန်ပြီး အလုံးကြီးများ ထွက်ရှိခဲ့သဖြင့် ငွေကျပ် သိန်း ၇ဝဝ ကျော် ပိုမိုအမြတ်ရရှိခဲ့ကြောင်း ပျားလုပ်ငန်းဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောပြ၍ သိရသည်။

ပျားအုံဝန်ဆောင်မှု ဝတ်မှုန်ကူး မဆောင်ရွက်မီ နှစ်များက နဂါးမောက်သီးအလတ်၊ အသေးနှင့် ပယ်သီးများ ထွက်ရှိသဖြင့် ရောင်းတမ်းမဝင်ခဲ့ဘဲ ဆုံးရှုံးမှုများရှိခဲ့ရာ ပျားအုံချ၍ ဝန်ဆောင်မှု ဝတ်မှုန်ကူး ဆောင်ရွက်ခြင်း အားဖြင့် နဂါးမောက်သီးများ ရောဂါကင်းရှင်းခြင်း၊ အရွယ်အစားပိုမို ကြီးမားလာခြင်း၊ ပယ်သီးများ မထွက်ရှိခြင်း၊ ယခင်ပျားအုံများမချမီ တစ်ကီလိုလျှင် သုံးလုံး၊လေးလုံးရှိနေရာ ပျားအုံချပြီးနောက် တစ်ကီလိုလျှင် တစ်လုံး၊နှစ်လုံးထိ အလေးချိန် စီးလာကြောင်း၊ ယခင်နဂါးမောက် သီးတစ်ဖာလျှင်အလုံး ၃ဝခန့် ထည့်နေရာမှ ယခုတစ်ဖာလျှင် ၁၈ လုံးခန့်မှ ၂၄ လုံးခန့်ထိသာ ထည့်၍ ရသောကြောင့် နဂါးမောက်သီးဖာ ၁ဝဝဝဝ ပိုမိုထွက်ရှိခဲ့ကြောင်း၊ တစ်ဖာလျှင်အနိမ့်ဆုံး ငွေကျပ် ၇ဝဝဝဖြင့်တွက်လျှင်ပင် ပျားအုံချထားခဲ့သည့် အတွက် ငွေကျပ် သိန်း ၇ဝဝခန့် ဝင်ငွေပိုမိုရရှိခဲ့ကြောင်း ဟန်ဦးမောင် နဂါးမောက် စိုက်ခင်းပိုင်ရှင် ဦးအောင်မျိုးထွေးထံမှ သိရသည်။

ယခုနှစ်တွင် ပြင်ဦးလွင် အနီးစခန်းနှင့် ပြင်စာကျေးရွာတို့တွင် ပျားအုံ ၁ဝဝကျော်ဖြင့် ဝတ်မှုန်ကူးဝန်ဆောင်မှု ပြုလုပ်လျက် ရှိကြောင်း၊ ပျားအုံချ၍ ဝတ်မှုန် ကူးဝန်ဆောင်မှု ပြုလုပ်လိုသည့် နဂါးမောက်ခြံ ပိုင်ရှင်များအနေဖြင့် မန္တလေးတိုင်း ဒေသကြီး ပျားလုပ်ငန်းဌာန ဖုန်း ဝ၉-၂ဝဝဝ၈ဝ၅သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, June 6, 2018

အရည်အသွေးကောင်း စပျစ်များ စိုက်ပျိုးပါက ပြည်ပစပျစ်များနှင့် ဈေးနှုန်းချင်း ယှဉ်နိုင်ပြီး ဈေးကွက်ခိုင်မာလာနိုင်



ရမည်းသင်း ၆-၆-၂ဝ၁၈

အရည်အသွေး ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် စပျစ်များကို ပြည်တွင်း၌ ရွေးချယ်စိုက်ပျိုးပါက ပြည်ပမှ ဝင်ရောက်လာသည့် စပျစ်များနှင့် ဈေးနှုန်းချင်း ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး ဈေးကွက်ခိုင်မာလာ နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆေးပုလဲကုန်းကျေးရွာ ပုလဲစပျစ်ခြံပိုင်ရှင် ကိုလှိုင်ထွန်းထံမှ သိရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် သီးနှံများသည် သွင်းအားစု၊ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် သယ်ယူစရိတ် များပြားသည့်အပြင် အရည်အသွေး ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိသဖြင့် ပြည်ပမှဝင်ရောက် လာသည့်သီးနှံများနှင့် ယှဉ်ပါက ဈေးနှုန်းကွာ နေဆဲဖြစ်ပြီး စပျစ်ဈေးနှုန်းများလည်း ကွာဟချက်ရှိ နေကြာင်း သိရသည်။

''အဓိကက ဈေးကွက်တစ်ခု ခိုင်မာဖို့ စပျစ်ခြံပိုင်ရှင်တွေ အနေနဲ့ အရည်အသွေး ထိန်းသိမ်းရမယ်။ အရည်အသွေးကောင်းတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးရမယ်။ ဒါတွေကို စပျစ်ခြံပိုင်ရှင်တွေက လိုက်နာဆောင်ရွက် မယ်ဆိုရင် ဈေးကွက်ဝင် နိုင်ငံတကာ အဆင့်မီစပျစ်တွေ ထုတ်လုပ်နိုင်မှာပါ''ဟု ကိုလှိုင်ထွန်းက ပြောသည်။

လတ်တလောတွင် ဈေးကွက်အတွင်း၌ စပျစ်စိုက်ပျိုးသူများမှ တိုက်ရိုက်ရောင်းချမှု နည်းပါးပြီး အဆင့်ဆင့်ရောင်းချ နေရသည့်အတွက် ဈေးနှုန်းကွာဟ ချက်များနေခြင်းဖြစ်ကာ စိုက်ပျိုးသူကိုယ်တိုင် ရောင်းချနိုင်သည့် ဈေးကွက်စနစ် တစ်ခုဖန်တီးရန် အတွက် စိုက်ပျိုးသူများ စုစည်းဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိသည်။ မြန်မာနိုင်ငံ စပျစ်ဈေးကွက်၌ ပြည်တွင်းစပျစ်နှင့် တရုတ်၊ ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသော စပျစ်များ ဈေးကွက်ချင်းယှဉ်ပါက ပြည်တွင်းထွက် စပျစ်များသည် ဈေးနှုန်းထက်ဝက် သို့မဟုတ် သုံးပုံတစ်ပုံခန့် လျော့နည်းနေကြောင်း သိရသည်။

ထို့သို့ စိုက်ပျိုးရာတွင် Red Groble မျိုးနှင့် တခြားဈေးကွက် ကောင်းသည့် အရည်အသွေး ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ပြီး ပြည်ပမှဝင်ရောက် လာသည့် စပျစ်အရည်အသွေး များသည် ပြည်တွင်း စပျစ်များနှင့် နှိုင်းယှဉ်ပါက အရည်အသွေး ကွာဟချက်များရှိရာ အစေ့နည်းပညာသုံး စပျစ်မျိုးထုတ်လုပ်မှု နည်းပညာ လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အများဆုံး စိုက်ပျိုးသော စပျစ်မျိုးများတွင် No.3 ၄ဝ ရာခိုင်နှုန်း၊ Black Queen ၄ဝ ရာခိုင်နှုန်း၊ Big Black၊ ရွှေနီ၊ ကာဒိနန်နှင့် တခြားစပျစ် ၂ဝ ရာခိုင်နှုန်း ခန့်စိုက်ပျိုးကြကြောင်း သိရသည်။

ပြည်တွင်း၌ စပျစ်ကို ရမည်းသင်း၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ မုံရွာ၊ မကွေး၊ ပခုက္ကူနှင့် ရှမ်းပြည်နယ် စသည့်ဒေသတို့တွင် စိုက်ပျိုးကြပြီး ခန့်မှန်းဧက တစ်သောင်းခန့်ရှိကာ ရမည်းသင်းမြို့နယ်၌ ဧကငါးထောင်ခန့်ဖြင့် အများဆုံးစိုက်ပျိုး လျက်ရှိပြီး တစ်ရက်လျှင် စပျစ်ပိဿာချိန် သုံးသောင်းခန့်ထွက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, May 22, 2018

မိုးစပါးစိုက်ရာသီတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ မိုးစပါးဧက ၂၄၇၉၀ စိုက်ပျိုးရန်လျာထား



မုံရွာ ၂၂-၅-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်နှင့် မြို့နယ်ခွဲ ခုနစ်ခုတွင် ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ် ကြားကာလ ခြောက်လ ဘတ်ဂျက်တွင် မိုးစပါး ဧက ၂၄၇၉ဝ စိုက်ပျိုးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အနောက်မြောက် ဒေသဖြစ်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များသည် မြေပြန့်ဧရိယာ အနည်းငယ်သာရှိပြီး အများအားဖြင့် တောင်တန်းများပေါ်၌ တည်ရှိသောကြောင့် စပါးစိုက်ပျိုးရာတွင် တောင်ယာ စိုက်ပျိုးနည်း၊ လှေကားထစ် စိုက်ပျိုးနည်းများကို အများဆုံးအသုံးပြုသော ဒေသများ ဖြစ်ကြောင်း သိရသည်။

"စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသမှာရှိတဲ့ မြို့နယ်နဲ့ မြို့နယ် ခွဲတွေက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လှေကားထစ်စိုက်ပျိုးနည်း၊ တောင်ယာ စိုက်ပျိုးနည်းတွေကို အဓိကထားလုပ်ကိုင်တယ်။ သီးနှံမျိုးစုံ စိုက်ပျိုးကြတဲ့ အထဲမှာ စပါးကိုတော့ ဧက ၂၇ဝဝဝ ကျော် စိုက်ပျိုးဖို့ လျာထားပါတယ်" ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီက ဧက ၂၄၅၁၅ ဧကကိုလည်းကောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး ရာသီက ၂၅၁၁၈ ဧကကိုလည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး ရာသီက ဧက ၂၄၇၉ဝ ကိုစိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လည်း ဧက ၂၄၇၉ဝ ကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, May 17, 2018

အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ အော်ဂဲနစ်လက်ဖက် အစိုနှင့် အခြောက် ဝယ်ယူရန် ကမ်းလှမ်းထား



ရန်ကုန် ၁၇-၅-၂ဝ၁၈

ပြည်တွင်းမှ ထွက်ရှိသည့် အော်ဂဲနစ် လက်ဖက်အစိုနှင့် အခြောက်များကို အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ ယခုနှစ်အတွင်း ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းမြိုင်ထံမှ သိရသည်။

''အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့က အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်ရပြီးသား လက်ဖက်ကိုလိုချင်လို့ စိတ်ဝင်စားကြတယ်။ ဂျာမနီနိုင်ငံကတော့ တဖြည်းဖြည်းချင်း ဝယ်ယူဖို့ ကမ်းလှမ်းတာပါ''ဟု ဦးထွန်းမြိုင်က ပြောသည်။

ထို့ပြင် ဂျာမနီနိုင်ငံသို့ ၂ဝ၁၆ ခုနှစ်က လက်ဖက်ခြောက် ငါးတန် တင်ပို့ထားပြီး ယခုနှစ်တွင် လက်ဖက်ခြောက် ဝယ်ယူရန် ထပ်မံကမ်းလှမ်းထားကြောင်း၊ အမေရိကန်နိုင်ငံသို့ ၂ဝ၁၆ ခုနှစ်တွင် လက်ဖက်အစို ၁ဝ တန်တင်ပို့ထားပြီး ယခုနှစ်တွင် လက်ဖက်အစို တန် ၂ဝ ဝယ်ယူရန်ကမ်းလှမ်း ထားကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၇ ခုနှစ်က လက်ဖက်အစို ၁ဝ တန် တင်ပို့ပေးရန် ကမ်းလှမ်း ထားသော်လည်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက်ရရှိရန် စောင့်နေရသည့်အတွက် မတင်ပို့နိုင်၍ ယခုနှစ်တွင် ထပ်မံကမ်းလှမ်း ထားခြင်းဖြစ်ကြောင်း သိရသည်။

''ပြည်ပက လက်ဖက်အစိုပို့ပေးဖို့ မနှစ်ကလည်း ၁ဝ တန်မှာထားပေမယ့် FDA က တခြားစားသောက်ကုန် တွေကများတော့ ကြန့်ကြာနေတာနဲ့ အခုထိထောက်ခံချက်ရဖို့ စောင့်နေရတာပါ '' ဟု ဦးထွန်းမြိုင်က ပြောသည်။

ယခင်က ပြည်ပနိုင်ငံများသို့ လက်ဖက် တင်ပို့ပါက စိုက်ပျိုးရေးဦးစီးဌာန၏ လက်မှတ်တစ်ခု တည်းဖြင့်သာ တင်ပို့နိုင်သော်လည်း ယခု FDA ထောက်ခံချက်ပါ လိုအပ်ကြောင်း၊ ထို့ပြင် ဝယ်ယူမည့် နိုင်ငံများကလည်း အော်ဂဲနစ် လက်မှတ်ရရှိပြီးသား လက်ဖက်များကိုသာ ဝယ်ယူရန် ကမ်းလှမ်းထားကာ မြန်မာနိုင်ငံ၌ အော်ဂဲနစ် လက်မှတ်ရကုမ္ပဏီ သုံးခုသာ ရှိသေးကြောင်း သိရသည်။

#Themyawadydaily

Friday, May 4, 2018

မန္တလေးတိုင်းဒေသကြီး ခရိုင်နှစ်ခုအတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် လျာထားဧကထက် နွေစပါး ဧက၂၄ဝဝနှင့် နွေနှမ်း ၃၆၄၉ဧက ပိုမိုစိုက်ပျိုးနိုင်ရေး ရေလွှတ်ပေးခဲ့



မန္တလေး ၄-၅-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ရုံးအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်ရှိ ငါးမြို့နယ်အတွင်း ဆည်တော်ကြီးနှင့် မာလဲနတ်တောင် ရေလှောင်တမံနှင့် ဆည်တော်လေး ရေလွှဲဆည်တို့မှ နွေစပါးလျာထား ဧကထက် ဧက ၂၄ဝဝ နှင့် နွေနှမ်းလျာထား ဧကထက် ၃၆၄၉ ဧက ပိုမိုစိုက်ပျိုးနိုင်ရန် ရေလွှတ်ပေးနိုင်ခဲ့ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦးထံမှ သိရသည်။

မန္တလေး ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် စဥ့်ကူးမြို့နယ်တို့တွင် ဆည်တော်ကြီး ရေလှောင်တမံ ဆည်ရေသောက်နှင့် မာလဲနတ်တောင် ရေလှောင်တမံ ဆည်ရေသောက်မှ နွေစပါး ၆၈၉၄၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ၇၁၃၄၂ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ဧက ၂၄ဝဝ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဆည်တော်ကြီး ရေလှောင်တမံနှင့် ဆည်တော်လေး ရေလွှဲဆည်မှ နွေနှမ်းကို စိုက်ပျိုးရန် ၂၁၁၇ဧက လျာထားခဲ့ရာမှ ၅၇၆၆ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကထက် ၃၆၄၉ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နွေစပါးနှင့် နွေနှမ်းရာသီအတွက် ဆည်တော်ကြီး ရေလှောင်တမံမှ ၇၄၅၁၄ ဧက၊ မာလဲနတ်တောင် ရေလှောင်တမံမှ ၂၄၅၅ ဧကနှင့် ဆည်တော်လေး ရေလွှဲဆည်မှ နွေနှမ်းအတွက် ၁၃၉ဧက ရေဖြန့်ဝေ ပေးနိုင်ကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

Wednesday, April 25, 2018

အော်ဂဲနစ်သီးနှံ စိုက်ပျိုး ထုတ်လုပ်သူများ Organic Program မှ Certificate များ လျှောက်ထား ထုတ်ယူနိုင်



ရန်ကုန် ၂၅-၄-၂ဝ၁၈

အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ် သူများအနေဖြင့် Organic Program မှ Certificate များလျှောက်ထား ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း (MFVP) ၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် အော်ဂဲနစ်သီးနှံ ဈေးကွက်မှာ သိသိသာသာ တိုးတက်ကျယ်ပြန့် လာခြင်းမရှိသေး သော်လည်း စားသုံးသူ ဈေးကွက်များတွင် အော်ဂဲနစ်သီးနှံများကို ရွေးချယ်ဝယ်ယူ စားသုံးမှုများ တိုးတက် များပြားလာကာ ဈေးကောင်း ရရှိနေသည်။ ထို့ပြင် နိုင်ငံတကာ ဈေးကွက်များ တွင်လည်း အော်ဂဲနစ်သီးနှံများမှာ ဈေးကွက်တွင်ကျယ်ကာ ဈေးကောင်းရရှိ နေသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူ များတိုးတက် များပြားလာခဲ့သည်။ အော်ဂဲနစ် သီးနှံများကို ဈေးကွက်များသို့ တင်ပို့ရောင်းချရာတွင် အော်ဂဲနစ်သီးနှံ ဖြစ်ကြောင်း Certificate လက်မှတ်များလိုအပ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း (MFVP) ၏ Organic Program မှ အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနေ၍ အော်ဂဲနစ် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် Organic Program မှ Certificate များ လျှောက်ထား ထုတ်ယူနိုင်ကြောင်း၊ လျှောက်ထား ထုတ်ယူလိုသူများ အနေဖြင့် ရန်ကုန်မြို့ ဖုန်း ဝ၁-၂၁၈၃၆၇နှင့် အီးမေးလ် mffvpea.office@ gmail.com,info@mfvp.org သို့ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရသည်။

#Themyawadydaily

ပခုက္ကူ ခရိုင်တွင် ယခင်ဘဏ္ဍာနှစ်အတွင်း စိုက်ဧက ၁ဝ၉၅ ဧကကို စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့



ပခုက္ကူ ၂၅-၄-၂ဝ၁၈

ပခုက္ကူခရိုင် စက်မှုလယ်ယာ ဦးစီးဌာနက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း၌ စိုက်ဧက ၁ဝ၉၅၈ ဧကကို စက်မှုလယ်ယာ ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့ကြောင်း ပခုက္ကူခရိုင် စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင် အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ တစ်နှစ်ထက်တစ်နှစ် တိုးတက် ပြောင်းလဲလျက် ရှိကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ထွန်စက်ကြီးများ၊ ရိတ်သိမ်း ခြွေလှေ့စက်ကြီးများ၊ ကောက်စိုက် စက်ကြီးများဖြင့် စိုက်ဧက ၁ဝ၉၅၈ ဧကကို အောင်မြင်စွာ ထွန်ယက်စိုက်ပျိုး ရိတ်သိမ်း နိုင်ခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ထွန်စက်ကြီး လေးစီးကို လက်ငင်းစနစ် နည်းနဲ့လဲ ရောင်းချခဲ့ပါတယ်။ သုံးနှစ် ခုနစ်ရစ်စနစ်နဲ့ စက်တန်ဖိုးရဲ့ ၁ဝ ရာခိုင်နှုန်းကို ပထမအရစ် ပေးသွင်းပြီး ကျန် ၉ဝ ရာခိုင်နှုန်းကို ခြောက်လတစ်ဖြတ် ခြောက်ကြိမ်ပေးသွင်းတဲ့စနစ်နဲ့ ထွန်စက်ကြီး ၄၅ စီး၊ နှစ်နှစ် သုံးရစ်ဆပ်စနစ်နဲ့ ဒေါင့်ဖန်းလက်တွန်းစက် ၈၄ စီးကို ရောင်းချ ပေးနိုင်ခဲ့ပါတယ်။ ထွန်ယက်စိုက်ပျိုးရေး၊ ရိတ်သိမ်းရေး ကဏ္ဍမှာတော့ ၁ဝ၉၅၈ ဧကကို စက်မှု လယ်ယာကူးပြောင်း ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်"ဟု စက်မှုလယ်ယာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက ပြောပြသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း ထွန်ယက်စိုက်ပျိုးရေး၊ ရိတ်သိမ်းရေး ကဏ္ဍများတွင် ဌာနဝန်ဆောင်မှု များမှာ ထွန်စက်ကြီးများဖြင့် ၁ဝ၅ဝ၃ ဧက ကိုထွန်ယက်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ စက်ကြီးများဖြင့် ၄၁၅ ဧကကို ရိတ်သိမ်းခြင်း၊ ကောက်စိုက် စက်ကြီးများဖြင့် မိုးစပါးဧက ၄ဝ ကို စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Monday, April 23, 2018

ရမည်းသင်း မြို့နယ်တွင် လယ်ယာလုပ်ငန်းများ စတင်ထွန်ယက် လျက်ရှိ



ရမည်းသင်း ၂၃-၄-၂ဝ၁၈

သင်္ကြန်မတိုင်မီ ကာလနှင့် သင်္ကြန်ပြီးကာလ ရွာသွန်းခဲ့သော မိုးကြောင့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ တောင်သူများ လယ်ယာလုပ်ငန်းများ စတင်ထွန်ယက် လျက်ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ထိုသို့ လယ်ယာလုပ်ငန်း ခွင်ဝင်ရန် ဆောင်ရွက်ကြရာတွင် စိုက်ပျိုးလယ်ယာ မြေများ၌ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းတို့ ကိုပြုလုပ်ပြီး ထွက်ရှိသောအမှိုက်များ ကောက်၍ မီးရှို့ကြသည်။ ထို့နောက် လယ်ယာမြေများ၌ သဘာဝ မြေသြဇာများချ၍ မြေပြင်ခြင်းဆောင်ရွက် ကြကြောင်း သိရသည်။

တစ်ဧကလျှင် ထွန်လေးရှဉ်း အသုံးပြုရပြီး ထွန်တစ်ရှဉ်းငှားလျှင် ငွေကျပ် ၅ဝဝဝ ပေးရကြောင်း၊ အချို့တောင်သူများမှာ လယ်ယာသုံး ထွန်စက်များငှား၍ ထွန်ယက်ကြကြောင်း၊ တစ်ဧကလျှင် ထွန်စက်ငှားခငွေကျပ် ၁၆ဝဝဝ မှ ၁၈ဝဝဝ ပေးရကြောင်း သိရသည်။

"မိုးဦးစိုက်ဖို့အတွက် ကြိုတင်ပြင်ဆင် ထားတာပါ။ မိုးဦးကျတော့ ချက်ချင်းစိုက်လို့ ရတာပေါ့။ အများစုကတော့ ပဲတီစိမ်းပဲ အစိုက်များပါတယ်"ဟု ပဲ့ဆည်ကျေးရွာ အုပ်စု ပဲ့ဆည်ကျေးရွာနေ တောင်သူတစ်ဦးက ပြောပြသည်။

အချို့မြေအစိုဓာတ် ပိုမိုရရှိသော လယ်ယာမြေများတွင် ပဲတီစိမ်းစိုက်ပျိုး ပြီးဖြစ်ကြောင်း နောက်ထပ် မိုးရွာမည့် နေ့များတွင် အဆင်သင့် စိုက်ပျိုးနိုင်ရန် အတွက် လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ရန် ထွန်ယက်ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, February 20, 2018

ရန်ကုန်တိုင်း ဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းက နည်းပညာ ဖြန့်ဝေပေးမှုနှင့် အော်ဂဲနစ်သီးနှံအကြောင်း အသိပညာပေး ဆောင်ရွက်



ရန်ကုန် ၂ဝ-၂-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းအနေဖြင့် နည်းပညာ ဖြန့်ဝေပေးမှုနှင့် အော်ဂဲနစ်သီးနှံ အကြောင်းအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဈေးကွက်ဖော်ဆောင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ သတင်းများအရ သိရသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများအသင်းတွင် အသင်းဝင်ဦးရေ ၃ဝဝ ကျော်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းတွင် အသင်းဝင်ဦးရေ ၅ဝ ခန့်ရှိနေသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းက အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် အော်ဂဲနစ် သီးနှံဈေးကွက်အတွင်း ပိုမိုထုတ်လုပ် ရောင်းချနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများ အသင်းတွင် အော်ဂဲနစ်စိုက်ပျိုးရေးကို စိတ်ပါဝင်စားသူများနှင့် စိုက်ပျိုးထုတ်လုပ်လိုသည့် တောင်သူများလည်း အသင်းဝင်ရောက်နိုင်ပြီး အသင်းအနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ပတ်သက်သည့် နည်းပညာသင်တန်းကို ရန်ကုန်မြို့ နာနတ်တောလမ်း၊ ပြည်ရိပ်မွန်အိမ်ရာ၊ တိုက် (၇) အခန်း (၄) တွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သူပြည်သူများ အန္တရာယ်ကင်းစွာ စားသုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသည်။ မြန်မာနိုင်ငံတွင် စားသုံးမှု အရည်အသွေး ယုံကြည်စိတ်ချမှု ရှိစေရေးနှင့် ပြည်ပတင်ပို့မှုအတွက် Good Agriculture Practice (GAP) လက်မှတ်များကို နေပြည်တော်တွင် Call စင်တာဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

Tuesday, February 13, 2018

ရေစကြိုမြို့နယ် ရွှေချောင်းလျှပ်စစ် မြစ်ရေတင် ရေသောက်ဧရိယာတွင် သီးနှံစိုက်ဧက ၄၂ဝ အတွက် စိုက်ပျိုးရေများ စတင်ပေးဝေနေ



ရေစကြို ၁၃-၂-၂ဝ၁၈

ရေစကြိုမြို့နယ် ရွှေချောင်းလျှပ်စစ် မြစ်ရေတင် ရေသောက်ဧရိယာတွင် ၂ဝ၁၈ ခုနှစ် နွေစပါးဧက ၃၇ဝ နှင့် အခြားနွေသီးနှံ ဧက ၅ဝ စုစုပေါင်းစိုက်ဧက ၄၂ဝ အတွက် စိုက်ပျိုးရေများ စတင်ပေးဝေနေပြီ ဖြစ်ကြောင်း ရွှေချောင်းလျှပ်စစ် မြစ်ရေတင် လုပ်ငန်းမှ သိရသည်။

ရွှေချောင်းလျှပ်စစ် မြစ်ရေတင် ရေသောက်ဧရိယာမှာ ၂ဝ၁၈ ခုနှစ် နွေစပါး ဧက ၃၇ဝနှင့် အခြားနွေသီးနှံဧက ၅ဝ စုစုပေါင်း စိုက်ဧက ၄၂ဝ ကို ညောင်စောက် ကျေးရွာအုပ်စုအတွင်းရှိ ညောင်စောက်၊ရွှေကျောင်း၊ကျောမကြား ကွင်းများတွင် စိုက်ပျိုးရန် ဒေသခံတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက် ထားရှိကြောင်း၊ စိုက်ပျိုးရေး နည်းပညာများနှင့် အခြားလိုအပ်ချက်များ ကိုလည်း ကူညီပံ့ပိုး ပေးလျက်ရှိကြောင်း ရေစကြိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်က ပြောပြသည်။

ယခုအခါ ရွှေချောင်း လျှပ်စစ်မြစ်ရေတင် ဧရိယာတွင် နွေစပါးနှင့် အခြားနွေသီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် အတွက်မြေယာ ထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများကို နွားဖြင့်လည်းကောင်း၊ လက်တွန်းထွန် စက်တို့ဖြင့် လည်းကောင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

Friday, December 8, 2017

ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူများနှင့် ပြင်သစ်နိုင်ငံမှ Malongo ကော်ဖီကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


ပြင်သစ်နိုင်ငံ Malongo ကော်ဖီကုမ္ပဏီမှ ဦးဆောင် ညွှန်ကြားရေးမှူး Mr.Jean-Pierre Blanc နှင့် Green Gold ကော်ဖီစိုက်တောင်သူသမ၀ါယမ အသင်း ဥက္ကဌ ဦးလှစိုးတို့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးစဉ်။

နေပြည်တော် ၈-၁၂-၂၀၁၇

ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူများနှင့် ပြင်သစ်နိုင်ငံမှ Malongo ကော်ဖီကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ UNODC မှ ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိများ၊ ဘိန်းအစားထိုး Green Gold ကော်ဖီစိုက်တောင်သူများ သမဝါယမအသင်းနှင့် ပြင်သစ်နိုင်ငံမှ Malongo ကော်ဖီကုမ္ပဏီတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ယနေ့ကမ္ဘာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ သုံးစွဲမှုစသည့် စိန်ခေါ်မှုများသည် အချိန်တိုင်းတွင် ပြောင်းလဲဖြစ်ပေါ် နေလျက်ရှိကြောင်း၊ စိန်ခေါ်မှုများကို ထိရောက်မှန်ကန်စွာ ရေရှည်ဖြေရှင်းနိုင်ရန် တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ တုံ့ပြန်ရမည်ဖြစ်ကြောင်း။

ယနေ့အခမ်းအနားသည် ချမှတ်ခဲ့သည့် မူးယစ်ဆေးဝါးမူဝါဒ၏ အဓိကရည်မှန်းချက် တစ်ခုဖြစ်သည့် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေးမူဝါဒကို ဖော်ဆောင်ရေးတွင် ကောင်းမွန်သည့်ပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးရေး ဆက်လက်အောင်မြင်ဖြစ်ထွန်းလာပါက တောင်သူများအတွက် အကျိုးစီးပွားတိုးတက် ကောင်းမွန်စေမည့် ဘိန်းအစားထိုးလူမှုဘဝမြှင့်တင် ရေးနည်းလမ်းကောင်းတစ်ခု ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း။

ဘိန်းစိုက်ပျိုးမှုကို မှီခိုခြင်းမရှိစေခြင်းဖြင့် ဘိန်းစိုက်တောင်သူများသည် ဘိန်း၊ဘိန်းဖြူ စသည့်ပြဿနာများကို ၎င်းတို့လူ့အဖွဲ့အစည်း အတွင်း လျှော့ချလာနိုင်မည်ဖြစ်သကဲ့သို့ ဘိန်းစိုက်ပျိုးမှုကြောင့်ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အစားထိုးဖွံ့ဖြိုးရေးအစီအစဉ်များသည် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများရုံမျှမက ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးကိုပါ အကျိုးကျေးဇူး ရရှိစေမည်ဖြစ်ပါကြောင်း၊နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ လူထုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ နှင့်ရှေ့ဆက်အတူတကွ လုပ်ကိုင်ဆောင်ရွက်သွားရန်နှင့် ယခုကဲ့သို့သော အရေးကြီးသည့် လုပ်ငန်းများတွင် ဆက်လက်ပံ့ပိုးပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ UNODC အရှေ့တောင် အာရှပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Jeremy Douglas၊ ပြင်သစ်နိုင်ငံ Malongo ကော်ဖီကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Jean-Pierre Blanc နှင့် Green
Gold ကော်ဖီစိုက်တောင်သူ သမဝါယမ အသင်းဥက္ကဋ္ဌ ဦးလှစိုးတို့က နှုတ်ခွန်းဆက် စကားပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် UNODC အရှေ့တောင်အာရှ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Jeremy Douglas တို့ရှေ့မှောက်၌ Green Gold ကော်ဖီစိုက် တောင်သူ သမဝါယမအသင်းနှင့် Malongo ကော်ဖီကုမ္ပဏီတို့အကြား သဘောတူစာချုပ် Malongo ကို ကော်ဖီကုမ္ပဏီမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် Green Gold ကော်ဖီ စိုက်တောင်သူ သမဝါယမအသင်း ဥက္ကဋ္ဌတို့ကလက်မှတ် ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, October 30, 2017

တောင်သူများ၏ စိုက်ပျိုးမြေများ မြေဆီလွှာပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး သီးနှံတစ်မျိုးတည်း ကာလကြာရှည်စိုက်ပျိုးခြင်း မပြုလုပ်ဘဲ အနားပေးရန်လို



မန္တလေး ၃၀-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ကာလတိုသီးနှံများ စိုက်ပျိုးနေသော တောင်သူများအနေဖြင့် မြေဆီလွှာပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် သီးနှံတစ်မျိုးတည်း နှစ်ကာလကြာရှည်စွာ စိုက်ပျိုးခြင်း မပြုလုပ်သင့်ဘဲ အနားပေးရန် လိုကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အထက်မြန်မာပြည် မြေအသုံးချရေး ဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ စိုက်ပျိုးသော မြေဆီလွှာများကို သီးနှံတစ်မျိုး ရိတ်သိမ်း ပြီးစီးပြီးနောက် သီးနှံတစ်မျိုးကို ဆက်တိုက်စိုက်ပျိုးခြင်း မပြုလုပ်ဘဲ ၎င်းမြေများကို ထွန်ယက်ကာ ဓာက်မြေသြဇာများထည့်ပြီး သုံးလခန့် အနားပေးထားသင့် ကြောင်း၊ ထိုသို့အနားမပေးဘဲ သီးနှံများကို ဆက်လက်စိုက်ပျိုးနေပါက မြေဆီလွှာများသည် မြေဆီမြေနှစ် ခန်းခြောက်ပြီးပျက်စီး ဆုံးရှုံးနိုင်ကြောင်း၎င်းက ဆက်လက်ပြောပြသည်။

"တောင်သူတွေစိုက်ပျိုးတဲ့ မြေပေါ်မှာ သီးနှံတွေကိုစိုက်ပျိုးတဲ့အခါ သီးနှံတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲ မစိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သီးနှံတစ်မျိုးထဲ ထပ်ခါတလဲလဲ စိုက်နေရင် မြေဆီလွှာတွေဟာ ပြောင်းလဲမှုမရှိဘဲနဲ့ မြေဆီလွှာတွေ ခန်းခြောက်တတ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးနေတဲ့ တောင်သူတွေဟာ သီးနှံတွေကို အလှည့်ကျ စိုက်ပျိုးပေးသင့်ပါတယ်" ဟုမန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အထက်မြန်မာပြည် မြေအသုံးချ ရေးဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အထက်မြန်မာပြည် မြေအသုံးချရေး ဓာတ်ခွဲခန်းမှ စိုက်ပျိုးမြေ ချဉ်ငန်ဓာတ်စမ်းသပ်မှုများ အတွက်မြေဆီလွှာဓာတ်ခွဲခြင်း၊ စိုက်ပျိုးရေ ဓာတ်ခွဲခြင်းအပြင် ဓာတ်မြေသြဇာထုတ်လုပ် ဖြန့်ဖြူးရောင်းချသူတို့ အတွက် အသုံးပြု တောင်သူများက ဈေးကွက်အတွင်းရှိ မြေသြဇာများ အရည်အသွေးပါဝင်မှုကို သိရှိနိုင်ရန်အတွက် ဓာတ်မြေသြဇာ ဓာတ်ခွဲစစ်ဆေးခြင်းများကို စမ်းသပ် စစ်ဆေးပေးလျက်ရှိပြီး အဆိုပါစစ်ဆေးခြင်း အဖြေများအတွက် နှစ်ပတ်ခန့် သာကြာမြင့်ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးနေသော တောင်သူများ၏ စိုက်ပျိုးမြေချဉ်ငန်ဓာတ်များကို စမ်းသပ်ပေးသော စက်များရှိရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တောင်သူများအတွက် မြေဆီလွှာများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် စမ်းသပ်ပေးနေကြောင်းလည်း သိရသည်။

#Yadanarpondaily

Tuesday, October 24, 2017

လာမည့်နွေစပါး စိုက်ရာသီတွင် ယခင်နှစ်ထက် စိုက်ဧကသုံးသိန်းခန့် တိုးချဲ့စိုက်ပျိုးနိုင်သည်ထိ ဆည်ရေပေးဝေသွားမည်



နေပြည်တော် ၂၄-၁၀-၂၀၁၇

လာမည့်နွေစပါး စိုက်ရာသီချိန်တွင် ယခင်နှစ်ကထက် နွေစပါးစိုက်ဧက သုံးသိန်းခန့် တိုးချဲ့စိုက်ပျိုးနိုင်သည်ထိ ဆည်ရေကို ပေးဝေသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ယခင်နှစ် နွေစပါးစိုက်ရာသီတွင် နွေစပါးစိုက်ဧက ကိုးသိန်းကျော်အတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေ၍ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်လာမည့် နွေစပါးစိုက်ရာသီတွင် ယခင်နှစ်ထက် နွေစပါးစိုက်ဧက သုံးသိန်းခန့် တိုးချဲ့စိုက်ပျိုးနိုင်ရန် ဆည်ရေ ပေးဝေသွားမည်ဖြစ်ကာ ယခုနှစ် နွေစပါးစိုက်ရာသီတွင် တစ်နိုင်ငံလုံးရှိ နွေစပါးစိုက်ဧကစုစုပေါင်း ၁၂ သိန်းကျော်ကို စိုက်ပျိုးရေလုံလောက်စွာ ရရှိစိုက်ပျိုးနိုင်သည်ထိ ဆည်ရေသောက်စနစ်ဖြင့်လုံလောက်စွာ ရေပေးဝေသွားမည် ဖြစ်သည်။

" အရင်နှစ်ကလဲ နွေစပါးစိုက်ရာသီမှာ စိုက်ပျိုးရေမရလို့ တချို့ဒေသတွေမှာ နွေစပါးကို မစိုက်ပျိုးနိုင်တာတွေလဲ ရှိခဲ့ပါတယ်။ ဒီနှစ်ဆည်မြောင်းကနေ နွေစပါး စိုက်ဧကတွေထပ်တိုးပြီး စိုက်ပျိုးနိုင်အောင် ဆည်ရေပေးဝေ သွားမှာဆိုတော့ တောင်သူတွေလဲ အဆင်ပြေပါတယ်။ ဒီနှစ်က မိုးကောင်းတော့ မိုးစပါးတွေ ပျက်စီးမှုများတယ်။ မိုးစပါးအဆင်မပြေ တဲ့တောင်သူတွေလဲ နွေစပါးကိုထပ်စိုက်လို့ ရနိုင်တာပေါ့။ ဆည်တွေမှာလဲ ရေတွေတော်တော်သိုလှောင်ထားနိုင်မှာပါ"ဟု စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက ရေရရှိရေးအတွက်နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် စိုက်ပျိုးရေ ပေးဝေနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ထိန်းသိမ်း ထားသည့် ရေလှောင်တမံများတွင် ယခင်နှစ်က ရေလှောင်တမံ ၁၄၇ခု၌ သိုလှောင်ရေ ဧကပေပေါင်း ၁၁ သန်းခန့် သိုလှောင်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ရေလှောင်တမံ ၁၆၇ခု၌ သိုလှောင်ရေဧကပေပေါင်း ၁၂ ဒသမ ၅ သန်းကျော် သိုလှောင်ထားနိုင်သောကြောင့် ယခင်နှစ်ထက် ဧကပေ ၁ ဒသမ ၆ သန်းကျော် ပိုမိုသိုလှောင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကတော့ နွေစပါးကို နှစ်တိုင်းစိုက်ရပါတယ်။ နွေစပါးက မိုးစပါး ထက်စိုက်ဧကများပေမယ့် အထွက်နှုန်းကျတော့ ပိုကောင်းတယ်။ ရာသီဥတုကလဲ ခြောက်သွေ့တော့ စပါးရိတ်ခြွေရတာကအစ အဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို ဆည်ရေမရနိုင်တဲ့ တောင်သူတွေ အတွက်ကိုလဲ နွေစပါးစိုက်နိုင်အောင် သက်ဆိုင်ရာဌာနတွေက ကွင်းဆင်းပြီး ဆည်ရေတွေရရှိစိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်" ဟု နေပြည်တော်ဇေယျသီရိမြို့နယ်မှ ရေဆင်းဆည်ရေ သောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောပြသည်။

နွေစပါးသီးနှံအပါအဝင် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေရယူ သုံးစွဲနိုင်ရေးနှင့် သီးနှံမျိုးစေ့နှင့်စိုက်ပျိုး နည်းပညာ အကူအညီများ ရယူလိုပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနရုံးတို့သို့ ဆက်သွယ်၍ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

#Yadanarpondaily

Monday, October 16, 2017

ယခုနှစ် မိုးပုံမှန်ရွာသဖြင့် စပါးအထွက်နှုန်း ကောင်းမည်ဟု မျှော်လင့်



နတ်မောက် ၁၆-၁၀-၂၀၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နတ်မောက်မြို့မြောက်ဘက်ရှိ ကျေးရွာများမှ တောင်သူများအနေဖြင့် ယခုနှစ် မိုးရာသီတွင် မိုးပုံမှန်ရွာသွန်း၍ စပါးစိုက်ပျိုးသော တောင်သူများမှာ စပါးအထွက်နှုန်း ကောင်းမည်ဟု မျှော်လင့်ထားကြောင်း သရက်ချဉ်အုပ်စု စန်းကန်ကျေးရွာမှ စပါးစိုက်တောင်သူ ဦးမြနောင်ထံမှ သိရသည်။

နတ်မောက်မြို့ မြောက်ဘက်ရှိ ဒေသခံတောင်သူများမှာ ဆည်ရေသောက် စိုက်ပျိုးနိုင်ခြင်းမရှိဘဲ မိုးကောင်းရေသောက် စိုက်ပျိုးရသောကြောင့် သီးနှံစိုက်ပျိုးချိန် ရောက်ရှိတိုင်းမိုးရွာရန်သာ မျှော်လင့်ကြောင်း၊ မိုးရွာသွန်းမှုစော၍သီးနှံများစိုက်ပျိုးပါကလည်း မိုးလယ်တွင် မိုးမရွာပါက သီးနှံများ ပျက်စီးဆုံးရှုံးကြရပြီး မျှတစွာမိုးရွာမှသာ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်မှု ရရှိကြကြောင်း သိရသည်။

ယခုနှစ်တွင် မိုးအချိန်မှန် ရွာသွန်းသောကြောင့် စပါးစိုက်ပျိုးသူများ အထွက်နှုန်းကောင်းပြီး စပါးများရရှိမည် ဖြစ်ကြောင်း၊ အချို့သော တောင်သူများအနေဖြင့် နောက်ပိုင်း မိုးပြတ်သွားမည်ကို စိုးရိမ်ကြသဖြင့် လယ်များတွင် စပါးကိုမစိုက်ကြဘဲ နွားစာအတွက် နှံစားပြောင်းများနှင့် ဝါများကိုသာ စိုက်ပျိုးကြကြောင်း ယခုနှစ်တွင် မိုးပုံမှန်ရွာသွန်းသဖြင့် စပါးအထွက်နှုန်း ကောင်းနိုင်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

#Yadanarpondaily

Wednesday, September 20, 2017

ယခုနှစ်တွင် လက်ဖက်ခူးရ မှုနည်းသော်လည်း လက်ဖက်ခြောက်ဈေးနှုန်း အတက်အကျမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ်နေ



လာရှိုး ၂၀-၉-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ယခုနှစ်တွင် လက်ဖက်ထွက်ရှိသော ဒေသများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လက်ဖက်ခူးနိုင်ခြင်း မရှိသော်လည်း လက်ဖက်ခြောက် ဈေးနှုန်းအတက်၊ အကျမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း လားရှိုးမြို့မှ လက်ဖက်ခြောက် လက်လီ၊လက်ကား အရောင်းအဝယ်လုပ်ကိုင်သူ ဒေသခံတစ်ဦးထံမှ သိရသည်။

ယခုနှစ်လက်ဖက်ခူး ချိန်တွင် နယ်မြေအေးချမ်းမှု နည်းပါးသဖြင့် လောက်ကိုင်ဒေသနှင့် နမ့်ဆန်ဒေသတို့မှ လက်ဖက်ခြံများတွင် လက်ဖက်ခူးရမှု နည်းပါးကြောင်း၊ လက်ဖက်ခူးရခြင်း မရှိ၍လက်ဖက်စိုက် တောင်သူများအနေဖြင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားရကြောင်း၊ နှစ်စဉ်လက်ဖက်ခြောက် အများဆုံး ထွက်လေ့ရှိသော လောက်ကိုင်ဒေသနှင့် နမ့်ဆန်ဒေသတို့မှာ ယခုနှစ်တွင် လက်ဖက်ခြောက်ထွက်ရှိမှု နည်းသော်လည်း လားရှိုးမြို့နယ်၊ တန့်ယန်းမြို့နယ်၊ နမ္မတူမြို့နယ်တို့နှင့် အခြားမြို့နယ်တို့မှ လက်ဖက်ခြောက်များ ထွက်ရှိသဖြင့် လားရှိုးမြို့တွင် လက်ဖက်ခြောက်ဈေးကွက် တည်ငြိမ်မှုရှိကြောင်း သိရသည်။

"ကျွန်မတို့ဆိုင်မှာ လက်ဖက်ခြောက်ထွက်တဲ့ ဒေသတိုင်းက ဝယ်ယူပြီး ထုပ်ပိုးစနစ်နဲ့ ပြန်ထုပ်ပြီးလက်လီ၊ လက်ကားရောင်းပါတယ်။ ဒီနှစ်လက်ဖက်ထွက်တဲ့ ဒေသတချို့မှာ နယ်မြေမအေးချမ်းလို့ လက်ဖက်မခူးကြရဘူး။ ကျွန်မတို့အနေနဲ့လဲ အဲဒီဒေသကထွက်တဲ့ လက်ဖက်ခြောက်ကိုတော့ ဆိုင်မှာတင်မရောင်းနိုင်ဘူး။ ဒါပေမဲ့ တခြားဒေသက လက်ဖက်ခြောက်ထွက်တာများလို့ တော်ပါသေးတယ်။ လက်ဖက်ခြောက်မခူးရတဲ့ ဒေသတွေရှိပေမယ့်လက်ဖက်ခြောက်ဈေးနှုန်းကတော့ ပုံမှန်အတိုင်း အတက်၊အကျမရှိပါဘူး။ နယ်မြေအေးချမ်းရင် ဒေသထွက် သီးနှံတွေလဲမပျက်စီး၊မဆုံးရှုံးဘဲ စိုက်ပျိုးရေးလုပ်ကိုင်တဲ့ သူတွေလဲ နစ်နာမှုရှိမှာမဟုတ်ပါဘူး"ဟု ၎င်းကဆက်လက် ပြောပြသည်။

လားရှိုးမြို့တွင် လက်ဖက်ခြောက် အမျိုးအစားလိုက် တစ်ပိဿာလျှင် ငွေကျပ်၄၅ဝဝမှ ၃ဝဝဝဝနှင့် ဖောက်သည်ဈေးဖြင့် ရောင်းချလျက်ရှိပြီး လက်လီပြန်ရောင်းချသူ များအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝမှ ၄ဝဝဝဝ ကျော်ထိ ပြန်လည်ရောင်းချ ကြကြောင်းလားရှိုးမြို့ မြို့မဈေးကုန်စိမ်းတန်းတွင် ရောင်းချလျက်ရှိသော လက်ဖက်ခြောက်ဆိုင်ရှင် တစ်ဦးက ပြောပြသည်။

#Yadanarpondaily

အိမ်ရှေ့မင်းထန်းတောကို အမျိုးသားအဆင့် ထိန်းသိမ်းမှုဆိုင်ရာ လှုပ်ရှားမှုအဖြစ် ထန်းပင်ပေါင်း တစ်သောင်းကို ယခုလကုန်တွင် စိုက်ပျိုးသွားမည်



မန္တလေး ၂၀-၉-၂၀၁၇

မန္တလေး ပုသိမ်ကြီးမြို့နယ် အတွင်းရှိ အိမ်ရှေ့စံ ကနောင်မင်းသားကြီး စိုက်ပျိုးခဲ့သည့် အိမ်ရှေ့မင်းထန်းတောနေရာကို အမျိုးသားအဆင့် ထိန်းသိမ်းမှုများ ရရှိနိုင်ရန် ပညာရှင်များ ကြိုးပမ်းလျက်ရှိရာ လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ထန်းပင်ပေါင်း တစ်သောင်းကျော်ကို စက်တင်ဘာ ၃ဝ ရက်တွင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ထန်းနှင့်ထန်းတောင်သူများ ဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

လက်ရှိတွင် အိမ်ရှေ့မင်းထန်းတောရှိ ထန်းပင်များကို အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် ဒေသခံများက ဆက်လက်ထိန်းသိမ်း လျက်ရှိပြီး နှစ်ပေါင်း ၁၅ဝ ကျော်သက်တမ်းရှိ ထန်းတောများစွာ ကျန်ရှိနေသေးသည့် ယဉ်ကျေးမှု နေရာတစ်ခုဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

အိမ်ရှေ့မင်း ထန်းတောတွင် ကနောင်မင်းသားကြီး အစီအစဉ်ဖြင့် အိမ်ရှေ့စံနှင့်မိဖုရား အပါအဝင် အိမ်တော်အမှုထမ်းများက စိုက်ပျိုးခဲ့ရာ နယ်နိမိတ်ပြ စကျင်ကျောက်စာ တိုင်များကို ရွာရှိနေရာအနှံ့အပြားတွင် တွေ့မြင် ရကြောင်း၊ ထို့ပြင်ထန်းပင်များကို ဒေသခံများက ၁၉၉၂ ခုနှစ်တွင် အပင်ပေါင်း သုံးသောင်းစိုက်ပျိုးခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ထပ်မံစိုက်ပျိုး နိုင်ခြင်းမရှိခဲ့ကြောင်း ဒေသခံဦးခင်မောင်ကြည်က ပြောပြသည်။

ထန်းပင်များ ပြန်လည်စိုက်ပျိုးခြင်းကို ထန်းတောင်သူများ အသင်းအဖွဲ့အပြင် သစ်ပင်စိုက်အဖွဲ့များ၊ မန္တလေးတက္ကသိုလ်နှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်သည်။

လုပ်ငန်းစဉ်သုံးရပ်ဖြင့် ထန်းပင်စိုက်ပွဲပြုလုပ် သွားမည်ဖြစ်ရာ ၎င်းတို့မှာ နယ်နိမိတ်အထိမ်းအမှတ် စကျင်ကျောက်တိုင်များ ပြန်ဖော်ခြင်း၊ ထန်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ထန်းသယံဇာတ တိုးပွားရေးအတွက် ထန်းတောများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။

ထို့ပြင် ထန်းပင်များကို စာရင်းပြု သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုလျှင် ဒေသခံများ၏ စားဝတ်နေရေးအတွက် ထန်းတက်ခြင်းကို ဆက်လက်လုပ်ကိုင် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger