www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 31, 2017

ပုသိမ်ကြီး ၁၆ မိုင် ကျောက်ချောစစ်ဆေးရေး စခန်းတွင် စိတ်ကြွဆေးပြား သုံးသောင်းသယ်ဆောင်လာသူ နှစ်ဦးကိုဖမ်းမိ



ပုသိမ်ကြီး ၃၁-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေး စခန်းတွင် စိတ်ကြွဆေးပြားသုံးသောင်း သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး (မြောက်ပိုင်း) ထံမှ သိရသည်။

ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအုပ်စု ၁၆ မိုင် ကျောက်ချောစစ်ဆေးစခန်းတွင် ယနေ့နံနက် ၄ နာရီခန့်က သတင်းအရယာဉ်များကို ရပ်တန့်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် မူဆယ်ဘက်မှ မန္တလေးသို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးကို စစ်ဆေးရာ ထိုင်ခုံအမှတ် (S-13/14) တွင် လေဘယ်တပ်ထားသော ခြင်းတောင်းကို ဖွင့်ဖောက်စစ်ဆေးရာမှ စိတ်ကြွဆေးပြား သုံးသောင်းကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး (မြောက်ပိုင်း) ၏ ရဲကြေးနန်းအရ သိရသည်။

ထိုကဲ့သို့ ထိုင်ခုံအမှတ် (S-13/14) တွင် လိုက်ပါလာသည့် ခရီးသည် စိုင်းဝေဖြိုး (ခ) စိုင်းစိုင်းနှင့် မနူးနမ်တို့ ယူဆောင်လာသည့် ခြင်းတောင်းအတွင်းမှ စိတ်ကြွဆေးပြားသုံးသောင်း (သုံးကီလိုဂရမ်) ဒေသပေါက်ဈေး ဆေးပြား တစ်ပြားလျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် သိန်း ၁၅ဝဝ ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိမှုဖြင့် မနူးနမ် (ဘ) ဦးယော်နူး အင်းတော်မြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး နေထိုင်သူနှင့် စိုင်းဝေဖြိုး (ခ) စိုင်းစိုင်း (ဘ) ဦးမြမောင်ထီးချိုင့်မြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး နေထိုင်သူတို့ကို အုန်းချော နယ်မြေရဲစခန်းတွင်မူးယစ် (ပ) ၆၅/၂ဝ၁၇၊ မူးစိတ် ပုဒ်မ-၁၅/ ၁၉ (က)/၂၁ဖြင့် ယနေ့ နံနက် ၉ နာရီက အမှုဖွင့်အရေးယူ ထားကြောင်း မူးယစ်တပ်ဖွဲ့စု (၁၇)မှသတင်းရရှိသည်။

#Yadanarpondaily

ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား



ရွှေတောင် ၃၁-၁၀-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက် တည်ကုန်းရပ် ရန်ကုန်-ပြည်အဝေးပြေး ကားလမ်းမပေါ်တွင် ယနေ့နံနက် ၂ နာရီက ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက် တည်ကုန်းရပ် ရန်ကုန်ပြည် ကားလမ်းမပေါ်တွင် ယနေ့နံနက် ၂ နာရီက ရန်ကုန်မှပြည်ဘက်သို့ မောင်းနှင်လာသော YGN 5D/---- (Super Great) အမျိုးအစား ၁၂ ဘီးယာဉ်သည်ကုန်များ တင်ဆောင်ပြီး မောင်းနှင်လာစဉ် ဘီးပေါက်၍ ဟန်းဘရိတ်ဆွဲရာမှ နောက်ဘီးဝဲဘက် တာယာကျွတ်ထွက်ကာ ပွတ်တိုက်၍ ဘရိတ်ရှူးများ အပူလွန်ကဲကာ စတင်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ရွှေတောင်မြို့နယ်မှ သန္ဓေမီးသတ် ၂၂ ဦးနှင့်အရန်မီးသတ် ဦးရေ၃ဝ တို့က မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ မီးသတ်ရေယာဉ်တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီမိနစ် ၄ဝ တွင် လုံးဝမီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ကားတာယာ၊ ကားအောက်ပိုင်း၊ ခွေနှင့်ဘော်ဒီပျက်စီးပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၅ဝဝဝဝဝ နှင့် ကားပေါ်ပါလာသော စိုက်ပျိုးရေးသုံးပစ္စည်း၊ ပိုးသတ်ဆေးအမျိုးမျိုး၊ စားအုန်းဆီ၊အိမ်ဆောက် ပစ္စည်းပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေ ကျပ် ၁၅ဝဝဝဝဝ၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၂ဝဝဝဝဝဝ (သိန်း၂ဝ) ခန့် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း (စုံစမ်းဆဲ) ကို ရွှေတောင်မြို့မရဲစခန်းက (ပ) ၁၆၆၁/၂ဝ၁၇၊ ဥပဒေပုဒ်မ -၂၈၅ ဖြင့်အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

စဥ့်ကိုင်မြို့နယ်ရှိ စွန်ရဲအင်းတွင် ကြာချည်မျှင်များ ထွက်ရှိမှုနည်းပါးလာသဖြင့် ကြာရိုးချိုးလုပ်ငန်းလုပ်ကိုင်သူများ ရေလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်လာ



စဥ့်ကိုင် ၃၁-၁၀-၂၀၁၇

စဥ့်ကိုင်မြို့နယ်အတွင်းရှိ စွန်ရဲအင်းတွင် ကြာချည်မျှင်များ ထွက်ရှိမှု နည်းပါးလာသဖြင့် ကြာရိုးချိုးလုပ်ငန်း လုပ်ကိုင်သူများ ရေလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်လာရကြောင်း စွန်ရဲအင်းကြာချည်မျှင်များ လုပ်ကိုင်နေသူများထံမှ သိရသည်။

စွန်ရဲအင်းကို အမှီပြု၍ လုပ်ကိုင်နေကြသည့် ကြာချည်မျှင် ထုတ်လုပ်သူများသည် ကြာချည်မျှင်ထွက်ရှိမှု နည်းပါးလာသဖြင့် ကြာရိုးချိုး လုပ်ငန်းလုပ်ကိုင်သူများ ယခုလက်ရှိအချိန်တွင် နည်းပါးလာကြောင်း၊ ယခင်က ကြာရိုးချိုးလုပ်ငန်းများကို တစ်ရွာလုံးနီးပါး လုပ်ကိုင်လျက်ရှိပြီး စွန်ရဲအင်းမှ ထွက်ရှိသည့် ကြာချည်မျှင်များကို အင်းလေးဒေသသို့ ပို့ဆောင်ကာ ကြာသင်္ကန်းရက်လုပ်သည့် လုပ်ငန်းများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

"စွန်ရဲရွာ တစ်ရွာလုံးလိုလို တောင်သူလုပ်ငန်း မလုပ်ကိုင်ပါဘူး။ စွန်ရဲအင်းကိုအမှီပြုပြီး ငါးရှာတာတို့ ကြာချိုးတဲ့လုပ်ငန်းတွေပဲ အများဆုံးလုပ်ကိုင်ကြပါတယ်။ ကြာမျှင်တွေက အခုလိုလတွေမှာဆိုရင်အများကြီး မထွက်တော့ပါဘူး။ကဆုန်၊ နယုန်၊ ဝါဆိုနဲ့ ဝါခေါင်လတွေမှာ အများဆုံးထွက်တာများတယ်။ ကြာချည်မျှင်တွေ ထွက်တာနည်းတော့ ကြာရိုးချိုးတဲ့သူတွေကလဲ ရေလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ကြပါတယ်"ဟု ကြာချည်မျှင်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

ကြာချည်မျှင်များ လှိုင်လှိုင်ထွက်ပေါ်သည့် အချိန်တွင် ကြာရိုးချိုးသူများ စွန်ရဲအင်းအတွင်း၌ များပြားလျက်ရှိပြီး ကြာရိုးချိုးသူများ အနေဖြင့် တစ်ရက်လျှင်အများဆုံး သုံးကျပ်သားထိရရှိပြီး ကြာချည်မျှင် တစ်ကျပ်သားလျှင်
ယခုလက်ရှိ ပေါက်ဈေးအရငွေကျပ် ၃ဝဝဝမှ ၃၅ဝဝကျော်ထိရှိကြောင်း သိရသည်။

"ဒီလက ကြာမျှင်ထွက်တာ နည်းတဲ့အချိန်ဆိုတော့ လုပ်ကိုင်တဲ့ သူတွေနည်းပါတယ်။ ဆယ့်နှစ်ရာသီ လုပ်ကိုင်နေတဲ့ သူတွေလဲရှိပါတယ်။ ကြာရိုးချိုးတဲ့သူတွေဆိုရင် မနက် ၇ နာရီလောက်ကနေ ကြာတွေ စချိုးပြီး ၉ နာရီလောက် ဆိုပြန်ကြပြီ။ အိမ်ပြန်ရောက်မှ ကြာမျှင်တွေဆွဲကြပါတယ်။ ကျွမ်းကျင်တဲ့ သူတွေဆိုရင် ကြာမျှင်ဆွဲတာကို နံနက် ၁ဝ နာရီ လောက်ကစဆွဲရင် ညနေ ၄ နာရီ လောက်ဆိုပြီးပြီ။ တချို့ကျတော့လဲသုံးကျပ်သားလောက်ရရင် ငွေကျပ် ၁ဝဝဝဝ လောက်ဆိုတော့ အဆင်ပြေတာများပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့ရန် ပြင်ဦးလွင် Tall Gate (ပွဲကောက်) ဖျက်သိမ်းမည်



ပြင်ဦးလွင် ၃၁-၁၀-၂၀၁၇

ပြင်ဦးလွင်- နောင်ချို ကားလမ်း၌ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် နိုဝင်ဘာ ၁ ရက်မှစ၍ ပြင်ဦးလွင် Tall Gate (ပွဲကောက်) ကို ဖျက်သိမ်းရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ သိရသည်။

အရှည် ၇၁ မိုင်ဝန်းကျင်ရှိသော မန္တလေး-ပြင်ဦးလွင်-ဝက်ဝံ-နောင်ချိုလမ်းပိုင်းအတွင်း၌ Tall Gate သုံးခုဖြင့် လမ်းအသုံးပြုခ ကောက်ခံလျက်ရှိရာမှ နိုဝင်ဘာ ၁ ရက်မှစ၍ ကျောက်ချောဂိတ်နှင့် ဝက်ဝံဂိတ်တို့မှ သာကောက်ခံရန် စီစဉ်ထားခြင်း ဖြစ်သည်။

ပြင်ဦးလွင် Tall Gate (ပွဲကောက်) နေရာသည် လမ်းတိုးချဲ့ဖောက်လုပ်ရန် မြေနေရာအခက်အခဲရှိခြင်း၊Tall Gate အနီး၌ တည်ရှိသော မဟာအံ့ထူးကံသာဘုရားသို့ ဘုရားဖူးလာယာဉ်များ များပြားစွာ လာရောက်သည့်အခါ ကားလမ်းပိတ်ဆို့မှု ဖြစ်ခြင်း၊ နာရေးယာဉ်များ မြို့တွင်းမှ ပို့ဆောင်သွားလာသည့်အခါ Tall Gate မှ ဖြတ်သန်းသွားရသည့်အတွက် ခရီးသည်တင်ယာဉ်များက စောင့်ဆိုင်းပေးနေရခြင်း စသည့်အခက်အခဲများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစေရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ Tall Gate နှစ်ခုဖြင့် လမ်းအသုံးပြုခ ကောက်ခံရာတွင် ကျောက်ချော Tall Gate မှ ယခင် ၂၄ မိုင် ကောက်ခံရာမှ ၃၉ မိုင်ဖြင့်လည်းကောင်း၊ ဝက်ဝံ Tall Gate မှ ယခင် ၂၃ မိုင် ကောက်ခံရာမှ ၃၂ မိုင်ဖြင့် လည်းကောင်း အစားထိုး၍ ပြောင်းလဲကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ၏ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲများ ကျင်းပ


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်ရှိ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲတွင် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၃၁-၁၀-၂၀၁၇


နိုင်ငံတော်ကာကွယ်ရေးအတွက် လေ့ကျင့်သား ပြည့်ဝသည့်ကာကွယ်ရေး အရန်အင်အားစုအဖြစ် တည်ဆောက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက်တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ ၁၆၃၅ ဦးအား အောက်တိုဘာ ၁ ရက်တွင်စခန်းချလေ့ကျင့်ရေးသင်တန်း များဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲများကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်တို့ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများ၌ အသီးသီးပြုလုပ် ကြသည်။

သင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် သင်တန်းနည်းပြများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းမှူးများက သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။

ထို့နောက် သင်တန်းများအလိုက် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းအောင်မြင်စွာ တက်ရောက်ခဲ့သည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ်ကြသည်။

အဆိုပါ စခန်းချလေ့ကျင့်ရေး သင်တန်းများကို အောက်တိုဘာ ၁ ရက်မှ ယနေ့အထိ ငါးပတ်ကြာ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းကာလအတွင်း စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်များ၊ ကိုယ်စီစစ်မြေပြင် ကျွမ်းကျင်မှုဘာသာရပ်နှင့် စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်များအပြင် ကိုယ်လက်ကြံ့ခိုင် မှုလေ့ကျင့်ခန်း၊ လက်တွေ့ပစ်ခတ်စဉ် လေ့ကျင့်ခန်းနှင့် အတားအဆီးများ ဖြတ်ကျော်မှု လေ့ကျင့်ခန်းတို့ကိုပါ သင်ကြားလေ့ကျင့် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) မှ ၀ိဇ္ဇာဘွဲ့ရ ၇၉ ဦး၊ သိပ္ပံဘွဲ့ရ ၁၄၆ ဦး၊ A.G.T.I ဒီပလိုမာ ၆၈ ဦးအား အလုပ်ခန့်အပ်လွှာပေးအပ်


ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)မှ သင်တန်းဆင်း ကျောင်းသားများနှင့် မိဘများအားရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။

နေပြည်တော် ၃၁-၁၀-၂၀၁၇

သင်တန်းဆင်းဘွဲ့ရသည်နှင့် အလုပ်တာဝန်များပါ ခန့်အပ်ပေးသွားမည် ဖြစ်သည့်အတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာရမည့်ကျင့်ဝတ်၊ စောင့်ထိန်းရမည့် စည်းကမ်းများကို တိတိကျကျလိုက်နာ သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G. T. I ဒီပလိုမာသင်တန်းတို့၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်စေရန်အတွက် တိုင်းရင်းသားများ၏ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်စေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန် ဒီဂရီကောလိပ် (ရန်ကုန်) ကို ၂ဝဝဝ ပြည့်နှစ် ဇွန်လ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၃၂၄ ဦး၊ သိပ္ပံဘွဲ့ ၉၁၂ ဦး၊ A.G. T. I ဒီပလိုမာ ၄၅၆ ဦးတို့အား ဝန်ကြီးဌာန ၁၅ ခုတွင် ဝန်ထမ်းကောင်းများ အဖြစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးတာဝန်များကို အသီးသီးထမ်းဆောင် လျက်ရှိကြကြောင်း၊ သင်တန်းဆင်းပြီးသူများထဲမှ မဟာဘွဲ့ ၁ဝ၂ ဦး၊ မဟာသုတေသနဘွဲ့၄၃ ဦး၊ B.E ဘွဲ့ ၈၈ ဦး၊ M.E ဘွဲ့ ၁၃ ဦး၊ Ph.D ဘွဲ့ ၁၃ ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်သကဲ့သို့ တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၅၁ မျိုး သင်တန်းဆင်းခဲ့ ကြပြီးဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် ဝန်ကြီးဌာနအသီးသီးတွင် နိုင်ငံတော်၏ တာဝန်အမျိုးမျိုးကို ထမ်းဆောင်နေကြ ပြီဖြစ်ကြောင်း၊ ရှေးအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၏ ပညာရေးရည် မှန်းချက်နှင့်အညီ လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှ Long Life Learning အနေဖြင့် ယခုထက်ပိုမို မြင့်မားသည့် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများကို နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ဆက်လက်ဆည်းပူး ကြိုးစားစေလိုကြောင်း၊ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချ ရေးကို နိုင်ငံတော်အစိုးရ အဆက်ဆက် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြကြောင်း။

နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ၏ဘဝ တိုးတက်မြင့်မား စေလိုသည့်ရည်ရွယ်ချက်နှင့် ပညာသင်ယူခဲ့သည့် ကာလအတွင်း နိုင်ငံတော်က ၁ဝဝ ရာခိုင်နှုန်းပြည့်နီးပါး ထောက်ပံ့ခဲ့ကြောင်း၊ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ရန်အတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာ အရည်အချင်းများ ပြည့်ဝရန် သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ကျရာဒေသတွင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာသည့် နိုင်ငံ့ ဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်ရင်း တိုင်းရင်းသားလူငယ်များကို ဥပဒေလေးစားလိုက်နာပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူများ ဖြစ်အောင် လက်တွဲခေါ်ဆောင်ပေးရန်၊ နိုင်ငံတော်နှင့် တိုင်းရင်းသား မိဘပြည်သူများအကြား ထိရောက်သည့် ကြားခံပေါင်းကူးများအဖြစ် ပါဝင်ဆောင်ရွက် သွားကြရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု များကိုအခြေခံပြီး နိုင်ငံတော်နှင့် ပြည်သူလူထု အပေါ်သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

တိုင်းရင်းသား လူမျိုးများတွင် မှန်ကန်သော ပြည်ထောင်စုစိတ်ဓာတ်၊ အတွေးအခေါ် ခံယူချက်များဖြစ်လာရန် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းတန်ဖိုးထားရန်၊ မလိုလား အပ်သည့် ငွေကြေး၊ မိန်းမ၊ အရက်သေစာ၊ မူးယစ်ဆေးဝါး လမ်းကြောင်းပေါ် မရောက်ရှိရန် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းသွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ ကျေးဇူး သစ္စာကို အမြဲစောင့်သိရိုသေသည့် နိုင်ငံသားကောင်းများအဖြစ် ကြိုးစားသွား ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းအလိုက် ထူးချွန်ဆုရကျောင်းသား များအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းဆင်း ကျောင်းသား များဖြစ်သော ဝိဇ္ဇာဘွဲ့ရ ၇၉ ဦး၊ သိပ္ပံဘွဲ့ရ ၁၄၆ ဦး၊ A.G.T.I ဒီပလိုမာ ၆၈ ဦး စုစုပေါင်း ၂၉၃ ဦးတို့အား ဝန်ကြီးဌာန ၁၁ ဌာနသို့ တာဝန်ပေးအလုပ် ခန့်အပ်လွှာပေးအပ်ပွဲ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနကိုယ်စားလှယ်များက သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် ခန့်အပ်လွှာများ ပေးအပ်ပြီး ကျောင်းသားကိုယ်စားလှယ် တစ်ဦးစီက လက်ခံရယူသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်း ကျောင်းသားများအား ညနေစာဖြင့်တည်ခင်း ဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယရေတပ်မှ Vice Admiral Bimal K Verma, AVSM ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယရေတပ်မှ Vice Admiral Bimal K Verma, AVSM, Commander in Chief of Andaman and Nicobar Command အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃၁-၁၀-၂၀၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယရေတပ်မှ Vice Admiral Bimal K Verma, AVSM, Commander in Chief of Andaman and Nicobar Command ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား တပ်မတော် (ကြည်း၊ရေ၊လေ) ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များစွာ ရှိနေသည့် အခြေအနေများ၊ ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်းများတွင်မြန်မာ့တပ်မတော် (ရေ) နှင့် အိန္ဒိယရေတပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စစ်ရေယာဉ်များ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ လာရောက်ရေးကိစ္စရပ်များ၊ အခြားနယ်ပယ်များတွင်ပါ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်မိုးအောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Vice Admiral Bimal K Verma,AVSM နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံစစ်သံမှူး Col. Naveen Mahajan နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr. Don Pramudwinai တို့ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Don Pramudwinai တို့ တွေ့ဆုံဆွေးနွေးစဉ်။

နေပြည်တော် ၃၁-၁၀-၂၀၁၇

နယ်နိမိတ်အရ၊ ယဉ်ကျေးမှုအရ၊ စိတ်ဓာတ်ရေးရာအရ ခွဲခြားမရနိုင်သော အိမ်နီးနားချင်းကောင်း နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံညှိနှိုင်းလုပ်ဆောင်မှု များကြောင့်ကြီးမားသည့် နယ်စပ်ပြဿနာများ မရှိကြောင်း၊ ၂၀၁၁ ခုနှစ် နောက်ပိုင်း နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ခဲ့ကြောင်း၊ တပ်မတော်ပိုင်းတွင် Regional Border Committee အဆင့်မှသည် High Level Committee အဆင့်အထိ စဉ်ဆက် မပြတ်ထိတွေ့ဆက်ဆံမှုများရှိခြင်း၊ အစိုးရအချင်းချင်းလည်း အဆင့်ဆင့်သော ထိတွေ့ဆက်ဆံမှု၊ တွေ့ဆုံဆွေးနွေးမှုများရှိခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်မှုကို ဖော်ပြနေကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr. Don Pramudwinai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးနှင့် အတူမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော် နိုင်ငံခြားရေးဝန်ကြီးက မိမိတို့နှစ်နိုင်ငံသည် ရှည်လျားစွာနယ်နိမိတ် ထိစပ်နေသော်လည်း ကြီးမားသည့် ပြဿနာများမရှိပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အကောင်းဆုံးသော ဆက်ဆံရေးရှိသကဲ့သို့ နှစ်နိုင်ငံနိုင်ငံခြားရေး ၀န်ကြီးဌာနချင်းလည်း ဆက်ဆံရေးကောင်းမွန်ကြောင်း၊ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ အပြန်အလှန် ထောက်ခံအားပေးမှုများလည်း ရှိပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံအစိုးရ၏ ရပ်တည်လုပ်ဆောင်မှုများ ကိုထောက်ခံပါကြောင်း၊ ရခိုင်ဒေသအရေးနှင့် ပတ်သက်၍ အစိုးရ၏လုပ်ဆောင်မှုများမှာ တိုးတက်မှုရှိသော်လည်း အချိန်ယူဆောင်ရွက် ရမည့်ကိစ္စဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း ယင်းအခြေအနေမျိုး ကြုံတွေ့ခဲ့ရ၍ ရှုပ်ထွေးမှုနှင့် အချိန်ယူဖြေရှင်းရန်လိုအပ်မှုကို သိရှိနားလည်ကြောင်း၊ ကာလတို၊ ကာလလတ်၊ ကာလရှည်ခွဲခြားပြီး ဘက်ပေါင်းစုံမှကြည့်၍ လုပ်ဆောင်ရမည့် အရေးဟုရှုမြင်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်း နှစ်နိုင်ငံ ကီလိုမီတာ ၂၀၀၀ ကျော်နယ်နိမိတ်ထိစပ်နေပြီး နယ်နိမိတ်တိုင်းတာရန် နေရာတချို့ကျန်ရှိသော်လည်း ကြီးမားသည့် နယ်စပ်ပြဿနာမရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို အေးချမ်းသောနည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်နေသော် လည်း အနောက်ဘက်ခြမ်းတွင် ပြဿနာတချို့ရှိကြောင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအများစုက မိမိတို့နိုင်ငံ၏ အဖြစ်အပျက်အမှန်များကိုမသိကြဘဲ မီဒီယာများ၏ စွပ်စွဲပြောဆိုမှုများအပေါ် အခြေခံ၍မြန်မာနိုင်ငံအပေါ် ဖိအားများပေးနေကြကြောင်း၊ မည်သို့ပင်ဖြစ်စေ အမှန်တရား ကိုလက်ခံရမည်သာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် နှစ်ကာလ များစွာက ဖြစ်ပျက် ခဲ့သော အကြောင်းအရာများအပေါ်တွင် အခြေခံပြီး ကြိုတင်ပြင်ဆင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို မည်သူမည်ဝါဖြစ်သည်ကို မခွဲခြားနိုင်ဘဲ နိုင်ငံသားအဖြစ် လက်မခံနိုင်ကြောင်း၊ ယင်းကိုစိစစ်ရန်လုပ်ဆောင်ရာမှ ပြဿနာဖြစ်ပွား ရခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ဘင်္ဂါလီအကြမ်းဖက်အင်အား ၄၀၀၀ ခန့်က တစ်ချိန်တည်းတစ်ပြိုင်တည်း အင်အားသုံး စတင်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်အားသုံး၍ တိုက်ခိုက်သတ်ဖြတ်မှု၊ အကြမ်းဖက်ဖိနှိပ်မှုများ ကျူးလွန်မှုမရှိကြောင်း၊ ဖြစ်ရပ်မှန် များကို ဖုံးကွယ်ထား၍မရနိုင်ကြောင်း၊ မိမိတို့အနေဖြင့်အမှန်အတိုင်းသာ ရပ်တည်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၏ လုပ်ငန်းများအောင်မြင် စေရေး ၀ိုင်းဝန်းကူညီလုပ်ဆောင်နေကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတကာမီဒီယာမျက်နှာစာတွင် အင်အားအချိုးမညီစွာ ဖော်ပြ နေမှုများကြောင့် ဖြစ်စဉ်အမှန်များကို နိုင်ငံတကာကသိရှိရန် လိုအပ်မှုအခြေအနေများ၊ နှစ်နိုင်ငံအတွေ့အကြုံများအပေါ်အခြေခံပြီး ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ခြင်းဖြင့် ပြဿနာများဖြေရှင်းရာတွင် အထောက်အကူပြုနိုင်မည့်အခြေအနေများ၊ မိတ်ဆွေ ကောင်းပီသမှု၊ ညီအစ်ကိုစိတ်ဖြင့် အပြန်အလှန်ယုံကြည်မှုတို့ဖြင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဖြင့် ထာဝရ တည်ငြိမ်အေးချမ်းသော နယ်စပ်ဒေသဖြစ်ရေးတို့အပေါ် အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးတို့သည် အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Senior General Min Aung Hlaing receives a delegation led by Vice Admiral Bimal K Verma, AVSM, Commander in Chief of Andaman and Nicobar Command from Indian Navy


Senior General Min Aung Hlaing receives a delegation led by Vice Admiral Bimal K Verma, AVSM,Commander in Chief of Andaman and Nicobar Command from the Indian Navy.

Nay Pyi Taw October 31

Commander-in-Chief of Defence Services Senior General Min Aung Hlaing received a delegation led by Vice Admiral Bimal K Verma, AVSM, Commander in Chief of Andaman and Nicobar Command from the Indian Navy, at the Parlour of Zeyathiri Villa, here, this evening.

Both sides cordially exchanged views on cooperation between the armed forces of Myanmar and India in Tatmadaw (Army, Navy and Air) sectors, cooperation in naval exercises between the Myanmar navy and the Indian navy, the exchange of visits between naval vessels and promoting relations and cooperation between the two armed forces in other sectors.

Also present at the call together with the Senior General were Lt- Gen Soe Htut from the Office of Commander-in-Chief (Army), Chief of Staff (Navy) Rear-Admiral Moe Aung and senior military officers. Vice Admiral Bimal K Verma, AVSM was accompanied by Indian Defence Attaché to Myanmar Col. Naveen Mahajan and officials.

#Themyawadydaily

Senior General Min Aung Hlaing, Thai Foreign Affairs Minister H.E. Mr. Don Pramudwinai hold cordial meeting


Senior General Min Aung Hlaing holds talks with Minister of Foreign Affairs of Thailand H.E Mr. Don Pramudwinai.

Nay Pyi Taw October 31

Myanmar and Thailand are good neighbours which are indivisible territorially, culturally and spiritually. So there are no major border issues between them thanks to the bilateral negotiations. The military relations have been further cemented after 2011. The continuous contacts from Regional Border Committee Level to High Level Committee between the two Armed Forces and the government-to-government contacts and meetings at all levels reflect the good relations between the two countries, said Commander-in-Chief of Defence Services Senior General Min Aung Hlaing at his meeting with Minister of Foreign Affairs of Thailand H.E. Mr. Don Pramudwinai at the parlour of Zeyathiri Villa here this afternoon.

Also present at the meeting together with the Senior General were Lt-Gen Soe Htut and senior military officers of the Offi ce of the Commander-in-Chief (Army). The Thai Foreign Minister was accompanied by Ambassador of Thailand to Myanmar H.E. Mr. Jukr Boon-Long and officials.

During the talks, the Thai Foreign Minister said although the two countries share a long common border, there are no major issues. There are excellent relations between the two Armed Forces and the bilateral relations between the Ministries of Foreign Affairs of the two countries are also good.

There are also close cooperation and mutual support. Thailand supports the stance of Myanmar government. Although there is progress in the government’s action in connection with the Rakhine issue, it needs time to solve it. Thailand understands the complicated nature of the issue and the requirement of time, as the country had also faced a similar situation, Thailand views the issue as a matter that must be solved through short-term, midterm and long-term programs from a comprehensive outlook.

Then, the Senior General discussed that although it needs to measure some parts of boundary between Myanmar and Thailand sharing more than 2,000 kilometres long common border each other, both countries have no big border problem. Despite solving boundary affairs with all neighbouring countries in the peaceful way, Myanmar faces some problems in its western part. With regard to the issue of Rakhine State, the Senior General continued to say that the majority of global countries put pressure on Myanmar based on accusations by media without knowing true events in Myanmar. Whatever it may be, it must accept the truth. The issue of Rakhine State was made under preparations based on the events which happened in many years. Myanmar cannot accept anyone as citizens without scrutinizing and identifying them. Conducting the citizenship scrutiny started the problem. In the incident, about 4,000 Bengali terrorists started attacks in synchronization with superior strength but security forces did not carry out attacks and killing with superior strength and terror acts. True stories cannot be covered. The Tatmadaw will carry out all processes with correct stance. The Tatmadaw is helping the Central Committee for the Implementation of Stability, Peace and Development in Rakhine State led by State Counsellor Daw Aung San Suu Kyi have success in the tasks.

Afterwards, they exchanged views on needs of international community to know true events on Rakhine issue due to unbalanced expression in the arena of international media, situations to contribute towards solving problems through discussions based on experiences of both countries, and promotion of cooperation between the two armed forces of two countries through good friendship and mutual trust with brotherly spirit for ensuring emergence of the eternally peaceful border region.

After the meeting, the Senior General and the Thai Minister of Foreign Affairs exchanged commemorative gifts.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၁၀-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၁၀-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁၀-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁၀-၂၀၁၇)

Download Links

Monday, October 30, 2017

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နေ့ပိုင်းတင်သည့်အရုပ်များ ပိုမိုဆန်းပြားလာ



တောင်ကြီး ၃၀-၁၀-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်တွင်း၊ပြည်ပ ခရီးသွားများနှင့် မြန်မာနိုင်ငံအနှံ့မှ လာရောက်လည်ပတ် ကြသူများနှင့် စည်ကားလျက် ရှိပြီး ညပိုင်းတွင် ညမီးကြီး၊ စိန်နားပန်တို့ လွှတ်တင်ကြပြီး နေ့လယ်ပိုင်းတွင် နေ့ပိုင်းလွှတ်တင်သည့် မီးပုံးပျံအရုပ်များမှာ တစ်နှစ်ထက်တစ်နှစ် ဆန်းပြားလာကြောင်း တွေ့ရသည်။

အဆိုပါပွဲတော်သို့ လာရောက် လည်ပတ်ကြသော ပြည်တွင်း၊ပြည်ပ ခရီးသွားများနှင့် မြန်မာနိုင်ငံအနှံ့မှ ဘုရားဖူးများသည် တတိယနေ့ဖြစ်သည့် အောက်တိုဘာ ၂၈ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ တန်ဆောင်တိုင်ကွင်း၌ လွှတ်တင်မှုကို လာရောက်ကြည့်ရှု အားပေးကြသည်။

အဆိုပါ နေ့လွှတ်အရုပ်များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆန်းပြားလာပြီး အရုပ်များမှာ ကမ္ဘာ့လိပ်ပုံ၊ သစ်ကုလားအုတ်ပုံ၊ ဂူအန်းငှက်ပုံ၊ ကြက်တူရွေးပုံ၊ ဆင်၊ယုန်၊ ကျွဲ၊ ကွန်ဖူးပန်ဒါပုံ၊ ဓားခုတ်ကောင်ပုံ၊ ဖော်ကွဲငှက်ပုံ၊ ရေမြင်း၊ကြက်၊ ငှက်နီ၊ ခို စသည့်အကောင် မျိုးစုံအရုပ်များနှင့် ကြံ့သုံးကောင်တွဲ၊ ရှဥ့်ကြွက်သုံးကောင်တွဲ၊ သိန်းငှက်သုံးကောင်၊ သင်းကွဲသုံးကောင်တွဲ စသည်တို့ကို မိမိတို့ဥာဏ်ရည်များဖြင့် ဆီစိမ်စက္ကူ၊ ရှမ်းစက္ကူတို့ဖြင့် တစ်နှစ်ထက် တစ်နှစ် မရိုးအောင် မီးပုံးပညာရှင်များက အချိုးအစား မှန်အောင်ချိုး၍ မိမိတို့ပြုလုပ်လိုသည့် အကောင်၏ အရောင်အဆင်းများကို ခြယ်သပြုလုပ်ကြကြောင်း သိရသည်။

ရိုးရာမီးပုံးနှင့် ယခုကဲ့သို့ တိရစ္ဆာန်ပုံမီးပုံး ပြုလုပ်ရာတွင် အရွယ်အစားပေါ်မူတည်ပြီး ဆီစိမ်စက္ကူ အချပ်ရေ ၄ဝဝမှ ၇ဝဝခန့်ထိ ကုန်ကာ ငွေကျပ်တန်ဖိုးမှာ အရွယ်အကြီး၊ အသေးပေါ်မူတည်၍ ငွေကျပ် ၃ဝဝဝဝမှ သုံးသိန်းခန့်ထိကုန်ကျကာ မိသားစုအလိုက်၊ သူငယ်ချင်းအစုအဖွဲ့လိုက်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ယနေ့လွှတ်တင်သော အရုပ်များမှာ အရုပ်မျိုးစုံ ၃ဝကျော် ပါဝင်ယှဉ်ပြိုင် ကြကြောင်း အဖွဲ့လိုက် နေ့လွှတ်အရုပ်လာရောက် လွှတ်တင်သူ အဖွဲ့ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။

#Yadanarpondaily

ပုဂံယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် အချောသတ်အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်မတိုင်ပီပေးပို့မည်



နေပြည်တော် ၃၀-၁၀-၂၀၁၇

ပုဂံယဉ်ကျေးမှု နယ်မြေဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် အချောသတ် အဆိုပြုလွှာကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မတိုင်မီ ပေးပို့ရမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယူနစ်စကိုအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သတ်မှတ် ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝအမွေအနှစ်၊ ရောနှောအမွေအနှစ်ဟူ၍ သုံးမျိုးရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ကာ တာဝန်ယူဆောင်ရွက် လျက်ရှိပြီး သဘာဝအမွေအနှစ်နှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ်သတ်မှတ် ခံထားရသည့် နေရာဌာနများမှာ ပျူမြို့ဟောင်းများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ ခုနှစ်က ပိဿနိုး၊ဟန်လင်းနှင့် သရေခေတ္တရာစသည့် ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ပထမဆုံးသတ်မှတ် ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ပုဂံယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် တင်သွင်းရန် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယူနစ်စကိုသို့ ပေးပို့ထားသည့် မူကြမ်းတွင် အပိုင်း (၂) ပိုင်းပါဝင်ပြီး ပထမပိုင်းတွင် ပုဂံဒေသ၌ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ထိုက်သည့် ကမ္ဘာနှင့်ချီ၍ တန်ဖိုးရှိနေသော မည်သည့်အမွေအနှစ်များ ရှိနေသည်ကို ဖော်ပြထားကာ ဒုတိယပိုင်းတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ထိုက်သည့် အမွေအနှစ်များကို မည်သို့မည်ပုံ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှု အပိုင်းကို ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် ဇုန်များ ခွဲခြားသတ်မှတ်ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ဇုန်များခွဲခြား သတ်မှတ်ဆောင်ရွက်ရာတွင် အမွေအနှစ်ဇုန်နှင့် အဆိုပါ အမွေအနှစ် ဇုန်များကို ကာကွယ်ပေးမည့် ကြားခံဇုန်များကိုလည်း သတ်မှတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

လားရှိုးမြို့နယ် ဟိုပိတ်အုပ်စု ဟိုပိတ်ကျေးရွာအလွန် မြို့ရှောင်လမ်းတွင် ၂၂ ဘီး ဆီသယ်ယာဉ်တွဲကား တိမ်းမှောက်မှုဖြစ်ပွား



လားရှိုး ၃၀-၁၀-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု ဟိုပိတ်ကျေးရွာ အလွန်မြို့ရှောင်လမ်းဆုံ အကျော်တွင် ၂၂ ဘီးတွဲ ဆီသယ်ယာဉ်တွဲကား တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု မြို့ရှောင်လမ်းဆုံအကျော် ကိုးမိုင်ကွေ့အနီးတွင် အောက်တိုဘာ ၂၈ရက် မွန်းလွဲ ၁ နာရီက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ လားရှိုးနယ်မြေရဲစခန်းမှ ရဲအုပ်မျိုးမင်းသိန်းဦးစီး အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်မောင်း ဇေထူး စဥ့်ကိုင်မြို့နယ် ကျောက်ဆည်ခရိုင် မန္တလေးတိုင်း ဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဖြိုးမင်းသန့် (ခ) ပိစိ မြို့သစ်ရပ်ကွက် စဥ့်ကိုင်မြို့နယ် နေသူလိုက်ပါလာသည့် ယာဉ်အမှတ် YGN 4N/ ----HOWO အမျိုးအစား ၂၂ဘီးတွဲကား ဆီဂါလန် ၇၆ဝဝ တင်ဆောင်လာသော ဆီသယ်ယာဉ်သည် လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသဖြင့် ယာဉ်နောက်လိုက် ဖြိုးမင်းသန့် (ခ)ပိစိတွင် ဒဏ်ရာမရရှိဘဲ ယာဉ်မောင်း ဇေထူးတွင်နဖူး၊ မျက်ခုံး၊ ခါးပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိ၍ လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသရန် ပို့အပ်ထားရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဇေထူးကို လားရှိုးနယ်မြေ ရဲစခန်းက ယာဉ်(ပ) ၃၈/၂ဝ၁၇၊ပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

တောင်သူများ၏ စိုက်ပျိုးမြေများ မြေဆီလွှာပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး သီးနှံတစ်မျိုးတည်း ကာလကြာရှည်စိုက်ပျိုးခြင်း မပြုလုပ်ဘဲ အနားပေးရန်လို



မန္တလေး ၃၀-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ကာလတိုသီးနှံများ စိုက်ပျိုးနေသော တောင်သူများအနေဖြင့် မြေဆီလွှာပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် သီးနှံတစ်မျိုးတည်း နှစ်ကာလကြာရှည်စွာ စိုက်ပျိုးခြင်း မပြုလုပ်သင့်ဘဲ အနားပေးရန် လိုကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အထက်မြန်မာပြည် မြေအသုံးချရေး ဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ စိုက်ပျိုးသော မြေဆီလွှာများကို သီးနှံတစ်မျိုး ရိတ်သိမ်း ပြီးစီးပြီးနောက် သီးနှံတစ်မျိုးကို ဆက်တိုက်စိုက်ပျိုးခြင်း မပြုလုပ်ဘဲ ၎င်းမြေများကို ထွန်ယက်ကာ ဓာက်မြေသြဇာများထည့်ပြီး သုံးလခန့် အနားပေးထားသင့် ကြောင်း၊ ထိုသို့အနားမပေးဘဲ သီးနှံများကို ဆက်လက်စိုက်ပျိုးနေပါက မြေဆီလွှာများသည် မြေဆီမြေနှစ် ခန်းခြောက်ပြီးပျက်စီး ဆုံးရှုံးနိုင်ကြောင်း၎င်းက ဆက်လက်ပြောပြသည်။

"တောင်သူတွေစိုက်ပျိုးတဲ့ မြေပေါ်မှာ သီးနှံတွေကိုစိုက်ပျိုးတဲ့အခါ သီးနှံတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲ မစိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သီးနှံတစ်မျိုးထဲ ထပ်ခါတလဲလဲ စိုက်နေရင် မြေဆီလွှာတွေဟာ ပြောင်းလဲမှုမရှိဘဲနဲ့ မြေဆီလွှာတွေ ခန်းခြောက်တတ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးနေတဲ့ တောင်သူတွေဟာ သီးနှံတွေကို အလှည့်ကျ စိုက်ပျိုးပေးသင့်ပါတယ်" ဟုမန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အထက်မြန်မာပြည် မြေအသုံးချ ရေးဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အထက်မြန်မာပြည် မြေအသုံးချရေး ဓာတ်ခွဲခန်းမှ စိုက်ပျိုးမြေ ချဉ်ငန်ဓာတ်စမ်းသပ်မှုများ အတွက်မြေဆီလွှာဓာတ်ခွဲခြင်း၊ စိုက်ပျိုးရေ ဓာတ်ခွဲခြင်းအပြင် ဓာတ်မြေသြဇာထုတ်လုပ် ဖြန့်ဖြူးရောင်းချသူတို့ အတွက် အသုံးပြု တောင်သူများက ဈေးကွက်အတွင်းရှိ မြေသြဇာများ အရည်အသွေးပါဝင်မှုကို သိရှိနိုင်ရန်အတွက် ဓာတ်မြေသြဇာ ဓာတ်ခွဲစစ်ဆေးခြင်းများကို စမ်းသပ် စစ်ဆေးပေးလျက်ရှိပြီး အဆိုပါစစ်ဆေးခြင်း အဖြေများအတွက် နှစ်ပတ်ခန့် သာကြာမြင့်ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးနေသော တောင်သူများ၏ စိုက်ပျိုးမြေချဉ်ငန်ဓာတ်များကို စမ်းသပ်ပေးသော စက်များရှိရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တောင်သူများအတွက် မြေဆီလွှာများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် စမ်းသပ်ပေးနေကြောင်းလည်း သိရသည်။

#Yadanarpondaily

မြန်မာနိုင်ငံ ပထမဆုံးလယ်ယာစက်မှုဇုန် (Agro-Industry Park) ကို ဧရာဝတီတိုင်းဒေသကြီး မြောင်မြမြို့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်



ရန်ကုန် ၃၀-၁၀-၂၀၁၇

လယ်ယာကဏ္ဍကို အခြေခံကာ စားသောက်ကုန် ထုတ်လုပ်ငန်းများ ပါဝင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး လယ်ယာစက်မှုဇုန် (Agro-Industry Park) ကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။

အဆိုပါ မြောင်းမြလယ်ယာစက်မှုဇုန် (Agro-Industry Park) တွင် လယ်ယာကဏ္ဍကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်သဖြင့် စားသောက်ကုန်ထုတ်စက်ရုံများ၊ ဆန်ကြာ ဆံစက်ရုံ၊ ခေါက်ဆွဲစက်ရုံ၊ ဆန်ကွဲမှ ဂလူးကို့စ်ထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်သည်။ ထို့ပြင်ဆန်စက်၊ ဖွဲနုဆီစက်နှင့် တိရစ္ဆာန်အစာ စက်ရုံများကိုလည်း ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်သည်။

အဆိုပါ လယ်ယာစက်မှုဇုန် (Agro-Industry Park) ကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် စတင်အကောင်အထည် ဖော်တည်ဆောက်ရန် ရွေးချယ်ရခြင်းမှာ မြောင်းမြမြို့သည် ကုန်းလမ်း၊ ရေလမ်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ လျှပ်စစ်ဓာတ်အားရရှိနိုင်ခြင်း၊ တိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အချက်အချာကျသည့် နေရာတွင် ရှိနေခြင်း၊လက်ရှိ ဆိပ်ကမ်းကောင်းမွန်ခြင်း စသည့်အကြောင်း အချက်များကြောင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြောင်းမြလယ်ယာ စက်မှုဇုန် (Agro-Industry Park) ကို မြောင်းမြမြို့ရှိ မြေလွတ်ဧက ၃ဝဝ ကို သက်ဆိုင်ရာဝန်ကြီးဌာနက နှစ်ရှည်ငှားရမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာသန်း ၂ဝမှ၃ဝ ထိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှု များကိုဖိတ်ခေါ် ဆောင်ရွက်သွားမည်ဖြစ်ကာ ယခုအချိန်မှ လာမည့်သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ပြီးပါက ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိနေသည့် လယ်ယာထွက်ကုန် သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်သည့် စက်ရုံများဖြစ်ပေါ် လာမည်ဖြစ်သဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲကျင်းပ



မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲတွင် ပါဝင်ဆင်နွှဲကြသည့် ရဟန်းသံဃာတော်များနှင့် ပြည်သူများ ချီတက်လှည့်လည်ကြစဉ်။ 

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲကျင်းပစဉ်။

ရန်ကုန် ၃၀-၁၀-၂၀၁၇

တပ်မတော် ချစ်မြတ်နိုးသူများ အဖွဲ့(ရန်ကုန်)က ကြီးမှူးကျင်းပသည့် မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ ထောက်ခံပွဲသို့ ပါဝင်ဆင်နွှဲကြမည့် ရဟန်းသံဃာတော်များနှင့် ပြည်သူများက ကမ္ဘာအေးဘုရားလမ်းရှိ ရေခဲဆိုင်မှတ်တိုင်အနီး၌ စုရပ်သတ်မှတ်ပြီး မွန်းလွဲ ၁နာရီတွင် ၎င်းစုရပ်မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း၊ ယင်းမှ အလံပြဘုရားလမ်း၊ ယင်းမှတစ်ဆင့် ဆူးလေဘုရားလမ်းအတိုင်း မြို့တော်ခန်းမရှေ့သို့ ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊တိုင်းပြည်ပြိုကွဲမည့်အကြံ ဒို့လက်မခံ၊ တပ်မတော်အင်အားရှိဖို့ ဝိုင်းဝန်းကူညီစို့၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ တပ်မတော်သာအမိ တပ်မတော်သာအဖ တပ်မတော်သာအားကိုးရာ၊နိုင်ငံ့ဝန်ထမ်း ကောင်းမှန် သမျှ ထောက်ခံကြ၊ အချုပ်အခြာအာဏာနှင့် အမျိုးဘာသာသာသနာ တည်တံ့ခိုင်မြဲရေး တပ်မတော်ကို အစဉ်အားပေး၊ အချုပ်အခြာအာဏာအား ထိပါးရန် မြန်မာ့တပ်မတော်အား ဖိအားပေးနိုင်ငံများနှင့် အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချကြစသည့် အင်္ဂလိပ်၊ မြန်မာပိုစတာများ ကိုင်ဆောင်ကြပြီး ချီတက်လှည့်လည်ခဲ့ကြသည်။

မြို့တော်ခန်းမရှေ့၌ အခမ်းအနားမစတင်မီ တိုင်းရင်းသားရိုးရာ ဝတ်စုံများဝတ်ဆင်ထားကြသည့် လူငယ်မောင်မယ်များက တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။ ယင်းနောက်အခမ်းအနားကို မွန်းလွဲ၂ နာရီ မိနစ်၎ဝတွင် စတင်ကျင်းပရာ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ ဝန်ထမ်းကောင်းများအား ဂုဏ်ပြုသောအားဖြင့် တစ်မိနစ် ငြိမ်သက်ကြသည်။ ထို့နောက် မြင်းခြံဆရာတော် ဦးဇာဂရ၊ တေးသံရှင် လီလီနိုင်ကျော်၊ သရုပ်ဆောင်မော်ဒယ် ရွှေအိမ်စည်နှင့် ဦးလှဆွေ (ဘူးလက်) တို့ကလက်ရှိ နိုင်ငံရေးအခြေအနေ၊ တပ်မတော်၏ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဟောပြောဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် တပ်မတော်အပေါ် ကျရောက်နေသော နိုင်ငံတကာဖိအားများ ဖယ်ရှားကြ ဖယ်ရှားကြ၊ တပ်မတော်ကိုဖိအား ပေးနေသော နိုင်ငံတကာအဖွဲ့အစည်များအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ၊ နိုင်ငံ့အချုပ်အခြာအာဏာအား ကာကွယ်နေသော တပ်မတော်သားများအား ထောက်ခံကြ ထောက်ခံကြ၊ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း ကောင်းများအား အားပေးကြ အားပေးကြ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၏ မိသားစုဝင်များအား စာနာကြ စာနာကြ၊ နိုင်ငံအတွက်အသက် ပေးလှူသွားကြသော နိုင်ငံ့ဝန်ထမ်းကောင်းများအား ဂုဏ်ပြုကြ ဂုဏ်ပြုကြ၊ အချုပ်အခြာအာဏာနှင့် အမျိုးဘာသာ သာသာနာအား ကာကွယ်နေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကြီး ကျန်းမာပါစေ ချမ်းသာပါစေ၊ နိုင်ငံတော်လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျန်းမာပါစေ ကျန်းမာပါစေ၊ တိုင်းပြည်၏အချုပ်အခြာ အာဏာအားကာကွယ်နေသော နိုင်ငံ့ဝန်ထမ်းကောင်းများ ကျန်းမာပါစေ ကျန်းမာပါစေ၊ ရခိုင်ပြည်နယ် အတွင်းတာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကောင်းများ ကျန်းမာပါစေ ကျန်းမာပါစေ စသည့်ကြွေးကြော်သံများ သီဆိုကြပြီးတပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် သီချင်းသီဆိုကြကာ ညနေ ၄နာရီ မိနစ် ၄ဝ တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ထောက်ခံပွဲနှင့် ပတ်သက်၍ သရုပ်ဆောင်နှင့် မော်ဒယ်လ်ဖြစ်သူ ရွှေအိမ်စည်က ''ဒီနိုင်ငံမှာတာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေနဲ့ တပ်မတော်သားတွေ အကုန်လုံးကို စာနာထောက်ထားပါတယ်။ ရခိုင် အရေးကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့ခံစားမှုတွေကိုလည်း နားလည်ပါတယ်။ အဲဒါကြောင့် အခုလိုလာရောက် ထောက်ခံရခြင်းပဲ ဖြစ်ပါတယ်။ တပ်မတော်အတွက်လည်း ခွန်အားတစ်ရပ်ဖြစ်လိမ့်မယ် လို့မြင်ပါတယ်။ ဘယ်လိုမျိုး အကြောင်းအရာတွေပဲ ကြုံတွေ့နေပါစေ ကျွန်မတို့အနေနဲ့ စည်းစည်းလုံးလုံးနဲ့ အတူတကွ ဖြေရှင်းဆောင်ရွက်သွားဖို့ လိုပါတယ်''ဟု သူမ၏အမြင်ကို ပြောသည်။

အလားတူ လမ်းမတော်မြို့နယ် နေသူဦးတင်ဝင်းက ''ကျွန်တော်တို့နိုင်ငံလုံခြုံရေး အတွက်တပ်မတော်ဟာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ နိုင်ငံ့အချုပ်အခြာအာဏာနဲ့ ပြည်သူတွေဘဝလုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့ အတွက်ကိုလည်း တပ်မတော်က လုပ်ဆောင်နေရတာပါ။ ဒါ့ကြောင့် တပ်မတော်ရဲ့ ဆောင်ရွက်မှုတွေကို ထောက်ခံရတာဖြစ်ပါတယ်။ အခုလိုပွဲတွေ လုပ်ခြင်းအားဖြင့် နိုင်ငံတကာရဲ့မျက်နှာစာမှာ တပ်မတော်ကို ပြည်သူတွေချစ်ပြီး နိုင်ငံအတွက် ပြည်သူတွေဟာ တပ်မတော်ဘက်က ရပ်တည်နေတယ်ဆိုတာကို ကမ္ဘာကသိရှိသွားမှာ ဖြစ်ပါတယ်။ အခုလိုပွဲမျိုးတွေ များများလုပ်ပေးသင့်တယ်။ ပြည်သူအားလုံးလည်း ပါဝင်သင့်ပါတယ်''ဟု ဆိုသည်။ မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ စိတ်ဓာတ်ခွန်အားများ တိုးမြင့်စေရန်ရည်ရွယ်၍ ယနေ့ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ၊အခမ်းအနားတွင် မြန်မာနိုင်ငံ၏ အနောက်တံခါးဖြစ်သည့် ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြစ်သည့် မြန်မာ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ အသက်ပေး၍ စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်မှုအား လေးလေးနက်နက် ဂုဏ်ယူကြောင်း၊ ရခိုင်ပြည်နယ်နှင့်တကွ မြန်မာနိုင်ငံ အတွင်းကျရောက်လာမည့် အချုပ်အခြာ အာဏာထိပါးမှုနှင့် တရားဥပဒေစိုးမိုး မှုတို့အား နိုင်ငံအတွက် မားမားမတ်မတ်ရှေ့တန်းမှရပ်တည်ကာ ကာကွယ် စောင့်ရှောက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းကောင်းများ အားယနေ့ တက်ရောက်လာသော ပြည်သူလူထုကြီးက အားပေးထောက်ခံကြိုဆို လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်ပြိုကွဲရန် ကြံစည် လုပ်ဆောင်သူ မှန်သမျှအား ဆန့်ကျင်ရှုတ်ချကြောင်း စသည်တို့အပါအဝင် အချက်ခုနစ်ချက် ပါရှိသည့် သဘောထားကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှလည်း ပူးပေါင်းဝန်းရံသဖြင့် စုစုပေါင်းအင်အားမှာ တစ်သိန်းကျော်ခန့် ရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ်။

စစ်တွေ ၃၀-၁၀-၂၀၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UEHRD စီမံကိန်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ လူငယ်များ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ယမန်နေ့ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက UEHRD ၏ အကောင်အထည်ဖော်မှု လုပ်ငန်းများတွင် ရခိုင်ပြည်သူပြည်သားများ အနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်
အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်သူများ အမှန်တကယ်အကျိုးရှိပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိသော လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုတက်ရောက်လာသူများတွင် လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ် အမျိုးသမီးရေးရာ ကော်မတီဝင်များ စသည့်ကဏ္ဍပေါင်းစုံမှ ပြည်သူများ ပါဝင်ကြသဖြင့် UEHRD  ၏ ရည်ရွယ်ချက်အတိုင်း တစ်နိုင်ငံလုံးမှ ပြည်သူလူထုနှင့် အတူညီညွတ်စွာ ဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက UEHRD  နှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ အကောင်အထည် ဖော်ရာတွင် သတိပြုဆောင်ရွက်သင့်သည့် အချက်များ၊ ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသနှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် လုံခြုံစိတ်ချရမှုအတွက် အထူးအလေးပြု ဆောင်ရွက်သင့်ကြောင်း တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် အနေဖြင့် ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှု အင်အားဖြင့် အောင်မြင်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ ယနေ့ပြည်သူများ၏ တင်ပြချက် များကို အလေးထားဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ လူမှုအဖွဲ့အစည်း ၁၅ ဖွဲ့မှ ပြည်သူများနှင့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကျင်းပ




မန္တလေး ၃၀-၁၀-၂၀၁၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်နှင့် Pocari Sweat တို့ ပူးပေါင်းကျင်းပသည့် မန္တလေးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီး ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံးရှေ့တာလွှတ်သည့် မုခ်ဦးရှေ့၌ ကျင်းပသည်။

ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြိုင်ပွဲကို သေနတ်ပစ်ဖောက် တာလွှတ်ပေးသည်။ ပြိုင်ပွဲတွင် မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးမြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများပါဝင် ယှဉ်ပြိုင်ကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပထမ၊ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော စက်ဘီးစီး အားကစားသမားများအား ဆုများပေးအပ်ကြကြောင်း သိရသည်။

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၁၀-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၂၉-၁၀-၂၀၁၇)

Download Links

ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၁၀-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၁၀-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁၀-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁၀-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁၀-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁၀-၂၀၁၇)

Download Links

ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၁၀-၂၀၁၇)



ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၁၀-၂၀၁၇)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၀-၂၀၁၇)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁၀-၂၀၁၇)

Download Links

Friday, October 27, 2017

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ သတ္တမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ









နေပြည်တော် ၂၇-၁၀-၂၀၁၇

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ သတ္တမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ လှူဒါန်းရန်အတွက် အနော်ရထာခန်းမတွင် ခင်းကျင်းထားသော ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှု ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က အနော်ရထာခန်းမ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊သောက်တော်ရေချမ်း၊ သစ်သီးနှင့် မြသပိတ်ဆွမ်းတို့ကို ကပ်လှူပူဇော်ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ သတ္တမအကြိမ်မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပျဉ်းမနား၊ ဈေးကုန်းကျောင်းတိုက် ဆရာတော် နိုင်ငံတော်သြ၀ါဒါ စရိယအဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တက၀ိသာရနှင့် မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ၀ိစာရိန္ဒာဘိဝံသ အမှူးပြုသော သံဃာတော် ၇၂ ပါးကြွရောက်ချီးမြှင့် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာဇေယျာသီရိမြို့နယ်၊ ရေဆင်းကန်ဦးပရိယတ္တိ စာသင်တိုက်ပဓာနနာယက ဆရာတော်သာသန ဓဇဓမ္မစရိယ မဟာဂန္ထ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ၀ိလာသထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ပရိသတ် အပေါင်းတို့က ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ရေဆင်းကန်ဦး ပရိယတ္တိစာသင်တိုက်ပဓာနနာယက ဆရာတော်ကြီးထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့က ပျဉ်းမနား၊ ဈေးကုန်းကျောင်းတိုက်ဆရာတော်ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့် ဇနီးတို့က ဆရာတော်များထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ အရာရှိကြီးများက သံဃာတော်အရှင်သူမြတ်တို့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရေဆင်းကန်ဦးကျောင်းတိုက် မှဂဏ၀ါစကစာချ ဆရာတော်များဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇ၀နတို့က ကထိန်အမေးအဖြေများ ဆောင်ရွက်တော်မူ ကြသည်။

ယင်းနောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော် နိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တက၀ိသာရထံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ကထိန်အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ အခမ်းအနားအပြီးတွင် သံဃာတော်အရှင် သူမြတ်တို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ သတ္တမအကြိမ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် ရုံး/ဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်း ၈၃ ပင်၊ တန်ဖိုး ငွေကျပ်သိန်း ၁၀၀၀ ကျော်ပါဝင် လှူဒါန်းခဲ့ကြပြီး ပဒေသာပင်များအား သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး/ဌာနများအလိုက် မော်တော်ယာဉ် များဖြင့် ပို့ဆောင်လှူဒါန်း ခဲ့ကြသည်။

အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင်လည်း ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ လှူဒါန်းမည့် ရုံး/ဌာနအသီးသီးမှ မိသားစုများ၏ ပဒေသာပင်များအား အရာရှိ၊ စစ်သည်၊ မိသားစုအိမ်ထောင်သည်လိုင်း များအတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်၍ အိုးစည်ဒိုးပတ်ပြိုင်ပွဲများလည်း ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

အမျိုးဘာသာသာသနာ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ၊ အမျိုးသားအကျိုးစီးပွားတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိ








နေပြည်တော် ၂၇-၁၀-၂၀၁၇

သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝတရားကို ထိန်းသိမ်းပေးခြင်းဖြစ်၍ ကောင်းမွန်သည့် အလုပ်ဖြစ်သောကြောင့် လူတစ်ဦး တစ်ယောက်ချင်းသာမက လူတိုင်းလူတိုင်း လုပ်ဆောင်ကြရန် တာဝန်ရှိကြောင်း၊ သဘာဝတရားက ပေးအပ်လိမ့်မည်ဟု အားကိုးနေ၍မရဘဲ မိမိတို့လုပ်သင့်လုပ်ထိုက် သည်များကို နှစ်စဉ်မှန်မှန်ကန်ကန် လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ ရေဆင်းဆည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ၂၀၁၇ ခုနှစ်၊ တတိယ အကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်များပြုလုပ်ပြီး ရေဆင်းဆည် ပတ်ဝန်းကျင်တွင် နှစ်စဉ်စိုက်ပျိုး ခဲ့ကြောင်း၊ထို့အတူ တပ်မတော်တစ်ရပ်လုံးရှိ တပ်ရင်း/တပ်ဖွဲ့ များတွင်လည်း စိုက်ပျိုးကြသကဲ့သို့ သက်ဆိုင်ရာ ၀န်ကြီးဌာနများကလည်း စိုက်ပျိုးခဲ့ကြကြောင်း၊ တပ်မတော်တပ်ရပ်လုံး အနေဖြင့် သစ်ပင်စုစုပေါင်း ၉ ဒသမ ၅ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်နိုင်ငံအတွင်းရှိ ဆည်များ၊ကန်များ ရေ၀င်မှုအခြေအနေကောင်း မွန်ကြောင်း၊ယင်းမှာ သဘာဝတရား ကြောင့်ဖြစ်၍ သဘာဝတရား ကောင်းမွန်အောင် ထိန်းသိမ်းလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ ရေဆင်းဆည်တွင်လည်း ယခုနှစ်တွင် ရေပြည့်မှတ်ကို ကျော်လွန်ပြီး ရေလျှံကြောင်း၊ ၂၀၀၉ ခုနှစ် နောက်ပိုင်းပထမအကြိမ် ရေလျှံခြင်းဖြစ်ကြောင်း၊ သဘာဝတရားကို အကျိုးရှိအောင် အသုံးပြုပြီး မဖြုန်းတီးကြရန် လည်းလိုကြောင်း၊ ချင့်ချိန်သုံးစွဲကြရမည် ဖြစ်ကြောင်း၊ ရေပေါများသည်ဆိုပြီး အဟောသည့်ကံ လုပ်၍မရသကဲ့သို့ သစ်ပင်သစ်တောများ မပြုန်းတီးစေရန် စည်းကမ်းမဲ့စွာ ခုတ်လှဲခြင်းများ မပြုလုပ်ရန် လိုကြောင်း ထည့်သွင်း ပြောကြားသည်။

ဆက်လက်ပြီး သဘာဝတရားကို ၀ိုင်းဝန်းထိန်းသိမ်းရန် လူတိုင်းတွင် တာဝန်ရှိသကဲ့သို့ နိုင်ငံ၏အမျိုးဘာသာ သာသနာ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ၊ အမျိုးသားအကျိုးစီးပွား တို့ကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ ယနေ့ Globalization ကာလကြီးတွင် ခြံစည်းရိုး အကာအရံ အတားအဆီးမရှိဘဲ ကမ္ဘာအနှံ့ လျှင်မြန်စွာပြန့်နှံ့ နိုင်သောကြောင့် ဖွံ့ဖြိုးတိုးတက်မှု များကိုအားလုံးက ခံစားနိုင်ကြကြောင်း၊ မကောင်းသော စရိုက်လက္ခဏာများ မပြန့်ပွားရန် ကောင်းသောတိုးတက်ရာ တိုးတက်ကြောင်းကိုသာ ကြိုးစားလုပ်ဆောင်ရန်၊ တိုင်းပြည်၏ကောင်းသော အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် လူတိုင်းက ထိန်းသိမ်းကြရန်လိုကြောင်း၊ နိုင်ငံတွင်နေ ထိုင်ကြသူတိုင်းက နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံကောင်းအောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ အလားတူနိုင်ငံကို ကာကွယ်ရန်မှာလည်း နိုင်ငံသားတိုင်း တွင်တာဝန်ရှိကြောင်း ပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှတို့က တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ကျွန်းပင်များအား အသီးသီးစိုက်ပျိုး ပေးကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများက စိုက်ပျိုးပင်များအား သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊စစ်သည်၊ မိသားစုများ၏ စိုက်ပျိုးပင်များ စုပေါင်းစိုက် ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ ယနေ့ကျင်းပ ပြုလုပ်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ ၂၀၁၇ ခုနှစ်၊ တတိယအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၇၅၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယခုနှစ်အတွင်း ရေဆင်းဆည်အနီး စုစုပေါင်း ၂၂၇၀၀ ပင်အားစိုက်ပျိုး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger