www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 30, 2013

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၅-၂၀၁၃) ကြာသပတေးနေ့


Download = Scribd
Download = Minus


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင်၏ " Knight Grand Cross ( First Class ) of the Most Noble Order of the Crown of Thailand " တော်ဝင်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
ထိုင်းနိုင်ငံမှ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General  Tanasak Patimapragorn က
တော်ဝင် ဘွဲ့တံဆိပ် အဆောင်အယောင် စလွယ်နှင့်
အဆောင်အယောင် တံဆိပ်တို့အား တပ်ဆင်ပေးစဉ်


နေပြည်တော် ၊ ၃၀-၅-၂၀၁၃

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေလ ၂၈ ရက် နံနက်ပိုင်း တွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ၌ ကျင်းပ ပြုလုပ်သည့် ထိုင်းဘုရင် မင်းမြတ်မှ ပေးအပ် ချီးမြှင့်သော တော်ဝင် ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနား သို့ တက်ရောက်၍ တော်ဝင် ဘွဲ့တံဆိပ် အား လက်ခံ ရယူသည်။

အခမ်းအနား သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဇနီး ဒေါ်ကြူကြူလှ ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း နှင့် ဇနီး ၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ ၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမောင် နှင့် ဇနီး တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General  Tanasak Patimapragorn နှင့် ဇနီး ၊ ထိုင်းဘုရင့် တပ်မတော် မှ အရာရှိကြီးများ နှင့် ဇနီးများ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ခန်းမစင်မြင့် ထက်သို့ ရောက်ရှိ နေရာယူ ကြရာ အခမ်းအနား သို့ တက်ရောက် လာသူ အားလုံးက အရိုအသေပြု နှုတ်ဆက် ကြသည်။ ထို့နောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တော်ဝင် ဘွဲ့တံဆိပ် အဆောင်အယောင် များအား Protocol Officer ထံသို့ ပေးအပ်သည်။ ယင်းနောက် သံတမန် အရာရှိက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိတာဝန်ကို ထူးချွန် အောင်မြင်စွာ ဆောင်ရွက် နိုင်သည် သာမက မြန်မာ - ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရေး ကို တိုးတက်အောင် မြှင့်တင် ပေးနိုင်ခဲ့သူ ဖြစ်သဖြင့် ထိုင်းဘုရင် မင်းမြတ် က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မွန်မြတ်သော ဆောင်ရွက်ချက် များကို ချီးကျူး ဂုဏ်ပြုသော အားဖြင့် " Knight Grand Cross ( First Class ) of the Most Noble Order of the Crown of Thailand " တော်ဝင်ဘွဲ့တံဆိပ် အား ပေးအပ်ချီးမြှင့် ပါကြောင်း ဖြင့် တော်ဝင် ဘွဲ့တံဆိပ် ခန့်အပ်လွှာ အား ဖတ်ကြား တင်ပြသည်။

၎င်းနောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တော်ဝင် ဘွဲ့တံဆိပ် အဆောင် အယောင် တံဆိပ်တို့အား တပ်ဆင် ပေးပြီး ဂုဏ်ပြု နှုတ်ဆက်သည်။ ဆက်လက်၍ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ဂုဏ်ယူ ၀မ်းမြောက်ကြောင်း ပြောကြားပြီး တက်ရောက် လာကြသည့် ဧည့်ပရိသတ် များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဂုဏ်ပြု ကြသည်။


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
အခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်ပရိသတ်များက ဂုဏ်ပြုကြစဉ်

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  က ကျေးဇူးတင် ၀မ်းမြောက် ဂုဏ်ယူ ပါကြောင်း ဖြင့် ပြန်လည် ပြောကြား သည်။

ယင်းနောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဇနီးမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ အား စင်မြင့်ထက်သို့ ခေါ်ဆောင်၍ ဂုဏ်ပြု နှုတ်ဆက်သည်။


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
အခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်ပရိသတ်များက ဂုဏ်ပြုကြစဉ်


၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ထိုင်း ဘုရင့် တပ်မတော် မှ အရာရှိ ကြီးများနှင့် ဇနီးများ ၊ အခမ်းအနား တက်ရောက် လာကြသူ များက ဂုဏ်ပြု နှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn တို့အား အခမ်းအနား တက်ရောက် လာသူ အားလုံးက သံတမန် အရာရှိ အမိန့်ဖြင့် စင်မြင့် ထက်မှ မထွက်ခွာမီ ဂါရ၀ ပြုကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဇနီး ၊ ထိုင်းဘုရင့် တပ်မတော် မှ အရာရှိကြီး များနှင့် ဇနီးများ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် စစ်ရေးပြကွင်း ရှိ အလေးပြုခံ စင်မြင့်တွင် နေရာယူ ကြပြီး ဂုဏ်ပြု တပ်ဖွဲ့၏ နှုတ်ဆက် အလေးပြုခြင်း ကို ခံယူသည်။

ထိုအချိန်တွင် ထိုင်းဘုရင့် တပ်မတော် စစ်တီးဝိုင်း အဖွဲ့က Maharerk သီးချင်းအား တီးမှုတ် ကြသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ စစ်ရေးပြကွင်း မှ မော်တော်ယာဉ် ဖြင့် ပြန်လည် ထွက်ခွာ လာရာ ဂုဏ်ပြု တပ်ဖွဲ့က လေးပြု နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

Wednesday, May 29, 2013

လူ့ခြေထောက်တွင် မှိုအမျိုးပေါင်း ရာချီ၍ ရှင်သန်ရာ နေရာဖြစ်



သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ ရှိချက်အရ လူ့ခြေထောက် တွင် မှိုအမျိုးပေါင်း နှစ်ရာနီးပါး တွယ်ကပ် ပေါက်ဖွား နေသော နေရာ တစ်နေရာ ဖြစ်ကြောင်း သိရသည်။ လူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် မှိုအမျိုးမျိုး က နေရာ အနှံ့ ရှင်သန်လျက် ရှိနေသော်လည်း မှိုများ အဓိက နေရာယူ ထားသော နေရာသည် ခြေဖနောင့် ၊ ခြေသည်းများ ကြားနှင့် ခြေချောင်း ကလေးများကြား နေရာတွင် ဖြစ်ကြောင်း အမေရိကန် နိုင်ငံ သုတေသီ များ၏ စစ်တမ်းအရ သိရသည်။

လူကို ဆိုးကျိုးပေးသော မှိုအမျိုးမျိုးသည် အရေပြား နေရာ အနှံ့တွင် ရှင်သန်လျက် ရှိကြသည်။ သဘာဝ အတိုင်း ရှင်သန် နေရုံဖြင့် ဒုက္ခ မပေးနိုင် သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အမြောက်အမြား ပွားများ လာပါက အရေပြား ရောဂါများ ဖြစ်ပွား လာတတ်ကြောင်း သိရသည်။ လေ့လာမှု စစ်တမ်းကို မေရီလန်း ပြည်နယ် ၊ ဘတ်သဲဒါမြို့ လူမျိုးဗီဇ သုတေသန သိပ္ပံ မှ သုတေသီ ပညာရှင်များ က ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကျန်းမာသော လူ ၁၀ ဦး၏ ခန္ဓာကိုယ် နေရာ ၁၄ နေရာတွင် ရှင်သန် နေသော မှိုများကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။


အဆိုပါ မှိုများ ရှင်သန်နေသော နေရာ ၁၄ နေရာမှာ နားအတွင်း ၊ မျက်ခုံးအပေါ် ၊ ဦးခေါင်း အနောက် ၊ နားအနောက် ၊ ခြေဖနောင့် ၊ ခြေသည်းကြား ၊ ခြေချောင်းကြား ၊ ရင်ဘတ် ၊ နှာခေါင်းတွင်း ၊ လက်ဖ၀ါး ၊ တံတောင်ဆစ်ကွေး နေရာများတွင် ရှင်သန် နေသော မှိုများကို စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ခြေဖနောင့် နေရာသည် မှိုအမျိုး တစ်ရာနီးပါးခန့် ရှင်သန် နေကြောင်း တွေ့ခဲ့ရပြီး ၊ ခြေသည်းများ ကြားတွင် မှိုအမျိုး ၆၀ ခန့်နှင့် ခြေချောင်း ကလေးများ ကြားတွင် မှိုအမျိုး ၄၀ ခန့်ထိ ရှင်သန် နေကြောင်း သိရသည်။ လက်ဖ၀ါး ၊ လက်ဖျံ နှင့် တံတောင်ဆစ်ကွေး နေရာ များသည်လည်း မှိုများ အကြိုက်တွေ့ စေသော နေရာများ ဖြစ်သည်။ မှိုအမျိုး ပေါင်း ၁၈ မျိုးမှ ၃၂ မျိုးအထိ ရှိတတ်သည်။ အဆိုပါ လေ့လာမှု စစ်တမ်းကို Nature Journal တွင် ထည့်သွင်း ဖော်ပြ ထားကြောင်း သိရှိရသည်။

မြန်မာ - အိန္ဒိယ ကုန်စည်ပြပွဲ ၂၀၁၃ MYANMAR - INDIA TRADE FAIR 2013 မုံရွာမြို့တွင်းကျင်းပ


မုံရွာ ၊ ၂၉-၅-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ ၊ မြို့တော်ခန်းမ တွင် မြန်မာ - အိန္ဒိယ ကုန်စည်ပြပွဲ ၂၀၁၃ MYANMAR - INDIA TRADE FAIR 2013 ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး ၊ အိန္ဒိယ နိုင်ငံ ၊ မဏိပူရ ပြည်နယ် ၀န်ကြီးချုပ် Mr. O . Ibobi Sing ၊ အိန္ဒိယ နိုင်ငံ နာဂလင်း ၊ မီဖိုရမ် ပြည်နယ် တို့မှ တာဝန်ရှိ သူများ ၊ အိန္ဒိယ နိုင်ငံ ကောင်စစ်ဝန်ချုပ် Dr. Madan Mohansethi နှင့် တာဝန်ရှိသူများ ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ တိုင်းဒေသကြီး ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ အိန္ဒိယ နိုင်ငံမှ ကုန်သည်ကြီးများ ၊ စက်မှု လုပ်ငန်းရှင်များ မြန်မာနိုင်ငံ စက်မှု လုပ်ငန်းရှင်များ ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

ကုန်စည်ပြပွဲ အား တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး ၊ အိန္ဒိယ နိုင်ငံ ၊ မဏိပူရ ပြည်နယ် ၀န်ကြီးချုပ် Mr. O . Ibobi Sing တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခန်းမ အတွင်း ခင်းကျင်း ပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှု အားပေး ခဲ့သည်။


အဆိုပါ ကုန်စည်ပြပွဲ တွင် အိန္ဒိယ နိုင်ငံမှ လယ်ယာသုံး စက်ပစ္စည်းများ ၊ ကားအကျိုးဆောင် ကုမ္ပဏီများ ၊ မိုဘိုင်းလ်ဖုန်း နှင့် ဆက်စပ် ပစ္စည်းများ ၊ မြန်မာစဥ့်ထည် ပစ္စည်းများ ၊ တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် များမှ ထုတ်ကုန်များ ၊ သစ်တောထွက် ပစ္စည်းများ နှင့် အခြား ထွက်ကုန် များကို ပြသထားကြောင်း သိရှိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် KIO ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး


နေပြည်တော် ၊ ၂၉-၅-၂၀၁၃

ယမန်နေ့နံနက် ၉ နာရီတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင် သော ကိုယ်စားလှယ် အဖွဲ့နှင့် ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း အနီးရှိ မဂျွယ်ခန်းမ၌ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း က နှစ်ဖက် အဖွဲ့အစည်း များ၏ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှု များကြောင့် ငြိမ်းချမ်းရေး ကို အောင်မြင်စွာ ဖော်ဆောင် နိုင်မည့် အခြေအနေ ကောင်းများ ပေါ်ထွန်း လာခြင်း ဖြစ်ပါကြောင်း ၊ ထို့ကြောင့် ယနေ့ ဆွေးနွေးပွဲတွင် ရရှိပြီး ဖြစ်သည့် အခြေအနေ ကောင်းများကို အမိအရ အသုံးချကာ နိုင်ငံ နှင့် နိုင်ငံသားများ အကျိုး ရှေးရှုပြီး အပစ်အခတ် ရပ်စဲသည့် ယာယီ ငြိမ်းချမ်းရေး မှ ထာဝရ ငြိမ်းချမ်းရေး အထိ ဖော်ဆောင် နိုင်သည့် ကောင်းမွန်သော သဘော တူညီချက် များကို ချမှတ် နိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ၊ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း ၊ ဦးအုန်းမြင့် နှင့် ပြည်နယ် ၀န်ကြီးချုပ် တို့က တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် လေးစားပြီး ယုံယုံ ကြည်ကြည် ဖြင့် နားလည်မှု တည်ဆောက် ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရန် အတွက် ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်း ဆွေးနွေး ညှိနှိုင်း အဖြေရှား ကြရန် ၊ နှစ်ဖက် တင်းမာမှု များကို လျှော့ချကာ အချင်းချင်း ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး လိုလား တောင့်တ နေသည့် ငြိမ်းချမ်းရေး နှင့် ဆန္ဒများကို အကောင် အထည်ဖော် ဆောင်ရွက် ကြရန် တို့နှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေး ပြောကြား ကြသည်။

ဆွေးနွေးပွဲ တွင် စစ်မက် ဖြစ်ပွားရာ ဒေသ စောင့်ကြည့်ရေး ရုံးများ ဖွင့်လှစ်ရေး ဆိုင်ရာ ကိစ္စရပ်များ ၊ တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များ ၊ ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ရေး ဆိုင်ရာ ကိစ္စရပ်များ ၊ အပစ်အခတ် ရပ်စဲရေး ၊ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်း ထားရှိရေး ဆိုင်ရာ ကိစ္စရပ်ျား ၊ ကချင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကြောင့် နေရပ်များကို စွန့်ခွာ တိမ်းရှောင် နေသူများ မိမိရပ်ရွာသို့ ပြန်လည် ပို့ဆောင်ရေး ၊ ပြန်လည် ထူထောင်ရေး နှင့် ပညာရေး ၊ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်ျား နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲသည့် ယာယီ ငြိမ်းချမ်းရေး မှ ထာဝရ ငြိမ်းချမ်းရေး ရသည်အထိ ဆက်လက် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း သွားမည် ဖြစ်ပြီး နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု များကိုလည်း ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။


တွေ့ဆုံ ဆွေးနွေးပွဲ သို့ ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် ၊ ဦးဝင်းထွန်း ၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ၊ တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် ၊ တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး ၊ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် ဇော်ဝင်း ၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ၊ Peace Talk Creation Group နှင့် Myanmar Peace Center တို့မှ ကိုယ်စားလှယ်များ ၊ မြို့မိမြို့ဖ များနှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၅-၂၀၁၃) ဗုဒ္ဓဟူးနေ့


Download = Scribd
Download = Minus


Tuesday, May 28, 2013

မြ၀တီရောင်စုံဓာတ်ပုံပြိုင်ပွဲ မေလအတွက် ဆုရဓာတ်ပုံများ

၂၀၁၃ ခုနှစ် မေလအတွက် မြ၀တီရောင်စုံဓာတ်ပုံပြိုင်ပွဲ ၏ ခေါင်းစဉ်မှာ " ၀သန်ကာလ ကျေးလက်အလှ " ဟူ၍ ပေးထားရာ ရောင်စုံ ဓာတ်ပုံပေါင်း ၃၃ ပုံကို လက်ခံ ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲဝင် ဓာတ်ပုံများကို အကဲဖြတ် ပညာရှင် တို့မှ ပေးထားသော ခေါင်းစဉ် နှင့် ကိုက်ညီမှု ၊ ဓာတ်ပုံ အယူအဆ ၊ ဓာတ်ပုံ ပညာရှုထောင့် တို့ကို ဦးစားပေး ရွေးချယ်ခဲ့ရာ အောက်ဖော်ပြပါ ဓာတ်ပုံ ပညာရှင်များ ၏ လက်ရာများအား ဆုအဖြစ် အသီးသီး ရွေးချယ် လိုက်သည်။

ပထမ - အောင်မြင့်ထွေး
ဒုတိယ - အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း )
တတိယ - ရဲထွန်း ( Image Palace )
အထူးဆု (၁) - တက္ကသိုလ် ဟန်မင်းဦး
အထူးဆု (၂) - ဇာနည်ထွန်း ( ရွှေပန်းချီ - ရမည်းသင်း )
အထူးဆု (၃) - ရဲထွန်း ( Image Palace )

ပထမ - အောင်မြင့်ထွေး

ဒုတိယ - အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း )

တတိယ - ရဲထွန်း ( Image Palace )

အထူးဆု (၁) - တက္ကသိုလ် ဟန်မင်းဦး

အထူးဆု (၂) - ဇာနည်ထွန်း ( ရွှေပန်းချီ - ရမည်းသင်း )

အထူးဆု (၃) - ရဲထွန်း ( Image Palace )

" ဤခရီးနီးသလား "


" ဤခရီးနီးသလား "

တစ်မနက်တစ်ရက် ၊ တစ်သက်တစ်ဘဝ
လျှောက်ခဲ့ရပြီး ၊ ခရီးထပ်ထပ်
မရပ်မနား ၊ မအားမလပ်
မပြတ် သွားနေရ တို့ဘ၀ ။

ခရီးခရီး ၊ ဘယ်ခရီးမှ
နီးသည်မရှိ ၊ ဝေးသည့်တိုင်းတာ
ဖြာဖြာဒုက္ခ ၊ ဒုက္ခများစွာ
သူငါတို့များ ၊ ကျော်လွှားအားတင်း
ခရီးပြင်းနှင်လျက် ၊ တစ်သက်တစ်ဘဝ
တခဏဟာ ၊ ရေမျက်နှာထက်
ခဏတက်သည့် ၊ ရေပွက်ပမာသို့
သူငါတို့ခရီး ၊ နီးဝေးသလား
ပြောကြားရခက် ဖြေရခက် ။  ။

ဖိုးရန်နိုင် (ကျောက်ကြီး)

(( ၂၀၁၃ ခုနှစ် ဇွန်လ ထုတ် မြ၀တီရသစုံမဂ္ဂဇင်း ကဗျာကဏ္ဍမှ ))

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၈)


မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၈)

( ၂၈-၅-၂၀၁၃ ရက်နေ့ထုတ် )

Download = Scribd
Download = Minus


ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ (ဇွန်လ) ( Model )


" စံပြအလှမယ် ( MODEL ) "
မော်ဒယ်လ် = ကြယ်စင်ဆောင်း

ပထမ - မျိုးမင်းစိုး


ဒုတိယ - ပုလဲ ဦးစိုးမြင့်


တတိယ - မောင်မောင်မင်းဇော်ဦး

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ (ဇွန်လ)

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ (ဇွန်လ)

OUTING အစီအစဉ်
တိုင်းရင်းသား ကျေးရွာ "

ပထမ - မျိုးမင်းသူ


ဒုတိယ - သန္တာစိုး (ခ) စိုးမြန်မာ



တတိယ - ကိုကိုဆန်နီ (သိင်္ဂီရွှေရည်)


" လယ်တောအလွမ်း "



လယ်တောအလွမ်း "

မယ့်ဝမ်းစာ ယာတစ်ခင်း
ဆင်းခဲ့ပါ့ မောင်ကြီးရယ်။
ကောက်နှံတွေ ရွှေလိုဝင်း
နှင်းဖွေးလို့ကွယ်။
ချမ်းအေးလို့ မအားတယ် ....
ဧည့်သည်ကို ပျိုလုပ်ကျွေး။
နှမ်းလှော်ကို ညက်အောင် ထောင်းပါလို့
ကောက်ညှင်းပေါင်းက ပူပူနွေး
အုန်းဆန်ကဖွေး ... ။

ထန်းသီးနုနု ချိုချွဲချွဲ
ထန်းလျက်ခဲက မွှေးသကို။
ထန်းရည်ချို ပျိုမတား
သောက်စားပါဆို။
လယ်သူမလေး အရှက်ပို ....
မျက်နှာကို သူလွှဲ။
စကားချိုချို နှစ်ကိုယ်ကြား
နားဝမှာစွဲ။
မျက်နှာချို လပြည့်ည
ကြည့်မ၀နိုင်ဘဲ ... ။

ဖရဲခင်းမှာ နှစ်ကိုယ်တွဲ
ထန်းတောထဲမှာ နားခို။
ဖရဲသီးမှည့် နီရဲရဲ
ခွဲကျွေးတဲ့ပျို။
ဖရဲသီးက အေးချိုချို ....
ပျိုမျက်နှာက ရွှင်ပြုံးပြုံး။
မောင်ကြီးရယ် မရှက်နဲ့
စားလှည့်ပါအုန်း .... တဲ့ ။

မွန်းတည့်နေ ပူလောင်ပြင်း
တဲကွင်းမှာ အနားယူ။
လယ်ပုစွန်ကို အစပ်ချက်
ချဉ်ပေါင်ရွက် ဟင်းချိုပူ။
စိတ်ဝမ်းလှ မငြူစူ ....
ကြည်ကြည်ဖြူ ထည့်ကျွေး။
နှစ်မျက်နှာ အပြုံးများနဲ့
စားကြတယ်လေး။
မောင်ကြီးမှာ ခံတွင်းတွေ့
မေ့မရနိုင်သေး ... ။

မွန်ပြည်နယ် အလည်တစ်ခေါက်
ရောက်ဖူးတဲ့ ကိုလူပျို။
လယ်တောမှာ ရွှင်ပျော်မွေ့
မေ့နိုင်ဘူးဆို။
လယ်တောက ထန်းလျက်ချို ....
ချဉ်ပေါင်ကို သူလွမ်း။
အမေ အဖေ အခွင့်ပေးရင်
ပြေးလာဖို့မှန်း။
တွေးပါလို့လွမ်း ... ။  ။

မင်းမောင်နွယ် (မွန်ဌာနီ)

(( ၂၀၁၃ ခုနှစ် ဇွန်လထုတ် ငွေတာရီမဂ္ဂဇင်း ကဗျာကဏ္ဍမှ ))

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၅-၂၀၁၃) အင်္ဂါနေ့


Download = Scribd
Download = Minus



သိန်းနီမြို့နယ်အတွင်း လက်နက် ခဲယမ်းများဖမ်းဆီးရမိ

သိမ်းဆည်းရမိသော မော်တော်ယာဉ် နှင့် လက်နက်/ ခဲယမ်း
ဆက်စပ် ပစ္စည်းများ
မော်တော်ယာဉ်အတွင်း သိမ်းဆည်းရမိသော လက်နက်/ ခဲယမ်း
ဆက်စပ် ပစ္စည်းများ

နေပြည်တော် ၊ ၂၈-၅-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှားဝေါလ် တိုးဂိတ်၌ တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက် ရှိစဉ် မေလ ၂၇ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်က လားရှိုးမြို့မှ သိန်းနီမြို့ ဘက်သို့ မောင်းနှင် လာသော လိုင်စင်မဲ့ မတ်တူး အဖြူရောင် ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့် စေရာ ယာဉ်မှာ ရပ်တန့် ပေးခြင်း မရှိဘဲ မောင်းနှင် ထွက်ပြေး၍ သိန်းနီ တပ်နယ် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့မှ ပူးပေါင်း အဖွဲ့ဖြင့် ပိတ်ဆို့ ရှာဖွေစဉ် နံနက် ၃ နာရီခွဲ တွင် သိန်းနီမြို့နယ် ၊ မိုင်းလီအုပ်စု ၊ နားဆော့ ကျေးရွာ ဘုန်းကြီးကျောင်း ရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။

အဆိုပါ ယာဉ်အား အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်ဖုံး အတွင်းမှ အမ်-၂၂ ခေါက်ဒင် (၁၁) လက် ၊ အမ်-၇၉ ( ၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက် ၊ အမ်-၁၆ (၄) လက် ၊ အမ်-၂၂ (၃)လက် ၊ BERETTA ပစ္စတို (၁)လက် ပေါင်း (၂၂)လက် ၊ ကျည်အိမ် မျိုးစုံ (၃၀) ခု ၊ ကျည်မျိုးစုံ (၂၆၀၉) တောင့် တို့အား သိမ်းဆည်း ရမိခဲ့ပြီး ပတ်ဝန်းကျင် အား ဆက်လက် ရှာဖွေရာ ဘုန်းကြီးကျောင်း အနောက်ဘက် ချုံပုတ် အတွင်းမှ အမ်-၂၂ (၁၀)လက် နှင့် ၅ ဒသမ ၅၆ ကျည် (၁၃၀) တောင့် ထပ်မံ သိမ်းဆည်း ရမိ ခဲ့သဖြင့် စုစုပေါင်း လက်နက် (၃၂)လက် ၊ ကျည်မျိုးစုံ (၂၇၃၉) တောင့် သိမ်းဆည်း ရမိ ခဲ့သည်။


၎င်းဖြစ်စဉ်တွင် ထွက်ပြေး တိမ်းရှောင် နေသော တရားခံအား ဖမ်းဆီး ရမိရေး တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များက ဆက်လက် စုံစမ်း ရှာဖွေ ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

Monday, May 27, 2013

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၅-၂၀၁၃) တနင်္လာနေ့



Download = Dev-Host


မြန်မာအမျိုးသမီး ဘောလုံးအသင်း အာရှဖလားခြေစစ်ပွဲအောင်


ရန်ကုန် ၊ ၂၇-၅-၂၀၁၃

၂၀၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(ဃ) ပွဲစဉ်များကို ယမန်နေ့ ညနေပိုင်းက ပါလက်စတိုင်း နိုင်ငံတွင် ဆက်လက် ကျင်းပခဲ့ရာ မြန်မာ အမျိုးသမီး အသင်းက တရုတ်(တိုင်ပေ) အသင်းကို ဂိုးမရှိ သရေ ကစားပြီး ခြေစစ်ပွဲ အောင်သွားပြီ ဖြစ်သည်။

မြန်မာ အမျိုးသမီး ဘောလုံး အသင်းသည် အုပ်စုပွဲစဉ် များအတွင်း အိန္ဒိယ အသင်းကို ၂ ဂိုး- ဂိုးမရှိ ၊ အိမ်ရှင် ပါလက်စတိုင်း အသင်းကို ၉ ဂိုး - ဂိုးမရှိ ၊ တရုတ် (တိုင်ပေ) အသင်းနှင့် သရေကျကာ နှစ်ပွဲနိုင် ၊ တစ်ပွဲသရေ ရမှတ် ၇ မှတ်ဖြင့် ခြေစစ်ပွဲ အောင်ပြီး အာရှဖလား ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီး အသင်းမှာ တရုတ် (တိုင်ပေ) အသင်းနှင့် အမှတ်တူ ခဲ့သော်လည်း ဂိုးကွာခြားချက် အသာရ ခဲ့သောကြောင့် အုပ်စု ပထမ ရခဲ့ခြင်း ဖြစ်သည်။


အာရှဖလား ပြိုင်ပွဲများတွင် မြန်မာ အမျိုးသမီး ဘောလုံး အသင်း အနေဖြင့် ယခုတစ်ကြိမ် နှင့် ဆိုပါက လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး အဆင့် ပြိုင်ပွဲကို အသစ် ၈ သင်းသာ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိပြီး ကမ္ဘာ့ အဆင့်ရှိ ဂျပန် ၊ သြစတြေးလျ ၊ တရုတ် နှင့် တောင်ကိုရီးယား အသင်းတို့က ခြေစစ်ပွဲ ၀င်စရာ မလိုဘဲ တိုက်ရိုက် ယှဉ်ပြိုင် ကစားခွင့် ရရှိထားသည်။ ပြိုင်ပွဲကို ဂျပန်နိုင်ငံ ၌ လာမည့် ၂၀၁၄ ခုနှစ်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် iPay သီးသန့်မော်တော်ယာဉ်လိုင်းများ ထွက်ပေါ်လာတော့မည်


ရန်ကုန် ၊ ၂၇-၅-၂၀၁၃

ရန်ကုန်မြို့ တွင် iPay ကတ်အသုံးပြု၍ ယာဉ်စီးခ ပေးစီးနိုင်သော iPay သီးသန့် မော်တော်ယာဉ် လိုင်းများ မကြာမီ စတင် ပြေးဆွဲ သွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း ကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ iPay ကတ်များကို ယခု လက်ရှိတွင် အဓိပတိ ယာဉ်များ အထူးယာဉ် အချို့ နှင့် ( ပန်းဆိုးတန်း - ဒလ ) ကူးတို့ သင်္ဘော များပေါ်တွင် ယာဉ်စီးခ ပေးရန်အတွက် အသုံးပြု နိုင်ပြီး နောက်ထပ် ရွှေဧည့်သည် ၊ ရွှေရန်ကုန် ၊ မေတ္တာလှိုင်း ၊ ပါရမီ အစရှိသည့် မော်တော်ယာဉ် လိုင်းအချို့တို့ တွင်လည်း iPay ကတ်များ အသုံးပြုနိုင် စေရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ထို့အပြင် မေတ္တာလှိုင်း မော်တော်ယာဉ် လိုင်းတွင်လည်း iPay သီးသန့် မော်တော်ယာဉ် လိုင်းတစ်ခု ကို မကြာမီ စတင် စမ်းသပ် ပြေးဆွဲ သွားနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိ သူက ပြောကြား သည်။

iPay ကတ်များကို ၀ယ်ယူ အသုံးပြု လိုသူများသည် တစ်ကတ်လျှင် ငွေကျပ် ၃၀၀ ဖြင့် ၀ယ်ယူ ရရှိနိုင်ပြီး ငွေကျပ် ၇၀၀ မှ ငွေကျပ် ၅၀၀၀ အထိ ယာဉ်စီးခ အတွက် ကြိုတင် ငွေဖြည့်ကတ် အသုံးပြုနိုင် သည်။ ထိုကဲ့သို့ iPay ကတ်များ ၀ယ်ယူခြင်း ၊ ကြိုတင် ငွေဖြည့်ခြင်း တို့ကို သက်ဆိုင်ရာ မော်တော်ယာဉ် များပေါ်တွင် ပြုလုပ် နိုင်သကဲ့သို့ မြို့တွင်း၌ ဖွင့်လှစ် ထားသော iPay ရုံးခွဲ များနှင့် ကားမှတ်တိုင် အချို့တွင် ဆောက်လုပ် ထားသော iPay Booth ( iPay ကတ်ရောင်း ရုံငယ်လေး ) များတွင်လည်း ပြုလုပ် နိုင်သည်။


iPay ကတ်များသည် အသုံးပြုသူများ နည်းပါး နေသေးသည့် အတွက် လက်ရှိတွင် ကုမ္ပဏီ အနေဖြင့် ရုန်းကန် နေရဆဲ ဖြစ်သော်လည်း အသုံးများ တွင်ကျယ် လာသည်အထိ ဆက်လက် ကြိုးစား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးတော့မည်


ရန်ကုန် ၊ ၂၇-၅-၂၀၁၃

ရန်ကုန်မြို့တော် ၏ အမှိုက် သိမ်းဆည်းရေး လုပ်ငန်းများ ကို ပုဂ္ဂလိက အဖွဲ့အစည်း များက လုပ်ကိုင် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

" ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ရန်ကုန် တစ်မြို့လုံးမှာ ထွက်ရှိနေတဲ့ နေ့စဉ် အမှိုက်တန်ချိန် ၁၅၀၀ ကျော်ကို ၀န်ထမ်း လေးထောင်နီးပါး က အမှိုက်လှည်းများ ၊ အမှိုက်ကားများ နှင့် နေ့ည ဆောင်ရွက် နေပါတယ် ၊ ဒါပေမယ့် လူအင်အား ၊ ယာဉ် ယန္တရား အင်အားတွေ လိုအပ်ချက် ရှိနေတာ အမှန်ပါပဲ ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အနာဂတ်မှာ အမှိုက် သိမ်းဆည်းတဲ့ လုပ်ငန်း တစ်ခုတည်း မဟုတ်တော့ဘဲ စွန့်ပစ် အမှိုက်မှ လျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်း ၊ သဘာဝ ဓာတ်ငွေ့ ထုတ်သည့် လုပ်ငန်း ၊ လူသုံးကုန် ပစ္စည်း ထုတ်သည့် လုပ်ငန်းတွေ ကို လုပ်ဆောင် သွားမှာ ဖြစ်တဲ့အတွက် အမှိုက် သိမ်းဆည်းရေး လုပ်ငန်းကို နိုင်ငံတကာ မှာလိုပဲ ပုဂ္ဂလိက ကဏ္ဍကို လုံးဝ လွှဲပြောင်း ပေးသွားဖို့ အစီအစဉ် ရှိပါတယ် ....  " ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


လက်ရှိတွင် ရန်ကုန် မြို့တော်မှ နေ့စဉ် ထွက်ရှိနေသည့် အမှိုက်များကို အမှိုက်သိမ်း ယာဉ် အစီးရေ ၃၀၀ ၊ ၀န်ထမ်း အင်အား လေးထောင် နီးပါး ဖြင့် အမှိုက်ကန် စနစ် ၊ ခေါင်းလောင်းတီး စနစ် ၊ အမှိုက်သိမ်းလှည်း စနစ် တို့ဖြင့် သိမ်းဆည်း လျက် ရှိကြောင်း သိရှိရသည်။

Sunday, May 26, 2013

ကန်တော်ကြီး ရေပြင် ဘာကြောင့် စိမ်းလဲ့ နေတာလဲ ... ?

Bacteria ၊ Nutrients စသည့် အညစ်အကြေး များ ဓာတ်ပြု၍ ရေကန်တွင်းရှိ ရေညှိများ 
ရေမှော်များ ပွားများ လာရာမှ ကန်တော်ကြီး ၏ ရေပြင်သည် စိမ်းလဲ့နေပုံ

 ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်သည် မြို့တော်သူ မြို့တော်သား များနှင့် ရပ်ဝေး ရပ်နည်းမှ အလည်အပတ် ရောက်ရှိလာသူ များသာမကဘဲ ကမ္ဘာလှည့် ခရီးသည် များပါမကျန် လာရောက် အပန်းဖြေ လေ့လာလျက် ရှိသော နေရာ တစ်ခုအဖြစ် မြန်မာနိုင်ငံ ၏ မြို့တော် ဖြစ်သော ရန်ကုန်မြို့ တွင် ထင်ရှားလှသော ဂုဏ်ဆောင် အထင်ကရ နေရာတစ်ခု အဖြစ် ကျော်ကြားလှ ပါသည်။

အပန်းဖြေ သူများ စားသုံးနိုင်ရန် ကန်ပတ်လည် နေရာ တော်တော်များများ နှင့် ကန်စောင်း နေရာများတွင် စားသောက်ဆိုင် များ တည်ဆောက်၍ ဖွင့်လှစ် ရောင်းချလျက် ရှိရာ ယင်းစားသောက် ဆိုင်များမှ စွန့်ပစ် ပစ္စည်း အများစုမှာ ကန်ထဲ့သို့ ပိုက်များ ၊ မြောင်းမျာ မှတစ်ဆင့် နည်းအမျိုးမျိုး ဖြင့် နေ့စဉ် နှင့်အမျှ ၀င်ရောက်လျက် ရှိပြီး စားသောက်ဆိုင် များတွင် နေထိုင်သော သူများ နှင့် လာရောက် လည်ပတ်သူ များ စွန့်ပစ်သော ပစ္စည်းများ ကြောင့် Bacteria ( မိလ္လာ အညစ်အကြေး ၊ ရေဆိုး နှင့် စွန့်ပစ် ပစ္စည်းများ ဓာတ်ပြုခြင်း ) ၊ Nutrients ( ဓာတ်မြေ သြဇာများ နှင့် မိလ္လာမှ အညစ်အကြေး များ ဓာတ်ပြုခြင်း ) စသည့် အညစ်အကြေး များ ဓာတ်ပြု၍ ရေကန်တွင်းရှိ ရေညှိများ ၊ ရေမှော်များ ပွားများ လာရာမှ ကန်တော်ကြီး ၏ ရေပြင်သည် စိမ်းလဲ့ နေခြင်း ဖြစ်ပါသည်။

စားသောက်ဆိုင်မှ စွန့်ပစ်ပစ္စည်းများ ကန်ထဲသို့ ကျရောက်နေပုံ

ကန်အတွင်းမှ ရေများ ကိုလည်း အသုံးပြုရန် ရေပိုက်များဖြင့် စုပ်တင်၍ ပန်းကန် ဆေးချခြင်း ၊ အ၀တ်လျှော် ခြင်း ၊ ရေချိုးခြင်း တို့အား ထိုကန်ရေ နှင့်ပင် အသုံးပြု နေပါသဖြင့် စားသုံးသူ ပြည်သူများ မှာလည်း ရောဂါများ ရရှိစေ နိုင်ပါသည်။

စားသောက်ဆိုင်များမှ အညစ်အကြေးများ မြောင်းမှ ကန်အတွင်းသို့ စီးဆင်းနေပုံ


ထို့ကြောင့် ကန်တော်ကြီး ကန်ရေရှည် တည်တံ့ သာယာ လှပရေး အတွက် ရေဝေရေလဲ ထိန်းသိမ်းမှု စနစ်နှင့် စားသောက်ဆိုင် များမှ စွန့်ပစ်နေသော အညစ်အကြေး များအား စနစ်တကျ စွန့်ပစ် နိုင်ရေး ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သက်ဆိုင်ရာ တာဝန်ရှိ သူများက ကြည့်ရှု စစ်ဆေး ပြုပြင် ပေးစေလိုကြောင်း ပြည်သူ အများ၏ ဆန္ဒ ကို သိရှိနိုင်ပါရန် ရေးသား လိုက်ရ ပါသည်။

စားသောက်ဆိုင်များမှ အညစ်အကြေးများ မြောင်းမှ ကန်အတွင်းသို့ စီးဝင်နေပုံ

စားသောက်ဆိုင်နောက် အိမ်သာရှိ မိလ္လာပိုက်မှ ကန်အတွင်းသို့ စွန့်ပစ် ထားရှိပုံ

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၅-၂၀၁၃) တနင်္ဂနွေနေ့



Download = Minus
Download = Dev-Host

http://themyawadydaily.blogspot.com/2013/05/blog-post_25.html

Saturday, May 25, 2013

ကာလရှည်ချေးငွေ မျှော်လင့်နေသည့် တောင်သူလယ်သမားများ




ရန်ကုန် ၊ ၂၅-၅-၂၀၁၃

နိုင်ငံတော်မှ ကာလရှည် စီမံကိန်း နှင့် ချေးငွေ ထုတ်ပေးရန် တောင်သူ လယ်သမားများ တို့က မျှော်လင့် နေကြကြောင်း သိရသည်။ လက်ရှိ နိုင်ငံတော် မှ ထုတ်ချေး ပေးသော စိုက်ပျိုးစရိတ် ချေးငွေ များမှာ ကာလတို ချေးငွေ စနစ် ဖြစ်သည့်အတွက် တောင်သူ လယ်သမား များမှ ပြန်လည် ပေးဆပ်ရာ၌ အခက်အခဲများ ဖြစ်ပေါ် စေပြီးနောက် ယခုကဲ့သို့ ကာလရှည် စီမံကိန်း များဖြင့် ထုတ်ချေး ပေးနိုင်ရန် မျှော်လင့် လာခြင်း ဖြစ်ကြောင်း သိရသည်။

ချေးငွေကို ပြန်ဆပ်ရသည့် ကာလမှ တိုးတောင်း သဖြင့် စပါး နှင့် သီးနှံ ပေါ်ချိန်များတွင် တောင်သူများ လက်ဝယ် ကိုင်ထား နိုင်ခြင်း မရှိဘဲ ချေးပေ ပြန်ဆပ် နိုင်ရန်အတွက် ရသည့်ဈေးဖြင့် အမြန် ပြန်ရောင်းကြ ရခြင်း ကြောင့် ရသင့်သည့် အကျိုးအမြတ် မရရှိကြောင်း တောင်သူ ဦးကြီးများထံမှ သိရသည်။

နိုင်ငံတော်မှ ထုတ်ချေး ပေးနေသော ချေးငွေများမှာ သီးနှံပေါ်ချိန် တွင် ပြန်လည် ပေးဆပ် ရခြင်းကြောင့် သီနှံများ သိုလှောင် မထားနိုင်ခြင်း ၊ သီနှံပေါ်ချိန် တွင် ဈေးနှုန်းများ ကျဆင်းတတ်ပြီး ဈေးကောင်း ရရှိနိုင်ရန် စောင့်ဆိုင်းချိန် မရရှိခြင်း စသည့် အချက်များကြောင့် ကာလရှည် ချေးငွေ စီမံကိန်း မျှော်လျင့် လာရခြင်း ဖြစ်ကြောင်း တောင်သူများက ပြောဆိုသည်။ တောင်သူ လယ်သမား များသို့ နိုင်ငံတော်မှ ချေးငွေများကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့် ပေးခဲ့ပြီး ၊ ပြီးခဲ့သည့် စပါးရာသီ ချိန်တွင် တစ်ဧကလျှင် ကျပ်ငွေ ၅ သောင်းနှုန်း ၊ အခြားသီးနှံများ အတွက် တစ်ဧကလျှင် ကျပ် တစ်သောင်းနှုန်း ထုတ်ချေး ပေးခဲ့သည်။


၂၀၁၃ -၂၀၁၄ ခုနှစ် စိုက်ပျိုးရေး ရာသီချိန်တွင် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ စိုက်စရိတ် ချေးငွေကျပ် ၁၄၀၀ ဘီလီယံ သုံးစွဲ သွားမည် ဖြစ်ပြီး စပါးစိုက်ပျိုးမှု အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ၊ ကြံစိုက်ပျိုးမှု အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ၊ အခြား သီနှံများ အတွက် တစ်ဧကလျှင် ကျပ် နှစ်သောင်း နှုန်း ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၅-၅-၂၀၁၃) စနေနေ့


Download = Minus
Download = Scribd





Friday, May 24, 2013

ငွေစက္ကူအတုများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၄-၅-၂၀၁၃

မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ထိုင်းနိုင်ငံမှ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းသို့ ရောက်ရှိ လာသော ထိုင်းနိုင်ငံ လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက်တထို ကျေးရွာနေ မစ္စတာ တာဟူး (၅၇)နှစ် နှင့် ဇနီး ဖြစ်သူ မစ္စ ချန် (၄၁)နှစ် တို့ ၂ ဦးသည် ထီးခီး စစ်ဆေးရေး ဂိတ်အနီး၌ မြန်မာငွေ နှင့် ထိုင်းဘတ်ငွေ လဲလှယ်ရန် ဆောင်ရွက် နေစဉ် မသင်္ကာသဖြင့် ထီးခီး ကုန်သွယ်ရေး စခန်း တာဝန်ကျ အဖွဲ့က ခေါ်ယူ မေးမြန်းခဲ့ရာ မစ္စတာ တာဟူး နှင့် အတူပါလာသော အညိုရောင် ချည်ထည်ဖြင့် ရက်လုပ် ထားသည့် ရှမ်းလွယ်အိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတု ၁၀၀၀ ကျပ်တန် ၁၀၀ ရွက် ၊ ၅၀၀၀ ကျပ်တန် ၁၉၄ ရွက် တို့အား စစ်ဆေး တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။


စစ်ဆေးချက်အရ ၄င်းတို့ ၂ ဦးသည် ထိုင်းနိုင်ငံ မှ ထီးခီး နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ကုန် အရောင်းအ၀ယ် ကိစ္စ လေ့လာရန် လာရောက်ခြင်း ဖြစ်ကြောင်း ၊ ၄င်းတို့ နေထိုင်သော လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက်တထို ကျေးရွာ အမှတ်(၈၈) နေအိမ်၏ တောင်ဘက် ကပ်လျက် အမှတ်(၈၉) နေအိမ်တွင် နေထိုင်သော အချိုင် ဆိုသူထံသို့ ထိုင်းစစ်သား အစင် ဆိုသူက ယင်း မြန်မာ ငွေစက္ကူ အတုများအား ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုင်းစစ်သား အစင် ဆိုသူမှာ လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် နေထိုင်လျက် ရှိကြောင်း ၊ အဆိုပါ ငွေစက္ကူ အတုများကို အချိုင် မှ ထိုင်းဘတ်ငွေ ဖြင့် လဲလှယ် ပေးရန် ၄င်းတို့အား ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြိး မြန်မာ ငွေစက္ကူ အတုများ လက်ဝယ် တွေ့ရှိသူ မစ္စတာ တာဟူး နှင့် ဇနီးသည် မစ္စချန် တို့ ၂ ဦးအား ထားဝယ် မြို့မရဲစခန်း (ပ) ၁၈၂ / ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၄၈၉ (က) (ခ) (ဂ) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန မှ သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၄-၅-၂၀၁၃) သောကြာနေ့



Download = Minus
Download = Dev-Host



ခရီးသည်တင် မိုးယိုဘတ်စ်ကားများ အရေးယူမည်


ရန်ကုန် ၊ ၂၄-၅-၂၀၁၃

မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ နှင့် မီဒီယာများ တွေ့ဆုံပွဲ အခမ်းအနား ကို ယမန်နေ့ က မထသ (ဗဟို) အစည်းအဝေး ခန်းမ၌ ကျင်းပရာ မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် ၊ တာဝန်ရှိ သူများ နှင့် စာနယ်ဇင်း အသီးသီးမှ မီဒီယာများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနား တွင် မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ယခုအခါ မိုးရာသီ ရောက်ရှိ လာပြီ ဖြစ်သဖြင့် ခရီးသည်တင် ဘတ်စ်ကားများ အနေဖြင့် ဘရိတ် ၊ ၀ိုင်ဘာ ၊ မှန် ၊ အမိုး နှင့် မော်တော်ယာဉ် အောက်ပိုင်း ကြံ့ခိုင်မှု ကောင်းရန် အထူး လိုအပ်ကြောင်း ၊ အထက်ပါ ချို့ယွင်းချက် များကို လိုက်နာမှု မရှိသော မော်တော်ယာဉ် များကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ၊ ယင်းအပြင် ရန်ကုန်မြို့ တွင် လက်ရှိ ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်း ၃၉၅ လိုင်းရှိရာ အချို့ လိုင်းများတွင် တစ်စီး ၊ နှစ်စီးဖြင့် ပြေးဆွဲလျက် ရှိသောကြောင့် ယာဉ်လိုင်း ဖောင်းပွ မရှိစေရန် အချို့ ယာဉ်လိုင်းများကို ပေါင်းစည်း၍ ပြေးဆွဲ စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၎င်းအပြင် CNG ကုဗပေ တစ်သန်းအတွက် ယာဉ်စီးရေ ၂၁၀ လျှောက်ထား ခဲ့ရာ အချို့မှာ ခွင့်ပြုချက် ကျနေပြီ ဖြစ်သဖြင့် လိုင်းကား စီးရေ နည်းပါးမှုကို အထိုက်အလျှောက် လျော့ပါး စေမည် ဖြစ်ကြောင်း ၊ ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက် များ စည်းကမ်း ဖောက်ဖျက်မှု များ ရှိပါက တိုင်ကြားနိုင် ပါကြောင်း ၊ ယခုအခါ Website ၊ ဖုန်း တို့ဖြင့် တိုင်ကြား လာမှုများကို လည်း အရေးယူလျက် ရှိပါကြောင်း ၊ ၄င်းအပြင် စီးပွားရေး တက္ကသိုလ် သို့ ခေါက်တို ပြေးဆွဲရန် ယာဉ် ၁၀ စီး တောင်းဆိုမှု ကိုလည်း သက်ဆိုင်ရာ သို့ တင်ပြထား ပါကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက် လာကြသော မီဒီယာ အသီးသီး ၏ မေးမြန်းချက် များကို ဖြေကြား ခဲ့ကြောင်း သိရသည်။


မီဒီယာ တစ်ဦး၏ မေးမြန်းချက် ဖြစ်သော ဘတ်စ်ကား အတွင်း မိုးယို၍ ထီးဆောင်းပြီး ကားစီး နေရကြောင်း မေးမြန်းချက် ကို ယခုအပတ် မှစ၍ ယာဉ်များ၏ ကြံ့ခိုင်မှု များကို စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ကြောင်း သိရှိရသည်။

Thursday, May 23, 2013

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၂၀)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၂၀)
( ၂၃-၅-၂၀၁၃ ရက်နေ့ထုတ် )

Download = Dev-Host

http://themyawadydaily.blogspot.com/2013/05/blog-post_9089.html

မြ၀တီနေ့စဉ်သတင်းစာ (၂၃-၅-၂၀၁၃) ကြာသပတေးနေ့



Download = Minus
Download = Dev- Host





ကမ်းနားလမ်းရှိ အခမဲ့ယာဉ်ရပ်နားနေရာ တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး


ရန်ကုန် ၊ ၂၃-၅-၂၀၁၃

ရန်ကုန်မြို့ တိုးချဲ့ ကမ်းနားလမ်း နှင့် လက်ရှိ ကမ်းနားလမ်း ဟောင်းတို့ ကြား ( အလုံ သစ်တောဝင်း မှတ်တိုင် မှ ဗိုလ်တထောင် မြို့နယ် ၊ ဗိုလ်တထောင်ဈေး လမ်းအထိ ) မြေပိုများ နေရာတွင် အခမဲ့ ယာဉ်ရပ်နား စခန်းများ ဖော်ထုတ် တည်ဆောက်လျက် ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးပြီ ဖြစ်ကာ ကျန်ရှိသော နေရာများကို လည်း ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

ကမ်းနားလမ်းသည် ရန်ကုန်မြို့၏ ကုန်စည် စီးဆင်းရာ အဓိကျသော စီးပွားရေး မဟာဗျူဟာ ကျသည့် လမ်းမကြီး ဖြစ်၍ ယာဉ်များ လွယ်ကူ လျင်မြန်စွာ သွားလာ နိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ အခမဲ့ ယာဉ်ရပ်နား စခန်းများ ဖော်ထုတ်ခြင်း ဖြင့် ကမ်းနားလမ်း ကုန်စည် စီးဆင်းမှု နှင့် ယာဉ်သွားလာမှု ယခင်ထက် ပိုမို လျင်မြန်စွာ သွားရောက် နိုင်မည် ဖြစ်သည့် အပြင် ယင်းမြို့နယ် များရှိ ကိုယ်ပိုင်ယာဉ် များနှင့် အခြားသော ယာဉ်များ လွယ်ကူ အဆင်ပြေစွာ အခမဲ့ ရပ်နား နိုင်မည် ဖြစ်သည်။ အဆိုပါ အခမဲ့ ယာဉ်ရပ်နား စခန်းသည် ခရီးမိုင် အနေအထား အရ (၄)မိုင် နီးပါး ရှိ၍ ဆောင်ရွက်မှု ပြီးစီး ပါက ကိုယ်ပိုင်ယာဉ်ငယ် ၃၅၂၀ စီးခန့် ရပ်နား နိုင်မည် ဖြစ်သည်။


ယခုအခါ ကျန်ရှိနေသော အလုံမြို့နယ် သခင်မြ ပန်းခြံအနီး မြေကွက်နေရာ ၊ လသာမြို့နယ် ၊ စဉ့်အိုးတန်း ဆိပ်ကမ်းမြေ နေရာ ၊ ပန်းဆိုးတန်းလမ်း ၊ ဆူးလေဘုရားလမ်း ၊ ဗိုလ်အောင်ကျော်လမ်း စသည့် နေရာများတွင် မူလ လမ်းဟောင်း နှင့် ကွန်ကရစ် ယာဉ်ရပ်နား နေရာများ အား ကွာခြားမှု မရှိဘဲ တစ်ဆက်တည်း ဖြစ်စေရန် အတွက် ထပ်ပိုး ကတ္တရာ ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Wednesday, May 22, 2013

မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်


ရန်ကုန် ၊ ၂၂-၅-၂၀၁၃

မြန်မာ - တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ မြန်မာ နိုင်ငံတွင် ပိုက်လိုင်း တည်ရှိမှု အတွက် ပိုက်လိုင်း ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည် ဖြစ်ကြောင်း ယင်းပိုက်လိုင်း စီမံကိန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။

မြန်မာနိုင်ငံ သည် ဤစီမံကိန်း မှ မြောက်မြားစွာသော အကျိုးအမြတ် ရရှိမည် ဖြစ်ကြောင်း ၊ ပိုက်လိုင်း တည်ရှိမှု အတွက် ပိုက်လိုင်း ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည် ဖြစ်ကြောင်း  ၊ နိုင်ငံတော် အခွန် အနေဖြင့် ပို့လွှတ်မည့် ရေနံ တစ်တန်လျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမည် ဖြစ်ကြောင်း ၊ ထို့အပြင် ဖက်စပ် ကုမ္ပဏီ SEAGP နှင့် SEAOP ၏ အစုရှယ်ယာ ၀င်ဖြစ်သော မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသည် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ သယ်ပို့မှု လုပ်ငန်းမှ နှစ်စဉ် နှစ်တိုင်း နောင် အနှစ် ၃၀ အထိ အကျိုးအမြတ် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သည် စတင် လည်ပတ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ၊ စတင် ပို့လွှတ် နိုင်မည့် အချိန်အား ညှိနှိုင်းလျက် ရှိကြောင်း ၊ ပိုက်လိုင်း တည်ဆောက်ပြီး နောက်ပိုင်းတွင် မြန်မာ နိုင်ငံ အတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂ သန်း နှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ ကို ရရှိမည့် အပြင် မြန်မာနိုင်ငံ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ တူးဖော် ရရှိသော သဘာဝ ဓာတ်ငွေ့များကို ဤပိုက်လိုင်း ဖြင့် သယ်ယူ ပို့ဆောင်ခြင်း အား မြန်မာ ပြည်သူ ပြည်သား များအတွက် လိုအပ်သည့် ဒေသများတွင် အသင့်သုံးစွဲ နိုင်ပြီး သဘာဝ စွမ်းအင်၏ အကျိုးစီးပွား ရလဒ် များကို အကောင် အထည်ဖော် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - တရုတ် ရေနံစိမ်း ပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ပေါင်း ၂၂ သန်း ပို့လွှတ် နိုင်မည် ဖြစ်ပြီး Process Stations ၅ ခုနှင့် တန်ချိန် ၃ သိန်း အဆင့်ရှိ ရေနံစိမ်း ဆိပ်ကမ်း တစ်ခုကို တည်ဆောက် သွားမည် ဖြစ်ပြီး မြန်မာ - တရုတ် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ ပို့ဆောင်နိုင်ကာ Process Stations  ၆ ခုကို တည်ထောင် သွားမည် ဖြစ်ကြောင်း ၊ မြန်မာ - တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ မြန်မာနိုင်ငံ အတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂ သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ ကို ပို့ဆောင် နိုင်မည် ဖြစ်သည်။

မြန်မာ - တရုတ် ရေနံစိမ်း ပိုက်လိုင်း သည် မဒဲကျွန်း မှ စတင်၍ လည်းကောင်း ၊ မြန်မာ - တရုတ် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သည် ကျောက်ဖြူ မှ စတင်၍ လည်းကောင်း ၊ မြန်မာနိုင်ငံ အတွင်း ရခိုင်ပြည်နယ် ၊ မကွေးတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ရွှေလီမြို့ မှတစ်ဆင့် တရုတ်နိုင်ငံ အတွင်းသို့ အသီးသီး ၀င်ရောက်မည် ဖြစ်သည်။ ရေနံစိမ်း ပိုက်လိုင်းသည် စုစုပေါင်း ၇၇၁ ကီလိုမီတာ ရှည်လျားပြီး သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် စုစုပေါင်း ၇၉၃ ကီလိုမီတာ ရှည်လျားသည်။


မြန်မာ - တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သည် နိုင်ငံပေါင်း ၄ နိုင်ငံမှ ကုမ္ပဏီ ၆ ခု အကျိုးတူ ပူးပေါင်း ဆောင်ရွက် ကြသည့် အပြည်ပြည် ဆိုင်ရာ စီမံကိန်း တစခု ဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ( MIC ) ၏ ခွင့်ပြုချက် အရ ၄င်း ကုမ္ပဏီ ၆ ခုမှ ရင်းနှီးငွေ များကို မြှုပ်နှံ၍ SEAGP နှင့် SEAOP ဟူသော ဖက်စပ် ကုမ္ပဏီ ၂ ခုကို ထူထောင်ခဲ့ပြီး သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း နှင့် ရေနံစိမ်း ပိုက်လိုင်း တို့ကို သီးခြား ခွဲ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

မြန်မာအမျိုးသမီး လှေလှော်အသင်း အကောင်းဆုံး ချန်ပီယံဆု ရရှိ

ရွှေ ၂ ခု ၊ ငွေ ၁ ခု နှင့် ကြေး ၂ ခု ရရှိခဲ့သော
မြန်မာလှေလှော်အသင်း

ရန်ကုန် ၊ ၂၂-၅-၂၀၁၃

စင်ကာပူနိုင်ငံ ၌ မေလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပခဲ့သော DBS Marina Regatta နဂါးလှေ ပြိုင်ပွဲ၏ မီတာ ၂၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် မြန်မာ လှေလှော် အသင်းက ကြေးတံဆိပ် ၊ မီတာ ၂၀၀ အမျိုးသမီး ၁၂ ဦး ပြိုင်ပွဲတွင် စတုတ္ထ ၊ မီတာ ၅၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် ရွှေတံဆိပ် နှင့် မီတာ ၅၀၀ အမျိုးသမီး ၁၂ ဦး ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူး ရရှိကာ စုစုပေါင်း ရွှေ ၂ ခု ၊ ကြေး တစ်ခု တို့ဖြင့် အကောင်းဆုံး အမျိုးသမီး ချန်ပီယံ ဆုကို မြန်မာ အမျိုးသမီး လှေလှော် အသင်း နှင့် အကောင်းဆုံး အမျိုးသား ချန်ပီယံ ဆုကို အင်ဒိုနီးရှား လှေလှော် အသင်းက ရရှိခဲ့သည်။

ုထို့အတူ မလေးရှား နိုင်ငံ၌ ကျင်းပခဲ့သော South East Asian Rowing Championship အပြည်ပြည် ဆိုင်ရာ လှေလှော် ပြိုင်ပွဲ LW2 ၂ ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ် နှင့် LW1 တစ်ယောက် ပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိ ခဲ့ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger