www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label တိုင်းရင်းဆေး. Show all posts
Showing posts with label တိုင်းရင်းဆေး. Show all posts

Thursday, September 14, 2017

တရုတ်နိုင်ငံသို့ ပရဆေးကုန်ကြမ်းများ လစဉ်တင်ပို့ရောင်းချ နေရ



ရန်ကုန် ၁၄-၉-၂၀၁၇

မြန်မာ့ပရဆေးများမှာ အစွမ်းအာနိသင် ထက်မြက်သဖြင့် တိုင်းရင်းဆေးဝါးများနှင့် တခြားသော စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ ဝယ်ယူနေခြင်းကြောင့် တရုတ်နိုင်ငံသို့ မြန်မာပရဆေး ကုန်ကြမ်းများ လစဉ်တင်ပို့နေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပရဆေးကုန်ကြမ်းများသည် သဘာဝအတိုင်း ပေါက်ရောက်၍ မည်သည့်ဓါတုဗေဒ ဆေးဝါးဓါတ်ကြွင်းမှ မပါဝင်သဖြင့် ယခုကဲ့သို့ လစဉ်မှာယူနေခြင်း ဖြစ်ကြောင်းသိရသည်။ 

မြန်မာနိုင်ငံက တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့ပရဆေးတွေက ကွမ်းစားဂမုန်း၊နနွင်းတက်၊ တောချင်း၊မာလာဥခေါင်း၊ ဆီးဆန်၊မိကျောင်းကွမ်းဖတ်စေ့၊ နေလှည့်စေ့၊ကြောင်လျှာစေ့နှင့် ဒရင်ကောက်မြစ် စတဲ့ပရဆေး ကုန်ကြမ်း တွေကို တင်ပို့နေရတယ်။

မြန်မာနိုင်ငံထွက် ပရဆေးတွေကို တရုတ်နိုင်ငံက ဝယ်ယူလိုအား မြင့်နေပြီး သြဂုတ် ၁၉ ရက်ကနေ ၂၅ ရက်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်း တန်ဖိုးရှိ ပရဆေးတန်ချိန် ၃၆၈ တန်ကို တင်ပို့ခဲ့ရပါတယ်။ရှေ့လတွေကလည်း အခုလိုတင်ပို့ နေရပါတယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။ 

မြန်မာ့ပရဆေး ကုန်ကြမ်းများကို တင်ပို့ရာတွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့လျှက်ရှိပြီး ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှလည်း တင်ပို့ရောင်းချလျှက် ရှိကြောင်းသိရသည်။

#Themyawadydaily

Thursday, July 13, 2017

ပရဆေးရောင်းချခြင်း လုပ်ကိုင်သူလျော့နည်းလာ



ရန်ကုန် ၁၃-၇-၂၀၁၇

မြန်မာ့ရိုးရာ တိုင်းရင်းဆေးများ အကြောင်းကို သေချာစွာနားလည်ပြီး ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်မှသာ အဆင်ပြေစေသည့် ပရဆေးရောင်းချခြင်း လုပ်ငန်းကို လက်ရှိတွင် လုပ်ကိုင်သူ လျော့နည်းလာကြောင်း ပရဆေးလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

''ပရဆေးလုပ်ငန်းက အစိမ်းသက်သက် ဝင်ရောက်လုပ်ကိုင်ဖို့ မလွယ်ပါဘူး။ တိုင်းရင်းဆေး တွေအကြောင်းကို အသေအချာ လေ့လာထားပြီး အဓိကအားဖြင့် မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာတဲ့ သူတွေသာ ပိုအဆင်ပြေတာပါ။ အခုနောက်ပိုင်းမှာတော့ ပရဆေးအရောင်းဆိုင်တွေ တော်တော် နည်းလာတယ်'' ဟု ရန်ကုန်မြို့မှ ပရဆေး အရောင်းဆိုင်ပိုင်ရှင် ဒေါ်ကြည်လေးက ပြောသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းဈေး၌ ပရဆေးအရောင်းဆိုင် ငါးဆိုင်ခန့်ရှိခဲ့ရာမှ ယခုအခါ တခြားလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင် ကြသဖြင့် နှစ်ဆိုင်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ပရဆေးမှာ သဘာဝနည်းဖြင့် ဖော်စပ်ထားသော မြန်မာ့ရိုးရာဆေးများ ဖြစ်သောကြောင့် ဓာတုဆေးဝါးများ မပါဝင်သဖြင့် ကင်ဆာ၊ ဆီးချို၊ သွေးချိုနှင့် တခြားရောဂါများကို ကာကွယ်နိုင်ရုံသာမက သက်သာပျောက်ကင်း စေနိုင်သည့် အကျိုးအာနိသင်များ ရှိနေ၍ ယင်းလုပ်ငန်းမှာ ပျောက်ကွယ် မသွားသင့်ကြောင်း တိုင်းရင်းဆေးဆရာများက သုံးသပ်ပြောသည်။

ယခုအခါ အသေးစား ပရဆေးဆိုင်များ၌ မြန်မာ့တိုင်းရင်းဆေး အကြောင်း နားလည်တတ်ကျွမ်းသည့် တိုင်းရင်းဆေးဆရာများက လာရောက်ဝယ်ယူလေ့ရှိကာ ပြည်သူအများစုမှာ ဟင်းချက်ရာတွင် အသုံးပြုသည့် အမွှေးအကြိုင် ပစ္စည်းများကိုသာ လာရောက်ဝယ်ယူ မှုရှိကြောင်း ပရဆေးဆိုင်များမှ သိရသည်။

#Themyawadydaily

Monday, March 20, 2017

စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချက်များနှင့် မကိုက်ညီပါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်)များ ခွင့်ပြုပေးမည်မဟုတ်



နေပြည်တော် ၊ ၂၀-၃-၂၀၁၇

တိုင်းရင်းဆေးဝါး မှတ်ပုံတင် လျှောက်ထားခြင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ သတ်မှတ်ချက်များ နှင့် မကိုက်ညီပါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်)များ ခွင့်ပြုပေးမည် မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေး အဖွဲ့၏ ထုတ်ပြန် သတင်းများအရ သိရသည်။

တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေး အဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၃/၂ဝ၁၇)မှ လိုက်နာ ဆောင်ရွက်ရန် သတ်မှတ်ချက်များကို မတ်လ ၁၇ ရက်က ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည် နှင့်အညီ အာဆီယံ စီးပွားရေး အသိုက်အဝန်း (ASEAN Economic Committee) သို့ဝင်ရောက်ရမည် ဖြစ်သဖြင့် အာဆီယံနိုင်ငံ များမှ သတ်မှတ်ထားသော စံချိန်စံညွှန်း များနှင့် ကိုက်ညီမှု ရှိစေရန်နှင့် မြန်မာနိုင်ငံတွင် စံချိန်စံညွှန်းများ တစ်သမတ်တည်း ဖြစ်စေရန် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် တိုင်းရင်းဆေးဝါး မှတ်ပုံတင် လျှောက်ထား ခြင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်ချက်များ နှင့်မကိုက်ညီပါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်)များ ခွင့်ပြုပေးမည် မဟုတ်သကဲ့သို့ တိုင်းရင်းဆေးဝါး များတွင် အနောက်တိုင်း ဆေးများ ရောနှောခြင်း တွေ့ရှိပါကလည်း တည်ဆဲ ဥပဒေအရ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိုခွင့်မပြုခြင်း ၊ လိုင်စင် ရုပ်သိမ်းခြင်း၊ ကြီးကြပ်သူ၏ တဆ (တိုင်းရင်းဆေးဆရာ မှတ်ပုံတင်) ရုပ်သိမ်းခြင်းများ ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

Friday, March 10, 2017

ပြည်တွင်းဈေးကွက်များရှိ တိုင်းရင်းဆေးများတွင် နိုင်ငံခြားဆေးများ ရောနှောပါဝင်နေမှု ရှိ-မရှိကို စစ်ဆေးမည်



ရန်ကုန် ၊ ၁၀-၃-၂၀၁၇

ပြည်တွင်းဈေးကွက် များရှိ တိုင်းရင်းဆေး များတွင် နိုင်ငံခြားဆေးများ ရောနှောပါဝင် နေမှု ရှိ- မရှိကို မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ နှင့် လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းကာ အသင်းပိုင် ဓာတ်ခွဲခန်း ထူထောင် စစ်ဆေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာများအသင်း၏ သတင်းများအရ သိရသည်။

မြန်မာ့ တိုင်းရင်းဆေးဝါး များသည် မြန်မာနိုင်ငံသို့ နိုင်ငံခြား ဆေးဝါးများ မရောက်ရှိ သေးသည့် အချိန်ကာလ ကတည်းက မြန်မာနိုင်ငံတွင် စိတ်ချယုံကြည် အားကိုး အသုံးပြုနေသည့် အစွမ်းထက် ဆေးဝါးများ ဖြစ်သည်။ အချို့သော နိုင်ငံခြားဆေး များနှင့် ကုသ ပျောက်ကင်းမှု မရှိသည့် ရောဂါများကို မြန်မာ့ တိုင်းရင်းဆေး များဖြင့် ကုသ ပျောက်ကင်းမှုများ ရှိသည်။

ယခုအခါ မြန်မာ့တိုင်းရင်းဆေး များကို ခေတ်မီအဆင့်မြင့် နည်းပညာများ၊ စက်ကိရိယာ များဖြင့် ထုတ်လုပ်လာပြီး နိုင်ငံတော်က လည်း မြန်မာ့ တိုင်းရင်းဆေး လောက ဖွံ့ဖြိုးတိုးတက် ရေးအတွက် အလေးပေး ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် မြန်မာ့ တိုင်းရင်းဆေး ဈေးကွက်ပိုမို ကျယ်ပြန့်လာခဲ့သည်။ ထိုသို့ မြန်မာ့ တိုင်းရင်းဆေး ဈေးကွက် တိုးတက်ကျယ်ပြန့် လာသဖြင့် အချို့သော ထုတ်လုပ် ရောင်းချသူများက မြန်မာ့တိုင်းရင်းဆေးများတွင် နိုင်ငံခြားဆေးဝါး များရောနှော ထုတ်မှုများ ရှိလာနိုင်သည်။

ထို့ကြောင့် အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းသည့် မြန်မာ့ တိုင်းရင်းဆေးဝါး များကို အသုံးပြုနိုင်ရေး နှင့် မြန်မာ့ တိုင်းရင်း ဆေးဝါးများ၏ အစွမ်းထက်မြက် မှုကို မှေးမှိန်မှု မဖြစ်စေရေး အတွက် ပြည်တွင်းဈေးကွက် များရှိ တိုင်းရင်းဆေး များတွင် နိုင်ငံခြားဆေးများ ရောနှောပါဝင်နေမှု များကို စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Thursday, February 16, 2017

ဆေးဖက်ဝင် ခွေးလှေးယားသီးအစေ့ တစ်နှစ်လျှင် တန် ၂၀ ခန့် ပြည်ပသို့တင်ပို့



မကွေး ၊ ၁၆-၂-၂၀၁၇

ဆေးဖက်ဝင် ခွေးလှေးယားသီး အစေ့များကို တစ်နှစ်လျှင် တန်ချိန် ၂ဝ ခန့် တရုတ်နိုင်ငံ အပါအဝင် အာရှနိုင်ငံ အချို့သို့ တင်ပို့နေရကြောင်း မကွေးမြို့မှ ခွေးလှေးယားသီး စိုက်ပျိုးထုတ်လုပ်သူ ဦးသန်းအောင် ထံမှ သိရသည်။

ခွေးလှေးယားသီးမှာ အရိုင်းနှင့်အယဉ် နှစ်မျိုးရှိပြီး အယဉ်ကိုသာ စိုက်ပျိုးစားသုံး ကြသည်။ တစ်နိုင်ငံလုံး၏ ခွေးလှေးယားသီး စိုက်ပျိုး ထွက်ရှိမှုမှာ တစ်နှစ်လျှင် တန်ချိန် ၃ဝ ခန့်ရှိပြီး ပြည်တွင်း၌ ၁ဝ တန်ခန့် အသုံးပြုပြီး ပြည်ပသို့ တန်ချိန် ၂ဝ ခန့် တင်ပို့ရကြောင်း၊ တင်ပို့ရာတွင် အိမ်နီးချင်း နိုင်ငံများကိုသာ တင်ပို့ပြီး ဂျပန်နှင့် ကိုရီးယားနိုင်ငံ တို့က နှစ်ခြား၍ လာရောက်ဝယ်ယူ ကြကြောင်း၊ အဓိက တင်ပို့မှုမှာ ထိုင်းနှင့်အိန္ဒိယ နိုင်ငံဖြစ်ပြီး အားတိုးဆေး အတွက် ဝယ်ယူကြောင်း ဦးသန်းအောင် က ပြောပြသည်။

ခွေးလှေးယားသီးကို နယ်စပ်သို့ တင်ပို့ရာတွင် အသင်းအဖွဲ့မရှိ သောကြောင့် စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများနှင့် ပုဂ္ဂလိက ကုမ္ပဏီများက သွားရောက် တင်ပို့ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်ကုန်ပိုင်းက ခွေး လှေးယားသီး အစေ့ တစ်တင်းလျှင် ငွေကျပ် ၁၅ဝဝဝဝ ဈေးရှိပြီး ယခု လက်ရှိတွင် ငွေကျပ် ၈ဝဝဝဝ ခန့်ရှိကြောင်း၊ ပြည်တွင်း၌ ခွေးလှေးယားသီး ကို တိုင်းရင်းဆေး အမျိုးအစား ၁၀ မျိုးခန့် ဖော်စပ်ရန်အတွက် လည်း ရောင်းချပေး ရကြောင်း ၄င်းက ပြောပြ၍ သိရသည်။

ခွေးလှေးယားပင်၏ မူလဒေသသည် မြန်မာနိုင်ငံ အပါအဝင် အပူပိုင်း အာရှဒေသနှင့် အာဖရိကဒေသ များဖြစ်ပြီး မြန်မာနိုင်ငံ၌ နေရာဒေသ အသီးသီးတွင် ပေါက်ရောက် နိုင်ကြောင်း၊ ခွေးလှေးယားသီး ကို တစ်နှစ် တစ်ကြိမ် စိုက်ပျိုးနိုင်ပြီး ယိုးဒယား ခွေးလှေးယားသီး ဟု ခေါ်သော အိန္ဒိယမျိုးစေ့မှာ တစ်နှစ်ကို နှစ်ကြိမ်စိုက်ပျိုး၍ ရသောကြောင့် စမ်းသပ်စိုက်ပျိုး နေကြောင်း သိရသည်။

ခွေးလှေးယားသီး အစေ့တွင် ပါဝင်သော အာဟာရဓာတ် များမှာ ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်များ ပါဝင်ပြီး သတ္တုဓာတ် အနည်းငယ် ပါဝင်ကြောင်း၊ ခွေးလှေးယားသီး မှာ ဆေးဖက်ဝင် အာနိသင် ရှိခြင်းကြောင့် သင့်တင့်သော ပမာဏခန့်သာ စားသုံးသင့်ပြီး စားသုံးမှုပမာဏ များပြားလျှင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ကြောင်း ခွေးလှေးယားသီး စိုက်ပျိုး ထုတ်လုပ်သူ ဦးသန်းအောင် ထံမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

Wednesday, February 15, 2017

ရိုးရာကြပ်ထုပ်ထိုး ကုသခြင်း


ရိုးရာကြပ်ထုပ်ထိုး ကုသခြင်း

ကြည်လွင်မြင့် (မုဒြာ)

ဆေးမှုန့်နှင့်ကြပ်ထုပ်ကို ပြင်ဆင်ထားစဉ်
ကြပ်ထုပ်ထိုး ကုသခြင်းသည် ရှေးခေတ် အိန္ဒိယနိုင်ငံမှ စတင်ပြီး အရှေ့တိုင်းနိုင်ငံ များသို့ ပျံ့နှံ့သွားပုံ ရသည်။ အာယုဗေဒ ဆေးကျမ်းများ အလိုအရ ဆေးပစ္စည်း အာနိသင် ကောင်းသော ဆေးပင်ဆေးရွက် ဆေးမြစ်များကို အမှုန့် ပြုလုပ်၍ ဖြစ်စေ၊ ကြိတ်၍ဖြစ်စေ အထုပ်ပြုလုပ် အသုံးပြုနိုင်ကြောင်း ရေးသား ထားသည်။

အရှေ့တိုင်းနိုင်ငံ များတွင်သာမက အနောက်တိုင်း နိုင်ငံကြီးအချို့ထိ ကြပ်ထုပ်နှင့် ကုသခြင်းသည် အောင်မြင်စွာ ပျံ့နှံ့သွားပုံ ရသည်။ အင်္ဂလိပ် Dictionary တွင် Foment(n) ကြပ်ပူထိုးသည်။ ဆွပေးသည်။ Fomentation(n) ကြပ်ပူထိုးခြင်း ဟူ၍ တွေ့ရှိရသည်။

ကြပ်ထုပ်သည် အနံ့ရှူရန်အ တွက်လည်း ပြုလုပ်လေ့ရှိသည်။ ဥပမာ-မီးဖွားပြီးလျှင် ခေါင်းကိုက်ခြင်း နှင့် မီးတွင်း သွေးလန့်ခြင်းမှ ကာကွယ်ရန် နှမ်းနက်ကို အဝတ်စဖြင့် ထုပ်ပြီးရှူပေး ရသည်။ ခေါင်းမူးရောဂါ၊ ခေါင်းတခြမ်းကိုက် ရောဂါရှိသူ တို့အတွက် ရှောက်ခွံ၊ လိမ္မော်သီးခွံ တို့ကို အဝတ်ပါးဖြင့်ထုပ်ပြီး ရှူပေးလျှင် သက်သာစေသည်။

ကြပ်ထုပ် အမျိုးမျိုးရှိသည်။ ဆားကြပ်ထုပ်၊ နနွင်းကြပ်ထုပ်၊ လင်းလေနှင့် ချင်းကြပ်ထုပ်၊ မိဿလင်ကြပ်ထုပ်၊ ကြောင်ပန်းရွက် ကြပ်ထုပ်၊ တမာရွက်ကြပ်ထုပ် စသည်တို့ကို သင့်ရာရောဂါ အလိုက်ထုပ်ပြီး သုံးစွဲကြသည်။ တစ်ခါတစ်ရံ တစ်မျိုးသာမက အမျိုးမျိုးရောပြီး ပေါင်းစပ်သော ကြပ်ထုပ်ကိုလည်း ပြုလုပ်နိုင်သည်။

ကလေးများ ချော်လဲသောအခါ မြေကြီးပေါ်တွင် လဲလျှင် လူကြီးများက ထိုလဲသည့် နေရာက မကောင်းဆိုးဝါး မကပ်နိုင်အောင်၊ မြေမကိုင်အောင် ပြုလုပ်သော အလေ့အထ ရှိသည်။ အချို့ဒေသတွင် ကလေးချော်လဲပြီး ဒူး၊ ခြေဖမိုး စသည်တို့တွင် ရောင်လာလျှင် လဲသော ထိုနေရာမှ မြေကြီးကိုယူ၍ ကြပ်ထုပ်ပြုလုပ်ကာ အပူပေးပြီး ထိုးပေးလျှင် အရောင်ကျ သွားသည် ဆိုသည်။

ကြပ်ထုပ်ဆိုသည့် အတိုင်း ဖိထိုးခြင်းအပြင် အပူပေးထိုးခြင်း၊ ဆီလိမ်းပြီးထိုးခြင်း၊ ဆီအပူကို ကြပ်ထုပ်မှ စုပ်ယူစေပြီးမှ တို့သောအခါတွင် ကြပ်ထုပ်အတွင်း မှ ဆီပြန်စိမ့်ထွက် လာပြီး ဒဏ်နှင့်အကျိတ်အဖု တို့ကို ကြေအောင် ပြုလုပ်သော နည်းများလည်း ရှိသည်။ သာမန်အားဖြင့် မုန်ညင်းဆီ၊ နှမ်းဆီ၊ ဆေးအဆီများကို လိမ်းသောအခါ အသားထဲသို့ စိမ့်မဝင်နိုင်၊ ကြပ်ထုပ်မှ အပူနှင့်တွေ့သောအခါ အသားတွင်းသို့ စိမ့်ဝင် သွားစေသည်။ ဒဏ်ကိုပို၍ မြန်မြန်ကျေ စေနိုင်လေသည်။

ဇက်ကျီးပေါင်း၊ ကုပ်ကျီးပေါင်း၊ ခါးကျီးပေါင်း၊ ဖနောင့်ကျီးပေါင်း တက်သောရောဂါ ဝေဒနာများတွင် လည်း ထို့အတူပင်ဖြစ်သည်။ ဆေးအဆီ လိမ်းလျှင် အသားအတွင်း၊ ကျီးပေါင်းအတွင်း သို့ စိမ့်ဝင်ရန် မလွယ်ကူ။ ဆေးအဆီ သို့မဟုတ် မုန်ညင်းဆီ၊ နှမ်းဆီများကို ကျီးပေါင်းအပေါ်မှ လိမ်းပြီး ကြပ်ထုပ်ကို အပူပေး တို့ပေးလိုက်သောအခါ အတွင်း ကျီးပေါင်းထိ ဆီစိမ့်ဝင်သွား နိုင်သည်။ ဆီနှင့်တို့သော ကြပ်ထုပ်သည် ဆေးလိမ်းသည် ထက် ကျီးပေါင်းကိုပို၍ သက်သာစေ နိုင်သည်။

ကြပ်ထုပ် ထုပ်သောအခါတွင် ဆီစိမ့်ဝင်နိုင်ရန် ချည်ဖြင့် ပြုလုပ်ထားသော ပိတ်စကို အသုံးပြုပါ။ ပိတ်နှစ်ထပ် အသုံးပြုပါ။ ဥပမာ-နနွင်းကြပ်ထုပ် ဆိုလျှင် နနွင်းမှုန့်ကို ရှစ်လက်မပတ်လည် ပိတ်စပေါ်တွင် ပုံလိုက်ပါ။ အောက်မှ ၁ဝ လက်မပတ်လည် ပိတ်စကိုခံပြီး အထုပ်ဖြစ်အောင် စုချည်လိုက်လျှင် ကြပ်ထုပ်တစ်ခု ဖြစ်လာမည်။ အပူပေးပြီး တစ်လှည့်စီ သုံးနိုင်ရန် နှစ်ထုပ် သို့မဟုတ် သုံးထုပ်ပြုလုပ် ထားလျှင် ပို၍ အဆင်ပြေသည်။ ကြပ်ထုပ် တစ်ထုပ်လျှင် ၃ ရက်မှ ၁ဝ ရက်ထိ အသုံးပြုနိုင်သည်။ အတွင်းမှ ဆေးအာနိသင် ရှိနေသးလျှင် ကြပ်ထုပ်အပြင်မှ အဝတ်စကို အသစ်လဲပြီး သုံးစွဲနိုင် သေးသည်။

ဆားကြပ်ထုပ်သည် အိမ်တွင်ပြုလုပ်ရ လွယ်ကူသည်။ မီးဖိုချောင်မှ အိမ်သုံးဆားကို အဝတ်စဟောင်းဖြင့် ထုပ်ပြီး အပူပေးရုံဖြင့် ထိုးနိုင်သည်။ ခိုက်မိဒဏ်၊ ဖူးရောင်သောဒဏ် တို့တွင် သုံးစွဲနိုင်သည်။ စာရေးသူ ငယ်စဉ်က ကလေးချင်း ကစားရင်းခိုက်မိရာ မျက်ခုံးတစ်ဖက်တွင် ဖူးရောင်ပြီး မျက်စိဖွင့်မရ ဖြစ်သွားသည်။ အိမ်မှအဖွားက ဆားကိုကြပ်ထုပ် ပြုလုပ်၍ ရေနွေးငွေ့နှင့် အပူပေးကာ မျက်ခုံးပေါ်တွင် ဖိတို့ပေးရာ အမြန် သက်သာပြီး မျက်စိဖွင့်နိုင် ခဲ့သည်။

အကျိတ်အဖု၊ အနာဟောင်းများ ဆိုလျှင် ကြောင်ပန်းရွက်၊ ဝါးနက်ရွက်၊ မြေစာရွက် တစ်မျိုးမျိုး ဖြစ်စေ၊ သုံးမျိုးပေါင်း ဖြစ်စေ စုပြီးထုပ်သော ကြပ်ထုပ်ဖြင့် အပူပေး၊ ဆီလိမ်းထိုးပေးလျှင် ပိုကောင်းသည်။ အကျိတ်ကြေပြီး အနာဟောင်းများ ကျက်စေနိုင်သည်။ လည်ချောင်းတွင် ဆုံဆို့နာပေါက်ပြီး အသံဝင်ကာ အစာ မျိုချရခက်ခဲသော သူကို ကြောင်ပန်းရွက် ထုပ်ထိုးပေး ခြင်းဖြင့် လက်တွေ့ကုသ ဖူးသည်။ အမြန် သက်သာပြီး အစာမျိုရ နိုင်ခဲ့သည်။

ဇက်၊ လည်ကုပ်၊ လက်ပြင်၊ တင်ပါးဆုံရိုး၊ ဖနောင့်ရိုး အတက်ထွက်ခြင်း များအတွက် မိဿလင် ကြပ်ထုပ်မှာ အကောင်းဆုံး ဖြစ်သည်။ မိဿလင်ဥ အခြောက်ကို ကျိတ်လိုက်လျှင် အဝါရောင် အမှုန့်များ ရသည်။ ၄င်းအမှုန့် ငါးကျပ်သားခန့်ကို အဝတ်နှစ်ထပ်ဖြင့် ကြပ်ထုပ် ပြုလုပ်ပါ။ ရေနွေးငွေ့ခံပြီး ခံနိုင်ရုံ အပူဖြင့် ကျီးပေါင်း ရှိရာသို့ ဖိထိုးပေးရမည်။ တစ်ကြိမ်ထိုးလျှင် ၁၅ မိနစ်ခန့် ထိုးပေးလျှင် လုံလောက်သည်။ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ် ထိုးပေးလျှင် ပိုကောင်းသည်။ ကြပ်ထုပ်နှင့် ကျီးပေါင်းရောဂါကို ကုသလျှင် ရက်ရှည်ပြုလုပ် ရမည်။ တစ်လလျှင် ၁၄ ရက်ခန့်ထိ ကြပ်ထုပ်ထိုးပေး သင့်သည်။ တစ်လမှ သုံးလထိ စိတ်ရှည်ရှည် ထိုးပေးလျှင် ကျီးပေါင်းတက်ရောဂါ ပျောက်ကင်း သက်သာနိုင်သည်။

ကြပ်ထုပ်ကို အပူရရှိရန် ဒန်သတ္တုအိုး အဖုံးကို အငွေ့ထွက်အောင် အပေါက်ငယ်များ ဖောက်ထားပေး ရမည်။ အငွေ့ထွက်ပေါက် များများ ဖောက်ထားပြီး ကြပ်ထုပ်သုံးထုပ် တင်ထားကာ တစ်လှည့်စီ ထိုးသွားလျှင် အလျဉ်မပြတ် တော့ပေ။ လျှပ်စစ်မီးဖိုဖြင့် ရေနွေးကို ပူအောင်တည်ပြီး နောက်ပိုင်းပုံမှန် ပူနေစေရန် မီးရှိန် လျော့လျော့ဖြင့် အပူပေးထားရန် လိုသည်။ ရေနွေးက အငွေ့အမြဲထွက် နေမှ ကြပ်ထုပ်အတွင်းမှ ဆေးအာနိသင် ရမည်။ ဆူလွန်းလျှင်လည်း မီးအရှိန်ကို တစ်ဝက်ခန့် လျှော့ချထား နိုင်သည်။

ကြပ်ထုပ်ထိုးနည်း မူကွဲများစွာရှိသည်။ ဆီပူဖြင့် ကြပ်ထုပ်ထိုးနည်းတွင် သံခွက် သို့မဟုတ် ဒယ်အိုးပြားတွင် မုန်ညင်းဆီ သို့မဟုတ် နှမ်းဆီကို ပူအောင်တည်ထားပြီး ကြပ်ထုပ်က ထိုဆီကိုဖိပြီး စုပ်ယူသည်။ ပြီးနောက် ဆီစိမ့်ဝင်ထားသော ကြပ်ထုပ်ကို အရေပြား ပေါ်တွင် ပွတ်ပေးသည်။ ဆီကို ကြပ်ထုပ်မှ ဆေးနှင့်စပ်ပြီး ထိုးပေးသည်နှင့် တူသည်။

စာရေးသူ၏ ဆေးခန်းတွင် ကျီးပေါင်းတက် ရောဂါ အမျိုးမျိုးကုသ ပေးလျက်ရှိရာ ကြပ်ထုပ်သုံးစွဲ ပါသည်။ အကြောပြင် ပြီးနောက် မြန်မာ့စုတ်ပေါက် ဆေးဖြင့် ဆေးပေါက်ပေးသည်။ ယခုခေတ် စုတ်ပေါက်ဆေးမှာ ရှေးခေတ်က ကဲ့သို့ အရေပြား မပေါက်၊ မပွန်းမပဲ့ပါ။ အရေပြားပေါ်တွင် လှုံ့ဆော်သည့် အနေဖြင့် တို့ပေးရုံသာ ဖြစ်သည်။ လူတစ်ဦးလျှင် စုတ်တံတစ်ချောင်း၊ ဆေးရည် တစ်ပုလင်းဖြင့် ကုသပေးသဖြင့် ရောဂါကူးစက်မှု မရှိပါ။ ကျီးပေါင်းအပေါ် တွင် စုတ်ပေါက်ပြီးမှသာ ကြပ်ထုပ်ထိုးပေး ပါသည်။

ကျီးပေါင်းတက်ခြင်း အတွက် ကြပ်ထုပ်ထိုးလျှင် မိဿလင်ကြပ်ထုပ် သည် အသင့်တော်ဆုံးနှင့် အလွယ်ကူဆုံး ဖြစ်သည်။ စာရေးသူ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ရှိ အနှိပ်ခန်းများတွင် သွားရောက်ခဲ့စဉ် ကလည်း Thai Massage နည်းတွင် မိဿလင် ကြပ်ထုပ်ကို ကြွက်သားများ Tension လျော့စေရန် ထိုးပေးသည်ကို လေ့လာတွေ့ရှိခဲ့ ရဖူးသည်။ သူတို့ကြပ်ထုပ် လေးများမှာ ပိတ်စအဖြူနှင့် သပ်ရပ်စွာ ထုပ်ထားပြီး အတွင်းမှ မိဿလင်မှာ အဝါရောင် ဖြစ်သည်။

မိဿလင်သည် ကျီးပေါင်းနှင့် အလွန်သင့်သည်။ မိဿလင်ကို အကြောလိမ်းဆေး အမှုန့် ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုလျှင် ကျီးပေါင်းတက် ခြင်းကိုပါ သက်သာစေသည်။ ခြေခေါက်လဲ ကျခြင်း၊ လက်ထောက် လဲကျခြင်းကြောင့် အဆစ်များ ရောင်ပြီး ခုံးတက်လာလျှင် မိဿလင်ဥ အစိုကို ထုထောင်းပြီး အုံစည်းပေးလျှင် ချက်ချင်းသက်သာ သည်ကို တွေ့ရဖူးသည်။

အနောက်တိုင်း ဆေးရုံများတွင် အကျိတ်အဖုများ ကုသရာတွင် မီးလုံးဖြင့် အပူပေးခြင်း ၊ ဓာတ်ရောင်ခြည် ဖြင့် ကုသခြင်းကို လုပ်ဆောင်ကြ သကဲ့သို့ တိုင်းရင်းဆေးဖြင့် ကုသမှုကို နှစ်သက်သူများ အတွက် ရိုးရာ နည်းဖြစ်သော ကြပ်ထုပ်ထိုးခြင်း သည် များစွာ အထောက် အကူပြုသည်။

ကြပ်ထုပ်ဖြင့် ကျီးပေါင်းရောဂါ သာမက အကျိတ် အဖု၊ ဒဏ်ဟောင်း၊ ရောင်ကိုင်းခြင်း၊ လေပြွန်၊ အစာပြွန် ပိတ်ဆို့ခြင်း၊ သွေးလမ်း လေလမ်း ပိတ်ဆို့ခြင်းများ ကိုပါ မိမိအိမ်တွင်ပင် ကိုယ်တိုင်ပြုလုပ် ကုသနိုင်သည့် အကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၄)

Tuesday, February 7, 2017

အသည်းအဆီဖုံးရောဂါ အတွက် ထိရောက်သော တိုင်းရင်းထွက်ဆေးပင်များ


အသည်းအဆီဖုံးရောဂါ အတွက် ထိရောက်သော တိုင်းရင်းထွက်ဆေးပင်များ

ကြည်လွင်မြင့် (မုဒြာ)

အသည်းအဆီဖုံး ရောဂါသည် ယခုဆယ်စုနှစ် အတွင်းမှ အဖြစ်များလာသော ရောဂါဖြစ်သည်။ လွန်ခဲ့သော ၂၇ နှစ် စာရေးသူ တိုင်းရင်းဆေးရုံ တွင် အလုပ်သင် ဆရာအဖြစ် ဆင်းခဲ့သည့် အချိန်က အဖြစ်များသော အသည်းရောဂါမှာ အသည်းရောင် အသားဝါ (ရိုးရိုး)သာ ဖြစ်သည်။ ထိုရောဂါဖြစ်လျှင် တစ်ကိုယ်လုံး အသားများ ဝါသည့်အပြင် မျက်စိပါ ဝါသည်။ နောက်ဆုံး ဆီးသွားလျှင် အဝါရင့်ရောင် သွားသည်။

ထိုစဉ်က ပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေး ဟုခေါ်သော မြောက်ပြင်ရှိ ဆေးရုံမှာ ခုတင် ၂၅ လုံးမျှသာ ဆံ့သော်လည်း အသားဝါ လူနာများ ပြည့်လျက် လူနာ ၅ဝ ခန့်အထိ ကုသပေးခဲ့ ရသည်။ အသားဝါလူနာ အားလုံးနီးပါး ကိုယ်ဝန်ဆောင် အသားဝါ ပါမကျန် တိုင်းရင်းဆေးဖြင့် ကုသပျောက်ကင်း ကြသည်။

ထိုအချိန်က အသားဝါ ကုသသော အဓိက တိုင်းရင်းဆေးမှာ ဆေးအမှတ်(၁) ဟု အမှတ်အသား ပြုထားသည့် မက်လင်ချဉ်ဆေး ဟုလည်းခေါ်သည့် ဆေးဖြစ်သည်။ ရှေးဆေးကျမ်း များမှ ''သေမှပုတိက သလိပ်ပုပ် နိုင်ဆေး'' နည်းကို ယူထားသော ဆေးဖြစ်သည်။

အသည်းရောင် အသားဝါအတွက် ကောင်းသည့် အမှတ်(၁) ဆေးနည်းတွင် အဓိကပါဝင်သော ဆေးမည်မှာ မက်လင်သီး၊ မက်လင်ခေါက် ပင်ဖြစ်သည်။ မက်လင်သီး သည် အလွန်ချဉ်သော အသီးဖြစ်ပြီး ချဉ်ဟင်း ချက်ရာတွင် ထည့်သွင်း အသုံးပြုကြသည့် တောဓလေ့သုံး အသီးဖြစ်သည်။ အသီးများကို နေလှန်း၊ အခြောက် ပြုလုပ်ပြီးလည်း ဈေးများတွင် ရောင်းချကြသည်။

မက်လင်သီး၊ မက်လင်ခေါက် တို့ပါဝင်သော ဆေးသည် အသည်းအတွက် အလွန်ကောင်းသည်။ အသည်းရောင် ခြင်းကို ကျစေသည့်အပြင် အသားဝါခြင်း၊ ဆီးဝါခြင်း ကိုလည်း အလွန်လျင်မြန်စွာ ကောင်းမွန် စေနိုင်ကြောင်း စာရေးသူတို့ အလုပ်သင်ဘဝ ကတည်းက လက်တွေ့ပင် ဖြစ်သည်။

ထိုအချိန်က ယခုခေတ်စား နေသည့် အသည်းအဆီဖုံး ရောဂါသည် များစွာခေတ်မစား သေးပေ။ အသားဝါ ရောဂါဟုသာ ရှိပြီး ဘီပိုး၊ စီပိုးများ ခေတ်မစား သေးပေ။ နောက်ထပ် ၁ဝ နှစ်ကျော်ကြာ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှသာ ပိုးကြောင့်ဖြစ်သော အသည်းရောဂါ၊ အသည်းခြောက် ရောဂါနှင့် အသည်းအဆီဖုံး ရောဂါများ ခေတ်စားလာသည်။ ရှေးခေတ်က မဖြစ်ခဲ့ဖူးသော အသည်းရောဂါ အမျိုးမျိုးကြောင့် သေဆုံးသူများမှာ မျက်စိရှေ့တွင်ပင် မနည်း တော့ပါ။ ကြောက်စရာ ကောင်းလောက် အောင်ကို တိုးပွားလာနေသည်။

စားကောင်း သောက်ကောင်း ဝဖြိုးနေသူ တစ်ဦးသည် အကြောင်း တစ်ခုကြောင့် ဆေးစစ်လိုက်လျှင် အသည်း အဆီဖုံးနေသည် ဟု သိရသည်။ ထိုသို့သိရသည့် အခါမှစ၍ ထိုသူသည် နေမကောင်း ဖြစ်လေတော့သည်။ ကျုံးနံဘေးတွင် လမ်းလျှောက်နေသူ အတော်များများကို မေးလိုက်လျှင် အသည်းအဆီဖုံး နေလို့ ဆရာဝန် က လမ်းလျှောက်ပြီး အဆီချခိုင်း လို့ဟု ပြောသူ အတော်များများကို တွေ့ရသည်။ ပင်ကို ကျန်းမာရေးအသိဖြင့် လမ်းလျှောက်သူက နည်းသည်။ ဆရာဝန်က အသည်းအဆီဖုံး နေပြီ ပြောလိုက်မှ လမ်းလျှောက်သူက များလာ လေသည်။

အရက်ဆိုင်၊ လမ်းဘေး စည်ဘီယာဆိုင် များမှာလည်း ရှေးခေတ်ကထက် ဆယ်ဆမက တိုးပွားလာပြီး အရက်သောက်သူ၊ ဘီယာသောက်သူ များမှာ ဗိုက်စူထွက်လာပြီး အသည်းအဆီဖုံး ရောဂါရလာသူ များလည်း တွေ့ရသည်။ အသည်းပျက်စီး စေသောအဆင့် ရောက်သောအခါ အသည်းခြောက်၊ အသည်းကင်ဆာ ကြောင့် သေရသူ အလွန်များလာသည်။

မနှစ်က စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် အစာအိမ် သွေးကြောပေါက်၍ ဆေးရုံတက်ကာ သွေးကြောဖာပြီး ပြန်ဆင်းလာသည်။ သူအသည်းခြောက် နေသဖြင့် အသည်းသို့ဝင်သော သွေးကြောပိတ်ပြီး အစာအိမ်တွင် နောက်ကြောင်းပြန် သွေးဖိအားတိုးကာ သွေးကြော ပေါက်သွားသည်ဟု ဆိုသည်။ အဓိက တရားခံမှာ အစာအိမ်မဟုတ် အသည်း ဖြစ်နေသည်။ ထိုမိတ်ဆွေသည် အရက်ကို အမြဲသောက်သူ မဟုတ်။ ဂေါက်သီးရိုက်ပြီး နိုင်မှ တစ်လတစ်ကြိမ်၊ နှစ်ကြိမ်မျှသာ သောက်သူဖြစ်သည်။ ဤမျှနှင့် အသည်းခြောက် ရသည်မှာ ဆိုးလှသည်။ အရက်သောက်သူ၊ အသည်း အဆီဖုံးသူ အသည်းခြောက်သူ များအတွက် ဆေးနည်းတစ်ခု ပေးချင်ပါသည်။ ဆေးပင်ဟု ပြောလျှင်လည်း ဖြစ်နိုင်ပါသည်။ 'ဟင်းဂလာ' ပင်ဟု ခေါ်ပါသည်။

စာရေးသူ၏ အဘိုးတစ်ဝမ်းကွဲ တော်သူ (အဘိုး၏ ညီတစ်ဝမ်းကွဲ တော်သူ)သည် အရက်ကိုပုံမှန် သောက်သူ ဖြစ်ပါသည်။ ညနေခင်း ရောက်သည်နှင့် အရက်ကို ရေနွေးထည့်သည့် သတ္တုကရားတွင် ထည့်ပြီး တစ်အိုးခန့် သောက်ပါသည်။ သူသောက်သည့် အရက်မှာ ချက်အရက် ဟုခေါ်သော အရက်ဖြူ ဖြစ်ပါသည်။ အံ့သြစရာ ထိုအဘိုးသည် အသက် ၉၉ နှစ်ကျော်၊ ၁ဝဝ အတွင်းရောက်မှ သေပါသည်။ နှစ်ပေါင်း ၅ဝ ကျော် အရက်သောက်ခဲ့ သော်လည်း အသည်းမခြောက် ခဲ့ပါ။ သူအမြဲ စားခဲ့သော အရက်အမြည်းမှာ တောရွာများတွင် ပြုလုပ်လေ့ရှိသော ဟင်းဂလာ ချဉ်ဖတ် ဖြစ်ပါသည်။

ဟင်းဂလာပင် သည် နုန်းတင်မြေနုနှင့် သဲသောင်ခုံ များတွင် အလေ့ကျပေါက်သော အပင်များ ဖြစ်ပါသည်။ မြေနှင့်သဲတွင် ကပ်၍ပေါက်ပြီး လက်ဝါးကဲ့သို့ နံဘေးသို့ ဖြာထွက်သည်။ ဟင်းဂလာပင်ကို ပြုတ်သောက်လျှင် ဆီးအလွန် ကောင်းသည်။ ကျွဲ၊ နွားများဆီးချုပ် သောအခါ ဟင်းဂလာ ပင်ကိုခုတ်စဉ်းပြီး နွားစာနှင့်ရော ကျွေးကြသည်။ ဟင်းဂလာပင်ကို ထမင်း လက်တစ်ဆုပ်ခန့်ဖြင့် မြေစဥ့်အိုးငယ်တွင် ထည့်၍ အချဉ်တည် ထားပြီး သုံးရက်ခန့် တွင် အချဉ်ပေါက်သည်။ ဟင်းဂလာ ချဉ်ဖတ်ကို ငါးဖြင့်ရော၍လည်း ချက်စားလေ့ ရှိကြသည်။ ငါးပိရည်နှင့် တွဲဖက်၍ တို့စရာအဖြစ် လည်း စားသုံးကြသည်။ တောဓလေ့တွင် ချက်အရက် သောက်ကြသူ များသည် အရက်နာ မကျစေရန် ဟင်းဂလာ ချဉ်ဖတ်ကို ပဲကြီးလှော်နှင့် စားသုံးရင်း အရက်သောက်လေ့ ရှိကြသည်။ ထိုကဲ့သို့ သောက်သော အရက်သမား များမှာ အရက်နာကျခြင်း၊ အသည်းခြောက် ရောဂါဖြစ်ခြင်း မရှိကြောင်း တွေ့ရပါသည်။

အသည်းအဆီဖုံးခြင်း အတွက် ထိရောက်သော အခြား ဆေးဖက်ဝင်အရွက်မှာ ဆေးမြင်းခွာရွက် ဖြစ်သည်။ ဆေးမြင်းခွာရွက် သည် စားသုံးသည့် မြင်းခွာရွက်ထက် အရွက်သေးသည်။ လမ်းလျှောက်နွယ်မျိုး ဖြစ်ပြီး အရက်နှင့် အရိုးတွင် အမွေးနုကလေးများ ပါလေ့ရှိသည်။ ရိုးတံ အနီရောင်နှင့် အဖြူရောင် နှစ်မျိုးရှိသည်။ နှစ်မျိုးလုံးပင် ဆေးဖက်ဝင်ပါသည်။

ယင်း မြင်းခွာပင် များကို နွယ်လိုက်ရအောင် နုတ်ယူ၍ ဝါးလုံးတန်း ကဲ့သို့ တန်းပေါ်တွင် အရှည်လိုက် တင်ပြီး အခြောက်လှန်းပါ။ နေပူတွင် မလှန်းဘဲ နေရိပ်တွင် လှန်းပါ။ ခြောက်သွားသောအခါ မှိုမတက်အောင် သံဘူး သို့မဟုတ် ဖန်ပုလင်းတွင် သိမ်းဆည်းထားပါ။ နေ့စဉ် ရေနွေးမတ်ခွက် တစ်ခွက်စာမျှ လက်ဖက်ခြောက် ခတ်သလိုခတ်၍ သောက်ပေးပါ။ အသည်းအဆီ ဖုံးခြင်းကို ကျဆင်းစေနိုင်ပြီး ဆီးကောင်း၊ ဆီးရွှင်ကာ မျက်စိအား ကိုလည်း ကောင်းစေနိုင်ကြောင်း လက်တွေ့ သုံးစွဲဖူးသူ များက ပြော၍ မှတ်သားရဖူး ပါသည်။

အသည်းအဆီဖုံးခြင်း အတွက် နောက်ထပ် ထိရောက်သော အသီးမှာ ဆီးဖြူသီး ပင် ဖြစ်သည်။ ဆီးဖြူသီးကို ဆေးဖက်ဝင် အသီးအဖြစ် မြန်မာ့ဆေးကျမ်း များစွာတွင် ပါဝင်သည့်အပြင် အနောက်တိုင်း အာဟာရ သုတေသီများ ကလည်း ဗီတာမင်စီ အလွယ်ကြွယ်ဝသော အသီးအဖြစ် အသိအမှတ်ပြု ထားကြသည်။ သို့သော် ဆီးဖြူသီးကို အစိမ်းအတိုင်း စားလျှင် လေချုပ်၊ သွေးချုပ်စာ ဖြစ်သဖြင့် နေ့စဉ်ရက်ဆက် များများစားရန် မသင့်ပါ။ အထူးသဖြင့် အမျိုးသမီးများ သွေးပေါ်ရက်နီးလျှင် မစားသင့်ပါ။

အသည်းအဆီဖုံး သူများအတွက် ဆီးဖြူသီးစားရန် နည်းမှာ ဆားရည်စိမ် စားလျှင် ပို၍ကောင်းသည်။ ဆားရည်စိမ်ထားလျှင် ကြာကြာ အထားခံပြီး အရသာလည်း ပို၍ကောင်းသည်။ တစ်နေ့လျှင် တစ်လုံးမျှ စားလျှင်ပင် လုံလောက်သည်။ တာရှည်ခံသော နည်းမှာ ဆီးဖြူသီး ပေါသောအချိန် တွင် ဝယ်ယူ၍ အခြောက်လှန်းပြီး သိမ်းဆည်းထားပါ။ ဆီးဖြူသီးခြောက်ကို ငါးဟင်း၊ ဝက်သားဟင်း စသည်တို့နှင့် ရောချက်စားလျှင် ဟင်းနူးစေပြီး အဆီဓာတ်ကို လျော့ကျစေကာ အအီပြေစေနိုင်သည်။ ဝက်သားကြိုက်သူ များသည် အိုးကြီးနှပ်ချက် အဖြစ် ချက်စားနိုင်သည်။ ရှေးက အလှူများတွင် ဝက်သားတုံးကြီး များကို နူးအောင် ချက်ပြီးမှ အိုးကြီးတွင် ထည့်ပြီး သရက်သီး ခြောက်တစ်ထပ်၊ အသားတစ်ထပ်၊ မရန်းသီးခြောက်၊ ဆီးဖြူသီးခြောက်များ ထပ်၍ထည့်ပြီး အိုးအဖုံးပိတ်ကာ အပေါ်မီး၊ အောက်မီး ထပ်တင်၍ နှပ်ထားလေ့ရှိသည်။ ရက်ရှည် အထားခံပြီး ချဉ်ဖြုံးဖြုံးအရသာ ရှိသော ဝက်သားအိုးကြီး နှပ်မှာ ဆွမ်းကြီးလောင်းပွဲနှင့် အလှူပွဲများတွင် မြန်မာတို့အကြိုက် ချက်နည်းဖြစ်သည်။ ဝက်သားကြိုက်သူ များသည် အသည်းအဆီဖုံးခြင်း သက်သာစေရန် ဤနည်းဖြင့် ချက်စားနိုင် ပေသည်။

အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်သော အခြားအရွက်များမှာ ဈေးများတွင် အလွယ်တကူ ရနိုင်သော ရှောက်ရွက်နှင့် ရဲယိုရွက်တို့ ဖြစ်သည်။

ရှောက်ရွက်ကို ပါးပါးညှပ်ပြီး အသုပ်များတွင် ရောထည့်စားခြင်း၊ ဟင်းချိုပြုလုပ် သောက်ခြင်းဖြင့် နေ့စဉ် စားသုံးနိုင်သည်။ အတို့အမြှုပ် အဖြစ်လည်း စားသုံးနိုင်သည်။ ရှောက်သီးမှ ထွက်သော ရှောက်ရည်နှင့် ရှောက်ရွက်တို့သည် အသည်းအတွက် အလွန်ကောင်းသော ဓာတ်စာဖြစ်သည်။ ချဉ်ရည်ဟင်း များတွင် ရှောက်ရည် ထည့်ချက်ခြင်း၊ အကင်များ စားလျှင်လည်း ရှောက်ရည် ညှစ်စားခြင်းဖြင့် အသည်းအတွက် ကာကွယ်ပါ။ ရဲယိုရွက်ကို ငါးခူဖြင့် ရောချက်စား နိုင်သည်။ ငါးဖယ်၊ ငါးကြင်းခြစ်များကို အမွှေးအကြိုင်၊ ကြက်သွန်ဖြူ၊ စပါးလင်တို့ဖြင့် ရောနယ်ပြီး ရဲယိုရွက်ဖြင့် ဖက်ထုပ်ပြု လုပ်ကာ ကြော်စားခြင်း၊ ရေနွေးနွေးဖြင့် ပေါင်းစားခြင်း တို့လည်း ပြုလုပ်နိုင်သည်။ 

ရဲယိုရွက်သည် နှုတ်မြိန်စေ သော အစာဖြစ်သည်။ လေပူကို နိုင်သော သတ္တိရှိသည်။ အသည်းတွင် အပူအောင်းခြင်း၊ အသည်း ခြောက်ခြင်း ရောဂါအတွက် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ရဲယိုရွက်ကို စားသုံးပေးလျှင် ကာကွယ်ရာ ရောက်သည်။

အဆီများသူ၊ တစ်နေ့တခြား ဝလာသူ၊ အထိုင်များသူ၊ လမ်းလျှောက်နည်း သူတို့အတွက် အသည်းအဆီဖုံး ရောဂါသည် အလွန်အဖြစ်များ လာသော ရောဂါဖြစ် သဖြင့် ရိုးရာဆေးဖက် ဝင်အပင်၊ အသီးအရွက် များကို စားသုံးရင်း ကာကွယ် နိုင်ကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Thursday, January 26, 2017

ဒူးနာရောဂါ သတိပြုစရာ


ဒူးနာရောဂါ သတိပြုစရာ

ကြည်လွင်မြင့် (မုဒြာ)

အသက် ၅ဝ ကျော် လူကြီးတစ်ဦးသည် အပြင်သွားစရာ ကိစ္စရှိသဖြင့် သွားပြီး အိမ်ပြန်ရောက်သည့် အခါတိုင်း ခြေဆေးလေ့ ရှိသည်။ အပြင်ထွက်ပြီး ပြန်ရောက်တိုင်း ခြေဆေးလေ့ ရှိသည်မှာ သူ၏ အကျင့်ဖြစ်သည်။ မကြာမီပင် သူ့မှာ ဒူးနာရောဂါ ဖြစ်လာသည်။ ဖြစ်စက ဒူးထဲမှ ညောင်းသလိုလို ခံစားရပြီး လှေကားအဆင်း အတက်များသော နေရာတစ်ခု သွားပြီးနောက်တွင် သိသိသာသာ နာလာသည်။ ထို့နောက်တွင်တော့ သူ့မှာ ဒူးနာရောဂါစွဲသွား တော့သည်။ စွဲသွားသည် ဆိုခြင်းမှာ ဒူးနာရောဂါ မပျောက်တော့ဘဲ စွဲစွဲမြဲမြဲ ဖြစ်နေသောကြောင့် ဖြစ်သည်။ အထိုင်အထ ပြုလုပ်တိုင်း ဒူးထဲမှနာနေ တော့သဖြင့် လက်ဖြင့်ထောက်၍ သို့မဟုတ် တစ်ခုခုကိုကိုင်မှ ထိုင်ရထရသော အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။

အနောက်တိုင်း ဆေးပညာအရ အသက်ကြီးလာလျှင် ဒူးအရွတ်များကြားမှ ထွက်သော ချောဆီသည် ဒူးနှင့်ခုံညင်း ပွတ်တိုက်မှုမှ ကာကွယ်ပေးသည်။ အရိုးပွပြီး ဒူးအနေအထား ပုံမမှန်ဖြစ်ကာ ချောဆီထွက် အားလည်းနည်း သွားသောအခါ တွင် ဒူးနာရောဂါ ဖြစ်သည်ဟု အဆိုရှိသည်။ အချို့မှာလည်း လူအလွန်ဝ လာသဖြင့် ဒူးဆက်က မထမ်းနိုင်တော့ သဖြင့် အရွတ်များ၊ ဆိုင်းကြောများ ရောင်ရာမှ ဒူးနာရောဂါ ဖြစ်ရသည်ဟု ဆိုသည်။

ဒဏ်ကြောင့်ဖြစ်သော ဒူးနာလည်းရှိသည်။ ဘောလုံးသမားများ၊ အပြေး အားကစား သမားများ၊ ဘတ်စကက်ဘော၊ ဘော်လီဘော ကစားသူများတွင် အချင်းချင်း ခိုက်မိဒဏ်ကြောင့် ဒူးနာရောဂါ ရတတ်သည်။ ဘောလုံးသမား ဆိုလျှင် ပို၍ဆိုးသည်။ ဖိနပ်ဦးဖြင့် ကန်မိသဖြင့် ခုံညင်းကို ပင့်ထားသော ဒူးအရွတ်ပြတ် သွားသဖြင့် ရာသက်ပန် နားလိုက်ရသူများ ပင်ရှိသည်။ ဒူးနာမှန်သမျှ တွင် ခိုက်မိဒဏ်ကြောင့် ဖြစ်သောဒူးနာမှာ အဆိုးဆုံး ဖြစ်သည်။

အားကစားသမားချင်း တူသော်လည်း တောင်တက် စက်ဘီးစီးသမား များနှင့် အပြေးသမားများ၊ ခြင်းလုံးခတ် ကစားသူများမှာ ဒူးနာရောဂါ ဖြစ်ခဲသည်ကို တွေ့ရသည်။ သူတို့၏ ကစားနည်းမှာ ဒူးကိုပုံမှန်ကွေးဆန့် လေ့ကျင့်ပေး သလိုဖြစ်သဖြင့် ဒူးနာရောဂါ ဖြစ်နေသူပင် ပျောက်ကင်း သွားနိုင်သည်ဟု ဆိုသည်။ ဒူးကို စက်ဘီးစီး ကဲ့သို့ ပုံမှန်ကွေးဆန့် ပြုလုပ်ပေးခြင်းသည် ဒူးထဲမှ ချောဆီထွက် စေရန် လှုံ့ဆော်ပေးသဖြင့် ဒူးနာရောဂါကို သက်သာစေ သည်ဟု ဆိုသည်။

ခြေထောက်ကို ရေမကြာခဏ ဆေးသူများနှင့် ခြေဖဝါး ရေစိုသော အလုပ်လုပ်သူများ ဒူးနာရောဂါ ရတတ်သည်။ ခြေထောက်ရေစို သောအခါ ခြေမျက်စိ အောက်ပိုင်းမှ အပူသည် ဒူးသို့တက်သွား ရာမှ ဒူးနာရခြင်း ဖြစ်သည်။ခြေထောက် ခြေဖဝါး ရေစိုခြင်း၊ ရေဆေးခြင်းသည် ညအိပ်ရာဝင် ဒူးအောက် ရေလောင်းခြင်းနှင့် မတူပေ။ ဒူးဆစ်မှ အောက်ပိုင်း ရေလောင်းခြင်းသည် အပူများ၊ အပုပ်အခိုးများ မျက်စိသို့ မတက်စေရန် ကာကွယ်ခြင်း ဖြစ်သည်။ ခြေမျက်စိ အောက်ပိုင်း ရေဆေးခြင်းသည် မျက်စိသို့ အခိုးပို၍ တက်စေသည်ကို သတိပြုရန် လိုသည်။

ရိုးရာဆေးပညာ သဘောအရ ဝမ်းမီးက အစာကြေချက် ပြီးနောက် စွန့်ပစ်ရမည့်ဝမ်းနှင့် အပုပ်အခိုးများသည် အောက်ပိုင်းသို့ လှည့်စမြဲဖြစ်သည်။ ကျင်ကြီးစွန့်၍ လည်းကောင်း၊ လေလည်၍ လည်းကောင်း၊ ခြေဖဝါးမှ ချွေးထွက်၍ လည်းကောင်း အပုပ်အခိုးများကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ပစ်သည်။ ခြေဖဝါးမှ အပုပ်အခိုး မထွက်သူသည် ခြေဆီမထွက်ဘဲ ခြေဖဝါး၊ ခြေဖနောင့်များတွင် အက်ကွဲ ကြောင်းများ ထင်လာပြီး တေဇော၊ ဝါယော အပူကန်လက္ခဏာများ ပြလာလေသည်။ ထိုသူများသည် ခြေသလုံးများ ညောင်းကိုက်ရာမှ စ၍ ဒူးအထိတက်လာလျှင် ဒူးနာခြင်း၊ ခါးအထိ တက်လာလျှင် ခါးနာခြင်း၊ ကျောက်ကပ် အပူခိုခြင်း၊ လက်ပြင်မှ ဇက်အထိ တက်လာလျှင် ဇက်ကြောထိုးခြင်း၊ ဦးခေါင်းအထိ အပူအပုပ် အခိုးများတက် လာသောအခါတွင် မျက်စိမှုန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းများ ဖြစ်ပွား နိုင်ပေသည်။

ညအိပ်ရာမဝင်မီ (နောက်ဆုံး အစာစားပြီးချိန်နှင့် နှစ်နာရီခြား) အစာသစ်အိမ်မှာ အစာမရှိ၊ အစာဟောင်းအိမ်သို့ အစာများ ရောက်မည့်အချိန်တွင် ဒူးအောက်ပိုင်း ရေဆေးခြင်းသည် လူကို အကျိုးပြုသည်။ ညဦးပိုင်းတွင် ကောင်းစွာအိပ်စက် စေနိုင်သည်။ ခြေဖဝါးအောက်ပိုင်း အပူများစီးဆင်း သွားစေရန် ဒူးအထက်ပိုင်း (ပေါင်လယ်ခန့်) မှ အောက်သို့ ရေလောင်းချရမည်။ ရေနွေးဖြင့် ခြေမဆေးရ၊ ရေဖလားဖြင့် ခုနစ်ခွက် လောင်းရမည်ဟု ရှေးက အယူရှိသည်။ သို့မှသာ အပူကုန်မည်၊ အပုပ် အခိုးအငွေ့များအောက်သို့ ဆင်းမည်ဟု ယူဆရသည်။

နေ့လယ်နေ့ခင်း အချိန် အပြင်သွားပြီး ခြေထောက်မှာ ညစ်ပတ်လာသဖြင့် ရေမဆေးမဖြစ် ဆေးရမည်ဆိုလျှင် လိုက်နာရမည့် အချက်များမှာ-
  • ၁။ ခြေထောက် ရေမဆေးမီ ရေအေးတစ်ခွက် အရင်သောက်ပါ။
  • ၂။ လုံချည် သို့မဟုတ် ထဘီကို သေချာစွာ ခါးတောင်းကျိုက်ပြီး ဒူးအထက်မှစ၍ အောက်ပိုင်းသို့ ရေလောင်းချပါ။
  • ၃။ ရေအေးဖြင့်သာ ရေဆေးပါ၊ ရေနွေးမစပ်သင့်ပါ။
  • ၄။ ရေဖလားဖြင့် ခုနစ်ခွက်မှ အထက် လောင်းဆေးပါ။
  • ၅။ လည်ချောင်းနာနှင့် အာသီးရောင် ရောဂါရှိသူများ ခြေထောက်ရေလောင်း နေစဉ် ပါးစပ်ထဲတွင် ရေကိုငုံထားပါ။ ဤနည်းဖြင့် အာသီးရောင်ခြင်းကို ကာကွယ်နိုင်သည်။
  • ၆။ ရေလောင်းပြီးနောက် ခြောက်သော အဝတ်ဖြင့် ခြေနှစ်ဖက်လုံးကို ရေပြောင်စင်အောင် သုတ်ပါ။ အခိုးများ ထွက်လာသည် အထိ သုတ်ပေးပါ။
  • ၇။ မျက်နှာသစ်လိုလျှင် မျက်နှာအရင် သစ်ပြီးမှသာ ခြေထောက်ကို ရေဆေးပါ။ ခြေဆေးပြီးမှ မျက်နှာ မသစ်ပါနှင့်။

ဤနည်းများအတိုင်း ကျင့်သုံးလျှင် ခြေထောက်ရေဆေး ခြင်းကြောင့် ဒူးနာရောဂါဖြစ်ခြင်း ကိုလည်း ကာကွယ်ရာ ရောက်ပါသည်။ အသက်ငယ်ငယ်ဖြင့် ဒူးနာသူများသည် ခြေထောက် မကြာမကြာ ရေဆေးလေ့ ရှိသူများဖြစ် ကြောင်း တွေ့ရပါသည်။

အချို့ဒူးနာသူများကို X-Ray ဓာတ်မှန်ရိုက်ကြည့် သောအခါ ခုံညင်းအောက်ခံ တေ့ဆက် ဖြစ်နေသော ဒူးအရိုးကြီးတွင် အချွန်အတက် ကျီးပေါင်းများကို တွေ့ရတတ်သည်။ ထိုသူများသည် အထိုင်အထတွင် လုံးဝသတိထား ရသည်။ လှေကားအတက်တွင် သိပ်မနာ။ လှေကားအဆင်းတွင် ပို၍နာလေ့ရှိသည်။ ဒူးဆစ်အတွင်း အဆီခန်းရာမှ အရိုးပွလာပြီး ကျီးပေါင်းတက် လာခြင်း၏မူလ တရားခံမှာ အထိုင်များပြီး လမ်းလျှောက်နည်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ လူတိုင်း တစ်နေ့လျှင် တစ်နာရီခန့် သို့မဟုတ် နှစ်မိုင်ခန့် လမ်းလျှောက်ပေးလျှင် ဒူးဆစ်အဆီခန်းခြင်း နှင့် အရိုးပွခြင်းမှ ကာကွယ်နိုင်သည်။ ဒူးနာရောဂါရှိသူ များသည် ဝမ်းတွင်းသားနှင့် အနီရောင်ရှိသော အသားများကို လည်း ရှောင်ကြဉ်သင့်သည်။ ထိုအသားများသည် အနောက်တိုင်း ဆေးပညာ အလိုအရ Uric Acid များသောအစာများ ဖြစ်ပြီး တိုင်းရင်းဆေး ပညာအရလည်း အပုပ်စာနှင့် တေဇော၊ ဝါယောကြွစေ သောအစာများ ဖြစ်သည်။ ထိုအစာများကို လုံးဝရှောင်ကြဉ်ပြီး အသီးအနှံနှင့် ငါးကို စားသုံးသင့်သည်။

ဒူးနာရောဂါ ရှိသူများနှင့် သင့်တင့်သော အသီးအနှံမှာ ဓာတ်စာအပြင် ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ပဲရာဇာနှင့် မြေထောက်ပဲများ၊ ဒန့်သလွန်သီး၊ ကျောက်ဖရုံသီး၊ ပဲလင်းမြွေသီး၊ ဂေါ်ရခါးညွန့်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မျှစ်ချို၊ ပဲစောင်းလျားသီး၊ ရှောက်သီး၊ ကျွဲကောသီး၊ ထောပတ်သီး၊ ကမ္ဗလာသီး၊ လိမ္မော်သီး၊ မုန်လာဥဖြူ၊ မုန်လာဥနီ စသည်များကို စားပေးသင့်သည်။ ဒူးနာအတွက် လိမ်းသောဆေးမှာ-
  • (၁) ချင်းခြောက်အမှုန့် ၂ ကျပ်ခွဲသား
  • (၂) လင်းနေအမှုန့် ၂ ကျပ်သား
  • (၃) မုန်ညင်းဆီစစ်စစ် ၁ဝ ကျပ်သား
  • (၄) ပရုတ်မှုန့် ၁ ကျပ်သား

ဆေးဖော်နည်းမှာ သန့်ရှင်းသော ချင်းတက်နှင့် လင်းနေတို့ကို ပရဆေးဆိုင်မှ ဝယ်ယူပြီး သံဆုံတွင် ထောင်း၍ အမှုန့်ပြုလုပ်ပါ။ နေလှန်းထားပါ။ သေချာစွာ ခြောက်သွေ့သော အခါ မုန်ညင်းဆီ စစ်စစ်ကို ဒယ်အိုးတွင် ၁ဝ ကျပ်သားထည့်၍ မီးနွေးနွေးဖြင့် တည်ထားပါ။ အမြှုပ်တက်ပြီး ဆူလာသောအခါ ချင်းခြောက်နှင့် လင်းနေ အမှုန့်များကို ထည့်ပြီးချထားပါ။ အငွေ့သေသော အခါမှ ပရုတ်မှုန့်ထည့်ပြီး လေလုံအောင် အုပ်ထားပါ။ အကယ်၍ မုန်ညင်း ဆီစစ်စစ် မရနိုင်ခဲ့လျှင် မိမိအရပ်ဒေသထွက် နှမ်းဆီစစ်စစ်ကို ဆေးချက်ရန် အသုံးပြုနိုင်ပါသည်။ မုန်ညင်းဆီ ကဲ့သို့ပင် နှမ်းဆီသည်လည်း ပူ၍အခိုးပွင့် စေသော သတ္တိရှိသည်။

ဒူးဆစ်အတွင်းမှ အရွတ်များ မခြောက်စေရန် အတွက် လိမ်းဆေးအဆီကို နေ့စဉ် လိမ်းပေးသင့်သည်။ ထိုဆေးကို ညအိပ်ရာဝင်ချိန်တိုင်း လိမ်းပါ။ လိုအပ်လျှင် ဆေးလိမ်းပြီး ပတ်တီးစည်းထားပါ။ ဒူးနာရောဂါ မှန်သမျှ သက်သာ စေနိုင်သော ဆေးနည်း ဖြစ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Tuesday, November 1, 2016

နံနက်စောစော ထမင်းရည်သောက်ခြင်းဖြင့် ပိန်စေနိုင်


နံနက်စောစော ထမင်းရည်သောက်ခြင်းဖြင့် ပိန်စေနိုင်

ကြည်လွင်မြင့် (မုဒြာ)

နံနက်စောစော စားသောက်သော အစာအာဟာရ သည် လူကိုခွန်အား ဖြစ်စေပြီး ဝဖြိုး စေနိုင်သည်။ ငယ်စဉ်အခါတွင် ခွန်အား ပြည့်ဖြိုးပြီး ထွားကျိုင်းစေရန်၊ မှတ်ဉာဏ်၊ ထိုးထွင်းဉာဏ် ရင့်သန်စေရန် အတွက် နံနက်စာကို သားငါး၊ အသီးအရွက် အစုံပါအောင် ကျွေးသင့်သည်။ အနောက်တိုင်း သုတေသီများ၏ နောက်ဆုံး တွေ့ရှိချက်အရ ကြက်ဥကိုပင် နေ့စဉ်တစ်လုံး အနှစ်ပါ စားသုံးခြင်းဖြင့် ကိုယ်ခံအား ပို၍ကောင်းပြီး ရောဂါကူးစက်မှု များကိုပင် ခံနိုင်ရည် ရှိစေနိုင်သည် ဟု ဆိုသည်။

သို့သော် အသက် ၄ဝ ကျော်လာသော အခါ လိုအပ်သည်ထက် ပိုပြီး ဝဖြိုး လာသောအခါ သွေးစစ်ကြည့်၍ အဆီဓာတ် များလာသောအခါ ကျန်းမာရေး အတွက် နံနက်စာ အာဟာရကို လျှော့စားသင့်သည်။ ဖြစ်နိုင်လျှင် အဆီ၊ အသား တွဲနေသော အစာများကို ရှောင်သင့်သည်။ ထမင်းစားလျှင်လည်း ဆန်စေးကို ရှောင်ပြီး ဆန်ကြမ်းကို စားလျှင် ဆီးချို၊ သွေးတိုးရောဂါ ဘေးမှ ကင်းဝေး နိုင်သည်။ ထမင်းကို တစ်ဝကြီး မစားတော့ဘဲ ပန်းကန်ပြား တစ်ချပ်၏ လေးပုံတစ်ပုံသာ စားလျှင် အဝလွန်ခြင်းမှ ကာကွယ်နိုင် ပေသည်။

ကျန်းမာရေး ကောင်းပြီး အသက်ရှည် ကြသော ရှေးမြန်မာ များ၏ နံနက်စာ အာဟာရမှာ ထမင်းရည် ပင်ဖြစ်သည်။ ထမင်းချက်လျှင် မြေအိုးနှင့် ချက်ကြသည်။ ထမင်းရည် ငှဲ့ပြီးသောအခါ မြေစလောင်းဖုံး အချွန်အတွင်းသို့ မောက်တက် လာသော ထမင်းဦးပေါင်းကို ဘုရားဆွမ်းတော် တင်ကြသည်။ ယခုခေတ် လူငယ်များမှာ ထမင်းဦးပေါင်းကို မမြင်ဖူး ကြတော့ပေ။ ဒန်အိုး၊ ထမင်းပေါင်းအိုး တို့ဖြင့် ချက်ကြသဖြင့် ဦးပေါင်းကို မမြင်ဖူးကြခြင်း ဖြစ်သည်။ ထမင်းဦးပေါင်း သည် အလွန် မွှေးသည်။ တချို့က ရဟန်းသံဃာများ လောင်းလှူသော အခါ ဆွမ်းနံ့ မွှေးစေရန် ဆွမ်းမွှေးရွက် ခေါ် အရွက်တစ်မျိုးကို ထည့်ချက်လေ့ ရှိသည်။ ထမင်းဦး ပေါင်း၏ ရနံ့မှာ မြေအိုးဖြင့် ချက်သောကြောင့် မြေသင်းနံ့ ရသည်ဟု ဆိုနိုင်သည်။ ထိုမြေသင်းနံ့သည် ပထဝီဓာတ် ဖြစ်သဖြင့် လူကို ကျန်းမာစေသည် ဟု ရှေးလူကြီးများက ဆိုကြသည်။

''ဦးပေါင်းကိုတဲ့ ဆွမ်းတော်တင် သံလွင်လွင် ကြေးစည်တီးတယ် ထွန်းတဲ့ဆီမီး'' ဟူသော ရှေးက ဖတ်စာအုပ် တွင်ပါသော ကဗျာထဲမှ ထမင်းဦးပေါင်း ပျောက်သွားသည့် နည်းတူ ထမင်းရည် သောက်သည့် မြန်မာ့ဓလေ့ မှာလည်း ပျောက်ကွယ် သွားချိန်တွင် ထမင်းရည်၏ အဆီကျ ပိန်စေနိုင်သော ကောင်းကျိုး တစ်ခုကို တင်ပြ လိုပါသည်။

ထမင်းပေါင်း ဦးရည် (ထမင်းရည်) သောက်သုံးခြင်းဖြင့် ဝသောသူကို ပိန်စေနိုင်သည် ဟု ရှေးနှစ်ပေါင်း ၁ဝဝ ကျော်က ''ဘေသဇ္ဇမဉ္ဇူသာ'' ဆေးကျမ်းကြီး တွင် ဖော်ပြ ပါရှိသည်။ မင်းတုန်းမင်း တရားကြီး လက်ထက်တော် က အိန္ဒိယမှ မှာယူလာသော ဆေးကျမ်းကို ဟိန္ဒီ စာတတ်သော ဘင်္ဂလား ဆရာတော်ကြီးမှ ဘာသာပြန် ခဲ့သော ဆေးကျမ်းကြီး ဖြစ်သည်။ တိုင်းရင်းသား ဆေးသမားတော်များ လက်ဆွဲထား ရသော ဆေးကျမ်း ဖြစ်သည်။ ဤ ဆေးကျမ်းကြီးတွင် ဝသူကို ပိန်စေနိုင်သော အချက်နှစ်ချက်ကို ဖော်ပြထားသည်။

(၁) နံနက်စောစော မဓုယုတံ - ပျားရည်နှင့် ရောသော ရေကို၊ သေဝိတံ- မှီဝဲသုံးဆောင်မှု၊ ထုလ္လနာသနံ-အလွန် ဝခြင်းကို ဖျက်ဆီးတတ်၏၊
(၂) မန္နဿ-ထမင်း၏၊ ဥဏှံ-ပူနွေးသော၊ မဏ္ဍံဝါ- ရသာဦးရည် ကိုလည်း၊ ပိဝံပိဝန္တော-သောက်သောသူသည်၊ ကိသတနု-ပိန်သော ကိုယ်ရှိသည်၊ ဘဝေ-ဖြစ်၏ ဟု အတိအလင်း ရေးသား ဖော်ပြထားသည်ကို ဖတ်ရှုလေ့လာရပါသည်။ ယခုခေတ်တွင် ထမင်းပေါင်းအိုး များဖြင့် အလွယ်တကူ ခလုတ်နှိပ်ပြီး ချက်နိုင်သောကြောင့် ထမင်းဦး ပေါင်းရည် ရယူရန် အခက်အခဲ ရှိနိုင်ပါသည်။ အကယ်၍ ရယူလိုလျှင် ထမင်းပေါင်းအိုး ဖြင့် ချက်ရာ တွင် ရေအနည်းငယ် ပိုထည့်ချက်ပါ။ ထမင်းကျက်၍ မနပ်မီ အဖုံးဖွင့်၍ ဇွန်းဖြင့် လက်ဖက်ရည် ပန်းကန် နှစ်လုံးစာမျှ ထမင်းရည်ကို ခပ်ယူပါ။ နေ့စဉ် ရက်ဆက် နံနက်စောစော တစ်လခွဲခန့် သောက်သုံး ကြည့်ပါက အမှန်ပင် ဝမ်းဗိုက်ချပ်ပြီး ပိန်စေနိုင်ကြောင်း လက်တွေ့ ကျင့်သုံးဖူး သူများမှ ပြောပြပါသည်။ အဆီကျ ပိန်စေနိုင်သော လွယ်ကူသည့် နည်းလမ်း ဖြစ်သဖြင့် စမ်းသောက် ကြည့်ကြ စေလိုသည်။

ငယ်စဉ်က သင်ကြားရသော မြန်မာရာဇဝင်တွင် သာလွန် မင်းတရားသည် ဆင်စီးပြီး တိုင်းခန်း လှည့်လည် လာစဉ် ဆင်းရဲသားများ နေထိုင်ရာ ဇနပုဒ်ရွာတွင် သူဆင်းရဲမ တစ်ဦးသည် အပေါ်ဝတ်မပါ ထဘီရင်ရှားဖြင့်
မြေအိုးဖြင့် ချက်သော ထမင်းရည်ကို လမ်းပေါ်သို့ ငှဲ့ချ နေသည်နှင့် တိုးတော့သည်။ သာလွန် မင်းကြီးသည် ထို သူဆင်းရဲမကို ခေါ်ယူပြီးလျှင် ''ဟယ်...သူမိုက်မ၊ သင်သည် အဖိုးတန်သော ထမင်းရည်ကို အဘယ် အတွက်ကြောင့် လမ်းပေါ်သို့ အချည်းနှီး သွန်ငှဲ့ပစ် လေသနည်း။ အမှန်မူ ဤထမင်းရည် အာဟာရကို သင်၏ ကလေးငယ်များ အဆာပြေအဖြစ် တိုက်ကျွေး၍ ရသည်။ အိမ်တွင် မွေးထားသော ခွေးသော် လည်းကောင်း တိုက်ကျွေး၍ ရနိုင်သည်။ နောင်တွင် ဤသို့ပြုမူ သူများကို ပြစ်ဒဏ် ခတ်မည်'' ဟု ဆုံးမ တော်မူခဲ့သည် ဟု ဖတ်ရှုရဖူး ပါသည်။

ထမင်းချက်ရာတွင် ရှေးအခါက မြေထမင်းအိုးဖြင့် အရည်ငှဲ့ချက်လေ့ ရှိသည်။ မြေစလောင်းဖုံး ထိပ်ချွန်တွင် နူးနပ်နေသော ထမင်းကို ဦးပေါင်း ဟု ခေါ်သည်။ မြန်မာ လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသဖြင့် ထို
ထမင်းဦးပေါင်း ကို ဆွမ်းတော် တင်လေ့ ရှိကြသည်။ မြေအိုးမှ သံ၊ သတ္တု၊ ဒန်အိုးများ ခေတ်ပြောင်း သွားသော အခါ ဦးပေါင်းဟူ၍ မရှိတော့။ ယခုခေတ် အခါတွင် လျှပ်စစ်ဖြင့် ခလုတ်နှိပ်ပြီး ချက်သော ထမင်းအိုး များသာ မြို့ကြီးများတွင် အသုံးပြု ကြသဖြင့် ထမင်းရည် ငှဲ့ချက်သော ဓလေ့မှာ ပျောက်ကွယ် သလောက် ဖြစ်သွားခဲ့ လေပြီ။ 

ရှေးက ထမင်းချက်ရာမှ ငှဲ့၍ရသော ထမင်းရည်ကို ဆားခတ်ပြီး ကလေးသူငယ် များကို အာဟာရ အဖြစ် အဆာပြေ တိုက်ကျွေးရုံ သာမက လူကြီးများ အစာကြေ စေရန်နှင့် လေပူကျစေရန် တိုက်ကျွေး ကြသည်။ လေပူကြောင့် ပါးစောင်၊ ခံတွင်းနှင့် လျှာများတွင် အနာများ၊ အပူကန်ဖုများ ထွက်လျှင် ထမင်းရည်ပူပူကို ဆားခတ်ပြီး တိုက်ပါက ပျောက်ကင်းနိုင်သည်။ ခြေထောက် ရေစိုသော မိုးတွင်းကာလတွင် အထက်သို့ အပူကန်သော အနာသည် ပို၍ဖြစ်လေ့ ရှိသည်။

ယောမြို့စား အတွင်းဝန် ဦးဘိုးလှိုင် ပြုစုသော ဥတုဘောဇန သင်္ဂဟကျမ်း တွင် ဖော်ပြထားသည်မှာ ထမင်းရည်သည် အစာကိုများစွာ စားနိုင်စေ၏။ ဆီးကို ရွှင်စေတတ်၏။ သွေးကို ပွားစေတတ်၏။ အဖျားကို နိုင်၏။ သလိပ်၊ သည်းခြေကို နိုင်၏။ အသက်ကို ရှည်စေတတ် ၏။ ဤသို့ ဂုဏ်ရှစ်ပါးရှိ၏။ ထို ထမင်းရည်တွင် သင်္ဘော ချင်းမှုန့်နှင့် သိန္ဓောခတ်၍ သောက်လျှင် ဝမ်းမီးတောက် စေ၏။ အစာကို ကြေစေတတ်၏။ တစ်နည်း ထမင်းရည်သည် အစာကြေ လွယ်၏။ အေး၏။ ဝမ်းမီးကို တောက်စေတတ်၏။ ရသအစရှိသော ဓာတ်ခုနစ်ပါး တို့ကို ညီညွတ်စေတတ်၏။ အဖျား ကိုနိုင်၏။ သောက်လျှင် ဝလွယ်၏။ အားကို ဖြစ်စေတတ်၏။ သလိပ်၊ သည်းခြေကို နိုင်၏။ မောပန်းခြင်းကို ပယ်နိုင် ၏။ ထမင်းရည်တွင် ပိတ်ချင်းမှုန့်၊ သင်္ဘောချင်း ခြောက်မှုန့် ခတ်သောက်လျှင် လေကိုလည် စေတတ်၏။ အစာကို ကြေစေ၏ ဟု ထပ်မံဖွင့်ဆို ထားသည်ကို တွေ့ရပြန်သည်။

စာမေးပွဲဖြေချိန် ရောက်တိုင်း လျှာနှင့်ပါးစပ် တွင် အနီစက်ကဲ့သို့ အနာများ ထွက်လေ့ရှိသော သမီးငယ် တစ်ဦးကို ထမင်းနှင့် ဟင်းအပူအစပ်များ မကျွေးဘဲ နံနက်စောစော ထမင်းချက်၍ ထမင်းရည်ငှဲ့ပြီး တိုက်ကျွေးသော အခါ အနာများ သက်သာ လာသည်ကို တွေ့ရပါသည်။ ထမင်းရည်သည် ဆန်ပြုတ်နှင့် မတူ၊ အအေးခံထားလျှင် အချဉ်ပေါက် လွယ်သဖြင့် ငှဲ့ပြီးပူတုန်း အချိန်တွင် တိုက်ကျွေးရန် သင့်သည်။ ဆားအသင့်အတင့် ခတ်ပြီးမှ တိုက်လျှင် အရသာရှိပြီး လေကြေစေသည်။ လေကို အောက်သို့သက် စေနိုင်သည်။ အေးမှ တိုက်ကျွေးလျှင် လေချဉ်ကို အထက်သို့ ပြန်တက်စေနိုင်သည်ကို သတိပြု ဖို့လိုသည်။

အနောက်တိုင်း အာဟာရ သုတေသီ များက ထမင်းရည် ငှဲ့ချက်လျှင် အာဟာရဓာတ်များ၊ ဗီတာမင်ဘီ (၂) ကဲ့သို့ ဓာတ်များ ပါသွားပြီး ဆုံးရှုံးနိုင်သည် ဟု ဆိုသော်လည်း နောက်ပိုင်း ဆီးချိုနှင့် ပတ်သက်သော သုတေသနပြုမှု များက ထမင်းရည် ငှဲ့ချက်သော ထမင်းကို စားသူထက် ထမင်းရည်ခန်း ချက်စားသူက ပို၍ဆီးချို ရောဂါဖြစ်စေ နိုင်သည်ဟု ဆိုသည်။ ထမင်းရည် ငှဲ့ချက်ခြင်းဖြင့် ဆီးချို ၊ သွေးချိုရောဂါ ကာကွယ်မှုကို အထောက်အကူ ဖြစ်နိုင်ပေသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Sunday, October 9, 2016

ရေနွေးညသိပ် အဆိပ်ထက်ပြင်း


ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ကြည်လွင်မြင့် (မုဒြာ)

စာရေးသူထံသို့ နယ်မြို့မှ စာဖတ်ပရိသတ် တစ်ဦးက သူ့ကျန်းမာရေးနှင့် ပတ်သက်ပြီး မေးမြန်းချက် တစ်ခုကို ပြန်လည်ဖြေကြား ပေးရာမှ သတင်းစာ ဖတ်ရှုသူ များပါ သိသင့်သိထိုက် သော အကြောင်းအရာ ဖြစ်သဖြင့် ဆောင်းပါးအဖြစ် ရေးသားတင်ပြ လိုက်ရပါသည်။

''ဆရာခင်ဗျား။ လွန်ခဲ့သော ရက်ပိုင်းက ကျွန်တော်၏ မိတ်ဆွေတစ်ဦး အိမ်သို့ စာပေ ဟောပြောပွဲ ကိစ္စ တိုင်ပင် ဆွေးနွေးရန် သွားပါတယ်။ ထုံးစံအတိုင်း ဧည့်သည်လာလျှင် အိမ်ရှင်က စားသောက်စရာ တစ်ခုခုဖြင့် ဧည့်ခံပါတယ်။ အိမ်ရှင်၏ သမီးငယ်က ကော်ဖီမစ် ဖျော်တိုက်တယ်။ ဖြစ်ပုံမှာ ကော်ဖီမစ် ဖျော်သောအခါ ဓာတ်ဘူးထဲမှ ရေနွေးမှာ လွန်ခဲ့သော ညက ထည့်ထားသော ရေနွေး ဖြစ်သဖြင့် သိပ်မပူတော့ပါ။ ကော်ဖီမစ် မပျော်ပါ။ ထို့ကြောင့် ဖျော်ပြီး ကော်ဖီကို မတ်ခွက်တွင် ထည့်ပြီး လျှပ်စစ်မီးဖိုဖြင့် ပြန်အပူ ပေးသည်။ ကော်ဖီတစ်ဝက်ခန့် ခန်းသွားသည်။ ထိုကော်ဖီမစ် သောက်လာပြီး အိမ်ပြန်ရောက်ပြီး ညတစ်နာရီ ခန့်မှာ ထပြီးအန် ပါတယ်။ စားထားသမျှ အစာမှန်သမျှ အကုန် အန်သွားတယ်။ တော်တော်လေး အန်ပြီး မောသွားမှ ညအိပ်ပျော် သွားပါတယ်။ မနက်ထတော့ နေကောင်း သော်လည်း အစာစားချင် စိတ်မရှိ၊ နုံးနေပါတယ်။ ကော်ဖီမစ် ကြောင့် ဖြစ်တာလား။ ဓာတ်ဘူးထဲက ရေနွေးကို ပြန်နွှေး သောက်လို့ ဖြစ်တာလား သိချင်ပါတယ် ဆရာ'' လို့ စာရေးပြီး မေးမြန်းလာ ပါတယ်။

စာရေးသူဟာ သတင်းစာ၊ ဂျာနယ်များမှာ တိုင်းရင်း ဆေးပညာ ရှုထောင့်မှ ကျန်းမာရေး ဆောင်းပါးများ ရေးသားခဲ့တာ ၁၉၉၂ ခုနှစ်မှ ယနေ့အထိ အနှစ် ၂ဝ ရှိခဲ့ ပါပြီ။ မှတ်မိသမျှ ကျန်းမာရေး ဆောင်းပါး အပုဒ်ရေ ၁ဝဝ ခန့် ရေးသားခဲ့တယ် ထင်ပါတယ်။ တိုင်းရင်း ဆေးပညာ သို့မဟုတ် ရိုးရာ ဆေးပညာ အယူအဆ ရှုထောင့်များမှာ အနောက်တိုင်း ဆေးပညာနဲ့ ကွာခြားချက်များ ရှိပါတယ်။ တူညီတဲ့ အချက်များရှိ သလို ကွဲလွဲတဲ့ အချက်များလည်း ရှိပါတယ်။ အထူးသဖြင့် လေ(ဝါယော)နဲ့ ပတ်သက်တဲ့ အယူအဆ တွေမှာ အနောက်တိုင်း ဆေးပညာနဲ့ မမြင်နိုင်တဲ့ ထူးခြားမှုတွေ အများကြီး ရှိပါတယ်။

အနောက်တိုင်း ဆေးပညာရဲ့ ခန္ဓာဗေဒ (Anatomy) ကို ယခုခေတ်မီ တိုင်းရင်းဆေး ပညာသင်တန်း တွေမှာ သင်ကြားရ ပါတယ်။ ရှေးတုန်းက မြန်မာ ဆေးဆရာ တွေမှာ ခန္ဓာဗေဒ မကျွမ်းကျင်လို့ အသည်း ဘယ်နေရာမှာ ရှိမှန်းမသိ၊ အဆုတ် ဘယ်နေရာမှာ ရှိမှန်းမသိ၊ ပန်ကရိယ ဆိုတာ ဘာမှန်းမသိ၊ ကျောက်ကပ် နှစ်ခု ဘယ်နေရာမှာ ရှိမှန်းမသိ။ အူအတက် ဘယ်နေရာမှာ ရှိမှန်းမသိ ဖြစ်ခဲ့ကြပေမယ့် စနစ်တကျ တိုင်းရင်းဆေး သိပ္ပံ၊ တက္ကသိုလ် တွေ ဖွင့်လှစ်သင်ကြား ပေးတဲ့အခါ မှာတော့ မသိတာ မရှိတော့ပါဘူး။

ဒါပေမဲ့ တိုင်းရင်းဆေး ပညာ ခန္ဓာဗေဒမှာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ ခေါ်တဲ့ ပဉ္စဘုတ်နဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ခန္ဓာ သုံးဆယ့်နှစ် ကောဋ္ဌာသ မှာ လှည့်လည်နေတဲ့ လေမျိုးရှစ်ဆယ်၊ ခန္ဓာကိုယ် အနှံ့အပြားမှာ သွားလာလှုပ်ရှား၊ တွန်းကန်၊ ထောက်ပံ့ နေတဲ့ လေအမျိုးမျိုးကို အနောက်တိုင်း ဆေးပညာရှင် များ မြင်ရအောင် ဓာတ်မှန်ရိုက်မပြ နိုင်ပါဘူး။ တိုင်းရင်းဆေး ပညာဟာ အပင်၊ အသီး၊ အရွက်၊ အခေါက် တွေကို အမှုန့်ပြုပြီး ဆေးဖော်တဲ့ ပညာသက် သက် မဟုတ်ပါဘူး။ ဆေးတစ်ခွက်မှ မပေးဘဲ အယူအဆ အမှား၊ အနေအထိုင် အစားအသောက် အမှားကြောင့် ရောဂါ မဖြစ်ရအောင် ညွှန်ပြကာကွယ် ပေးနိုင်တဲ့ ပညာဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ် မဟုတ်ပါလား။

အထက်ပါ စာရေးဆရာ၏ မေးမြန်းချက်ကို တိုင်းရင်း ဆေးပညာ ရှုထောင့်မှ စာရေးသူ၏ အမြင်ကို ရေးသားတင်ပြ ဖြေကြား လိုပါတယ်။ ဖြစ်စဉ်ကို လေ့လာကြည့်တဲ့ အခါ-
  • - မိတ်ဆွေအိမ်က ကော်ဖီမစ်နဲ့ ဧည့်ခံတယ်။
  • - ကော်ဖီမစ်ကို ဓာတ်ဘူးထဲက ရေနွေးနဲ့ ဖျော်တယ်။
  • - ဓာတ်ဘူးထဲက ရေနွေးက အေးနေလို့ ကော်ဖီမစ် မပျော်ဘူး။
  • - ကော်ဖီမစ် ဖျော်ထားတဲ့ ခွက်ကို လျှပ်စစ်မီးဖို နဲ့ ထပ်အပူပေးတယ်။
  • - အပူပေးလွန်ပြီး ကော်ဖီမစ် တစ်ဝက် ခန်းသွားတယ်။
  • - ညနေ ခြောက်နာရီက သောက်ပြီး ပြန်လာခဲ့တယ်။ ည တစ်နာရီခွဲခန့်မှာ ထအန်တယ်။ ဗိုက်ထဲရှိ သမျှ အစာအကုန် အန်ထွက် သွားတယ်။
  • - နောက်နေ့မှာ မိတ်ဆွေကို ပြောပြတော့ သောက်သွားတဲ့ ကော်ဖီမစ်ကြောင့် ဖြစ်တယ် ထင်တယ်လို့ ယူဆပါတယ်။ အဲဒီအထင် မှန်၊ မမှန် ထင်မြင်ချက် တောင်းတယ်လို့ ယူဆပါတယ်။

(၁) ကော်ဖီမစ် အကြောင်း ပြောလိုပါတယ်

ကော်ဖီဆိုတာ အတော်အသင့် သောက်ရင် ကောင်းကျိုးတွေ ရှိလို့ တစ်ကမ္ဘာလုံးက လက်ခံထား ပါတယ်။ ဒါပေမဲ့ ကော်ဖီမစ် ကတော့ တစ်ကမ္ဘာလုံး လက်ခံတဲ့ အနေအထားမှာ မရှိပါဘူး။ ဓာတုဗေဒ ပစ္စည်းတွေ ရောနှော ပါဝင်တာ သေချာပါတယ်။ ဒီနှစ် မတ်လထုတ် ဇီဝက ကျန်းမာရေး မဂ္ဂဇင်းမှာကို ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး) က ဆွေးနွေးခန်းမှာ- ''Chemical Dye လို့ ခေါ်တဲ့ ဓာတုဗေဒ ဆိုးဆေးတွေ အများကြီး သုံးနေကြတယ်။ ကော်ဖီမစ်တွေမှာ ကော်ဖီပါချင်မှ ပါမှာ။ ကျွန်တော့် တပည့်တွေ ဆိုရင် ကော်ဖီမစ် သောက်ပြီး ရင်တွေဘာတွေ တုန်လို့၊ ကော်ဖီပါရင် ဘယ်လိုလုပ် မြန်မာငွေ ကျပ် ၅ဝ နဲ့ ရောင်းနိုင် မှာလဲ။ ကြိုက်တဲ့၊ လိုချင်တဲ့ အနံ့ကို လန်ဒန်မှာ ကုမ္ပဏီ တစ်ခုရှိတယ်။ ပို့လိုက်လို့ တစ်လကြာရင် လိုချင်တဲ့ ပုံစံရလာတယ်။ အဲဒီတော့ အစားအစာတွေ၊ ဖျော်ရည် တွေ၊ လက်ဖက်တွေ အားလုံး ဆိုးဆေးတွေ ချည်းပဲဖြစ်လို့ အစားအသောက် သန့်ရှင်းမှု (Food Hygiene) နဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေ အများကြီး ပြုပြင်ဖို့လို ပါသေးတယ် လို့ ပြောချင် ပါတယ်'' ဒါက ဆရာကြီး ဦးခင်မောင်ဝင်း ရဲ့ ဟောပြောချက်ပါ။

(၂) ကျွန်တော့်ရဲ့တိုင်းရင်းဆေးပညာရှုထောင့်အမြင်

ကတော့ ကော်ဖီမစ်ကို ဖျော်တဲ့ ရေနွေး အကြောင်း ပြောချင်ပါတယ်။ ရေကို အနောက်တိုင်း ကတော့ H2O ပဲ သိကြပါတယ်။ တိုင်းရင်းဆေး မှာတော့ ရေအမျိုးမျိုး ရှိပါတယ်။ ရေအေး၊ ရေနွေး၊ သောက်တော်ရေ၊ ပရိတ်ရေ၊ မိုးရေ၊ မိုးခါးရေ၊ မြစ်ရေ၊ ချောင်းရေ၊ တွင်းရေ၊ တောင်ကျရေ၊ ဖက်ဆွတ်ရေ၊ ကျောက်တွင်းရေ၊ အင်းအိုင်ရေ၊ ကန်ရေ၊ ကျုံးရေ၊ ရေထွက်ချောင်းရေ၊ စိမ့်စမ်းရေ၊ သဲတွင်းရေ၊ လယ်ကွက်ရေ၊ ကျောက်စက်ရေ၊ ရေနီ၊ ရေပြာ၊ ရေဝါ၊ ရေသေ၊ ရေရှင် စသည်ဖြင့် ရေအမျိုးမျိုး၊ ဂုဏ်သတ္တိ အမျိုးမျိုးရှိ ပါတယ်။ ဒီရေတွေကြောင့် ကျန်းမာတာ၊ မကျန်းမာ တာတွေ ဖြစ်နိုင်ပါတယ်။

ရေကို မီးနဲ့ အပူပေး လိုက်တဲ့အခါ ပွက်ပွက်ဆူ သွားရင် ရေနွေးလို့ ခေါ်ပါတယ်။ ဒီရေထဲမှာ ဥဏှတေဇောဓာတ် ရှိနေတယ်။ ဒီဓာတ်က ဝမ်းမီးတောက်ပြီး အစာကြေ စေတဲ့ ဓာတ်ပါ။ အဲဒီရေနွေးက အအေးခံထားရင် ရေကျက်အေး ဖြစ်သွားပါတယ်။ ပိုးမွှား ကင်းစင်ပြီး ဝမ်းကိုထိန်း ပါတယ်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို ကာကွယ်ပါတယ်။ ဒါပေမဲ့ ခေတ်ပေါ် ဓာတ်ဘူးမှာ ရေနွေးကို လှောင်ထားတဲ့အခါ အတွင်းက တေဇောဓာတ် ရှိနေသမျှ ရေနွေး ဖြစ်နေပါတယ်။ ဓာတ်ဘူးထဲမှာ အချိန်ကြာတော့ တေဇောဓာတ် ပျက်သွားပါတယ်။ ဒီရေနွေး အအေးကို မသောက်သင့်  ပါဘူး။ လှောင်ပြီး ဓာတ်ပျက် သွားတဲ့ ရေနွေးပျက် ဖြစ်သွားတဲ့ အတွက် သောက်ရင် အစာအိမ်ကို ဒုက္ခပေးပြီး လေကိုအန် စေနိုင်ပါတယ်။ ဓာတ်ဘူးထဲမှာ အေးနေတဲ့ ရေနွေးပျက်ကို သောက်ရင် အန်တတ် ပါတယ်။ ပြန်နွှေးသောက်ရင် ပိုဆိုးပါတယ်။ ဓာတ်ပျက် ပြီးသား ရေနွေးကို အပူပြန်ပေးရင် တေဇောလွန်၊ ဝါယော ပျက်ပြီး သောက်သုံးသူကို အဆိပ်ဖြစ်စေ နိုင်ပါတယ်။

တချို့လူတွေ ဓာတ်ဘူးထဲမှာ လက်ဖက်ခြောက် ခတ်ထားပြီးသား ရေနွေးကို ညအိပ် ထားပြီးနောက် အမှတ်မထင် သောက်မိတတ် ပါတယ်။ ''ရေနွေးညသိပ်၊ အဆိပ်ထက်ပြင်း'' လို့ သိမ်ဖြူ ဆရာတော်ကြီး က အာယုဗ္ဗေဒ သင်ခန်းစာမှာ ပြောဖူးပါတယ်။ အစာအိမ် ထဲမှာ အဆိပ်ဖြစ်ပြီး အော့အန်ခြင်း ဖြစ်စေနိုင်ပါတယ်။ ရေနွေးကို ဓာတ်ဘူးနဲ့ ထည့်သောက် သူများ သတိထား စေချင်ပါတယ်။ တခြား သတိထားမိတဲ့ အချက်တစ်ခု ကတော့ ဓာတ်ဘူး အတွင်းမှာ သုတ်လိမ်းထားတဲ့ ပြဒါးတွေဟာ ကြာရင်ပျက်ပြီး ကွက်မည်းလာတာ တွေ့ရပါတယ်။ ကျွတ်ထွက် သွားတဲ့ ပြဒါးအမှုန့်အစ တွေဟာ ရေထဲမှာပါ သွားပြီး သောက်သုံးသူရဲ့အစာအိမ်ထဲ ရောက်သွားရင် ပြဒါးဆိပ် သင့်နိုင် ပါတယ်။ ရေကျက်အေး နဲ့ ပတ်သက်လို့ ရှေးက ဆေးကျမ်းတွေမှာ အထောက်အထား နဲ့ ရှာကြည့်တဲ့ အခါ ယောအတွင်းဝန် ဦးဘိုးလှိုင် ရဲ့ နာမည်ကြီး ထင်ရှားတဲ့ ဥတုဘောဇန သင်္ဂဟကျမ်း မှာ တွေ့ရတာက 

ရေကျက်အေး ။ ။ ဥတုအားလျော်စွာ ချက်အပ်ပြီးသော ရေနွေးကို အေးစေပြီးမှ သောက်အပ်သော အနာတို့ကား ကိုယ်ပူသော အနာ၊ ဝမ်းပျက်နာ၊ သည်းခြေနာ၊ သွေးနာ၊ မူးဝေသောအနာ၊ သေအရက် ယစ်ခြင်း၊ အဆိပ်သင့်ခြင်း တို့ကိုလည်းကောင်း၊ ဆီးချုပ်သော မုတ္တကိတ်နာ၊ ပဏ္ဍုနာ၊ ရေငတ်သော အနာ၊ အော့အန်သော အနာ၊ မောပန်းသော အနာ၊ သေအရက် တို့ကို သောက်အား ကြီးသောကြောင့် ဖြစ်သောအနာ၊ သိန္နိပါတ်အနာ တို့ကို လည်းကောင်း ဤအနာတို့၌ ရေကျက်အေး သည် သင့်၏။ ချက်ပြီး၍ အလိုအလျောက် အေးသော ရေကျက်အေး သည် ဒေါသသုံးပါးလုံး ကို နိုင်၏။ အေး၏။ အဆီ သြဇာမရှိ။ သွေးလေ အရသာကြော တို့ကို မလေးလံစေ တတ်၊ နွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊ အဖျားတို့ကို နိုင်၏။ ကြေလွယ်၏။ ပေါ့၏။ ရေကျက်အေး ဟူသည်လည်း နေ့၌ချက်သော ရေကို နေ့၌သာ သောက်ကောင်း သည်။ ညဥ့်၌ချက်သော ရေကို ညဥ့်၌သာ သောက်ကောင်း သည်။ နေ့၌ချက်သော ရေကို ညဥ့်၊ ညဥ့်၌ချက်သော ရေကို နေ့၊ ဤကဲ့သို့ အေးအောင်ထား၍ သောက်လျှင် ထိုရေ၌ တေဇောဓာတ် ညံ့သောကြောင့် ကြေခဲ၏။ ဝမ်းမီးကို ချက်၍ ကျက်လျှင်ချဉ်၏။ ဝမ်းချုပ်၏။ ဒေါသသုံးပါး လုံးကို ပျက်စေတတ်၏။ ရောဂါခပ်သိမ်း တို့၌ပင် မသင့်။ ရေကျက်အေးကို တစ်ဖန်ရေနွေး လုပ်၍သောက်လျှင် မသင့်။ အဆိပ်နှင့် အတူဖြစ်၏။ ညဥ့်၌ကား ရေနွေး သောက်ခြင်းသည် များစွာ အကျိုးရှိ၏။

ညဥ့်၌သောက်ရန် ရေနွေးချက် ပုံကား ရေစိမ်းနံ့ ပျောက်၍ ကျက်ရုံ၊ ထက်ဝက်ကြွင်း၊ လေးပုံတစ်ပုံ ကြွင်း၊ ရှစ်ပုံတစ်ပုံ ကြွင်းတို့တွင် တစ်မျိုးမျိုး ချက်၍ သောက်ရာ၏။ ညဥ့်ကို ရေနွေးချက်၍ သောက်ခြင်းသည် သလိပ်နာ၊ လေနာ၊ အစာမကြေ သော အနာ၊ အဆီခဲသော အနာတို့ကိုနိုင်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ဆီးကိုရွှင်စေ တတ်၏။ ချောင်းဆိုးနာ၊ ပန်းနာ၊ အဖျား တို့ကိုနိုင်၏။ ရေစိမ်းကို သောက်လျှင် တစ်ပဟိုရ်မှ ကြေ၏။ ရေကျက်အေးကို သောက်လျှင် တစ်ပဟိုရ်၏ ထက်ဝက်မျှနှင့် ကြေ၏။ ကျက်ပြီးသော ရေနွေးကို သောက်လျှင် တစ်ပဟိုရ်၏ လေးပုံတစ်ပုံမျှ နှင့်ကြေ၏။

ထို့ပြင် ရေအမျိုးမျိုး တို့၏ အကျိုးအပြစ် ကိုလည်း ဖော်ပြထား ရာတွင် အဆင်း၊ အနံ့၊ အရသာ မထင်ရှားသော၊ အလွန်အေးသော၊ ကြည်လင်သော၊ ပေါ့သော ရေအေးသည် နှလုံးကို နှစ်သက် စေတတ်၏။ ရေငတ်ခြင်းကို ပျောက်စေတတ်၏။ ဂုဏ်အပေါင်း နှင့်ပြည့်စုံ ၏။ ကျိုသော၊ ပျစ်ချွဲသောပိုး တို့ဖြင့် ပြွမ်းသောရွှံ့ညွန်၊ သစ်ရွက်၊ မှော် တို့ဖြင့်ပြည့်သော အနံ့ မကောင်းသော ရေကို မသောက်အပ်၊ မိုးဦးကျ အခါ၌ ရွာသောရေကို ချိုးမိလျှင် ရေငတ်သော အနာ၊ ဝမ်းရောင်နာ၊ မြင့်ရှည်စွာ ဖျားသောအနာ၊ ချောင်းဆိုးနာ၊ ဝမ်းမီးပျက်သော အနာ၊ အကြောတို့ လေးလံခြင်း၊ အိုင်းအမာ အစရှိသည် တို့ဖြစ်တတ် ကုန်၏။ ဒါတွေဟာ ယောမြို့စား အတွင်းဝန် ဦးဘိုးလှိုင် ရဲ့နာမည်ကျော် ဥတုဘောဇန သင်္ဂဟကျမ်း မှာ ဖော်ပြထားတဲ့ ရေနွေး၊ ရေကျက်အေး၊ ရေအေး တို့နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ ဗဟုသုတ တွေ ဖြစ်ပါတယ်။

နောက်ဆုံးတင်ပြလိုတာကတော့...
  • (၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီး ကျက်အောင်ကျိုပါ။
  • (၂) ကော်ဖီဖျော်ရင် ခြောက်နာရီ အတွင်း ကျိုချက်ထားတဲ့ ရေနွေးနဲ့ဖျော်ပါ။
  • (၃) ဓာတ်ဘူးထဲက ရေနွေးနဲ့ဖျော်ရင် ခြောက်နာရီထက် ကျော်ပြီး ဓာတ်ဘူးထဲမှာ လှောင်ထားတဲ့ ရေနွေးကို မသုံးသင့်ပါ။
  • (၄) ဓာတ်ဘူးထဲမှာ အေးပြီးသား ရေနွေးကို ဓာတ်ပျက်ရေနွေး ဖြစ်လို့ ပြန်နွှေးပြီး မသုံးပါနဲ့။ ပြန်ကျိုချက်ပြီး မသုံးပါနဲ့။
  • (၅) ညသိပ်ရေနွေး၊ ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင် ပါတယ်။
  • (၆) ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေး မသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီ အတွင်းမှာ ရေနွေးမသောက်ပါနဲ့။

အထက်ပါ အယူအဆတွေဟာ မလွဲနိုင်တဲ့ တိုင်းရင်း ဆေးပညာ ဥပဒေသ အယူအဆတွေ ဖြစ်ကြောင်း တင်ပြအပ် ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

Tuesday, October 4, 2016

ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက်သောက်ပါ


ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက်သောက်ပါ

ကြည်လွင်မြင့် (မုဒြာ)

အစာမကြေရောဂါ ရှိသူများ၊ အစာအိမ် မကောင်းသူများနှင့် သက်ကြီးရွယ်အိုများ အစာစား ပြီးလျှင် ရေနွေးတစ်ခွက် သောက်ပေးခြင်းဖြင့် အစာကြေမှုကို အထောက်အကူ ဖြစ်စေနိုင်သည်။

အထူးသဖြင့် အသက် ငါးဆယ်ကျော် ပြီးသူ လူကြီးပိုင်း ရောက်ရှိသူများ အတွက် စားပြီး အစာကြေစေရန် ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ခြင်းဖြင့် အစာကြေ ဆေးသောက်ရန် မလိုတော့ဘဲ အစာကြေ စေနိုင်သည်။ 

ရေနွေးသည် မိမိ အစာအိမ်က အစာခြေ အားကောင်းစေရန် အပူဓာတ် အင်အား ပေးခြင်းနှင့် တူသည်။ အေးသော အစာအိမ်နှင့် နွေးသော အစာအိမ်သည် အစာကြေ ကျက်အား မတူညီပေ။ စာရေးသူ၏ ဆေးကုသမှု သက်တမ်းတစ်လျှောက် အတွင်း အစာအိမ်ရောဂါ ဖြစ်သူ အများအပြားကို တွေ့ရှိဖူးရာ အများစုမှာ စားချိန်သောက်ချိန် မမှန်ကြသူများ ဖြစ်သည်။

နောက်တစ်မျိုးမှာ ထမင်းအေး၊ ဟင်းအေးကို နေ့စဉ် စားနေရသည့် ဝန်ထမ်းများဖြစ်သည်။ သူတို့မှာ အလုပ်ချိန်အမီ နံနက်စောစောထ ချက်ပြုတ်ယူ လာသည်။ ထမင်းဟင်းကို ချိုင့်၊ ဘူးများဖြင့် ထည့်လာပြီး နေ့လယ် ရုံးအားချိန်မှ စားကြရသည်။ ချက်ပြုတ်ပြီး နှစ်နာရီကြာ မှ စားရသော ထမင်းဟင်းများတွင် အပူငွေ့ကုန်ပြီး အအေးဓာတ် ဝင်နေပြီဖြစ်သည်။ မိုးနှင့်ဆောင်း ရာသီဆိုလျှင် ထမင်းဟင်း တို့သည် ပို၍ပင် အေးလွယ်သည်။ အေးသောအစာကို ခြေရသော အစာအိမ်သည် ပူသောအစာကို ခြေရသော အစာအိမ်ထက် ပို၍ပင်ပန်းသည်။ ပူသောအစာကို ကြေကျက် စေရန်မှာ နာရီဝက်ခန့်သာ အချိန်ကြာ သော်လည်း အေးသောအစာကို ကြေကျက် စေရန်မှာ နှစ်နာရီအထိ အချိန်ကြာ တတ်သည်။ ထိုမျှ အချိန်ကြာမြင့်စွာ အစာခြေရသော အစာအိမ် အတွင်း နံရံများသည် များမကြာမီ ရောင်သော အဆင့်သို့ ရောက်ရှိတတ် လေသည်။ အစာအိမ်ရောင် ရောဂါ တာရှည်ခံ စားနေရသူ အများစုကို လေ့လာကြည့် သောအခါ ရုံးဝန်ထမ်းများ ဖြစ်သည်ကို တွေ့ရသည်။

အစာအိမ်ရောဂါ ဖြစ်လေ့ရှိသူ နောက်တစ်မျိုးမှာ အချိုရည်နှင့် ရေခဲရေ ကြိုက်သူများ ဖြစ်ကြလေသည်။ အကျင့်ပါ နေသဖြင့် မသောက်ရလျှင် မနေနိုင်။ ထမင်းဟင်း အရသာထက် အချိုရည် အရသာကို ပို၍မက်နေသည့် သူများ တွေ့ရသည်။ တချို့မှာ မိဘများက ထမင်းဝိုင်းတွင် အကျင့်လုပ်ပေး ထားသဖြင့် ကလေးငယ် များသည် ထမင်းကောင်းကောင်း မစားဘဲ အချိုရည် သောက်ရင်း စားသည့်အကျင့် ပါနေသည်ကို တွေ့ရလေသည်။ ထိုကဲ့သို့သော မိသားစုများတွင် လူကြီးများ သာမက ကလေးငယ်များပါ အစာအိမ် အတွင်းမြှေး ရောင်ပြီး မကြာခဏ ဗိုက်အောင့် ဗိုက်နာခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အစာမကြေ၍ နောက်ကျော တက်ခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်ကြသည်ကို တွေ့ရလေသည်။

အနောက်တိုင်း သုတေသီ များ၏ အဆိုအရ ထမင်းစားရင်း အချိုရည် သောက်သည့် အကျင့်စွဲ နေသော ကလေးငယ် များသည် ပထမပိုင်းတွင် ဝဖြိုးလာ သော်လည်း နောက်ပိုင်းတွင် အစာမကြေ ရောဂါကြောင့် ခံတွင်းပျက်ပြီး ပြန်ပိန်သွား တတ်ကြသည်။ ဖြတ်ထိုးဉာဏ် ကောင်းသော်လည်း မှတ်ဉာဏ်မကောင်း ဖြစ်တတ်ကြသည်။ ထိုကလေးများ အရွယ်ရောက် သည်နှင့် ဆီးချို နှင့် သွေးတိုးရောဂါ များ ဝင်လာလေ့ ရှိသည်ဟု ဆိုသည်။ ကလေးများကို မဆိုထားနှင့် နာမည်ကျော်သော အားကစားသမား များတွင်ပင်လျှင် အချိုရည် သံဘူးများ အသောက်များလျှင် Stamina ခေါ် သက်လုံ ကောင်းမှုများ ကျဆင်းလာကြောင်း တွေ့ရှိသဖြင့် နည်းပြဆရာ များက လေ့ကျင့်ခန်း လုပ်ပြီးချိန်တွင် အချိုရည်နှင့် ဂက်စ်ပါသော သံဘူးများ သောက်သုံးခြင်း ကို တားမြစ်သည်ဟု ဖတ်ရှုရသည်။

မိသားစု ထမင်းဝိုင်း များတွင် အချိုရည်နှင့် ရေခဲရေ သောက်သူများ သည် ဟင်းအရသာ အငန်ပိုစား ကြသည် ဟု ဆိုသည်။ လျှာအရသာမှာ အချိုရည်နှင့် အအေးက ခံနေသဖြင့် တော်ရုံ ဟင်းအရသာ မတိုးတော့ခြင်း ဖြစ်သည်။ လေးလေးပင်ပင် အရသာကို ပို၍ တောင့်တလာ သဖြင့် အချိုမှုန့်နှင့် အငန်ကို ပို၍ထည့်ချက် စေသည်။ ထိုမှတစ်ဆင့် သွေးတိုးနှင့် ဆီးချိုရောဂါများ နောက်ဆက်တွဲ ရလာခြင်း ဖြစ်လေသည်။ အချိုနှင့် ရေခဲရေကြောင့် လျှာအရသာ ထုံပြီး လေးသွား စေနိုင်သည်ကို အထူး သတိပြုသင့် လေသည်။

စာရေးသူ၏ မိတ်ဆွေ တစ်ဦးတွင် သားတစ်ဦး ရှိသည်။ သူသည် လွန်ခဲ့သော ဆယ်နှစ်ကျော် မှစပြီး နိုင်ငံခြား သင်္ဘောတွင် လိုက်ပါ အမှုထမ်း နေသည်။ ဒုတိယတန်း အင်ဂျင်နီယာ အဆင့်ရှိသူ ဖြစ်သည်။ သင်္ဘော လိုက်ရင်း ဝင်ငွေကို မိဘထံပြန်ပို့ သဖြင့် မိဘများ အဆင်ပြေ နေကြလေသည်။ မကြာမီက စာရေးသူအိမ်သို့ ရောက်လာပြီး သူ့သား သင်္ဘောသားထံ ပို့ရန် မြန်မာဆေး အစာကြေဆေး လိုချင် ကြောင်း ပြောသည်။ စာရေးသူက အကျိုးအကြောင်း မေးကြည့်ရာ သူ၏သားတွင် မူလက အစာအိမ် ရောဂါ မရှိကြောင်း၊ အရာရှိအဆင့် ဖြစ်လာပြီးမှ ဂျူတီနားချိန် တွင် သင်္ဘောဦးခန်းရှိ အရာရှိ နားနေခန်းတွင် တီဗွီကြည့်ရင်း ရေခဲသေတ္တာ အတွင်း ထည့်သော အချိုရည် ဘူးကို နေ့စဉ်သောက်သုံး ခဲ့ကြောင်း၊ ထိုသို့သောက် သည့်အချိန်မှာ များသောအားဖြင့် ညစာစားပြီးချိန် ဖြစ်ကြောင်း ပြောပြသည်။

အမှန်တော့ ညစာစားပြီး အနားယူချိန်တွင် အချိုရည် (အအေး) ကို နေ့စဉ် သောက်ရာမှ အစာမကြေ ရောဂါ ဖြစ်လာပုံရသည်။ စာရေးသူသည် သူ့သားအတွက် ဝမ်းမီးတောက် အစာကြေ ဆေးကို ပေးလိုက်သည်။ ထိုဆေးမှာ အမှုန့်ကြိတ် ပြီးနောက် ဆေးပြား Tablet ရိုက်ထားသဖြင့် နိုင်ငံခြားပို့ရန် အဆင်ပြေမည် ထင်၍ ဖြစ်သည်။ ခက်သည်က စာရေးသူ သောက်စေချင်သည့် ရေနွေးကြမ်းမှာ သူတို့သင်္ဘောတွင် မရနိုင်ခြင်း ဖြစ်သည်။ အာယုဗ္ဗေဒ ဆေးပညာ အယူအဆတွင် အချိုအရသာ သည် အေးပြီး အပူငြိမ်း သည်မှာ မှန်သော်လည်း ထမင်းစားရင်း အချိုစား သောအခါ (အချိုရည် သောက်သော အခါ) အပူငြိမ်း သတ္တိသည် လွဲမှားစွာ ဝမ်းမီးကိုပါ ငြိမ်းစေပြီး အစာမကြေ ဖြစ်စေ နိုင်သည်ကို သတိပြုရမည်။ ထို့ကြောင့်ပင် အာယုဗ္ဗေဒ ဆေးပညာ၏ မူလဖြစ်သော အိန္ဒိယနိုင်ငံတွင် ထမင်းဝိုင်း များတွင် အစပ်ကို အဓိကထား စားသည်ကို တွေ့ရသည်။ အစပ်အရသာ ကို မဆလာအဖြစ် ဟင်းများတွင် ထည့်ချက်သည့် အပြင် ငရုတ်သီး အစပ်တောင့် များကိုပါ ကိုက်စား ကြသည်ကို ချစ်တီး ထမင်းဆိုင် များတွင် တွေ့ဖူးကြမည် ထင်သည်။ 

အာယုဗ္ဗေဒ ဆေးပညာတွင် တြိကဋုက် သုံးပါးခေါ် အစပ်သုံးပါးသည် အစာကြေစေသည့် သတ္တိကို တိုးပွား စေသည်ဟု ဆိုသည်။ ထိုအစပ်သုံးပါးမှာ (၁)ငရုတ်ကောင်း၊ (၂) ပိတ်ချင်းသီး နှင့် (၃) ချင်းတက် တို့ဖြစ်သည်။ ဟင်းခတ် အမွှေးအကြိုင်နှင့် မဆလာ တို့တွင် အဓိက ပါဝင်နေသည်ကို တွေ့ရပေသည်။

တချို့က ချစ်တီးထမင်းဆိုင် များတွင် ငှက်ပျောဖက် ခင်းပြီး ပဲဟင်းနှင့် ငရုတ်သီးစိမ်းတောင့် များကို ဆားနှင့် ပုံပေးထားသည်ကို တွေ့ရသည်။ ထို့ပြင် ဒန်ခွက်ဖြင့် ရေအေး တစ်ခွက်ပါ ပေးထားသည် ဟု ဆိုသည်။ အမှန်တော့ အလွန်အမင်း စပ်လျှင် ရေသောက်ရန် ပေးထားသည်မှာ မှန်သော်လည်း ထိုရေမှာ ရေခဲရေ မဟုတ်ပေ။ မြေအိုးမှ သာမန်ရေသာ ဖြစ်သည်။ ရေတစ်ခွက်မျှ သောက်ခြင်းဖြင့် အစပ်ကို ဖြေရန်ဖြစ်သည်။ ထမင်းစားရင်း ရေကိုလွန်ကဲစွာ သောက်လျှင် အစာမကြေ ရုံမျှမက ဗိုက်စူလာနိုင်သည်။ တချို့ ဗိုက်စူသူ များသည် အစာစားရင်း ရေသောက်သူများ ဖြစ်ကြသည်။ ရေနွေး သို့မဟုတ် ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက် တင်ပြရန် လိုသည်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး လက်ဖက်ခြောက် ခတ်ထားသော ရေနွေးကြမ်းကို တစ်နေကုန် သောက်သော အကျင့်မှာ တောလက်ကျေးရွာ များတွင် အများဆုံး တွေ့ရသော မြန်မာ့ဓလေ့ ဖြစ်သည်။ 

တချို့မှာ ထမင်းစားရင်း ရေနွေးကြမ်း သောက်သော အလေ့ရှိကြသည်။ ထမင်းစားရင်း ရေအေး မသောက်သင့် ဟု ပြောခဲ့သလို ရေနွေးကြမ်း သောက်၍ ထမင်းစားခြင်း သည်လည်း မကောင်းပါ။ တစ်ခွက်စ၊ နှစ်ခွက်စ သောက်လျှင်ပင် မဆိုသာသော် လည်း လွန်ကဲလျှင်တော့ မကောင်းပါ။

ရေနွေးကြမ်း အဖန်ရည်တွင် လက်ဖက်ခြောက် အခတ်များသဖြင့် အဖန်ဓာတ် လွန်ကဲလျှင် ဝမ်းချုပ် စေနိုင်သည်။ အစာအိမ်မှ အာဟာရ စုပ်ယူမှုကို အဖန်ဓာတ်က ဟန့်တား နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးသောက်လျှင် ရေနွေးကြမ်း အဖန်ရည်နှင့် မသောက်ပါနှင့် ဟု တချို့ ဆရာများက တားမြစ်ကြသည်။ ဆေးအာနိသင်ကို အဖန်ရည်က ကျဆင်းစေနိုင် သောကြောင့် ဖြစ်နိုင်လေသည်။

သို့သော် ဥတုဘောဇန သင်္ဂဟကျမ်း တွင် မြန်မာပညာရှိ ယောအတွင်းဝန် ဦးဘိုးလှိုင် ရေးသားခဲ့သည်ကို ဖတ်ရှုလေ့လာ ကြည့်ရာ ရေနွေး သောက်ခြင်းကို ချီးမွမ်းထား သည်ကို တွေ့ရပေသည်။ ပွက်အောင် ကျိုချက်ပြီးထား သော ရေကျက်အေးသည် အစာကြေမှုကို အထောက်အကူ ပြုသည်ဟု ဆိုသည်။ ခရီးသွားသော အခါတွင်လည်း တွေ့ကရာရေကို မသောက်အပ်၊ ကျိုချက်ထားသော ရေကျက်အေး ကိုသာ သောက်သင့်သည် ဟု ဆိုသည်။ 

လမ်းခရီးသွားရင်း ရေသောက်မှား၍၊ အစားမှား၍ ဝမ်းပျက်ဝမ်းလျှော ဖြစ်လျှင် အလွန်ဒုက္ခ ရောက်နိုင် သောကြောင့် ရေးခြင်း ဖြစ်နိုင်လေသည်။

စာရေးသူတို့၏ အဘိုး၊အဘွားများ လက်ထက်က ထမင်းစားပြီးလျှင် ထန်းလျက်ခဲနှင့် ရေနွေးကြမ်းကို သောက်သည့် အလေ့အထကို တွေ့ဖူးသည်။ အဘိုး၊ အဘွားတို့ ရပ်ရွာမှ အသက်ရှည်စွာ နေရသည့် အဘိုး၊ အဘွား များတွင်လည်း ရေနွေးကြမ်း  ဓလေ့ကို တွေ့ရသဖြင့် မမှားနိုင်သော ဓလေ့ ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်သည်။

စာရေးသူသည် ငယ်စဉ်ကိုးတန်း ကျောင်းသားဘဝ ကပင် အစာအိမ်ရောင် ရောဂါရခဲ့ပြီး တက္ကသိုလ် ကျောင်းသားဘဝ တွင်လည်း ထိုရောဂါ မပျောက်ခဲ့ပါ။ နောက်ပိုင်းမှ လူကြီးတစ်ဦးက လမ်းညွှန်သဖြင့် အစာစားချိန် တွင် ဟင်းချိုရည်မှ လွဲ၍ ရေမသောက်ဘဲ နေခဲ့သည်။ ရေသောက်ချင်လျှင် ထမင်းစားပြီးမှ ရေနွေးကြမ်း သို့မဟုတ် ရေကျက်အေးကို တစ်ခွက်မျှ သောက်ခဲ့သည်။ ထိုသို့နှင့် အစာအိမ်ရောဂါ မှာ သက်သာပြီး ပြန်ကောင်း လာခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က မန္တလေးမြို့ အရှေ့တောင် ဘက်ရှိ ပေါက်ချိုင်းရွာတွင် အသက်ရာကျော် အဘွားတစ်ဦး ရှိသည်ဆို သဖြင့် သွားရောက်တွေ့ဆုံ မေးမြန်းပြီး အလှူငွေနှင့် ဆေးဝါးများ ကန်တော့ခဲ့သည်။ ထိုအဘွား ထမင်းစားချိန် ရောက်သွားခဲ့ရာ ဆေးလိပ်ဖွာပြီး ရေနွေးကြမ်း သောက်နေသည်ကို တွေ့ခဲ့ရသည်။ ထိုအသက် ရာကျော်အဘွား အကြိုက်ဆုံး အစာများမှာ ငါးလေးအိုး ကပ်ဟင်းနှင့် ကန်စွန်းရွက် ချဉ်ရည်ဟင်း ဖြစ်ပြီး ထမင်းစား ပြီးလျှင် ရေနွေးကြမ်း တစ်ခွက်၊ နှစ်ခွက် သောက်လေ့ ရှိကြောင်း အဘွားကို စောင့်ရှောက်သူ အဒေါ်ကြီး က ပြောသည်။

ထမင်းစားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကို ပို၍ကြေစေနိုင်သည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များ ပါသင့်သလောက် ပါပြီးဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး ဝမ်းမီးက အစာကို ခြေအားလျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။ သို့သော် စားပြီး ခဏအကြာတွင် အစာခြေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်းတစ် ခွက်သောက်လျှင် အစာကြေကျက်မှုကို အထောက်အကူ ပေးရာရောက်ကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

အချုပ်အားဖြင့် ကောက်နုတ် တင်ပြရလျှင်-

(၁) အစာကြေစေရန် ချက်ပြုတ်ပြီး နှစ်နာရီအတွင်း ပူနွေးသော ထမင်းဟင်းကို စားနိုင်အောင် ကြိုးစားပါ။
(၂) ထမင်းမစားမီနှင့် စားနေဆဲ အချိုရည်၊ ရေခဲရေ မသောက်သင့်ပါ။
(၃) ရေမသောက်ဘဲ မနေနိုင်လျှင် ရေကျက်အေး သို့မဟုတ် ရေနွေးကြမ်း သင့်ရုံမျှသောက်ပါ။
(၄) ထမင်းစားပြီးလျှင် ရေနွေးကြမ်း တစ်ခွက်သောက်လျှင် အစာကြေဖို့ အထောက်အကူ ဖြစ်သည်။
(၅) နေ့လယ်စာ ထမင်းစားပြီးနောက် ထန်းလျက်ခဲနှင့် ရေနွေးကြမ်း သောက်ခြင်းသည် ရှေးကမြန်မာ လူကြီးများ၏ ဓလေ့ဖြစ်ပြီး အစာအိမ်အတွက် အကျိုးရှိစေပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

Friday, August 12, 2016

အ၀လွန်သူများ ရှောက်ရွက်ကို နေ့စဉ်စားသုံးပေးလျှင် ဆီးချို နှင့် သွေးတိုးရောဂါ ကာကွယ်နိုင်


ကြည်လွင်မြင့် (မုဒြာ)

ရှောက်ရွက်ကို တို့စရာအဖြစ် အစည်း ကလေးများ ပြုလုပ်ကာ ဈေးများတွင် ပေါပေါများများ ရောင်းချ ကြသည်။ အိမ်ရှင်မများ ရှောက်ရွက် တစ်ရာဖိုး ဝယ်လျှင် လေး၊ ငါးစည်းရသဖြင့် အိမ်တွင် ရက်သတ္တပတ်ခန့် စားသုံးနိုင်သည်။ ထိုကဲ့သို့ ဈေးပေါပေါဖြင့် ရနိုင်သော ရှောက်ရွက်နု လေးများသည် ရောဂါ ဖြစ်လာလျှင် ငွေကုန်ကြေးကျ အလွန်များသည့် ဆီးချိုရောဂါ နှင့် သွေးတိုးရောဂါ ကို ထိရောက်စွာ ကာကွယ်နိုင်သော ဓာတ်စာ
ဖြစ်သည်။

ဆီးချိုရောဂါ၊ သွေးတိုးရောဂါ နှင့် နှလုံး သွေးကြောကျဉ်း ရောဂါများမှာ ညီနောင်ရောဂါ များ ဖြစ်သည်ဟု ဆရာဝန်ကြီးများက ပြောကြသည်။ ထိုရောဂါ များသည် တစ်ခုဖြစ်ပြီး နှစ်ကြာလျှင် နောက်တစ်ခု ဆက်၍ဆက်၍ ဖြစ်လာတတ် သည်ဟု ဆိုသည်။ ထိုရောဂါများ ဖြစ်လာလျှင် အထူးကု ဆရာဝန်ကြီး များနှင့် နှစ်ရှည်လများ သို့မဟုတ် ဘဝတစ်သက်တာ ပြသကုသ ရသော နာတာရှည် ရောဂါကြီးများ ဖြစ်သဖြင့် အလွန် ကြောက်စရာ ကောင်းပြီး ရှာသမျှ ဝင်ငွေ၏ ထက်ဝက်ခန့်မှာ ဆေးဖိုးနှင့် ကုန်သည်ဟု ပြောစမှတ်ပြု ကြသည်။

ရှောက်ရွက်သည် အိမ်ရှင်မ များ၏ မီးဖိုချောင်သုံး အနေဖြင့် အဓိကဟင်းလျာ မဟုတ်သော်လည်း ဖြည့်စွက်စာ ဖြစ်သည်။ အသုပ်စုံ အမျိုးမျိုးနှင့် ငါးချဉ်၊ ပုစွန်ချဉ်၊ နှမ်းဖတ်ချဉ်များ သုပ်စားသော အခါ အနံ့မွှေးစေရန် ရှောက်ရွက်ကို ကတ်ကြေးဖြင့် ပါးပါးကိုက်ပြီး ဖြူးပေးကာ စားသုံးလေ့ ရှိကြသည်။

လတ်ဆတ်သော ရှောက်ရွက်သည် မွှန်သောအနံ့ ရှိသဖြင့် တိုင်းရင်းဆေး ပညာ အမြင်အားဖြင့် သော်လည်းကောင်း၊ အာယုဗေဒ ဆေးပညာ အမြင်အားဖြင့် သော်လည်းကောင်း ''အာကာသ'' ဓာတ်ရှိသည်။ ပွင့်စေသော အခိုး၊ အာကာသ ရစေသော ဓာတ်စာဖြစ်သည်။ အကြောကို လေလျှောက် စေသည်။ နှုတ်ကို မြိန်စေသည်။ ခံတွင်း ပျက်ခြင်းကို ကောင်းစေပြီး အစာကိုလည်း ကြေစေနိုင်သော အရွက်မျိုး ဖြစ်သည်။

ရှောက်ရွက်ကို နေ့စဉ် အနည်းငယ်မျှ စားသုံးခြင်းဖြင့် အခိုးငုပ်သော ရောဂါများကို ကာကွယ် နိုင်သည်။ ရှောက်ရွက်တွင် ခါးသက်သော အရသာ ရှိသဖြင့် ဆီးချိုရောဂါ ကိုလည်း ကာကွယ်နိုင်သည်။ ရှောက်ပင်သည် ဆူးရှိသော အပင်ဖြစ်သဖြင့် အာကာသ ပင်ဟု ဆေးကျမ်း များက ဆိုသည်။ သွေးတိုးရောဂါ ရှိသူများသည် အာကာသ ပင်၏ အရွက်၊ အညွန့်၊ အသီး များကို စားသုံးပေးလျှင် သွေးတိုးကြောင့် ဖြစ်သော လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြော ပေါက်ခြင်းများကို ကာကွယ်နိုင်သည်။

သွေးတိုးရောဂါကို ရှေးမြန်မာ ဆရာကြီးများက လေမသက်၍ ဖြစ်သော လေတိုးရောဂါ ဟုလည်း သတ်မှတ် ကြသည်။ လေတိုးရောဂါ အတွက် ပေးသော ဓာတ်စာမှာ ရှောက်ရွက်ဟင်းချို ဖြစ်သည်။ ရေနွေးဆူဆူ တွင်
ကြက်သွန်ဖြူ ခုနစ်မြွှာနှင့် ကြက်သွန်နီ ဥကြီးတစ်ဥကို ထောင်းထည့်ပါ။ ချင်းလက်ညှိုး တစ်ဆစ်ခန့် ကိုလည်း ဓားပြားရိုက်ပြီး ထုထောင်းထည့်ပါ။ ထိုဟင်းချိုရည် ကို ကြွေပန်းကန် လုံးကြီးတွင် ထည့်ပြီးသော အခါ ရှောက်ရွက် ခုနစ်ရွက်ကို ကတ်ကြေးဖြင့် ပါးပါး ညှပ်ထည့်ပါ။ ခေတ္တမျှ အုပ်ထားပြီး ဖွင့်လိုက်သော အခါ အနံ့မွှေးသော ရှောက်ရွက်ဟင်းချို ရနိုင်ပါသည်။ ဆားအနည်းငယ်နှင့် ပုစွန်ခြောက် အနည်းငယ် ထည့်လျှင်လည်း ပို၍ကောင်းသော ဟင်းချိုတစ်ခွက် ရနိုင်ပါသည်။

ရှောက်ရွက်ဟင်းချို ပြုလုပ်ရန် အလွန် လွယ်ကူသဖြင့် နေ့စဉ် သို့မဟုတ် တစ်ပတ်လျှင် သုံးရက်ခန့် သောက်သုံးပေးလျှင် ရောဂါများမှ ကာကွယ် နိုင်ကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

Thursday, July 28, 2016

မိုးရေထဲသွားပြီး ခြေထောက်ရေစိုလျှင် ရေနွေးမသောက်သင့်


မိုးရေထဲသွားပြီး ခြေထောက်ရေစိုလျှင် ရေနွေးမသောက်သင့်

ကြည်လွင်မြင့် (မုဒြာ)

မိုးရာသီ ရောက်သောအခါ အိမ်အပြင် ထွက်ပြီး မိုးစိုလာသူများ ဖျားနာတတ် ကြသည်။ အပြင်ထွက်ရင်း မိုးမိပြီး နေမကောင်း ဖြစ်သူ၊ အအေးပတ်ပြီး ဖျားနာသူများ ရှိသကဲ့သို့ ခြေထောက်တွင် အချိန် ကြာမြင့်စွာ ရေစိုသူများမှာ အထက်သို့ အပူကန် ရောဂါများ ဖြစ်တတ်သည်။ အပူကန် ခြင်းကြောင့် လည်ချောင်း နာခြင်း၊ အာသီးရောင်ခြင်း၊ ပသိကျိတ် ရောင်ခြင်း၊ သွားဖုံးကြွ ၍ သွားနာခြင်း၊ မျက်စိ နီရဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ နားပြည်ယို ခြင်းများ ဖြစ်နိုင်သည်။

မိုးရွာပြီး ရေစီးရေလာ မကောင်းသော၊ ရေဝပ်သော အရပ်တွင် နေထိုင်သူများ၊ ရေမြုပ်သည့် ရပ်ကွက်များ၌ နေထိုင်သူ များတွင် အဖြစ်များသော ရောဂါမှာ အအေးပတ် နှာစေးခြင်း၊ အဖျားအနာ ဖြစ်ခြင်းများ အပြင် အစာမကြေခြင်း၊ လည်ချောင်း နာခြင်း၊ အစာအိမ် ရောင်ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း၊ ဆီးအောင့်ခြင်း နှင့် အမျိုးသမီး များတွင် မီးယပ်ဖြူ ဆင်းရောဂါများ အဖြစ် များသည်ကို တွေ့ရသည်။

မိုးရာသီ မဟုတ်ဘဲ ရေစိုသည့် အလုပ် အထူးသဖြင့် ခြေထောက် တစ်ပိုင်း ရေစိုသည့် အလုပ်လုပ် ရသည့် ရေလုပ်သားများ၊ ရေခဲစက် နှင့် အအေးခန်းတွင် ကြမ်းပြင် ရေစိုနှင့် အလုပ်လုပ် ရသူများ၊ ဘိလပ်မြေ လောင်းသည့် ပန်းရန် လုပ်သားများတွင် အဖြစ်များသော ရောဂါမှာ ဆီးအောင့်၊ ဆီးချုပ်ရောဂါ နှင့် လေအောင့်၊ လေနာရောဂါ ဖြစ်ကြောင်း တွေ့ရသည်။ ဤသို့ ဖြစ်ရခြင်းမှာ ခြေထောက် အေးပြီး အပူအထက် သို့ ကန်ခြင်းကြောင့် ဖြစ်သည်။

အရပ်ထဲတွင် အိမ်တကာ လှည့်ပြီး အဝတ်လျှော်သော အမျိုးသမီးကြီး တစ်ဦးမှာ အသက် ၄ဝ မကျော်သေးဘဲ မျက်စိမှုန် ရောဂါနှင့် အတွင်းတိမ်စွဲ ရောဂါ ခံစား နေရကြောင်း တွေ့ရသည်။ အဝတ်လျှော်သော အလုပ်သည် ခြေထောက် သာမက လက်နှစ်ဖက်ပါ အမြဲရေစို သော အလုပ်ဖြစ် သဖြင့် အပူများ အထက်သို့ စုကာမျက်စိ အတွင်းရှိ မှန်ဘီလူးတွင် အငွေ့များ ရိုက်ပြီးအမြင် မှုန်ဝါးကာ တိမ်စွဲရခြင်း ဖြစ်သည်။

ရေချိုးသော အခါ ဒူးဆစ်မှ အောက်ပိုင်း ရေအရင် မလောင်းဘဲ ရေချိုးသူ များလည်း အသက်ငယ်ငယ် နှင့် မျက်စိမှုန် ရောဂါ ရတတ်သည်။ ရေချိုးသော အခါ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ဒူးဆစ်၏ အောက်ပိုင်း အခိုးထွက်အောင် ရေငါးခွက်ခန့် လောင်းပြီးမှသာ အထက်ပိုင်း ရေလောင်းချိုး သင့်သည်ကို သတိပြုပါ။ အညောင်းထိုင် သူများသည် ရေမချိုးသည့်တိုင် ညအိပ်ရာ ဝင်ချိန်တွင် ခြေထောက် ဒူးအောက်ပိုင်း ရေလောင်းပြီးမှအိပ်လျှင် မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်းအပြင် အညောင်း အကိုက် ရောဂါများပါ သက်သာ စေနိုင်သည်။

လူတို့သည် မိုးမိလာပြီး ခြေထောက်ရေစို လာလျှင် ရေနွေး သောက်ခြင်း၊ ကော်ဖီပူပူ သောက်ခြင်းများ ပြုလုပ်လေ့ ရှိသည်။ ဤသို့ ပြုလုပ်ခြင်းသည် ရုတ်တရက် ချက်ချင်း ဘာမျှမဖြစ်နိုင် သော်လည်း ရိုးရာ ဆေးပညာ ရှုထောင့်မှ ကြည့်လျှင် မမှန်ကန်ပေ။ လျှာတွင် အရသာအားဖြင့် ပူနွေးသွားသည် မှန်သော်လည်း အထက်သို့ တက်နေသည့် အခိုးအကင်းကို မနိုင်ပေ။

လည်ချောင်း လေပြွန်နှင့် အာခေါင် အတွင်းမှ အပူခိုး၊ အပူငွေ့များသည် အာခေါင် အထက်ရှိ အပေါက်အခေါင်း မှတစ်ဆင့် မျက်စိသို့ တက်သွားခြင်း ကြောင့် မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်းတို့ ရေရှည်တွင် ဖြစ်စေနိုင် သည်ကို သတိပြု သင့်သည်။ တစ်ခါတစ်ရံ မျက်စဉ်းခတ်လျှင် မျက်စဉ်း အရည်သည် အာခေါင် အတွင်းသို့ ရောက်ပြီး ခါးလာသည်ကို သတိထားမိလျှင် အခိုးအကင်းများ တက်သည့် အပေါက် ရှိသည်ကို သတိပြုမိ ပေလိမ့်မည်။

မိုးရာသီတွင် အပြင်သွားပြီး ခြေထောက် ရေစိုလာလျှင် အဝတ်အစားလဲ၊ ခြေထောက်မှ ရေကိုခြောက်အောင် အရင်သုတ်ပါ။ ထို့နောက် အာခေါင်နှင့် လည်ချောင်းအတွင်း ရောက်နေသော အခိုးများ မျက်စိသို့ မရောက်အောင် ရေအေးအေး တစ်ခွက်သောက်ခြင်း ဖြင့် အပူကန်ခြင်း ဝေဒနာရောဂါ များမှ ကင်းဝေး စေနိုင်ကြောင်း တင်ပြအပ် ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

Friday, July 22, 2016

ဝမ်းချုပ်ခြင်းသည် ရောဂါတို့၏ အရင်းအမြစ် ဖြစ်လေသလော


ဝမ်းချုပ်ခြင်းသည် ရောဂါတို့၏ အရင်းအမြစ် ဖြစ်လေသလော

ကြည်လွင်မြင့် (မုဒြာ)

ဝမ်းချုပ်ခြင်းသည် အခြေအမြစ် တည်၍ ဖြစ်ရသော ရောဂါမျိုးတို့ အနက် ၉ဝ ရာခိုင်နှုန်း တို့၏ အရင်းမူလ ဖြစ်ကြောင်းကို ကမ္ဘာကျော် ဆရာဝန်ကြီး တစ်ဦးဖြစ်သော ဆာဝီလျံကိန်း ဆိုသူက ထုတ်ဖော် ရေးသားခဲ့ဖူး လေသည်။

သို့ရာတွင် ဝမ်းချုပ်ခြင်း သည် ရုတ်တရက် ရှောင်တခင် ဖြစ်ပေါ်လာသောရောဂါ ဖြစ်လေသလော ဟု ဆန်းစစ်ပြန်သည့် အခါ ဝမ်းချုပ်ခြင်း မဖြစ်မီ တခြားသော ဖောက်ပြန်မှု တို့ ရှိသေးသည်ကား မှန်၏။ သို့ရာတွင် အစာဟောင်းများ စုဝေးရာ ဖြစ်သော အူမသည် အဘယ် အကြောင်းကြောင့် ကောင်းစွာ အလုပ်မလုပ် ရလေသနည်း ဟု တစ်ထစ်စီ လျှောက်ရန် ရှိသေးသည်။

အစာ ခြေဖျက်သော စက်ရုံကြီး တစ်ခုလုံး အားနည်းနေခြင်း သို့မဟုတ် အာရုံကြောများ အားနည်း ဆုတ်ယုတ်ခြင်းသည် ဝမ်းချုပ်ခြင်း၏ အကြောင်းရင်း ဖြစ်သည်ကို တွေ့ရလေသည်။ အစာခြေဖျက်အား နည်းခြင်း၊ အာရုံကြော များ အားနည်းခြင်း တို့မှာလည်း အညစ်အကြေးများ စုဆောင်းမှု တို့ကြောင့် ဖြစ်ပေရာ အညစ်အကြေးများ စုဆောင်းမှု သည်လည်း မသင့်တင့်သော အစာ အာဟာရ တို့ကြောင့် ဖြစ်ရပေကား ကျွန်ုပ်တို့ ပြုပြင်ပေး နိုင်သော အရာသည် အစာ အာဟာရပင် ဖြစ်ချေ၏။ (ဆရာကြီးေ ရွှဥဒေါင်း၏ အာဟာရနှင့် ကျန်းမာရေးမှ ကောက်နုတ်ချက်)

စာရေးသူ၏ ဆေးကုသခဲ့သော နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံအရ ရောဂါ ဖြစ်ပွားသူ လူနာအတော် များများ၏ ပြဿနာမှာ ၀မ်းချုပ်ခြင်း ၊ ၀မ်းသွားဖို့ ခက်ခဲခြင်း၊ ဆေးဝါးမကူဘဲ သဘာဝအတိုင်း ဝမ်းမသွားခြင်းစသော ပြဿနာများ ရှိနေကြောင်း တွေ့ရသည်။ အထူးသဖြင့် နောက်ကြောတက် နှင့် အညောင်း အကိုက်လူနာ အားလုံးနီးပါးမှာ ဝမ်းချုပ်သည်ကို တွေ့ရသည်။ ဇက်ကြောတက် ရောဂါကြောင့် အမြဲအနှိပ်ခံ နေရသူ တစ်ဦးသည် သေချာစွာ စစ်ဆေးသော အခါ အတွင်းလိပ်ခေါင်း ရောဂါရှိပြီး ဝမ်းချုပ်သူ ဖြစ်ကြောင်း တွေ့ရသည်။ လိပ်ခေါင်းရောဂါ ကို ကုသပြီးနောက် ၀မ်းလည်း မှန်လာသည့်အခါ ဇက်ကြောတက် ရောဂါ ပျောက်သွားပြီး အနှိပ်လည်း မခံရတော့ ဟု ဆိုသည်။

မျက်စိကြောင့် ဇက်ကြော တက်ခြင်း၊ မျက်ရိုးကိုက်ခြင်း ၊ ခေါင်းကိုက်ခြင်း ဝေဒနာ ခံစားရသူ များသည် မူလက ဝမ်းချုပ်ခြင်းကြောင့် ဖြစ်ခဲ့ကြောင်း တွေ့ရသည်။ ဝမ်းချုပ်သော အခါ အူတွင်းမှ အခိုးအငွေ့ များသည် ခန္ဓာကိုယ် အထက်ပိုင်းသို့ တက်ပြီး မျက်စိ မှုန်ဝါးခြင်း၊ ဇက်ကြော တက်ခြင်း ဝေဒနာများကို ဖြစ်ပွား စေနိုင်သည်။ မျက်စိဒီဂရီ မတိုးစေရန် ရေများများ သောက်ပြီး ဝမ်းမှန်စေခြင်းဖြင့် ကာကွယ် နိုင်သည်ဟု ဆိုနိုင်သည်။

အိပ်ရာထဲတွင် လှဲနေရသည့် ရောဂါများ၊ လေဖြတ်သူများ ၊ နာတာရှည် ရောဂါကြောင့် အစာကြေ အားနည်းသူများ အားလုံး၏ နောက်ဆက်တွဲ ပြဿနာမှာ ၀မ်းချုပ်ခြင်းပင် ဖြစ်သည်။ ဝမ်းနုတ်ဆေး ပေးလျှင်လည်း ဝမ်းပျက်သည့် ပြဿနာကြောင့် မပေးရဲ။ ဝမ်းချူပေး နေရသည့် လူနာ များစွာရှိသည်။ စမြင်းခံခြင်း ခေါ် ၀မ်းအမာများ ပိတ်ဆို့မှုကြောင့် အူမကြီး ရောင်ခြင်း၊ သွေးယိုခြင်းများ ဖြစ်ပွားနိုင်သည်။

တိုင်းရင်းဆေးများ၊ ကြော်ငြာ ရောင်းချသည့် ဆေးများကို ဝယ်ယူသုံးစွဲ နေကြသူများ ၏ ၉ဝ ရာခိုင်နှုန်း မှာလည်း ဝမ်းချုပ်သည့် ပြဿနာကြောင့် ဝမ်းသွားဖို့ အခြေခံ ပြုလုပ်ထားသည့် ထိုဆေးများကို ပုံမှန်ဝယ်ယူ သုံးစွဲနေကြောင်း တွေ့ရသည်။ ဆေးဆရာ များကလည်း ဝမ်းတစ်လုံး ကောင်းလျှင် ခေါင်းတစ်လုံး မခဲ ဟူသော စကားကို အခြေခံထားပြီး ဝမ်းသွားသည့် ဆေးများကို လက်ကိုင် လက်စွဲပြု၍ ကုသကြ သည်ကို တွေ့ရသည်။

တိုင်းရင်းဆေး များတွင် ဝမ်းသွားစေရန် အတွက် အများဆုံး အသုံးပြုသည်မှာ ပွေးကိုင်းရွက် နှင့် ကနခိုစေ့များ ဖြစ်သည်။ ထိုဆေးမည် များသည် အူကို လှိုင်းထ လှုပ်ရှားစေသဖြင့် ၀မ်းသွားချင် စိတ်ကို ဖြစ်စေနိုင်သည်။ ထိုဆေးမည် များသည် လွန်ကဲလျှင် လူကို ဥပဒ်ပေးနိုင်သဖြင့် သန့်စင်ပြီးမှ သုံးစွဲသင့်သည့် ဆေးအမည်များ ဖြစ်သည်။ အနောက်တိုင်း သုတေသီ များကလည်း ထိုဆေးအမည် များကြောင့် အသည်းနှင့် ကျောက်ကပ် ကို ထိခိုက်ပျက်စီးခြင်း မရှိစေရန် ရေရှည်စွဲ၍ မသုံးစွဲသင့် ဟု ဆိုသည်။ ဝမ်းနုတ်ဆေး စားမှ သွားသည့် ဝမ်းသည် သဘာဝဝမ်း မဟုတ်ပေ။ လူ့ခန္ဓာကိုယ် အတွက် လိုအပ်သော အာဟာရများ အူမှ မစုပ်ယူရသေးမီ ၀မ်းနုတ်ဆေး သုံးစွဲခြင်းကြောင့် ၀မ်းသွားရာတွင် ပါသွားနိုင်သည်။

ရုံးအထိုင်များပြီး ဗိုက်စူထွက် လာသူ အရာရှိကြီး တစ်ဦးသည် ဝမ်းချုပ်သော ဝေဒနာပါ နောက်ဆက်တွဲ ရလာသည်။ ထိုသူသည် ညနေဘက် ရုံးမှအပြန်တွင် မဝေးလှသော အိမ်သို့ ကားမစီးဘဲ လမ်းလျှောက် ပြန်သည်။ နံနက် စောစောတွင်လည်း ရေအဝ သောက်ပြီး လမ်းထလျှောက် သည်။ ဤနည်းဖြင့် ဝမ်းမှန်ပြီး ဗိုက်စူထွက်ခြင်း မှလည်း လျော့ကျကာ ကျန်းမာ လာသည်ဟု ကိုယ်တွေ့ကို ပြောပြသည်။

လူနာတို့ကို ၀မ်းသွားမည့် သဘာဝ နည်းလမ်းမှန်ကို ညွှန်ပြသည့် ဆရာက နည်းသည်။ ၀မ်းချုပ်သည် ၊ အကြောတက်သည် ဆိုလျှင် မိမိလက်ကိုင်ပြုသည့် ၀မ်းနုတ်ဆေး တစ်မျိုးမျိုးကိုသာ ပေးလိုက်သည်က များသည်။ ထိုဆေးကို သဘောကျသည့် လူနာသည် စွဲ၍ စားရင်းစားရင်း ဆေးမကူလျှင် ၀မ်းမသွားသည့် ဘ၀သို့ ရောက်သွား တော့သည်။ ဤ ကုသနည်းသည် အမှန်အကန် မဟုတ်ပေ။ ဝမ်းနုတ်ဆေး စားသုံးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးမှာ အူနှင့်အူမကြီး အတွင်း အချွဲအမြှေးများ နေ့စဉ်ဝမ်း နှင့်အတူ ပါသွားခြင်းကြောင့် အူတွင်းနံရံ ပါးသွားပြီး အနာ ဖြစ်လွယ်ခြင်း၊ ရောင်ခြင်း၊ ဝမ်းကိုက်ပိုး များက အူနံရံကို ကိုက်သဖြင့် သွေးယိုစီးခြင်း စသော အူသိမ် အူမနှင့် ဆိုင်သည့် ရောဂါမျိုးစုံ ဖြစ်နိုင်သည်။

ဝမ်းချုပ်သူ အတော်များများ သည် အထိုင်များသူ၊ ကားစီးသူ၊ လမ်းလျှောက် နည်းသူများ ဖြစ်ကြသည်။ အသားစားများ သူနှင့် အသီးအရွက် အစားများသူ တို့တွင်လည်း အသားစားများ သူက ပို၍ဝမ်းချုပ် သည်ကို တွေ့ရသည်။ ၀မ်းမှန် ကျန်းမာစေသော နည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြလိုက် ပါသည်-

  • နံနက်အိပ်ရာထ ၊ ညအိပ်ရာဝင် ရေများများ သောက်ပါ။
  • အားလပ်သောအချိန်တိုင်းတွင် လမ်းလျှောက်ပါ။
  • အသားနှင့်အဆီစားခြင်းကို လျှော့ပြီး အသီးအရွက်ကို ပို၍စားပါ။
  • အစာစားတိုင်း အရည်သောက် ဟင်းရည် ပါပါစေ။ ချဉ်စော်ကားသီး ၊ ကင်ပွန်းချဉ်ရွက် ၊ ချဉ်ပေါင်ရွက် ဟင်းရည်များသည် ၀မ်းမှတ်စေနိုင်သည်။
  • မှန်ကျည်းမှည့် ပါသော သီးရွက်စုံချဉ်ဟင်း သည် ၀မ်းကို မှန်စေပါသည်။
  • ကြာဟင်းဖူး ကို ပြုတ်ပြီး မြေပဲထောင်းနှင့် သုပ်စားပါက ၀မ်းသွား စေနိုင်သည်။
  • အစာစားပြီးလျှင် ထိုင်မနေပါနှင့်၊ ခေတ္တထပြီး လမ်းလျှောက်ပါ။
  • ညအိပ်ရာမ၀င်မီ သင်္ဘောသီး ၊ ငှက်ပျောသီးမှည့် များစားလျှင် ၀မ်းကို ပျော့စေနိုင်သည်။
  • ရှောက်သီးအရည် ၊ ပျားရည် ၊ ဆားခါး ရောစပ် သောက်ခြင်းသည် သင့်တင့်သော ၀မ်းနုတ်ဆေး ဖြစ်သည်။
  • နွားနို့အစိမ်းကို ဆားခတ်ပြီး နံနက်အိပ်ရာထ အစာမစားမီ သောက်သုံးပေးလျှင် ၀မ်းမှန်စေနိုင်သည်။
  • နံနက်စောစောထပြီး လမ်းလျှောက်ခြင်းဖြင့် ၀မ်းမှန် စေနိုင်သည်။


မြ၀တီနေ့စဉ် ၊ စာ(၈)

Tuesday, July 19, 2016

လေ၀ သို့မဟုတ် ဗိုက်စူထွက်ခြင်း၏ အဓိက အကြောင်းရင်းများ


လေ၀ သို့မဟုတ် ဗိုက်စူထွက်ခြင်း၏ အဓိက အကြောင်းရင်းများ

ကြည်လွင်မြင့် (မုဒြာ)

အနောက်တိုင်း ဆေးပညာတွင် ဝလာခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်း မှန်သမျှသည် ခန္ဓာကိုယ်တွင် အဆီများ စုပုံလာပြီး ကိုလက်စထရော တက်လာခြင်း၏ အကြောင်းရင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာဆေးပညာ တွင်မူ အဆီဝ နှင့် လေဝ ဟူ၍ နှစ်မျိုးရှိသည်။

အိန္ဒိယမှလာသော အာယုဗေဒ ဆေးပညာ တွင်ကား လေ၊ သည်းခြေ၊ သလိပ်တို့ဖြင့် ဖွဲ့စည်းထားသော၊ တည်ဆောက် ထားသော ခန္ဓာကိုယ်ကြီး တွင် လေကြောင့်လည်း ဝနိုင်သည်၊ သလိပ် ကြောင့်လည်း ဝနိုင်သည်၊ သည်းခြေ ကြောင့်လည်း ပိန်နိုင်သည်။

သလိပ်ဆိုသည်မှာ အချွဲအမြှေး စေးကပ်သော ဓာတ်သဘော၊ ဆူဖြိုးသော ဓာတ်သဘောကို ရည်ညွှန်း ဆိုလိုသည်။ ပါးစပ်မှ ထွေးထုတ်ပစ်သော သလိပ်ကို မမြင်ပါနှင့်။ သလိပ်ဓာတ် အားကောင်းသူ သည် ဆူဖြိုးသော ခန္ဓာကိုယ်ရှိပြီး စိုပြည်သော အသားအရေ ရှိမည်။ အေးသော အသားအရေ ရှိမည်ဖြစ်သည်။ အဆီလည်း များသည်။ အသားထက် အဆီထူလာသော ဝခြင်းမျိုး ကို သလိပ်ဝ ဟု ခေါ်ခြင်းဖြစ်သည်။

သည်းခြေဓာတ်၏ သဘောမှာကား ထက်မြက်ခြင်း၊ ပူခြင်း၊ စပ်ခြင်းသဘော ရှိသည်။ ဆီးနှင့်ဝမ်း တို့ကို ရွှင်စေသော သဘောရှိသည် ဟု ဆိုသည်။ အသားအရေ ၏ အရောင်ညိုခြင်း၊ မည်းခြင်း၊ ဝါခြင်း၊ တောက်ပခြင်း တို့သည် 

သည်းခြေနှင့် ဆိုင်သည်။ ထို့ပြင် မှတ်ဉာဏ်နှင့် သာဓကဉာဏ်၊ ဇဝနဉာဏ် ကောင်းခြင်းတို့ သည်လည်း သည်းခြေနှင့်ပင် ဆိုင်သည်။ ပါစကသည်းခြေ ဆိုလျှင် ဆရာဝန်တို့ သိသော အသည်းတွင် တွယ်ကပ်နေသည့် သည်းခြေအိတ် မှထွက်သော သည်းခြေရည် ဖြစ်ပြီး အစာခြေ ရာတွင် အထောက်အကူ ပြုသည်။ သည်းခြေ အားကောင်းသူ သည် ပေါ့ပါး သွက်လက်သည်။ ဉာဏ်ကောင်းပြီး လျင်မြန် ပေါ့ပါးသူ ဖြစ်သည်။ စိတ်ဆတ်ပြီး စိတ်တိုလွယ်သော သူသည် သည်းခြေ ပကတိ လူသားဖြစ်သည်။ သို့သော် သည်းခြေဓာတ် လွန်ကဲလျှင် အစာအိမ်ကို ပြန်လောင်ပြီး အစာအိမ်နာ ရောဂါ ဖြစ်တတ်သည်။ လူကို ပိန်ကြုံစေသည်။

လေပကတိ၏ သဘောမှာ သွက်လက် စေသည်။ လေကဲ့သို့ ပေါ့ပါးသည်။ ပြေးလွှား လုပ်ဆောင်ရသော အလုပ်မျိုးတွင် စွမ်းဆောင် နိုင်သည်။ စကားပြော များသည်။ အအိပ်အနေ နည်းသည်။ စိတ်ဂနာ မငြိမ် ဖြစ်တတ်သည်။ သွား၊ လာ၊ ထိုင်၊ ထ ရာတွင် အဆစ်အဆက် များမှ အသံမြည် တတ်သည်။ ဤသည်မှာ လေပကတိ လူသားတွင် တွေ့ရသည့် သဘောပင် ဖြစ်သည်။ သို့သော် လေသမားသည် သည်းခြေသမား ကဲ့သို့ မပိန်ဘဲ တစ်ခါတစ်ရံ ဝလာတတ်သည်။ လေပကတိ လူသားဝလျှင် သလိပ်ပကတိ လူသားကဲ့သို့ လက်ချောင်း၊ ခြေချောင်းများနှင့် မျက်နှာတွင် ပြည့်ဖြိုး ဖောင်းကား မလာဘဲ ဝမ်းဗိုက်တွင် စူထွက် လာတတ်သည်။ မျက်နှာနှင့် လက်ချောင်း၊ ခြေချောင်းများမှာ လိုက်ဝမလာဘဲ ပုံမှန်ပင် ဖြစ်နေ တတ်သည်။ ဝသော်လည်း သွက်လက်စွာ လှုပ်ရှားနေသူ၊ စကားပြော နေသူများမှာ လေဝများ ဖြစ်ပေသည်။

လေဝသမား များသည် ငြိမ်ငြိမ် နေတတ်ပြီး အထိုင်များသော အလုပ်မျိုးနှင့် မကိုက်ညီပေ။ အထိုင်များလျှင် ဗိုက်ပိုစူ လာခြင်းမှာ ဝမ်းဗိုက် အတွင်းရှိ အူမကြီးများတွင် လေခိုပြီး ဖောင်းလာခြင်း ကြောင့် ဖြစ်သည်။ ဝမ်းချုပ်လေ့ ရှိသည်။ ဝမ်းချုပ်ရခြင်း မှာ လေသည် အထက်သို့ ဆန်ပြီး အောက်သို့ မစုန်သောကြောင့် ဖြစ်သည်။ လေစာများများ စားလျှင် ပို၍ဆိုးသည်။ လေကြောင့် အစာမကြေ ခြင်းနှင့် ခေါင်းအုံမူးဝေခြင်း၊ ဇက်ကြောထိုးခြင်း များပါ ဖြစ်နိုင်လေသည်။

ဗိုက်စူထွက်ပြီး လေဝ ဝနေသူ များသည် လေစာများကို သိထားရန် လိုသည်။ အခါးဟူသမျှ လေဓာတ် ကြွယ်သည်ဟူသော အဆိုရှိသည်။ ခါးသော အရသာရှိသည့် ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ ကြက်ဟင်းခါး၊ လက်ဖက် စသည်တို့သည် လေစာများ ဖြစ်သည်။ အေးသောအခါ ခါးသွားသည့် မုန်ညင်း၊ မုန်လာ၊ ကိုက်လန်၊ ဟင်းနုနယ်၊ မြူရွက်၊ မဲဇလီဖူး၊ ဂေါ်ရခါးညွန့် စသည် တို့မှာလည်း လေစာများ ဖြစ်သည်။

လေဝဖြစ်ပြီး ဗိုက်စူသူများသည် လက်ဖက်ရည်ဆိုင် ထိုင်ပြီး ရေနွေးကြမ်း (အဖန်ရည်) သောက်လျှင်လည်း ပိုဆိုးတတ်သည်။ ဗိုက်စူသည့် အပြင် လေချုပ်သည့် ရောဂါ ပါရတတ်သည်။ လေချုပ်လျှင် ခံတွင်းပျက်၊ အစားပျက်၊ အစာမကြေ ဖြစ်စေနိုင်သည်။ အထူးသဖြင့် ရေနွေးကြမ်း၊ အဖန်ရည် ကို တစ်ခွက်၊ နှစ်ခွက်ထက် ပိုပြီး မသောက်သင့်ပေ။ ရှေးခေတ်က လူကြီးများသည် အဖန်ရည် သောက်လျှင် ဆားလှော် အနည်းငယ် ထည့်သောက်လေ့ ရှိသည်။ လေမချုပ်၊ ဝမ်းမချုပ်စေရန် ထည့်သောက်ခြင်း ဖြစ်သည်။ ယခုခေတ်တွင် ဆားထည့်လျှင် သွေးတိုးမည် ထင်သဖြင့် ထိုဓလေ့မှာ ပျောက်ကွယ် သလောက်ရှိပြီ ဖြစ်သည်။ အသင့်အတင့် ထည့်ရုံဖြင့် သွေးမတိုးနိုင်ပါ။

ဗိုက်စူနေသူ များသည် နိမ့်ပြီး အိစက်သော ဆိုဖာများတွင် ထိုင်ပြီး အလုပ်လုပ်ခြင်း မသင့်လျော်ပါ။ ဆိုဖာကြောင့် ဗိုက်ကြောများမှာ ခေါက်ဝင်ပြီး ပိုစူထွက်နိုင်သည်။ ဆိုဖာထိုင်ခုံတွင် ထိုင်ပြီး တီဗွီဇာတ်လမ်း တွဲများကြည့်ခြင်း၊ စကားကြာကြာ ပြောခြင်း များကြောင့် ဗိုက်စူထွက်ခြင်းမှာ ပိုဆိုးလာ နိုင်သည်ကို သတိပြုသင့်သည်။ ဗိုက်စူနေသူ များသည် ထမင်းစားလျှင် ပူပူနွေးနွေးစားမှ အစာကြေမည်။ အေးစက် နေသော ထမင်း၊ ဟင်းစားလျှင် အစာမကြေ ဖြစ်ပြီး လေပိုပွ စေနိုင်သည်။ ဟင်းချိုရည် ပူပူ သောက်စားခြင်းဖြင့် လေကိုအောက်သို့ ကျစေနိုင်သည်။ အချိုရည်နှင့် ရေခဲရေများ သောက်ခြင်းသည် အစာမကြေ ဖြစ်စေသည့်အပြင် လေကိုပျက်စေ နိုင်သည်။ ဝမ်းပိုချုပ် စေနိုင်သည်။

လေသမား များအတွက် အရေးပါသည့် အချိန်မှာ ညနေစောင်း အချိန်ဖြစ်သည်။ နံနက် သလိပ်၊ နေ့လယ် သည်းခြေ၊ ညနေလေ ဟု အဆိုရှိသဖြင့် လေသမားများ အတွက် ဓာတ်စာပေးလျှင် ညနေ အချိန်တွင် ပေးလေ့ ရှိသည်။ ညနေစောင်း (ညနေ ၃ နာရီမှ ၆ နာရီ အတွင်း) တွင် ရှောက်ဖျော်ရည်၊ မန်ကျည်းမှည့် ဖျော်ရည်၊ ကမ္ဗလာသီး ဖျော်ရည်၊ ဆီးဖျော်ရည်များ တိုက်ကျွေးလျှင် လေအောက် သက်ပြီး ဝမ်းမှန် စေသည်ဟု ရှေးက ဆရာကြီးများ ပေးလေ့ရှိသော ဓာတ်စာ ဖြစ်သည်။

လေမျိုးရှစ်ဆယ် ဆေးသည် ရှေး ကုန်းဘောင်ခေတ် မှစ၍ သမားတော်များ သုံးသော လက်စွဲဆေး ဖြစ်သည်။ ထိုဆေးတွင် လေကြေစေသော သိန္ဓောဆား နှင့် ဇဝက်သာ ဆားများ ပါဝင်သည်။ လေမျိုးရှစ်ဆယ် ဆေးနည်းကို အောက်တွင် ဖော်ပြထားသည်။ မည်သူမဆို မိမိအိမ်သုံး အတွက် ပရဆေးဆိုင် များတွင် ဖော်စပ်သုံးစွဲ နိုင်သည်။

လေမျိုးရှစ်ဆယ် ဆေးကို လျက်ဆားကဲ့သို့ ထမင်းစားပြီးလျှင် လျက်လည်း ရသည် သို့မဟုတ် ရှောက်သီး အရည်ဖြင့် ဖျော်ပြီး သောက်လျှင်လည်း ရသည်။ အဆီကျ ပိန်လိုသူများသည် လေမျိုးရှစ်ဆယ် ဆေးကော်ဖီဇွန်းငယ် တစ်ဇွန်းကို ရေနွေးသောက်သည့် ကြွေပန်းကန် တစ်လုံးတွင် ထည့်၍ ရှောက်သီးအရည် ကြွေဇွန်း သုံးဇွန်းဖြင့် ဖျော်စပ်ပါ။ ချက်ချင်းဖျော်ပြီး ချက်ချင်း သောက်ပါ။ ခံတွင်းချဉ်လျှင် ရေအေးတစ်ခွက် သောက်ပါ။ နေ့စဉ် ညနေ ၃ နာရီမှ ၆ နာရီအတွင်း အစာနှင့် ဝေးချိန်တွင် သောက်ပေးလျှင် အဆီကျပြီး ပိန်စေနိုင်သည်။ လေပွပြီး ဗိုက်စူထွက် ခြင်းကို သက်သာစေသည်။ တစ်လခန့် မှန်မှန်သောက်ရန် လိုပါသည်။

လေမျိုးရှစ်ဆယ်ဆေးနည်း
===============
ဆေးတွင် ပါဝင်သော ကုန်ကြမ်းနှင့် အလေးချိန်
၁။ ဖာလာငယ် ၈ ပဲသား
၂။ လေးညှင်းပွင့် ၁၂ ပဲသား
၃။ ကွက္ကရာ ၁၂ ပဲသား
၎။ ပရုတ် ၃ ကျပ် ၄ ပဲသား
၅။ နွယ်ချို ၅ ကျပ် ၈ ပဲသား
၆။ ဆားပုပ် ၆ ကျပ် ၄ ပဲသား
၇။ ဇဝက်သာ ၁၂ ကျပ် ၈ ပဲသား
၈။ သိန္ဓော ၂၅ ကျပ် သုညပဲသား
---------------------------------------------
စုစုပေါင်းအလေးချိန် ၅၄ ကျပ် ၈ ပဲသား
---------------------------------------------

လတ်ဆတ်သော ဆေးဝါး၏အရောင် - သနပ်ခါးရောင်၊  ဖြူဝါဖျော့
လတ်ဆတ်သော ဆေးဝါး၏အနံ့ - ပရုတ်လွှမ်းသော အနံ့ 
လတ်ဆတ်သော ဆေးဝါး၏အရသာ - အေး၊ ချို၊ ငန်၊ စပ်
အဓိကနိုင်သော ရောဂါများ - လေနာရောဂါများ၊  သလိပ်ကပ် ၊ ချောင်းဆိုး
ဆေးတစ်ခွက်စာ ပမာဏ - လူကြီး နှစ်ပဲသား (ကော်ဖီဇွန်းငယ် တစ်ဇွန်း)၊ ကလေးတစ်ပဲသား (ကော်ဖီဇွန်းငယ် ဇွန်းဝက်)။

မြ၀တီနေ့စဉ် ၊ စာ(၈)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger