www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ရန်ကုန်သတင်း. Show all posts
Showing posts with label ရန်ကုန်သတင်း. Show all posts

Monday, October 8, 2018

ကျောင်းပေါင်း ၁၈ ကျောင်းတွင် ပြေးဆွဲနေသော ကျောင်းကားများကို စုစည်း၍ အများပိုင် ကုမ္ပဏီ ဖွဲ့စည်းရန် ညှိနှိုင်း ဆွေးနွေး



ရန်ကုန် အောက်တိုဘာ ၇
-
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းပေါင်း ၁၈ ကျောင်းတွင် ပြေးဆွဲနေသော ကျောင်းကားများ စုစည်း၍ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းတွင် တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်း၌ ပြုလုပ်ခဲ့သည်။
-
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းထံသို့ ကျောင်းကားအစီးရေ ၂ဝဝ ဝယ်ယူရာတွင် ၅ ဒသမ ၅ ဘီလီယံ ရှယ်ယာ ထည့်ရန်၂ဝ၁၈ ခုနှစ် သြဂုတ်လက ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။
-
''သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ YRTA က ကျွန်တော်တို့ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းကို ကျောင်းကား အစီးရေ ၂ဝဝ ဝယ်ယူဖို့ လွန်ခဲ့တဲ့ နှစ်လ ကျော် သုံးလကတည်းက ကမ်းလှမ်းခဲ့တယ်။ ကျွမ်းလည်း မကျွမ်းကျင်ပါဘူး။ လက်ရှိ ကျောင်းကားလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင်တွေအပေါ်ကို လုပြီးတော့ လုပ်တဲ့သဘော သက်ရောက်မှာ စိုးတဲ့အတွက် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုပြီး အခုလို အများပိုင်ဖွဲ့ဖို့ ကမ်းလှမ်းခဲ့တာပါ''ဟု မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း ကပြောသည်။
-
ယင်းကဲ့သို့အများပိုင် ခေါ်ယူရာတွင် အစုတစ်စုလျှင် တစ်သောင်းနှုန်းဖြင့် သတ်မှတ်ထားပြီး မိမိစိတ်ကြိုက် တစ်သောင်းမှစ၍ ပါဝင်နိုင်ကြောင်း သိရသည်။
-
ကျောင်းကားအများပိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မည်ဆိုပါက အစိုးရ၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းနှင့် မူလပြေးဆွဲနေသော တစ်နိုင်တစ်ပိုင်ကျောင်း ကားလုပ်ငန်းရှင်များ စုပေါင်းကာ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
-
''အခုက အများပိုင်ကုမ္ပဏီ တည်ထောင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းတာပဲ ရှိပါသေးတယ်။အခု ရှယ်ယာထုတ်ရောင်းတာ မဟုတ်ပါဘူး။တစ်ယောက်ထဲ မလုပ်ချင်လို့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရှယ်ယာထည့်ပြီး ပါဝင်ခိုင်း တာပါ။ ကုမ္ပဏီအောင်မြင်တဲ့ အပေါ်မှာ အကျိုးအမြတ်က ခံစားရမှာပါ။ ရှုံးရင်လည်း အတူတူပေါ့'' ဟု ၎င်းက ဆက်လက်ပြောသည်။
-
ကျောင်း၁၈ ကျောင်းတွင် အ-လ-က(၁) ဒဂုံ၊ အ-ထ-က(၁)ဒဂုံ၊ အလုံ(၄)၊ ဗိုလ်တထောင် (၂)၊ ဗိုလ်တထောင်(၃)၊ ဗိုလ်တထောင်(၄)၊ ဗိုလ်တထောင်(၅)၊ ဗိုလ်တထောင် (၆)၊ စမ်းချောင်း (၂)၊ TTC (ပြည်လမ်း)၊ TTC (ရန်ကင်း)၊ ပုစွန်တောင်(၄)၊ ကမာရွတ် (၂)၊ အ-မ-က(၁)ဗဟန်း၊ လသာ(၁)၊ လသာ(၂)၊ အထက(၂)မင်္ဂလာဒုံ စသည်တို့ ပါဝင်ကြောင်း သိရသည်။
-
အဆိုပါကျောင်းများ၌ လက်ရှိ ပြေးဆွဲနေသည့် ကျောင်းကား လုပ်ငန်းရှင်များမှလည်း ယခုညှိနှိုင်းပွဲတွင် ၎င်းတို့၏အခက်ခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

-
#မြ၀တီနေ့စဉ်သတင်းစာ

ရွှေပြည်သာမြို့နယ်၌ ကျည်ဆန်ဟောင်းများ တွေ့ရှိ သိမ်းဆည်းရမိ



နေပြည်တော် အောက်တိုဘာ ၇
-
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၂)ရပ်ကွက်၊ နွယ်သာကီလမ်းနှင့် အင်ကြင်းလမ်းထောင့်ရှိ အမှိုက်ပုံ၌ ကျည်ဆန်များ ထည့်ထားသော အိတ်တစ်လုံး တွေ့ရှိကြောင်း သတင်းအရ အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ပွိုင့် ၃ဝ ကာဘိုင်ကျည် ၂၇၇ တောင့်နှင့် ပွိုင့် ၃ဝ၃ ရိုင်ဖယ်ကျည် ၃ဝ တောင့်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
-
အဆိုပါသိမ်းဆည်းရမိ ကျည်ဆန်များအား ရွှေပြည်သာမြို့မ ရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, October 4, 2018

ဝယ်လိုအား ကျဆင်းခြင်းကြောင့် ရန်ကုန်မြို့၌ အဆောက်အအုံအသစ်များ ထပ်မံတည်ဆောက်ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ စိတ်ဝင်စားမှု နည်းပါးလာ

ရန်ကုန် အောက်တိုဘာ ၃
-
ရန်ကုန်မြို့၌  တိုက်ခန်းဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေဖြင့် အဆောက်အအုံအသစ်များ တည်ဆောက်ရန် စိတ်ဝင်စားမှု နည်းလာကြောင်း သိရသည်။
-
လတ်တလောတွင်    ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့်   ပြည်သူများက နေထိုင်ရန် လာရောက်အပ်နှံသော လုံးချင်းအဆောက်အအုံများကိုသာ  လက်ခံတည်ဆောက်ပေးနေပြီး အိမ်နှင့်မြေပိုင်ရှင်တို့ဖြင့်  အကျိုးတူပူးပေါင်း တည်ဆောက်မှုသည် ယခင်နှစ်များနှင့် ယှဉ်ပါက ယခုနှစ်တွင် ထက်ဝက်နီးပါး လျော့ကျနေရာ  ဈေးကွက်ရှိသည့်  ရန်ကုန်မြို့လယ်ကောင် မြို့နယ်များ၌သာ တည်ဆောက်ပြီး မြို့စွန်မြို့နယ်များ၌  တည်ဆောက်မှု ရပ်နားထားကြောင်း သိရသည်။
-
''အဆောက်အအုံတစ်ခု တည်ဆောက်ဖို့ ဆိုတာက ငွေကျပ်သိန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး လုပ်ရတာပါ။မရောင်းရဘူးဆိုရင်  ငွေကြေးအရင်းအနှီး များစွာပိတ်မိမယ့် အနေအထားမှာ ရှိနေတာကြောင့် အဆောက်အအုံ အသစ်တွေ ကိုဆောက်လုပ်ဖို့ စိတ်ဝင်စားမှု နည်းနေကြတာပါ။ အဝယ်မရှိဘဲနဲ့တော့ ဘယ်သူကမှ အရဲစွန့်ပြီး အရှုံးခံ မဆောက်ဘူး။ ဒေါ်လာဈေးမြင့်တက်နေမှု အခြေအနေကလည်း    အဆောက်အအုံအသစ်တွေ တည်ဆောက်ဖို့ စိတ်ဝင်စားမှု နည်းစေတယ်။
-
ဝယ်ယူရတဲ့ကုန်ကြမ်းတချို့က ပြည်ပက တင်သွင်းရတာတွေဆိုတော့  ဒေါ်လာဈေး တက်နေတော့ ကုန်ကြမ်းဈေးပါ တက်လာတာ။ တည်ဆောက်ပြီးလို့  အခန်းတွေပြန်ရောင်းမယ် ဆိုတော့လည်း ဈေးတအား မြင့်နေတော့ အခက်အခဲရှိတယ်။  ဝယ်ကြမှာမဟုတ်ဘူးလေ။ ဒါကြောင့်   လတ်တလောမှာတော့   အဆောက်အအုံအသစ်တွေ တည်ဆောက်ဖို့ အတော်စဉ်းစားနေရတယ်။ စိတ်ဝင်စားမှု  မရှိသလောက်ပါပဲ'' ဟု  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  မောင်မောင်ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ကိုမောင်မောင် ကပြောသည်။
-
ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့် ပွင့်လင်းရာသီရောက်မှသာ အဆောက်အအုံ အသစ်များ ပြန်လည်တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရွှေတိဂုံစေတီတော် ကုန်းတော်မြေ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို နိုဝင်ဘာလအတွင်း စတင် ဆောင်ရွက်မည်


ရန်ကုန် အောက်တိုဘာ ၃
-
ရွှေတိဂုံစေတီတော် ကုန်းတော်မြေပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို  နိုဝင်ဘာလအတွင်း  စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း  ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
-
ရွှေတိဂုံစေတီတော်  ကုန်းတော်မြေအား ရေရှည်တည်တံ့စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး  လက်ရှိတွင်  စေတီတော်၏ မဟာရံတံတိုင်း လေးခုအနက် ဒုတိယမဟာရံတံတိုင်းနှင့် အနောက်ဘက်မုခ် အနောက်တောင်ဘက်ရှိ စောင်းတန်း တစ်လျှောက်တွင် ရေဝင်ရောက်လျက် ရှိသည်။ ထို့ပြင် ရေတိုက်စားမှုများနှင့် စွန့်ပစ်ပစ္စည်းများကြောင့်  မဟာရံတံတိုင်း အက်ကွဲခြင်း၊  မြေသားနိမ့်ကျခြင်းနှင့်  ယိမ်းယိုင်ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ မြေသားထိန်းသိမ်း နည်းပညာဖြစ်သည့်  ဘိုးပိုင်တည်ဆောက်ခြင်းဖြင့် ပြန်လည်ထိန်းသိမ်းမည် ဖြစ်သည်။  လက်ရှိတွင်  ပြုပြင်ထိန်းသိမ်း တည်ဆောက်မည့်  ဒီဇိုင်းမူကြမ်းကို  ရေးဆွဲ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
-
ရွှေတိဂုံစေတီတော်ရင်ပြင်သည် ၁၄ ဧကမျှရှိပြီး  မြေသားဖို့ထားသည့် အကျယ်အဝန်းသည်  ၁၁၄  ဧကရှိသည်။ ရင်ပြင်တော် ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် တည်တံ့ခိုင်မြဲရေးအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့်  လွန်ခဲ့သည့်  နှစ်ပေါင်း ၅ဝ ကတည်းကသက်ဆိုင်ရာဝန်ကြီးဌာန၊ စေတီတော်ဂေါပက အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။လက်ရှိတွင်  ရွှေတိဂုံစေတီတော် မြေကျွံမှုများ ဖြစ်ပေါ်နေသည့် ရာဟုထောင့်နှင့်   အနောက်တောင်ဘက် မဟာရံတံတိုင်းကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားကာ ပြုပြင်ထိန်းသိမ်းခြင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ အင်ဂျင်နီယာများ အသင်းတို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။
-
လက်ရှိရေးဆွဲထားသော ဒီဇိုင်းတွင် ဘိုးပိုင်နှစ်တန်း ပါဝင်ပြီး အဆိုပါ ဒီဇိုင်းကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တင်ပြ၍  သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ဂေါပက အဖွဲ့နှင့်ညှိနှိုင်း၍ ပြုပြင်ထိန်းသိမ်းမည့် လုပ်ငန်းစဉ်များကို အမြန်ဆုံးစတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကျဆင်းလာသော်လည်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကျဆင်းလာသော်လည်း ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းများဆက်လက်မြင့်တက်


ရန်ကုန် အောက်တိုဘာ ၃ 
-
ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေးနှုန်း ကျဆင်းလာသော်လည်း စင်ကာပူနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းမြင့်တက်နေသောကြောင့် ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း 
မြင့်မြတ်ထွဋ်ခေါင် စက်သုံးဆီအရောင်းဆိုင် အထွေထွေမန်နေဂျာ ဦးတင်မင်းလွင် ထံမှ သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ ဈေးနှုန်းပေါက်ဈေး ကျဆင်းလာသော်လည်း ပြင်ပပေါက်ဈေးများမှာ 
အနည်းငယ်သာကျဆင်းခဲ့သည်။ မြန်မာနိုင်ငံသည် စက်သုံးဆီများကို စင်ကာပူနိုင်ငံမှ အဓိကထား တင်သွင်းနေရသဖြင့် ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံ စက်သုံးဆီ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိ
ကြောင်း သိရသည်။ 
-
''ကမ္ဘာ့ရေနံဈေးအတက်အကျက တိုက်ရိုက်မပတ်သက်ပါဘူး။ စင်ကာပူရေနံဈေး အတက်အကျက မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှုရှိတယ်။ စက်သုံးဆီဈေးမြင့်တက်နေတာက စင်ကာပူဒိုင်ဈေး မြင့်တက်နေလို့ပါ'' ဟု 

ဦးတင်မင်းလွင်ကပြောသည်။ 
-
ထို့ပြင် ကမ္ဘာ့ရေနံစိမ်းဈေးမှာ 1 barrel လျှင် ယခင်ခြောက်ရက်ခန့်က အမေရိကန် ဒေါ်လာ ၇ဝ ခန့်သာရှိသော်လည်း လက်ရှိတွင် အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာ ဝန်းကျင်အထိ မြင့်တက်နေသဖြင့် စင်ကာပူ 
ပေါက်ဈေးမှာ နေ့စဉ် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာဝန်းကျင် မြင့်တက်နေခြင်းဖြစ်သည်။ စက်သုံးဆီဈေးနှုန်းများသည် ရောင်းချ သူ၏ လက်ကျန်ဆီ ရှိခြင်း၊ မရှိခြင်းထက် ရောင်းချသည့်နေ့တွင် ဖြစ်ပေါ်နေသည့် 
အမေရိကန်ဒေါ်လာဈေးနှုန်းနှင့် ဆီဈေး နှုန်းများပေါ် အခြေခံကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ကပြောသည်။ 
-
''အဓိက စက်သုံးဆီဈေးနှုန်းကိုကြည့်မယ်ဆိုရင် အဲဒီနေ့မှာဖြစ်ပေါ်နေတဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းရယ်၊ ဆီပေါက်ဈေးရယ်၊ တွက်ချက်ထားတဲ့ဆိပ်ကမ်းရောက်တန်ဖိုးနဲ့ ဆိုင်အရောက် အရင်းဈေးနှုန်းတွေပေါ်မှာပဲ 
သုံးသပ်ပေးစေလိုပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဒေါ်လာဈေးနဲ့တွက်မယ်ဆိုရင် ဒီနေ့ဖြစ်ပေါ်နေတဲ့ဆီဈေးက တက်တာဖြစ်ချင်ဖြစ်မယ်၊ ကျတာဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ အင်မတန် မှန်းဆရခက်ပါတယ်။ ဒီနေ့ 
တစ်ရက်ဈေးကိုကြည့်မယ်ဆိုရင် ဒီနေ့ တစ်ရက်မှာဖြစ်ပေါ်နေတဲ့ အမေရိကန် ဒေါ်လာဈေးနဲ့ ဆီဈေးကိုပဲ အခြေခံပြီးတွက်ရင် ရောင်းတဲ့ဈေးတွေက ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလားဆိုတာကို ဆုံးဖြတ်
တဲ့နေရာမှာ ပိုပြီးအဆင်ပြေမှာပါ'' ဟု ဒေါက်တာဝင်းမြင့်ကပြောသည်။ 
-
စက်သုံးဆီဈေးနှုန်းများမှာ ယခုရက်ပိုင်းတွင် ဒီဇယ် 500 ppm တစ်လီတာလျှင် ငွေကျပ် ၁ဝဝ၅ ကျပ်မှ ၁ဝ၇၅ ကျပ်အထိ လည်းကောင်း၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ငွေကျပ် ၁ဝ၁၅ ကျပ်မှ ၁ဝ၈၅ ကျပ်အထိ
လည်းကောင်း၊ အောက်တိန်း 92 တစ်လီတာလျှင် ငွေကျပ် ၉၇၅ ကျပ်မှ ၁ဝ၄၅ ကျပ်အထိ လည်းကောင်း၊ အောက်တိန်း 95 တစ်လီတာလျှင် ငွေကျပ် ၁ဝ၂၅ ကျပ်မှ ၁ဝ၉၅ ကျပ်အထိလည်းကောင်း ဈေးနှုန်းများ ဆက်လက်
မြင့်တက်နေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန်တိုင်းဒေသကြီး က-ည-န ခရိုင်ရုံးများ၌ သတ်မှတ်ထားသည့် ယာဉ်အစီးရေထက် တိုးမြှင့် စစ်ဆေးပေးလျက်ရှိ


ရန်ကုန် အောက်တိုဘာ ၃
-
ရန်ကုန်တိုင်းဒေသကြီး က-ည-န ခရိုင်ရုံးများ၌ တစ်ရက်တာအတွက် သတ်မှတ်ထားသည့် ယာဉ်အစီးရေထက် တိုးမြှင့်စစ်ဆေးပေးလျက် ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န)မှ သိရသည်။
-
ရန်ကုန်တိုင်းဒေသကြီးရှိ  ခရိုင်အသီးသီး၌  ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို သြဂုတ် ၂ဝ ရက်မှစ၍ က-ည-န ခရိုင်ရုံးများအလိုက် တိုင်းဒေသကြီး ရွာသာကြီးရုံးခွဲ၌ ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ရုံး၌ ယာဉ်အစီးရေ ၃၅ စီး၊  ရန်ကုန်အနောက်ပိုင်းခရိုင်ရုံး၌   ယာဉ်အစီးရေ ၅ဝ၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၌ ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရုံး၌ ယာဉ်အစီးရေ ၃ဝ  စုစုပေါင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်ရက်လျှင် ၁၆၅ စီး   လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် သတ်မှတ်ထားသည့် အစီးရေထက် ၁ဝ စီးပို၍ လုပ်ငန်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
-
''ယာဉ်မှန်၊ မမှန်စစ်တဲ့ကားတွေ များလာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ က-ည-န ရုံးတွေမှာ တစ်ရက်ကို ၁ဝ စီးကျော်လောက်  တိုးမြှင့်စစ်ဆေး ပေးနေပါတယ်။  အကယ်၍  ယာဉ်မမှန်ဘူးဆိုရင် လိုင်စင်မဲ့ ကားအဖြစ် တစ်ပါတည်း သိမ်းဆည်းသွားမှာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
-
ယာဉ်မှန်၊ မမှန်စစ်ဆေးမည့် မော်တော်ယာဉ်များ အနေဖြင့် ယာဉ်စစ်ရက်ချိန်း ရယူခြင်းကို www.rtad.gov.mm ဝက်ဘ်ဆိုက်တွင် ကြိုတင်စာရင်း ပေးသွင်းသည့် စနစ် Online Booking စနစ်တွင် ရက်ချိန်းရယူ၍ နှစ်လဲသက်တမ်းတိုး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးချိန် မွန်းလွဲ ၂  နာရီနောက်ပိုင်း လစဉ်လဆန်း ၁ ရက်မှ ၂၅ ရက်အထိ စစ်ဆေးပေးမည်ဖြစ်ပြီး  Online  Booking  စနစ်ဖြင့် လုပ်ငန်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
-
ယာဉ်မှန်၊မမှန်စစ်ဆေးရာတွင် ယာဉ်၏ ဘောင်အမှတ်နှင့် ဘောင်အမှတ်ပါ ဘန်ဘာတန်း တစ်လျှောက် ဆက်စပ်နေသော ယာဉ်အစိတ်အပိုင်းများကို စစ်ဆေးခြင်း ဖြစ်ပြီး  ယာဉ်တစ်စီးအတွက် ထုတ်ပေးထားသော အထောက်အထား များ ဖြစ်သည့် Certificate  of  Vehicle  Registration  (CVR) ၊ Vehicle Inspection Sticker (VIS) ယာဉ်မှတ်ပုံတင် စာအုပ် စသည်တို့ကို တိုက်ဆိုင် စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 3, 2018

ဟိမဝန္တာမှ ထွက်ရှိသည့် ပန်းရောင်ဆားကို ပြည်တွင်း၌ ထုတ်လုပ်သုံးစွဲလာ


ရန်ကုန် အောက်တိုဘာ ၂
-
အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်နှင့် ဟိမဝန္တာတောင်တန်းတို့မှ ထွက်ရှိသည့် ပန်းရောင်ကျောက် (Pink Rock) မှ ပြုလုပ်ထားသည့် ပန်းရောင်ဆား (Pink Himalayan Salt) ကို ပြည်တွင်း၌ ထုတ်လုပ်နေပြီ ဖြစ်သောကြောင့် ယခင်ကထက် သုံးစွဲမှုများလာကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ (မြောက်ပိုင်း)မြို့နယ် ပန်းရောင်ဆား ထုတ်လုပ် ရောင်းချသူ ဒေါ်မြင့်မြင့်ရီထံမှ သိရသည်။
-
ပန်းရောင်ဆားသည် ကမ္ဘာ့အသန့်ရှင်းဆုံးဆားဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် ပြည်ပနိုင်ငံများ၌ လွန်ခဲ့သည့် ၁ဝ နှစ် ကျော်ကတည်းက စတင်သုံးစွဲခဲ့ကြပြီး ပြည်တွင်း၌ ပြီးခဲ့ သည့် နှစ်နှစ်ခန့်က အမေရိကန် ပြည်ထောင်စုမှ စတင် တင်သွင်း အသုံးပြုခဲ့သည်။
-
ယခုနှစ်တွင် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ကုန်ကြမ်းဖြစ်သည့် ပန်းရောင်ကျောက်ကို ပါကစ္စ တန်နိုင်ငံမှ မှာယူကာ ထုတ်လုပ် ဖြန့်ချိလျက်ရှိသောကြောင့် လတ်တလောတွင် ပြည်တွင်း သုံးစွဲသူ များပြားလာခဲ့သည်။
-
''အိမ်သုံးဆားနေရာမှာ အစားထိုးအသုံးပြုလို့ရတယ်။ အူလမ်းကြောင်းရှင်းချင်ရင် နံနက်ခင်း အိပ်ရာနိုးတာနဲ့ ဖျော်သောက်လို့ရတယ်။ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကို အားကောင်း စေတယ်။ အစာချေစနစ်ကို အထောက်အကူ ဖြစ်စေတဲ့အပြင် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စွမ်း ရှိပါတယ်''ဟု ဒေါ်မြင့်မြင့်ရီကပြောသည်။
-
ပြည်တွင်း၌ ၄၅ဝ ဂရမ် ပန်းရောင် ဆားတစ်ထုပ်လျှင် ငွေကျပ် ၃၅ဝဝ နှင့် ၉ဝဝ ဂရမ် တစ်ထုပ် လျှင် ငွေကျပ် ၆၅ဝဝ ဖြင့် ဝယ်ယူသုံးစွဲ နိုင်ပြီဖြစ်ကြောင်း၊ အရည်အသွေး တူညီသော်လည်း သယ်ယူစရိတ် ကွာဟမှုကြောင့် ပြည်ပမှတင်သွင်း ရောင်းချနေသည့် ပန်းရောင်ဆား ၅ဝဝ ဂရမ် တစ်ထုပ်လျှင် ငွေကျပ် ၆၅ဝဝ ရှိကြောင်း သိရသည်။ ပြည်ပနိုင်ငံများ၏ သုတေသနပြု တွေ့ရှိချက် များအရ ပန်းရောင်ဆားတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဓာတ် ၈၄ မျိုးပါ ဝင်ပြီး ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ အဝလွန်ခြင်း၊ အရိုးပွခြင်း တို့သာမက ရောဂါတချို့ကိုပါ ကာကွယ်ပေး နိုင်စွမ်းရှိကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ


Monday, October 1, 2018

ဖောက်စွပ်ယာဉ် ဖောက်စွပ်ယာဉ် ပြုလုပ်မှုများရှိ၍ ပြုလုပ်မှုများရှိ၍ ရန်ကုန်မြို့ ရှိ ကားဘော်ဒီရုံများကို ကားဘော်ဒီရုံများကို ရှောင်တခင် ရှောင်တခင် စစ်ဆေးမည်

ရန်ကုန်   စက်တင်ဘာ  ၃ဝ
-
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကားဘော်ဒီရုံများကို ရှောင်တခင်ဝင်ရောက်စစ် ဆေးမည်ဖြစ်ပြီး မော်တော်ယာဉ်အလုံးချိန်းခြင်းပြုလုပ်နေသည်ကိုတွေ့ရှိပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကုန်းလမ်း
ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န)မှ သိရသည်။ ဖောက်စွပ်ယာဉ်များကို လက်ခံမည် မဟုတ်သည့်အတွက် အဆိုပါယာဉ်များအား လုပ်ဆောင်ပေးနေသည့် ကားဘော်ဒီရုံများကို
အရေးယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
-
လက်ရှိတွင် ဖောက်စွပ်ယာဉ်များနှင့်ပတ်သက်၍ သိမ်းဆည်းခြင်း၊ မှတ်ပုံတင်ဖျက် သိမ်းခြင်းများပြုလုပ်လျက်ရှိပြီး လတ်တလောတွင် လိုင်စင်မဲ့ယာဉ်ဖောက်စွပ်ပုံစံအသစ် ဖြစ်သည့်  Chassis No ပါသော မှတ်ပုံတင်
ပြီးသားယာဉ်၏ ရှေ့ကိုယ်ထည်ဦးခေါင်းပိုင်းနှင့် ရုပ်ပုံစံထွက်တူ လိုင်စင်မဲ့ယာဉ်တစ်စီး၏ အနောက်ကိုယ်ထည်ပိုင်းခါးလယ်မှ ဖြတ်ဆက်၍ Member တန်းကြီးတစ်ခုလုံး ပါးခြမ်းမှဖြတ်ထုတ်ကာ ခါးမှပြန်ဆက်သည့်ပုံစံများ
ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိနေရကြောင်း သိရသည်။
-
ယင်းအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကားဘော်ဒီရုံများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမည်ဖြစ်ကာ ဖောက်စွပ်ပြုလုပ်ထားသောယာဉ်များသည် နည်းပညာပိုင်းအရ စိတ်မချရသည့်အတွက် အသုံး
ပြုပါက အန္တရာယ်ရှိသောကြောင့် စစ်ဆေး အရေးယူမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
-
ထို့ပြင် မော်တော်ယာဉ်အစိတ်အပိုင်းများ မမှန်မကန်ပြုလုပ်ခြင်းနှင့် ဖြတ်ဆက်ပြုလုပ် ထားခြင်းများ စစ်ဆေးတွေ့ရှိပါက ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၈ (င)အရ မှတ်ပုံတင်ဖျက်သိမ်းခြင်းအပြင် အလုံး
ချိန်းပြုလုပ်နေသည့် ကားဘော်ဒီရုံများကိုလည်း ထိရောက်စွာအရေးယူနိုင်ကြောင်း၊ ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်များကို အာမခံထားရှိရန်လိုအပ်ပြီး ယာဉ်တိမ်းမှောက် ခြင်း၊ မတော်တဆဖြစ်ခြင်းများကြောင့် ပြန်
လည်ပြုပြင်မှုများပြုလုပ်ရန်ခက်ခဲပါက တိုက်ကြေအဖြစ် အရည်ကျိုအပ်နှံရန် လိုအပ်ကြောင်း သိရသည်။
-
ထို့ကြောင့် တရားမဝင်ဘော်ဒီအလုံးချိန်းနှင့် ဖောက်စွပ်၊ ဖြတ်ဆက်ခြင်းများ မပြုလုပ်ကြရန်နှင့် မမှန်မကန်ပြုပြင်ထားသောယာဉ်များ လက်ဝယ်ထားရှိခြင်းသည် မှတ်ပုံတင်ရာတွင် အခက်အခဲများရှိနိုင်သောကြောင့်
မော်တော်ယာဉ်ဝယ်ယူရာတွင် နားလည် တတ်ကျွမ်းသူများနှင့် စစ်ဆေးဝယ်ယူကြရန် လိုအပ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, September 28, 2018

အင်းဝဘဏ် လီမိတက် ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘဏ်ခွဲ ဖွင့်လှစ်



ရန်ကုန် ၂၇-၉-၂ဝ၁၈

အင်းဝဘဏ်လီမိတက် ဒဂုံမြို့သစ် (မြောက်ပိုင်း) ဘဏ်ခွဲဖွင့်ပွဲကို ယနေ့တွင် အဆိုပါဘဏ်ခွဲ ပရိဝုဏ်၌ ကျင်းပရာ အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ 

ယနေ့ဖွင့်လှစ်သည့် အင်းဝဘဏ်လီမိတက် ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘဏ်ခွဲသည် အင်းဝဘဏ် လီမိတက်၏ (၅၄) ခုမြောက် ဘဏ်ခွဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက် အမှတ်(ပ/၂၄-၂၅) ပြည်ထောင်စုလမ်းမကြီး၌ ဖွင့်လှစ်ထားရှိကာ အပ်ငွေများ လက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများ ထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order)) များ ထုတ်ပေးခြင်း၊ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုး ထုတ်ပေးခြင်း၊ Debit Card များထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရသည်။ 

အင်းဝဘဏ်လီမိတက် အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူများကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေး ဝန်ဆောင်မှု ပေးလျက်ရှိပြီး ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ် အပ်ငွေအပေါ် အတိုးနှုန်း ၉ ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအရ စုဆောင်းသည့် အချိန်ကာလ အပိုင်းအခြားအလိုက် မူတည်၍ ၁ဝ ရာခိုင်နှုန်း အထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိကာ စီးပွားရေးလုပ်ငန်း မတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Wednesday, September 26, 2018

မြန်မာမှုလက်ရာ ရွှေချည်ထိုး ပန်းချီကားများကို နိုင်ငံခြားခရီးသွား ဧည့်သည်များ ပိုမိုနှစ်သက်လာ


ရန်ကုန် ၂၆-၉-၂ဝ၁၈

ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် မြန်မာမှုလက်ရာ ရွှေချည်ထိုး ပန်းချီကားများကိုကြိုက်နှစ်သက်သည့်အတွက် လက်ရှိတွင် ဝယ်ယူမှု များနေကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ရှိ ပြည်တွင်းထွက် လက်ဆောင်ပစ္စည်း ရောင်းချသူများထံမှ သိရသည်။ 

လက်ရှိ ရောင်းချနေရသည့် ရွှေချည်ထိုး ပန်းချီကားများမှာ ရွှေတိဂုံစေတီတော် ပုံတူ ပန်းချီကား၊ မြန်မာ့ဆိုင်းဝိုင်းပုံ၊ ဒေါင်းပုံ၊ မြန်မာ့နွားလှည်းပုံ၊ ကရဝိက်ပုံ၊ ကိန္နရီကိန္နရာပုံ၊ ဆွမ်းခံကြွပုံ၊ ရှင်လောင်းလှည့်ပုံ၊ အိုးစည် ဒိုးပတ်ပုံ၊ သမင်အုပ်ပုံ၊ ရုပ်သေးပုံ၊ နှစ်ပါး သွားပုံ၊ ရှုခင်းပုံများဖြစ်ပြီး တခြားအမျိုးအစား များစွာကိုလည်း ရောင်းချနေရကြောင်း၊ ယင်းအတွက် ရန်ကုန်မြို့ရှိ လက်ဆောင် ပစ္စည်းရောင်းချသူများ အနေဖြင့် အမရပူရမြို့ရှိ ရွှေချည်ထိုး လုပ်ငန်းရှင်များထံမှ ယခင်နှစ်ကထက် ပစ္စည်းများ ပိုမိုမှာယူနေရကြောင်း သိရသည်။

''အခုချိန်မှာ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေက မြန်မာမှု ပန်းချီတွေကို အနုစိတ် ဖန်တီးထားတာတွေ ပိုမိုသဘောကျလာကြတယ်။ ပြုလုပ်တဲ့ သူတွေရဲ့ လက်ရာလေးတွေကလည်း ရုပ်လုံးကြွပြီး ပိုအနုစိတ်လာတော့ သူတို့က ပိုကြိုက်လာတယ်။ ဒီနှစ်က အရင်နှစ်ကထက် ပိုရောင်းရတယ်။ အခုဆိုရင် ဆိုင်မှာ ဒီဇိုင်းပုံစံအမျိုး ၄ဝ လောက်ရှိလည်း ၄ဝ စလုံး ရောင်းနေရတာပါ'' ဟု ပြည်တွင်း ထွက်လက်ဆောင်များ ရောင်းချနေသူ တစ်ဦးကပြောသည်။ 

နိုင်ငံခြားခရီးသွား ဧည့်သည်များ အနေဖြင့် မြန်မာနိုင်ငံသို့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် အများဆုံး လာရောက်လည်ပတ်လေ့ ရှိသည့်အတွက် ပြည်တွင်းထွက်ပစ္စည်းများမှာလည်း ထိုအချိန်များတွင် ပိုမိုရောင်းချရလေ့ ရှိကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 24, 2018

လေးနှစ်တာ ကာလအတွင်း ဇီဝအဝန်းနယ်မြေများရှိ စိုက်ပျိုးရေး လုပ်ငန်းများ၌ ဓာတုဆေးဝါး သုံးစွဲမှု ဧကများစွာ လျှော့ချပေးနိုင်



ရန်ကုန် ၂၄-၉-၂ဝ၁၈

လေးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ ဇီဝအဝန်း နယ်မြေများရှိ စိုက်ပျိုးရေး လုပ်ငန်းများ၌ ဓာတုဆေးဝါး သုံးစွဲမှု ဧကများစွာ လျှော့ချပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ဇီဝအဝန်းနယ်မြေများ ဖြစ်သော အင်းတော်ကြီးအိုင်ဒေသ၊ အင်းလေးကန်ဒေသနှင့် ရိဒ်ရေကန်ဒေသတို့ရှိ လယ်ယာမြေများ၌ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သုံးစွဲမှုများကို တားမြစ်ခြင်းနှင့် လျှော့ချခြင်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ အင်းလေးကန်ဒေသ၌လည်း ကျွန်းမျောစိုက်ခင်းများတွင် ဓာတ်မြေသြဇာများ သုံးစွဲမှုကြောင့် ရေကန်အတွင်းရှိ သောက်သုံးရေများ သုံးစွဲမရသည့် အခြေအနေများ ရှိခဲ့ကြောင်း၊ ယင်းအတွက် ဓာတ်မြေသြဇာသုံးစွဲမှုနှင့် ပိုးသတ်ဆေးသုံးစွဲမှုများကို လျှော့ချထားပြီး လာမည့်နှစ်အတွင်း ဧကပေါင်း ၅ဝ အထိ လျှော့ချ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အသုံးပြုသဖြင့် မြစ်ချောင်း၊ မြောင်းနှင့် ကန်များအတွင်းသို့ ယင်းဓာတုဆေးဝါး အသုံးပြုရေများ ဝင်ရောက်၍ သဘာဝသယံဇာတများ၊ ငါးမျိုးစိတ်များနှင့် ရေနေသတ္တဝါများ သေကျေပျက်စီးနိုင်ခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ၌ ဓာတုဆေးဝါးများ အသုံးပြုမှု လျှော့ချခြင်းဖြစ်သည်။ 

လက်ရှိတွင် ရိဒ်ရေကန်အနီးရှိ လယ်ယာမြေများ၌လည်း ဓာတုဆေးဝါးများ အသုံးပြုစိုက်ပျိုးခြင်းကို ယခုနှစ် မေလအတွင်းက စတင်တားမြစ်ခဲ့ပြီး သဘာဝ အတိုင်းသာ စိုက်ပျိုးထုတ်လုပ်ကြောင်း သိရသည်။

ထို့ပြင် အင်းတော်ကြီးအိုင်ဒေသ၌လည်း အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ၂ဝ၁၆- ၂ဝ၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ပြီး ဧကပေါင်း ၂ဝ ကျော်တွင် စတင်စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးသည့် ဧကပေါင်း ၂ဝဝ ကျော်အထိ တိုးတက်မှုရှိလာပြီး လာမည့်နှစ်များတွင် ဧကအရေအတွက် ပိုမိုတိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Thursday, September 6, 2018

မိုးကာလ ရွှေတိဂုံစေတီတော်တွင် နိုင်ငံတကာခရီးသွားဝင်ရောက်မှု လစဉ်တိုးတက်များပြား



ရန်ကုန် ၆-၉-၂ဝ၁၈

ယခုနှစ်မိုးကာလတွင် ရွှေတိဂုံ စေတီတော်သို့ လာရောက်ဖူးမြော် ကြည်ညိုသည့် နိုင်ငံတကာခရီးသွား ဧည့်သည်အရေအတွက်မှာ လစဉ်တိုးတက်များပြား နေကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ စက်တင်ဘာ ၄ ရက် သတင်းများအရ သိရသည်။

မိုးကာလများတွင် မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေများအရ မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွား ဧည့်သည် လာရောက်လည်ပတ်မှု လျော့ကျ လာလေ့ရှိသည်။

ထို့ကြောင့် မိုးကာလများတွင် ရွှေတိဂုံ စေတီတော်သို့ နိုင်ငံတကာခရီးသွား ဧည့်သည်လာရောက် လည်ပတ်လေ့လာမှုမှာ ဇွန်လမှစတင်ကာ တစ်လထက်တစ်လ ပိုမိုလျော့ကျ သွားလေ့ရှိပြီး အောက်တိုဘာလ ကုန်မှသာ ပြန်လည်မြင့်တက် လာလေ့ရှိသည်။

ယခုနှစ် မိုးကာလတွင် နိုင်ငံတကာခရီးသွား ဧည့်သည်လာရောက် လည်ပတ်မှုမှာ ယခင်နှစ် မိုးကာလများကဲ့သို့ပင် လျော့ကျသွားခဲ့သော်လည်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံတကာခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုများ တစ်လထက်တစ်လ ပိုမိုတိုးတက်များပြား လာခဲ့သည်။

ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့၏ စာရင်းများအရ ယခုနှစ် မိုးကာလဇွန်လတွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော် ကြည်ညိုခဲ့သည့် နိုင်ငံတကာခရီးသွား ဧည့်သည် အရေအတွက်မှာ ၃၃၇၃၃ဦးသာရှိ ခဲ့သော်လည်း ဇူလိုင်လတွင် ၃၄၈၅၉ ဦးနှင့် ပြီးခဲ့သည့် သြဂုတ်လတွင် ၃၆၉ဝ၃ဦး လာရောက်ဖူးမြော် လေ့လာခဲ့ကြောင်း သိရသည်။

မိုးကာလ ဇွန်၊ ဇူလိုင်၊သြဂုတ်လတို့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်လေ့လာ ခဲ့သည့်နိုင်ငံတကာ ခရီးသွားများတွင် ထိုင်းနိုင်ငံသား နိုင်ငံတကာခရီးသွား ဧည့်သည်များ အများဆုံးလာရောက် လေ့လာခဲ့ကြခြင်းဖြစ်ပြီး ဇွန်လတွင် ၈၅၄၉ ဦး၊ ဇူလိုင်လတွင် ၁ဝ၅၂၉ ဦး၊ သြဂုတ်လတွင် ၈၇၂၉ဦး လာရောက်ဖူးမြော် ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ သုံးလတာကာလ အတွင်းတွင် ကိုရီးယား၊ တရုတ်၊ဂျပန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံသားများလည်း လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Tuesday, September 4, 2018

မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်းရော်ဘာတင်ပို့သည့် နိုင်ငံဖြစ်လာနိုင်



ရန်ကုန် ၄-၉-၂ဝ၁၈

မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်း ရော်ဘာတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း ပြည်ပပို့ကုန် ဈေးကွက်သတင်းများနှင့် ပြည်တွင်းရော်ဘာ ဈေးကွက်သတင်းများ အရသိရသည်။

မြန်မာနိုင်ငံသည် လာအို၊ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံ တို့နှင့်အတူ ရော်ဘာထုတ်လုပ်မှု အလားအလာ အားရှိနေသော နိုင်ငံအဖြစ် ဂျပန်နိုင်ငံ Yamaguchi University ၏ စစ်တမ်းတွင် ဖော်ပြခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ဗီယက်နမ်နိုင်ငံတို့သည် ၂ဝဝဝပြည့်နှစ် နောက်ပိုင်းကာလမှ စတင်ကာ တိုးတက်မှုများရရှိပြီး ရော်ဘာထုတ်လုပ်မှု များလည်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါနိုင်ငံများ အနက် မြန်မာနိုင်ငံမှ ထွက်ရှိသည့် Rubber Smoked Sheet (RSS) ရော်ဘာအမျိုးအစား များသည် သမိုင်းဝင်မှတ်တမ်း ကောင်းများရှိနေပြီး လူသိများနေကြောင်း ကိုလည်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် Food Security Policy Project (FSPP) ၏စစ်တမ်းတွင်လည်း မြန်မာနိုင်ငံ၏ ရော်ဘာ ကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့ရော်ဘာ ကဏ္ဍ၏အကြီးမားဆုံး စိန်ခေါ်မှုမှာ အထွက်နှုန်းလျော့ကျနေမှု၊ အရည်အသွေး မပြည့်မီမှု၊ ရော်ဘာနှင့် ပတ်သက်၍ သီးခြားပြဋ္ဌာန်းချက်များ မရှိမှု၊ စိုက်ပျိုးသည်မှ တင်ပို့သည်ထိ ကွင်းဆက်တစ်လျှောက်တွင် စံချိန်စံညွှန်းများနှင့် ပတ်သက်၍ အားနည်းချက်များ ရှိနေမှုစသည့် လိုအပ်ချက်များ ရှိနေပြီး အဆိုပါအားနည်း ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံသည် ထိပ်တန်းရော်ဘာ တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း သုံးသပ်ဖော်ပြ ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း Assocication of Natural Rubber Producing Countries-ANRPC သို့ဝင်ရောက်ရန် လွှတ်တော်၏ သဘောတူတည်ပြုချက် ရရှိပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါအသင်းသို့ ဝင်ရောက်ပြီးပါက မြန်မာနိုင်ငံ ရော်ဘာကဏ္ဍအနေဖြင့် အသင်းဝင်နိုင်ငံများ၏ ကောင်းမွန်သည့် မူဝါဒနှင့် အစီအစဉ်များ၊ နည်းပညာများကို လေ့လာခွင့်ရရှိမည်ဖြစ်သဖြင့် မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုအတွက် အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်သည်။

ထို့ပြင် ရော်ဘာလုပ်ငန်းရှင်ငယ်များအတွင်း လိုအပ်နေသည့် နည်းပညာ၊ သုတေသနနှင့် ဈေးကွက်ချိက်ဆက် ဆောင်ရွက်မှုများကို ယခုထက် ပိုမိုဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်ပပို့ကုန်ဈေးကွက် သတင်းများနှင့် ပြည်တွင်းရော်ဘာ ဈေးကွက်သတင်းများအရ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

မြန်မာနိုင်ငံ၏ ပထမဆုံးဆင်ပြတိုက်ကို ရန်ကုန်တိရစ္ဆာန်ဥယာဉ်၌ ဖွင့်လှစ်ပြသပေးမည်



ရန်ကုန် ၄-၉-၂ဝ၁၈

မြန်မာနိုင်ငံ၏ ပထမဆုံး ဆင်ပြတိုက်ကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ ဖွင့်လှစ်ပြသ ပေးသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ သတင်းများအရ သိရသည်။

ယခုအခါ ဆင်များမှာ မျိုးသုဉ်းပျောက်ကွယ် သွားနိုင်သည့် အခြေအနေတွင် ရှိနေသဖြင့် ဆင်များမျိုးသုဉ်း ပျောက်ကွယ်မှု မဖြစ်စေရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများနှင့် အရပ်ဘက် အဖွဲ့အစည်းများကကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် ဆင်များနှင့်ပတ်သက်၍ အများပြည်သူ ဗဟုသုတ ဖြစ်စေရေးအတွက် ဆင်စခန်းများဖွင့်လှစ် ဆောင်ရွက်နေသကဲ့သို့ အခြားသော ပညာပေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် သစ်တောဦးစီးဌာနနှင့် ပုဂ္ဂလိကပိုင် ဆင်အကောင်ရေ လေးထောင်ကျော် ရှိနေပြီး တောရိုင်းဆင် အကောင်ရေ နှစ်ထောင်ကျော်ရှိနေသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဆင်ပြတိုက်ကို ၂ဝ၁၉ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်ပြသနိုင်ရေး စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။

ဆင်ပြတိုက်ကို ပြခန်း (၄) ခန်းဖြင့် ဖွင့်လှစ်ပြသသွားမည် ဖြစ်သည်။ ပြခန်း(၁)တွင် ရှေးမြန်မာ နန်းတွင်းနှင့် ဆင်အသုံးဝင်ပုံ မှတ်တမ်းဓာတ်ပုံ ပုံစံငယ်များ၊ ပြခန်း(၂) တွင်ဆင်များနှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ ပြခန်း(၃)တွင် နောင်ဖြစ်လာနိုင်မည့် အလားအလာ ပုံစံတူများနှင့် ပြခန်း(၄)တွင် ပညာပေးအစီအစဉ် ပြခန်းဟူ၍ ပြသသွားမည် ဖြစ်သည်။

အဆိုပါပြခန်းများတွင် ဆင်ကျောက်ဖြစ် ရုပ်ကြွင်းမျိုးစိတ်များ၊ ဆင်အရိုးစုနှင့် ဆင်စွယ်များ၊ ဆင်စာအုပ်နှင့် မှတ်တမ်းများ၊ ဆင်ချပ်ဝတ်တန်ဆာ၊ ခလောက်၊ ဆူးလိမ်၊တွဲကြိုး စသည့်ဆင်အသုံးဆောင် ပစ္စည်းများ၊ ဆင်သားရေများ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်သည့် ရုပ်သေမှတ်တမ်းများ၊ ဆင်နှင့်သဘာဝ ပတ်ဝန်းကျင် အပြန်အလှန်အကျိုးပြုမှု ပန်းချီကားများ၊ ရှေးမြန်မာနန်းတွင်း ဆင်အသုံးပြုပုံများဖြင့် ခင်းကျင်းပြသသွားမည်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Thursday, August 23, 2018

MMA ဝိတ်တန်းချိန်ပီယံ အောင်လအန်ဆန်နှင့် One Championship တို့ သက်တမ်းတိုးစာချုပ်ချုပ်ဆို



ရန်ကုန် ၂၃-၈-၂ဝ၁၈

မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး MMA ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်နှင့် One Championship တို့ယနေ့တွင် တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာချုပ် ချုပ်ဆိုခဲ့ခြင်းကို One Championship အဖွဲ့အစည်းက ယနေ့တွင် ထုတ်ပြန်ခဲ့သကဲ့သို့ အောင်လအန်ဆန် ကလည်း၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ရေးသားဖော်ပြခဲ့သည်။

အောင်လအန်ဆန်သည် MMA ကစားသမားအဖြစ် ၂ဝ၁၅ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှစ၍ One Championship အဖွဲ့အစည်းနှင့် စာချုပ်ချုပ်ဆိုကာ MMA ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းအနေဖြင့် ယခုကဲ့သို့ One Championship အဖွဲ့အစည်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သောကြောင့် ချန်ပီယံကာကွယ်ပွဲများ ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်ကာ လာမည့် အောက်တိုဘာလ တွင်လည်း MMA လိုက်ဖ်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ် ရမည်ဖြစ်သည်။

အောင်လအန်ဆန်က "ကျွန်တော် One Championship နဲ့တစ်နှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုပြီးပါပြီ။ ကျွန်တော်ရဲ့ ချန်ပီယံကာကွယ်ပွဲကို လာမယ့် အောက်တိုဘာလထဲမှာ ထိုးသတ်ဖို့ရှိပါတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်။ One Championship နဲ့ လေးနှစ်ကြာလက်တွဲခဲ့ ရတဲ့အတွက် ဂုဏ်ယူမိသလို ဆက်လက်ပြီး လက်တွဲထားဖို့လဲ ရည်ရွယ်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ကစားသမား ဘဝသက်တမ်း တစ်လျှောက် ၃၃ပွဲထိုးသတ်ခဲ့ပြီး ၂၃ပွဲအနိုင်၊ ၁ဝပွဲရှုံးနိမ့်ထားကာ လက်ရှိအချိန်တွင် One Championship ဦးစီးကျင်းပနေသည့် MMA ပြိုင်ပွဲတွင် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုနှင့် MMA လိုက်ဖ်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုနှစ်ဆုရှင်အဖြစ် ရပ်တည်နေကြောင်း သိရသည်။

#Themyawadydaily

အေ့စ်စင်တာမှ HIV ကူးစက်ခံ ကလေးငယ်များအတွက် မြန်မာ့လက်ဝှေ့ အလွတ်တန်းချန်ပီယံ ဒေ့ဗ်လက် အလှူငွေများလှူဒါန်း



ရန်ကုန် ၂၃-၈-၂ဝ၁၈

မြန်မာ့လက်ဝှေ့ အလွတ်တန်းချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်သည် ရန်ကုန်မြို့ မြန်မာပလာဇာရှိ Power House Fitness Club တွင် သြဂုတ် ၂၁ရက် ညပိုင်းက အခကြေးငွေဖြင့် လက်ဝှေ့ပညာများ သင်ကြားပေးခဲ့ပြီး ရရှိသည့်ငွေများကို အေ့စ်စင်တာမှ HIV ကူးစက်ခံကလေးများ ရန်ပုံငွေအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်းသည် သြဂုတ် ၂၁ရက် ညနေ ၆ နာရီခွဲမှ ည ၈နာရီထိ ၁နာရီခွဲကြာ လေ့ကျင့်ပေးခဲ့ပြီးနောက် ယင်းလက်ဝှေ့လေ့ကျင့်မှုမှ ရရှိခဲ့သည့် ငွေများကို အေ့စ်စင်တာရှိ ကူးစက်ခံ ကလေးငယ်များကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဒေ့ဗ်လက်က "အခုကျွန်တော်က မြန်မာပြည် လေးထပ်ကွမ်း ချန်ပီယံဖြစ်နေပါပြီ။ ကျွန်တော် မြန်မာနိုင်ငံက လူတွေအတွက် ပိုပြီးကူညီနိုင်ပါပြီ။ ကျွန်တော်ရရှိခဲ့တဲ့ ငွေတွေအားလုံးကို အေ့စ်စင်တာကိုလှူဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီက ကလေးတွေကို တတ်နိုင်သလောက် ကူညီချင်ပါတယ်။ လှူဒါန်းမှုအတွက် ကူညီပေးတဲ့ သူတွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်"ဟု ပြောကြားခဲ့သည်။

၎င်းသည် ၂ဝ၁၆ခုနှစ်က ထွန်းထွန်းမင်းကို အနိုင်ရရှိခဲ့ပြီးနောက် မြန်မာ့လက်ဝှေ့ ချန်ပီယံဖြစ်ခဲ့ပြီး သြဂုတ် ၁၉ ရက်က ကျင်းပခဲ့သည့် မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲတွင်လည်း စိန်ခေါ်သူ ထိုင်းနိုင်ငံသား ဒီစဲလက်ကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။

ဒေ့ဗ်လက်အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း လက်ရှိမြန်မာ့ လက်ဝှေ့ချန်ပီယံ ကာကွယ်ပွဲစဉ်အဖြစ် ထွန်းထွန်းမင်းနှင့် တစ်ကျော့ပြန်လည် ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, August 16, 2018

ပြည်တွင်း၌ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ၁၅၁၂ ကျပ်အထိ စံချိန်တင် မြင့်တက်



ရန်ကုန် ၁၆-၈-၂ဝ၁၈

ပြည်တွင်း၌ နိုင်ငံခြားငွေ ရောင်းဝယ်မှုအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲလှယ်နှုန်း သတ်မှတ်ချက် ပယ်ဖျက်လိုက်ပြီးနောက် ယနေ့(သြဂုတ် ၁၅)ရက်တွင် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၅၁၂ ကျပ်နှင့် ရောင်းဈေး ၁၅ဝ၅ ကျပ်နှုန်းအထိ ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် Money Changerများ၌ မြင့်တက်သွားခဲ့ကြောင်း ပြည်တွင်းငွေ လဲလှယ်မှု ဝန်ဆောင်နေသည့် Money Changer များမှ သိရသည်။

''ရည်ညွှန်းငွေကို ပယ်ဖျက်တာက နိုင်ငံခြားမှာကတော့ Deregulation လုပ်တယ်လို့ ခေါ်တယ်။ ကိုယ့်ဆီမှာက Regulation တောင်မှ မပြည့်စုံသေးတာ မသင့်တော်ဘူးပေါ့။ Exchangeကို သတ်မှတ်ချင်သလို သတ်မှတ်ဆိုပြီးတော့ လွှတ်ပေးလိုက်တာပါပဲ။ ဘယ်လိုဆက်ထိန်းမယ်ဆိုတာတော့ ဗဟိုဘဏ်ကိုမေးကြည့်ပေါ့'' ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ(ငြိမ်း) ဦးသန်းလွင် ကပြောသည်။ ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် Money Changer များတွင် ယမန်နေ့က တစ်ဒေါ်လာလျှင် ၁၄၈ဝ ကျပ်ဖြင့် ဝယ်ယူကြပြီး ၁၄၉၈ ကျပ်ဖြင့် ရောင်းချကြကာ ယနေ့တွင် တစ်ဒေါ်လာလျှင် ၁၅၁၂ ကျပ်အထိ စံချိန်တင် မြင့်တက်သွားခြင်းဖြစ်သည်။

''၂ဝ၁၅ ခုနှစ် သြဂုတ်လထဲမှာပဲ တစ်ဒေါ်လာကို ၁၂ဝဝ ကျပ်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် အခုအဲဒီထက် ပိုမိုမြင့်တက်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ ၂ဝ၁၈ ခုနှစ်ထဲမှာဆိုရင် ဇွန်လထဲမှာ တစ်ဒေါ်လာကို ၁၄ဝ၆ ကျပ်အထိ စတင်ဖြစ်လာခဲ့ပါတယ်။ ဒီကနေ့ကတော့ စံချိန်တင်သွားပြီပေါ့။ တချို့လည်း ထပ်မြင့်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်'' ဟု Royal ငွေလဲလှယ်ရေးလုပ်ငန်း မန်နေဂျာကိုဇော်မျိုးလွင်က ပြောသည်။

ယခုနှစ်အတွင်း မတ်လက တစ်ဒေါ်လာလျှင် ၁၃၄၄ ကျပ်ရှိရာမှ မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ် သို့လည်းကောင်း၊ ဧပြီလတွင် ၁၃၂၄ ကျပ်သို့ လည်းကောင်း အနည်းငယ် ပြန်လည်ကျဆင်းခဲ့ကာ ဧပြီလကုန်ပိုင်းတွင် ၁၃၃၁ ကျပ်သို့ ပြန်လည်မြင့်တက်လာခဲ့ပြီး မေလလယ်တွင် ၁၃၅၁ ကျပ်၊ ဇွန်လလယ်တွင် ၁၃၆၅ ကျပ်၊ ဇွန်လကုန်ပိုင်းတွင် ၁၄ဝ၇ ကျပ်နှုန်းဖြစ်လာကြောင်း၊ ဇူလိုင်လအတွင်း အနိမ့်ဆုံး ၁၃၈၄ ကျပ်မှ အမြင့်ဆုံး ၁၄၄၃ ကျပ်သို့ ရောက်ရှိခဲ့ပြီး သြဂုတ်လလယ်၌ စံချိန်တင် အခြေအနေမျိုးဖြစ်ခဲ့ရသည်။ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် ရည်ညွှန်းငွေ လဲလှယ်နှုန်းအဖြစ် ဝ ဒသမ ၈ ရာခိုင်နှုန်း၏ ဘောင်အတွင်းမှ အတိုးအလျှော့လုပ်၍ ရောင်းဝယ်ရန် ဗဟိုဘဏ်က ၂ဝ၁၂ ခုနှစ်က သတ်မှတ်ထားသည့် သတ်မှတ်ချက်ကို သြဂုတ် ၁၃ ရက်က ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးသြဂုတ် ၁၄ ရက်မှစ၍ ဘဏ်များနှင့် Money Changer များ၌ ပြင်ပပေါက်ဈေးများ အတိုင်းရောင်းချလာကြသည်။

ယနေ့တွင် ကမ္ဘောဇဘဏ်က တစ်ဒေါ်လာလျှင် ၁၄၈ဝ ကျပ်(ဝယ်ဈေး)၊ ၁၄၉၈ ကျပ်(ရောင်းဈေး)ဖြင့် လည်းကောင်း၊ ဧရာဝတီဘဏ်က နံနက်ပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၄၈၇ ကျပ်(ဝယ်ဈေး)၊ ၁၄၉၇ ကျပ်(ရောင်းဈေး)ဖြင့် ရောင်းဝယ်ခဲ့ပြီး ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၄၉၆ ကျပ်(ဝယ်ဈေး)၊ ၁၅ဝ၆ ကျပ် (ရောင်းဈေး)အဖြစ်ဖြင့် လည်းကောင်း၊ CB ဘဏ်က တစ်ဒေါ်လာလျှင် ၁၅ဝဝ ကျပ်(ဝယ်ဈေး)၊ ၁၅၁၅ ကျပ်(ရောင်းဈေး)ဖြင့် လည်းကောင်း၊ AGD ဘဏ်ကတစ်ဒေါ်လာလျှင် ၁၅ဝ၅ ကျပ် (ဝယ်ဈေး)၊ ၁၅၁၂ ကျပ်(ရောင်းဈေး)ဖြင့် လည်းကောင်း၊ ပြင်ပငွေလဲ ကောင်တာများ၌ တစ်ခုနှင့်တစ်ခု မတူကြဘဲ ဝယ်ဈေးမှာ ၁၄၇၉ ကျပ်မှ ၁၅ဝ၂ ကျပ်ကြားနှင့် ရောင်းဈေးမှာ ၁၄၈၃ ကျပ်နှင့် ၁၅၁၅ ကျပ်ကြားပေါက်ဈေးများဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

#Themyawadydaily

Monday, July 30, 2018

ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ ကျင်းပ



ရန်ကုန် ၃၀--၇-၂၀၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး၍ H&S Group ကစီစဉ်သော ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပရာ ပါဝင်ယှဉ်ပြိုင် ထိုးသတ်သော ရိုးရာလက်ဝှေ့ သမားများအားလုံးမှာ ပဝါမကူရေမရှူ ယှဉ်ပြိုင်ထိုးသတ် ခဲ့ခြင်းကြောင့် ရိုးရာလက်ဝှေ့ ပရိသတ်များ အကြိုက်တွေ့ခဲ့သည်။

ယင်းပွဲတွင် ရိုးရာလက်ဝှေ့ပွဲစဉ်ပေါင်း ခုနစ်ပွဲယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ပါဝင်ထိုးသတ်သော လက်ဝှေ့သမား အများစုမှာ လူငယ်လက်ဝှေ့သမား များဖြစ်သည်။ ၅၄ ကီလိုတန်းပွဲစဉ် တွင် ခန့်မောင်(ဗမာ့သွေး)နှင့်ဝမ်းဝမ်း (သုံးပန်လှ)တို့ယှဉ်ပြိုင်ထိုးသတ်ရာ ခန့်မောင်က အမှတ်ဖြင့်အနိုင်ရရှိ ခဲ့ပြီး ၅၇ ကီလိုတန်းပွဲစဉ်တွင် စွမ်း ထက်နိုင်(ဗမာ့သွေး)နှင့်ကောင်းကောင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ)တို့ယှဉ် ပြိုင်ထိုးသတ်ရာ ကောင်းကောင်း က တတိယအချီတွင် အနိုင်ရရှိခဲ့သည်။

၆ဝ ကီလိုတန်းပွဲစဉ်တွင် ဆူးမိုက် (ရွှေမည်းမြေ)နှင့်စောလူပျို(သုံးပန်လှ)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ဆူးမိုက်က အမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ၆၃ ဒသမ ၅ ကီလိုတန်းပွဲစဉ်တွင် ရာအူးဖလုံ(ရွှေမိုးထိ)နှင့်သပြေညို (Adventure) တို့ ယှဉ်ပြိုင်ထိုးသတ်ရာ သပြေညိုက ဒုတိယ အချီတွင် အနိုင် ရရှိခဲ့ပြီး ၆၇ ကီလိုတန်းပွဲစဉ်တွင် အောင်ဟိန်း(သုံးပန်လှ)နှင့် ချိုင်းထူး (နဂါးမာန်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ချိုင်းထူးက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အမျိုးသမီး ပွဲစဉ်များအဖြစ် ၄၉- ၅၃ ကီလိုတန်းတွင် လင်းယုန်မေ (ဗမာ့သွေး)နှင့် စိန်တစ်ပွင့်(ဇာတိမာန်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ လင်းယုန်မေက ဒုတိယအချီတွင် အနိုင်ရရှိခဲ့ပြီး မာရီနား (Phoenix) နှင့် ရွှေကိုလေး (ပဲခူး)တို့ ပွဲစဉ်တွင် ရွှေကိုလေးက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

#Themyawadydaily

ရန်ကုန်မြို့၌ လူထု စုပေါင်း စက်ဘီး သရုပ်ပြစီးနင်း



ရန်ကုန် ၃၀-၇-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် (100 Plus) အား ဖြည့်အချိုရည်က အဓိက ပံ့ပိုး ကူညီ ပူးပေါင်း ကျင်းပသည့် လူထုစုပေါင်းစက်ဘီးသရုပ်ပြ စီးနင်းပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြကျွန်းသာရှေ့၌ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကိုကြီးနှင့် မရမ်းကုန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ (100 Plus) အားဖြည့်အချိုရည်မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် စက်ဘီးစီး ဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေး စိန်က စက်ဘီးသရုပ်ပြ စီးနင်းပွဲကို သေနတ် ပစ်ဖောက်တာလွှတ်ပေးကာ စက်ဘီးစီးအား ကစားဝါသနာရှင်စုစုပေါင်း ၅ဝဝ ခန့်တို့က အင်းယား ကန်တစ်ပတ်ပတ်ပြီး ကမ္ဘာအေး ဘုရားလမ်းမြကျွန်းသာရှေ့၌ ပန်းဝင်ကြသည်။

ယင်းလူထုစုပေါင်း စက်ဘီးသရုပ်ပြစီးနင်းပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူများ အသက်ရှည် ကျန်းမာရေးနှင့် ရောဂါဘယ ကင်းဝေးစေရေး၊ ပြည်သူလူထုအတွင်းစက်ဘီး စီးအားကစားကို စိတ်ပါဝင်စား လာစေပြီး ပါဝင် လှုပ်ရှားလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မည်



ရန်ကုန် ၃၀-၇-၂ဝ၁၈

ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် စက်တင်ဘာလတွင် ငြမ်းဆင်ပြီး ရွှေသင်္ကန်းကပ်လှူခြင်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ရွှေသင်္ကန်းကပ်လှူဖို့အတွက် စက်တင်ဘာလမှာ ကျွန်တော်တို့ ငြမ်းဆင်မယ်။ ငြမ်းဆင်ပြီးတော့မှ ရွှေသင်္ကန်းကပ်လို့ရတာပါ။ ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်တဲ့ မင်္ဂလာအခမ်းအနားကို အောက်တိုဘာလနဲ့ နိုဝင်ဘာလလောက်မှာ ပြုလုပ်မှာပါ။ ရွှေသင်္ကန်းကပ်လှူချင်တဲ့သူ တွေအတွက် အလှူခံဌာန အမြဲတမ်းဖွင့်လှစ် ပေးထားပါတယ်။ ရွှေစင်တစ်ကျပ်သားအတွက် ကျသင့်ငွေ၊ သုံးကျပ်သားအတွက်ကျသင့်ငွေ စသည်ဖြင့်ပေါ့။ အလှူရှင်တွေက ဘုရားဖူးလာရင်း ရွှေသင်္ကန်းအတွက်လှူကြတာလည်းရှိပါတယ်။ ဒါပေမဲ့ ရွှေသင်္ကန်းကိုငါးနှစ်တစ်ကြိမ်ကပ်လှူနေကျပါဟု ရွှေတိဂုံစေတီတော်ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

ရွှေတိဂုံစေတီတော်မြတ်ကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့ပြီး ကုန်းတော်ကြံ့ခိုင်ရေး၊ စေတီတော်ကြံ့ခိုင်ရေးအတွက် ခေတ်အဆက်ဆက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က တာဝန်ရှိသူတို့နှင့်အတူ ပူးပေါင်းကာထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သည် စေတီတော်ကြီးတွင် အများပြည်သူ ရွှေသင်္ကန်းကပ်လှူနိုင်ရန် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ရွှေစင် တစ်ကျပ်သားတစ်ချပ်လျှင် ငွေကျပ် ၈၁၀၀၀၀ ဖြင့်လည်းကောင်း၊ ရွှေစင် သုံးကျပ်သားတစ်ချပ်လျှင် ငွေကျပ် ၂၄၃၀၀၀၀ဖြင့်လည်းကောင်း၊ ရွှေစင်ခြောက်ကျပ်သားတစ်ချပ်လျှင် ငွေကျပ် ၄၈၆၀၀၀၀ ဖြင့်လည်းကောင်း အလှူခံဌာန ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ကြီးအား စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ထိန်းသိမ်းဆောင်ရွက် လျက်ရှိသော လုပ်ငန်းများတွင် ရွှေသင်္ကန်းကပ်လှူခြင်း သည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ယခင်ကပ်လှူထားသော ရွှေပြားများသည် ပျက်စီးနေပါကခြောက်ကျပ်သား၊ သုံးကျပ်သား ရွှေပြားသင်္ကန်းများဖြင့် ငါးနှစ်တစ်ကြိမ် အစားထိုးလဲလှယ်ခဲ့ကြသည်။ ငါးနှစ်တစ်ကြိမ် ရွှေပြားသင်္ကန်းများကို စေတီတော်ကြီး၏ ငှက်ပျောဖူးတော်မှ စတင်ကပ်လှူ ခဲ့ရာ ၂၀၁၅ ခုနှစ်ကရွှေစင်ပိဿာ နှစ်ရာကျော်ကပ်လှူခဲ့ခြင်းသည် နောက်ဆုံးကပ်လှူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger