www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 31, 2015

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၅) စနေနေ့


မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၅) စနေနေ့

Download Links


Friday, January 30, 2015

အမြန်လမ်းပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု များမှာ ပဲခူးတိုင်း ဒေသကြီး နယ်နိမိတ်အတွင်း အများဆုံး ဖြစ်ပွားခဲ့



ရန်ကုန် ၊ ၃၀-၁-၂၀၁၅

ရန်ကုန်- မန္တလေး အမြန်လမ်း ပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆ မှုများကို လေ့လာ ကြည့်ပါက ပဲခူးတိုင်း ဒေသကြီး နယ်နိမိတ် အတွင်း အများဆုံး ဖြစ်ပွားပြီး ယာဉ်ငယ်များ အများဆုံး တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည်ဟု အမြန် လမ်းမကြီး အင်ဂျင်နီယာရုံး မှ သိရသည်။

အမြန်လမ်း ပေါ်တွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှု အခြေအနေ များကို လေ့လာကြည့် ပါက ယာဉ်ငယ် များကြောင့် ဖြစ်ပွားသည့် ယာဉ် မတော်တဆ မှုမှာ ရာခိုင်နှုန်း အားဖြင့် ဖြစ်ပွားမှု စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်း ရှိသည်ဟု လည်း အမြန်လမ်း အင်ဂျင်နီယာမှူးရုံး ၏ လေ့လာ ဆန်းစစ်မှုများ အရ သိရသည်။

ထို့ပြင် လေ့လာ ဆန်းစစ်မှုများ အရ ယာဉ်ငယ်များ ဖြစ်သည့် ဗင်ကား နှင့် ဆလွန်းကားများ တိမ်းမှောက်မှု များမှာ အမှုပေါင်း ၁၃ဝ ခန့်အထိ ရှိနေပြီး ဆာ့ဖ် နှင့် ပရာဒို ကဲ့သို့သော ကားများ ဖြစ်ပွားမှုမှာ ၆၄ မှုခန့် အထိ ရှိနေကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးသည် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ နေပြည်တော် ကောင်စီ နယ်မြေနှင့် မန္တလေးတိုင်း ဒေသကြီး တစ်လျှောက် တစ်ဆက်တည်း ဖောက်လုပ်ထား သဖြင့် ယာဉ် မတော်တဆမှု ဖြစ်ပွားရာ နေရာ အပိုင်းအခြားကို လေ့လာပါက ပဲခူးတိုင်း ဒေသကြီး နယ်နိမိတ်တွင် ဖြစ်ပွားသည့် အမှုမှာ အမှု အားလုံး၏ ထက်ဝက်ခန့် ရှိနေကြောင်း အမြန် လမ်းမကြီး ရဲတပ်ဖွဲ့ မှ သိရသည်။

အမြန်လမ်း အင်ဂျင်နီယာရုံး မှ ထုတ်ပြန်သည့် စာရင်းအရ ၂ဝ၁၄ ခုနှစ်တွင် အမြန်လမ်း ပေါ်၌ ယာဉ်တိုက်မှု ပေါင်း ၄၁၂ မှုဖြစ်ပွား ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ၂၅၉ မှုသာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်- မန္တလေး အမြန်လမ်း တစ်လျှောက်တွင် တစ်နှစ်အတွင်း ယာဉ် အရေအတွက် လေးသိန်း ငါးသောင်းကျော် ဖြတ်သန်း နေကြပြီး တစ်နှစ်လျှင် ဖြတ်သန်း သွားလာသည့် အစီးရေ ရှစ်သောင်းခန့် တိုးလာကြောင်း ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ကျော်လွင်

#Yadanarpondaily
#မြ၀တီနေ့စဉ်

ကလေးရေယုန်နာ



ကလေးရေယုန်နာ

ဒေါက်တာ လွင်သန့် (ဆေး-၂)

ကလေးရေယုန် ရောဂါသည် ဗိုင်းရပ်စ်ပိုး ကြောင့် နှာခေါင်းနှင့် နှုတ်ခမ်း ဝန်းကျင် တစ်ဝိုက် ပေါက်လေ့ ရှိသည့် အရည်ကြည်ဖု လေးများ ဖြစ်သည်။

ရေယုန်သည် မျက်နှာနှင့် နေရာ အနှံ့အပြား ပေါက်တတ်သည်။ အနာခြောက်ပြီး ကွာမကျ သွားမီ အရည်ကြည်ဖု များ ပေါက်ထွက်ကာ အရည် တစိုစို ရှိတတ်သည်။ ကလေးများနှင့် လူကြီး အချို့၏ အာရုံကြော အဆုံး နေရာတွင် တွေ့ရလေ့ ရှိသည်။ ရေယုန်ရောဂါ ဖြစ်ဖြစ်ချင်းတွင် အရည်ကြည်ဖု ပေါက်လာသည်။ ၁ဝ ရက်မှ ၁၄ ရက်အထိ ကြာသည်။ နှာခေါင်းနှင့် နှုတ်ခမ်း တစ်ဝိုက်တွင် နီရဲ၍ ရောင်ရမ်းစပြု လာပြီး အသားတင်းကာ ယားယံလာမည်။ ထို့နောက် အရည်ကြည်ဖု များပေါက်ပြီး အရည်ကြည် ထွက်လာကာ စိုရွှဲရာမှ တဖြည်းဖြည်း အနာဖတ်များ ဖုံးအုပ်ကာ ခြောက်သွေ့ လာလိမ့်မည်။

မျက်စိ အနီးတစ်ဝိုက် တွင် ရေယုန် ပေါက်ပါက မျက်လုံးထဲသို့ ရောဂါပိုး ရောက်ရှိပြီး မျက်လုံးအတွင်း မျက်ကြည်လွှာ အနာဖြစ် တတ်ကာ စိုနေ တတ်သည်။ အရည်ကြည် ဖုများကို လက်ဖြင့် မကိုင်ရပါ။ ကလေး၏ လက်ကို ဆပ်ပြာဖြင့် ဆေးကြော သင့်သည်။ အနာ ခြောက်သွေ့ စေရန် အရက်ပြန် ဆွတ်ပေးခြင်း သို့မဟုတ် အနာဖုများ တင်းပြီး နာကျင်ခြင်း အန္တရာယ်မှ ကာကွယ် ပေးခြင်း၊ အစိုဓာတ် ထိန်းသိမ်း၍ ကလေးနှင့် အဆင်ပြေမည့် (ဓာတ်တည့်သည့်) ဆေး တစ်မျိုးမျိုး လိမ်းပေးခြင်း စသည့် နည်းလမ်းကို ရွေးချယ် ဆောင်ရွက် ပေးသင့်သည်။ ရေယုန် မျက်စိနား ကပ်ပြီး ပေါက်ပါက ဆရာဝန်နှင့် ပြသရမည်။ ရေယုန်အနာ နီရဲပြီး ပြည်တည် လာပါက ဗက်တီးရီးယားပိုး ဝင်ရောက်ခြင်း ဖြစ်သဖြင့် ဆရာဝန်နှင့် ပြသရန် လိုသည်။

ဆရာဝန်က ရေယုန်ရောဂါ ဖုများ (သို့) ဗက်တီးရီးယား ထပ်မံမဝင် ရောက်စေရန် ပိုးသတ် ပဋိဇီဝဆေး လိမ်းခြင်းနှင့် အနာရေစို ဓာတ်မပြတ် စေဘဲ ပိုးကိုသေအောင် ဆေးကုရမည်။ ဆရာဝန်က ဗိုင်းရပ်စ်ပိုး သေစေသည့် လိမ်းဆေး လိမ်းရန် ညွှန်ကြား လိမ့်မည်။ ထပ်ခါ ထပ်ခါ ရေယုန်ပေါက်သည့် ကလေးအတွက် ဗိုင်းရပ်စ်ပိုး သတ်ဆေး သောက်ခိုင်း ရမည်။

ကလေးအတွက် မျက်နှာသုတ် ပဝါနှင့် မျက်နှာသုတ် တို့ဖတ် (အနာသား နံရည်သုတ် အဝတ်စ) သီးသန့် ထားပေးရမည်။ ကလေး ရေယုန်ပေါက် နေစဉ် အခြားသူများ နမ်းရှုပ်ခြင်း မလုပ်သင့်ပါ။ ရောဂါကူးစက် နိုင်သည်။ ရေယုန် ပေါက်ဖူးသည့် ကလေးကို နောက် တစ်ကြိမ် နေပူထဲ ထွက်ကစား စေခြင်း ရှောင်ကြဉ် စေရမည်။ ခရမ်းလွန် ရောင်ခြည်မှ ကာကွယ်ပေး နိုင်သည့် လိမ်းဆေး တစ်မျိုးမျိုး ကို နှာခေါင်းနှင့် နှုတ်ခမ်းတစ်ဝိုက် လိမ်းပေးရန် လိုအပ်သည်။

အထူး သတိရှိရန်မှာ ခရမ်းလွန် ရောင်ခြည်ဒဏ်မှ ကာကွယ်ရန် နေပူထဲ ထွက်လျှင် ဦးထုပ်၊ ထီး ဆောင်းသွား သင့်သည်။ နေရောင်ခံ လိမ်းဆေး သို့မဟုတ် သနပ်ခါး လိမ်း၍ အပူမစုပ် နိုင်သည့် အဝတ်ပွပွ ဝတ်ပေးသင့် သည်။ ကလေးများကို အရိပ်ထဲတွင် ဆော့ကစား ရန်နှင့် အခြားကူးစက် သူများနှင့် ရောနှော မကစားစေရန် ဂရုပြုသင့် ပါသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်


နေပြည်တော် ၊ ၃၀-၁-၂၀၁၅

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးမည့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) သည် ဇန်နဝါရီ ၂၈ ရက်တွင် မအူပင်မြို့နယ်၊ ကျွဲဂတ် ကျေးရွာသို့ ရောက်ရှိ အခြေပြု၍ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်ပေးမှု အနေဖြင့် ဆေးကုသမှု ဆိုင်ရာရောဂါ ၂ဝ၆ ဦး၊ ခွဲစိတ်ရောဂါ ၄၈ ဦး၊ ကလေးရောဂါ ၅၂ ဦး၊ သားဖွားမီးယပ် ရောဂါ ၄၈ ဦး၊ အရိုးရောဂါ ၃၆ ဦး၊ နား နှာခေါင်း လည်ချောင်း ရောဂါ ၅၆ ဦး၊ မျက်စိရောဂါ ၆၈ ဦး၊ သွားရောဂါ ၃၆ ဦး၊ စုစုပေါင်း ၅၅ဝ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး အထွေထွေ ခွဲစိတ်လူနာ သုံးဦး၊ မျက်စိခွဲစိတ် လူနာ ရှစ်ဦး၊ သွားလူနာ ၃၆ ဦး၊ ဓာတ်မှန်ရိုက် လူနာရှစ်ဦး၊ အာထရာ ဆောင်း ရိုက်လူနာ ၁၅ ဦးတို့အား ခွဲစိတ်ကုသ ပေးခြင်းနှင့် ရောဂါရှာဖွေ စမ်းသပ် ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

မြန်မာ့ရိုးရာမုန့်မျိုးစုံကို ထောက်ခံချက် လက်မှတ်များရယူ၍ အာရှနိုင်ငံများ နှင့် ဥရောပနိုင်ငံ အချို့သို့ တင်ပို့မည်



ရန်ကုန် ၊ ၃၀-၁-၂၀၁၅

မြန်မာ့ရိုးရာ မုန့်မျိုးစုံကို စားသုံးရန် သင့်ကြောင်း ထောက်ခံချက် လက်မှတ်များ ရယူ၍ အာရှနိုင်ငံ များနှင့် ဥရောပ နိုင်ငံအချို့ သို့ တင်ပို့ရောင်းချ နိုင်ရန် စီစဉ်လျက် ရှိကြောင်း ဒို့ရိုးရာ စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်း မှ မြန်မာ့ရိုးရာ စားသောက်ကုန် ထုတ်လုပ် ဖြန့်ချိရေး မန်နေဂျာ ဦးကျော်ကျော်ထွန်း ထံမှ သိရသည်။

ယခုအခါ ပြည်တွင်းရှိ ရိုးရာမုန့်မျိုးစုံ ထုတ်လုပ်သည့် လုပ်ငန်း လုပ်ကိုင်သူ များက မြန်မာ့ရိုးရာ မုန့်မျိုးစုံကို ထုတ်လုပ် ရောင်းချရာတွင် ထုပ်ပိုးမှု ပုံစံများကို ပြောင်းလဲ၍ ရောင်းချ လာသည့်အပြင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးမည့် ရက်စွဲများ ကိုပါ ထည့်သွင်း ရောင်းချ လာခြင်းကြောင့် စားသုံးသူများ အနေဖြင့် အန္တရာယ် ကင်းရှင်းစွာ ဝယ်ယူစားသုံး နိုင်ပြီး စားသုံးမှု မြင့်တက် လာကြောင်း သိရသည်။

''အရင်က ဆိုရင် ရိုးရာမုန့် တွေရဲ့ ထုပ်ပိုးမှုက ရိုးစင်းတယ်။ ပလတ်စတစ်အိတ် အကြည်တွေနဲ့ ထုပ်တယ်။ စက္ကူအပါး တွေနဲ့ ထုပ်တယ်။ အခု နောက်ပိုင်းမှ ထုပ်ပိုးမှု ပုံစံတွေ ပြောင်းလိုက်တယ်။ အိတ်တွေမှာ တံဆိပ်တွေ ရိုက်တယ်။ အရောင်အသွေး မျိုးစုံနဲ့ ထုတ်တယ်။ အဓိက က အမြင်နဲ့တင် စားသုံးသူ တွေကို ဆွဲဆောင် နိုင်တယ်။ ပြီးတော့ စားသုံးရန် သင့်တဲ့ ထောက်ခံစာ တွေကိုပါ ကပ်နှိပ် ရောင်းလာတယ်။ နောက်တစ်ဆင့် အနေနဲ့ ထုတ်လုပ်မှု ပုံစံတွေ ပြောင်းတာပေါ့။ ထမင်းသုပ် လုပ်စားလို့ ရတဲ့ အသင့်စား အထုပ်တွေ၊ မုန့်ဟင်းခါး အသင့်စား အထုပ်တွေပေါ့။ အဲဒီ အသင့်စား ထုတ်ကုန်တွေက ဒီက စားသုံးသူ တွေအတွက် မဟုတ်ပေမယ့် ပြည်ပရောက် မြန်မာတွေ အတွက် အလွမ်းပြေ စားသုံးကုန် တွေ ဖြစ်ပါတယ် .. '' ဟု မြန်မာ့ရိုးရာ စားသောက်ကုန် ထုတ်လုပ် ဖြန့်ချိရေး မန်နေဂျာ ဦးကျော်ကျော်ထွန်း က ပြောသည်။

ထို့အပြင် အခြားသော ရိုးရာ ထုတ်လုပ်မှု စားသောက်ကုန် များကိုလည်း ထုတ်လုပ်မှု၊ ထုပ်ပိုးမှု ပြင်ဆင်ပြီး စားသုံးရန် သင့်ကြောင်းထောက်ခံချက် လက်မှတ်များ ရယူရန် ပြင်ဆင် နေကြောင်း သိရသည်။ အာရှနိုင်ငံ များသို့ တင်ပို့ ရောင်းချရာ တွင်လည်း မြန်မာလူမျိုး အများဆုံး နေထိုင်သည့် စင်ကာပူနိုင်ငံ၊ မလေးရှား နိုင်ငံနှင့် ထိုင်းနိုင်ငံ အစရှိသည့် နိုင်ငံတို့ကို ဦးစားပေး ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဥရောပ နိုင်ငံများ တွင်လည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည် အဝင်များသည့် နိုင်ငံတို့သို့ ဖြန့်ချိ သွားမည် ဖြစ်ကြောင်း သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီသုံးခုမှ အဆိုပြုလွှာများ တင်သွင်းထား



ရန်ကုန် ၊ ၃၀-၁-၂၀၁၅

ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီသုံးခု မှ တင်ဒါ အဆိုပြုလွှာများ တင်သွင်း ထားကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထားမှ သတင်း ထုတ်ပြန် ထားသည်။

ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း တင်ဒါ ယှဉ်ပြိုင်ရန် တင်ဒါ အဆိုပြုလွှာ များကို ဂျပန် -မြန်မာ ပူးပေါင်းရေး ကုမ္ပဏီတစ်ခု၊ ဗီယက်နမ်- တရုတ်- မြန်မာပူးပေါင်း ကုမ္ပဏီတစ်ခု၊ မြန်မာ- စင်ကာပူ ပူးပေါင်း ကုမ္ပဏီတစ်ခု၊ စင်ကာပူ နိုင်ငံမှ ကုမ္ပဏီ တစ်ခု၊ ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခု၊ တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခု၊ ကနေဒါ နိုင်ငံမှ ကုမ္ပဏီ တစ်ခု၊ တိုင်ဝမ်မှ ကုမ္ပဏီတစ်ခု နှင့် မြန်မာနိုင်ငံ မှ ကုမ္ပဏီတစ်ခု စုစုပေါင်း ကုမ္ပဏီ ကိုးခုက တင်ဒါ တင်သွင်းရန် အဆိုပြုလွှာများ ထုတ်ယူ ထားပြီး ကုမ္ပဏီ အဖွဲ့အစည်း ကိုးခုအနက် သုံးခုသာ တင်ဒါ အဆိုပြုလွှာ များကို တင်သွင်း ထားခဲ့ကြောင်း သိရသည်။

ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒီဇိုင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်၊ ပြည်တွင်း ပြည်ပ အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီများမှ စိတ်ဝင်စားမှု အဆိုပြုလွှာများ ပေးပို့ရန် ၂ဝ၁၄ ခုနှစ် ဧပြီ ၂၆ ရက်က စတင်ဖိတ်ခေါ် ခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် ဥရောပ နှင့် အာရှဒေသ များမှ နိုင်ငံပေါင်း ၁၂ နိုင်ငံက အဆိုပြုလွှာ ၃၄ ခု ပေးပို့ခဲ့ ကြသည်။ အဆိုပြုလွှာ များကို လေ့လာ ဆန်းစစ်ခြင်း နှင့် အကဲဖြတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နိုင်စွမ်းရှိမည့် ဆန်ခါတင် ကုမ္ပဏီများကို ရွေးချယ်ကာ တင်ဒါ အဆိုပြုလွှာများ ပြန်လည် တင်သွင်းရန် ခေါ်ယူ ထားခြင်း ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန် ဘူတာကြီး စီမံကိန်း တွင် ဘူတာ အဆောက်အအုံ ကို မူလအတိုင်း ထားရှိမည် ဖြစ်ပြီး ကျန်ရှိသည့် မီးရထား ပိုင်မြေ ၆၂ ဧကတွင် အဆင့်မြင့် အဆောက်အအုံ များ ဆောက်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

ရှေးခေတ်လက်ရာများဖြင့် ပြုလုပ်ထားသည့် ကျွန်းဘီရိုများကို လိုက်လံဝယ်ယူသူ များပြားနေ



ရန်ကုန် ၊ ၃၀-၁-၂၀၁၅

မြန်မာ့ လက်မှုပညာ ရှေးဟောင်း ပစ္စည်း အရောင်းအဝယ် ဈေးကွက်အတွင်း ရှေးဟောင်း ပစ္စည်းဝယ်ယူသူ များက ရှေးခေတ် လက်ရာများဖြင့် ပြုလုပ် ထားသည့် ကျွန်းဘီရို များကို ဈေးကောင်းပေး၍ လိုက်လံ ဝယ်ယူသူ များပြားနေသည့် အပြင် ရှေးဟောင်း ကျွန်းဘီရို များတွင် ဖန်လက်ကိုင် ပါပါက ငွေကျပ်သိန်း ၅ဝ အထက် ဈေးပေးဝယ်ယူ နေကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် များမှ သိရသည်။

ရှေးခေတ် လက်ရာများဖြင့် ပြုလုပ်ထားသည့် ကျွန်းဘီရို များကို လိုက်လံ ဝယ်ယူရာတွင် ပုံစံ အမျိုးအစား၊ အရွယ်အစား နှင့် လက်ရာပေါ်တွင် မူတည်၍ အနိမ့်ဆုံး ငွေကျပ် ၁ဝ သိန်းကျော်မှ ငွေကျပ် သိန်း ၃ဝ အထိ ဈေးပေးဝယ်ယူ နေကြောင်း၊ နှစ်ပေါင်း ရာချီသည့် လက်ရာများ ဖြစ်ပြီး ပစ္စည်း အစုံအလင် ပါရှိပါက ငွေကျပ် သိန်း ၅ဝ နှင့် အထက် ဈေးပေးဝယ်ယူ နေကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦး က ပြောသည်။

ယခုအခါ ပြည်တွင်း၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု မြင့်တက် လာခြင်းကြောင့် ဟိုတယ်နှင့် တည်းခိုခန်းများ ဖွင့်လှစ်မှုမှာ ပိုမိုများပြား လာပြီး လာရောက် တည်းခိုသည့် ပြည်ပ ခရီးသွား ဧည့်သည် များကို ဆွဲဆောင်ရန် ဟိုတယ် ဧည့်ခန်းများ တွင် ရှေးဟောင်း လက်မှု အနုပညာ ပစ္စည်းများကို ထားရှိ၍ လာရောက် တည်းခိုသည့် ခရီးသွား ဧည့်သည်များ၏ စိတ်အာရုံကို ဆွဲဆောင် ကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ဒီဇယ်အင်ဂျင် နှင့် လျှပ်စစ်စွမ်းအင် နှစ်မျိုးလုံး အသုံးပြုနိုင်သည့် ရထား ၁၁ စင်းဝယ်ယူမည်


ဂျပန်ဓာတ်ရထားတစ်စင်း ပြေးဆွဲနေပုံ

ရန်ကုန် ၊ ၃၀-၁-၂၀၁၅

၂ဝ၁၆ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည့် လျှပ်စစ်ရထား ပြေးဆွဲရေး စီမံကိန်း တွင် အသုံးပြုရန် ဂျပန်နိုင်ငံမှ ဒီဇယ်အင်ဂျင် နှင့် လျှပ်စစ်စွမ်းအင် နှစ်မျိုးလုံး အသုံးပြု နိုင်သည့်ရထား ၁၁ စင်း ဝယ်ယူသွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ မြန်မာ့မီးရထား မှ သိရသည်။ 

အဆိုပါ ရထားများကို ယခုနှစ် အတွင်း၌ ရန်ကုန်မြို့ပတ် ရထား လမ်းကြောင်း တစ်လျှောက် လက်ရှိ ပြေးဆွဲနေသည့် Air Conditional RBE ရထားတွဲဆိုင်း နေရာများတွင် ထည့်သွင်း ပြေးဆွဲသွားရန် ရှိကြောင်း သိရသည်။

ဒီဇယ်အင်ဂျင် နှင့် လျှပ်စစ်စွမ်းအင် နှစ်မျိုးလုံး နှင့် အသုံးပြုနိုင်မည့် ရထား တွဲဆိုင်းများ ဝယ်ယူရန်နှင့် မြို့ပတ်ရထား မြန်နှုန်းမြင့် အဆင့် မြှင့်တင်သည့် လုပ်ငန်း ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ခန့်သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် ချိတ်ဆက် အသုံးပြုနိုင်မည့် ပုဇွန်တောင် ဘူတာမှ ထော်လီကွေ့ ကမ်းနားလမ်း တစ်လျှောက် RBE လူစီးရထား တွဲဆိုင်း ပြေးဆွဲမှု အောင်မြင်မည် ဆိုပါက အနာဂတ် ကာလတွင် ဓာတ်ရထား ( Tram Rail ) ပြေးဆွဲနိုင်သည် အထိ တိုးချဲ့သွားရန် လျာထားပြီး Tram ပြေးဆွဲရန် ခန့်မှန်း ကုန်ကျစရိတ်သည် Sub- Station တစ်ခု တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်း၊ ဓာတ်တိုင်များ နှင့် ဓာတ်အားပေး စနစ် ထူထောင်ရန် အမေရိကန် ဒေါ်လာ သုည ဒသမ ၉၂၄ သန်း၊ Tram စက်ခေါင်း လေးခေါင်းစာ အတွက် အမေရိ ကန်ဒေါ်လာ ၄ သန်းခန့် စုစုပေါင်း ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၂၄ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

လက်ရှိ မြို့ပတ်ရထား ပြေးဆွဲနေသည့် လမ်းကြောင်း တစ်လျှောက် လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန်၊ မြို့ပတ်ရထား အဆင့် မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ သန်း ၇ဝဝ ခန့် ကုန်ကျမည် ဖြစ်သည့် အတွက် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ( JICA )မှ သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၇ဝဝ အပြင် နည်းပညာပိုင်း ကိုပါ ကူညီ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

လေးစား မြတ်နိုး တန်ဖိုးထားမှု အမှန်


လေးစား မြတ်နိုး တန်ဖိုးထားမှု အမှန်

လေးစား ချစ်ခင် မြတ်နိုးသူကို လူတိုင်းက တန်ဖိုးထား ကြသည်။ ထို လေးစား မြတ်နိုး ချစ်ခင်သော ပုဂ္ဂိုလ်သည် အများ၏ စံနမူနာပြု ပုဂ္ဂိုလ်ဖြစ်ပြီး ထို ပုဂ္ဂိုလ်ကဲ့သို့ ကျင့်ကြံ နေထိုင် ကြသည်။ ထိုပုဂ္ဂိုလ်၏ အမှာစကားကို လေးစား လိုက်နာ ကြသည်။

ယခုအခါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ကျေးဇူးရှင် ဗိုလ်ချုပ် အောင်ဆန်း ၏ နှစ်(၁ဝဝ) ပြည့်ပွဲကို ကျင်းပရန် လုပ်ဆောင် နေကြသည်ကို မြင်နေရ၊ ကြားနေ ရသည်။ ဗိုလ်ချုပ် အောင်ဆန်း သည် ဂုဏ်ပြု လေးစားထိုက် စရာ ပုဂ္ဂိုလ်ကြီး ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ စံနမူနာပြု ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်းကို နတ်မောက်မြို့၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် အဘ ဦးဖာ၊ အမိ ဒေါ်စု တို့က မွေးဖွား ခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်နှစ် (၁ဝဝ) ပြည့်ပွဲကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ခမ်းခမ်းနားနား ကျင်းပရန် စီစဉ် နေကြသည်။

ထိုသို့ ဂုဏ်ပြု စံနမူနာပြု ထိုက်သည့် ဗိုလ်ချုပ် အောင်ဆန်း နှစ် (၁ဝဝ) ပြည့်ပွဲကို ကျင်းပခြင်း သည် ကျေးဇူးရှိသည့် ပုဂ္ဂိုလ်ကို ကျေးဇူးရှင် အဖြစ် အသိအမှတ် ပြုခြင်း၊ လေးစား မြတ်နိုး ဂုဏ်ပြု ထိုက်သည့် ပုဂ္ဂိုလ်ကို လေးစား မြတ်နိုး တန်ဖိုး ထားကြောင်း ပြသရာ ရောက်၍ ကောင်းမြတ် သည့် လုပ်ဆောင်မှု ဖြစ်သည်။

ဤတွင် လေးစား မြတ်နိုး တန်ဖိုး ထားမှုသည် ပွဲကျင်းပရုံဖြင့် လေးစား မြတ်နိုး တန်ဖိုး ထားခြင်း မဟုတ်သည်ကို သတိပြု သင့်သည်။ ပါးစပ်က ဘုရားဘုရား လက်က ကားရား ကားရား ကဲ့သို့ မဖြစ်ရန် လိုသည်။ လေးစား မြတ်နိုး တန်ဖိုး ထားသည့် ပုဂ္ဂိုလ်၏ အမှာစကားကို လိုက်နာရန် လိုသည်။

လွတ်လပ်ရေး၏ ဖခင် ပြည်ထောင်စု တိုင်းရင်းသားများ စည်းလုံး ညီညွတ်ရေး ၏ ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း က မြန်မာ ပြည်သူများကို စည်းကမ်း လိုက်နာရန်၊ စည်းမဲ့ ကမ်းမဲ့ ရမ်းကားမှုများ မပြုလုပ်ရန်၊ ကချင်က တစ်မျိုး၊ ချင်းက တစ်ဖုံ လုပ်နေပြီး အကွဲကွဲ အပြားပြား ပြုမူ နေခြင်းမျိုး ကို မပြုလုပ်ရန်၊ စည်းလုံး ညီညွတ်စွာ တိုင်းပြည် ထူထောင်ရေး ကို လုပ်ဆောင် ကြရန် တဖွဖွ မှာကြား ခဲ့သည်။ ပြည်ထောင်စု အကွဲကွဲ အပြားပြား မဖြစ်စေရန် ကြိုးပမ်း ခဲ့သည်။

သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသား ပြည်သူများ အနေဖြင့် အမှန်တကယ် ဗိုလ်ချုပ် အောင်ဆန်း ကို လေးစား မြတ်နိုး တန်ဖိုးထား ပါက ဗိုလ်ချုပ် အောင်ဆန်း နှစ်(၁ဝဝ) ပြည့်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပပေး သကဲ့သို့ ဗိုလ်ချုပ် အောင်ဆန်း ၏ အမှာစကား အတိုင်း စည်းကမ်း ရှိစွာ၊ စည်းလုံး ညီညွတ်စွာ ဖြင့် လေးစား လိုက်နာ၍ တိုင်းပြည် အေးချမ်း သာယာ ဖွံ့ဖြိုး တိုးတက်အောင် ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

ရေမဆေးကျောက် တင်ဆောင်သည့် ယာဉ်များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိရာမှ မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိ


ဖမ်းဆီးရမိသူများ နှင့် ရေမဆေးကျောက်များ တင်ဆောင် ထားသည့် ယာဉ်များ

ရေမဆေးကျောက်များ တင်ဆောင်ထားသည့် ယာဉ်များကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁-၂၀၁၅

ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ဖော်ပြ ပါရှိခဲ့သည့် ကချင်ပြည်နယ်၊ ဆင်ဘို အနောက်ခြမ်း ဒေသတွင် ဇန်နဝါရီ ၂၅ ရက် နံနက် ၄ နာရီခန့်က ဖမ်းဆီးရမိ ခဲ့သည့် အမျိုးသား ၂၃ ဦးနှင့်အတူ ရေမဆေးကျောက် တင်ဆောင် ထားသည့် ယမ်းဖောင် ခြောက်ဘီးယာဉ် ရှစ်စီး၊ လင့်ခရူဇာယာဉ် တစ်စီး၊ လုပ်ဒါယာဉ် တစ်စီး၊ ၉ မမ ပစ္စတို တစ်လက်၊ ၄င်းကျည်အိမ် တစ်ခုနှင့် ကျည်ခုနစ်တောင့် တို့အား မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ လွှဲပြောင်း၍ လူ၊ ယာဉ်နှင့် ပစ္စည်းများအား ဇန်နဝါရီ ၂၇ ရက်မှ စတင်ပြီး စစ်ဆေးခြင်းများ ပြုလုပ်ရာ သိမ်းဆည်းရမိ လင့်ခရူဇာယာဉ် အား အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်စဉ် ဂီယာအုံ အလှဆင် ခွက်၏ အတွင်း ဘေးနံရံတွင် အပြာရောင် ကပ်ခွာ ပလတ်စတစ် အိတ်ဖြင့် ထုပ်ပိုးထားသည့် ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ဝ ပြားအား ထပ်မံရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း = http://themyawadydaily.blogspot.com/2015/01/blog-post_567.html

#Themyawadydaily
#မြ၀တီနေ့စဉ်



တရားမ၀င်သစ် နှင့် ယာဉ်များ ထပ်မံ ဖမ်းဆီးရမိ


တရားမ၀င် သစ်များ ခိုးထုတ်ရာတွင် အသုံးပြုသော ယာဉ်များ


ဖမ်းဆီးရမိ တရားမ၀င် သစ်များ

မြစ်ကြီးနား ၊ ၃၀-၁-၂၀၁၅

ကချင်ပြည်နယ်၊ မံဝိန်း၊ မံတောင်၊ လောခွန်ယန် နှင့် ဆဒုံးဒေသ အတွင်း လေကြောင်း ကင်းထောက်မှု အရ တရားမဝင် သစ်များအား တစ်ဖက်နိုင်ငံ သို့ ပို့ဆောင်ရန် စုပုံ ထားရှိမှုများကို သိရှိရသဖြင့် တပ်မတော် စစ်ကြောင်း များက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ တရားမဝင် သစ်လုံး အရွယ်မျိုးစုံ ၆၈၇၅ လုံးနှင့် တရားမဝင်သစ် ထုတ်ရာတွင် အသုံးပြုသော လုပ်ဒါ/ဘက်ဟိုး ရှစ်စီး၊ ပါဂျဲရိုး ယာဉ်နှစ်စီး၊ ပီကင်းဂျစ် ယာဉ်တစ်စီး၊ ဝင့်ကားယာဉ် တစ်စီး၊ ကရိန်းယာဉ် သုံးစီး တို့အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ကချင်ပြည်နယ် အတွင်း ဇန်နဝါရီ ၂ ရက် မှ ၂၈ ရက်အထိ ဖမ်းဆီး ရမိသော တရားမဝင်သစ် နှင့် သစ်ထုတ်ရာတွင် အသုံးပြု သောယာဉ်၊ မူးယစ်ဆေးဝါး နှင့် တရားခံများ စုစုပေါင်း အနေဖြင့် သစ်လုံး အရွယ်မျိုးစုံ ၁၂၃၂၈ လုံး၊ ယာဉ်မျိုးစုံ ၅၁၉ စီး၊ ဆိုင်ကယ်ကိုးစီး၊ တရားခံ ၁၅၇ ဦးနှင့် ပစ္စည်း မျိုးစုံများ၊ စိတ်ကြွဆေးပြား ၈၆၈ဝ၊ ဘိန်းမည်း ခြောက်ထုပ်၊ ဘိန်းစိမ်း ၂ဝ ကျပ်သား တို့ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံနို င်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

တပ်မတော်(ရေ)မှ နစ်မြုပ် ကုန်လှေတစ်စင်းမှ လှေလုပ်သားများအား ကယ်ဆယ်


တပ်မတော်(ရေ)မှ စစ်သည်များ နစ်မြုပ်ခဲ့သည့် ကုန်တင်လှေမှ ရေလုပ်သားများအား ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်စဉ်


မြိတ် ၊ ၃၀-၁-၂၀၁၅

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အနီး ကလွင်မီးပြ၏ အနောက် မြောက်ဘက် ၂ မိုင်ခန့်တွင် ကုန်လှေတစ်စင်း နစ်မြုပ် သွားကြောင်း သတင်းအရ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့်တွင် မြိတ်ဆိပ်ကမ်း ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်(ရေ) မှ စစ်သည်များက လှေနစ်မြုပ်ရာ နေရာသို့ သွားရောက်၍ နစ်မြုပ်လှေ ပေါ်ပါ လှေသား ၁ဝ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

အဆိုပါ ကုန်လှေမှာ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ဗိုလ်ချုပ်လမ်း၊ တလိုင်းစုရပ် နေ ဦးလှရွှေ ပိုင်ဆိုင်သည့် အောင်ပြည့်မိုး အမည်ရှိ ကုန်လှေတစ်စင်း ဖြစ်ပြီး ရန်ကုန်သို့ ပစ္စည်းများ ပို့ဆောင်ရန် ကျွဲကူးရှိ ဦးစောဂျက် တံတားမှ ဇန်န၀ါရီ ၂၄ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ထွက်ခွာလာစဉ် ကလွင်မီးပြ အနောက် မြောက်ဘက် ၂ မိုင်ခန့် အရောက်၌ လှေမှာ ထေးဆံကွာ၍ ဘယ်ဘက်ကိုင်ပျဉ် ပွင့်ကာ ရေ၀င် နစ်မြုပ်ခဲ့ခြင်း ဖြစ်၍ လှေပေါ်ပါ ကျပ်သိန်း ၂၇၀ တန်ဖိုးရှိ ကုန်မျိုးစုံမှာ ရေနစ်မြုပ် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁-၂၀၁၅) သောကြာနေ့


မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁-၂၀၁၅) သောကြာနေ့

Download Links


Thursday, January 29, 2015

သစ်သားရှေးဟောင်း လက်ရန်းတစ်ခုကို နောင်လာနောက်သားများ လေ့လာနိုင်ရန် ရှေးမူမပျက် ထိန်းသိမ်းထား



ရမည်းသင်း ၊ ၂၉-၁-၂၀၁၅

လွန်ခဲ့သော နှစ်ပေါင်း များစွာက သစ်သားဖြင့် ပြုလုပ်ထားပြီး ဘုရားခန်း အဝင်တွင် တပ်ဆင်ထား ရှိသော ဘုရားခန်းကာ သစ်သားပန်းပု ကနုတ်ပန်း လက်ရန်းကို မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့ သက်ကယ်ခြံရွာ ရွာဦး ဘုန်းတော်ကြီး ကျောင်း၌ တွေ့ရသည်။

အဆိုပါ ဘုရားခန်းရှိ သစ်သားပန်းပု ကနုတ်ပန်း လက်ရန်းလက်ရာ မှာ အလျားရှစ်ပေ၊ အနံ(အမြင့်) သုံးပေရှိပြီး ထု သုံးလက်မ ခန့်ရှိသော သစ်သားပေါ်တွင် ထွင်းထု ထားခြင်း ဖြစ်သည်။ ဘုန်းတော်ကြီး ကျောင်း ဆောက်လုပ်စဉ် ကတည်းက ရှိခဲ့သည်ဟု သိရ သောကြောင့် လွန်ခဲ့သော နှစ်ပေါင်း များစွာက ဟု ခန့်မှန်းရသည်။

ရှေ့ မျက်နှာပြင်တွင် ပန်းပု လက်ရာဖြင့် အပြောက်အမွမ်း၊ ပန်းလိမ်၊ ပန်းခက်၊ ကြာမှောက်၊ ကြာလန်၊ ပုလဲသွယ် အစရှိသည် တို့ကို လက်ရာမြောက်စွာ ထုဆစ်ထားပြီး ပန်းပွတ် လက်ရာ သစ်သား ပွတ်လုံးတိုင် များကိုလည်း တပ်ဆင် ထားသည်။ အထက်ပိုင်း ထောင့်များတွင် သက်ဝင်မှု ရှိအောင် ထုဆစ် ပုံဖော်ထားသော ဇာမဏီ ငှက်ရုပ်နှစ်ရုပ် ပါရှိသည်ကို တွေ့ရသည်။

ထို ဇာမဏီငှက်ရုပ် များမှာ အလျားသုံးပေ၊ အမြင့် ၁၈ လက်မ ရှိသည်။ တစ်ကောင်နှင့် တစ်ကောင် ဆန့်ကျင်ဘက် အရပ်များသို့ မျက်နှာ မူထားသည် ၄င်း သစ်သားပန်းပု ကနုတ်ပန်း လက်ရာ၏ ဘေးတစ်ဖက် စီတွင် အရှည် ငါးပေရှိ ပွတ်လုံး အဆင့်ဆင့် ပြုလုပ် ထားသောတိုင် ပူးတွဲလျက် ရှိသည်ကို တွေ့ရသည်။

လက်ရာမြောက် လှသော ရှေးဟောင်း ဘုရားခန်းက သစ်သားပန်းပု ကနုတ်ပန်း လက်ရာ လက်ရန်း ကို နောင်လာ နောက်သားများ လေ့လာနိုင်ရန် အတွက် သက်ကယ်ခြံရွာ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ က ရှေးမူမပျက် ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရသည်။ (၁၆၉)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွင် အသုံးပြုနိုင်မည့် ခရီးသွား လုပ်ငန်းဆိုင်ရာ Web Portal လွှင့်တင်



ရန်ကုန် ၊ ၂၉-၁-၂၀၁၅

နိုင်ငံတကာ ခရီးသွား လုပ်ငန်းတွင် အဆင်ပြေစွာ အသုံးပြုနိုင်မည့် Travel Web Platform တစ်ခုကို စတင်လွှင့်တင် ထားပြီး ဖြစ်သဖြင့် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းပိုင်ရှင် များထံမှ သိရသည်။ အဆိုပါ Web Portal လွှင့်တင်ထားသည့် ကုမ္ပဏီမှာ Oway ကုမ္ပဏီဖြစ်ပြီး မြန်မာပြည်တွင်း အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်သည်။

အဆိုပါ ကုမ္ပဏီမှ လွှင့်တင် ထားသည့် Web Portal တွင် နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် ၄င်းတို့၏ နိုင်ငံမှ အကြွေးဝယ်ကတ် များကို အသုံးပြု၍ Oway Web Platform အတွင်း အရေအတွက် ရာနှင့်ချီ ရှိသော လေကြောင်းလိုင်း လက်မှတ်များ၊ ဟိုတယ်များ၊ အနားယူရာ နေရာဌာနများ၊ စားသောက်ဆိုင် များနှင့် အခြား ဝန်ဆောင်မှု များအား စိတ်ကြိုက် ရွေးချယ်ဝယ်ယူ နိုင်သည်။ Oway Web Platform မှာ ဟိုတယ်များကို ကြိုတင်ဘွတ်ကင် လုပ်နိုင်ပြီး အခြားသော ဝန်ဆောင်မှုများ လည်းများ စွာရှိနေကာ လုပ်ငန်းပေါင်း ၁၅ဝဝ နှင့် ချိတ်ဆက် ဆောင်ရွက်ထားပြီး ပြည်တွင်း ဟိုတယ် ၄ဝဝ ခန့်ပါရှိသည့် အပြင် နိုင်ငံတကာ လေကြောင်းလိုင်း များနှင့်လည်း ချိတ်ဆက် ထားရှိသည်။

အဆိုပါ Web Portal အနေဖြင့် ပြည်ပ ခရီးသွားများ သာမက မြန်မာ့ ခရီးသွားများ အနေဖြင့်လည်း ခရီးသွား အေးဂျင့်များထံမှ တစ်ဆင့် ဈေးနှုန်း ကြီးမြင့်မှုကို ရှောင်ရှားနိုင်ရန် နှင့် နိုင်ငံရပ်ခြားရှိ အဆင့်မြင့် ဟိုတယ် များသို့ တိုက်ရိုက် အခန်း ကြိုတင်မှာယူ နိုင်မည် ဖြစ်သည်။ လာမည့်လ အနည်းငယ် အတွင်း Online Banking စနစ်ဖြင့် အသုံးပြုနိုင်ရန် ဧရာဝတီဘဏ် လီမိတက်၊ ကမ္ဘောဇဘဏ် လီမိတက်နှင့် အေဂျီဒီဘဏ် တို့ဖြင့် ချိတ်ဆက်ထားပြီး ယခုလက်ရှိ တွင် Oway ၏ ကြိုတင်ငွေပေး ကူပွန်များကို Capital ၊ ဂန္ဓမာနှင့် Ruby Mart စသည့် စူပါမားကက် ကြီးများတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါ Web Portal မှာ www.oway.com.mm ဖြစ်ပြီး ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများ သာမက အခြား ဝန်ဆောင်မှု များပါ ပါဝင်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၅)


အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၅)

( ၂၉-၁-၂၀၁၅ ရက်ထုတ် ဂျာနယ်အား Download ရယူနိုင်ပါသည်။ )

Download Links


အစွန်းရောက် ဟက်ကာများ က တိုက်ခိုက်မှုနှုန်း တိုးမြှင့်





ဝါရှင်တန် ၊ ၂၉-၁-၂၀၁၅

ဟက်ကာများက အင်တာနက် ဝက်ဘ်ဆိုက် များကို ဒေတာများဖြင့် ပြည့်နှက် စေကာ ဝက်ဘ်ဆိုက် ခေတ္တ ရပ်နားအောင် လုပ်ဆောင်လေ့ ရရှိခဲ့ရာ ယခုအခါ တိုက်ခိုက်နှုန်း ပို၍ မြင့်လာပြီ ဖြစ်ကြောင်း Arbor Networks အဖွဲ့အစည်း က ဆိုသည်။

Arbor Networks ဝက်ဘ်ဆိုက်၏ တင်ပြချက်အရ ဆယ်စုနှစ် အတွင်း ဖြစ်ပေါ်ခဲ့သည့် အင်တာနက် ဝက်ဘ်ဆိုက်များ မကြာခဏ ကြုံတွေ့ခဲ့ရ သော ဝက်ဘ်ဆိုက် မတက်သည့် DDos ပြဿနာများကို လေ့လာ ကြည့်ရာ ဟက်ကာများက တိုက်ခိုက်ရာတွင် အိမ်သုံး ဝိုင်ယာလက် Router များအနက် လုံခြုံမှု လျော့နည်းသော Router များကို ရွေးချယ်ကာ စက်ပစ္စည်း မြောက်မြားစွာ ဖြင့် ချိတ်ဆက်၍ ဖောက်ထွင်းမှု စတင်ခဲ့သည်။ ဝက်ဘ်ဆိုက် မတက်သည့် DDos ပြဿနာ ဖြစ်ပေါ်ခါစ အချိန်တွင် ဟက်ကာဂိုဏ်း အဖွဲ့များက လောင်းကစား လုပ်သည့် ဝက်ဘ်ဆိုက် များကို အဓိက ပစ်မှတ်ထားကာ ငွေကြေး အတင်း ညှစ်ယူပြီး ၄င်းတို့ ကျေနပ် လုံလောက်သည့် ငွေကြေး မပေးချေ နိုင်သော ဝက်ဘ်ဆိုက်များကို ခေတ္တ ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။ ယခုအခါ ဟက်ကာများက အဆိုပါဂိုဏ်း အဖွဲ့များမှ မဟုတ်တော့ဘဲ ကြီးထွား လာသော အခြားဟက်ကာ အဖွဲ့အစည်း များမှ ဖြစ်ကြောင်း Arbor Networks မှ ကြီးကြပ်သူ Mr. Anstee က ဆိုသည်။ 

၂ဝ၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြီးစား ဆိုက်ဘာ တိုက်ခိုက်မှုတွင် ပစ်မှတ် ကွန်ပျူတာ များကို တစ်စက္ကန့်လျှင် ၁ဝဝ Gbps နှုန်းဖြင့် ဒေတာများ ထုတ်လွှတ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြီးဆုံး တိုက်ခိုက်မှုတွင် ဒေတာ များကို တစ်စက္ကန့်လျှင် ၄ဝဝ Gbps နှုန်းဖြင့် ဟက်ကာများက ထုတ်လွှတ် လာသည်ကို တွေ့ရှိခဲ့သည်။ 

၂ဝ၁၄ ခုနှစ် ရောက်သော် ဟက်ကာများက ဒေတာပမာဏ များကို မြှင့်တင်ကာ တိုက်ခိုက် လာသည်ကို တွေ့ရပြီး တိုက်ခိုက်ခံ ရသည့် အဖွဲ့အစည်း အချို့မှာ ဟက်ကာများ ရန်ကို တစ်လလျှင် ၂၁ ကြိမ် နှုန်းဖြင့် ခံစားနေ ရကြောင်း Arbor Networks က ဆိုသည်။

ယခင်က အစွန်းရောက် ဟက်ကာများက အုပ်စုဖွဲ့၍ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြ သော်လည်း ယခုအခါ ဟက်ကာများမှာ အိမ်သုံး ကွန်ပျူတာ အချို့ကို ထိန်းချုပ်မှု ရယူကာ ၄င်းတို့နှင့် ချိတ်ဆက် ထားသည့် အင်တာနက် ကွန်ရက်ကို တိုက်ခိုက်လျက် ရှိနေသည်။

ကွန်ပျူတာ နည်းပညာ အသုံးပြု၍ တိုက်ခိုက်မှု အများဆုံး ပြုလုပ်သူများ Lizard Squad ကဲ့သို့ အစွန်းရောက် ဟက်ကာဂိုဏ်း အဖွဲ့များ သို့မဟုတ် ပြိုင်ဘက် ကစားသမားကို ကလဲ့စား ချေလိုသည့် ဂိမ်းသမားများ ဖြစ်ကြောင်း ကြီးကြပ်သူ Mr. Anstee က ဆိုသည်။

https://www.youtube.com/watch?v=N3iyVY5Ogrc

#Themyawadydaily
#မြ၀တီနေ့စဉ်

မြန်မာ့ပျားရည် ရောင်းဝယ်ရေးတွင် ပြည်ပသို့ တင်ပို့မှုများ နေသဖြင့် ပြည်တွင်းဈေးကွက်တွင် ပျားရည်ရှားပါးမှု ကြုံတွေ့



မုံရွာ ၊ ၂၉-၁-၂၀၁၅

မြန်မာ့ပျားရည် ရောင်းဝယ်ရေး တွင် ပုဂ္ဂလိက လုပ်ငန်းရှင် များထံမှ ထိုင်း- မြန်မာ ကုမ္ပဏီများ က ဝယ်ယူပြီး တရုတ်နှင့် ဂျပန်နိုင်ငံ တို့သို့ တင်ပို့ရောင်းချ နေသောကြောင့် ပျားရည်ဈေး ယခင်ထက် ဈေးကြီးပေး ဝယ်ယူ နေရကြောင်း သိရသည်။

မြန်မာ့ သဘာဝ ပျားရည်နှင့် မွေးမြူရေး ပျားရည်သည် စက်တင်ဘာ၊ အောက်တိုဘာ နှင့် နိုဝင်ဘာ လတို့တွင် ပျားရည် အထွက်ဆုံး လများဖြစ်ပြီး ကနီ၊ မဲဇာနှင့် ကသာဒေသ တို့သည် အထက် မြန်မာပြည်၌ အထွက်ဆုံး ဒေသများ ဖြစ်ကြောင်းသိရသည်။ 

၂ဝ၁၃ ခုနှစ်က ပျားရည် တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝ မှ ၂ဝဝဝ နှင့် ဝယ်ယူရရှိ သော်လည်း ၂ဝ၁၄ ခုနှစ်တွင် ငွေကျပ် ၂ဝဝဝ ကျော် ပေးဝယ် ရကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ပျားရည် ပိဿာ ၁၈ဝ ဝင် ပလတ်စတစ်
တိုင်ကီ အပြာအလုံး ၁ဝဝ ကျော် ဝယ်ယူရရှိ ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်တွင် တိုင်ကီအလုံး ၄ဝ၊ ၅ဝ ခန့်သာ ဝယ်ယူရရှိ တော့ကြောင်း သိရသည်။

ယခုကဲ့သို့ ပျားရည် ၀ယ်ယူရရှိမှု နည်းပါးနေခြင်းမှာ ထိုင်းနှင့် ဆက်စပ်သော ကုမ္ပဏီများမှ ဈေးပိုပေးကာ ဝယ်ယူနေပြီး တရုတ်နှင့် ဂျပန် နိုင်ငံတို့သို့ တင်ပို့ရောင်းချ နေခြင်း ကြောင့်လည်း ဖြစ်သည်ဟု သိရသည်။

''ကျွန်တော်တို့ ပျားရည် တိုင်ကီ အလုံး ၁ဝဝ ဝယ်ရင် တိုင်ကီအလုံး ၄ဝ လောက်ကို ကွမ်းယာနဲ့ ဆေးစပ်တဲ့ သူတွေက ဝယ်ကြပါတယ်။ ကျန်တဲ့ တိုင်ကီ အလုံး ၆ဝ ထဲက ၁ဝ တိုင်ကီ လောက်ကို စားသောက်ကုန် လုပ်ငန်းနဲ့ ကိတ်မုန့်လုပ်ငန်းက ဝယ်ပါတယ်။ ကျန်တဲ့အလုံး ၅ဝ ကို အထွေထွေ စားသောက်ကုန် လုပ်ငန်းနဲ့ တိုင်းရင်းဆေး ဖော်စပ်တဲ့ လုပ်ငန်းတွေက ဝယ်ပါတယ်။ ကျွန်တော်တို့ မုံရွာဒေသမှာ လုပ်ငန်းရှင် ငါးဦးလောက် ရှိတော့ ကိုယ့်ဖောက်သည် သူ့ဖောက်သည် နဲ့ ဝယ်နေရတော့ အရင်နှစ် ကထက် အများကြီး လျော့ပါတယ်။ ကျွန်တော်တို့ အရင်နှစ် တွေကဆိုရင် ဝယ်ယူရရှိတဲ့ ပျားရည် အားလုံး ကုန်ရင် ငွေကျပ် သိန်း ၉ဝ လောက် မြတ်ပေမယ့် ၂ဝ၁၄ ခုနှစ် မှာတော့ အမြတ်နည်း သွားပါတယ်။ ထိုင်းဝယ်လက် ကတစ်ဆင့် တရုတ်နဲ့ ဂျပန် တို့အထိ ဖြန့်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်း ဝယ်လက် ကိုတောင် အပြည့်အဝ မရောင်းနိုင် တော့ပါဘူး '' ဟု ပျားရည် လှောင်၍ ရောင်းချသူ လုပ်ငန်းရှင် တစ်ဦးက ပြောပြ၍ သိရသည်။ (၁၅၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

စိတ်ကြွရူးသွပ်ဆေးပြား များနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ




ဘားအံ ၊ ၂၉-၁-၂၀၁၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နတ်တိပ် ကျေးရွာ အထွက် လယ်ကွင်းရှိ မီးသွေးဖိုသို့ ပူးပေါင်း စစ်ဆေးရေး အဖွဲ့က ဇန်နဝါရီ ၂၇ ရက် နံနက် ၅ နာရီခွဲတွင် သတင်းအရ သွားရောက် ရှာဖွေရာ စောကျော်ရွှေ ၄၅ နှစ် (ဘ) ဦးတောင်သူ၊ စောအိခုံ(ခ) အောင်ဝေနိုင် ၄ဝ နှစ်(ဘ) ဦးထဲနပ်၊ ဦးစောငွေလာ ၄ဝ နှစ် (ဘ) ဦးအကျော့ တို့အား WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၆၉ ပြား၊ အရှည် ၄ ပေခွဲခန့်ရှိ တူမီးသေနတ် တစ်လက်၊ ခဲသီးသုံးတောင့် တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ဆက်လက်၍ ပူးပေါင်း စစ်ဆေးရေး အဖွဲ့သည် နံနက် ၁၁ နာရီတွင် တရားခံ စောကျော်ရွှေ ၏ ထွက်ဆိုချက် အရ လက္ခဏ ကျေးရွာနေ စောသိမ်းစိုးမောင် (ခ) အေအာလာ ၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စောသိမ်းစိုးမောင် (ခ) အေအာလာ သည် သေနတ်အတို တစ်လက်၊ သေနတ်အရှည် တစ်လက်တို့နှင့် အတူ ခြံ အနောက်ဘက် သို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။ ၄င်းနေအိမ် အတွင်း ဆက်လက် ရှာဖွေရာ ပစ္စတိုတစ်လက်၊ ကျည်အိမ် တစ်ခု၊ ၄င်းကျည် ၁ဝ၆ တောင့်၊ အမ်-၁၆ သေနတ် တစ်လက်၊ ၄င်းကျည်အိမ် အရှည်သုံးခု၊ အတိုလေးခု၊ ၄င်းကျည် ၃၈ဝ တောင့်၊ စနိုက်ပါတပ် ပွိုင့်-၂၂ ပြောင်းရှည် သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ၄င်းကျည် ၁၁ တောင့်၊ ဘီအေ- ၁ဝ၃ ဒုံးပစ်လောင်ချာ တစ်လက်၊ ဗုံးသီးနှစ်လုံး၊ အကူယမ်းတောင့် နှစ်ခု၊ ကာဘိုင် ကျည်အိမ် အရှည်နှစ်ခု၊ ကျည် ၃ဝ တောင့်၊ အေကေ-၄၇ ကျည်အိမ် တစ်ခု၊ ၁၂ ဗို့ ကျည် ခြောက်တောင့်၊ ဖြူး(စ်)ပါ ဘီအေ-၁ဝ၉ လက်ပစ်ဗုံး သုံးလုံး၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၉၁ ပြား၊ အနက်ရောင် ပိုက်ဆံအိတ် တစ်လုံးနှင့် ငွေ ၅၁ဝဝဝ ကျပ်၊ ပြောက်ကျား ဦးထုပ်တစ်လုံး၊ အစိမ်းရောင် ဘယ်ရီဦးထုပ် တစ်လုံး၊ ပြောက်ကျား အင်္ကျီတစ်ထည်၊ ဘောင်းဘီရှည် နှစ်ထည်၊ ဘေးလွယ်အိတ် (စစ်စိမ်းရောင်) သုံးလုံး၊ ဖိနပ်တစ်ရန်၊ အီကွေ့မင့် တစ်စုံ၊ သေနတ် ချိုင်းလွယ်ကျိုး တစ်စုံ၊ လက်ထိပ်တစ်စုံ၊ ဓားမြှောင် နှစ်လက်၊ ZTE တံဆိပ်ပါ ဖုန်းတစ်လုံး (ဆင်းကတ်ပါ)၊ WOU SUM လက်ကိုင် စကားပြောစက် တစ်လုံးတို့အား တွေ့ရှိ သိမ်းဆည်း ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ တရားခံသုံးဦး နှင့် ထွက်ပြေး တိမ်းရှောင် နေသော တရားခံတို့ အား အိန္ဒု ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ဟိုတယ်ရှားပါးသော ဒေသများတွင် ဒေသခံများကို တစ်နိုင်တစ်ပိုင် တည်းခိုခန်း ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်



ရန်ကုန် ၊ ၂၉-၁-၂ဝ၁၅

မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ကျေးလက် ဒေသနေ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပို၍ဖန်တီး ပေးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့ရှိ ဒေသအချို့ ၌ တစ်နိုင်တစ်ပိုင် တည်းခိုခန်း ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုရန် သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု များသော်လည်း ဟိုတယ်နှင့် တည်းခိုခန်းများ မရှိသော အရပ်ဒေသများ၊ တည်းခိုစရာ နေရာများနှင့် ဝေးကွာသော ဒေသများ၌ ခရီးသွားများ အတွက် Bed & Breakfast တစ်နိုင်တစ်ပိုင် အသေးစား တည်းခိုခန်း ဝန်ဆောင်မှု လုပ်ငန်းများကို ဒေသခံ ပြည်သူများအား လူထု ဗဟိုပြု ခရီးသွား လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင် ခွင့်ပြုရန် စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး တည်းခိုခန်း တစ်ခုလျှင် အခန်း နှစ်ခန်းမှ ခုနစ်ခန်းအထိ ငှားရမ်း ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ထိုတည်းခိုခန်း အသေးစား များကို မြို့ကြီးအချို့၌ ဖွင့်လှစ် လုပ်ကိုင် ခွင့်ပြုရန် စီစဉ်ထား သော်လည်း ဟိုတယ်များနှင့် မည်မျှ ဝေးကွာရမည် ဆိုသည့် ကန့်သတ်ချက် များ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ Bed & Breakfast တစ်နိုင်တစ်ပိုင် တည်းခိုခန်း လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များအား တည်းခိုခွင့်ပြု ပါက ဒေသခံများ၏ လူနေမှု ဓလေ့စရိုက် များကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် အနီးကပ် လေ့လာခွင့် ရရှိနိုင်မည့် အပြင် မြန်မာ့ ခရီးသွား လုပ်ငန်းကိုလည်း တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုရာ ရောက်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ မကြာမီပြီးစီးမည်



ရန်ကုန် ၊ ၂၉-၁-၂၀၁၅

တိမ်ကောနေပြီ ဖြစ်သော ပန်းလှိုင် မြစ်ကြောင်း တစ်လျှောက်နေ ပြည်သူများ ရေကြီးရေလျှံ နစ်မြုပ်မှုမှ ကင်းဝေးပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုတွင် အထောက်အကူ ပြုစေမည့် ပန်းလှိုင် မြစ်ကြောင်း ပြန်လည် တူးဖော်ရေး စီမံကိန်းသည် မကြာမီ ကာလ အတွင်း ပြီးစီးတော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဆည်မြောင်း ဦးစီးဌာန (ထိန်းသိမ်းရေး) ရုံးမှ သိရသည်။

ပြန်လည် တူးဖော်ခြင်း လုပ်ငန်းတွင် ဆည်မြောင်း ဦးစီးဌာန (ရန်ကုန်) ထိန်းသိမ်းရေး၊ တည်ဆောက်ရေး (၁)၊ တည်ဆောက် (၉)တို့မှ ကြီးကြပ်၍ ကုမ္ပဏီ ခုနစ်ခုဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ မှစတင်၍ ဘက်ဟိုး၊ ဒိုဇာ၊ ကုန်း/ ရေမြေတူးစက် နှင့် အခြားဆက်စပ် ယန္တရားများ အပါအဝင် စုစုပေါင်း စက်အစီး ၄ဝဝ ကျော်တို့ဖြင့် ဆောင်ရွက်ခဲ့ရာ ယနေ့အချိန် အထိ ၆ဝ ရာခိုင်နှုန်း ကျော်ပြီးစီး ပြီဖြစ်သည်။ လာမည့် မတ်လတွင် အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စီမံကိန်း လုပ်ငန်းမှ သိရသည်။

လှိုင်သာယာ မြို့နယ် ပန်းလှိုင် ဂေါက်ကွင်း လမ်းအဆုံး မှ တွံတေးမြို့နယ် ဝါးရုံဆိပ်ကျေးရွာ အုပ်စု နံပါတ် (၅)ရွာ အထိ ၁၂၅ဝ ပေရှိသည့် ပန်းလှိုင်မြစ်ပိတ် တမံကြီးကို တည်ဆောက် လျက်ရှိကြောင်း ထပ်မံ၍ ပန်းလှိုင်တံတား ၏ ၁ မိုင်ခန့်အကွာ အထက်ဘက်နှင့် အောက်ဘက် တို့တွင် တစ်ခုစီနှင့် စုစုပေါင်း တမံသုံးခု ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဆည်မြောင်း ဦးစီးဌာန (ထိန်းသိမ်းရေး)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကံချွန် က ပြောသည်။

ထို ပန်းလှိုင်မြစ် တိမ်ကောမှုသည် ရန်ကုန်လှိုင်မြစ်ဝ မှစတင်ကာ ဧရာဝတီတိုင်း ဒေသကြီး မယ်ဇလီ တံတား၏ အထက်ပေ နှစ်ထောင်ခန့် အကွာအထိ ရှိပြီး အကျယ်ဆုံးမှာ ပေ ၁၂၅ဝ ရှိပြီး အကျဉ်းဆုံးမှာ ပေ ၁၅ဝ ဖြစ်ကာ စုစုပေါင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်း မြစ်အရှည်မှာ ၃၄ ဒသမ ၄ မိုင်ခန့်ရှိသည်။

ဆည်မြောင်း ဦးစီးဌာနမှ မြန်မာကျပ်ငွေ ၂၂ ဒသမ ၅ ဘီလီယံ အကုန်အကျခံ တူးဖော် သွားမည် ဖြစ်ကြောင်း ဆည်မြောင်း ဦးစီးဌာန (ရန်ကုန်)မှ သိရသည်။

အဆိုပါ ပန်းလှိုင်မြစ်သည် ၁၉၉၇- ၁၉၉၈ ခုနှစ်တွင် နှစ်ထပ်သင်္ဘော၊ သမ္ဗန်ကြီးများ၊ စက်လှေများ ဝင်ထွက် သွားလာနိုင် ခဲ့ကြောင်း သိရသည်။ ၂ဝ၁ဝ- ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန် လှိုင်မြစ်ပေါက် မှစ၍ နည်းပညာ တက္ကသိုလ်အနီး ကင်းရွာအထိ ရေရရှိပြီး နောက်ပိုင်းတွင် စပါးစိုက် ဧရိယာများ ဖြစ်ပေါ်ကာ တိမ်ကော သွားကြောင်း သိရသည်။

ထို ပန်းလှိုင်မြစ်ကြောင်း တစ်လျှောက်တွင် ဆက်စပ်နေသော ကျေးရွာများ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျေးရွာ ၃၉ အုပ်စု၊ ဧရာဝတီတိုင်း ဒေသကြီးတွင် လေးအုပ်စု ရှိပြီး လူဦးရေ တစ်သိန်း တစ်သောင်းကျော် နေထိုင်ကြသည်။ လယ်ဧက အနေဖြင့် တစ်သိန်းကျော်ခန့် ရှိသည်။

ထပ်မံ၍ ရန်ကုန်- လှိုင်မြစ်ဝ နှင့် ၁ မိုင်ခန့်အကွာ ပန်းလှိုင်မြစ် အတွင်း၌ ကိုရီးယား သို့မဟုတ် နယ်သာလန် တို့မှ နည်းပညာ အကူအညီဖြင့် ရေတံခါးတစ်ခု တည်ဆောက်ရန် နှင့် မယ်ဇလီတွင် ရေတံခါး တစ်ခု တည်ဆောက်ရန် လျာထားကြောင်း ဆည်မြောင်း ဦးစီးဌာန(ရန်ကုန်) အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily
#မြ၀တီနေ့စဉ်

ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ် တို့နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်လုပ်ဆောင်မည်



ရန်ကုန် ၊ ၂၉-၁-၂၀၁၅

ကျန်းမာရေး ဝန်ကြီးဌာန နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် တို့နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ ကို ဖေဖော်ဝါရီ ၁ ရက်မှ ၈ ရက်အထိ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်းအား ဖေဖော်ဝါရီ ၁ ရက်မှ ၈ ရက်အထိ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ''ဝ'' ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရ ဒေသ၊ မိုင်းလားဒေသ စသည့် ဒေသများအား Gavi (The Vaccine Alliance) ၊ WHO ၊ UNICEF စသည့် INGO အဖွဲ့အစည်း များနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ''အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို အစီအစဉ် နှစ်ရပ်နဲ့ လုပ်ဆောင် နေတာပါ။ အဲဒီ အစီအစဉ် နှစ်ရပ်ထဲမှာ မပါဝင်တဲ့ ဒေသတွေ ကိုတော့ အထူး အစီအစဉ် တစ်ရပ်အနေနဲ့ ဆောင်ရွက် သွားမှာပါ '' ဟု ၄င်းက ပြောသည်။

ထို့အပြင် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းအား ကျောင်း အခြေပြု ကာကွယ်ဆေး ထိုးနှံခြင်း၊ ပြည်သူလူထု အခြေပြု ကာကွယ်ဆေး ထိုးနှံခြင်း စသည့် အစီအစဉ် နှစ်ရပ်ဖြင့် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ တစ်ဝန်းလုံး လွှမ်းခြုံ ထိုးနှံမည့် တိုးချဲ့ ကာကွယ်ရေး လုပ်ငန်းစဉ် များကို အစိုးရဌာနများနှင့် အတူ Gavi ၊ WHO နှင့် UNICEF တို့မှ ပူးပေါင်း ပါဝင်ပံ့ပိုး ကူညီနေကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

မြန်မာ- ထိုင်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု များကို ထိရောက်စွာအရေးယူ ပြစ်ဒဏ်ချမှတ်နိုင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆွေးနွေးမည်


ထိုင်နိုင်ငံ နယ်စပ်ဒေသများတွင် စိုက်ထူထားသော လူကုန်ကူးမှု တိုက်ဖျက်ရေး ပိုစတာ

ရန်ကုန် ၊ ၂၉-၁-၂၀၁၅

ထိုင်း- မြန်မာ နယ်စပ်ဒေသ များတွင် မကြာခဏ ဖြစ်ပွားလျက် ရှိသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု များကို ထိရောက်စွာ အရေးယူပြီး ပြစ်ဒဏ်ချမှတ် နိုင်ရန်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတွင် ပါဝင ဆောင်ရွက် နေကြသော တရားရေး ဆိုင်ရာ အဖွဲ့အစည်း များ၏ စွမ်းဆောင်ရည် များကို မြှင့်တင်နိုင် စေရန် စသည့် ရည်ရွယ်ချက် များဖြင့် မြန်မာ- ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အရာရှိများ၏ လူကုန်ကူးမှု ပြစ်မှု ဆိုင်ရာ တရားစီရင်မှု ပူးပေါင်း မြှင့်တင်ရေး အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် မန္တလေးမြို့၌ ကျင်းပရန် စီစဉ် ထားကြောင်း သိရသည်။ 

နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုး ခဲ့သော လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် ပါရှိသည့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန် ယင်း ဆွေးနွေးပွဲက များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတွင် တစ်ခန်း တစ်ကဏ္ဍ မှ တာဝန်ယူ ဆောင်ရွက် နေသည့် တရားရေးဆိုင်ရာ အဖွဲ့အစည်း များ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး ကိစ္စရပ်များ အပြင် နှစ်နိုင်ငံအကြား သတင်း အချက်အလက် နှင့် အတွေ့အကြုံများ ဖလှယ်ခြင်း၊ ပူးပေါင်း ကြိုတင် ကာကွယ်ခြင်း၊ ပူးပေါင်းစုံစမ်း စစ်ဆေးခြင်း၊ လူကုန်ကူး ခံရသူများအား ကယ်တင်ခြင်း နှင့် ၄င်းတို့ကို စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြန်လည် မြှင့်တင်ပေးခြင်း စသည့် လုပ်ငန်းစဉ်များ ပိုမို ဆောင်ရွက် နိုင်စေရန် ဆွေးနွေးညှိနှိုင်း မှုများ လုပ်ဆောင် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို ၂ဝဝ၉ ခုနှစ် ကတည်းက နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာချွန်လွှာ အရ ထိုင်း - မြန်မာ နယ်စပ်ဒေသ အချို့တွင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်ရန် နှစ်နိုင်ငံ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားကာ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

မြန်မာနိုင်ငံ၏ မြို့ပြ လူဦးရေ သိပ်သည်းဆမှာ အရှေ့အာရှ၌ ဒုတိယအမြင့်ဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ



ရန်ကုန် ၊ ၂၉-၁-၂၀၁၅

မြန်မာနိုင်ငံ၏ မြို့ပြ လူဦးရေ သိပ်သည်းဆ မြင့်တက်မှုမှာ အရှေ့အာရှ ဒေသ၌ အင်ဒိုနီးရှား နိုင်ငံပြီး ပါက ဒုတိယ အမြင့်ဆုံးနိုင်ငံ ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန် လိုက်သော မြို့ပြဖွံ့ဖြိုးမှု
ဆိုင်ရာ အစီရင်ခံစာ East Asia's Changing Urban Landscape: Measuring a Decade of Spatial Growth တွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါ အစီရင်ခံစာကို အရှေ့အာရှ ဒေသဆိုင်ရာ နိုင်ငံများ၌ မြို့ပြ ဧရိယာသို့ ပြောင်းရွှေ့ အခြေချ လာသည့် ဆင်းရဲသူ များကို မြို့ပြ ဖြစ်ထွန်းမှုမှ အကျိုးရရှိရန် ဆောင်ရွက် နိုင်ရေးအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ၏ မြို့ပြ လူဦးရေ သိပ်သည်းဆမှာ ၁ စတုရန်း ကီလိုမီတာ လျှင် လူဦးရေ ၆၂ဝဝ ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် လူဦးရေ ၇၅ဝဝ အထိ မြင့်တက်လာပြီး ယင်းမှာ အရှေ့အာရှ ဒေသ၌ ဒုတိယ အမြင့်ဆုံးနှုန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာ အရ မြန်မာနိုင်ငံ၏ မြို့ပြ ဧရိယာ၌ နေထိုင်သည့် လူဦးရေ သိပ်သည်းမှုမှာ မြင့်တက် လာသော်လည်း မြို့ပြ ဧရိယာ ချဲ့ထွင်မှုမှာ တစ်နှစ်လျှင် သုည ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ဒေသတွင်း နိုင်ငံများ၌ တိုးတက်မှုနှုန်း အနိမ့်ဆုံး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့ပြဧရိယာ ဖြစ်ပြီး စီးပွားရေး ဖြစ်လွယ်မှုနှင့် အခြား အခြေခံ အဆောက်အအုံ များမှာ အခြားမြို့ များထက် ပိုမို ကောင်းမွန် သောကြောင့် လူဦးရေ လာရောက် စုစည်း၍ သိပ်သည်းခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် ၏ မြို့ပြ ဧရိယာ ချဲ့ထွင်မှုမှာ ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် သုည ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး လူဦးရေ မြင့်တက်မှုမှာ တစ်နှစ်လျှင် ၂ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြို့ပြ ဧရိယာတွင်၂ဝဝဝ ပြည့်နှစ်က လူဦးရေ ၄ သန်းကျော်ရှိရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် လူဦးရေ ၆ သန်းကျော် အထိ ပြောင်းရွှေ့ အခြေချ လာကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁-၂၀၁၅) ကြာသပတေးနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁-၂၀၁၅) ကြာသပတေးနေ့

Download Links


Wednesday, January 28, 2015

အသက်ရှူခြင်းကို စနစ်တကျ ထိန်းတတ်လျှင် ကိုယ်စိတ် ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်


This Gadget Hooks Onto Your Underwear And Helps You Chill Out
အသက်ရှူနှုန်းကို စောင့်ကြည့်ပေးမည့် နည်းပညာသုံး Spire ကိရိယာ



လန်ဒန် ၊ ၂၈-၁-၂၀၁၅

အသက်ကို ဝဝရှူပေးကာ ချက်ချင်းပြန်ရှူ မထုတ်ဘဲ အဆုတ်ထဲတွင် ခေတ္တ ထိန်းထားခြင်းက ဉာဏ်ကို ပွင့်လန်းစေပြီး ခန္ဓာကိုယ်ကို လည်း လန်းဆန်း တက်ကြွ စေနိုင်ကြောင်း စိတ်ပညာရှင် များက ပြောပြသည်ဟု သိရသည်။

''ကိုယ့် စိတ်ကျန်းမာရေး အတွက် အသက်ရှူ တတ်ဖို့ လိုပါတယ်။ အသက်ကို ဖြည်းဖြည်းနဲ့ နက်နက်ရှိုင်းရှိုင်း ကလေးရှူတဲ့ အကျင့်ရှိမယ် ဆိုရင် ခေါင်းတစ်ခြမ်းကိုက် ရောဂါ၊ ဝမ်းမကြာခဏ သွားရတဲ့ ရောဂါ၊ စိတ်ဂယောင် ချောက်ချား ဖြစ်တဲ့ရောဂါ၊ ကိုယ်လက်ကိုက်ခဲ တဲ့ရောဂါ တွေကို သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။ အသက် ဖြည်းဖြည်းမှန်မှန် ရှူတတ်တယ် ဆိုရင်ကိုပဲ ကိုယ်တွင်း အပူချိန်ကို လျှော့ချနိုင်ပြီး နှလုံး ကျန်းမာရေး ကို ပိုကောင်း စေပြီးတော့ ရောဂါ ခုခံအား စနစ်လဲ ပိုအားကောင်း လာပြီး အသက်ရှည် နိုင်ပါတယ် .. '' ဟု စိတ်ပညာရှင် မူရာ လီဒိုရိုင်ဆွာမီ က ပြောပြသည်။

လူထုတွင် မှန်ကန်သော အသက်ရှူ အလေ့အကျင့် ရရှိစေရန် ဆန်ဖရန်စစ္စကို တွင် ဝတ်ဆင် နိုင်သော နည်းပညာသုံး ကိရိယာ ဖြစ်သော Spire ကို အသုံးပြုကာ ဝတ်ဆင် ထားသူ၏ အသက်ရှူနှုန်း ကို စောင့်ကြည့်ပေးပြီး အသက်ရှူနှုန်း ပြင်းထန်ကြမ်းတမ်း လာလျှင် ''လူကြီးမင်း စိတ်ဖိစီးမှု ဖြစ်နေပြီ၊ စိုးရိမ်စိတ် ကြီးနေပြီ '' အစရှိသည်ဖြင့် သတိပေးလေ့ ရှိသည်။

Spire ကို အဝယ်များ သူမှာ ကွန်ပျူတာသမား များဖြစ်ပြီး ကွန်ပျူတာ အသုံးပြုချိန် ကြာမြင့်လာ သည်နှင့်အမျှ အသက်ကို အောင့်ထားချိန် များလာလေ့ ရှိကြောင်း၊ ကွန်ပျူတာ သမားများ ပြီးလျှင် ကုမ္ပဏီ မန်နေဂျာ များသည် အသက်ရှူမှု ပုံစံ မှားယွင်း လွယ်ကြသူများ ဖြစ်ကြောင်း သိရသည်။

''အသက်ကို ဝမ်းဗိုက် ကြွက်သား အသုံးပြုပြီး ရှူသွင်း ရှူထုတ်ပါ။ ဒါမှသာ လေပြွန် ဆန့်ထွက်နိုင်ပြီး နံရိုးတွေ လေဖောင်း ထွက်သွားပြီးတော့ အဆုတ်ထဲကို လေအပြည့် ဝင်မှာ ဖြစ်ပါတယ်။ ရင်ဘတ်၊ ပခုံးနဲ့ လည်ပင်း အသုံးပြုပြီး အသက်ရှူ တာမျိုး ရှောင်ရှားသင့် ပါတယ် ''ဟု ဒေါက်တာ ဘရန်ချီ က ပြောပြသည်။

အသက်ကို ဖြည်းညင်းစွာ ရှူခြင်း အားဖြင့် ဦးနှောက်မှ ဝမ်းဗိုက် သို့ တောက်လျှောက် ဆင်းလာသော အာရုံကြောမ ကြီးကို လှုံ့ဆော် ပေးသည်။ ထိုအခါ ခန္ဓာကိုယ်၏ အနားယူခြင်း၊ အစာချေခြင်း ဖြစ်စဉ်ကို ပိုမိုကောင်းမွန်  စေသည်။ နှလုံးခုန်နှုန်း ကိုလည်း ကျဆင်း မှန်ကန် စေသည်။ တစ်မိနစ်လျှင် ငါးကြိမ်မှ ခုနစ်ကြိမ် အသက်ရှူခြင်း သည် မှန်ကန် ကောင်းမွန် နေပြီး ၁၂ ကြိမ်မှ ၁၈ ကြိမ်အထိ အသက်ရှူ နေမည် ဆိုလျှင် များနေပြီ ဖြစ်ကြောင်း သုတေသီများ က သတိပေး ထားသည်ဟု သိရသည်။

This Gadget Hooks Onto Your Underwear And Helps You Chill Out

#Yadanarpondaily
#ရတနာပုံနေ့စဉ်

တပ်မတော် မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မြို့ မှထွက်ခွာ




ရန်ကုန် ၊ ၂၈-၁-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)သည် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် ယမန်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ရှိ အမှတ်(၄) ရေတပ် ဗောတံတား မှထွက်ခွာရာ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် နှင့် တပ်မတော်(ရေ )မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ က ပို့ဆောင် နှုတ်ဆက် ကြသည်။

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် တွင် ခွဲစိတ်ကုသမှု ပါရဂူ ဗိုလ်မှူး မျိုးမင်းဦး ဦးဆောင်၍ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု စစ်သည်များ လိုက်ပါ သွားကြပြီး ရန်ကုန်- ကြံခင်း- ရန်ကုန် ခရီးစဉ်အတိုင်း ဧရာဝတီမြစ်ရိုး တစ်လျှောက် မြစ်ဝကျွန်းပေါ် ဒေသရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်သည်။

အဆိုပါ ဆေးရုံရေယာဉ် သည် ပုံမှန် အခြေအနေတွင် လူနာသုံးဦးအား ဆေးရုံတက် လူနာအဖြစ် ကုသနိုင်၍ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာပါက လူနာ ၃ဝ ဦးအထိ တင်ဆောင် ကုသနိုင်ပြီး ရေယာဉ်ပေါ် တွင် ခွဲစိတ်ခန်း၊ သားဖွားမီးယပ် ခန်း၊ ဓာတ်မှန်ခန်း၊ စမ်းသပ်ခန်း နှင့် အထူးကြပ်မတ် ကုသဆောင်တို့ ပါဝင်သဖြင့် ဒေသခံ ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက် ပေးမှုများ ဆောင်ရွက် ပေးနိုင်မည့် အပြင် ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်း ရိုက်ခြင်း၊ ဓာတ်ခွဲရောဂါ ရှာဖွေ စစ်ဆေးခြင်း များကိုလည်း ဆောင်ရွက် ပေးနိုင်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

ဂျပန်နိုင်ငံ၏ စားသောက်ကုန် လုပ်ငန်းစု ကုမ္ပဏီတစ်ခု ဖြစ်သည့် Oishi ကုမ္ပဏီနှင့် စိုးဝင်း လက်ဖက်ခြောက် တို့ပူးပေါင်း၍ နမ့်စန်မြို့ ၌ လက်ဖက်စက်ရုံ တည်ဆောက်


ရန်ကုန် ၊ ၂၈-၁-၂ဝ၁၅

ဂျပန်နိုင်ငံ၏ စားသောက်ကုန် လုပ်ငန်းစု ကုမ္ပဏီတစ်ခု ဖြစ်သည့် Oishi ကုမ္ပဏီနှင့် ပြည်တွင်းရှိ စိုးဝင်း လက်ဖက်ခြောက် ကုမ္ပဏီတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် နမ့်စန်မြို့၌  လက်ဖက်စက်ရုံ တည်ဆောက် နေကြောင်း ပလောင် လက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း၏ တာဝန်ရှိ သူများထံမှ သိရသည်။

''လက်ဖက်စက်ရုံ တည်ဆောက် ရတဲ့ အဓိက ရည်ရွယ်ချက်က ပြည်တွင်းကနေ ထွက်တဲ့ သုံးမရတဲ့ လက်ဖက်ရွက် အရင့်တွေကို နည်းပညာနဲ့ ပြန်လည် ပြုပြင် (Green Tea) ပြီး ဂျပန်၊ အမေရိကန်၊ တရုတ် စတဲ့ နိုင်ငံတွေကို တင်ပို့ဖို့ စက်ရုံ တည်ဆောက် တာပါ။ စက်ရုံထဲမှာ အခုပြောတဲ့ နည်းပညာ တွေကို ဂျပန်နိုင်ငံ က နည်းပညာရှင် တွေကပဲ ဦးစီးပြီး လုပ်ဆောင် သွားမှာပါ'' ဟု စိုးဝင်း လက်ဖက်ခြောက် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် နမ့်စန်မြို့၌ တည်ဆောက် သည့် လက်ဖက် စက်ရုံသည် ၉ဝ ရာခိုင်နှုန်း အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်ဖက်စက်ရုံကို ၂ဝ၁၅ ခုနှစ် ဧပြီလတွင် စတင် လည်ပတ်ပြီး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်း စက်ရုံမှ ထွက်ရှိသည့် လက်ဖက်နှင့် Green Tea လက်ဖက်ခြောက် များကို စိုးဝင်း လက်ဖက်ခြောက်မှ ဂျပန်နိုင်ငံသို့ အဓိက တင်ပို့မည် ဖြစ်ပြီး တရုတ်၊ တိုင်ဝမ်၊ အမေရိကန် နှင့် ဂျာမနီ စသည့်နိုင်ငံ များသို့လည်း တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ စက်ရုံမှ ထွက်သည့် လက်ဖက်နှင့် ဆက်စပ်ပစ္စည်း များကိုလည်း မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများ စားသုံးနိုင်ရန် လုံလောက်စွာ ဖြန့်ချိ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily
#မြ၀တီနေ့စဉ်

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ရေညှောင့်နှုတ်ဝိုင်းငှက် အပါအဝင် ငှက်မျိုးစိတ် ၁၂၆ မျိုး တွေ့ရှိ


မိန်းမလှကျွန်း


ရန်ကုန် ၊ ၂၈-၁-၂ဝ၁၅

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန နှင့် FFI တို့ ပူးပေါင်းကာ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ ငှက်မျိုးစိတ် များကို စာရင်းကောက်ယူ မှုများ ပြုလုပ်ခဲ့ရာ ရေပျော်ငှက် မျိုးစိတ် ၅ဝ မျိုး ၊ ကောင်ရေ ၃၄ဝ၁ ကောင်၊ သစ်တော ငှက်မျိုး စိတ် ၇၆ မျိုး ကောင်ရေ ၁၈၅၉ ကောင်၊ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသော ရေညှောင့် နှုတ်ဝိုင်းငှက် အပါအဝင် စုစုပေါင်း ငှက်မျိုးစိတ် ၁၂၆ မျိုး တွေ့ရှိ ခဲ့သည်။

ဘိုကလေး မြစ်ကြောင်း တစ်လျှောက်နှင့် မိန်းမလှကျွန်း (ပုံ) တောရိုင်း တိရ စ္ဆာန် ဘေးမဲ့တော အတွင်းရှိ မြစ်ချောင်း၊ လတာပြင်၊ သဲသောင်ခုံ၊ ရွှံ့ညွန်တော၊ မြက်ခင်းပြင် နှင့် ဒီရေတော များ၌ စောင့်ကြည့် ဓာတ်ပုံ ရိုက်ခြင်း၊ ဒစ်ဂျစ်တယ် အသံဖမ်းစက်များ ဖြင့် အသံဖမ်း ယူခြင်းများ ပြုလုပ်ခဲ့ပြီး ကောက်ယူ ရရှိသည့် သစ်တောငှက် နှင့် ရေပျော်ငှက် မျိုးစိတ်များကို IUCN RED List 2014 နှင့် တိုက်ဆိုင်စိစစ် မှတ်တမ်းတင်ခြင်း များ ပြုလုပ်ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

ရေညှောင့်နှုတ်ဝိုင်း ငှက်မျိုးစိတ်မှာ ရုရှား နိုင်ငံမှ မျိုးစိတ်ဖြစ်ပြီး ယင်း ငှက်မျိုးစိတ်၏ ၅ဝ ရာခိုင်နှုန်းကို ရခိုင်ပြည်နယ် နံ့သာကျွန်း နှင့် မုတ္တမ ပင်လယ်ကွေ့ ဒေသ၊ သံတွဲနှင့် တောင်ပေါက် ဧရိယာများ၌ တွေ့ရှိရ တတ်သည်။ ယခုအခါ မိန်းမလှကျွန်း ဝန်းကျင် ငါးမန်းတောင်ကျွန်း ၌ နှစ်နှစ် ဆက်တိုက် တွေ့ရှိရသဖြင့် ရေညှောင့်နှုတ်ဝိုင်း ငှက်များ တတိယမြောက် နေထိုင်ရာ နေရာအဖြစ် မှတ်တမ်းတင် နိုင်ခဲ့သည်။ ရေညှောင့်နှုတ်ဝိုင်း ငှက်မျိုးစိတ်ကို ရုရှား၊ ဗြိတိန်၊ ဂျပန်၊ သြစတြေးလျ၊ ဆွီဒင်နိုင်ငံ နှင့် အရှေ့အာရှ နိုင်ငံများမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့အစည်းများ ဖြစ်သော BANCA ၊ RSPB ၊ WWT ၊ BTO အစရှိသည့် အဖွဲ့အစည်း များမှ လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ငှက်မျိုးစိတ်ကို ၂ဝဝ၈ ခုနှစ်တွင် ရခိုင်ပြည်နယ် နံ့သာကျွန်း ၌ ၃၆ ကောင်၊ မုတ္တမ ပင်လယ်ကွေ့ ဒေသ၌ ၄၈ ကောင်၊ ၂ဝဝ၉ ခုနှစ်တွင် နံ့သာကျွန်း ၌ ၁၄ ကောင်၊ မုတ္တမ ပင်လယ်ကွေ့ဒေသ၌ ၄၇ ကောင်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် နံ့သာကျွန်း ၌ ၁၂ ကောင်မှ ၁၆ ကောင်၊ မုတ္တမ ပင်လယ်ကွေ့ ဒေသ၌ ၇၄ ကောင်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၌ တစ်ကောင်၊ ၂ဝ၁၁ ခုနှစ်တွင် မုတ္တမ ပင်လယ်ကွေ့ ဒေသ၌ ၄၉ ကောင် တွေ့ရှိရကြောင်း နှစ်အလိုက် စစ်တမ်းများ အရ သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင်တင်ပို့ ရောင်းချခွင့် ပြုမည်


ပြည်တွင်းထုတ်ရွှေထည်များ

ရန်ကုန် ၊ ၂၈-၁-၂ဝ၁၅

သတ္တုတွင်း ဥပဒေ ပြဋ္ဌာန်းပြီး ပါက ရွှေဒင်္ဂါးပြား နှင့် ရွှေချောင်း များကို နိုင်ငံတကာ သို့ တရားဝင် တင်ပို့ ရောင်းချခြင်း နှင့် တင်သွင်း ဝယ်ယူခြင်း များ ခွင့်ပြု တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်း၏ ဆဋ္ဌမ အကြိမ် နှစ်ပတ်လည် အစည်းအဝေး ၌ ပြောကြား ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်ပနိုင်ငံ များသို့ တရားဝင် ရွှေတင်ပို့ ရောင်းချခွင့်ပြု မည်ဆိုပါက ပြည်တွင်းရှိ လက်ဝတ် ရတနာ ပြုလုပ်သည့် အသေးစား နှင့် အလတ်စား လုပ်ငန်းများ တိုးတက်လာမည် ဖြစ်သည်။ ထိုသို့ တရားဝင် တင်ပို့ရသည့် အတွက် နယ်စပ် လမ်းကြောင်းမှ တစ်ဆင့် ဝင်ထွက် နေသည့် တရားမဝင် ကုန်သွယ်မှုများ လည်း တရားဝင် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းထုတ် ရွှေထည်များ အနေဖြင့် ပြည်ပ ဈေးကွက်ဝင် ပစ္စည်းများ ဖြစ်လာ နိုင်ကြောင်း ရွှေလုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။ ထို့အပြင် ရွှေရောင်းဝယ် သည့်ပုံစံကို ကျပ်၊ ပဲ၊ ရွေးစနစ်မှ ဂရမ်၊ အောင်စ စနစ်သို့ ပြောင်းလဲ ကျင့်သုံးခြင်း နှင့် စတော့ရှယ်ယာ ဈေးကွက် စနစ်ကို ကျင့်သုံးခြင်း စသည်တို့မှာ မလွဲမသွေ ဖြစ်လာမည့် အခြေအနေ ကောင်းများ ဖြစ်သဖြင့် ပြောင်းလဲ လာသည့် အခြေအနေနှင့် အညီ နိုင်ငံတကာ နှင့် အရောင်းအဝယ် ပြုလုပ်နိုင်ရန် ကြိုတင် ပြင်ဆင် ထားရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရွှေ အရောင်းအဝယ် ဈေးကွက်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက် လာမှုကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း လိုက်ပါ မြင့်တက်လျက် ရှိသည်။ ဇန်နဝါရီ ၂၅ ရက်တွင် အခေါက် ရွှေ တစ်ကျပ်သား လျှင် ငွေကျပ် ၆၉၈ဝဝဝ ဝန်းကျင်နှင့် ၁၅ ပဲရည် တစ်ကျပ်သား လျှင် ငွေကျပ် ၆၆ဝဝဝဝ ဝန်းကျင် ပေါက်ဈေး ရှိကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

ခရီးသွားလုပ်ငန်း အလားအလာကောင်း ဆက်လက်ထိန်းသိမ်း


ခရီးသွားလုပ်ငန်း အလားအလာကောင်း ဆက်လက်ထိန်းသိမ်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ မဟာဗျူဟာ ကျသည့် နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု ကာလအတွင်း နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ကဏ္ဍ အသီးသီး၌ သိသာ ထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့သည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍများ ဖြစ်သည်။

အာဆီယံ ခရီးသွား လုပ်ငန်း ဖိုရမ် (၂ဝ၁၅)သည် ၂ဝ၁၅ ခုနှစ်ကုန်တွင် ပေါ်ထွက် လာသည့် အာဆီယံ အသိုက်အဝန်း ထူထောင်မှု၏ အရေးပါသည့် မှတ်တိုင် တစ်ရပ်နှင့် လည်း တိုက်ဆိုင်လျက် ရှိနေသည်။ မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် ခရီးသည် ဝင်ရောက်မှု တစ်သန်းကျော် ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် တိုးတက်မှု ၉၃ ဒသမ ဝ၄ ရာခိုင်နှုန်းနှင့် အတူ ခရီးသည် ၂ ဒသမ ဝ၄ သန်းကျော် ဝင်ရောက် ခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် တိုးတက်မှု ၅၁ ရာခိုင်နှုန်း နှင့်အတူ ခရီးသည် သုံးသန်းကျော် ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ တိုးတက်မှု နှုန်းကို ဆက်လက် ထိန်းသိမ်း ထားနိုင်ပါက ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ၄ ဒသမ ၅ သန်းခန့် ဝင်ရောက် မည်ဟု မျှော်မှန်း နိုင်သည်။ ထို့ပြင် နိုင်ငံတကာ ခရီးသွားများ အတွက် တည်ငြိမ် အေးချမ်းမှု နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကန့်သတ်မှု များ ပိုမိုဖြေလျှော့ ပေးနိုင်သည် နှင့်အမျှ ၂ဝ၁၅ ခုနှစ်တွင် ခရီးသည် ငါးသန်းအထိ တိုးတက် ဝင်ရောက် နိုင်မည် ဖြစ်သည်။

ခရီးသွား လုပ်ငန်းသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အဓိက မောင်းနှင်အား တစ်ရပ် ဖြစ်သကဲ့သို့ သက်ဆိုင်ရာ နိုင်ငံ၏ ယဉ်ကျေးမှု သဘာဝနှင့် လူမှု စီးပွားရေး ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှု များနှင့်လည်း နှီးနွှယ် ပတ်သက်နေရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ယဉ်ကျေးမှု ဆိုင်ရာ ရေရှည် တည်တံ့ ခိုင်မြဲရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းတွင် လူမှု အဖွဲ့အစည်း များ ပါဝင် ဆောင်ရွက်ရေး မူဝါဒကို ပြဋ္ဌာန်း ခဲ့သည်။

ထို့ကြောင့် အစိုးရ၊ ပုဂ္ဂလိက နှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်မှု ရလဒ်အဖြစ် ၂ဝ၁၄ ခုနှစ် အတွက် Lonely Planet Magazine က ပေးအပ်သည့် Best in Travel AEC Country Award 2014 ကိုရရှိခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် အဓိက မောင်းနှင်အား ဖြစ်သော ခရီးသွား လုပ်ငန်း၏ အလားအလာ ကောင်းများကို နိုင်ငံတော်နှင့် ပြည်သူတို့ ဆက်လက် ထိန်းသိမ်း ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#မြ၀တီနေ့စဉ်

မြင်းခွာရွက် အသက်ရှည်ဆေး


မြင်းခွာရွက် အသက်ရှည်ဆေး

ကြည်မြင့်လွင် (မုဒြာ)

ရှေးက ဆေးကျမ်းများတွင် အာယုဝဍ္ဎန ခေါ် အသက်ရှည်ဆေး အကြောင်း ပါရှိသည်။ အသက်ရှည်ဆေး သည် အားတိုးဆေး နှင့်မတူပေ။ ရသာယန ခေါ် သက်စောင့်ဆေးများ၊ ဝါဇီကရဏ ခေါ် ခွန်အားတိုး ဆေးများသည် လောကီခွန်အား ဖြည့်ရန် သုံးစွဲသော ဆေးများ ဖြစ်သည်။ အချို့သော ဆေးများတွင် ရွှေ၊ ကတိုး၊ ကုံကမံ၊ ငှက်သိုက်၊ ငါးကြီးအန်ဖတ် စသည့် တန်ဖိုးကြီး ဆေးမယ်များ ပါသည့်အပြင် အချို့ တန်ဖိုးကြီးသော ဆေးများတွင် ပုလဲ၊ သန္တာ၊ ဂေါ်မိတ်၊ ပယင်း စသည့် ရတနာများ ကိုပင် ထည့်၍ ဆေးဖော်သည်ကို ဆေးညွှန်းစာများ အရ သိရသည်။

အသက်ရှည်ရန် ဓာတ်ခုနစ်ပါး တိုးစေသည့် ရသာယန ဆေးနှင့် အာယုဝဍ္ဎန ဆေးများကို ဖော်စပ် သုံးစွဲခြင်း၊ ရဟန်း သံဃာများ၊ လူကြီး သူမများကို လှူဒါန်းခြင်း ပြုအပ် သော်လည်း ဝါဇီကရဏ ခေါ် အားတိုးဆေးမျိုး မှာကား သူတော်စင်၊ ဥပုသ်သည်များ မသုံးစွဲသင့် ဟု အဆိုရှိ သည်။ အသက်အရွယ် ငယ်ရွယ်နုပျို သူများသည်လည်း အားတိုးဆေး များကို မလိုအပ်ဘဲ မမှီဝဲသင့်ဟု ဆိုသည်။ မလိုအပ်ဘဲ ဆေးမှီဝဲလျှင် ကောင်းကျိုး မဖြစ်သည့် အပြင် အကြော ပိတ်ဆို့သည့် ဆိုးကျိုးများ နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင်သည်။

လူ၏ သက်တမ်းမှာ အသက် ၁ဝဝ နှစ်ဖြစ်သည်။ ဗုဒ္ဓစာပေများ အရ ပထမ အရွယ်သည် အသက် ၃၃ နှစ်အထိ ဖြစ်သည်။ ဒုတိယ အရွယ်သည် အသက် ၃၄ နှစ်မှ ၆၆ နှစ် အရွယ်အထိ ဖြစ်သည်။ ထို့ကြောင့် ၆၇ နှစ်မှစပြီး တတိယ အရွယ်သို့ ရောက်ပြီ ဖြစ်သည်။ ရသာယနဆေး နှင့် အာယုဝဍ္ဎန ခေါ် သက်ရှည်ဆေးများ မှီဝဲသင့်သည့် အရွယ်မှာ ဤ တတိယ အရွယ် ရောက်မှသာ ဖြစ်သည်။ ရောဂါ မှန်သမျှ အစာ မကြေခြင်းမှ စသည် ဆိုသဖြင့် အစာကြေဆေး ကိုလည်း နေ့စဉ် မှီဝဲသင့်သော အရွယ် ဖြစ်သည်။ အစာကြေဆေး၊ ဝမ်းမှန်ဆေးများ မှီဝဲပြီး နောက်ဆုံး ညအိပ်ရာ ဝင်ချိန် ရောက်မှ သာလျှင် အာယုဝဍ္ဎန ဆေးကို မှီဝဲသင့်သည်။

အာယုဝဍ္ဎန ဆေးနည်း များစွာ ရှိသည့်အနက် လွယ်ကူသော သက်ရှည် ကျန်းမာ စေနိုင်သော ဆေးမှာ မြင်းခွာရွက် အသက်ရှည်ဆေး ဖြစ်သည်။ မြင်းခွာရွက်နှင့် ပျားရည်သည် ရှေးနှစ်ပေါင်း ၁ဝဝဝ ကျော်က ပြုစုခဲ့သည့် အာယုဗေဒ ဆေးကျမ်းများစွာ တွင်ပါဝင်သော အသက်ရှည် ဆေးနည်း များတွင် ပါဝင်သည်ကို တွေ့ရသည်။

မြင်းခွာရွက်တွင် နွယ်နှင့် ပေါက်သော မြင်းခွာရွက် အသေးမျိုးနှင့် ဟင်းချက်စရာ အတို့အမြှုပ် ပြုသည့် မြင်းခွာရွက်ကြီး တို့တွင် အသေးမျိုး နွယ်မြင်းခွာ ပင်က ပို၍ ဆေးဖက်ဝင် အာနိသင် ရှိသည်။ ဆေးမြင်းခွာ ဟူ၍ ကျောက်စရစ် ရောသော မြေမာတွင် ကပ်ပေါက်သည့် မြင်းခွာပင် မျိုးလည်း ရှိသေးသည်။ ထို ဆေးမြင်းခွာကို အာယုဝဍ္ဎနဆေး မဖော်ပေ။ နွယ်မြင်းခွာ အသေးကိုသာ နေရိပ်တွင် တန်းဖြင့် တွဲလောင်းချ အခြောက်လှန်းပြီး ဆေးဖော်ရမည် ဖြစ်သည်။

မြင်းခွာရွက်အာယုဝဍ္ဎနဆေးနည်း

၁။ မြင်းခွာရွက်ခြောက်မှုန့် ၁ဝကျပ်သား ။
၂။ ငရုတ်ကောင်းစိမ်း အမှုန့် ၁ကျပ်သား ရောစပ်ပြီး ပျားရည် (အသစ်)ဖြင့် မပျစ်မကျဲ ဖြစ်အောင် ဇွန်းခပ် ကောင်းအောင် ရောတေပြီး ဖန်ပုလင်းဖြင့် သိမ်းထားပါ။ မှိုမတက်အောင် တစ်ပတ်တစ်ကြိမ် နေပူပြပေးပါ။ နံနက်၊ ည ကော်ဖီဇွန်း အသေးတစ်ဇွန်း မှန်မှန်စားသုံး ပေးလျှင် ကျန်းမာပြီး အနာရောဂါ ကင်းစင်၍ အသက်ရှည် စေနိုင်သည် ဟု ဆိုသည်။ လက်တွေ့တွင် ဆီးချိုရောဂါ၊ လေငန်းရောဂါသမားများပါ သက်သာ ပျောက်ကင်း စေနိုင်ကြောင်း သိရသဖြင့် တင်ပြ လိုက်ရ ပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၂၁)


မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၂၁)

Download Links


မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁-၂၀၁၅) ဗုဒ္ဓဟူးနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂၈-၁-၂၀၁၅) ဗုဒ္ဓဟူးနေ့

Download Links


Tuesday, January 27, 2015

နိုင်ငံခြားခရီးသွား ဧည့်သည်များ လည်ပတ်ရာတွင် နှစ်သက်စွာ စီးနင်းလေ့ရှိသည့် အငှားလိုက်လှည်းယာဉ်များ


မင်းကွန်းယဉ်ကျေးမှုနယ်မြေ မှ လှည်းယာဉ်များ

မင်းကွန်း ၊ ၂၇-၁-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်း ယဉ်ကျေးမှုနယ်မြေသို့ ယခုရက်ပိုင်း အတွင်း ရေလမ်း ခရီးဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု များပြားသဖြင့် ဒေသခံ လှည်းသမားများမှာ နေ့စဉ်ဝင်ငွေ ကောင်းလျက် ရှိကြောင်း သိရသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည် များသည် စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်း ယဉ်ကျေးမှု နယ်မြေအတွင်း သွားလာရန် လှည်းယာဉ်များ (ပုံ) ကို နာရီပိုင်းဖြင့် ငှားရမ်းကာ ပုထိုးတော်ကြီး၊ မင်းကွန်း ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီးများ နှင့် မြသိန်းတန် စေတီတော် များသို့ သွားရောက် လေ့လာကြသည်။ လှည်းသမားများမှာ နိုင်ငံခြား ခရီးသွား ဧည့်သည် များကို တစ်နေ့တာ လိုက်ပါ ပို့ဆောင် ပေးသည့် ဝင်ငွေ အနေဖြင့် မြန်မာငွေကျပ် ၁ဝဝဝဝ ရရှိကြောင်း သိရသည်။

လှည်းယာဉ် တစ်စီးလျှင် နိုင်ငံခြား ခရီးသွား ဧည့်သည် ငါးဦး တင်ဆောင် နိုင်ကာ စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်း ယဉ်ကျေးမှု နယ်မြေတွင် အစီးရေ ၂ဝ ရှိပြီး နေ့စဉ် လူဦးရေ ၁ဝဝ ခန့် လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။ ယင်းနယ်မြေသည် ရှေးဟောင်း ယဉ်ကျေးမှု လက်ရာ အနုပညာများနှင့် ရှေးဟောင်း စေတီတော်များ အများအပြား တည်ရှိသည့် နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger