www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label နယ်သတင်း. Show all posts
Showing posts with label နယ်သတင်း. Show all posts

Tuesday, August 21, 2018

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင် IDP စခန်းကို အပြီးသတ်ပိတ်သိမ်း



စစ်တွေ ၂၁-၈-၂ဝ၁၈

ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ ပိတ်သိမ်း နိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ကျောက်တော်မြို့နယ်နိဒင် IDP စခန်း ပိတ်သိမ်းနိုင်ရေးအတွက် နိဒင်ကျေးရွာအနီးတွင် နေအိမ်သစ် ၈၅လုံး ဆောက်လုပ် ပြီးဖြစ်၍ အဆိုပါ နိဒင် IDP စခန်းမှ အိမ်ထောင်စု ၈၅စု လူဦးရေ ၅၈ဝ ကျော်ကို ရခိုင်ပြည်နယ်အစိုးရက စနစ်တကျ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ယခုအခါ အိမ်ထောင်စုအားလုံး ပြောင်းရွှေ့ပြီး ဖြစ်သည်။

ယခင်က ရခိုင်ပြည်နယ်တွင် IDP စခန်း ၂၁ခု ကျန်ရှိနေပြီး ၂ဝ၁၇ ခုနှစ်အတွင်း ကျောက်ဖြူမြို့နယ်ရှိ ကညင်တော IDPစခန်း၊ရမ်းဗြဲမြို့နယ်ရှိ တန်းရွာ IDP စခန်းများ အပြီးပိတ်သိမ်းနိုင်ခဲ့ပြီး ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် IDP စခန်းကို တစ်စိတ်တစ်ပိုင်း ပိတ်သိမ်းနိုင်ခဲ့ကာ ကျေးရွာများတွင် ပြန်လည်နေရာချ ထားပေးခဲ့ပြီး ဖြစ်သည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် IDP စခန်း ၁၈ ခုသာကျန်ရှိပြီး ၎င်းတို့အထဲမှ မြေပုံမြို့နယ်ရှိ တောင်ပေါ် IDP စခန်းကိုပိတ်သိမ်း လျက်ရှိပြီး စစ်တွေမြို့နယ်ရှိ သက္ကေပြင် IDP စခန်း၊ ခေါင်းဒုက္ကာ(၁)နှင့် (၂) IDP စခန်း၊ကျောက်ဖြူမြို့ နယ်ရှိ ကျောက်တစ်လုံး IDP စခန်းများ ပိတ်သိမ်းနိုင်ရန် အတွက်လည်း ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, September 21, 2017

မိုးကာလတွင် ဖြုန်းအုတ်ကြိုတင်စုဆောင်း ထားခြင်းဖြင့် ပွင့်လင်းရာသီ၌ အကျိုးအမြတ်ရရှိ



လားရှိုး ၂၁-၉-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းများက ဖြုန်းအုတ်ဝယ်ယူမှု များပြားသောကြောင့် မိုးကာလ၌ ဖြုန်းအုတ်ကြိုတင် စုဆောင်းထားခြင်းဖြင့် ပွင့်လင်းရာသီတွင် ရောင်းချရာ၌ အကျိုးအမြတ်ရရှိကြောင်း လားရှိုးမြို့ ရပ်ကွက် (၁၂) မှ ဖြုန်းစက်အုတ်လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။

လားရှိုးမြို့တွင် တစ်ချိန်က ဖြုန်းအုတ်လုပ်ငန်းများကို လက်ရိုက်အုတ်အဖြစ် ထုတ်လုပ်ရောင်းချ ကြသော်လည်း ယခုအခါစက်များဖြင့် ဖြုန်းအုတ်လုပ်ငန်းကို ထုတ်လုပ်ရောင်းချကြရာ လုပ်ငန်းတွင်ကျယ်မှုများပြား လာကြောင်း၊လက်ရိုက်အုတ် ရိုက်သူတစ်ဦးလျှင် တစ်နေ့အုတ်အလုံးရေ ၂ဝဝမှ ၃ဝဝ ရရှိအောင်ရိုက်သည့်အတွက် တစ်နေ့ လုပ်အားခ ငွေကျပ် ၁ဝဝဝဝ ကျော်ရရှိကြောင်း၊ စက်ရိုက်အုတ် လုပ်သူများအနေဖြင့် စက်တစ်လုံးလျှင် လေးဦး လုပ်ကိုင်ပါက လုပ်ငန်းလည်ပတ်မှု အဆင်ပြေသဖြင့် တစ်နေ့လျှင် အုတ်အလုံးရေ ၁ဝဝဝမှ ၁၂ဝဝရရှိကြောင်း၊ အုတ်ရိုက်ခမှာ အုတ်တစ်လုံးလျှင် ငွေ ၂၂ကျပ်ရရှိသည့်အတွက် လုပ်သားတစ်ဦးလျှင် တစ်နေ့လုပ်အားခငွေကျပ် ၁ဝဝဝဝ ကျော်ရရှိကြောင်း၊ လားရှိုးမြို့တွင် အုတ်တစ်လုံးလျှင် ငွေကျပ် ၁၁ဝမှ၁၂ဝ ရောင်းကြကြောင်း၊ သယ်ယူပို့ဆောင်ရပါက အနီး၊ အဝေးပေါ်မူတည်၍ သယ်ယူစရိတ်မြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ဖြုန်းအုတ်ရိုက်လာတာ ၂၅နှစ်ကျော်ပြီ။ အရင်ကတော့ထုံးနဲ့ ဖြုန်းစပ်ပြီးလက်နဲ့ရိုက်တာပါ။ အခုနောက်ပိုင်း တိုးတက်လာတော့ လက်ရိုက်အုတ်ကနေ စက်ရိုက်အုတ်အဖြစ် ပြောင်းလုပ်လာပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။ 

#Themyawadydaily

Friday, June 30, 2017

ထိုင်းအစိုးရ၏ ဥပဒေသစ်ကြောင့် မြန်မာအလုပ်သမားဦးရေ ၃ဝဝဝ ကျော်ပြည်တွင်းသို့ မြဝတီမြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာ



မြ၀တီ ၃၀-၆-၂၀၁၇

ထိုင်းအစိုးရ၏ ဥပဒေသစ်ကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားဦးရေ ၃ဝဝဝ ကျော်သည် ယနေ့ နံနက် ၈ နာရီမှစတင်ကာ မြန်မာနိုင်ငံသို့ ကရင်ပြည်နယ် မြဝတီမြို့ ၉၉၉ ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက် လာကြောင်း သိရသည်။

ထိုင်းအစိုးရက ယခုနှစ်အလုပ်ရှင်နှင့် အလုပ်သမားများ ဥပဒေအသစ် (၈) ချက် ထုတ်ပြန်လိုက်ပြီး အဆိုပါဥပဒေ၌ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများအတွက် တားမြစ်ထားသော အလုပ်နှင့်အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိသော အလုပ်သမားများကို လက်ခံထားသည့် အလုပ်ရှင်သည် အလုပ်သမား တစ်ဦးစာအတွက် ဘတ်ငွေလေးသိန်းမှ ရှစ်သိန်းထိ ဒဏ်ငွေပေးဆောင်ရန် ထုတ်ပြန်လိုက်ခြင်းကြောင့် ယခုကဲ့သို့ ပြန်လည် ဝင်ရောက် လာခြင်း ဖြစ်သည်။

''အလုပ်ရှင်သူဌေးတွေ ကိုယ်တိုင်က ပြန်ခိုင်းတာပါ။ ပြန်လာတဲ့အခါ ဒီအတိုင်းပြန်လို့မရဘူး။ သက်ဆိုင်ရာပွဲစားက ခေါ်လာပြီး ထိုင်းပုလိပ်ရုံးမှာ အဖမ်းခံတဲ့ပုံစံမျိုး လုပ်ရတယ်။ အဲဒီပုလိပ်ရုံးမှာ အဖမ်းခံရကြောင်း သက်သေခံတွေ လုပ်ပြီးမှ ကားတွေနဲ့ မဲဆောက်ကိုပို့ပေးတယ်။

မဲဆောက်ကမှတစ်ဆင့် ထိုင်းဘက်ခြမ်း သောင်ရင်းမြစ် စက်လှေဂိတ်ကို ပို့ပေးပါတယ်။ ထိုင်းဘက်ကမ်းက တစ်ဆင့် အခု မြန်မာဘက်ခြမ်း ၉၉၉ ဂိတ် ကိုပို့ပေးတာပါ။ ဒီအရောက် တစ်ဦးကိုထိုင်းဘတ်ငွေ ၃၅ဝဝ ပေးရပါတယ်'' ဟု နေရပ်ပြန်အလုပ် သမားတစ်ဦးက ပြောပြသည်။

ပြန်လည်ဝင်ရောက် လာသည့် မြန်မာအလုပ်သမားဦးရေမှာ ယနေ့ညနေ ၅ နာရီခန့်ထိ စာရင်းများအရ အမျိုးသား ၁၃ဝ၂ဦး၊ အမျိုးသမီး ၁၈၆၅ဦး၊ စုစုပေါင်း ၃၁၆၇ဦး ခန့်ရှိပြီး ၎င်းတို့ကို မြဝတီမြို့ရှိ လူမှုရေး အသင်းအဖွဲ့များ၊ပရဟိတအဖွဲ့များက ကူညီပေးနေကြောင်း သိရသည်။

ပြန်လည်ရောက်ရှိ လာသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ကြိုဆိုနေရာချထားရေး၊ ချက်ပြုတ်ကျွေးမွေးရေး၊ နေရပ်ပြန်လည် ပို့ဆောင်ပေးရေးတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်သော်လည်း ပြန်လည်ရောက်ရှိ လာသူများက လက်မခံခဲ့ကြောင်း မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိုက်စိုးမိုးက ပြောပြသည်။

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးအောင်နိုင်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြိုဆိုခဲ့ပြီး လိုအပ်သည့် အကူအညီများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, June 28, 2017

ခရီးသည်တင် စက်လှေတစ်စင်း နစ်မြုပ်မှုဖြစ်ပွား


နစ်မြုပ်မှုဖြစ်ပွားသော စက်လှေကို ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ်။

စစ်တွေ ၂၈-၆-၂၀၁၇

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိတ်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဇီးကိုင်းကျေးရွာဘက်သို့ သွားသည့် ခရီးသည် တင်စက်လှေတစ်စင်း ယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နစ်မြုပ်မှုဖြစ်ပွား ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ် ညောင်ပင်လယ်ကျေးရွာနေ ဦးမောင်သာကျော်သည် စစ်တွေမြို့နယ် ပါဒလိတ်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဇီးကိုင်းကျေးရွာ ဘက်သို့ ခရီးသည် ၂၁ ဦးတင်ဆောင်၍ မောင်းနှင် လာစဉ် မိုးစဲကျွန်း ဇီးကိုင်းကျေးရွာ ဆိပ်ကမ်းအနီး၌ လှိုင်းနှင့်လေပြင်း တိုက်ခတ်မှုကြောင့် စက်လှေနစ်မြုပ် ခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်လှေ နစ်မြုပ်မှုကြောင့် ခရီးသည် ၂ဝ ဦးကို မြစ်အတွင်း သွားလာနေသည့် စက်လှေများနှင့် ဆိပ်ကမ်းအနီးရှိ ဒေသခံပြည်သူများက ဝိုင်းဝန်း ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးမှာ မြစ်အတွင်းမျောပါ သွားသည်။ ကယ်တင်နိုင်ခဲ့သူများအနက် အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦးကို စစ်တွေမြို့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါစက်လှေ နစ်မြုပ်ရာသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်တွေ့ဆုံမေးမြန်း အားပေးစကား ပြောကြားခဲ့ကြသည်။ ပျောက်ဆုံးနေသူတစ်ဦးကို ပြန်လည်တွေ့ရှိ နိုင်ရေး စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, June 8, 2017

ရွှေတုံးများ ခိုးသယ်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို တာချီလိတ်လေဆိပ်တွင် ဖမ်းဆီးရမိ



တာချီလိတ် ၈-၆-၂၀၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်တွင် ရွှေတုံးများတရားမဝင် ခိုးသယ်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို ဇွန် ၆ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ 

တရုတ်နိုင်ငံသားသည် တရားဝင် ဝင်ရောက်ခဲ့သော်လည်း ရွှေတုံးများသယ်လာပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေ (လတ်တလောပြဌာန်းချက်များ) ပုဒ်မ ၄ (၁) ကို ကျူးလွန်သဖြင့် တာချီလိတ်မြို့မရဲ စခန်းတွင် (ပ)၁၈၈/ ၂၀၁၇၊ အဆိုပါဥပဒေပုဒ်မ ၁၃ (၁) အရအမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

အဆိုပါတရုတ်နိုင်ငံသားသည် တာချီလိတ်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ကမ္ဘောဇလေကြောင်းလိုင်းဖြင့် စီးနင်းရန်လာရောက်စဉ် ထွက်ခွာစစ်ဆေးရေးခန်း၌ လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်က စစ်ဆေးရာမှ ၎င်းဝတ်ဆင်ထားသော ခြေအိတ်အတွင်းမှ စုစုပေါင်းအလေးချိန် (၂.၁၅) ကီလိုဂရမ်ဝန်းကျင်ရှိ ရွှေတုံး (၄) တုံးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“လေဆိပ်ကနေ ထွက်ခွာကြမယ့် အမျိုးသားခရီးသည် တွေကို BODY SEARCH မှာ လုံခြုံရေးအတွက် ရှာဖွေ စစ်ဆေးရပါတယ်။ တရုတ်နိုင်ငံသား ခရီးသည်ကို စစ်ဆေးရတော့ ရာသီဥတုပူအိုက် နေချိန်မျိုးမှာ ခြေအိတ်ပါတဲ့ ဖိနပ်ကို စီးထားတာတွေ့ရလို့ ခြေအိတ်ချွတ်ပြပေးဖို့ စစ်ဆေးရာကနေ ခြေထောက်ရဲ့ဘယ်နဲ့ ညာမှာဝတ်ဆင်ထားတဲ့ ခြေအိတ်အတွင်းကနေ ရွှေတုံး (၂) တုံးစီကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။”ဟု တာချီလိတ် လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး အောင်ကိုမြင့်ကပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားမှာ ပတ်စ်ပို့အမှတ် E 77057704 ကိုင်ဆောင်ထားသူ Mr.TENG LIANG BING ဆိုသူဖြစ်ပြီး ၎င်းအား လေဆိပ်တွင် တာဝန်ကျသည့် တာချီလိတ်မြို့ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး၊ ဒုတိယ ဦးစီးမှူးထံ လွှဲပြောင်းပေးအပ် ခဲ့ပြီးနောက် ယင်းနေ့ညနေ (၃) နာရီခွဲတွင် တာချီလိတ်လေဆိပ်မှ တာချီလိတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, May 23, 2017

ယခုနှစ်မန္တလေးတိုင်း ဒေသကြီးတွင် ဒေသန္တရရေနံချက်ဖို ၂၃ ဖိုအတွက် လုပ်ငန်းရှင် ၁၂ ဦးကို ယာယီလိုင်စင်ခွင့် ပြုထုတ်ပေးသွားမည်



နေပြည်တော် ၂၃-၅-၂၀၁၇

ယခုနှစ် မန္တလေးတိုင်း ဒေသကြီးတွင် ဒေသန္တရရေနံချက်ဖို ၂၃ ဖိုအတွက် လုပ်ငန်းရှင် ၁၂ဦးကို ယာယီလိုင်စင်များ ဆက်လက်ခွင့်ပြု ထုတ်ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် ရေနံလက်ယက်တွင်းများ မှထွက်ရှိသည့် ရေနံစိမ်းများကို ရေနံချက်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းရှင်များကို ဒေသန္တရရေနံ ချက်လုပ်ငန်း ယာယီလိုင်စင်များ အခမဲ့ခွင့်ပြုထုတ်ပေး လျက်ရှိရာ ယခုနှစ် မန္တလေးတိုင်း ဒေသကြီးတွင် ဒေသန္တရရေနံချက် လုပ်ငန်းရှင် ၁၂ ဦးနှင့်ချက်ဖို ၂၃ ဖိုတို့ကို ဒေသန္တရရေနံ ချက်လုပ်ခြင်း လုပ်ငန်းယာယီ လိုင်စင်များကို ဆက်လက်ခွင့်ပြု ထုတ်ပေးသွား မည်ဖြစ်သည်။

အဆိုပါလိုင်စင်များမှာ ၂ဝ၁၈ ခုနှစ် မတ် ၃၁ရက်ထိ သက်တမ်းရှိသော ဒေသန္တရ ရေနံချက် လုပ်ခြင်းလုပ်ငန်း ယာယီလိုင်စင် များဖြစ်ကာ ရေနံချက်ဖို လိုင်စင်ကြေး အနေဖြင့် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ခွင့်ပြုထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ဧပြီလက မန္တလေးတိုင်း ဒေသကြီးက လုပ်ငန်းရှင် ခြောက်ဦးကို ယာယီလိုင်စင် ထုတ်ပေးခဲ့ပြီးပါပြီ။ ဒီနှစ်ဒီချိန် ထိတော့ တစ်နိုင်ငံလုံးမှာ ၁၄၄ ဦးကို ယာယီလိုင်စင်တွေ ထုတ်ပေးထားပြီးပါပြီ'' ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောပြသည်။

အလားတူ ယခုနှစ်တွင် ဒေသန္တရရေနံ ချက်လုပ်ခြင်းလုပ်ငန်း ယာယီလိုင်စင်များကို မန္တလေးတိုင်းဒေသကြီးမှ လုပ်ငန်းရှင် ၁၂ ဦးနှင့် ချက်ဖို ၂၃ ဖိုအပြင် ရန်ကုန်တိုင်း ဒေသကြီးတွင် လုပ်ငန်းရှင်တစ်ဦးနှင့် ရေနံချက်ဖို နှစ်ဖို၊ ဧရာဝတီတိုင်း ဒေသကြီးတွင် လုပ်ငန်းရှင် ၂၅ ဦးနှင့်ရေနံချက်ဖို ၄ဝ စုစုပေါင်း လုပ်ငန်းရှင် ၃၈ ဦးနှင့်ချက်ဖို ၆၅ဖိုကို ယာယီလိုင်စင် ဆက်လက်ခွင့်ပြုထုတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့အချိန်ထိ သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် လုပ်ငန်းရှင် ၁၁၂ ဦးနှင့် ချက်ဖို ၃၁၉ ဖိုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် လုပ်ငန်းရှင်နှစ်ဦး
နှင့်ချက်ဖိုသုံး ဖိုကိုလည်းကောင်း စုစုပေါင်း လုပ်ငန်းရှင် ၁၁၄ ဦးနှင့်ချက်ဖို ၃၂၂ ဖိုကို ၂ဝ၁၈ခုနှစ် မတ် ၃၁ရက်ထိ သက်တမ်းရှိသည့် ဒေသန္တရရေနံချက် လုပ်ခြင်းလုပ်ငန်း ယာယီလိုင်စင်များကို ရေနံချက်ဖိုလိုင်စင်ကြေး ငွေကျပ် တစ်သိန်းနှုန်းဖြင့် ခွင့်ပြုထုတ် ပေးပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

Thursday, May 18, 2017

ကျိုင်းတုံမြို့ရှိ နောင်တုံရေကန်ကြီး သန့်ရှင်းလှပစေရေး အကြံဥာဏ်များ တောင်းခံ



ကျိုင်းတုံ ၁၈-၅-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နောင်တုံရေကန်ကြီး သန့်ရှင်းလှပ စေရေး အကြံဥာဏ်များ တောင်းခံခြင်းကို မေ ၁၆ရက် မွန်းလွဲ ၁နာရီက ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအကြံဥာဏ်များ ရယူတောင်းခံ ခြင်းအစည်းအဝေးပွဲသို့ ကျိုင်းတုံမြို့ရှိဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံများ၊ စည်ပင်သာယာရေး ကော်မတီဝင်များတက် ရောက်ခဲ့ကြောင်း သိရသည်။

''နောင်တုံရေကန်ကြီးက ကျိုင်းတုံမြို့ရဲ့ ကျက်သရေ ဆောင်ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားတွေနဲ့ မြို့နယ်တွင်းက ပြည်သူတွေလဲ ကျန်းမာရေး၊ အားကစား၊ လမ်းလျှောက်၊ ကိုယ်ကာယလေ့ကျင့်ရာ နေရာအဖြစ်နဲ့ရော အပန်းဖြေလည်ပတ်ဖို့ နေရာအဖြစ်နဲ့ပါ နောင်တုံရေကန်ကြီး နေရာကို စိတ်ဝင်စားနေကြပါတယ်။ ကန်ရေပြင်သန့်ရှင်း ရေးအတွက် လိုအပ်တဲ့ အကြံဥာဏ်တွေကို ပေးစေလိုပါတယ်''ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးကပြောပြသည်။

ကန်တွင်းဧရိယာ ကြီးမားကျယ်ပြန့်ပြီး ရေကန်အတွင်းမှ နုန်းများဆယ်တင်ရေး ကိစ္စတွင် ရှမ်းပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရ၏ ကူညီပံ့ပိုးပေးမှုဖြင့်သာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း တက်ရောက်လာသူများက ပြောပြသည်။

''နောင်တုံကန်ကို ရေစီးဝင်နေတဲ့ တောင်ကြီးလမ်းဘက်က နမ့်ခင်ရေချောင်းကနေ နောင်တုံရေကန်ထဲကို အမြဲစီးဝင်နေတဲ့ ရေသွယ်မြောင်းကို ရေစီးရေလာ ကောင်းမွန်စေဖို့ ဆောင်ရွက်သင့်ပါတယ်။ ပြီးတော့ ကန်ရဲ့ ရေထွက်ပေါက်က ရေထွက်တာကို ပုံမှန်စီးဆင်းစေမယ်ဆိုရင် ရေသန့်ရှင်းမှု အထိုက်အလျောက် ကောင်းသွားမှာဖြစ်ပါတယ်''ဟု ကျိုင်းတုံမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်မှူး အင်ဂျင်နီယာ ဦးစောနိုင်က ပြောပြသည်။

နောင်တုံရေကန် ကြီးသည် အကျယ်အဝန်း ၃၅ ဒသမ ၇၃၉ ဧကရှိပြီး ရေကန် နုန်းဆယ်ခြင်း လုပ်ငန်းကို ၁၉၇ဝပြည့်နှစ်က ရပ်ရွာကျေးလက်နေ ပြည်သူများကို လုပ်အားပေး ဆင့်ခေါ်ကာ ဆောင်ရွက်ခဲ့ ဖူးကြောင်း သိရသည်။

#Themyawadydaily

Tuesday, May 16, 2017

ဘူးသီးတောင်မြို့နယ် ပေါက်ကွဲမှု ဖြစ်ပွားသောနေရာ၌ အလောင်းငါးလောင်း တူးဖော်တွေ့ရှိ


ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာ အနီးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာနှင့် အလောင်းတွေ့ရှိ သည့်နေရာပြမြေပုံ။

နေပြည်တော် ၁၆-၅-၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် မေ ၁၃ ရက်က သဲနီကျေးရွာ၏ အနောက်မြောက်ဘက် တောင်ခြေရင်း၌ တူးဖော်စစ်ဆေးခဲ့ရာ အလောင်းများ တူးဖော်တွေ့ရှိ ရကြောင်း သိရသည်။

မေ ၄ ရက် ညနေ ၅ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာ ၏အနောက်ဘက် တောစပ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင် သောပူးပေါင်း အဖွဲ့သည် နယ်မြေလုံခြုံရေးအတွက် ကင်းလှည့် ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာအား မေ ၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ရှိခဲ့ပြီး တောစပ် ပတ်ဝန်းကျင်ရှိ ယာယီတဲ ဆောက်လုပ် နေထိုင်ခဲ့သည့် နေရာနှစ်နေရာ၌ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ယမ်းနံ့များ ရရှိသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာ မှန်ကန်ကြောင်း စစ်ဆေးသိရှိရ၍ သေဆုံးသူ၊ ဒဏ်ရာရရှိသူများနှင့် ပါဝင်ပတ်သက်သူ များအား ဆက်လက်စုံစမ်း ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မေ ၁၃ ရက် ညနေပိုင်းတွင် သဲနီကျေးရွာ၏ အနောက်မြောက်ဘက် တောင်ခြေရင်း၌ တူးဖော်စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား အလောင်းနှစ်လောင်းနှင့် တင်းမေ ၃ ရပ်ကွက်နေ မော်လဝီ အဒူကော်ရိန်၊ ကျောင်းတောင် အလယ်ရွာနေ မော်လဝီယာဆိမ့်နှင့် စာကိုင်းကျေးရွာနေ ဇူပိုင်တို့သုံးဦးအား တူးဖော်တွေ့ရှိ ခဲ့သဖြင့် ဘူးသီးတောင် ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများ နှင့်အညီ အမှုဖွင့်အရေးယူ နိုင်ရေး စီစဉ်လျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

#Themyawadydaily

Friday, May 12, 2017

ကျေးလက်ဒေသ နေထိုင်သူများ ပြည်ပသို့ထွက်ခွာမှုများပြားနေခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်ခဲများနှင့်ကြုံတွေ့နေကြရ



ရေတာရှည် ၁၂-၅-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ်အတွင်းရှိ ကျေးလက်ဒေသ နေသူများသည် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် နေရပ်ဒေသ အသီးသီးရှိ လုပ်ငန်းခွင်များ ကိုကျောခိုင်းထွက်ခွာ မှုများကြောင့် စိုက်ပျိုးရေး ကဏ္ဍတွင် အခက်အခဲများ စွာကြုံတွေ့နေရကြောင်း သိရသည်။

''ကျွန်တော်တို့ ဒီနားဝန်းကျင်ကရွာ တွေမှာလူငယ်ပိုင်း တွေမရှိတော့ သလောက်ဖြစ်ကုန်ပြီ ထိုင်းကိုအလုပ်လုပ် ဖို့ထွက်ကုန်တာ အခုကျွန်တော်တို့ ရွာတွေမှာ လူမှုရေး လုပ်ငန်းဖြစ်တဲ့ သာရေး၊ နာရေးကိစ္စတွေ ဆိုရင် ပျက်ကွက်မှု တွေများလာတယ်။ နောက်စိုက်ပျိုးရေး လုပ်ငန်းခွင်မှာ အလုပ်သမားတွေငှား ဖို့မလွယ်တော့ အခက်အခဲ ကြုံကြရတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

စိုက်ပျိုးရေး လုပ်ငန်းများသည် စက်အားလူအားဖြင့် ပင်ပင်ပန်းပန်းလုပ်ကိုင် ကြရသော်လည်း ရာသီအပြောင်း အလဲကြောင့် သီးနှံခင်းများ ထွက်နှုန်းလျော့ကျ လာခြင်း၊ သီးနှံဈေးနှုန်းနှင့် ဈေးကွက် ကောင်းမွန်မှု မရှိခြင်း တို့ကြောင့် ရေရှည်တွင် လူမှုဘဝ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လာသည့် အတွက် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် ကြခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ သူတစ်ဦးက ပြောပြသည်။

''ဟိုမှာက ပြည်ပဈေးကွက်က အရမ်းကောင်းတယ်။ အရည်သွေးမီတယ်။ အလုပ်ကို အလုပ်နဲ့တူအောင် ခိုင်းတာခိုကပ်လို့ မရဘူး။အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံ တို့က အလုပ်သမား တွေအများကြီး ရှိတယ်။ လုပ်အားခလဲ သက်သာတော့ ဒီလုပ်သား အရင်းအမြစ်တွေက သူတို့နိုင်ငံအတွက် မရှိမဖြစ် လိုအပ်ချက် ကြီးမားပါတယ်။ ဒီကသွားတဲ့သူတွေကလဲ ငါတို့စီးပွားရေး လာရှာတာဆိုတဲ့ အသိစိတ်ဓာတ်ရှိရင် ပိုကောင်းတာပေါ့။ သောက်သောက်စားစား သမားတွေကတော့ ဒုံရင်းဒုံရင်းပါပဲ ပြန်စရာတောင် လမ်းစရိတ်မရှိလို့ ဒုက္ခရောက် ကြသူတွေ အများကြီးပါ။ အဲ့တော့ထွက်သွား တုန်းက အကုန်ရောင်း ဟိုကျတော့လဲ ဘာမှာမဖြစ် ဘဝပျက်တာပဲ အဖတ်တင်တယ်။ ကိုယ့်ဒေသမှာ အလုပ်အကိုင်တွေကိုပဲ ကြိုးစားပြီးလုပ်ကိုင် ကြစေချင်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

ထို့ကြောင့် ပြည်ပရင်းနှီး မြှုပ်နှံမှုစက်မှု လုပ်ငန်းများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ခိုင်မာသောဈေးကွက် များအပြင် ပြည်ပဈေးကွက်ကောင်းမွန် အောင်ဆောင်ရွက်နိုင်ပါက ပြည်ပသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင် သူဦးရေသိသာစွာ ကျဆင်းသွားနိုင်ကြောင်း သိရသည်။

#Themyawadydaily

Thursday, May 11, 2017

ဒေသခံတောင်သူများ စပါးစိုက်ပျိုးချိန် မျိုးစေ့အချိန်မီ ရရှိရေးနှင့် မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် မျိုးစပါးများ ကြိုတင်စုဆောင်းထား



မင်းဘူး ၁၁-၅-၂၀၁၇

မင်းဘူးခရိုင် မင်းဘူး (စကု) မြို့နယ်အတွင်း စိုက်ပျိုးရေး ဦးစီးဌာနက ဒေသခံ တောင်သူများ စပါးစိုက်ပျိုးချိန်တွင် မျိုးစေ့အချိန်မီ ရရှိရေး၊ ဈေးနှုန်းမှန်ကန်စွာ ရရှိရေးနှင့် စပါးမျိုးကောင်း၊ မျိုးသန့်များ အလွယ်တကူ ရရှိရေးအတွက် မျိုးစပါးများ ကြိုတင်စုဆောင်း ထားကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

''စိုက်ပျိုးရေးဦးစီးဌာန နဲ့ပေါင်းပြီး မျိုးကောင်း၊ မျိုးသန့်မျိုးစေ့ ထုတ်ဖို့အတွက် အကျိုးဆောင်တောင်သူ ကိုးယောက်ထဲမှ တောင်သူသုံးယောက် ဆီကနေ စပါးမျိုးတွေ ဝယ်ယူပြီး ဌာနမှာ သိမ်းထားပါတယ်။ ကျန်တဲ့တောင်သူ ခြောက်ယောက်ကလဲ သူတို့အစီအစဉ်နဲ့ မျိုးစပါးတွေကို သိမ်းထားပေးတယ်။ လာမယ့်မိုးစပါးရာသီမှာ စပါးစိုက်ပျိုးမယ့် တောင်သူတွေ စပါးမျိုးလိုရင် မျိုးစပါးသိမ်းထားတဲ့ တောင်သူတွေနဲ့ ဆက်သွယ်ပေးမှာပါ''ဟု စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက ပြောပြသည်။

''ကျွန်တော့်အနေနဲ့ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ တောင်သူတစ်ယောက် ဖြစ်ပါတယ်။ လာမယ့် မိုးစပါးရာသီမှာ လိုအပ်နေတဲ့ မျိုးစပါးမနောသုခ မျိုးတင်း ၁၅ဝဝ ကို စိုက်ပျိုးရေး ဦးစီးဌာနကို အပ်နှံထားပြီး ဖြစ်ပါတယ်''ဟု စကုမြို့ အမှတ် (၃) ရပ်ကွက်မှ အကျိုးဆောင် တောင်သူတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

Monday, May 8, 2017

ပုဂံဒေသ ဗူးဘုရားရေဆိပ်တွင် ရေယာဉ်အစီးရေ များပြားလာသောကြောင့် ငှားရမ်းစီးသူနှင့် ရေယာဉ်မညီမျှမှု ဖြစ်ပေါ်လျက်ရှိ



ညောင်ဦး ၈-၅-၂၀၁၇

ယခုအခါ ညောင်ဦးမြို့နယ် ပုဂံဒေသသို့ ဘုရားဖူးသွားရောက် ကြသော ပြည်သူများ အနေဖြင့် ပုဂံဒေသရှိ ဗူးဘုရား ရေဆိပ်မှတစ်ဖက် ကမ်းရှိတန့်ကြည့်တောင်သို့ စီးလုံးငှား ရေယာဉ်တစ်စီးလျှင် အသွား၊အပြန် ငွေကျပ်နှစ်သောင်း ခန့်ငှားရမ်းခရှိသည်။ ယခုအခါ ရေဆိပ်တွင် ရေယာဉ်အစီးရေ အဆမတန် များပြားလာသောကြောင့် ငှားရမ်းစီးသူနှင့် ရေယာဉ်မညီမျှမှု ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါဆိပ်ကမ်းရှိ ရေယာဉ်လုပ်သား များထံမှ သိရသည်။

''အရင်တုန်းက ရေဆိပ်မှာ ရေယာဉ်အင်အားက နည်းသေးတော့ နေ့စဉ်ပုံမှန် အလှည့်ကျ ထွက်နေရတယ်။ အခုရေယာဉ်အစီး ပေါင်းနှစ်ရာကျော် လောက်ထိ ဖြစ်လာတော့ ခရီးသည်က နည်းပြီး ရေယာဉ်တွေ ကများနေလို့ တစ်ရက်တစ်ခေါက် ထွက်ဖို့တောင် မလွယ်ဘူး ဖြစ်နေတယ်။ သင်္ကြန်ပွဲတော် ကာလတုန်း ကတော့ ဘုရားဖူး ဧည့်သည်တွေ များလို့ အဆင်ပြေခဲ့ပေမယ့် အခုရက်ပိုင်းတွေမှာ ဧည့်သည်အလာကို စောင့်နေရပြီး ထိုင်နေရတာများတယ်''ဟု ရေယာဉ် ပိုင်ရှင်တစ်ဦးက ပြောပြသည်။

ယခုအချိန်တွင် ဗူးဘုရားရေဆိပ်၌ ကမ်းကပ်ထားသော ရေယာဉ်သမားများသည် ဘုရားဖူးလာ ရောက်ကြသည့် ဧည့်သည်များကို ရေဆိပ်မှ ဘုရားဝန်းကျင်သို့ တက်၍ငှားရမ်း စီးနင်းသူများကို ရှာဖွေနေရကြောင်း သိရသည်။

#Themyawadydaily

Thursday, May 4, 2017

အင်းလေးဒေသထွက် ခရမ်းချဉ်သီးများ ရေလုံလောက်မှုမရှိဘဲ ပိုးကျရောက်ခြင်းကြောင့် တောင်သူများ ဆုံးရှုံးမှုများရှိနေ



ညောင်ရွှေ ၄-၅-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့ အင်းလေးဒေသ ထွက်ခရမ်းချဉ်သီး များမှာ ရေလုံလောက်မှု မရှိဘဲ ပိုးကျရောက်နေ ခြင်းကြောင့် ခရမ်းချဉ်သီးများ ပျက်စီးကာ ခရမ်းချဉ်သီး စိုက်တောင်သူများ ဆုံးရှုံးမှုများ ရှိနေကြောင်း အင်းလေးဒေသခံ ခရမ်းချဉ်သီး စိုက်တောင်သူများထံမှ သိရသည်။

ယခုကျနေသည့်ပိုးမှာ ယခင်ကကျခဲ့သည့် ပိုးနှင့်မတူဘဲ ရာသီဥတု အခြေအနေနှင့် အင်းလေးဒေသ ရေခန်းသည့် ပေါ်မူတည်၍ ကျရောက်ခြင်းဖြစ်ကာ အဆိုပါပိုးသည် လေထုထဲမှတစ်ဆင့် ကူးစက်ခြင်း ဖြစ်ပြီး မိုးရွာသွန်းပါက ပျောက်သွားကြောင်း သိရသည်။

''ဒီနှစ်ကျတဲ့ ပိုးမျိုးအရင်က မတွေ့ဖူးပါဘူး။ ပိုးအပေါက်မပါဘူး။ အတွင်းထဲမှာပဲ လှိုက်စားနေတာ။ အစိမ်းစခူးချိန်မှာ မသိရဘူး။ မှည့်သွားတဲ့အခါကျမှ ပိုးတွေ့တာ၊ ရေမနိုင်တာလို့ လဲထင်တယ်။ ပိုးသတ်ဆေးတွေက ကိုယ်တတ်နိုင်တာ တွေပဲ ဖျန်းတာဆိုတော့ ဆေးယဉ်ပါးနေ တာလဲဖြစ်မယ်''ဟု ညောင်ရွှေမြို့နယ် ရွာကြီးအထက်ရွာမှ ခရမ်းချဉ်သီးစိုက် တောင်သူ ဦးသန်းအောင်က ပြောပြသည်။

အဆိုပါပိုးမှာ ဇန်နဝါရီလမှ စတင်ကျရောက် ခဲ့ခြင်းဖြစ်ပြီး သုံးလကျော် ကြာနေပြီဖြစ်ကာ ယခုရက်ပိုင်းအတွင်း မိုးရွာလာသဖြင့် ပိုးကျမှုနည်း သွားသော်လည်း ပိုးများလာပါက ခရမ်းချဉ်သီးစိုက် တောင်သူများ ဆုံးရှုံးမှုပိုလာမည်ကိုစိုးရိမ်နေကြကြောင်း သိရသည်။

''ဒီနှစ် ခရမ်းချဉ်သီး စပေါ်ချိန် ကတည်းက ဈေးကွက်ပျက် သွားတာပါ။ ပွဲရုံတွေ အဝယ်မ လိုက်တော့ဘူး။ ပြီးတော့ အခုရာသီကျောက်မဲ သီးထွက်နေတာကြောင့် အင်းသီး ဈေးကျသွားတာ။ ကျွန်တော်တို့လဲ အရှုံးပေါ်တာပေါ့။ ခရမ်းချဉ်သီးကို နိုင်ငံခြားတင်ပို့မှု မရှိပါဘူး။ တိုးလို့ မရသေးဘူး။ ဒီမှာက ဧကဝက် လောက်ကို စိုက်ပျိုးကုန်ကျ စရိတ်က ငွေကျပ်ခြောက်သိန်း ရှိတယ်။ အခုလို ပိုးကျနေရင် တောင်သူတွေ အရှုံးပေါ်ဖို့ တောင်ရှိနေတယ်''ဟုညောင်ရွှေမြို့(သားကြီး) ခရမ်းချဉ် သီးပွဲရုံပိုင်ရှင် ကိုသားကြီးက ပြောပြသည်။

မြန်မာနိုင်ငံတွင် ခရမ်းချဉ်သီး လေးမျိုးစိုက်ပျိုးကြပြီး ဗမာသီး၊ ထိုင်ဝမ်သီး၊ အင်းသီး၊ ကျောက်မဲသီး ဟုရှိကာ လက်ရှိအင်းသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ်၄၂ဝ ခန့်သာရှိပြီး ယခင်နှစ်က တစ်ပိဿာလျှင် ငွေကျပ်၉ဝဝထိ ဈေးရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, May 2, 2017

ရေပူစစ်ဆေးရေးစခန်း၌ အခွန်မဆောင်ဘဲ တင်သွင်းလာသော ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ ဖမ်းဆီးရမိ


သိန်းနီ ၂-၅-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေး စခန်း၌ ယနေ့တွင် အခွန်ပေးဆောင် ထားခြင်းမရှိဘဲ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်း များကိုခြောက်ဘီးယာဉ် ဖြင့်အပြည့်
တင်ဆောင်လာစဉ် ဖမ်းဆီးရမိ ခဲ့သဖြင့် ပစ္စည်းများကို သိမ်းဆည်းထားကြောင်း သိရသည်။

''ဆိုင်ကယ်နဲ့ ပစ္စည်းတွေကိုတော့ သိမ်းလိုက်တယ်။ ပြီးတော့ သက်ဆိုင်ရာ ဌာနတွေကို လွှဲပေးလိုက်ပါတယ်။ ယာဉ်ပေါ်ပါသူတွေ ကိုတော့ အရေးမယူပါဘူး။ လားရှိုး အကောက် ခွန်ဦးစီးဌာနကို နေ့ချင်းပို့လိုက်ပါတယ်''ဟု ရေပူအမြဲတမ်း စစ်ဆေးရေးတာဝန်ခံ၊ အကောက် ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် ကပြောပြသည်။

အဆိုပါ ဆိုင်ကယ်နှင့် ဆိုင်ကယ် အပိုပစ္စည်းများကို လားရှိုး အကောက်ခွန်ဦးစီး ဌာနသို့ လွှဲပြောင်းကာ လေလံတင် ပေးသွားမည်ဖြစ်ပြီး ပစ္စည်းတင်ဆောင်လာသော မော်တော်ယာဉ်ကို ဒဏ်ငွေပေးဆောင်စေကာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ၎င်းကပြောပြသည်။

''ဒီဂိတ်ဖွင့်တာကို အရင်ကတော့ မကောင်းဘူးလို့မြင်မိတယ်။ အလုပ်ရှုပ်တယ်လို့လဲ ထင်ခဲ့ပါတယ်။ ဖွင့်ပြီးနောက်ပိုင်းမှာတော့ ဖမ်းမိတဲ့ပစ္စည်းတွေ တော်တော် များပါတယ်။ ဒီရက်ပိုင်းမှာဆို သစ်တွေဖမ်းမိတာ အများကြီးတွေ့ရတယ်။ အခုတော့ ဂိတ်ဖွင့်တာ ကောင်းတယ်လို့ မြင်ပါတယ်''ဟုဒေသတွင်း ယာဉ်မောင်းဦးထွန်းကြည်က ပြောပြသည်။

လက်ရှိတွင် ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ အပြင် အခွန်ပေးဆောင် ထားခြင်း မရှိသော ဓာတ်မြေသြဇာ အိတ်၂ဝဝ၊ တရုတ်နိုင်ငံထုတ် ဂိုထောင်ကျဖိနပ်များ၊ ဂိုထောင်ကျ အဝတ်အထည်များ၊ စားသုံးရန်မသင့်သော စားသောက် ကုန်များဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာဌာနများသို့ ပို့ဆောင်၍ သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေပူစခန်းတာဝန်ခံက ပြောပြ၍ သိရသည်။

#Themyawadydaily

Wednesday, March 29, 2017

မူဆယ်မြို့နယ် နမ့်ဆန်ဂိုဒေါင်ကျေးရွာ၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား


မိုင်းပေါက်ကွဲခဲ့သည့် ဆိုင်ကယ် ၊ ရီမုမိုင်းခလုပ်တစ်ခု နှင့် ဓာတ်ခဲများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၃-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ဆန်ဂိုဒေါင် ကျေးရွာရှိ ဆီဆိုင်သို့ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင် ကျေးရွာနေ ဦးဘမောင် (ဘ) ဦးခမ်းလှိုင်သည် မတ် ၂၇ ရက် နံနက် ၇ နာရီခန့်တွင် ဆိုင်ကယ် ဆီလာဖြည့်စဉ် လဲကျသွားသဖြင့် ပြန်ထောင်ရာ ထိုင်ခုံရှေ့၌ ညှပ်၍ သယ်ဆောင်လာသည့် ပလတ်စတစ် အိတ်အမည်းရောင် အတွင်းမှ မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာများရရှိ ခဲ့သည့် ဦးဘမောင် အား ဒေသခံ ပြည်သူများက မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုများ အရ ၄င်း၏ အနွေးထည် အင်္ကျီအိတ်အတွင်းမှ ရီမုမိုင်းခလုတ်တစ်ခုနှင့် ဓာတ်ခဲအသေး လေးလုံး ကိုတွေ့ရှိခဲ့ရပြီး ၄င်းမှာ လဲကျသွားသည့် ဆိုင်ကယ်ကို ဆွဲထောင်စဉ် ရီမုမိုင်းခလုတ်ကို နှိပ်မိသဖြင့် အသင့်အသက်သွင်း ထားသော မိုင်းပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် စစ်ကြောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အမှုမှန် ပေါ်ပေါက်ရေးနှင့် အကြမ်းဖက် သောင်းကျန်းသူ များနှင့် ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ရခိုင်ပြည်နယ်မောင်တော ဒေသသို့ လွတ်လပ်စွာသတင်းရယူရန် စစ်တွေမြို့သို့ရောက်ရှိ


ပြည်တွင်း ပြည်ပသတင်းမီဒီယာများ စစ်တွေမြို့သို့ရောက်ရှိ

စစ်တွေ ၊ ၂၉-၃-၂၀၁၇

ပြန်ကြားရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ များသည် ရခိုင်ပြည်နယ် မောင်တောဒေသသို့ မြေပြင် ကွင်းဆင်း၍ လွတ်လပ်စွာ သတင်းရယူနိုင်ရန် အတွက် ရန်ကုန်မြို့မှ မြန်မာအမျိုးသားေ လကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ ယမန်နေ့ညနေ ၄ နာရီ ၅၅ မိနစ်တွင် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

အဆိုပါပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့အား ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးရဲနိုင် ကဦးဆောင်၍ မတ်လ၂၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရွှေပြည်တန် အမြန်ယာဉ်ဖြင့် ထွက်ခွာလာခြင်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် တို့သို့ သွားရောက် သတင်းရယူကြမည် ဖြစ်သည်။

မောင်တောဒေသတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုံး အခြေအနေများကို သိရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို ဦးဆောင်ပြီး လွတ်လပ်စွာ သတင်းရယူနိုင်ရန် လာရောက်ရ ခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် တွင်လည်း ပြည်တွင်း၊ ပြည်ပမီဒီယာ ၁၃ ဦးဖြင့် မြေပြင် ကွင်းဆင်းပြီး သတင်းရယူခဲ့ ပါကြောင်း၊ ယခင် အခြေအနေနှင့် နှိုင်းယှဉ်လျှင် များစွာပြောင်းလဲ သွားပြီဖြစ်ကြောင်း၊ ယခု နောက်ဆုံးအခြေ အနေ သတင်းမှန်ကို ပြည်သူများနှင့် နိုင်ငံတကာသို့ တင်ပြနိုင်ရန် ပြည်တွင်း၊ ပြည်ပ မီဒီယာများကိုစုဖွဲ့ပြီး လာရောက်ရခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးရဲနိုင်က ပြောသည်။

ထို့နောက် နိုင်ငံခြား သတင်းထောက်များ အသင်း ဒုတိယဥက္ကဋ္ဌ ကိုဂျင်မီက ပြည်ပ မီဒီယာအနေဖြင့် ပထမအကြိမ် မြေပြင်ကွင်းဆင်း သတင်းရယူခဲ့ဖူး ပါကြောင်း၊ ယခုအကြိမ်တွင်လည်း ပါဝင်ပါကြောင်း၊ ပထမ အကြိမ်တွင် လွတ်လပ်စွာ မေးမြန်းနိုင်ခဲ့ ပါကြောင်း၊ သွားလာရေး၊ လုံခြုံရေးအရ သတိထား ရပါကြောင်း၊ ပြည်ပ နိုင်ငံခြားသား သတင်းထောက် များကို ကိုယ်တိုင် သတင်းရယူလျှင် ပိုပြီးထိရောက်မှု ရှိနိုင်မည်ဟု ထင်မြင် ပါကြောင်း၊ ပထမတစ်ကြိမ် လာရောက်စဉ်က မျက်မြင်တွေ့ရှိ ခဲ့ပါကြောင်း၊ မီးလောင်သည့် နေရာများနှင့် အကြမ်းဖက် တိုက်ခိုက်ခံ ရသည့် နေရာတွင် အလုံးစုံရှင်းပြ ခဲ့ပါကြောင်း ပြောသည်။

Nipon TV သတင်းဌာနမှ ဌာနေသတင်းထောက် ဒေါ်ဆင့်ဆင့်အောင် က ပထမခရီးစဉ်တွင် ကျွန်မတို့မပါဝင် ခဲ့ပါကြောင်း၊ ဒုတိယ ခရီးစဉ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက အကြောင်းကြား ခေါ်ယူလာသည့် အတွက်ကျေးဇူးတင် ပါကြောင်း၊ လွတ်လပ်စွာ သွားလာ၍ ရသည့်အတွက် ပထမအကြိမ် သွားရောက်ခဲ့သော နေရာများကို သွားရောက်နိုင်ရန် စီစဉ်ထားပါကြောင်း၊ အောက်တိုဘာ ၉ ရက် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဘယ်လောက်ထိ အေးချမ်းမှု ရှိနေပြီလဲ၊ သူတို့စိတ်ထဲတွင် ဘယ်လောက်ထိ ခံစားမှုမျိုးရှိနေလဲ ဆိုသည်ကို သိလိုကြောင်း၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ လက်တွေ့ လာရောက်ပြီး မြေပြင်တွင် သတင်းရယူခြင်းဖြင့် အဖြစ်မှန်ကို နိုင်ငံတကာ မှသိရှိသွားနိုင်မည် ဖြစ်ကြောင်း ကျွန်မတို့ သတင်းဌာန အနေဖြင့် အခုလို လွတ်လပ်စွာ သတင်းရယူခြင်းတွင် ပါဝင်ရသည့် အတွက် ဝမ်းသာကျေနပ် မိပါကြောင်း ပြောသည်။

ဦးရဲနိုင် ဦးဆောင်သော ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့ဝင် ၂ဝ ခန့်သည် မတ် ၂၈ ရက်မှ ဧပြီ ၁ ရက်ထိ မောင်တောဒေသသို့ သွားရောက်ပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ပြုလုပ်ရန် ထပ်မံကြံစည်မှုနှင့် ပတ်သက်၍ ဖော်ထုတ် တားဆီးခဲ့မှု၊ ဖြစ်စဉ်ဖြစ်ပွားခဲ့ မှုကြောင့် နေရပ်မှထွက်ခွာ တိမ်းရှောင်သွားသူ များ ပြန်လည်ဝင်ရောက် လာမှု၊ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပြန်လည် နေရာချထားရေး ဆောင်ရွက်မှု၊ ငါးဖမ်းလုပ်ငန်း၊ နယ်စပ်လူဝင်မှု နှင့် တစ်ဖက်နိုင်ငံသို့ ကုန်ပစ္စည်းများ ပို့ဆောင် ရောင်းချမှု စသည့်မြေပြင် အခြေအနေများကို လွတ်လပ်စွာ သတင်းရယူကြမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Tuesday, March 28, 2017

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း အခမဲ့ကားရပ်နားစခန်းများကို မော်တော်ယာဉ်အစီးရေ တစ်ရာထိ ထားရှိနိုင်ရန် တိုးချဲ့ ဆောင်ရွက်သွားမည်



ညောင်ဦး ၊ ၂၈-၃-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း အခမဲ့ ကားရပ်နား စခန်းများကို မော်တော်ယာဉ် အစီးရေ ၁ဝဝ ထိ ထားရှိနိုင်ရန် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း သတင်းများအရ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ နေ့စဉ် ပြည်တွင်း၊ပြည်ပ ဘုရားဖူး ခရီးသည်များ၏ မော်တော်ယာဉ် များ အများအပြား လာရောက် လေ့လာလည်ပတ် လျက်ရှိသည်။

ထိုသို့ ပြည်တွင်း၊ ပြည်ပဘုရားဖူး ခရီးသည်များ၏ မော်တော်ယာဉ်များ တိုးတက်များပြား လာနေသဖြင့် အဆိုပါ မော်တော်ယာဉ် များ၏ မောင်းနှင်မှု အရှိန်များကြောင့် တုန်ခါမှုများဖြစ် ပေါ်လာကာ ရေရှည်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသ အတွင်းရှိ စေတီပုထိုးများ ထိခိုက်မှုဖြစ်လာ နိုင်သဖြင့် အခမဲ့သီးသန့် ယာဉ်ရပ်နားစခန်း များကို သီးသန့်စီစဉ် ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ဆောင်ရွက်ပေးမှုများ အရ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသတွင် သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇက ဘုရားနှင့် ရွှေဆံတော် ဘုရားတို့တွင် အခမဲ့ မော်တော်ယာဉ် ရပ်နားစခန်း ပြုလုပ်ပေးခဲ့သည်။

ယခုအခါ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ သို့ လာရောက်လည်ပတ် လေ့လာ နေကြသည့် ပြည်တွင်း၊ပြည် ပခရီးသွားများ တိုးတက်များပြားလာ နေသဖြင့် လက်ရှိ မော်တော်ယာဉ် အစီးရေ ၅ဝ ရပ်နားနိုင်သည့်အခမဲ့ မော်တော်ယာဉ် ရပ်နားစခန်း များကို မော်တော်ယာဉ် အစီးရေ ၁ဝဝ ထိ ရပ်နားနိုင်သည့် အခမဲ့ မော်တော်ယာဉ် ရပ်နားစခန်းများ အဖြစ် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

ဂုတ်ထိပ်တံတားသို့ သွားရောက်လည်ပတ်သူ များကြောင့် မန္တလေး-လားရှိုး မီးရထားစီးနင်းသူများပြား



နောင်ချို ၊ ၂၈-၃-၂၀၁၇

နွေရာသီ ကျောင်းပိတ်ရက် ဖြစ်ပြီး ရာသီဥတု ကောင်းမွန် သာယာလျက် ရှိနေသောကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့နယ် ကြားရှိ ကမ္ဘာကျော်  ဂုတ်ထိပ်တံတားကြီး သို့ မီးရထားစီး၍ သွားလာ လည်ပတ်သူ များပြားလျက် ရှိကြောင်း သိရသည်။

ဂုတ်ထိပ်တံတားသို့ သွားရောက် လည်ပတ်သူများသည် မန္တလေး-လားရှိုး ရထားဖြင့် သွားရောက်ကြပြီး အများစုမှာ ပြင်ဦးလွင်မြို့မှ တစ်ဆင့် သွားရောက်ကြသည်။ မန္တလေးမြို့မှ နံနက် ၅ နာရီတွင် ရိုးရိုးတန်း လူစီးတွဲ နှစ်တွဲ၊ အထက်တန်း လူစီးတွဲ တစ်တွဲဖြင့် ထွက်ခွာလာသော မန္တလေး-လားရှိုး ရထားသည် ပြင်ဦးလွင်မြို့သို့ နံနက် ၇ နာရီခွဲ ၈နာရီခန့်တွင် ဆိုက်ရောက်ကာ ပြင်ဦးလွင်မြို့မှ ရိုးရိုးတန်းလူစီးတွဲ နှစ်တွဲ ၊ အထက်တန်း လူစီးတွဲ တစ်တွဲ ထပ်မံချိတ်ဆွဲလျက် စုစုပေါင်း ရိုးရိုးတန်း လူစီးတွဲ ၄ တွဲ ၊ အထက်တန်း လူစီးတွဲ နှစ်တွဲဖြင့် လားရှိုးမြို့သို့ ဆက်လက် ထွက်ခွာ ပြေးဆွဲလျက် ရှိသည်။

လားရှိုး ၊ သီပေါ ၊ ကျောက်မဲ ၊ နောင်ချို စသည့်မြို့များသို့ သွားရောက်ကြသူများ အနေဖြင့်လည်းကောင်း၊ ဂုတ်ထိပ်တံတား သို့ သွားရောက် လည်ပတ်ကြသူ များအနေဖြင့် လည်းကောင်း ၊ ပြင်ဦးလွင် မြို့မှတစ်ဆင့် ရထားစီးနင်း ရသည်မှာ ပိုမိုအဆင်ပြေလျက် ရှိနေကြပြီး ရထားစီးခ လက်မှတ်များမှာ ပြင်ဦးလွင်မှ လားရှိုးထိ အထူးတန်း လက်မှတ် တစ်စောင်လျှင် ငွေကျပ် ၄၄ဝဝ၊ ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ငွေကျပ် ၁၉ဝဝ ဖြစ်ကြောင်း သိရသည်။

ယခုအချိန် ခရီးသွားရာသီ၌ နေ့စဉ် နိုင်ငံခြားသား ခရီးသည် အနည်းဆုံးဦးရေ ၄ဝ မှ ၅၀ ဦးထိ လည်းကောင်း ၊ အများဆုံး ဦးရေ ၉ဝ မှ ၁ဝဝ ထိ စီးနင်းလျက် ရှိနေကြပြီး တက္ကသိုလ်၊ ကောလိပ်နှင့် ကိုယ်ပိုင် အထက်တန်းကျောင်း များမှ လေ့လာရေးခရီး ထွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပြင်ဦးလွင်မြို့ရှိ သင်တန်းကျောင်း များမှ သင်တန်းသား၊ သင်တန်းသူများ၊ လည်ပတ်သူ ခရီးသွားဧည့်သည် များဖြင့် မန္တလေး-လားရှိုး ရထားမှာ နေ့စဉ်စီးနင်းသူ များပြားလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

ချင်းတွင်းမြစ်ကူးတံတား (ကလေးဝ) မကြာမီဖွင့်လှစ်တော့မည်



ကလေးဝ ၊ ၂၈-၃-၂၀၁၇

နိုင်ငံတော်အစိုးရ သည် မြန်မာနိုင်ငံ တစ်ဝန်းရှိ လမ်းနှင့် တံတားများကို နိုင်ငံတကာအဆင့်မီ လမ်း၊ တံတားကြီးများ အဖြစ် ပေါ်ပေါက် လာစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ စေရေး၊ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာစေရေး တို့အတွက် လမ်းနှင့်တံတား များကို တည်ဆောက်လျက် ရှိရာ ယခုအခါ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ကလေးဝမြို့နှင့် ရေဦးမြို့တို့ကို ဆက်သွယ်ပေးမည့် ချင်းတွင်း မြစ်ကူးတံတား (ကလေးဝ) တည်ဆောက်ခြင်း လုပ်ငန်းကို ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သောကြောင့် မကြာမီ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ကလေးဝမြို့တွင် တည်ဆောက် ပြီးစီးသည့် ချင်းတွင်းမြစ်ကူးတံတား သည် ချင်းတွင်းမြစ်၏ မြစ်ဖျားပိုင်းတွင် တတိယမြောက် ချင်းတွင်းမြစ်ကူး တံတားဖြစ်ပြီး ရေဦး-ကလေးဝ လမ်းမိုင်တိုင်အမှတ် (၁ဝ၅/၄) တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတံတားမှာ အရှည် ၂၈ဝ၅ ပေ၊ အကျယ် ၃ ဒသမ ၅ ပေ၊ လူသွားလမ်း အကျယ် ၃ ပေ၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာရှိ သံကူကွန်ကရစ် ကြမ်းခင်း၊ ချဉ်းကပ်လမ်း အရှည်မှာ ကလေးဝ ဘက်ကမ်း ပေ ၈၅၂ဝ ၊ ရေဦးဘက် ကမ်း ၁၄၃၉ ပေရှိပြီး သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကမ်းကပ်ခုံကိုယ်ထည်၊ သံမဏိသံပေါင် တံတား အမျိုးအစားဖြစ်ပြီး တံတားခန်းဖွင့် အကျယ် ၂၇  ဒသမ ၄၃မီတာ၊ ၃ ခန်း+ ၁၂ဝ မီတာ၊ ၅ ခန်း+ ၂၇ ဒသမ၄၃ မီတာ၊ ၆ခန်း၊ တံတားခံနိုင်ဝန် ၇၅ တန် (AASHTOH.S-25) ၊ တံတားကင်းလွတ် အမြင့် ၁၂ မီတာ၊ တံတားကင်းလွတ်အကျယ် ၁ဝ၅ မီတာရှိကြောင်း တံတား ဆောက်လုပ်ရေး စီမံကိန်း၏ တံတားဆိုင်ရာ အချက်အလက်များ မှ သိရသည်။

အဆိုပါတံတားကို ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း၊ တံတား ဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၂)က ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၄ရက်က ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ ပြုလုပ်၍ စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး မတ် ၃၁ ရက် နောက်ဆုံး အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ရာ နိုင်ငံတော်အစိုးရ က ငွေကျပ် ၁၉၂၅ သန်းဖြင့် အကုန်အကျခံ တည်ဆောက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထင်ရှားသော မြစ်ကြီး လေးစင်းတွင် တစ်ခုအပါအဝင် ဖြစ်သော ချင်းတွင်းမြစ်ပေါ်တွင် ချင်းတွင်းမြစ်ကူး တံတား (မုံရွာ)၊ ချင်းတွင်းမြစ်ကူး တံတား (ဆင်ဖြူရှင်) ကိုလည်းကောင်း၊ ချင်းတွင်း မြစ်ဖျားပိုင်းတွင် ချင်းတွင်းမြစ်ကူး တံတား(ဟုမ္မလင်း)၊ ချင်းတွင်းမြစ်ကူး တံတား(ခန္တီး)နှင့် ယခု ဖွင့်လှစ်တော့မည့် ချင်းတွင်းမြစ်ကူးတံတား (ကလေးဝ) တို့ကိုလည်းကောင်း တည်ဆောက်လျက် ရှိရာမှ ချင်းတွင်းမြစ်ကူး တံတား ပေါင်းငါးစင်းရှိမည် ဖြစ်သည်။

ချင်းတွင်းမြစ်ကူး တံတား (ကလေးဝ)သည် ချင်းပြည်နယ် ချင်းတောင်ဒေသ၊ ကလေး၊တမူးနှင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် ကုန်စည်ပို့ဆောင် ရောင်းဝယ်ရေး အတွက် အဓိကကျလျက် ပြည်သူများ အတွက် များစွာ အကျိုးပြုမည့် တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

ပအိုဝ်းတိုင်းရင်းသားများ၏ ရဟန်းခံရှင်ပြုပွဲကို ဆင် ၊ မြင်း အကောင်ရေ ၁၀၀ ခန့်ဖြင့်ကျင်းပ



သထုံ ၊ ၂၈-၃-၂၀၁၇

မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလား ရှမ်းရွာ၌ ပအိုဝ်းတိုင်းရင်းသား များ၏ ရိုးရာမပျက် စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို မတ် ၂၆ ရက်က ဆင်၊ မြင်း အကောင်ရေ ၁ဝဝ ခန့်ဖြင့် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

စုပေါင်းရဟန်းခံ ရှင်ပြုပွဲတွင် ရဟန်းအပါး ၃ဝ ၊ ရှင်သာမဏေ ၈၅ ပါး စုစုပေါင်း ၁၁၅ ပါးပါဝင်ပြီး အလှူပွဲ လှည့်လည်ရန် ဆင် ၁ဝ ကောင်နှင့် မြင်းအကောင်ရေ ၉ဝ ခန့် အသုံးပြု ထားကြောင်း သိရသည်။

''ရွာရဲ့ စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို သုံးနှစ်တစ်ကြိမ် ရွာမှာစုပေါင်း လုပ်တယ်။ ခုဆို (၆)ကြိမ်မြောက်ပါ။ လုပ်တဲ့နေရာ မှာလဲ ပအိုဝ်းတိုင်းရင်းသား တွေရဲ့ ရိုးရာအမွေအနှစ်လဲ မပျောက်ပျက်အောင် လှည့်လည် တဲ့နေရာမှာ ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ပြီး ဆင်တွေ၊မြင်းတွေကို အသုံးပြုထား ပါတယ်။ အရင်နှစ်တွေထက် ဒီနှစ်က ပိုစည်ကားတယ်။ အလှူဒါန ပြုတဲ့နေရာမှာလဲ တတ်နိုင်တဲ့သူပဲ ဖြစ်ဖြစ်၊ မတတ်နိုင်တဲ့ သူပဲဖြစ်ဖြစ် ခွဲခြားတာမရှိဘဲ ရှင်ရဟန်းပြု ချင်တဲ့သူ အားလုံးကို သာသနာ့ဘောင် အရောက်ချီးမြှင့် ပေးတာပါ။ အလှူပွဲအတွက် ကုန်ကျစရိတ် ကိုတော့ တတ်နိုင်သူက ထည့်ဝင်ကြ ပါတယ်'' ဟု နောင်ကုလား ရှမ်းရွာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တသူရိယ က မြွက်ကြားသည်။

နောင်ကုလားရှမ်းရွာ အတွင်းရှိ ပအိုဝ်း တိုင်းရင်းသား များနှင့် အဝေးရောက် ပအိုဝ်း တိုင်းရင်းသားများ စုစည်းပြီး စုပေါင်းသာသနာပြု နိုင်ရေးအပြင် ပအိုဝ်း တိုင်းရင်းသား များ၏ ရှေးအစဉ်အလာ တိုင်းရင်းသားရိုးရာ
အမွေအနှစ်များ မပျောက်ပျက်ဘဲ အစဉ်အမြဲ အမှတ်ရစေရန် ဖော်ထုတ်ခြင်း၊ ဘာသာ၊ သာသနာကို ပအိုဝ်းတိုင်းရင်းသား များက အစဉ်အမြဲ ချီးမြှောက်နိုင်စေရန် ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း အဆိုပါ ဆရာတော်က ဆက်လက် မြွတ်ကြားသည်။

နောင်ကုလားရှမ်းရွာ ရှိပအိုဝ်းတိုင်းရင်းသား များ၏ စုပေါင်းရဟန်းခံ ရှင်ပြုမင်္ဂလာပွဲကို ၁၉၉၈ ခုနှစ်မှစတင်ကာ သုံးနှစ်တစ်ကြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Friday, March 24, 2017

မိတ္ထီလာမြို့တွင် ထင်းအစားထိုး ထိုင်းနိုင်ငံထုတ် ဓာတ်ငွေ့ရည် THAI GASLPGAS အရောင်းဆိုင်ဖွင့် လှစ်ရောင်းချ



မိတ္ထီလာ ၂၄-၃-၂၀၁၇

မြန်မာနိုင်ငံတွင် သစ်တော မပြုန်းတီးရေး၊ လျှပ်စစ်စွမ်းအင် လျော့နည်းရေးနှင့် အိမ်ရှင်မများ ချက်ပြုတ် ကြော်လှော် ရာတွင်အချိန် ကုန်သက်သာပြီး ဈေးနှုန်း ချိုသာသည့် ထိုင်းနိုင်ငံထုတ် ရေနံဓာတ်ငွေ့ ရည်ကို AWRA TRADING CO.,LTD ထင်းအစားထိုး FILLING STATIONS က မိတ္ထီလာ မြို့တွင် THAI GASLPGAS အရောင်းဆိုင်များ ဖွင့်လှစ်၍ ရောင်းချလျက် ရှိရာ ဧပြီလမှ စတင်ကာ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ကို လက်လီ၊ လက်ကား ဖြန့်ချိရောင်း ချသွားမည် ဖြစ်ကြောင်း AWRA TRADING CO.,LTD မှ သိရသည်။ 

AWRA TRADING CO.,LTD က THAI GASLPGAS ကိုမိတ္ထီလာမြို့ မိတ္ထီလာ-မြင်းခြံ လမ်းအထွက် မိတ္ထီလာ-မြင်းခြံသွား ကားလမ်းကျောင်း ရာကန်ကျေးရွာ အုပ်စု သရက်အုပ် ကျေးရွာအနီး ကားလမ်းဘေး မြေဧက ၂ ဒသမ ဝ၃ ဧကပေါ်တွင် သဘာဝ ရေနံဓာတ် ငွေ့ရည် အလုပ်ရုံ တည်ဆောက်ပြီး မန္တလေးမြို့၊မုံရွာမြို့၊ရေနံချောင်း မြို့၊ ချောက်မြို့နှင့် တောင်ကြီးမြို့ တို့တွင် ရေနံ ဓာတ်ငွေ့ရည် အရောင်းဆိုင် ဖွင့်လှစ်၍ လက်လီ၊ လက်ကား တွင်ကျယ်စွာ ဖြန့်ဖြူးရောင်း ချသွားမည် ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ သဘာဝ ရေနံဓာတ် ငွေ့ရည်ကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့က ဖြန့်ဖြူး ရောင်းချ နေကြောင်း၊ မိတ္ထီလာ ဓာတ်ငွေ့ရည် အရောင်းဆိုင်မှ လက်လီ၊ လက်ကား အနေဖြင့် ဓာတ်ငွေ့ရည် တန် ၅ဝဝ မှ ၇ဝဝ ထိ ရောင်းချ နေကြောင်း သိရသည်။ 

ထိုင်းရေနံ ဓာတ်ငွေ့ရည် အသုံးပြု ခြင်းအားဖြင့် သစ်တော ပြုန်းတီးမှုမှ ကာကွယ်ပြီး ထင်းအစားထိုး လောင်စာ အဖြစ်အသုံး ပြု၍လျှပ်စစ် စွမ်းအင် လျော့နည်းရေး နှင့်အိမ်ရှင်မများ ချက်ပြုတ်ရာတွင် အလွယ်တကူ ချက်ပြုတ် အသုံးပြုနိုင် ကြောင်းကုမ္ပဏီ တာဝန်ခံ ဦးကျော်မျိုးနိုင်က ပြောပြသည်။

မိတ္ထီလာမြို့ ပင်မဓာတ်ငွေ့ရည် အရောင်းဆိုင်မှ လစဉ် ဓာတ်ငွေ့ရည် တန်ချိန် ၃ဝဝဝ ကျော် ဖြန့်ဝေ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၀)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger