www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 31, 2018

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ မူးယစ်ဆေးဝါးများ၊ ရွှေထည်ပစ္စည်းများနှင့် ငွေများ ဖမ်းဆီးရမိ



မိုးညှင်း ၃၁-၇-၂ဝ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံရဲစခန်း ပိုင်နယ်မြေတွင် သတင်းအရ ရှာဖွေရာမှ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ရောင်းရငွေနှင့် ရွှေထည် ပစ္စည်းမျိုးစုံတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း လုံးတုံနယ်မြေ ရဲစခန်းမှ သိရသည်။

အင်းတော်ကြီး ဒေသညောင် ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းသည် ယနေ့မွန်းလွဲ ၁၂နာရီမိနစ် ၃ဝခန့်က မူးယစ်ဆေးဝါးများ ရောင်းချနေသော သတင်းအရ လုံးတုံနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ဒုတိယ ရဲအုပ်ဝေမင်းဖြိုး၊ ရဲတပ်ကြပ်ကြီး ညိုမောင်နှင့်အဖွဲ့၊ ကျေးရွာပြည်သူ့ စစ်အဖွဲ့နှင့် ကျေးရွာရပ်မိ ရပ်ဖများပါဝင်သော အဖွဲ့တို့နှင့်အတူ ညောင်ပင်ကျေးရွာ အုပ်စုအတွင်း အောက်ရွှေကျင်အရပ်ရှိ စုစုသန်း၏ လယ်တဲကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးဘိန်းဖြူ သုည ဒသမ ၂၅ဂရမ်ခန့်ပါ ပုလင်း ၁၁ပုလင်း၊ သုည ဒသမ ဝ၅ဂရမ်ခန့်ပါတစ်ဘူး၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား၂၁ပြား၊ ဘိန်းဖြူ ၂ ဒသမ ၈ဝ၁ ဂရမ်၊ငွေစက္ကူရောရာ ငွေကျပ်၃၆၅ဝဝဝ၊ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေလက်စွပ် စုစုပေါင်း အလေးချိန် ၁ဝ ကျပ်သားခန့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင်ဖြစ်သူ စုစုသန်းမှာ တိမ်းရှောင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုစုသန်း (ဘ) ဦးသန်းမောင် မြို့သစ်ကလေးကျေးရွာ ဟိုပင်မြို့နေသူကို လုံးတုံနယ်မြေရဲစခန်းက မယ(ပ)၄၅/၁၈၊မူး/စိတ်ပုဒ်မ- ၁၉(က)/ ၂၁(က)ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

သဘာဝဘေးအန္တရာယ် ဖြစ်ပွားသဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်


ရေကြီးရေလျှံမှုကြောင့် ရထားချောင်းကူးသံလမ်း ပျက်စီးနေမှုကို တွေ့ရစဉ်။

နေပြည်တော် ၃၁-၇-၂ဝ၁၈

၂၀၁၈ ခုနှစ် ဇူလိုင် ၂၉ ရက် နံနက် ၆နာရီ မိနစ် ၃၀ မှ ၁၁ နာရီထိ မိုးရွာသွန်းပြီးတောင်ကျချောင်းရေတိုက်စားမှုကြောင့် တနိုင်းမြို့နယ် တနိုင်း-ရှင်ဗွေယန်-နန်းယွန်းတောင်ကမ်းပါးယံလမ်းပိုင်းမိုင်တိုင် (၁၆၆/၃)၌ အရှည်ပေ ၈၀၊ အကျယ်ပေ ၅၀၊ အနက်ပေ ၃၀ ခန့်ပြိုကျပျက်စီး ခဲ့ကြောင်း၊ ၁၂၀၀ အချိန် မိုးရွာသွန်းမှုကြောင့် မိုးညှင်းမြို့နယ် နမ့်မွန်း-အုန်းစံဆိုင်-ဘီလူးမြေသားလမ်း ၁ ပေခန့် နိမ့်ကျပျက်စီးခဲ့ရာ မော်တော်ယာဉ်များသွားလာ၍မရဘဲဆိုင်ကယ် များသာ သွားလာနိုင်ကြောင်း၊ ၀၇၃၀ အချိန် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်း ကီလိုမီတာ(၅၀ နှင့် ၅၁) ကြား၌ တောင်နံရံမြေပြိုကျခဲ့၍ လမ်းပိတ်ဆို့မှုဖြစ်ပွား ခဲ့ကြောင်း၊ ၀၈၀၀ နာရီတွင် ဂျိုင်းမြစ်ရေမြင့်တက်မှုကြောင့် ကော့ကရိတ်မြို့နယ် ဘုရားကြီးကျေးရွာအတွင်း ရေ ၈ ပေခန့်ဝင်ရောက်ခဲ့ရာ အိမ်ထောင်စု ၃၁စုသည် ၎င်းကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင် လျက်ရှိ ကြောင်း၊ ၀၉၅၀ နာရီတွင် လှိုင်ဝကျေးရွာ၌ ရော်ဘာပင်လဲကျခဲ့ရာ နေအိမ်မီးဖိုဆောင် တစ်လုံး၊ တန်ဖိုးငွေကျပ်၁၀၀၀၀ ခန့်ပျက်စီးခဲ့ကြောင်း၊ ၁၁၅၀ နာရီတွင် အမှတ်(၃)ရပ်ကွက် မြို့မဘောလုံးကွင်းအရှေ့ဘက်ခြမ်းတွင် ကာရံထားသည့်အလျားပေ ၁၃၀၊ အမြင့် ၈ ပေခန့်ရှိ အုတ်တံတိုင်းပြိုကျခဲ့ကြောင်း၊ ၁၃၃၀ မှ ၁၈၀၀ နာရီထိ ဟောင်သရောမြစ်ရေမြင့်တက်မှုကြောင့်ကျုံဒိုးမြို့ အမှတ်(၂/၃/၄) ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၃၄ စုသည် ဓမ္မာရုံနှင့်စာသင်ကျောင်းတို့သို့ ယာယီပြောင်းရွှေ့ခဲ့ကြောင်း၊ အလားတူ၁၂၀၀ နာရီတွင် မိုးရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာပါ ကျေးရွာ၊ ရပ်ကွက် ရှစ်ခုအတွင်းသို့ရေ ၃ ပေမှ ၆ ပေထိဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု ၁၄၉ စုသည် ဘုန်းကြီးကျောင်းနှင့် ၎င်းတို့၏ ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ ၁၂၀၀ မှ ၁၅၀၀ နာရီထိ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့နယ် ခရဲကမ်းနားကျေးရွာပါ ငါးရွာရှိ အိမ်ထောင်စု ၂၄၆ စုသည်ပဲနွယ်ကုန်းကွက်သစ်၌ ယာယီကယ်ဆယ်ရေး
စခန်း(တန် ၄၀၀၀ မိုင်းရှင်းကွင်း)ရှိ စားဖိုဆောင်နှင့် ၎င်းင်းတို့ကျေးရွာများရှိ ဓမ္မာရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ဇူလိုင် ၂၈ရက် ၁၁၀၀ မှ ၂၁၀၀ နာရီထိ မိုးအဆက်မပြတ်
ရွာသွန်းမှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်း၁ ပေမှ ၇ ပေခန့်ထိ ရေများဝင်ရောက်ခဲ့၍ပဲခူးရပ်ကွက်ပါ ငါးရပ်ကွက်နှင့် နောင်ကုန်းကျေးရွာပါ ၁၈ ရွာတို့ရှိ အိမ်ထောင်စု ၆၄၇ စုသည် ဘုန်းကြီးကျောင်းများနှင့် ၎င်းင်းတို့၏
ဆွေမျိုးများ၏နေအိမ်များသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ဇူလိုင် ၂၉ ရက် ၀၇၀၀မှ ၁၃၀၀ နာရီထိ မိုးရွာသွန်းမှုကြောင့် ၀က်လာတောကျေးရွာပါ ကျေးရွာရပ်ကွက် လေးခုအတွင်း စစ်တောင်းမြစ်ရေ ၁ ပေမှ ၈ ပေ
အထိ ၀င်ရောက်ခဲ့သဖြင့် ကျေးရွာရှိ အိမ်ထောင်စု ၁၁၀ စုသည် ရွှေမင်းဝံဓမ္မရိပ်သာနှင့်၎င်းင်းတို့၏ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ဇူလိုင် ၂၉ ရက်တွင် ပဲခူးမြို့နယ် တာဝဘူတာနှင့် ဘုရားသုံးဆူ
ကြား မိုင်တိုင်(၄၀/၅-၄၁/၂၀)ကြားတို့၌ရထားသံလမ်းပေါ် ၈ လက်မခန့် ရေကျော်နေသဖြင့် မန္တလေး-ရန်ကုန်ရထားခရီးစဉ် သုံးခုအား ယာယီဖျက်သိမ်းထားကြောင်း၊ ၀၆၀၀ မှ၁၂၀၀ နာရီထိ မိုးရွာသွန်းမှုကြောင့် ရွှေကျင်
မြို့နယ် မအူပင်ကျေးရွာပါ ကျေးရွာရပ်ကွက်၁၄ ခုအတွင်းသို့ ရေ ၃ ပေခွဲမှ ၅ ပေခန့်ထိဝင်ရောက်ခဲ့၍ အိမ်ထောင်စု ၁၄၉၅ စုသည်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ၎င်းင်းတို့၏ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ၀၉၃၀ နာရီတွင်ရွှေကျင်မြစ်ရေ၏စိုးရိမ်ရေအမှတ် ၇၀၀ စင်တီမီတာအထက် ၁၃၇ စင်တီမီတာသို့ရောက်ရှိကျော်လွန်နေသဖြင့် မြို့ပေါ်ရှိ ကားလမ်းပေါ်၌ရေ ၃ ပေခန့်ဝင်ရောက်လျက်ရှိရာ ယာဉ်ငယ်များသွားလာနိုင်ခြင်းမရှိကြောင်းနှင့် စက်လှေများဖြင့် သွားလာလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ၀၈၀၀ နာရီတွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ဝေါမြို့နယ် ဆင်ရွာကျေးရွာပါ သုံးရွာအတွင်း ရေ ၁၀ ပေခန့်ဝင်ရောက်ခဲ့ရာ အိမ်ထောင်စု ၁၂၈ စုသည် ၎င်းင်းတို့၏ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်
ရှိကြောင်း၊ ၁၀၀၀ မှ ၁၃၀၀ နာရီထိ မိုးရွာသွန်းမှုကြောင့် အေးချမ်းသာယာရပ်ကွက်ပါကျေးရွာရပ်ကွက် လေးခုအတွင်း ရေ ၂ ပေမှ၆ ပေခန့်အထိဝင်ရောက်ခဲ့၍ အိမ်ထောင်စု၅၉ စုသည် ဘုန်းကြီးကျောင်းနှင့် ၎င်းတို့၏ ဆွေမျိုးများ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ၀၉၃၀ နာရီတွင် စစ်တောင်းမြစ်ရေ၏စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက်၂၀၉ စင်တီမီတာသို့ရောက်ရှိကျော်လွန်နေခဲ့ကြောင်း၊ ၁၁၃၀ နာရီတွင် စစ်တောင်း
မြစ်ရေမြင့်တက်မှုကြောင့် ထန်းတပင်မြို့နယ်၊ကြက်လျှာစွန်းကျေးရွာအတွင်း ရေ ၄ ပေခန့်ဝင်ရောက်ခဲ့ရာ အိမ်ထောင်စု ၁၇ စုသည် ၎င်းးကျေးရွာရှိ စာသင်ကျောင်းနှင့် ၎င်းင်းတို့၏ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်
လျက်ရှိကြောင်း၊ ၁၄၀၀ မှ ၁၅၀၀ နာရီတွင်မိုးရွာသွန်းမှုကြောင့် တောင်ငူမြို့နယ် အလယ်ကျွန်းကျေးရွာပါ ကျေးရွာရပ်ကွက် ငါးခုအတွင်း စစ်တောင်းမြစ်ရေ ၃ ပေမှ ၅ ပေအထိမြင့်တက်လာ၍ အိမ်ထောင်စု ၂၆၇ စုသည်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ၁၅၀၀ မှ၁၈၀၀ နာရီထိ မိုးရွာသွန်းမှုကြောင့် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာပါ ကျေးရွာရပ်ကွက် ၂၀ ခုအတွင်းသို့ ရေ ၂ ပေမှ ၄ ပေအထိဝင်ရောက်ခဲ့၍ အိမ်ထောင်စု ၁၂၄၉စုသည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ၎င်းတို့၏ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ မိုးရွာသွန်းမှုကြောင့်ပဲခူးမြစ်ရေမြင့်တက်လာ၍ က၀မြို့နယ် ကျားတက်ကျေးရွာအတွင်းသို့ ရေ ၂ ပေမှ ၅ ပေခန့်ဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု ခုနစ်စုသည် ဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင် ၂၉ ရက် ၀၇၃၀ အချိန်မိုးရွာသွန်းမှုကြောင့် မင်းတုန်းချောင်းကမ်းပါးပြိုကျမည်စိုးရိမ်သဖြင့် ကံမမြို့နယ် သမ္ဘရာကျေးရွာရှိ မင်းတုန်းချောင်းကမ်းပါးအနီးနေထိုင်သော နေအိမ်ကိုးလုံးမှမိသားစုဝင်များသည် ၎င်းတို့၏ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ၀၉၁၅ နာရီတွင် မိုးရွာသွန်းမှုကြောင့် အောင်လံမြို့နယ် ဇေယျဝတီရပ်ကွက် တောင်ပေါ်ကျောင်းတိုက်အတွင်း ဝဏ်တော် ပေ ၆၀ ခန့်ရှိ စေတီတော်တောင်ဘက် ခြမ်းပြိုကျခဲ့ရာ ဖန်စိန်ဖူးတော်တစ်ခု၊ထီးတော်နှစ်လက်၊ ကလပ်တစ်ခု၊ ငှက်မြတ်နားတော်ငါးခု၊ သံကြွပ်ခေါင်းလောင်း အသေး၁၃ လုံး၊ သံကြွပ်ခေါင်းလောင်း အကြီးတစ်လုံး၊ အရံစေတီတော်တစ်ဆူနှင့် ထီးတော်မှာ မြေခခဲ့ကြောင်း ၎င်းစေတီ တော်မှပစ္စည်းများအား အဆိုပါကျောင်းတိုက် ဆရာတော် ဥူးခေမိန္ဒထံတွင် ထိန်းသိမ်းထားရှိကြောင်း၊ ၀၆၀၀အချိန် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားပြိုကျမှုကြောင့် ဘီးလင်းမြို့နယ် ကျောက်လုံးကြီးကျေးရွာ ကြောင်တရာ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ဆောက်လုပ်ဆဲ (၁၀၀×၅၀) ပေ တိုက်ကျောင်းပြိုကျ ခဲ့သဖြင့်တန်ဖိုးငွေကျပ် သိန်း ၃၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ၀၇၂၀ နာရီတွင် ဒုံးဝန်းဘူတာနှင့်နှင်းပုလဲဘူတာကြား အရှည် ၂၄၀ ပေခန့်ရှိတံတားအမှတ် (၄၇)၏ တိုင်လေးတိုင်အနက်ဒုံးဝန်းဘက်ခြမ်းရှိ ဒုတိယမြောက်တိုင်မှာရေစီးဖြင့်မျောပါသွားကြောင်း၊ ၁၈၀၀ နာရီတွင် မိုးရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက် ပါသုံးခုအတွင်းသို့ ရေများဝင်ရောက် ခဲ့သဖြင့်အိမ်ထောင်စု ၁၀၀ စုသည် ရပ်ကွက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ၂၀၀၀ နာရီတွင် မိုးရွာသွန်းပြီးမြစ်ရေမြင့်တက်မှုကြောင့် ကျိုက်မရောမြို့နယ်ကလိုင်းကနိုင်ကျေးရွာပါ ကျေးရွာရပ်ကွက်သုံးခုအတွင်း ရေ၀င်ရောက်ခဲ့သဖြင့် ရွှေ့ပြောင်းအလုပ်သမားအိမ်ထောင်စု ၅၇ စုသည်ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ဇူလိုင် ၂၉ ရက် ၁၇၀၀ အချိန်မိုးရွာသွန်းမှုကြောင့် မောင်တောမြို့နယ် မောင်တော-(၃) မိုင် - အငူမော်လမ်းတွင် ကွန်ကရစ်လမ်း အကျယ် ၆ ပေ၊ အရှည် ၅ ပေခန့်အနက် ၇ ပေခန့်ထိ ပြိုကျခဲ့ရာ ယာဉ်ငယ်များနှင့် ဆိုင်ကယ်များသာသွားလာနိုင်ပြီး ယာဉ်ကြီးများသွားလာနိုင်မှုမရှိကြောင်း၊ ၀၃၀အချိန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လားရှိုးမြို့ ရပ်ကွက်(၁၂) အဝေရာလမ်းမကြီးပေါ်ရှိ မြောင်းကူးတံတားမှာ ရေကျော်နေစဉ် ဖြတ်သန်း မောင်းနှင်သည့် ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်သည့် ယာဉ်အမှတ် 6c/----- Finder ယာဉ်မှာ ရေစီးဖြင့် မျောပါသွားရာမှ ၀၅၃၀ နာရီတွင် အဝေရာလမ်းသွယ် (၄)ရှိ ကိုးကန့်ဒီမိုကရက်တစ်ရုံးအနီး ချောင်းအတွင်းမှ ပြန်လည် တွေ့ရှိခဲ့သဖြင့် ၀၉၀၀နာရီတွင် ယာဉ်အားဆယ်တင်ခဲ့ကြောင်း၊ ယာဉ်ပိုင်ရှင်မှာ လားရှိုးမြို့ ရပ်ကွက်(၁၂)နေဦးစိုင်းထွန်းတင် ၆၅ နှစ် ဖြစ်ကြောင်းသိရှိရ၍ ၀၉၁၀ နာရီတွင် ယာဉ်အား ဦးစိုင်းထွန်းတင်ထံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း၊ယာဉ်ပိုင်ရှင်မှ မန္တလေးသို့ ယာဉ်သက်တမ်းတိုးရန် တစ်ရပ်ကွက်တည်းနေ တူဖြစ်သူ စိုင်းငြိမ်းကျော်ဦး ၃၆ နှစ်အား လွန်ခဲ့သောနှစ်ရက်ခန့်က ပေးအပ်ထားခြင်းဖြစ်ကြောင်းနှင့် ယာဉ်မောင်းသူအား ဆက်လက်စုံစမ်း ရှာဖွေလျက်ရှိကြောင်း၊ ၀၅၀၀ နာရီတွင် ရေတိုက်စားမှုကြောင့် ရပ်ကွက်(၁)ရှိ ချမ်းမြေ့ရေစက် အုတ်နံရံအလျား ၁၅ ပေခန့် ပြိုကျခဲ့ရာ တန်ဖိုး၁၅၀၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊၀၇၀၀ မှ ၀၉၀၀ နာရီထိ မိုးရွာသွန်းမှု ကြောင့် ရပ်ကွက် (၅) ပါရပ်ကွက်လေးခု၌ သွပ်မိုး၊ ထရံကာ နေအိမ်သုံးလုံးပြိုကျ၊ နေအိမ် ၁၆ လုံး၊ စာသင်ကျောင်းတစ်ကျောင်းနှင့် လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းတို့အား ကာရံထားသော ခြံစည်းရိုးအုတ်တံတိုင်းတို့ ပြိုကျပျက်စီးခဲ့ရာ တန်ဖိုး ၁၄၉၆၈၀၀၀ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ၀၉၀၀ နာရီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ် မြို့ပတ်လမ်းအနီး တောင်ကုန်းပေါ်၌တည်ထားသော အေးငြိမ်းချမ်းသာဘုန်းကြီးကျောင်း မြေထိန်းနံရံ ပေ ၂၀ ခန့်ပြိုကျခဲ့ကြောင်း၊ ၁၂၀၅ အချိန် မိုးရွာသွန်းပြီးဧရာဝတီမြစ်ရေမြင့်တက်၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ် မြစိမ်းကျွန်း ကျေးရွာပါသုံးရွာရှိ နေအိမ် ၆၁ လုံးအားဖျက်သိမ်းပြီး ရွှေ့ပြောင်း ခဲ့ကြောင်းနှင့် ၁၆၀၀နာရီတွင် မိုးရွာသွန်းပြီး ရွှေလောင်းမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ၀ါးခယ်မမြို့နယ် ရွာမကျေးရွာ မြစ်ကမ်းပါးအနီးရှိ စာသင်ကျောင်းတစ်ကျောင်းအား ဖျက်သိမ်းပြီးရွှေ့ပြောင်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

ကောလင်းမြို့နယ်၌ ကားလမ်းရေကျော်၊ အနိမ့်ပိုင်းနေရာများ ရေဝင်ရောက်မှုဖြစ်ပေါ်



ကောလင်း ၃၁-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ယနေ့တွင် ကားလမ်းရေကျော်ခြင်းနှင့် အနိမ့်ပိုင်းနေရာများ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ကောလင်း
မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကောလင်း-ဝန်းသို-ပင်လည်ဘူး-ဥက္ကံကားလမ်းတို့ ရေကျော်လျက် ရှိကြောင်း သိရသည်။

"အခုရှေ့ပြေးအနေနဲ့ သဖန်းကုန်း ရေကျော်နေရာကို ရောက်ရှိနေတယ်။ ရေအနည်းငယ်တက်နေ တာတွေ့ရတယ်။ မိုးကရွာနေတယ်ဆိုတော့ သတိထား စောင့်ကြည့် နေပါတယ်။ ကောလင်းမြို့မှာက ခေါပြင်ချောင်းနဲ့ ဒေါင်းမြူးချောင်း တောင်ကျချောင်းရေ ကသတိထားရတယ်"ဟု ကောလင်းမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဒုတိယတပ်ကြပ် ဖြိုးကျော်က ပြောပြသည်။

ကောလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ခုနစ် ရပ်ကွက်ရှိပြီး မြို့မရဲစခန်း၊ ကျော်ဇေယျာရပ်ကွက်(၁)၊ (၂)၊အနိမ့်ပိုင်းနေရာများတွင် ရေတစ်တောင်ခန့်ထိ ဝင်ရောက်နေကြောင်း၊ မိုးဆက်လက်ရွာနေခြင်းကြောင့် အစိုးရဌာနဆိုင်ရာ များနှင့် လူမှုကူညီရေး အသင်းဝင်များ အနေဖြင့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန် စီစဉ်နေကြကြောင်း သိရသည်။

"ကောလင်းမြို့မှာ မိုးကဆက်လက် ရွာသွန်းနေပြီး အနိမ့်ပိုင်းနေရာတွေ ရေဝင်နေပါတယ်။ ကားလမ်းကတော့ ဆိုင်ကယ်ထမ်းသွား လာရတယ်။ ကျောင်းတွေတော့ ရေမဝင်သေးပါဘူး။ ချောင်းတွေရှိတော့ တောင်ကျချောင်းရေ သတိထားရပါတယ်"ဟု ကောလင်းမြို့နယ် ဒေသခံဦးမိုးအောင်က ပြောပြသည်။

ကောလင်းမြို့နယ်တွင် ၂ဝ၁၅ ခုနှစ်ကလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ၂ဝ၁၇ခုနှစ် ဇူလိုင်လ လယ်အတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံခြင်းများ ရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

လားရှိုး-မိုင်းယော်သွားကားလမ်း ရေကျော်၍ သွားလာရေးခက်ခဲ



လားရှိုး ၃၁-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ရေကြီးရေလျှံမှုကြောင့် လားရှိုး-မိုင်းယော်သွား ကားလမ်းရေကျော်၍ မဲလုံးတံတား ရေမြုပ်သွားသောကြောင့် ယနေ့တွင် ဒေသခံများ ခရီးသွားလာရေးခက်ခဲ လျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် ဇူလိုင် ၂၈ရက် ညပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ များပါကျဆင်းလာခဲ့ရာမှ ရပ်ကွက်အများအပြား ရေမြုပ်ခြင်း၊ ရပ်ကွက် (၁၂) နယ်မြေ(၂ဝ)၊ စမ်းချောင်းရပ်ရှိ မဲလုံးတံတား ရေမြုပ်ခြင်း၊ လားရှိုး-မိုင်းယော်သွား ကားလမ်း ရေကျော်ခြင်းကြောင့် ခရီးသွားပြည်သူများ သွားလာရေး ခက်ခဲနေရကြောင်း သိရသည်။

"အခုက မဲလုံးတံတား ရေမြုပ်ပြီးတော့ လမ်းရေကျော်တာကို ကူညီပေးနေပါတယ်။ မြို့ရှောင်လမ်းမှာ သစ်ပင်ကျိုးတာတွေကို ဖယ်ရှားပေး နေပါတယ်။ ခရီးသွားပြည်သူတွေ အခက်အခဲမဖြစ်အောင် ကူညီပေးနေတာပါ"ဟု လားရှိုးမီးသတ် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းသောင်းက ပြောပြသည်။

လားရှိုးမြို့တွင်းရှိ ရေမြုပ်နေသော အိမ်များကို လိုက်လံကူညီပေးနေပြီး ရေချောင်းတွင် မျောပါသွားသော ယာဉ်ပေါ်မှ ယာဉ်မောင်းကိုလည်း ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေး အဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက လိုက်လံရှာဖွေ ပေးနေကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

လားရှိုး-မိုင်းယော်သွား လမ်းသည် ယနေ့မွန်းလွဲပိုင်းထိ ရေပြန်မကျသေးဘဲ မိုးဆက်လက်ရွာသွန်း မည်ဆိုပါက စိုးရိမ်ရသော အခြေအနေရှိပြီး မြို့တွင်းမှ ရေများဆင်း လာခြင်းကြောင့် ကားလမ်းများ ရေကျော်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

ဘားအံမြို့နယ်အတွင်း မြစ်ရေအနည်းငယ်ကျဆင်းပြီဖြစ်သော်လည်း သွားလာရေးခက်ခဲလျက်ရှိ



ဘားအံ ၃၁-၇-၂ဝ၁၈

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် သံလွင်မြစ်နှင့် ဂျိုင်းမြစ်တို့သည့် ရေအနည်းငယ် ကျသွားသော်လည်း စိုးရိမ်ရေအမှတ် ထက်ကျော်လွန် နေသည့်အပြင် မိုးအဆက်မပြတ် ရွာသွန်းခြင်းတို့ကြောင့် ဘားအံသထုံကားလမ်းနှင့် ဘားအံ-ဇာသပြင် အဖြောင့်လမ်းရှိ အချို့နေရာများတွင် ရေအနက် နှစ်ပေနှင့် ငါးပေအနက်ထိ ရေကျော်နေကြောင်း၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီကားလမ်း တံတားအမှတ် ၁-၃၆ ခရဲကမ်းနားကျေးရွာအုပ်စု ဥပုဒ်တောင်မုခ်ဦးအနီးတွင် ကားလမ်းပေါ်သို့ သုံးပေခန့် ရေကျော်နေကြောင်း သိရပြီးကုန်သွယ်မှုနှင့် သွားလာရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်းပွန်တွန်း တံတားချဉ်းကပ် လမ်းပေါ်တွင် ရေအနက်ခုနစ်ပေ ခန့်ကျော်နေသဖြင့် ဖြတ်သန်းသွားလာ၍ မရရှိသေးကြောင်း သိရသည်။

"ဘားအံမှာ ကုန်သွယ်မှုနဲ့ သွားလာရေး အခက်အခဲတော်တော်လေး ဖြစ်နေပါတယ်။ မြဝတီဘက်ကလဲ စားသောက်ကုန်တွေ မဝင်နိုင်သေးပါဘူး။ မော်လမြိုင်နဲ့ သထုံဘက်ကလဲ စားကုန်က မဝင်နိုင်သေးဘူး။ တစ်မြို့နယ်လုံးက ရေမြုပ်နေတာ။ ဘာစားပင်မှ မကျန်တော့ဘူး။ ဈေးထဲမှာလဲ အချို့အသီးအရွက်က သုံးဆလောက် ဈေးတက်သွားတယ်။ ဝယ်လို့ရနေတာပဲ ကျေးဇူးတင်ရမှာပါ။ နောက်သုံးရက် လောက်ဆို ခုရောင်းနေတဲ့ လက်ကျန်ကုန်လဲ ရှိမှာမဟုတ်တော့ဘူး"ဟု ဘားအံမြို့မဈေးမှ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောပြသည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့ နံနက် ၆နာရီ မိနစ် ၃ဝ တိုင်းတာချက်အရ ယင်းမြို့၏ စိုးရိမ်ရေအမှတ် စင်တီမီတာ ၇၅ဝအထက် ၉၃၈စင်တီမီတာတွင် ရှိနေပြီး ဂျိုင်းမြစ်ရေမှာ ယနေ့နံနက် ၆ နာရီမိနစ် ၃ဝ တိုင်းတာ ချက်အရ ကျုံဒိုးမြို့၏ စိုးရိမ်ရေအမှတ် စင်တီမီတာ ၅၇ဝအထက် ၆၁၄ စင်တီမီတာတွင် တည်ရှိနေကြောင်း၊ ယနေ့  ညနေ ၆နာရီ မိနစ် ၃ဝ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းတာ ချက်များအရ သံလွင်မြစ်ရေနှင့် ဂျိုင်းမြစ်ရေတို့မှာ ၆စင်တီမီတာခန့်စီ ကျဆင်းသွား ပြီဖြစ်သော်လည်း ဆက်သွယ်သွားလာနိုင် ခြင်းမရှိဘဲ ခက်ခဲလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

မိတ္ထီလာမြို့တွင် သက်သေခံပစ္စည်းများနှင့် အတူကြက်တိုက်လောင်းကစားဝိုင်း ဖမ်းဆီးရမိ



မိတ္ထီလာ ၃၁-၇-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ (၁) စံပယ်ဦးတိုးချဲ့ ရပ်ကွက်တွင် ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီ မိနစ်၂ဝ ခန့်က သက်သေခံပစ္စည်းများ နှင့်အတူ ကြက်တိုက် လောင်းကစားဝိုင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကြက်တိုက် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဒုတိယရဲအုပ် လှမျိုးသူနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဥာဏ်သိန်း ပိုင်ဆိုင်သော ခြံဝင်းထဲသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား နေအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်း အမှတ်(၄ဝ/၂ဝ၁၈) ဖြင့် ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ မောင်ငယ်(ခ) သန်းအောင် (ဘ)ဦးစိန်ငွေ ရန်မျိုးအောင်ရပ်ကွက် မိတ္ထီလာမြို့နေသူကို နီနက်ကျား တိုက်ကြက်ဖနှစ်ကောင်၊ နက်စိမ်းကျား တိုက်ကြက်ဖနှစ်ကောင် စုစုပေါင်း လေးကောင်၊အဝါရောင်ရေပုံး တစ်ပုံး၊ ဆိုင်ကယ်မျိုးစုံ ၁၃စီး၊ လောင်းကြေးငွေကျပ် ၁၃၅ဝဝ၊ အပြာနုရောင် ခလုတ်ဖုန်းတစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အခြားသူများမှာ ထွက်ပြေးသွားသဖြင့် မောင်ငယ် (ခ) သန်းအောင်ကို ဆက်လက်စစ်ဆေး မေးမြန်းခဲ့ရာ ထွက်ပြေး သွားသူများမှာ တင်လင်းအောင်နှင့် အရှည်ကြီးတို့ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကြက်တိုက်လောင်းကစား ပြုလုပ်သူ မောင်ငယ်(ခ)သန်းအောင်၊ တင်လင်းအောင်၊ အရှည်ကြီး၊ ခြံပိုင်ရှင် ဥာဏ်သိန်းတို့ကို ဥပဒေအရ အရေးယူပေးရန် ဒုတိယရဲအုပ် လှမျိုးသူက တရားလိုပြုလုပ် တိုင်တန်းသဖြင့် အမှတ်(၂) နယ်မြေရဲစခန်းက (ပ) ၂၅၇/၂ဝ၁၈၊ လောင်းကစား ဥပဒေပဒု မ် -၁၃(က)/၁၄(က) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

ပျဉ်းမနားမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အမှတ်(၂)သကြားစက် (ပျဉ်းမနား)မှ ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၃၁-၇-၂ဝ၁၈

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ်အတွင်းရှိ သကြားစက်ကျေးရွာ၊ မအူပင်ကျေးရွာ၊ ကျွန်းဦးကျေးရွာနှင့် ဈေးကုန်းကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် အမှတ်(၂)သကြားစက်(ပျဉ်းမနား)မှ ဝန်ထမ်းများအား ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါသကြားစက်၌ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျေးရွာဒေသခံ ပြည်သူများနှင့် ဝန်ထမ်းစုစုပေါင်း ၃၃၁ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများအား နေပြည်တော်ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး သကြားစက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တအာစာရအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှုကို ဇူလိုင် ၃၁ ရက်အထိ ဆက်လက်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

#Themyawadydaily

(၉၁) နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Xiong Shaowei နှင့်ဇနီးတို့ (၉၁)နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြစဉ်။

ရန်ကုန် ၃၁-၇-၂ဝ၁၈

(၉၁) နှစ်မြောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းတွင် ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊ ကုလသမဂ္ဂ ဆိုင်ရာအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသော တပ်မတော် အရာရှိကြီးများနှင့် ဧည့်သည်တော်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယာယီတာဝန်ခံ Mrs. Li Xiaoyan၊ စစ်သံမှူး Senior Colonel Xiong
Shaowei နှင့် ဇနီးတို့က ကြိုဆို နှုတ်ဆက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့က နှစ်နိုင်ငံ တပ်မတော်သီချင်းကို တီးမှုတ်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူးက နှုတ်ခွန်းဆက်စကား ပြောကြား၍ တက်ရောက်လာကြ သူများနှင့်အတူအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်ဇနီး၊ တရုတ်နိုင်ငံ စစ်သံမှူးနှင့် ဇနီးတို့က (၉၁) နှစ်မြောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြပြီး တရုတ်နိုင်ငံစစ်သံမှူးနှင့် ဇနီးတို့က တက်ရောက်လာကြ သူများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃၁-၇-၂ဝ၁၈

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး နှင့်အတူ သံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသအတွင်း ဖြစ်ပွားလျက်ရှိသည့် ပြဿနာများအား အစိုးရနှင့် တပ်မတော်မှဖြေရှင်း ဆောင်ရွက်နေမှုများတွင် ဂျပန်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ နှင့် ဖြစ်စဉ်ဖြစ်ရပ် အခြေအနေမှန်များအား နိုင်ငံတကာမှသိရှိ အောင်ဆောင်ရွက် ပေးနိုင်ရန်လိုအပ်မှု အခြေအနေများ အားရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Senior General Min Aung Hlaing receives Japanese Ambassador to Myanmar H.E. Mr. Ichiro MARUYAMA


Senior General Min Aung Hlaing cordially holds talks with Japanese Ambassador to Myanmar H.E. Mr. Ichiro MARUYAMA.

Nay Pyi Taw July 31

Commander-in-Chief of Defence Services Senior General Min Aung Hlaing received Japanese Ambassador to Myanmar H.E. Mr. Ichiro MARUYAMA at the parlour of Bayintnaung Villa, here, yesterday morning.

Also present at the call together with the Senior General were Lt- Gen Soe Htut from the Office of the Commander-in-Chief (Army) and senior military offi cers. The Japanese Ambassador to Myanmar was accompanied by embassy officials.

At the meeting, both sides cordially exchanged views on promotion of friendly relations between the two countries and the two armed forces, assistance of Japan for development of Myanmar,help of Japan for the government and the Tatmadaw in solving the problems happening in Buthidaung and Maungtaw region of Rakhine State, and needs to inform international community about the true events and situations.

After the meeting, the Senior General and the Japanese Ambassador to Myanmar had documentary photos taken.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၇-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၇-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၃၁-၇-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၃၁-၇-၂ဝ၁၈)

Download Links

Monday, July 30, 2018

ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ဒေသခံ ပြည်သူများအား ကူညီကယ်ဆယ်စဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ၊ ကျန်စစ်သည် ၂ ဦးအား ဆက်လက်ရှာဖွေလျက်ရှိ



နေပြည်တော် ၃၀-၇-၂ဝ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၂၅ ရက် ရေကြီး ရေလျှံမှုများကြောင့် နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရေစီးနှင့်အတူ မျောပါပျောက်ဆုံး သွားခဲ့သည့် စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦး၏ ရုပ်အလောင်းအား ယနေ့ နေ့လယ်ပိုင်းတွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့များနှင့် ရေကူး ကျွမ်းကျင်သူများ ပူးပေါင်း၍ အဆိုပါစစ်သည် ၃ ဦးမျောပါရာေ ရစီးကြောင်းတစ်လျှောက်၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယနေ့နေ့လယ် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မစောတံတား၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာ နေရာရှိရေအောက်ချုံနွယ် များအတွင်း ငြိတွယ်လျက် ရှိသော စစ်သည်တစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်စစ်သည် ၂ ဦးအား ဆက်လက်ရှာဖွေ လျက်ရှိကြောင်း သတင်း ရရှိသည်။

#Themyawadydaily

ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ ကျင်းပ



ရန်ကုန် ၃၀--၇-၂၀၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး၍ H&S Group ကစီစဉ်သော ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပရာ ပါဝင်ယှဉ်ပြိုင် ထိုးသတ်သော ရိုးရာလက်ဝှေ့ သမားများအားလုံးမှာ ပဝါမကူရေမရှူ ယှဉ်ပြိုင်ထိုးသတ် ခဲ့ခြင်းကြောင့် ရိုးရာလက်ဝှေ့ ပရိသတ်များ အကြိုက်တွေ့ခဲ့သည်။

ယင်းပွဲတွင် ရိုးရာလက်ဝှေ့ပွဲစဉ်ပေါင်း ခုနစ်ပွဲယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ပါဝင်ထိုးသတ်သော လက်ဝှေ့သမား အများစုမှာ လူငယ်လက်ဝှေ့သမား များဖြစ်သည်။ ၅၄ ကီလိုတန်းပွဲစဉ် တွင် ခန့်မောင်(ဗမာ့သွေး)နှင့်ဝမ်းဝမ်း (သုံးပန်လှ)တို့ယှဉ်ပြိုင်ထိုးသတ်ရာ ခန့်မောင်က အမှတ်ဖြင့်အနိုင်ရရှိ ခဲ့ပြီး ၅၇ ကီလိုတန်းပွဲစဉ်တွင် စွမ်း ထက်နိုင်(ဗမာ့သွေး)နှင့်ကောင်းကောင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ)တို့ယှဉ် ပြိုင်ထိုးသတ်ရာ ကောင်းကောင်း က တတိယအချီတွင် အနိုင်ရရှိခဲ့သည်။

၆ဝ ကီလိုတန်းပွဲစဉ်တွင် ဆူးမိုက် (ရွှေမည်းမြေ)နှင့်စောလူပျို(သုံးပန်လှ)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ဆူးမိုက်က အမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ၆၃ ဒသမ ၅ ကီလိုတန်းပွဲစဉ်တွင် ရာအူးဖလုံ(ရွှေမိုးထိ)နှင့်သပြေညို (Adventure) တို့ ယှဉ်ပြိုင်ထိုးသတ်ရာ သပြေညိုက ဒုတိယ အချီတွင် အနိုင် ရရှိခဲ့ပြီး ၆၇ ကီလိုတန်းပွဲစဉ်တွင် အောင်ဟိန်း(သုံးပန်လှ)နှင့် ချိုင်းထူး (နဂါးမာန်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ချိုင်းထူးက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အမျိုးသမီး ပွဲစဉ်များအဖြစ် ၄၉- ၅၃ ကီလိုတန်းတွင် လင်းယုန်မေ (ဗမာ့သွေး)နှင့် စိန်တစ်ပွင့်(ဇာတိမာန်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ လင်းယုန်မေက ဒုတိယအချီတွင် အနိုင်ရရှိခဲ့ပြီး မာရီနား (Phoenix) နှင့် ရွှေကိုလေး (ပဲခူး)တို့ ပွဲစဉ်တွင် ရွှေကိုလေးက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

#Themyawadydaily

မကွေးတိုင်း ဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝ ခုရာနှုန်းပြည့် နီးပါးပြီးစီး



မကွေး ၃၀-၇-၂၀၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလထိ ခြောက်လအတွင်း၌ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝ ခုအား တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၅၅၂ ဒသမ ၉၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ရှစ်ခုမှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ပြီး ကျန်နှစ်ခုမှာဆောင်ရွက်ဆဲဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။

ရေစကြိုမြို့နယ် ဇရပ်နီကျေးရွာ ချင်းတွင်း မြစ်ရေတိုက်စားမှု၊ ပေါက်မြို့နယ် သမားတော်ကျေးရွာ ရေပြာချောင်း တိုက်စားမှု၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ထူးပေါက်-အင်းကုန်းကျေးရွာ ကမ်းပြိုမှု၊ ငဖဲမြို့နယ် နယ်ဇော ကျေးရွာ မန်းချောင်းရေတိုက်စားမှု၊ ပေါက်မြို့နယ် ချောင်းကူးကျေးရွာကမ်းပြိုမှု၊ ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာ ပင်းချောင်းရေ တိုက်စားမှု၊ စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာကမ်းပြိုမှု၊ အောင်လံမြို့နယ် ရွာထောင် ကျေးရွာ အခြေခံပညာ မူလ တန်းကျောင်း ချောင်းရေ တိုက်စားမှု စသည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းရှစ်ခုမှာ ရာနှုန်းပြည့် ပြီး စီး သွားပြီဖြစ်ကြောင်း သိရသည်။

''ကျန်နေသေးတဲ့ ဆင်ပေါင်ဝဲမြို့နယ် စည်တိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းက ၉ဝ ရာခိုင်နှုန်းပြီးနေ ပါပြီ။ ကံမ မြို့နယ်ထဲက ရေနံသာကျေးရွာ မန်းချောင်း ရေတိုက်စားမှု လုပ်ငန်းကတော့ ရေတက်နေလို့ ဆောင်ရွက်မှု အပိုင်းက ၇ဝ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်။ ဆောင်ရွက်နေရတဲ့ လုပ်ငန်း ၁ဝခုထဲမှာ ကိုးခု က ချောင်းရေတိုက်စား တာကြောင့်ဖြစ်ပြီး တစ်ခုပဲ မြစ်ရေတိုက်စားမှုကြောင့် ဖြစ်တာကို တွေ့ရတယ်'' ဟု မကွေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောသည်။

ယခုခြောက်လတာ လုပ်ငန်းများ ပြီးစီးလျှင် ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်၌ တိုင်းဒေသကြီးအတွင်း ကမ်းပြို ကာကွယ် ရေး လုပ်ငန်း ၁၆ခု ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားမှုအား မကွေးတိုင်း ဒေသကြီး လွှတ်တော်က အတည်ပြု ထားပြီဖြစ် သည့် အတွက် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃ဘီလီယံခန့် သုံးစွဲ ဆောင်ရွက်ရန် ရှိကြောင်း ဦးဇော်လွင်က ဆိုသည်။

ယခုနှစ် မိုးရာသီကာလ မိုးများသော်လည်း ဆောင်ရွက်ထားပြီး လုပ်ငန်းများမှာ ပျက်စီးမှုမရှိဘဲ ကျေးရွာများကို အကာ အကွယ်ပေး နိုင်ခဲ့ကြောင်း၊ ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများကို မကွေးတိုင်း ဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင် ရွက် နေခြင်းဖြစ်ပြီး ရေလမ်းကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ပြည်ထောင်စု ဘတ်ဂျက်မှ နှစ်စဉ်ချ ထားပေးနေကြောင်း သိရှိရသည်။

#Themyawadydaily

ရန်ကုန်မြို့၌ လူထု စုပေါင်း စက်ဘီး သရုပ်ပြစီးနင်း



ရန်ကုန် ၃၀-၇-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် (100 Plus) အား ဖြည့်အချိုရည်က အဓိက ပံ့ပိုး ကူညီ ပူးပေါင်း ကျင်းပသည့် လူထုစုပေါင်းစက်ဘီးသရုပ်ပြ စီးနင်းပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြကျွန်းသာရှေ့၌ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကိုကြီးနှင့် မရမ်းကုန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ (100 Plus) အားဖြည့်အချိုရည်မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် စက်ဘီးစီး ဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေး စိန်က စက်ဘီးသရုပ်ပြ စီးနင်းပွဲကို သေနတ် ပစ်ဖောက်တာလွှတ်ပေးကာ စက်ဘီးစီးအား ကစားဝါသနာရှင်စုစုပေါင်း ၅ဝဝ ခန့်တို့က အင်းယား ကန်တစ်ပတ်ပတ်ပြီး ကမ္ဘာအေး ဘုရားလမ်းမြကျွန်းသာရှေ့၌ ပန်းဝင်ကြသည်။

ယင်းလူထုစုပေါင်း စက်ဘီးသရုပ်ပြစီးနင်းပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူများ အသက်ရှည် ကျန်းမာရေးနှင့် ရောဂါဘယ ကင်းဝေးစေရေး၊ ပြည်သူလူထုအတွင်းစက်ဘီး စီးအားကစားကို စိတ်ပါဝင်စား လာစေပြီး ပါဝင် လှုပ်ရှားလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

မြိတ်ခရိုင်အတွင်း ရေကြီးရေလျှံမှုများကြောင့် လယ်ဧက ၄ဝဝဝ ကျော် ရေနစ်မြုပ်



မြိတ် ၃၀-၇-၂၀၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း မြို့နယ်အချို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာ လယ်ဧက ၄ဝဝဝ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်၌ လယ်ယာမြေ ၆၁၁ ဧက၊ ပုလောမြို့နယ်၌ ၂၄၈၅ ဧက၊ ကျွန်းစုမြို့နယ်၌ ဧက ၅ဝ၊ တနင်္သာရီ မြို့နယ်၌ ၁၅၄၄ ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး ပုလော၊ ကျွန်းစုနှင့်မြိတ်မြို့နယ်တို့၌ လယ်မြေများ ပြန်ပေါ်သွားပြီ ဖြစ်သော်လည်း တနင်္သာရီမြို့နယ်ရှိ လယ်မြေများမှာ ပြန်မပေါ်သေးဘဲ ရေနစ်မြုပ်နေဆဲဖြစ်သည်။

''ရေမြုပ်တာက ပုလောက အများဆုံးမြုပ်တယ်။ဒါပေမဲ့ အားလုံးပြန်ပေါ်ကုန်ပြီ။ ထိခိုက်ဆုံးရှုံးမှုတွေကို စစ်တမ်းကောက်နေတယ်။ ကျွန်းစုမှာ နှစ်ဧက လုံးဝပျက်စီးသွားတယ်။ ပြန်မပေါ်သေးတာက တနင်္သာရီမြို့နယ် ကျေးရွာ ၁၅ ရွာမှာ တောင်သူ ၃၇၆ ဦး၊ ကွင်းပေါင်း ၄၉ ကွင်း၊ ဦးပိုင် ၄၂၄၊ နစ်မြုပ်ဧက ၁၅၄၄ ဧကရှိတယ်''ဟု မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးသိန်းစိုး ကပြောသည်။

မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပျက်စီးဆုံးရှုံးသည့် လယ်မြေဧကများကို စစ်တမ်းကောက်ယူနေပြီး ထိခိုက်နစ်နာသူများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ထောက်ခံချက်ဖြင့် ခရိုင်မှတစ်ဆင့် တိုင်းဒေသကြီး အစိုးရပြည်ထောင်စု အစိုးရထံ တင်ပြပေးသွားမည် ဖြစ်သည်။

''ခရိုင်အနေနဲ့ကျတော့ အတည်ပြုပေးတယ်။ စာရင်းကောက်ပြီး တင်ပေးမယ်။ ပြီးရင်ပျက်စီး နစ်မြုပ်သွားတဲ့ လယ်တွေကို ပြန်လည်စိုက်ပျိုးနိုင်အောင် နည်းပညာတွေ ပံ့ပိုးပေးသွားမယ်။ မျိုးစပါးတို့ စိုက်ပျိုးစရိတ်တို့ကတော့ တိုင်းဒေသကြီး အစိုးရတို့ ပြည်ထောင်စု အစိုးရတို့က လုပ်ပေးနိုင်တယ်။ ခရိုင်အနေနဲ့ကျတော့ ဒါတွေပံ့ပိုးနိုင်တဲ့ အင်အား မရှိဘူးလေ''ဟု ဦးသိန်းစိုးက ပြောသည်။

မြိတ်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်၌ စိုက်ပျိုးမြေဧက စုစုပေါင်း ၁၂၄၄၇၆ ဧကရှိပြီး အမှန်တကယ် စိုက်ပျိုးသည့် မြေဧက ၇၁ဝ၈ဝ ရှိကာ ကျေးရွာ ၃၄ ရွာမှ တောင်သူ၉၂ဝ ဦး၏ စိုက်ပျိုးလယ်ဧက ၄၆၉ဝ ရေကြီးနစ်မြုပ်ခဲ့ကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

ပဲခူးမြို့ရေလွှမ်းနေမှု ခန့်မှန်းရက် ထက်စော၍ ရေစတင်ကျဆင်း





ရန်ကုန် ၃၀-၇-၂ဝ၁၈

ပဲခူးမြို့ပေါ်၌ ရေပြည့်ရေလျှံဖြစ်ပေါ်နေမှုသည် ဒုတိယဝါဆိုလပြည့်ကျော် ၄ ရက် (ဇူလိုင် ၃၁ ရက်)တွင် ရေစကျမည်ဟု ခန့်မှန်းထားသော်လည်း ယနေ့တွင် ၁ ပေခွဲခန့် စတင်ကျဆင်းနေပြီဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေထံမှ သိရသည်။

''ယခုပဲခူးမြို့ပေါ်ကို တက်နေတဲ့ရေက မှန်းထားတာကတော့ ဒုတိယ ဝါဆိုလပြည့်ကျော် ၄ ရက်မှ ရေစကျမယ်လို့ မှန်းထားပါတယ်။ မနေ့က အမြင့်ဆုံး ရေအမှတ် ၉၆၈ စင်တီမီတာထိမြင့်တက်ခဲ့ပါတယ်။ ရှိတာက စိုးရိမ်ရေ ရှိတာက စိုးရိမ်ရေ အမှတ်က ၈၈ဝ စင်တီမီတာဆိုတော့ စိုးရိမ်ရေ အမှတ်ထက် ၈၈ စင်တီမီတာ ကျော်ခဲ့ပါတယ်။ မနေ့ကထက် စာရင် ဒီနေ့လပြည့်ကျော် ၂ ရက်နေ့မှာရေက ၁ ပေခွဲလောက် ကျသွားပါတယ်။ ဒေသရဲ့ ခန့်မှန်းပြောဆိုချက် အရပေါ့။ ပင်လယ်ရေက လပြည့်ကျော် ၃ ရက်နေ့အထိပဲ တောင့်တာဖြစ်လို့ လပြည့်ကျော် ၄ ရက်နေ့ (ဇူလိုင် ၃၁ ရက်) ဆိုရင်တော့ ပင်လယ်ရေကျသွား တာနဲ့အတူ ရေလည်း စကျမယ်လို့ခန့်မှန်းထား ပါတယ်။ လက်ရှိမြေပြင်မှာ တော့ ဒီနေ့ကနေ ရေစကျနေပါပြီ။ ယခင်စိုးရိမ်ရတဲ့ အခြေအနေကနေ လျော့လာပါပြီ။ မရှိတော့ဘူး လို့တော့ ပြောလို့မရဘူး။ ရေကတော့ ရှိနေသေးတယ်။ ဒါပေမဲ့ ယခင်ထက်တော့ လျော့သွားပါတယ်'' ဟု ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ က ပြောသည်။

ယခုအချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးများအား ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်များ ခွဲဝေဆောင်ရွက်နေပြီဖြစ် ကြောင်း၊ ပဲခူးမြစ် တစ်လျှောက် ရေကာတာနှင့် ပဲခူးမြို့အား ဝန်းရံထားသော ရေကာတာ/ တမံများကို ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက လှည့်လည်ကြည့်ရှုစစ်ဆေးလျက်ရှိ ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ကွပ်ကဲရေးရုံး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက စီမံကွပ်ကဲနေပြီ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဝန်ကြီး ဦးအောင်ဇော်လှိုင်က ရွှေကျင်မြို့ကို အခြေပြု၍ လူဦးရေနှစ်သောင်းကျော်ခန့် ရေဘေး သင့်နေမှုအပေါ် ကယ်ဆယ်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေမှုများကို စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ သယံဇာတနှင့် သစ်တောရေးရာ ဝန်ကြီး ဒေါက်တာ စိုးညွန့်ဝင်း၊ လျှပ်စစ်ဝန်ကြီး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးမြို့အား ကာရံ ထားသော ရေကာတာများနှင့် တမံများ/ ကယ်ဆယ်ရေး စခန်းများသို့ လိုက်လံကြည့်ရှု စစ်ဆေးပြီး မြေပြင်တွင် ဆောင်ရွက်နေသော အဖွဲ့များနှင့် ပေါင်းစပ်ကာ ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။

''ကျွန်တော်က ပဲခူးမြစ်ဘေးတစ်လျှောက် မှာရှိတဲ့ ရေကာတာတွေ ကြံ့ခိုင်မှုအပိုင်းကို တာဝန်ယူထားတာပေါ့။ ပဲခူးမြို့မှာ ဆိုရင် ပဲခူးမြစ်ဘေးက တာတွေ၊ ရွာဝိုင်း ၁၆ လမ်း/ ၇ လမ်းမှာရှိတဲ့တာတွေ၊ ရေကာတာ တွေကိုလိုက်ကြည့်နေပါတယ်။ လိုအပ်ရင် လူအင်အားထည့်ပြီး ဆောင်ရွက်ရမှာပါ။ ကယ်ဆယ်ရေးစခန်းတွေ၊ ကွပ်ကဲရေးရုံးတွေ ကိုလည်းလိုက်ကြည့်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့အစိုးရ အဖွဲ့အနေနဲ့ မြေပြင်မှာ လုပ်ကိုင်နေကြတဲ့အဖွဲ့တွေနဲ့ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်တာပေါ့။ ပဲခူးမြို့ကို ကယ်ဆယ် ရေးအတွက် ဝင်လာတဲ့ ထောက်ပံ့ပစ္စည်းတွေ အချိန်မီရေဘေးသင့်ပြည်သူတွေထံရောက်အောင် ဖြန့်ဝေနိုင်ဖို့ ပေါင်းစပ် ဆောင်ရွက်ပေး တာပါ'' ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ထပ်မံပြောသည်။

''ရေကတော့အရှိန်မသေသေးဘူးပေါ့။ ညက ရေကိုတိုင်းကြည့်တဲ့အခါမှာ ရေက ၆ လက်မအထက်တော့ လျော့ လာ ပါတယ်။ ကျွန်တော်တို့ ပဲခူးမြို့က ဒယ်အိုးပုံသဏ္ဌာန်ရှိပါတယ်။ အပေါ်မှာက တောင်တွေနဲ့ပဲခူးရိုးမ ရှိပြီး အနောက်မှာက မြစ်တွေရှိတယ်။ မြစ်က လဆန်းရက်တွေမှာဒီရေတက်ပါတယ်။ မိုးကလည်းရွာတယ် နှစ်ခု ပေါင်းတော့ ရေလျှံထွက် သွားတာပေါ့။မိုးအရမ်းများလာရင် ပဲခူးဆည်က ကျိုးမှာကြောက်တဲ့အတွက် ရေလွှတ်ရင် တော့ ဒီထက်ရေတက်လာမလားဆိုတာ စိုးရိမ် စရာတော့ရှိတယ်။ အခုထိတော့ ဘာမှမကြေညာသေးတဲ့အတွက် အခြေအနေ ကောင်း တယ်လို့ယူဆရမှာပါ'' ဟု ပဲခူးမြို့ဒေသခံ ဦးစံသိန်းကပြောသည်။

ပဲခူးမြို့ပေါ်သို့ ဇူလိုင် ၂၅ ရက်မှစတင် ကာရေများတက်လာခဲ့ပြီး ယခုအချိန်တွင် ပဲခူးမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများဖြစ်သော အနောက်ရွှေနံသာတွင် အိမ်ထောင်စု ၈၉၂ စု၊ မင်္ဂလာဇေယုံတွင် အိမ်ထောင်စု ၁၆၆ စု၊ သီရိဇေယျာတွင် အိမ်ထောင်စု ၁၂၂ စု၊ အောင်ရတနာတွင် အိမ်ထောင်စု ၂၂ စု၊ စက်ကုန်းတွင် အိမ်ထောင်စု ၁ဝ စု၊ မီးရထား နယ်မြေ(၉)(၁ဝ)တို့တွင် အိမ်ထောင်စု ၁၇၁ စု ရှိကာ စုစုပေါင်း အိမ်ထောင်စု ၁၃၈၃ စုတွင် လူဦးရေ ၇၁၈၂ ဦး ရှိကြောင်း၊ ပဲခူးတစ်မြို့နယ်လုံး အနေဖြင့် ရေဘေး ကယ်ဆယ်ရေးစခန်း ၃၁ ခုရှိပြီး စုစုပေါင်းလူဦးရေ ၂၅၇၂၃ ဦး ရှိကြောင်းသိရသည်။

#Themyawadydaily

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ဒေသခံ ပြည်သူများအား ကူညီကယ်ဆယ်လျက်ရှိသည့် နယ်မြေခံတပ်မှ တပ်မတော်သား ၃ ဦးရေစီးနှင့်အတူ မျောပါ ပျောက်ဆုံးလျက်ရှိ



နေပြည်တော် ၃၀-၇-၂ဝ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၂၅ ရက် ည ၁၀ နာရီခန့်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အဆက်မပြတ် ကျဆင်းလာမှုကြောင့် ဘီးလင်းမြို့ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်၍ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မြစ်ရေ၀င်ရောက်ခဲ့ပြီး ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းအချို့နေရာ များတွင်ရေကျော်ကာ လမ်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ဇူလိုင် ၂၆ ရက်မှစတင်၍ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံကယ်ဆယ်ရေး အဖွဲ့များပူးပေါင်း၍ ရပ်ကွက်များ အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အနီးပတ်ဝန်းကျင်ရှိ ရေဘေးလွတ်ရာ နေရာများနှင့် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိစဉ် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘီလင်းမြို့ နှင့်သထုံမြို့ကြားရှိ မစောတံတားနေရာ အနီးတစ်ဝိုက်၌ ခရီးသွားအရပ်သား ပြည်သူ ၄ ဦးခန့်သောင်တင် လျက်ရှိကြောင်း အကူအညီ တောင်းခံလာခဲ့သဖြင့် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံ တပ်မတော်သားများက သွားရောက်ရှာဖွေ ကူညီခဲ့ရာ ၎င်းနေရာ အနီးတစ်ဝိုက်တွင် ရေဘေးသင့်ခရီးသွား ပြည်သူများအား မတွေ့ရှိသဖြင့် ဆက်လက်ရှာဖွေလျက်ရှိစဉ် မွန်းလွဲ ၂ နာရီခန့်တွင် ရုတ်တရက်ရေစီးသန်ခြင်း၊ ရေလှိုင်းပုတ်ခြင်း များကြောင့် အရာရှိ ၁ ဦးအပါအ၀င် တပ်မတော်သား ၆ ဦး တို့သည် ရေစီးနှင့်မျောပါသွားခဲ့ပြီး အရာရှိ ၁ ဦးနှင့် စစ်သည် ၂ ဦးတို့မှာ နီးစပ်ရာရှိ လမ်းဘေး မီးတိုင်အား ဖက်တွယ်လွတ်မြောက်ခဲ့ကာ စစ်သည် ၃ ဦးမှာ ရေစီးနှင့်အတူမျောပါ ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ အဆိုပါစစ်သည် ၃ ဦးမျောပါရာရေစီးကြောင်း တစ်လျှောက်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

ချင်းပြည်နယ်ဟားခါးမြို့၌ ဟိုတယ်လုပ်ငန်းရင်းနှီးမြုပ်နှံမှုတစ်ခု ခွင့်ပြု



ဟားခါး ၃၀-၇-၂​၀၁၈

ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိသည့် ချင်းပြည်နယ်၌ ယခုနှစ်အတွင်း ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု စတင်ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းထံမှ သိရသည်။

အဆိုပါ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည့် Mercy Par Construction Co., Ltd. မှ ငွေကျပ် ၈၃၃ ဒသမ ၄၂ဝ သန်းဖြင့်ချင်းပြည်နယ် ဟားခါးမြို့ရှိ မြေဧရိယာ ၄ ဒသမ ၆ဝ ဧက၌ အကောင်အထည် ဖော်တည်ဆောက် မည်ဖြစ်ပြီး ယင်းလုပ်ငန်းကို သက်ဆိုင်ရာပြည်နယ် ကော်မတီက ခွင့်ပြုပေးခဲ့ပြီ ဖြစ်သည်။

''ဒါက ဒီဘဏ္ဍာနှစ်မှာစပြီး ပထမဆုံး ဝင်ရောက်တာပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတော့ ဝင်တာမရှိသေးဘူး။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ပါမစ်ရပြီးပြီ ဆိုပေမယ့် သူ့အစီအစဉ်နဲ့သူ ဆက်သွားရမှာ တွေရှိပါတယ်။ သက်ဆိုင်ရာက လုပ်ကိုင်ခွင့်တော့ ပေးလိုက်ပြီ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု မှာပါဝင်တဲ့ လုပ်ဆောင်ချက် အစီအစဉ်တွေက လုပ်ရမယ့်ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ လိုက်လုပ်ရဦးမယ်။ ပြီးမှ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်မှာပါ'' ဟု ဦးကျော်ဝင်းထွန်းက ပြောသည်။

ချင်းပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဆိုပါက ခရီးသွားကဏ္ဍ မြှင့်တင်ခြင်းနှင့် ပတ်သက်သည့် ဟိုတယ်လုပ်ငန်းများ၊ လက်ဖက်စိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်းများသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မည်



ရန်ကုန် ၃၀-၇-၂ဝ၁၈

ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် စက်တင်ဘာလတွင် ငြမ်းဆင်ပြီး ရွှေသင်္ကန်းကပ်လှူခြင်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ရွှေသင်္ကန်းကပ်လှူဖို့အတွက် စက်တင်ဘာလမှာ ကျွန်တော်တို့ ငြမ်းဆင်မယ်။ ငြမ်းဆင်ပြီးတော့မှ ရွှေသင်္ကန်းကပ်လို့ရတာပါ။ ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်တဲ့ မင်္ဂလာအခမ်းအနားကို အောက်တိုဘာလနဲ့ နိုဝင်ဘာလလောက်မှာ ပြုလုပ်မှာပါ။ ရွှေသင်္ကန်းကပ်လှူချင်တဲ့သူ တွေအတွက် အလှူခံဌာန အမြဲတမ်းဖွင့်လှစ် ပေးထားပါတယ်။ ရွှေစင်တစ်ကျပ်သားအတွက် ကျသင့်ငွေ၊ သုံးကျပ်သားအတွက်ကျသင့်ငွေ စသည်ဖြင့်ပေါ့။ အလှူရှင်တွေက ဘုရားဖူးလာရင်း ရွှေသင်္ကန်းအတွက်လှူကြတာလည်းရှိပါတယ်။ ဒါပေမဲ့ ရွှေသင်္ကန်းကိုငါးနှစ်တစ်ကြိမ်ကပ်လှူနေကျပါဟု ရွှေတိဂုံစေတီတော်ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

ရွှေတိဂုံစေတီတော်မြတ်ကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့ပြီး ကုန်းတော်ကြံ့ခိုင်ရေး၊ စေတီတော်ကြံ့ခိုင်ရေးအတွက် ခေတ်အဆက်ဆက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က တာဝန်ရှိသူတို့နှင့်အတူ ပူးပေါင်းကာထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သည် စေတီတော်ကြီးတွင် အများပြည်သူ ရွှေသင်္ကန်းကပ်လှူနိုင်ရန် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ရွှေစင် တစ်ကျပ်သားတစ်ချပ်လျှင် ငွေကျပ် ၈၁၀၀၀၀ ဖြင့်လည်းကောင်း၊ ရွှေစင် သုံးကျပ်သားတစ်ချပ်လျှင် ငွေကျပ် ၂၄၃၀၀၀၀ဖြင့်လည်းကောင်း၊ ရွှေစင်ခြောက်ကျပ်သားတစ်ချပ်လျှင် ငွေကျပ် ၄၈၆၀၀၀၀ ဖြင့်လည်းကောင်း အလှူခံဌာန ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ကြီးအား စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ထိန်းသိမ်းဆောင်ရွက် လျက်ရှိသော လုပ်ငန်းများတွင် ရွှေသင်္ကန်းကပ်လှူခြင်း သည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ယခင်ကပ်လှူထားသော ရွှေပြားများသည် ပျက်စီးနေပါကခြောက်ကျပ်သား၊ သုံးကျပ်သား ရွှေပြားသင်္ကန်းများဖြင့် ငါးနှစ်တစ်ကြိမ် အစားထိုးလဲလှယ်ခဲ့ကြသည်။ ငါးနှစ်တစ်ကြိမ် ရွှေပြားသင်္ကန်းများကို စေတီတော်ကြီး၏ ငှက်ပျောဖူးတော်မှ စတင်ကပ်လှူ ခဲ့ရာ ၂၀၁၅ ခုနှစ်ကရွှေစင်ပိဿာ နှစ်ရာကျော်ကပ်လှူခဲ့ခြင်းသည် နောက်ဆုံးကပ်လှူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၇-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၇-၂ဝ၁၈)

Download Links

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၇-၂ဝ၁၈)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၇-၂ဝ၁၈)

Download Links

Thursday, July 26, 2018

ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၀ခုကို ငွေကျပ် ၁၅၅၂ ဒသမ ၉၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိ



မကွေး ၂၆-၇-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ဘဏ္ဍာနှစ် ကြားကာလ ပထမခြောက်လ တာကာလအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝခုကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၅၅၂ ဒသမ ၉၁သန်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောပြ၍ သိရသည်။

ဘဏ္ဍာနှစ် ကြားကာလ ပထမခြောကလ် တာကာလအတွင်း ဆောင်ရွက်နေသော ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝခုမှာ သရက်ခရိုင် ကံမမြို့နယ် ရေနံ့သာကျေးရွာ မင်းတုန်းချောင်းရေ တိုက်စားမှုအတွက် ရန်ပုံငွေကျပ်သန်း ၅၃၁ ဒသမ ၈၄ဝဖြင့် ၇ဝ ရာခိုင်နှုန်း၊ ရေစကြိုမြို့ ဇရပ်နီကျေးရွာ ချင်းတွင်းမြစ်ရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၁၅ဝဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ပေါက်မြို့နယ် သမားတော်ကျေးရွာ ရေပြာချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း အတွက် ရန်ပုံငွေကျပ်သန်း ၇၈ ဒသမ ၈၂ဝ ဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ငဖဲမြို့နယ် နယ်ဇောကျေးရွာ၊ မန်းချောင်းရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၈၄ ဒသမ ဝ၃ဝ ဖြင့် ၉ဝ ရာခိုင်နှုန်း၊ ပေါက်မြို့နယ် ချောင်းကူးကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၈၉ ဒသမ ၅၂ဝဖြင့် ၉၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းက ပြောပြသည်။

ထို့ပြင်ပွင့်ဖြူ မြို့နယ် ထူပေါက်အင်းကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၁၅ဝဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာ ပင်းချောင်းရေ တိုက်စားမှုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ် ၁၆၃ ဒသမ ၆၁သန်း ဖြင့် ၉ဝရာခိုင်နှုန်း၊ စလင်းမြို့နယ် ဆင်မကျွန်းမြို့ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ် ၁၃၆ ဒသမ၃၉သန်းဖြင့် ၉၇ရာခိုင်နှုန်း၊ အောင်လံမြို့ ရထောင်အခြေခံပညာ အထက်တန်းကျောင်း ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၁ဝဝ ဖြင့် ၈၁ ရာခိုင်နှုန်း၊ ဆင်ပေါင်ဝဲမြို့နယ် စည်တိုင်းကျေးရွာ ပုတီးချောင်းရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၆၈ ဒသမ ၇ဝဝဖြင့် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြ၍သိရသည်။

#Themyawadydaily

သဘာဝရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် လက်တွေ့ကြိုတင် ဇာတ်တိုက် လေ့ကျင့်မည်



ကလေး ၂၆-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် ရေဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်း တာဝန်ကျ ဌာနဆိုင်ရာများ၊ ရေဘေးကြိုတင် ကာကွယ်ရေး ကော်မတီများ ပူးပေါင်း၍ သဘာဝရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့ ဇာတ်တိုက် လေ့ကျင့်မှုကို ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီ ၃ဝမိနစ်တွင် စတင်ပြီး ကလေးမြို့နယ် ပြင်သာကျေးရွာ သုသာန်ကျောင်း၌ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရေဘေး ကယ်ဆယ်ရေးဇုန် ငါးဇုန်ကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ကယ်ဆယ်ရေး စခန်း ၂၂နေရာ သတ်မှတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ၁ဝခု ဖွဲ့စည်းပြီး ရေဘေးကယ်ဆယ်ရေး ဇုန်ငါးဇုန်မှ တာဝန်ကျ ဌာနဆိုင်ရာများက စတင်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီထံမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလေးမြို့နယ်အတွင်း ရေဘေးကျရောက် လာပါက အသင့်ဖြစ်နေစေရန် ကြိုတင်လက်တွေ့ အနေဖြင့် အနိမ့်ပိုင်း ဒေသဖြစ်သည့် ပြင်သာကျေးရွာ ပြည်သူများအတွက် ကယ်ဆယ်ရေး စခန်းကို တပ်ဦးသီတာရပ်ကွက် အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်း၌ ဖွင့်လှစ်ထားရှိရာ ရေဘေးသင့်ပြည်သူများ ထိခိုက်လွယ်အုပ်စုလေးအုပ်စု၊ အိမ်မွေး တိရစ္ဆာန်များကို သတ်မှတ်ထားသည့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခြင်း၊ နေရာချထားခြင်း၊ ရေကျပြီးပါက မူလကျေးရွာသို့ ပြန်လည်ပို့ ဆောင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သည်။

ကလေးဒေသတွင် ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ် မိုးတွင်းကာလက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ စနစ်တကျ ဦးဆောင်စီမံ ခန့်ခွဲမှုဖြင့် ရေဘေးကယ်ဆယ်ရေး ဇုန်ငါးဇုန်မှ တာဝန်ကျဌာန ဆိုင်ရာများ၊ ရေဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်း တာဝန်ကျ ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ရေဘေးကြိုတင် ကာကွယ်ရေး ကော်မတီများ၊ကလေးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ NGO နှင့် CSO အဖွဲ့အစည်းများ ပူးပေါင်း၍ ဇုန်အလိုက်ခွဲကာ ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် နေ့စဉ်စောင့်ကြည့်ခြင်း၊ မြစ်ရေ တိုင်းထွာချက်များ၊ ရာဇဂြိုဟ်ရေလှောင်တမံ၊ မြစ်သာမြစ်ရေလှောင်တမံ မိုးလေဝသ အခြေအနေတို့ကို သတင်းထုတ်ပြန် ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ ခြင်းဖြစ်ရာ ယခုအခါ သဘာဝဘေး ရုတ်တရက် ကျရောက်လာပါက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းတွင် လူမှုရေးနှင့် ကျန်းမာရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး အတွက် ဇာတ်တိုက် လေ့ကျင့်ရခြင်း ဖြစ်ကြောင်းသိရသည်။

#Themyawadydaily

ငွေကျပ်သိန်းပေါင်း ၂၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူနှစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၂၆-၇-၂ဝ၁၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ၂၁မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်ဝင်၊ ထွက်မှုများကို စစ်ဆေးလျက်ရှိသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၄ရက် မွန်းတည့် ၁၂နာရီခန့်တွင် နမ္မတီးဘက်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးကို စစ်ဆေးရာ ငွေကျပ်သိန်းပေါင်း ၂၇ဝဝကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

နမ္မတီးဘက်မှ မြစ်ကြီးနားဘက်သို့ အောင်မင်းနိုင် (ဘ)ဦးကုလား မောင်းနှင်ပြီး အောင်ဖြိုးဝေ (ဘ) ဦးနိုင်ဝင်း လိုက်ပါလာသည့် အေဒီဘင်အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရာ ဂီယာတိုင်ရှေ့ အံဝှက်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉ဝ၈ပြား၊ ဘိန်းဖြူမှုန့် ၃၄၁၅ ဒသမ ၅ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၂၉၇ခွက်၊ မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိငွေကျပ် လေးသိန်း၊ ဖုန်းလေးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့၏ ပြောကြားချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁၃) အိမ်အမှတ် (RP/13-104) နေ မဆွေဆွေမျိုး (ဘ)ဦးမျိုးမြင့်က ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စု ဟိုနန်း ကျေးရွာနေ အမည်မသိတရုတ် လူမျိုးတစ်ဦးထံသို့ ငွေကျပ်သိန်း ၃ဝပေး၍ သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် မဆွေဆွေမျိုးကို မွန်းလွဲ ၂နာရီခန့်တွင် ၎င်း၏နေအိမ်၌ သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိ ရသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ခန့်မှန်းငွေကျပ် သိန်းပေါင်း ၂၇ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိ သူများကို မြစ်ကြီးနား နယ်မြေရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

ကျောက်မဲမြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွား



ကျောက်မဲ ၂၆-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးတွင် ဇူလိုင် ၂၄ရက် မွန်းလွဲပိုင်းက ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၁၂/၃)နှင့် (၁၁၂/၄)ကြား လမ်းကွေ့၌ ကျောက်မဲဘက်မှ သီပေါဘက်သို့ ယာဉ်မောင်း သန်းထိုက်အောင် မောင်းနှင်သည့် 4D။----၂၂ဘီးကုန်တင်ယာဉ်နှင့် သီပေါဘက်မှ ကျောက်မဲဘက်သို့ ဦးဝေဠု မောင်းနှင်လာသော 2K ---- ယာဉ်ငယ်တို့ လမ်းလယ်တွင် ယာဉ်တိုက်မိရာမှ လမ်းပေါ်တွင် သွားလာနေသော အခြားယာဉ်နှစ်စီးကို တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ် နှစ်စီးတိုက်မိရာမှ နောက်ထပ် သီပေါဘက်မှ လှမင်းထွန်း မောင်းနှင်လာသောGG/---- ယာဉ်နှင့် ပေါကျော် မောင်းနှင်လာသော 1F/---- ယာဉ်နှစ်စီးတို့ကို ထပ်မံဝင်တိုက် မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ် တိုက်မိမှုကြောင့် လူများထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သန်းထိုက်အောင်၊ ဝေဠုတို့ကို ကျောက်မဲမြို့မရဲစခန်းက ယာဉ်(ပ)၂၇/၂ဝ၁၈၊ ပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းကို ကျော်၍ တစ်ဖက်ယာဉ်ကြောမှယာဉ်နှင့် တိုက်မိရာ လူရှစ်ဦး ဒဏ်ရာရ



ဖြူး ၂၆-၇-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၁ဝ၈/၁) အနီးတွင် ယနေ့နံနက် ၁ဝ နာရီခန့်က ယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြောမှ ယာဉ်နှင့် တိုက်မိခြင်းကြောင့် နိုင်ငံခြားသား တစ်ဦးအပါအဝင် အမျိုးသားရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ကျော်ဇေယျ မောင်းနှင်လာသော Mitsubishi RVR အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်၍ တစ်ဖက်ယာဉ်ကြောအတိုင်း မောင်းနှင်လာသည့် Prado ခဲရောင်ယာဉ်ကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် TAN JUN XZONG ဆိုသူ နိုင်ငံခြားသားမှာ ခြေထောက်ဖူးရောင် ဒဏ်ရာရရှိခဲ့ပြီး ကျန်ခုနစ်ဦးနှင့်အတူ ရဲဆေးစာဖြင့် ဖြူးမြို့နယ် ပြည်သူဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဇေယျကို ဖြူးအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ) ၁၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

မောင်တောာဒေသ၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ ကွင်းဆင်းသတင်းရယူ



မောင်တော ၂၆-၇-၂ဝ၁၈

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များအပါအဝင် သိရှိလိုသည်များကို မြေပြင်ကွင်းဆင်း သတင်းရယူရန် ပြည်တွင်းပြည်ပသတင်းမီဒီယာများပါဝင်သည့် သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၌ ထွက်ခွာလာရာ ရေချမ်းပြင် ဆိပ်ကမ်းမှတစ်ဆင့် ကိုင်းကြီး (မြို)ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာပြောင်းရွှေ့နေထိုင်မှု၊ ကျေးရွာသစ်တွင် နိုင်ငံတော်အထောက်အပံ့ဖြင့် နေအိမ်များဆောက် လုပ်ပေးထားမှု၊ ပညာရေး၊ ကျန်းမာရေးဆောင် ရွက်ပေးထားမှုတို့နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့က လက်ရှိ နယ်မြေလုံခြုံမှု အခြေအနေ၊ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ရောက်ရှိလာပါက သဟဇာတမျှတစွာ နေထိုင်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းသတင်းရယူကြသည်။

ယင်းနောက် မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး သို့ရောက်ရှိကြပြီး သတင်းမီဒီယာ အဖွဲ့က မိုးရာသီကာလ စပါးစိုက်ပျိုးထားမှု၊ နယ်မြေလုံခြုံ အေးချမ်းမှု၊ နှစ်ဖက်အသိုက်အဝန်း များနေထိုင်နေမှုတို့နှင့် စပ်လျဉ်း၍ မေးမြန်း သတင်းရယူကြသည်။

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် ငါးခူရပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက စခန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာအဖွဲ့က ငါးခူရပြန်လည်လက်ခံရေးစခန်းမှ လက်ခံထား သူများအား ကူညီစောင့်ရှောက်ပေးနေမှု၊ စခန်းသို့ရောက်ရှိလာသူများအား NVC ကတ်ထုတ်ပေးခြင်း၊ ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များ စသည်တို့နှင့်ပတ်သက်၍ မေးမြန်းသတင်း ရယူခဲ့ကြသည်။

#Themyawadydaily

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paul R. Seger အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၆-၇-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Paul R. Seger အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးနှင့်အတူ ဒုတိယသံအမတ်ကြီး Mr. Giacomo Solari နှင့်တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဆွစ်ဇာလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရေးတွင် ဆက်လက် ပူးပေါင်းကူညီ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် ထုတ်ပြန်ထားသည့် စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဥပဒေတို့နှင့်အညီ လိုက်နာဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ NCA လက်မှတ် မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လက်ကမ်းကြိုဆိုလျက် ရှိသည့်အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ပကတိအခြေအနေမှန်များကို နေရာသစ်၌ တာဝန် ထမ်းဆောင်ချိန်တွင် တတ်နိုင်သရွေ့သိရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Vice-Senior General Soe Win receives Ambassador of Switzerland


Vice-Senior General Soe Win receives Ambassador of Switzerland to Myanmar H.E. Mr. Paul R. Seger at the parlour of Bayintnaung Villa.

Nay Pyi Taw July 26

Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win received Ambassador of Switzerland to Myanmar H.E. Mr. Paul R. Seger, who will be returning home as his tour of duty has been completed, at the parlour of Bayintnaung Villa here yesterday morning.

Also present at the call together with the Vice-Senior General were senior military officers from the Office of the Commander-in-Chief (Army). The Swiss Ambassador was accompanied by Deputy Head of Mission of Swiss Embassy Mr. Giacomo Solari and officials.

At the call, they cordially discussed Switzerland’s continued cooperation and assistance in Myanmar’s internal peace process and the signing of the Nationwide Ceasefire Agreement (NCA), training affairs, Tatmadaw’s shouldering of national defence duties in accord with the existing disciplines, rules, orders and laws, welcoming the ethnic armed organizations which have yet to sign the NCA and dissemination of information about real situations over the Rakhine State issue wherever assigned.

After the meeting, the Vice-Senior General presented a gift to the Swiss Ambassador.

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၂၆-၇-၂ဝ၁၈)


ရတနာပုံနေ့စဉ်သတင်းစာ (၂၆-၇-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၆-၇-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၂၆-၇-၂ဝ၁၈)

Download Links

Wednesday, July 25, 2018

မိုးကူလေဖျက်ရေကတက် ခက်ဘိဘေးအန္တရာယ်


အယ်ဒီတာ့အာဘော် ၂၅-၇-၂ဝ၁၈

မြန်မာနိုင်ငံအတွင်း ၂ဝ၁၈ ခုနှစ် မုတ်သုံဝင်ရောက် ချိန်မှစ၍ အဆက်မပြတ်ရွာသွန်း သောမိုးကြောင့် နေရာဒေသ အချို့တွင် မြေပြိုမှု၊ လေပြင်းတိုက်ခတ်မှုနှင့် ချောင်းရေ၊ မြစ်ရေတက်မှုတို့နှင့် တွေ့ကြုံ ကြရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုကြောင့် မြေစာပုံပြိုကျသဖြင့် လူ ၁၉ ဦး သေဆုံးသည်။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ဇူလိုင် ၁၉ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသို့ သွားရာလမ်း သောတာပန် ရပ်ကွက်အတွင်းရှိ နှစ်ပေါင်း ၁ဝဝ ကျော်က တည်ဆောက်ထားသော ပါဠိကာရီဘုန်းတော်ကြီး ကျောင်းတိုက် အနောက်ဘက် အုတ်တံတိုင်း ပြိုကျသွားသော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၅ ရက်ကကျင်းပမည့် ယူ-၁၉ လူငယ်အမှတ်ပေး ဘောလုံးပွဲစဉ်မှ စစ်ကိုင်းယူနိုက် တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကြမည့် ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး သြဂုတ် ၆ ရက်တွင် ပဒုမ္မာကွင်း၌ ပြန်လည်ကျင်းပမည် ဖြစ်သည်။ ဇူလိုင် ၂၂ ရက် ညနေပိုင်းတွင် ၂ဝ၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲမှ ပွဲစဉ်(၁၃)လက်ကျန်ပွဲဖြစ်သည့် ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်းတို့ YUSC ကွင်း၌ ယှဉ်ပြိုင် ကစားနေကြစဉ် ပထမပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းအတွင်း ရေဝပ်သွားရာ ပြိုင်ပွဲဆက်လက် ကျင်းပရန် မဖြစ်နိုင် တော့သဖြင့် ရပ်ဆိုင်းလိုက်ရပြီး ထပ်မံကျင်းပ မည့်ပြိုင်ပွဲကို စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေသည် ဇူလိုင် ၁၇ ရက် နံနက် ၆ နာရီတွင် ၁၉ ပေ ၆ လက်မအထိ မြင့်တက်လာပြီး စိုးရိမ်ရေမှတ်ရောက်ရန် ၂ ပေခန့်သာ လိုတော့သဖြင့် တနင်္သာရီမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့မှ ဒေသခံပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်း ပေးလိုက်ရသည်။ တနင်္သာရီမြစ်ရေသည် ဇူလိုင် ၂ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်၍ ၂၆ ပေ ၂ လက်မသို့ ရောက်ရှိလာသဖြင့် ရေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများအိမ်နှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်း ပေးလိုက်ရသည်။

ရေဘေးသင့်ပြည်သူများအား တပ်မတော်သားများက ဇူလိုင် ၂၁ ရက်တွင် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး သွားလာမှု အဆင်ပြေစေရန် ဖိုက်ဘာလှေများဖြင့် ပို့ဆောင်ပေးကြသည်။ တနင်္သာရီမြစ်ရေ လျှံမှုကြောင့် ဇူလိုင် ၁၅ ရက်မှ ၂ဝ ရက်အထိ နီးစပ်ရာဆွေမျိုးများအိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင် ကြရသူဦးရေမှာ အိမ်ထောင်စု ၅၅၃ စုမှ အမျိုးသား ၁၄၅၇ ဦး၊ အမျိုးသမီး ၁၃၈၅ ဦး စုစုပေါင်း ၂၈၄၂ ဦးဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်း ဇူလိုင် ၂၁ ရက်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းပါး ရေတိုက်စားသဖြင့် ဆင်တဲကျေးရွာအုပ်စု စန်းပေါက်ချောင်းကျေးရွာ အနီးကမ်းပါးပြိုကျမှု ဖြစ်ပေါ် ခဲ့သည်။ ကမ်းပါးပြိုကျမှုကြောင့် အနီးရှိနေအိမ် နှစ်လုံးသည် အန္တရာယ်ကျရောက် နိုင်သဖြင့် ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ၎င်းမိသားစုများအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်သို့ ကူညီရွှေ့ပြောင်း ပေးကြပြီး နေအိမ်များရွှေ့ပြောင်းဆောက်လုပ်ရာတွင် ကူညီဆောင်ရွက် ပေးကြသည့်အပြင် ဆန်နှစ်အိတ် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်အတွင်း မဲခင်ချောင်းကျေးရွာနှင့် နန်းတော်ကျွန်း ကျေးရွာတို့၌ ဇူလိုင် ၂၁ ရက်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အမိုးလန်သွားသည့် နေအိမ်အလုံး ၇ဝ နှင့် ပြိုကျပျက်စီး သည့်နေအိမ် ၃၂ လုံးရှိသော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမ ရှိကြောင်းသိရသည်။ လေဘေးသင့် ပြည်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးကြကြောင်း သိရသည်။ ဖျာပုံခရိုင် အမာမြို့နယ်(ခွဲ)ရှိ အမှတ်(၁) ရပ်ကွက်နှင့်ခတ္တာကျွန်း ကျေးရွာတို့တွင် ဇူလိုင် ၂ဝ ရက် နံနက် ၄ နာရီခွဲက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၈ လုံးပြိုကျပျက်စီးသွားပြီး ဆိပ်ကမ်းကပ်ထားသည့် စက်လှေတစ်စင်း နစ်မြုပ်သွားသည်။ လေဘေးသင့် ပြည်သူ၁၃၈ ဦးတို့အား ကျေးလက်ကျန်းမာရေး ဌာန (ခွဲ) နှင့် စာသင်ကျောင်းများသို့ ခေတ္တရွှေ့ပြောင်းနေရာ ချပေးထားကြောင်း သိရသည်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်ချီးနှင့်လိုခါးကျေးရွာ သွားကားလမ်းပေါ်၌ ဇူလိုင် ၂၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် လမ်းဘေးကမ်းပါးယံမှ အကျယ်ပေ ၃ဝ ခန့် မြေပြိုကျသဖြင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည်ကို တပ်မတော်သားများ သွားရောက်၍ မြေသားများရှင်းလင်းခြင်းနှင့် ရေတိုက်စားပျက်စီး သွားသည့်နေရာများအား ပြန်လည်ပြုပြင်ပေးသဖြင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာ နိုင်ကြပြီဖြစ်သည်။

သို့ဖြစ်၍ မုတ်သုံကာလအလယ်သို့ ရောက်ရှိနေသော ယနေ့အချိန်တွင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာ ကြစေရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပေးသောသတင်းများကို အချိန်နှင့် တစ်ပြေးညီသိအောင် စောင့်ကြည့်နားထောင်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

မြ၀တီနေ့စဉ်သတင်းစာ စာ (၂)

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger