www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 31, 2013

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၅)



၃၁-၁-၂၀၁၃ ရက်နေ့ထုတ်
အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၅)

Download and View Link = Scribd

မန္တလေးမြို့ နှင့် အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ် အင်ဖာမြို့ သို့ ဘတ်စ်ကားလိုင်း ပြေးဆွဲမည်


ရန်ကုန် ၊ ၃၁-၁-၂၀၁၃

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ မန္တလေးမြို့ နှင့် အိန္ဒိယနိုင်ငံ ၊ မဏိပူရ ပြည်နယ် ၊ အင်ဖာမြို့ သို့ ပြေးဆွဲ ပေးမည့် ဘတ်စ်ကား လိုင်းကို လာမည့် မတ်လမှ စတင်၍ ပြေးဆွဲ ပေးတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်ကို တစ်ပတ်လျှင် တစ်ကြိမ် ခေါက်ပြန် ပြေးဆွဲ ပေးမည် ဖြစ်သည်။ ခရီး မိုင်ပေါင်း ၅၀၀ ကျော် ကွာဝေးသည့် ဘတ်စ်ကား ပြေးဆွဲရေး အတွက် ကားလမ်း ဖောက်လုပ်ရေး စီမံကိန်းများ ပြီးစီး နေပြီ ဖြစ်ကြောင်း သိရသည်။ မိုရေးမြို့ ကုန်သွယ်ရေး ဌာနတွင် လူဝင်မှု ကြီးကြပ်ရေး ရုံးကို ဖွင့်လှစ် သွားမည် ဖြစ်ပြီး ဂိတ်အမှတ် (၂) ကုန်စုံဈေး အနီး ပူးပေါင်း စစ်ဆေးရေး ဂိတ်တစ်ခု မကြာမီ ဆောက်လုပ် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

တရားဝင် နှစ်နိုင်ငံ ကုန်သွယ်ခွင့် ပြုသည့် ပစ္စည်း ၆၂ မျိုးရှိရာ ၄င်းစာရင်းတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျွန်းသစ်အား ထည့်သွင်း နိုင်ရန် မဏိပူရ ပြည်နယ် အစိုးရမှ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးဝမြို့ မှ မဏိပူရ ပြည်နယ် ၊ မိုရေးမြို့ အထိ ၉၉ မိုင် ရှည်လျားသည့် တမူး - မိုရေး ကားလမ်း ကို အိန္ဒိယ အစိုးရမှ ဖောက်လုပ် ပေးခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ် ပေးခဲ့ပြီး နှစ်နိုင်ငံ အချက်အချာ ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

ကွမ်းစားသူများ သတိထားဖွယ်


မြန်မာနိုင်ငံတွင် အာခံတွင်း ၊ အနံ့အသက် ကင်းရန် သော်လည်းကောင်း ၊ ဆေးလိပ် ဖြတ်လို၍ သော်လည်းကောင်း ၊ အစာစားပြီး ခံတွင်းချဉ် ပြေစေရန် အတွက် လည်းကောင်း ၊ ကားမောင်း နေစဉ် အိပ်ငိုက် ပြေစေရန် အတွက် လည်းကောင်း နည်း အမျိုးမျိုးဖြင့် ကွမ်းယာကို စားသုံးလျက် ရှိကြောင်း တွေ့ရသည်။ အချို့ အမျိုးသမီး များနှင့် ကလေးငယ် များပါ ကွမ်းစားသည့် အလေ့အထ ရှိကြ ကြောင်း တွေ့ရှိ နေရသည်။ နေ့စဉ် ကွမ်းစားသူ တစ်ယောက် အဖို့ နေ့စဉ် ကွမ်းယာဖိုး အနည်းဆုံး ကျပ် ၅၀၀ ခန့် ကုန်သည်ဟု သိရှိရသည်။ တစ်လ ဆိုလျှင် ကွမ်းယာဖိုး ပင်လျှင် ကျပ် ၁၅၀၀၀ ခန့် ကုန်ကျ နေပေပြီ။ ထို့ပြင် ကွမ်းစားခြင်း ဖြင့် ဥပဓိရုပ် မျက်မည် ၊ ကွမ်းတံတွေး ထွေးမိပါ ကလည်း မြို့ပြ အလှအပ ထိခိုက် ပေမည်။ အဆိုးဆုံးမှာ " ခံတွင်း ကင်ဆာ " ရောဂါကို ပိုက်ဆံ ပေးပြီး ၀ယ်ယူနေ သလို ဖြစ်နေသည်။

မြန်မာနိုင်ငံမှ အမျိုးသားများ ကွမ်းယာ စားနှုန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်းအရ သိရှိရသည်။ ကွမ်းစားခြင်း ၊ ဆေးလိပ် သောက်ခြင်း အလေ့အထ များသဖြင့် " ခံတွင်း ကင်ဆာ " ရောဂါသည် ခေတ်မီ နည်းပညာ များဖြင့် ကုသသော်လည်း ပျောက်ကင်း နိုင်ခြေ နည်းသော ရောဂါများတွင် တစ်ခု အပါအ၀င် ဖြစ်သည်။ " ခံတွင်း ကင်ဆာ " ရောဂါသည် အာဆီယံ ဒေသတွင်း အဖြစ် အများဆုံး ကင်ဆာ ရောဂါငါးခု တွင် ပါဝင်သည်။

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၁-၂၀၁၃)


Scribd
Minus

Wednesday, January 30, 2013

လော့ခ်ဟိဒ်မာတင် ကုမ္ပဏီသည် ထိုင်းရေတပ် အတွက် ကမ်းရိုးတန်းသွား တိုက်ခိုက်ရေး သင်္ဘော Littoral-combat ship (LCS) ကို ရောင်းချပေးရန် စဉ်စားလျက် ရှိခြင်း



Littoral-combat ship (LCS)
၃၀-၁-၂၀၁၃

လော့ခ်ဟိဒ်မာတင် ကုမ္ပဏီသည် ထိုင်းရေတပ် မှ ဖရီးဂိတ် သင်္ဘောများ ၀ယ်ယူရေး ကမ်းလှမ်းချက် အား တုံ့ပြန်သည့် အနေဖြင့် ၄င်း၏ ကမ်းရိုးတန်း သွား တိုက်ခိုက်ရေး သင်္ဘော LCS ကို ရောင်းချ ပေးရေး စဉ်စားလျက် ရှိကြောင်း အတည်ပြု ပြောကြား ခဲ့သည်ဟု ဇန်န၀ါရီလ ၂၉ ရက်နေ့ Newsnow သတင်းတစ်ပုဒ် အရ သိရသည်။

လာမည့် နှစ်များတွင် ဖရီးဂိတ် စစ်သင်္ဘော ၂ စီး ၀ယ်ယူရေး အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ သုံးစွဲသွားရန် ၂၀၁၂ ခုနှစ် စက်တင်ဘာ လအတွင်း ထိုင်းအစိုးရက အတည်ပြု ပေးခဲ့သည်။ ဘဏ္ဍာရေး အခက်အခဲ များကြောင့် ထိုင်းရေတပ် အတွက် စစ်သင်္ဘော လိုအပ်ချက် များမှာ ဆယ်ဆုနှစ် တစ်စုကျော်ကြာ နှောင့်နှေး ခဲ့ရသည်။ ထိုင်းရေတပ် ၏ တိုက်ခိုက်ရေး စွမ်းရည် များအား တိုးမြှင့်ရန် လိုအပ်ခြင်း နှင့် စီးပွားရေး လုပ်ငန်းများ တိုးတက် လာခြင်း တို့ကြောင့် အစိုးရမှ ထိုကဲ့သို့ အတည်ပြု ပံ့ပိုး ထောက်ခံ ပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် စစ်ဘက်သည် နိုင်ဂျာနိုင်ငံတွင် မောင်းသူမဲ့ လေယာဉ် အခြေစိုက် စခန်းသစ်တစ်ခု ထားရှိရန် စီစဉ်လျက်ရှိ



၃၀-၁-၂၀၁၃

အမေရိကန် စစ်ဘက်သည် နိုင်ဂျာ နိုင်ငံတွင် မောင်းသူမဲ့ လေယာဉ် အခြေစိုက် စခန်းသစ် တစ်ခု ထားရှိရန် စီစဉ်လျက် ရှိကြောင်း နှင့် ထိုကဲ့သို့ စီစဉ်မှုသည် မာလီ နိုင်ငံရှိ အယ်လ်ကိုင်ဒါ စစ်သွေးကြွ များကို တိုက်ခိုက် လျက်ရှိသော ပြင်သစ် စစ်ဘက်အား အကူအညီ ပေးရန်နှင့် အယ်လ်ကိုင်ဒါ စစ်သွေးကြွ များ၏ ကွန်ရက်ကို ခြေရာခံ ထောက်လှမ်းရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း အမေရိကန် စစ်ဘက် မှ အဆင့်မြင့် တာဝန်ရှိသူ များက Fox သတင်း ဌာနအား အတည်ပြု ပြောကြား ခဲ့သည်ဟု Newsnow သတင်း တစ်ပုဒ် အရ သိရသည်။

ထို့အပြင် အဆိုပါ စီစဉ်မှုသည် မာလီ နိုင်ငံတွင် သူပုန် များကို တိုက်ခိုက် နေသော ပြင်သစ် တပ်ဖွဲ့ဝင်များအား ထောက်ပံ့ ကူညီမှုများ တိုးမြှင့် ပေးအပ်လျက် ရှိစဉ် ပေါ်ထွက် လာခြင်း ဖြစ်သည်။ မာလီ နိုင်ငံတွင် အမေရိကန် နိုင်ငံ၏ မောင်းသူမဲ့ လေယာဉ် အခြေစိုက် စခန်း ထားရှိခြင်းဖြင့် ပြင်သစ် တပ်ဖွဲ့ဝင် များ၏ စောင့်ကြည့် ထောက်လှမ်းရေး လုပ်ငန်းစဉ် အား အကူအညီ ပေးနိုင်မည် ဖြစ်သည်။ ၄င်း အစီအစဉ် သည် လက်ရှိတွင် စီစဉ်နေသည့် အဆင့်တွင် သာ ရှိသေးကြောင်း နှင့် ပင်တဂွန် ၊ အိမ်ဖြူတော် (သို့မဟုတ်) နိုင်ဂျာ နိုင်ငံတို့ ဘက်မှ တရားဝင် အတည်ပြုခြင်း မရှိသေးကြောင်း သိရသည်။

သို့ရာတွင် နိုင်ဂျာနိုင်ငံ သည် အမေရိကန် နိုင်ငံနှင့် ခိုင်မာသော မိတ်ဖက် ဆက်ဆံမှုများ ရှိပြီး စစ်ရေးဆိုင်ရာ နီးကပ်သော ဆက်ဆံရေး များလည်း ရှိကြောင်း အမေရိကန် တာဝန်ရှိသူ များက အဆိုပါ သတင်းဌာန အား ပြောကြား ခဲ့သည်။ အမေရိကန် နှင့် နိုင်ဂျာ တို့သည် ဇန်န၀ါရီ ၂၈ ရက်နေ့တွင် နိုင်ဂျာ နိုင်ငံတွင် စစ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အခြေခံ အုတ်မြစ် ဖြစ်လာမည့် တပ်ဖွဲ့ဝင် များဆိုင်ရာ သဘောတူ ညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်းနှင့် အဆိုပါ သဘောတူညီ ချက်သည် မောင်းသူမဲ့ လေယာဉ် အခြေစိုက် စခန်းသစ် ထားရှိရေး စီစဉ်နေမှု အတွက် အဓိက ကျသည့် ခြေလှမ်း တစ်ရပ် ဖြစ်လာ နိုင်ကြောင်း သိရှိရသည်။

ထိုင်းကြည်းတပ် ဦးစီးချုပ်သည် တောင်ပိုင်းဒေသ အကြမ်းဖက်မှု ကိုဖြေရှင်းဆောင်ရွက်ရာတွင် အကူအညီပေးရန် တိုက်တွန်း ပြောကြား



၃၀-၁-၂၀၁၃

ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်ခိုချာ သည် မွတ်ဆလင် လူမျိုး အများစု နေထိုင်ပြီး မငြိမ်မသက် ဖြစ်လျက် ရှိသည့် နိုင်ငံတောင်ပိုင်း ပြည်နယ် များတွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက် နေစဉ် နာရာသီဝပ် ပြည်နယ် သို့ အလည်အပတ် ခရီး ရောက်ရှိခဲ့ပြီး ကျောင်းပေါင်း ၃၀၀ ကျော် ကို ဇန်န၀ါရီ ၂၈ ရက်နေ့က ပြန်လည် ဖွင့်လှစ် ပေးခဲ့ပြီးနောက် ဆရာ - ဆရာမ များနှင့် ကျောင်းသား - ကျောင်းသူ များ၏ စိတ်ဓာတ် ရေးရာကို မြှင့်တင် ပေးခဲ့ကြောင်း ဇန်န၀ါရီ ၂၉ ရက်နေ့ Newsnow သတင်း တစ်ပုဒ် အရ သိရသည်။

လုံခြုံရေး စီမံ ဆောင်ရွက်မှု များကို တင်းတင်း ကျပ်ကျပ် လုပ်ဆောင်ရန် နှင့် အနာဂတ် ကာလတွင် နာရာသီဝပ် ပြည်နယ်၌ ငြိမ်းချမ်းမှု ရှိစေရေး ဖော်ဆောင် သွားရန် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်ခိုချာ က လုံခြုံရေး အဖွဲ့အစည်း များအားလုံးကို ညွှန်ကြား ခဲ့သည်။ ထို့အပြင် အဆိုပါ တောင်ပိုင်းစွန်း ဒေသရှိ အကြမ်းဖက်မှု များအား ကိုယ်တွယ် ဖြေရှင်း ရာတွင် အကူအညီ ပေးသည့် အနေဖြင့် သံသယ ရှိသော မည်သည့် လှုပ်ရှား ဆောင်ရွက်မှု မျိုးကိုမဆို စောင့်ကြည့်၍ အာဏာပိုင် များထံသို့ အကြောင်းကြား ပေးရန် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်ခိုချာ က ပြည်သူများကို တိုက်တွန်း ပြောကြား ခဲ့သည်။ ဆရာ - ဆရာမ များ၏ ဘေးကင်း လုံခြုံရေး နှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေစဉ် နာရာသီဝပ် ပြည်နယ်ရှိ ကျောင်းဆရာ တစ်ဦး လွန်ခဲ့သော ရက်သတ္တပတ်က ကျောင်းသားများ ရှေ့၌ သေနတ်ဖြင့် ပစ်သတ်ခံ ရမှုကြောင့် နာရာသီဝပ် ပြည်နယ် ဆရာများ အဖွဲ့က ပြည်နယ် တစ်ဝန်းရှိ ကျောင်းပေါင်း ၃၀၀ ကျော်ကို ပိတ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ကြား


ရန်ကုန် ၊ ၃၀-၁-၂၀၁၃

စင်ကာပူ နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် SINGAPORE INTERNATIONAL JEWELLERY EXPO 2013 ပြပွဲကို ၂၀၁၃  ခုနှစ် ၊ ဇူလိုင်လ ၄ ရက်မှ ၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး အဆိုပါ ပြပွဲတွင် ပါဝင် ပြသရန် မြန်မာနိုင်ငံ မှ ကျောက်မျက် ရတနာ လုပ်ငန်းရှင် များနှင့် စီးပွားရေး လုပ်ငန်းရှင် များအား ဖိတ်ကြား ထားကြောင်း သိရသည်။

အဆိုပါ ပြပွဲသို့ သွားရောက် ပြသခြင်း ဖြင့် ဖက်ရှင် အလှဆင် လုပ်ငန်း ၊ ကျောက်မျက် ရတနာ နှင့် ပတ်သက်သော ဒီဇိုင်း အမျိုးမျိုး နှင့် လက်မှု ထွက်ကုန် ပစ္စည်း အမျိုးမျိုး ဆိုင်ရာ လေ့လာခွင့်များ ရရှိနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများ တိုးတက် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သိရသည်။ သွားရောက် ပြသရန် ဆန္ဒ ရှိပါက မိမိစရိတ်ဖြင့် တက်ရောက် ရမည် ဖြစ်ကြောင်း ၊ ပါဝင် ပြသလို သူများသည် ကုမ္ပဏီ စာရင်းနှင့် ပါဝင် ပြသမည့် ပုဂ္ဂိုလ်များ၏ အမည်အား ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အချိန်မီ ပေးပို့ ရမည် ဖြစ်ပြီး ပါဝင်ပြသ မည့် စာရင်းအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် သို့ ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နောက်ဆုံး ထား၍ ပေးပို့ကြ ရမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် ကျင်းပမည့် BIG & BIH ပြပွဲသို့ ပါဝင်ရန် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ကြား


ရန်ကုန် ၊ ၃၀-၁-၂၀၁၃

ထိုင်းနိုင်ငံ ၊ စီးပွားရေး နှင့် ကူသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာနမှ ကြီးမှူး ပြုလုပ်မည့် Bangkok International Gift & Bangkok International Houseware Fair 2013 (BIG & BIH) ပြပွဲကို ထိုင်းနိုင်ငံတွင် ၂၀၁၃ ခုနှစ် ၊ ဧပြီ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ရာ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင် တက်ရောက်ရန် ဖိတ်ကြား ထားကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံ မှ လုပ်ငန်းရှင် များအတွက် ပြခန်း ၆ ခန်းကို အခမဲ့ စီစဉ် ပေးမည် ဖြစ်ကြောင်း နှင့် ပြခန်း ၆ ခန်းတွင် ပါဝင် ပြသမည့် ကုမ္ပဏီများ စာရင်းကို ရန်ကုန်မြို့ ရှိ ထိုင်းနိုင်ငံ သံရုံး ၊ စီးပွားရေး ဌာနသို့ စောလျင်စွာ ပေးပို့ရမည် ဖြစ်သည်။ ၄င်းအပြင် Bangkok International Gift & Bangkok International Houseware Fair 2013 (BIG & BIH) ပြပွဲသို့ တက်ရောက်မည့် ကုမ္ပဏီ ၊ ပုဂ္ဂိုလ် အမည်နှင့် ပြသမည့် ပစ္စည်း စာရင်း တို့ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် သို့ ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီ ၅ ရက်နေ့ နောက်ဆုံး ထား၍ ပေးပို့ကြ ရမည် ဖြစ်ကြောင်း သိရှိရသည်။

Myanmar Golf Tour 2013 IBTC OPEN Golf Championships ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ



ရန်ကုန် ၊ ၃၀-၁-၂၀၁၃

မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ် နှင့် မြန်မာ ပီဂျီအေ တို့မှ ကြီးမှူး၍ IBTC Group of Co., Ltd မှ အဓိက ကူညီ ပံ့ပိုးသော Myanmar Golf Tour 2013 IBTC OPEN Golf Championships ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဇန်န၀ါရီ ၂၉ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ ၊ မင်္ဂလာဒုံ မြို့နယ်ရှိ Royal Mingalardon Golf & Country Club ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ် နာယက ဦးဝင်းလှိုင် ၊ မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကြည် ၊ မြန်မာ ပီဂျီအေ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုလေး နှင့် IBTC Group of Co., Ltd မှ Executive Director ဦးတင့်ဦး တို့က ဂေါက်သီး ရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ် ပေးသည်။ အဆိုပါ ပြိုင်ပွဲတွင် ဂေါက်သီးရိုက် အားကစား သမား ၈၄ ဦး ပါဝင်ယှဉ်ပြိုင် ကြပြီး ပြိုင်ပွဲကို ဇန်န၀ါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်နေ့ အထိ ကျင်းပ သွားမည် ဖြစ်သည်။ ယင်းပြိုင်ပွဲမှ Professional အဆင့်နှင့် အပျော်တမ်း အဆင့် ပြိုင်ပွဲမှ အဆင့် ၂၀ ထိ ရရှိ သူများသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၇ ရက်နေ့ အထိ ကျင်းပမည့် Myanmar Golf Tour 2013 ( Elite Tech Golf Championship ) ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲမှ Professional ၁၀ ဦးသည် ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်အထိ ရွိင်ရယ် မင်္ဂလာဒုံ ဂေါက်ကွင်းတွင် ကျင်းပမည့် ZAYKABAR MYANMAR OPEN 2013 Presented by Alpine နိုင်ငံတကာ ဖိတ်ခေါ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၁-၂၀၁၃)


Scribd
Minus

Tuesday, January 29, 2013

ပါကစ္စတန်နိုင်ငံသည် P 3C Orion ပင်လယ်ပြင် ကင်းထောက်လေယာဉ် ၂စင်းအား ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ထံမှ လက်ခံရရန် မျှော်မှန်း



၂၉-၁-၂၀၁၃

ပါကစ္စတန် နိုင်ငံသည် ကျန်ရှိနေသော P 3C Orion ပင်လယ်ပြင် ကင်းထောက် လေယာဉ် ၂စင်းအား ၂၀၁၃ ခုနှစ် အတွင်းတွင် အမေရိကန် နိုင်ငံ ထံမှ လက်ခံ ရရှိရန် မျှော်မှန်း ထားကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Sherry Rehman က အမေရိကန် အဆင့်မြင့် တာဝန်ရှိသူ များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပြောကြား ခဲ့သည်ဟု ဇန်န၀ါရီ ၂၈ ရက်နေ့ထုတ် ဆင်ဟွာ သတင်း တစ်ပုဒ် အရ သိရသည်။

ပါကစ္စတန် သံအမတ်ကြီး Sherry Rehman သည် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး များ ထိန်းသိမ်းရေး ကြိုးပမ်းမှု ၏ တစ်စိတ်တစ်ပိုင်း အားဖြင့် ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် ဒုတိယ ရေတပ် ဦးစီးချုပ် ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး Muhammad Shafique သည်လည်း မကြာသေးမီက အမေရိကန် နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့စဉ် နှစ်နိုင်ငံ ရေတပ်ဖွဲ့ များအကြား ဆက်လက် ပူးပေါင်း  ဆောင်ရွက်ရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး P 3C Orion ကင်းထောက် လေယာဉ်များကို စောစီးစွာ လက်ခံ ရရှိရေး မျှော်မှန်း ထားကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် နိုင်ငံသည် P 3C Orion ကင်းထောက် လေယာဉ် ၇ စင်း ၀ယ်ယူရေး အတွက် အမေရိကန် နိုင်ငံ၏ လော့ခ်ဟိဒ် မာတင် ကုမ္ပဏီ နှင့် ၂၀၀၆ ခုနှစ်က သဘောတူ လက်မှတ် ရေးထိုးခဲ့ရာ ၂၀၁၀ ခုနှစ်တွင် အဆိုပါ လေယာဉ် ၃ စင်း နှင့် ၂၀၁၁ ခုနှစ်တွင် ၂ စင်းအား လက်ခံ ရရှိခဲ့ပြီး ဖြစ်သည်။ ပါကစ္စတန် ရေတပ်ဖွဲ့သည် သက်တမ်းပြည့် နေပြီ ဖြစ်သော Fokker F27 -200 Friendship ပင်လယ်ပြင် ကင်းထောက် လေယာဉ် များကို အသုံးပြု နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံသည် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် တာလတ်ပစ် ပဲ့ထန်းဒုံးပျံအား အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့




၂၉-၁-၂၀၁၃

အိန္ဒိယ နိုင်ငံသည် ရေငုပ်သင်္ဘော တွင် တပ်ဆင် ပစ်ခတ် နိုင်သော တာလတ်ပစ် K-15 ပဲ့ထိန်း ဒုံပျံအား Visakhapatnam ကမ်းလွန်မှ ဇန်န၀ါရီ ၂၇ ရက်နေ့တွင် အောင်မြင်စွာ စမ်းသပ် ပစ်ခတ် နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးပျံ စမ်းသပ်မှုသည် ၁၂ ကြိမ်မြောက် ဖြစ်ကြောင်း ၊ ဒုံးပျံ အလျားမှာ ၁၀ မီတာ ရှိကြောင်း နှင့် ၄င်းဒုံးပျံ သည် အမြင့် ၂၀ ကီလိုမီတာ မှ ပျံသန်းကာ ကီလိုမီတာ ၇၀၀ အကွာရှိ ဘင်္ဂလား ပင်လယ်အော် မှ ပစ်မှတ်ကို ထိမှန် ခဲ့ကြောင်း သိရသည်။

အဆိုပါ K-15 ပဲ့ထိန်း ဒုံးပျံသည် အကွာအဝေး ကီလိုမီတာ ၇၀၀ အတွင်းရှိ ပစ်မှတ်များ အားလုံးကို ထိရောက်စွာ ပစ်ခတ်နိုင်သည့် နည်းဗျူဟာမြောက် တာလတ်ပစ် ဒုံးပျံ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး၏ နည်းပညာ ဆိုင်ရာ အကြံပေး ဖြစ်သူ V.K Saraswat က ပြောကြား ခဲ့သည်။ အဆိုပါ ဒုံးပျံအား စမ်းသပ်မှုများ ပြုလုပ် ပြီးပါက ပြည်တွင်းဖြစ် နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော INS Arihant တွင် တပ်ဆင်ခြင်း လုပ်ငန်းကို မကြာမီ စတင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီ ရွှေ့ပြောင်း လုပ်သားများအား ခေတ္တ နေထိုင်ခွင့်ပေးရန် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ စီစဉ်လျက်ရှိ


၂၉-၁-၂၀၁၃

ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ (NSC) နှင့် အခြားသော လုံခြုံရေး အေဂျင်စီ များသည် နိုင်ငံ အတွင်းသို့ ရောက်ရှိလာသော ဘင်္ဂါလီ ရွှေ့ပြောင်း လုပ်သားများကို ခိုလှုံခွင့် ပေးရန် အတွက် ဆောင်ခလာ ၊ ရနောင်း ၊ ရေယောင်း မြို့တို့တွင် ခေတ္တ ထိန်းသိမ်းရေး စခန်း ၃ ခု တည်ဆောက်ရန် အစိုးရထံသို့ တောင်းဆို သွားမည် ဖြစ်ကြောင်း NSC အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပရာဒွန် ပတ္တနာဘု က ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံအတွင်း ၀င်ရောက် လာသည့် ဘင်္ဂါလီ ရွှေ့ပြောင်း လုပ်သား ဦးရေ ပိုမို များပြား လာနိုင် သောကြောင့် ၄င်းတို့ကို ဒုက္ခသည် စခန်းများ အဖြစ် ကာလကြာ ရှည်စွာ နေထိုင်ခွင့် ပြုမည် မဟုတ်ကြောင်း ပရာဒွန် ပတ္တနာဘု က ပြောကြားခဲ့သည်။ ဇန်န၀ါရီ ၂၈ ရက်နေ့ အစောပိုင်း တွင် ဖန်င ပြည်နယ် Ku Ko Surin အမျိုးသား ဥယျာဉ်၌ ဘင်္ဂါလီ ရွှေ့ပြောင်း လုပ်သား ၁၀၈ ဦးခန့်အား နစ်မြုပ် နေသော လှေတစ်စီး ပေါ်မှ ကယ်ဆယ် ထားခဲ့ကြောင်း နှင့် ၄င်းတို့တွင် အမျိုးသား ၆၉ ဦး ၊ အမျိုးသမီး ၂၆ ဦး နှင့် တစ်လသား အရွယ် ကလေးတစ်ဦး အပါအ၀င် ကလေးငယ် ၁၃ ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ ရွှေ့ပြောင်း လုပ်သား များအား ထိုင်းနိုင်ငံသို့ ရောက်ရှိ ပြီးနောက် ၆ လ အတွင်းသာ ခေတ္တ ထိန်းသိမ်းရေး စခန်းတို့တွင် ထားရှိမည် ဖြစ်ကြောင်း နှင့် ၄င်းနောက် မြန်မာ ၊ သို့မဟုတ် အခြားသော နိုင်ငံ များသို့ ပြန်လည် စေလွှတ် သွားမည် ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ပရာဒွန် ပတ္တနာဘု က ပြောကြား ခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ပရာဒွန် ပတ္တနာဘု သည် ဘင်္ဂါလီ အရေးး နှင့် ပတ်သက်၍ ဆွေးနွေးရန် အတွက် ထိုင်း တပ်မတော် ကိုယ်စားလှယ်များ ၊ အခြား လုံခြုံရေး အေဂျင်စီ များနှင့်လည်း ဇန်န၀ါရီ ၂၅ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲ ကျင်းပ


ကျိုင်းတုံ ၊ ၂၉-၁-၂၀၁၃

" World Vision " နှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွင်း (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အား ကြိုဆို ဂုဏ်ပြုသော အားဖြင့် အခြေခံ ပညာအဆင့် စာစီစာကုံး နှင့် ကဗျာ ပြိုင်ပွဲအား ကျိုင်းတုံမြို့ ၊ ပန်ဟွန်း အခြေခံ ပညာ မူလတန်း လွန်ကျောင်း တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ " World Vision " (ကျိုင်းတုံ) မှ တာဝန်ခံ ဦးစိုင်းနော်ကျောက် နှင့် ကျိုင်းတုံ ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ် ၊ ကျောင်းအုပ် ဆရာမကြီး နှင့် ဆရာ - ဆရာမများ ၊ မိဘ အုပ်ထိန်းသူများ နှင့် ကျောင်းသား - ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အစီအစဉ် အရ ကဗျာပြိုင်ပွဲဝင် ကျောင်းသား - ကျောင်းသူ ၁၉ ဦး နှင့် စာစီစာကုံး ပြိုင်ပွဲဝင် ကျောင်းသား - ကျောင်းသူ ၂၇ ဦးတို့သည် " ပြည်ထောင်စုနေ့ " ခေါင်းစဉ်ဖြင့် ပါဝင် ယှဉ်ပြိုင် ကြပြီးနောက် " World Vision " မှ တက်ရောက် လာကြသူ များအား စားသောက် ဖွယ်ရာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက် ကျင်းပခဲ့ရာ စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲ တို့တွင် ပထမ ၊ ဒုတိယ ၊ တတိယ ဆုရ ကျောင်းသား - ကျောင်းသူ များအား ကျောင်းဝတ်စုံ နှင့် စာရေး ကိရိယာများ ပစ္စည်းများ ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ လေဆိပ် ၆ ခု၌ လေကြောင်း လမ်းညွှန်စက်ပစ္စည်းများ တပ်ဆင်ရန် ဂျပန်က ကူညီသွားမည်

ရန်ကုန် ၊ ၂၉-၁-၂၀၁၃

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အပါအ၀င် မြန်မာနိုင်ငံရှိ လေဆိပ် ၆ ခု၌ လေကြောင်း လမ်းညွှန် စက်ပစ္စည်းများ တပ်ဆင်နိုင်ရန် ဂျပန် အစိုးရမှ ကူညီ သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၊ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် ၊ ညောင်ဦး လေဆိပ် ၊ ဟဲဟိုး လေဆိပ် ၊ သံတွဲ လေဆိပ် ၊ ထားဝယ် လေဆိပ် နှင့် ရန်ကုန် မြို့ရှိ လေကြောင်း ပညာ သိပ္ပံ တို့တွင် လေကြောင်း လမ်းညွှန် စက်ပစ္စည်းများ Weather Observing System တပ်ဆင်ရန် နှင့် အခြား လေကြောင်း ဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ဂျပန် နိုင်ငံနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ တွင် အာကာသ ဆိုင်ရာ အချက်အလက် များကို အသုံးပြုသည့် မဟာဗျူဟာ ၊ ဂြိုဟ်တု မှတ်တမ်း အသုံးပြု မှုများ ၊ ဂြိုဟ်တု အသုံးပြု ဆက်သွယ်ရေး နည်းစနစ်များ နှင့် အာကာသ နည်းပညာ ဆိုင်ရာ ပညာ သင်ကြားမှု များကို ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ဆန်စက် လယ်ယာထွက်ကုန် တန်ဖိုးမြင့် စက်ကိရိယာ ပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၉-၁-၂၀၁၃

နိုင်ငံ ၆ နိုင်ငံမှ နောက်ဆုံးပေါ် စိုက်ပျိုးရေး နည်းပညာ နှင့် လယ်ယာသုံး စက်ပစ္စည်းများ ပြသရောင်းချ သွားမည် ဖြစ်သည့် မြန်မာ့ ဆန်စက် နှင့် လယ်ယာ ထွက်ကုန် တန်ဖိုးမြင့် စက်ကိရိယာ ပြပွဲကို ၂၀၁၃ ခုနှစ် မတ်လ ၂ ရက်မှ ၅ ရက်အထိ Myanmar Converntion Center ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရသည်။

ယင်းပြပွဲ ပြသရန် Row A , Row B နှင့် Outdoor ဟူ၍ ဈေးနှုန်း ခွဲခြား ထားကြောင်း ၊ Row A ကို အမေရိကန် ဒေါ်လာ ၁၂၀၀ ၊ Row B ကို အမေရိကန် ဒေါ်လာ ၅၀၀ နှင့် Outdoor ကို အမေရိကန် ဒေါ်လာ ၁၂၀၀ သတ်မှတ် ထားကြောင်း ၊ ပါဝင် ပြသမည့် ကုမ္ပဏီ များသည် ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံး စာရင်း ပေးသွင်းပြီး တစ်ပါတည်း ငွေချေရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် အိန္ဒိယ ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ တရုတ် ၊ မလေးရှား ၊ ထိုင်း နှင့် အစ္စရေး နိုင်ငံ များက ၄င်းတို့၏ နောက်ဆုံးပေါ် စက်ပစ္စည်း များကို ပါဝင် ပြသ သွားမည် ဖြစ်ပြီး ပြပွဲကို အပြည်ပြည် ဆိုင်ရာ စိုက်ပျိုးရေး နှင့် စားသောက်ကုန် လုပ်ငန်းများမှ ကိုယ်စားလှယ် အများအပြား သည်လည်း တက်ရောက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၁၃)



၂၉-၁-၂၀၁၃ ရက်နေ့ထုတ်
မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၁၃)

Download Link = Minus

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်

၁။ ကချင်ပြည်နယ် တွင် ဖြစ်ပွားလျက် ရှိသော လက်နက်ကိုင် ပဋိပက္ခ များနှင့် စပ်လျဉ်း၍ ပြည် တွင်း ပြည်ပမှ အဖွဲ့အစည်း အချို့ ၊ သံရုံး အချို့ နှင့် စာနယ်ဇင်း အချို့ တို့မှ မမှန်မကန် သတင်း များ နှင့် အစိုးရ နှင့် တပ်မတော် အပေါ် ပြည်သူ လူထု အထင် အမြင် လွှဲမှား စေမည့် သတင်းနှင့် ကြေညာ ချက် များ ထုတ်ပြန်ခဲ့ပါသည်။

၂။ အဆိုပါ သတင်းနှင့် ကြေညာချက် တို့တွင် မြန်မာ့ တပ်မတော် သည် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာအနီး ၀န်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ် ဆင်နေကြောင်း သတင်းများ ကိုသာ တစ်ဖက်သတ် ဇောင်းပေး၍ ဖော်ပြ နေပါသည်။ တရားဝင် မီဒီယာ များတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှု များနှင့် အပြစ်မဲ့ ပြည်သူ များ၏ အသက် အိုးအိမ် ဖျက်ဆီးမှုများ ၊ ဖမ်းဆီး ခေါ်ဆောင်မှုများ ၊ စစ်ရေး နှင့် မဆိုင်သော အရပ်ဘက် လမ်း တံတား များစွာကို ဖျက်ဆီး ခဲ့မှု သတင်းများ ထုတ်ပြန် ထားပါလျက် ယင်း အဖြစ်မှန် သတင်းများကို မျက်ကွယ်ပြု ပြီး မမှန်မကန် သတင်းများ ကိုသာ ဖော်ပြ နေကြောင်း တွေ့ရှိ ရပါသည်။ ယင်းသို့ တစ်ဖက် စောင်းနင်း ဖော်ပြချက် များသည် အများပြည်သူ နှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှား မှုများ ဖြစ်ပေါ် စေနိုင် ပါသည်။

၃။ နိုင်ငံတော် အစိုးရသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကို ဦးထိပ် ထားလျက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူညီ မှုများ ရရှိ နိုင်ရေး အတွက် စေတနာမှန် ဖြင့် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ KIO/ KIA အဖွဲ့မှ လွဲ၍ ကျန် အဖွဲ့များ နှင့် ငြိမ်းချမ်းရေး သဘော တူညီမှုများ အဆင့်ဆင့် ရရှိထားပြီး ဖြစ်ပါသည်။ ယင်းတို့ သဘော တူညီမှုများ ရရှိနိုင်ရန် တပ်မတော် သည် အစိုးရနှင့် ထပ်တူ ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် လိုက်ပါ ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁-၂၀၁၃)


Scribd
Minus

Sunday, January 27, 2013

ဆိုးဆေး ပါဝင်သော အစာ စားသုံးမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားရ



ရန်ကုန် ၊ ၂၇-၁-၂၀၁၃

ကမ္ဘာပေါ်တွင် ကင်ဆာ ရောဂါ ဖြစ်ပွားမှု များသော နိုင်ငံ များထဲ၌ မြန်မာနိုင်ငံ ပါဝင် နေသည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန် ခဲ့သည့် ကျန်းမာရေး အစီရင်ခံ များအရ သိရသည်။ ထိုသို့ ကင်ဆာ ဖြစ်ပွားမှု များပြား လာခြင်းသည် ပြည်သူများ စားသုံး နေသည့် အသက် အန္တရာယ် ဖြစ်စေ နိုင်သော ဆိုးဆေးများ ၊ ဆေးဝါး များကြောင့် ဖြစ်သောကြောင့် စားသုံးသူ ကာကွယ်ရေး အသင်းမှ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဈေးများကို ပညာပေးခြင်း နှင့် သတိပေးခြင်း များ ဆောင်ရွက် လျက်ရှိသည်ဟု သိရသည်။

ပညာပေးခြင်း ၊ သတိပေးခြင်း ကာလ ပြီးဆုံးပါက မလိုက်နာ သူများကို ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်ထိ ၊ ငွေဒဏ် ငါးသောင်းမှ ငါးသိန်းထိ စားသောက်ကုန် ဥပဒေအရ အရေးယူမည် ဟု သိရသည်။ ဆိုးဆေး အများဆုံး အသုံးပြုမှုကို အချဉ်ရည် များတွင် တွေ့ရှိရပြီး ပလပ်စတစ် ၊ ဖော့ဘူး ၊ ခြင်ဆေးခွေ ၊ ပဲဆီ(အတု) နှင့် နှမ်းဆီ(အတု) များ စသည်တို့ သည်လည်း ကင်ဆာ ရောဂါ များ ဖြစ်ပွား စေသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံ BOT မှ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည်



ရန်ကုန် ၊ ၂၇-၁-၂၀၁၃

ထိုင်းနိုင်ငံ  Thailand Board of Investment ( BOT ) ၏ ဦးဆောင်မှုဖြင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင် ၄၆ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၆ ရက်နေ့ အထိ မြန်မာနိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့် ဆောင်ရွက် နိုင်ရေး အတွက် လာရောက် ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ် အတွင်း လယ်ယာ စိုက်ပျိုးရေး ထွက်ကုန် လုပ်ငန်း ၊ တိရစ္ဆာန် အစားအစာ လုပ်ငန်း ၊ မော်တော်ကား နှင့် အပိုပစ္စည်း လုပ်ငန်း ၊ ဓာတုဗေဒ လုပ်ငန်း ၊ အလှကုန် လုပ်ငန်း ၊ လျှပ်စစ် ပစ္စည်း အမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်း ၊ စားသောက် ကုန်ထုတ် လုပ်ငန်း ၊ စွမ်းအင် နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် လုပ်ငန်း ၊ စက်မှု စွန့်ပစ် ပစ္စည်း သန့်စင်ရေး လုပ်ငန်း ၊ ဓာတ်ခွဲခန်း နှင့် သက်ဆိုင်သည့် ၀န်ဆောင်မှု လုပ်ငန်းများ ၊ စက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း ၊ ထုတ်ပိုးမှု လုပ်ငန်း ၊ စက္ကူ ထုတ်လုပ်သည့် လုပ်ငန်း ၊ ပိုက် နှင့် ပိုက်ဆက် လုပ်ငန်း ၊ ပလပ်စတစ် လုပ်ငန်း ၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း ၊ ရော်ဘာ လုပ်ငန်း ၊ ပိုးချည်မျှင် ထုတ်လုပ်သည့် လုပ်ငန်း ၊ အထည်ချုပ် လုပ်ငန်း ၊ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်း လုပ်ငန်း အစရှိသော လုပ်ငန်း အမျိုးမျိုးကို အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရန် နှင့် ရင်းနှီး မြှုပ်နှံရေး အခွင့် အလမ်း များကို လေ့လာသိရှိ နိုင်ရန် အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင် များနှင့် ဖေဖော်ဝါရီ ၅ ရက် (အင်္ဂါနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ၊ နတ်မောက် လမ်းရှိ Chatrium Hotel ၌ တွေ့ဆုံ ဆွေးနွေး ကြမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရွှေအရောင်းအ၀ယ် ဗဟိုဈေးကွက်အား ဘဏ်များနှင့် ချိတ်ဆက် လုပ်ဆောင်မည်

ရန်ကုန် ၊ ၂၇-၁-၂၀၁၃



မြန်မာနိုင်ငံ ရွှေ အရောင်းအ၀ယ် ဗဟိုဈေးကွက်အား ဘဏ်များနှင့် ချိတ်ဆက်ကာ အကောင် အထည်ဖော် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူ တစ်ဦး ပြောကြားကြောင်း သိရသည်။ " ဒီလို လုပ်ရတာ ဈေးကွက်ကို ပိုခိုင်မာ စေချင်လို့ပါ ၊ ၀ယ်သူရော ၊ ရောင်းသူပါ အာမခံချက် ရှိမယ် ၊ ရွှေရဲ့ အရည် အသွေး ၊ စံချိန် စံညွှန်း အားလုံး ခိုင်မာ တဲ့ စနစ် ဖြစ်သွားအောင် ဗဟို ဈေးကွက် ပုံစံနဲ့ အကောင် အထည်ဖော် သွားမှာပါ .... " ဟု မြန်မာနိုင်ငံ ရွှေဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီမှ ဈေးကွက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဝင်းက ပြောကြား ခဲ့သည်။

ယင်းဈေးကွက်သည် ဘဏ်ကို ကြားခံထား၍ ဘဏ်၌ မိမိ အပ်နှံ ထားသော ငွေကြေးပေါ် မူတည်၍ အရောင်းအ၀ယ် ပြုလုပ်မည့် ပုံစံဖြစ်ကြောင်း ၊ ယင်း ဈေးကွက်အား ရန်ကုန်တွင် စတင် အကောင် အထည်ဖော် ၍ အောင်မြင်ပါက မန္တလေးတွင် ထပ်မံ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ ရွှေ အရောင်းအ၀ယ် ဗဟို ဈေးကွက်အား ၂၀၁၂ ခုနှစ် ကုန်ပိုင်းတွင် စတင် အကောင် အထည်ဖော် ရန် ရည်ရွယ် ထားသော်လည်း လုံခြုံ စိတ်ချရသော နေရာတွင် ဘဏ်များ နှင့် ချိတ်ဆက် လုပ်ကိုင်မည် ဖြစ်၍ ဆက်သွယ်ရေး ကောင်းမွန်သော နေရာအား ရှာဖွေဆဲ ဖြစ်ကြောင်း သိရှိရသည်။

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger