www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 30, 2013

မြန်မာပြည်တွင်းသို့ တရုတ်ပြည်မှ မှောင်ခိုလမ်းကြောင်းဖြင့် ၀င်ရောက်လာသည့် ကြက်ဥများ သားဖောက် မွေးမြူမှုများရှိနေ

ရန်ကုန် ၊ ၃၀-၈-၂၀၁၃

မြန်မာပြည် တွင်းတွင် တရုတ်ပြည်မှ တရားမဝင် မှောင်ခို လမ်းကြောင်းမှ ဝင်ရောက် လာသည့် ကြက်ဥများကို သားဖောက် မွေးမြူမှုများ ပြုလုပ်နေကြောင်း ကြက်မွေးမြူရေး လုပ်ငန်းရှင် များထံက သိရသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် တရုတ်ပြည်မှ ကြက်ဥများကို တရားမဝင် မှောင်ခို လမ်းကြောင်း များမှ ဝယ်ယူ၍ သားဖောက် မွေးမြူမှုများ ရှိနေသည်ဟု ဒေသခံများ နှင့် ကြက်မွေးမြူ ရေးစီးပွားရေး လုပ်ငန်းရှင် များထံက သိရသည်။ မြန်မာပြည် တွင်းသို့ ပြည်ပနိုင်ငံများ မှ ကြက်သားပေါက် များနှင့် မျိုးကြက်ဥ များ တင်သွင်းမည် ဆိုပါက တင်သွင်း မည့်နိုင်ငံမှာ အနည်းဆုံး သုံးလခန့် ကြက်ငှက် တုပ်ကွေး ရောဂါကင်းရှင်း သည့်  ထောက်ခံချက် ရှိရမည် ဆိုသည့် သတ်မှတ်ချက် ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

" တရုတ်နိုင်ငံ မှာကလည်း ကြက်ငှက် တုပ်ကွေးက ဖြစ်နေတာ ၊ ဒီကို တရုတ်နိုင်ငံ ကနေ ကြက်ဥ ကြက်သားပေါက် တွေ ဝင်နေတယ် ဆိုရင် လည်း တရားမဝင် လမ်းကြောင်းကပဲ ဖြစ်မယ် ၊ ဘာလို့လည်း ဆိုတော့ ဒီကို ကြက်ဥ ၊ ကြက်သားပေါက် တွေထပ်ပို့ ရင် အဲဒီနိုင်ငံက အနည်းဆုံး သုံးလ ကြက်ငှက် တုပ်ကွေး ကင်းရှင်းတဲ့ နိုင်ငံ ဖြစ်ရမယ် ... ''ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာလှလှသိန်း က ပြောကြား ခဲ့သည်။

မိမိအနေဖြင့် အတည်ပြုချက် မပေး လိုသော်လည်း မန္တလေးတိုင်း ဒေသကြီး အတွင်းသို့ တရုတ်ပြည်မှ ကြက်ဥများ တင်သွင်း၍ သားဖောက် မွေးမြူသည့် သတင်းများကို ကြားနေ ရကြောင်း ၊ ယင်း တရုတ်ပြည်မှ ကြက်ဥများ ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ဝင်ရောက် မည်ကို စိုးရိမ်၍ တာဝန်ရှိ သူများနှင့် ညှိနှိုင်းပြီး စီမံချက် ရေးဆွဲ ဆောင်ရွက် နေကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ '' ရန်ကုန်တိုင်း ဒေသကြီး ကို ရှမ်းပြည်နယ် က ကြက်ဥတွေ ဝင်တယ် ၊ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ထောက်ခံချက်ပါမှ တင်သွင်းခွင့် ပြုမယ် ၊ အခု ရန်ကုန်တိုင်း ဒေသကြီး အတွင်းက ကြက်တွေက တရုတ်ပြည်က ကြက်တွေလုံးဝ မဟုတ်ပါဘူး လို့ ပြောချင်ပါတယ် ...''ဟု ၄င်းက ထပ်မံ ပြောကြား ခဲ့သည်။


အသားတိုးကြက် ထုတ်လုပ်ရောင်းချ မွေးမြူ သူများ အသင်းမှ စာရင်းဇယား များအရ ဇန်နဝါရီလ တစ်လလုံးတွင် မြန်မာ တစ်နိုင်ငံလုံး အတွက် ကြက် ၂ ဒသမ ၆ သန်း မွေးမြူ ထုတ်လုပ်နိုင် ခဲ့ကြောင်း သိရှိရသည်။

ပြည်ပဆားများ ပြည်တွင်းသို့ ၀င်ရောက်မှု များပြားလာသဖြင့် ပြည်တွင်းဆားဈေးကွက် အခြေအနေ ယိုင်နဲ့နေ


ရန်ကုန် ၊ ၃၀-၈-၂၀၁၃

ပြည်တွင်း ဆားထုတ်လုပ် သူများသည် အိမ်နီးချင်း နိုင်ငံများမှ ထုတ်သော အရည်အသွေးမြင့် ဆားများကို မယှဉ်ပြိုင် နိုင်သဖြင့် ဆားထုတ်လုပ်ငန်း ကွယ်ပျောက်လု နီးအခြေအနေ နှင့် တွေ့ကြုံ နေရကြောင်း သိရသည်။

ပြည်တွင်း ဆားဈေးကွက်သို့ ထိုင်းနိုင်ငံ ၊ အိန္ဒိယနိုင်ငံ တို့မှ အရည်အသွေးမြင့် ဆားဈေးများ ပြည်တွင်း ဈေးကွက် သို့ တင်သွင်း နေသည့် ဆားများမှာ လူကြိုက်များပြီး ပြည်တွင်းဖြစ် ဆားများမှာ မယှဉ်နိုင် ကြောင်း သိရသည်။အဆိုပါ ဆားဈေးနှုန်း ကွာခြားခြင်းမှာ ပြည်တွင်းရှိ ဆားထွက်ရာ ဒေသဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ရှိ ဆားလုပ်ကွက်များ မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ကာလမှစ၍ ယခုအချိန်ထိ ယခင် လုပ်ကိုင် နေသည့် လူများထဲမှ အနည်း အကျဉ်းသာ ဝင်ရောက် လုပ်ကိုင်နေပြီး ယင်းသို့ လုပ်ကိုင် နေသည့် သူများမှာ နည်းပညာ အခက်အခဲ များကြောင့် ဆားဈေးကွက် ကို မယှဉ်ပြိုင် နိုင်ဘဲ အခက်များနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

ယခုအချိန်တွင် ဆားလုပ်ကွက် ဧက တစ်သောင်းကျော် ရှိသည့်အနက် ၁၇၁ ဧက လောက်သာ လုပ်ကိုင် နေခြင်းတို့ကြောင့် ယခင် ဆားလုပ်ငန်း ကို မှီခို လုပ်ကိုင် သူများမှာ မြို့ကြီးများသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင် နေရကြောင်း သိရသည်။

" ကျွန်တော်တို့ ဆီမှာ ဆားလုပ်ကွက် အများကြီး ရှိပါတယ် ၊ နာဂစ် မုန်တိုင်း အပြီး ရာသီဥတု ဆိုးဝါးသဖြင့် ဆားထွက်ရှိမှု ကလည်း လျော့ကျ သွားပါတယ် ၊ လုပ်တဲ့ သူတွေလည်း သိပ်မလုပ် နိုင်ဘူး ၊ အခုလို ဖြစ်တော့ ပြည်ပလုပ် ဆားများ ၀င်ရောက် လာခဲ့ပြီး ဒီဆားတွေကို ဘယ်လိုမှ မကျော်နိုင်ဘူး ... " ဟု မြန်မာ ဆားလုပ်ငန်း ကြီးကြပ်သူ ဦးအုန်းသန်း က ပြောကြား ခဲ့သည်။


ထိုသို့ ဆားဈေးကွက်များ ကျဆင်းနေမှုကို ပြင်လည် မြှင့်တင်ပေးရန် သတ္ထုတွင်း ၀န်ကြီးဌာန သို့တင်ပြကာ စက်မှု နည်းပညာ များကို ပံ့ပိုး ကူညီ ဆောင်ရွက် ပေးစေရန် တင်ပြထားကြောင်း ယင်းမြို့နယ်ရှိ ဆားလုပ်ငန်းရှင် များက ပြောကြားကြောင်း သိရှိရသည်။

ကရင်ပြည်နယ် သို့ အဓိက လာရောက်သူများမှာ သမိုင်းဆိုင်ရာ သုတေသီ အများဆုံး ဖြစ်ကြောင်း သိရ


ရန်ကုန် ၊ ၃၀-၈-၂၀၁၃

ကရင်ပြည်နယ် ရှိ ရှေးဟောင်း ဘုရားစေတီ များကို ဂူကြီးများအတွင်း ထုလုပ်ထားခဲ့မှု များသည် လွန်ခဲ့သော အေဒီ ၇ ရာစုအတွင်းက ထုလုပ်ထား ခဲ့သည် ဆိုသော သမိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် များကို လာရောက် လေ့လာသော သမိုင်း သုတေသီများမှာ ကရင်ပြည်နယ် သို့ လာရောက်ကြပြီး ပြင်သစ် ပညာရှင်များ အဓိက လာရောက် ကြကြောင်း ကရင်ပြည်နယ် ၏ ရှေးဟောင်း ဘုရားများကို စောင့်ရှောက်နေ သူတစ်ဦးဖြစ်သူ ဆရာကြီး မောင်မောင်ကြည် က ပြောကြားခဲ့သည်။

ကရင်ပြည်နယ်တွင် ကော့ကွန်းဂူ ၊ ရသေ့ပျံဂူ များမှာ ရှေးမွန်ကျောက်စာ များအပါအဝင် ရှေးဟောင်းဂူကပ် ဘုရားရုပ်တုတော် များရှိသောကြောင့် နိုင်ငံတကာ သမိုင်း သုတေသန များ အများအပြား လာရောက် ကြသော နေရာဖြစ်ပြီး သမိုင်းဆိုင်ရာ စာတမ်းများရေး သားထုတ်ဝေ နိုင်ရန် တိုင်းရင်းသားများ နှင့် သမိုင်းဆိုင်ရာ အချက်အလက် များရရန် ကရင်ပြည်နယ် သို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် တန်ဖိုးမဖြတ် နိုင်သော ရှေးဟောင်း အမွေအနှစ် များစွာရှိနေပြီး ကော့ကွန်းဂူမှာ ၇ ရာစုနှစ် လောက်က ကျောက်စာများ ပါရှိနေပြီး အခြားသော ထုံးကျောက်ဂူ များတွင်လည်း ရှေးဟောင်း လက်ရာ အများအပြား ကျန်ရှိ နေနိုင်သေးပြီး လေ့လာမှုများ ပြုလုပ်ရန် လိုအပ် နေသေးကြောင်း သိရသည်။


ကရင်ပြည်နယ်သည် နိုင်ငံတကာ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်သော ဒေသကြီးဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် နယ်စပ်မြို့ကြီး နှစ်မြို့ထိစပ်နေမှု များကြောင့် နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်ရာ ထိုင်းနိုင်ငံမှ တစ်ဆင့် လာရောက် လည်ပတ်ရန် အကောင်းဆုံး အနေအထား တွင်ရှိနေပြီး ကရင်ပြည်နယ် ခရီးသွား လုပ်ငန်းမှ ၀င်ငွေ အများအပြား ရရှိနိုင်သော အခြေအနေ တွင် ရှိကြောင်း သိရှိရသည်။

တန်ဖိုးနည်း ၁၅၀၀ ကျပ်တန်ဆင်းကတ်များ ချထားပေးပြီးနောက် အင်တာနက်ဆိုင်တချို့ စီးပွားရေးအရ ပိတ်သိမ်းမှုများ ရှိလာ

ရန်ကုန် ၊ ၃၀-၈-၂၀၁၃

ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကတ်များ ချထား ပေးပြီးနောက် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ အင်တာနက်ဆိုင် တချို့ စီးပွားရေးအရ တွက်ခြေမကိုက် သဖြင့် ပိတ်သိမ်းမှုများ ရှိလာကြောင်း သိရသည်။

ငွေကျပ် နှစ်သိန်းတန်ဖုန်း စတင် ချထားပေးပြီး နောက်ပိုင်းမှ စ၍ အင်တာနက် ဆိုင်တချို့ ရပ်တည်ရန် ခက်ခဲလာကြောင်း ၊ ငွေကျပ် တစ်သောင်းဖြင့် ဖုန်း အင်တာနက် လျှောက်ထား နိုင်သဖြင့် ဆိုင်သို့ တကူးတက လာရောက် အသုံးပြုသူ နည်းပါး လာကြောင်း ၊ ၀န်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်မှု နှင့် ပုံမှန် အသုံးပြုသူ ရရှိထားသော ဆိုင်တချို့သာ ဆက်လက် ရပ်တည် နိုင်ကြောင်း သိရသည်။

" အခုဆိုရင် တန်ဖိုးနည်း ဖုန်းတွေ ချထားပေး နေတော့ လူအတော်များများ က ဖုန်းကိုင် လာနိုင်ကြတယ် ၊ ဖုန်း အင်တာနက် ကလည်း လျှောက်ရတာ လွယ်ကူပြီး သက်သာတော့ ဆိုင်လာပြီး အသုံးပြု တာမျိုးက တဖြည်းဖြည်း နည်းလာတာပေါ့ ၊ တချို့ဆိုင် တွေက တွက်ခြေ မကိုက်လို့ ပိတ်ကြတယ် ၊ တချို့ကလည်း ဂိမ်းဆိုင် အဖြစ် ပြောင်းလိုက် ကြတယ် ၊ ဂိမ်းနဲ့ အင်တာနက် တွဲလိုက်တော့ ဘာပဲ ပြောပြော တစ်ခုတည်း နဲ့ စာရင်တော့ လူပိုဝင် တာပေါ့ .... " ဟု အင်တာနက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြား ခဲ့သည်။


လက်ရှိ လူငယ် အများစုသည် အင်တာနက် အသုံးပြုရုံ သက်သက်ဖြင့် ဆိုင်သို့ လာရောက်သူ နည်းပါးကြောင်း ၊ DOTA-2 ကဲ့သို့ အွန်လိုင်းဂိမ်း များ ဆော့ရန်အတွက် လာရောက် အသုံးပြု ကြကြောင်း ၊ ထို့ကြောင့် ဂိမ်း နှင့် အင်တာနက် နှစ်ခုတွဲဖွင့်မှသာ အင်တာနက် ဆိုင်များ အတွက် တွက်ခြေ ကိုက်မည် ဖြစ်ကြောင်း B-Net အင်တာနက်ဆိုင် မှ မန်နေဂျာ က သုံးသပ် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာမှ ပြည်တွင်းသို့ တင်သွင်းသော ကုန်သေတ္တာများ အာဆီယံ အကောက်ခွန်စနစ်ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်မည်


ရန်ကုန် ၊ ၃၀-၈-၂၀၁၃

မြန်မာနိုင်ငံသို့ တင်သွင်း လာသော နိုင်ငံတကာ ကုန်သေတ္တာ များကို အာဆီယံ အကောက်ခွန် စနစ်ဖြင့် ၂ဝ၁၅ ခုနှစ်တွင် စစ်ဆေးနိုင်ရန် စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘဏ္ဍာရေး နှင့် အခွန် ဦးစီးဌာန မှ သိရသည်။

အဆိုပါ ကုန်သေတ္တာ များကို MACCA ( Myanmar Automatic Sustoms City System ) နည်းစနစ် ဖြင့် စစ်ဆေးနိုင်ရန် အတွက် နိုင်ငံတကာ နည်းပညာများ လိုအပ် နေသောကြောင့် လက်ရှိတွင် ကုန်သည်များကို ယုံကြည်မှု ပေးနိုင်သော Risk Management စနစ်ဖြင့် ကုန်သေတ္တာ များကို စစ်ဆေးမှုများ ဆောင်ရွက် နေကြောင်း ယင်းဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။


'' နိုင်ငံတကာက ဝင်လာတဲ့ ကုန်သေတ္တာ တွေကို Risk Management စနစ်နဲ့ တင်သွင်း လာတဲ့ လုပ်ငန်းရှင်ရဲ့ မှတ်တမ်းပေါ် မူတည်ပြီးတော့ မဲစနစ်နဲ့ ရွေးချယ် စစ်ဆေးပါတယ် ... ''ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ ယင်းတင်သွင်း လာသော ကုန်သေတ္တာ ပစ္စည်း စာရင်း ကုတ်နံပါတ်နှင့် ကုန်တင်သွင်းမှု မှတ်တမ်းများ အပေါ် မူတည်၍ Green Channel , Yellow Channel နှင့် Red Channel ဟူ၍ ၃ မျိုး ခွဲ စစ်ဆေးကြောင်း နှင့် ယခုကဲ့သို့ နိုင်ငံတကာ နည်းတူ အကောက်ခွန် စစ်ဆေးမှုများ ပြုလုပ် ရခြင်းသည် ၂၀၁၅ ခုနှစ်တွင် အာဆီယံ နိုင်ငံများသို့ လွတ်လပ်စွာ ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန် နိုင်ငံတကာ နည်းတူ အကောက်ခွန် နည်းစနစ်ဖြင့် ပြုလုပ်မှသာ ယုံကြည်မှု ရှိနိုင်ကြောင်း ၄င်း၏ ပြောပြချက် အရ သိရှိရသည်။

အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်


ရန်ကုန် ၊ ၃၀-၈-၂၀၁၃

ဆက်သွယ်ရေး ၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အထိမ်းအမှတ် ၁၀၀ ကျပ်တန် စာပို့ တံဆိပ်ခေါင်းသစ် ၄ မျိုး ၊ ၅၀၀ ကျပ်တန် စာပို့ တံဆိပ်ခေါင်း ၄ မျိုး ၊ ၁၀၀ ကျပ် နှင့် ၅၀၀ ကျပ်တန် ၈ လုံးတွဲ စာပပို့ တံဆိပ်ခေါင်းသစ် တစ်မျိုး စုစုပေါင်း အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် ၉ မျိုး ကို စက်တင်ဘာလ ၂ ရက် နံနက် ၉ နာရီမှ စတင်၍ တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် နှင့် မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။


အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး ၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့၌ စက်တင်ဘာလ ၂ ရက်တွင် ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်း များပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

Miss Universe Myanmar အတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်

ရန်ကုန် ၊ ၃၀-၈-၂၀၁၃

ရုရှားနိုင်ငံ ၊ မော်စကိုမြို့ တွင် မယ်စကြာဝဠာ ပြိုင်ပွဲကို လာမည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ရာ အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ မှ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် Miss Universe Myanmar ပြိုင်ပွဲကို အောင်တိုဘာ လဆန်းတွင် ကျင်းပမည် ဖြစ်ရာ ပြိုင်ပွဲ ၀င်ခွင့် လျှောက်လွှာ များကို Hello Madam တွင် အခမဲ့ ထုတ်ယူနိုင်ပြီး တိုက် ( A.3.1 )၊ အခန်း ၇၀၃ ၊ မြန်မာ့ဂုဏ်ရည် အိမ်ရာ ၊ အထက် ပန်းဆိုးတန်းလမ်း ၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ၊ ရန်ကုန်မြို့ သို့ ပြိုင်ပွဲဝင် လျှောက်လွှာများ ပေးပို့ ရမည် ဖြစ်ကြောင်း သိရသည်။


Miss Universe ပြိုင်ပွဲဝင် များသည် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည့် အပြင် အသက် ၂၇ နှစ်ထက် မကြီးသူ ဖြစ်ရမည် ဖြစ်ကာ အရပ်အမြင့် ၅ ပေ ၆ လက်မနှင့် အထက် ရှိရမည် ဖြစ်သည်။ ပြိုင်ပွဲတွင် Miss Universe Myanmar ပထမဆု အတွက် ငွေကျပ် သိန်း ၁၀၀ ၊ 1st Runner up ဆုအတွက် ငွေကျပ် သိန်း ၅၀ ၊ 2nd Runner up ဆုအတွက် ငွေကျပ် ၂၅ သိန်း အပြင် ဆန်ခါတင် ၁၅ ဦးအား ငွေကျပ် ၃ သိန်းစီ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၈-၂၀၁၃)



Download Links


Thursday, August 29, 2013

မြန်မာနိုင်ငံ EITI အဖွဲ့ဝင်ဖြစ်လာပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်းသော ရင်းနှီးမြှုပ်နှံမှုများ ၀င်လာမည်


ရန်ကုန် ၊ ၂၉-၈-၂၀၁၃

မြန်မာနိုင်ငံ အနေဖြင့် Extractive Industries Transparency Initiative _ EITI  အဖွဲ့ဝင် နိုင်ငံဖြစ်ရန် ကြိုးစားမှု များသည် နိုင်ငံတကာ လုပ်ငန်းရှင် များက မြန်မာနိုင်ငံ သို့ လာရောက် ရင်းနှီးမြှုပ်နှံ မှုပြုပါက သဘာဝ သယံဇာတ များကို နိုင်ငံစံနှုန်း များအတိုင်း ရယူ သုံးစွဲရမည် ဖြစ်သောကြောင့် သယံဇာတ ကြောင့် ဖြစ်ပေါ် လာသော ပဋိပက္ခများ မရှိနိုင်ဘဲ အဆင့်မြင့်သော ရင်းနှီးမြှုပ်နှံ သူများသာ ၀င်လာမည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးစည်သူလွင် က ပြောကြား ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် EITI အဖွဲ့ဝင် ဖြစ်လာပါက သဘာဝ အရင်းအမြစ် များကို စနစ်တကျ ထုတ်ယူ သုံးစွဲခြင်း ၊ သယံဇာတ ထုတ်ယူ သုံးစွဲမှုများ ကြောင့် ဖြစ်ပေါ် လာနိုင်သော ပြဿနာများ ၊ သဘာဝ သယံဇာတ ထုတ်ယူ သုံးစွဲခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ၊ လူမှုဘ၀ ထိခိုက်မှုများ ၊ ကျန်းမာရေး ထိခိုက်မှုများ မဖြစ်ပေါ် စေရန် ရင်းနှီးမြှုပ်နှံ သူများက ထည့်သွင်း စဉ်စား လုပ်ကိုင်မှု ပိုမို အားကောင်း လာစေမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကိစ္စများကို အကောင် အထည်ဖော် နိုင်ရန်အတွက် အမေရိကန် အစိုးရ ကလည်း ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပဋိပက္ခများ လျော့နည်း စေရေး အတွက် နည်းပညာ နှင့် ငွေကြေး အထောက်အပံ့ များ ပေးအပ် သွားမည် ဖြစ်ကြောင်း ကတိက၀တ်ပြု ပြောကြား ထားကြောင်း လည်း သိရှိရသည်။

ယဉ်ကျေးမှုနီတိ မူကြမ်း အတည်ပြုချက် ရလျှင် အနုပညာတက္ကသိုလ် ၌ သင်ကြားမည်

ရန်ကုန် ၊ ၂၉-၈-၂၀၁၃

အနုပညာ တက္ကသိုလ်တွင် ဘာသာရပ် တစ်ခုအနေဖြင့် ယဉ်ကျေးမှုနီတိ မူကြမ်းကို ရေးဆွဲပြီးစီး နေပြီဖြစ်ရာ သက်ဆိုင်ရာမှ အတည်ပြုချက် ရရှိပါက နောက်ပညာသင် နှစ်အတွင်း စတင် သင်ကြားမည် ဖြစ်ကြောင်း အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

ပထမဆုံး အနေဖြင့် အနုပညာ တက္ကသိုလ် တွင် ဆက်သင်ကြား မည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြေခံပညာ ကျောင်းများ တွင်ပါ အဆင့်အလိုက် သင်ကြား နိုင်အောင် စီစဉ်သွားမည် ဖြစ်ကြောင်း ၊ ယဉ်ကျေးမှုနီတိ သင်ကြား ရခြင်း၏ ရည်ရွယ်ချက် သည် ခေတ်စနစ် ပြောင်းလဲမှု နှင့်အတူ လူငယ်လူရွယ် များ မြန်မာ့ ယဉ်ကျေးမှုနှင့် ဓလေ့များကို မမေ့ပျောက်အောင် ထိန်းသိမ်းနိုင် စေရေး အတွက် ဖြစ်ကြောင်း သိရှိရသည်။

" မူကြမ်း ရေးဆွဲပြီးသွား ပါပြီ ၊ အတည်ပြုချက် ယူရုံတင် ကျန်ပါတော့တယ် ၊ အဓိက မြန်မာ့ ယဉ်ကျေးမှု ဓလေ့တွေကို လက်ဆင့်ကမ်း ပေးတဲ့ သဘောပါ ၊ ကိုယ့် ယဉ်ကျေးမှုကို မြတ်နိုး တတ်အောင် ရည်ရွယ်ချက် နဲ့ပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


ယခုနှစ်အတွင်း ပညာရေး အဆင့်မြင့် တင်မှု အနေဖြင့် ဘာသာရပ်များ တိုးချဲ့ခြင်း ၊ ပြောင်းလဲခြင်းများ အပါအဝင် နိုင်ငံတကာ ပညာရေး အဆင့်နှင့် ကိုက်ညီသော သင်ရိုး ညွှန်းတမ်းများ ဖြစ်လာရေး ဆောင်ရွက် သင့်ကြောင်း ၊ ယခင်က ရန်ကုန် တက္ကသိုလ်သည် နိုင်ငံတကာ အဆင့်တန်းမီ ပညာရပ်များ သင်ကြား နိုင်ခဲ့ပြီး နောက်ပိုင်းနှစ် များအတွင်း ပညာရေး အဆင့် ကျဆင်းမှုတွေ ရှိလာကြောင်း သိရှိရသည်။ အဆိုပါ အတည်ပြုချက် ရရှိပါက ရန်ကုန် နှင့် မန္တလေးရှိ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် များတွင် စတင် သင်ကြားမည် ဖြစ်ကြောင်း ၊ လက်ရှိတွင် သင်ကြားနိုင်ရန် အတွက် အတည်ပြချက် ရရန် စောင့်ဆိုင်း နေကြောင်း သိရှိရသည်။(စိုးမိုး)

အင်းလေးဖောင်တော်ဦးဘုရား ၂၁ ဌာန ဒေသစာရီကြွချီရာ ရေလမ်းကြောင်းတစ်လျှောက် ကြိုတင်ပြင်ဆင်

ညောင်ရွှေ ၊ ၂၉-၈-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ် အင်းလေး ဖောင်တော်ဦး ဘုရားကြီးသည် နှစ်စဉ်နှစ်တိုင်း အင်းလေးဒေသ ပတ်ဝန်းကျင် ကျေးရွာများရှိ ၂၁ ဌာန သို့ ဒေသစာရီကြွချီ လှည့်လည် အပူဇော်ခံ သည်မှာ အစဉ်အလာ တစ်ရပ် ဖြစ်ပါသည်။

ထိုသို့ လှည့်လည် အပူဇော် ခံရာတွင် မြန်မာနိုင်ငံ အတွင်းရှိ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ ၊ နိုင်ငံခြားသား ခရီးသည်များ လည်း လာရောက် ဖူးမြော် လေ့လာကြသည်။ ယခုနှစ်တွင် လည်း အောက်တိုဘာလ ၅ ရက် (သီတင်းကျွတ် လဆန်း ၁ ရက်) ကျောင်းတော်ကြီးမှ အင်းလေးဒေသ ပတ်ဝန်းကျင် ကျေးရွာများရှိ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီ အပူဇော်ခံမည် ဖြစ်သည်။


ထိုသို့ ဖောင်တော်ဦး ဘုရား လှည့်လည် အပူဇော်ခံရန် ဒေသစာရီ ကြွချီရာ ရေလမ်း တစ်လျှောက်တွင် အခက်အခဲ မရှိ အဆင်ပြေ ချောမွေ့စွာ ကြွချီနိုင်ရေး အတွက် ရေလမ်း တစ်လျှောက်ရှိ နုန်း ၊ သဲများကို  စက်ယန္တရားကြီး များဖြင့် တူးဖော်ခြင်း ၊ အမှိုက်သရိုက်များ ရှင်းလင်း ဖယ်ရှားခြင်း ၊ ဖောင်တော် ဆိုက်ကပ်ရာ နေရာများ၌ တံတား ပြုပြင်ခြင်း များကို ညောင်ရွှေမြို့နယ် ဆည်မြောင်း ဦးစီးဌာန ၊ သစ်တောဦးစီး ဌာန ၊ ညောင်ရွှေ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ ဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ဦးဆောင်၍ မိမိတို့ ကဏ္ဍအလိုက် ကြိုတင်ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ထမင်းချက် အလုပ်ပေးမည်ဟု ဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေသည့် အိမ်ရှင်လင်မယားအား အရေးယူ


မုံရွာ ၊ ၂၉-၈-၂၀၁၃

မုံရွာမြို့ နန္ဒ၀န် ရပ်ကွက်တွင် ယခုလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ငယ်လေး တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည် ဟုဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေ ခဲ့သဖြင့် အိမ်ရှင်လင်မယား အား ရဲတပ်ဖွဲ့မှ အရေးယူ ခဲ့ရကြောင်း မုံရွာ အမှတ်(၂) ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ  ပြောကြား သည်။
        
 “ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်..၊ ဒီအလုပ်ကို မလုပ်ဘူး ဆိုခဲ့ရင် ရိုက်နှက်မယ် လို့လည်း အိမ်ရှင်ဖြစ်သူ ကအဲ့ဒီ ကောင်မလေး အပေါ်မှာ ခြိမ်းခြောက် ပြောဆိုခဲ့တာ တွေရှိတယ်လို့ အသက် ၁၆ နှစ်အရွယ် မမေသူဇော် က အမှုစစ် ရဲအရာရှိထံ ထွက်ဆို ခဲ့တယ် ..” ဟု ၎င်းရဲအရာရှိက ဆက်လက်၍ ပြောပြသည်။

အမှုစစ်ရဲအရာရှိ ရဲအုပ် မောင်မောင်မြင့် ၏ ပြောပြချက်များ အရအဆိုပါ မိန်းကလေး ငယ်သည် မုံရွာခရိုင် ကနီမြို့နယ် ၊ ကဲတောင်ကျေးရွာ မှဖြစ်ကြောင်း ၊ လွန်ခဲ့သော တစ်လ ၀န်းကျင်ခန့်က အမည်မသိ ဆိုင်ကယ် အငှား လိုက်သူ လူတစ်ဦးမှ မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် နေ ကိုအရှည်ကြီး (ခေါ်) ကိုဇော်မင်းလွင် ၎င်း၏ ဇနီး မထား (ခေါ်) မစန်းစန်းနွယ် ဆိုသူတို့၏ နေအိမ်၌ ထမင်းချက် အလုပ်အား လုပ်ကိုင် နေထိုင်ရန် ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း နေအိမ်သို့ မမေသူဇော် စတင် ရောက်ရှိသည့် ညတွင် ထမင်းချက် အလုပ်အား စေခိုင်ခြင်း မရှိဘဲ အိမ်၏ နောက်ဖေး အခန်းအတွင်း ၌ အမည်မသိ အမျိုးသား တစ်ဦးနှင့် မတရား သဖြင့် ကာမစပ်ယှက် ခိုင်းခဲ့သည်ဟု မမေသူဇော်မှ အမှုစစ် ရဲအရာရှိထံ ထွက်ဆိုခဲ့သည် ဟုသိရသည်။

အိမ်ရှင် လင်မယားတို့က လည်း နောက်ရက်များတွင် ယင်းကဲသို့ မပြုလုပ်ခဲ့ပါက ရိုက်နှက်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သည့် အတွက် ၎င်းနေအိမ် သို့ရောက်ရှိ လာသော အမျိုးသား များဖြင့် နေ့စဉ်လိုလို ပြည့်တန်ဆာ လုပ်ငန်းအဖြစ် ကာမစပ်ယှက် ပေးခဲ့ရန် အိမ်ရှင် လင်မယားမှ အတင်းအဓမ္မ စေခိုင်းခဲ့သဖြင့် အဆိုပါ အမျိုးသမီးငယ်မှ ပြုလုပ်ပေး ခဲ့ရသည်ဟု ဆိုသည်။

ယခုလ ၂၆ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အိမ်ရှင် လင်မယား နေအိမ်၌ အလုပ်ရှုပ် နေစဉ် အဆိုပါ မိန်းကလေး ငယ်သည် အိမ်နောက်ဖေး၌ အပေါ့စွန့်ရန် သွားဦးမည်ဟု ဆိုကာ ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး နောက် မုံရွာအမှတ် (၂) ရဲစခန်း သို့ လာရောက်၍ သူမ၏ ဖြစ်စဉ်အား ဖွင့်ဟပြောဆို ၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။


ထိုအမှုဖြင့် ပတ်သက်၍ မမေသူဇော်၏ တိုင်တန်းချက် အပေါ် ရဲစခန်းက (ပ)၃၇၉/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၃ အရ ရေးဖွင့် လက်ခံခဲ့ပြီး အိမ်ရှင် လင်မယား နှစ်ဦးအပေါ် အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

နိုင်ငံတကာ ငွေပို့ငွေလွှဲဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် ၊ ၂၉-၈-၂၀၁၃

နိုင်ငံတကာ ငွေပို့ငွေလွှဲဆိုင်ရာ သဘောတူ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ၊ ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား တွင် ငွေပို့ငွေလွှဲ ၀န်ဆောင်မှု ပြုလုပ်ပေးသည့် အင်္ဂလန်နိုင်ငံ အခြေစိုက် MoneyGram သည် မြန်မာနိုင်ငံသား များဘဏ် လီမိတက် ၊ ထွန်းဖောင်ဒေးရှင်း ဘဏ်လီမိတက် တို့နှင့် ပူးပေါင်း သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပြီး သြဂုတ်လ ၂၇ ရက်က အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် နှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း တွင်ရှိသော MoneyGram သည် ကိုယ်စားလှယ်ပေါင်း ၃၂၁၀၀၀ ပါဝင်သည့် ကွန်ရက် တစ်ခုဖြစ်ပြီး ယခုအခါ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် ၊ မြန်မာနိုင်ငံသား များဘဏ် နှင့် ထွန်း ဖောင်ဒေးရှင်းဘဏ် တို့နှင့် ချိတ်ဆက်ပြီး နိုင်ငံပေါင်း ၈၀ တို့တွင် ငွေပို့ငွေလွှဲများ ပြုလုပ် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၀ ခုတွင် MoneyGram ငွေပို့ငွေလွှဲ ၀န်ဆောင်မှုများ ဆက်လက် ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း MoneyGram ၏ Asia Pacific Southasia and Middle East ဒေသဆိုင်ရာ Senior Vice-president မှ ပြောကြား ခဲ့သည်။


ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း လုံး၌ မြန်မာရွှေပြောင်း လုပ်သား ၅ သိန်းကျော်ရှိပြီး အမေရိကန် ၊ သြစတြေးလျ ၊ ဂျပန် ၊ ထိုင်း နှင့် စင်ကာပူ အပါအ၀င် အခြား နိုင်ငံအများအပြား တွင်လည်း မြန်မာ နိုင်ငံသား လုပ်သား ၂ သန်းခန့် အခြေချ နေထိုင်လျက် ရှိကြောင်း လေ့လာ ခန့်မှန်း ထားသည်။ ထိုသို့ ပြောင်းရွှေ့ နေထိုင်မှု များသည် MoneyGram အနေဖြင့် မြန်မာ Customer များအတွက် ငွေပို့ငွေလွှဲ ၀န်ဆောင်မှုများ ထောက်ပံ့ ဖြည့်စွမ်းပေးရန် နည်းဗျူဟာ ကျနစွာ နေရာရလာ ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းသို့ မိမိနေထိုင်ရာ ဒေသမှ ငွေလွှဲပေးပို့ ရာ၌ အခက်အခဲ မရှိ ပိုမို လွယ်ကူ မြန်ဆန်စေရေးကို ဆောင်ကျဉ်း ပေးနိုင်ရန် ရည်ရွယ် ထားကြောင်း သိရှိရသည်။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၃၄)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၃၄)
( ၂၉-၈-၂၀၁၃ ကြာသပတေးနေ့ထုတ် )

Download Links




မြ၀တီနေ့စဉ်သတင်းစာ (၂၉-၈-၂၀၁၃) ကြာသပတေးနေ့



Download Links




Wednesday, August 28, 2013

ရန်ကုန်မြို့တွင် တရားမ၀င် တိုင်းရင်းဆေးခန်း များအား လိုက်လံ ပိတ်သိမ်း


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ တွင် တရားမဝင် ဖွင့်လှစ် နေသော တိုင်းရင်း ဆေးခန်းများကို သက်ဆိုင်ရာမှ လိုက်လံ စစ်ဆေးကာ ပိတ်သိမ်း လျက်ရှိပြီး ထိုသို့ လိုက်လံ ပိတ်သိမ်းရာ၌ သတိပေး တားမြစ်သည့် အနေဖြင့်သာ ယာယီ ပိတ်သိမ်း ခိုင်းပြီး ဆေးခန်း ပြန်ဖွင့်ခွင့် ရရှိစေရန် ကျန်းမာရေး ဦးစီးဌာနတွင် စည်းမျဉ်း စည်းကမ်း များနှင့်အညီ ဆေးခန်း မှတ်ပုံတင်များ ပြန်လုပ်ခိုင်း ထားသည်ဟု သိရသည်။

အပိတ်ခံရသော ဆေးခန်းများမှာ ကျန်းမာရေး ဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်း မရှိသော ဆေးခန်းများ ၊ ဆေးခန်း မှတ်ပုံတင်ရာတွင် အချက်အလက် ပြည့်စုံ မှန်ကန်ခြင်း မရှိသော ဆေးခန်းများ နှင့် မှတ်ပုံတင် သက်တမ်း လွန်နေ သောဆေးခန်း များ ဖြစ်ြက သည်ကို တွေ့ရသည်။ လိုက်လံ စစ်ဆေးရာ ၌လည်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက် နှင့်အညီ မြို့နယ် ကြီးကြပ်ရေး ကော်မတီများမှ သက်ဆိုင်ရာ မြို့နယ်များ အတွင်း လိုက်လံ စစ်ဆေးရာ ရန်ကုန်တိုင်း ဒေသကြီး တစ်ခုလုံးတွင် စုစုပေါင်း ဆေးခန်း အရေအတွက် တစ်ရာ နီးပါးကို ပိတ်သိမ်း ခဲ့ရပြီး အများစုမှာ ယာယီ ပိတ်သိမ်း ခံရခြင်းဖြစ်ကာ အပြီးတိုင် ပိတ်သိမ်း ခံရသော ဆေးခန်းမှာ အနည်း အကျဉ်းသာ ရှိကြောင်း သိရသည်။

နိုင်ငံတော်တွင် တိုင်းရင်းဆေးခန်း များနှင့် ပတ်သက်သော ဥပဒေအခန်း ကဏ္ဍများ အတိအကျ သီးသန့်ပြဋ္ဌာန်း သတ်မှတ် ထားခြင်းများ မရှိသေး သော်လည်း မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီ၏ သတ်မှတ်ချက် အရ တိုင်းရင်းဆေးခန်း ဖွင့်လိုသူများသည် နိုင်ငံတော် မှ အသိအမှတ် ပြုထားသည့် တိုင်းရင်းဆေး ကုသခွင့် လက်မှတ်ရှိသော နိုင်ငံသား များသာ ဖြစ်ရမည်ဟု သတ်မှတ် ထားရာ နိုင်ငံခြားသား တိုင်းရင်းဆေး ဆရာများကို ပြည်တွင်း၌ တရားဝင် တိုင်းရင်းဆေး ကုသခွင့် မပြုထား ကြောင်းသိရသည်။

ဇွဲကပင်တောင် Cable Car စနစ် Survey ပြုလုပ်ပြီး၍ တည်ဆောက်မှု အပိုင်း စတင်တော့မည်


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

ဇွဲကပင်တောင် တွင် အကောင် အထည်ဖော် မည့် မြန်မာ့ပထမဆုံး Cable Car စနစ်ကို ယခုအခါ မြေပြင် စစ်ဆေး တိုင်းတာမှု ( Survey ) ပြုလုပ် ပြီးစီးပြီ ဖြစ်၍ တည်ဆောက်မှု အပိုင်း စတင် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း စီမံကိန်း အင်ဂျင်နီယာ ဦးသောင်းညွန့် က ပြောကြား ခဲ့ကြောင်း သိရသည်။

'' Survey ပြုလုပ်တဲ့ အချိန်က မိုးတွင်းဖြစ်တဲ့ အတွက် အခက်အခဲတွေ ရှိပါတယ် ၊ အခု ပထမအဆင့် အနေနဲ့ Survey ပြုလုပ်ထား တာကို ပြည်ပ ပညာရှင် တွေဆီပို့ပြီး တည်ဆောက်မှု အပိုင်း စတင်တော့ မှာဖြစ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ အဆိုပါ Cable Car တည်ဆောက် မှုကို နာယက ပီနန် ဆရာတော် ၊ ဇွဲကပင် ဆရာတော် ၊ သာသနာ့ ဇေယျာ မင်္ဂလာ ပရိယတ္တိ စာသင်တိုက် ( သုံးထပ်ကျောင်း ) ဆရာတော် စသည့် ဆရာတော် ကြီးသုံးပါး ကြီးမှူး ဦးဆောင်မှုဖြင့် မလေးရှား နိုင်ငံ SMET DABHD ကုမ္ပဏီ နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပညာရှင်များ ပူးပေါင်း တည်ဆောက် ခြင်းဖြစ်ကာ စီမံကိန်း ကာလ ၁၈ လသတ်မှတ် ထားကြောင်း သိရသည်။

ယခု တပ်ဆင်မည့် Cable Car သည် လူ ၄ဝ စီးနိုင်သော အကြီးစားဖြစ်ပြီး Cable ကြိုးကို Electric Motor ဖြင့် ဆွဲတင် ပို့ရသည့် တစ်ကမ္ဘာ လုံးတွင် အသုံးပြု နေသည့် စနစ်ဖြစ်ကာ Cable ကြိုးသည် အချင်း ၃၈ မီလီမီတာရှိပြီး သတ်တမ်း ၁ဝ နှစ်မှ ၁၅ နှစ်အထိ ခံနိုင်အား ရှိကြောင်း ၊ Cable Car စနစ် အတွက် လိုအပ်သည့် အစိတ်အပိုင်း များကို ဆွစ်ဇာလန် နှင့် သြစတြေးလျ နိုင်ငံတို့မှ မှာယူမည် ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီ တည်ဆောက်မည် ဖြစ်ကြောင်း နှင့် ယင်းစီမံကိန်း မှာ အမေရိကန် ဒေါ်လာ သန်း ၂ဝ ကျော်ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

အများပြည်သူ လုံခြုံမှု ရှိစေရန် လူ ၄၀ ကျော်လျှင် Cable အလုပ်မလုပ် သည့် စနစ် ၊ အပေါ် ရပ်နား နေရာနှင့် အောက်ရပ်နား နေရာ ရောက်မှ တံခါးများဖွင့် - ပိတ်နိုင်သည့် စနစ် ၊ အတက်အဆင်း ပြုလုပ်နေသည့် အချိန်၌ ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်၍ လမ်းတစ်ဝက် တွင်ရပ်နားမှု မရှိစေရန် မီးစက် ( Generator ) များဖြင့် အလိုအလျောက် လည်ပတ်သည့် စနစ်များကို ပြုလုပ် ထားသည့် အပြင် Cable Car ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် ပြုပြင် ထိန်းသိမ်းရေး ကော်မတီကို ပညာရှင် များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံခြားသား ပညာရှင်များက နေ့အလိုက် ၊ လအလိုက် ၊ နှစ်အလိုက် စစ်ဆေး ပြုပြင်ခြင်း များကို စနစ်တကျ သင်တန်းများ ပို့ချကာ နည်းပညာများ လက်ဆင့်ကမ်း သွားမည် ဖြစ်ကြောင်း သိရသည်။


ဇွဲကပင် ဆံတော်ရှင် စေတီ တော်မြတ်ကြီး ကို လာရောက် ဖူးမြော် ကြသူများ ခြေလျင် တက်ရာတွင် ၂ နာရီခွဲ ၊ ၃ နာရီခန့် ပင်ပင်ပန်းပန်း ခက်ခဲစွာ တက်ရောက် ဖူးမြော်နေရာမှ Cable Car တပ်ဆင်မှု ပြီးသွားပါက အထက်နှင့် အောက် ၁၆၅ဝ မီတာ ကွာဝေးသော ဇွဲကပင်တောင် ဆံတော်ရှင် စေတီကို မိနစ် အနည်းငယ် ခန့်ဖြင့် ဖူးမြော်နိုင် မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂) ဝင်ခွင့်စာမေးပွဲ ဖြေဆိုပွဲကျင်းပ


လွိုင်ကော် ၊ ၂၇-၈-၂ဝ၁၃

ကယာပြည်နယ် ၊ လွိုင်ကော်မြို့ ၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်း ကျောင်းတွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂) ဝင်ခွင့် စာမေးပွဲ ဖြေဆိုခြင်း အား  သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင်  ကျင်းပ ခဲ့ကြောင်း သိရသည်။


အဆိုပါ စာမေးပွဲသို့ ဖြေဆိုခွင့် ရရှိသူ (၂၄၅) ဦး ဖြေဆိုခဲ့ပြီး ပညာရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးများ ၊ လက်ထောက် ညွှန်ကြားရေးမှူး များ ၊ လွိုင်ကော် မြို့နယ် ပညာရေးမှူး ၊ အထက်တန်း ကျောင်းအုပ်ကြီး / ဆရာမကြီးများ ၊ လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ကြည်ဝင်း ၊ နည်းပညာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ ဇော်ဝင်းအောင် ၊ ပြည်နယ် စည်ပင် သာယာရေး ညွှန်ကြားရေးမှူး ဦးမျိုးနိုင်အောင် ၊ ပြည်နယ် နယ်စပ်ဒေသ ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းကျော်သွင် နှင့် ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ့်ငြိမ့်မြတ် တို့မှ အနီးကပ် ကြီးကြပ်၍ ၊ လူတွေ့ နှုတ်ဖြေ စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် B.Sc ( Sport ) နှင့် B.A ( Sport ) သင်ရိုးများအတွက် ပညာရေး ၀န်ကြီးဌာန နှင့် ပေါင်းစပ် ညှိနှိုင်းအစည်းဝေး ကျင်းပ


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် B.Sc ( Sport ) နှင့် B.A ( Sport ) သင်ရိုးညွှန်းတမ်း နှင့် အချိန်ဇယား အတွက် ပညာရေး ဝန်ကြီးဌာန နှင့် ပေါင်းစပ် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး ကျိုက္ကဆံကွင်း ရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာန အစည်းအဝး ခန်းမတွင် ကျင်းပရာ အားကစား နှင့် ပညာရေး ကဏ္ဍသည် ယခုမှ ပေါင်းစပ်ခြင်း မဟုတ်ဘဲ ၁၉၉၇-၁၉၉၈ ပညာသင်နှစ် မှစတင်၍ အောက်မြန်မာပြည် ရန်ကုန်မြို့ ၊ ကျိုက္ကဆံ အားကစား နှင့် ကာယပညာ သိပံ္ပနှင့် ၂ဝဝ၂-၂ဝဝ၃ ပညာရေးနှစ် တွင် အထက် မြန်မာပြည် မန္တလေးတိုင်း ၊ အားကစားနှင့် ကာယပညာ သိပ္ပံတို့တွင် ဖွင့်လှစ် သင်ကြား ပေးလျှက် ရှိကြောင်း၊ ယခု B.Sc ( Sport ) နှင့် B.A ( Sport ) သည် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် အတွက် ခြေလှမ်းသစ် တစ်ခုဖြစ်၍ ပြည်ထောင်စု ဝန်ကြီးများ၏ လမ်းညွှန်ချက် နှင့် အချိန်မီ အကောင် အထည်ဖော် ဆောင်ရွက် လျှက်ရှိ၍ ပေါင်းစပ် ညှိနှိုင်းခြင်း ဖြစ်ကြောင်း ၊  ပညာရေး ဝန်ကြီးဌာန ၏ အဆင့်မြင့် ပညာဦးစီး ဌာနနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ ဦးစီး၍ သင်ရိုးညွှန်းတမ်း မူကြမ်း ရေးဆွဲခြင်း များနှင့် သင်ကြားရေး ကိစ္စ ရပ်များ ၊ အားကစား ဘာသာရပ် အတွက် နည်းပြ ထားရှိရေး ကိစ္စရပ်များ နှင့် ဒုတိယနှစ် ၊ တတိယနှစ် ၊ စတုတ္ထနှစ် အတွက် လျာထား ထားသည့် အားကစား ပညာရပ် (၈) ခုအတွက် ဘာသာရပ်များ သင်ကြား ပို့ချရန် ကိစ္စများအား လည်းကောင်း ၊ ပထမနှစ်ရဲ့ ဒုတိယ နှစ်ဝက်တွင် ပို့ချမည့် Sports Psychology ဘာသာရပ် ကိစ္စရပ်များ ကျောင်းသား ၊ ကျောင်းသူများ အား အားကစားနှင့် ကာယပညာ သိပံ္ပ(၂)ခုတွင် အဆောင် ထားရှိပြီး တက္ကသိုလ် များသို့ ကြိုပို့ ဆောင်ရွက် ပေးရေးကိစ္စ ၊ ၂ဝ၁၃ - ၂ဝ၁၄ ပညာ သင်နှစ် B.Sc ( Sport ) နှင့် B.A ( Sport ) ဘွဲ့ကြို ကျောင်းသား ၊ ကျောင်းသူများ အတွက် သတ်မှတ် အရည်အချင်း နှင့် ကိုက်ညီ သူများကို ပညာရေး ဝန်ကြီးဌာနမှ ရွေးချယ်ပေးပြီး အားကစား နှင့် ကာယပညာ သိပံ္ပ ( ရန်ကုန် နှင့် မန္တလေး ) တို့တွင် သင်တန်းသား (၅ဝ) ဦးစီကို လက်ခံ ပေးသွားရန် ကိစ္စရပ်များ အား လည်းကောင်း ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဌ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပ ပြုလုပ်ခဲ့သော ပညာရေး ဝန်ကြီးဌာန နှင့် ပေါင်းစပ် ညှိနှိုင်း အစည်းအဝေး တွင် အသေးစိတ် ညှိနှိုင်း ဆွေးနွေး ပြောကြား ခဲ့သည်။

ယင်းနောက် အစည်းအဝေး သို့ တက်ရောက် လာသော အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးရဲမြင့် ၊ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေး ၊ ရတနာပုံ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်တင် နှင့် ပါမောက္ခများ ၊ ဌာနမှူးများက B.Sc ( Sport ) နှင့် B.A ( Sport ) အတွက် ပညာသင်နှစ် အတွင်း ပထမနှစ် မှ စတုတ္ထနှစ် ပြီးဆုံးသည် အထိ ဘွဲ့ရရှိရေး ကိစ္စရပ်များ၊ Sports Skill ပိုင်းအတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ၊ အားကစား ဘာသာရပ် အား မယူမနေရ ဘာသာရပ် အဖြစ် သင်ကြားရေး ကိစ္စရပ်များ ၊ အဝေးသင် ကူးပြောင်း သင်ကြားရေး ကိစ္စရပ်များ ၊ အားကစား နှင့် ကာယပညာ သိပံ္ပကျောင်းမှ တက္ကသိုလ်သို့ တက်ရောက် သင်ကြား နိုင်ရေး ကိစ္စရပ်များ ၊ Administration ၊ Organization နှင့် Teaching Sports ဘာသာရပ် ဆိုင်ရာများ ၊ အားကစား ထူးချွန်မှု အဆင့် သတ်မှတ်ရန် ကိစ္စရပ်များ ၊ ပြည်ပသို့ လေ့လာရေး စေလွှတ်ခြင်း နှင့် ပြည်ပမှ အကြံပေး ပုဂ္ဂိုလ်များ ခေါ်ယူရေး ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေး တင်ပြကြသည်။


ယင်းနောက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဌ အားကစား ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း သည် ပညာရေး ဝန်ကြီးဌာန မှ တင်ပြ ဆွေးနွေးမှု အပေါ် ပြည်ထောင်စု ဝန်ကြီးထံ ပြန်လည် တင်ပြမည် ဖြစ်ကြောင်း ၊ ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်း ဆောင်ရွက်၍ လိုအပ်သည်များ ဖြည့်စွက် အကြံပေး စေလိုကြောင်း ၊ မြန်မာ့ အားကစား တက္ကသိုလ် ပေါ်ပေါက် စေရန် အကောင် အထည်ဖော် ရေး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေး နိုင်ရေးနှင့် ပြည်ပ လေ့လာရေး ကိစ္စရပ်များ စသည့် ဆွေးနွေးမှု များအပေါ် ကျေးဇူး တင်ရှိကြောင်း စသည်ဖြင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ပေးကြစေလိုရေး ပြောကြား ခဲ့ကြောင်း သိရှိရသည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို Pre SeaGames Shaorinji Kempo အားကစား အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကျင်းပ


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

၂ဝ၁၃ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ၌ကျင်းပ ပြုလုပ်မည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအကြို Pre SeaGames Shaorinji Kempo အားကစား အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ် ညှိနှိုင်း အစည်းအဝေး ကိုယမန်နေ့က ကျင်းပ ပြုလုပ်ရာ အခမ်းအနား သို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီဥက္ကဌ အားကစား ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းမှ တက်ရောက် အမှာစကား ပြောကြားရာ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း နှင့် လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း ၊ မြန်မာနိုင်ငံ ကမ်ပို အားကစား အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးနိုင် နှင့် အဖွဲ့ဝင်များ ၊ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ကမ်ပို အားကစား နည်းကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခြင်းဖြင့် မြန်မာ့ လက်ရွေးစင် အသင်းအတွေ့ အကြုံကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ် မည်ဖြစ်ရာ မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ တီမော ၊ ကမ္ဘောဒီးယား ၊ လာအို (၆)နိုင်ငံပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပါကြောင်း ၊ အားကစား ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး ၊ အထောက် အကူပြုမည့် ပြိုင်ပွဲ ကျင်းပရေး ကော်မတီများ နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးရုံးမှ တာဝန်ရှိ သူများက တက်တက် ကြွကြွ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် ပေးစေလိုကြောင်း ၊ ပြိုင်ပွဲ ကျင်းပစဉ် ကာလအတွင်း ပြိုင်ပွဲဝင် အသင်းများ၏ သွားလာ နေထိုင်ရေး ၊ ကြို/ပို့ ကိစ္စရပ်များ နှင့် အချိန်နှင့် တစ်ပြေးညီ ဆက်သွယ် ပြောဆိုနိုင်မည့် Internet , Wifi ယာယီ ချိတ်ဆွဲတပ်ဆင် ပေးရေး ၊ ကျန်းမာရေး အတွက် ဆေးအဖွဲ့ ၊ လုံခြုံရေး ကိစ္စရပ်များ ၊ ပြိုင်ပွဲဝင် နိုင်ငံများ၏ အလံ လွှင့်ထူရေး ကိစ္စရပ်များ ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် အားကစား အဖွဲ့ဝင်များ အတွက် Black List ကိစ္စ ၊ On Arrival ကိစ္စ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြိုင်ပွဲဝင် အားကစား သမားများ၏ နေထိုင်ခွင့် Stay နှင့် Visa ရရှိရေး ၊ ပြိုင်ပွဲဝင် ကာလအတွင်း လျှပ်စစ်မီး လုံလောက်စွာ ရရှိရေး ကိစ္စရပ်များ ၊ အကြံပေး ပူးပေါင်းကူညီ ဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးနိုင် က ပြိုင်ပွဲအတွက် ပြင်ဆင်ထားရှိမှု အခြေအနေ ၊ ဆောင်ရွက်ရမည့် အခြေအနေများ နှင့် လိုအပ်ချက်များ အပေါ် တင်ပြ ဆွေးနွေးသည်။ ယင်းနောက် အစည်းအဝေး သို့ တက်ရောက် လာကြသော ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ၊ လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တို့က အစိုးရ အဖွဲ့ ဆပ်ကော်မတီများ ၊ ဖွဲ့စည်း၍ လုံခြုံရေး ၊ ပို့ဆောင်ရေး ၊ လေဆိပ် ဆိုက်ရောက် အဝင်အထွက် ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေး ရှင်းလင်းကြရာ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက လိုအပ်ချက် များအပေါ် အပြန်အလှန် ဆွေးနွေး တင်ပြကြသည်။


ဆွေးနွေးချက်များ အပေါ် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဌ အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်း သည် လုံခြုံရေး ကိစ္စများ ၊ On Arrival Visa ကိစ္စများ ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့များ အပါအဝင် ကော်မတီများ ဖွဲ့စည်း အတည်ပြုရေး ကိစ္စရပ်များ ၊ ကမ်ပို အားကစားနည်း SEA Games အကြို အောင်မြင်စွာ ကျင်းပနိုင်ရေး Laison Officer နှင့် Volunteer Officer ထားရှိရေး တို့အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးရုံးများ အနေဖြင့် ဝိုင်းဝန်းကူညီ အကြံပြု၍ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး မှာကြား ခဲ့ကြောင်း သိရှိရသည်။

ပြည်တွင်းပြည်ပ ဖက်စပ် ဆက်သွယ်ရေးလုပ်ငန်း တစ်ခု တည်ထောင်ရန် စီစဉ်


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

မြန်မာနိုင်ငံ မှ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အချို့နှင့် ပြည်ပရှိ နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်ကာ အောင်မြင် ဖြစ်ထွန်း နေကြသော စက်မှု လုပ်ငန်းတချို့ ပူးပေါင်းကာ မြန်မာနိုင်ငံ တွင် ဆက်သွယ်ရေး ပိုင်းဆိုင်ရာ စက်မှု လုပ်ငန်းတစ်ခု တည်ထောင် သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို ဆက်သွယ်ရေး စက်မှုလုပ်ငန်း ကို မြန်မာနိုင်ငံမှ ကမ္ဘောဇ လုပ်ငန်းစု ၊ Myanmar Telephone Company ( M-Tel ) နှင့် စင်ကာပူ နိုင်ငံ အခြေစိုက် Singapore Telecommunication Limited ( SingTel ) တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ ၌ တည်ထောင်သွားရန် စီစဉ် ဆောင်ရွက် နေခြင်း ဖြစ်သည်။


SingTel သည် ယခုကဲ့သို့ ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ပူးပေါင်းကာ အဆိုပါ ဆက်သွယ်ရေး စက်မှု လုပ်ငန်းကို အကောင် အထည်ဖော် သွားရန် စီစဉ် ရခြင်းမှာ ဈေးနှုန်း သက်သာပြီး ဆန်းသစ်သော ဆက်သွယ်ရေး ပစ္စည်း ကိရိယာ များကို မြန်မာပြည်သူများ အသုံးပြု လာနိုင်စေရန် အတွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ ထို့အပြင် မြန်မာ ကိုယ်ပိုင် ဂြိဟ်တု လွှတ်တင်နိုင်ရေး နှင့် နောက်ထပ် ရေအောက် ဆက်သွယ်ရေး ကေဘယ်လ် ကွန်ရက် စီမံကိန်း ဖြစ်သည့် SEA - ME - WE 5 အား တည်ဆောက် ရာတွင်လည်း SingTel မှ ပါဝင် ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၈-၈-၂၀၁၃) ဗုဒ္ဓဟူးနေ့



Download Links


Tuesday, August 27, 2013

ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ ကလေးငယ် ၁၀၀၀ အား အခမဲ့ ခွဲစိတ်ကုသရန် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ငါးသိန်းခန့် GIC အသုံးပြုမည်

ရန်ကုန် ၊ ၂၇-၈-၂၀၁၃

တောင်ကိုရီးယား နိုင်ငံ အခြေစိုက် GIC ( Global Image Care )  အဖွဲ့မှ မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးသူငယ် ဦးရေ ၁ဝဝဝ ခန့်အား ငါးနှစ်အတွင်း အခမဲ့ ခွဲစိတ်ကုသပေး နိုင်ရန် အနိမ့်ဆုံး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ငါးသိန်းခန့် အသုံးပြု သွားမည် ဖြစ်ကြောင်း KBC ဆေးရုံ မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုကို အင်းစိန် မြို့နယ်ရှိ KBC ဆေးရုံ၌ ပြုလုပ်ပေး လျက်ရှိနေပြီး မြန်မာနိုင်ငံ အတွင်းရှိ ဆင်းရဲနွမ်းပါး ၍ ခွဲစိတ်ကုသရန် မတတ်နိုင်သည့် ကလေးသူငယ် များအား အဓိက ခွဲစိတ် ကုသပေးလျက် ရှိကြောင်း ၊ ငါးနှစ်အတွင်း နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ ကလေးငယ် ၁ဝဝဝ ခန့်အား အခမဲ့ ခွဲစိတ်ကုသ ပေးနိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။

'' တချို့ကလေးငယ် တွေက ဒီလိုဖြစ် နေတော့ စိတ်အား ငယ်တာတွေ ကိုလည်း တွေ့ရတယ် ၊ ဒီလို ကူညီပေးတာ အရမ်းကို ကောင်းပါတယ် ၊ ကလေးမိဘ တချို့ရဲ့ ဝမ်းသာ မျက်ရည်တွေ မြင်ရတော့ စိတ်မကောင်းလည်း ဖြစ်မိတယ် ၊ နောက်ပြီး ဒီက ဆရာဝန် တွေလည်း ပညာ လေ့လာခွင့် ရတယ် ... '' ဟု ၄င်းက ပြောကြား ခဲ့သည်။


၂ဝ၁၂ ခုနှစ် အောက်တိုဘာလ မှစတင်၍ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ အခမဲ့ ခွဲစိတ် ကုသမှုများ လုပ်ဆောင် ခဲ့ပြီး တစ်နှစ်လျှင် နှစ်ကြိမ် ခွဲစိတ် ကုသမှု ပြုလုပ်ပေးလျက် ရှိကြောင်း ၊ ယခုနှစ်အတွင်း ဖေဖော်ဝါရီမှ သြဂုတ် လအထိ ခွဲစိတ်ပြီး ကလေးငယ် ပေါင်း ၁ဝဝ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ ငါးလသား အရွယ်မှ အသက် ၂ဝ အရွယ်အတွင်း နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ လူနာများ ဖြစ်ကြပြီး အများစုသည် ငါးနှစ် ၊ ခြောက်နှစ် အရွယ် ကလေးသူငယ်များ ဖြစ်ကြကြောင်း လာမည့် အောက်တိုဘာလ တွင် ထပ်မံအခမဲ့ ခွဲစိတ်ကုသ ပေးမည်ဖြစ်ပြီး စက်တင်ဘာ တွင်လည်း သည်းခြေ ကျောက်တည် လူနာများ ကိုပါ အခမဲ့ ခွဲစိတ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ပျူမြို့ဟောင်းသုံးခုကို ယူနက်စကိုမှ စက်တင်ဘာလတွင် လာရောက်စစ်ဆေးမည်


ရန်ကုန် ၊ ၂၇-၈-၂၀၁၃

ပျူမြို့ဟောင်း သုံးခုဖြစ်သော ဟန်လင်း ၊ ဗိဿနိုး နှင့် သရေခေတ္တရာ မြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ရန် အတွက် ယူနက်စကို အဖွဲ့မှ စက်တင်ဘာလ တွင် လာရောက် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရုံးအဖွဲ့မှူးက ပြောကြား ခဲ့ကြောင်း သိရသည်။

ရှေးဟောင်း ပျူလူမျိုးများ အခြေချ နေထိုင်ခဲ့သော အဆိုပါ ဒေသများကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ယဉ်ကျေးမှု ၀န်ကြီးဌာန အနေဖြင့် ယင်းမြို့ဟောင်း များနှင့် သက်ဆိုင်သော အထောက်အထား များကို ယူနက်စကို အဖွဲ့သို့ တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုဒေသများသို့ ယူနက်စကို အဖွဲ့ လာရောက် စစ်ဆေးမှုများ မပြုလုပ်မီ အဆိုပါ ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်စေရန် အဓိက ဆောင်ရွက် နေသော ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်က ယဉ်ကျေးမှု အမွေအနှစ်များ မပျက်ဆီးစေရန် လာရောက် စစ်ဆေးပါက အသင့် အနေအထား ဖြစ်စေရန် သွားရောက် စစ်ဆေးမှုများ ပြုလုပ် နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ နှစ်စဉ် ခရီးသွား လာရောက်မှုတွင် ရှေးဟောင်း မြို့တော်များသို့ သွားရောက် လေ့လာသော ခရီးသွားများ ပိုမို လာကြောင်း ပြည်ဒေသရှိ သရေခေတ္တရာ မြို့ဟောင်း အနီးနေထိုင်သူ များနှင့် တောင်တွင်းကြီး ဒေသနေထိုင်သူ များထံမှ သိရသည်။ ပြည်တွင်း ခရီးသွားလာမှု မြင့်တက် လာစေရန် ယဉ်ကျေးမှု ခရီးသွား လုပ်ငန်းကို မြှင့်တင်နေပြီး ထိုဒေသများကို ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ခြင်း ခံရပါက မြန်မာနိုင်ငံ သည်
ယဉ်ကျေးမှု ခရီးသွား လုပ်ငန်းကို ယခုထက် ပိုမိုမြှင့်တင် နိုင်မည် ဖြစ်ကြောင်း သိရသည်။


ကမ္ဘာ့ခရီးသွား လုပ်ငန်းတွင် မန္တလေး မြို့သည်လည်း ကမ္ဘာ့ ဆက်ဆံရေး အကောင်းဆုံးမြို့ ၂ဝ အတွင်း ပါရှိလာပြီး နိုင်ငံတကာ ခရီးသွားများ ယခုနှစ် ခရီးသွား ရာသီတွင် ၄ဝ ရာခိုင်နှုန်းခန့် တိုးတက် လာမည် ဖြစ်ကြောင်း သိရှိရသည်။

MBS ၇ နှစ်မြောက် အထိမ်းအမှတ် အဖြစ် “Myanmar Bloggers Forum” အား ကျင်းပပြုလုပ်သွားမည်

ရန်ကုန် ၊ ၂၇-၈-၂၀၁၃

MBS ( Myanmar Blogger Society )  မှ သြဂုတ်လ ၃၁ ရက်တွင် ကျရောက်မည့် World Bloggers Day နေ့တွင် နှစ်စဉ် ကျင်းပ ပြုလုပ်သည့် အစဉ်အလာ အတိုင်း MBS ၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် “Myanmar Bloggers Forum” အား ယင်းနေ့တွင် အခန်း 205, MICT Park တွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်တွင် မြန်မာ့ နိုင်ငံရေး နှင့် နည်းပညာ ဖြစ်စဉ်အတွင်း မြန်မာ ဘလောက်ဂါများ၏ လှုပ်ရှားမှုများ ၊ လူမှုရေး ၊ ပညာရေး နှင့် နည်းပညာ ကဏ္ဍ ၊ စာပေ နှင့် အနုပညာကဏ္ဍ များအတွက် ကြိုးပမ်း ဆောင်ရွက်မှု များအား ဖတ်ကြား ကြမည်ဖြစ်ပြီး အနာဂတ် လူ့အဖွဲ့အစည်း အတွက် သတင်း အချက်အလက် နည်းပညာ ၊ မီဒီယာ ၊ ပညာရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက် ပြောင်းလဲမှု များအား စဉ်ဆက်မပျက် တိုးတက် လာစေရေး ၊ နည်းပညာအား tool အဖြစ် အကျိုးရှိရှိ အသုံးပြုနိုင်ရေး ၊ network ပိုမို ကျယ်ပြန့်စွာဖြင့် မိမိတို့၏ လူမှုရေး စီးပွားရေး ကဏ္ဍများ အတွက် အခွင့်အလမ်းများ ပိုမိုရရှိစေရေး စသည့် ကောင်းမြတ်သည့် ရည်ရွယ်ချက် များဖြင့် ဆွေးနွေး ဖလှယ်ကြမည် ဖြစ်သည်။

ဘလော့ဂ် ရေးသားသူတိုင်း သည် Blogger များအဖြစ် သတ်မှတ်နိုင် ကြပါသည်။ ယနေ့မြန်မာ့နိုင်ငံရေး ၊ နည်းပညာ ၊ စာပေ နှင့် အနုပညာ ကဏ္ဍများအား internet ဖြင့် ထိထိရောက်ရောက် ချိတ်ဆက်နိုင်ရန် အတွက် Blog platform များသည် ကောင်းမွန်စွာ ထောက်ပံ့ နိုင်ခဲ့ပါသည်။ မြန်မာ ဘလောက်ဂါ များသည် တိုင်းရင်းသား လူထု အကျိုးပြု စေသည့် ပညာရေးကဏ္ဍ ၊ လူမှုရေး ကဏ္ဍများ အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ ကြသည်မှာ ယနေ့ နည်းပညာ အပြောင်းအလဲ များတွင်လည်း ဆက်လက် လှုပ်ရှား ဆောင်ရွက် နေခြင်းများက သက်သေခံလျက် ရှိပါသည်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို နိုင်ခြင်း၏ အနှစ်သာရ ၊ ကမ္ဘာ့ အဖိနှိပ်ခံ လူထု၏ ပုံရိပ်များအား ဖွင့်ဆိုလျက် အမေ့လျော့ခံ ဘလောက်ဂါ များအတွက် World blogday ကိုနှစ်စဉ် ကျင်းပ ပြုလုပ်ခြင်းလည်း ဖြစ်သည်။

ဘလော့ဂ် ရေးသားသူများ၊ ဘလော့ဂ် အကြောင်း စိတ်ဝင်စားသူများ ၊ ဘလော့ဂ် ရေးရန် စတင်စဉ်းစား သူများ ၊ နည်းပညာကို စိတ်ဝင်စားသူများ မည်သူမဆို အခမဲ့ တက်ရောက် နိုင်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက် များ သိရှိလိုပါက ကိုဇော်ဇော်မျိုးလွင် ၊ ဖုန်း-0943042646 သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

The Myawady Daily

https://www.facebook.com/myanmarbloggerssociety

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၄၁)



မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၄၁)

( ၂၇-၈-၂၀၁၃ ရက် အင်္ဂါနေ့ထုတ် )

Download Links




ပြည်တွင်း၌စားသုံးရန် အရန်ဆန်အင်အား အလုံအလောက်ရှိ


ရန်ကုန် ၊ ၂၇-၈-၂၀၁၃

မကြာသေးခင် ရက်များမှ စတင်ကာ ယခုရက်ပိုင်း များအထိ မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတု ဆိုးရွားမှုကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတချို့ တွင် မြစ် ၊ ချောင်းများ ရေလျှံခြင်း ၊ လူနေ ရပ်ရွာများ အတွင်း၌ ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် လယ်ကွင်းများ ရေမြှုပ်ပြီး စိုက်ထားသော မိုးစပါးပင်များ ပျက်စီး ဆုံးရှုံးခြင်း လည်းရှိခဲ့ရာ ယင်းအချက် များကို အခြေခံပြီး ဆန်ကုန်သည် တချို့၏ ဈေးကစားမှု ကြောင့် ဆန်ဈေး အနည်းငယ် မြင့်တက်လာ ခဲ့သည်ကို တွေ့ရသည်။


ဆန်ဈေးများ အနည်းငယ်  တက်လာရခြင်းမှာ စားသုံးသူများသည် စိုးရိမ်စိတ်ကြောင့် ဆန်များ ဝယ်ယူ စုဆောင်း ကြရာမှ ပုံမှန် ၀ယ်လိုအား မြင့်တက် လာခြင်း ဖြစ်သော်လည်း ပြည်တွင်း၌ စားသုံးသူများ အတွက် အရန်ဆန်  အင်အား အလုံအလောက်ရှိ သဖြင့် ယင်းကဲ့သို့ စိုးရိမ် ပူပန်စရာမလို အပ်ဘဲ ပုံမှန်သာ ဝယ်ယူစားသုံး ကြစေလိုကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ '' ဆန်ဈေးက တစ်အိတ်ကို တစ်ထောင်ဝန်းကျင် လောက် တက်လာတာ တွေ့ရတယ် ၊ စားသုံးသူ တွေက ရေကြီးရင် ဆန်ဈေးတွေ တက်လာတော့မှာ ပဲဆိုပြီးတော့ စိုးရိမ်စိတ် တွေနဲ့ ဆန်တွေဝယ်ပြီး စုဆောင်းတဲ့ သဘောမျိုး လုပ်လာကြ တော့ ၀ယ်လိုအား များလာပြီးကုန်သည် တချို့ကလည်း ဈေးဆွဲတင် လာကြလို့ ဆန်ဈေးက တက်လာတာပါ ၊ ဆန်မရှိ တော့လို့ ဆန်ပြတ်လို့ ဆန်ဈေးတက်တာ မဟုတ်ပါဘူး ၊ ကုန်သည်တွေ ကိုလည်း ဈေးမကစား ကြဘဲ ပုံမှန်ဈေးနဲ့ပဲ ရောင်းကြဖို့ ကျွန်တော်တို့ ပြောထားပါ တယ် ၊ ဆန်တွေက ပြည်တွင်း စားသုံးသူတွေ အတွက် ပြည့်ပြည့်ဝဝ ရှိတဲ့အပြင် အရန်ဆန်တွေ ကလည်း လုံလုံ လောက်လောက် ရှိပါတယ် ၊ ဒီနှစ် မြန်မာနိုင်ငံ အောက်ပိုင်းမှာ လယ်တွေ ရေမြှုပ်တယ် ဆိုတာကလည်း ပြီးခဲ့တဲ့ နှစ်ကထက် စာရင်အများကြီး နည်းပါ သေးတယ် ၊ တစ်နိုင်ငံလုံး စိုက်ဧရိယာရဲ့ တစ် ရာခိုင်နှုန်း တောင်မရှိပါဘူး ၊ နောက်ပြီး တော့လည်း နောက်တစ်လ လောက်ကြာရင် ကောက်စော စပါးတွေလည်း စပေါ်လာ တော့မှာပါ ၊ အဲဒီတော့ စားသုံးသူ အနေနဲ့ ဆန်ပြတ်သွားမယ့် အရေး တွေးပြီး ပူနေစရာ မလိုပါဘူး ၊ ပုံမှန်လေးပဲ ဝယ်ပြီး စားသုံးသွားလို့ရ ပါတယ် .... ''ဟု ၄င်းက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မုန်တိုင်းဝင်ရောက်နိုင်သော ဒေသများတွင် သဘာဝဘေးဒဏ်ခံ အဆောက်အအုံ ၄၁၃ လုံး တည်ဆောက်ပေးရန် လျာထား

မုန်တိုင်းဒဏ်ခံ Cyclone Shelter
ရန်ကုန် ၊ ၂၇-၈-၂၀၁၃

နာဂစ်ကဲ့သို့ ပြင်းထန်သော မုန်တိုင်းကြီးများ ဝင်ရောက် နိုင်သော ဒေသများ၌ သဘာဝဘေးဒဏ်ခံ အဆောက်အအုံ ၄၁၃ လုံး တည်ဆောက် ပေးရန် လျာထားချက် ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

တည်ဆောက်ပေးမည့် လျာထားချက် အတွင်း ပထမ ဦးစားပေး အနေဖြင့် ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲ ၊ ကျောက်ဖြူ ၊ တောင်ကုတ် ၊ သံတွဲ ၊ စစ်တွေ ၊ မောင်တော ၊ ဂွ စသည် တို့တွင် ဖြစ်ကြောင်း ၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်း၌မူ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ မုန်တိုင်းဒဏ်ခံ Cyclone Shelter ၅၆ လုံး တည်ဆောက် ပေးခဲ့ကြောင်း ၊ ထို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်း ၌ နောက်ထပ် တည်ဆောက်ရန် လျာထား ဘတ်ဂျက် မရှိကြောင်း သိရသည်။

'' ဘတ်ဂျက်ကို ကြည့်ပြီး ခွဲတမ်းအရ တကယ်လိုအပ်မှု ရှိတဲ့ဒေသတွေကို ဦးစားပေး လုပ်ဆောင် ရပါတယ် ၊ လက်ရှိမှာ ရခိုင်က အများကြီး လိုအပ်နေသေး တာကြောင့်ပါ ... '' ဟု ၄င်းကပြောကြား ခဲ့သည်။ ရခိုင်ပြည်နယ် ပေါက်တော ၊ ရသေ့တောင် ၊ မြေပုံ နှင့် မင်းပြားမြို့ များတွင် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၂၅၁ လုံး ၊ ရမ်းဗြဲ ၊ ကျောက်ဖြူ ၊ သံတွဲ ၊ စစ်တွေ အပါအဝင် ကျန် ခုနစ် မြို့တွင် သဘာဝ ဘေးအန္တရာယ် ခိုလှုံရာ၌ အသုံးပြုနိုင်သော သဘာဝဘေး အန္တရာယ် ဒဏ်ခံ အဆောက်အအုံ ၄၁၃ လုံး တည်ဆောက်ရန် လျာထားကြောင်း သိရသည်။


မြန်မာနိုင်ငံ အတွင်းသို့ ၂ဝဝ၆ ခုနှစ်မှ စတင်၍ ပြင်းထန်သော မုန်တိုင်းကြီး လေးလုံး ဝင်ရောက် ခဲ့ကြောင်း ၊ အများစုသည် ရခိုင်ပြည်နယ် ၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် တနင်္သာရီ တိုင်းဒေသကြီး များကို ဖြတ်သန်းလေ့ ရှိခြင်းကြောင့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ပေး ရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၇-၈-၂၀၁၃) အင်္ဂါနေ့



Download links


Monday, August 26, 2013

ခရီးသွား အများအပြား ၀င်ရောက်လာမှုတွင် သားငါးကဏ္ဍမှလည်း နိုင်ငံခြား ၀င်ငွေရရှိရန် ကြိုတင်ပြင်ဆင်မှုများ လိုအပ်

ရန်ကုန် ၊ ၂၆-၈-၂၀၁၃

မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ခရီးသွားများ ဝင်ရောက် လာမှုသည် ယခုနှစ် နောက်ပိုင်း သန်းချီဝင်ရောက် လာမည်ဟု ခန့်မှန်းထားကြပြီး ထိုသို့ လာရောက် လည်ပတ် ကြမည့် ခရီးသွား ဧည့်သည်များ၏ စားသောက်ရေး အခြေအနေ ကိုလည်း စဉ်းစားရန် လိုအပ်ပြီး အသားနှင့် ငါးစားသုံးနိုင်သော ကဏ္ဍများ မှလည်း နိုင်ငံခြားဝင်ငွေ ရရှိရန် ကြိုးပမ်း၍ ကြိုတင် ပြင်ဆင်မှုများ စတင်ပြုလုပ် ကြရန် လိုအပ်လာ ပြီဖြစ်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြား ခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှ နိုင်ငံများရှိ ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်မှုနှင့် ဝင်ရောက်မှု အများ ဆုံးဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံနှင့်ပင် မြန်မာနိုင်ငံ၏ ခရီးသွား ဝင်ရောက်မှု သည် ရင်ပေါင်တန်း လာနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက် လာပါကလည်း ယင်းတို့ အနေဖြင့် မြန်မာ မျိုးရင်းငါးများကို စားသုံးခြင်းထက် ကြိုက်နှစ် သက်သော ငါးမျိုး များကိုသာ ဈေးနှုန်းကို ထည့်မတွက်ဘဲ ဝယ်စားကြမည် ဖြစ်ပြီး သားငါးကဏ္ဍ အတွက် ကြိုတင် ပြင်ဆင်မှု မရှိဘဲ နီးစပ်ရာ အိမ်နီးချင်း နိုင်ငံများမှ မှာယူ၍ ပြင်ဆင်ပေးမည် ဆိုပါကလည်း မိမိတို့ နိုင်ငံ၏ ရရှိနိုင်သော ဒေါ်လာငွေ ကြေးကို ဆုံးရှုံးနိုင်မည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

'' နိုင်ငံခြားသား တွေက သာမန် ကင်းပုစွန် နှစ်ကီလို ဆိုရင်တောင် မှ ငွေကျပ် တစ်သောင်းခွဲ ၊ နှစ်သောင်းခွဲ ဈေးနှုန်းတွေနဲ့ စားသုံးကြတယ် ၊ အဲဒီ ဈေးနှုန်းတွေ ကလည်း နိုင်ငံခြားသားတွေ စားသုံးဖို့ သင့်လျော်တဲ့ ဈေးနှုန်း တွေသာ ဖြစ်ပါတယ် ၊ ကျွန်တော် တို့ရဲ့ ပင်လယ်ငါး ဟာလည်း တကယ်ကို သန့်ရှင်းပြီး ကောင်းမွန်တဲ့ ငါးတွေပါ ၊ အဲဒီလို ငါးကို ကျွန်တော်တို့က ငါးမျိုး ပျက်သုဉ်းအောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး .... '' ဟု ပြည်တွင်းရှိ သယံဇာတ ရေထွက်ကုန်များ နှင့်ပတ်သက်၍ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ

ဦးဝင်းစိန်က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ၏ စက်မှုလုပ်ငန်းကဏ္ဍကို နှစ်နှစ်အတွင်း တိုးတက်ရန် နှင့် လိုအပ်ပါက JV စနစ်ဖြင့် ဆောင်ရွက် သွားမည်


ရန်ကုန် ၊ ၂၆-၈-၂၀၁၃

မြန်မာစက်မှု လုပ်ငန်းများ ကို နိုင်ငံတကာ ကဲ့သို့ ဖွံ့ဖြိုး တိုးတက်လာ စေရန် နှစ်နှစ်အတွင်း အောင်မြင်အောင် ဆောင်ရွက်မည် ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတကာ ကုမ္ပဏီများဖြင့် စနစ်ဖြင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားကြောင်း သိရသည်။

မြန်မာစက်မှု လုပ်ငန်းကို ဖွံ့ဖြိုး တိုးတက်စေရန် အတွက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အဓိက မြို့ကြီးများ တွင် လျှပ်စစ်မီး လိုအပ်ချက်ကို ပြည့်မီ နိုင်ရန် နိုင်ငံတော် မှ မဟာ ဓာတ်အားလိုင်း ကြီးအတွင်းမှ စက်မှုလုပ်ငန်း များကို လျှပ်စစ်မီး ဆက်လက် ပေးသွားမည် ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍကလည်း လျှပ်စစ်မီး ရရှိ ထုတ်လုပ်နိုင်ရန် ကူညီဆောင်ရွက် သွားမည် ဖြစ်သည်။ လိုအပ်ပါက ပိုလျှံ လျှပ်စစ်မီး များကို နိုင်ငံတော် မဟာဓာတ်အားလိုင်း အတွင်းသို့ ပြန်လည် ရောင်းချနိုင်ရန် ပြင်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ပြီး စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးပြီး ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီများ လျှပ်စစ်မီး ကဏ္ဍ အောင်မြင် လာမှသာ မဟာဓာတ်အား လိုင်းမှ တဖြည်းဖြည်း လျော့ချသွားမည် ဖြစ်ကြောင်း သိရသည်။

လောလောဆယ်တွင် စက်မှုဖွံ့ဖြိုး တိုးတက်ရန် အတွက် လိုအပ်ပါက လျှပ်စစ်မီး အပြည့်အ၀ ရရှိရန် လျှပ်စစ်မီး ထုတ်နိုင်သော စက်ပစ္စည်းများကို တင်သွင်းပြီး မြန်မာစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ကူညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်မီး လိုအပ်ချက်ကို ပြည့်မီစေရန် နိုင်ငံတော် လျှပ်စစ် ကဏ္ဍကို ၅၃၄ မဂ္ဂါဝပ် အထိ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း အောင်မြင်ရန် သာမကဘဲ ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ်များမှ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


နိုင်ငံပိုင် စက်မှုလုပ်ငန်း များကိုလည်း ပုဂ္ဂလိကသို့ အားလုံး ရောင်းချပေးသွား မည်ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ယင်းတို့၏ စက်မှုလုပ်ငန်းများ နိုင်ငံတကာနှင့် နည်းတူ အောင်မြင်ရန် ကြိုးစား ကြမည် ဖြစ်သည်။ နိုင်ငံပိုင် စက်မှုလုပ်ငန်း များမှာ အားလုံး အရှုံးပေါ် နေပြီး ပုဂ္ဂလိကသို့ လွှဲပြောင်း လိုက်မှသာ စက်မှုလုပ်ငန်းများ အောင်မြင် လာမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ ဒုဝန်ကြီး က မီဒီယာ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

သက်တမ်းလွန် ရော်ဘာပင်များ နေရာတွင် အစားထိုး စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် ပြည်တွင်းထွက်ရှိနှုန်း ကျဆင်း


ရန်ကုန် ၊ ၂၆-၈-၂၀၁၃

မြန်မာနိုင်ငံတွင် ရော်ဘာ ထွက်ရှိမှု နှုန်းမှာ အာဆီယံ ဒေသအတွင်း၌ အဆင့်ရှစ် နေရာသို့ ရောက်ရှိ နေကြောင်း မြန်မာနိုင်ငံ ရော်ဘာ လုပ်ငန်းရှင်များ အသင်းမှ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

အဆိုပါ ရော်ဘာ ထွက်ရှိမှု ကျဆင်းခြင်းမှာ သက်တမ်းလွန် အပင်များကို ယခုအချိန်ထိ ဒေသခံများက စိုက်ပျိုး နေခြင်းတို့ကြောင့် ဖြစ်ပြီး ယင်းအပင်များ ၏ သက်တမ်းသည် အနှစ် ၃ဝ မှ ၅ဝ ထိသာ ရော်ဘာ အရည်အသွေး ကောင်းများ ထွက်ရှိသည့် အပင်များ ဖြစ်ကြောင်း သိရသည်။

'' ကျွန်တော်တို့ ဌာနက ဒေသခံတွေ ကို နိုင်ငံခြားမှ ပညာရှင်တွေ ဖိတ်ကြားကာ စိုက်ပျိုး နည်းစနစ် များကို သင်ခန်းစာ တစ်ခုအနေနဲ့ ပို့ချပေးပါတယ် ၊ ဒါပေမယ့် စိုက်ပျိုးသူတွေ က အပင်တွေကို ခုတ်ရမှာကို နှမြော ကြတယ် ၊ ဒါကြောင့် သက်တမ်းလွန် ရော်ဘာပင် များလာပြီး ဘော်ဘာ ထွက်ရှိမှု နည်းကာ အရည်အသွေးပါ ညံ့လာပါတယ် ... " ဟု စိုက်ပျိုးသူများ အသင်းမှ ဦးဝင်းမြင့် က ပြောပြခဲ့သည်။


လက်ရှိတွင် ကမ္ဘာ့အဆင့်မီ ရော်ဘာ ထွက်ရှိသော နိုင်ငံများမှာ မလေးရှား ၊ ထိုင်း နှင့် အင်ဒိုနီးရှား တို့ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရော်ဘာ ထွက်ရှိမှုနှုန်း နောက်တွင် အိန္ဒိယ နှင့် နီပေါ နိုင်ငံတို့သာ ရှိကြောင်း သိရှိရသည်။

အောင်ဘာလေထီ ဆုမဲအရေအတွက် ထပ်တိုးမည်

ရန်ကုန် ၊ ၂၆-၈-၂၀၁၃

နိုင်ငံတော်မှ တရားဝင် ရောင်းချနေသော အောင်ဘာလေ ထီများကို ၀ယ်ယူ ကံစမ်းကြသူများ တဖြည်းဖြည်း များပြား လာခြင်းကြောင့် တစ်လထက် တစ်လ ရောင်းအား ပိုကောင်း လာကာ ယခုအခါတွင် ယခင်ကထက် အစောင်ရေ ၃၅ သိန်းကျော်  ပိုရောင်း လာရသည်ဟု သိရသည်။ လွန်ခဲ့သော နှစ်လ ၊ သုံးလခန့်မှ စတင်ကာ ထီရောင်းအားများ သိသိသာသာ တိုးတက် လာခြင်းကြောင့် ယခုလို ထီစောင်ရေ တိုးမြှင့်ရောင်းချ လာရခြင်းဖြစ်ပြီး ရောင်းရသော ထီအစောင်ရေ တိုးလာခြင်း နှင့်အတူ ထီဖွင့် ရာတွင်လည်း ဆုမဲ အရေအတွက်ကို တိုး၍ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

" ဒီ နှစ်လ ၊ သုံးလ လောက်မှာ ထီရောင်းအားက အတော်ကြီးကို တိုးတက်လာ ခဲ့တယ် ၊ နှိုင်းယှဉ် ပြောရရင် ပြီးခဲ့တဲ့ ဇွန်လက ထီအစောင်ရေ ၂၇၈ သိန်းကျော် ရောင်းရလို့ဆိုပြီး ဇူလိုင်လကျတော့ ထီအစောင်ရေ ကိုးသိန်း ထပ်တိုးတယ် ၊ အဲဒီလို ထပ်တိုးတာလည်း ရောင်းအား ကောင်းတော့ အကုန် ကုန်ပါတယ် ၊ အဲဒါနဲ့ ဒီလ ( သြဂုတ်လ ) မှာ ထီအစောင်ရေ နောက်ထပ် ၂၇ သိန်း ထပ်တိုး ရောင်းတယ် ၊ အဲဒါလည်း အကုန်လုံးနီးပါး ကုန်လိမ့်မယ်လို့ မျှော်မှန်း ထားပါတယ် ၊ ဇွန်လထက်စာရင် စုစုပေါင်း ထီအစောင်ရေ ၃၆ သိန်းလောက် ပိုရောင်း လာရတယ် ၊ အခုဆိုရင် အောင်ဘာလေထီ ရောင်းအားက တစ်လကို အစောင်ရေ ၃၁၅ သိန်း နီးပါးလောက် ရောင်းရလာတာတယ် ၊  ထီအစောင်ရေ တိုးရောင်း လာရသလို ဆုမဲ အရေအတွက် ကလည်း အချိုးကျ တိုးသွားမှာပါ။ ကျပ် သိန်း ၁ဝဝ မင်္ဂလာစုံတွဲ စနစ်တွေနဲ့ သိန်း ၂ဝဝ ၊ သိန်း ၃ဝဝ ဆုတွေမှာ အရေအတွက် တိုးပြီး ဖွင့်သွားဖို့ အခြေအနေ များပါတယ် ... '' ဟု ၄င်းက ပြောပြခဲ့သည်။


အောင်ဘာလေ ထီများသည် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများထက် အလယ်ပိုင်း နှင့် အထက်ပိုင်း ဒေသများတွင် ရောင်းအားများ ပိုမိုကောင်းလာ ခဲ့ရာ အချို့သော ထီရောင်းအား ၊ ပေါက်အား ကောင်းသော ထီအရောင်း ဆိုင်များတွင် ၄င်းထီများကို တစ်စောင်လျှင် ငွေကျပ် ၃၀၀ ကျပ်နှုန်း အထိ ရောင်းချ လာကြကြောင်း ကြားသိရသည်။ အဆိုပါ အောင်ဘာလေထီ စုစုပေါင်း ရောင်းရငွေ ၏ ၆၀ ရာခိုင်နှုန်း ကို နိုင်ငံတော်မှ ဆုမဲများ ပြန်လည်ခွဲဝေပေးပြီး ၄ဝ ရာခိုင်နှုန်းကို နိုင်ငံတော် အခွန်အဖြစ် ပေးသွင်းကာ လစဉ်လဆန်း ၁ ရက်နေ့တိုင်းတွင် ထီပေါက်မဲ များကို ဖွင့်ပေးလျက် ရှိကြောင်း သိရှိရသည်။

အမျိုးသားယဉ်ကျေးမှု နှင့် စာရိတ္တပညာ နည်းပြသင်တန်း ဆင်းပွဲကျင်းပ


လားရှိုး ၊ ၂၆-၈-၂၀၁၃

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) လားရှိုးမြို့  ပြည်နယ် သာသနာ့ နုဂ္ဂဟအသင်း နှင့် ဓမ္မရောင်ခြည် ၊ ဓမ္မဒါန လုပ်ငန်းတို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သော အမျိုးသား ယဉ်ကျေးမှုနှင့် စာရိတ္တပညာ နည်းပြ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၄ ရက် ညနေ ၄ နာရီတွင် ရပ်ကွက်(၂) ၊ သာသနာ့ ဗိမာန် တော်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ အေတီတပ်ဦး ကျောင်းဆရာတော် အရှင်ဓမ္မနန္ဒ ၊ ဓမ္မရန်သီ ကျောင်းတိုက် (မြစ်ငယ်)ဆရာတော် အရှင်ဝိဇရာ လင်္ကာရ နှင့် ပင့်သံဃာတော်များ ၊ သင်တန်းနည်းပြများ ၊ သင်တန်း တက်ရောက်ခဲ့သော မြို့ပေါ်ရှိ သံဃာတော်များ ၊ သီလရှင် ဆရာလေးများ ၊ အခြေခံပညာ ကျောင်းများမှ ဆရာ ၊ ဆရာမများ ၊ ပြင်ပမှ စိတ်ဝင်စား သူများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ် ပေးခဲ့ပြီး သင်တန်း ဖြစ်မြောက်ရေး အဖွဲ့ ၊ အေတီတပ်ဦး ကျောင်းဆရာတော် အရှင်ဓမ္မနန္ဒ မှ သင်တန်းဆင်း သြဝါဒ စကားချီးမြှင့် ပေးခဲ့သည်။ ထို့နောက် အမျိုးသား ယဉ်ကျေးမှု နှင့် စာရိတ္တပညာ နည်းပြသင်တန်း ဖြစ်မြောက်ရေး အလှူရှင်များက သင်တန်း နည်းပြ ဆရာတော် အရှင် ဝိဇရာ လင်္ကာရ နှင့် သံဃာတော် များအား လှူဖွယ် ပစ္စည်းများ ဆပ်ကပ် လှူဒါန်းပြီး သင်တန်းသား သင်တန်းသူများ ကိုယ်စား ဆရာမ တစ်ဦးမှ ကျေဇူးတင် စကား ပြောကြားခြင်း ၊ သင်တန်းသား သင်တန်းသူ များမှ သင်တန်းဆရာ ၊ ဆရာများအား ဂါရဝ လက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်း နည်းပြ ဓမ္မရောင်ခြည် ၊ ဓမ္မဒါန လုပ်ငန်း(မန္တလေး) ဥက္ကဌ ဆရာ ဦးလှမျိုး မှ အမှာစကား ပြောကြားခဲ့ကာ အခမ်းအနား ကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger