www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ရင်းနှီးမြှုပ်နှံမှုများ. Show all posts
Showing posts with label ရင်းနှီးမြှုပ်နှံမှုများ. Show all posts

Friday, December 21, 2018

ပဲခူးမြို့ စက်မှုနယ်မြေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ရန် လက်မှတ် ရေးထိုး

ပဲခူးမြို့ စက်မှုနယ်မြေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ရန် လက်မှတ် ရေးထိုး
-
ပဲခူး ဒီဇင်ဘာ ၂ဝ 
-
ပဲခူးမြို့ ပြည်ပစက်မှုနယ်မြေတွင် Sunjin Myanmar Co., Ltd. မှ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ ဆောင် ရွက်ရန် လက်မှတ်ရေးထိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင် ဟံသာခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ထပ်မံတိုးချဲ့ ဆောင်ရွက်သည့် Sunjin Myanmar Co., Ltd. အား ဝမ်းမြောက် ဝမ်းသာစွာ ကြိုဆိုကြောင်း၊ နောင်အနာဂတ်တွင် အာဆီယံ လမ်းမကြီးများ၊ ရိုးမဖြတ်ကျော် လမ်းများ ပေါ်ပေါက်လာမည်ဖြစ်၍ ပဲခူးမြို့နယ် အဓိက ကုန်စည်စီးဆင်းရာ လမ်းဆုံပေါ်တွင် ကျရောက်လျက်ရှိ၍ စီးပွားရေးအရ မဟာဗျူဟာကျကြောင်း၊ မြန်မာနိုင်ငံအတွက် စိုက်ပျိုး ရေးနှင့် မွေးမြူရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုရာ ရောက်သည့် တိရစ္ဆာန် အစာစပ် လုပ်ငန်းနှင့် ကြက်သား ပေါက်ထုတ်လုပ်သည့် လုပ်ငန်းများ ဆောင်ရွက်နေမှုသည် နိုင်ငံခြား ဝင်ငွေရရှိစေသည့်အပြင် ပြည်တွင်း စိုက်ပျိုး မွေးမြူရေးသမားများအတွက် အကျိုးရှိသည်ဖြစ်၍ လုပ်ငန်းများ ပိုမိုအဆင်ပြေနိုင်ရန် မိမိတို့ အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ် သလို ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း ပြဋ္ဌာန်းထားပြီး ဖြစ်သည့် အလုပ်သမား ဥပဒေနှင့် အခွင့်အရေးများကို လေးစား လိုက်နာကြစေလိုကြောင်း ပြောကြားသည်။ 
-
ထို့နောက် ပဲခူးတိုင်းဒေသကြီး စက်ရုံအလုပ်ရုံများ တည်ထောင်ကြီးကြပ်ရေး ကော်မတီ နှင့် Sunjin Myanmar Co., Ltd. တို့ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး၊ Sunjin Myanmar Co., Ltd.. မှ Executive Director Mr. Sun Ho Hwang က ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Sunjin Myanmar Co., Ltd.. မှ Executive Director Mr. Sun Ho Hwang နှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်းသိရသည်။
-
ဟိန်းထက်(ပဲခူး)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 26, 2018

၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ အနက် စင်ကာပူနိုင်ငံက အများဆုံး ဝင်ရောက်ထား

၂ဝ၁၈  ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ အနက် စင်ကာပူနိုင်ငံက အများဆုံး ဝင်ရောက်ထား

ရန်ကုန် အောက်တိုဘာ ၂၅
-
၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ပြည်တွင်းသို့ နိုင်ငံခြားသား ဝင် ရောက်ရင်းနှီး မြှုပ်နှံမှုများတွင် စင်ကာပူနိုင်ငံမှ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
-
စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ကျော်ဖြင့် ရင်းနှီးမြှုပ်နှံမှုအများ ဆုံးဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၃ဝဝ ဖြင့် ဒုတိယအများ ဆုံးဝင်ရောက်ခဲ့ကာ ဗြိတိန်မှ အမေရိကန်ဒေါ်လာ  ၁၇၄  သန်းကျော်ဖြင့်  တတိယ အများဆုံး ဝင်ရောက်ပြီး  စတုတ္ထအများဆုံး အဖြစ် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃၄ သန်းကျော်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
-
ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံး ဝင်ရောက်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ရာ တည်ဆောက်ရေးကဏ္ဍ၊ စွမ်းအားကဏ္ဍ၊ လယ်ယာစိုက်ပျိုး ရေးကဏ္ဍ၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍ၊ စက်မှုအိမ်ရာ ကဏ္ဍ၊  ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ၊ သတ္တုတူးဖော်ရေး လုပ်ငန်းကဏ္ဍနှင့် တခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံ ခဲ့ကြသော်လည်း  ရေနံနှင့်ဓာတ်ငွေ့ကဏ္ဍနှင့်  ဆောက်လုပ်ရေးကဏ္ဍတို့တွင်  နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
-
ပြည်တွင်းသို့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေ ရိကန်ဒေါ်လာ ၉ ဘီလီယံကျော်၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ  ၆ ဘီလီယံကျော်၊ ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါး ဝင်ရောက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတာအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရရှိရန်  လျာထားသော်လည်း  ၂  ဘီလီယံ နီးပါးသာ ရရှိခဲ့သဖြင့် လျာထားချက် မပြည့်မီခဲ့ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, August 27, 2018

တန်ချိန် ၂ဝဝဝဝ ထိ ဆိုက်ပါနိုင်သောဆိပ်ကမ်းသစ်များကို PPP စနစ်ဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးရန် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ တင်ပြ



ရန်ကုန် ၂၇-၈-၂ဝ၁၈

ရခိုင်ပြည်နယ်၏ ကုန်သွယ်ရေး တိုးတက်မြန်ဆန် လာရန်အတွက် တန်ချိန် ၂ဝဝဝဝထိ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းအသစ်များကို ရင်းနှီးမြှုပ်နှံမည့် သူများရှိပါက PPP (Public Private Partner Ship) စနစ်ဖြင့် ရင်းနှီးမြှုပ်နှံ ခွင့်ပေး ရန်ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ ဆွေးနွေးတင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ သတင်းများအရ သိရသည်။

သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၌ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ဆွေးနွေးတင်ပြ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အစိုးရပိုင်ဆိပ်ကမ်းအဖြစ် ဖောင်တော်ကြီး ဆိပ်ကမ်းနှင့် ရွှေမင်းဂံ ဆိပ်ကမ်းနှစ်ခုသာ ရှိသည်။ အဆိုပါ ဆိပ်ကမ်းများတွင် သင်္ဘောတစ်စီးတည်းသာ ဆိုက်ကပ်နိုင်သဖြင့် တန် ၁ဝဝဝ ဆံ့သည့် သင်္ဘောများ ဆိုက်ကပ်ကာ ကုန်တင်၊ ကုန်ချပြုလုပ်လျှင် ၁ဝ ရက်ခန့်ထိ အချိန်ကြာမြင့် စွာဆောင်ရွက်နေရသည်။ ကမ်းရိုးတန်းသွား သင်္ဘောများမှာ စစ်တွေမြို့သို့ တစ်လလျှင် ၁၅စီးခန့် ဝင်၊ ထွက်ဆိုက်ကပ်မှု ရှိနေကြောင်း သိရသည်။

ထိုသို့ ဝင်ထွက်ဆိုက်ကပ်နေသည့် ကုန်သင်္ဘော များပြားနေသော်လည်း ဆိုက်ကပ်ရမည့် ဆိပ်ကမ်းအရေအတွက် နည်းပါးသဖြင့် ရေအလယ်ကျောက်ချ ရပ်နားကာ မော်တော်များ အသုံးပြု၍ ကုန်တင်၊ ကုန်ချပြုလုပ်နေကြရသောကြောင့် ကုန်ထုတ်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေကာ ကုန်ကျစရိတ်များလည်း မြင့်တက်လာသဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်လာကြောင်း သိရသည်။

#Themyawadydaily

Monday, May 8, 2017

မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စင်ကာပူနိုင်ငံက ကန်ဒေါ်လာသန်း ၁၉၀ ကျော်ဖြင့် အများဆုံး ရင်းနှီးမြုပ်နှံခဲ့


နေပြည်တော် ၈-၅-၂၀၁၇

မြန်မာနိုင်ငံ၏ ဟိုတယ်လုပ် ငန်းကဏ္ဍ၌ ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စင်ကာပူ နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၉ဝကျော်ဖြင့် အများဆုံးရင်းနှီး မြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ြကီး ဌာနသတင်းများအရ သိရသည်။

ယခုအခါ မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ်လာ နေသောအခြေ အနေများနှင့် သိသာစွာဖွံ့ဖြိုး တိုးတက်လာနေ သော်လည်း ခရီးသွား လုပ်ငန်းများ၏ အခြေအနေနှင့် အလားအလာများကြောင့် နိုင်ငံ တကာဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ ၏ဟိုတယ် လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

ထို့အတူ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းများမှလည်း အခြေအနေနှင့် အလားအလာ ကောင်းများရှိနေသည့် ဟိုတယ်လုပ်ငန်း များတွင်ရင်းနှီး မြှုပ်နှံလုပ်ကိုင် ဆောင်ရွက်ခဲ့ ကြသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဟိုတယ်စီမံကိန်း ၅၆ခု ထိရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၄ဘီလီယံ ထိရှိခဲ့သည်။ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာ နှစ်တွင် မြန်မာနိုင်ငံ၏ ဟိုတယ် လုပ်ငန်းများ၌ နိုင်ငံတကာမှ လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်ဆောင် ရွက်ခဲ့သည့် အခြေအနေများမှာ စင်ကာပူနိုင်ငံက အမေရိကန် ဒေါ်လာသန်း ၁၉ဝကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင် ရွက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံး နေရာတွင်ရှိနေပြီး ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ၅သန်း၊ ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၆သန်း ရင်းနှီး မြှုပ်နှံကာ စင်ကာပူနိုင်ငံပြီးနောက် အများဆုံးနေရာတွင် ရှိနေကြောင်း သိရသည်။

#Themyawadydaily

Friday, March 24, 2017

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေပမာဏ ငါးဆခန့်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုငွေပမာဏ သုံးဆခန့်တိုးတက်လာ



မန္တလေး ၂၄-၃-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်း ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ယခင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ ငါးဆခန့်နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ သုံးဆခန့် တိုးတက် လာကြောင်း မန္တလေးတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောပြသည်။ 

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ အမေရိ ကန်ဒေါ်လာ သန်း ၁၆ဝ ကျော်သာ ရှိခဲ့ပြီး ယခု ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ငွေပမာဏ အမေရိကန် ဒေါ်လာ ၇၂၄ သန်းကျော် ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ 

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ငွေပမာဏ ငွေကျပ် ဘီလီယံ ၃၁ဝ ကျော်ရှိခဲ့ရာမှ ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ငွေပမာဏ ငွေကျပ် ဘီလီယံ ၉ဝဝကျော် ရင်းနှီးမြှုပ်နှံ ခဲ့သည်။ 

မန္တလေးတိုင်း ဒေသကြီး အတွင်း ခုနှစ်တွင် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၁ ခုရှိခဲ့ပြီး စက်မှု စိုက်ပျိုးရေး သတ္တုနှင့် အခြားလုပ်ငန်း များကို ရင်းနှီးမြှုပ်နှံ ခဲ့ခြင်း ဖြစ်သည်။ 

မန္တလေးတိုင်း ဒေသကြီး အတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၃ ခုရှိခဲ့ပြီး စက်မှု သတ္တုနှင့် ဟိုတယ် ခရီးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပြုလုပ် ကြရာတွင် စက်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး တွင် ယခု ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ အမေရိ ကန်ဒေါ်လာ ခြောက်ဘီလီယံ ရရှိရန် ရည်မှန်း ဆောင်ရွက်ခဲ့ရာ မတ်လဆန်းထိ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ အမေရိကန် ဒေါ်လာ ၆ ဒသမ၂၇ ဘီလီယံ ရှိခဲ့သောကြောင့် လျာထားချက် ပြည့်မီ ကျော်လွန် ခဲ့ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, March 1, 2017

ထိုင်းနိုင်ငံ၏ SAHATHAI စီးပွားရေး လုပ်ငန်းအုပ်စု အနေဖြင့် မြန်မာနိုင်ငံကို အဓိကဦးစားပေး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်မည်



ရန်ကုန် ၊ ၁-၃-၂၀၁၇

ထိုင်းနိုင်ငံ၏ စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်း ထုတ်လုပ်မှု တွင် အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစု ကြီးဖြစ်သော SAHATHAI စီးပွားရေး လုပ်ငန်းအုပ်စု အနေဖြင့် အိမ်နီးချင်း နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံ မှု အသစ်များကို တိုးချဲ့ ဆောင်ရွက် ရာတွင် မြန်မာ နိုင်ငံကို အဓိကဦးစားပေး အနေဖြင့် လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ရှိ မြန်မာနိုင်ငံ သံရုံးမှ စီးပွားရေး သံမှူး၏ သတင်းပေးပို့ ချက် များအရ သိရသည်။

မြန်မာနိုင်ငံ၌ SAHATHAI ကုမ္ပဏီ၏ ရောင်းအားသည် ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ခုနစ် တို့တွင် ၂၀ရာခိုင် နှုန်းထိ မြင့်တက် ခဲ့ပြီး၊ နောက်ထပ် တိုးတက် မည့် အလားအလာများ လည်းရှိ နေသည်ဟု သိရသည်။

 မြန်မာ နိုင်ငံသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်စသည့် ဈေးကွက် နိုင်ငံများသို့ အလွယ်တကူ ချိတ်ဆက်နိုင်သော အချက် အချာကျသည့် တည်နေရာ တွင်ရှိ နေသည်။ မြန်မာ နိုင်ငံတွင် ထိုသို့ ဈေးကွက် အခြေအနေမှ အလား အလာ ကောင်းများစွာ ရှိနေသဖြငSAHATHAI ကုမ္ပဏီ၏ ထပ်မံ တိုးချဲ့လုပ်ကိုင် ဆောင်ရွက် သွားမည့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှု အသစ် များကို မြန်မာနိုင်ငံတွင် အဓိက ဦးစားပေး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

Monday, January 9, 2017

ရွှေသံလွင် နှင့် ဂျပန်လုပ်ငန်းစု ANA တို့ ဖက်စပ်လုပ်ကိုင်မည့် လေကြောင်းလိုင်းသစ် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာသို့ စတင်ပျံသန်းမည်



ရန်ကုန် ၊ ၉-၁-၂၀၁၇

ရွှေသံလွင်နှင့် ဂျပန်လုပ်ငန်းစု ANA တို့ ဖက်စပ် လုပ်ကိုင်မည့် လေကြောင်းလိုင်း သစ်သည် ၂ဝ၁၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ စတင်ပျံသန်းမည် ဖြစ်ကြောင်း ANA လုပ်ငန်းစုမှ တာဝန်ရှိသူ Shinya katanozaka ထံမှ သိရသည်။

အဆိုပါ လေကြောင်းလိုင်းသစ် စတင် တည်ထောင်ရန် ဂျပန်လုပ်ငန်းစုက ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့် ရရှိထားပြီး ရွှေသံလွင် လုပ်ငန်းစုက ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။ ကနဦး ရင်းနှီး မြှုပ်နှံမှု အနေဖြင့် အမေရိကန် ဒေါ်လာ တစ်သိန်းခွဲကို စတင် ထည့်ဝင်ပြီး ၂ဝ၁၆ ခုနှစ် အစောပိုင်းက လေကြောင်းလိုင်းသစ် အတွက် ရင်းနှီးမြှုပ်နှံခွင့်ကို ခွင့်ပြုမိန့် ရထားပြီးနောက် Asian Blue ဟူသည့် အမည်ဖြင့် အမေရိကန် ဒေါ်လာ သန်း ၇ဝ ကျော် ရင်းနှီးမြှုပ်နှံ၍ နိုင်ငံတကာ ပျံသန်းမှု စတင်ရန် လိုအပ်သော အခြေခံအုတ်မြစ် ချခြင်းများကို တစ်နှစ်ခွဲကျော် အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တစ်နှစ်ခွဲကျော် အချိန်ယူ လုပ်ဆောင်ရခြင်း သည် လေကြောင်းလိုင်း သစ်အတွက် သုံးစွဲမည့် လေယာဉ် အမျိုးအစား မှာယူခြင်း သို့မဟုတ် ငှားရမ်းခြင်း၊ လေကြောင်းလိုင်း ကုမ္ပဏီရုံးချုပ်၏ အုပ်ချုပ်မှု အဖွဲ့အစည်း များကို တာဝန် ပေးအပ်ခြင်း၊ ပျံသန်းမည့် ဈေးကွက်ကို ဦးတည်ရှာဖွေ ခြင်းနှင့် တခြားသော ပြင်ဆင်သင့်သည်များ ကို ဆောင်ရွက် နေခြင်းကြောင့် ဖြစ်သည်။

ဂျပန်လုပ်ငန်းစု ANA သည် ယခင်က မြန်မာနိုင်ငံဘက်မှ Asian Wings လေကြောင်းလိုင်းနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် လက်မှတ်ရေးထိုး နိုင်ခြင်း မရှိသဖြင့် ရွှေသံလွင်နှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ခြင်း ဖြစ်သည်။

၂ဝ၁၈ ခုနှစ်တွင် လေကြောင်းလိုင်းသစ် ပျံသန်းရာ၌ အနည်းဆုံး လေယာဉ်နှစ်စင်း ဖြင့် စတင်နိုင်ရန် ပြင်ဆင်ထားကြောင်း၊ ဂျပန်လုပ်ငန်းစု ANA သည် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်နိုင်ခြေ ပိုမိုကောင်းလာ ဖွယ် ရှိနေသောကြောင့် တိုးတက်မှု ဖြစ်စဉ်များ အတွင်း ပါဝင်ကူညီသည့် အနေဖြင့် အလယ်အလတ် တန်းစား လေကြောင်းလိုင်း တစ်ခုအဖြစ် ပြည်တွင်းက ခရီးသွားများ အတွက် အားလပ်ရက်တွင် ခရီးထွက်နိုင်ရန် စီစဉ်
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Wednesday, December 21, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆက်သွယ်ရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်


ရန်ကုန် ၊ ၂၁-၁၂-၂၀၁၆

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဆက်သွယ်ရေး ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အများဆုံးဖြစ်ပြီး ထိပ်ဆုံးမှ ရပ်တည်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ် နှစ်စမှ ဒီဇင်ဘာ ၁၇ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၈ ခု ဝင်ရောက်ခဲ့ရာ ဆက်သွယ်ရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄၇ ရာခိုင်နှုန်းကျော် ရှိ၍ ထိပ်ဆုံးမှ ရပ်တည်နေရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဖြစ် ဆက်သွယ်ရေး ကဏ္ဍမှ ၄၇ ဒသမ ဝ၇ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်း ကဏ္ဍမှ ၂၅ ဒသမ ၅ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍမှ ၁၇ ဒသမ ၅ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍမှ ၂ ဒသမ ၈၁ ရာခိုင်နှုန်း၊ အိမ်ရာနှင့် အဆောက်အအုံ ကဏ္ဍမှ ၃ ဒသမ ဝ၃ ရာခိုင်နှုန်း၊ တခြား ဝန်ဆောင်မှုကဏ္ဍမှ ၂ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍမှ ၂ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ဝင်ရောက် လာကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံမှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံး အဖြစ် တရုတ်နိုင်ငံ၊ တတိယအနေဖြင့် ဟောင်ကောင်၊ စတုတ္ထ အနေဖြင့် ထိုင်းနိုင်ငံနှင့် ပဉ္စမမြောက် နိုင်ငံအဖြစ် ဂျပန်နိုင်ငံ တို့က ရင်းနှီးမြှုပ်နှံ ခဲ့သည်။

ပြည်တွင်းသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေရန်နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အားကောင်း လာစေရန် ယခုအခါ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ထုတ်ပြန်ထားပြီး ရင်းနှီးမြှုပ်နှံသူ များအတွက် ပိုမိုကောင်းမွန်သည့် ကဏ္ဍများ ပါဝင်စေရန် နည်းဥပဒေနှင့် ပြဋ္ဌာန်းချက် များကို ဆက်လက် ရေးဆွဲလျက် ရှိသည်။

လက်ရှိ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အထိသာ ရရှိထားသည့် အပြင် ရင်းနှီးမြှုပ်နှံမှု အတွက် အဆိုပြုလွှာ ၅၂ စောင်ကိုလည်း ထပ်မံရရှိထားပြီး ဖြစ်သည်။ ယင်း အဆိုပြုလွှာ များကို ယခုဘဏ္ဍာနှစ်၏ ကျန်ရှိကာလတွင် အပြီးသတ် ဆောင်ရွက်နိုင် ပါက အမေရိကန် ဒေါ်လာ ၃ ဘီလီယံနီးပါး ထပ်မံရရှိလျှင် လက်ရှိရရှိ ထားသည့် ၃ ဒသမ ၆ ဘီလီယံနှင့် ပေါင်းပါက ၆ ဒသမ ၆ ဘီလီယံ အထိရရှိမည် ဖြစ်သောကြောင့် လျာထားချက် ပြည့်မီကြောင်း ဦးအောင်နိုင်ဦး က သုံးသပ် ပြောကြားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၃)

Monday, December 12, 2016

ရန်ကုန်မြို့၏ ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) တွင် Dusit Thani Yangon Hotel ထည့်သွင်းတည်ဆောက်



ရန်ကုန် ၊ ၁၂-၁၂-၂၀၁၆

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် ကပ်လျက် မြေနေရာ၌ ရန်ကုန်မြို့၏ ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ)တွင် ကြယ်ငါးပွင့် အဆင့်ရှိ Dusit Thani Yangon Hotel ကို ထည့်သွင်း တည်ဆောက်နေပြီ ဖြစ်ကြောင်း Myanmar V - Pile Group of Companies နှင့် Dusit International Group မှ သိရသည်။

အဆိုပါ ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း၏ ပထမ လုပ်ကွက်တွင် လူဦးရေ ၄ဝဝဝ ကျော်ဆံ့သော နိုင်ငံတကာအဆင့်ရှိ ကွန်ဗင်းရှင်း စင်တာကို တည်ဆောက်လျက် ရှိပြီး ယခုအခါ ပထမအဆင့် အဖြစ် ကွန်ဗင်းရှင်းစင်တာ နှင့်တွဲဖက်၍ Dusit Thani Yangon Hotel စီမံကိန်းကို တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

''အခု တည်ဆောက်မယ့် ကြယ်ငါးပွင့် Dusit ဟိုတယ်က နိုင်ငံတကာ အဆင့်မီ တည်ဆောက်မှာ ဖြစ်လို့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် လူဦးရေ ၄ဝဝဝ ကျော်ဆံ့တဲ့ နိုင်ငံတကာ အဆင့်မီ MCC ခန်းမကြီးကို တည်ဆောက် နေပါတယ်။ စီးပွားရေးဇုန် ကြီးမှာ တခြား အဆောက်အအုံ တွေလည်း ပါဝင်မှာပါ။ ဟိုတယ်ကိုတော့ ၂ဝ၂ဝ ပြည့်နှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထား ပါတယ်'' ဟု Myanmar VPile Group of Companies မှ Director ဒေါ်သင်းသင်းဟန် က ပြောသည်။

အသစ် တည်ဆောက်နေသော Dusit Thani Yangon Hotel သည် တောင်ကိုရီးယား နိုင်ငံ ဗိသုကာဒီဇိုင်းဖြင့် ထိုင်းနိုင်ငံ အခြေပြု ဟိုတယ်လုပ်ငန်းစု Dusit International Group မှ ဟိုတယ် စီမံခန့်ခွဲမှု အစီအမံများဖြင့် တည်ဆောက် သွားမည်ဖြစ်ကာ အခန်းပေါင်း ၃၃၈ ခန်း ပါဝင်ပြီး Ballroom Function and Meeting Room များ၊ Restaurant များ၊ ကားပါကင်များနှင့် တခြား ကြယ်ငါးပွင့် အဆင့်မီ ဝန်ဆောင်မှု များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Wednesday, November 30, 2016

သီလ၀ါအထူးစီးပွားရေးဇုန် ၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၄ ခု ရင်းနှီးမြှုပ်နှံထား


Foster Electric Company, Thilawa Special Ecomomic Zone

ရန်ကုန် ၊ ၃၀-၁၁-၂၀၁၆

လက်ရှိ သီလဝါအထူး စီးပွားရေးဇုန် ၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၄ ခု ရင်းနှီးမြှုပ်နှံ ထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

သီလဝါအထူး စီးပွားရေးဇုန် သည် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ လုပ်ငန်း စတင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၄ ခု ရင်းနှီးမြှုပ်နှံ ခွင့်ပေး ထားကြောင်း သိရသည်။

သီလဝါအထူး စီးပွားရေးဇုန် ၌ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ လက်ရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၈၉၆ ဒသမ ၂ဝ၁ ဘီလီယံ ရှိသည်။

နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုများအနက် စင်ကာပူနိုင်ငံ သည် အများဆုံး ဖြစ်ပြီး ဂျပန်နိုင်ငံက ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံ ထားကာ ရင်းနှီး လုပ်ကိုင်သော လုပ်ငန်း များအနက် စက်မှုကဏ္ဍနှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတို့တွင် အများဆုံး ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

သီလဝါ အထူး စီးပွားရေးဇုန် အတွင်း ပလတ်စတစ် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ၊ သတ္တုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပို့ဆောင်ရေး လုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆေးဝါး လုပ်ငန်းများ အပါအဝင် တခြား လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

ကျော်ကို

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Tuesday, November 29, 2016

ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ဒစ်ဂျစ်တယ်စက်များကြောင့် တိုင်းဒေသကြီးအတွင်း မပြသတော့သည့် ရုပ်ရှင်ရုံ ၁၂ ရုံထိရှိလာ



မန္တလေး ၊ ၂၉-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် ဒစ်ဂျစ်တယ် စက်များကြောင့် မပြသတော့သည့် ရုပ်ရှင်ရုံ ၁၂ ရုံထိ ရှိလာကြောင်း အဆိုပါ တိုင်းဒေသကြီး ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်ကာလ က မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ရုပ်ရှင်ရုံများတွင် ဖလင်စနစ်ဖြင့် ရုပ်ရှင်ပြသ လာခဲ့ရာမှ ယခုလက်ရှိ ကာလတွင် ဒစ်ဂျစ်တယ်စက် များဖြင့် အဆင့်မြှင့်တင်ကာ နာမည်ကြီး ရုပ်ရှင်ရုံအချို့ ဖြစ်သည့် မြို့မ၊ မြို့ဂုဏ်ရောင်၊ နေပြည်တော်၊ ဝင်းလိုက် စသည့် ရုပ်ရှင်ရုံတို့တွင် ပြောင်းလဲပြသ လာခဲ့ပြီး ဖလင်စနစ်ဖြင့် ပြသခဲ့သည့် ရုပ်ရှင်ရုံများသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် အတွက် ပြသမှု မရှိတော့ကြောင်း သိရသည်။

''အခုခေတ်က ရုပ်ရှင်ရုံတွေ အားလုံးနီးပါး ဒစ်ဂျစ်တယ်တွေနဲ့ ပြသနေကြပါပြီ။ တချို့ဖလင်နဲ့ ပြသတဲ့ ရုံတွေက အရင်းအနှီး ကြီးတာကြောင့်နဲ့ ပရိသတ်စိတ်ဝင်စား မှုကလဲ အားနည်းလို့ မပြတာတွေ ရှိပါတယ်။ အရင်ခေတ်က တီဗွီ၊ DVD စက်တွေ မပေါ်သေးတဲ့အတွက် ရုပ်ရှင်ရုံဖွင့်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ကြတယ်။ အဲဒီခေတ်တွေ တုန်းက တွက်ခြေကိုက် ကြတယ်။ အခုကျတော့ အရှုံးပေါ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် တချို့ရုံတွေဆို မပြတော့ပါဘူး'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ရုပ်ရှင်ပြသ နေသည့် ရုံခြောက်ရုံရှိပြီး ကျန်ရှိသည့် ရုံ ၁၂ ရုံမှာ ပြသမှုမရှိ ခြင်းကြောင့် ရုပ်ရှင် အဆင့်မြှင့်တင်ရေး ဦးစီးဌာနက ၄င်းရုပ်ရှင်ရုံများကို ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြောင်းလဲကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် တိုက်တွန်း နေကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် ဒစ်ဂျစ်တယ် စက်တစ်လုံး တန်ဖိုးသည် ငွေကျပ် သိန်း ၃ဝဝဝ ခန့်ပေး၍ ဝယ်ယူရသည့် အပြင် ဒစ်ဂျစ်တယ် စက်ဖြင့် တွဲဖက်ပြသမည့် ပိတ်ကား တန်ဖိုးသည်လည်း အနည်းဆုံး ငွေကျပ် သိန်း ၁၅ဝ အထက်တွင် ရှိနေခြင်းကြောင့် ယခုလက်ရှိ ဖလင်ဖြင့်ပြသ နေသည့် ရုံများအနေဖြင့် ပြသမှု မရှိတော့သည့် အခြေအနေ သို့ ရောက်ရှိ နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Monday, October 10, 2016

သတ္တုတွင်းနည်းဥပဒေသစ် အရ သတ္တုလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင် လိုသူများ အခွင့်အလမ်း ပိုမိုရရှိနိုင်


ရန်ကုန် ၊ ၁၀-၁၀-၂၀၁၆

သတ္တုတွင်း နည်းဥပဒေ သစ်အရ သတ္တု လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်လို သူများ အခွင့်အလမ်းများ ပိုမိုရရှိ နိုင်ကြောင်း မြန်မာနိုင်ငံ သတ္တု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဝင်း က ပြောသည်။

၁၉၉၄ ခုနှစ်က ရေးဆွဲခဲ့သော သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေသည် ၂ဝ၁၅ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး လက်ရှိပြင်ဆင် ထားသော သတ္တုတွင်း ဥပဒေနှင့် အညီ နည်းဥပဒေ ပေါ်ပေါက်ရန် ရေးဆွဲ ဆောင်ရွက် လျက်ရှိရာ သတ္တုတွင်း နည်းဥပဒေသစ် တွင် ခွင့်ပြုမိန့် အမျိုးအစားများ ထပ်မံ တိုးမြှင့်ထားကြောင်း သိရသည်။

''အရင်က ဥပဒေဟောင်း မှာ အကြီးစား၊ အသေးစား၊ လက်လုပ် လက်စား သုံးမျိုးပဲ ရှိတယ်။ အခု ဥပဒေသစ်မှာ အကြီးစား၊ အလတ်စား၊ အသေးစား၊ လက်လုပ် လက်စား လေးမျိုး ဖြစ်လာတယ်။ ဒါ့အပြင် တစ်ဆင့် တက် ပြုပြင်ခြင်းနဲ့ ဝယ်ယူ ရောင်းချခြင်း တွေ ထပ်တိုးလာမယ်။ ခွင့်ပြုမိန့် အမျိုးအစားတွေ ပိုများလာမယ်။ အဲဒါကြောင့် သတ္တုလုပ်ငန်း မှာ ဝင်ရောက် လုပ်ကိုင်လိုတဲ့ သူတွေအတွက် အခွင့်အလမ်းတွေ ပိုရလာမယ်'' ဟု ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဝင်း က ပြောသည်။

သတ္တုတွင်း နည်းဥပဒေတွင် ခွင့်ပြုမိန့် အမျိုးအစား ပိုမိုများပြား လာရာ သတ္တု လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်လို သူများအဖို့ အခွင့်အလမ်း များစွာ ရရှိလာနိုင်ပြီး ခွင့်ပြုမိန့် အမျိုးအစား များပြား လာခြင်းကြောင့် ပိုမိုဆောင်ရွက် ရန်မလိုဘဲ ထုတ်လုပ် ခွင့်ပြုမိန့် ရရှိပါက တစ်ဆင့်တက် ပြုပြင်ခြင်း၊ ရောင်းချခြင်း၊ ခွင့်ပြုမိန့် များအား အလိုအလျောက် ရရှိနိုင်မည် ဖြစ်သည်။ ယခင်က တစ်ဆင့်တက် ပြုပြင်ခြင်းနှင့် ဝယ်ယူ ရောင်းချခြင်း များ မရှိသောကြောင့် လုပ်ငန်းေ ဆာင်ရွက်ရန် အခက်အခဲ ရှိသော်လည်း နည်းဥပဒေ သစ်တွင် တစ်ဆင့်တက် ပြုပြင်ခြင်း နှင့်ဝယ်ယူ ရောင်းချခြင်းများ၊ သီးခြား ဆောင်ရွက်ရန် အခွင့်အလမ်းများ ပါဝင်လာ၍ လုပ်ငန်း လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေ လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

Thursday, September 29, 2016

လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ၁ ရာခိုင်နှုန်းခန့်သာရှိ



ရန်ကုန် ၊ ၂၉-၉-၂၀၁၆

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍမှ ရရှိသော ဝင်ငွေပမာဏ သည် အိမ်နီးချင်းနိုင်ငံ များကြား၌ အနိမ့်ဆုံးဖြစ်ပြီး လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၁ ရာခိုင်နှုန်း ခန့်သာ ရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု  ပိုမိုလာရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ထံမှ သိရသည်။

''လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ ချင်တယ်ဆိုပြီး တင်ပြထားတာ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေ့အထိ လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း သုည ဒသမ ၅ ရာခိုင်နှုန်း လောက်ပဲ ရှိတယ်။ လက်ရှိ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မူဝါဒ တွေကို တိုးမြှင့်ဖို့ စဉ်းစားတဲ့အခါမှာ လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍ နှစ်ခုကို ချိတ်ဆက်ပြီး တိုးတက်အောင် လုပ်သွားဖို့ အစီအစဉ်ရှိ ပါတယ်'' ဟု ဦးသန်းအောင်ကျော် ကပြောသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ မှရရှိသော ဝင်ငွေကို တစ်နိုင်ငံလုံးရှိ လူဦးရေပေါ် မူတည်ပြီး တွက်ချက်ရာတွင် ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ဝဝ သာ ရရှိကြောင်း သိရသည်။လက်ရှိတွင် စိုက်ပျိုးရေး ကဏ္ဍသည် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး၏ ၃၂ ရာခိုင်နှုန်းရှိပြီး ပြည်ပပို့ကုန် ဝင်ငွေ၏ ၂ဝ ရာခိုင်နှုန်းသာ ရှိကြောင်းနှင့် အလုပ်အကိုင် ရရှိမှုတွင် ၆ဝ ရာခိုင်နှုန်း အထိရှိကာ မြင့်မားသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်စေရေး အတွက် စီးပွားရေးကဏ္ဍကို တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (OECD) မှ သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတို့၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ခွင့်ပြုထားခြင်း မရှိဘဲ အကန့်အသတ်များ ဖြင့်သာ ခွင့်ပြုထားသည်။

ယခုကဲ့သို့ အခြေအနေ မျိုးတွင် လယ်ယာကဏ္ဍ၌ နိုင်ငံတော် အစိုးရက ချေးငွေနှင့် ပတ်သက်သည့် ပံ့ပိုးမှုများ လုပ်ဆောင် ပေးခြင်း၊ စက်မှုလယ်ယာ စက်ကိရိယာများ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်း နှင့် ပုဂ္ဂလိကဘဏ်များမှ ချေးငွေပေး နိုင်ခြင်းတို့ လိုအပ်နေကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Monday, September 26, 2016

ပြည်ပရင်းနှီးမြှုပ်နှံသူများ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ဦးစားပေးရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား



ရန်ကုန် ၊ ၂၆-၉-၂၀၁၆

ပြည်ပ ရင်းနှီးမြှုပ်နှံ သူများသည် ပြည်တွင်း၌ ဦးစားပေး ရင်းနှီးမြှုပ်နှံ ရန် စိတ်ဝင်စားသည့် ကဏ္ဍများထဲတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလည်း ပါဝင်လျက် ရှိကြောင်း အာရှ ရင်းနှီးမြှုပ်နှံမှု များ၏ အနာဂတ် အလားအလာ များကို လေ့လာခဲ့သည့် အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း တွင် ဖွံ့ဖြိုး တိုးတက်မှု အများဆုံး ဖြစ်ပေါ်ခဲ့သည့် ကဏ္ဍများထဲတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍမှာ ထိပ်ဆုံးမှ ပါဝင်ခဲ့ပြီး အနာဂတ်တွင် အခွင့်အလမ်း ကောင်းများစွာ ထွက်ပေါ် လာနိုင်သည့် အားသာချက်များ ပိုင်ဆိုင် ထားခြင်းကြောင့် အဆိုပါ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများက စိတ်ဝင်စားခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ ကျော် ဟိုတယ်လုပ်ငန်းစု အများစု သည် ပြီးခဲ့သည့် ငါးနှစ်အတွင်း က ရန်ကုန်မြို့ အပါအဝင် တခြားမြို့ကြီး များနှင့် ခရီးသွားလာမှု များသည့် နယ်မြေများ၌ ဟိုတယ်သစ်များ ဖွင့်လှစ်ခြင်း၊ ဟိုတယ်သစ်များ တည်ဆောက် မည့် စီမံကိန်းများကို အတည်ပြုချက် ရယူရန် ဆောင်ရွက်ခြင်း များကို လုပ်ဆောင် ခဲ့သည်။ ထို့ပြင် ငါးနှစ်တာ ကာလအတွင်း ပြည်တွင်းရှိ ဟိုတယ်အခန်း အရေအတွက် များလာခြင်း ကြောင့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု အခြေအနေ တိုးပွားလာခဲ့ခြင်း ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုကို ပိုမိုအားကောင်း စေခဲ့သည် ဟု ပညာရှင် များက သုံးသပ်ခဲ့သည်။

သို့သော် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဖြည့်ဆည်းရန် လိုအပ်လျက် ရှိသော ဝန်ဆောင်မှု များကို အဆင့်မြှင့်တင်ခြင်း အပါအဝင် တခြားဆက်စပ် နေသော အားနည်းချက် များကို ဖြည့်ဆည်းရန် ကြိုးပမ်း သင့်ကြောင်း အကြံပြုမှုများ ထွက်ပေါ် ခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်ချက် တွင် ပြည်တွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အများဆုံးရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံမှာ စင်ကာပူနိုင်ငံ ဖြစ်ပြီး စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီများသည် ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ တွင် စီမံကိန်း ၂၂ ခု၌ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။ (ကောင်းထက်ငွေ)

မြ၀တီနေ့စဉ် ၊ စာ(၅)

Thursday, September 22, 2016

အသစ်ပြဌာန်းမည့် ရင်းနှီးမြုပ်နှံမှု ဥပဒေ၌ အစိုးရမှ တိုးမြှင့်လိုသည့် လုပ်ငန်းကဏ္ဍများ တွင်သာ အခွန်သက်သာခွင့် သီးခြားပေးသွားမည်


ရန်ကုန် ၊ ၂၂-၉-၂၀၁၆

မြန်မာနိုင်ငံတွင် အသစ်ပြဌာန်းမည့် ရင်းနှီးမြုပ်နှံမှု ဥပဒေ၌ စီးပွားရေး လုပ်ငန်းတိုင်းကို အခွန် သက်သာခွင့် ပေးမည် မဟုတ်ဘဲ အစိုးရမှ တိုးမြှင့်လိုသည့် လုပ်ငန်းကဏ္ဍ များတွင်သာ သီးခြား ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပြည်ပ ရင်းနှီးမြုပ်နှံ မှုများ ပိုမိုဝင်ရောက် လာစေရန် အတွက် ပြည်ပ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ဖိတ်ခေါ်ရာ၌ ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်သက်တမ်း ပေးထားကြောင်း သိရသည်။ "ဥပဒေသစ်မှာတော့ ၀င်ငွေခွန် သက်သာခွင့် ငါးနှစ်ပေးတဲ့ စနစ် မရှိတော့ဘူး။ နိုင်ငံတော်ကနေ တိုးမြှင့် ဆောင်ရွက်မယ့် လုပ်ငန်းကဏ္ဍ တွေမှာ လုပ်ကိုင်ချင် ရင်တော့ ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးမယ်။ ရင်းနှီး မြုပ်နှံမှုမှာ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုမျိုး ကိုပဲ ပေးမယ်။" ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။

လက်ရှိ အစိုးရမှ တိုးမြှင့်လိုသည့် လုပ်ငန်းကဏ္ဍ များတွင် ဖွံ့ဖြိုးမှု အားကောင်းသည့် ဒေသများ၌ ရင်းနှီးမြုပ်နှံ မည် ဆိုပါက ၀င်ငွေခွန် ကင်းလွတ်ခွင့် သုံးနှစ် ပေးမည်ဖြစ်ကာ ဖွံ့ဖြိုးမှု အသင့်အတင့် ရှိသည့် ဒေသများတွင် ရင်းနှီးမြုပ်နှံ ပါက ၀င်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ် ပေးသွားမည် ဖြစ်ပြီး ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်လျှင် ၀င်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိပြဌာန်း ထားသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေတွင် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိထားသည့် မည်သည့်လုပ်ငန်း မဆို ၀င်ငွေခွန် ကင်းလွတ်ခွင့် ငါး နှစ် ပေးထား ခြင်းကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် များမှလည်း မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ဥပဒေတွင် အဆိုပါ ဝင်ငွေခွန် ကင်းလွတ်ခွင့်အား တန်းတူ အခွင့်ရေးပေးရန် တောင်းဆို ထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု ဥပဒေကို ပေါင်းစပ်ထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်ကို လွှတ်တော်သို့ တင်ပြ ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်

Friday, July 15, 2016

မြန်မာနိုင်ငံ၌ ကမ္ဘာကျော် အမှတ်တံဆိပ် ဖြစ်သော ARMANI EXCHANGE အရောင်းဆိုင် ပထမဆုံးဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၅-၇-၂၀၁၆

ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် တစ်ခုဖြစ်သော ARMANI EXCHANGE သည် ရန်ကုန်မြို့ HAGL ရှိ မြန်မာပလာဇာ၌ ဇူလိုင် ၁၆ ရက်တွင် ARMANI EXCHANGE အရောင်းဆိုင်ကို ပထမဆုံး ဖွင့်လှစ်၍ ရောင်းချမှု ကွန်ရက်ကို ချဲ့ထွင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ A/X အမှတ်တံဆိပ် အရောင်းဆိုင်သစ် သည် ၂ဝဝ စတုရန်းမီတာ ကျယ်ဝန်းကာ ခိုင်ခံ့သပ်ရပ် လှပသော ပစ္စည်းများနှင့် အတူ ခေတ်မီဆန်းပြား သည့် အနုပညာ လက်ရာများဖြင့် ဖန်တီးထားပြီး New York မြို့၏ အငွေ့အသက် များဖြစ်သည့် သံမဏိ၊ ရှေးဟောင်း သစ်သားများနှင့် ကွန်ကရစ်များ ဖြင့်လည်း ဆိုင်ခန်း အတွင်းပိုင်းကို ပြင်ဆင်ဖန်တီး ထားကြောင်း သိရသည်။

ကမ္ဘာ့ အသိအမှတ်ပြု ARMANI EXCHANGE သည် ခေတ်လူငယ်များ အတွက် တစ်မူထူးခြား ဆန်းပြားသည့် အီတလီဖက်ရှင်များ ထည့်သွင်း ဖန်တီးထားပြီး ခေတ်ဆန်သော ဖက်ရှင်ဒီဇိုင်း စုစည်းမှုများအား ထုတ်လုပ်လျက် ရှိသည်။ ARMANI EXCHANGE မှ အဝတ်အထည်များ၊ ဖိနပ်များနှင့် ဖက်ရှင်ကျကျ တွဲဖက်ဝတ်ဆင် နိုင်သော အသုံးအဆောင် ပစ္စည်းများကို ကမ္ဘာ့တစ်ဝန်းရှိ ဆိုင်ပေါင်း ၂၆ဝ ကျော်တွင် ရောင်းချလျက် ရှိသည်။

ထို့ပြင် ဆွဲဆောင်မှုရှိ၍ ပေါ့ပါးသော ဖက်ရှင်များနှင့် အားကစားဝတ်စုံများ၊ အထူးသဖြင့် အပေါ်မှ တွဲဖက်ဝတ်ဆင် ရသော အဝတ်အထည်များ ယူဆောင်ပေး လာမည့် ARMANI EXCHANGE အမှတ်တံဆိပ် မြန်မာနိုင်ငံ ဈေးကွက်သို့ ဝင်ရောက်လာခြင်း သည် ဖက်ရှင် ချစ်သူများအတွက် နှစ်သက်သဘောကျ စေမည် ဖြစ်ကြောင်း သိရသည်။ (လင်းဆူး)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

Thursday, June 30, 2016

ကမ္ဘာတစ်ဝန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု အရှိဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

လာမည့်သုံးနှစ် အတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု အရှိဆုံး ၁၅ နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံ ပါဝင် လာကြောင်း ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့် လေ့လာရေး အဖွဲ့ UNCTAD အစီရင်ခံစာ အရ သိရသည်။

ကမ္ဘာ့ စီးပွားရေး ကော်ပိုရေးရှင်း ကြီးများ အပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေး လုပ်ငန်းများ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လိုသည့် ၁၅ နိုင်ငံစာရင်းတွင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ ဘရာဇီး၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်၊ ပြင်သစ်၊ သြစတြေးလျ၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့ ဖြစ်သည်။

ထို့ပြင် အမေရိကန်၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လိုမှု အများဆုံးနိုင်ငံများ စာရင်းတွင် ၂ဝ၁၈ ခုနှစ်အထိ ဦးဆောင်နေမည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်က ပါဝင်ခဲ့သော ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ တို့နေရာတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့ ဝင်ရောက် လာခြင်းဖြစ်ကြောင်း UNCTAD ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

၂ဝ၁၆ ခုနှစ် မေလကုန် အထိ မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၆၃ ဒသမ ၇၁၈ ဘီလီယံ ဝင်ရောက်ရန် ခွင့်ပြုထားပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ဝင်ရောက်ရန် မြန်မာ အစိုးရက မျှော်မှန်း ထားသည်။

UNCTAD က ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မည် ဟု ခန့်မှန်းထားပြီး ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို ၂ဝ၁၆ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ၊ ၂ဝ၁၇ ခုနှစ်တွင် ၁ ဒသမ ၇ ထရီလီယံ၊ ၂ဝ၁၈ ခုနှစ်တွင် ၁ ဒသမ ၈ ထရီလီယံ ဝင်ရောက်မည် ဟု မျှော်မှန်း ထားသည်။

မြန်မာနိုင်ငံမှ ရေးဆွဲထားသော အမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်မှု နှစ် ၂ဝ စီမံကိန်းတွင် ၂ဝ၃ဝ ပြည့်နှစ်အထိ  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၄ဝ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အထိ ပျမ်းမျှ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆ ဘီလီယံမှ ၈ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ခန့်မှန်းထားသည်။

အဆိုပါ စီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ တိုးတက်မှုနှုန်း လျင်မြန်စွာ ဝင်ရောက်လာရန် မဟာဗျူဟာများ ရေးဆွဲထားပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ပျမ်းမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နှုန်းကို အမေရိကန် ဒေါ်လာ ၆ ဘီလီယံ၊ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ် အထိ ပျမ်းမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နှုန်းကို အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ ရှိရန် ခန့်မှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

Full Report (232 Pages, 6974.82 Kb)
https://www.scribd.com/doc/317118791/wir2016-en

Tuesday, January 5, 2016

မြန်မာ-ဥရောပ-ဂျပန် ပူးပေါင်းဆောင်ရွက်မည့် ဓာတ်မြေသြဇာစက်ရုံ ၂၀၁၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်


ရန်ကုန် ၊ ၅-၁-၂၀၁၆

မြန်မာ-ဥရောပ-ဂျပန် ပူးပေါင်း ဆောင်ရွက်မည့် BMMM ဓာတ်မြေသြဇာ စက်ရုံ တည်ဆောက်ရေး လုပ်ငန်းကို ၂ဝ၁၅ ခုနှစ်မှ စတင်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ရာ ၂ဝ၁၇ ခုနှစ်တွင် စတင်လည်ပတ် နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း MAPCO မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင် က ပြောသည်။

BMMM ဓာတ်မြေသြဇာ ကုမ္ပဏီသည် ရန်ကုန်တိုင်း ဒေသကြီး သီလဝါ အထူးစီးပွားရေးဇုန် တွင် မြေဧရိယာ ၃ ဒသမ ၃ ဟက်တာ ရယူ၍ အမေရိကန် ဒေါ်လာ ၁ဝ သန်း ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ရာ BMMM ကုမ္ပဏီတွင် MAPCO မှ အစုရှယ်ယာ ၄ဝ ရာခိုင်နှုန်း၊ Behn Mayer ( BM နှင့် Mitsui တို့မှ ၆ဝ ရာခိုင်နှုန်း ထည့်ဝင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

''BMMM က သီလဝါ စီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီနှစ်ထဲမှာ တည်ဆောက်ရေး လုပ်ငန်းတွေ စပြီး ဆောင်ရွက်မယ်။ ၂ဝ၁၇ ခုနှစ်မှာ စက်စတင် လည်ပတ်ပြီး ပြည်တွင်း မှာပဲ ဓာတ်မြေသြဇာ ထုတ်လုပ်မယ်'' ဟု ၄င်းက ပြောသည်။

လက်ရှိ ပြည်တွင်း၌ ဓာတ်မြေသြဇာ လုံလောက်စွာ ထုတ်လုပ်နိုင်မှု မရှိသဖြင့် တရုတ်နိုင်ငံမှ တင်သွင်း နေရသည့် အပြင် ပင်လယ် ရေကြောင်း လမ်းမှလည်း တင်သွင်းရမှုများ ရှိရာ အရည်အသွေး အရ လိုအပ်ချက် များလည်း ရှိကြောင်း သိရသည်။

''ပထမအဆင့် ကတော့ နိုက်ထရိုဂျင်၊ ပိုတက်စီယမ် တို့လိုအခြေခံ ကျတဲ့ ဓာတ်မြေသြဇာကို စထုတ်မယ်။ ကျန်တဲ့ BMMM ကထုတ်တဲ့ စိုက်ပျိုးရေး ဆေးတွေကိုတော့ နိုင်ငံခြားက တင်သွင်းမယ်'' ဟု ၄င်းကထပ်မံ ပြောသည်။

BMMM ကုမ္ပဏီအနေဖြင့် ၂ဝ၁၇ ခုနှစ် စက်ရုံ လည်ပတ်ချိန်တွင် တစ်နှစ်လျှင် တန်ချိန် တစ်သိန်းခန့် ထုတ်လုပ်ရန် ခန့်မှန်းထားပြီး ဓာတ်မြေသြဇာ ရောင်းချသည့် လုပ်ငန်းများ သာမက တောင်သူများ လိုအပ်သည့် စိုက်ပျိုးရေး န်ညးပညာများကိုပါ အသိပညာပေး ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

Wednesday, December 9, 2015

Jardine CM Restaurant Group လုပ်ငန်းမှ လာမည့် ငါးနှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၌ Pizza Hut ဆိုင်ခွဲပေါင်း ၂ဝ ဖွင့်လှစ်သွားမည်



ရန်ကုန် ၊ ၉-၁၂-၂ဝ၁၅

မြန်မာနိုင်ငံ၌ Pizza Hut ဆိုင်များ ဖွင့်လှစ်ရန် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် Jardine CM Restaurant Group (JCMRG) မှ ၂ဝ၁၆ ခုနှစ်မှစပြီး ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ မြို့အနှံ့အပြား၌ ဆိုင်ခွဲပေါင်း ၂ဝ ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း သိရသည်။

''ကျွန်တော်တို့ ရန်ကုန်မြို့မှာ ပထမဆုံး အနေနဲ့ ဖွင့်ထားတဲ့ Pizza Hut ဆိုင်ကိုဖွင့်ပြီး သိပ်မကြာခင်မှာ စားသုံးသူတွေ အများအပြားနဲ့ လာရောက် အားပေးတာ တွေ့ရတယ်။ Pizza Hut ရဲ့ အစားအသောက် တွေကို မြန်မာလူမျိုးတွေ ကြိုက်ကြတယ်'' ဟု အဆိုပါ စီးပွားရေး လုပ်ငန်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Pizza Hut ဆိုင်များသည် ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ရှိပြီး စားသုံးသူ အခိုင်အမာ ရရှိထားသည့် စားသောက်ဆိုင် လုပ်ငန်းတစ်ခု ဖြစ်သည်။ Jardine CM Restaurant Group လုပ်ငန်းစုသည် ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ မြို့အနှံ့အပြား၌ ဆိုင်ခွဲပေါင်း ၂ဝ ဖွင့်လှစ်ရာတွင် လူဦးရေ ထူထပ်ပြီး Pizza ကို အမှန်တကယ် ကြိုက်နှစ်သက်၍ စားသုံးမှု များပြားသည့် မြို့များ၌သာ ဦးစားပေး ဖွင့်လှစ်ရန် စီစဉ်ထားသည်။

Pizza Hut ၏ ပထမဆုံးသော ရန်ကုန်မြို့၌ ဖွင့်လှစ်သည့် စားသောက်ဆိုင်ကို ဓမ္မစေတီလမ်း နှင့် ရွှေတောင်ကြား လမ်းထောင့် ရွှေတောင်ကြား ရိပ်သာ Market Place by City Mart အနီး၌ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, October 16, 2015

ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ဘမ်ရွန်ဂရက် ဆေးရုံ က မြန်မာနိုင်ငံ၌ ပုဂ္ဂလိကဆေးခန်း နှင့် ရောဂါရှာဖွေရေး ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၆-၁၀-၂၀၁၅

ထိုင်းနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် အများပိုင်ကုမ္ပဏီ ဘမ်ရွန်ဂရက် ဆေးရုံ (Bumrungrad International) က မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးခန်း နှင့် ရောဂါရှာဖွေရေး လုပ်ငန်းများ ဖွင့်လှစ် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ လုပ်ငန်းခွင့်ပြုချက် လိုင်စင်ရရှိ ထားပြီ ဖြစ်ကြောင်း သိရသည်။

ဘမ်ရွန်ဂရက် သည် အရှေ့တောင် အာရှတွင် လုပ်ငန်းချဲ့ထွင်ရန် ကြိုးပမ်းနေသော ထိုင်း ကျန်းမာရေး စောင့်ရှောက်မှု ကုမ္ပဏီ အချို့တွင် ပါဝင်ပြီး လူဦးရေတိုးပွား လာခြင်း၊ ဝင်ငွေမြင့်မား လာခြင်းနှင့် အသက်ကြီးသူ များလာခြင်း တို့ကြောင့် အရှေ့တောင် အာရှတွင် ကျန်းမာရေး အသုံးစရိတ် မြင့်မား လာမည်ဟု မျှော်လင့်ထားသည်။

ဘမ်ရွန်ဂရက် က ဆေးရုံဝင်ငွေ ၏ ၆၆ ရာခိုင်နှုန်းကို နိုင်ငံခြားသား လူနာများထံမှ ရရှိခြင်းဖြစ်ပြီး မြန်မာ နိုင်ငံသား များသည် ထိုင်းနိုင်ငံသား မဟုတ်သူများ အနက် ဝင်ငွေအများဆုံး ပေးသူများ ဖြစ်ကြောင်း သြဂုတ်လက လေ့လာသူ များသို့ ကုမ္ပဏီက ပြုလုပ်သည့် ရှင်းလင်းတင်ပြမှု တစ်ခုမှ အချက်အလက် များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖွင့်မည့် Bumrungrad Myanmar Co., Ltd ၏ ဆေးခန်း လုပ်ငန်းတွင် Bumrungrad Health Network Co က ရှယ်ယာ ၈ဝ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး Yangon International Medical Services Co., Ltd က ၂ဝ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဟု ကုမ္ပဏီ၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ဘမ်ရွန်ဂရက် သည် ပြည်တွင်းတွင် လုပ်ငန်း တိုးချဲ့ရန် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ အတွင်း ဘတ် ၁၁ ဒသမ ၄ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၃၂ဝ) သုံးစွဲရန် ရည်ရွယ်ထားပြီး မွန်ဂိုလီးယားရှိ UB Songdo ယူနစ်ကို ဒေသတွင်း ဆေးရုံကြီး တစ်ခုအဖြစ် ဖွံ့ဖြိုး လာရန်လည်း ရည်မှန်း ထားကြောင်း သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger