www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 31, 2018

လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၇၉)နှင့် (၈ဝ)တို့၏ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲမှ သင်တန်းနည်းပြများ ကျောင်းဆင်းလေသူရဲအရာရှိ(အမျိုးသားနှင့်အမျိုးသမီး) ဆုရရှိသူများနှင့် မိဘများ၏ရင်တွင်းစကားသံများ

လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၇၉)နှင့် (၈ဝ)တို့၏ ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲမှ သင်တန်းနည်းပြများ ကျောင်းဆင်း လေသူရဲအရာရှိ (အမျိုးသားနှင့်အမျိုးသမီး) ဆုရရှိသူများနှင့် မိဘများ၏ ရင်တွင်း စကားသံများ
နေပြည်တော် အောက်တိုဘာ ၃ဝ
-
တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၇၉)နှင့် တပ်မတော်လေ၏ ပထမဦးဆုံးသောအမျိုးသမီးလေယာဉ်မောင်းသင်တန်းဖြစ်သည့် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈ဝ) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲအခမ်းအနားကို အောက်တိုဘာ ၃ဝ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ လေတပ်စခန်းဌာနချုပ်၌ ကျင်းပသည်။ အဆိုပါလေယာဉ်မောင်းသင်တန်းမှ သင်တန်းမှူး၊ သင်တန်းနည်းပြနှင့် ကျောင်းဆင်းပွဲတွင်
စံပြဆု၊ စာပေဆုနှင့် လေယာဉ်မောင်းထူးချွန်ဆုရ လေသူရဲအရာရှိအမျိုးသားများ၊ လေသူရဲအရာရှိအမျိုးသမီးများနှင့် မိဘများ၏ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်-
-
ဗိုလ်မှူး ဇော်မြင်ထွန်း (အခြေခံလေယာဉ်မောင်းသင်တန်း သင်တန်းမှူး)
-
စာပေဘာသာရပ်အနေနဲ့ ပထမဦးစွာ အခြေခံလေယာဉ်သားလောင်းသင်တန်းကို သင်တန်းကာလလေးပတ်ပို့ချပြီး သင်ကြားခဲ့တဲ့ ဘာသာရပ်တွေအနေနဲ့ လေသူရဲတစ်ဦး မဖြစ် မနေသိထားရမယ့်   Airmanship ၊ Principles of  Flight Instruments ၊ Air Traffic Control စတဲ့ဘာသာရပ်တွေအပြင် အင်္ဂလိပ်စာ
နဲ့ ကွန်ပျူတာအပါ ဘာသာရပ် ၁၁ ခုထိ သင်ကြားပေးခဲ့ပါတယ်။ အဲ့ဒီနောက် အခြေခံ လေယာဉ်မောင်းသင်တန်းကို သင်တန်းကာလ ၃၃ ပတ်ကြာပို့ချခဲ့ပြီး Air Frame & Electric နှင့်  Rescue Survival ဘာသာရပ်တွေ ထပ်တိုးသင်ကြားပေးခဲ့တယ်။ အကြိုတန်းမြင့် လေယာဉ်မောင်းသင်တန်းမှာတော့ သင်တန်း
ကာလ ၁၆ ပတ်နဲ့ ဘာသာရပ်ကို ထပ်တိုး သင်ကြားပေးခဲ့ပါတယ်။ နောက်ဆုံးတန်းမြင့် လေယာဉ်မောင်းသင်တန်းကိုတော့ သင်တန်းကာလ ၁၃ ပတ်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မြို့ပြလိုင်စင်လျှောက်ထားဖြေဆိုနိုင်တဲ့အဆင့် ရရှိစေဖို့ရည်ရွယ်ပြီး  Air Law၊ Flight Planning ၊ Performance ESifh Mass &
Balance ဘာသာရပ်တွေ ထပ်တိုးပို့ချပေး နိုင်ခဲ့ပါတယ်။
-
သင်တန်းသူတွေကိုသင်ကြားတဲ့နေရာမှာလည်း သင်တန်းသားတွေနဲ့ တန်းတူထားပြီး အပြည့်အဝသင်ကြားလေ့ကျင့်ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျံသန်းရေးဆိုတာ တစ်ချက်မှားရင် အသက်ပါပေးဆပ်ရမယ့် အလုပ်ဖြစ်တဲ့အတွက်ကြောင့် စာပေ၊ ပျံသန်းရေး၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်း
ဘာမှမလျှော့ဘဲ အပြည့်အဝသင်ကြား လေ့ကျင့်ပေးခဲ့ပါတယ်။
-
လေသူရဲတစ်ယောက်အတွက် သင်ယူ လေ့လာမှုဆိုတာ ပြီးဆုံးတယ်လို့မရှိပါဘူး။ ဒါကြောင့် အမြဲသင်ယူလေ့လာပြီး လေ့ကျင့် သွားဖို့လိုအပ်သလို မြေပြင်၊ ဝေဟင်စည်းကမ်းတွေကိုလည်း စနစ်တကျလိုက်နာဖို့လိုအပ်ပါတယ်။ နည်းပြဆရာတစ်ဦးအနေနဲ့ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားထားရတဲ့
လေသူရဲကောင်းတွေဖြစ်လာအောင် ကြိုးစားကြဖို့ပြောကြားလိုပါတယ်။
-
ဗိုလ်မှူးကျော်သူ (လေယာဉ်/ရဟတ်ယာဉ်အုပ်ဖွဲ့များကိုယ်စား)
-
ဒီနေ့အခမ်းအနားမှာံ ၁၂ဝ ရဟတ်ယာဉ်အုပ်ဖွဲ့မှာ ပါဝင်ပျံသန်းဆောင်ရွက်ခဲ့ပါတယ်။ ပျံသန်းခဲ့တဲ့ လေယာဉ်/ရဟတ်ယာဉ်တွေဟာဆိုရင် အခုသင်တန်းဆင်းအရာရှိတွေ လေ ယာဉ်မောင်းသင်တန်းကာလတစ်လျှောက်လုံးမှာ လေ့ကျင့်ပျံသန်းခဲ့ကြရတဲ့ လေယာဉ်/ရဟတ်ယာဉ်တွေပဲဖြစ်ပါတယ်။ ထို့အတူပင်
ပျံသန်းပေးကြတဲ့ လေသူရဲတွေဟာဆိုရင်လည်း သင်တန်းသားတွေကို လေ့ကျင့်သင်ကြားပေးခဲ့ကြတဲ့ လေယာဉ်မောင်းနည်းပြဆရာတွေပဲဖြစ် ပါတယ်။
-
အခုလို လေသူရဲတစ်ဦးဖြစ်လာအောင် ကျွန်တော်တို့နည်းပြဆရာတွေက ပျံသန်းရေး အသိပညာ၊ အတတ်ပညာတွေကို သင်ကြား ပေးခဲ့ကြပါတယ်။ ဒီနေ့မှာလည်း ကျွန်တော်တို့ အနေနဲ့ လက်ဆင့်ကမ်းအမွေအဖြစ် ပျံသန်းရေးအသိပညာ၊ အတတ်ပညာကို မျိုးဆက်သစ်ညီငယ်၊ ညီမငယ်တွေကို ပြန်လည်မျှဝေပေးနိုင်တဲ့အတွက် အထူး
ဝမ်းမြောက်မိပါတယ်။ ဒီနှစ်ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ မှာ အမျိုးသမီးလေသူရဲတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့တပ်မတော်(လေ)ရဲ့ သမိုင်း စာမျက်နှာသစ်ဖွင့်လှစ်နိုင်တဲ့ နေ့တစ်နေ့ဖြစ် တာကြောင့် အထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်။
-
နိုင်ငံတကာလေတပ်တွေမှာ အမျိုးသမီးတွေကို နိုင်ငံတော်ကာကွယ်ရေးအပိုင်းတွေမှာပါ ခန့်အပ်တာဝန်ပေးအပ်လာကြတာကိုတွေ့မြင် ရပြီး အခုဆိုရင် ကျွန်တော်တို့ တပ်မတော် (လေ)အနေနဲ့ ပထမဆုံးအမျိုးသမီးလေသူရဲ တွေကို အောင်မြင်စွာသင်ကြားလေ့ကျင့် ပေးနိုင်ခဲ့ခြင်းဟာ အရမ်းဂုဏ်ယူဖို့ကောင်း
တဲ့အချက်ဖြစ်ပါတယ်။ ဒီလေ့ကျင့်သင်ကြား အောင်မြင်ခဲ့ကြတဲ့ အမျိုးသမီးလေသူရဲ တွေကိုလည်း ကြိုဆိုပါတယ်လို့ပြောချင်ပါတယ်။
-
ဗိုလ်ကျော်ဇောဝင်း(စံပြလေသူရဲဆု)
-
ကျွန်တော်ရရှိခဲ့တဲ့ဆုကတော့ စံပြလေ သူရဲဆုဖြစ်ပါတယ်။ ဒီဆုကိုရရှိအောင် စာပေသင်ကြားမှုအပိုင်းမှာရော ပျံသန်းရေးအပိုင်းမှာပါ ဆရာတွေရဲ့သင်ကြားပြသမှုမှန်သမျှကို စိတ်ဝင်တစား သေချာလိုက်နာမှတ်သားရင်း သင်တန်းကာလတစ်လျှောက် မှန်မှန်လေ့လာပြီး ကြိုးစားခဲ့ရပါတယ်။ စံပြတပ်မတော်သား
တစ်ဦးဖြစ်ဖို့ အထက်ကပေးအပ်တဲ့အမိန့်ကို တိကျစွာလိုက်နာပြီး တာဝန်ကိုပြီးမြောက်အောင်မြင်တဲ့အထိ ကျေပွန်စွာထမ်းဆောင် သွားမှာဖြစ်ပါတယ်။
-
ဗိုလ်သန်းမျိုးမင်း (လေယာဉ်မောင်း ထူးချွန်ဆု) 
-
ကျွန်တော်ကတော့ ဗိုလ်သန်းမျိုးမင်း ဖြစ်ပါတယ်။ သင်တန်းမှာ လေယာဉ်မောင်း ထူးချွန်ဆုရရှိခဲ့ပါတယ်။ အနာဂတ်မှာ ကျွန်တော်တတ်ထားတဲ့ ပညာနဲ့  နိုင်ငံတော်ရဲ့အချုပ်အခြာဝေဟင်ပိုင်နက်ကို တစ်ထောင့်တစ်နေရာကနေ ကာကွယ်ရင်း  အလုပ်အကျွေးပြုသွားမှာဖြစ်ပါတယ်။
-
ဗိုလ်ဇွဲမာန်သစ် (စာပေထူးချွန်ဆု)
-
ဒီနေ့သင်တန်းမှာ စာပေထူးချွန်ဆု ရရှိခဲ့ပါတယ်။ အခြေခံလေယာဉ်သားလောင်း သင်တန်းကစလို့ သင်တန်းကာလ တစ်လျှောက်လုံးမှာ လေကြောင်း ပညာရပ်ဆိုင်ရာ သီအိုရီတွေ၊ နည်းစနစ်တွေနဲ့ လုပ်ငန်းစဉ်တွေကို မသိတာမရှိရဘူး ဆိုတဲ့စိတ်နဲ့  အပတ်တကုတ် လေ့လာဆည်းပူးသင်ယူခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ ဆရာတွေရဲ့ အနီးကပ် သင်ကြားပြသမှုတွေကို စူးစမ်းလေ့လာလိုစိတ်နဲ့ ကြိုးစားသင်ယူခဲ့လို့ အခုလို ဆုရရှိခဲ့တာဖြစ်ပါတယ်။
-
ဗိုလ်ဒေါ်ကေသီအောင်(စံပြလေသူရဲဆုနှင့် စာပေထူးချွန်ဆု)
-
အခုလိုပထမဦးဆုံး ဖွင့်လှစ်တဲ့ အမျိုးသမီး လေသူရဲသင်တန်းမှာ   တက်ရောက်ခွင့်ရပြီး စံပြလေသူရဲဆုနဲ့  စာပေထူးချွန်ဆုနှစ်ခုကို ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူ မိပါတယ်။ ဆုရရှိအောင် အဘက်ဘက်က သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကိုလည်း အထူးကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်။
-
သင်တန်းကာလ တစ်လျှောက်  ပျံသန်းရေးဆိုင်ရာ အခြေခံသဘောတရားတွေ၊ လေကြောင်းဆိုင်ရာ ပညာရပ်တွေ စတဲ့ပျံသန်းရေးနဲ့ ပတ်သက်တဲ့ စာပေပညာရပ်များစွာကို လေ့လာဆည်းပူးခွင့်ရရှိပြီး  ပျံသန်းရေးပိုင်းမှာဆိုရင်လည်း လေယာဉ်တစ်စင်းကို အန္တရာယ်ကင်းရှင်းစွာ  ဘယ်လိုထိန်းချုပ် ပျံသန်းရမယ်ဆိုတဲ့ အခြေခံသဘောတရားတွေကို လက်တွေ့နဲ့ယှဉ်ပြီး  လိုက်နာလေ့ကျင့် ပျံသန်းခဲ့ပါတယ်။ ဒီလိုသင်ကြားလေ့ကျင့်ပြီး ရရှိခဲ့တဲ့အခြေခံကောင်းတွေကို လက်တွေ့နယ်ပယ်မှာ ဆက်လက် အသုံးချသွားမှာဖြစ်ပြီး ပျံသန်းရေးနဲ့ ဆိုင်တဲ့ပညာရပ်တွေကိုလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူ သွားပါမယ်လို့ ပြောချင်ပါတယ်။
-
အမျိုးသမီးလေသူရဲ တစ်ဦးအနေနဲ့ မြန်မာ့ဝေဟင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် အထက်ကပေးအပ်တဲ့ တာဝန်တွေကို အမျိုးသားတွေနည်းတူ  ကျရာအခန်းကဏ္ဍကနေ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်သွားမယ်လို့ ခံယူထားပါတယ်။
-
ဗိုလ်ဒေါ်တိုးတိုးအေး (လေယာဉ်မောင်းထူးချွန်ဆု) 
-
တပ်မတော်(လေ)ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ပျံသန်းရေးတာဝန်ကို အမျိုးသား လေသူရဲတွေ နည်းတူ တစ်ဖက်တစ်လမ်းမှ တာဝန်ယူ ထမ်းဆောင်လိုတာကြောင့် အမျိုးသမီးတစ်ဦးဖြစ်ပေမယ့်  လေယာဉ်မောင်း သင်တန်း တက်ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။
-
သင်တန်းတစ်လျှောက်လုံးမှာ  စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှသာ စိတ်ဓာတ်အင်အားကောင်းပြီး  အရေးပေါ် အခြေအနေတွေမှာ  ဆုံးဖြတ်ချက် မှန်ကန် မြန်ဆန်စွာချမှတ်ပြီး ပျံသန်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာကြံ့ခိုင်အောင် နေထိုင်ကျင့်ကြံပြီး ပျံသန်းရေး အတွေ့အကြုံ၊ ဗဟုသုတတွေကို လေ့လာသင်ယူခဲ့ပါတယ်။
-
လေသူရဲဆိုတာ   လုပ်ငန်းသဘောအရ တန်ဖိုးကြီးမားတဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေကို ကိုင်တွယ်ထိန်းချုပ် မောင်းနှင်ပြီး ပေးအပ်တဲ့ပျံသန်းရေး တာဝန်တွေကို ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် တပ်မတော်(လေ)ရဲ့ ပထမဦးဆုံး အမျိုးသမီး လေသူရဲတစ်ဦး ဖြစ်ခွင့်ရတဲ့အတွက်လည်း အလွန်ပဲ ဂုဏ်ယူမိပါတယ်။
-
အခုလို လေယာဉ်မောင်းထူးချွန်ဆုကို ရရှိခဲ့တဲ့အတွက် အလွန်ပဲဝမ်းသာ ဂုဏ်ယူမိပြီး သင်တန်းကာလ တစ်လျှောက်လုံးမှာ သင်ကြားပြသပေးကြတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနဲ့ ရဲဘော်ရဲဘက်အားလုံးကို အထူးပဲကျေးဇူး တင်ပါတယ်။
-
ခွဲတပ်ကြပ်ကြီးအုန်းသန်း (လေယာဉ်မောင်း ထူးချွန်ဆုရ ဗိ်ုလ်သန်းမျိုးမင်း၏ မိဘ) 
-
အခုလို သားက ထူးထူးချွန်ချွန်နဲ့ လေယာဉ်မောင်းထူးချွန်ဆုကို ရရှိအောင် ကြိုးစားခဲ့တဲ့ အနေအထားမျိုးတွေ့ရတော့ ကျွန်တော်တို့ မိဘနှစ်ပါးစလုံးရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပြီး ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်သား တစ်ယောက်ဖြစ်နေတာကြောင့် သူ့ကို ကျွန်တော်တို့မိဘတွေအနေနဲ့ အနာဂတ်တာဝန်တွေကို ပခုံးပြောင်း ထမ်းဆောင်ချင်တဲ့စိတ် မွေးမြူလာနိုင်အောင် အကြံပေးသွန်သင် ဆုံးမပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ပေးနိုင်ခဲ့လို့ အခုလို တပ်မတော်(လေ)မှာ လေသူရဲအရာရှိကောင်း တစ်ယောက် ဖြစ်လာခဲ့လို့ ပိုပြီးဂုဏ်ယူမိပါတယ်။
-
ဦးအောင်မောင်းကြည် (စံပြလေသူရဲဆုနှင့် စာပေထူးချွန်ဆုရ ဗိုလ်ဒေါ်ကေသီအောင်၏ မိဘ) 
-
ကျွန်တော်တို့ သမီးလေးက အခုလို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွင့်လှစ်တဲ့  အမျိုးသမီး လေသူရဲသင်တန်းမှာ  တက်ရောက်ခွင့်ရပြီး စံပြလေသူရဲဆုနှင့် စာပေထူးချွန်ဆု နှစ်ခုကိုရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ မိဘနှစ်ယောက် စလုံးက အတိုင်းမသိ ဝမ်းသာဂုဏ်ယူရပါတယ်။ ဒီလိုဆုတွေရရှိအောင် သင်ကြားပေးခဲ့တဲ့ သူတို့ရဲ့ ဆရာတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။  ဒါ့အပြင်  အခုလို အနာဂတ် မျိုးဆက်သစ်တွေဖြစ်တဲ့ အမျိုးသမီး လေသူရဲကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့အတွက် တပ်မတော်အကြီးအကဲတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။   ။
-
#မြ၀တီနေ့စဉ်သတင်းစာ

မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်း တက်ရောက်ခဲ့ကြသည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ စကားသံများ

မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်း တက်ရောက်ခဲ့ကြသည့် ၂ဝ၁၇-၂ဝ၁၈  ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ စကားသံများ
နေပြည်တော်      အောက်တိုဘာ      ၃ဝ
-
နိုင်ငံတော်ကာကွယ်ရေးတွင် ပြည်သူ့စစ်ကို အခြေခံသော အင်အားစုတစ်ရပ်အဖြစ် ပါဝင်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တက်ရောက်ခဲ့ကြသော ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အမှတ်(၆)တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တပ်ဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများ၏ မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်းကို အောက်တိုဘာ ၁ ရက်မှ ၃ဝ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းခန်းမ၌ကျင်းပသည်။ အဆိုပါသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်-
-
နေရှိုင်းကိုကို(ဒုတိယနှစ်- ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်)
-
ကျွန်တော်တို့   ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်က အခုမှ ဒီသင်တန်းကို တက်ရောက်ခွင့်ရရှိတာပါ။ တက်ချင်နေတာတော့ ကြာပါပြီ။ ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ် စောက်မှာနေပါတယ်။ အဓိက တက်ရောက်ဖြစ်တာကတော့  နိုင်ငံတော်ကို ကာကွယ်နေတဲ့ စစ်သားတွေကို လေးစားအားကျလို့ပါ။ ဒီသင်တန်းက သင်ကြားပေးတဲ့ သင်ခန်းစာတွေက တစ်ဦးချင်းတစ်ယောက်ချင်းလည်း လုပ်နိုင်တယ်။ အဖွဲ့လိုက်လည်း စုပေါင်း လုပ်ကိုင်လိုတဲ့ အကျင့်တွေ၊ စိတ်ဓာတ်တွေလည်း ရလာမယ်။ အချိန်ကို ဘယ်လိုအကျိုးရှိရှိနဲ့ အသုံးချတတ်လာမယ်။ အတွေ့အကြုံတွေ၊ အပေါင်းအဖော်တွေလည်း တိုးပွားလာမယ်။ အခုဆို ကိုယ့်ကိုယ်ကိုယ်လည်း အများကြီး ယုံကြည်မှုတွေ ရှိလာပါတယ်။ ဒီသင်တန်းမှာဆို ရာထူးအလိုက်လည်း လစာငွေတွေကို ချီးမြှင့်ပေးပါတယ်။ တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းဆိုတာ  တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေသာ တက်ရောက်သင်ကြားနိုင်တဲ့ အခွင့်အရေး တစ်ရပ်ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အမိအရဖမ်းဆုပ်ပြီး နိုင်ငံတော်နှင့် ပြည်သူတွေအတွက် တစ်ချိန်ချိန်မှာ လိုအပ်လာခဲ့လျှင် ကာကွယ်နိုင်အောင်   စစ်ပညာတွေ သင်ကြားကြဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်ပါတယ်။
-
နေမင်းသီဟ(စတုတ္ထနှစ်- မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်)
-
ကျွန်တော်က ဒီသင်တန်းမှာ   အခြေခံ သေနတ်ပစ် အကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။ ကျွန်တော်က စစ်ပညာတွေကိုအရင်ကတည်း က လေ့လာသင်ယူချင်တာပါ။ အခုနှစ်ကစတင်ပြီး နေပြည်တော်မှာ ဖွင့်လှစ်သင်ကြားပေးတဲ့ အတွက် တက်ရောက်ဖြစ်ခဲ့တာပါ။ သင်တန်း တက်ရောက်ဖြစ်တဲ့အတွက် စစ်ပညာတွေကို သင်ကြားခွင့်ရရှိတဲ့အပြင် တပ်မတော် သားတွေရဲ့ဘဝတွေကို နားလည်လာပါတယ်။အခက်အခဲတွေ ဘယ်လောက်ပဲရှိပါစေ ကျော် ဖြတ်မယ်ဆိုတဲ့ အတွေးမျိုးတွေ ရရှိစေပါတယ်။ ဒီယူနီဖောင်းဝတ်တဲ့အချိန်ကစပြီး စိတ်ဓာတ်ခွန်အားတွေ  တက်ကြွလာသလို သင်ကြားပေးတဲ့ သင်ခန်းစာတွေကလည်းဘဝအတွက် ဘယ်လိုရပ်တည်နိုင်မယ်ဆိုတဲ့ အတွေးမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း နောက်နှစ်တွေမှာ ဆက်လက် တက်ရောက်မှာပါ။
-
မမေဦးလှိုင်(စတုထ္ထနှစ်- ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)
-
ကျွန်မကတော့ ဒီသင်တန်းမှာ အခြေခံ (ပထမနှစ်) အကောင်းဆုံး စံပြဆု ရရှိခဲ့ပါတယ်။ဒီလိုဆု ရရှိခဲ့တာက ဆရာတွေရဲ့သင်ကြားပေးမှုတွေကြောင့်ပါ။ စည်းကမ်းပိုင်းတွေမှာ တိတိကျကျ အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်ခဲ့သလို သင်ကြားပေးတဲ့ သင်ခန်းစာတွေကို အချိန်နှင့်တစ်ပြေးညီ လိုက်ပါလုပ်နိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ တစ်ကိုယ်ရေ ကျန်းမာရေးကအစ  အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်။ နောက်နှစ်တွေမှာလည်း ဒီသင်တန်းကို တက်ခွင့်ရရင် တက်ချင်ပါတယ်။   ပညာရေးက တစ်ပိုင်းဆိုတော့ တက်ဖြစ်အောင် ကြိုးစားသွားမှာပါ။
-
မကိုးကိုးသူရ(ဒုတိယနှစ်- ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်)
-
ကျွန်မကတော့ ဒီသင်တန်းမှာသေနတ်ပစ် အကောင်းဆုံးဆု ရရှိခဲ့ပါတယ်။ ဒီစစ်သင်တန်းကို တက်ရောက်နိုင်အောင် ကြိုးစားပြီး တက်ရောက်ဖြစ်ခဲ့တာပါ။ စစ်သင်တန်းဆိုတာ တက်ချင်တိုင်းတက်လို့ မရဘူး။ ဒီလို အခွင့်အခါသင့်တဲ့အချိန်မှ တက်ရောက် သင်ကြားခွင့်ရတာပါ။ ဒီသင်တန်းကို ပထမဆုံးအကြိမ်  တက်ရောက်တာ ဖြစ်တဲ့အတွက် အခက်အခဲတော့ ရှိတာပေါ့။ စစ်သင်တန်းဆို တာက ခက်ခဲကြမ်းတမ်းတယ် ဆိုတာ အားလုံးက သိထားတာပေါ့။ ဒါပေမဲ့ သင်ကြားပေးတဲ့ နည်းစနစ်ကို စနစ်တကျ လိုက်နာဆောင်ရွက် မယ်ဆိုရင် အခက်အခဲတွေ အားလုံးကို ကျော်ဖြတ်နိုင်မှာပါ။ သင်ကြားပေးတဲ့ ဆရာတွေရဲ့စကားအတိုင်း ချွေးထွက်များမှ သွေးထွက်နည်းမယ်ဆိုတာပေါ့။  စစ်သားတစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး။ ဒါတွေကလည်း ကိုယ်တိုင်ကြုံတွေ့မှ သိရတာပါ။ ဘာလို့လဲဆိုတော့ သင်ကြားပေးတဲ့ ပညာရပ်တိုင်းက ခက်ခဲပြီး နည်းစနစ်ကျနပါတယ်။ ဒါမှလည်း  လက်တွေ့ရင်ဆိုင်တဲ့ အချိန်မှာ အောင်မြင်မှုတွေ ရရှိနိုင်မှာပါ။ ကျွန်မတို့ အခုသင်ကြားပေးခဲ့တာက  အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ နောက်နှစ်တွေမှာလည်း  တက်နိုင်အောင် ကြိုးစားသွားမှာပါ။    ။
-
#မြ၀တီနေ့စဉ်သတင်းစာ

ကြက်သွန်နီ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP လက်မှတ်များ ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေ


မန္တလေး အောက်တိုဘာ  ၃၀
-
ပြည်ပနိုင်ငံများသို့ ကြက်သွန်နီများကို စံချိန်စံညွန်းမီ တင်ပို့ ရောင်းချနိုင်ရေးအတွက် ၂၀၁၉ခုနှစ်အတွင်း ကြက်သွန်နီ စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေး ဦးစီးဌာန သီးနှံဌာနခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
-
GAP လက်မှတ်များ ထုတ်ပေးနိုင်ရန် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား အသိပညာပေး ဆွေးနွေးပွဲများ လုပ်ဆောင်ပေးလျက်ရှိပြီး GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရန် စိတ်ဝင်စားသည့် တောင်သူများထံမှ မြေနမူနာများရယူ ကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။
-
ကြက်သွန်နီက ပြည်တွင်းမှာ အထွက်နှုန်းကောင်းနေတယ်။ အရည်အသွေးပိုင်းနဲ့ ပတ်သက်လို့ အဆင့်မီတယ် ဆိုတော့ ပြည်ပဈေးကွက်ကို ထိုးဖောက်ချင်တယ်။ အဲဒါကြောင့် ပြည်ပ ဈေးကွက် ထိုးဖောက်နိုင်ဖို့ GAP လက်မှတ်ရနိုင်တဲ့ ကြက်သွန် နီစိုက် တောင်သူတွေ ကို သေချာစိစစ်မယ်။ ပြီးရင် လက်မှတ်ထုတ်ပေးမယ် ဟု ၎င်းက ပြောသည်။
-
လက်ရှိတွင် ကော်ဖီစိုက်ပျိုးသူ အစုအဖွဲ ခြောက်ဖွဲ့၊ သရက်စိုက်ပျိုးတင်ပို့ ရောင်းချသူ ၁၅ဦး၊ နှမ်းစိုက်ပျိုးတင်ချရောင်း ချသူ ၃၉၀ဦးနှင့် ပဲတီစိမ်းစိုက်ပျိုးတင်ပို့ ရောင်းချသူ ၉၁ဦး စုစုပေါင်း တောင်သူ ၅၀၂ဦးကို နိုင်ငံတကာ အသိအမှတ်ပြု GAP လက်မှတ်များ ထုတ်ပေးထားပြီး တခြားသီးနှံများဖြစ်သည့် ကျွဲကော၊ ထောပတ်၊ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်၊ ဖရဲ၊ သခွားမွှေး၊ စပါး၊ ပြောင်း၊ ပဲ၊ မြေပဲ စသည့် သီးနှံများကိုပါ GAPလက်မှတ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
-
GAPလက်မှတ် ရလိုသည့် တောင်သူများအနေခြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝကာ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ထောက်ခံချက်များပါရှိသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာသွင်းအား စုများကိုသာ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဖွဲ့စည်း

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)အဆင့်ဆင့်၏ အတွင်းရေးမှူးများ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)အဆင့်ဆင့်၏ အတွင်းရေးမှူးများ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ
ရန်ကုန် အောက်တိုဘာ ၃ဝ 
-
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အဆင့်ဆင့်၏ အတွင်းရေးမှူးများ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးဗဟို ဌာန(NRPC) ၌ ကျင်းပသည်။
-
အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်   အစိုးရ၊ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စုအဆင့်၊   တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့်   ဒေသဆိုင်ရာ အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူး ၁၄ ဦးနှင့် အထောက်အကူပြုဝန်ထမ်းများ တက်ရောက် ကြကြောင်း သိရသည်။
-
JMC  အဆင့်ဆင့်၏  အတွင်းရေးမှူး(၁)တာဝန်ကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များက လည်းကောင်း၊ အတွင်းရေးမှူး(၂)တာဝန်ကို အစိုးရ၊ တပ်မတော်သား ကိုယ်စားလှယ်များက လည်းကောင်း  တာဝန်ယူဆောင်ရွက်ကြသည်။
-
JMC-U  အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က'' JMC-U နဲ့ပတ်သက်ပြီး  ပဋိပက္ခဖြစ်ပွားတဲ့   နယ်မြေဒေသတွေမှာ JMC အဆင့်ဆင့်ကို ဖွဲ့စည်းပြီးတော့  JMCလုပ်ငန်းစဉ်တွေကို စနစ်တကျနဲ့ စည်းကမ်းတကျ   ဆောင်ရွက် လျက်ရှိတယ်။
-
ဆောင်ရွက်တဲ့အခါမှာလည်း  သတ်မှတ်ထားတဲ့၊ အတည်ပြုပြဋ္ဌာန်းထားတဲ့ လုပ်ငန်းလမ်းညွှန် (ToR) တွေ၊ လုပ်ထုံးလုပ်နည်း(SoP)တွေ ရေးဆွဲပြီးတော့ သဘောတူထားတဲ့ အတိုင်း လက်ရှိလည်း ဆောင်ရွက်နေပါတယ်။
-
 JMC ဟာဆိုရင် စောင့်ကြည့်ခြင်း၊ စိစစ်ခြင်းတွေ၊ ပဋိပက္ခဖြေရှင်းခြင်းတွေကို လုပ်ကိုင်တာဖြစ်တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် တိုင်ကြားတာတွေ၊ ကန့်ကွက်တာတွေ၊ ပဋိပက္ခဖြစ်ပွားခြင်းတွေကို သုံးသပ်ရပါတယ်။ ဒါကြောင့် သုံးသပ်တဲ့ဖြစ်စဉ် သုံးသပ်ရေး အစည်းအဝေးတွေကို  မဖြစ်မနေ လုပ်သွားကြရမှာဖြစ်တယ်။ JMC လုပ်ငန်းတွေ ပုံမှန်လည်ပတ် လုပ်ဆောင်နိုင်ဖို့အတွက်လည်း နည်းပညာ အထောက်အကူပြု ရုံးအဖွဲ့တွေကို   ဖွဲ့စည်းပေးထားတာဖြစ်ပြီး လုပ်ငန်းတွေ အောင်မြင်အောင် လုပ်ကိုင်နိုင်ဖို့  အတွင်းရေးမှူးတွေကပဲ  ထိန်းသိမ်းကြပ်မတ် ပေးရမှာဖြစ်ပါတယ်။   အချို့ JMC-S တွေမှာ ယန္တရားလည်ပတ်မှု နှောင့်နှေးနေတာ   တွေ့ရပါတယ်။
-
ဘယ်မှာအခြေခံလဲဆိုတော့ ကျွန်တော်တို့  ရေးဆွဲထုတ်ပြန်ပြီး  လိုက်နာကျင့်သုံးရမယ့်   လုပ်ငန်းလမ်းညွှန် (ToR)၊ လုပ်ထုံးလုပ်နည်း(SoP)တွေ အတိုင်း လိုက်မလုပ်တော့ နားလည်မှုလွဲတဲ့ဘက်ရောက်ပြီး နှောင့်နှေးကြန့်ကြာ မှုတွေ ရှိပါတယ်။  ဘာကြောင့် ဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရပါမယ်''   ဟု   ပြောသည်။
-
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အဆင့်ဆင့်၏   အတွင်းရေးမှူးများ ဒုတိယအကြိမ်  အစည်းအဝေးကို အောက်တိုဘာ ၃ဝ ရက် မှ ၃၁ ရက်(ယနေ့)အထိ   နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မီဒီယာရဲ့ဖုံးကွယ်မှုနောက်မှာ ပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲမှ ဆွေးနွေးမှုများ

မီဒီယာရဲ့ဖုံးကွယ်မှုနောက်မှာ ပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲမှ ဆွေးနွေးမှုများ
ယမန်နေ့မှအဆက်
မစ္စတာရစ်ဟိုက်ဇမန်း - တာဝန်အရှိဆုံး လူပုဂ္ဂိုလ်တွေကတော့ လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့နဲ့ Fortify Rights တို့လိုမျိုး လူ့ အခွင့်အရေးအဖွဲ့တွေက လူတွေဖြစ်ပါတယ်။ ဘာကြောင့် သူတို့က တစ်ဖက်စောင်းနင်းဖြစ် နေရတာလဲ။ ဘယ်လိုအကျိုးအကြောင်းမျိုး မဆို ဘန်ကောက်မြို့မှာ အခြေစိုက်ထားတဲ့Fortify Rights အဖွဲ့ဆီကိုရောက်လာပါ တယ်။ ဒီအဖွဲ့က  ကျွန်တော်တွေ့ဖူးသမျှတွေထဲမှာ အလွန်ဆိုးရွားလှတဲ့ တစ်ဖက်စောင်းနင်း အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့ကကျွန်တော့် ကို စာမျက်နှာ ၁၆၂ မျက်နှာပါတဲ့ အစီရင်ခံစာကြီး ပေးဖတ်ပါတယ်။ အဲဒီအစီရင်ခံစာကို ကျွန်တော်ဖတ်ပါတယ်။ အဲဒီနောက်ကျွန်တော် က စာမျက်နှာ ၄၉ မျက်နှာကို ဖျက်ဖို့ပြောလိုက် ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာပဲ ကျွန်တော် ရပ်လိုက်ပါတယ်။   ဘာကြောင့်လဲဆိုရင် ကျွန်တော်တာဝန်ခံရမယ့် ဟာက သူတို့ရဲ့ အစီရင်ခံစာထက်ကို   ပိုမိုကြီးမားလို့ ဖြစ်ပါတယ်။
-
Fortify Rights အဖွဲ့ရဲ့ခေါင်းဆောင် မက်သယူးစမစ်က သူ့ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် တိုက်ခိုက်မှုအကြောင်းကို စာမျက်နှာ ၂၅ မှာ အကျဉ်း ချုံးရေးထားတဲ့အကြောင်း ကျွန်တော့်ကို လာပြောပါတယ်။ စာမျက်နှာ ၁၆၂ မျက်နှာထဲက မှ အကြမ်းဖက်တိုက်ခိုက်မှု အကြောင်းကို တကယ့်ကို    တိုတိုလေး ဖော်ပြထားတာပါ။ အဲဒီအစီရင်ခံစာမှာလည်း ဗုဒ္ဓဘာသာဝင် ရခိုင်ဒေသခံတွေနဲ့  တခြားလူနည်းစုတွေရဲ့ အကြောင်းကို လုံးဝဖော်ပြထားခြင်း မရှိပါဘူး။ တစ်ခါတော့ မြိုတိုင်းရင်းသားတွေလိုမျိုး လူ နည်းစုတွေနဲ့ ပတ်သက်ပြီး သူတို့အပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှုကို  အမှန်တကယ် အပြစ်တင်ဝေဖန်တယ်ဆိုပြီး ပြောဖူးပါတယ်။ ဒါပေမဲ့ ARSA အဖွဲ့က လုပ်တဲ့တိုက်ခိုက်မှု က တကယ့်ကို သေးသေးလေးဖြစ်ကြောင်း၊ သူတို့မှာဘာလက်နက်၊ သေနတ်တို့မပါတဲ့ အကြောင်း မက်သယူး ကပြောပါတယ်။
-
ကျွန်တော့်မှာ အဲဒီအကြမ်းဖက်သမားတွေက သေနတ်တွေကိုင်ထားတဲ့ ဓာတ်ပုံရာပေါင်း များစွာရှိပါတယ်။ ကျွန်တော့်ရဲ့အင်တာဗျူး ဗီဒီယိုထဲမှာလည်း တွေ့မှာပါ။ အဲဒီနေရာမှာ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေလည်း ရှိပါတယ်။ အကြမ်းဖက်သမားတွေက သေနတ်တွေနဲ့ လာပြီး ပစ်ခတ်ခဲ့တယ်လို့လည်း  ဒုက္ခသည်တွေက ပြောပါတယ်။ သူတို့မှာသေနတ်အလက် ရေ အများအပြားရှိပါတယ်။ နောက်ထပ်လည်း ထပ်လိုချင်နေပါတယ်။ ဒါပေမဲ့ သူတို့ဆီကို ပို့မယ့်သေနတ်တွေက သူတို့ဆီကို မရောက်သွားပါဘူး။
-
ဒါကြောင့်  Fortify Rights အဖွဲ့က တကယ့်ကို မကောင်းသတင်းနဲ့ ကျော်ကြားတဲ့ တစ်ဖက်စောင်းနင်း အဖွဲ့အစည်းဖြစ်ပါ တယ်။ အကယ်၍  Fortify Rights နဲ့  လူ့အခွင့်အရေး အဖွဲ့တို့ရဲ့အစီရင်ခံစာတွေကို ဖတ်ကြည့်မယ်ဆိုရင်   ရခိုင်ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အကြောင်းကို လုံးဝဖော်ပြထား ခြင်း မရှိတာကိုတွေ့ရပါမယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး သူတို့က ဘာစကားတစ်ခွန်းမှ မပြောပါဘူး။ ရခိုင်ဒေသခံတွေဟာ အလွန်ကို စိတ်အနှောင့်အယှက်ပေးတဲ့ သူတွေအဖြစ် သူတို့ကကျန်တဲ့သူတွေကို ယုံကြည်စေချင်တဲ့ ဆန္ဒရှိပါတယ်။ ဘင်္ဂါလီတွေအတွက်နေရာ ပေးဖို့ကိုပဲ အသားပေးပြောဆိုပါတယ်။
-
သူတို့ရေးသားတဲ့ အစီရင်ခံစာတွေထဲမှာဆိုရင် ဘင်္ဂါလီတွေ ဒါမှမဟုတ် မူဆလင်တွေ ဒါမှမဟုတ် အကြမ်းဖက်ဝါဒအပေါ် ဝေဖန်အပြစ်တင် ရေးထားတဲ့ စာတစ်ကြောင်းမှမပါ တာကိုတွေ့ရပါတယ်။ ဘယ်လိုအရာက ဒီလို အစီရင်ခံစာကို ထွက်ပေါ်လာစေတာလဲဆိုရင် ကျွန်တော့်အထင်ကတော့ ငွေပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့ရဲ့ သမိုင်းကိုကြည့်မယ် ဆိုရင် များပြားတဲ့ ငွေကြေးထောက်ပံ့မှုတွေကို ရရှိခဲ့တာတွေ့ရပါတယ်။   သိပ်မကြာသေး ခင်ကမှ ဂျော့ဆိုးရော့ဆီကနေ အမေရိကန် ဒေါ်လာသန်း ၁ဝဝ ကို လက်ခံရရှိခဲ့ပါတယ်။  Fortify Rights အဖွဲ့ဟာ ဆိုရင်လည်း ဒီလိုပဋိပက္ခတွေ အပေါ်မှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။ သူတို့က သနားစရာကောင်းတဲ့ ရိုဟင်ဂျာတွေအတွက်လို့ ပြောပြီး အလှူငွေတွေ ကောက်ခံတဲ့အခါ င်္ Fortify Rightsက အဲဒီငွေတွေကို ရရှိပါတယ်။
-
ဒီနောက်ကွယ်မှာ တကယ့်အမှန်တရား ရှိဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကုလသမဂ္ဂရဲ့  တခြားသတင်းမှား ထုတ်ပြန်မှုကလည်း ကျွန်တော့်ရဲ့  သံသယကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုတာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့   OIC ရဲ့ လွှမ်းမိုးမှုကို ခံနေရတာဖြစ်ပါတယ်။ OICဆိုတာ အစ္စလာမ်မစ်နိုင်ငံ ၅၇ နိုင်ငံပေါင်းစပ် ဖွဲ့စည်းထားတဲ့ သမိုင်းမှာ အကြီးမားဆုံးအဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ မီဒီယာအများစုရဲ့ ဖော်ပြချက်က အလွန်ကို မှားယွင်းတဲ့ဖော်ပြချက်တွေ ဖြစ်နေပါတယ်။ ဥပမာအားဖြင့် ရိုက်တာသတင်းဌာနက ဖော်ပြသွားတဲ့ အင်းဒင်ကျေးရွာ လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုဖြစ်စဉ်ဖြစ်ပါတယ်။
-
ကျွန်တော် အင်းဒင်ကျေးရွာကို ကြိမ်ဖန်များစွာ သွားရောက်ခဲ့ပါတယ်။ အဲဒီကျေးရွာမှာ ဖြစ်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း သူတို့ မဖော်ပြခင်  ကျွန်တော်အရင်ဆုံး ဖော်ပြခဲ့တာဖြစ်ပါတယ်။ Fortify Rights အဖွဲ့ရဲ့ ဖော်ပြချက်မှာတော့ အသတ်ခံရတဲ့ မူဆလင် ၁ဝ ယောက်က ဘယ်လိုကောင်းမွန်တဲ့ လူတွေဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
-
အင်းဒင်ရွာသားတွေရဲ့ပြောဆိုချက်ကို  အခြေခံပြီး ပြောရမယ်ဆိုရင် သေဆုံးသွားတဲ့ မူဆလင် ၁ဝ ယောက်စလုံးက တပ်မတော်ကို ချုံခိုတိုက်ခိုက်ဖို့ ကြိုးပမ်းလာတဲ့ အကြမ်းဖက် သမားတွေဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေသာ နေထိုင်တဲ့ အင်းဒင်ကျေးရွာမှ ရွာသားတွေကို သူတို့ကမောင်းထုတ်ပြီး နောက်ဆုံးမှာ အဲဒီကျေးရွာကို အပိုင်သိမ်းဖို့ ကြိုးပမ်းတဲ့သူ တွေဖြစ်ပါတယ်။ အင်းဒင်ကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်ပြောတဲ့ အချက်တွေ ကမှန်ကန်ကြောင်း ဘယ်နေရာမှာဘယ်သူနဲ့ မဆိုပွင့်ပွင့်လင်းလင်း သက်သေပြနိုင်ပါတယ်။ ရိုက်တာသတင်းဌာနက ဒီဖြစ်စဉ်နဲ့ပတ်သက် ပြီး သတင်းရေးသားတဲ့အချိန်မှာ ကျွန်တော်ကအင်းဒင်ကျေးရွာမှာ ရှိပါတယ်။
-
သူတို့အနေနဲ့ ဘာကြောင့်ဒီလို ဖော်ပြရတာလဲ။ ဒါဟာ  ကမ္ဘာပေါ်မှာ စိတ်ပညာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အတိုချုံးပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဖြစ်စဉ်ဖြစ်ရပ်တစ် ခုရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါက ဘာလဲဆိုရင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ပတ်သက်ပြီး အမှားရှာဖွေဖို့နဲ့ မူဆလင်တွေနဲ့ ပတ်သက်ပြီး ကောင်းတဲ့အချက်တွေ ရှာဖွေဖို့ဖြစ်ပါတယ်။ အရင်အချိန်တွေတုန်းက ကမ္ဘာပေါ်မှာ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့အရာတွေရှိလားလို့ မေးလာရင် မရှိဘူးလို့ပဲ ကျွန်တော်ဖြေမှာဖြစ်ပါတယ်။  ဗုဒ္ဓဘာသာဝင်တွေဟာ အလွန်ကိုငြိမ်းချမ်းစွာ နေထိုင်သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ ပေါ်မှာ အကြမ်းဖက်မှု မဖြစ်ဘူးဆိုတဲ့ မူဆလင်အသိုင်းအဝိုင်း မရှိပါဘူး။  ဒေသခံတွေနဲ့ အတူနေထိုင်နိုင်ခြင်း မရှိတဲ့ မူဆလင်တွေရှိရာ နိုင်ငံအများအပြားဟာ ဆိုရင် များပြားလှစွာသော ပြဿနာတွေ ဖြစ်ပွားပါတယ်။ သူတို့က ပြဿနာတွေကို ဖန်တီးပါတယ်။ ဒီမှာဖြစ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာဆိုရင်လည်း မီဒီယာတွေမှာ ပြောတာက ဗုဒ္ဓဘာသာဝင်တွေ ဟာဆိုးသွမ်းတဲ့ သူတွေဖြစ်တယ်။ မူဆလင်တွေက သနားဖို့ကောင်းတယ်။ သူတို့ကိုထောက် ပံ့ပေးရမယ် ဆိုပြီးပြောကြတာဖြစ်ပါတယ်။ တကယ့်တကယ်တမ်းမှာတော့ အမှန်တရားက ခုနကပြောတဲ့ အရာနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။
-
ဦးမောင်မောင်ငြိမ်း - မစ္စတာဟိုက်ဇမန်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး  နောက်ထပ်မေးရ မယ်ဆိုရင် ဂျော့ဆိုးရော့က လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကို ဒေါ်လာသန်း ၁ဝဝ ပေးအပ်တယ်ဆိုတာကို ဘယ်လို အတည်ပြုနိုင်တာလဲ။ ပြီးတော့ အဲဒီငွေကြေးတွေရဲ့ နောက်ကွယ်မှာ ဘာရှိတာလဲ။
-
မစ္စတာရစ်ဟိုက်ဇမန်း - ဒါကသာမန်စီးပွားရေး သတင်းတွေထဲမှာတင် ကျွန်တော်ဖတ်ရ ပါတယ်။ ဒီလိုငွေကြေးပေးအပ်မှုကိုလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကိုယ်တိုင် ကဝန်ခံထားတာဖြစ်ပါတယ်။ သူတို့အနေနဲ့ လူတချို့ဆီကနေသာ ငွေကြေးထောက်ပံ့မှုရ ယူနေတဲ့အကြောင်း၊ ဒီငွေကြေးတွေကို စီးပွားရေး လုပ်ငန်းကြီးတွေအတွက် အသုံးပြုသွား မှာမဟုတ်ဘူးဆိုပြီး လူ့အခွင့်အရေး စောင့် ကြည့်ရေး အဖွဲ့ကပြောပါတယ်။
-
တစ်ချိန်တည်းမှာပဲ သူတို့က ဒေါ်လာသန်း ၁ဝဝ ကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီရဲ့ နောက်ကွယ်မှာ  ဂျော့ဆိုးရော့ရှိပါတယ်။ ဂျော့ ဆိုးရော့နဲ့ ပတ်သက်ပြီးရှင်းပြရမှာ နည်းနည်းတော့ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့အနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့  အစ္စလာမ်မစ် ကိစ္စအများအပြားကို   ဘာကြောင့်ငွေကြေး ထောက်ပံ့တာလဲဆိုတာ ထုတ်ဖော်ပြောဆိုဖို့ ခက်ပါတယ်။
-
အမေရိကန်ပြည်ထောင်စုမှာ Burma Task Force ဆိုတဲ့ အဖွဲ့အစည်း ရှိပါတယ်။ သူ့ရဲ့နာမည်ကိုကြည့်ရုံနဲ့ အဲဒီအဖွဲ့အစည်းက မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတဲ့ အဖွဲ့ဖြစ်မယ်လို့ထင်မိပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာတကယ်မဟုတ်ပါဘူး။ သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ် မစ်တွေအတွက် စုဖွဲ့ထားတာသာဖြစ်ပါတယ်။အဲဒီအဖွဲ့ထဲမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မှမပါပါဘူး။ အားလုံးက မူဆလင်တွေချည်းပါပဲ။
-
ဆိုးရော့နဲ့ အဲဒီအဖွဲ့အစည်းက ပြီးခဲ့တဲ့နှစ်မှာ တိုရွန်တိုမြို့ကနေ စလုပ်တဲ့ မောင်ဇာ နည်ရဲ့ ဟောပြောပွဲတွေကို ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီမှာလည်း ကျွန်တော်က မောင်ဇာနည်ကို လူပုံအလယ်မှာ စိန်ခေါ်ခဲ့ပါသေးတယ်။ မောင်ဇာနည်ရဲ့ခရီးစဉ် အားလုံးကို Burma Task Forceကပဲ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ အဖွဲ့ဝင် ငါးယောက်ရှိပါတယ်။ အားလုံးက မြန်မာနိုင်ငံက မူဆလင်တွေဖြစ်ပါတယ်။
-
ဒါကြောင့် ဒီအဖွဲ့က နာမည်နဲ့မကိုက်ညီတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က မူဆလင်ဘာသာရေးကျောင်းတွေကို ထောက်ပံ့ပေးဖို့၊ မူဆလင်ဘာသာရေးကျောင်းတွေ ပိုမိုဆောက်လုပ်နိုင်ဖို့နဲ့ ဗလီတွေကို ပိုမိုဆောက်လုပ်နိုင်ဖို့အတွက် ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပေးဖို့ ဖြစ်ပါတယ်။
-
ဒါကြောင့်  အဲဒီအဖွဲ့အစည်းက မူဆလင်တွေ အတွက်သာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက် လုံးဝမဟုတ်ပါဘူး။
-
ဂျော့ဆိုးရော့အနေနဲ့ ဥရောပမှာရှိတဲ့ မူဆလင်ကိစ္စတွေကို ဘာကြောင့်ငွေကြေးထောက် ပံ့မှုတွေလုပ်နေရလဲဆိုတာ ပြောဖို့ တော်တော် ခက်ခဲပါတယ်။ သူဟာ သူ့ရဲ့မိခင်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီကို လုံးဝဆန့်ကျင်ပါတယ်။ သူ့ရဲ့ မူဝါဒထဲမှာဆိုရင် သူဟာမူဆလင် ရွှေ့ပြောင်း သွားလာမှုတွေ ဖြစ်ပွားနေတဲ့ နေရာတွေရဲ့ အဝေးမှာနေထိုင်ဖို့ ကြိုးစားနေတယ်လို့ပြော ထားပါတယ်။
-
ဦးမောင်မောင်ငြိမ်း - မစ္စတာဟိုက်ဇမန်းရဲ့ မှတ်တမ်းရုပ်ရှင်ကို ကြည့်ပြီးတဲ့နောက် ဘင်္ဂါ လီတွေက   အလွန်ကိုပဲ ရုန့်ရင်းကြမ်းတမ်းပြီး စစ်သွေးကြွတယ်ဆိုတာ တွေ့ရပါတယ်။
-
ဒီတော့ ဘယ်လိုအရာတွေက ဘင်္ဂါလီရွာသား တွေကို အလွန်ရုန့်ရင်းကြမ်းတမ်းပြီး စစ်သွေး ကြွဖြစ်စေတယ်ဆိုတာ ကျွန်တော်သိချင်ပါ တယ်။
-
ဆက်လက်ဖော်ပြပါမည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၃ဝ 
-
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာရရှိသည့် ကျောင်းသား ၂၁၃ ဦးတို့၏ သင်တန်းဆင်းပွဲနှင့်   အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ ၌ ကျင်းပသည်။
-
အခမ်းအနားသို့  နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဦးမြဝင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)ကျောင်းအုပ်ကြီး  ဒေါ်ရီရီညွန့်၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဆရာ၊ ဆရာမ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း ကျောင်းသားများနှင့်မိဘ ဆွေမျိုးများ တက်ရောက်ကြသည်။
-
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုပြီး တိုင်းရင်းသားများ၏ဘဝ နောင်ရေးအတွက် အခြေခံပညာ၊အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေး၍    မိမိဒေသ ဖွံ့ဖြိုးရေး တာဝန်များကို  အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်နိုင်စေရန် အတွက် ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ  စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း။
-
ဒီဂရီကောလိပ်(စစ်ကိုင်း)၏ သက်တမ်းတစ်လျှောက် ယနေ့သင်တန်းဆင်းမောင်တို့  အပါအဝင် ဝိဇ္ဇာဘွဲ့ ၃၁၃ ဦး၊ သိပ္ပံဘွဲ့ ၅၈၆ ဦး၊ A.G.T.I   ဒီပလိုမာ ၅၂၉ ဦးနှင့် အင်ဂျင်နီယာနည်းပညာဘွဲ့ ၁၃၉ ဦး စုစုပေါင်း ၁၅၆၇ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
-
သင်တန်းဆင်းများမှ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ဆက်လက်ပညာ ဆည်းပူးခဲ့ကြ သည့်အတွက် PH.Dဘွဲ့ ၃၂ ဦး၊ မဟာဝိဇ္ဇာ ဘွဲ့ ၁ဝ၇ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၃၈ ဦး၊ မဟာ သုတေသနဘွဲ့ ၉၉ ဦး၊ B.E ၁၉၉ ဦး၊ M.E ၅၇ ဦး ရရှိပြီးဖြစ်ကြောင်း။
-
သင်တန်းဆင်းပြီး နိုင်ငံ့တာဝန်များ ထမ်းဆောင်ရာတွင် မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များကို လက်တွေ့ကျကျ အသုံးချပြီး တိုင်းရင်းသားလူမျိုးများ၏ နယ်စပ်ဒေသ အလျင်အမြန် တိုးတက်စေရေး၊   ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများကို စာတွေ့၊ လက်တွေ့ပေါင်းစပ်၍ တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ဓာတ်တို့ဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
-
မိမိတိုင်းရင်းသားလူမျိုး အသီးသီး၏ ဒေသဖံွံ့ဖြိုးရေး၊ ဒေသတည်ငြိမ် အေးချမ်းသာယာရေး အတွက် လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲ၊ ဝါဒစွဲများ စသည့်အစွန်းရောက် စွဲလမ်းမှုများ ကင်းဝေးအောင် ကြိုးပမ်းရေးတို့တွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ရန်ရိုးဖြောင့်မှု၊ တာဝန်သိစိတ်၊ တာဝန်ခံစိတ်၊ တာဝန်ယူစိတ်ရှိရန် အထူးအရေးကြီးကြောင်
-
ဒီဂရီကောလိပ်ကျောင်းတော်ကြီးက သင်ကြားပေးလိုက်သည့် ပညာရပ်များနှင့် IT  နည်းပညာများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ်အသီးသီး ကိုလည်း ဆက်လက်စူးစမ်း လေ့လာဆည်းပူးသွားကြရန် လိုအပ်ကြောင်း။
-
မည်သည့်နေရာ   မည်သည့်ဒေသကို ရောက်ရောက် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေနှင့်ဓလေ့ထုံးစံများကို အစဉ်မြတ်နိုးစွာထိန်းသိမ်းပြီး တိုင်းရင်းသား လူမျိုးများ မျက်စိပွင့် နားပွင့်ဗဟုသုတ ပွားများစေရေးအတွက် စွမ်းနိုင်သမျှ ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း၊ မိမိတတ်သိထားသည့် အသိပညာ၊ အတတ်ပညာများကို တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် တိုးပွားလာအောင် တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးကြရင်း တိုင်းရင်းသားတို့၏ နယ်မြေဒေသ ဖွံ့ဖြိုးရေးနှင့်  လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကို အထောက်အပံ့ပြုဖော်ဆောင်ရမည်ဖြစ်ကြောင်း။
-
ယနေ့ နိုင်ငံတော်တွင် တစ်နိုင်ငံလုံး လူကြီး/လူငယ်၊ ကျား/မ မရွေး အန္တရာယ်ကျရောက်လာနိုင်သည့် မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍လည်း မိမိကိုယ်တိုင် ကင်းကင်းရှင်းရှင်းရှိကြရန် ထိန်းထိန်းသိမ်းသိမ်းနေဖို့ လိုကြောင်းနှင့် တာဝန်ကျရာဒေသများတွင် ရှိသည့် တိုင်းရင်းသား လူကြီး/လူငယ်၊ ကျား/မ အားလုံး မူးယစ်ဆေးဝါးနှင့် ပတ်သက်သော လမ်းမှားမရောက်စေရန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ကာကွယ်ရေးလုပ်ငန်းများ တွင်  တိုင်းရင်းသား ပြည်သူများနှင့်အတူ အားကြိုးမာန်တက် ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
-
ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ အဂတိတရား ကင်းရှင်းခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ခံမှုရှိခြင်း စသည့် အခြေခံမူများအပေါ် တည်ဆောက်ထားသည့် လုပ်ရည်ကိုင်ရည် နှင့် ယုံကြည်ချက်ခိုင်မာမှုရှိသည့် ပြည်သူ့ဝန်ထမ်းများသည် ကောင်းမွန်သောဒီမိုကရေစီ ကျင့်စဉ်၏ ကျောရိုးမဏ္ဍိုင်များဟု သိရှိနား လည်ပြီး ပြည်သူ့အကျိုးသယ်ပိုးသည့် ပြည်သူ က လေးစားအားကိုးရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်နေထိုင်ကြရမည် ဖြစ်ကြောင်း။
-
နိုင်ငံတော်အစိုးရက ကြိုးစား အကောင်အထည်ဖော်နေသည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသည့် အပေါ် မိမိတို့တာဝန်ကျရာ ဒေသများတွင် အပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး ဖော် ဆောင်ရေးများတွင်လည်း တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း မှာကြားသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာထူးချွန်ဆုရရှိသူ မောင်ညီအောင်နှင့် သိပ္ပံ ထူးချွန်ဆုရရှိသူ မောင်ပိုင်စိုးကြူးအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က A.G.T.I ထူးချွန်ဆုရရှိသူ မောင်ညီညီစိုးအား လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဝန်ကြီးဌာန ၁၃ ခုနှင့် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်  သာယာရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား ၂၁၃ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကျောင်းသားများနှင့် မိဘများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင် ဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသားများအား အားပေးစကား ပြောကြားသည်။
-
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်း ကျောင်းသားများနှင့် အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။ 
-
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်း ကျောင်းသားများအား ဂုဏ်ပြုညနေစာဖြင့် တည်ခင်း ဧည့်ခံကြောင်း သိရသည်။
-
(၅ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ အင်ဂျင်နီယာ သင်တန်းသားများ အလိုရှိသည်


၁။      လျှောက်ထားသူသည်-
 (က)   ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၉ နှစ်ထက်မကြီးရ။
 (ခ)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို) ဖြစ်ရမည်။ 
 (ဂ)     အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁ဝဝ ထက်မနည်းရ၊ ပေါင် ၁၄ဝ ထက်မကျော်ရ။
 (ဃ)   မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။ (င)     တက္ကသိုလ်ဝင်စာမေးပွဲအား သိပ္ပံဘာသာတွဲ၊ သို့မဟုတ် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။ 
-
၂။      လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူပြီး ၁ဝ-၉-၂ဝ၁၈ ရက်နေ့မှစတင်၍ ၂၄-၁၁-၂ဝ၁၈ ရက်နေ့ထိ နောက်ဆုံးထားလျှောက်ထားနိုင်သည်။
-
၃။      လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ် ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ၁ လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံကို ပူးတွဲတင်ပြရမည်။
-
၎။      သတ်မှတ်ချက်နှင့် ပြည့်စုံသူများသည် အရည်အချင်းစစ်စာမေးပွဲကို တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုးညွှန်းတမ်း အတိုင်း  တိုင်းစစ်ဌာနချုပ်များတွင် အောက်ပါဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်-  
          (က)   အင်္ဂလိပ်စာ ။  နံနက် ၉ နာရီမှ ၁၁ နာရီထိ။           (ခ)     သင်္ချာ    ။      နေ့လယ် ၁ နာရီမှ ၃ နာရီထိ။ 
-
၅။      အရည်အချင်း စစ်စာမေးပွဲကို မိမိလျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်များ၌ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ၂၅ ရက် နေ့တွင် ဖြေဆိုကြရမည် ဖြစ်ပါသည်။
-
၆။      ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။ 
-
၇။      အရည်အချင်းစစ်စာမေးပွဲအောင်မြင်သူများကို ဟိုပုံးမြို့ (တောင်ကြီးခရိုင်)တွင် လူတွေ့စစ်ဆေးမည်။ လူတွေ့ အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် အချိန်မီပေးပို့သွားမည်။ အရည် အချင်းစစ်စာမေးပွဲ အောင်စာရင်းနှင့် သတင်းပို့ရမည့် ရက်များကို မိမိလျှောက်လွှာ တင်သွင်းသည့် တိုင်းစစ် ဌာနချုပ် များတွင် ၂၈-၁၂-၂ဝ၁၈ မှ ၂၉-၁၂-၂ဝ၁၈ ရက်နေ့များအတွင်း မေးမြန်းနိုင်သည်။
-
၈။      သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် ကျပ် ၁၆၈ဝဝဝ/- ၊ ဒုတိယနှစ် ကျပ် ၁၇၄ဝဝဝ/- ၊ တတိယနှစ်         ကျပ် ၁၈ဝဝဝဝ/- ရရှိမည်။  သင်တန်းအောင်မြင်ပြီးလျှင် ရာထူးအဆင့်လိုက်သတ်မှတ်လစာနှင့်စရိတ်များ ခံစားခွင့်ရှိ သည်။
-
၉။      သင်တန်းပြီး ဆုံးပါက အောက်ပါအတိုင်းခံစားခွင့်ရှိသည်- 
(က)   ဘွဲ့လက်မှတ်အပ်နှင်းခြင်း။ အင်ဂျင်နီယာသိပ္ပံ A.G.T.I(Diploma) လက်မှတ်ပေးအပ်မည်။ 
 (ခ)     တာဝန်ပေးအပ်ခြင်း။  တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုခုတွင် ပညာသည် အကြပ်ကြီး အဖြစ်ခန့်အပ်တာဝန်ပေးအပ်မည်။ 
 (ဂ)     အဆင့်တိုးမြှင့် ပေးအပ်ခြင်း။  တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့အလိုက် ပညာသည် စစ်သည်များ အဆင့်အတန်း တိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ  ဒုတိယ အရာခံဗိုလ်နှင့်  အရာခံဗိုလ် အဆင့်များသို့ ဆက်လက်  တိုးမြှင့်ပေးရေး အတွက် ဆောင်ရွက်ပေးမည်။ 
(ဃ)   ပြန်တမ်းဝင်အရာရှိလျှောက်ထားခွင့်။ ပြန်တမ်းဝင်အရာရှိ အဖြစ် ခန့်အပ်နိုင်ရေးအတွက် သတ်မှတ်ထား သည့်အချိန်နှင့် အကျုံးဝင်သည့် အချိန်တွင်  စစ်ရာထူးခန့်ချုပ်ရုံးမှ  လျှောက်လွှာခေါ်ယူသည့်အခါ လျှောက်ထား နိုင်သည်။
-
မှတ်ချက်။ အသေးစိတ် သိရှိလိုပါက မိမိတို့လျှောက်လွှာထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် စုံစမ်းမေးမြန်း နိုင်ပါသည်။   
-
#မြ၀တီနေ့စဉ်သတင်းစာ

စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်)တွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ဖရင့်ပြုလုပ်

စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်)တွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ဖရင့်ပြုလုပ်

နေပြည်တော် အောက်တိုဘာ ၃ဝ
-
တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာ  ဆိုင်ရာများ    အထောက်အကူပြုရန်နှင့်  လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး  တိုးတက်ရေး ကွန်ဖရင့်(၂ဝ၁၈) "Conference on  Science  and  Technology  Development -2018  (CSTD  2018)" ဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းတွင်  ပြင်ဦးလွင် တပ်နယ်၊  စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်)ရှိ နဝဒေးခန်းမ၌ ပြုလုပ်သည်။
-
အဆိုပါကွန်ဖရင့်သို့  တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်  ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော် တက္က သိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ ပါမောက္ခများ၊ ပြည်ပ တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်း တက်ရောက် နေသော သင်တန်းသား အရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက်ကြသည်။
-
ဦးစွာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တက် ရောက် လာကြသူများ နှင့်အတူ ပိုစတာပြခန်း များ၌ တပ်မတော် အရာရှိများနှင့် အရပ်ဘက် တက္ကသိုလ်များမှ  တင်သွင်းခင်းကျင်းပြသ ထားသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပိုစတာ၂၈ စောင်အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဖိတ်ကြားထားသည့်   ပြည်ပ တက္ကသိုလ်များမှ ပါမောက္ခများက Keynote Speaker စာတမ်းသုံးစောင်ကို ဖတ်ကြားသည်။
-
နေ့လယ်ပိုင်းတွင်   သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနယ်ပယ်ခြောက်ခုဖြစ်သော Technological  Science၊ Environment-al Science၊ Information Technology၊ Manufacturing and  Automation၊ Energy  and Environment နှင့် Communication and Transportation ခေါင်းစဉ်များဖြင့် အခန်း ရှစ်ခန်းတွင် ဖိတ်ကြား ထားသော အထူး စာတမ်းရှစ်စောင်နှင့်  D.Sc ဘွဲ့၊ Ph.D ဘွဲ့၊ မဟာဘွဲ့ ရရှိပြီးသော အရာရှိများနှင့် ဆရာ၊ ဆရာမများ၊ တပ်မတော် တက္ကသိုလ်၊ အရပ်ဘက် တက္ကသိုလ်နှင့် ပြည်ပ တက္ကသိုလ်များ၌ D.Sc ဘွဲ့၊  Ph.D ဘွဲ့နှင့် မဟာ ဘွဲ့တက် ရောက်နေသူများ တင်သွင်းသော  စာတမ်း ၆၄ စောင်တို့ကို ဖတ်ကြားကြရာ ယနေ့တွင် စုစုပေါင်း စာတမ်း ၇၅ စောင် ဖတ်ကြားကြသည်။
-
သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေး ကွန်ဖရင့်ကို အောက်တိုဘာ ၃၁ ရက်အထိ ဆက် လက်ပြုလုပ် သွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော Keynote Speaker စာတမ်းသုံးစောင် နှင့် အထူး စာတမ်းရှစ်စောင် အပါအဝင် စုစုပေါင်း စာတမ်း ၆၇ စောင်ကို ဆက်လက် ဖတ်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသော မိုင်းများပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရရှိ



နေပြည်တော် အောက်တိုဘာ ၃ဝ  
-
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာနေ မောင်စိုးမိုးသူ(ဘ) ဦးသန်းထွန်း အပါအဝင် အမျိုးသားငါးဦးသည် အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင်   ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာရှိ   ပြောင်းခင်းနေရာ၌ ချုံနွယ်များ ရှင်းလင်းစဉ် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ   ထောင်ထားသော  တိုက်မိုင်းတစ်လုံးအား    တိုက်မိပေါက်ကွဲ၍  ၎င်းတို့ငါးဦးတွင်  မိုင်းစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။
-
မိုင်းထိလူနာများသည် ရွှေကူပြည်သူ့ ဆေးရုံမှတစ်ဆင့် ဗန်းမော်ပြည်သူ့ ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ အလားတူ    မံစီမြို့နယ်၊   မံဝိန်းကြီး ကျေးရွာနေ   ဦးထွယ်အောင်နှင့် ဇနီးဖြစ်သူ ဒေါ်ဘောက်မိုင် တို့သည် မွန်းတည့် ၁၂ နာရီခန့်တွင် ခြံစိုက်ရန်အတွက် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျေးရွာ၏ အနောက်မြောက်ဘက် ၁၃ မိုင်ခန့်အကွာရှိ ဗန်းမော်-မံစီ-နမ့်ခမ်း ကားလမ်းဘေးသို့ အရောက်၌  KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ   ထောင်ထားသော နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး    ဦးထွယ်အောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ရာ နမ့်ခမ်းပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း  သတင်းရရှိသည်။  
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)နှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)နှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ
နေပြည်တော်  အောက်တိုဘာ   ၃ဝ
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)နှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၉ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၌ ပြုလုပ်သည်။
-
အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဗဟိုကောင်စီ နှစ်ပတ်လည်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၈ ကာလအတွက် ဗဟိုအမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို တင်သွင်းအတည်ပြုခြင်း၊ ၂ဝ၁၈-၂ဝ၁၉ ရသုံးမှန်းခြေငွေစာရင်း တင်ပြအတည်ပြုခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့က စာတမ်းတင်သွင်းခြင်း၊ လစ်လပ်သွားသော ဗဟိုအမှုဆောင် တာဝန်နေရာများကို တင်ပြမှတ်တမ်းတင်ခြင်း၊ ထပ်တိုးရွေးချယ်မည့် ဗဟိုကောင်စီဝင် ၄၉ ဦးနှင့် ဗဟိုအမှုဆောင် အဖွဲ့ဝင်ရှစ်ဦး  လျာထားချက်ကို တင်ပြအတည်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။  အစည်းအဝေးသို့ ဗဟိုကောင်စီဝင် ၂၆ ဦးတက်ရောက်ခဲ့ကြသည်။
-
ယနေ့တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈) ပထမနေ့အစီအစဉ်ကို နံနက် ၈ နာရီတွင် စတင်ပြုလုပ်ပြီး ညီလာခံပထမနေ့ (ပထမပိုင်း) အစီအစဉ်တွင် ဗဟိုကောင်စီ၏ အစီရင်ခံစာကို တင်သွင်းခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့၏ စာတမ်းကို ဖတ်ကြားတင်သွင်းခြင်း၊ လစ်လပ်သွားသော ဗဟိုအမှုဆောင်အဖွဲ့နေရာများ တင်ပြခြင်း၊ ထပ်တိုးရွေးကောက် တင်မြှောက်ရန် လျာထားပြီး ဗဟိုကောင်စီဝင်လောင်း   အမည်စာရင်းကြေညာခြင်း၊ ရွေးကောက်တင်မြှောက်ရာတွင် ထားရှိရမည့် သဘောထားများနှင့် မဲပေးပုံစနစ် ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ကြသည်။ ထို့နောက် လျှို့ဝှက်မဲဆန္ဒပေး၍ ဗဟိုကောင်စီဝင် ၄၉ ဦးကိုရွေးချယ်ခဲ့ကြပြီး ရွေးကောက် တင်မြှောက်ခံဗဟိုကောင်စီဝင် ၄၉ ဦးက ကတိသစ္စာပြုကာ အစည်းအဝေး ပထမပိုင်း အစီအစဉ်ကို ရပ်နားခဲ့သည်။
-
အထူးညီလာခံ(၂ဝ၁၈)အစည်းအဝေး ရပ်နားနေစဉ် အချိန်အတွင်း ဗဟိုကောင်စီ  ပထမအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ထပ်တိုးရွေးကောက် တင်မြှောက်ခဲ့သော ဗဟိုကောင်စီဝင်များ အပါအဝင် ဗဟိုကောင်စီဝင် ၆၆ ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်သော အရာရှိငါးဦး၊ စုစုပေါင်း ဗဟိုကော်မတီဝင် ၇၁ ဦးတို့တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် လစ်လပ်လျက်ရှိသော ဗဟိုအမှုဆောင်အဖွဲ့ဝင်ရှစ်ဦးကို ဆန္ဒမဲပေး၍ ရွေးကောက် တင်မြှောက်ကြသည်။
-

ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့ အစည်းအဝေး ပြုလုပ်ရာ အစည်းအဝေးတွင် လစ်လပ်နေသော ဥက္ကဋ္ဌနှင့် စစ်ဆေးရေးမှူးနေရာများအတွက်   ဗိုလ်ချုပ်မြဝင်း (အငြိမ်းစား)နှင့် ဗိုလ်မှူးချုပ်ကိုကိုဝင်း(အငြိမ်းစား)တို့ကို မဲပေးရွေးချယ်ခဲ့ကြသည်။
-
အထူးညီလာခံ(၂ဝ၁၈)ပထမနေ့ (ဒုတိယပိုင်း) အစီအစဉ်ကို  ပြန်လည်ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင်  ဗဟိုရွေးကောက်ပွဲကြီးကြပ်ရေး ကော်မတီက ရွေးကောက် တင်မြှောက်ခြင်းခံရသော    ဗဟိုအမှုဆောင် အဖွဲ့ဝင် ရှစ်ဦး အပါအဝင် ဗဟိုအမှုဆောင် အဖွဲ့ဝင် ၃၄ ဦးစာရင်းကို တာဝန်နေရာများနှင့် တကွ ဖတ်ကြားတင်ပြပြီး အထူးညီလာခံ ပထမနေ့အစီအစဉ်ကို ရပ်နားခဲ့သည်။
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂ဝ၁၈)သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ၂၁ ဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ ၃ဝ၈ ဖွဲ့တို့မှ ကိုယ်စားလှယ် ၃၇၈ ဦး တက်ရောက်ခဲ့ကြသည်။ အထူးညီလာခံ(၂ဝ၁၈)ဒုတိယနေ့ အစီအစဉ်ကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၏ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲများ ကျင်းပ

တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၇-၂ဝ၁၈  ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၏ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲများ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၃ဝ
-
နိုင်ငံတော် ကာကွယ်ရေးအတွက် လေ့ကျင့်သားပြည့်ဝသည့် ကာကွယ်ရေး အရန်အင်အားစုအဖြစ် တည်ဆောက်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊   ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊  တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၁၈၄၉ ဦးအား အောက်တိုဘာ ၁ ရက်တွင် စခန်းချလေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊  မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တို့ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများ၌ အသီးသီး ပြုလုပ်ကြသည်။
-
သင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ၊ သင်တန်းနည်းပြများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းမှူးများနှင့် ဒုတိယတိုင်းမှူးများက သင်တန်းဆင်း အမှာစကားများ ပြောကြားကြသည်။
-
ထို့နောက် သင်တန်းများအလိုက် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းအောင်မြင်စွာ တက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား  တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ်ကြသည်။
-
အဆိုပါစခန်းချ လေ့ကျင့်ရေး သင်တန်းများကို အောက်တိုဘာ  ၁  ရက်မှယနေ့အထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းကာလ အတွင်း စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက် ငယ်ဘာသာရပ်များ၊   ကိုယ်စီစစ်မြေပြင် ကျွမ်းကျင်မှုဘာသာရပ်နှင့် စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်များအပြင် ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်း၊ လက်တွေ့ပစ်ခတ်စဉ် လေ့ကျင့်ခန်း နှင့်အတားအဆီးများ ဖြတ်ကျော်မှု လေ့ကျင့်ခန်း တို့ကိုပါ သင်ကြား လေ့ကျင့်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ လိုက်ပါလာသည့် စစ်ရေယာဉ်နှစ်စင်း ချစ်ကြည်ရေး ခရီး ရောက်ရှိ

အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ လိုက်ပါလာသည့်  စစ်ရေယာဉ်နှစ်စင်း ချစ်ကြည်ရေး ခရီး ရောက်ရှိ
နေပြည်တော်  အောက်တိုဘာ  ၃ဝ
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့ မှ  Deputy  Inspector  General YOGINDER  DHAKA ဦးဆောင်ပြီး အရာရှိ၊ စစ်သည်များ လိုက်ပါလာသည့် ကမ်းခြေ စောင့် ရေယာဉ် ICGS  Sujay နှင့် ICGS  Anmol တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိကြရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူး နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

-
အဆိုပါ စစ်ရေယာဉ်များတွင် အရာရှိ၊ စစ်သည် ၁၇ဝဦး လိုက်ပါလာပြီး  မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၃ ရက်အထိ ၅  ရက် ကြာ နေထိုင်ကာ မြန်မာနိုင်ငံရှိ အထင်ကရ နေရာများအား လေ့လာလည်ပတ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိ သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၇၉)နှင့် တပ်မတော်(လေ)၏ ပထမဦးဆုံးသော အမျိုးသမီး လေယာဉ်မောင်း သင်တန်း ဖြစ်သည့် လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၈ဝ) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ အခမ်းအနား တက်ရောက်

လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၇၉)နှင့် တပ်မတော်(လေ)၏ ပထမဦးဆုံးသော အမျိုးသမီး လေယာဉ်မောင်း သင်တန်း ဖြစ်သည့်  လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၈ဝ) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ အခမ်းအနား တက်ရောက်
နေပြည်တော်   အောက်တိုဘာ   ၃ဝ
-
တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၇၉)နှင့် တပ်မတော်(လေ)၏ပထမဦးဆုံးသော အမျိုးသမီး လေယာဉ်မောင်း  သင်တန်းဖြစ်သည့်    လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈ဝ) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  မိတ္ထီလာမြို့၌ ကျင်းပရာ  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်  တက်ရောက်မိန့်ခွန်း ပြောကြားသည်။
-
အဆိုပါအခမ်းအနားသို့   အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယ ဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်ထွန်းအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာ တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ကျောင်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-

ဦးစွာ ကျောင်းဆင်း တပ်ခွဲများနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း  ချီတက်နေရာယူကြပြီး  နိုင်ငံတော် အလံအား အလေးပြုကြသည်။ ယင်းနောက်   ကာကွယ်ရေးဦးစီးချုပ်(လေ)   ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်ရောက်ရှိလာပြီး    ကျောင်းဆင်း တပ်ခွဲ များနှင့် ဂုဏ်ပြုတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲများနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။ ထို့နောက်  ကျောင်းဆင်းတပ်ခွဲများနှင့်  ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေး ဦးစီးချုပ်(လေ)အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့်  ချီတက်အလေးပြုကြသည်။
-
ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် တပ်မတော်(လေ)မှ အမောင်း သင် ရဟတ်ယာဉ် များနှင့် အမောင်းသင် လေယာဉ်များက အုပ်စုဖွဲ့၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ဝေဟင်မှ အလေးပြု ပျံသန်းကြ သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကျောင်း ဆင်းအရာရှိများအား  လေသူရဲ တောင်ပံများ ကို တစ်ဦးချင်း အပ်နှင်းသည်။
-

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်က လေယာဉ်  မောင်းသင်တန်း အမှတ်စဉ် (၇၉)မှ စံပြလေ သူရဲဆုရ လေ ၄၂ဝ၁ ဗိုလ်ကျော်ဇောဝင်း  အားလည်းကောင်း၊ လေယာဉ်မောင်းထူးချွန် ဆုရ လေ ၄၁၉၅ ဗိုလ်သန်းမျိုးမင်းအား လည်းကောင်း၊ စာပေထူးချွန်ဆုရ လေ ၄၂ဝ၇ ဗိုလ်ဇွဲမာန်သစ်အား လည်းကောင်း၊ လေယာဉ် မောင်းသင်တန်းအမှတ်စဉ်(၈ဝ)မှ စံပြလေသူရဲ ဆုနှင့် စာပေထူးချွန်ဆုရ လေ ၄၁၇၄ ဗိုလ်  ဒေါ်ကေ သီအောင်အား လည်းကောင်း၊ လေ ယာဉ်မောင်းထူးချွန်ဆုရ လေ ၄၁၇၆ ဗိုလ် ဒေါ်တိုးတိုးအေး အား လည်းကောင်း ထူးချွန် ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။
-
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်က သင်တန်း ဆင်းမိန့်ခွန်း ပြောကြားရာတွင် လေသူရဲတစ်ဦး ၏ အရေးကြီးဆုံး ထိန်းသိမ်း စောင့်ရှောက်အပ် သည့် ဂုဏ်မှာ ပျံသန်းမှု အရည်အချင်းကို အမြင့်ဆုံးရှိအောင် ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ မိမိ  ၏ ကိုယ်ရည် ကိုယ်သွေး မြင့်မားမှုကို ထိန်းသိမ်း ခြင်း၊ ပေးအပ်သည့် ပျံသန်းရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ် ဖြင့် အောင်မြင်အောင် ဆောင်ရွက်ခြင်း၊ ပျံသန်းရေး အတတ်ပညာကို ကိုယ်စွမ်းဥာဏ်စွမ်းရှိ သမျှ လေ့လာခြင်း၊ မျှဝေခြင်း များကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပျံသန်းရေး တာဝန်များကို နေ့၊ ည အချိန်မရွေး တာဝန် ထမ်းဆောင်ကြရမည့် လေသူရဲများ အနေဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ် ကြံ့ခိုင်ရေးသည် အရေး ကြီးကြောင်း၊ လေသူရဲတစ်ဦးအဖြစ် စတင်ရွေးချယ်စဉ်ကလည်း ကျန်းမာရေး အဆင့်မြင့်မား သူများကိုသာ စနစ်တကျ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှသာလျှင် စိတ်ဓာတ် အင်အားကောင်းပြီး ပျံသန်း ရေး၊ စစ်ဆင်ရေး၊ အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်များကို မြန် ဆန်စွာချ မှတ်နိုင် မည်ဖြစ်ကြောင်း၊ လေသူရဲ တစ်ဦးသည် တန်ဖိုးကြီးမားသည့် လေယာဉ်/ ရဟတ်ယာဉ်များကို ယုံကြည် စိတ်ချ စွာ အပ်နှင်း ခြင်းခံရပြီး တာဝန်အပြည့်အဝယူဆောင်ရွက် ရသူများဖြစ်သည့်အတွက် ယုံကြည်စိတ်ချ ရသော လေသူရဲတစ်ဦးဖြစ်လာစေရန် အမြဲတမ်းကြိုးစား နေရမည်ဖြစ်ကြောင်း၊ မိမိတို့ ရရှိသည့် ပျံသန်းချိန်နာရီနှင့် ညီမျှသော အတွေ့အကြုံ၊ အရည်အသွေး တိုးတက်လာစေရန် အစဉ်အလေးထား လေ့ကျင့်ပျံသန်းသွားရန် အလေးထားမှာကြား လိုကြောင်း၊ ပျံသန်းရေး အရည်အသွေး တိုးတက်လာစေရန်အတွက် ပျံသန်းမှုကို အထောက်အကူပြုစေမည့် စာပေ များ၊ စစ်နည်းဗျူဟာများ၊ ဘေးအန္တ ရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သည့်  ဗဟုသုတများ၊ လေကြောင်းဆိုင်ရာ သတင်းအချက် အလက်များ စသည်တို့ကို အမြဲ မပြတ် လေ့လာ နေရမည်ဖြစ်ကြောင်း ပြောကြားသည်။
-

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ကျောင်းဆင်း အရာရှိများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဝေဟင်မှ အုပ်စုဖွဲ့ပျံသန်း ခဲ့ကြသည့် လေသူရဲများအား ဂုဏ်ပြုနှုတ် ဆက်သည်။ ယနေ့ လေသူရဲတောင်ပံအပ်နှင်း ခြင်းခံရသူ သင်တန်းဆင်းအရာရှိ ၄ဝ ဦးတွင် လေယာဉ်မောင်း သင်တန်း အမှတ်စဉ် (၇၉)မှ  သင်တန်းဆင်းအရာရှိ ၃၄ဦးနှင့် လေယာဉ်  မောင်းသင်တန်း အမှတ်စဉ်(၈ဝ)မှ သင်တန်းသူ အရာရှိ ခြောက်ဦး တို့ဖြင့် တပ်မတော်(လေ)တွင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၇၉)အထိ  အမျိုးသား အရာရှိများ ကိုသာ လေသူရဲ အဖြစ်  စဉ်ဆက်မပြတ် လေ့ကျင့်ပျံသန်းမွေးထုတ် ပေးလျက်ရှိသည်။
-

နိုင်ငံတကာ လေတပ်များ နည်းတူ အမျိုးသမီး လေသူရဲများ မွေးထုတ်လေ့ကျင့်ပေးရန် တပ်မတော် အကြီးအကဲ၏  လမ်း ညွှန်ချက်အရ  တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ   ဘွဲ့ရအမျိုးသမီးဗိုလ် လောင်းသင် တန်းဆင်း အမျိုးသမီးအရာရှိ ၆ ဦးကို ယခု လေယာဉ်မောင်း သင်တန်းအမှတ် စဉ် (၈ဝ)မှစ၍ တပ်မတော်(လေ)၏ ပထမ ဦးဆုံးသော အမျိုးသမီး လေသူရဲအရာရှိများအဖြစ် အောင်မြင်စွာသင်ကြား လေ့ကျင့်ပေး နိုင်ခဲ့ခြင်းကြောင့် အမျိုးသားများ နှင့်တန်းတူ ပျံသန်းရေး တာဝန်များကို စတင်တာဝန်ထမ်း ဆောင်နိုင်တော့မည်ဖြစ်သည်။
-
ကမ္ဘာ့နိုင်ငံ အသီးသီး၌ အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင် လျက်ရှိရာတွင် နိုင်ငံတော် ကာကွယ်ရေး အပိုင်းတွင် လည်း အမျိုးသမီးများကို ပိုမိုတာဝန် ပေးအပ်လာပြီး အမျိုးသမီး တိုက်လေသူရဲများ အဖြစ်ပါ လေ့ကျင့် တာဝန်ပေးအပ် လာသည်ကို တွေ့ရှိရသည်။
-

လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈ဝ) မှ အမျိုးသမီး အရာရှိခြောက်ဦးသည် မြန်မာ့ တပ်မတော်၏  ပထမဦးဆုံး သော အမျိုးသမီး လေသူရဲအရာရှိများ ဖြစ်ကြပြီး ယခုနှစ်ထူးခြားမှုမှာ လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈ဝ)မှ အမျိုးသမီး လေသူရဲများကို သယ်ယူပို့ဆောင်ရေး လေသူရဲများအဖြစ် မွေးထုတ်ပေးနိုင်ခြင်းဖြစ်၍ ၎င်းသည် တပ် မတော် (လေ)၏ သမိုင်း စာမျက်နှာ အသစ်တစ်ခုကို ထပ်မံဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။ သင်တန်းဆင်း လေသူရဲ အရာရှိများ အနေဖြင့် သက်ဆိုင်ရာ  လေယာဉ်/ရဟတ်ယာဉ် အမျိုးအစားအလိုက် အဆင့်မြင့် သင်တန်းများ ဆက် လက် တက်ရောက် ရမည်ဖြစ်ကြောင်း  သတင်းရရှိသည်။
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ထံ အစ္စရေး နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ထံ အစ္စရေး နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နေပြည်တော် အောက်တိုဘာ ၃ဝ
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီ ပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ရိုနယ် ဂီလာသည် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့် အပ်လွှာကို ပေးအပ် သည်။
-
အဆိုပါသံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြကြောင်း သိရသည်။
#မြ၀တီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၁၀-၂ဝ၁၈)


ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၁၀-၂ဝ၁၈)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၃၁-၁၀-၂ဝ၁၈)


မြဝတီနေ့စဉ်သတင်းစာ (၃၁-၁၀-၂ဝ၁၈)
-
 Download Links

Tuesday, October 30, 2018

ဝဠာထက်ယံ ရဲရင့်အောင်လံ ရွှေတောင်ပံ

ဝဠာထက်ယံ ရဲရင့်အောင်လံ ရွှေတောင်ပံ

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိတ္ထီလာအမည်ရှိ မြို့ကလေးတစ်မြို့ရှိပါသည်။ အညာဟု သင်္ကေတပြုစရာ ထနောင်းပင်၊ တမာပင်များစီစီရီရီနှင့် ကျေးလက်ဆန်သောဒေသ လူနေမှုအစုအဝန်း  ဖွဲ့တည်မှုများကြောင့် စွဲမက်နှစ်သက်ဖွယ်ဖြစ်ရပါသည်။
-
တစ်ချိန်က တပ်မြို့ဟုပင်ခေါ်တွင်ခဲ့ကြောင်း သိရ၏။ ဤသည်မှာလည်း  မဆန်းကျယ်လှပေ။ တပ်ရင်းတပ်ဖွဲ့များ ဝိုင်းဝန်းခြံရံနေသည့် ထူးခြားသော ဝိသေသတစ်ခုကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ထိုထဲတွင် တပ်မတော်(လေ) လည်း ပါဝင်နေပါသည်။
-
လေကြောင်းအတတ်ဆိုသည်မှာ အဓိကလေယာဉ်  ပြီးတော့  မောင်းနှင်မှုအတတ်ပညာ၊ စက်မှုကိရိယာပိုင်း၊ သိပ္ပံပညာရပ်နှင့် နှီးနွှယ်မှု ဤကိစ္စ၊ ထိုကိစ္စများကို တတ်မြောက်ကျွမ်းကျင် တီထွင်ဆန်းစစ် စေတန်ရာသည့် ကျောင်းစခန်းတည်ရာ ရပ်ဝန်းအဖြစ် မြင်ရုံမျှနှင့်ပင် အံ့သြချီးကျူးစိတ် ဖြစ်ရပါသည်။
-
မြန်မာနိုင်ငံရေးဇာတ်ခုံတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သည့် စကားစုလေးတစ်ခု ရှိခဲ့ပါသည်။ ယင်းစကားစုလေးတစ်ခုကို မူရင်းအတိုင်းယူကာ သီချင်းရေးဆရာ ရွှေတိုင်ညွန့်က''တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်''ဟူသောသီချင်းလေးတစ်ပုဒ်  ဖန်တီးရေးဖွဲ့အောင်လံထူခဲ့ဖူးပါသည်။ ဆရာရွှေတိုင်ညွန့် ရေးဖွဲ့သည့် အချိန်ကာလနှင့် မနီးမဝေးသော ကာလမှာပင် တပ်မတော်အင်အားဖြစ်စေမည့် လေယာဉ်မောင်း သင်ကျောင်း ပေါ်ထွက်လာခဲ့ပါသည်။
-
ဤသည်မှာ     ကျော်လွှား၍မရနိုင်သည့် သမိုင်းကြောင်းအမှန်ဖြစ်၏။မြန်မာနိုင်ငံကို လေယာဉ်မောင်းနှင်ခြင်း အတတ်ပညာ စတင်ရောက်ရှိလာခဲ့သည်မှာ ၁၉၃၄ ခုနှစ်ဖြစ်ပြီး ထိုနှစ် ဧပြီလတွင် ရန်ကုန်လေယာဉ်မောင်း ကလပ်ကို   ဖွင့်လှစ်တည်ထောင်ခဲ့ကြောင်း  လေ့လာသိရှိ ရပါသည်။
-
တပ်မတော်(လေ)သမိုင်းတွင် ၁၉၄ဝ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်၌ ဗမာ့အပျော်တမ်းလေတပ်ကို တိုက်ဂါးမော့ လေယာဉ်များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း   တွေ့ရှိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ် ၁၉၄၄ ခုနှစ်တွင်  ဗိုလ်ချုပ်အောင်ဆန်း ဦးစီးကာ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)မှ လေကြောင်းပညာသင် ၁ဝ ဦးကို သံဖြူဇရပ်ရှိ မီးရထားလမ်းမှ တစ်ဆင့်  ဂျပန်နိုင်ငံသို့ စေလွှတ်ကာ လေယာဉ်မောင်းပညာ သင်ကြားစေ ခဲ့ပါသည်။ ယင်းအင်အားများ စုပေါင်းကာ ဗမာ့အပျော်တမ်းလေတပ်မှသည်  မြန်မာ့လေတပ်မတော်ဖြစ်လာခဲ့ပြီး ထိုမှဆက်ကာ၁၉၄၇ ခုနှစ်   ဒီဇင်ဘာလ ၁၅  ရက်နေ့တွင် တပ်မတော်(လေ)အဖြစ် စတင်ဖွဲ့စည်း ပေါ်ပေါက်လာခဲ့ပေသည်။
-
လွတ်လပ်ရေးမရမီက  မြန်မာနိုင်ငံတွင် လေယာဉ်မောင်းသင်ကျောင်း ဟူ၍ ဖွဲ့စည်းထားခြင်းမရှိပါ။ ၁၉၅ဝ ပြည့်နှစ် ဇွန်လ ၁၆ ရက်နေ့တွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်၌  လေယာဉ်မောင်းသင်ကျောင်းအဖြစ်  စတင်ဖွင့်လှစ်ပြီး အရည်အသွေးပြည့်မီသော လေသူရဲကောင်းများ    မွေးထုတ်ပေးရေး ရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ လေယာဉ်မောင်းသင်ကျောင်းအနေဖြင့် သက်တမ်းကာလကို တွက်ချက်ကြည့်မည်ဆိုလျှင် ယနေ့ ၆၈ နှစ်တိုင်ရှိခဲ့လေပြီ။    မင်္ဂလာဒုံလေတပ်စခန်းမှ အမြုတေစတင်ခဲ့သည့်   လေယာဉ်မောင်း သင်တန်းကျောင်းသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ရန် အစီအစဉ်ကြောင့် ၁၉၅၁ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် မှော်ဘီလေတပ်စခန်းသို့ လည်းကောင်း၊ ၁၉၅၂ ခုနှစ် ဧပြီလ ၂၄  ရက်နေ့တွင်    မိတ္ထီလာလေ့ကျင့်ရေး လေတပ်စခန်းသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ၁၉၇၄ ခုနှစ်  ဇူလိုင်လ  ၁၃  ရက်နေ့တွင် လေကြောင်းအတတ်သင်    လေတပ်စခန်း(ရှမ်းတဲ)သို့ လည်းကောင်း       အဆင့်ဆင့်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်၏။
-
ယနေ့အချိန်ထိ မွေးထုတ်ပေးခဲ့သည့် လေသူရဲအရေအတွက်မှာ    ယခုကျောင်းဆင်းများ အပါအဝင် ၁၉၁၇ ဦးရှိပြီဖြစ်ပါသည်။
-
လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် တည်ရှိရာရပ်ဝန်းသည်  သစ်ပင်ကြီးငယ် အုပ်ဆိုင်းလျက် စိမ်းစိမ်းလန်းလန်း ရှိလှ၏။   လေတပ်စခန်းဌာနချုပ်အတွင်း လမ်းဘေးဝဲယာ တစ်လျှောက် စိမ်းမြညိုသည့် တမာ၊ ကုက္ကို၊ ဖွံ့ထွားစည်လှသည့် ပိတောက်၊ မဲဇလီတို့ကြောင့် အေးမြသောအသိနှင့် ရင်ကိုချမ်းမြေ့စေနိုင်သည်။တပ်တည်နေရာ ကျယ်ဝန်းပြီး အနောက်ဘက် အစွန်းဆုံးတွင်ရှိ လေယာဉ်ပြေးလမ်းမှ အတက်အဆင်း ပြုလုပ်နေသည့် လေယာဉ်မျိုးစုံလျက်  လူပျံတော်ရုပ်တုဖြင့် ခံ့ခံ့ထည်ထည်ရှိလှသည်။ စစ်ရေးပြကွင်း၏ တစ်ဖက်ကိုကြည့်လျှင် လေသူရဲလောင်းများ နေထိုင်ရာ  အဆောင်၊ သင်ခန်းစာပို့ချသည့် စာပေဌာနစသည်တို့က သူ့နေရာနှင့်သူ တစ်ကန့်စီအကန့်လိုက် သီးသီးသန့်သန့် ရှိလှပေသည်။ ထူးထူးခြားခြား  ထီးထီးမားမား ရှိလှသည်က လေယာဉ်မောင်းသင်ကျောင်းပင်၊ဂုဏ်ယူအံ့သြစိတ်နှင့် ငေးမောကြည့်နေရင်းမှ သွေးသားလည်ပတ်မှုနှင့်အတူ  ရင်မှာလှုပ်ယှက်   ခံစားရပြန်သည်။   သြော်...
-
ဤရပ်ဝန်းမြေဒေသသည်ကား မိုးယံထက်မြင့် ရဲရင့်သားကောင်း လေသူရဲဇာနည်အပေါင်းများစွာ မွေးဖွားရာအရပ်ပင်မဟုတ်ပါလား။  ထူးခြားချက်တစ်ချက်ရှိပါသေးသည်။ ယခင်က အရပ်ဘက်လေယာဉ်မောင်း သင်တန်းသားများပင် တက်ရောက်သင်ကြား မွေးထုတ်ပေးခဲ့သည့် အစဉ်အလာရှိခဲ့ခြင်းပင် ဖြစ်ပေတည်း။
စင်စစ်လေသူရဲတစ်ဦး  ဖြစ်လာရန်မှာ လွယ်ကူလှသည့် ကိစ္စတစ်ရပ်မဟုတ်ပေ။
-
သတ္တိရှိကာ၊ ဇွဲရှိကာမျှနှင့်မရနိုင်။ အသိနှင့်သတိ မြဲမြံခြင်းအပြင်  ဘာသာဗေဒဆိုင်ရာ ကျွမ်းကျင်မှုသည် အဓိကဖြစ်၏။ တစ်ဖက်မှာရှိသည်က     ဆရာတပည့်ဆက်ဆံရေးကို စမ်းကြည့်ခြင်းပင်၊      ပညာရပ်ပိုင်းဆိုင်ရာ ဖြန့်ဝေမှု အတိမ်အနက် အကျယ်အပြန့်သည် စေတနာစိတ်ပေါ်တွင် အရင်းခံပေလိမ့်မည်။ ယုတ်စွအဆုံး ဆရာသည် တပည့်အပေါ် အသက်ချင်းထပ်ရင်း၊ရင်ချင်းအပ်ရင်း သင်ကြားရသည်ဖြစ်ရာ   နွေးထွေးသော ဆက်ဆံရေးကို နက်ရှိုင်းစွာ ဖော်ညွှန်းသည့်သင်တန်းဟု ပြောရပေမည်။ ချစ်ကြည်မှုမှသည်  ယုံကြည်မှု တည်ဆောက်နိုင်ခြင်းဖြင့် အတတ်ပညာ ကျွမ်းကျင်ပြီးမြောက်စေသည် မဟုတ်ပါလား။
-
လေသူရဲများ၏လုပ်ငန်းမှာ ပျံသန်းရေးပိုင်းဖြစ်ပြီး  တာဝန်မှာစစ်ဆင်ရေးဖြစ်၏။ စွန့်စားရသော လုပ်ငန်းတွင် စွန့်လွှတ်ဆောင်ရွက်သည့် တာဝန်ကို ပူးတွဲထမ်းဆောင်ရမည် ဆိုသောအခါ မည်မျှခက်ခဲလိမ့်မည်ကို ကိုယ်ချင်းစာမိ ပါသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံသည့် သာမန်စိတ်ဓာတ်လေး တစ်ခုကြောင့် ဤမျှကြီးလေးသော တာဝန်ကို ထမ်းရွက်နေခြင်း မဟုတ်ပေ။ နှလုံးသားတွင် စွဲနစ်နေသည့် တိုင်းပြည်ချစ်စိတ်ဓာတ် ကလေးကြောင့်ဟု ဆိုရမည်။ ဘယ်ရင်၌ ပန်း----ရွှေတောင်ပံ သင်္ကေတကလေးသည် စိတ်ဓာတ်ကို ဖော်ပြနေ၏။ အလွန်လေးစားရပါသည်။
-
လူ့သမိုင်းတွင် ခေတ်စနစ်များ ပြောင်းလဲလာသကဲ့သို့--ဖြစ်ပွားခဲ့ကြသည့် စစ်ပွဲများသည်လည်း အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲလာကြလေပြီ။ယနေ့ခေတ် စကားနှင့်ပြောရလျှင် စစ်ပွဲတစ်ပွဲ၏ ရေချိန်ကိုလေကြောင်း စွမ်းအားက ထိန်းချုပ်နိုင်စွမ်းနှင့် အတက်အကျကိုပင် ဖန်တီးနိုင်စွမ်းရှိကြောင်း နိုင်ငံတကာစစ်ပွဲများက ပြညွှန်းနေပေသည်။ လေကြောင်းစွမ်းရည်၊လေကြောင်းသိပ္ပံပညာရပ်သည်  အာကာသတစ်ခွင်သာမက စကြဝဠာတိုင် ထိုးဖောက်နေသည့်ခေတ်သို့ ရောက်နေပြီး  သေနင်္ဂဗျူဟာတွင်  အလျင်အမြန် တုံ့ပြန်နိုင်စွမ်းရှိခြင်းသည် စစ်ပွဲအပေါ် အသာစီးရယူနိုင်မှုတစ်ခုပင်ဖြစ်၏။ မြေပြင်-ရေပြင်-ဝေဟင်ကိုဆန်၊ ကွန်ရက်ဖြန့်နိုင်သည့် ကြီးမားသော ထုထည်အား မောင်းနှင်နိုင်သူမှာ လေကြောင်းစွမ်းအားဖြစ်၏။
-
နိုင်ငံတကာစာမျက်နှာတွင်  ဂလိုဘယ်လိုက်ဇေးရှင်း  ခေတ်အမြင်ဖြင့်ကြည့်ကာ ကမ္ဘာသည်  ရွာကြီးတစ်ရွာကဲ့သို့  လက်ခံသုံးသပ်ထားသည်ကို  တွေ့ရပေမည်။
-
လေကြောင်းစွမ်းအား မြင့်မားရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများက ဂရုတစိုက် ဆောင်ရွက်လာပြီဖြစ်၏။ မြန်မာနိုင်ငံတွင် လေယာဉ်မောင်းသင်ကျောင်းမှ လေကြောင်းစွမ်းအား မြင့်မားရေးအတွက် လေသူရဲ လူရည်ချွန်များ မွေးထုတ်ပေးလျက် ရှိသည်မှာ တပ်မတော်အင်အား ရှိလာခြင်းဖြင့် တိုင်းပြည်အင်အား ရှိလာအောင် ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အဆင့်မြင့်မားသော ခေတ်မီတပ်မတော် တည်ဆောက်ရေး လုပ်ငန်းအတွက်လည်း   တစ်တပ်တစ်အား ဖြစ်ပေလိမ့်မည်။
-
လေ့ကျင့်ရေးအခန်းကဏ္ဍမှ ပြန်ကြည့်လျှင် လေကြောင်းစွမ်းအား မြင့်မားရေးအတွက် လေ့ကျင့်မှုဆိုင်ရာ သင်တန်းများကို အဆင့်ဆင့် ဆောင်ရွက်ဆဲ ဆောင်ရွက်လျက်ရှိနေပါသည်။ လေယာဉ်မောင်း သင်တန်းကျောင်းအနေနှင့် လေ့လာကြည့်ပါ။အခြေခံလေယာဉ်မောင်း သင်တန်း၊ အကြိုတန်းမြင့် လေယာဉ်မောင်း သင်တန်း၊ တန်းမြင့်လေယာဉ်မောင်း သင်တန်းစသည်ဖြင့်  သင်တန်းများကို  စနစ်တကျလေ့လာဆည်းပူးသင်ကြားရပါသည်။ ယင်းသင်တန်းများမှ တစ်ဦးချင်းစီ၏ ရမှတ်များကို ရယူကာ တိုက်ခိုက်ရေးလေယာဉ်၊ သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ် အစရှိသည်ဖြင့် လေယာဉ်အလိုက် ဆင့်ကာဆင့်ကာ ကြိုးစားဆောင်ရွက်ကြိုးပမ်းရပါသည်။
-
လူအားစိတ်အား ရင်းနှီးမှုကဖြင့် မသေးလှပါ။ယခုနှစ်တွင် ထူးခြားချက်တစ်ရပ် တွေ့ရှိရပါသည်။ ထိုထူးခြားချက်မှာ   အမျိုးသမီးလေသူရဲများ   စတင်မွေးထုတ်ပေးခြင်းဖြင့် တပ်မတော်(လေ)၏ အခန်းကဏ္ဍသစ် တစ်ရပ်ကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပေသည်။ ယခင်က တပ်မတော်(လေ)တွင် အမျိုးသမီးများ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ပျံသန်းရေးတာဝန်များ ထမ်းဆောင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ယနေ့ခေတ်မှသာ တပ်မတော်(လေ)တွင် ပျံသန်းရေး တာဝန်များကို     ထမ်းဆောင်စေခြင်းသည် တပ်မတော်အကြီးအကဲများက တပ်မတော်(လေ)ကို   ခေတ်မီကျစ်လျစ်ပြီး   စွမ်းရည်ထက်မြက်သော   တပ်မတော်(လေ)အဖြစ် တည်ဆောက်ရာတွင်    လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေး လုပ်ငန်းစဉ်ကို ဖြည့်ဆည်းပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
-
ကမ္ဘာ့လေကြောင်းသမိုင်းစဉ်ကို ပြန်ကြည့်မည်ဆိုပါက ၁၉၁ဝ ပြည့်နှစ်တွင် ပြင်သစ်လူမျိုး ကမ္ဘာ့ပထမဆုံး အမျိုးသမီး လိုင်စင်ရ လေသူရဲလာဘရော်နီဒီလာရိုချီမှ   စတင်၍ လေကြောင်းလောကအတွင်း    စစ်ဘက်-အရပ်ဘက် အခန်းကဏ္ဍ အသီးသီးသို့ အမျိုးသမီးများ ပါဝင်လာခဲ့သည်။ ၁၉၆ဝ ပြည့်လွန်နှစ်များတွင် ရုရှားလူမျိုး ဗလာဒီနာတီရှယ်ကိုဗာသည် ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးအဖြစ် စတင်ထမ်းဆောင်ပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ  အာကာသတိုင်အောင် ထိုးဖောက်ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
-
နိုင်ငံတကာလေတပ်များ၏ အတွေ့အကြုံများအား  လေ့လာတွေ့ရှိချက်အရ  ရှေးဦးနှစ်များတွင်  အမျိုးသမီး လေသူရဲများအား  သယ်ယူပို့ဆောင်ရေး လေယာဉ်၊ လေ့ကျင့်ရေး လေယာဉ်၊ ဝေဟင်ဆီဖြည့်လေယာဉ်နှင့် ရဟတ်ယာဉ် များတွင်သာ  တာဝန်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ ယခုခေတ်အခါတွင်တော့ အမျိုးသားများနှင့်တန်းတူ စွမ်းဆောင်နိုင်မှု အရည်အချင်းများအရ  တိုက်ခိုက်ရေး လေသူရဲများအဖြစ် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေသည်ကို တွေ့မြင်နေရပြီဖြစ်သည်။
-
ယနေ့ ကမ္ဘာ့လေကြောင်း ထိပ်သီးနိုင်ငံများ ဖြစ်သော အမေရိကန်၊ ရုရှား၊ အင်္ဂလန်၊ ပြင်သစ် စသည့်နိုင်ငံတို့တွင်  စစ်ဘက်နှင့် အရပ်ဘက်ပျံသန်းမှု နယ်ပယ်အသီးသီး၌ အမျိုးသမီးများ ပါဝင်လာမှုသည်  တစ်နေ့တခြား တိုးတက်များပြားလာသကဲ့သို့ ဒေသတွင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား စသည့်နိုင်ငံတို့တွင်လည်း  အသံထက်မြန်သော တိုက်လေယာဉ်မှူးများ၊   နည်းပြလေသူရဲများ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်မှူးများ၊ ရဟတ်ယာဉ်မှူးများ၊ အရပ်ဘက်လေယာဉ်မှူးများ အဖြစ် သက်ဆိုင်ရာ နိုင်ငံများ၏ သမီးကောင်း ရတနာများအနေဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်နေလျက်ရှိသည်ကို တွေ့မြင်ကြားသိနေ ရ၍ မိမိတို့တပ်မတော်(လေ)၏ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးသည့် တပ်မတော် အကြီးအကဲများကို များစွာ ကျေးဇူးတင်နေမိပါသည်။
-
ယနေ့ခေတ် လေကြောင်း စစ်ဆင်ရေးများသည် ယခင်အသုံးပြုခဲ့သည့် လေယာဉ်ချင်း အနီးကပ်တိုက်ပွဲများကဲ့သို့ မဟုတ်တော့ဘဲ တပ်ဖွဲ့ပေါင်းများစွာ ပူးပေါင်း၍ ခေတ်မီအဆင့်မြင့်စွာ ဟန်ချက်ညီအောင် ကောင်းစွာ ထိန်းချုပ်ကွပ်ကဲ၍ တိုက်ခိုက်သည့် စစ်နည်းဗျူဟာများ ဖြစ်လာနေပြီဖြစ်သည်။ ခေတ်သစ်လေကြောင်း စစ်ဆင်ရေးများတွင် အဆင့်မြင့် ထူးခြားဆန်းသစ်သောအမြင်ရှုထောင့်၊ လုပ်ငန်းတာဝန်အလိုက် ညီညွတ်မျှတစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှု စသည့် စွမ်းဆောင်ရည် အင်္ဂါရပ်များတွင် အမျိုးသမီး လေသူရဲများသည် ၎င်းအင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အထူးသဖြင့်   စစ်ဘက်ဆိုင်ရာ ပျံသန်းရေး လုပ်ငန်းတာဝန်များတွင် တစ်ဦးချင်းကြိုးစား အားထုတ်မှု အရည်အချင်း လိုအပ်ချက်များ မြင့်တက်လာချိန်တွင် အမျိုးသမီးလေသူရဲများသည်  ၎င်းလိုအပ်ချက်များနှင့် အံကိုက် သင့်လျော်မှုရှိကြောင်းလည်း   တွေ့ရှိရပါသည်။
-
အမျိုးသားနှင့် အမျိုးသမီးအား စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး နှိုင်းယှဉ်ကြည့်မည်ဆိုပါက အနည်းငယ် ကွာခြားမှုရှိမည်ဖြစ်သည်။   ဤအချက်သည်   အရေးပါပြီး   အင်အားဖြည့်တင်းရေးအပိုင်း၊ လေ့ကျင့်ရေးအပိုင်း၊ တာဝန်ထမ်းဆောင်မှုကာလတစ်လျှောက် စွမ်းဆောင်နိုင်မှုနှင့် ဆက်လက် ထိန်းသိမ်းနိုင်စွမ်း အချက်များနှင့် ဆက်စပ်တည်မှီလျက် ရှိနေသည်ကို  လေ့လာတွေ့ရှိရပေသည်။    လေသူရဲများ၏ ကိုယ်ရည်ကိုယ်သွေးပင် ကိုလက္ခဏာများသည် ရွေးချယ်ခြင်း အပိုင်း၊   လေ့ကျင့်ရေးအပိုင်း၊   ဘေးအန္တရာယ် ကင်းရှင်းရေးအပိုင်း၊     စိတ်ပိုင်းဆိုင်ရာ စဉ်းစားသုံးသပ်နိုင်ခြင်း အပိုင်းတို့နှင့် တိုက်ရိုက် သက်ဆိုင်မှုရှိပြီး    လေသူရဲများ၏ စွမ်းဆောင်နိုင်မှုအပေါ် များစွာအထောက်အပံ့ ရရှိစေနိုင်ပေသည်။
-
ကျွန်တော်ဆိုချင်သည်က  အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အားနည်းချက်၊ အားသာချက်မည်သို့ကွဲပြားစေကာမူ အသုံးချနိုင်စွမ်းရှိခြင်းသည် တန်ဖိုးမည်၏။ တပ်မတော်(လေ)တွင် အမျိုးသမီး လေသူရဲများ လေ့ကျင့်ပျိုးထောင် ဆောင်ရွက်ပေးခြင်းသည် အထူးအခြားဆုံး၊ အလေးအနက်ဆုံးဖြစ်နေပြီး အားသစ်လောင်းမှုအတွက် တစ်ထောင့်တစ်နေရာက အထူးအထောက်အပံ့ ဖြစ်သည်ဟု   သဘောပေါက်ပါသည်။
-
တကယ်တော့  လေကြောင်းစွမ်းအား ဟူသည် ခေတ်သိပ္ပံကို အခြေခံကာ အာကာသရပ်ဝန်းတိုင်   ထိုးထွက်ဆန်တက် လွှမ်းမိုးချုပ်ကိုင်နိုင်သည် ဖြစ်ပြီး ကြီးကျယ်လွန်းလှပါပေသည်။ နည်းစနစ်၊    နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး  အသစ်အသစ်တီထွင်ကြံဆမှုတို့ အတွက် လေယာဉ်၊ ရဟတ်ယာဉ်ဆိုင်ရာ ကိစ္စများ  အမြဲမပြတ် လေ့လာလေ့ကျင့်  ဆောင်ရွက်နေရမြဲဖြစ်၏။''မီးနာမှ သံကောင်းမည်'' ဆိုသကဲ့သို့  လေ့ကျင့်မှုဆိုင်ရာ သင်တန်းများ     အမြဲမပြတ်ဆောင်ရွက်ရင်း လေကြောင်းဆိုင်ရာ     စစ်နည်းဗျူဟာများ လေ့လာဖြန့်ဖြူးဝေမျှနေရဆဲ ဖြစ်ပါသည်။
-
ဖူးသစ်စ နေအရုဏ်လွှမ်းခြုံမှုဖြင့် အညာမြေ နံနက်ခင်းမှာ ကြွရွလှပနေ၏။ ကောင်းကင်ပြာပြာဝယ်  တိမ်ဖြူပါးပါးတို့  ဟိုတစ်ပြန်သည်တစ်ပြန် လွင့်မျောလျက်...။ တစ်ချက်တစ်ချက် လေအဝှေ့နှင့် လွင့်မျောလာသည့် ချိုးကူသံနွဲ့နွဲ့လေးက  ငြိမ်းချမ်းမြမြရှိလှ၏။ စစ်ရေးပြကွင်းတွင်   လေတပ်စခန်း ဌာနချုပ်၊ လေတပ်စခန်းအုပ်/တပ်အသီးသီး၏  အလံများက ဝေ့ဝဲလွင့်ပျံလျက် ရှိနေပါသည်။
-
ဤယနေ့ လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၇၉) မှ သင်တန်းသား ၃၄ ဦးနှင့် အမှတ်စဉ်(၈ဝ)မှ သင်တန်းသူခြောက်ဦးတို့၏ ကျောင်းဆင်းလေသူရဲ  တောင်ပံအပ်နှင်းပွဲရောက်ခဲ့လေပြီ။ မျိုးဆက်သစ်တို့ထံ လက်ဆင့်ကမ်းအမွေ ပေးအပ်ပွဲဟုလည်း ခေါ်တွင်လောက်ပါပေသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်တိုင် တက်ရောက်မည့် အခမ်းအနားဖြစ်သဖြင့် တပ်မတော်(လေ)၏ဂုဏ်၊ တပ်မတော်တစ်ရပ်လုံး၏ ဂုဏ်ကို ဆောင်နေပေသည်။   တကယ့်ဂုဏ်ယူစရာနေ့ပင်။
-
ဤလေသူရဲ  မောင်/မယ်များသည် မကြာမီ နိုင်ငံတော်၏ ဝေဟင်ပိုင်နက် ကာကွယ်ရေးတာဝန် အပ်နှင်းခြင်း ခံရပေတော့မည်။ ''ဝင်းဝင်းစက်စက် ရွှေတောင်ပံလေး''    ပိုင်ဆိုင်ရယူခြင်းနှင့်အတူ သူတို့၏အနာဂတ်၊ တပ်မတော်နှင့် တိုင်းပြည်၏ အနာဂတ်အတွက် အလင်းလက်ဆုံး၊ အမွှေးပျံ့ဆုံးသော ဂုဏ်ဒြပ်ပိုင်ရှင်ကလေးများဖြစ်လာပေလိမ့်မည်။သူတို့တာဝန်မှာ မသေးလှ။ကျွန်တော်လေးစားမိပါသည်။လေကြောင်းစွမ်းအား မြင့်မားရေးအတွက် လေ့ကျင့်မွေးထုတ် ဆင့်ပေါင်းပေးလိုက်သည့် အားသစ်လောင်းမှုများပင်တည်း။
-
ကျောင်းဆင်းပွဲ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ်(လေ)ကိုယ်တိုင်     အရာရှိငယ်၊ လေသူရဲမောင်/မယ်တို့အား   ရွှေတောင်ပံကို တပ်ဆင်ဂုဏ်ပြုပေးပါလိမ့်မည်။ အထက်အကြီးအကဲကိုယ်တိုင် တာဝန်အပ်နှင်း ဂုဏ်ပြုပေးခြင်းအပေါ် သူတို့--- သူတို့ရင်မှာ မည်သို့ခံစားရမည်ကိုတော့ မသိပါ။ ကျွန်တော်ကိုယ်တိုင်သည်ပင် ----ရင်ခုန်နေမိပါတော့သည်။     ။
-
မောင်လတ်(ကမ်းရိုးတန်း)
#မြ၀တီနေ့စဉ်သတင်းစာ

မှတ်ဖွယ်မှတ်ရာ ထိုထိုစာကို ရှာ၍မပြတ် အိမ်တွင်ဖတ်


အင်းဝခေတ်စာဆိုတော် ရှင်မဟာရဋ္ဌသာရက လူတိုင်းစာဖတ်ကြရန် မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်ဟူ၍ လမ်းညွှန်ထားပြီး စာပေဖတ်ခြင်းအားဖြင့် ရရှိနိုင်သောကောင်းကျိုးကို ထောက်ပြရာ၌ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက ထူးခြားလိမ္မာ၊ ရှိသည်သာတည်းဟု ဖော်ပြထားသည်။
-
လူအမျိုးမျိုးစိတ်အထွေထွေရှိကြလေရာ လူတစ်ကိုယ်ဝါသနာ တစ်မျိုးစီရှိသည့်အနက် လူတို့လောကနှင့် သက်ရှိသက်မဲ့တို့သဘာဝကို သရုပ်ဖော်ထားသော စာပေကို ဖတ်ရှုခြင်းဖြင့် အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ပိုင်းခြားဝေဖန်နိုင်သည့် အသိဉာဏ် ပို၍တိုးပွားစေနိုင်သည်ကို ရည်ညွှန်း၍ စာဆိုတော် ရှင်မဟာရဋ္ဌသာရက အထက်ပါအတိုင်း ညွှန်းဆိုခဲ့ခြင်းဖြစ်သည်။ စာပေဟူသည် လူတို့၏အတွေးအမြင်မှ ထွက်ပေါ်လာသော စကားသံတို့ကို အက္ခရာသင်္ကေတဖြင့် မှတ်တမ်းတင်ထားသော အရာဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာပေါင်း ၈၄ဝဝဝ ကို  မပျောက်မပျက် မတိမ်းစောင်းစေခြင်းငှာ တပည့်သားသံဃာတော် အရှင်မြတ်တို့က ပေထက်အက္ခရာတင်၍ ထိန်းသိမ်းစောင့်ရှောက် လာကြခြင်းကြောင့် ယနေ့ခေတ်တွင် စာအုပ်အဖြစ်ဖြင့် လည်းကောင်း၊ ခေတ်မီနည်းပညာဖြင့် လည်းကောင်း နာယူမှတ်သား ကျင့်ကြံပွားများနိုင်ကြသည်။
-
ထို့ပြင် ခေတ်အဆက်ဆက် သိပ္ပံပညာရှင်တို့၏ တီထွင်ဆန်းသစ်မှုများ၊ အတွေးအခေါ် ပညာရှင်များနှင့် စာပေပညာရှင် အတွေးအခေါ် အယူအဆ အသိပညာပေး လမ်းညွှန်မှုများကိုလည်း စာအုပ်စာပေများတွင်သာမက ခေတ်မီနည်းပညာများဖြင့်ပါ လေ့လာမှတ်သား၍ လက်တွေ့ဘဝတွင် လူ့အဖွဲ့အစည်း ကောင်းကျိုးချမ်းသာ ရရှိအောင် ဆောင်ကြဉ်းနိုင်ကြသည်။
-
စာအုပ်စာပေလူ့မိတ်ဆွေဟု ဆိုထားကြသည့်အားလျော်စွာ စာတတ်သူတိုင်း စာဖတ်နိုင်ရန် စာကြည့်တိုက်များ တည်ထောင်၍ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးကို နိုင်ငံတိုင်းတွင် ကြိုးပမ်းဖော်ဆောင်လျက် ရှိကြရာ မြန်မာနိုင်ငံစာကြည့်တိုက် အသင်း၏ ဆဋ္ဌမအကြိမ်မြောက် အထွေထွေညီလာခံကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ အောက်တိုဘာ ၂၇ ရက်က ကျင်းပပြီး ဆဋ္ဌမသက်တမ်း (၂ဝ၁၉-၂ဝ၂၂)အတွက် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ကြသည်။ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၏ ရည်ရွယ်ချက်များမှာ နိုင်ငံတော်ဖွံ့ဖြိုးရေး အတွက် အဘက်ဘက်မှ ဆောင်ရွက်ကြရာတွင် စာကြည့်တိုက် ပညာရှင်များနှင့် စာကြည့်တိုက်မှူးများ၏ စုပေါင်းစွမ်းအားဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ရန်၊ စာကြည့်တိုက်ပညာရှင်များနှင့် စာကြည့်တိုက်မှူးများ အချင်းချင်းပူးပေါင်း၍ စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်ဖြစ်သည်။ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၏ ရည်ရွယ်ချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ပျော်ပြီး စာဖတ်သည့် အလေ့ အထကောင်းများ ထွန်းကားလာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၌ အခြေခံပညာကျောင်း ခုနစ်ကျောင်း၊ မန္တလေးတိုင်း ဒေသကြီး၌ အခြေခံပညာကျောင်း ၁ဝ ကျောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၌ အခြေခံပညာကျောင်း သုံးကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၂ဝ ၌ စာကြည့်တိုက်များ ထူထောင်ပေးခြင်းနှင့် ယခင်စီမံကိန်းဝင် ကျောင်းစာကြည့်တိုက် ၃ဝ ခုကိုလည်း ပံ့ပိုးကူညီပေးလျက် ရှိကြောင်း သိရသည်။
-
ယနေ့ခေတ်တွင် နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းကြောင့် အီလက်ထရွန်နစ် စာကြည့်တိုက်များ ထွန်းကားလျက်ရှိရာ ကမ္ဘာ့နိုင်ငံကြီးများရှိ စာကြည့်တိုက်ကြီးများမှ စာအုပ်စာပေများကိုပါ အိမ်မှာနေရင်း ရှာဖွေဖတ်ရှုမှတ်သားနိုင်ကြပြီဖြစ်သည်။ စာဖတ်ဝါသနာပါခြင်းသည် ဆရာကောင်းတို့ထံမှ သင်ယူရခြင်းနှင့် တူသည်ဟူ၍ လည်းကောင်း၊ မိတ်ဆွေကောင်းကို ပေါင်းဖော်ရခြင်းနှင့် တူသည်ဟူ၍လည်းကောင်း အသီးသီး ညွှန်ပြထားကြခြင်းကြောင့် ဆရာကောင်းတပည့် ပန်းကောင်းပန်ကြရစေရန်နှင့် မိတ်ဆွေကောင်းတို့ အကူအညီရကြစေရန် စာတတ်သူတိုင်း စာဖတ်သည့်အလေ့အထ ရှိကြရမည်ဖြစ်သည်။ မိတ်ဆွေကောင်းကို ရှာရန်ခက်သော်လည်း စာအုပ်စာပေကောင်းကို ရှာရန်လွယ်ကူသည်မှာ အားလုံးသိကြပြီးဖြစ်သည်။ လူတစ်ဦးချင်းစီမှ စ၍ မိသားစုအလယ် လူ့အဖွဲ့အစည်းအဆုံး တိုးတက်မှုကို စာအုပ်စာပေမှ တစ်ဆင့်ရရှိနိုင်သောကြောင့် စာအုပ်စာပေ လူ့မိတ်ဆွေဟု ဆိုထားခြင်းဖြစ်သည်။
-
ထို့ကြောင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးကို နိုင်ငံတော်အစိုးရနှင့် လူမှုအဖွဲ့အစည်းများက ကြိုးပမ်းနေကြရာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အားဖြည့်ပေးကြရန် လိုအပ်သကဲ့သို့ စာတတ်သူတိုင်း စာဖတ်သည့် အလေ့အထကောင်း ရှိကြရန်လိုသည်။ သို့ဖြစ်၍  နိုင်ငံတော်တိုးတက်ရေးအတွက်  နိုင်ငံသားများ အနေဖြင့် မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။      ။
-
#မြ၀တီနေ့စဉ်သတင်းစာ

(၉) ကြိမ်မြောက် ဂျပန်ဖလား ကရာတေးပြိုင်ပွဲကျင်းပ

(၉) ကြိမ်မြောက် ဂျပန်ဖလား ကရာတေးပြိုင်ပွဲကျင်းပ
ရန်ကုန်  အောက်တိုဘာ ၂၉
-
ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၉)ကြိမ်မြောက် ဂျပန်ဖလား ကရာတေး ပြိုင် ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
-
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Ichiro Maruyama က အဖွင့်အမှာ စကား ပြောကြား ပြီး မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဝင်းဇော်က ကျေးဇူးတင် စကားပြောကြားသည်။ 
-
ထို့နောက် ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ပြိုင်ပွဲဝင်အသင်းများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ကြပြီး ကရာတေးကစား သမားများက ကရာတေး အခြေခံ၊  ပြိုင်ပွဲဝင်ပုံစံနှင့်  ကိုယ်ခံပညာ အသွင်တို့ကို သရုပ်ပြ ကစားကာ ပထမနေ့ ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်ခဲ့ကြသည်။
-
''အရင်က တံခွန်စိုက်ပြိုင်ပွဲကို တစ်နှစ်မှ တစ်ကြိမ် ကျင်းပတာပါ။  အခု သုံးကြိမ်ဖြစ် လာတယ်။ အခုကျင်းပတဲ့ ဂျပန် ဖလားပွဲဆို လည်းတံခွန်စိုက်၊ ပြီးရင် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆိုပြီး ဇွန်လမှာ တစ်ကြိမ် ထပ်မံကျင်းပတယ်။ အဲဒါလည်း တံခွန်စိုက်ပါပဲ။ ပြီးရင် ဒီဇင်ဘာ ဒါမှမဟုတ် ၂ဝ၁၉ ခုနှစ်  ဇန်နဝါရီလမှာ နည်းပြဆရာ တာကူရားမား ကပ်ကို ဂုဏ်ပြု တဲ့ပွဲ အဲဒါလည်းတံခွန်စိုက်ပါပဲ။   တံခွန်စိုက် ပွဲသုံးပွဲဖြစ်တဲ့အတွက်  ၁၂ နှစ်ကလေးတွေ၊ ၁၄ နှစ်က လေးတွေ ဒီမှာပြိုင်ခွင့် ရကြတယ်။  ဒါကြောင့်  ကရာတေးက ပိုပြီးတော့တိုးတက် လာတယ်။ ကစားတဲ့ ဦးရေကလည်း ပိုများ လာပါတယ်''ဟု မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်မိုး ကပြောသည်။
-
(၉)ကြိမ်မြောက် ဂျပန်ဖလား ကရာတေး ပြိုင်ပွဲတွင် စီနီယာတန်းဖြစ်သည့် အသက် ၁၈ နှစ်အထက်ပြိုင်ပွဲ၊   ဂျူနီယာ တန်းဖြစ် သည့် အသက် ၁၈ နှစ်နှင့် ၁၆ နှစ်ကြား၊ အသက် ၁၆ နှစ်နှင့် ၁၄ နှစ်ကြား၊ အသက် ၁၄ နှစ်နှင့် ၁၂ နှစ်ကြား၊ အသက် ၁၂ နှစ်နှင့်  ၁ဝ နှစ်ကြားအတန်းများ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် အင်အားအနေဖြင့် အမျိုးသား ၂၂၄  ဦးနှင့် အမျိုးသမီး ၁၁၁ဦး ပါဝင် မည်ဖြစ်ကာ အသင်း ၃၁သင်း ပါဝင်ကြောင်း သိရသည်။
-
ဝန်းရံခ 
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger