www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 16, 2010

Katy Rose


၁၉၈၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်မှာမှ မွေးတာဆိုတော့ အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။ နာမည် အပြည့်အစုံက ကက်သရင်း ရို့စ်မေရီဘူးလက် Kathryn Rosemary Bullard ပါ။ ဒါပေမဲ့ အဆိုတော်အဖြစ်နဲ့ ထင်ရှားတဲ့ နာမည်ကတော့ ကေတီရို့ Katy Rose ပါပဲ။ မွေးရပ်က အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ရီဒွန်ဒိုဘိခ်ျ မှာပါ။


အဆိုတော်၊ သီချင်းရေးဆရာမ၊ ဓာတ်ပြားထုတ်လုပ်သူ၊ ဂီတပညာရှင်၊ ရုပ်ရှင်မင်းသမီး။ သူမရဲ့ အသက် ၂၃ နှစ်နဲ့တွက်ရင် ဂီတကဝေ အနုပညာတစ္ဆေမလေးပဲ။ ကေတီရို့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်က Because I Can ပါ။ ၂၀၀၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်မှာ ကျရောက်တဲ့ ကေတီရို့ရဲ့ ၁၇ နှစ်မြောက် မွေးနေ့မှာ ဖြန့်ချိခဲ့တဲ့ Because I Can အခွေမှာ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်း Overdrive နဲ့ I Like တို့ ပါဝင်ခဲ့ပါတယ်။ ကေတီရို့ဟာ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင် သီချင်းတွေလည်း ရေးသား သီဆိုခဲ့တယ်။ အဲဒီသီချင်းတွေ ကတော့ Mean Girls နဲ့ Thirteen ဇာတ်ကားတို့ထဲက ဖြစ်ပါတယ်။ ပထမဆုံး သီချင်းအယ်လ်ဘမ်ဟာ V2 Records အဖွဲ့နဲ့ သီဆိုခဲ့တာ ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ အဲဒီအဖွဲ့နဲ့ လမ်းခွဲခဲ့ပြီး Candy Eyed ဆိုတဲ့ သီချင်းခွေကို ၂၀၀၇ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဖြန့်ချိနိုင်ခဲ့တယ်။ အဲဒီ ဒုတိယခွေကို Rive Jones Music နဲ့ ထုတ်လုပ်တာ ဖြစ်ပြီး တတိယခွေဖြစ်တဲ့ Tangled But True အခွေကို ဂျပန် လူမျိုးတစ်ယောက်ရဲ့ ဓာတ်ပြားတိုက်ကနေ ၂၀၀၈ ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိဖို့ ရည်ရွယ်ခဲ့ပေမယ့် မထုတ်ဖြစ်ခဲ့ဘူး။ ၂၀၀၃ ခုနှစ်မှာ ဒရမ်မာကား Thirteen အတွက် Lemon သီချင်းကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆို ခဲ့တယ်။ Overdrive သီချင်းကတော့ ၂၀၀၄ ခုနှစ်မှာ ဟာသရုပ်ရှင် Mean Girls အတွက် ကိုယ်တိုင်ရေးစပ် သီဆိုခဲ့တယ်။



ကေတီရို့ကို ကယ်လီဖိုးနီးယား ပြည်နယ်၊ ရီဒွန်ဒိုဘိခ်ျ မှာ မွေးခဲ့ပေမယ့် ကလေးဘ၀ကိုတော့ အဲဒီပြည်နယ် တာစံနာ မှာ ကြီးပြင်းခဲ့တယ်။ ကီးဘုတ်ဆရာ ကင်ဘူလတ် Kim Bullard ရဲ့ သမီးဖြစ်တဲ့ ကေတီရို့ဟာ သူမအဖေနဲ့အတူ အမေရိကန်တလွှား လျှောက်သွားနေခဲ့ရတဲ့ အတွက် ကေတီရို့မှာ ငယ်ငယ်ကတည်းက ဂီတပိုး ကိန်းအောင်းနေခဲ့တယ်။

ကေတီရို့ဟာ သူမသီဆိုခဲ့တဲ့ ပထမဆုံး အယ်လ်ဘမ် Because I Can ထဲက သီချင်းတွေကို သူမကိုယ်တိုင် ၁၃ နှစ်နဲ့ ၁၅ နှစ်ကြားမှာ ရေးသားခဲ့တာ ဖြစ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပါတီပွဲတွေ တက်ခဲ့ရ၊ သီချင်းတွေ သီဆိုဖျော်ဖြေခဲ့ရတဲ့ ကေတီရို့ဟာ ဆယ်ကျော်သက် ဘ၀မှာပဲ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဖြစ်ခဲ့ရတယ်။ အောင်မြင်မှုတွေ စိတ်ဓာတ်ကျဆင်းမှုတွေ၊ စွဲလမ်းမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်မှုတွေ ရေသမမွှေခဲ့ရတဲ့ ကေတီရို့ရဲ့ ငယ်ဘ၀ပါ။ သူမရဲ့ နောက်ကျောမှာ ချိုးငှက်တစ်ကောင်ပုံ ဆေးမင်ကြောင် ထိုးထားပါတယ်။


၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလမှာ စေ့စပ်ခဲ့တဲ့ ကေတီရို့ဟာ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက် (သူမ အသက် ၂၁ နှစ်အရွယ်)မှာ ဓာတ်ပုံဆရာ၊ အနုပညာရှင်၊ ရုပ်ရှင် ထုတ်လုပ်သူ ယာရစ်စပွန်ကို Yariv Sponko နဲ့ လက်ထပ်ခဲ့တယ်။

ကေတီရို့ရဲ့ တစ်ကိုယ်တော် Overdrive နဲ့ I Like သီချင်းတို့ဟာ ဂျပန်၊ တောင်အာဖရိကနဲ့ ပြင်သစ်တို့ထိ သာမက အင်္ဂလန်ထိပါ လွှင့်ပျံ့အောင်မြင် ခဲ့တယ်။ ဒုတိယ အခွေ Candy Eyed ကလည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ်။ တတိယအခွေသာ ကတိပေးထားတဲ့ ၂၀၀၈ အစား ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး စတုတ္ထအခွေက ဂီတထုတ်လုပ်ရေးမှူး ဂျက်စတင်ဂရေး နဲ့ ၂၀၀၉ ခုနှစ်မှာ ထုတ်ခဲ့တယ်။ အချိန်တို အတွင်းမှာ ငယ်ငယ်ရွယ်ရွယ် အောင်မြင်မှု လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီ ဖြစ်တဲ့ ကေတီရို့ရဲ့ နှင်းဆီရနံ့ တေးသံလေးတွေ ကမ္ဘာမြေပြင်တစ်ဝန်းမှာ အံ့မခန်း လွှင့်ပျံ့ လို့လာနေပါပြီ ။ ။


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger