www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label မဟာမဲခေါင်ဒေသ. Show all posts
Showing posts with label မဟာမဲခေါင်ဒေသ. Show all posts

Wednesday, February 1, 2017

မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တည်ဆောက်မှု မတ်လတွင် ရာနှုန်းပြည့် ပြီးစီးမည်



နေပြည်တော် ၊ ၁-၂-၂၀၁၇

နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် တည်ဆောက်လျက် ရှိသော မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားသည် မတ်လအတွင်း ရာနှုန်းပြည့် ပြီးစီးတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အမှတ်(၂) ချစ်ကြည်ရေး တံတား တည်ဆောက်မှု ပြီးစီးပါက နှစ်နိုင်ငံတံတား ချိတ်ဆက်ပွဲ အခမ်းအနားကို မတ် ၂၅ ရက်တွင် ကျင်းပနိုင်ရန် ပြင်ဆင် ထားကြောင်း၊ ယင်းတံတား ဖွင့်လှစ်နိုင်ပါက မြန်မာ-ထိုင်း- လာအို- ဗီယက်နမ် နိုင်ငံတို့ကိုပါ ချိတ်ဆက် ပေးနိုင်မည် ဖြစ်ပြီး အရှေ့အနောက် စီးပွားရေးစင်္ကြံ၌ တည်ရှိ သောကြောင့် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့၏ အကျိုးစီးပွား သာမက မဟာမဲခေါင် ဒေသကြီး တစ်ခုလုံး အတွက်လည်း များစွာ အကျိုးဖြစ်ထွန်း လာစေမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တံတား တည်ဆောက်ရေး စီမံကိန်း အတွင်း ပါဝင်သော မြန်မာနိုင်ငံဘက်မှ မြေယာများအတွက် မြေပိုင်ရှင် ၇၁ ဦးအား စုစုပေါင်းငွေကျပ် ၃၅၂၆ သန်းကို နိုင်ငံတော် အစိုးရက ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်း တံတားသည် အာဆီယံ ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော ထိုင်းနိုင်ငံ၏ အနောက်တောင် ဘက် မဲဆောက်မြို့နယ် ရှိ စီးပွားရေး တံခါးပေါက် ဖြစ်သော ဘန့်ဝမ်တခင်းရမ်း စီရင်စု (ဝါးစကင်း) အမှတ်(၇) ရပ်ကွက်နှင့် မြန်မာနိုင်ငံ မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ရေပူကျေးရွာ တို့ကို ရေလယ်တိုင် မပါဘဲ ပေါင်းကူးမည့် တံတားအမျိုးအစား ဖြစ်သည်။ တံတားအရှည် သည် ချဉ်းကပ်လမ်း အပါအဝင် ၂၁ ဒသမ ၄ဝ ကီလိုမီတာ ရှည်လျားပြီး မြန်မာနိုင်ငံ ဘက်ကမ်းတွင် ချဉ်းကပ်လမ်း ၄ ဒသမ ၁၄ ကီလိုမီတာ ၊ ထိုင်းနိုင်ငံဘက်ကမ်းချဉ်းကပ်လမ်း သည် ၁၇ ဒသမ ၂၆ ကီလိုမီတာ ရှိကာ လေးလမ်းသွား တံတားဖြစ်ပြီး တံတားလမ်း အကျယ်သည် ၁၇ မီတာ ရှိသည်။

ယင်းတံတားကို ၂ဝ၁၅ ခုနှစ် သြဂုတ် ၃ဝ ရက်တွင် စတင်တည်ဆောက် လျက်ရှိပြီး မြန်မာနိုင်ငံ ဘက်ကမ်း တည်ဆောက်ရေး ဧရိယာအတွင်း ပါဝင်သော မြေယာ နစ်နာကြေး များကို ၂ဝ၁၆ ခုနှစ် မတ် ၄ ရက်တွင် ငွေကျပ်သိန်း ၁၁ဝဝ ကိုလည်းကောင်း၊ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ငွေကျပ် သိန်း ၁ဝဝဝဝ ကိုလည်းကောင်း၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ငွေကျပ် ၂ ဒသမ ၆၄ သန်း ပေးအပ် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊စာ (၆)

Wednesday, September 14, 2016

မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာ ၂၀၁၆-၂၀၂၅ တွင် မဟာဗျူဟာငါးရပ် ထည့်သွင်း လုပ်ဆောင်သွားမည်



နေပြည်တော် ၊ ၁၄-၉-၂၀၁၆

မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာ ၂ဝ၁၆-၂ဝ၂၅ တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် မဟာဗျူဟာ ငါးရပ်ထည့်သွင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

''ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့မှာ ကျင်းပခဲ့တဲ့ မဟာဗျူဟာ ဦးစားပေး အစီအစဉ် နှင့် မဟာမဲခေါင် ခရီးသွား လုပ်ငန်းဖိုရမ် ၂ဝ၁၆ မှာ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။ လက်ရှိမှာ အဖွဲ့ဝင်နိုင်ငံ များကလည်း ခရီးသွား လုပ်ငန်းတွင် ဆောင်ရွက်သူ အားလုံး ပါဝင်ဆွေးနွေး နိုင်ဖို့ နိုင်ငံအလိုက် ညှိနှိုင်း ဆွေးနွေးပွဲတွေ လုပ်ဆောင် နေပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် က ပြောသည်။

အဆိုပါ မဟာဗျူဟာ ၂ဝ၁၆-၂ဝ၂၅ တွင် ထည့်သွင်း ရေးဆွဲမည့် မဟာဗျူဟာ ငါးရပ်တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွားလုပ်ငန်း အခြေခံ အဆောက်အအုံ မြှင့်တင်ရေး၊ တာဝန်သိ ခရီးသွား လုပ်ငန်း နှင့် ဝန်ဆောင်မှု ဖွံ့ဖြိုး တိုးတက်ရေး၊ ဈေးကွက် မြှင့်တင်ရေး အစီအစဉ်များ အကောင် အထည်ဖော်ရေးနှင့် ဒေသတွင်း ဆက်သွယ် သွားလာမှု လွယ်ကူ အဆင်ပြေစေရေး စသည့်အချက် များကို ထည့်သွင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဟာမဲခေါင် ဒေသခွဲ၏ လာမည့် ၁ဝ နှစ်တာ ကာလအတွင်း ဖွံ့ဖြိုး တိုးတက်ရန် အကောင်အထည် ဖော်ရာတွင် လမ်းပြမြေပုံ အဖြစ်  ရပ်တည်မည့် မဟာမဲခေါင် ဒေသခွဲ မဟာဗျူဟာ ၂ဝ၁၆-၂ဝ၂၅ ရေးဆွဲရာတွင် ဌာနဆိုင်ရာ ကိုယ်စားလှယ် များမှ ဝေဖန် အကြံပြုပေး စေလိုကြောင်း သိရသည်။ 

မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့ပါဝင်သည့် မဟာမဲခေါင် ဒေသအတွင်း လူ့စွမ်းအား အရင်းအမြစ်များ အပြင် လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး လုပ်ငန်းများ အနေဖြင့် နိုင်ငံတကာ စာချုပ်စာတမ်း များတွင် ဖော်ပြပါရှိသည့် ကျေးကျွန်ပြုမှု ပုံစံအားလုံးကို တိုက်ဖျက်မည့် ကတိကဝတ်ကို ခိုင်မာစေခြင်း၊ လူကုန်ကူးမှုနှင့် သက်ဆိုင်သည့် နိုင်ငံတကာ စာချုပ်စာတမ်း များ၏ အရေးကြီးမှုကို အသိအမှတ် ပြုခြင်း၊ လူ့စွမ်းအား တိုးတက်စေခြင်း၊ လူကုန်ကူး ခံရသူနှင့် လူကုန်ကူးခံ ရနိုင်ဖွယ်ရှိသူ များအား ကာကွယ်ပေးခြင်း အစရှိသည် တို့ကို လူကုန်ကူးခြင်း နှင့် ဆက်စပ်သည့် အန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်ရေး အတွက်  လည်းကောင်း၊ မဟာမဲခေါင် ဒေသခွဲ အတွင်းရှိ နိုင်ငံများအကြား တွင် လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ ကြားတွင် သော်လည်းကောင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, January 28, 2016

တရုတ် လာအို မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ၂၀၁၆ ခုနှစ်တွင် မဲခေါင်မြစ်အတွင်း ပထမဆုံးပူးတွဲကင်းလှည့်ခြင်း ကို ဇန်န၀ါရီ ၂၆ ရက်နံနက်ပိုင်းမှ စတင်



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ၂ဝ၁၆ ခုနှစ်တွင် မဲခေါင်မြစ် အတွင်း ပထမဆုံး ပူးတွဲ ကင်းလှည့်ခြင်းကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းမှ စတင်ခဲ့ပြီး ပြစ်မှုဆိုင်ရာ မှုခင်း လှုပ်ရှားမှု များအား စောင့်ကြည့်စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ လေးရက်ကြာ ကင်းလှည့်ခြင်း အစီအစဉ်တွင် တရုတ်နိုင်ငံမှ သင်္ဘော ငါးစင်းနှင့် လာအိုနိုင်ငံမှ သင်္ဘောသုံးစင်း စုစုပေါင်း သင်္ဘော ရှစ်စင်း ပါဝင်မည်ဖြစ်ပြီး ကင်းလှည့် သင်္ဘောများသည် တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ် ရှီရွှမ်းဘန်နာ (Xishuangbanna) ရှိ ကွမ်းလဲ့ ဆိပ်ကမ်းမှ နံနက် ၈ နာရီတွင် ထွက်ခွာခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်တွင် မဲခေါင်မြစ် အတွင်း ပထမဆုံး ပူးတွဲကင်းလှည့်ခြင်း အစီအစဉ်တွင် ရွှေတြိဂံဒေသ၌ မူးယစ်ဆေးဝါး၊ လက်နက် နှင့် လူမှောင်ခိုကူးခြင်း စသည့်မှုခင်း များအား ကာကွယ်သွားရန် နိုင်ငံ လေးနိုင်ငံမှ ဥပဒေရေးရာ ဝန်ထမ်းများလည်း အဆိုပါ သင်္ဘောများနှင့် အတူ လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ထိုင်းနိုင်ငံ ရေပိုင်နက် အတွင်း ကုန်တင်သင်္ဘော နှစ်စင်း ပြန်ပေးဆွဲ ခံရခြင်းနှင့် တရုတ် သင်္ဘောသား ၁၃ ဦး အသတ်ခံရ ပြီးနောက် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ မှစပြီး မဲခေါင်မြစ် အတွင်း ပူးတွဲ ကင်းလှည့်ခြင်း အစီအစဉ်ကို စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

Wednesday, January 27, 2016

Four Mekong countries start river patrols


Mekong River

Yangon January 27

Chinese and Lao ships started guarding Mekong waters on 26 of this month in their first round of joint patrols for the year 2016 in which Myanmar and Thailand are other participants.

Lawmen from four countries – Myanmar, China, Laos and Thailand -- sharing the Mekong basin will do the job of securing Mekong river passage and curbing crimes such as human trafficking, gunrunning and drug smuggling that are frequent in the Golden Triangle region where the remote part of river flows through.

The first round of patrol ships left Guanlei Port in Xishuangbanna autonomous prefecture in the southwest Yunnan Province in China at 8 am. The four-day patrol includes eight river-guard ships -- five Chinese ships and three Lao ships.

Since 2011 joint river guarding force has been launched for 42 rounds. The joint patrol program started in December that year in taking safety measures as fears rose after a gang hijacked two cargo ships in Thai waters two months earlier in which 13 Chinese sailors were killed.

The Myawady Daily

Thursday, December 17, 2015

မဲခေါင်ဒေသအတွင်း ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသွားလာမှု နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူစေရန် ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၇-၁၂-၂၀၁၅

မြန်မာနိုင်ငံမှ မဲခေါင်ဒေသ  အတွင်း ကုန်စည် ပို့ဆောင်မှုနှင့် ခရီးသွားလာမှု နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှု လွယ်ကူစေရန် မူဘောင် သဘောတူညီချက်  စာချုပ် (CBTA) အပြင် နောက်ဆက်တွဲ အခြေပြ စာချုပ်ငယ် ၂ဝ ကို လက်ခံ အတည်ပြုပြီး ဖြစ်သောကြောင့် International Operator Licence ထုတ်ပေးရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

''ဆင်းရဲမှုကို လျှော့ချဖို့ အတွက် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ ကို တိုးမြှင့်ဆောင်ရွက်ဖို့ စာချုပ်ဝင်နိုင်ငံ အချင်းချင်းကြားမှာ ခရီးသည် တွေနဲ့ ကုန်ပစ္စည်းတွေ နယ်စပ်ဖြတ် ကျော်မှု လွယ်ကူစေဖို့၊ သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာဥပဒေ၊ စည်းမျဉ်းနဲ့ နည်းစနစ် သတ်မှတ်ပြဋ္ဌာန်း ချက်တွေကို တညီတညွတ်တည်း ဖြစ်စေဖို့ ရည်ရွယ်ပြီး International Operator Licence အသုံးပြုနိုင်မယ့် Chip ပါဝင်တဲ့ Smart Card တွေပြောင်းလဲ ထုတ်ပေးသွားဖို့ ရှိပါတယ်'' ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကိုကို က ပြောသည်။

ထို့ပြင် Chip Smart Card ကိုင်ဆောင်သူများ အနေဖြင့် တစ်ဦးချင်းစီ၏ အချက်အလက် များကို Digital နည်းဖြင့် လုံခြုံစိတ်ချစွာ ထည့်သွင်းနိုင်ခြင်း၊ အချက်အလက် များကို Coding System ဖြင့် ထိန်းသိမ်းထားသည့် အတွက် ကူးယူခြင်းနှင့် အတုအပ ပြုလုပ်ခြင်းမျိုးများ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း၊ ကတ် ကိုင်ဆောင်သူ၏ ယာဉ်စည်းကမ်း ချိုးဖောက်မှု ပြစ်မှုမှတ်တမ်း နှင့် ကိုယ်ရေး အချက်အလက် များကိုလည်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ မိုဘိုင်းလ်ဖုန်း ဖြင့် အလွယ်တကူ စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Chip Smart Card ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ International Operator Licence အသုံးပြု မောင်းနှင်မည့် ယာဉ်မောင်းများအား ဦးစားပေး ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ဧပြီလမှ စတင်၍ လိုင်စင်အသစ် ပြုလုပ်သူများနှင့် လဲလှယ်သူများ ကိုပါ ထုတ်ပေးသွားမည် ဖြစ်ပြီး မူလဈေးနှုန်း အတိုင်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, August 27, 2015

မြန်မာနိုင်ငံအပါအ၀င် မဲခေါင်ဒေသခွဲ နိုင်ငံများအတွက် မီးခိုးမြူငွေ့ဆိုင်ရာ ပြဿနာ တရားမ၀င် သစ်ခိုးထုတ်ခြင်း နှင့် တောရိုင်း တိရစ္ဆာန်များ ရောင်းဝယ် ဖောက်ကားခြင်းတို့သည် စိန်ခေါ်မှုဖြစ်လာ



ရန်ကုန် ၊ ၂၇-၈-၂၀၁၅

မြန်မာနိုင်ငံ အပါအဝင် မဲခေါင်ဒေသခွဲ နိုင်ငံများအတွက် မီးခိုးမြူငွေ့ ဆိုင်ရာ ပြဿနာ၊ တရားမဝင် သစ်ခိုးထုတ်ခြင်း နှင့် တောရိုင်း တိရစ္ဆာန်များ ရောင်းဝယ် ဖောက်ကားခြင်း တို့သည် စိန်ခေါ်မှုများ ဖြစ်လာကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင် များနှင့် လေ့လာသူ များက ပြောသည်။

အဆိုပါ စိန်ခေါ်မှုများကို ဒေသအဆင့်၊ ဒေသခွဲဆိုင်ရာ အဆင့် သတ်မှတ်ကာ ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုင်ရာ နည်းလမ်း တစ်ရပ်နှင့် ဖြေရှင်း ဆောင်ရွက်သွားရန် ရှိကြောင်း ပတ်ဝန်းကျင်  ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန မှ သိရသည်။ 

မြန်မာနိုင်ငံ အနေဖြင့် တခြား ဒေသတွင်း နိုင်ငံများ ကဲ့သို့ပင် သစ်တော ပြုန်းတီးခြင်း၊ တောမီး လောင်ကျွမ်းခြင်း၊ မြေထု အရည်အသွေး ကျဆင်းခြင်း၊ စွန့်ပစ်ပစ္စည်း အစိုင်အခဲများ စုပုံခြင်း၊ လေထု ညစ်ညမ်းခြင်း နှင့် ရေထု ညစ်ညမ်းခြင်း စသည့် ပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့ နေရပြီး တောမီး လောင်ကျွမ်းခြင်း၊ တောင်ယာ ချဲ့ထွင် စိုက်ပျိုးရန် အတွက် တောမီးရှို့ခြင်း နှင့် တခြားသော မတော်တဆ မီးလောင်ကျွမ်းခြင်း စသည် တို့ကြောင့် တခြားသော နိုင်ငံများ ကဲ့သို့ မီးခိုးမြူငွေ့ ဖြစ်ပေါ် နေကြောင်း အဆိုပါ လေ့လာသူ များက ပြောသည်။ လတ်တလော တွင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံ မဲခေါင်ဒေသခွဲ နိုင်ငံများ ဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံ တို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ဆိုင်ရာ ညစ်ညမ်းမှု သည် သိသာစွာ ဖြစ်ပေါ် လာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန မှ သိရသည်။

ထို့ကြောင့် တောမီး လောင်ကျွမ်းမှုများ လျှော့ချနိုင်ရေး အတွက် မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အစီအစဉ် ရေးဆွဲ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ယမန်နှစ် အတွင်းက တောမီး လောင်ကျွမ်းမှု ၄ဝဝဝဝ နီးပါး ဖြစ်ပေါ်ခဲ့ သော်လည်း တခြား အိမ်နီးချင်း နိုင်ငံများကဲ့သို့ မီးခိုးမြူငွေ့ ပြဿနာကို စိုးရိမ်ဖွယ် မရှိသေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။ အာဆီယံ မဲခေါင်ဒေသခွဲ နိုင်ငံများအတွင်း ယခုနှစ် ဇန်နဝါရီလ မှ ဇူလိုင်လအထိ တောမီး လောင်ကျွမ်းမှု အကွက်ပေါင်း ၇၆ဝဝဝ ရှိခဲ့ပြီး မြန်မာနိုင်ငံ တွင် ၂ဝ၁၄ ခုနှစ်က တောမီး လောင်ကျွမ်းမှု အကွက်ပေါင်း ၃၉ဝဝဝ အထိ ရှိခဲ့ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

Monday, August 24, 2015

မဲခေါင်ဒေသခွဲ ငါးနိုင်ငံ၏ တောမီးလောင်မှု များတွင် မြန်မာနိုင်ငံမှ မီးလောင်ကွက်ပေါင်း ၂၆၀၀၀ ကျော်ဖြင့် အများဆုံး ဖြစ်ပွားခဲ့



ရန်ကုန် ၊ ၂၄-၈-၂၀၁၅

ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်း စသည့် မဲခေါင်ဒေသခွဲ ငါးနိုင်ငံတွင် ၂ဝ၁၅ ခုနှစ် နှစ်စမှ ဇူလိုင်လ အထိ တောမီး လောင်ကျွမ်းမှု ၇၆ဝဝဝ ကျော် ဖြစ်ပွားခဲ့ရာ အဆိုပါ ငါးနိုင်ငံတွင် မြန်မာနိုင်ငံ က မီးလောင် ကွက်ပေါင်း ၂၆ဝဝဝ ကျော်ဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံတွင် ၁၈ဝဝဝ ကျော် ဖြစ်ပွားခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် မဲခေါင်ဒေသခွဲ ငါးနိုင်ငံတွင် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် က မီးလောင် ကွက်ပေါင်း ၈ဝဝဝဝ ကျော် ဖြစ်ပွားခဲ့ပြီး ၂ဝ၁၇ ခုနှစ်အတွင်း တောမီး လောင်နိုင်သည့် မီးလောင် ကွက်ပေါင်း ၇၅ဝဝဝ အောက် လျှော့ချနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန မှ သိရသည်။

မဲခေါင်ဒေသခွဲ နိုင်ငံများ အတွင်း ၂ဝ၁၇ ခုနှစ်တွင် တောမီး လောင်မှု လောင်ကွက်ပေါင်း ၇၅ဝဝဝ အောက် လျှော့ချ နိုင်ရန်နှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ၅ဝဝဝဝ အောက် လျှော့ချနိုင်ရန် အဓိကထား ဆွေးနွေး ဆောင်ရွက်
သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံ အလိုက် လုပ်ငန်းများ ရေးဆွဲ ဆောင်ရွက် သွားမည် ဖြစ်သည်။

နယ်စပ် ဖြတ်ကျော်မှု ပြဿနာများ ဖြစ်သည့် တောမီး လောင်ခြင်းနှင့် တောမီး လောင်ခြင်းကြောင့် မီးခိုးမြူငွေ့ ပြဿနာများ ဖြေရှင်း ဆောင်ရွက် နိုင်ရန် အချက်အလက် များ ကောက်ယူခြင်း၊ ဒေသခံ ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခြင်း၊ အရည်အသွေး မြှင့်တင် ဆောင်ရွက်ပေးခြင်း တို့ကို အမျိုးသား အဆင့် လုပ်ငန်း စီမံချက်များ ရေးဆွဲကာ ဆောင်ရွက် သွားမည် ဖြစ်သည်။

ထို့အပြင် ကျေးလက်နေ ပြည်သူများ စိုက်ပျိုးမြေ ချဲ့ထွင်ရန် တောမီးရှို့ ခြင်းနှင့် ရွှေ့ပြောင်း တောင်ယာစနစ် ကြောင့် မီးခိုးမြူငွေ့များ အဓိက ဖြစ်ပေါ်စေ၍ ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးခြင်း ကိုလည်း လှေကားထစ် စိုက်ပျိုးခြင်းဖြင့် အစားထိုး စိုက်ပျိုးနိုင်ရန် တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း ၏ ပြောကြားချက် အရ သိရသည်။ 

(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

Wednesday, July 8, 2015

(၇)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး ရလဒ်များ


(၇)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး ရလဒ်များ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် (၇)ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာ လေကြောင်း အထူး လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာရာ နေပြည်တော်သို့ ဇူလိုင် ၆ ရက် ညနေပိုင်းတွင် ပြန်လည် ရောက်ရှိသည်။

မဲခေါင်- ဂျပန် ပူးပေါင်း ဆောင်ရွက်မှု၏ အဓိက ရည်မှန်းချက် များမှာ မဲခေါင်ဒေသ နိုင်ငံများ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် မဲခေါင်ဒေသ အတွင်းရှိ အရှေ့- အနောက် စီးပွားရေး စင်္ကြံလမ်း၊ တောင်ပိုင်း စီးပွားရေး စင်္ကြံလမ်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်တို့ အတွက် Japan-ASEAN Integration Fund (JAIF) အောက်မှ ငွေကြေး ထောက်ပံ့ပေးရေး ဖြစ်သည်။

လူဦးရေ သန်း ၂၄ဝ နီးပါး နေထိုင်လျက် ရှိသော မဲခေါင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အဓိက အစီအစဉ်များမှာ မဲခေါင်မြစ် ကော်မရှင်၊ မဲခေါင်မြစ်ဝှမ်း ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်နှင့် အာဆီယံ- မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တို့ ဖြစ်သည်။

ယခု ကျင်းပခဲ့သော (၇)ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီး အစည်းအဝေး တွင် တိုကျို မဟာဗျူဟာ ၂ဝ၁၅  ကို ချမှတ်နိုင်ခဲ့ပြီး ယင်း မဟာဗျူဟာ ၏ မဏ္ဍိုင် လေးရပ်တွင် ပူးပေါင်း ဆောင်ရွက်မှုများ အဖြစ် စက်မှု အခြေခံ အဆောက်အအုံ များ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ စိမ်းလန်းသော မဲခေါင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် မဲခေါင် ဒေသတွင်း နိုင်ငံများနှင့် သက်ဆိုင်သူများ အကြား ညှိနှိုင်း ဆောင်ရွက်သွားရေးတို့ ပါဝင်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး တို့သည် ဂျပန်- မြန်မာ ထိပ်သီး အစည်းအဝေး၌ ထားဝယ် အထူး စီးပွားရေးဇုန် အတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေဘဲ ကျောက်မီးသွေး သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက် နိုင်ရေး၊ ရန်ကုန်မြို့ပတ် ရထားလမ်း နှင့် ရန်ကုန်- နေပြည်တော်- မန္တလေးလမ်း အဆင့် မြှင့်တင်နိုင်ရေး၊ ရန်ကုန်မြို့တော် အများပြည်သူ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများ တိုးမြှင့်ရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာ ဖြေရှင်းနိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ဟဲခိနန် အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေး အသုံးပြု ဓာတ်အား ထုတ်လုပ်ရေး စက်ရုံသို့ သွားရောက် လေ့လာ ခဲ့သည်။ ထို စက်ရုံသည် နေ့စဉ် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၁ဝဝ ထုတ်လုပ်လျက် ရှိရာ မြန်မာ တစ်နိုင်ငံလုံး တွင် ထုတ်လုပ် ဖြန့်ဖြူး နေသည့် လျှပ်စစ် ဓာတ်အား ပမာဏ၏ နှစ်ဆ နီးပါးရှိပြီး ရန်ကုန်မြို့တော် တွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား ပမာဏ၏ လေးဆနီးပါး ရှိသည်။

စက်ရုံသို့ သွားရောက် လေ့လာစဉ် နိုင်ငံတော် သမ္မတ က ''သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နေသည့် ဂျပန်နိုင်ငံ၏ အတွေ့အကြုံ နှင့် နည်းပညာ များကို မိမိတို့ အသုံးပြု လိုကြောင်း၊ ချူဘူး ကုမ္ပဏီ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ် စေလိုကြောင်း '' ပြောကြား ခဲ့သည်။

နိုင်ငံတော် သမ္မတ သည် (၇)ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက် ခဲ့သည့် ခရီးစဉ်အတွင်း တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ အားကစား ဖွံ့ဖြိုး တိုးတက်ရေး၊ လယ်ယာ ထွက်ကုန်များ ဂျပန် နိုင်ငံသို့ တင်ပို့နိုင်ရေး၊ ဆန်စပါး ထုတ်လုပ်မှု အရည်အသွေး မြှင့်တင်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်း တို့ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသား တို့၏ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုဖြင့် နှစ်နိုင်ငံ ပြည်သူတို့ အတွက် အကျိုးဖြစ်ထွန်း စေမည်ဟု မြဝတီက ယုံကြည်ကြောင်း ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

Thursday, May 28, 2015

မဟာမဲခေါင်ဒေသတွင်း ထူးခြား လှပသည့် မျိုးစိတ်သစ် ၁၃ဝ ကျော်ကို သုတေသနပြု တွေ့ရှိခဲ့


မဟာမဲခေါင်ဒေသတွင် တွေ့ရှိရသည့် အရောင်ပြောင်းလဲ နိုင်သော ဖားမျိုးစိတ် တစ်မျိုးကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၈-၅-၂ဝ၁၅

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ် စသည့် နိုင်ငံတို့ ပါဝင်သော မဟာမဲခေါင် ဒေသတွင်း ထူးခြား လှပသည့် မျိုးစိတ်သစ် ၁၃ဝ ကျော်ကို သုတေသနပြု တွေ့ရှိခဲ့ကြောင်း ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ၏ အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

သုတေသနပြု တွေ့ရှိချက် များတွင် မြန်မာနိုင်ငံမှ ရေပုတ်သင် မျိုးစိတ်သစ် အပါအဝင် ထိတ်လန့်ဖွယ် အစွယ်များနှင့် လင်းနို့တစ်မျိုး၊ အဆိပ်ပြင်း မြွေတစ်မျိုးနှင့် တခြား တိရ စ္ဆာန်၊ အပင်နှင့် အင်းဆက် မျိုးစိတ်သစ် ၁၃၉ မျိုးကို မဟာမဲခေါင် ဒေသအတွင်း တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ယင်း မျိုးစိတ်သစ် များတွင် အပင်မျိုးစိတ် ၉ဝ၊ တွားသွား သတ္တဝါ ၂၃ မျိုး၊ ကုန်းနေ ရေနေ သတ္တဝါ ၁၆ မျိုး၊ ငါး ကိုးမျိုး နှင့် နို့တိုက် သတ္တဝါ တစ်မျိုးတို့ ပါရှိပြီး ယင်းတို့အနက် မျိုးစိတ် အများအပြား သည် စီမံကိန်းများ၊ ဆည်များ တည်ဆောက်ခြင်း၊ ဈေးကွက်အတွင်း ရောင်းဝယ် ဖောက်ကား ခံရခြင်းနှင့် သစ်တော ပြုန်းတီးမှု မြင့်တက် လာခြင်းတို့ကြောင့် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရကြောင်း အဆိုပါ အစီရင်ခံစာ အရ သိရသည်။

''မဟာမဲခေါင် ဒေသရဲ့ သဘာဝ အခြေခံ စနစ်က ကောင်းမွန်ပါတယ်။ ဒါကြောင့် ဒီဒေသကနေ ထူးခြားပြီး လှပတဲ့ မျိုးစိတ်သစ်တွေ မကြာခဏ ပေးစွမ်းနေတာ တွေ့ရတယ်။ ဒါကြောင့်လည်း ဒီဒေသ တစ်လျှောက်မှာ နေထိုင်ကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အနေနဲ့ ဒီမျိုးစိတ် တွေကို အတတ်နိုင်ဆုံး ကာကွယ် သွားဖို့ လိုအပ်ပါတယ်'' ဟု WWF မဟာ မဲခေါင်ဒေသ ၏ တောရိုင်း တိရ စ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး ဒါရိုက်တာ Teak Seng က ပြောသည်။

ယခု တွေ့ရှိခဲ့သည့် မျိုးစိတ်သစ်များ အပါအဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံတို့ ပါဝင်သော မဟာမဲခေါင် ဒေသတွင်း၌ ၁၉၉၇ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း မျိုးစိတ်သစ်ပေါင်း ၂၂၁၆ မျိုးကို ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မှ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger