www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Thursday, April 4, 2019

အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်

အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်
-
ဖလမ်း၊ ပညာရေး ချင်းပြည်နယ် ဖလမ်းမြို့နယ်လုံးဟော့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲကို ဧပြီ ၂ ရက် နံနက်ပိုင်းက အဆိုပါကျောင်း မုခ်ဦးရှေ့၌ ကျင်းပသည်။ ရှေးဦးစွာ လုမ်ဘန်းကျောင်းထိုင် ဆရာတော် ဖာသာမိုက်ကယ်ဇုံကျုံးက အဖွင့် ဆုတောင်းပေးသည်။ 
-
ထို့နောက် လုံးဟော့ အခြေခံပညာ အထက်တန်းကျောင်း မုခ်ဦးအား ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များဖြစ်ကြသော လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုး၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်နှင့် ပြည်နယ် ပညာရေးမှူး ဒေါ်နှင်းကြည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ လုံးဟော့လူငယ်များက တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
-
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီးတို့က အမှာစကား ပြောကြားကြပြီး လုံးဟော့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်မူယာက ကျောင်းသမိုင်း အကျဉ်းချုပ်နှင့် ကျောင်းဆောင် လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။
-
ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်  ပြည်နယ်ဝန်ကြီးများက ကျောင်းအတွက်အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲအထိမ်းအမှတ် အလံများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့  ပြန်လည် ပေးအပ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 22, 2019

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုချိန်တွင် မီးပျက်ပါက အမြန်ဆုံး ဓာတ်အား ပြန်လည်ပေးနိုင်ရန် အစီအစဉ်များ ရေးဆွဲထား

-
ရန်ကုန် ဖေဖော်ဝါရီ ၂၁  
-
၂ဝ၁၉  ခုနှစ်မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ  ဖြေဆိုစဉ်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ မတော်တဆမီးပျက်ပါကအမြန်ဆုံးဓာတ်အား ပြန်လည်ပေးနိုင်စေရန် မြို့နယ်အလိုက်အစီအစဉ်များ ရေးဆွဲထားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESC)တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 
-
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာဖြေဌာန ၂၂၇ ခုသို့ သွယ်တန်းသောလျှပ်စစ်ဓာတ်အားလိုင်းများ၊  ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံများ၏ ကြံ့ခိုင်မှုကို ကြိုတင်လေ့လာစစ်ဆေး၍လိုအပ်ချက်များရှိပါက ပြုပြင်ဆောင်ရွက်လျက်ရှိသည်။ 
-
''အခုကတည်းက မြို့နယ်အလိုက်ဓာတ်အားခွဲရုံတွေရဲ့ အခြေအနေတွေ၊ ဓာတ်အား လိုင်းတွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးနေပါတယ်။အဓိကအားဖြင့်ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အသီးသီးမှာရှိတဲ့စာဖြေဌာန ၂၂၇  ခုကို ဘယ်ဓာတ်အားခွဲရုံကနေ ဓာတ် အားလိုင်း သွယ်တန်းထားတယ်ဆိုတာကအစ အသေးစိတ်အနေနဲ့  စစ်ဆေးထားတယ်။ ဒါ့ပြင် သွယ်တန်းတဲ့ ကြိုးတွေရဲ့အခြေအနေတွေ၊လက်ရှိ ဓာတ်အား ပေးဝေနေတာတွေ၊ ကြံ့ခိုင်မှုအားနည်းတဲ့ပစ္စည်းတွေကိုလဲလှယ်ပြုပြင်တာတွေလုပ်နေတဲ့အပြင် မတော်တဆ မီးပျက်ခဲ့ရင် အရန်အနေနဲ့ အမြန်ဆုံး ဓာတ်အားပေးနိုင်အောင် ရုံးချုပ်ကနေ ကွပ်ကဲမှုတွေလုပ်ဆောင်နေပါတယ်''  ဟု  ၎င်းက ပြောသည်။ 
-
စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း  မတော်တဆမီးပျက်ပါက အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရန့်  YESC  ရုံးချုပ်၏ စီမံမှုဖြင့် မြို့နယ်အလိုက် မြို့နယ်အဆင့်လျှပ်စစ်အရာရှိများကို တာဝန်ချကာ လူအင်အား၊ ပစ္စည်းကိရိယာ အင်အားများဖြင့်အဆင်သင့် ပြင်ဆင်ထားပြီး ပြုပြင်ရမည့် နေရာကိုအမြန်ဆုံး သွားရောက်နိုင်ရန် မော်တော်ယာဉ်ကိုလည်း အသင့်စီစဉ်ထားကြောင်း သိရသည်။ 
-
ထို့ပြင် လျှပ်စစ်ဓာတ်အားပေးဝေနေသည့်ဓာတ်အားခွဲရုံများမှ ပစ္စည်းကိရိယာများ၏ ကြံ့ခိုင်မှု အနေအထားများကို စစ်ဆေးကာလိုအပ်ချက်များရှိပါက ပြင်ဆင်ခြင်း၊ အစားထိုး လဲလှယ်ခြင်းတို့လုပ်ဆောင်နေသည့်အပြင် မြေအောက်ကြိုးလိုင်းများ၊ ကောင်းကင် ဓာတ်အားလိုင်း များနှင့် ထရန်စဖော်မာများကိုလည်း ကြံ့ခိုင်မှု ရှိစေရန် ယခုကပင်  ကြိုတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 14, 2019

၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် ကျောင်းသား ကျောင်းသူများ အနေဖြင့် ယခင်နှစ် မေးခွန်းဟောင်းများကိုလည်း လေ့လာထားရန် လိုအပ်

-
ရန်ကုန်  ဖေဖော်ဝါရီ   ၁၃
-
မတ်လတွင်ကျင်းပမည့်၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ဆေးမည့်  မေးခွန်းပုံစံသစ်သည် ကျောင်းသား၊  ကျောင်းသူများ၏  အရည်အချင်းကို စစ်ဆေး အကဲဖြတ်ခြင်းဖြစ်ပြီး မေးခွန်းဟောင်းများကိုလည်း လေ့လာရန်လိုအပ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ခရိုင်ပညာရေးမှူး ဦးမောင်ကြွယ်ထံမှ သိရသည်။
-
''အခုပြောင်းလဲလိုက်တဲ့တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်က ဓမ္မဓိဋ္ဌာန်မေးခွန်းတွေ မပါဝင်တဲ့ အပြင် ကျောင်းသား၊ ကျောင်းသူတွေအတွက်အလွတ်ကျက်စနစ်မျိုးမဟုတ်ဘဲအတွေးအခေါ်ပိုင်းဆိုင်ရာကို ဖြေဆိုရမယ့် မေးခွန်းဟောင်းပုံစံတွေ ပါဝင်မှာပါ။ အဲဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မေးခွန်းဟောင်းတွေကို ပြန်လည်လေ့လာထားဖို့ လိုအပ်ပါတယ်။ အခုမေးခွန်း ပုံစံသစ်ကကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အချင်းကို စစ်ဆေးအကဲဖြတ်တဲ့ မေးခွန်းပုံစံမျိုးတွေနဲ့ မေးမြန်းမှာဖြစ်တာကြောင့် အရင်မေးခွန်း ပုံစံထက် အနည်းငယ် ခက်ခဲနိုင်ပါတယ်'' ဟု  ဦးမောင်ကြွယ်က ပြောသည်။
-
ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်မေးခွန်းဟောင်းများ အပြင် သင်ရိုးများမှ  သင်ခန်းစာများကို အခန်းလိုက် ရွေးချယ်လေ့ကျင့်၍ မရဘဲ သင်ရိုးအားလုံးကို  လေ့ကျင့်ရမည်ဖြစ်သည်။ မေးခွန်းပုံစံသစ် ပြောင်းလဲလိုက်သည့်အတွက်မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အခက်အခဲများ ရှိနိုင်သည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
-
မြန်မာနိုင်ငံ၌ ပညာရေးမြှင့်တင်မှု အစီအစဉ်အဖြစ် ၂ဝ၁၉  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို မေးခွန်းပုံစံသစ်ဖြင့် ပြောင်းလဲ စစ်ဆေးရန် စီစဉ်ထားပြီး ယင်းကဲ့သို့ ပြောင်းလဲစစ်ဆေးရန် မြန်မာတစ်နိုင်ငံလုံးရှိ  ဆရာ၊ ဆရာမများကိုအသိပညာ ပေးပြီးဖြစ်ကြောင်းသိရသည်။  ၂ဝ၁၉  ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၆ ရက် မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 29, 2019

မိုးညှင်းမြို့၌ ဘီအီးဒီ စာပေးစာယူ သင်တန်းဝင်ခွင့် စာမေးပွဲ ကျင်းပ


မိုးညှင်းမြို့၌ ဘီအီးဒီ စာပေးစာယူ သင်တန်းဝင်ခွင့် စာမေးပွဲ ကျင်းပ
-
မိုးညှင်း ဇန်နဝါရီ ၂၈ 
-
ကချင်ပြည်နယ် ပညာရေးမှူးရုံး (၂ဝ၁၉/၂ဝ၂ဝ) ပညာသင်နှစ် ပညာရေးဘွဲ့ (ဘီအီးဒီ) စာပေးစာယူ နှစ်နှစ်သင်တန်း (ပထမနှစ်) လုပ်သက်တန်းစီ ဝင်ခွင့်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီကမိုးညှင်းခရိုင် မိုးညှင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။ 
-
အဆိုပါ စာမေးပွဲသို့ မိုးညှင်းခရိုင် အတွင်းရှိ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်း မြို့နယ်တို့မှ မူလတန်း ကျောင်းအုပ်ဆရာ/ ဆရာမများ၊ အလယ်တန်းပြဆရာ/ဆရာမများ၊ အထက်တန်းပြဆရာ/ဆရာမများ စုစုပေါင်း ၆၇၂ ဦး ဝင်ရောက် ဖြေဆိုကြသည်။ ''ဘီအီးဒီဘွဲ့စာပေးစာယူ နှစ်နှစ်သင်တန်း တက်ရောက်ခွင့် စာမေးပွဲကို မိုးညှင်းခရိုင် အတွင်းမှာရှိတဲ့ ဆရာ၊ ဆရာမ ၈၆၅ ဦး စာရင်း တင်သွင်းထားပေမယ့် လာရောက် ဖြေဆိုတာ ၆၇၂ ဦးပဲရှိပါတယ်။ ဘာသာရပ် ကိုးခုအတွက် ဖြေဆိုကြတာ ဖြစ်ပြီး ၃ နာရီ မေးခွန်း ဖြစ်ပါတယ်''ဟု ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးက ပြောသည်။ 
-
အဆိုပါ စာမေးပွဲသို့ မိုးညှင်းခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးနှင့် ဝန်ထမ်းများ၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွဲ့နှင့် ပညာရေးဝန်ထမ်းများ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာကြီး ဦးသန့်လွင်စိုးနှင့် ပညာရေး ဝန်ထမ်းများက ကြီးကြပ် ဆောင်ရွက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


Thursday, January 17, 2019

ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲများ ပြုလုပ်

ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲများ ပြုလုပ်
-
နေပြည်တော် ဇန်နဝါရီ ၁၆ 
-
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတို့၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲနှင့်ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ ပြုလုပ်သည်။ 
-
အဆိုပါ ပညာရေးစုံညီပွဲများသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းမှူးက အဖွင့်အမှာစကား ပြောကြား၍ ကျောင်းများအတွက် အလှူငွေများပေး အပ်လှူဒါန်းသည်။ 
-
ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ထူးချွန်ဆုနှင့်ဘက်စုံထူးချွန်ဆုရရှိကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 15, 2019

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ဖေဖော်ဝါရီလတွင် ထုတ်ပေးမည်

-
ရန်ကုန် ဇန်နဝါရီ ၁၄ 
-
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ လလယ်တွင် သက်ဆိုင်ရာကျောင်းများ၌ ထုတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
-
အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုသူများ အနေဖြင့် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည်ဖြစ်ကြောင်းသိရသည်။ 
-
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူ များအနေဖြင့် ဘာသာတွဲအလိုက် ဖြေဆိုခွင့်ကတ်ပြားများကို အစိမ်းရောင်နှင့် ပန်းရောင် နှစ်မျိုးခွဲခြားထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတင်ထားစဉ်က ဖော်ပြထားသည့် ဘာသာတွဲ အတိုင်းသာ ဖြေဆိုခွင့်ပြုမည် ဖြစ်သည်။ ''ပုံမှန်နှစ်တွေအတိုင်းပဲ မပြောင်းပါဘူး။ ဖေဖော်ဝါရီလလယ်လောက်မှ ထုတ်ပေးမှာပါ။ အတိအကျတော့ ပြောဖို့ခက်သေးတယ်''ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
-
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၆ ရက်မှ ၁၅ ရက်အထိ ဖြေဆိုရမည်ဖြစ်ပြီး ယခုပညာသင်နှစ်အတွက် စာစစ်ဌာနများကို တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ 
-
ကတ်ပြားများ ထုတ်ယူရာတွင် ခက်ခဲမှုရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီး၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၌ တိုက်ရိုက် စုံစမ်းနိုင်ကြောင်းသိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ

ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ
-
သရက်ချောင်း  ဇန်နဝါရီ  ၁၄ 
-
တနင်္သာရီတိုင်းဒေသကြီး  သရက်ချောင်း မြို့နယ်  ကျောက်မြောင်းရပ်ကွက် အမှတ်(၁)  အခြေခံပညာမူလတန်း ကျောင်း ဝင်းအတွင်း  ယာယီမဏ္ဍပ်၌ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေး ပွဲအခမ်းအနားကို  ယမန်နေ့ည ၇ နာရီက ကျင်းပသည်။ 
-
ရှေးဦးစွာ အခမ်းအနားကို ကျောက်မြောင်း ရပ်ကွက် အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းသား၊ ကျောင်းသူ များ က သုခုမလက်ရာ သီချင်းဖြင့်ဖွင့်လှစ်ပေးပြီး  မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်ယု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး သိန်းထိုက်နှင့် မြို့နယ် ဒုတိယ ပညာရေးမှူး ဦးခင်မောင်စိုးတို့က အမှာစကား အသီးသီး ပြောကြားကြသည်။ 
-
ဆက်လက်၍   အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းသူက ပညာရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်း၏လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျောင်းသား၊  ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ပညာရေးမထိခိုက်စေရန်အတွက် တာဝန်ရှိ သူများ အနေဖြင့် ဆောင်ရွက်ပေးရမည့် အချက်များကို ဖြည့်စွက်ပြောကြားသည်။ 
-
ထို့နောက်၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင်  မူကြိုကလေးငယ်များအား အတန်းပြီးမြောက် ကြောင်းလက်မှတ်များ၊  အတန်းလိုက် ထူးချွန် ဆုနှင့် အားကစားထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်များ နှင့် ဆုတံဆိပ်အသီးသီးကို တာဝန်ရှိသူများက ပေးအပ်သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ကပြကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 9, 2019

မော်လမြိုင်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်)၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ပြုလုပ်

မော်လမြိုင်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်)၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ပြုလုပ်
-
နေပြည်တော်  ဇန်နဝါရီ  ၈
-
မွန်ပြည်နယ်၊  မော်လမြိုင်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ရွှေနတ်တောင်) ၏  ၂ဝ၁၈-၂ဝ၁၉  ပညာသင်နှစ်  ပညာရေးစုံညီ ပွဲတော်ကို  ယနေ့နံနက်ပိုင်းတွင်  အဆိုပါ ကျောင်းခန်းမ၌ပြုလုပ်ရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
-
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်ဒို့နွှဲပျော်၊ ဗိုလ်ရှုသဘင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး   တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ   ကျောင်းလုပ်ငန်းဆိုင်ရာ ထူးချွန်ဆု၊  ခရိုင်နှင့် မြို့နယ်အဆင့် ကျပန်းစကားပြော ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ သင်္ချာအိုလံပစ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုများ ရရှိကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
-
ယင်းနောက်  တိုင်းမှူးက   အခြေခံပညာ အထက်တန်းကျောင်း(ရွှေနတ်တောင်)သို့ ပညာရေး ရန်ပုံငွေအဖြစ် ငွေကျပ်ငါးသိန်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ချုပ်မှုတာဝန်ခံမှ လက်ခံရယူခဲ့ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ


Monday, January 7, 2019

သဘာဝ ပတ်ဝန်းကျင် ပညာပေး စကားဝိုင်းနှင့် ပြပွဲများ ကျင်းပ

သဘာဝ ပတ်ဝန်းကျင် ပညာပေး စကားဝိုင်းနှင့် ပြပွဲများ ကျင်းပ
-
အမာ  ဇန်နဝါရီ   ၆ 
-
ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရိုင် အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု ဘဝသစ်(၁)ကျေးရွာ အခြေခံပညာမူလတန်း ကျောင်း၌  ယမန်နေ့နံနက် ၁ဝ နာရီက အစိမ်းရောင် သဘာဝဝန်းကျင်ဖွံ့ဖြိုးရေး အသင်းနှင့် အုပ်စုတွင်းကျောင်း ပေါင်းစုံ တို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ပညာပေးအစီအစဉ်များ ဖြစ်သည့် ပြပွဲများ၊ ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ များ၊ ပလတ်စတစ် ပြဿနာအဖြေရှာခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပသည်။ 
-
ရှေးဦးစွာ လူနှင့်သစ်တောဗဟိုဌာန မြန်မာနိုင်ငံ အစီအစဉ် ညွှန်ကြားရေးမှူး ဒီရေတော ပညာရှင် ဒေါက်တာ မောင်မောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး ဘဝသစ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကြာစိန်၊ ကျောင်းအုပ် ဆရာကြီး  ဦးစံညွန့်တို့က ကျေးဇူးတင်စကားပြောကြားသည်။ 
-
ထို့နောက်  အမာမြို့အတွင်း  အခြေခံ ပညာကျောင်းများမှ ဆရာမများ ဖြစ်သော ဒေါ်သီတာဝင်း၊ ဒေါ်သဉ္ဇာသိမ့်၊ ဒေါ်သိင်္ဂီဝင်း၊ ဒေါ်ငြိမ်းချမ်းဖြိုး၊ ဒေါ်အေးနန္ဒာလှိုင် နှင့်ဒေါ်နှင်းလဲ့လဲ့လှိုင်တို့ ခေါင်းဆောင်၍ ပလတ်စတစ်ပြဿနာ အဖြေရှာ ခေါင်းစဉ်ဖြင့် ပလတ်စတစ်၏  ဆိုးကျိုးများဖြစ်ရသည့် အကြောင်းရင်းများ၊ ဖြေရှင်းဖြေလျှော့ရမည့်  နည်းလမ်းများအကြောင်းကို  ဦးဆောင်သူများက  ဆွေးနွေးပြီး တက်ရောက်လာသူများက ရရှိလာမည့် အကျိုးကျေးဇူးများ၊  ပလတ်စတစ်ကိစ္စကို အဓိကပြဿနာတစ်ခု အဖြစ် သိရှိလာစေရန်၊ အသိပညာပေးပွဲများပြုလုပ်ရန်၊ လျှော့သုံး စွဲရန်၊ အစားထိုး ပစ္စည်း များသုံးရန်နှင့် အခြေခံပညာကျောင်းများမှ စတင်ပညာပေးသွားရန် စသည်တို့ကို ဝိုင်းဝန်း ဆွေးနွေးကြသည်။ 
-
ထို့နောက် ကျောင်းပေါင်းစုံမှကျောင်းသား၊ ကျောင်းသူများအား ပြပွဲနှင့် ပန်းချီပြိုင်ပွဲကို ပြုလုပ်ပြီး ဆုများ ပေးအပ်ကြောင်း သိရသည်။                             
-
ဝင်းမြင့်အောင်
-
#မြ၀တီနေ့စဉ်သတင်းစာ

သရက်မြို့၌ ပညာရေးစုံညီပွဲတော် ကျင်းပ

သရက်မြို့၌ ပညာရေးစုံညီပွဲတော် ကျင်းပ
-
သရက်   ဇန်နဝါရီ   ၆ 
-
မကွေးတိုင်းဒေသကြီး သရက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစိန်ရတုခန်းမ၌၂ဝ၁၈- ၂ဝ၁၉ ပညာသင်နှစ်  သရက်မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင်ကျင်းပသည်။
-
ရှေးဦးစွာ  ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့က   ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး သင်ထောက်ကူပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းဖြင့်  သီဆိုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေတို့ကပညာရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါက်တာ စမ်းပပကျော်က စုံညီပွဲတော်နှင့်ပတ်သက်၍  ပြောကြားသည်။ 
-
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က မြို့နယ်အတွင်းရှိ သန့်ရှင်းသာယာလှပသော အကောင်းဆုံးကျောင်းများကို ဆုများ ပေးအပ်ပြီး အခြေခံပညာကျောင်း များမှ ကျောင်းသား၊  ကျောင်းသူလေးများက ဖျော်ဖြေမှုများဖြင့် ဖျော်ဖြေပေးသည်။ 
-
ဆက်လက်၍  မူလတန်းအဆင့်နှင့် အလယ် တန်းအဆင့် ဘက်စုံထူးချွန်ဆု၊ အထက်တန်းအဆင့် ဘက်စုံထူးချွန်ဆုရ ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပညာရေးမှူး  ဒေါက်တာစမ်းပပကျော်နှင့် တာဝန်ရှိသူတို့က ဆုများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ထာဝရမြန်မာသီချင်းဖြင့်ကပြဖျော်ဖြေကြကြောင်းသိရသည်။ 
-
ဇော်ထက်(သရက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 24, 2018

EDUCATION PROJECT & SKILLS COMPETITION-2018 ပြိုင်ပွဲ ကျင်းပ

Education Project & Skills Competition-2018 ပြိုင်ပွဲ ကျင်းပ
-
မကွေး  ဒီဇင်ဘာ  ၂၃ 
-
မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၁) အခြေခံပညာ   အထက်တန်းကျောင်းရှိ ပန်းဟေဝန်ခန်းမ၌ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် Education Projects & Skills Competition-2018 ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ 
-
ရှေးဦးစွာ ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အတွင်း မြို့နယ် ၂၅ မြို့နယ်ရှိ အလယ်တန်းအဆင့်    ကျောင်းသား၊ ကျောင်းသူ ၈၄ ဦး၊   မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇ဝ ဦး  စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၅၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊    တိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။       
-
အလယ်တန်းအဆင့်တွင် နွှဲပျော်ဆင်နွှဲ ကျောင်းစုံညီပွဲ ခေါင်းစဉ်ဖြင့်  Project  ရေးဆွဲခြင်းကို လည်းကောင်း၊  မူလတန်းအဆင့်တွင် မေးခွန်းပေး၍ လည်းကောင်း ကျောင်းသား၊ ကျောင်းသူများက ယှဉ်ပြိုင်ဖြေဆိုကြသည်။ 
-
အဆိုပါ Education Project & Skills Competition-2018 ပြိုင်ပွဲကို  မကွေးတိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ICT နည်းပညာနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ယှဉ်ကာ စနစ်တကျ ကျွမ်းကျင်စွာ အသုံးပြုတတ်လာစေရေး၊ ICT  နည်းပညာ သုံးစွဲမှု ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေး   ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, December 14, 2018

ရခိုင်ပြည်နယ်တွင် ပညာသင်ကြားမှု အထောက်အကူပြု အစီအစဉ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ရခိုင်ပြည်နယ်တွင် ပညာသင်ကြားမှု အထောက်အကူပြု အစီအစဉ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
-
နေပြည်တော်    ဒီဇင်ဘာ   ၁၃ 
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် အထက် လွှတ်တော်အမတ် the  Honourable  Marise Payne အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
-
ထိုသို့တွေ့ဆုံရာတွင် သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံအတွက် ပညာရေးကဏ္ဍ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကဏ္ဍ၊ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေး ကဏ္ဍများတွင် အကူအညီများ ဆက်လက်ပေးအပ်သွားရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေးကိစ္စနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားရေးကိစ္စနှင့် သြစတြေးလျနိုင်ငံ အကူအညီဖြင့် ရခိုင်ပြည်နယ်တွင် ပညာသင်ကြားမှု အထောက်အကူပြု အစီအစဉ် ဆိုင်ရာကိစ္စရပ်၊ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်မှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုင်ရာကိစ္စကို   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ 
-
သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးအား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နေပြည်တော်ရှိ M-Gallery  Hotel၌ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ 
-
(သတင်းစဉ်)
-
မြ၀တီနေ့စဉ်သတင်းစာ

Monday, December 10, 2018

၂ဝ၁၇-၂ဝ၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ထူးချွန်သူများကို ဆုချီးမြှင့်

၂ဝ၁၇-၂ဝ၁၈  တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ထူးချွန်သူများကို ဆုချီးမြှင့်
-
ရန်ကုန်   ဒီဇင်ဘာ   ၉
-
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ၂ဝ၁၇-၂ဝ၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရထူးချွန်သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့တွင် အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပသည်။
-
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ဗဟန်း) မိဘဆရာအသင်းဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်က  အဖွင့်အမှာစကား ပြောကြားပြီး  စေတနာရှင် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
-
ထို့နောက် နဝမတန်းကျောင်းသား၊ ကျောင်းသူများက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဗဟန်း) ကျောင်းသီချင်း၊ နွေဦးကဗျာအက (တေးသရုပ်ဖော်)နှင့်   မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး သတ္တမတန်း ကျောင်းသား၊ ကျောင်းသူများက ရှမ်းရိုးရာအက (တေးသရုပ်ဖော်)ဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
-
ဆက်လက်၍ ၂ဝ၁၇-၂ဝ၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ထူးချွန်သူများအား မြို့နယ်ပညာရေးမှူး ဒေါက်တာသက်သက်စံ၊ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်နှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။
-
အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (ဗဟန်း)မှ ၂ဝ၁၇- ၂ဝ၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၄ဝ ဦး၊သုံးဘာသာဂုဏ်ထူးရှင် ၄၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၄၃ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၇၁ ဦး ထွက်ပေါ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 29, 2018

တက္ကသိုလ်ဝင်စာမေးပွဲအင်္ဂလိပ်စာမေးခွန်းပုံစံသစ်ဆွေးနွေး

-
မြစ်ကြီးနား နိုဝင်ဘာ ၂၈ 
-
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(အင်္ဂလိပ်စာ)မေးခွန်းပုံစံသစ် အကြောင်း ဆွေးနွေးပွဲနှင့် စာအုပ်များပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ဧရာ ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ကျင်းပ သည်။
-
ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာ စကားပြောကြားပြီး ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ် ဝင်တန်း အင်္ဂလိပ်စာဘာသာရပ်တွင် သင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများအတွက် ၂ဝ၁၈-၂ဝ၁၉ပညာသင်နှစ် အင်္ဂလိပ်စာမေးခွန်း ပုံစံသစ်အထောက်အကူပြုစာအုပ်နှင့် ပြည်သူ့နီတိ၊ ပန်းပျိုးလက် သုတရသဆိုင်ရာ စာအုပ်များ လွှဲပြောင်းပေးအပ်လှူဒါန်းရာ တာဝန် ရှိသူများက လက်ခံရယူသည်။
-
ထို့နောက် ဆရာတစ်ဦးက၂ဝ၁၈-၂ဝ၁၉ပညာသင်နှစ်တွင်တက္ကသိုလ်ဝင်စာမေးပွဲ၌ ပြောင်းလဲ ဖော်ဆောင်သွားမည့် မေးခွန်းပုံစံသစ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
-
ဆက်လက်၍ တက်ရောက်လာသူများအားအင်္ဂလိပ်စာမေးခွန်းပုံစံသစ်စာအုပ်နှင့် ပြည်သူ့နီတိ စာအုပ်စာစောင်များကို ထောက်ပံ့ပေးအပ်လှူဒါန်းကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 15, 2018

အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း၏ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲပြုလုပ်

အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း၏ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲပြုလုပ်
-
နေပြည်တော်  နိုဝင်ဘာ  ၁၄
-
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာနှင့် ၂ ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ  ခုနစ်ဦးနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 8, 2018

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်း ဝတ်စုံနှင့် စာရေး ကိရိယာများပေးအပ်

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ ၂ဝ၁၈-၂ဝ၁၉  ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်း ဝတ်စုံနှင့် စာရေး ကိရိယာများပေးအပ်
နေပြည်တော်  နိုဝင်ဘာ  ၇
-
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက် ရောက်ပညာ သင်ကြားလျက်ရှိသည့် အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ  တပ်မတော် သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

-
ဦးစွာ တိုင်းမှူးက ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။   ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြား လျက်ရှိသည့်   မူလတန်း၊  အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆၄ ဦးတို့ကို ကျောင်း ဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, November 6, 2018

ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်

ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်

-
နေပြည်တော် နိုဝင်ဘာ ၅ 
-
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသော အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သား မိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင် မူလတန်း ၁၂၃ ဦး၊ အလယ်တန်း ၉၅ ဦး နှင့် အထက်တန်း ၆ဝ ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၂၇၈ ဦးတို့ကို ပညာသင်စရိတ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 15, 2018

GTI ကျောင်း ၂၂ ကျောင်းနှင့် GTC ကျောင်း သုံးကျောင်းတို့၌ ဝင်ခွင့်လျှောက်ထားနိုင်ပြီ

GTI  ကျောင်း ၂၂ ကျောင်းနှင့်  GTC ကျောင်း သုံးကျောင်းတို့၌ ဝင်ခွင့်လျှောက်ထားနိုင်ပြီ

ရန်ကုန်  အောက်တိုဘာ ၁၄
-
ယခုနှစ်အတွက်  နိုင်ငံတစ်ဝန်းရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ စက်မှုလက်မှုသိပ္ပံ(GTI)ကျောင်းများနှင့် နည်းပညာကောလိပ် (GTC) ကျောင်းများ၌ အောက်တိုဘာ ၁ဝ ရက်မှ ၂၉ ရက်အထိ ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူကာ    စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး  ရွှေပြည်သာမြို့နယ် စက်မှုလက်မှုသိပံ္ပ (GTI) ကျောင်း  ကျောင်းအုပ်ကြီး   ဒေါက်တာမျိုးမင်းသန့်ထံမှ  သိရသည်။
-
''နိုင်ငံတော်အနေနဲ့ သက်မွေးပညာကို ဦးစားပေး ဆောင်ရွက်နေတဲ့ အခြေအနေပေါ်မှာ သက်မွေးပညာကို ဝါသနာပါလို့ လာလျှောက်ထားတဲ့သူတွေ အတော်များလာတယ်'' ဟု ဒေါက်တာမျိုးမင်းသန့် ကပြောသည်။
-
ဝင်ခွင့်လျှောက်ထားသူများသည် တက္ကသိုလ် ဝင်တန်းကို သိပ္ပံတွဲ သို့မဟုတ် ဝိပ္ပံတွဲ ဘာသာရပ်ဖြင့် အောင်မြင်ပြီး အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် ရမှတ်အနည်းအများပေါ် မူတည်၍   လျှောက်ထား ရမည်ဖြစ်သည်။ နည်းပညာတက္ကသိုလ်ဝင်ခွင့် အမှတ်မပြည့်မီသူများ အနေဖြင့်လည်း  အစိုးရနည်းပညာ အထက်တန်းကျောင်း (T.H.S)  ၌ ဝင်ရောက် လျှောက်ထားနိုင်မည့် အခွင့်အလမ်း ရှိကြောင်း သိရသည်။
-
ဝင်ခွင့်လျှောက်ထားရန် တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်း၊ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်း၊ ကျန်းမာရေး ထောက်ခံချက်နှင့် လျှောက်ထားသူ၏ ပတ်စပို့ဓာတ်ပုံသုံးပုံ လိုအပ်သည်။ GTI ဝင်ခွင့်ရရှိသူများ စာရင်းကို နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်တွင် ကျောင်းအပ်လက်ခံမည်ဖြစ်ကာ ဒီဇင်ဘာ ၃ ရက်တွင်  GTI ပထမနှစ်သင်တန်း စတင်ဖွင့် လှစ်မည်ဖြစ်ကြောင်း သိရသည်။
-
GTI ကျောင်းများ၌  အင်ဂျင်နီယာ ဘာသာရပ်များဖြစ်သော မြို့ပြအင်ဂျင်နီယာ ဘာသာရပ် (Civil) ၊ EC ၊ EP ၊ MECH ၊ IT စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သုံးနှစ်တက်ရောက် သင်ကြားရမည်ဖြစ်ပြီး AGTI ဒီပလိုမာဘွဲ့ ရရှိမည်ဖြစ်သည်။ GTI
-
သင်တန်း ပြီးဆုံးသူများတွင် ရမှတ်ထူးချွန်သူများနှင့် အရည်အသွေး ပြည့်မီသူများ နည်းပညာတက္ကသိုလ်(TU)သို့ ဆက်လက်တက်ရောက်ခွင့်ရရှိပြီး BE ဘွဲ့ရရှိမည်ဖြစ်သည်။
-
ယခုနှစ်အတွက် နိုင်ငံတစ်ဝန်းရှိ GTI ကျောင်း ၂၂ ကျောင်းနှင့်  GTC ကျောင်းသုံးကျောင်းတို့၌  ကျောင်းသား၊ ကျောင်းသူ အရေအတွက် ၆ဝဝဝ ဦးခန့် ခေါ်ယူမည်ဖြစ်သည်။ ကျောင်းတစ်ကျောင်းလျှင်  ကျောင်းသား၊ ကျောင်းသူအရေအတွက် ပျမ်းမျှ ၁၂ဝ မှ  ၄ဝဝ အထိ  ခေါ်ယူမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန် GTI မှ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၇ဝ ၊ ရွှေပြည်သာ GTI မှ ကျောင်းသား၊ ကျောင်းသူဦးရေ  ၂ဝဝ ကိုခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, June 5, 2018

တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်း လာရောက်ထုတ်ယူ သူများပြား



ရန်ကုန် ၅-၆-၂ဝ၁၈

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သော ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်းများကို ယနေ့မှစ၍ ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေရှိ ဇွဲကပင်ဆောင်၊ မေခဆောင်နှင့် နေပြည်တော်ရုံး အမှတ် (၅၂) တို့၌ ထုတ်ပေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်ထံမှ သိရသည်။

''အမှတ်စာရင်းတွေကို ဒီနေ့ကစပြီး ထုတ်ပေးနေပါပြီ။ ပုံမှန်ရုံးဖွင့်ချိန် နံနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးရမယ် ဆိုပေမယ့် လာရောက်ထုတ်ယူသူတွေ အဆင်ပြေအောင် ဒီရက်တွေမှာ နံနက် ၇ နာရီက တည်းက စပြီး ထုတ်ပေးနေပါပြီ။ အမှတ်စာရင်း စထုတ်ပေးတဲ့ ရက်သတ္တနှစ်ပတ် လောက်ကတော့ တစ်ရက်ကို လာရောက်ထုတ်ယူသူ လေးသောင်းလောက်ရှိမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ထုတ်ပေးနိုင်ဖို့ မြန်မာနိုင်ငံ စာစစ်အဖွဲ့တွေ ခွဲပြီးသွားကြပါပြီ''ဟု ဦးမိုးမြင့်ကျော်က ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း လာရောက်ထုတ်ယူသူများ အနေဖြင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၌ ပညာရေးဝန်ကြီး ဌာနသို့ ငွေသွင်းတံဆိပ်ခေါင်းဖိုးနှင့် လျှောက်လွှာခ ငွေကျပ် ၄ဝဝ ပေးသွင်းကာ တံဆိပ်ခေါင်းနှင့် လျှောက်လွှာ ထုတ်ယူပြီး အမှတ်စာရင်း တောင်းခံသူအမည်၊ စာစစ်ဌာန၊ ခုံအမှတ်၊ အဖအမည်နှင့် ဖြေဆိုသည့် ခုနှစ်တို့ကို ထည့်သွင်းရေးသား လျှောက်ထား ရမည်ဖြစ်သည်။ ကိုယ်တိုင် မလာရောက်နိုင်ပါက ကိုယ်စားအနေဖြင့် လည်း လာရောက်ထုတ်ယူနိုင်ပြီး အချက်အလက် မှန်ကန်လျှင် ထုတ်ပေးကြောင်း သိရသည်။

အမှတ်စာရင်းများကို တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများ၌ လည်းထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ နယ်အမှတ်စာရင်း ထုတ်ပေးရေး အဖွဲ့များသည် ယနေ့တွင် နယ်မြို့များသို့ စတင်ထွက်ခွာ သွားပြီဖြစ်ကြောင်း သိရသည်။

ထိုအဖွဲ့အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တခြားမြို့ကြီးများ၌ အမှတ်စာရင်းများ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, May 9, 2018

ပင်လည်ဘူး မြို့နယ်တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး



ပင်လည်ဘူး ၉-၅-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းပံ့ပိုးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောင်းဆောင်သစ်များ ဆောက်လုပ်မှု အခြေအနေကို မေ ၇ ရက် နံနက် ၁ဝနာရီက ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတိုးကြည်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းသန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အလျားပေ ၄ဝ၊ အနံပေ ၃ဝ၊ အမြင့် ၁၂ပေရှိ တုံးမွှန်းကျေးရွာ KG ကျောင်းဆောင်သစ်၊ အလျားပေ ၉ဝ၊ အနံပေ ၃ဝ၊ အမြင့် ၁၂ ပေရှိ ဝါးရုံကုန်းကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ကြီးကြပ်ဆောင်ရွက် နေသည့်ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များက လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးမှူး ဦးတိုးကြည်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီသော ပစ္စည်းများ သုံးစွဲမှုရှိ၊မရှိကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger