www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 30, 2018

ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၁၂-၂၀၁၈)

ရတနာပုံနေ့စဉ်သတင်းစာ (၃၀-၁၂-၂၀၁၈)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၃၀-၁၂-၂၀၁၈)


မြဝတီနေ့စဉ်သတင်းစာ (၃၀-၁၂-၂၀၁၈)

-
 Download Links


Friday, December 28, 2018

သတင်းအချက်အလက်များ နားထောင်ပြီးမှသာ မူဆယ်သို့ ဖရဲ သခွားများ တင်ပို့ရန်အကြံပြု

-
မူဆယ် ဒီဇင်ဘာ ၂၇ 
-
တရုတ်နိုင်ငံရှိ ကျင်စန်းကျော့ ဂိတ်လမ်း ပိတ်ထားသဖြင့် ယနေ့တွင် မူဆယ်၌ ဖရဲ၊ သခွား ရောင်းဝယ်မှု ခေတ္တရပ်ဆိုင်းထားရ၍ သတင်း အချက်အလက်များ နားထောင်ပြီးမှသာ မူဆယ် ၁၅ဝ မိုင်နယ်စပ်ကုန်သွယ်ရေး ဇုန်သို့ ဖရဲ၊ သခွားများ တင်ပို့ကြရန် တောင်သူများကို အကြံပြု ပြောကြားလိုကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းထံမှသိရသည်။ 
-
မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်မှ ဖရဲများ ရောင်းချပြီးပါက ခြောက်မိုင် ခန့်မောင်း နှင်လျှင် ကျင်စန်းကျော့ဂိတ်ကို ရောက်ရှိပြီး တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ ရောက်ရှိမည်ဖြစ် သည်။ 
-
ယင်း လမ်းကြောင်းကို ယနေ့ နံနက်မှစ၍ အဝင်အထွက် ပိတ်ထားသဖြင့် ရောင်းပြီး သားကားအစီးရေ ၅ဝ ကျော်မှာ လမ်းပေါ်၌ရှိနေပြီး ထပ်မံရောင်းချရန် အဆင်မပြေကြောင်း သိရသည်။ ''ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ မသိရသေးဘူး။ နောက်ပြီး သတင်းစုံစမ်းပြီး လမ်းပွင့်ပြီဆိုမှပဲ တက်လာစေချင်ပါတယ်။ မသိဘဲနဲ့ တက်သွားရင် အခက်အခဲတွေ တွေ့ကြုံမှာစိုးလို့ပါ။ ဒီနေ့ မနက် ပိတ်လိုက်တဲ့အချိန်မှာကားတွေအတွက် အခက်အခဲဖြစ်နေပါတယ်'' ဟု ဦးနိုင်ဝင်းက ပြောသည်။ 
-
ယမန်နှစ်ကာလတူက ဖရဲ၊ သခွားတန်ချိန် ၁၇ တန်ရှိ ကားအစီးရေ ၄ဝဝ ကျော် နေ့စဉ် ဝင်ရောက်သော်လည်း ယခုနှစ်တွင် ဖရဲ၊ သခွား စိုက်ပျိုးသူများ အခက်အခဲများနှင့် တွေ့ကြုံနိုင်ကြောင်းသိရသည်။ 
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ

ဝန်ဆောင်ခနှင့် အခွင့်အလမ်း ကွာခြားသဖြင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သား အများဆုံး သွားရောက်

-
ရန်ကုန်   ဒီဇင်ဘာ   ၂၇ 
-
ထိုင်းနိုင်ငံသို့ သွားရောက်သည့် ဝန်ဆောင်ခနှုန်းထားနှင့် အခွင့်အလမ်း ကွာခြားသဖြင့် ယခုနှစ်အတွင်း    ယမန် နှစ်များကထက် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သား အများဆုံး  သွားရောက်နေကြောင်းမြန်မာပြည်ပ အလုပ် အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(Myanmar  Oversea  Employment Agencies  Fedration-MOEAF) မှ  တွဲဖက်အထွေထွေ အတွင်းရေးမှူး   (၁) ဦးမြတ်သူထံမှ သိရသည်။
-
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင်  ဘာသာစကား ကျွမ်းကျင်မှုနှင့် တစ်ဦးချင်း စွမ်းရည်များအလိုက် သွားရောက်သည့် နိုင်ငံကွာခြားမှုရှိပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် ကျေးလက်ဒေသများမှ ဖြစ်၍  ထိုင်းနိုင်ငံနှင့်  မလေးရှားနိုင်ငံတို့သို့ အခြေခံ လုပ်သားများအဖြစ် သွားရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။ 
-
ထိုင်းနိုင်ငံသို့  တစ်လလျှင် တရားဝင် လုပ်သားတစ်သောင်း ဝန်းကျင်အထိ သွားရောက်နေကြောင်း သိရသည်။ ''အရင်နှစ်တွေက မလေးရှားကို သွားတာများတယ်။ နောက်ပိုင်း ထိုင်းနဲ့   မြန်မာ ယဉ်ကျေးမှုကနီးစပ်တဲ့အတွက် ထိုင်းကို သွားတဲ့သူ ပိုများလာတယ်'' ဟု  ဦးမြတ်သူက ပြောသည်။ 
-
ထို့ပြင် ထိုင်းနိုင်ငံသို့ သွားရောက်ရာတွင် ဝန်ဆောင်ခနှုန်းထားမှာ  ငွေကျပ်နှစ်သိန်း ဝန်းကျင်သာရှိပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန်  အခွင့်အလမ်းနှင့် ဝန်ဆောင်ခ ဈေးနှုန်းအရ ကွာခြားမှုများ ရှိနေသဖြင့်ထိုင်းနိုင်ငံသို့ သွားရောက်မှု   ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။ 
-
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့သို့ အဓိက သွားရောက်နေပြီး ဂျပန်နိုင်ငံ၏ လုပ်သားလိုအပ်ချက်အရ လာမည့်နှစ်တွင် ယခုနှစ်ထက် ဂျပန်နိုင်ငံသို့သွားရောက်သူ ပိုမိုများပြားနိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထားများပြေးဆွဲပေးရန်စီစဉ်ထား

-
ရန်ကုန် ဒီဇင်ဘာ ၂၇ 
-
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ၂၉ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ နှစ်သစ်ကူး ရုံးပိတ်ရက် လေးရက်အတွင်း နေရပ်သို့ပြန်ကြမည့် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန ရည်ရွယ်၍ နေပြည်တော်- ရန်ကုန်နှင့် ရန်ကုန်- မန္တလေး ခရီးစဉ်တို့အတွက် အသွားအပြန် အထူးရထားများ ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း မြန်မာ့မီး ရထားလုပ်ငန်း တိုင်း(၇) အထွေ ထွေ မန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။ ''နှစ်သစ်ကူး ရုံးပိတ်ရက်မှာ နေရပ်ပြန်ချင်တဲ့ သူတွေအတွက် အထူးရထား စီစဉ်ပေးတာပါ။ 
-
အထူးရထားတွေကို နေပြည်တော် နှစ်စင်း၊ မန္တလေးနှစ်စင်း အစုန်အဆန် လေးစင်းပြေးဆွဲ ပေးမှာပါ။ ပုံမှန်ပြေးဆွဲနေတဲ့ ရထားတွေအပြင် အထူးရထားတွေ ထပ်မံပြေးဆွဲ ပေးတာပါ'' ဟု ဦးဇော်လွင် ကပြောသည်။ နေပြည်တော်-ရန်ကုန် အထူးရထားကို ဒီဇင်ဘာ ၂၈ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ နေပြည်တော်မှ ည ၉ နာရီ မိနစ် ၃ဝ တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ ဒီဇင်ဘာ ၂၉ ရက် နံနက် ၇ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ အထူးရထားတွင် ရိုးရိုးတန်း ရှစ်တွဲ၊ အထက် တန်း ထိုင်ခုံသုံးတွဲနှင့် ဘရိတ်တွဲ တစ်တွဲပါရှိကြောင်း သိရသည်။ 
-
ရန်ကုန်-မန္တလေး အထူးရထားကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ ရန်ကုန်မှ ညနေ ၆ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ ဒီဇင်ဘာ ၃ဝ ရက် နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ မန္တလေး-ရန်ကုန် အထူးရထားကို ဒီဇင်ဘာ ၃ဝ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မန္တလေးမှ ထွက်ခွာ၍ ရန်ကုန်သို့ ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ် တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 
-
ရန်ကုန်-မန္တလေး အထူးရထားများအတွက် အမှတ်(၃/၄) ခရီးစဉ်ကဲ့သို့ ရပ်တန့်သည့် ဘူတာ များ၌ ရပ်တန့်မည်ဖြစ်ပြီး အထက်တန်း ထိုင်ခုံ သုံးတွဲ၊ အထက်တန်း အိပ်စင် တစ်တွဲ၊ ရိုးရိုးတန်း ရှစ်တွဲ၊ ဘရိတ်တွဲတစ်တွဲ ချိတ်ဆက်ပေးမည် ဖြစ်သည်။ 
-
ထို့ပြင် ရန်ကုန်-နေပြည်တော် အထူးရထားကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် ည ၉ နာရီ မိနစ် ၃ဝ တွင် ရန်ကုန်မှ ထွက်ခွာမည်ဖြစ်ပြီး နေပြည်တော်သို့ ဇန်နဝါရီ ၂ ရက် နံနက် ၇ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထူးရထားများအတွက် ရထား လက်မှတ်များကို ရန်ကုန် ဘူတာကြီး ရက်ကြို လက်မှတ်ရုံ၌ ယနေ့နံနက် ၇ နာရီမှစ၍ ရောင်းချပေးနေပြီး လက်မှတ်ခ ဈေးနှုန်းများကို ယခင် အတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
-
ဆုလာဘ်
-
#မြ၀င်္တီနေ့စဉ်သတင်းစာ

လင်းနို့ဂူသဘာဝ ပတ်ဝန်းကျင် အသိပညာပေးနှင့် အပန်းဖြေစခန်းရှိ ရေကန်သို့ တိုက်လိပ် အထီး အမ ၁ဝ ကောင်လွှတ်

-
ကန့်ဘလူ  ဒီဇင်ဘာ  ၂၇ 
-
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီးရှိ လင်းနို့ဂူနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့်  အပန်းဖြေစခန်းရှိ  ရေကန်အတွင်းသို့ ယမန်နေ့က ရှားပါးစာရင်းဝင် မြန်မာမျိုးရင်း စိတ်ဖြစ်သော တိုက်လိပ်အထီး၊ အမ ၁ဝ ကောင်လွှတ်ပေးကြောင်း သိရသည်။ 
-
ထိုသို့ ရှားပါးစာရင်းဝင် မြန်မာမျိုးစိတ်  တိုက်လိပ်များလွှတ်ပေးရခြင်းမှာ အပန်းဖြေ စခန်းသို့လာရောက်ကြသည့်  ပြည်သူများ၊  သုတေသနလုပ်ဆောင်လိုသူများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုနိုင်ရန် နှင့် တိုက်လိပ်များ သဘာဝ အတိုင်းနေထိုင် ကျက်စားမျိုးပွားနိုင်စေရန်အတွက် လွှတ်ပေးခြင်းဖြစ်သည်။ ''တိုက်လိပ်မျိုးစိတ်က  မြန်မာနိုင်ငံမှာ ရှားပါးတဲ့   သတ္တဝါမျိုးစိတ်စာရင်းဝင်ပါ။ တိုက်လိပ်မျိုးစိတ်ကို   မျိုးသုဉ်းမှု ကာကွယ်ဖို့ အတွက်    မန္တလေးတိရစ္ဆာန်ဥယျာဉ်မှာ  ထိန်းသိမ်းမွေးမြူထားတာရှိသလို ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ထမံသီ တောမှာလည်း မွေးမြူ နေတာရှိတယ်။
-
ဒီဇင်ဘာလဆန်းပိုင်းကထမံသီတောလုပ် ခဲ့တဲ့ သုတေသန စခန်းတစ်ခု ဖွင့်ပွဲမှာ လိပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာ ရှင်နဲ့တွေ့ကာ လင်းနို့ဂူမှာရှိတဲ့ တောတောင်ခြေမှာ မွေးမြူလို့ဖြစ်လားလို့ မေးမြန်းတဲ့ အခါဖြစ်တယ်လို့ပြောတဲ့အတွက်   သူတို့သဘာဝအတိုင်း နေထိုင်မျိုးပွားနိုင်အောင်နဲ့ အပန်းဖြေစခန်းကို လာရောက် လည်ပတ်ကြတဲ့  ခရီးသွားပြည် သူတွေ ကြည့်ရှုနိုင်ဖို့အတွက်ရေကန်ထဲကို အခုလိုလွှတ်ပေးခဲ့တာပါ။ 
-
ရေကန်ပတ်ဝန်းကျင်မှာလည်း သဘာဝအတိုင်း  နေထိုင်ကျက်စားနိုင်ဖို့အတွက် သဲပြင်တွေ၊ စားသောက်နိုင်တဲ့ အပင်တွေကိုလည်း စီစဉ် ပေးထားပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနညွှန်ကြားရေးမှူးက ပြောသည်။ 
-
မြန်မာမျိုးရင်း တိုက်လိပ်များ၏   မူရင်း ကျက်စားရာဒေသမှာ ကချင်ပြည်နယ် မြစ်ကြီးနားဒေသဖြစ်ပြီး ယခင်က ဧရာဝတီ မြစ်၊   ချင်းတွင်းမြစ်၊   စစ်တောင်းမြစ်နှင့် သံလွင်မြစ်အောက်ပိုင်းတို့၌ အများဆုံးတွေ့ရှိရပြီး ယခုအခါ ချင်းတွင်းမြစ် အထက်ပိုင်းနှင့်  ဒုဋ္ဌဝတီမြစ်တို့တွင်    အကောင်ရေ အနည်းငယ်သာ ရှိတော့သဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။ 
-
ယခုလွှတ်ပေးသော တိုက်လိပ်အထီး၊အမ ၁ဝကောင်ကို မန္တလေးတိရစ္ဆာန်ဥယျာဉ်မှ ယူဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက  ရေကန်အတွင်းသို့ လွှတ်ပေးကြကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ ကရာတေးပြိုင်ပွဲ စတင်ကျင်းပ

မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ ကရာတေးပြိုင်ပွဲ  စတင်ကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ ၂၇
-
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ ကရာတေး အဖွဲ့ချုပ်က ကြီးမှူး၍ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့်  Nagata Myanmar Co.,Ltd. တို့၏  ပံ့ပိုး ကူညီမှုဖြင့်  4th Takuya Taniyama Cup Karate  Championships (2018) ပြိုင်ပွဲကို  ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး မန္တလာသီရိ အားကစားကွင်းရှိ  ဘက်စုံသုံး အားကစားရုံ၌စတင်ကျင်းပကြောင်း မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှသိရသည်။
-
အဆိုပါပြိုင်ပွဲတွင် အကြီးတန်း Senior (Kata Age +16 ESifh Kumite Age +18) အမျိုးသား/အမျိုးသမီး၊ သက်လတ်တန်း  Junior (Age 16/ 17) အမျိုးသား/အမျိုးသမီး၊   သက်ငယ်တန်း Cadet(Age14/15) အမျိုးသား/ အမျိုး သမီး၊ ကလေးတန်း  Under  14(Age12/14) အမျိုးသား/ အမျိုးသမီး၊ ကလေးတန်း 12( Age 10/12) အမျိုးသား/အမျိုးသမီး၊ ကလေးတန်း Under 10 အမျိုးသား/ အမျိုးသမီးအတန်းများကို ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင်  အကြီးတန်း Senior ပြိုင်ပွဲ အဆင့်တွင်သာ (အမျိုးသား/ အမျိုးသမီး) တံခွန်စိုက်ဆု ပေးအပ် သွား မည်ဖြစ်သည်။
-
ထို့ပြင် ပြိုင်ပွဲ အမျိုးအစား အလိုက် အမျိုးသား အကောင်းဆုံး ကစားသမားဆု၊  အမျိုးသမီး အကောင်းဆုံး ကစားသမား ဆု များကို ပေးအပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစားနှင့် ကိုယ်အလေးချိန်တန်း အလိုက်ပထမဆု ရွှေတံဆိပ်၊ ဒုတိယဆု  ငွေတံဆိပ်နှင့် တတိယဆု ကြေးတံဆိပ်များပေးအပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်ထိ နေ့စဉ်နံနက် ၉ နာရီတွင် ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။                     
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

ကရင် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ ယှဉ်ပြိုင် ထိုးသတ်မည်

ကရင် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ ယှဉ်ပြိုင် ထိုးသတ်မည်
-
နေပြည်တော်  ဒီဇင်ဘာ ၂၇ 
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး "STLနှင့် NAING MOE ENTERTAINMENT" တို့ ပူးပေါင်း စီစဉ်ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ- ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို  တောင်ငူမြို့  ကေတုမတီ မိုးလုံလေလုံ အားကစားခန်းမ၌ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပသွား မည်ဖြစ်ကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှသိရသည်။ 
-
ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ- ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင်   အထူးငါးချီ စိန်ခေါ်ပွဲအဖြစ်  ထွန်းနိုင်ဦး (STL/ တောင်ငူ) နှင့် လေတ(ထိုင်း)တို့တွဲဆိုင်း ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ထို့ပြင် လေးချီ အထူးစိန်ခေါ်ပွဲ အဖြစ်  သွေးသစ် (STL/ တောင်ငူ) နှင့် စောထူးနိုင်(ဖိုးရာဇာ)၊ ဖိုက်တာ (STL) နှင့် ပန်ဒွန်သောင် (ထိုင်း) တို့ တွဲဆိုင်း ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။ 
-
သုံးချီ အထူးစိန်ခေါ်ပွဲအဖြစ် စောသဲထူး (ကညောသ္မီ)နှင့် ကြည်စင်ထွန်း (အဖြူရောင်သွေးသစ်)၊ အေးဝင်းကို (ကညော သ္မီ) နှင့် ထက်မြတ်သွေး(အဖြူရောင် သွေးသစ်)၊ စောအယ်ကလူ (ကညောသ္မီ)နှင့်ထက်နိုင်အောင် (နဂါးမာန်) တို့ အပြင် မျိုးဆက်သစ်အထူး သုံးချီပွဲများလည်း ပါဝင်ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်ကြောင်း သိရသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ်(၃ဝ)ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ်(၃ဝ)ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ
-
ရန်ကုန်  ဒီဇင်ဘာ ၂၇ 
-
အမျိုးသားခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ်(၃ဝ)ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူကို ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)ရှိ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်သည်။ 
-
နှစ်ပတ်လည် ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ ချမ်းမြေ့ရိပ်သာ ဆရာတော် အရှင်ဇနကာဘိဝံသ အမှူးပြု သော သံဃာတော် ၁၆ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာယူကာ ရေစက်သွန်းလောင်းအမျှပေးဝေသည်။ 
-
မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး  ဒေါ်ခင်ကြည်အတွက် ဘာသာအလိုက် အောက်မေ့ဖွယ်ရာဆုတောင်းမေတ္တာများ ပို့သကြ သည်။ 
-
ဘာသာပေါင်းစုံ ဆုတောင်းခြင်း အခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာနှင့် ဘဟာအီ ဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များက မေတ္တာစကား ပြောကြားခြင်းနှင့်ဆုတောင်း မေတ္တာပို့သခြင်းများကို ပြုလုပ်ခဲ့ကြသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

(၂၅) ကြိမ်မြောက် ဓမ္မဒူတယဉ်ကျေးလိမ္မာ ကလေးတရားစခန်း ဒုတိယအသုတ် ဖွင့်လှစ်

(၂၅) ကြိမ်မြောက် ဓမ္မဒူတယဉ်ကျေးလိမ္မာ ကလေးတရားစခန်း ဒုတိယအသုတ် ဖွင့်လှစ်
-
ရန်ကုန်   ဒီဇင်ဘာ   ၂၇ 
-
(၂၅) ကြိမ်မြောက် ဓမ္မဒူတ ယဉ်ကျေးလိမ္မာ ကလေးတရားစခန်းကို ဒုတိယအသုတ်အဖြစ် သတ္တမတန်းနှင့် အဋ္ဌမတန်း ကလေးများအတွက် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်‌ချောင်းရှိ ဓမ္မဒူတ‌ဆေကိန္ဒာရာမ‌ ကျောင်းတိုက်၌ ‌ယနေ့တွင် ဖွင့်လှစ်ကြောင်း သိရသည်။ 
-
အဆိုပါ   တရားစခန်းကို   ကျောင်းအိပ်ကျောင်းစားဖြင့်  နှစ်ညအိပ်သုံးရက် ဖွင့်လှစ်ခြင်းဖြစ်ပြီး အတန်းတစ်တန်းလျှင် ကျောင်းသား၊ ကျောင်းသူပျမ်းမျှ ၂ဝဝဝ နှုန်းသတ်မှတ်ထားသည်။ ''လောလောဆယ် ဘယ်နှဦးဆိုတာ ပြောလို့မရသေးဘူး။ အခုမှစာရင်း လုပ်နေတုန်းပါ။ တချို့က စာရင်းသွင်းထားပြီး လာဖို့အဆင်မပြေလို့ မတက်ရောက်နိုင်သူတွေလည်း ရှိပါတယ်'' ဟု စာရင်းသွင်းလက်ခံသူ အကျိုးတော်ဆောင်တစ်ဦးက ပြောသည်။ (၂၅) ကြိမ်မြောက် ဓမ္မဒူတယဉ်ကျေးလိမ္မာ ကလေးတရားစခန်းကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ  ပထမအသုတ်အဖြစ် ဖွင့်လှစ်ပြီး တက္ကသိုလ် ဝင်တန်းအောင်နှင့် တက္ကသိုလ်တက်ဆဲ(အသက် ၁၆ နှစ်မှ ၂၅နှစ်အထိ) ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ကြသည်။ 
-
ဒုတိယအသုတ် ဖွင့်လှစ်ပြီးပါက  ဒီဇင်ဘာ ၃ဝ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ပဉ္စမတန်းနှင့် ဆဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူများအတွက် တတိယအသုတ် ဖွင့်လှစ်မည်ဖြစ်ပြီး  ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ  တတိယတန်းနှင့် စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူများအတွက်  စတုတ္ထအသုတ်အဖြစ်  ဖွင့်လှစ်မည်ဖြစ်သည်။ 
-
ယဉ်ကျေးလိမ္မာ တရားစခန်းအတွက် စာရင်းသွင်းလက်ခံမှုကို ဒီဇင်ဘာ ၇ ရက်မှ ၁ဝ ရက်အထိ သတ်မှတ်ထားကာ အွန်လိုင်းစနစ်ဖြင့်   လျှောက်ထား ခွင့်ပြုထားကြောင်း သိရသည်။ ''ယဉ်ကျေးလိမ္မာသင်တန်းတက်ရဖို့ ခက်ခဲပါတယ်။ ဒီနှစ်ကံကောင်းတာကြောင့် တက်ခွင့်ရခဲ့တယ်။ ဘုန်းဘုန်းရဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံပြီး လိမ္မာယဉ်ကျေး လာမှာပါ'' ဟု  တက်ရောက်ခွင့်ရသည့် ကျောင်းသူတစ်ဦး၏ မိခင်ဒေါ်လှသိန်းက ပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်နားရသဖြင့် တခြားလုပ်ငန်းများကဲ့သို့ လုပ်သားရှားပါးမှု တွေ့ကြုံရခြင်း မရှိ

ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်နားရသဖြင့် တခြားလုပ်ငန်းများကဲ့သို့ လုပ်သားရှားပါးမှု တွေ့ကြုံရခြင်း မရှိ
-
ရန်ကုန်   ဒီဇင်ဘာ   ၂၇
-
ယခုနှစ်အတွင်း  အမေရိကန်ဒေါ်လာ ဈေးမြင့်တက်ခဲ့သဖြင့် ကုန်ကျစရိတ်များ မြင့်တက်လာကာ ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်နားထားခြင်းကြောင့် တခြားလုပ်ငန်း များကဲ့သို့   လုပ်သားရှားပါးမှုနှင့် တွေ့ကြုံရခြင်း မရှိကြောင်း iMyanmar House.com မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူထံမှ သိရသည်။ 
-
ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို    ပြည်ပနိုင်ငံတို့မှ  ဝယ်ယူနေရာ  အမေရိကန်ဒေါ်လာဈေး  မြင့်တက်လာခြင်းကြောင့်   လုပ်ငန်းတချို့   ရပ်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် ရပ်ဆိုင်းလိုက်ရသည့် လုပ်ငန်းခွင်များမှ  လုပ်သားများသည်  ဆက်လက် လည်ပတ်နေသော လုပ်ငန်းခွင်များသို့ သွားရောက်လုပ်ကိုင်သဖြင့်  လုပ်သားရှားပါးမှုနှင့် မတွေ့ကြုံခြင်းဖြစ်သည်။ 
-
ထို့ပြင်  စင်ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် အင်ဂျင်နီယာအပါအဝင် ဆောက်လုပ်ရေး ကျွမ်းကျင်လုပ်သားများလည်း ပြည်တွင်းသို့  ပြန်လည် ဝင်ရောက်လာသဖြင့် လုပ်သားရှားပါးမှု နည်းပါးလာကြောင်း သိရသည်။ 
-
ယခင်  ဆောက်လုပ်ရေးလုပ်ငန်းများ  ဈေးကွက်ကောင်းမွန်ချိန်က လုပ်သားရှားပါးသဖြင့် လုပ်သားရရှိရန်  ဈေးနှုန်းအပြိုင်အဆိုင် တိုးမြှင့်ပေးခဲ့ရသည်။ မြန်မာနိုင်ငံ၏  လုပ်သား  ၈ဝ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကဏ္ဍတွင်သာ  လုပ်ကိုင်လျက်ရှိပြီး   ပြည်ပနိုင်ငံတို့သို့  ရွှေ့ပြောင်းလုပ်ကိုင်ကြခြင်းနှင့် ကျေးလက်မှ  မြို့ပြသို့ ရွှေ့ပြောင်းသည့် အချိုးများလာသဖြင့်  လုပ်သားဈေးကွက်ပါ  ပြောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ဒဂုံတက္ကသိုလ်သုတေသန စာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲကျင်းပ

ဒဂုံတက္ကသိုလ်သုတေသန စာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲကျင်းပ
-
ရန်ကုန် ဒီဇင်ဘာ ၂၇   
-
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံ(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲနှင့် ပိုစတာပြိုင်ပွဲကို ယနေ့တွင် အဆိုပါ တက္ကသိုလ် ရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်နေသွယ်ကြည် က အဖွင့်အမှာ စကားပြောကြားပြီး စာတမ်းဖတ်ပွဲကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အခန်း သုံးခန်းခွဲ၍ တစ်ပြိုင်တည်း ကျင်းပသည်။ ယင်းနောက် စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ်ပေါင်း ၄၈ ခုရှိ ဝိဇ္ဇာ၊ သိပံ္ပ ဘာသာရပ်ပေါင်းစုံမှ စာတမ်း ၁ဝ၇ စောင်နှင့် ပိုစတာ ၁၉ ခု ဖတ်ကြားပြသသည်။ 
-
ဆက်လက်၍ ဒဂုံတက္ကသိုလ်၌ တာဝန် ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် ဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ရာ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ နုနုရီနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက ကန်တော့ခံ ပစ္စည်းများဖြင့် ပူဇော်ကန်တော့ ကြသည်။
-
ထို့နောက် ချယ်ရီလမ်းရှိ 90 Kid's in Dagon ပွဲနှင့် ဒဂုံတက္ကသိုလ် အနုပညာ အသင်းမှ ကြီးမှူးကျင်းပသော ငွေရတု အထိမ်းအမှတ် ဂီတပဒေသာ စင်တင်ဂီတ ဖျော်ဖြေပွဲ ကျင်းပသည်။   အလားတူ သိပံ္ပပြပွဲ၊သင်ရိုး အထောက်အကူပြုပြပွဲ၊ ဈေးရောင်းပွဲ၊ တိုင်းရင်းသား ရိုးရာအစား အစာ ရောင်းချပွဲနှင့် အမှတ်တရ ပစ္စည်းရောင်းချပွဲများကိုလည်း ဆက်လက်ကျင်းပကြောင်းသိရသည်။ 
-
ခင်မောင်တင်
-
#မြ၀တီနေ့စဉ်သတင်းစာ

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်
-
သရက် ဒီဇင်ဘာ ၂၇ 
-
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင် ရွက်သော ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့တွင်  သရက်မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က  အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာ ဖွံ့ဖြိုးရေး  စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  ဦးစားပေး လုပ်ငန်းများ ရွေးချယ်ရာတွင် ကျေးရွာအတွက် ရေရှည် အကျိုး ရှိမည့် လုပ်ငန်းများ ကိုသာ  ရွေးချယ်ရန် လိုကြောင်း   ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က  ကျေးရွာနေပြည်သူများအနေဖြင့် ကျေးရွာတွင်  ကျေးရွာဖွံ့ဖြိုး ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် စေလိုကြောင်း ပြောကြားပြီး  မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ နှင့်စပ်လျဉ်း၍   ရှင်းလင်း ပြောကြားသည်။
-
ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို တစ်ရွာလျှင် ငွေကျပ်သိန်း ၁ဝဝ နှုန်းဖြင့် ပက်မခန်းကျေးရွာ၊  ရွာသစ်ကြီးကျေးရွာ၊ ဘန့်ပြင်ကျေးရွာ၊ မကျီးရုံ ကျေးရွာ၊ ဖောင်းကတော ကျေးရွာနှင့် သာစည်ခုံ ကျေးရွာတို့မှ  ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အဖွဲ့ဝင်များအား အသီးသီး ပေးအပ်ကြသည်။ ဆက်လက်၍ ကျေးရွာ အားလုံး၏ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိသည့်အတွက် ကျေးဇူးတင် စကားပြန်လည် ပြောကြားကြောင်း သိရသည်။ 
-
ဇော်ထက် (သရက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်
-
နေပြည်တော်  ဒီဇင်ဘာ  ၂၇ 
-
မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅)နယ်ခြားစောင့် တပ်ဖွဲ့ခွဲ  အောင်သပြေနယ်မြေရုံးမှ ယာယီရဲမှူးအောင်ဆွေဦး ဦးစီးသည့်  တပ်ဖွဲ့ဝင်များ၊ စကားပြန်တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့်တပ် Panchari ကင်းစခန်း ဒုတိယ စခန်းမှူး Naib Subedar Md. Salim Uddin ဦးစီးတပ်ဖွဲ့ဝင်များ၊ စကားပြန်/လမ်းပြသုံးဦးတို့သည် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ က မြန်မာနိုင်ငံဘက်ခြမ်း နယ်ခြားမှတ်တိုင်(၅၁/၅)အနီး၌ တွေ့ဆုံဆွေးနွေး၍ မိမိတို့နိုင်ငံအသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း  နယ်နိမိတ်မှတ်တိုင်(၅၁/၅)မှ (၅၂)အထိ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ  ၂၇ 
-
(၁၉)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2)၌ ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးဆွေက သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ်  မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ရန်ကုန်)မှ ဦးမြင့်သောင်းနှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်း(စစ်ကိုင်း)မှ ဒေါက်တာနွယ်ဝင်း တို့က ဆောင်ရွက်ကြသည်။ 
-
ရှေးဦးစွာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ''ယခုနှစ်ညီလာခံကြီးမှာ အဆိုတင်သွင်း ထောက်ခံကြဖို့ ခေါင်းစဉ်လေးခုကို တင်ပြမှာဖြစ်ပါတယ်။ 
-
မြန်မာ့တိုင်းရင်း ဆေးဝါး ကဏ္ဍနဲ့  တိုင်းရင်းဆေးဝါးတွေရဲ့ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် အတွက် အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးပညာ ရှင်တွေ ပိုမိုလေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်၊ တိုင်းရင်းဆေးဖုံတွေနဲ့ ကုထုံးနည်း အသစ်တွေ ပေါ်ပေါက်စေရေးအတွက် တိုင်းရင်းဆေးသုတေသန လုပ်ငန်းတွေတိုးမြှင့်လုပ်ဆောင်ရန်နဲ့ ဆေးပညာဆိုင်ရာ ကျင့်ဝတ်တွေ လိုက်နာစေရန်နဲ့ သမားတု၊ သမားယောင်များ ပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန် အဆိုလေးခုကို တင်သွင်းဖို့ စီစဉ်ထားပါတယ်''ဟုညီလာခံတွင် တင်သွင်းမည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ပြောသည်။ 
-
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများသည် အဆိုပြုချက်များအား အုပ်စုလိုက်ဆွေးနွေးကြပြီး အဆိုပြုချက် တင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးခြင်းများ ဆောင်ရွက်ကြကြောင်းနှင့် (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံကို ဒီဇင်ဘာ ၂၈ ရက်(ယနေ့)တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ကျောက်တန်းမြို့နယ်၊ တံတားမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ကျောက်တန်းမြို့နယ်၊ တံတားမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်
-
နေပြည်တော် ဒီဇင်ဘာ ၂၇ 
-
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် ပတ်ဝန်း ကျင်ရပ်ကွက်များမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ဦးစွာ ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၄၂ ဦးတို့ကို သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှု များနှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ထို့နောက် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုးရောဂါ အကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အုတ်တွင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

အုတ်တွင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဒီဇင်ဘာ ၂၇ 
-
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။ 
-
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် ၄ဝ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည် ချောင်းရောဂါ၊ အဆုတ်ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေး စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။ 
-
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အုတ်တွင်း တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မိုင်းရှူးမြို့နယ်၊ ဝမ်ကန်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုင်းရှူးမြို့နယ်၊ ဝမ်ကန်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဒီဇင်ဘာ ၂၇ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် လွယ်ဆောင်ထောက်ဒေသ၊ ဝမ်ကန်ရပ်ကွက် အောင်မင်္ဂလာနယ်မြေနေ ဒေါ်မြစိန်(ဘ) ဦးအိုက်ကျောင်း၏ နေအိမ်အား  ဒီဇင်ဘာ ၂၆ ရက် ည ၇ နာရီခွဲခန့်တွင် ဌာနဆိုင်ရာ  တာဝန် ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်  တစ်သိန်း)နှင့်အတူဖမ်းဆီးရမိခဲ့သည်။ 
-
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ည ၈ နာရီခန့်တွင် ဝမ်ကန်ရပ်ကွက်၊ အောင်ဘောဂ နယ်မြေနေ ဦးဝင်းမြင့်(ဘ) ဦးချစ်စိန်၏ နေအိမ်အား သတင်းအရ ဆက်လက်ရှာဖွေရာ နေအိမ်အရှေ့ဆိုင်ကယ်ဂိုဒေါင်အတွင်းမှ  WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝ ပြားနှင့် R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၆၅ ပြား(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်  လေးသိန်းကျော်)နှင့်အတူထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လွယ်ဆောင်ထောက်နယ်မြေ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ငဝန်မြစ်ကြောင်း အတွင်း ရေဝင်နစ်မြုပ်ခဲ့သော ကုန်တင် စက်လှေတစ်စင်းအား ကူညီ ကယ်ဆယ်

ငဝန်မြစ်ကြောင်း အတွင်း ရေဝင်နစ်မြုပ်ခဲ့သော ကုန်တင် စက်လှေတစ်စင်းအား ကူညီ ကယ်ဆယ်
-
နေပြည်တော်  ဒီဇင်ဘာ ၂၇ 
-
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ ငဝန်မြစ်ကြောင်းအတွင်း လုံခြုံရေး ဆောင်ရွက်နေသော   တပ်ဖွဲ့ဝင်များသည် ယနေ့နေ့လယ်ပိုင်းတွင် ကပ္ပလီကျေးရွာ၏ အနောက်တောင်ဘက်  ရေမိုင် ၁ မိုင်ခန့် အကွာ၌ စက်လှေ တစ်စင်း နစ်မြုပ်နေကြောင်း သိရှိရသဖြင့် သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေးခဲ့သည်။ 
-
-
အဆိုပါစက်လှေမှာ လှေပိုင်ရှင် ဦးမျိုးဇင်အောင် အပါအဝင် လှေသားလေးဦး လိုက်ပါ လာသော ရှိုင်းဝဏ္ဏအမည်ရှိ  ကုန်တင်စက်လှေဖြစ်ပြီး   သမ္ဗာန်လေးကျေးရွာမှ ပုသိမ်မြို့ သို့ ကြက်စာ၊ ဘဲစာအိတ်များတင်ဆောင်၍ ပြန်လာစဉ် ရေလှိုင်းပုတ်ခတ်မှုကြောင့် ရေဝင် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကာ လူထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ



လွိုင်ကော်မြို့၊ ကျောက်တောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

လွိုင်ကော်မြို့၊ ကျောက်တောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဒီဇင်ဘာ ၂၇ 
-
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကျောက်တောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆို ပါကျေးရွာရှိ ရွှေဘုန်းပွင့်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသား ပြည်သူ၁၆၄ ဦးတို့ကို အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ချက်များ အပေါ် အထင်အမြင် လွဲမှားစေမည့် မဟုတ်မမှန် သတင်း ထုတ်ပြန်မှု များအား မပြုလုပ်ကြရန် လိုအပ်

ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ချက်များ အပေါ် အထင်အမြင် လွဲမှားစေမည့် မဟုတ်မမှန် သတင်း ထုတ်ပြန်မှု များအား မပြုလုပ်ကြရန် လိုအပ်
-
နေပြည်တော်၊ ဒီဇင်ဘာ - ၂၇ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ရွှေမှော်ကျေးရွာ အနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင် ဘာ ၂၄ ရက်၌ TNLA နှင့် မြန်မာစစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်မှု အပေါ် RFA ၊  The Voice ၊ Marnagar News Journal ၊ The Ladies ၊ မဇ္ဈိမ ၊ ဧရာဝတီနှင့် ခေတ်သစ်မီဒီယာ တို့မှ ထပ်ဆင့်သတင်း ထုတ် လွှတ်ခဲ့သဖြင့် ကွတ်ခိုင်မြို့နယ်၊ ရွှေမှော်ကျေးရွာအနီးတွင် တပ်မတော် စစ်ကြောင်းများနှင့် TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်းနှင့် ငြိမ်းချမ်းရေးအား ဖြစ်မြောက်မှု အားနည်း စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများ မပြုလုပ်ကြရန်လိုအပ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်တွင် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။
-
အလားတူ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာ အုပ်စုအတွင်းရှိ တွန်ကြိုင်းကျေးရွာ အနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နှင့် ဒီဇင်ဘာ ၂၅ ရက်နေ့ များ၌ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ရာတွင် တပ်မတော် စစ်ကြောင်းများက RCSS  နှင့် ပူးပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ကူ ပေး တိုက်ခိုက် ခဲ့ကြောငှ်း SSPP သတင်းနှင့်ပြန်ကြားရေး ဌာနမှ ထုတ်ပြန်မှုအပေါ် VOA ၊ The Fifth Wave News ၊ The Ladies  နှင့် ဧရာဝတီ သတင်းဌာန များမှ ထပ်ဆင့် ထုတ်လွှင့် ခဲ့ပြီး ၎င်း သတင်းအပေါ် စိစစ် မေးမြန်းမှုအား ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ၎င်းတို့ အချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခသည် တပ်မတော်နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်ဘက်ကမှ ပါဝင်ကူညီပေး ခြင်းမရှိကြောင်း ပြန်လည်ဖြေကြား ခဲ့ပြီးဖြစ်ပါသည်။ RFAသတင်းဌာန အနေ ဖြင့် ၎င်းသတင်းကို စိစစ်အတည် ပြုခြင်းမရှိဘဲ ထပ်ဆင့် ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။
-
ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ နောင်ချိုကျေးရွာ အနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO) တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအား  Tai- Freedom  မှ RCSS ၏ ထုတ်ပြန် ကြေညာချက်တွင် တပ်မတော်နှင့် PNLO တို့ ပူးပေါင်း၍ RCSS အဖွဲ့အား တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားမှု အပေါ် ဧရာဝတီသတင်း ဌာန က ထပ်ဆင့် ထုတ်ပြန်ခဲ့ပြီး တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန် တစ်ဖက် တည်းမှ ပြောဆိုမှု များကို ကိုးကား၍ ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်နေမှုအားပျက်ပြားစေရန် ရေးသား ထုတ်လွှင့် နေကြောင်း တွေ့ရှိရသည်။
-
ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ နောင်ချိုကျေးရွာ အနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအား  Tai- Freedom  မှ RCSS ၏ ထုတ်ပြန် ကြေညာချက်တွင် တပ်မတော်နှင့် PNLO တို့ ပူးပေါင်း၍ RCSS အဖွဲ့အား တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားမှု အပေါ် ဧရာဝတီသတင်း ဌာန က ထပ်ဆင့် ထုတ်ပြန်ခဲ့ပြီး တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန် တစ်ဖက် တည်းမှ ပြောဆိုမှု များကို ကိုးကား၍ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှုအားပျက်ပြားစေရန် ရေးသား ထုတ်လွှင့် နေကြောင်း တွေ့ရှိရသည်။
-
သို့ဖြစ်ပါ၍ သတင်းဌာနများ အနေဖြင့် တပ်မတော် သတင်းများအား သက်ဆိုင်ရာ လုံခြုံရေး နှင့် နယ်စပ်ရေး ရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ် များမှ တိုင်းဦးစီး ဗိုလ်မှူးကြီးများထံ သတင်းစိစစ် အတည်ပြုခြင်းများ ပြုလုပ်ပြီးမှသာ ပြည်သူသို့ အမှန်အတိုင်း တင်ပြနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ချက်များ အပေါ် အထင်အမြင် လွဲမှားစေမည့် မဟုတ်မမှန် သတင်းထုတ်ပြန်မှု များအားမပြု လုပ်ကြရန် လိုအပ် ကြောင်းနှင့် တပ်မတော် သတင်းများကို စိစစ်အတည်ပြုခြင်း မရှိဘဲ ဆက်လက် ထုတ်ပြန်လာပါက သက်ဆိုင်ရာ သတင်းဌာနများအား ဥပဒေနှင့်အညီိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်း ထုတ်ပြန်အပ်ပါသည်။ 
-
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
-
#မြ၀တီနေ့စဉ်သတင်းစာ



မိုင်းပန်မြို့နယ် တောင်ဘက်ခြမ်း အတွင်း အခြေပြုလျက်ရှိသော တပ်မတော် စစ်ကြောင်းအား SSA (ရွက်ဆစ်) အဖွဲ့မှ လာရောက် ပစ်ခတ်၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိ

မိုင်းပန်မြို့နယ် တောင်ဘက်ခြမ်း အတွင်း အခြေပြုလျက်ရှိသော တပ်မတော် စစ်ကြောင်းအား SSA (ရွက်ဆစ်) အဖွဲ့မှ လာရောက် ပစ်ခတ်၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိ
-
နေပြည်တော် ၊ ဒီဇင်ဘာ - ၂၇  
-
တပ်မတော် အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ် ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ  စစ်ဆင်ရေး နယ်မြေ အလိုက် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှု အားလုံး ရပ်ဆိုင်း ပေးထားပြီး ဖြစ်သည်။ 
-
ထိုသို့ စစ်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းထားစဉ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ် အတွင်းရှိ မိုင်းပန်-နောင်လေ-ပန်ပိ ဆက်သွယ်ထားသော လမ်းကြောင်းအနီး အခြေပြုလျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား SSA(ရွက်ဆစ်)အဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ် ခဲ့ပြီး ကားလမ်းမြောက်ဘက်သို့ ပြန်လည်ဆုတ်ခွာ သွားခဲ့ သည်။ အဆိုပါ လာရောက် ပစ်ခတ်မှုကြောင့် မိမိတပ်မတော်မှ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့ သဖြင့် မိုင်းပန် မြို့နယ်ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိသည်။ 
-
SSA(ရွက်ဆစ်) အဖွဲ့များ အနေဖြင့် ၎င်းဒေသသို့ နယ်မြေကျော်လွန် ၀င်ရောက် လာခဲ့ခြင်း ဖြစ်သည့် အပြင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် ပန်ပိကျေးရွာ ဘုန်းတော်ကြီး ကျောင်း အတွက် ဟိုပုန်းကိုရင်လေး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် ဒေသခံပြည်သူများမှ လှူဒါန်းသော ပစ္စည်းများ ပို့ဆောင်သည့် ယာဉ်တန်းအား ၎င်းအဖွဲ့က တားမြစ်၍ လမ်းကြောင်း ပိတ်ဆို့ဟန့်တားမှုများ ပြုလုပ်ခဲ့သဖြင့်တပ်မတော် စစ်ကြောင်းက ကူညီ ဆောင်ရွက်ပေးရန် သွား ရောက်ရာ၌လည်း နှောင့်ယှက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ 
-
ထို့အပြင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် ရက်စွဲပါ ထုတ်ပြန်ကြေညာချက် တွင်လည်း တပ်မတော်နှင့် PNLO/PNLA အဖွဲ့တို့ ပူးပေါင်း၍ ၎င်းတို့အား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆောင်ရွက်နေသည့် အသွင်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသား ထားသည်ကို တွေ့ရှိ ရသည်။ 
-
တပ်မတော် အနေဖြင့် စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ရပ် ဆိုင်းထားရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက် အတိုင်း သန္နိဌာန်စိတ်ဖြင့် ခိုင်ခိုင် မာမာ ဆက်လက်ရပ်တည် သွားမည် ဖြစ်ကြောင်းနှင့် SSA(ရွက်ဆစ်)အဖွဲ့က ယခုကဲ့သို့ ဆောင်ရွက် လာခြင်းအား တရား ဥပဒေ ဘောင်အတွင်းမှ ပြန်လည်တုန့်ပြန် သွားမည် ဖြစ် ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ် ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ် ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြား
-
နေပြည်တော်၊  ဒီဇင်ဘာ- ၂၇   
-
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင် ကျော် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်က နယ်မြေဒေသ လုံခြုံရေးနှင့်  တည်ငြိမ်အေးချမ်းမှု ရှိစေရန် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
-
-
ရှင်းလင်း တင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
-
-
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် မွန်းလွဲပိုင်းတွင် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြား သည်။ အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
-
-
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာ၌ ၂၀၁၁ ခုနှစ်ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာတွင်  လက်ရှိနိုင်ငံရေး စနစ်မှာ သက်တမ်း နုနယ် သေးသဖြင့် နိုင်ငံရေးစနစ် တည်ငြိမ်မှုရှိအောင် တပ်မတော်က ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် တာဝန်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက်ပါ ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်းမှာ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ဖွဲ့စည်းရာတွင် ပါဝင်ကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များသည်  ပြည်သူများမှ ပေါက်ဖွားလာသော နိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်သဖြင့် နိုင်ငံ၏ ကောင်းခြင်း၊ ဆိုးခြင်းများကို အတူမျှဝေ ခံစားကြရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ၀ိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊  တပ်မတော် အနေဖြင့် ဒေသအကျိုးစီးပွား တိုးတက် ကောင်းမွန်စေရန်၊ ပြည်သူများ၏ အကျိုးစီးပွားကောင်းမွန်စေရန်နှင့် ပြည်သူများ၏ ဘ၀လုံခြုံမှု ရှိစေရန် ကူညီဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်တွင်းငြိမ်းချမ်းမှု ရရှိရန်အတွက် တပ်မတော်၏ သဘောထား ကြေညာချက်အား ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု အဆင့်အဆင့်ကို မထိခိုက်ရန်၊  ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံမှုအား မထိခိုက်ရန်၊ လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွှေ့ရေးကို မထိခိုက်ပါကတပ်မတော် အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှုကို ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်မှာ တပ်မတော်၏ ရှင်းလင်း ပြတ်သားသည့် သဘောထားပင် ဖြစ်ကြောင်း ပြောကြားသည်။
-

-
ထို့နောက် တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလနှင့် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး ကာလများတွင် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်နှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးအတွက်  ရှိသည့် စစ်အသုံးအဆောင် ပစ္စည်းများနှင့်  မိမိတို့အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ရွှံရွှံ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယခုအခါ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအားရှိအောင် တည်ဆောက်လျက်ရှိကြောင်း၊ ကာကွယ်ရေးတာဝန် ဆိုသည်မှာ ယခုချက်ချင်း ဆောင်ရွက်၍မရသဖြင့် တပ်မတော်မှ သတ်မှတ်ထားသည့်  စံချိန်စံညွှန်းများ အတိုင်းမှန်မှန်ကန်ကန် လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ သတ်မှတ် ထားသော နေ့စဉ်လုပ်ငန်းများ၊ အမိန့်နှင့် ညွန်ကြားချက်များကို မည်သည့် တိုက်တွန်းမှုမှ မပါဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်နေခြင်းသည် အမြဲမပြတ် လေ့ကျင့်နေခြင်းပင် ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်သားတိုင်းသည် စစ်သားကောင်း စိတ်ဓာတ်ရှိအောင် အမြဲမွေးမြူ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိကိုယ်ကို တန်ဖိုးထားနေထိုင်ပြီး မိမိတာဝန် ထမ်းဆောင်သည့် တပ်ကို ချစ်ရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူး ကိုသိရှိပြီး နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် ပေးအပ်လာသည့် တာဝန်ကိုတုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြသူများ ဖြစ်ကြောင်း၊  မိမိတို့၏ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် အလေ့အကျင့် ကောင်းများကို မွေးမြူရမည် ဖြစ်ကြောင်း မှာကြားသည်။
-

-
ဆက်လက်ပြီး တပ်မှူးများနှင့်တစ်ဆင့်မြင့်ကြီးကြပ်ကွပ်ကဲနေရသူများအနေဖြင့် အုပ်ချုပ်မှုနှင့်ပတ်သက်ပြီး ညီညွတ်မျှတရန်လိုကြောင်း၊ ခေါင်းဆောင်များဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှကြည့်၍ မကောင်းတာကို တားမြစ်ရန်၊ ကောင်းတာကိုတိုက်တွန်းပြီး ရဲဘော်ရဲဘက်စိတ်ဖြင့် ညီညွတ်မျှတစွာဆောင်ရွက် ပေးလိုသည့် စိတ်မွေးမြူရန်လိုကြောင်း၊ စည်းကမ်းနှင့်ပတ်သက်ပြီး စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်၊ တားမြစ်ချက်များပင်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်စည်းကမ်းများနှင့်အညီ နေထိုင်ရန်လိုပြီး ကန့်သတ်ချက် များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်သားများသာမက မှီခိုသူရဲမေများကိုလည်းစစ်ပညာများသင်ကြားပေးခြင်းသည် စည်းကမ်းလိုက်နာမှုကို ပိုမိုအထောက်အကူဖြစ်စေကြောင်း၊ ကျန်းမာ ရေးကိုထိခိုက်စေနိုင်သည့် ဆေးလိပ်၊ ကွမ်း၊ အရက် သုံးစွဲမှုများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် လိုအပ်ပြီးမိမိတို့ဝင်ငွေနှင့်ထွက်ငွေညီညွတ်မျှတစွာသုံးစွဲရန်လိုကြောင်းမှာကြားသည်။
-
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ရာ တိုင်းမှူး နှင့်ဇနီးတို့က လက်ခံ ရယူကြသည်။ ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စား သောက်ဖွယ်ရာများနှင့် အားကစား ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
-
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကျိုင်းတုံမြို့ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများအား တွေ့ဆုံပြီး နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များအား မေးမြန်းပြောကြားပြီး ဒေသထွက်ကုန် အသီးအနှံများအား ဖွံ့ဖြိုးတက် အောင်ဆောင်ရွက်ရန် လိုအပ်မှု၊ ရာသီဥတု ထိန်းသိမ်းနိုင်ရန် အတွက် သစ်တောများ ပြုန်းတီးမှု မရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု၊ ဒေသစားသောက်မှု ဖူလုံစေ ရေး အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှု၊ ကျောင်းနေမှု ရာခိုင်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ လူငယ်များ ဘွဲ့ရပညာတတ်များဖြစ်မှ မိမိခြေထောက် ပေါ်ရပ် တည်နိုင်မည့် အတွေးအခေါ် အမြော်အမြင်များ ရရှိနိုင်သည်ဖြစ်၍ အတန်း ပညာများ အောင်မြင်အောင် သင်ကြားပေးရန် လိုအပ်မှုနှင့် ဒေသတွင်း ရေအရင်းအမြစ်နှင့် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ရန် လိုအပ်မှုများနှင့် ရပ်မိ ရပ်ဖများ၊ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး အခြေအနေနှင့် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ ချက်များအပေါ် ရင်းရင်းနှီးနှီး ပြန်လည်ဆွေးနွေး အကြံပြုပြောကြားသည်။
-
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ညနေပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရိုမန်ကတ်သလစ် ဘုရားကြောင်း (RCM) သို့ရောက်ရှိကြပြီး ဆရာတော် ပီတာလွီးစ်ကျာခူ နှင့် တွေ့ဆုံပြီး ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေများအား မေးမြန်းနှုတ်ဆက်  စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆရာတော်ကြီးအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ဆရာတော်ကြီးက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ ခရစ်စမတ်လက်ဆောင် ပေးအပ်ပြီး ခရစ်စမတ် ဆုတောင်းတေး သီချင်းအား အတူတကွ သီဆိုကြသည်။ ယင်းနောက် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၁၂-၂၀၁၈)


ရတနာပုံနေ့စဉ်သတင်းစာ (၂၈-၁၂-၂၀၁၈)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၂၈-၁၂-၂၀၁၈)

မြဝတီနေ့စဉ်သတင်းစာ (၂၈-၁၂-၂၀၁၈)

-
 Download Links

Thursday, December 27, 2018

ဟိုတယ်နှင့် ခရီးသွားလာမှုများတွင် မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြုနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ

ဟိုတယ်နှင့် ခရီးသွားလာမှုများတွင် မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြုနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ
-
ရန်ကုန်  ဒီဇင်ဘာ  ၂၆ 
-
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ထပ်မံဖော်ဆောင်မည့် ဟိုတယ်အဆောက်အအုံများ၊ ဈေးဝယ်စင်တာများနှင့် ခရီးသွားဒေသများ၌ မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြု သွားလာနိုင်စေရန် လိုအပ်ချက်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ညှိနှိုင်းကာ ခွင့်ပြုချက် ရယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် မြို့ အလုံလမ်းရှိ Summit  Parkview  ဟိုတယ်၌ ယနေ့တွင် ကျင်းပသည့် ဟိုတယ်နှင့် ခရီးသွားလာမှုများတွင် မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြုနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။ 
-
''ဒီနေ့အစည်းအဝေးက  ဟိုတယ်နဲ့ခရီးသွားလာရေး ကဏ္ဍမှာ  မသန်စွမ်းသူတွေ ခရီးသွားလာရာမှာ လွယ်ကူအဆင်ပြေစေဖို့ အဓိကဦးစားပေး ဆွေးနွေးပါတယ်။ ဟိုတယ် နဲ့ခရီးသွားလာရေး ကဏ္ဍမှာတိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဒေသဆိုင်ရာ ကော်မတီ တွေဖွဲ့စည်းပြီး  ဟိုတယ်တွေ  စပြီးဆောက်လုပ်ရင် မသန်စွမ်းသူတွေ သွားလာမှုအဆင် ပြေအောင်    အသုံးပြုနိုင်မယ့် လမ်းတွေ၊ အဆင့်မြင့်အဆောက်အအုံတွေနဲ့ တန်ခိုးကြီး ဘုရားတွေမှာ မသန်စွမ်းသူတွေ သွားလာနိုင်မယ့် လမ်းကြောင်းတွေကို အသစ်လုပ်မယ်။ ရှိပြီးသားတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့နဲ့ မရှိသေးဘူးဆိုရင် ဖြည့်စွက်ဆောင်ရွက်မယ်။နောက်ထပ် ဆောက်လုပ်မယ့် ဟိုတယ်တွေကိုလည်း  မသန်စွမ်းသူတွေ အသုံးပြုနိုင်တဲ့  သတ်မှတ်ချက်နဲ့အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးဖို့ ဆောင်ရွက်ပါမယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန   ညွှန်ကြားရေးမှူး  ဦးနိုင်ဝင်းကပြောသည်။ 
-
အဆိုပါဆွေးနွေးပွဲ၌ မသန်စွမ်းသူများ အပေါ်ရှုမြင်နေသော ပုံစံများ၊ အတွေးအမြင်များ၊ လူသားဆန်သော အမြင်၊  ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍကို  ဖော်ဆောင်ရာတွင် မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများအတွက် ထည့်သွင်း ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများ၌ မသန် စွမ်းသူများ   အဆင်ပြေစေရေး အတွက်   ဖော်ဆောင်မှုများကို စံပြအဖြစ်ထည့်သွင်းဆွေးနွေးခြင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖော်ဆောင်ရာတွင် မသန်စွမ်းသူများအတွက်  မူဝါဒများ ထည့်သွင်းမည့် အခြေအနေများကို တာဝန်ရှိသူများက တက်ရောက်ဆွေးနွေးကြသည်။ နိုင်ငံတကာ၌မသန်စွမ်းသူများ၏ အရေးကို အသိအမှတ် ပြုထားသကဲ့သို့ မြန်မာနိုင်ငံ၌လည်း မသန်စွမ်းသူများ၏အရေးကို ဥပဒေပြုရေးဆွဲပြီး အသိအမှတ်ပြုထားသည်။ 
-
အိမ်နီးချင်း နိုင်ငံဖြစ်သော တရုတ်နိုင်ငံ သည် မသန်စွမ်းသူများ သွားလာနိုင်စေရန် ပလက်ဖောင်းများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၌ လျှောက်လမ်းများ စီမံထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ဟိုတယ်ကြီးများ၊ ဈေးဝယ်စင်တာ များနှင့် အထင်ကရနေရာများ၌ မသန်စွမ်းသူများ သွားလာရာတွင် အဆင်ပြေရန် ဆောင်ရွက် ထားသော်လည်း တချို့ဟိုတယ်နှင့်ခရီးသွားကဏ္ဍများတွင် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရာဇမဏိစူဠနန်းဦး စေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ

ရာဇမဏိစူဠနန်းဦး စေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ
-
မြစ်ကြီးနား ဒီဇင်ဘာ ၂၆ 
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာအုပ်စု နယ်မြေ(၅)ရှိ ဓမ္မပါရဂူရေဦး ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရာဇမဏိစူဠနန်းဦး စေတီတော်မြတ်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးနှင့် ဆွမ်းသပိတ်လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ကြီး၌  ကျင်းပသည်။ 
-
ရှေးဦးစွာဆရာတော်၊ သံဃာတော်များနှင့်   ရှင်သာမဏေများအား ဘုရားဒါယကာနှင့် ဒါယိကာမမိသားစု၊ စေတနာရှင်ပြည်သူများက ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုအစုစုကို လောင်းလှူ ပူဇော်ကြသည်။ 
-
ဆက်လက်၍  ဆွမ်းသပိတ်နှင့် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း အခမ်းအနားကို အဆိုပါကျောင်းတိုက်အတွင်းရှိ မနောဒယ  ဓမ္မာရုံတော်ကြီး၌ ကျင်းပရာမန္တလေးမြို့ မြစေတီကျောင်းတိုက်မှ ရွှေနီကန်ဆရာတော် အရှင်ပညာဝုဓ (နယ်လှည့်ဓမ္မကထိက) ကြွရောက်တော်မူပြီး တက်ရောက်လာသည့် အလှူရှင်များက ဆရာတော်အား သြကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ ဆရာတော်ထံမှ  ငါးပါးသီလတော်မြတ်အား    ခံယူဆောက်တည်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 
-
ဆွမ်းသပိတ်လောင်းလှူရာသို့ မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းတိုက် ၃၅ တိုက်မှ ဆရာတော်၊ သံဃာတော် နှင့် သာမဏေ ၄၂၃ ပါး ကြွရောက်တော်မူပြီး စေတီတော်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ကျေးလက်ရိုးရာ မြေဝိုင်းပြဇာတ် ခင်းကျင်းကပြခြင်းများ၊ မြန်မာ့ရိုးရာ ဝိုင်းခြင်းအလှခတ်ခြင်းနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ကျင်းပပေးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသော လူစီး အမြန်ရေယာဉ်များတွင် အမှိုက်ပုံးများ တပ်ဆင် အသုံးပြုရေး စီစဉ်လျက်ရှိ

-
မုံရွာ ဒီဇင်ဘာ ၂၆ 
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ  ခန္တီးမြို့အထိ  ပြေးဆွဲလျက်ရှိသော လူစီးအမြန် ရေယာဉ်များ၌ အမှိုက်ပုံးများ တပ်ဆင်အသုံးပြုရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။ လူစီးအမြန်ရေယာဉ်များ ပြေးဆွဲရာတွင် လမ်းခရီးတစ်လျှောက် ခရီးသည်များ အနေဖြင့် မိမိအသုံးပြုသည့် အမှိုက်များကို ချင်းတွင်းမြစ်အတွင်းသို့ မစွန့်ပစ်ဘဲ အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ချင်းတွင်းမြစ်ကြီး ရေရှည်တည်တံ့ပြီး ရေထုညစ်ညမ်းမှုနှင့် ချင်းတွင်းမြစ်ကြီး၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ကာကွယ်နိုင်ရန် စီစဉ်ခြင်းဖြစ်ကာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ထားရှိပေးနိုင်ရေး စီစဉ်လျက် ရှိကြောင်း သိရသည်။ 
-
ရေယာဉ်များတွင် အမှိုက်ပုံးများထားရှိပြီး အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးကို ၂ဝ၁၇ ခုနှစ်အတွင်းက စတင်လုပ်ဆောင်ခဲ့သော်လည်း ရေယာဉ်များ အနေဖြင့် ဝယ်ယူ အသုံးပြုသောအမှိုက်ပုံးများ သေးနေ၍ အမှိုက်စွန့်ပစ်ရန်မလုံလောက်ခြင်းကြောင့် အမှိုက်ပုံးအကြီးများဖြင့် ပြောင်းလဲအသုံးပြုရေး အတွက် စီစဉ်ပေးခြင်းဖြစ်သည်။ ''ချင်းတွင်းမြစ်အတွင်း  သွားလာနေတဲ့ ကုန်တင်ရေယာဉ်တွေ၊ လူစီးအမြန် ရေယာဉ်တွေ၊ ပက်လက်တွဲတွေ အမှိုက်စွန့်ပစ်မှု အနေနဲ့ ရေယာဉ်တိုင်းမှာတော့ အမှိုက်ပုံးတွေ တင်ခိုင်းထားတယ်။ 
-
အထူးသဖြင့် လူစီးအမြန် ရေယာဉ်တွေမှာပါ မြစ်အတွင်းကို အမှိုက်တွေမစွန့်ပစ်အောင်လို့ ဌာနအနေနဲ့ကလည်း အမြန်ရေယာဉ် အသင်းတွေနဲ့ ခေါ်ယူညှိနှိုင်းပြီး အမှိုက်ပုံးတွေကို သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူပြီး တင်ပေးမယ်။  ရေယာဉ်တွေပေါ်က  စွန့်ပစ်အမှိုက်တွေကို ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ မြို့တွေက ဆိပ်ကမ်းတွေ ရောက်ရင် စည်ပင်သာယာရေး အဖွဲ့တွေရဲ့ အမှိုက်ပုံးကြီးတွေ ရှိတယ်။ အဲဒီမှာ စွန့်ပစ်ဖို့ ရေယာဉ်ဝန်ထမ်းတွေကို အသိပညာပေးထားသလို အမှိုက်ကို ရေထဲမစွန့်ပစ်ဘဲ သတ်မှတ် အမှိုက်ပုံးထဲမှာ စွန့်ပစ်ရေး၊  ခရီးစဉ်မထွက်ခင်  ရေယာဉ် စစ်ဆေးမှုတွေလုပ်တဲ့ အချိန်မှာ ခရီးသည်တွေကို အသိပညာပေးတာတွေ လုပ်နေတယ်။ 
-
အမြန်ရေယာဉ် တစ်စင်းကို အမှိုက်ပုံးကြီးတစ်ပုံးတင်ပေးဖို့ အခုလောလောဆယ် စီစဉ်နေပါတယ်။နောက်ပိုင်းမှာတော့ ရေယာဉ်အရှေ့ပိုင်းမှာ တစ်ပုံးနဲ့   အနောက်ပိုင်းမှာတစ်ပုံး တင်ပေးနိုင်အောင်စီစဉ်မှာပါ''ဟု စစ်ကိုင်းတိုင်းဒေသကြီး   ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန  ဦးစီးမှူးက ပြောသည်။ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေပုဒ်မ(၃၄)တွင် ရေထုပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရန်အန္တရာယ်ဖြစ်စေသော  ဓာတုပစ္စည်းကိုဖြစ်စေ၊ ရေနံ သို့မဟုတ် ရေနံရောထားသော ပစ္စည်းကိုဖြစ်စေ၊ အခြားအရာဝတ္ထုကိုဖြစ်စေ ပြည်တွင်းရေကြောင်း အတွင်းသို့ စွန့်ပစ်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပြီး ထိုသို့ဖောက်ဖျက် ကျူးလွန်ပါက အပိုဒ်(၄၄)တွင် ပုဒ်မ(၃၄)ပါတားမြစ်ချက် တစ်ရပ်ရပ်ကို   ဖောက်ဖျက်ကြောင်း  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်  ထောင်ဒဏ်(၂)နှစ်ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ငါးသိန်းမှ ၂၅သိန်းအထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။ 
-
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်  အထက်အောက်စုန်ဆန် ပြေးဆွဲလျက်ရှိသော ရေယာဉ်များအပေါ်မှ နေ့စဉ် လူတို့အသုံးပြုပြီးသော ပလတ်စတစ် အိတ်ခွံများ၊ ဖော့ထမင်းဘူးများ၊ ရေသန့်ဘူးခွံများကို ချင်းတွင်းမြစ် အတွင်း အများဆုံးစွန့်ပစ်ခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တီးတိန်မြို့ထွက် ရွှေဖီရွက်သစ်လက်ဖက်ခြောက်များ ကလေးမြို့ဈေးကွက်သို့ ပိဿာချိန် ထောင်ချီတင်ပို့ရောင်းချနေရ

တီးတိန်မြို့ထွက် ရွှေဖီရွက်သစ်လက်ဖက်ခြောက်များ ကလေးမြို့ဈေးကွက်သို့ ပိဿာချိန် ထောင်ချီတင်ပို့ရောင်းချနေရ
-
တီးတိန် ဒီဇင်ဘာ ၂၆ 
-
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးသည့် လက်ဖက်ခင်းမှ လဖက်ခြောက်များ နိုင်ဝင်ဘာလဆန်းပိုင်းက စတင်၍ လှိုင်လှိုင်ထွက်ရှိနေပြီး ကလေးမြို့မဈေးကွက်သို့ ရွှေဖီ-ရွက်သစ်လဖက်ခြောက်ပိဿာချိန် ထောင်ချီတင်ပို့ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။ 
-
ချင်းတောင်လက်ဖက်ခြောက်ကို တီးတိန်မြို့နယ် မွာလ်ဇန်၊ ထန်စန်၊ တွီးဗျားလ်၊ ဒေါလ်လွင်၊ ဆွောင်းဒေါ့ ကျေးရွာတို့၌ လက်ဖက်ပင် စိုက်ပျိုးမှုများပြားပြီး နှစ်စဉ်ကလေးဒေသသို့ လက် ဖက်ခြောက်ပိဿာချိန် ထောင်ချီတင်ပို့ ရောင်းချမှုရှိရာ ကလေးမြို့နယ် ရှားဖို၊ ကျောက်ပြုတ်၊ တင်သား၊ ကံပုလဲ၊ ကျောင်းတိုက်၊ ဆည်တော်ဦး ကျေးရွာနှင့် ကလေးဈေးကွက်မှတစ်ဆင့် ပခုက္ကူ၊ မုံရွာနှင့် ဂန့်ဂေါနယ် နှမ်းခါး၊ မွေ့လယ်ကျေးရွာတို့သို့ တင်ပို့ရောင်းချကြကာ ယခုရက် ပိုင်း ချင်းတောင်ထွက် ရွှေဖီ-ရွက်သစ်လက်ဖက်ခြောက် တစ်ပိဿာလျှင် ၅၅ဝဝ ကျပ်၊ လက် ဖက် အဖန်လှော်ခြောက် ၁ဝဝဝဝ ကျပ၊် လက်ဖက်အချို ၆ဝဝဝ ကျပ် ပေါက်ဈေးရှိသည်။ 
-
''တီးတိန်မြို့နယ်ထဲမှာ အရင်ကလက်ဖက် စိုက်ခင်း ဧကသောင်းချီ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခက် အခဲ အမျိုးမျိုးတွေကြောင့် အခုတော့ ဧကထောင်ချီလောက်ပဲ ရှိပါတော့တယ်။ ဖလမ်း၊ ဟားခါး၊ မင်းတပ် ဒေသတွေမှာလည်း လက်ဖက် စိုက်မျိုးထုတ်လုပ်မှု ရှိတော့ရှိတယ်။ လက် ဖက်အချိုအခြောက် လုပ်ငန်းနဲ့ လက်ဖက်စို လုပ်ငန်းကတော့ နည်းပညာ လိုအပ်ချက်အရ ထုတ်လုပ်ရောင်းချမှု နည်းပါးပါသေးတယ်။ လက်ဖက်ကို မတ် ၁ဝ ရက်နဲ့ ဧပြီ၁ဝ ရက်အတွင်း ခူးရင် အကောင်းဆုံးဖြစ်ပါတယ်''ဟု ဆွောင်းဒေါ့ကျေးရွာ လက်ဖက် စိုက်ခင်းပိုင်ရှင်က ပြောသည်။ 
-
ချင်းပြည်နယ်ကို လက်ဖက်ပြည်နယ်ဟု စီမံကိန်းတစ်ရပ်အဖြစ် တွန်းအားပေး အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ အလိုအပ်ချက်များ၊ လက်ဖက် ခြံပြုပြင်ရေးနှင့်ထွက်ရှိလာသည့် လက်ဖက်ရောင်းချရေး အခက်အခဲများ၊ ငွေပင်ငွေရင်း လိုအပ်ချက်များနှင့် ဈေးကွက် လိုအပ်ချက်များကြောင့် လက်ဖက်စိုက် တောင်သူတို့မှာ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ပြီး တီးတိန်မြို့နယ်၌သာလက်ဖက်ခြောက် အများဆုံး အောင်မြင် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။ 
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

စိတ်ဓာတ်မြင့်မားပျိုမေများ ဝင့်ကြွားဟန်ချီလှမ်းကြပြီ

-
နှင်းမှုန်မှုန်ဖွေးသော နတ်တော်လရာသီတွင် နှင်းသောက်ရွှင်ရွှင် ဖူးတံဆင်သည့် သဇင် ရွှေပွင့် တို့ လှတင့်လှတယ်ပွင့်ကြနှယ် တပ်မတော်(ကြည်း)ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၅)မှ လှမျက်ခြယ်တို့၏ ဒီဇင်ဘာ ၂၆ ရက်ကကျင်းပသော သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြကလည်း လှတင့်လှတယ် ဝင့်ထည်ကြသည်။
-
မြန်မာ့သမိုင်းတွင် အမျိုးသမီးများ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တစွမ်းရည်များကို မော်ကွန်း တင်ထားသည်များအား ပုဂံခေတ်မှစ၍ တွေ့ရသည်။ ကျစွာမင်း၏ သမီးတော် သံဗျင်မင်းသမီးသည် ဂေါတမမြတ်စွာဘုရား တရားတော် ပိဋကတ်သုံးပုံကို ကျွမ်းကျင်ပိုင်နိုင်သဖြင့် ရဟန်း တော်များအား စာဝါပို့ချနိုင်သည်အထိ ထူးခြားသော စွမ်းဆောင်ရည်ရှိသူ ဖြစ်သည်။ ပုဂံ ခေတ်နောက်ပိုင်း တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် တို့တွင်လည်း ထူးချွန်သော အမျိုးသမီး စာဆိုများ ပေါ်ထွန်းခဲ့ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ လည်း မြန်မာ အမျိုးသမီးတို့၏ မျိုးချစ်စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်ကို တွေ့ရသည်။ လွတ် လပ်ရေးရပြီးနောက်ပိုင်းကာလများတွင်လည်း မြန်မာ အမျိုးသမီးတို့၏ ကာယ၊ ဥာဏ၊ ဝီရိယ စွမ်းအားဖြင့် နိုင်ငံနှင့် လူမျိုးဂုဏ် မညှိုးစေရန် ကြိုးပမ်းအားထုတ်မှုများကို တွေ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။
-
မြန်မာ အမျိုးသမီးများသည် နိုင်ငံတော် တည်ဆောက်ရေး တာဝန်ကို တစ်တပ်တစ်အား ပါဝင် ထမ်းဆောင်လျက်ရှိကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီး၌ တွေ့ရ သည်။ နိုင်ငံတော်ကိုကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်အောင် တည်ဆောက်ရာတွင် အမျိုး သမီးများ ပါဝင်ကြသကဲ့သို့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင်လည်း အမျိုး သမီးများ ပါဝင်ခွင့်ရရန် တပ်မတော်က အမျိုးသမီး စစ်မှုထမ်း စည်းမျဉ်းကိုပြဋ္ဌာန်း၍ မည် သည့် တိုင်းရင်းသားမဆို စစ်မှုထမ်း စည်းမျဉ်းနှင့်အညီ တာဝန်ထမ်းဆောင် ခွင့်ပြုထားသည်။
-
တပ်မတော်ကို နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီတပ်မတော် (Standard Army)ဖြစ်စေရန် ရည်မှန်းတည်ဆောက်လျက်ရှိရာ အုပ်ချုပ်မှုတာဝန် နှင့်ပညာ ရပ်ဆိုင်ရာ တာဝန်များ ထမ်းဆောင်ရန် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) မှစ၍ ယခုအမှတ်စဉ်(၅)အထိ လေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။ အမျိုးသမီး ဗိုလ်လောင်း များသည် သင်တန်း ကာလကိုးလအတွင်း စစ်နည်းဗျူဟာ ဘာသာရပ်၊ အုပ်ချုပ်မှုဆိုင်ရာ ဘာသာရပ်တို့ကို လေ့လာသင်ယူကြရာ၌ စစ်နည်းဗျူဟာ ဘာသာရပ်များမှာ စာတွေ့လက် တွေ့သင်ယူကြရသည်။ စာတွေ့ လက်တွေ့သင်ယူကြရသော စစ်နည်းဗျူဟာဘာသာရပ် သည် သဘောတရားနှင့် လက်တွေ့ကို ပေါင်းစပ်ရသော လေ့ကျင့်ခန်း ဖြစ်သဖြင့် လူတို့ လောကနှင့် ပတ်ဝန်းကျင်တို့ကို သဟဇာတဖြစ်အောင် ဖန်တီးယူနိုင်သည့် စွမ်းရည်မြင့်မားစေ သော သင်ခန်းစာ ဖြစ်သည်။ ယှဉ်ပြိုင်ခြင်း သဘောကို ဆောင်သော စစ်ပညာသည် လူနှင့် ပတ်ဝန်းကျင်တို့ကို လေ့လာပြီး ပို၍ကောင်းမွန်အောင် မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် ပြုပြင် ဖန်တီးရာတွင် အသုံးဝင်သည့် ပညာရပ် တစ်မျိုးဖြစ်သည်။
-
ယနေ့ နိုင်ငံတော်တွင် ပြည်သူတို့လိုလား တောင့်တနေကြသော ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေကြရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ တိုးတက်ရေးအတွက် တပ်မတော်က ပါဝင်ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတော် တည်ငြိမ် ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲကြိုးပမ်းလျက်ရှိကြရာ ပြည်သူတို့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး တာဝန်ထမ်းဆောင်နေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက ဒီဇင်ဘာ ၂၁ ရက်တွင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို ရည်မှန်းသော ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။ အဆိုပါ ကြေညာချက်၌ ''၂ဝ၂ဝ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားကြောင်းနှင့် တပ်မတော် အနေဖြင့် သန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်းသား ပြည်သူလူထု လိုလားတောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက် အပ်နှင်းမည်ဟူသည့် သန္နိဋ္ဌာန်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက လည်း ကတိကဝတ်ပြုပြီးနောက် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနှင့် ပြည်ထောင်စု သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးသတ်မှတ်လုပ်ငန်းစဉ်များ အတိုင်းပြီးမြောက် အောင်မြင် သည်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်'' ဟူ၍ ဖော်ပြထားသည်။
-
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများ တိုးတက်ကောင်းမွန်မှု နှင့်အတူ တိုင်းရင်းသား နယ်မြေများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင် အထည်ဖော်မှုတွင်လည်း တပ်မတော် အနေဖြင့် စွမ်းအားရှိသမျှ ပါဝင်ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ရာ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်း အမျိုးသမီး အရာရှိများအနေဖြင့် တစ်တပ်တစ်အားပါဝင်ကြရမည်မှာ ဂုဏ်ယူဖွယ် တာဝန် တစ်ရပ်ဖြစ်ကြောင်း မြဝတီက ထပ်လောင်း ပြောကြားရင်း ကြိုဆိုဂုဏ်ပြု လိုက်ရပါသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

UPR လုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကသိစေရန် စနစ်တကျ ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်

UPR လုပ်ငန်းစဉ်သည်  မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကသိစေရန် စနစ်တကျ ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်
-
နေပြည်တော် ဒီဇင်ဘာ ၂၆ 
-
ကမ္ဘာ့နိုင်ငံ အားလုံး၏  လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏  ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြား သည်။ 
-
အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်နှင့် ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦး၊ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ  ဦးဝင်းမြ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာမြလေးစိန်နှင့် ဦးဆက်အောင်၊  အမြဲတမ်း အတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
-
အစည်းအဝေးတွင်  ဒုတိယသမ္မတက Universal   Periodic Review(UPR) ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို  ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ်(၆၅/၂၅၁) အရ  ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UPRပထမအကျော့ (First Cycle)ကို ၂ဝ၁၁ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကျော့ (Second Cycle)ကို ၂ဝ၁၅ ခုနှစ်တွင် လည်းကောင်း အစီရင်ခံစာများကို သက်ဆိုင်ရာ အကျော့အလိုက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင်    သုံးသပ်မှု ခံယူခဲ့သည်ကို တွေ့ရှိရကြောင်း။ 
-
ဒုတိယအကျော့ (Second Cycle) သုံးသပ်မှု ခံယူခဲ့စဉ်က အဖွဲ့ဝင်နိုင်ငံပေါင်း ၉၃ နိုင်ငံ၏ အကြံပြု တိုက်တွန်းချက်ပေါင်း  ၂၈၁ ချက်တွင် ၁၆၆ ချက်ကို လက်ခံခဲ့ကြောင်း၊ လက်ခံခဲ့သည့် အကြံပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ၂ဝ၁၆ ခုနှစ် သြဂုတ် ၉ ရက်နှင့် ၁ဝ ရက်တို့တွင် နေပြည်တော်၌ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဦးဆောင်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း။ 
-
ထို့အတူ ၂ဝ၁၈ ခုနှစ် ဇွန် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် The Lutheran World Federation(Myanmar) တို့ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုလည်း ထပ်မံကျင်းပခဲ့ကြောင်း၊ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိခဲ့သည့် ရလဒ်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ရာနိုင်ငံတော်သမ္မတရုံးက ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် Universal Periodic Review(UPR) အကြံပြု တိုက်တွန်းချက်များ  အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့်  ကော်မတီကို လုပ်ငန်းတာဝန်(၅)ရပ် ချမှတ်ကာ အဖွဲ့ဝင် ၂၅ ဦးဖြင့်   ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း။ 
-
၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် အမျိုးသားအဆင့် ကော်မတီ၏ အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကော်မတီ အတွင်းရေးမှူး  ပြည်ထဲရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဆောင်၍ တာဝန်ရှိသူများနှင့် ကျင်းပခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များနှင့် ပတ်သက်၍  အကောင်အထည် ဖော်ဆောင်ရွက်ရမည့် ကဏ္ဍ(၁၂)ရပ်အတွက် တာဝန်ခံဝန်ကြီးဌာန၊ အဖွဲ့အစည်းများကို သတ်မှတ်နိုင်ခဲ့ကြောင်း၊ အဆိုပါကဏ္ဍ(၁၂)ရပ် အတွက် တာဝန်ခံ ဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှာ''အဓိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင်ပါဝင်ချုပ်ဆိုရန် ကိစ္စရပ်(၄၁)ရပ်''နှင့်စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက လည်းကောင်း၊ ''အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်(၇)ရပ်'' နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က လည်းကောင်း၊ ''ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်(၄)ရပ်'' နှင့် စပ်လျဉ်း၍  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက လည်းကောင်း၊ ''ဒီမိုကရေစီရေး၊  ငြိမ်းချမ်းရေး၊  တရားဥပဒေစိုးမိုးရေးနှင့်   လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်(၁၉)ရပ်'' နှင့်စပ်လျဉ်း၍   ပြည်ထောင်စုရှေ့နေချုပ်ရုံးက လည်းကောင်း၊''စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်(၁၂)ရပ်'' နှင့်စပ်လျဉ်း၍  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက လည်းကောင်း၊ ''ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေး ကိစ္စရပ်နှင့် မြေသိမ်းမှုကိစ္စရပ်(၁ဝ)ရပ်''နှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနက လည်းကောင်း၊ ''ကျား/မ တန်းတူရည်တူရှိမှုမြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေး ကိစ္စရပ်(၁၅)ရပ်၊ ခွဲခြားမှုမပြုရေး ကိစ္စရပ်(၁၅)ရပ်''တို့နှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လည်းကောင်း၊ ''ကျန်းမာရေးနှင့် ပညာရေး ကိစ္စရပ်(၁၃)ရပ်'' နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနကလည်းကောင်း၊ ''ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကိစ္စရပ်(၁၈)ရပ်'' နှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်းကောင်း၊''နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းနေရသူများ ကိစ္စနှင့် လူကုန်ကူးခြင်း ကိစ္စရပ်(၇)ရပ်'' နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လည်းကောင်း၊ ''အပစ်အခတ်ရပ်စဲရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကိစ္စရပ်(၅)ရပ်''နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့က လည်းကောင်း တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ 
-
၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တတိယ အကျော့အဖြစ် သုံးသပ်မည်ဖြစ်ရာ ဒုတိယအကျော့၏ အကြံပြု တိုက်တွန်းချက်များအား အကောင်အထည်ဖော်မှုဆိုင်ရာ National Report ကို ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး National  Report မူကြမ်းအား ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် အမျိုးသားအဆင့် ကော်မတီသို့ တင်ပြနိုင်ရေး လျာထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးပြည့်စုံသည့် National Report ရရှိစေရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ UPR လုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို  ကမ္ဘာကသိစေရန်  စနစ်တကျ ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်သည့် အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့်မိမိတို့၏ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ပီပီပြင်ပြင်နှင့် ကျစ်လျစ်စွာ ဖော်ပြနိုင်ရန် အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှု ရှိစေရေးအတွက် ဘက် ပေါင်းစုံမှ အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိသည်ကို ဖော်ပြနိုင်ရေးအတွက် National  Report တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် ကိစ္စရပ်များ ပါဝင်စေရေးနှင့် ကျန်ရှိမှုမရှိစေရေးကို အထူးဂရုပြု ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ ယခုအစည်းအဝေးသို့     တက်ရောက်လာကြသူများ အနေဖြင့်ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ လုပ်ငန်းကော်မတီများ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ 
-
ထို့နောက် ကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်အောင်သူက  ယခင်ဆောင်ရွက်ခဲ့သည့် UPR လုပ်ငန်းစဉ်များ၊ အကြိုလုပ်ငန်း ညှိနှိုင်းမှု အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
-
ယင်းနောက် UPR အကြံပြု တိုက်တွန်းချက် ၁၆၆ ချက်နှင့် စပ်လျဉ်း၍ ကဏ္ဍ(၁၂)ရပ်အတွက် တာဝန်ခံ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ ဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ''အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင် ပါဝင်ချုပ်ဆိုရန် ကိစ္စရပ်(၄၁)ရပ်'' နှင့်''ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ် (၄)ရပ်''  တို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ  ဦးဝင်းမြက ''အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်(၇)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း၊     ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ''ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်(၁၉)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးဆက်အောင်က ''စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်(၁၂)ရပ်'' နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ''ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေး ကိစ္စရပ်နှင့်  မြေသိမ်းမှုကိစ္စရပ်(၁ဝ)ရပ်'' နှင့်စပ်လျဉ်း၍ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ''ကျား/မ တန်းတူရည်တူ ရှိမှုမြှင့်တင်ရေးကိစ္စနှင့်  ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေး ကိစ္စရပ်(၁၅)ရပ်၊ ခွဲခြားမှုမပြုရေး ကိစ္စရပ်(၁၅)ရပ်''တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်   လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ''ကျန်းမာရေးနှင့် ပညာရေး  ကိစ္စရပ်(၁၃)ရပ်'' နှင့်စပ်လျဉ်း၍ လည်းကောင်း၊ သာသနာရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန  အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက ''ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကိစ္စရပ်(၁၈)ရပ်'' နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရှိန်ဝင်းက ''နိုင်ငံသား စိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများကိစ္စနှင့် လူကုန်ကူးခြင်း ကိစ္စရပ်(၇)ရပ်'' နှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးခင်မောင်တင်က  ''အပစ်အခတ် ရပ်စဲရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိစ္စရပ် (၅)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။ 
-
ထို့နောက် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ကာကွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊  ပြည်ထဲရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ကမ္ဘာ့နိုင်ငံအားလုံး၏  လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။ 
-
ယင်းနောက်  ကမ္ဘာ့နိုင်ငံအားလုံး၏  လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal  Periodic Review-UPR) အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ  ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း  သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

အမရပူရမြို့နယ် တပ်ကြီးကျေးရွာ၌ မြန်မာ့ရိုးရာ မြေထည်ပစ္စည်းများကို တစ်နှစ်ပတ်လုံး ထုတ်လုပ်လျက်ရှိ

အမရပူရမြို့နယ် တပ်ကြီးကျေးရွာ၌ မြန်မာ့ရိုးရာ မြေထည်ပစ္စည်းများကို တစ်နှစ်ပတ်လုံး ထုတ်လုပ်လျက်ရှိ
-
မန္တလေး ဒီဇင်ဘာ ၂၆ 
-
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တပ်ကြီးကျေးရွာမှ ပြုလုပ်ရောင်းချသည့် မြန်မာ့ ရိုးရာ အိုးပုတ်ချိုးရုပ် ကလေးများကို တစ်နှစ်ပတ်လုံး ကြိုတင်မှာယူကာ ရောင်းချလျက်ရှိ ကြောင်း အိုးပုတ်ချိုးရုပ်ပြုလုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။ အိုးပုတ်များ ပြုလုပ်ရောင်းချရာတွင် အမျိုးအစား ၁၀ မျိုး ပြုလုပ်ရောင်းချကြပြီး ကရားအိုး၊ လက်ဆွဲခြင်း၊ မုန့်ပြားသလက်အိုး၊စဥ့်အိုး၊ ငရုတ်ဆုံ၊ ဒန်အိုး၊ ထမင်းအိုး၊ ဟင်းအိုးစုံ၊ နှစ်ဖက် ကွင်းခြင်း၊ ရေတော်အိုး အဖြစ် ပြုလုပ်ရောင်းချကြရာ ဖောက်သည် ဈေးတစ်ခုလျှင် ငွေကျပ် ၆ဝ ဖြင့်ရောင်းချကြရသည်။ 
-
အများစုမှာ ဝါးဖြင့်ပြုလုပ်သည့်ခြင်းအတွင်း စုပေါင်းထည့်ကာ တင်ပို့ပေးရပြီး ခြင်းကြီးတစ်လုံး လျှင် အိုးပုတ် ချိုးရုပ်အစုံ ၅ဝဝ ဆံ့ကာ ငွေကျပ် ၃၀၀၀၀ ပေးရသည်။ တပ်ကြီးကျေးရွာသည် အိုးပုတ်ချိုးရုပ်၊ မြေသောက်ရေအိုး၊ ဘုရားညောင်ရေအိုးများနှင့် အခြားမြေထည် ပစ္စည်းများကို တစ်နှစ်ပတ်လုံး ထုတ်လုပ်သည့်ရွာဖြစ်ပြီး တပ်ကြီးကျေးရွာ၏ ထူးခြားချက်မှာ ရှေးယခင်က တည်းက ယနေ့အထိတိုင်ရွာဘုံပိုင်ဆိုသည့် မြေကို အိုးလုပ်ရန်အတွက် ထားရှိခြင်းပင် ဖြစ် သည်။ 
-
ထိုမြေကို ထော်လာဂျီများဖြင့် တိုက်ယူကာ တစ်နှစ်ပတ်လုံး မြေထည်ပစ္စည်းများကို ထုတ်လုပ် ကြပြီး လက်ရှိကာလတွင် တပ်ကြီး ကျေးရွာမှ ပြုလုပ်ရောင်းချသော မြန်မာ့ရိုးရာ အိုးပုတ်ချိုး ရုပ်ကလေးများကို ကြိုတင်မှာယူကာ ရောင်းချနေရ၍ ပစ္စည်းအရေးကြီးသည့် အချိန်တွင် ဆေး မဆိုးရသေးသည့် အဖြူထည်များပါ တင်ပို့ရောင်းချပေးနေရကြောင်း သိရသည်။ 
-
နွေနဒီ၊မြစ်ငယ်
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger